Monday, September 27, 2010
လူနှင့် ရွေးချယ်ပိုင်ခွင့် (၂ )
(ခုတလော စိတ်တွေလည်းရှုပ်၊အလုပ်တွေလည်း ရှုပ်နေလို့ ရေးလက်စ ပို့စ်ကို လက်စမသတ်နိုင်ခဲ့ပါဘူး...။
ဒီနေ့တော့ နည်းနည်းလေးအားတာနဲ့လက်စသတ်လိုက်ရပါတယ်...။ခုချိန်မှာအတွေးတွေကိုအခြားအရာတွေက
စိုးမိုး ထားလေတော့ အားနည်းချက်များ ရှိရင်ဖြင့် ကြိုတင် တောင်းပန်လိုက်ရပါကြောင်း...း-)။ )
ရွေးချယ်ပိုင်ခွင့်အကြောင်းစဉ်းစားမိတော့အရင်ဆုံးအတွေးထဲကိုရောက်လာတာကဘဝလက်တွဲဖော်၊အိမ်ထောင်
ဘက် အကြောင်းပါ...။လူတစ်ယောက်ရဲ့ ဘဝမှာ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် အရှိသင့်ဆုံး ကိစ္စလို့ ကျွန်တော်မြင်ပါ
တယ်...။ကျွန်တော်တို့ တစ်သက်လုံး လက်တွဲသွားရမယ့်၊ဘဝလမ်းတစ်လျောက်မှာ မိမိဘေးမှာ ရှိသွားမယ့် လူတစ်ယောက် ကို မိမိဘာသာ ရွေးချယ်ခွင့်ရှိသင့်ပါတယ်...။(ဒါ ကျွန်တော့် အမြင်သက်သက် )
သို့ပေမယ့်ကျွန်တော်တို့ အဲဒီအခွင့်အရေးကို အမှန်တကယ် ရခဲ့ကြပါသလား...။ကိုယ်ရတဲ့ အခွင့်အရေးကို
အပြည့်အဝ အသုံးချခဲ့ ကြပါသလား..။ပြီးတော့...ကျွန်တော်တို့ရဲ့ ရွေးချယ်မှုဟာ ဘယ်လောက်အထိ ကောင်းမွန်
မှန်ကန်နိုင်ပါ့မလဲ...။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူများစု ရွေးချယ်ခဲ့ကြတဲ့၊ရွေးချယ်ဖြစ်ကြတဲ့၊ရွေးချယ်
ချင်ကြတဲ့ အချိန်ဟာ အသက်နှစ်ဆယ်ကျော် အရွယ်ဖြစ်လို့ပါပဲ..။အတွေ့အကြုံနုနယ်သေးတဲ့၊လူတွေအကြောင်း
ဘာမှ မသိကြသေးတဲ့ ဒီအရွယ်မှာ စိတ်ခံစားမှု တစ်ခုတည်းကို အခြေခံပြီး ရွေးချယ်ဖြစ်ကြတာ တစ်ဘဝတာလုံး
အတွက် အမှန်ကန်ဆုံးဖြစ်နိုင်ပါ့မလား..။(ကျွန်တော်တော့ အဲဒီ အရွယ်က ရွေးကားရွေး၏ မရ ဖြစ်ခဲ့လို့ ဒီမေးခွန်း
ရဲ့ အဖြေကို မသိဘူးခင်ဗျ..း) ။)
ပြီးတော့ လူကြီး၊မိဘတွေရဲ့ ငယ်သေးလို့ လမ်းမှားမှာ စိုးရိမ်တယ်ဆိုတဲ့ မေတ္တာ၊စေတနာ တွေရဲ့အောက်မှာ
မိမိရဲ့ ရွေးချယ်ခွင့်တွေကို စတေးပစ်လိုက်ရတာတွေလည်း ရှိခဲ့ကြပါတယ်...။ အဲဒါကိုလည်း သူတို့ရဲ့အမှားလို့
ပြောဖို့ရာ ခက်လှပါတယ်...။အတွေ့အကြုံဆိုတာအစားပြန်မရနိုင်တဲ့အချိန်နဲ့ရင်းပြီးမှရလာခဲ့ရတာဖြစ်လေတော့
ရင့်ကျက်မှုရှိနေပြီဖြစ်တဲ့ လူကြီးမိဘတွေရဲ့ စကားကို ဘာပဲဖြစ်ဖြစ် အလေးထားသင့်တာတော့အမှန်ပါ..။
အဖြစ်သင့်ဆုံးကတော့ လူကြီးတွေကိုယ်တိုင်ကလည်း လူတစ်ယောက်ရဲ့ အရေးအကြီးဆုံး ရွေးချယ်ခွင့်ကို လွတ်
လပ်စွာပေးသင့်ပြီး အမှားအယွင်းကင်းတဲ့ ရွေးချယ်ခွင့်ဖြစ်အောင် လမ်းညွန်၊ပဲ့ကိုင်ပေးတာမျိုး ဖြစ်သင့်သလို၊
လူငယ်တွေကလည်း အချိန်အတိုင်းအတာတစ်ခုယူပြီး၊မိဘတွေရဲ့ စကားကိုလည်း အလေးထားပြီး ဘဝရဲ့
အရေးအကြီးဆုံးကိစ္စတစ်ခုကို သေသေချာချာ ရွေးချယ်သင့်တယ်လို့ မြင်ပါတယ်ခင်ဗျာ...။
ဘာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့ အပင်ရဲ့ အသီးကိုပဲ ကိုယ် ခူးဆွတ်ရတာမဟုတ်ပါလား...။ဒီတော့ မိမိ
ရဲ့ရွေးချယ်မှုဟာ မှားယွင်းခဲ့ဦးတော့ ကိုယ်ပဲ ခံစား၊စံစားရမှာပါ...။သူများရွေးချယ်ပေးလို့ရလာတဲ့ အမှားထက်
ကိုယ့်ဘာသာရွေးချယ်လို့ ရလာတဲ့ အမှားကို ကိုယ်ခံစားရတာက နည်းနည်းတော့ ဖြေသာမယ်ထင်ပါရဲ့ ခင်ဗျာ။
ပညာ နှင့် အလုပ်အကိုင် ။ ။ ကျွန်တော်တို့ ဘာကို ဝါသနာပါ ပါသလဲ...။ဘယ်လို အလုပ်အကိုင်ကို လုပ်ချင်
ခဲ့ပါသလဲ...။မိမိ ဝါသနာပါတဲ့အရာကို မိမိရဲ့ ပညာ၊မိမိရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်အဖြစ် ရွေးချယ်
ခွင့်ရတာလောက် ဘဝမှာ ကျေနပ်စရာအကောင်းဆုံးအရာ ရှိမယ်မထင်ပါဘူး။ခက်တာက ကျွန်တော်တို့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အခြေအနေကိုက အဲဒီအချက်ကို လှစ်လျှူရှုထားခဲ့တာပါပဲ..။ဆယ်တန်းမှာ အမှတ်
ကောင်းတဲ့ လူငယ်တစ်ယောက်အတွက် ရွေးချယ်မှု ဟာ ဆေးကျောင်းနဲ့ စက်မှု ဖြစ်နေတာ..၊အကြောင်းကြောင်း
ကြောင့် အမှတ်နည်းနည်းလေးလိုသွားလို့ မိမိဝါသနာပါတာကို ရွေးချယ်ခွင့်မရလိုက်တာ..၊ဒါတွေဟာ မိမိနဲ့ လူ့
ပတ်ဝန်းကျင် အပေါ် ဘယ်လောက်ထိရိုက်ခတ်မှု ရှိနိုင်ပါသလဲ....။မည်သို့ပင်ဖြစ်စေကာမူ...၊ကျွန်တော်တို့ရွေး
ချယ်ချင်တယ်ဆိုရင် ကြိုးစားမှုနဲ့ စွန့်စားမှု တော့ ရှိသင့်တာအမှန်ပါ...။
ဘဝနေထိုင်မှုပုံစံ။ ။ရခဲလှတဲ့၊တိုလည်းတိုတောင်းလှတဲ့ လူ့ဘဝမှာ ကျွန်တော်တို့ ဘယ်လို နေထိုင်မှု ပုံစံကို
ရွေးချယ်သင့်ပါသလဲ...။မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ကိုယ့်အတ္တ ကိုပဲ အလေးထားတဲ့၊လွတ်လပ်တဲ့ နေထိုင်မှု
ပုံစံက အမှန်တကယ်ကောင်းမွန်မှန်ကန်ပါသလား...။ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကို အလေးထားတဲ့ လူမှုဘဝ
ကရော...ကျွန်တော်တို့ကို စိတ်ချမ်းသာမှု အပြည့်ပေးနိုင်ပါ့မလား...။ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ နေထိုင်မှုပုံစံက
ကျွန်တော်တို့ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ပြဌာန်းပေးသလို၊ကျွန်တော်တို့အတွက် စိတ်ပိုင်းဆိုင်ရာ ကျေ
နပ်မှု တစ်စုံတစ်ရာကို လည်း ယူဆောင်လာပေးနိုင်ပါတယ်...။
ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို အုပ်ချုပ်၊မင်းလုပ်မယ့်သူတွေ။ ။(အင်း..ဒီကိစ္စကို ချန်ခဲ့ရကောင်းမလားလို့း) )
ကျွန်တော်တို့ရဲ့တစ်ဦးချင်းဘဝကိုသာမဟုတ်၊တစ်နိုင်ငံလုံး၊လူအားလုံး ကိုပါ ရိုက်ခတ်စေမယ့်ကိစ္စတစ်ခုကို ကျွန်တော်တို့ ဘာကြောင့်လွတ်လပ်စွာ စဉ်းစား၊ရွေးချယ်ခွင့်မရ ရမှာပါလဲ...။ကျွန်တော်တို့အတွက်ရွေးချယ်ခွင့်
အရှိသင့်ဆုံးကိစ္စတစ်ခုပါ...။အဲ တစ်ခုတော့ရှိတာပေါ့လေ...၊အနက်ရောင် ဘောလုံးတွေချည်းပဲထည့်ထားတဲ့ ခြင်းတစ်လုံးကိုပေးပြီး အဖြူနဲ့ အနက် သင်ကြိုက်ရာရွေးဆိုတဲ့ ရွေးချယ်ခွင့်မျိုးကြီးကတော့....အင်းးးးးး။
ပြီးတော့ ဒီရွေးချယ်ခွင့်က တန်ဖိုးအကြီးဆုံးပေးရတဲ့ ရွေးချယ်ခွင့်ဖြစ်နေပါတယ်...။ကျွန်တော်တို့အတွက်တော့
ပေးဆပ်ရတဲ့တန်ဖိုးတွေများသလောက် မှန်ကန်တဲ့ရွေးချယ်ခွင့်ကို မရသေးတာကတော့ အတော် ရင်နာဖို့
ကောင်းတဲ့ ကိစ္စတစ်ခုပါ....။ဒါပေမယ့် မျှော်လင့်ချက်ကလေးကတော့ဖြင့်...ခပ်ရေးရေး.....။
ကျွန်တော်တို့ နာမည်။ ။တော်တော် ကို့ယို့ကားယားနိုင်တဲ့အရာတစ်ခုလို့ ကျွန်တော်တော့မြင်ပါတယ်...။
ဘဝမှာ အရေးကြီးတယ်လည်းမဟုတ်၊အရေးမကြီးဘူးလည်းမဟုတ်တဲ့အရာတစ်ခုကို ပြပါဆို မိမိအမည်နာမ ကို
ပဲပြောရမှာပါ...။စစချင်းမှာ ဘယ်သူမှ ကိုယ်တိုင်ရွေးချယ်ခွင့်မရခဲ့ကြပါဘူး။အဲ...မိမိ ဘာသာရွေးချယ်ချင်သူတွေ
အတွက်လည်း ရွေးခွင့်ရတဲ့အရာတစ်ခုပါ။တစ်ခါတစ်ရံမှာတော့ကိုယ်တိုင်ကမကြိုက်ပေမယ့် လူတစ်ကာနှုတ်ကျိုး
သွားလို့ အောင့်သီးအောင့်သက်နဲ့ ငြိမ်ခံနေရတာမျိုးလည်း ရှိသေးသဗျ..။ဒီထက်ပိုပြီး ကိုယ့်ရို့ကားယား နိုင်တာ
ကတော့ မိမိနာမည်တစ်ခုကို ကိုယ်တိုင်လည်းမရွေး၊လူအများကရွေးပေးတာမျိုးလည်းမဟုတ်တဲ့၊ မိမိနဲ့လည်း
ဘာမှ မဆိုင်တဲ့ လူတစ်ယောက်ရဲ့ ထင်ရာမြင်ရာ ရွေးချယ်ပေးမှုကို အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရလိမ့်
မယ်အထင်နဲ့ ကိုယ်တိုင်ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကြတဲ့ကိစ္စပါ....။(အင်း..ဒါလည်း သူ့ရွေးချယ်မှုနဲ့သူ
ပေါ့လေ...၊)
ယုံကြည်မှု။ ။လူတစ်ယောက်ရဲ့ဘဝမှာတော်တော်ကို အရေးကြီးတဲ့ ရွေးချယ်မှု တစ်ခုဖြစ်နိုင်ပါတယ်...။
သိပ်ပြီးတော့လည်း အပြောင်းအလဲမလုပ်တတ်ကြတဲ့၊မိမိဘာသာ ကျေနပ်နေတတ်ကြတဲ့ အရေးကိစ္စတစ်ခုပါ။
ပြီးတော့ ကျွန်တော်တို့ မိဘတွေရဲ့ မိရိုးဖလာ အမွေကိုပဲ အများအားဖြင့် ဆက်ခံခဲ့ကြ၊လက်ခံ ခဲ့ကြပါတယ်။
ကျွန်တော်တို့မှာ အမှန်တကယ် လွတ်လပ်စွာရွေးချယ်ခွင့် ရခဲ့ပါသလား...။ကျွန်တော့်အမြင်တော့ မရခဲ့ပါဘူး။
ငယ်စဉ်ကတည်းက မိဘတွေ၊ဆိုင်ရာ အကြီးအကဲတွေရဲ့ ရိုက်သွင်း၊ဘောင်ခတ်ထားမှု အတွင်းမှာပဲ ကျွန်တော်
တို့ စဉ်းစားခဲ့ကြတာပါ၊ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဘက်တစ်ခု ဖက်ကပဲ ကြည့်ခဲ့၊စဉ်းစား ရွေးချယ်ခဲ့ကြ
ပါတယ်..။တစ်နည်းအားဖြင့် ကျွန်တော်တို့ဟာ မိမိဘာသာ မိမိရဲ့ရွေးချယ်ပိုင်ခွင့်ကို ဘောင်ခတ်ခဲ့ကြပါတယ်။
မိမိရဲ့ ရွေးချယ်မှုကသာ အမှန်ကန်ဆုံးရွေးချယ်မှု တစ်ခုလို့မြင်ကြစမြဲပါပဲ...။
မိမိရဲ့ ဘာသာတူပတ်ဝန်းကျင်ကလည်း ဘောင်ခတ်ပေးတတ်ကြပါတယ်..။မိမိဘာသာ ရွေးချယ်လာခဲ့မယ်ဆို
ရင် ဝိုင်းပယ်၊ဆန့်ကျင်တာမျိုး၊လှစ်လျူရှုလိုက်တာမျိုးတွေ နဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ကို
ကန့်သတ်ပစ် လိုက်ကြပါတယ်..။ကျွန်တော်တို့မှာ အဲဒါတွေကို တွန်းလှန်ဖို့ရာ အင်အားနည်းလှတာအမှန်ပါ။
မည်သို့ပင်ဖြစ်စေကာမူ....၊ကျွန်တော်တို့ရဲ့ရွေးချယ်မှုဟာ ငွေကြေး၊အခွင့်အရေးတစ်စုံတစ်ရာနဲ့ အလဲအလှယ်
လုပ်ခဲ့တာမဟုတ်ခဲ့ပဲ၊ မိမိဘာသာ ကျေနပ်လို့လက်ခံထားခဲ့တဲ့ကိစ္စတစ်ရပ်ဆိုရင်ဖြင့် ဒီရွေးချယ်မှုဟာ ဘာကိုပဲ
ရွေးရွေး မှန်ကန်တဲ့ရွေးချယ်မှု လို့ပဲမြင်ပါတယ်ခင်ဗျား...။
........................................................
အကျီ င်္တစ်ထည်ဝယ်ဖို့ ကျွန်တော်တို့ အချိန်ဘယ်လောက်ယူပါသလဲ..။ဘယ်လိုအချက်တွေကိုထည့်သွင်းစဉ်းစား
ရွေးချယ်ကြပါသလဲ...။ကျွန်တော်တို့ရွေးချယ်လိုက်တာကအကျီတစ်ထည်လား...၊စိတ်ခံစားမှုတစ်စုံတစ်ရာလား...။
ရွေးချယ်မှုမှားယွင်းခဲ့ရင် ဘယ်လောက်ထိ နာကျင်ခံစားရတတ်ပါသလဲ။ဘဝမှာ အရေးကြီးပါတယ်ဆိုတဲ့ အရာ
တွေကိုရွေးချယ်ခဲ့ကြတဲ့ အခါမှာ ဖိနပ်တစ်ရံကို ရွေးချယ်သလောက် အကြောင်းအချက်တွေကို ထည့်သွင်းစဉ်း
စားမိခဲ့ကြပါရဲ့လား...။
ကျွန်တော့်အမြင်ကတော့ သေးသေးမွားမွားလေးတွေကို ရွေးချယ်တဲ့နေရာမှာ အကြီးအကျယ်စဉ်းစားရွေးချယ်
ခဲ့ကြသလောက်၊ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်နဲ့အသိအမြင်ကို ရာနှုန်းပြည့် အသုံးချခဲ့ကြသလောက်၊
ဘဝရဲ့အရေးကြီးတဲ့ရွေးချယ်မှုတွေမှာတော့ မိမိရဲ့စိတ်ခံစားမှု၊ပတ်ဝန်းကျင်အခြေအနေနဲ့ ရိုက်ခတ်မှု ကိုပဲ
အဓိက ထားခဲ့ကြတယ်လို့ ထင်မြင်မိပါတယ်..။
ကျွန်တော်တို့မှာ သေးသေးမွားမွားကိစ္စရပ်လေးတွေကလွဲလို့ (ဒါတောင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ စွတ်ဖက်မှု၊
သြဇာသက်ရောက်မှုက သိပ်ပြီးကင်းလှတာမဟုတ်...၊ယောင်္ကျားလေးများအဓိက...း) )အရေးကြီးကိစ္စတွေမှာ
ရွေးချယ်ခွင့် သိပ်ရှိလှတာမဟုတ်ပါဘူး...။အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာတော့ ဘယ်လိုကိစ္စမျိုးမှာမဆို မီးစင်
ကြည့်က နေရတာများလှပါတယ်...။ရှိတဲ့ ရွေးချယ်ခွင့်ကိုလည်း အပြည့်အဝအသုံးချဖို့ရာ ခက်ခဲလှပါတယ်...။
မည်သို့ပင်ဖြစ်စေကာမူ....၊ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေဟာ အနှောင်အဖွဲ့ကင်းတဲ့၊မိမိဘာသာကျေနပ်နိုင်တဲ့၊
နောက်..အပြစ်လည်းကင်းတဲ့ ရွေးချယ်မှုတွေ ဖြစ်နိုင်ကြပါစေ..လို့.......။
Friday, September 24, 2010
အဆိပ်တစ်ခွက်ရဲ့ မဆုံသောလမ်း
အကြိုက်ဆုံး အဆိုတော်တစ်ယောက်ရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပါ...။
ခုချိန်မှာ အမြဲလိုလို ဆိုညည်းနေမိတယ်...။(ဘာကြောင့်ဆိုတာတော့ ပြောချင်တော့ဘူး )
ဒီတစ်ပုဒ်လည်း...ခုတလော အတော်ဆိုညည်းလို့ကောင်းနေလေရဲ့....။
အရှုံး ရာဇဝင်
ဖုံးခေါ်မိတယ်.....။
မတ်ဆေ့ ပို့မိတယ်....။
ဂျီတော့ မှာမျှော်မိတယ်....။
ဖဘ မှာ စောင့်နေမိတယ်....။
အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲတစ်ခုကို အရှုံး တစ်ခု ထပ်ရဖို့ အတွက် အခါခါ တိုက်ခဲ့မိပါတယ်....။
ဘီးစီးနေလို့တဲ့လား.....။
သက်ပြင်းတွေက မြစ်ရေလိုစီးဆင်း....ကိုယ့်ရင်မှာ မုတ်သုန် ဝင်ပြီ ဟန်နီ....။
ရေးမိတဲ့ ဒိုင်ယာရီထဲမှာ ရက်စွဲတွေ ရဲပတောင်းခတ်....နာကျင်ခြင်းတွေက အခောဘဏီ တပ်ချီလာခဲ့ပြီ....။
ဝေးကွာဖို့ဆိုတာ မျှော်လင့်ထားခဲ့တဲ့ အချိန်းအချက်တစ်ခုပါ...။တကယ်ရောက်ရှိလာခဲ့တော့လည်း....အသဲခိုက်
မတတ် နာကျင်ရပါတယ်...။
အစကတည်းက မနီးစပ်ခဲ့ကြပေမယ့် ဝေကွာခြင်းတွေရဲ့ ထိုးနှက်မှုက လူကို ရူးမတတ်ပါပဲ.....။
ပွဲတော်ည မရောက်ခင် ဇာတ်လမ်းက သိမ်းနှင့်ခဲ့ပြီပေါ့...။
မြင်မြင်သမျှဟာ ကိုယ့်အတွက်တော့ အလွမ်းတွေပါပဲ ဟန်နီ...။
ရှိပါစေတော့ လေ....။
ကြိုးစင်ပေါ်တတ်ရမယ့်သူအတွက် ကကြိုးကကွက် မလိုအပ်ပါဘူး...။
ရှုံးသူရဲ့ ရာဇဝင်မှာ ဧကရီသခင်မ နန်းသိမ်းပွဲ ခံယူပါတော့...။
ကောင်းကင်မှာ ကြယ်ကုဋေ ဝန်းရံခလို့ လမင်းသခင်မ စိုးစံလေပြီလား.....၊
မိုးတိမ်တွေလည်း လေနှင်ရာ မျောလွင့်ရတော့မှာပေါ့လေ...။
လျောက်သောလမ်းမှာ ရနံတို့ဝေ၍ ကြယ်တို့လည်း ဝန်းရံခ...၊
သာသော ဘဝကို ရပါစေ...။
ကိုယ်ဆုတောင်းပေးနေပါ့မယ်....။
ကောင်းကင်မှာ သာတဲ့ လမင်း အတွက်တော့ မြက်ဖျားက နှင်းတစက်က မက်လောက်စရာရှိမယ် မဟုတ်ပါဘူး။
ဒါပေမယ့် တစ်ချက်တော့ ငဲ့ကြည့်ပေးခဲ့ပါနော်...။
နှုတ်ဆက်တေးသွားကိုတောင် ဆိုညည်းခွင့်မရခဲ့တဲ့နောက်.....အရာရာဟာ ပြီးဆုံးသွားပြီပေါ့...။
အချိန်တန်တော့လည်း မနိုးတမ်းမက်ချင်ခဲ့တဲ့ အိမ်မက်တစ်ခုက နိုးထရဦးမှာပေါ့လေ.....။
Monday, September 20, 2010
ရင်ခွင်ထက်မှာ အပြိုင်းအရိုင်းဖူးပွင့်လာတဲ့ ကျွန်တော်မစိုက်ပျိုးခဲ့တဲ့ ပျားရည်တစ်စက်
တစ်ချိန်မှာ ဒီလိုကြုံတွေ့ရလိမ့်မယ်လို့ ဘယ်လိုမှ၊ဘယ်တုန်းကမှ ထင်မှတ်မထားမိခဲ့ပါဘူး...။
သွေးပူနေချိန်မို့ ထင်ပါရဲ့.....နောင် သွေးအေးသွားရင် အရင်လိုပြန်လည်တည်ငြိမ်သွားမှာပါ...လို့ဘာသာစိတ်ဖြေ
ယူပေမယ့်...၊ဒါဟာ သွေးပူတုန်းဖြစ်တာမဟုတ်ဘူးဆိုတာကိုလည်း တစ်ပြိုင်တည်းမှာ သိနေခဲ့ပြီးသားပါ..။
ဘယ်တုန်းကမှ မိမိကိုယ်ကို တည်ငြမ်၊ရင့်ကျက်ပြီးသူလို့ မထင်ခဲ့သည့်တိုင်အောင် ဒီအရွယ်မှာ ဒီလို
စိတ်လှုပ်ရှားမှုမျိုးကို ခံစားမိလိမ့်မယ်လို့လဲ ထင်မထားတာအမှန်ပါ..။
သဘောထားတွေ ပြောင်းလဲခဲ့ပြီလို့ ထင်မှတ်မိကာမှ...တကယ့်တကယ်မှာဘာမှမပြောင်းလဲတာလား...။သံသရာ
တစ်ပတ်လည်လို့ ထပ်ပြီး တကျော့ပြန် ပြောင်းလဲသွားခဲ့တာလေလား....မခွဲခြားတတ်တော့ပါဘူး...။
ဒါဟာ စိတ်ရူးထမှုသက်သက်ပဲဖြစ်ပါစေ၊စိတ်ရူးထမှု တစ်ခုပဲဖြစ်လိုက်ပါတော့လို့ပဲ ဘာသာတိုးတိုးရေရွတ်မိပါ
တယ်..။(မဟုတ်ဘူးဆိုတာကိုလည်း သိနေပါရဲ့...။)
ဒါဟာဘာပါလည်း...။ဘာဆိုတာကို မခွဲခြားတတ်ပါဘူး...။သေချာတာက ရမက်တစ်ခု၊တပ်မက်မှုတစ်ခု မဟုတ်
တာတော့သေချာနေတယ်...။ဘယ်လိုမှ ဒီစိတ်မွေးလို့မရခဲ့ဘူးဆိုတာ ဘာသာအသိဆုံးပါ...။
ဖြူဖြူစင်စင်ပါလို့မပြောနိုင်တောင်၊ ပန်းရောင်ပြေပြေလေးလို့ သေချာပေါက်ပြောရဲပါတယ်...။
ဘာမှမလိုချင်ခဲ့ပါဘူး၊တကယ်လို့လိုချင်ခဲ့တယ်ဆိုရင်လည်း အဲဒါဟာ “ နားလည်မှု နဲ့ ယုံကြည်မှု တစ်ခု ”ပါလို့
ပြောခဲ့မိတယ်...။ဒါဆိုဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလည်း....။ဒီနှစ်ချက်လုံးကို ကိုယ်ရခဲ့တယ်လို့ ခံစားခဲ့မိပြီပဲလေ။
ဘာကို ကိုယ်လိုချင်ခဲ့တာလည်း...။ဘာသာမသိတဲ့ အမေးတစ်ခုပါ..။
ချစ်သောသူအပေါ်၌ မျက်ဆိသည် ရောင့်ရဲ့ခြင်းမရှိတဲ့ အဖြစ်သက်သက်လေလား...။
ဘာကြောင့်များ တနင်္ဂနွေနေ့က ဟောင်ကမ်း ကိုသွားမိပါလိမ့်...။ဘယ်လိုမျိုးတွေ့ကြုံရမယ်ဆိုတာကို ဘာသာ
သိသိကြီးနဲ့ ဘာလို့သွားခဲ့မိတာလဲ....။
အသွားခရီးမှာ ခြေလှမ်းတွေက ပေါ့ပါးသလောက်၊ အပြန်ခရီးမှာဖြင့် နှေးကွေး၊လေးလံလွန်းနေခဲ့ပါတယ်...။
လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့ သီးနှံကိုပဲ ကိုယ်ရိတ်သိမ်းရတာပါပဲလေ....။
ခက်တာက ကိုယ် စိုက်ပျိုးခဲ့တာ ဘာပင်မှန်း ကိုယ်မသိခဲ့တာပါပဲ....။
ကိုယ်ဘာလုပ်ရမလဲ.....မကြီးရင့်ခင်၊သီးပွင့်တို့ မဝေဆာခင် ကိုယ် ခုတ်ပစ်လိုက်ရမလား...။
စိတ်ရဲ့စေရာ နောက်ကိုပဲ လိုက်ရမလား....။ချုပ်တီးဖို့ကလည်း ခက်ရချည်ရဲ့...။
မဖြစ်နိုင်မှန်းလည်း သိပါတယ်...။
မဖြစ်သင့်မှန်းလည်း သိပါတယ်...။
တံတိုင်းတွေခြားနေခဲ့တယ် ဆိုတာလည်း သိနေပါတယ်...။
အားလုံးရဲ့ အမုန်းတွေ၊အပြစ်တင်မှုတွေ ကိုပဲရနိုင်မယ်ဆိုတာလည်း မျှော်လင့်ပြီးသားရယ်ပါ...။
မဆိုင်သူတွေကို ထိခိုက်နာကျင်စေမယ် ဆိုတာကိုလည်း သိနှင့်ပြီးသားပါ...။
ကိုယ်တိုင်လည်း ဘယ်လောက်နာကျင်ရမယ်ဆိုတာ သိပြီးသားရယ်ပါ...။
ဓါးသွားပေါ်က ပျားရည်စက်ကိုမှ ကိုယ်ကလျက်ချင်သူလေပဲလား....။
Honey......!
ရှိပါစေတော့လေ...၊ရှိပါစေတော့....။
ဘာသာ လူမိုက် အဖြစ်စာရင်သွင်း...၊ကိုယ့်သေတွင်း ကိုယ်တူးပါရစေတော့...။
ရှိပါစေတော့လေ....၊ရှိပါစေ...။
အလွမ်းနဲ့ သတိရခြင်းတွေ ပေါင်းစပ်ထားတဲ့ ဝိုင်တစ်ခွက်ကိုသောက်မိတိုင်း.. ကိုယ်...မြို့တော်ရဲ့စားသောက်ဆိုင်
လေးမှာ ရှိနေမှာပါ...။ဒါလေးဟာ ကိုယ်တို့နှစ်ယောက်ကြားက ဆက်သွယ်မှုပါးပါးလေးတစ်ခု ပဲလေ...။
ဘာပဲဖြစ်ဖြစ် သတိမရပါနဲ့နော်....။ဘာပဲဖြစ်ဖြစ် ဟောဒီက သေအံမူးမူးလူတစ်ယောက်ကို ရက်ရက်စက်စက်
ပစ်ထားခဲ့ပါ...။မျော်လင့်ချက် မရှိတဲ့ ကမ္ဘာထဲမှာ အသင်္ချေယကပ် ပတ်လုံး မှောင်မိုက်ခွင့် ပေးလိုက်ပါတော့....။
အရာရာ အတွက် ကျေးကျေးပါ....ဟန်နီ...!
Friday, September 17, 2010
လူနှင့် ရွေးချယ်ပိုင်ခွင့်
“ ဒါ ငါ့ရဲ့ရွေးချယ်ပိုင်ခွင့်လေ...”၊“ ငါ့မှာ ရွေးစရာမရှိဘူး...” အစရှိသဖြင့် ကျွန်တော်တို့ ပြောလေ့ပြောထရှိကြပါ
တယ်။ရွေးချယ်ပိုင်ခွင့်ဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ မွေးရာပါအခွင့်အရေးတစ်ခုပါ...။ဒါပေမယ့်ကျွန်တော်
တို့မှာ အမှန်တကယ် ရွေးချယ်ပိုင်ခွင့် အပြည့်အဝ ရှိပါရဲ့လား...။မိမိရဲ့ ရွေးချယ်ပိုင်ခွင့်ကို အပြည့်အဝ အသုံချခွင့်
ရှိပါရဲ့လား...။ဘာသာမေးဖြစ်တဲ့မေးခွန်းတွေပါ..။
ရွေးချယ်ပိုင်ခွင့် လို့စဉ်းစားမိတော့ အတွေးထဲကိုရောက်လာတာကမရွေးချယ်ပိုင်ခွင့်(သို့)ကျွန်တော်တို့မရွေးချယ်
ပဲ ရလာရတဲ့ အရာတွေပါ။ကျွန်တော်တို့ ဘဝမှာ မရွေးချယ်ပဲ၊ရွေးချယ်ခွင့်မရှိပဲ ရလာတာတွေက သိပ်အများကြီး
မဟုတ်ပေမယ့် အတော်ကို အရေးပါတာတွေပါ...။ကျွန်တော်စဉ်းစားမိသလောက်ကတော့.....
မိဘ
ကျွန်တော်တို့တွေမှာ ရွေးချယ်ခွင့်ရှိခဲ့မယ်ဆိုရင် ဘယ်လိုမိဘမျိုးကို ရွေးချယ်မှာပါလိမ့်...။အများစုကတော့ လက်
ရှိ မိဘတွေကိုပဲ ရွေးမှာပဲ၊လက်ရှိမိဘတွေက ကိုယ့်အပေါ်မှာ အကောင်းဆုံးပဲ လို့ဖြေကြမယ်ထင်ရဲ့။ဒါပေမယ့်
အဲဒါက လက်ရှိဖြစ်တည်နေတဲ့ သံယောဇဉ်၊အစွဲအလမ်း ကြောင့် ဒီလိုအဖြေကို ဖြေဖြစ်ကြတာဖြစ်နိုင်ပါတယ်..။
လက်ရှိမိဘတွေကိုခဏ မေ့ထားပြီး စဉ်းစားကြည့်ရင်တော့...ဘယ်လိုမိဘမျိုးကို အများစုကရွေးချယ်မလဲဆိုတာ
အတော်စိတ်ဝင်စားဖို့ကောင်းမှာပါ။ဘီလ်ဂိတ် လိုပုဂ္ဂိုလ်မျိုးလား....၊ဒေါ်အောင်ဆန်းစုကြည် လို အမျိုးသမီးမျိုးကို
လား...၊ဒါမှမဟုတ် ဟစ်တလာကိုရွေးချယ်ချင်တဲ့လူများ ရှိနေလေမလား....။ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်
ခွင့်တော့ မရှိခဲ့ပါဘူး..။
လိင်
ယောင်္ကျားအများစုကြီးကတော့ ယောင်္ကျားဘဝ ရလာတာကို သဘောကျကျေနပ်ကြပါတယ်..။မိန်းမတွေ အနေ
နဲ့ သူတို့ မိန်းမဘဝကို သဘောကျကြသလား၊မကျကြဘူးလားဆိုတာတော့ ကျွန်တော်မသိပါဘူး...။ဒါပေမယ့်
မကြာခဏ ဆိုသလိုကြားမိတာကတော့ မိန်မ ဖြစ်ရတာ နစ်နာတယ်၊ဘာတယ်၊ညာတယ်..အစရှိသဖြင့်ပေါ့ဗျာ။
ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး အများစုကတော့ သူတို့မှာရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် ယောင်္ကျားဘဝကိုရွေးချယ်
ဖြစ်ကြမယ် ထင်ပါတယ်..။မိန်းမဘဝကို ရွေးချယ်ချင်တဲ့ လူတွေလည်း ရှိနေမှာပါ...။ဘယ်လိုပဲဖြစ်ဖြစ် ရတော့ရ
လာခဲ့ပါပြီ။ကျွန်တော်တို့ မရွေးချယ်ပဲနဲ့ပေါ့လေ...။
ဆွေမျိုး၊သားချင်းတွေ
မကြာခဏဆိုသလိုကြားမိတာကတော့ မိမိဆွေမျိုး၊သားချင်းတွေရဲ့ အနိုင်ကျင့်၊ဒုက္ခပေးမှုကိုခံကြရတဲ့အကြောင်း
တွေပါ(ကျွန်တော်လည်း ထိုနည်း လည်းကောင်းး) )။ကျွန်တော်တို့မရွေးချယ်ပဲ ရလာခဲ့ရတဲ့ သူတွေကြောင့်
ကိုယ်၊စိတ် ဆင်းရဲမှုတွေ ရလာတဲ့ အခါမှာ ဘာကြောင့်များ ရွေးချယ်ခွင့်မရှိရတာလဲ လို့ လောကကြီးကို စကားနာထိုးမိကြမှာပါ...။နောက် သူတို့က ဒုက္ခ မပေးသည့်တိုင်အောင် ဘာသာတာဝန်ရှိလို့ တာဝန်ယူထားရတဲ့
အပေါ်မှာရော...ဘယ်လိုများ သဘောထားကြပါသလဲ ဆိုတာစိတ်ဝင်စားစရာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရွေးချယ်ခွင့်
မရတဲ့ အကြောင်းတွေထဲမှာ လူတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း တစ်ခုအပါအဝင်ပါပဲခင်ဗျ။
ခေတ်
ဘိုးတော်ဘုရားခေတ်မှာ လူဖြစ်လာရတဲ့သူတွေ အတွက် အဲဒီခေတ်ကအကောင်းဆုံးဖြစ်နေမလား။ ၈၈ နောက်
ပိုင်းမှာ လူဖြစ်လာရတဲ့သူတွေအတွက် ဒီခေတ်က အဆိုးဆုံးဖြစ်နေမလား...။ရွေးချယ်ခွင့်ရှိခဲ့ရင် ကျောက်ခေတ်
ကိုရွေးချယ်ချင်သူတွေများ ရှိနေမလား....။လူကြီးတွေကတော့ “ ဒို့ခေတ်တုန်းကများကွာ...” ဆိုပြီး သူတို့ဘဝမှာ
အကောင်းဆုံးဖြစ်ခဲ့တဲ့ ခေတ်တခေတ်ကို ပြန်တမ်းတတတ်ကြပါတယ်....။အင်း...ကျွန်တော်တို့အတွက်ကတော့
အဲလိုတောင် ပြောစရာရှိပါ့မလား...။တချို့ကလည်း “ဒို့ခေတ်ကို ရောက်ရတော့မည် မလွဲပါ ” ဆိုပြီး ကြုံးဝါး ကြ
ပါတယ်...။ရောက်ခဲ့ကြပါသလား....။ကျွန်တော်တော့ မသိဘူးခင်ဗျ။
ငယ်စဉ်ကလေးဘဝက ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်
ကလေးတစ်ယောက်အဖို့ သူကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်မရှိခဲ့ပါဘူး၊ရှိခဲ့ရင်လည်း ရွေးချယ်ရ
ကောင်းမှန်း မသိခဲ့နိုင်ပါဘူး။သူ့ရဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သူတွေကတော့ သူ့ရဲ့မိဘတွေပါ...။တခါတရံမှာ
မိဘတွေကိုယ်တိုင်က မရွေးချယ်နိုင်တဲ့ ဘဝကိုရောက်နေတတ်ပါတယ်...။မိမိကလေးကို စင်္ကာပူလိုနိုင်ငံမျိုးမှာ
ကြီးပြင်းစေချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန်ရသူတွေ၊မြန်မာပြည်မှာ ကြီးပြင်းစေချင်ပေ
မယ့် နိုင်ငံခြားတိုင်းပြည်တခုက မခွာနိုင်တဲ့သူတွေ အများကြီးရှိနေမှာပါ...။
မိမိရဲ့ ကိုယ်ခန္ဓာ
မွေးရာပါ ကိုယ်အင်္ဂါ တစ်စုံတစ်ရာချို့ယွင်းနေသူတွေအတွက်တော့ အတော်ကိုစိတ်နာစရာကောင်းတဲ့ ကိစ္စ
တစ်ခုပါ...။နည်းပညာတွေတိုးတတ်လာလို့ အတိုင်းအတာတစ်ခုအထိဖာထေးနိုင်သည့်တိုင်အောင်ဒါဟာကျေနပ်
စရာတစ်ခုတော့မဟုတ်ပါဘူး။မကျေနပ်လည်း ဘာမှမတတ်နိုင်တဲ့ ကိစ္စ တစ်ခုကို ကျေနပ်တတ်အောင်စိတ်ထား
တာက အပြောလွယ်သလောက်အလုပ်ခက်နိုင်ပါတယ်...။အင်း...ရွေးချယ်ခွင့်များရှိခဲ့ရင် အားလုံးကတော့
ရွေမင်းသား၊ရွေမင်းသမီးလေးတွေရဲ့ ရုပ်ရည်မျိုး ကိုပဲ ရွေးချယ်ကြမယ်ထင်ပါရဲ့...းD။
မြန်မာပြည်သားအများစုအတွက်တော့ မြန်မာလူမျိုးဖြစ်ရတာ လူဖြစ်ကျိုးနပ်တယ်လို့ထင်ကြတာပါပဲ...။ဒီလိုပါပဲ အင်္ဂလိပ်တစ်ယောက်အတွက်တော့ အင်္ဂလိပ်လူမျိုးက အကောင်းဆုံးလူမျိုး ဖြစ်နေမှာပါ။ဒါပေမယ့်ဟေတီ (လို့
ထင်ပါရဲ့ )ကတွတ်ဆီလူမျိုးတွေ၊တခြား ဖိနှိပ်ခံလူမျိုးတွေအနေနဲ့ ရွေးချယ်ခွင့်ရမယ်ဆို အခြားလူမျိုးတစ်ခုခုကို
ုများ ရွေးချယ်ချင်စိတ်ရှိနေမလား....။မည်သို့ပင်ဖြစ်စေကာမူကျွန်တော်တို့အတွက် အခြားနိုင်ငံသားအဖြစ်ပြောင်း
လဲခဲ့သည့်တိုင်အောင် မိမိရဲ့မိခင်လူမျိုးရင်းကိုတော့ ပြောင်းလဲရွေးချယ်လို့မရနိုင်ပါဘူး..။
လတ်တလော ကျွန်တော်စဉ်းစားမိသလောက်တော့ ကျွန်တော်တို့လူသားတွေရဲ့ဘဝမှာ မိမိမရွေးချယ်ပဲရလာခဲ့
ရတာတွေကတော့ ဒီလောက်ပါပဲ...။ဒါပေမယ့် အဲဒါတွေကပဲ ကျွန်တော်တို့ ဘဝတွေကို ပြဌာန်းသွားခဲ့ပါတယ်။
ကျွန်တော်တို့ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာတွေအပေါ် အလွမ်းမိုးဆုံးအရာတွေကို ကျွန်တော်တို့ ရွေး
ချယ်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် လူသားတွေဟာအဲဒီအခြေအနေတွေကို အတတ်နိုင်ဆုံး လက်ခံခဲ့ကြပါတယ်။ အကောင်းဆုံးလည်း တုံ့ပြန်၊ဖြေရှင်းခဲ့ကြပါတယ်။အင်း..အနည်းဆုံးတော့ ဖြေရှင်းဖို့ကြိုးစားခဲ့ကြတယ်ပေါ့ခင်ဗျာ။
လက်ရှိလူသားတွေရဲ့ ဖြစ်တည်၊တိုးတတ်ပြောင်းလဲ လာမှုကပဲ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြတယ်
ဆိုတာကို သက်သေပြနေပါတယ်..။ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ....။ကျွန်တော်တို့မရွေးချယ်ပေမယ့် လက်တော့ခံကြ
ရပါပြီ...။ဆိုးသည်ဖြစ်ဖြစ်၊ကောင်းသည်ဖြစ်ဖြစ် ဒါဟာကျွန်တော်တို့ ဘဝ၊ကျွန်တော်တို့ ဖြစ်တည်မှု ပါပဲခင်ဗျား..။
(ရွေးချယ်ပိုင်ခွင့် အကြောင်းလို့ခေါင်းစဉ်တတ်ထားပေမယ့် မရွေးချယ်ပိုင်ခွင့်တွေအကြောင်းနဲ့တင်နည်းနည်းရှည်
သွားတာကိုခွင့်လွတ်ပါခင်ဗျ။နောက်မှဆက်ပါဦးမယ်။အပိုင်းနှစ်ကို(မမျှော်ချင်လည်း)မျှော်ပေးကြပါလို့ ပန်ကြား
လိုက်ရပါတယ်ခင်ဗျား....း) )
Sunday, September 12, 2010
အချိန်=အပြောင်းအလဲ (၂ )
အချစ်
ရှေ့မှာ ရေးခဲ့သလို လူပျိုပေါက်အရွယ်မှာ ငြိမ်းကျော်၊မောင်စိန်ဝင်း၊တက္ကသိုလ်ဘုန်းနိုင် တို့ရဲ့ စာတွေနဲ့ လူလား
မြောက်လာခဲ့တာဆိုတော့အချစ်နဲ့ပတ်သက်လာရင်ငယ်စဉ်ကခံစားမှုတွေကအရမ်းကိုနူးညံ့၊သိမ်မွေ့လှပါတယ်။
၁၉နှစ်လောက်မှာ ရည်းစားလေးတစ်ယောက်ရတော့ ချစ်သူနဲ့ပတ်သက်လာရင် မထိရက်၊မကိုင်ရက်၊အရမ်းကို
တန်ဘိုးထားပြီးချစ်ခဲ့မိတယ်...။ချစ်သူရဲ့လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်ဖို့၊ချစ်သူ့ဆံနွယ်စလေးတွေကို ခိုးယူ
ရှိုက်နမ်းဖို့ဆိုတာ (အဲဒီအချိန်က)ကျွန်တော့်အတွက်တော့ မဟာစွန့်စားခန်းကြီးတစ်ခုရယ်ပါ...။
(အဲဒီလို လက်နှေးခဲ့လို့လားမသိ၊သုံးလလောက်အကြာမှာပဲ သူကကျွန်တော့်ကိုပစ်သွားလို့ အသဲဟတ်တက်ကွဲ
ကျန်ခဲ့တာ ခုထိကို ပြန်မဆက်နိုင်တော့ဘူး....။)
ခုချိန်မှာတော့ အချစ်နဲ့ပတ်သက်လာရင် ခံစားချက်တွေက ပြောင်းလဲသွားခဲ့ပြီ။စိတ်ကူးယဉ်အချစ်မဆန်တော့။
ဟိုတုန်းကလိုလည်း မနူးညံ့၊မသိမ်မွေ့တော့ပြီ...။နည်းနည်း အရိုင်းဆန်လာတယ်လို့ပြောရတော့မယ်....။
ခုချိန်မှာ အချစ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် အချစ်ဆိုတာ တပ်မက်မှု နဲ့ သံယောဇဉ် အချိုးညီညီ ပေါင်းစပ်
ထားတာလို့ ပဲ ယူဆမိတော့တယ်။
အပေါင်းအသင်း၊သူငယ်ချင်း
ငယ်ငယ်က အပေါင်းအသင်း သိပ်ပြီးမမင်ခဲ့ဘူး။အမြဲတွဲခဲ့တဲ့ သူငယ်ချင်းရယ်လို့လည်း သတ်သတ်မှတ်မှတ်မရှိခဲ့
ဘူး။လူတိုင်းနဲ့တော့ ခင်ခင်မင်မင်ရှိခဲ့ပါတယ်။အများအားဖြင့် ဘာသာတစ်ယောက်တည်း စာအုပ်တွေနဲ့ပျော်မွေ့
မိတာကလည်း သူငယ်ချင်းတွေနဲ့ အရမ်းကြီးတရင်းတနှီး မဖြစ်စေခဲ့တဲ့အကြောင်းတရပ်ဖြစ်နိုင်ပါတယ်။ဘယ်
သူငယ်ချင်းကမှ ကိုယ်အတွက် အနစ်နာခံပေးခဲ့ရတာမျိုးမရှိခဲ့သလို၊ကိုယ်ကလည်း ဘယ်သူ့ကိုမှ အနစ်နာခံပေး
ခဲ့တာမျိုး မရှိခဲ့ပါဘူး။
အသက်လေးနဲနဲရလာတာနဲ့အမျှ သူငယ်ချင်း၊အပေါင်းအသင်းတွေအပေါ် ချစ်ခင်တွယ်တာတဲ့စိတ် ပို ပိုလာပါ
တယ်။သူ့အရေးကိစ္စတွေကို ကိုယ့်အရေးကိစ္စတွေလိုသဘောထား တတ်လာတယ်။နားလည်မှုလည်းပိုပြီးပေးနိုင်
လာခဲ့တယ်။ကိုယ့်အချိန်တွေထဲကမှ သူတို့အတွက် အချိန်ပေးတတ်လာခဲ့ပြီ။သူငယ်ချင်းတွေနဲ့ စကားပြောရတာ
ကိုလည်း ခုံမင်လာခဲ့ပါတယ်...။
လူနဲ့ပတ်ဝန်းကျင် အပေါ်မှာမြင်တဲ့ အမြင်
ဟိုတချိန်က လူတွေအပေါ်မြင်တဲ့ ကျွန်တော့်အမြင်တွေက တဖတ်သက်ဆန်ခဲ့တာအမှန်ပါပဲ။ကိုယ့်ဘက်ကိုပဲ
ကြည့်ခဲ့မိတယ်။ကိုယ့်အပေါ်မကောင်းတဲ့လူကို မကောင်းဘူးလို့ပဲ မြင်တယ်၊အပြင်ပန်းမှာ ကောင်းတဲ့လူတွေကို
လည်း လူကောင်းလို့ ရိုးရိုးရှင်းရှင်းမြင်ခဲ့ပါတယ်။ခုတော့ကိုယ့်အပေါ်မကောင်းတဲ့လူတွေကိုလည်း သူတို့ရဲ့
အခက်အခဲတွေ၊စိတ်ခံစားမှုတွေကို ကြည့်မြင်နားလည်ပေးတတ်လာတယ်။ကောင်းတဲ့လူတွေကိုလည်း သူတို့ရဲ့
အတွင်းစိတ်သဘောထားကိုပါ မြင်နိုင်အောင်ကြိုးစားလာမိပါတယ်။လက်ဖမိုးကိုချည်း မကြည့်ပဲ လက်ဖဝါးကိုပါ
ကြည့်တတ်လာခဲ့ပါပြီ....။
တချိန်က လူတွေအပေါ် သနားတတ်တဲ့စိတ်၊ယုံကြည်တဲ့ စိတ်လည်း ရှိခဲ့တယ်။တခါက ကျွန်တော်ဆိုင်ကိုလူတစ်
ယောက်လာပြီး အမေ့အတွက်ဆေးလာဝယ်တာ ငွေမလောက်လို့၊ဒီမှာလည်း အသိမိတ်ဆွေမရှိလို့ ငွေချေးပါ ၊
နက်ဖြန်ဆက်ဆက်လာပေးပါ့မယ်ဆိုပြီး ဘလိုင်းကြီး လာချေးဖူးတယ်။ဒီကကျွန်တော်မျိုးကြီးကလည်း ယုံကြည်
စိတ်ချစွာနဲ့ အိတ်ထဲရှိသလောက်ချေးလိုက်ပါတယ်။နောက်နေ့မှာ လည်ပင်း ကုလားအုပ်ဖြစ်အောင်မျှော်ပေမယ့်
ကိုယ်တော်က ပေါ်မလာတော့ပါဘူး။နာမည်တောင်မသိတဲ့လူကို ယုံရပါ့မလားလို့ ကြားတဲ့ သူငယ်ချင်းတိုင်းရဲ့
အဆဲကိုခံရတာပဲအဖတ်တင်ပါတယ်။
ခုချိန်မှာတော့ သူငယ်ချင်းအချင်းချင်း ခဏတဖြုတ် ငွေလှည့်တာတောင် “ဟေ့ကောင် မင်းပြန်တော့ ပေးမှာပါ
နော် ” ဆိုပြီး မယုံသလိုလို မေးမိလို့ ဘာသာမနည်း သတိထားနေရတယ်း)။
ငွေကြေး နဲ့ အလုပ်
အသက်နှစ်ဆယ်လောက်မှာ ကိုယ်ပိုင်ဝင်ငွေ၊ကိုယ်ပိုင်အလုပ် ရှိလာပါပြီ။အလုပ်ဘာအတွက်လုပ်လဲဆိုရင် တချိန်ကတော့ ငွေရဖို့ပါ။ငွေဘာလုပ်ဖို့လဲဆိုရင် သုံးဖို့၊ဖြုန်းဖို့ လို့ပဲပြောဖြစ်ခဲ့မယ်ထင်တယ်။ငွေ ကို များများ နဲ့
မြန်မြန်ရအောင် ရှာတယ်။ပြီးတော့ မြန်မြန် သုံးပစ်လိုက်တယ်။အလုပ်အပေါ်ထားတဲ့သဘောထားကလည်း ငွေ
ရဖို့ပဲ..။ငွေကြေး အပေါ်ထားတဲ့ သဘောထားကလည်း သုံးပစ်လိုက်ဖို့ပဲ...။
နောက်ပိုင်းမှာတော့ အလုပ်ကို အလုပ်လိုပဲ သဘောထားနိုင်လာခဲ့ပြီ။တနေ့ကပဲ လုပ်ဖော်ကိုင်ဖက် စလုံးတစ်
ယောက်က ကျွန်တော့်ကို “ ဒီလောက် အလုပ်ရှုပ်နေတာတောင် မင်းကသီချင်းလေး တညီးညီး နဲ့ အတော်ပျော်
နေတယ်ပေါ့လေ ဟုတ်လား ” လို့ မေးလာပါတယ်။ဒီတော့ ကျွန်တော်က “ အလုပ်ရှုပ်လဲ ငါ့အတွက်က တစ်နေ့
ကို ၂၄ နာရီပဲ၊အလုပ်များလို့ ၂၅ နာရီဖြစ်သွားတာမှ မဟုတ်တာ၊လုပ်စရာရှိနေရင်တော့ လုပ်ရမှာပေါ့ ” လို့
ခပ်နောက်နောက်လေး ပြန်ဖြေ ဖြစ်လိုက်ပါတယ်။
ဟုတ်ပါတယ်...။ခုနောက်ပိုင်းမှာ အလုပ်အပေါ်ထားတဲ့ သဘောထားက အဲဒီအတိုင်းဖြစ်သွားပါပြီ။ငွေကြေး ကို
လည်း ကျွဲကူးရေပါ တဲ့သဘောပဲလို့ထားပါတော့တယ်။ဒါပေမယ့် အရင်တုန်းကလိုတော့ အရမ်းမသုံးဖြစ်တော့
ဘူး။ကပ်စေးနဲ လာတတ်တဲ့သဘောထင်ပါရဲ့း)။တခုခုဝယ်တော့မယ်ဆို အရင်လို စွတ်မဝယ်ဖြစ်တော့ဘူး။
နောင်ရေးတွေဘာတွေ တွေးပြီး လက်တွန့် လာပါတယ်။
အသက်နဲ့အမျှ လျော့သွားတာတွေ
အိပ်ချိန်။ ။ငယ်ငယ်ကအအိပ်မက်ခဲ့တယ်။၁၀နာရီဆိုအိပ်ပြီ။နောက်ကျမှအိပ်ရင်လည်း မနက်ကို ၉နာရီ၊၁၀
နာရီထိမထတော့ဘူး။အအိပ် မက်လွန်းလို့ အချိန်တွေ၊ချိန်းထားတာတွေ ကမောက်ကမ၊နောက်ကျခဲ့ရပေါင်းများ
ခဲ့ပါတယ်။ခုတော့ ညဆို အစောဆုံးအိပ်ယာဝင်ချိန်က ၁၁နာရီ၊၁၂နာရီ။မနက်ဆိုလည်း ၇နာရီဆို နိုးပြီ၊ဆက်
အိပ်လို့လည်းမရတော့။ဘာကြောင့်အအိပ်နည်းသွားတာလည်းဆိုတာ ဘာသာလည်း နားမလည်နိုင်ပါဘူး။
ဒေါသ။ ။ငယ်ငယ်က ဒေါသကြီးတယ်။လက်လည်းမြန်တယ်။လေးတန်းကျောင်းသားဘဝထဲက ကျောင်းက
အိမ်ကို တိုင်စာပို့လို့ အမေလုပ်သူကလိုက်ရှင်းရတာခဏခဏ။အသက်နှစ်ဆယ်ကျော်လောက်မှာ သောက်တတ်
စားတတ်လာတော့ ပိုဆိုးရော...။မူးလာရင်သွေးမဆိုးပေမယ့်၊ကိုယ့်ကို လာရစ်ရင်သည်းမခံနိုင်လို့ ခဏခဏရန်
ဖြစ်တယ်။ငယ်ငယ်ကတော့ လူဆိုးစာရင်းဝင်ပေါ့၊(နှစ်ယောက် တစ်ယောက်ဆိုလည်း ချတာပဲ၊သုံးယောက် တစ်
ယောက်ဖြစ်လည်း တီးတာပဲ၊လေးယောက်တစ်ယောက်လည်း ဆော်တာပဲ....။နှစ်ယောက်တို့၊သုံးယောက်တို့၊
လေးယောက်တို့ဘက်က ပြောပါတယ်..း) )။ခုတော့ တော်တော်ကိုလျော့ကျသွားပါတယ်၊ကိုယ့်ကို လာပြီးကြော
သလို၊မောသလို လုပ်တာတောင် သည်းညည်းခံတတ်ပါပြီ။လူ့ဘဝတိုတိုလေးအတွင်းမှာ ဘာကြောင့် အဓိပ္ပာယ်
မရှိတာတွေနဲ့ ကိုယ့်စိတ်ကို အပင်ပန်းခံနေမှာလည်း လို့ ဘာသာဖြေတတ်ခဲ့ပါပြီ။
လောဘ။ ။ငယ်စဉ်ကတော့ ဖြစ်ချင်တာတွေများခဲ့တယ်။လိုချင်တာတွေများခဲ့တယ်။လုပ်ချင်တာတွေလည်း
အများကြီးရယ်...။ချမ်းသာတဲ့ဘဝ၊အောင်မြင်တဲ့ဘဝကို လိုချင်ခဲ့တယ်။(ကြိုးစားခဲ့သလားလို့တော့ မမေးပါနဲ့း) )
ခုချိန်မှာ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း၊ကိုယ်လုပ်ချင်တိုင်း မရနိုင်ဘူးဆိုတာသိလာခဲ့တဲ့နောက် အလိုဆန္ဒတွေ
လျော့ကျသွားခဲ့ပါတယ်။လောကမှာ ကျွန်တော်တို့မတတ်နိုင်တာတွေ အများကြီးပါလားဆိုတာကို လက်ခံလာခဲ့
ပြီ...။ခုချိန်မှာ အိမ်ပြန်ရောက်ရင် အေးအေးဆေးဆေး ခြံသေးသေးလေးတစ်ခြံနဲ့ သီးနှံပင်လေးတွေပဲ စိုက်စားချင်
တော့တယ်။
အသက်နဲ့အမျှ ပိုလာတာတွေ
အတွေးတွေ။ ။အရင်ကတည်းက ကိုယ့်အတွေးနဲ့ကိုယ် နေတတ်တဲ့သူဆိုပေမယ့်၊နောက်ပိုင်းကာလတွေမှာ
အရင်ကထက်ပိုပိုပြီးတွေးမိလာတယ်၊လောကအကြောင်း၊လူတွေအကြောင်း၊ဘဝတွေအကြောင်း၊ပြီးတော့ ကိုယ့်အကြောင်း....။အတွေးတွေရဲ့နောက်မှာ အဖြေဆိုတာတော့မရှိခဲ့ပါဘူး။
နောင်တနဲ့အမှားတွေ။ ။ရခဲ့ပါတယ်၊အတော်ကို ပိုလို့ရခဲ့တာတွေပါ....း)။ဘဝမှာ ခုချိန်ထိ ခဲဖျက်နဲ့ မလွတ်ကင်း
နိုင်သေးဘူး။ဖျက်လို့မရ၊ပြင်လို့မရတာတွေအတွက်တော့ နောင်တတွေပဲအဖတ်တင်ခဲ့တာပေါ့။ဘာတွေလည်း
လို့တော့မမေးကြပါနဲ့....။ဖြေမိခဲ့ရင် ထပ်ပြီး နောင်တရမိမှာဆိုးလို့း)
ဆက်ရန်
Saturday, September 11, 2010
အချိန်=အပြောင်းအလဲ(၁)
စကားချီး
ခု နှစ်ပတ်၊သုံးပတ် အတွင်းကျွန်တော်မောင်လေးတစ်ယောက်အလုပ်အရမ်းရှုပ်နေပါတယ်။မနက်၇နာရီလောက်
ကတည်းက ဆိုက်ထဲကို ထွက်သွားလိုက်ရတာ ညသန်းခေါင်၊တခါတလေ ၁ချက်ထိုး မှအခန်းပြန်ရောက်ပါတယ်။
ပြန်ရောက်တာနဲ့ ကွန်ပြူတာလေးဖွင့်၊ဘယ်သူတွေ ဘာအသစ်တွေ ရေးထားလဲဆိုတာ ကပျာကယာကြည့်၊
အာရုံကျတာလေးကို ကပျာကယာဖတ်၊ကျန်တာတွေကိုတော့ အကြွေးအဖြစ်မှတ်ထားရပါတယ်။အရင်လို ကိုယ့်
ဘလော့လစ် ထဲမှာအသစ်တက်လာသမျှကို အစဉ်အတိုင်းမဖတ်နိုင်သေးပါဘူး။ကွန်မန့်ကတော့ဝေးရောပေါ့။
အလုပ်များနေလို့ ဘလော့မလည်နိုင်တာကို ဒီနေရာကနေ အားလုံးကိုတောင်းပန်လိုက်ပါတယ်ခင်ဗျားးးးး။
နိဒါန်း
အဲဒီလောက် အလုပ်များနေပေမယ့် အားတဲ့အချိန်လေးတွေမှာ၊ကားစီးနေတဲ့အချိန်တွေမှာ စိတ်အတွေး တွေကို
တမျှော်တခေါ်ကြီး ဖြန့်ကျက်မိပါသေးရဲ့.....။တွေးမိတာတွေက တခြားတော့မဟုတ်ပါဘူး...။ကျွန်တော့်ဘဝ၊
ကျွန်တော့်အကြောင်းတွေပါပဲ...။တွေးမိတာမှ ဟိုးးးးးလေးငါး ဆယ်နှစ်ကအကြောင်းတွေကိုပါပြန်ပြောင်းလို့
တွေးတောနေမိတာပါ..။
အဲဒီအတိတ်ကိုပြန်တွေးမိတော့ လွန်ခဲ့တဲ့လေးငါးဆယ်နှစ်လောက်က အသက်နှစ်ဆယ်ကျော်အရွယ်မောင်လေး
ဆိုတဲ့လူနဲ့ အခု သုံးဆယ်ကျော်အရွယ်မောင်လေး ဟာ ကွာချင်တိုင်းကွာ၊ခြားနားချင်တိုင်းခြားနားနေတာကို
သတိပြုမိပါတယ်။
ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေဟာ တမုဟုတ်ခြင်း မျက်လှည့်ပြလိုက်သလို ပြောင်းလဲသွားတာမဟုတ်ပဲ
အချိန်နဲ့အမျှ နည်းနည်းခြင်း ပြောင်းလဲသွားခဲ့တာပါ..။ကိုယ့်ဘာသာတော့ ပြောင်းလဲလို့ပြောင်းလဲမှန်း မသိလိုက်
မသိဘာသာ ပြောင်းသွားတာတွေပါ။ခုလို ဘာသာ ပြန်ပြောင်း တွေးတောမိတော့မှ အော်.....ငါ အတော်ပြောင်း
လဲသွားတာပါလား လို့ သတိပြုမိပါတော့တယ်...။
စာပေ
အချိန်နဲ့အမျှ၊အသက်နဲ့အမျှ အပြောင်းအလဲ အဖြစ်ဆုံးကတော့ ဖတ်ဖြစ်တဲ့စာတွေနဲ့ ဖတ်ချင်တဲ့ စာတွေပါ။
ဘယ်အရွယ်ကတည်းက စာတွေစဖတ်ခဲ့သလဲဆိုရရင် စာရေးစာဖတ်စတတ်ကတည်းကလို့ ပြောရမှာပဲ။
ခုနစ်နှစ်၊ရှစ်နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူက ရွေသွေးတွေ၊တေဇတွေ၊တို့ကျောင်းသားတွေ လပေးနဲ့
ဝယ်ပေးပြီး စာဖတ်တတ်တဲ့အလေ့အကျင့် ကို ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။
ကလေးဘဝကတော့ အဲဒီ ရွေသွေး၊တေဇ တို့အပြင် ဖတ်ခဲ့ကြိုက်ခဲ့တာက စံရွေမြင့်ရုပ်ပြစာအုပ်လေးတွေပါ။
လက်ဝါးလောက်အရွယ်စာအုပ်ပါးပါးလေးတွေပါ။ဝမ်းနည်းရမှာလား၊ဝမ်းသာရမှာလားမိသိန်းကြည် တို့၊ကား
လမ်းလှေလှော်တို့ ဆို ခုထိသေသေချာချာ မှတ်မိနေနိုင်အောင်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့တာတွေပါ။
ဆယ်နှစ်နှစ်၊ဆယ်သုံးနှစ်အရွယ်၊၈၈ ကျောင်းပိတ်ရက်တွေမှာတော့ သိုင်းစာအုပ်ဘက်ကို လိုင်းပြောင်းသွားခဲ့ပါ
တယ်...။နေလင်းအောင်၊မိုးကျော်သူ၊ဝင်းကြွယ် တို့ကကျွန်တော့် အသဲစွဲ သိုင်းဘာသာပြန်စာရေးဆရာတွေပါ။
တနေ့တနေ့ လေးအုပ်တွဲ၊ငါးအုပ်တွဲတွေကို ပြီးအောင်ဖတ်ခဲ့တာ....။အုပ်တွဲရှည်ကြီးတွေဆို ကျွန်တော်က ကိုယ့်
ဘာသာ မပြီးနိုင်လောက်ဘူးအောင့်မေ့ပြီး သုံးလေးအုပ်ပဲငှားသွား၊တညလုံးပြီးအောင်ဖတ်လိုက်တော့၊နောက်
နေ့ရောက်တော့ ဖတ်စရာကမရှိ၊ဇာတ်လမ်းကလည်း ကောင်းခန်းရောက်နေဆိုတော့ မနက်စောစော မဖွင့်
သေးတဲ့ဆိုင်ကို အတင်းတံခါးသွားခေါက်ပြီး ငှားဖတ်ရလောက်အောင်ကို အစွဲကြီးစွဲခဲ့ပါတယ်...။
ဆယ့်လေး၊ငါးနှစ် ရောက်တော့ စွန့်စားခန်းဝတ္ထုတွေဘက်ကို အာရုံရောက်သွားပြီ။မင်းသိင်္ခ၊ရာဇဂဏီ၊မြတ်ထွန်း
သစ်၊ဆွေလှိုင်ဦး တို့ရဲ့ ဇာတ်ကောင်တွေက လူပျိုပေါက်ကလေး ကျွန်တော့်အတွက်တော့ စံပြပုဂ္ဂိုလ်တွေဖြစ်ခဲ့
ပါတယ်။တချိန်ထဲမှာပဲ ဖတ်ဖြစ်ခဲ့တာတွေက အချစ်ဝတ္ထုတွေပါ။မောင်စိန်ဝင်း၊ငြိမ်းကျော် တို့ရဲ့ဝတ္ထုတွေဖတ်ပြီး
စိတ်ကူးတွေ အကြီးအကျယ်ယဉ်ခဲ့မိ၊ရည်းစားထားဖို့အသဲအသန်ကြိုးစားမိခဲ့တာပေါ့..။တခန်းလုံးက ချောတော
မောတော ကောင်မလေးတွေမှန်သမျှ ဟိုတယောက်ကိုချစ်ရနိုး၊ဒီတယောက်ကိုကြိုက်ရနိုးနဲ့ ကိုယ်ရည်ရွယ်ထား
တာ တခန်းလုံး ဆိုတာလို စိတ်ကစားမိခဲ့တယ်....။(သို့ပေမယ့် လက်တွေ့မှာ အဖြစ်မရှိခဲ့လေတော့ ခုချိန်ထိ
လူပျိုကြီး ဖြစ်နေတော့တာပါပဲ...။ဤကား စကားချပ်(ဝါ)ကြော်ငြာ တည်းး) )
ဒီလိုနဲ့ ၁၉၉၇ ခုနှစ်၊အသက်နှစ်ဆယ် အရွယ်မှာ ဒုတိယံမိ အရေးအခင်းကျောင်းပိတ်ရက်နဲ့ ကြုံရပြန်ပါတယ်။
ကျောင်းပိတ်ရက်တွေမှာ အဖွားအိမ်မှာ ရှိတဲ့ အဖေနဲ့ဦးလေးတို့ လူပျိုဘဝက စုထားခဲ့တဲ့ စာအုပ်တွေကို မောင်
ပိုင်စီးပြီး စာအုပ်ပုံတွေထဲ ခေါင်းနှစ်ထားမိခဲ့တယ်ခင်ဗျ။အဖေလူပျိုဘဝက စုထားခဲ့တဲ့ ရှူမဝ၊ငွေတာရီ၊စန္ဒာ
မဂ္ဂဇင်းတွေ နဲ့ ဦးလေး စလုံးကိုမသယ်သွားနိုင်လို့ထားခဲ့တဲ့ ဘာသာပြန်စာအုပ်ကောင်းတွေကို တန်ဖိုးရှိစွာဖတ်
ခဲ့ရပါတယ်။
မှတ်မှတ်ရရအရှိဆုံးကတော့ စစ်နဲ့ငြိမ်းချမ်းရေး ၁၂အုပ်တွဲကြီးရယ်၊သခင်ဘသောင်းရဲ့ ခြေလေးချောင်းတော်
လှန်ရေး စာအုပ်ရယ်၊သော်တာဆွေရဲ့ ရှူမဝထဲမှာ လစဉ်ရေးခဲ့တဲ့ ကျွန်တော့်ဘဝဇာတ်ကြောင်းတွေရယ်ပါ။
အသက်အစိတ်လောက်မှာ စပြီးစိတ်ဝင်တစားရှိလာတာတော့ ဘာသာရေးစာအုပ်တွေပါ။ထေရဝါဒဗုဒ္ဓဘာသာ
နဲ့ပတ်သက်တဲ့စာအုပ်တွေကို ငယ်ငယ်ကတည်းကဖတ်ဖြစ်ပေမယ့် အရမ်းကြီးစိတ်ဝင်တစားရှိလှတာတော့မ
ဟုတ်ခဲ့ပါဘူး။၂၀၀၂၊၂၀၀၃ လောက်မှာ ဘာသာရေးစာအုပ်တွေကို စိတ်ဝင်တစားရှာဖွေ ဖတ်ရှုမိခဲ့ပါတယ်။
အကြိုက်ဆုံးကတော့ ဆန်းလွင် ရဲ့နာမည်ကျော် ရတနာသုံပါးကိုယုံကြည်ကိုးကွယ်လာသူတစ်ယောက်အ
ကြောင်း၊နဲ့ ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက ဆိုတဲ့စာအုပ်နှစ်အုပ်ပါ။
နောက်ပိုင်းကာလတွေမှာ အဖတ်ဖြစ်ဆုံးကတော့ ဂျူး၊တာရာမင်းဝေ၊မင်းခိုက်စိုးစံ၊နောက်...ဘဝသရုပ်ဖော်ဝတ္ထု
တွေပါ။မော်ဒန်ဝတ္ထုတွေကို အစောပိုင်းကာလတွေမှာ ဘယ်လိုမှဖတ်လို့မရခဲ့ဘူး။ကိုယ်တိုင်ကလည်း စာအုပ်
အငှားဆိုင်လေး ဖွင့်ခဲ့ဖူးတော့ ကျွန်တော့်ဆိုင်မှာ သစ္စာနီတို့၊ဇော်ဇော်အောင်တို့၊တာရာမင်းဝေ တို့ကို စုံအောင်
တင်ဖြစ်ခဲ့ပေမယ့် ဘာသာတော့ ယောင်လို့တောင်ကိုင်မကြည့်မိခဲ့ဘူး။သို့ပေမယ့် နောက်ပိုင်းကာလတွေမှာ
တာရာမင်းဝေရဲ့ ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှုစာအုပ်ထဲက ကျွန်တော်နှင့်မြူနှင်းဝေသောညများ ဆိုတဲ့
ဝတ္ထုတိုလေးကစလို့ ကျွန်တော်လည်း မော်ဒန်၊ပို့စ်မော်ဒန်တွေကို သဘောအတော်ကျသွားမိပါတယ်။
ခုချိန်မှာတော့ စာစုံဖတ်ဖြစ်သွားပါပြီ။ငယ်ငယ်ကလို တစ်လိုင်းဆိုတစ်လိုင်းမဟုတ်တော့ပဲ တွေ့သမျှကိုဖတ်ဖြစ်
ပါတယ်။ဒါပေမယ့်စာဖတ်ချင်တဲ့စိတ်ကြောင့်သာဖတ်ဖြစ်တာဖြစ်ပြီးငယ်ငယ်တုန်းကလိုဖတ်ချင်လှတဲ့စာအုပ်၊
ဖတ်ချင်လှတဲ့စာရေးစရာရယ်လို့ (အကြည်တော် နဲ့ မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာ ကလွဲလို့ ) သတ်သတ်မှတ်မှတ် မရှိတော့ပါဘူးခင်ဗျ။
ဖတ်ဖြစ်ခဲ့တဲ့စာအုပ်တွေကပဲ လူ့စိတ်ကိုပြောင်းလဲစေခဲ့သလား၊လူ့စိတ် အပြောင်းအလဲကိုလိုက်လို့ စာအုပ်တွေ
ကို ဖတ်ဖြစ်ခဲ့သလားဆိုတာကို ကျွန်တော်မပြောတတ်ပါဘူး။ဒါပေမယ့်အသက်ကလေးရလာကာမှဟာသစာအုပ်
တွေကိုပဲ ဖတ်ချင်စိတ်ရှိတော့တာတော့အမှန်ပါပဲခင်ဗျား....။
(ကျွန်တော် စာရေးတဲ့အခါမှာဖြစ်ဖြစ်၊စကားပြောတဲ့အခါမှာဖြစ်ဖြစ် စာရေးဆရာတွေရဲ့ကလောင်အမည်ရှေ့မှာ
ဦး(သို့)ဆရာ၊ဆရာကြီး ဆိုတာမျိုး ထည့်လေ့ထည့်ထ မရှိခဲ့ပါဘူး။ကလောင်အမည်ကို ကလောင်အမည်အတိုင်း
သုံနှုန်းတာ ပိုအဆင်ပြေမယ်ထင်လို့ပါ။ရိုင်းသလိုဖြစ်ရင်ခွင့်လွတ်ဖို့တောင်းပန်ပါတယ်။စိတ်ထဲမှာတော့ လေးစား
မှုအပြည့်ရှိပါကြောင်း.....။)
ရုပ်ရှင်
ကျွန်တော်ဝါသနာပါတဲ့အကြောင်းအရာတွေအထဲမှာ ရုပ်ရှင်လည်းပါ ပါတယ်။ငယ်ငယ်က ကြိုက်ခဲ့တဲ့ ရုပ်ရှင်
အမျိုးအစားက အက်ရှင်ဇာတ်ကြမ်းတွေ...။ဒရမ်မာဆို လုံးဝ၊လုံးဝ မကြည့်။ဟာသကားတွေကို နည်းနည်းပါးပါး
ကြည့်မိပေမယ့် ကြိုက်လှတယ်တော့မဟုတ်ပါဘူး။အပေါင်းအသင်းတွေက ဒီကားလေး အရမ်းရီရတာ ကြည့် ကြည့်စမ်းပါ ဆိုမှ ကြည့်ဖြစ်တာမျိုး ကလား....။
ခုနောက်ပိုင်းကာလတွေမှာ အက်ရှင်ဆို စိတ်မဝင်စားချင်တော့ဘူး။အထူးသဖြင့်ဘာမှန်းမသိ ပစ်ခတ်၊ညှစ်သတ်
နေတာမျိုးဆို ဘယ်လိုမှ ကြည့်လို့မရတော့ဘူး။(ငယ်တုန်းကတော့ ပစ်ခတ်နေရင်ပြီးရော ကြိုက်ပြီးသားး))
ခုတော့ ဒရမ်မာကားလေးတွေပဲကြည့်ချင်တော့တယ်။နောက် ဟာသကားတွေ လည်းကြည့်ချင်စိတ်ပေါ်လာ
တယ်။ငယ်ငယ်က မကြိုက်ခဲ့တဲ့ မြန်မာဟာသကားတွေကိုတောင်ကြည့်လို့ရလာခဲ့ပြီ ။
သီချင်း
ငယ်ငယ်က သိပ်ပြီးစိတ်မဝင်စားခဲ့တဲ့ အရာတွေထဲမှာ သီချင်းတွေလည်းပါ ပါတယ်။လက္ဘက်ရည်ဆိုင်မှာဖွင့်ထား
တဲ့ သီချင်းတွေလောက်သာ နားထောင်ဖြစ်ခဲ့တာပါ။သူငယ်ချင်းတွေထဲမှာ ဂီတကို အတော်စိတ်ဝင်စားတဲ့သူတွေ
အများကြီးရယ်..။မြဝတီမှာ သီချင်းဆိုခဲ့ဖူးတဲ့သူတွေ၊သူငယ်ချင်းတွေစုပြီး အပျော်တမ်းတီးဝိုင်းလေး ထောင်ထား
ကြသူတွေ အများကြီးရယ်...။ဒါပေမယ့် ကျွန်တော်ကတော့ သီချင်းတွေကို စိတ်မဝင်စားခဲ့မိဘူး။ဂီတာ တီးတတ်ဖို့
ဆိုတာဝေးလို့ ဂီတာမှာ ကြိုးဘယ်နှစ်ချောင်းပါသလဲဆိုတာတောင် ဝိုးတို့ဝါးတားရယ်...။
ငယ်စဉ်က ကိုယ်တိုင်ဝယ်ခဲ့ဖူးတဲ့ ကက်ဆက်ခွေဆိုလို့ မှတ်မှတ်ရရ ရဲသွင်ရဲ့ နှင်းဆီလှိုင်းများဆိုတဲ့ တခွေပဲရှိ
တယ်။ဒါတောင်နားထောင်ချင်လို့မဟုတ်ဘူး။သူငယ်ချင်းတစ်ယောက်က အဲဒီအချိန်က သူတို့ဆိုင်မှာ ကက်ဆက်
ခွေအရောင်းဆိုင်ဖွင့်လို့ သူငယ်ချင်းဆိုင် မို့လို့ သက်သက်အားပေးတဲ့သဘောရယ်...။ဗွီစီဒီ၊ဒီဗီဒီ ခေတ်ရောက်
တော့လည်း ဇာတ်လမ်းခွေတွေသာ ဝယ်ဖြစ်ရင်ဝယ်ဖြစ်မယ်၊သီချင်းခွေကိုတော့ များများစားစားမဝယ်ဖြစ်ခဲ့ဘူး။
လွန်ခဲ့တဲ့လေး၊ငါး နှစ် ကစလို့ သီချင်းတွေကိုတခုတ်တရ နားထောင်ဖြစ်လာခဲ့တယ်။ခုချိန်မှာတော့သီချင်း နားမထောင်ဖြစ်တဲ့ရက်ဆိုတာ တစ်ရက်မှမရှိ။ အလုပ်ထဲမှာ နားကြပ်နဲ့နားထောင်၊ရေချိုးရင်း နားထောင်၊
ကွန်ပြူတာဖွင့်လိုက်တာနဲ့ စစချင်းသီချင်းတွေကို ဖွင့်ထားပြီးနားထောင်၊ဘလော့တွေလည်လို့ သီချင်းတွေ သူ
တို့ဘလော့လေးတွေမှာ တင်ပေးထားရင်လည်း နားထောင်၊ခုတော့ သီချင်းတွေမှ မရှိတော့ရင် လူ့ဘဝကြီးက
အဓိပ္ပါယ်မဲ့သွားတော့မယ့်အဖြစ်မျိုးရောက်သွား လိမ့်မယ်လို့တောင်ထင်လာမိတယ်။သီချင်းတွေကိုလည်း နှစ်နှစ်
ကာကာ ခံစားတတ်လာခဲ့ပါတယ်..။
ဆက်ရန်