Saturday, February 26, 2011

သုညအောက် ယူဇနာ တရာမက ကျဆင်းသွားကြောင်း

လင်းရေ.....

ကိုယ်...လင်းဆီစာမရေးဖြစ်တာကြာပြီနော်....၊ကြာဆို စာရေးချင်စိတ်ကို မရှိတာလင်းရေ....။လင်းဆီလည်း စာ
မရေးဖြစ်၊ကိုယ့်ဘလော့မှာလည်း ဘာမှမရေးဖြစ်ပါဘူး။တလောကခရီးထွက်ဖြစ်တော့ ပြန်လာရင် ပို့စ်တွေ အများကြီး ရေးမယ်လို့ အားခဲထားပေမယ့် တကယ့်တကယ်ကြတော့ မရေးချင်ဘူးဖြစ်နေတယ်လင်း....။

ခုတလော ကိုယ်စိတ်တွေကျနေပြန်ပြီ.....၊စိတ်တွေက သုညအောက်ယူဇနာ၁၀၀မကကျနေတဲ့အပြင်ဘာအာရုံမှ
စူးစိုက်လို့မရအောင်ကို ပျံလွင့်နေလေရဲ့....။ဘာပြဿနာတွေဖြစ်နေလဲလို့ မေးမလို့လားလင်း...၊ဟင့်အင်း....၊
တကယ့်တကယ်မှာ သေးသေးမွှားမွှားအခက်အခဲတချို့ကလွဲလို့ ဘာမှပြဿနာကြီးကြီးမားမားမရှိပါဘူး....။
ဒါပေမယ့်....လင်းသိတဲ့အတိုင်းပဲလေ...ကိုယ့်စိတ်က တခါတလေ တက်ချင်ရင်လည်း ဟိုးမိုးထိရောက်အောင်
တက်သွားတတ်ပြီး၊ခုလိုကျချင်ပြန်ရင်လည်း အဝီစိရောက်အောင်ကျချင်ကျသွားတာကလား....။

အတွေးတွေကလည်း စုစုစည်စည်းမရှိ၊လွင့်ချင်တိုင်းလွင့်၊ပျံ့ချင်တိုင်းပျံ့နေလေရဲ့....၊ရှေ့စိတ်ကလေးက လွှင့်
ပျံ့သွားလိုက်၊နောက်စိတ်ကလေးက သတိနဲ့ ပြန်ဖမ်း စုစည်းလိုက်၊ခဏမှာပဲ စိတ်ကပြန်လွှင့်သွားလိုက်နဲ့
ကိုယ့်စိတ်နဲ့ ကိုယ် အရှုပ်တွေလုပ်နေရတယ်လင်းရာ....။ဒီရက်ပိုင်း အိပ်ရေးပျက်လိုက်တော့ပိုဆိုးသပေါ့။
အိပ်ရေးပျက်လို့ မျက်လုံးကဘယ်လောက်ပဲအိပ်ချင်နေပေမယ့် စိတ်ကအိပ်လို့မရဘူးလင်းရာ..၊ညညဆို အတွေး
တွေက တယ်နှိပ်ဆက်တာကလား....။

စိတ်ကိုငြိမ်အောင် စာအုပ်တွေဖတ်၊ဟာသတွေဖတ်၊ရုပ်ရှင်တွေကြည့် လည်း ဖတ်တုန်း၊ကြည့်တုန်းခဏပါပဲ
လင်းရာ...။ခုချိန်မှာ ကိုယ် အလုပ်ချင်ဆုံးက မြန်မာပြည်က ကိုယ့်အခန်းလေးထဲမှာ ၂ရက်လောက်မထတမ်း အိပ်
ပလိုက်ချင်တာပါပဲ....။အိမ်လွမ်းနာက တယ်ဆိုးသကိုး....။

ဟောဒီရှင်ကျားပူမှာ လူတွေအများအားဖြင့် ကိုယ့်ကိုကိုယ် သက်သေကြတဲ့အခါ MRT လာတဲ့အချိန်ခုန်ချလေ့
ရှိကြသတဲ့....။အင်း.....ကိုယ်လည်း ခုတလောတော့ MRTမစီးပဲနေ နေတယ်လင်းရေ....:)။MRT တစ်စီး အရှိန်
နဲ့ဝင်လာချိန်မှာ ရထားသံလမ်းတွေရဲ့ သွေးဆောင်ဖြားယောင်းမှုက စိတ်ဓာတ်ကျဆင်းနေတဲ့လူတစ်ယောက်
ကို သူလုပ်ချင်တာကို လွယ်လွယ်နဲ့ လုပ်ဖြစ်သွားစေနိုင်အောင်ကို မာယာများလှတယ်ကွယ်....။

ဒီလိုပြောလို့ စိတ်လည်းသိပ်မပူနဲ့ဦးနော်...။အရမ်းဆိုးဆိုးရွားရွားကြီးမဟုတ်ပါဘူး....:)။ချစ်ခင်ရတဲ့ သူငယ်ချင်း
တွေကလည်း အားပေးကြ၊တတ်နိုင်သမျှအကြံညဏ်ပေးကြပါတယ်...။တချို့ကလည်း အဲဒါ ခမဲလိုလို့ဖြစ်တာ
သူတို့ခမဲရှာပေးမယ်တဲ့လေ....:P။အင်း...ခမဲကတော့တော်ပါပြီလေ.....ဆားနဲ့ပဲစားပါတော့မယ်လို့ ပြန်ပြောလိုက်
ရတယ်....:D။

ခုတော့တဖြည်းဖြည်းနဲ့ အေးဆေးဖြစ်လာပါပြီ။ဒါကြောင့်လည်း ခုလို ရီရီမောမောနဲ့ လင်းဆီ စာရေးဖြစ်တာပေါ့။
ခုတော့ ညအိပ်ကာနီးတိုင်း ဝင်လေရှူ့၊ထွက်လေရှူ့ ဘုရားကု ကုနေလေရဲ့...။ဝင်သက်ထွက်သက်များ....
ပေါ့....:)

လင်းရေ.....၊စိတ်လည်းမပူနဲ့၊စိတ်မကောင်းလည်းမဖြစ်နဲ့ဦးနော်...၊ကိုယ့်အကြောင်းလည်း လင်းသိတဲ့အတိုင်း၊
ခဏပါ...။ပြီးတော့လည်း ပြီးသွားမှာပါ..။အော်..ဒါနဲ့ ကိုယ် ရှေ့လကုန်လောက်မြန်မာပြည် ပြန်လာဖြစ်မလားပဲ...။
မောပန်းနေတဲ့ ကိုယ်ရော၊စိတ်အတွက်ပါ ခဏတော့ အမေ့အိမ်မှာ နားဦးမယ်ကွယ်....၊ဒါမှပဲ ကျန်နေသေးတဲ့
ဘဝတစ်ဝက်ကို ခွန်အားအပြည့်နဲ့ လျှောက်လှမ်းနိုင်မှာကလား....။

အင်း ခုလိုချိန်မှာ ကိုယ်တွေးမိတာက ငါတို့တွေ တစ်နေ့သေကြရမယ့်အရေး...၊ဘာတွေများ ကိုယ်ပင်ပန်း၊စိတ်
ပင်ပန်းခံနေကြပါလိမ့်....၊ဘဝမှာ ကောင်းတာတွေပဲလုပ်လုပ်၊ဆိုးတာတွေပဲလုပ်လုပ်၊ဘဝကို လေးလေးနက်
နက်နဲ့ပဲကျော်ဖြတ်ကျော်ဖြတ်၊ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းဖြတ်သန်း၊တချိန်မှာ လူတိုင်းသွားရမယ့်နေရာကို ရောက်
သွားမှာပဲ...၊ဘာကြောင့်များ ရေးကြီးခွင်ကျယ်နဲ့ ဘဝဆိုတာတိုက်ပွဲပဲ၊ဘာပဲ၊ညာပဲ လုပ်နေမလဲ...၊သွားစရာရှိတဲ့
နေရာ ဘာကြောင့်များမြန်မြန်မသွားဖြစ်ကြပါလိမ့် ဆိုတဲ့ အတွေးတွေဝင်လာရော လင်းရေ....။

ဘဝကိုမြတ်နိုးတွယ်တာတဲ့ ဘဝတဏှာနေရာမှာ ဘဝပြတ်ချင်တဲ့ ဝိဘဝတဏှာလေးက ခဏတဖြုတ် အစားဝင်
လာတာထင်ပါရဲ့...။အင်း...ကိုယ်လည်း အသက်ရလာသလောက် တည်ငြိမ်ရင့်ကျက်ဖို့ အများကြီးလိုသေးတယ်
လင်းရေ....။ကဲပါလေ...ကိုယ်ပြန်ရောက်မှ စကားတွေ အများကြီးပြောကြတာပေါ့၊လင်းတို့မိသားစုအာလုံး
ကျမ်းမာလျက်ရှိကြောင်းသိရလို့ ဝမ်းသာရပါရဲ့....။

ခင်တဲ့.......

3 comments:

သူကြီးမင်း (တုံးဖလား) said...

မောင်လေး..
ဘာတွေ စိတ်ဓါတ်ကျနေလဲဗျ။ ပြန် မ တင်လိုက်လေ။
ဘုရား..ဘုရား... အမ်အာတီ သံလမ်းတွေကိုတောင် စဉ်းစားနေရောလား.. စိတ်ထိန်း စိတ်ထိန်း... အဲဒီလို ကြံစည်ရင် ဂျပန်ငါးရာနှင့် ငါးခါ ဆိုလားဘဲ။ ဟား ဟား။ စတာ။

ဒါနဲ့ ရှေ့စိတ် နောက်စိတ် အမှတ်ကလေးတွေ ဆက်နေပြီလားဗျ။ စိတ်ဓါတ်ကျနေသူအဖို့ ဘုရားပေးတဲ့ တရားဆေးက အကောင်းဆုံးပါဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဖိုးကြယ် said...

အဲအဲ...ကျမနေနဲ့ပြန်တင်လေ...ဒီလိုပါပဲ တက်လိုက်ကျလိုက်နဲ့က...ဟူးး ပြောရရင် အရှည်ကြီးမို့ ပြောတော့ဘူး :)

ခင်တဲ့(ဖိုးကြယ်)

မေဓာဝီ said...

လင်း ကို တ- နေသလား ကိုမောင်လေး
တော်ကြာ လင်းတ ဖြစ်သွားအုံးမယ်နော်။
ဟဲ .. နောက်တာပါ။ စိတ်ညစ်နေတယ်ထင်လို့ ပျော်အောင် နောက်တာ။
စိတ်ဓာတ်ကတော့ ဒီလိုပါပဲ ကျမလဲ တက်လိုက် ကျလိုက်။ အဆင်ပြေသွားချိန်ကျတော့ ခုလိုခံစားခဲ့တာ ပြန်တွေးကြည့်ရင် ဘာမှမဟုတ်တော့သလိုပဲ။
အပေါ်မှာ သူဂျီးကိုကိုမောင်ပြောသလိုပဲ ကျမကတော့ စိတ်ဓာတ်ကျရင် တရားနာတယ်။ တပုဒ်လောက် အာရုံစိုက် နာပြီးရင် တော်တော်လေး စိတ်သက်သာသွားတာပဲ။
အဆင်ပြေပါစေ ...