Monday, June 13, 2011

ပိုချစ်ရတဲ့သူ ကပေးတဲ့ ခံစားချက်တွေ

ပြီးခဲ့တဲ့လက အတော်အလုပ်များတယ်...။တချို့နေ့တွေမှာ နေ့ရောညပါလုပ်ရတယ်...။တနင်္ဂနွေနေ့တွေလည်း
လုပ်ရတဲ့အခါလုပ်ရတယ်....။အလုပ်များတဲ့ကြားက ဝတ္ထု၂ပုဒ်ဖတ်ဖြစ်ပါတယ်...။တစ်ပုဒ်က အသစ်၊တစ်ပုဒ်က
အဟောင်း....။အသစ်က ဂျူး ရဲ့ ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ......။

ဘသားချောဆီကရပါတယ်....။စဖတ်ကာစက နဲနဲပျင်းသလိုလို....။နောက်တော့လည်း ဂျူးရဲ့ လေ ထဲမျောသွား
တာပါပဲ.....။ပြီး....ရလိုက်တာက အတွေးတွေ တစ်ပုံတစ်ပင်....။နောက်...ခံစားချက်တွေ.........။

ဇာတ်လမ်းအနေနဲ့တော့ ဘာမှမဟုတ်သလိုပါပဲ...(ကျွန်တော့်အထင်....)။မြဝန်းရံ နဲ့ ပြည်မိုးငြိမ်း တို့ ပိုလန်နိုင်ငံ
ပို့ဇ်နန်(Poznan)မြို့လေးမှာ မတော်တဆဆုံတွေ့ခဲံကြပြီး အလောင်းအစားတစ်ခုဖြစ်သွားတယ်....။အောင်မြေ
သာစံဆိုတဲ့ မြို့နယ်လေးမှာ ဆိုးယုတ်မှုကြီးတစ်ခုခုကို ရှာဖို့....။ဒီလိုနဲ့ မြဝန်းရံ တစ်ယောက် ဆိုးယုတ်မှုရှာပုံတော်
ထွက်တယ်....။နောက်ဆုံးတွေ့သွားတယ်....။ဒါပါပဲ...။

အခန်း(၁) ခေတ်တိုင်း၊နေရာတိုင်းမှာ ထိုခေတ်ထိုနေရာ၏ ကိုယ်ပိုင်မကောင်းဆိုဝါး ကိုယ်စီရှိသည်။

စကတည်းကယဉ်သကို....ဆိုသလိုပါပဲ....။ဆယ်နှစ်အရွယ်ကလေးမလေး ရွေမှုန်ဝင်း အား မတရားပြုကျင့်ပြီး
ရက်ရက်စက်စက် ဓါးနှင့်ထိုးသတ်ကာ ရေတွင်းထဲပစ်ချခံလိုက်ခြင်း နှင့် ဇာတ်ကိုအစပြုခဲ့သည်....။အခန်း(၁)တွင်
ဆရာမက မြဝန်းရံအနေနှင့် မေးခွန်းတစ်ခုထုတ်ခဲ့သည်....။“မကြည့်ရက်လို့ မျက်နှာလွဲခြင်းသည်မှန်ကန်သော
လုပ်ရပ်ဟုတ်ပါရဲ့လား....”တဲ့။

ဟုတ်သည်....။ဘဝတွင် ကျွန်တော်တို့ မျက်နှာလွဲခဲ့သည့် အဖြစ်ဆိုးတွေ ဘယ်လောက်ရှိခဲ့ပြီလဲ....။မျက်နှာလွှဲခဲ့
ခြင်းအပြင် ကျွန်တော်တို့ တစ်ခုခုလုပ်ပေးနိုင်တာမှရှိတော့ဘူးလား....။ဘာသာ မေးခွန်းထုတ်ခဲ့မိပေမယ့် ကိုယ်
တိုင်လည်းအဖြေမရခဲ့ပါ....။အေးလေ...မကြည့်ရက်တဲ့နောက် မျက်နှာလွှဲခြင်းအပြင် တစ်ခြားဘာများလုပ်နိုင်ပါ
ဦးမည်နည်း လို့ပဲ ခပ်နောက်နောက်လေး တွေးမိပါရဲ့....။


အခန်း(၂) မကောင်းဆိုးဝါးမှာ ထူးခြားတဲ့မျက်နှာရှိသလား

ခိုတောင်ရွာဘုန်းကြီးကျောင်းတွင် မြဝန်းရံနှင့် ကလေးတွေကို ပန်ချီဆွဲပေးနေသော ပြည်မိုးငြိမ်းတို့ ပြန်ဆုံကြ
သည်....။ရွာတစ်ရွာမှာ ကလေးတစ်ဦးက မာန်နတ်ပုံလိုချင်လို့ ဆွဲပေးခဲ့ရကြောင်းပြောကြတော့ မြဝန်းရံက
စကားတစ်ခွန်းပြောသည်....။“ကျွန်မပြောချင်တာက လူသတ်သမားရဲ့ပုံက မာန်နတ်တို့၊အာဠာဝကတို့လို
မြင်ရုံနဲ့ကြောက်စရာကြီးဖြစ်မနေဘူး၊သိသာမနေဘူးပြောချင်တာ..”

ဒီတော့ ပြည်မိုးငြိမ်းပြန်မေးတာက “ဒီတော့ နောက်တစ်ခါ မာန်နတ်ပုံဆွဲခိုင်းရင် ကျွန်တော်ဘယ်လိုပုံဆွဲပေးရ
မလဲ....”တဲ့

အင်း....ဟုတ်ပါရဲ့ လူဆိုး၊လူယုတ်ဆိုတာ နဖူးမှာဂျိုပါသည်မှ မဟုတ်တာ....။နောက် လူတစ်ယောက်ဘဝတွင်
သူ ဆိုးယုတ်ဖို့ ကြိုတင်ကြံစည်ထားခြင်းရှိကောင်းမှရှိလိမ့်မည်...။ဒီနေ့ လူကောင်းစိတ်၊သူတော်ကောင်းစိတ်ဝင်
နေမယ်မယ့် နောက်နေ့ စိတ်ဆိုး၊စိတ်ယုတ်တို့ဝင်ကောင်းဝင်နေမည်။ဘဝပေးအခြေအနေ၊လတ်တလောအခြေ
အနေတွေကလည်း သက်ရောက်မှုရှိပေမည်။ကျွန်တော်တို့ရော...၊တတ်နိုင်သမျှမကောင်းမှုကို ရှောင်ကျဉ်နေ
ပေမယ့် တစ်ချိန်ချိန်မှာ၊အကြောင်းတစ်ခုကြောင့် စိတ်ဆိုးစိတ်ယုတ်တို့ဝင်မလာနိုင်ဘူးတဲ့လား....၊စိတ် ဆိုတာ
ပြောရခက်တဲ့အမျိုးမဟုတ်ပါလား....။မိမိစိတ်ကို သတိအိမ်ကလေးမှာ အမြဲထားဖို့ ဆုံးမ နေရမှာသာမဟုတ်ပါ
လားခင်ဗျာ.....။

အခန်းနှစ်တွင် မြဝန်းရံ ခုနှစ်တန်းနှစ်လောက်က အဖြစ်အပျက်တစ်ခုကို ပါးပါးလေးထည့်သွင်းဖော်ပြထားသည်။
တစ်မြို့တည်းမှ စက်မှုတက္ကသိုလ်ကျောင်းသားအကိုကြီးတစ်ယောက်၏ သေသလား၊ရှင်သလား၊ပျောက်ဆုံးနေ
သည့် သတင်း...။ဘာကြောင့်ဆိုသည်ကိုတော့ ဆရာမက ရေးမထားခဲ့။ဘာကြောင့်ဆိုတာ ရုတ်တရက်တွေးမရ။
နောက်မှစဉ်းစားမိသည်က မြဝန်းရံသည်အသက် အစိတ်ဝန်းကျင်ဖြစ်ခဲ့သော် သူခုနှစ်တန်းနှစ်သည် ၁၉၉၆ခုနှစ်၊
ပြီးစက်မှုတက္ကသိုလ်ကျောင်းသား၊နောက် မြဝန်းရံအမေက ကျောင်းစာကလွဲပြီး တခြားစိတ်မဝင်စားနှင့်ဟုပြော
သည်ပဲ...၊

ဒါဖြင့် ၁၉၉၆ခုနှစ်လောက်တွင် ကျွန်တော်တို့မြန်မာပြည်၌ ဆိုးယုတ်လူမဆန်မှုတစ်ခုခုဖြစ်ပွားခဲ့သည်ပေါ့....။
တနည်းအားဖြင့် ၁၉၉၆ခုနှစ်တွင်ဖြစ်ခဲ့သည့်အဖြစ်အပျက်တစ်ခုသည် လူတစ်စုတစ်ဖွဲ့၏ လူမဆန်မှု၊ဆိုးယုတ်မှု
တစ်ခုပေါ့.....။ဆရာမဂျူးစာတွေကိုသဘောကျသည်မှာ ဤကဲ့သို့ မထိတထိလေး ဝိနည်းလွတ်ရေးတတ်လို့ပဲ
ဖြစ်သည်။(ကျွန်တော့်အထင်သက်သက်...:))

မြဝန်းရံ ခိုတောင်ရွာတွင်တွေ့ခဲ့သည့် မဌေးကြွယ်ရဲ့အဖြစ်ကလည်း တစ်မျိုးစိတ်ဝင်စားစရာကောင်းသည်....။
မဌေးကြွယ်ချစ်သူက ကိုမောင်...၊အသောက်အစားကင်းသူ၊လယ်ပိုင်ရှင်သားဖြစ်ပေမယ့် လက်ကြောတင်းသူ၊
ဆယ်တန်းထိနေဖူးသည့် လူရည်သန့်တစ်ဦး...။သူနှင့်မဌေးကြွယ်ရတော့ သူ့ဘဝပြည်စုံ၊စိတ်ချမ်းသာရပြီ ထင်ခဲ့
သည်တဲ့...။သို့ပေမယ့် လက်ထပ်ပြီး ခြောက်လပင်မကြာသေး မဌေးကြွယ်ကို ထိုးကြိတ်နှိပ်စက်တော့သည်။
ဆံပင်လေး လက်သုံးလုံးလောက်ဖြတ်မိရုံဖြင့် ကပ်ကြေးဖြင့်တစ်ခေါင်းလုံးကို ရစရာမရှိအောင်ကိုက်ပစ်ခဲ့သည်
တဲ့။ကိုယ်ဝန်ရှိနေသည့်တိုင် ပျဉ်ချပ်ဖြင့်ရိုက်၊အသံထွက်မည်စိုး၍ ပါးစပ်ကို အဝတ်ဆို့၍ ရိုက်သည်တဲ့...။

ကျွန်တော်တို့ဝန်းကျင်တွင် ဤကဲ့သို့သော အိမ်ထောင်ရေးမျိုးမကြာခဏတွေ့ရသည်ပင်။ရန်သူတွေမဟုတ်ပါပဲ
နှင့်၊ကိုယ့်ဇနီးမယားဖြစ်နေပါလျက်နှင့် ဘာကြောင့်ဒီလိုဖြစ်ရသည်ကို မတွေးတတ်ခဲ့။တချို့သောလူများတွင်
သူတစ်ပါးကို နှိပ်စက်၊ညှင်းပန်းလိုစိတ်ဘာကြောင့်ရှိနေရပါလိမ့်....။သူတို့သည် အပြင်အပက လူတွေနှင့်တော့
အင်မတန်မှကောင်းနေတတ်ပြန်သည်...။ကျွန်တော်အိမ်ထောင်ကျရင်ရော....၊(အင်း...ဒါကတော့ မုန့်ဆီကြော်
ဖြင့်ဘယ်ဆီနေမှန်းမသိ နှုတ်ခမ်းနာနဲ့တည့်မတည့်တွေးသည့်အတွေးပေပဲ...:)))။ဘာပဲဖြစ်ဖြစ် မိမိကို ညှင်းပန်း
နှိပ်စက်မှာမခံချင်သလို၊သူတစ်ပါးကိုလည်း ကိုယ့်ကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်မသွားစေလိုသည်က အမှန်။
ဒီလို ဘာသာတွေးမိတော့ မိမိစိတ်ကလေးကိုပဲ ကြံဖန်ကျေးဇူးတင်ရသည်။

ဆရာမက မေးခွန်းတစ်ခုထုတ်ခဲ့သေး၏။ ကြမ်းကြုပ်သူ၊ရက်စက်သူ၊ဒေါသကြီးတတ်သူ၊စိတ်မထိန်းနိုင်သူ ဒီလို
လူတွေက ဆိုးယုတ်သူဖြစ်လာနိုင်သလား....တဲ့။ကျွန်တော်ဆက်ပြီး စဉ်းစားမိသည်က ဒေါသကြီးသူ၊စိတ်မထိန်း
နိုင်သူတွေက ရုတ်တရက် တစ်ဆုံးတစ်စ လုပ်တတ်ပေမယ့် ပြီးလျှင်တော့ နောင်တရနေတတ်သည်။သနားစိတ်
ဝင်လာတတ်သည်။အဲ....တချို့တွေကျတော့ သွေးအေးအေးနှင့် အစီအစဉ်တစ်ကျ ရက်စက်တတ်ပြီး ထိုအတွက်
ဘယ်တုန်းကမှ နောင်တရစိတ်၊သနားစိတ်ဝင်လာခဲ့သည်မျိုးမဟုတ်။တိုက်တိုက်ဆိုင်ဆိုင် တလောကမှ ဘလော့
တစ်ခုတွင် ကမ္ဘာဒီးယားမှ ပိုပေါ့အကြောင်းဖတ်လိုက်ရသည်။ပိုပေါ့သည် သေသည့်တိုင် သူလုပ်ရပ်တွေအတွက်
နောင်တမရခဲ့၊မရသည့်အပြင် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့တာဟု သူယုံကြည်သည်တဲ့...။(မအိမ်သူ
ဘလော့မှာပါ )။ဒေါသကြီး၊စိတ်မထိန်းနိုင်သူတွေက ဆိုးယုတ်ရက်စက်သူတွေဖြစ်လာနိုင်ပါသည်။သို့သော်
တဒင်္ဂသာ...။

အခန်း(၃) ဆိုးယုတ်မှုတွင် ပုံသဏ္ဍာန်ပေါင်းများစွာ ရှိသည်

မြဝန်းရံ သရက်တောရွာတွင် ရွာ၏အထက်တန်းကျောင်းအုပ်ဆရာမကြီးဟောင်းတစ်ဦးနှင့်တွေ့ဆုံခဲ့ရသည်...။
မြို့နယ်ပညာရေးမှုးရာထူးကိုလိုချင်သည့် သပွတ်စုအထက်တန်းကျောင်းအုပ်ဆရာမနှင့် ကျောင်းအုပ်နေရာလို
ချင်သည့် သူ၏လက်ထောက်ကျောင်းအုပ်ဆရာမတို့၏ နောက်ကျောမှဓါးနှင့်ထိုးခြင်းကိုခံခဲ့ရ၍ ဂုဏ်သိက္ခာကျ
ဆင်း၊အရှက်တကွဲဖြစ်ကာ စိတ်ကျဝေဒနာခံစားနေရသည့် သစ်ပင်တွေကိုချစ်သည့်၊ရွာသူရွာသားတွေကို အသိ
ပညာပေးချင်သည့်ဆရာမကြီး.....။

ကျွန်တော်တို့ဝန်းကျင်တွင် ဤလိုအဖြစ်မျိုးတွေ ကြားဖူးလှပြီ၊ကြုံဖူးကြပြီ..။လူတွေသည်ဘာကြောင့်များမကြိုးစား
ချင်ပဲ ကိုယ်နှင့်မထိုက်တန်သည့်နေရာတစ်ခုကို အောက်လမ်းနည်းသုံးပြီး ရယူဖို့ ကြိုးစားကြပါသလဲ....။
ကျွန်တော့်သဘောကတော့ ကြိုးစားချင်ကြိုးစားမည်...။မကြိုးစားချင်ရင်လည်း ရောက်တဲ့နေရာ အေးအေးလူလူ
တစ်ရေးလောက်သာအိပ်ချင်ပါသည်....။မီးပွတ်ခုံ ကဲ့သို့ သူတစ်ပါးပူလောင်ဖို့ရာ ကိုယ်တိုင်အပူမခံချင်ပါ...။
တစ်ခုသတိထားမိသည်က အမှန်တရားသည် ဘယ်တော့မှ ပေါ်လွင်မလာခဲ့ခြင်းနှင့်အတူ လူညီသဖြင့် ဤ တွေ
ကျွဲ ဖြစ်ဖြစ်သွားကြခြင်းပင်....။

ပြည်မိုးငြိမ်းက ဆရာမကြီးကို ပန်းချီကားလေးတစ်ခုလက်ဆောင်ပေးခဲ့သည်...။ပန်းခင်းလေးအလယ်မှ စာသင်
ကျောင်း ပန်းချီကားလေး......။ဆရာမကြီး၏ကောင်းမှုလေးကို ပြန်လည်သတိရ စိတ်လည်လာစေဖို့ရာ ကြိုးစား
အားထုတ်မှုတစ်ခု....။ဆရာမကြီးက သူ့ပန်းခင်းလေးကိုသတိတရမေးတော့ အမျိုးသမီးတစ်ဦးက ပန်းနေနေသာ
သာ မြက်တောင်မပေါက်တော့ဘူး ဟုပြောတော့ ပြည်မိုးငြိမ်းက စကားတစ်ခွန်းပြောခဲ့သည်....။

“ဆရာမကြီးရှိတဲ့နေရာမှာ စေတနာ့ဝန်ထမ်းကျောင်းရောက်လာလိမ့်မယ်၊စာသင်ကျောင်းရှိတဲ့နေရာမှာပန်းခင်း
လေးရောက်လာလိမ့်မယ်၊အရေးအကြီးဆုံးက ဆရာမကြီးမှာ စိတ်ဆန္ဒ ရှိနေဖို့ပဲလိုပါတယ်....” တဲ့
မှန်ပါသည်။ကျွန်တော်တို့တွင် စိတ်ဆန္ဒရှိဖို့ပဲလိုပါသည်...။ပြင်းပြသောစိတ်ဆန္ဒ၏နောက်တွင် ကျွန်တော်တို့
ပထမဆုံးခြေလှမ်းလေးကို စတင်လှမ်းဖို့လည်း လိုအပ်ပါသည်...။ပထမခြေလှမ်း၏နောင်တွင်မတော့ နောက်
ထပ်ခြေလှမ်းပေါင်းများစွာ......။

ကျွန်တော်တို့ လျှောက်သောလမ်းတွင် အကြိမ်ကြိမ်လဲပြိုကျပါလိမ့်မည်၊ကျွန်တော်တို့နောက်ကျောတွင်ရော၊
ရင်ဘတ်တွင်ပါ ထိုးစိုက်ခြင်းခံထားရသည့် ဓါးတို့၏ဒဏ်ရာဖြင့် သွေးတို့ခြင်းခြင်းနီကောင်းနီနေပါလိမ့်မည်...။
ကျွန်တော်တို့အကြိမ်ကြိမ် ပြန်လည်ကုန်းရုန်းထရပါလိမ့်မည်..။ကျွန်တော်တို့ဖီနစ်ငှက်လို စိတ်မျိုးရှိနေဖို့လိုပါ
လိမ့်မည်...။ကျွန်တော်တို့ကြိုးစားကြရပါမည်...။စိတ်ဓာတ်ကျနေ၍မဖြစ်ပါ....။

အခန်း(၄) ကိုယ့်အနားတွင်ပင် ဆိုးယုတ်မှုတွေကရှိနေကြသည်။ဒီကရီအနိမ့်အမြင့်သာကွာသည်

မြဝန်းရံနှင်ပြည်မိုးငြိမ်းတို့ သရက်တောရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြန်ဆုံကြပြန်သည်။ဤအခန်းတွင်
အရေးကြီးဇာတ်ကောင်တစ်ယောက် ပေါ်လာသည်။လွန်ခဲ့သော နှစ်ခြောက်ဆယ်လောက်က သွေးအလူးလူး
နှင့် ဖရဲခင်းထဲတွင် ဆရာတော့်အမေ တွေ့ခဲ့၊မွေးစားခဲ့ရသော ဦးကောက်ရဆိုသည့် စကားမပြောတတ်ရှာသည့်
အဖိုးအိုတစ်ဦး....။ဦးကောက်ရကို ဖရဲခင်းပုံပန်းချီကားဆွဲပေးဖို့ရာ မြဝန်းရံပြောတော့ ပြည်မိုးငြိမ်းက ငြင်းဆန်ခဲ့
သည်...။ပြည်မိုးငြိမ်းက အတိတ်ကို ပြန်သတိရမိပြီး နာကျင်ကြေကွဲမှု ကိုမခံစားစေချင်၊မြဝန်းရံက အမှန်တရား
အတွက် မှတ်တမ်းမှတ်ရာတွေကိုသာ ပြန်မဖော်ထုတ်ခဲ့လျှင် ဆိုးယုတ်မှုတွေက ဘယ်တော့မှပျောက်ကွယ်သွား
မှာမဟုတ်ဘူး...ဟုယူဆသည်...။

ကျွန်တော်စဉ်းစားမိသည်...။၁၉၈၈ခုနှစ်က မှတ်တမ်းမှတ်ရာတွေ ဘယ်ရောက်ကုန်ပြီလဲ...၊ဘယ်သူမှ ပြန်လည်
ဖော်ထုတ်ဖို့မကြိုးစားကြတော့ဘူးတဲ့လား...။ဒီလိုနှင့် ကျွန်တော်တို့ နောင်တော်တွေ သမိုင်းမှာမှေးမှိန်ပျောက်
ကွယ်သွားကြမည်တဲ့လား....။မေ့နေစေချင်သူတွေ ဆန္ဒအတိုင်း ကျွန်တော်တို့ မေ့ကုန်ကြတော့မည်လား...။

မြဝန်းရံနှင့် ပြည်မိုးငြိမ်း အချီအချပြောကြတော့ ပြည်မိုးငြိမ်းက အဖြစ်အပျက်တစ်ခုကိုပြောပြခဲ့သည်....။
၁၉၉၃ခုနှစ်က ဓာတ်ပုံသတင်းထောက်တစ်ဦး ကြုံတွေ့ခဲ့ရသည့် ဆူဒန်နိုင်ငံက အဖြစ်အပျက်...၊
လူရုပ်မပေါ်အောင်ပိန်ချုံးချိနဲ့နေသည့် ခေါင်းကြီးကိုယ်သေးကလေးတစ်ဦး ဖုံးတောထဲမှာ မိမိကိုယ်ကို အနိုင်နိုင်
သယ်၍ ဆေးခန်းသို့ တရွတ်ဆွဲနေသည့် မြင်ကွင်းနှင့် လင်းတတစ်ကောင်မှ ထိုကလေးကိုစောင့်ကြည့်နေသည့်
ပုံ....။သတင်းထောက်မှ ထိုပုံကို အမိအရရိုက်ယူနိုင်ခဲ့သည်....။လင်းတ ကိုမောင်းထုတ်နိုင်ခဲ့သော်လည်း သူ
ကိုယ်တိုင်တော့ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရသည်တဲ့....။

သူ ထိုပုံနှင့် ပူလစ်ဇာဆု ရခဲ့သည်...။ဆုရပြီးခြောက်လအကြာမှာ ထိုသူ မိမိကိုယ်ကို သက်သေသွားခဲ့သည်တဲ့....။
သူသေဆုံးတော့ အသက်သုံးဆယ်ကျော်သာရှိသေးသည်..။သူရေးထားခဲ့သည့်စာကတိုတိုလေး...၊
“ ဘဝရဲ့ နာကျင်မှုတွေက ပျော်ရွင်မှုတွေကို ဘယ်လောက်ထိဖုံးလွှမ်းသွားသလဲဆိုရင် ပျော်ရွင်စရာရယ်လို့
မရှိတော့တဲ့ထိပါပဲ” တဲ့....။


Kevin Carter (September 13,1960-July 27,1994) ပူလစ်ဇာဆုရခဲ့တဲ့ဓာတ်ပုံ

ပြည်မိုးငြိမ်းမှ ဆက်ပြောသည်က “ ဒါနောင်တကနေဖြစ်လာတာ ညီမ၊လူ့ကျင့်ဝတ်ဆိုတဲ့ မေးခွန်းတွေဆီရောက်
လာရင် ကိုယ့်ကိုယ် ထဲမှာကိုပဲ အမှန်အမှား ပဠိပက္ခဖြစ်လာတယ်...၊ကျွန်တော်က ညီမကို နောင်တမရစေချင်
ဘူး ” တဲ့.....။

ဘုရားဟောထဲတွင် ဖြစ်ပြီးသောအကုသိုလ်ကိုလည်းမေ့ပစ်ရာ၏ ဟုပါရှိသည်ကို ဖတ်ခဲ့ရမိသည်...။ပြုသူအသစ်
ဖြစ်သူအဟောင်းဆိုသောစကား လည်းရှိသေးသည်။နောင်တတစ်ဖန်ပူဆွေးရခြင်းဟူသည် ဘယ်တုန်းကမှ
ကောင်းသည်မဟုတ်...။သို့ပေမယ့်....သမိုင်းဆိုတာ ဖျောက်ဖျက်ကောင်းသည်လည်းမဟုတ်...။အမှန်အမှားတွေ
ပဠိပက္ခဖြစ်သည့်တိုင်၊ကိုယ်၊စိတ် နာကျင်ခံစားရသည့်တိုင် ကျွန်တော်တို့ အမှန်တရားကို သိထားသင့်သည်မ
ဟုတ်ပါလား....၊တစ်ဖက်ကလည်း အမှန်တရားအတွက် လူ့ကျင့်ဝတ်၊စည်းကမ်းတွေကို ဘယ်၍ဘယ်မျှထိ လစ်
လျူရှု့သင့်ပါသလဲ....။တစ်ခါတစ်လေကျတော့ အမှန်တရားတွေက ခါးသီးလှသည် ဟုကျွန်တော်ခံစားရပါသည်။


အခန်း(၅) လူတိုင်းသည်လူကောင်းဖြစ်နိုင်ချေရှိပြီး လူဆိုးဖြစ်နိုင်ချေလည်းရှိသည်

အခန်းငါးတွင် မြဝန်းရံ တစ်ယောက် အောင်မြေသာစံ မြို့နယ်လေးထဲမှ ခေါက်ဆွဲကြော်ဆိုင်ဖွင့်ထားသော အပျို
ကြီးညီအစ်မထံတွင် တည်းခိုနေပြီဖြစ်သည်။ဆိုင်ရှင်ဖြစ်သူမှ မြဝန်းရံကို သူ့ဆိုင် စားပွဲထိုးလေးမောင်ပေသီး
အကြောင်းပြောပြခဲ့သည်။မောင်ပေးသီး ခြေထောက်တွင်အနာဖြစ်တော့ ဆရာဝန်ထံသွားပြသည်။သွေးစစ်
ကြည့်တော့ ဆီချိုရှိနေသည်။ဆရာဝန်မှ တေးရုံသို့စေလွှတ်ခဲ့သည်။သို့ပေမယ့်မောင်ပေသီးက တစ်ခြားဆရာဝန်
ထံသွားပြတော့ လေးသောင်းပေးလျှင်ခွဲပေးမည်တဲ့...။သို့နှင့် လေးသောင်းပေးပြီးခွဲတော့ ထွက်လာလိုက်သည့်
သွေးတွေကမြင်မကောင်း....၊နောက်နေ့တွင် ကိုယ်တွေခြစ်ခြစ်တောက်ပူပါတော့သည်။အနာလည်းပုတ်လိုက်
လာပြီ။ဆေးရုံရောက်တော့ ဘာမှလုပ်မရတော့....။သွေးအဆိပ်တက်သည့်ဝေဒနာနှင့် ဆုံးရှာရသည်...။

ပညာတွေတစ်လှေကြီးတတ်သည့်၊မိမိတတ်သည့်ပညာနှင့်ပင် ရိုးရိုးသားသား၊အေးအေးဆေးဆေး၊ဂုဏ်ရှိရှိ
ငွေရှာလို့ရပါလျှက်နှင့် ဘာကြောင့်များလူတွေလောဘတက်ရပါသနည်း...။လူကောင်းသူကောင်းဘဝ ကိုရနေ
ပါလျှက်နှင့် တစ်ချို့သည် လူဆိုး၊လူယုတ်ဘဝကို ငွေကလေးနဲနဲနှင့်လဲချင်တတ်ကြသည်။ထို့ပြင်လူတစ်ယောက်
လူဆိုး၊လူယုတ်ဖြစ်ခြင်း၊မဖြစ်ခြင်းသည် ပညာတတ်ခြင်း၊မတတ်ခြင်းနှင့် သိပ်ပြီးဆိုင်လှဟန်မတူ...။ဒါပေမယ့်
ကျွန်တော်တို့ပတ်ဝန်းကျင်တွင်တွေ့ရသလောက်ကတော့ ပညာတတ်သူတွေတွင် ဆိုးယုတ်မှုတွေ နည်းပါးလှ
ပါသည်။အင်း....ပညာညဏ်ရှိလို့ ဟန်ဆောင်ကောင်းနေသလားတော့မပြောတတ်ပါပေ...။

မြဝန်းရံတစ်ယောက် တရားသူကြီးဟောင်းဦးသန်းမောင်နှင့်သွားရောက်တွေဆုံခဲ့စဉ်က သူတို့ပြောခဲ့သည့်စကား
တွေကလည်း စဉ်းစားတွေးတောစရာကောင်းပါသည်...။ “ သံသယဆိုတာ ဆိုးတဲ့ကိစ္စမဟုတ်ပါဘူး....၊တကယ်
ဆိုရင် သေချာမှုဆိုတဲ့ စကားလုံးကသာကြောက်ဖို့ကောင်းတာ....၊သေချာပြီဆိုတဲ့ အတ္တတွေကြောင့် စစ်ပွဲတွေ၊
ဆိုးယုတ်မှုတွေ၊မိစ္ဆာလုပ်ရပ်တွေဖြစ်ပွားခဲ့တာ....”တဲ့...။

ဟုတ်သည်...။ဟစ်တလာလည်းသေချာခဲ့သည်။ပိုပေါ့လည်းသေချာခဲ့သည်။ကွန်မြူနစ်တွေလည်းသေချာခဲ့သည်။
ဆက်ဒမ်တို့၊ဘင်လာဒင်တို့လည်းသေချာခဲ့သည်ပေါ့။သူတို့အတ္တနှင့်သူတို့ မှန်ကန်ကြောင်းသေချာနေခဲ့ကြသည်
သို့နှင့်ပင် ကမ္ဘာကြီးမှာဆိုးယုတ်မှုကြီးတွေ ဖြစ်ပွားလာရတော့သည်။စစ်ပွဲတွေ ဖြစ်လာခဲ့ရသည်..။

လူတွေသည် သူတို့ကိုယ်သူတို့ ကြီးမြတ်သည်ဟု အထင်ရောက်လာကြသည်နှင့် သူတို့တွေးခေါ်၊ယူဆ၊လုပ်ကိုင်
သမျှတွေက အမှန်တွေဟု သူတို့ကိုယ် သူတို့အထင်ရောက်လာကြတော့သည်။သူတို့သာလျှင်အမှန်တွေဟု သေ
ချာလာကြတော့သည်။ဘယ်သူပြောပြောနားဝင်ဟန်မတူတော့....။သို့နှင့်ပင် အမှားကိုမမြင်နိုင်တော့...။သူတို့၏
သေချာလှပါသည်ဆိုသော အမှန်တရားအောက်မှာ သာမန်လူတွေက မြေဇာပင်ဖြစ်ရတော့သည်...။

မြဝန်းရံက ဦးသန်းမောင်ကို လင့်မော်ရိုး(Lance Norrow)၏ အီးဗီး(Evil)စာအုပ်ထဲမှ အဖြစ်အပျက်လေးတစ်ခု
ကကိုပြောပြခဲ့သည်။ကွန်မြူနစ်ပါတီ တစ်ခုတွင် သံသယမှုဖြစ်ခဲ့သည်။ ဘုံအဖွဲ့ပိုင်အစားအစာထဲမှ ဆန်တစ်ချို့
ပျောက်ဆုံးကုန်သောအခါ ကြီးကြပ်သူမှ စတိုးကိုစောင့်ရှောက်ရသူရဲမေကို ထမင်းတွေခိုးစားသည်ဟု ဒေါသတစ်
ကြီးစွပ်စွဲခဲ့သည်။ရဲမေကငြင်းသည်။မျက်မြင်သက်သေမရှိ။နောက်ဆုံးဒေါသကြီးသောကြီးကြပ်သူက ရဲမေ၏
အစာအိမ်ကိုဓားနှင့်ထိုးခွဲပြီး စစ်ဆေးခဲ့သည်တဲ့...။

ကျွန်တော်တို့အမှားအမှန်ကို၊သံသယကို သေချာအောင်စစ်သင့်ပါသည်။သို့ပေမယ့် ဆေးအတွက်နဲ့တော့မလေး
သင့်၊တန်ဖိုးထက် လက်ခမကြီးသင့်၊မသေချာလည်း ဘာမှမဖြစ်သည့်ကိစ္စတစ်ခုတွင် ဘာကြောင့် ကြေးကြီးချင်
ကြပါသလဲ....။ဒါပေမယ့် ထိုအဖြစ်အပျက်ကို ကြားသည့်လူတိုင်းလိုလိုက ရဲမေ၏အစာအိမ်ထဲတွင် ထမင်းရှိမရှိပဲ
စိတ်ဝင်စားကြပြီး ရဲမေအသက်သေမသေ တော့ စိတ်မဝင်စားကြပါ.....တဲ့....။တစ်ခါတစ်ရံတွင် ကျွန်တော်တို့
အသေးအဖွဲမသေချာမှုလေးတွေကို လျစ်လျုရှုလိုက်သည်က သေချာရေရာသွားသည်ထက် ပိုမိုကောင်းမွန်ပါ
လိမ့်မည်....။


အခန်း(၆) အမှန်တရားနောက်ကိုလိုက်မယ့်သူတွေအများကြီးမရှိဘူး အဲ့ဒါနာကျင်စရာကောင်းတယ်...။

အခန်းခြောက်က ဇာတ်၏အထွတ်အထိပ် နှင့်အဆင်းပိုင်းပါ....။နောက်ထပ်ပါဝင်လာသော ဇာတ်ကောင်တစ်ဦး
ဖြစ်သည့် မသီရိ၏ အဖြစ်အပျက်ကတော့ သိပ်ပြီးထူးခြားလှသည်မဟုတ်....။တော်သည့်၊ထက်မြက်သည့်၊ရုပ်
ရည်ချောမောသည့် တက္ကသိုလ်ကထိကဆရာမလေး မသီရိကို တစ်ခြားခပ်ညံညံဆရာမနှစ်ဦးမှ မနာလိုစိတ်ဖြင့်
ဌာနမှူးနှင့် အထင်အမြင်လွဲမှားစေအောင် လုပ်ကြံဖန်တီးခဲ့သည်။ဌာနမှုးကလည်း ထိုနှစ်ဦးကိုယုံကြည်လာသည်။
အခြားဝန်ထမ်းတွေကလည်း ထိုနှစ်ယောက်ဘက်သာပါကြသည်...။သို့နှင့် မသီရိ လွင့်စင်သွားရတော့သည်။

“ နာကျင်စရာကောင်းတာတစ်ခုက တို့ထင်ထားသလို အမှန်တရားနောက်ကိုလိုက်မယ့်သူအများကြီး
မရှိဘူး...အဲ့ဒါနာကျင်စရာကောင်းတယ် သူတို့မသိတာလည်းမဟုတ်ဘူးနော် တို့မှန်တယ်ဆိုတာသိထားတဲ့သူ
တွေကိုယ်တိုင်က အခွင့်အရေး၊နေရာနဲ့ အာဏာကိုမစွန်လွတ်နိုင်လို့ သူတို့အုပ်စုနောက်ကို ပါသွားကြတာ....”

မသီရိ ပြောခဲ့တဲ့စကားတွေပါ...။ဟုတ်ပါတယ်...။အမှန်တရားဘက်မှာ ရပ်တည်ပေးမယ့်သူသိပ်မရှိတဲ့အခါ
ကျွန်တော်တို့ နာကျင်ရပါတယ်...။လူတွေ အမှန်တရားကိုချစ်တယ်ဆိုတာဘာပါလဲ....၊မိမိ မတရားလုပ်ခံလာရ
တဲ့အခါမှ အမှန်တရားကို ချစ်ကြတာပါ....၊တခြားသူတွေ မတရားခံကြရတာကိုသိကြတဲ့အခါမယ် အော်...ဖြစ်မှ
ဖြစ်ရလေ....လောက်၊စုတ်ကလေး သတ်ရုံလောက်ပါပဲ....။ဓါးခုတ်ရာလက်ဝင်မလျှိုနဲ့ ဆိုတဲ့စကားပုံတောင်ရှိ
လိုက်ပါသေးတယ်...။တစ်နေရာကမတရားမှုကို ကိုယ်နဲ့မဆိုင်ဘူးဟုလှစ်လျုရှူလိုက်ပြီးသည့်နောက် ထိုမတရား
မှုက မိမိထံသို့ပါရောက်လာလိမ့်မယ်လို့ မှတ်ထင်မထားကြပါဘူး....။

အများစုကြီးက အမှန်တရား ဘက်ထက် ငွေ၊အာဏာ၊ရာထူး ဘက် ကိုပဲပါသွားကြပါတယ်...။အဲ့ဒါတွေ တစ်ခုမှမ
ရပေမယ့် ပုဂ္ဂိုလ်ခင်လို့ အမှန်တရားကိုမျက်ကွယ်ပြုသွားကြတာတွေလည်း တစ်ပုံတစ်ပင်ပါပဲ...။တစ်ခါတစ်ရံမှာ
တော့ ကျွန်တော်တို့ရဲ့ အသက်၊စည်းစိမ်၊အိုးအိမ်တွေ ထိခိုက်မှာကို စိုးရိမ်စိတ်နဲ့ အမှန်တရားကို မျက်ကွယ်ပြု
ကြရတာတွေလည်းရှိပါတယ်...။ဒါပေမယ့် ကျွန်တော်တို့တွေ အမှန်တရားဘက်က တတ်နိုင်သလောက်လေး
ကိုယ်စွမ်းနိုင်သလောက်လေး ရပ်တည်ပြဖို့တော့ မမေ့သင့်ပါဘူး...။ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တိုင်မတရား
မှုနဲ့တွေ့ကြုံလာရတဲ့အခါမှာ အမှန်တရားဘက်မှာ (နဲနဲလေးဖြစ်ဖြစ်)ရပ်တည်ပေးမယ့်သူတွေများများစားစား
မရှိတဲ့အခါ နာကျင်စရာကောင်းလို့ပါ....။

နောက်ဆုံးတွင်မတော့ လွန်ခဲ့သောနှစ်ခြောက်ဆယ်က ဦးကြီးကောက်ရ၏ဇာတိရွာလေး ရွာလုံးကျွတ်မီးရှို့ခံရ
သည့်၊မီးလွတ်ရာပြေးသည့်ရွာသားများကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ပြစ်မှုကြီးလည်း ရွာသားတို့၏
သချိုင်္င်းအားဖုံးကွယ်ထားသည့် သစ်တောအုပ်ကြီး မီးလောင်သွားခြင်းနှင့်အတူ ပေါ်ပေါက်သွားပါသည်။

တစ်ခုပြောစရာရှိသည်က နောက်ဆုံးအချိန်တွင် မြဝန်းရံကိုယ်တိုင်က “တစ်ချို့အဖြစ်အပျက်တွေက မေ့ပစ်ဖို့လို
တယ်....၊ဥပါဒါန်အစွဲတွေပါ....၊တစ်ချို့အရာတွေက သူ့အတိုင်းပဲထားလိုက်ဖို့လိုတယ် ” ဟုပြောခဲ့သည်...။
မှန်ပါသည်။တစ်ချို့အဖြစ်အပျက်တွေက မေ့ပစ်လိုက်ခြင်းကသူ့အတိုင်းထားလိုက်ခြင်းက ပိုမိုကောင်းမွန်ပါသည်
သို့သော်....အမှန်တရားကို အားလုံးသိအောင်ဖော်ထုတ်ပြီးမှသာ မေ့ပစ်လိုက်ရပါမည်...။ထိုသို့မဟုတ်ပါက
အမှန်တရားဆိုတာ အဘယ်မှာရှိပါတော့မည်နည်း....။

ဆေးရုံပေါ်တွင် ပြည်မိုးငြိမ်းက မြဝန်းရံကို ဖတ်ပြသည့်ကဗျာကလေးကလည်း ဆရာမဂျူးမှ တစ်စုံတစ်ရာကို
ပြောနေသလိုလိုပင်......။
ပိုချစ်ရတဲ့သူ

သူတို့စောင့်ရှောက်သော်ငြား

ကိုယ်ငရဲရောက်နိုင်သား

ကြယ်တွေကို မော့်ကြည့်ကာပင်

ကိုယ်တစ်ရေးရေးသိမြင်

မြေပေါ်မှာဖြင့်

အနည်းဆုံးတော့လစ်လျုရှု့သင့်

လူသို့မဟုတ် တိရိစ္ဆာန်ကို

ကိုယ်တို့ကြောက်ရမည်ထင့်

ကြယ်ဆိုတာက ကိုယ်တို့အတွက်လောင်ကျွမ်းနေရ

ကိုယ်တို့က ဘာမှပြန်မပေးနိုင်ဘူးဆိုပါရင်

ဒါမျိုးကကောင်းရဲ့လား

ချစ်ခြင်းမတူနိုင်သော်မှဖြင့်

ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ

အပြစ်မတင်တတ်တဲ့ကြယ်တွေကို

ချီးကျူးငေးမောသူကိုယ်ဟာ

ကြယ်တစ်စင်းကို တစ်နေ့လုံးလွမ်းနေတယ်လို့

မပြောသာပါဘူး

ကြယ်တွေအားလုံးပျောက်သွားခဲ့ရင်

ဒါမှမဟုတ် သေဆုံးသွားခဲ့ရင်

ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း

ပိန်းပိတ်တဲ့ အမှောင်ရဲ့ ခမ်းနားမှုကို

ခံစားယူရတော့မယ်

အချိန်တော့ယူရမှာပေါ့


The More Loving One

Looking up at the stars, I know quite well

That, for all they care, I can go to hell,

But on earth indifference is the least

We have to dread from man or beast.

How should we like it were stars to burn

With a passion for us we could not return?

If equal affection cannot be,

Let the more loving one be me.

Admirer as I think I am

Of stars that do not give a damn,

I cannot, now I see them, say

I missed one terribly all day.

Were all stars to disappear or die,

I should learn to look at an empty sky

And feel its total darkness sublime,

Though this might take me a little time.


Wystan Hugh Auden(1907-1973)


ကြယ်ပွင့်တွေလို သူရဲကောင်းတွေက ကျွန်တော်တို့အတွက် လောင်ကျွမ်းပေးနေကြရတာပါ...၊

ယခင်ကလည်းလောင်ကျွမ်းပေးခဲ့၊ယခုလည်းလောင်ကျွမ်းနေဆဲ၊နောင်ကိုလည်း လောင်ကျွမ်းပေးသွားကြမှာပါ...။

ကျွန်တော်တို့က သူတို့ကို ဘာမှပြန်မပေးနိုင်ခဲ့ဘူးဆိုရင်၊သူတို့ဘက်က ရပ်မပေးနိုင်ခဲ့ဘူးဆိုရင် ဒါမျိုးကကောင်း

ပါရဲ့လား....။ဘယ်လိုပဲဖြစ်ဖြစ် အပြစ်မတင်တတ်တဲ့ ကြယ်တွေကတော့ ကျွန်တော်တို့အတွက် ဆက်လက်

လောင်ကျွမ်းမြဲသာ....။သူတို့နှင့် ချစ်ခြင်းမတူနိုင်စေကာမူ ပိုချစ်ရတဲ့ ကိုယ်ဖြစ်ပါရစေ.....လို့........။


( ရီဗျူးရယ်တော့လည်းမဟုတ်ပါဘူး....၊ဆရာမဂျူးဝတ္ထုကို ရီဗျူးရေးနိုင်တဲ့ စွမ်းရည်လည်းကျွန်တော့်မှာမရှိပါဘူး၊

သို့ပေမယ့် ဖတ်ရင်းနဲ့ ခံစားလာရလေးတွေကို ချရေးလိုက်ခြင်းပါ...။ဒီထက်ပိုပြီးကောင်းအောင်ရေးချင်ပါသေး

တယ်၊သို့ပေမယ့် ရေးလာတာ နှစ်ပတ်ကျော်ပြီ လက်စမသတ်နိုင်ဖြစ်နေလို့ ဒီလောက်နဲ့ပဲ ဖြတ်ချလိုက်ပါတယ်။

ဒီပို့စ်မှာပါတဲ့ ဝတ္ထုအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ယူဆချက်တွေ ဟာ ကျွန်တော့် အမြင်သက်သက်သာဖြစ်

ပါတယ်...။အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့သော် ကျွန်တော့်မှားယွင်းမှုသာဖြစ်ပါတယ်။)


စာကိုး

ဂျူး- ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ ( ဘသားချောဘလော့မှ)

ဂျူး-ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ (myanmarebooks.net မှ )

W.H.Auden (www.beckoning မှ)

Kevin Carter (Wikipedia မှ )

ဝါခေါင်မိုးဘလော့(မအိမ်သူ)

(အားလုံးကို ကျေးဇူးတင်ရပါတယ်....)

23 comments:

...အလင်းစက်များ said...

အံ့ရောပဲ... ငါတော့ အဲ့လောက် မခံစားတတ်လို့  မရေးဖြစ်ဘူး။ ခုမှ အဲ့သည်ဝတ်ထု ဖတ်ချင်လာတယ်။

ပြောစရာတစ်ခုပဲ... ဟီး......၊ စာလုံးပေါင်းပြန်ပြန်စစ်ပေးပါ... ဟဲဟဲ....။ ဆရာလုပ်လိုက်ရမှနေသာ ထိုင်သာ ရှိသွားတယ်။ :))))

Nyi Linn Thit said...

ကိုညိမ်းနိုင်, အဆုံးသတ်ကို ဖတ်လိုက်မှ လက်ဖက်ကောင်း စားချင်ရင် ပလောင်တောင်တက် နှေးရတယ် ဆိုတဲ့ စကားပုံကို ပိုပြီး နားလည်သွားတယ်၊ နှစ်ပတ်ကျော် အချိန်ယူခဲ့တဲ့ ဒီပို့စ်က တကယ်ပဲ ကောင်းတယ်ဗျာ၊ ဒီဝတ္ထုအကြောင်း ဟိုနားဒီနားက တစွန်းတစ ကြားဖူးပေမယ့် ဒီပို့စ်ကို ဖတ်တဲ့အထိ ဘာအကြောင်း ရေးထားမှန်းကို မသိခဲ့ဖူးဗျ၊ အခု ကိုညိမ်းနိုင်က လိုအပ်တဲ့ ပွိုင့်လေးတွေ ထုတ်နှုတ်ပြီး ကိုယ်မြင်တာလေးတွေ ပြောသွားတော့ ဇတ်လမ်း ကျောရိုးကို သိရတဲ့အပြင် စာဖတ်သူရဲ့ ခံစားချက်နဲ့ မေးခွန်းတွေကြောင့် ပိုပြီးစိတ်ဝင်စားဖို့တောင် ကောင်းလာတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ထပ်ပြီး ပြောပါဦးမယ်၊ Thumbs up....!!!

ငွေလမင်း said...

အတွေးလေးတွေကောင်းပါတယ်
ကျနော်ဖတ်တာ မပြီးသေးဘူး အခု ကိုမောင်လေးပြောတာ ဖတ်ရတော့ တစ်အုပ်လုံးဖတ်လိုက်ရသလိုဘဲ အဲဒီစာအုပ်က အဓိက ပြောချင်တာ
"မတရားမှုကိုကိုယ်နဲ့မဆိုင်ဘူးဟုလျှစ်လျုရှူလိုက်ပြီးသည့်နောက် ထိုမတရားမှုက မိမိထံသို့ပါရောက်လာလိမ့်မယ်" ဆိုတာကို အဓိကပြောချင်တယ် ထင်ပါတယ်
ဒါပေမဲ့လဲ တချို့ကိစ်စတွေက လျစ်လျူမရှုချင်ဘဲ ရှုလိုက်ရတာတွေ ရှိပါတယ်

ခွန် said...

ပြီးခဲ့တဲ့ တပတ်ကတင် ဒီဝတ္တုဖတ်ပြီးသွားတာ...
တချို့နေရာတွေမှာ အစ်ကိုရေးထားသလို မတွေးမိခဲ့ဘူး။ အစ်ကို ရေးထားတာလည်း ဖတ်လို့ကောင်းတယ်။

မအိမ်သူ said...

“ကြားသည့်လူတိုင်းလိုလိုက ရဲမေ၏အစာအိမ်ထဲတွင် ထမင်းရှိမရှိပဲ စိတ်ဝင်စားကြပြီး ရဲမေအသက်သေမသေတော့ စိတ်မဝင်စားကြပါ...တဲ့...။” တန်ဖိုးကြီးမားတဲ့ အရာတွေကို စတေးပြီးမှ အရေးမပါတဲ့ အရာလေးတစ်ခုလောက်ကို ကြီးကျယ်ခမ်းနားစွာ သက်သေထူချင်တတ်ကြတဲ့ လူတွေရဲ့ စိတ်ဓါတ်တွေကို တခါတလေမှာ နားလည်လို့မရတာ အမှန်ဘဲ။ အဲလို စိတ်ဓါတ်တွေကြောင့်လဲ အမှန်တရားတွေ ချောင်ထိုးခံရပြီး မတရားမှုတွေ တိုးပွားလာတာ ဖြစ်လိမ့်မယ်။ ပိုဆိုးတာက လူတွေဟာ မတရားတာကို တွေ့နေမြင်နေရက်နဲ့တောင်မှဘဲ အဲဒါဟာ မတရားမှုပါလို့ မမြင်တတ်ကြတော့တာတွေ တွေ့တွေ့နေရတယ်။
အရမ်းကိုကောင်းတဲ့ ပိုစ့်လေးပါရှင်။ ဖတ်ပြီး အတွေးတွေအများကြီး ရသွားတယ်။ ကျေးဇူးပါနော်။

နေ၀ဿန် said...

အဲဒီ ပုံလေးကို ရှာပြီးတင်ပေးတာနဲ့ အတော်လုံလောက်သွားပြီ... ကျွန်တော့်အတွက်..း))...


ခင်မင်လျက်
နေ၀ဿန်

မိုးခါး said...

အရမ်းဖတ်လို့ကောင်းတာပဲ
ဖတ်လိုက် တွေးလိုက် စဉ်းစားလိုက်
ဖတ်နေတာ ပြီးတော့ မပြီးသေးဘူး
အားပေးနေပါတယ် ..း))

Anonymous said...

I often visite and rare comment.This post is quite nice to read and pull threads of thinking.Tks for sharing your point of view and deep thought.
Gyidaw

SHWE ZIN U said...

မောင်လေး ရေ

ဒီတခါ တော့ စိတ်ရှည်လက်ရှည် ဖတ်ပြီး ရေးထားတာကိုး ကောင်းတယ် စဉ်းစားစရာလေး တွေနဲ့

မျှစ်မိုးညိမ်း... said...

အကိုရေ ရေးထားတာလေးကောင်းတယ်ဗျာ....

ခင်မင်စွာဖြင့်
မျှစ်မိုးညိမ်း...

ညိမ်းနိုင် said...

ကိုလတ်>>>ဓညင်းသီးက Eတစ်ပြန်၊ငါးဖယ်က ပြောင်းပြန်
လှန်၊ဘိန်းစားခြင်းအတူတူ တစ်လုံးပိုမရှုစမ်းပါနဲ့၊နင်လည်း
မှားတာပဲ ဟွင်းးးး:)၊ပြန်မစစ်အားတော့လို့ပါဟ..၊ပြန်စစ်
လိုက်မယ်..။ဒါနဲ့ အဲ့စာအုပ်ကို ဖတ်ဖြစ်အောင်ဖတ်ကြည့်..။

ကိုညီလင်းသစ်>>>အကို့ ကွန်မန့်ဖတ်ရတော့ ကျွန်တော့်
ဘာသာ ပြန်ပြီးရှက်မိတယ်..၊တကယ်ဆို နောက်၂ရက်
လောက်အချိန်ယူလိုက်ရင် ဒီထက်ပိုပြီး(နဲနဲဖြစ်ဖြစ်)ဖတ်ရ
တာအဆင်ပြေမှာ....။ခုတော့ ဇာတ်ကောင်စရိုက်တွေကို
လည်းရေးချင်လျက်နဲ့ မရေးလိုက်ရ၊ဇာတ်လမ်းအကျဉ်းကို
လည်းမရေးလိုက်ရ...၊ကျေးဇူးတင်စကားလည်း သေချာ
မပြောလိုက်ရ။အရမ်းရှည်သွားစိုးတာရယ်၊ကြာလာလို့စိတ်မရှည်တော့တာရယ်နဲ့ ပြီး ပြီးရောဖြစ်သွားသလားလို့၊
ကိုယ့်ပို့စ်လေးပြန်ကြည့်မိတိုင်း လမစေ့ပဲ မွေးလာတဲ့
ကလေး လေးလိုမြင်နေမိတာရယ်...:)))
အားပေးသွားတာကို ကျေးဇူးတင်ပါတယ်ဗျိုးးးးးးးး

ညိမ်းနိုင် said...

ကိုကိုငွေ>>>ဟုတ်တယ် ကျွန်တော်လည်းအဲ့လိုပဲ မြင်
တယ်...၊အင်း...ဝတ္ထုမပြီးသေးပဲ ကျွန်တော့်ပို့စ်ဖတ်လိုက်ရ
တော့ စိတ်ညစ်သွားမှာပေါ့...၊ဇာတ်လမ်းအရသာတော့ပျက်
ပါပြီဆိုပြီးလေ....:)))

ခွန်>>>လာအားပေးတာ ကျေးဇူးတင်ပါတယ်ခွန်ရေ....။

မအိမ်သူ>>>အမှန်ပဲ မအိမ်သူရေ....၊ကျွန်တော်တို့ကိုယ်
တိုင် တစ်ခါတစ်လေ အမှန်တရားကို လစ်လျုရှုသလိုဖြစ်
သွားတာတွေ ဖြစ်ကောင်းဖြစ်နေနိုင်မလားလို့ ဒီဝတ္ထုလေး
ဖတ်ပြီးမှ ဘာသာ ပြန်တွေးမိတယ်..။ကျွန်တော်ရေးတာ
ထက် မူရင်းကကို ကောင်းတာပါ...၊ကျွန်တော်က ဆင်
ဖြူတော်မှီပြီး ကြံစုပ်တာရယ်..:))

နေဝဿန်>>>သူ့ရဲ့ တခြားဓာတ်ပုံတွေလည်း ကျွန်တော် ပေးထားတဲ့လင့်မှာသွားကြည့်လို့ရတယ်ဗျ။
အရမ်းကို ကိုယ်ချင်းစာဖို့ ကောင်းတဲ့ပုံတွေ...၊

မိုးခါး>>>ဖတ်လို့ကောင်းတယ်ဆိုတာ ဂျူး ဝတ္ထုကိုပြော
တာမဟုတ်လား....:))) ဟုတ်တယ်...သိပ်ကောင်းတာ။

ညိမ်းနိုင် said...

ဂျီးတော်>>>ကျွန်တော်တော့ ဂျီးတော်ရဲ့ ရှားရှားပါးပါး
ကွန်မန့်လေးတွေကို သဘောကျတယ်ခင်ဗျ..၊လာအားပေး
တာကျေးဇူးပါခင်ဗျာ...

အစ်မရွေစင်>>>ဟုတ်အစ်မ....၊ဖတ်တာကသေချာဖတ်
ဖြစ်တယ်..၊ရေးတာကတော့ ဖတ်လိုက်၊မေ့လိုက်၊ပြန်ဖတ်
လိုက်၊ဇာတ်ထဲမျောသွားပြီး တစ်မေ့တမောဖတ်နေလိုက်၊
ရေးမယ်လုပ်တော့ ပြန်မေ့သွားလိုက်၊ပြန်ဖတ်လိုက်နဲ့ လုံး
ခြာလည်နေလို့ ကြာသွားတာရယ်...:)))

မျှစ်>>> နင်က မျှစ်မိုးငြိမ်းဆိုတော့ “မ”ဝန်းရံနဲ့ တွေ့ချင်လို့
ပေါ့လေ...ဟွင်း...မသိခက်မယ်...:)))

လသာည said...

ဝတ္တုကတော့ ၀တ္တုပေါ့လေ..။ သူ့ဘာသာ အနှစ်ရှိပြီးသား။ ဒါပေမယ့် ဒီလိုလေး တွေးမိဖို့ ဆိုတာ လူတိုင်းမဖြစ်နိုင်ဘူး မဟုတ်လား။ အခုထိ ဒီဘလော့မှာဖတ်ပြီးသမျှထဲ ဒီပိုစ်ကို အကြိုက်ဆုံး..။ ဖတ်လို့လည်း ကောင်း။ တစ်ခုချင်းစီ တွေးသွားတဲ့ အတွေးတွေကို ပုံဖော်ရေးပြသွားတာလေး ပိုသဘောကျတယ်။

မြစ်ကျိုးအင်း said...

အဲဒီစာအုပ် ကြိုက်လို့ ဝယ်ထားသေးတယ်။ တစ်ပုဒ်ဆို ဆိုသလောက် ဖတ်သူရင်ထဲ ထိငြိစေလို့ စောင့်ဖတ်နေရတာပါပဲ။ အားလုံးအတွက် လောင်ကျွမ်းပေးရတဲ့ ကြယ်တွေများလှပါပြီ။

ShwunMi- said...

ဇာတ်ကောင်စကားတွေနဲ့ စာရေးသူ ပေးချင်တဲ့ အချက်တွေကို ပြန်ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ် ကိုညိမ်းနိုင်။
ဒီစာလေးကို ပရင့်ထုတ်ပြီး ဝတ်ထုနဲ့ တွဲသိမ်းထားသင့်တယ် လို့တောင် ထင်မိတယ်။

(ဇော်ဂျီဖောင့်နဲ့ စာလုံးအဆင့် ရေးမရလို့ မျက်စိနောက်နေမယ်ဆို တောင်းပန်ပါတယ်။ စိတ်မရှိပါနဲ့ရှင်။)

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီ ဝတ္ထုလေး အစ်မတစ်ယောက်က လက်ဆောင်ပို့ပေးလို့ ဖတ်ပြီးသွားပြီ။
သူများနဲ့ မတူတဲ့ အတွေးတွေ ဇာတ်အိမ်တွေရေးဖွဲ့နိုင်စွမ်းရှိတာကြောင့်လည်း တစ်အုပ်ဆိုတစ်အုပ် လူကြိုက်များတာဖြစ်မယ်
ညိမ်းနိုင်ရဲ့ ဆွဲထုတ်ပြသွားတာလေးတွေကိုလည်း သဘောကျတယ် စာအုပ်ဖတ်ပြီး ကိုယ်မတွေးမိတာလေးတွေကိုပါ မြင်တွေ့သွားတယ် တော်လိုက်တာ

အမှတ်တရ နေ့စွဲများ... said...

ဖတ်ကြည့်လိုက်မယ် ဘသားချောဆီမှာရှိတယ်ဟုတ် မျှစ်မိုးညိမ်း ဆိုတာ ဘယ်ကောင်လဲ....ဟိုတခါ အနော်နိမက် လုပ်ခိုင်းတဲ့ကောင်လား စာလုံးသတ်ပုံ ကတော့ အင်း....မပြောတော့ဘူး...

ညိမ်းနိုင် said...

အစ်မလသာည>>>ခုလိုအားပေးတာကျေးဇူးတင်ပါတယ်အစ်မရေ...၊

ကိုမြစ်>>>ဟုတ်တယ်ဗျ၊သူစာတွေက တစ်ပုဒ်ဆို..ဆိုသ
လောက်ပဲ...၊စောင့်ဖတ်ရကျိုးနပ်တယ်။အားလုံးအတွက်
လောင်ကျွမ်းပေးသွားတဲ့၊ပေးနေဆဲ ကြယ်ပွင့်တွေကတော့
မရေမတွက်နိုင်တော့ဘူးဗျာ...၊သူတို့ရဲ့ လောင်ကျွမ်းပေး
ဆပ်မှုတွေ အလဟသမဖြစ်ပါစေနဲ့လို့ပဲ ......:(

မရွှန်းမီ>>>>ပရင့်ထုတ်ပြီး ဝတ္ထုနဲ့ တွဲသိမ်းသင့်တယ်
ဆိုလို့မြောက်သွားပီဗျိုး...:))) ပတ်ဆင့်စာလုံးတွေ
အတွက် တောင်ပန်စရာမလိုပါဘူးခင်ဗျ၊ရပါတယ်ဗျာ။

ညိမ်းနိုင် said...

အစ်မချော>>>ဒီလောက်လဲမဟုတ်ပါဘူးအစ်မရာ..၊
ခုနောက်ပိုင်းစာတွေဖတ်ရင် အရင်လိုပြီး ပြီးရောမဟုတ်ပဲ
တွေးချင်ရာတွေး၊ခံစားချင်သလိုခံစားဖြစ်သွားတာတွေပါ။

အမှတ်တရနေ့စွဲများ>>>ဟုတ်...၊ဆြာဘဆီမှာရှိလေရဲ့၊
ဖတ်ကြည့်ဗျ..ဂယ်ကောင်တာ..။မျှစ်လား....ဟုတ်တယ်..၊
ဒင်းခုတလော...အပ်နဲနဲလွတ်နေတယ်ထင်တယ်..:)))

ကြည်ကြည် said...

အင်ဂျလီနာ ဂျိုလီရဲ့ ကားတစ်ကားမှာ အဲံ လို မြင်ကွင်းမျိုး ကို မြင်ဘူးတယ်။

ဒါဟာလည်း မနေသင့်မနေအပ်တဲ့ နေရာ

ငရဲတစ်ခုပဲနော်

ချစ်ကြည်အေး said...

မနေ့ကတည်းက ဖုန်းထဲကနေ ဖတ်ပြီး သဘောကျနေတာ မောင်လေးရေ :)
အမလည်း အဲ့ဝတ္ထု ဖတ်ပြီးပါပြီ။ ဒါမဲ့ စစချင်းအခန်းက အလောင်းအစားကိုတော့ ယုတ္တိတန်လွန်းတယ် ထင်မိတယ်။ ကျန်တာတွေကတော့ ဆရာမဂျူးရဲ့ ရေးဟန်အတိုင်း သဘောကျစရာအပြည့်ပါပဲ။ အစအဆုံးကို တပတ်လောက် ဖတ်လိုက်ရတယ်။ အရင်စာအုပ်တွေလောက် မစွဲဘူးလို့ပဲ ပြောရမယ်။ မောင်လေးထုတ်ပြသွားခဲ့တာတွေက ဆရာမ ပေးချင်တဲ့ မက်ဆေ့ခ်ျတွေနော်၊ အသေအချာ ဆွဲထုတ်ပြီးရေးထားလို့ တချို့ကို ဖတ်တုန်းက မရလိုက်ဘူးလို့တောင် ထင်မိတယ်။ လူ့အသိုက်အမြုံကြီးတခုလုံးရဲ့ စံနစ်တကျမှားယွင်းနေတာကို ဒီတိုင်း လက်ခံမနေဘဲ တတ်နိုင်တဲ့အပိုင်းက ပါဝင်ကြဖို့ လိုရင်းလို့ပဲ နားလည်လိုက်မိပါတယ်။

အပြုံးပန်း said...

ဒီပိုစ့်လေးကို သိပ်နှစ်သက်သွားပြီ၊
တခြားသူတွေက ဒီလို မရေးကြဘူးလေ၊
အဲဒီ စာအုပ်ကို အခုထိ ဖတ်လို့ မပြီးသေးဘူး၊

အင်း၊ ပြည်မိုးငြိမ်းက မြ၀န်းရံကို မြင်မြင်ခြင်းပဲ သဘောကျသွားတာမို့ အလောင်းအစား လုပ်လိုက်တာ ထင်ပါတယ်။

တကယ်ဆို အဲဒီထက်အရင် သူတို့ တခေါက်လောက် တနေရာမှာ ဆုံဖူးခဲ့ရင် ပို သဘာဝကျသွားမှာ၊
ဒါမှမဟုတ် အဲဒီလို အလောင်းအစားနဲ့ ဖွင့်လိုက်တာကိုက ၀တ္ထုတခုလုံးရဲ့ သော့ချက်ပဲလေလား။

ယူဆမိတာ ပြောကြည့်တာပါ၊