Sunday, June 5, 2011

နည်းနည်းလေးတော့ လွဲပါတယ်...(၁)

ကျွန်တော်ညိမ်းနိုင်ကား နုံ၏၊ရိုး၏။ရိုးရုံမက အ သည့်ဘက်ပါ ပါသွားလေ၏။ထို့ပြင်တစ်ဝ နဲနဲလည်း မအူမလည်
နိုင်လေသောဟူလို....။ဒါတောင် ရန်ကုန်မြို့တော်ကြီးနှင့် မိုင် သုံးဆယ်အကွာမှာနေပေလို့...၊မိုင် သုံးရာအကွာ
လောက်မှာနေလျှင်ဖြင့် ဒီတစ်သက် သုံးစားလို့ရတော့မည်မထင်...:)။ဘွဲ့ကလေး၊ထမင်းစားလက်မှတ်ကလေး ရ
သည်နှင့်အစိုးရအလုပ်မှာ၊ကိုယ်ပိုင်ဆိုင်ကလေးတွေမှာပဲအချိန်တွေကုန်ခဲ့တော့ခေတ်မှီလောကဓာတ်ပညာတွေ
နှင့်ဝေးကွာသွားတာကလည်း အလွဲများ၏အခြေခံအကြောင်းရင်းဖြစ်ပေတော့သည်တစ်မုံ့....။

အမှန်က ဒီလို အလွဲများအကြောင်းကို ဘယ်သူ့ကိုမှမပြောဟု စိတ်ဆုံးဖြတ်ထားခဲ့သည်။(ကိုယ့်ဘာသာ ရှက်လို့)
သို့ပေမယ့် မပြောရမနေနိုင် စိတ်ထဲကလိကလိမို့ ဘလော့ထဲချရေးပလိုက်သည်....၊မှတ်ကရော...:)))


ကျွန်တော် ရှစ်တန်းရောက်တော့ အဖေက ကျူရှင်တက်၊ကျောင်းတက်လွယ်ကူစေဖို့ စက်ဘီးလေးတစ်စင်းဝယ်
ပေးခဲ့၏။ထိုင်းနိုင်ငံလုပ်မိကျောင်းဘီးကလေးပါ....။ဟိုတုန်းက စက်ဘီးတစ်စီးရှိရင် အတော့်ကို အလုပ်ဖြစ်တာ
ကလား...၊တန်ဖိုးကလည်း မနဲချေ...၊ခုတော့ဖြင့် စက်ဘီးဆိုတာ ကလေးမုန့်ဖိုးပေးသလောက်ပဲ တန်ကြေးရှိ
တော့မည်ထင်၏။ဆိုတော့ အနှီးစက်ဘီးကလေးကို အင်မတန်မှတန်ဖိုးထားပေတော့သည်တစ်မုံ....။

တစ်နေ့တွင် ကျွန်တော်၏ချစ်စွာသော သူငယ်ချင်းတစ်ဦးသည် သူ၏လွန်စွာမှအရေးတကြီးနိုင်လှသော ကိစ္စ
တစ်ခုအား တိုင်ပင်လိုသည်ဆိုသဖြင့် သူခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက်သွားလေတော့သည်....။
သူခေါ်ရာနေရာကား ဖွင့်တာသိပ်မကြာသေးသည့် လက်ဘက်ရည်ဆိုင်တစ်ဆိုင်ဖြစ်လေ၏စကားမစပ်ဖြတ်ပြော
ရသော် ကျွန်တော်ရှစ်တန်းနှစ်လောက်တွင်မှ မြန်မာပြည်ကြီး၌ လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှုစတင်ထွန်းကား
လာခြင်းဖြစ်သည်။ရှစ်တန်းကျောင်းသားလေးတွေ လက်ဘက်ရည်ဆိုင်ထိုင်သည်ဆိုသည်မှာ ထိုစဉ်က အင်မ
တန်မှ ဂေါ်လီကျခြင်းဖြစ်ပေ၏။ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်ကား ကျောင်းစာတွင် သူများနောက်ဖြစ်
ကောင်းဖြစ်မည်...၊အနှီးလိုကိစ္စများတွင်ကား အင်မတန်မှ ပိုင်အိုနီးယားများဖြစ်ကုန်ကြသောဟူလို.....:)

အဲ..ရှေ့စကားကိုဆက်အံ...၊သူငယ်ချင်း၏အရေးကြီးကိစ္စကား သူ၏နှလုံးသားကိစ္စပင်....။(ပြောပါပကော....
ဒါမျိုးဆို အကျွန်ုပ်တို့တစ်သိုက်မှာ အင်မတန်သွက်လေ၏...)သို့ကလိုကြောင့် အေးအေးဆေးဆေး ရင်ဖွင့်နိုင်ရန်
အလို့ငှာ ဆိုင်၏ဟိုးအတွင်းဘက်ထောင့်တွင်ထိုင်ကြလေသည်....။လက်ဘက်ရည်တစ်ယောက်တစ်ခွက်မှာပြီး
သကာလ...သယ်ရင်းဖြစ်သူသည် သူ့ကိစ္စအားတိုင်ပင်ပါလေတော့သည်....။အကြောင်းကား သူကြွေနေသော
ကောင်မလေးအား ရည်းစားစာပေးရန်အလို့ငှာ မဟာဗျူဟာများ ဆွေးနွေးတိုင်ပင်ခြင်းပင်တည်း....:D

သူကား သူကြံစည်ထားသည်များကို ပြော၏...၊သို့ပါသော်ငြား....နားထဲ မဝင်သည်တစ်ခါ ဝင်သည်တစ်လှည့်....။
အဘယ်ကြောင့်နည်း.....၊ကျွန်တော်၏ စိတ်နှင့် မျက်လုံးအစုံက ဆိုင်ရှေ့ရပ်ထားသော စက်ဘီးကလေးဆီ၌သာ
ရောက်နေသောကြောင့်ပင်တည်း.....။ထိုသို့ သူ့ဘက်လှည့် နားထောင်လိုက်၊ဆိုင်ရှေ့ လှည့်ကြည့်လိုက် ဖြစ်
နေစဉ်အခိုက်...၊စွပ်ကျယ်လက်ပြက်နှင့်လူတစ်ယောက် ကျွန်တော့်စက်ဘီးလေးအား သော့ခတ်ထားသော
နောက်ဘီးအားမ၍တွန်းရွေ့ယူနေသည်ကို မြင်လိုက်ရလေတော့သည်။

ရင်ထဲထိတ်ကနဲ ဖြစ်သွားခြင်းနှင့်အတူ....လေ၏လျှင်မြန်ခြင်းမျိုးဖြင့် ထိုလူ့ထံပြေးထွက်သွားပြီးနောက်.....

“ ဟေ့လူ...ဒါဘာလုပ်တာတုန်း....” ဟေ့လူတွေဘာတွေသာပြောရ...သူက ကျွန်တော့်ထက် ၂ဆလောက်ကြီး
တာ...။သို့ပေမယ့် ဟန်ကိုယ့်ဖို့ပဲလေ...၊ထိုလူလည်းကြောင်တောင်တောင်ဖြစ်သွားပြီး.....

“ ဟင်...စက်ဘီးရွေ့တာလေ...”

“ဘာကိစ္စရွေ့ရသတုန်း....ဒါကျုပ်ဘီးဗျ.....ဟွင်းးးး”

“ ဆိုင်ရှေ့ရေဖြန်းမလို့ စက်ဘီးတွေ ဘေးကပ်ရွေ့တာပါ......”

“အွန်.......အ....အ.....အကိုက.....”

“အေး...ငါက ဒီဆိုင်က စားပွဲထိုးပဲ...မင်းကဘာထင်လို့တုန်း.....”

“ အော်.....မသိလို့ပါဗျာ....ဆောတီးနော်...ဟီး.....”

သွားပါလေရော...ပိတ်သက်ကြီးရေ...။ကျွန်တော်ဖြင့်...အားလည်းနာ....၊ရှက်လည်းရှက်.....၊ဘာပြောလို့ပြောရ
မှန်းကိုမသိတော့တာ...။တော်သေးတာက ထိုလူက ဘာမှဆက်မပြောတော့ပဲ သူ့အလုပ်သူဆက်လုပ်နေလို့...။
ဒါနဲ့ယောင်တောင်ပေါင်တောင်နဲ့ လိုက်ထွက်လာတဲ့သူငယ်ချင်းကို ငွေရှင်းခိုင်းပြီး သုတ်ခြေတင်လာရပါရောလား
နောင် လပေါင်းများစွာ အဲ့ဆိုင်ဘက်ကို ခြေဦးတောင်မလှည့်ဖြစ်တော့....၊ရှက်လည်းရှက်..၊အားလည်းနာ....:)။
ဘယ်နှယ်....ဆိုင်ရှေ့တံမြက်စည်းလှည်းဖို့၊ရေဖြန်းဖို့ရာ စက်ဘီးတွေ ဘေးဘက်ရွေ့တာကို ဥစ္စာသွားခြောက်ရ
တယ်လို့...၊တကယ်ဆို ဆိုင်ရှေ့ဘက်မှာထိုင်နေသူတွေ အများကြီးရယ်...၊ဘယ်သူက လာယူမှာတဲ့တုန်း....။
သို့ပေမယ့် အဲ့တုန်းက စက်ဘီးအသစ်လေးကို စိတ်ပူနေတာကတစ်ကြောင်း....၊ငယ်သေးတဲ့အရွယ်ဆိုတော့
ဘာမှသေချာမစဉ်းစားနိုင်တာလည်းပါတာပေါ့လေ...။


နောက်တစ်ခါအလွဲကတော့ ရည်းစားစာအလွဲ....။
ကိုးတန်းနှစ်မှာပေါ့.....။သူငယ်ချင်းတွေ ကိုယ်ဆီကိုယ်ငှ အိစီကလီစီလေးတွေ ရကုန်တော့ ညိမ်းနိုင်လည်း ဘာသားနဲ့ထုထားလို့တုန်း....၊ရင်ထဲ ရွပိုးထိုးပြီပေါ့....။ဆိုတော့ ကောင်မလေးတစ်ယောက်ကို ကြံပါလေရော....။
ရှစ်တန်းက ချောတောမောတောလေး....:)။ဟိုတုန်းကတော့ ချစ်လှ၊ကြိုက်လှထင်မိတာပါပဲ...။အမှန်ကငယ်သူမို့ စိတ်ကစားခြင်းရယ်ပါ....။ဒီတော့ ဘာလုပ်မလဲ.....၊ကောင်မလေးအခန်းရှေ့သွား...၊လျှောက်ပြန်သံပေး၊ခြေအေး
ဝမ်းယောင်လုပ်ရပေတာပေါ့...၊မျက်လုံးချင်း စကားပြောလို့အတော်လေးဟုတ်လာပြီဆိုတော့ စာပေးဖို့လုပ်ရ
ရော....။ဆိုတော့ တစ်ညမယ်...စာကျက်ချင်ယောင်ဆောင်ပြီးသကာလ....ရည်းစားစာတစ်စောင်ကို ကြိုးစား
အားထုတ်....တကုတ်ကုတ်နဲ့ ရေးတော့တာပဲဗျိုး...။ရေးတာတောင် ပန်းနုရောင် စာရေးစက္ကူလေးတွေဝယ်ပြီး
ရေးတာရယ်...။ရေးလိုက်....မကြိုက်....လွင့်ပစ်လိုက်....၊နောက်တစောင်ထပ်ရေး....မကြိုက်....ဖြဲပစ်....။အင်း...
ဒီအတိုင်းဆို စာရွက်လောက်မည်မထင်တော့...၊ဒီတော့ တစ်ရွက်ထဲမှာပဲ ရေးလိုက်..၊မကြိုက် ခြစ်ပစ်လိုက်...၊
အပေါ်က ထပ်ရေး...၊နောက်မှအချောပြန်ကူးမယ်ပေါ့လေ...။

သန်းခေါင်သန်းလွဲထိ ကြိုးစားပြီးတဲ့နောက် စိတ်ကြိုက် စာတစ်စောင်ရရော....။ဒါနဲ့ အချောပြန်ကူးရေးပေါ့.....။
ရေးပြီးသားအချောလေးရော၊အကြမ်းစာရွက်လေးကိုပါ သင်္ချာ(၁)ပုံနှိပ်စာအုပ်ကြီးထဲထည့်ညှပ်ပြီး အိပ်ပစ်လိုက်
တယ်...။အိပ်မက်ထဲမှာတော့ ကောင်မလေးနဲ့ ကြည်လို့...နူးလို့.....:)

မနက်ကျတော့ အိပ်ရာထနောက်ကျပြီ...။ကပျာကယာထ....၊ကျူရှင်ကပြေးရသေး....။ပြန်ရောက်တာနဲ့ ထမင်း
ကိုကမန်းကတမ်းစား...၊ရည်းစားစာလေးကို ပန်းရောင်စာအိပ်လေးထဲထည့်....၊သူလေးကျောင်းသွားမယ့် လမ်းထိပ်က သွားစောင့်နေသပေါ့လေ...။လာပါပြီ....ဆင်မယဉ်သာခြေလှမ်းနဲ့ ချစ်သော သူမလေး...။
သူကလည်းကျွန်တော့်ကိုလှမ်းမြင်လိုက်တာနဲ့ သိသည်ပေါ့...ဘယ်ခြေလှမ်း လှမ်းနေသလဲဆိုတာ..၊အနားရောက်
ရှက်ပြုးနဲ့ ခေါင်းလေးငုံလို့.....။ဒါနဲ့ သူ့ဘေးအသာကပ်...စာလေးပေး....၊ဟင့်အင်း ချက်ချင်းတော့ ဘယ်ယူလိမ့်
မလဲ....မူသည်ပေါ့....၊ဆိုတော့ သူ့လွယ်အိပ်လေးထဲ အသာလေးထည့်ပေးလိုက်တော့ ဘာမှမပြောရှာ.....:)။

ဟား........ပျော်လိုက်တာဗျာ....၊ရင်တွေလည်းတထိပ်ထိပ်နဲ့....၊ဟိုတုန်းကတော့ တကယ်ကို ရို့မန့်သပေါ့...။
ခုချိန်မယ်ပြန်တွေးတော့ ရီ၊ပြုံးစရာ.......:)။ညရောက်တော့ ပိုလို့တောင်အိပ်မပျော်တော့...။စာထဲမယ်နက်ဖြန်
အဖြေတောင်းမယ်ထည့်ရေးထားတာကိုး....၊ဟင်...မြန်ထှာလို့ မပြောကြေး....၊ကျွန်တော်က ခုဆိုခုပဲ...ရဘူးဗျ..:)
နောက်နေ့မနက်စောစောလမ်းထိပ်ကသွားစောင့်နေသပေါ့.....။ဟော....လာပါပြီ...၊မနေ့ထက်တောင်ပိုလှနေ
သလိုလို....၊မျက်လုံးလေးတွေမှာ ကြည်နူးရိပ်လေးတွေ စိုလက်လို့....၊ရွေ့...နိပ်ဟ....ညိမ်းနိုင်တို့ ရည်းစားရရချည်
သေးရဲ့....။ဒါနဲ့အနားအသာကပ်.....အဖြေတောင်းပါတယ်....၊သူကလေးက ရီပြုံးချင်စိတ်ကို မနဲချိုးနှိမ်ထားရဟန်
နဲ့ နှုတ်ခမ်းကို အပေါ်သွားလေးနဲ့ကိုက်လို့...၊ရှက်ပြုံးထင်ရဲ့...၊သူ့လွယ်အိပ်ထဲက စာအိပ်လေးတစ်အိပ်ထုတ်ပြီး
ကျွန်တော့်ကိုပေးပါတယ်....။ဟင်...ဒါကျွန်တော့် စာပဲ....။

“ရော့...ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်ဦး....” ပြုံးမျက်လုံးနဲ့ သူ...ဒါပဲပြောပါတယ်....။

အွန်.....ဘာဖြစ်လို့ပါလိမ့်....။လမ်းပေါ်တင် သိချင်စိတ်နဲ့ ကျွန်တော့်စာလေး ပြန်ဖွင့်ကြည့်တော့.......
ကျွန်တော်ကိုယ်တိုင်တစ်ညလုံးရေးတဲ့ ရည်းစားစာမှ ရည်းစားစာအစစ်....၊သို့ပေမယ့်....အချောပြန်ကူးထားတဲ့
စာတော့မဟုတ်...၊ခြစ်ရာဗရပွ....၊ပြင်ရာဗလပွေနဲ့ ကြောင်ခြစ်သလိုရေးထားတဲ့ ကိုယ် ကိုယ်တိုင်ပဲဖတ်လို့ရပြီး
တခြားသူတွေ ဖတ်မရအောင်ရှုပ်ပွနေတဲ့ အကြမ်းစာဖြစ်နေပါရောလား.....။သင်္ချာပုံနှိပ်စာအုပ်ထဲအချောစာရွက်
နှင့်အကြမ်းစာရွက် အတူတူရောညှပ်ထားမိရာမှ သေချာဖွင့်မကြည့်မိပဲ အကြမ်းစာရွက်ကိုမှစာအိပ်ထဲထည့်ပေး
မိလျက်သားဖြစ်သွားပါသကော....။

တေပါဘီ......ဗျာ.....။ဒီလိုရည်းစားစာမျိုးကို ဘယ်လိုကောင်မလေးက ခုန်သောနှလုံး၊ပြုံးသောမျက်နှာနဲ့ဖတ်လို့
ရမှာတဲ့လဲ....။ဤသို့ဖြင့် ကျွန်တော်၏ ရွပိုးလည်း ပထမဆုံးတိုက်ပွဲမှာတင် အတုံးအရုံး ကျဆုံးငြိမ်သက်သွားပါ
တော့သည်...။ကောင်မလေးအခန်းဘက် ခြေဦးဖြင့်မလှည့်တော့.....။လမ်းမှာတွေ့သော် ရီချင်ပြုံးချင်စိတ်ဖြင့်
ရွင်မြူးနေတတ်သည့် သူ့ဟန်ပန်ကိုတွေ့မြင်ရတိုင်း ရှက်စိတ်တို့က ငယ်ထိပ်ရောက်လာတော့ချေသည်တစ်မုံ...။

(နောင်သော် ကောင်မလေးသူငယ်ချင်းကပြောသည်မှာ အဲ့သည်ချိန်ကကျွန်တော်သာဆက်ကျိုးစားသော်ရနိုင်
သည်တဲ့....၊ကောင်မလေးကကျွန်တော့်စာကို ဖတ်ပြီး သူ့ခမျာ တစ်ညလုံးရေးထားရှာသားဟုပြောသည်ဆိုပဲ၊
သို့သော်....အဲ...သိုသော်လည်းပေါ့လေ.....:))


နောက်အလွဲကို ဆက်အံ....:)

အသက်၂၀ကျော်အရွယ်မယ်....ကျွန်တော် အစိုးရအလုပ်ဝင်လုပ်နေပြီ...၊တဘက်ကလည်း စာရေးကိရိယာ၊
စာအုပ်အငှားနှင့်အရောင်းဆိုင်လေးဖွင့်ထားဖြစ်ခဲ့သည်...။အစိုးရအလုပ်က မိမိဂျူတီရက်ပဲသွားရသည်ဆိုတော့
အားရက်တွေရှိတော့ အဆင်ပြေသည်ပေါ့....၊ဂျူတီရက်တွင် ၂၄နာရီဝင်ရသည့်အတွက် နောက်နေ့မှာအိပ်ရေး
ပျက်သည်တော့ရှိသပေါ့လေ...။

တစ်နေ့တွင်တော့ ဂျူတီအထွက်တွင် ကျွန်တော် လိုအပ်သောစာအုပ်များ ရန်ကုန်တက်ဝယ်ခဲ့သည်....။ရန်ကုန်
မြို့လယ် ၃၁၊၃၂၊၃၃ လမ်း၊ပန်းဆိုးတန်းတစ်ခွင် တစ်ဆိုင်ဝင်၊တစ်ဆိုင်ထွက်ပေါ့လေ....။နေ့လည်ခင်းလောက်
မှာ မြို့လယ်မှ စော်ဘွားကြီးကုန်း၊စော်ဘွားကြီးကုန်းမှတစ်ဆင့် ဟိုင်းလပ်လိုင်းကားစီးပြီးပြန်လာခဲ့သည်....။
ထိုအချိန်ကနွေနေ့လည်ခင်းကြီး...၊ပူလိုက်တာဗျာ....မပြောပါနဲ့တော့....၊ပူကလည်းပူ၊အိပ်ကလည်းအိပ်ချင်၊
ပင်ကလည်းပင်ပန်းဆိုတော့ ဟိုင်းလပ်လိုင်းကားကို ခေါင်းခန်းကယူပြီး ပြန်လာခဲ့တော့သည်....လမ်းတွင်တစ်ရေး
အိပ်မည်အကြံနှင့်ပေါ့လေ....။

ခေါင်းခန်းတွင် ကောင်မလေးတစ်ယောက်လည်းပါသေး၏။ကျွန်တော်က အလယ်မှာထိုင်သည်...။ခေါင်းခန်းတွင်
ထိုင်ရသည်မှာ နောက်ဘက်မှာထက် ချောင်ချိသည်ဆိုသော်လည်း မသက်သာလှ...၊တဘက်က ကိုယ်မသိသည့်
ကောင်မလေးဖြစ်နေသည်မို့ ပို၍လည်းစိတ်ကျဉ်းကျပ်ရချေသည်...။ကားကလည်းစုတ်ချာလှသည်...။အမိုးက
လည်းပေါက်ပြဲလို့ ၊မျက်နှာကျက်လည်းမရှိတော့...၊တာလပတ်စနှင့် ကပ်ထားရသည်...။ကားတံခါးချက်ကလည်း
အော်ရဂျင်နယ်မဟုတ်...၊အိမ်ပြူတင်းပေါက်ချက်ကို ပြန်တပ်ထားတာရယ်....။(ထိုစဉ်က ဟိုင်းလပ်လိုင်းကားများ
စီးဖူးသူတိုင်း တွေ့ကြုံဖူးပါလိမ့်မည်....။)

ဆိုတော့ ပူကလည်းပူ....၊တံခါးကလည်း တဂျုံးဂျုံးနဲ့ပေါ့....။သို့ပေမယ့် အိပ်ရေးပျက်ထားသည့်၊ပင်ပန်းနေသည့်
ကျွန်တော်ကတော့ ကားထွက်ပြီးသိပ်မကြာမှေးကနဲ အိပ်ပျော်သွားတော့သည်....။မှေးကနဲအိပ်ပျော်မည်ကြံကာ
ရှိသေး....နားထဲတွင် ဂွိ ကနဲ အသံတစ်သံ ကျယ်လောင်စွာကြားလိုက်ရသည်.....။

“ ဟိုက်....တိုက်ပဟ......” ရုတ်တရက် မို့ ကျွန်တော့်နှုတ်မှ ယောင်ထွက်သွားမိလေသည်...။တကယ်လည်း
စိတ်ထဲတွင် ခွေးသော်လည်းကောင်း၊တစ်ခုခုကို လည်းကောင်းကားက ဝင်တိုက်မိသည်ထင်လိုက်တာကိုး....။

“ဟင်...ဘာတုန်း....ဘာတုန်း....” ကားသမားလည်း ဘရိတ်ကိုမှေးလိုက်ရင် ကျွန်တော့် လှည့်မေးလေသည်...။
သူလည်းဇဝေဇဝေါ.....။ဒီတော့မှ အိပ်တစ်ဝက်စိတ်ကို မနဲပြန်ပြီးမန်မိုရီခေါ်ယူရသည်....။
လား....လား....တခြားဟုတ်ရိုးလား....၊ကားသမားလက်ချက်ပင်.....၊တစ်ခြားမဟုတ်.....၊ပျင်းရိငြီးငွေ့ဖွယ်ကောင်း
သည့် နွေနေ့လည်ကို သူက ကားကက်ဆက်ဖွင့်ခြင်းဖြင့် ဖြေဖျော်လိုက်ခြင်းပင်တည်း....။သူ့ကားကက်ဆက်က
ဟိုတစ်ချိန်က တိတ်သားခွေထည့်ဖွင့်ရသည့်စက်...၊ဖွင့်သည့်အခွေက ခုနှစ်ဆွေး၊ရှစ်ဆွေးကအခွေ...၊ပြီးဖွင့်လက်
စခွေဖြစ်ပါလိမ့်မည်...သီချင်းသံက တစ်ဝက်တစ်ပျက်ထွက်လာခြင်းပင်...၊ဒီကြားထဲ အသံကို ဂိတ်ဆုံးတင်ထား
လိုက်သေး...၊ဆိုတော့ စစခြင်းတွင် နားထဲ ဂွိ ကနဲကြားလိုက်ရခြင်းပင်တည်း....။

“အာ.....ခင်ဗျား ကက်ဆက်ဖွင့်တာလား....သိပါဘူးဗျာ.....ကျွန်တော့်နာထဲ ဂွိကနဲ ကိန်ကနဲကြားလိုက်တော့
ခွေးများဝင်တိုက်မိသလားလို့....ဟီးဟီး....”

ကားသမားကား သူ့ကက်ဆက်သံကို အဲ့လိုထောပနာပြုတော့ နှုတ်ခမ်းစူ၏။ဘေးမှကောင်မလေးက သူ့ပါးစပ်ကို
လက်ဖြင့်ပိတ်ကာ တခွိခွိနှင့်....။ကျွန်တော်လည်း ဘေးမှာကောင်မလေးပါတော့ နဲနဲတော့ရှက်သွားသည်ပေါ့...။
ကတောက်...ငါ့နှယ်....ဖြစ်လိုက်မှဖြင့် ဟူ၍သာရေရွတ်လိုက်နိုင်တော့ချေသည်တစ်မုံ.....။
(သူငယ်ချင်းတွေကိုပြောပြတော့ မင့်မလဲပက်ကျိကြနေတာပဲ အရာရာနဲ့အကြောင်းကြောင်း...၊ဒီအကြောင်းကို
စာရေးပြီး သောကြာတို့၊ရယ်စရာတို့လို မဂ္ဂဇင်းတွေကိုပို့ပါလားဟုအကြံပေးကြလေသောဟူလို...။)

ကဲ...နောင်တော့ ကျန်အလွဲများ၊စလုံးအလွဲများ၊ယိုးဒယားအလွဲများဆက်ပါဦးမည်....၊ခုတော့ စာလည်းရှည်ပြီ၊
မိုးလည်းတိတ်ပြီမို့ ထူးအိမ်သင်ရဲ့ တစ်နေ့စာအလွဲများသီချင်းလေးညီးရင်း အပြင်ထွက်၍လမ်းသလားလိုက်ပါ
ဦးမည်။ဤတွင်တစ်ခန်းရပ်စို့ ရဲဘော်တို့......:)))

23 comments:

Anonymous said...

နဲနဲစီလေး လွဲခဲ့တာလေးတွေကို ဖတ်ရင်း သဘောကျသဗျား။ ဆက်ပြီး လွဲတာလေးတွေ မျှပါအုံးလို့ မျက်နှာပူပူနဲ့ပဲ တောင်းဆိုပါရစေ..
N/A

Nge Naing said...

စိတ်ရှုပ်နေတဲ့အချိန်မှာ ဖတ်လိုက်ရတာ ဖတ်ရကျိုးနပ်သွားတယ်။ ရီလိုက်ရတာ ပထမအလွှဲက အရီရဆုံးပဲ။ ရှစ်တန်းကျောင်းသားအရွယ်က ဥစ္စာချောက်တာကလည်း နှစ်နှစ်သုံးနှစ် ကလေးကျနေတာပဲ။ အိမ်ကသားသား နှစ်နှစ် သုံးနှစ်အရွယ်တုန်းက တခြားကလေးတွေ အိမ်လာလည်ရင် သူကစားစရာ ကိုင်ကြည့်တိုင်း ပြန်ရင် အိမ်ယူသွားမှာစိုးလို့ မျက်လုံးထောင့်ထောက်နဲ့ အလစ်မပေးဘဲ ကြည့်နေတတ်တာကို သွားသတိရတယ်။

နေ၀ဿန် said...

ဖတ်ရင်းနဲ့ ရယ်လိုက်ရတာ..... တိုက်ပဟ ကို မျက်လုံးထဲကို မြင်လို့... :D

ခင်မင်လျက်
နေ၀ဿန်

လရိပ်အိမ် said...

ဖြစ်တတ်ပါတယ်။ ကိုယ်တွေတောင်မှ ခုထက်ထိဥစ္စာခြောက်တတ်တုန်း။ အလွဲများနဲ့ကိုညိမ်းနိုင်ပေါ့လေ။

Anonymous said...

စက်ဘီး သူခိုး ဆိုပြီး မထိုးလိုက်မိလို့ တော်သေးတာပေါ့ မောင်လေးရေ လွဲတတ်ပလေတယ်

ရွှေစင်ဦး

အမှတ်တရ နေ့စွဲများ... said...

နဲနဲလေးလည်းလွဲနေမယ် လွဲလွဲလေးလည်းကောင်းပါတယ်....

jasmine(တောင်ကြီး) said...

နဲနဲလေးတော့လွဲပါသည်ကို
jasmine ဘ၀မှာ မလွဲရအောင်ဖတ်သွားပါတယ်

မောင်မျှစ် said...

ဒီမှာ ဦးညိမ်းနိုင် ခင်ညားကြီးဒီကိုလာရင် မလွဲအောင်နေပါ...ဒါဗြဲ....

စက်ဘီးတောင် ဒီလောက်ခိုးမှာကြောက်ရင် ဒင်းမိန်းမရလို့ကတော့ ဘယ်ယောင်္ကျားမှ အနားကပ်ခံမှာမဟုတ်ဘူး...... ဟီ

ပုံ
/
အနောနိမတ်
စနေမောင်မျှစ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းတယ်.. ဖတ်ရင်းနဲ့ အသံထွက်အောင် ရယ်လိုက်မိသေး..

ချစ်ကြည်အေး said...

အရေးကြီးတာက....ခုရော ဘယ့်နှယ်တုန်း လွဲသေးသလား...။

ခုမှ ၁ ဆိုတော့ ၂တွေ ၃တွေနဲ့ လွဲဦးမဲ့ပုံပါလေ...ခွိ :)

Nyi Linn Thit said...

ကိုညိမ်းနိုင်ရဲ့ အလွဲလေးတွေက အခုပြန်ကြည့်တော့ ရယ်စရာကောင်း တယ်ဗျ၊ ဖြစ်နေတုန်းမှာတော့ အတော့်ကို ထူပူနေမှာပဲ၊ ရည်းစားစာ မှားပေးတာကို ကြိုက်တယ်ဗျ၊ အခုခေတ်မှာသာဆို ဒါမော်ဒန်ပဲ ဆိုပြီး ခပ်တည်တည်နဲ့ ဆက်လို့ရတယ်၊ Behind the scene ကို မြင်စေချင်လို့..၊ ဘာညာပေါ့လေ..။း)

မိုးခါး said...

ဟားဟား
လူစုံမှ ဖွင့်ချတယ်ဆိုပါတော့ .. :D

ညိမ်းနိုင် said...

ကိုအန်အေ>>>ရေးမှာဗျိုး....မပူနဲ့....။မျက်နှာပူရမယ့်သူ
ကကျွန်တော်ဗျ....:)

အစ်မငယ်နိုင်>>>စိတ်ရှုပ်နေချိန်မှာ ရီစရာလေးဖတ်လိုက်
ရလို့ စိတ်တွေနဲနဲဖြစ်ဖြစ် ပေါ့သွားတယ်ဆိုရင်ကို ကျွန်တော်
လွဲခဲ့ရကျိုးနပ်တယ်ခင်ဗျ....:)

နေဝဿန်>>>ဟိုတုန်းကတော့ မရီနိုင်ဘူးဗျိုး...ခုမှသာ
ပြန်တွေးမိတိုင်း ပြုံးမိတာ....။

လရိပ်အိမ်>>>ဟုတ်တယ်ဗျိုး...ခုထိလွဲလို့ကောင်းတုန်း..။

အစ်မရွေစင်>>>အောင်မလေး....ထိုးရင်ကျွန်တော်ပဲ
ခံရမှာ....အဲ့တုန်းက ကျွန်တော်က ကလေးသာသာ
လူဖလံလေး...၊အဲ့အကိုကြီးက ၂၀ကျော်အရွယ် ဗလ
ကောင်းကောင်းနဲ့....:)

ညိမ်းနိုင် said...

ကိုရဲ>>>ခုချိန်မှသာ လွဲလွဲလေးကကောင်းတယ်လုပ်နိုင်
တာ...၊ဟိုတုန်းကတော့ မကောင်းနိုင်ဘူးဗျိုးးးး:)။

jasmine(တောင်ကြီး)>>>မလွဲအောင်လာအားပေးတာ
ကျေးဇူးတင်ပါတယ်ခင်ဗျ...။

စနေမောင်မျှစ်>>>အဲ့လာရင်လွဲမှာကြောက်လို့ ခုထဲက
သေချာအောင်လုပ်နေရတယ်လေ....:)...။အေးပါ...ငါကမိန်းမ ရ,မရက ထားပါ...၊နင်သာ တစ် မ ထဲ မ နေတာလေ..၊ခုကတည်းက အဲ့လောက် မ နေရင်
ရပြီးလို့ကတော့ ငါတို့တွေကို အိမ်လည်တောင် အလာခံ
မယ်ပုံမပေါ်....:)

အစ်မချော>>>ဖတ်လို့ကောင်းတယ်ဆိုလို့ ရေးရကျိုး
နပ်ထှာဗျာ...၊ခုလိုအားပေးတာ ကျေးဇူးဗျိုးးးးးးး။

ညိမ်းနိုင် said...

အစ်မချစ်>>>မှန်းတာမှန်ပါ့...။ခုထိလွဲလို့ကောင်းတုန်းဗျိုးး

ကိုညီလင်းသစ်>>>ဟုတ်တယ်အကိုရေ...အဲ့တုန်းက ထူရုံ
မက...၊မျက်နှာဘယ်ထားရမှန်းကိုမသိတာ...၊အဲ့တုန်းက
ဆက်ကျိုးစားရင် ခုနေ မိန်းမတောင်ရပြီးဖြစ်မှာ...၊အဲ...
ခက်တာက ရှက်ပြီးဘာမှဆက်မလုပ်ရဲတော့လို့လေ...:)))

မမိုးခါး>>>အဟီး...ဟုတ်ပါ့...ခုမှပေါ့သွားတာ....:)))

မိုးယံ said...

ဟွင်းဟွင်း...ဟွင်း....

ကိုယ့်ဘာသာ အဖြစ်မရှိတာကိုများ ကောင်မလေးက နောက်တစ်ခါ စာပေးရင် အဆင်ပြေမယောင် ဖြီးတယ်ပေါ့လေ..

ငှင်း ငှင်း ငှင်း...ဒါကြောင့် အခုထိ အထီးကျန်ကြီး ဖြစ်နေသေးတာကိုး။

ဖိုးကြယ် said...

နည်းနည်းလေးပဲလွဲပါတယ်...များများလေးတော့ လွဲပါကွယ်...စိတ်ကျေနပ်ရင် ပြီးပြီကောင်းတာပဲ....ထပ်ရေးပါဦး နောက်တစ်နေ့စာ အလွဲများနဲ့.... :P

ခင်တဲ့(ဖိုးကြယ်)

...အလင်းစက်များ said...

ညံ့လိုက်ထှာလွန်ရော.... ငါသာ နင့်သူငယ်ချင်း ဖြစ်နေလို့ ကတော့ နားရင်း ၂ ချက်လောက် ပိတ်တီးပြီး စာပြန်လိုက်ပေးခိုင်းတယ်။

ကောင်မလေးက သနားချစ်နဲ့  ချစ်သွားလို့  နင့်ကို လမ်းမှာ တွေ့ တိုင်း ပြုံးပြတာကို နင်က ကြွေးရှင် မြင်သလို ရှောင်မှတော့ ဟိုက အသည်းပေါက်မှာပေါ့ ကွယ်..။

ဘာပဲပြောပြော ရယ်သွားတယ်... ဟဟဟ

မြစ်ကျိုးအင်း said...

လွဲချင်သလိုလွဲ ကောင်မလေးတွေရှေ့မှာ မလွယ်ဖို့ အရေးကြီးတာ...။
စာမှားပေးတာ ညံ့ချက်ဗျာ။ မိုးယံတို့ဆို အဲသလို မှားရင် ချော်လဲရောထိုင် လုပ်နေအုံးမှား)

ညိမ်းနိုင် said...

ကမိုးယံ>>>အချင်းချင်း အဲ့လိုအမှန်တွေ မပြောကြေးလေ
ကွယ်....။

ဖိုးကြယ်လေး>>>ဖြစ်ပြီးမှတော့ စိတ်ကျေနပ်ရတော့တာ
ပဲ ညီရေ...မကျေနပ်လည်း ဘာမှတတ်နိုင်တော့ဘူးလေ..
ဖြစ်ပြီးသွားဘီ...။နောက် ၂တွေ ၃တွေကတော့ လာမယ်
ကြာမယ်ပဲ....:))))

အလင်းစက်>>>အေးဟ...အဲ့တုန်းက နင့်လို အချွန်နဲ့ပင့်
ပေးမယ့်သူငယ်ချင်းမရှိတာ ကံဆိုးတာပဲ.....:)))

ကိုမြစ်>>>ကောင်မလေးရှေ့လည်းလွဲတာပဲရယ်...:)
မိုးယံလား...ဟုတ်ပါ့....ချောလဲရင်ရောထိုင်ရုံမက
တရေးတောင်အိပ်မယ့်လူ....:D

လသာည said...

အော် ဖြစ်ရလေ၊း))))

နည်းနည်းလေး လွဲလွဲ များများလွဲလွဲ လွဲနေတာလေး ကောင်းဖူးလား။ အခုလိုပိုစ်လေးတွေ ဖတ်ရတာပေါ့ :D

မရောက်တာကြာလို့ နာမည်လေး ပြောင်းသွားတာ မသိလိုက်ဖူး။ နာမည်ပြောင်းကင်ပွန်းတပ်က ဘယ်တော့လုပ်မှာလဲး))

ညိမ်းနိုင် said...

ဟုတ်တယ်အစ်မ ကင်ပွန်းတပ်ပို့စ်ရေးပြီးပြီလေ...ပြန်လာ
ဖတ်ပေး..ရဝူး....:))) တစ်ဆစ်ချိုးပြီးကတည်းကပျောက်
သွားတယ်နော်...၊စာတွေပြန်ရေးပါလားအစ်မ...။

မအိမ်သူ said...

လောကမှာ မလွဲဘူးတဲ့လူ ရှိလို့လားကွယ်။ နဲနဲလွဲတာနဲ့ များများလွဲတာဘဲ ကွာမှာပါ။ စိတ်မပျက်ပါနဲ့ တခါတလေလဲ အလွဲကောင်းလေးတွေ ကြုံတတ်ပါသေးတယ်။