Monday, November 7, 2011

မနှင်းဆီသိစေဖို့ ......

ကြာတော့ကြာပါပြီ...၊တလောက ဘလော့ဂါတွေကြားမှာတဂ်ပို့စ်လေးတစ်ခုပျံနှံသွားခဲ့ဖူးတယ်မနှင်းဆီရဲ့..၊
ကိုကိုးအိမ်ကစတဂ်လိုက်တဲ့ပို့စ်လေးတစ်ခုပါ....၊လတ်တလောအဖြစ်ချင်ဆုံးဆန္ဒတွေနှင့် ဖြစ်နေတာတွေ..တဲ့။
အဲ့ပို့စ်လေးက မေးခွန်းနဲ့အဖြေပုံစံမျိုးလေးပါပဲ....၊လတ်တလောစားချင်နေသောအစားအစာ...ဘာညာပေါ့
လေ....၊အဲ့ဒီမှာမေးခွန်းလေးတစ်ခုပါတယ်မနှင်းဆီရဲ့....၊တန်ဖိုးအထားဆုံးအရာ......တဲ့...၊အဲဒီတဂ်ပို့စ်လေး
ကို ကျွန်တော်ရေးတော့အဲ့မေးခွန်းအရောက်မှာလွယ်လွယ်ကူကူရေးမိလိုက်တာကချစ်ခြင်းမေတ္တာ...လို့ပါပဲ
မနှင်းဆီ....။ဟုတ်ပါတယ်မနှင်းဆီ၊ကျွန်တော်ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားပါတယ်....။ဒါပေမယ့်ကျွန်တော်
တန်ဖိုးထားတာတစ်ခုလည်းရှိပါသေးတယ်...၊အဲ့ဒါက သူငယ်ချင်း ဆိုတာကိုပဲပေါ့....။

ကျွန်တော်တို့လူသားတွေတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံကြရာမှာပက်သက်ဆက်နွယ်မှုအပေါ်မူတည်ပြီး
ခေါင်းစဉ်အသီးသီးရှိတယ်မနှင်းဆီရဲ့....၊မိဘနှင့်သားသမီး၊ညီအကိုမောင်နှမ၊ဆွေမျိုးသားချင်း၊ဆရာတပည့်၊
ဇနီးခင်ပွန်း၊အလုပ်ရှင်နှင့်အလုပ်သမား၊မိတ်ဆွေသူငယ်ချင်း....၊အစရှိသဖြင့်ပေါ့မနှင်းဆီရယ်...။အဲဒီခေါင်းစဉ်
တွေအပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ဆက်ဆံမှုရေချိန်အနိမ့်အမြင့်တွေကလည်းကွာခြားသွားတတ်ပါတယ်။

ကျွန်တော်တို့တစ်တွေ တစ်မြို့တစ်ရွှာ၊တစ်ခြားနိုင်ငံတွေကို ထွက်ခွာရဖို့အကြောင်းပေါ်လာရင် မိဘတွေ၊
ဇနီးခင်ပွန်းတွေကို ချန်ထားရစ်ခဲ့ဖို့ဆိုတာ ဝန်တာလေးလွန်းလှပေမယ့်၊သူငယ်ချင်းတွေကို ခွဲခွာရဖို့ဆိုတာ သိပ်ပြီး လေးလံလှတယ်တော့မဟုတ်ဘူးမနှင်းဆီရဲ့...၊ဆိုလိုတာကတော့မနှင်းဆီရယ်....ကျွန်တော်တို့အဖို့
ရာ သူငယ်ချင်းဆိုတာ တခြားပတ်သက်ဆက်နွယ်သူတွေနဲ့ယှဉ်လိုက်ရင်သိပ်ပြီးထည့်မတွက်မိတဲ့သူတွေလို
ဖြစ်နေတာပေါ့နော်...။ဒါပေမယ့်မနှင်းဆီရေ....ကျွန်တော်တို့ဘဝမှာ သူငယ်ချင်းဆိုတာ သိပ်ကိုတန်ဖိုးထား
ရမယ့်သူတွေဆိုတာ မနှင်းဆီသိအောင်ပြောပြချင်ပါသေးတယ်.....။

အခါတစ်ပါးမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ညီတော်အာနန္ဒာက...အရှင်ဘုရားတဲ့....အဆွေခင်ပွန်းဆို
တာ ဘဝမှာ ငါးဆယ်ရာနှုန်းလောက် အရေးကြီးတယ်ဘုရား....လို့လျှောက်တင်ဖူးသတဲ့....၊အဲ့လိုလျှောက်
တင်တော့ ဘုရာရှင်က...ချစ်သား....ဒီလိုမပြောသင့် အဆွေခင်ပွန်းဆိုတာ ရာနှုန်းပြည့်အရေးကြီးသကွ လို့
ပြန်မိန့်တော်မူသတဲ့....။

မနှင်းဆီရေ....ကျွန်တော်တို့ဘဝမှာ ရွေးချယ်စရာဆိုတာ သိပ်နည်းလှပါတယ်၊ကျွန်တော်တို့ရွေးချယ်ခွင့်ရှိ
တဲ့အရာတွေထဲမှာ သူငယ်ချင်းဆိုတာ ထိပ်ဆုံးကပါသပေါ့ မနှင်းဆီ....၊ရန်သူတစ်ယောက်ရှိသလား များလှ
ပါသည်၊မိတ်ဆွေ တစ်သန်းရှိသလား နည်းလွန်းလှသည် ဆိုတဲ့ စကားလေးကိုလည်း မနှင်းဆီကြားဖူးမှာပေါ့
နော်...၊ဟုတ်တယ်မနှင်းဆီရဲ့....၊ကျွန်တော်တို့မှာ မိတ်ဆွေသူငယ်ချင်းများများရှိတာ သိပ်ကို ဝမ်းသာစရာ
ပါ....။ရှိနေတဲ့သူငယ်ချင်းတွေအပေါ်မှာလည်း ခိုင်မာတဲ့ သူငယ်ချင်းကောင်းဆက်ဆံရေးလည်း ရှိသင့်တယ်
မနှင်းဆီရဲ့...၊

ဆိုတော့ မနှင်းဆီက မေးချင်မပေါ့....သူငယ်ချင်းတွေအကြားမှာ ဘယ်တွေရှိသင့်သလဲ...၊ဘာတွေလိုအပ်
သလဲ....လို့ပေါ့...၊သူငယ်ချင်းဆိုတာ တစ်ဦးနဲ့တစ်ဦး လူမျိုး၊ဘာသာ၊အယူဝါဒတွေ တူစရာမလိုဘူးမနှင်းဆီ၊
ဓလေ့အကျင့်စရိုက်တွေလည်း ကွဲပြားကောင်းကွဲပြားနေလိမ့်မယ်...၊အချိန်တိုင်းမှာလည်း တစ်ဦးနဲ့တစ်ဦး
နားလည်မှုပေးချင်မှပေးနိုင်ပေလိမ့်မယ်....၊ဒါပေမယ့် ဒါတွေက ကိစ္စမရှိဘူးမနှင်းဆီရဲ့...၊ရွှေပြည်ကြီးက
ဘဘကြီးတစ်ဦးပြောတဲ့စကားတစ်ခွန်းကို ကိုးကားပြောရရင်....သူငယ်ချင်းဆိုတာ မတူတာတွေကိုဘေး
ဖယ်ထားပြီး တူတာတွေကိုအတူပူးပေါင်းလုပ်ကြသူတွေပါပဲ....။

မနှင်းဆီရေ....ပြောခဲ့သလိုပါပဲ....သူငယ်ချင်းဆိုတဲ့အကြား ထွေထွေပြားပြားတော့ ဘာမှမလိုအပ်လှပါဘူး။
တစ်ဦး အခက်အခဲဖြစ်နေချိန်မှာလည်း တစ်ခြားတစ်ဦးက နှုတ်၏စောင်မခြင်းမျိုးလောက်နဲ့ပဲ ကူညီကောင်း
ကူညီနိုင်ပါလိမ့်မယ်...၊သူ့မှာလည်း သူ့အခက်အခဲနဲ့သူရှိပေလိမ့်မပေါ့ မနှင်းဆီ...၊ဒါပေမယ့်မနှင်းဆီရေ...
အဲ့ဒီလို "သူငယ်ချင်းရေ....အဆင်ပြေရဲ့လားဟ...." ဆိုတဲ့စကားလေးတစ်ခွန်းကလည်း ကိုယ်တွေအဖို့
တော့ အားပဲ မနှင်းဆီရဲ့...။

သူငယ်ချင်းတွေကြား ဘာမှမလိုအပ်ဘူးဆိုပေတဲ့ မရှိမဖြစ်လိုအပ်တဲ့အရာ၊ထားရှိစောင့်ထိန်းရမယ့် အရာ
တစ်ခုတော့ရှိတယ်မနှင်းဆီရဲ့....၊အဲ့ဒါကတော့ ' သစ္စာတရား ' ပဲ မနှင်းဆီ....။ဟုတ်တယ်မနှင်းဆီရေ....
သူငယ်ချင်းဆိုတာ အရေးအကြောင်းဆို ရင်ခြင်းအပ်၊ကျောခြင်းကပ်ဖို့သာဖြစ်တယ် မနှင်းဆီ...၊ဓားထက်
ထက်နဲ့ထိုးစိုက်ရမယ့် နောက်ကျောတစ်ခုတော့မဟုတ်ဘူးကွယ့်...၊တစ်ယောက်ကိုတစ်ယောက် ဖေးမ၊
လက်တွဲ၊ကူညီကြဖို့သာဖြစ်တယ်၊ကိုယ်နင်းတက်ဖို့ ခုတုံး တစ်ခုမဟုတ်ဘူးကွယ့်.....။

အမြင်၊အယူ၊ဝါဒတွေမတူလို့ သူငယ်ချင်းအချင်းချင်း မျက်နှာချင်းဆိုင်၊ဓားချင်းယှဉ်ခုတ်ရတာမျိုး ရှိကောင်း
ရှိလာနိုင်မယ်...၊ဒါပေမယ့် မကောက်ကျစ်ကြကြေးပေါ့မနှင်းဆီ...။သူငယ်ချင်းတွေကြားမှာ ဆက်နွယ်နေတဲ့
ကြိုးတစ်ချောင်းရှိမယ်ဆိုရင် အဲ့ဒီကြိုးလေးက သစ္စာတရားပဲမနှင်းဆီ....။ကျွန်တော်တို့ သူငယ်ချင်းကောင်း
တစ်ယောက်ကို လက်မလွတ်ချင်ဘူးဆိုရင် သူ့ကို အဲဒီကြိုးလေးနဲ့ ချည်နှောင်ထားဖို့မမေ့ပါနဲ့ မနှင်းဆီ...၊
တစ်ဦှးနှလုံးသားနဲ့ တစ်ဦးနှလုံးသားကြား ဒီကြိုးလေးနဲ့သာ ချည်နှောင်မထားဘူးဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတွေကို လက်လွတ်သွားရလိမ့်မပေါ့ မနှင်းဆီရယ်....။ဆရာမဂျူး ကရေးဖူးတယ်....အချစ်ဆို
တာ ကြိုးသီဖို့မလိုတဲ့ ပန်းလေးတွေတဲ့...၊ဒါဖြင့်ရင် သူငယ်ချင်းဆိုတာ ကြိုးသီဖို့လိုတဲ့ ပန်းလေးတွေလို့
ကျွန်တော်တင်စားလိုက်ချင်တယ်မနှင်းဆီ...၊ဟုတ်တယ်....၊ကျွန်တော်တို့သူငယ်ချင်းတွေအကြား သစ္စာ
ကြိုးလေးတစ်ချောင်းနဲ့တော့ သီထားဖို့လိုလိမ့်မယ်မနှင်းဆီရဲ့...။

ဘဝကတိုတောင်းလှပါတယ်လေ...၊ဘဝတိုတိုလေးမှာ ရပ်တည်စရာ နေရာတစ်ခုမှာ ယိုင်နဲ့နဲ့လေး ရပ်
တည်နေနိုင်ဖို့ ကျွန်တော်တို့မနဲ ကြိုးစားနေရတယ်မနှင်းဆီ...၊ကျွန်တော်တို့ မှီခိုကပ်ရပ်နေရတဲ့ ကမ္ဘာကြီး
ကိုယ်တိုင်ကလည်း ကျမ်းမာရေးမကောင်းလှတာမို့ ကျွန်တော်တို့မှာ ကပ်ကြီးတွေကိုလည်း ရင်ဆိုင်နေရပါ
သေးတယ်...၊အရိုင်းဆန်လှတဲ့ကမ္ဘာ၊ကြမ်းတမ်းလှတဲ့ လောကကြီးထဲမှာ ကျွန်တော်တို့ တတ်နိုင်သရွေ့
ရင်ခြင်းအပ်ကြပါစို့၊ကျောခြင်းကပ်ကြပါစို့၊တစ်ဦးနှင့်တစ်ဦးကြား သစ္စာတရားဆိုတဲ့ ကြိုးကလေးတစ်ချောင်း
နဲ့ ခိုင်ခိုင်မြဲမြဲ ချည်နှောင်ထားကြပါစို့လား မနှင်းဆီ....။

တူမလေး အိန်ဂျယ်ဆပ်ပြာရဲ့ ဖေ့ဘွတ်က မ လာတဲ့ပုံလေးပဲ မနှင်းဆီ... 

(ဤပို့စ်သည် မနှင်းဆီကိုသာရည်ရွယ်ပါသည်...၊သို့ဆိုသော် မနှင်းဆီဘယ်သူလည်း ဟုမေးရန်ရှိလာပါ
သည်...၊ရှင်းအံ...၊တစ်ခါသော် သူငယ်ချင်းတစ်ဦးသည် သူ့ဘလော့လေး၌ မနှင်းဆီသို့ ဟူသော ကဗျာ
များကိုရေးဖွဲ့လေ၏။သူ အဘယ်သူကို ရည်ညွှန်းလေသနည်း၊မသိပါ၊မေးလည်းမမေးမိပါ၊သူ့ရင်ထဲမှ ထွက်
ကျလာသော အဖွဲ့သီးသန့်လည်းဖြစ်ပါလိမ့်မည်...၊သို့သော် ကျွန်တော်တို့ထံသို့လည်း မနှင်းဆီဓာတ်ကူး
ဆက်သွားပြီးသကာလ ကျွန်တော်တို့လည်း မနှင်းဆီကို တိုင်တည်သောစာတို၊ကဗျာတိုလေးများကို ရေးဖွဲ့
ကြသောဟူလို....၊ကျွန်တော်တိုင်တည်သော မနှင်းဆီဟူသည် တစ်ခါကရေးဖွဲ့ဖူးသော ဟန်နီ ကဲ့သို့ လူ
ကိုယ်တိုင် ထင်ရှားစွာရှိသော အရာတစ်ခုမဟုတ်ပါချေ၊ သင်္ကေတ တစ်ခုသာဖြစ်ပါသည်...၊ထို သင်္ကေတ
သည် " သူငယ်ချင်း " ဟူ၍တည်း......၊)

20 comments:

ညီလင်းသစ် said...

မနှင်းဆီတော့ မပြောတတ်ဘူး၊ ကျနော်ကတော့ ဒီပို့စ်မှာ သူငယ်ချင်းတွေကို ချစ်ခင်သူ၊ တန်ဖိုး ထားတတ်သူ တစ်ယောက်ကို တွေ့လိုက်ရတယ်ဗျ၊း) ဟုတ်ပါတယ်၊ မိတ်ဆွေ သူငယ်ချင်းဆိုတာ ပန်းကလေးတွေလို အမြဲတစေ ဂရုစိုက်ပြီး ရေမှန်မှန် လောင်းနေရတာမျိုး မဟုတ်လား၊ ကျနော်တို့တွေ ကြားမှာ မြဲမြဲချည်ဖို့ သစ္စာတရား ကြိုးတွေ လိုပါတယ်..။

Anonymous said...

မနှင်းဆီလည်း အဲလိုပဲ နားလည်ပါတယ်အေ
နှင်းဆီဖြူ(ဖဘက ပရိုဖိုင်းပုံအရ အမည်တွင်စေ)

စံပယ်ချို said...

သူငယ်ချင်းတွေကို ချစ်ခင်သူ၊ တန်ဖိုး ထားတတ်သူ တစ်ယောက်ကို တွေ့လိုက်ရတယ်လို့ ၀မ်းသာမိပါတယ်ဟုတ်ပါတယ်၊ မိတ်ဆွေ သူငယ်ချင်းဆိုတာ ပန်းကလေးတွေလို အမြဲတစေ
ဂရုစိုက်ပြီး ရေမှန်မှန် လောင်းနေရတာမျိုး မဟုတ်လားတဲ့လေ...တွေးတတ်လိုက်တာ
မနှင်းဆီကိုတွေ့ရင်ပြောပေးရမှာတွေများနေပြီ။
ခင်တဲ့ jasmine

ဖိုးကြယ် said...

အမငှီး...သူနဲ့သူငယ်ချင်းဖြစ်ရင် အဲလိုမျိုးကြိုးကြီးနဲ့ အလွှတ်ခံရမယ်ထင်တယ် :P

ခင်တဲ့(ဖိုးကြယ်)

Maung Myo said...

သူငယ်ချင်းက ပိုက်ဆံလာချေးရင်ကော ချေးမှာလားငင်း))


ဟုတ်တယ် မနှင်းဆီ အကြောင်းတွေဖတ်ဖတ်နေရပြီး နားလည်မှု လွဲမှားကြတာလေး သွားတွေ့တော့ စိတ်မကောင်းဘူး တကယ်ဆို များပြားလွန်းလှတဲ့သူတွေကြားမှာ ကျနော်တို့တွေ တစ်ယောက်တစ်နေရာဆိမှာ ရှိနေကြပေမယ့် ထူးဆန်းစွာ သူငယ်ချင်ုးဖြစ်ခွင့်ရတာလေးကပဲ ကျေးဇူးတင်စရာ အမုန်းတွေများကြရင် စိတ်မကောင်းစရာပါပဲ နားလည်မှုတွေရသွားကြရင်ကောင်းမယ် ။ အားလုံးကိုအဆင်ပြေစေချင်ပါတယ် ။ ကျနော်တို့တွေဟာ ကြိုးနဲ့သီထားတဲ့ ပန်းကလေးတွေလေ ဒီထဲမှာ ပန်းကလေးတစ်ပွင့် ညှိုးနေရင် ဒီပန်းကုံးလေးတွေ လှနိုင်မယ်မထင်တော့ပါဘူး ။


အဆင်ပြေကြပါစေ သူငယ်ချင်းတွေ အားလုံး ။

blackroze said...

အဖြူရောင်သံယောဇဉ်ကို
မနှင်းဆီလည်းသိမှာပါ

ဟန်ကြည် said...

အလိုလေး...ဆားစ်ရောဂါထက်ဆိုးတဲ့ မနှင်းဆီရောဂါပါကလား...နောက်တစ်ပို့စ်ရေးရင် ဦးဟန်ကြည်တို့လည်း သို့...မခင်နှင်းဆီလေးဘာလေးနဲ့ တည်ပြီး ချဦးမှပဲး)

သူငယ်ချင်းဆိုတာ ဘ၀ရဲ့ အားဆေးတွေပေါ့ ကငြိမ်းနိုင်ရယ်...ခက်တာက သူငယ်ချင်းဆိုတာ ရှားပါးပစ္စည်းဖြစ်နေပြီး မိတ်ဆွေတွေပဲ များများလာနေတော့လည်း စိတ်ညစ်ရတာ တစ်ခုပဲ...

သူငယ်ချင်းဆိုတာ မိုးပျံပူဖောင်းနဲ့တော့ မတူလောက်ပေဘူးဗျာ...ပူဖောင်းက ထိတာနဲ့ပေါက်ကရော...သူငယ်ချင်းကတော့ ထာဝရ ရှင်သန်တဲ့ အမျိုးမဟုတ်လား...

မနှင်းဆီပို့စ်တွေဖတ်ရသမျှ ဒီတစ်ပုဒ်တော့ ခံတွင်းလိုက်လှပါရဲ့ဗျား...

သူကြီးမင်း (တုံးဖလား) said...

သူငယ်ချင်းဆိုတာ အရေးအကြောင်းဆို ရင်ခြင်းအပ်၊ကျောခြင်းကပ်ဖို့သာဖြစ်တယ် မနှင်းဆီ...၊ဓားထက်
ထက်နဲ့ထိုးစိုက်ရမယ့် နောက်ကျောတစ်ခုတော့မဟုတ်ဘူးကွယ့်...၊

အရမ်းအရမ်းကို မှန်ကန်တဲ့ အဆိုလေးပါဘဲ။
မောင်လေးတစ်ယောက်လဲ မနှင်းဆီနဲ့ နှစ်ပါးသွားနေတာ ကြာရောပေါ့။ ဟုတ်ပါလေ့ မနှင်းဆီ။ကမောင်လေးပြောတာ မှန်ပါပေ့။း)

ခင်မင်လျှက်

Cameron said...

တစ်ယောက်တစ်နေရာဆီရှိနေကြတဲ့ ကြောင်များရဲ့ ချစ်ခင်တွယ်တာမှု သူငယ်ချင်းပီသမှုများကို လေးစားရပါသည်...။

မနှင်းဆီး)

ညီရဲ said...

ဟုတ်တယ် အစ်ကို...
သူငယ်ချင်းဆိုတာ တန်ဖိုးထားအပ်တဲ့ အရာတစ်ခုပါ...
အဲဒီတဂ်ပို့ စ်လေး ကျွန်တော်ရေးတော့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် အကြောင်းလေး ရေးဖြစ်ခဲ့တာ အစ်ကို...
ခုတော့ သူတို့ က မရှိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော့် ရင်ထဲမှာတော့ အခုထိ ရှင်သန်နေတုန်းဘဲ အစ်ကို...

mstint said...

မှန်လိုက်တဲ့စကားလုံးတွေပါ မောင်ညိမ်းရေ 'သူငယ်ချင်းဆိုတာ မတူတာတွေကိုဘေး
ဖယ်ထားပြီး တူတာတွေကို အတူပူးပေါင်းလုပ်ကြသူတွေပါပဲ' ဆိုသလို ဆိုးတူကောင်းတူ ရင်တွင်းစကားတွေဖလှယ်နိုင်တာ စစ်မှန်တဲ့သူငယ်ချင်းတွေပဲပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ကညိမ်းရေ
အမှန်ဆုံးပါပဲ
သူငယ်ချင်းတွေအပေါ်မှာထားသင့်တဲ့
သစ္စာတရားတွေ သံယောဇဉ်တွေ က ထိန်းသိမ်းထားကောင်းတယ်လေး)

မအိမ်သူ said...

ဒီပို့စ်က အကြိုက်ဆုံးစာသားတွေကို ကုတ်လုပ်ရမယ်ဆိုရင်တော့ ပို့စ်တစ်ခုလုံးကိုပဲ ပြန်ကူးရတော့မှာမို့ မကုတ်တော့ပါဘူးကွယ်။ သူငယ်ချင်းချစ်မှာ ဘာအရောင်အဆင်းမှမရှိဘူး။ ဖြူစင်တဲ့ သစ္စာတရားနဲ့ နှောင်တွယ်ထားတဲ့ တစ်သက်စာခင်မင်မှုတွေပဲရှိတယ်။
"Life has no blessing like a caring friend." တဲ့...
မောင်မျိုးရဲ့ ကွန်မန့်လေးကလဲ so touching!
သူငယ်ချင်းတွေကြားက သစ္စာကြိုးကလေးတွေ ထာဝရခိုင်မြဲပါစေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်ကလည်း သူငယ်ချင်းတွေအပေါ်ကောင်းသူ တစ်ယောက် ဖြစ်ချင်တယ်..
ကိုယ့်အပေါ်လည်း ပြန်ကောင်းတဲ့ သူငယ်ချင်းမျိုးလိုချင်တယ်။။
သူငယ်ချင်းဆိုတာ မိဘမောင်နှမပြီးရင် အားအကိုးရဆုံးသူတွေပါဘဲနော်..
ကိုယ့်အပေါ်ကောင်းတဲ့သူဆို တန်ဖိုးထားရမှာပါ။

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကောင်းတဲ့ ပို့စ်လေးပါပဲအကို....
ဖတ်ခွင့်ရလို့ ကျေးဇူးပါ...
ရဲဘော်ရဲဘက်လို သူငယ်ချင်းတစ်ယောက် အစပျောက်သလို ပျောက်နေပေမယ့် နေ့စဉ်နဲ့ အမျှ သတိရနေမိတယ် သူလဲ သတိရနေမှာလို့ ယုံကြည်နေမိပြန်တယ်......
ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..

ကြောင်ဖြူများရှင် said...

ငါ့သူငယ်ချင်း အပင်လေးကို ရေလောင်းလိုက်တာ များသွားလို့  အမြစ်ပုတ်ပြီး သေတော့မယ် အိကု။

no comment ပါ။

မိုးယံ said...

အားလုံးဟာ နှစ်တစ်ရာအတွင်းမှာ သေဆုံးမယ့် လူသတ္တ၀ါတွေချည်းပါပဲကွယ်...

မသေခင်လေးတော့ အေးအေးချမ်းချမ်း လမ်းဘေးသေးပန်း...အဲလေ...ဟုတ်ပါဘူး..

အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင်...ဆို...

မေသိမ့်သိမ့် ကျော် said...

အခုမှ သိတယ်။ မနှင်းဆီဆိုလို့ ကောင်မလေး အောက်မေ့နေတာ။ ဟေးဟေး

Anonymous said...

ငကြောင် တွေ ကြောင်တဲ့ ပွဲပါ။ စော်တပွေကို ၀ိုင်းကြောင်ရင်းနဲ့ ဖြစ်တဲ့ ပြသနာ......

San San Htun said...

သူငယ်ချင်းကောင်းတွေ ရှိရင် ကောက်တဲ့လမ်းက ဖြောင့်သွားတယ်တဲ့..အမှန်ပါပဲ..မတူညီတဲ့ အသိုင်းအဝန်း၊ စရိုက်၊ အတွေးအခေါ်တွေ ရှိပေမဲ့ တယောက်ကို တယောက် နားလည်ပေးရင်း အဝေးကြီးမှာ ရှိနေကြပေမဲ့ ရင်ဘတ်မှာတော့ နီးနေတယ်..