Sunday, November 27, 2011

မိန်းမဟူသည် (ဇာတ်သိမ်း)

ပညာရှိကြီးလောင်းဇူ ၏အသုဘပြီးဆုံးသွားသည်မှာ နှစ်ပတ်ခန့်ရှိသွားပြီင်္ဖြစ်သည်။မေဟွာလေးမှာ ပူဆွေး
ဝမ်းနည်းစွာဖြင့်အိမ်တွင်းမှအိမ်ပြင်ပင်မထွက်ရှာ၊ဝမ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံကိုလည်းခုထိမချွတ်သေး။
ချစ်စွာသောခင်ပွန်းသည်၏ကမည်းတိုင်ရှေ့တွင်ပင်တစ်နေ့လုံးအချိန်ကုန်နေရှာတော့သည်။တစ်နေ့တွင်....

"အိမ်ရှင်တို့....အိမ်ရှင်တို့ခင်ဗျား....ဒါ ဆရာကြီးလောင်းဇူအိမ် ဟုတ်ပါသလားခင်ဗျား......"

အိမ်ရှေ့မှ တကြော်ကြော်အော်ဟစ်ခေါ်နေသော တစိမ်းတစ်ယောက်၏အသံကြောင့် မေဟွားလေးမှာမနေ
သာတော့...၊ခုချိန်တွင် မည်သူ့ကိုမျှလက်ခံတွေ့ဆုံလိုခြင်းမရှိသေးသော်လည်းမနေသာတော့သောကြောင့်
အိမ်တံခါးကိုဖွင့်၍ ကြည့်လိုက်ရာ....တစိမ်းယောင်္ကျားပျိုတစ်ဦးကို ဝန်စည်စလွယ်များနှင့်အတူတွေ့လိုက်ရ
လေတော့သည်။ထိုလူစိမ်းကိုတွေ့လိုက်ရသည်ခဏ မေဟွားလေးမှာရုတ်တရက် ငေးငိုင်သွားရတော့သည်။
နက်မှောင်သောဆံကေသာ၊နုနယ်ပျိုမြစ်သောမျက်နှာပေါ်မှ ထင်ရှားသောမျက်ခုံး၊ကြစုသီးသဏ္ဍန်မျက်လုံး၊
ကြန့်ခိုင်သောခန္ဓာ ကိုပိုင်ဆိုင်ထားသော ခန့်ညားချောမောသည့် လူငယ်လေးတစ်ဦးပါလား...။

"'ဒီအိမ်က ဆရာကြီးလောင်းဇူအိမ်ပါလားခင်ဗျာ...."

ချိုသာယဉ်ကျေးစွာမေးမြန်းလိုက်သော စကားသံကြောင့် မေဟွားလေး သတိပြန်ဝင်လာသည်။

" ဟုတ်ပါတယ်ရှင်...."

"ကျွန်တော့်က လျှိုအမျိုးအနွယ်ကပါ ဆရာကြီးဆီမှာ ပညာသင်ကြားချင်လို့နေပြည်တော်ကလာခဲ့ရတာပါ၊
ဆရာကြီးနဲ့တွေ့ခွင့်ရပါရစေခင်ဗျ..."

" အို....နေပြည်တော်ကတောင်ရခဲ့ရလေသလား....၊အလာကောင်းပေမယ့်၊အခါနှောင်းသွားပြီ မောင်မောင်
ရဲ့၊ဆရာကြီးဆုံးသွားတာ နှစ်ပတ်ကျော်ပြီကွယ့်...."

"ဟင်.....ဖြစ်မှဖြစ်ရလေဗျာ....."

ရုတ်တရက်ညိုးနွမ်းသွားသော လုလင်ပျို၏မျက်နှာနုနုလေးကိုကြည့်ရင်း မေဟွားစိတ်ထဲမှ ဂရုဏာစိတ်တို့
ယိုဖိတ်လာချေပြီ.....။

" ကဲပါလေ..ရောက်ပြီးမှတော့ အိမ်ထဲဝင်ပါဦး...."

သို့နှင့်ပင် မေဟွားလေးမှာ ကိုယ်ပေါ်မှဝမ်းနဲခြင်းအထိမ်းအမှတ်ဝတ်စုံကိုပင် ဘာသာသတိမထားနိုင်တော့၊
တစိမ်းယောင်္ကျားပျိုလေးအား အိမ်ထဲသို့ဖိတ်ခေါ်၍ ဧည့်ဝတ်ပြုမိလေပြီ။

"ရေနွေးကြမ်းသုံးဆောင်ပါဦးကွယ်...."

ယောင်္ကျားပျိုလေးအား တည်ခင်းသော ရေနွေးကြမ်းအိုးလေးသည် တချိန်က ချစ်စွာသောခင်ပွန်းသည်အား
အမြတ်တနိုး တိုက်ခဲ့သော အိုးလေးဖြစ်နေသည်ကိုလည်း သတိမထားမိတော့....။

" ဒါနဲ့ ဒီက မမ က...."

သူတစိမ်း၏မေးခွန်းအဆုံး၌ မေဟွားလေးမှာ မျက်နှာညိုးသွားရသည်။ခင်ပွန်းသည်ကိုပင်သတိရသွား၍
လော...၊မိမိသည် အပျိုမလေးမဟုတ်ပဲ ပူပူနွေးနွေး လင်သေမုဆိုးမလေးဖြစ်နေ၍လော ဆိုသည်မှာမူ
မေဟွားကိုယ်တိုင်အသိဆုံးဖြစ်ပေလိမ့်မည်။

" မမ ကဆရာကြီးလောင်းဇူရဲ့ ဇနီးသည်ပါကွယ်...."

"အော်......"

ယေင်္ကျာပျိုလေး၏မျက်နှာ၌ အမျိုးအမည်မသိ ခံစားမှုတစ်ခု ဖြတ်ပြေးသွားသည်ဟု မေဟွားလေး မှတ်ထင်
လိုက်မိသည်။နှမြောခြင်းလော၊တစ်စုံတစ်ရာမျှော်လင့်ခြင်းလော.....။

"ဆရာကြီးရဲ့ ဂုဏ်သတင်း၊ဆရာကြီးပြုစုခဲ့တဲ့ ကျမ်းစာတွေရဲ့ ဂုဏ်သတင်းက နေပြည်တော်ထိတောင် မွေး
လှပေမယ့်၊ ဆရာကြီးဆီမှာ ဒီလောက်ချောမောလှပတဲ့ ဇနီးသည် လေးရှိနေတာတော့ တစ်ရံတစ်ဆစ်မှ
မကြားမိခဲ့ပါလားဗျာ...၊အင်း ကျွန်တော့်မယ် ဆရာကြီးဆီ ပညာသင်ချင်လွန်းလို့ ခက်ခဲလှတဲ့ခရီးကြမ်းကို
ဖြတ်သန်းလာခဲ့ရတာ..၊ခုတော့...."

ယောင်္ကျားပျို၏စကားအဆုံးတွင် မေဟွားလေးပါးပြင်ပေါ်၌ နှင်းဆီတစ်ခင်းဖြတ်ပြေးသွား၏။မိမိအလှအပေါ်
ကျေနပ်စိတ်ဖြင့် ဘာမှပြန်မပြောမိ....။

" မမရယ်.....၊ကျွန်တော် ရောက်လက်စနဲ့တော့မထူးပါဘူး....၊ဆရာကြီးရဲ့ကျမ်းစာတွေကို ကျွန်တော့်ကို
လေ့လာခွင့်များပြုနိုင်မလားခင်ဗျာ...."

"အင်း..ကျမ်းစာတွေကိုလေ့လာတာကတော့ ဟုတ်ပါရဲ့...မောင်မောင်က ဘယ်မှာတည်းခိုမှာတုန်းကွယ် "

"'ဒါကတော့ မမရယ်...ရွာပြင်ဇရပ်မှာပဲနေရမယ်ထင်ရဲ့...."

ခက်ချေပြီ၊ရွာပြင်ဇရပ်ဆိုတာ ညအိပ်ညနေ နေလို့ကောင်းသည်မှမဟုတ်တာပဲလေ.....။

"အို....ဒီလိုတော့ ဖြစ်မလားကွယ်...၊ကိုယ့်ဆီလာတဲ့သူကိုဧည့်ဝတ်မကြေသလိုဖြစ်နေမပေါ့၊ဒီတော့ ဆရာကြီးရဲ့ စာကြည့်ခန်းမှာပဲ နေပြီး ကျမ်းစာတွေကိုလေ့လာပေတော့ကွယ့်...."


သို့နှင့်ပင် ပညာရှိကြီးလောင်းဇူ၏ စာကြည့်ခန်း၌ တစိမ်းဧည့်သည်တစ်ဦးသောင်တင်နေလေပြီ၊နေထိပန်း
သို့ ညိုးနွမ်းနေသော မေဟွားလေးလည်း မိုးဆန်းပန်းလေးအလား လန်းဆန်းလာချေပြီ။အော်...အသစ်
တဖန်ပြန်လည်မွေးဖွားလာသော အချစ်၏စွမ်းပကားလေများလား.....:D

ရွေဧည့်သည်ကား စာကြည့်ခန်းထဲတွင်ပင် အပတ်တကုတ် ကျမ်းစာများကိုလေ့လာနေလေ၏။စရောက်
သောနေ့က စကားသွက်သလောက် နောက်ရက်များတွင်တော့ မေဟွားလေးအား စကားပင်ဟဟမပြော၊
မေဟွားလေး ကြိုးစားပမ်းစားချက်ပြုတ်ကျွေးမွေးသမျှကို ကောင်းသည်၊ဆိုးသည်မပြော၊တိတ်ဆိတ်စွာပင်
နေ နေရှာလေသည်။

စိတ်ထဲ မခံချိမခံသာဖြစ်ရသည်က မေဟွားပင်...၊သူခမျာ မနက်မိုးလင်းသည်နှင့်သူ့ကိုယ်သူလှသည်ထက်
လှအောင် ပြင်ရသည်။ကောင်းနိုးရာရာလေးများကို အားကြိုးမာန်တတ်ချက်ပြုတ်ကျွေးမွေးရသည်။သို့ပေ
မင့် ရွေဧည့်သည်လေး၏ပါးစပ်မှ ဘာတစ်ခွန်းမှထွက်မလာ...။ဒိန်းတလိန်းနတ်ကား မေဟွားလေးကိုဖမ်း
စားလေပြီထင့်....။

တစ်နေ့သော ညနေခင်းတွင်မတော့ မေဟွားလေးသည် ရေနွေးကြမ်းအိုးလေးတစ်အိုးဖြင့် စာကြည့်ခန်းထဲ
ဝင်ရောက်လာပြီးလျှင် ရွေဧည့်သည်လေးအား ဧည်ဝတ်ပြုရှာလေသည်။ကိုရွေဧည်သည်ကား...ကျမ်းတစ်
အုပ်ဖြင့် အလုပ်ရှုပ်နေရာမှ မေဟွားလေးအား မျက်မွေးထော်လို့မှ မော်မကြည့်...။မေဟွားလေးခမြာ မခံချိ၊
မခံသာစိတ်ဖြင့်...

"ဒီမှာ မောင်မောင်....၊မောင်မောင်ရှိနေတဲ့ ဒီရက်ပိုင်းအတွင်း မမ မင်းကို ဧည့်ဝတ်ကျေစွာပြုစုပါရက်ကယ်
နဲ့ ဘာကြောင့်များ လူကို ဖုတ်လေတဲ့ငပိရှိသည်တောင်မအောင်မေ့၊စကားတစ်ခွန်းတောင်ပြောဖော်မရ
တာ ဘာကိုများမကျေနပ်လေသလဲကွယ်...၊မမ မင်းအပေါ် တစ်စုံတစ်ရာ ဧည့်ဝတ်မကျေတာရှိလို့လား...၊
ပြောစမ်းပါကွယ့်....."

" အို...မဟုတ်...မဟုတ်ရပါဘူး...မမရယ်...၊ကျွန်တော်.....ကျွန်တော်လေ....၊အို....ရှင်းရှင်းပဲပြောတော့
မယ် မမရယ်...၊ကျွန်တော် မမကို မြင်စကတည်းက ချစ်ခင်စွဲလန်းစိတ်တွေက တားဆီးမရ၊နေ့နေ့ညည၊
မမ ကိုပဲ တသနေမိတာရယ်..၊ဒါပေမယ့် ဆရာကြီးရဲ့ အိမ်ရိပ်မှာနေပြီး ဆရာကြီးမယားကိုစော်ကားသလို၊
ဖြစ်မှာစိုးလေတယ်...၊မမနဲ့စကားများပြောမိရင် ခုလို ချစ်စိတ်တွေပေါက်ကွဲထွက်လာရင်ဖြင့် မမ ကျွန်တော့်အပေါ် ညိုညင်မှာစိုးလို့ ဘာစကားမှမပြောမိအောင်နေမိခြင်းရယ်ပါဗျာ....."

" အို....ဖြစ်ရလေမောင်မောင်ရယ်...၊မမမှာဖြင့် မဆွတ်ခင်ကညွှတ်ချင်စိတ်နဲ့ မောင်မောင့်စကားအဟ ကို
စောင့်စားမျှော်လင့်နေရသူမှန်းမသိလေရော့သလား၊ဆရာကြီးလည်း ဘဝတစ်ပါးပြောင်းသွားပြီပဲကွယ်...၊
ဘာကြောင့်များ စိုးရိမ်ကြောင့်ကြနေရသတုန်း...." ဟု မေဟွားလေးမှာ ကတုန်ကယင်၊ပျော်ရွင်၊ကြည်နူး
ခြင်းအပြည့်ဖြင့် ဆိုလိုက်ရင်ပဲ.....

"အို....ဝမ်းသာလိုက်တာ မမရယ်...ဒါဖြင့် ဘာကြောင့်များအချိန်ဆွဲနေမလဲ၊နောက်နေ့ ကျွန်တော်နဲ့အတူ
နေပြည်တော်ကို လိုက်ခဲ့ပါတော့နော်....."

" အဲ....အဲ့လိုတော့ချက်ချင်းကြီးမဖြစ်သေးဘူးကွယ့်၊မမ သွားလေသူကြီးကို ပေးထားခဲ့တဲ့ ဂတိတစ်ခုတော့
ရှိတယ်..၊အဲ့ဒါကတော့ နောက်အိမ်ထောင်ပြုမယ်ဆိုရင် သူ့အုတ်ဂူခြောက်အောင်စောင့်ပါ့မယ်ဆိုတဲ့ ဂတိ
ပဲကွယ့်..၊အင်းခုလောက်ဆိုရင်လည်း သူ့အုတ်ဂူခြောက်လောက်ပါပြီကွယ်..၊သို့ပေမယ့် သေချာအောင်
မနက်ကျ မမ သွားကြည့်ပါဦးမယ်....၊ဒီတစ်ညတော့ စောင့်ပါဦးကွယ်...နော်...."

သို့နှင့် နောက်နေ့မနက်စောစော မေဟွားလည်း ဆရာကြီးကိုနောက်ဆုံးနှုတ်ဆက်ခြင်း ပန်းစည်းလေးကိုင်
ကာ သုဿန်သို့သွားရှာလေသည်။သို့သော်.....ပညာရှိကြီးအုတ်ဂူမှာ ခြောက်ဖို့ဝေးစွ၊မနေ့တနေ့ကမှ
ဂူသွင်းထားသည့်အလား စိုထိုင်းထိုင်းပင်ရှိသေးသည်တစ်ကား....။

"ဟင်း....မောင်မောင်ရေ....၊အုတ်ဂူကမခြောက်သေးဘူးကွယ်...အစိုကြီးရှိသေးသကွယ့်...."

မေဟွားလေး အိမ်ပြန်ရောက်သော် မျော်လင့်တကြီးစောင့်စားနေရှာသောသူအား အထက်ပါအတိုင်းပြော
လိုက်သည်ရှိသော်....

"ဟင်း...မမရယ်....၊အစကတည်းက ကျွန်တော်ဖွင့်မပြောလိုက်ရကောင်းသား...၊ခုတော့ ကျွန်တော် မမနဲ့
နီးချင်စိတ်တွေက တားမရတော့ဘူးမမရယ်....."

"အို...မောင်မောင်ရယ်..၊စိတ်မပျက်ပါနဲ့ ဒီနေ့မခြောက် နောက်နေ့ခြောက်လိမ့်မပေါ့...၊သည်းခံပြီးစောင့်
ပါကွယ်..."

သို့နှင့် တစ်ရက်ပြီးတစ်ရက် မေဟွားခမြာ သုဿန်သို့သွားကြည့်ရှာသည်။အုတ်ဂူမှာ မခြောက်နိုင်သေး၊
စောင့်စားနေရသူ ချစ်သောမောင်မောင်မှာလည်း မစားနိုင်၊မအိပ်နိုင် တပိန်ပိန်တလိန်လိန်ဖြစ်နေပြီဖြစ်ရာ
မေဟွားလေးမှာ မချိသောနှလုံးဖြင့် နောက်ဆုံးကြံရာမရတော့သည့်အဆုံး၊ တစ်နေ့တွင် ပညာရှိကြီး၏
အုတ်ဂူရှေ့ ကြုံကြုံလေးထိုင်ကာ အမြန်ခြောက်သွားစေခြင်းငှာ ယပ်တောင်လေးဖြင့် ခပ်ပေးနေရှာတော့
သည်။

"အလို....ဒီကနှမ...ဘာကြောင့်များ မျက်နှာမသာမယာနှင့် အုတ်ဂူအား ယပ်ခပ်ပေးနေရသလဲကွယ်...
ကျုပ်ဘာများကူညီပေးနိုင်မလဲကွယ့်...."

 မေဟွားလည်း ထိုသို့ ညိုးငယ်သောစိတ်ထားဖြင့် အုတ်ဂူကိုယပ်ခပ်ပေးနေရာမှ  နောက်ပါးမှ စကားသံ
ပေါ်ထွက်လာသဖြင့် မော်ကြည့်လိုက်ရာ ခရီးသွားအမျိုးသားကြီးတစ်ဦးမှ ကြင်နာစွာ ငုံကြည့်နေသည်ကို
တွေ့လိုက်ရလေတော့သည်။ကြံရာမရ ဖြစ်နေသူအတွက် အားကိုးရာကောက်ရိုးတမျှင်တော့ရလေပြီ။

" ဒီ..ဒီလိုပါရှင်၊ဒီအုတ်ဂူက ကျွန်မယောင်္ကျားအုတ်ဂူပါ၊သူ့အုတ်ဂူအမြန်ခြောက်သွားအောင်ကျွန်မယပ်ခပ်
ပေးနေတာပါ...."

"ဟုတ်ပါပြီလေ...၊အုတ်ဂူခြောက်အောင်လုပ်ပေးဖို့က မခက်လှပါဘူး၊သို့ပေမယ့် ဘာကြောင့်အလျှင်စလို
ခြောက်သွေ့စေချင်ရသတုန်းကွယ်...၊အကျိုးသင့်အကြောင်းသင့်ဆို ကျုပ်ကူညီပါ့မယ်လေ....."

အင်း...အဲ့ဒါမှခက်ပြီ၊အမှန်အတိုင်းဖွင့်ပြောသော် ထိုသူ ကူညီချင်မှ ကူညီပေလိမ့်မည်။သို့အတွက်ကြောင့်
ပင် မေဟွားလည်း မိန်းမတို့မာယာဖြင့်.....

" ဒီလိုပါရှင် ကျွန်မယောင်္ကျားက အင်မတန်အအေးကြောက်တယ်ရှင့်၊ခုလိုအုတ်ဂူအေးအေးကြီးထဲမယ် သူ
နေနိုင်မယ်မဟုတ်ပေဘူး...၊ဒါကြောင့် သူ့ကိုချစ်သောစိတ်နဲ့ ယပ်ခပ်ပေးနေရတာပါ၊ကူညီနိုင်ရင် ကူညီပါ
ရှင်...."

" ဟား.....ဟား....ဟား...တတ်လည်းတတ်နိုင်တဲ့ မေဟွားပါလားကွယ်....၊မင်း နောက်ယောင်္ကျားအမြန်
လိုချင်ရင် လိုချင်တယ်ပြောပါကွယ်....."

"ဟင်.....ရှင်...ရှင်...ဘယ်လိုသိသတုန်း....ရှင်ဘယ်သူလဲ......"

"ဟား...ဟား.....ကျုပ်ဘယ်သူတုန်း...ဟုတ်လား...သေသေချာချာကြည့်စမ်းပါမေဟွားရဲ့....."

ထိုသူ၏စကားအဆုံးတွင်တော့ သူ၏ရုပ်သွင်သည်  ပညာရှိကြီးလောင်းဇူ၏ရုပ်သွင်သို့ တဖြည်းဖြည်းချင်း
ပြောင်းလဲသွားသည်ကို အံသြဖွယ်မြင်လိုက်ရလေတော့သည်။

မေဟွားလေးလည်း ရှက်ခြင်း၊ကြောက်ခြင်း၊အံသြခြင်း အစရှိသောဝေဒနာများကိုခံစားရလျက် သူမ
ချစ်ရသောမောင်မောင်ရှိရာ အိမ်သို့ပြေးရှာလေသည်။အိမ်သို့ရောက်သော် သူချစ်သောမောင်မောင် နှင့်
တစ်ကွ ပညာရှိကြီးနောက်ဆုံးပြုစုခဲ့သော ကျမ်းစာအုပ်ကြီးပါ ပျောက်ခြင်းမလှပျောက်ဆုံးလျက်ရှိသည်ကို
အံသြဖွယ်ရာ တွေ့လိုက်ရလေတော့သတည်း....။အမှန်မှာကား အနှီးယောင်္ကျားပျိုလေးမှာလည်း ပညာရှိ
ကြီးလောင်းဇူဖန်တီးထားသော ကိုယ်ပွားတစ်ဦးပင် ဖြစ်နေလေတော့သည်တစ်ကား.....။

~~~~~~~~~~~~~~~~~~

" ကြောင်လတ်ရေ....ပုံပြင်လေးကတော့ ဒါပါပဲကွာ....၊ကဲ...မိန်းမတွေရဲ့ ပြောင်းလဲတတ်တဲ့သဘောကို
ခုလောက်ဆို မင်းလည်းကောင်းကောင်းသဘောပေါက်ပြီဟုတ်....၊ဒီတော့ မိန်းမတစ်ယောက်အတွက်နဲ့
အဲ့လောက် ပူဆွေးသောကရောက်မနေနဲ့တော့ဟ....ဟုတ်ဘီလား....."

ကျွန်တော်၏ ရှည်လျားထွေပြားလှသောပုံပြင်ကြီးအား တက်သုတ်ရိုက်အဆုံးသတ်ပြီးလျှင် ဤကဲ့သို့ အချစ်
နာကျနေသော ကြောင်လတ်အား တရားချလိုက်သည်ရှိသော်.....။

"အင်း.....မင်းပြောတာငါသဘောပေါက်ပြီ...၊ဟုတ်တယ်....မိန်းမတစ်ယောက်တည်းအတွက် ဘာကြောင့်
ဝမ်းနည်းနေမတုန်း...၊မင်းပြောသလိုပဲ မိန်းမဆိုတာပြောင်းလဲတတ်တဲ့သဘောရှိတယ်..၊ဒါကြောင့် တစ်ခြား
မိန်းမတွေ ပြောင်းလဲလာပြီး ငါ့အပေါ် ကျ မလာဘူးလို့မပြောနိုင်ဘူး...၊အနဲဆုံးတော့ နင့်ပုံပြင်လေးထဲက
လို မုဆိုးမချောချောလှလှလေးတစ်ယောက်ယောက်ကိုတော့ ငါမျှော်လင့်လို့ရနိုင်သေးတယ်..ဟေ့ဟေ့..."

ဟူ၍ ပျော်ရွင်ဝမ်းမြောက်စွာ ပြောဆိုလေတော့သည်....။ကျွန်ုပ်လည်း....ငါတော့ ခုတ်ရာတခြား၊ရှရာတစ်
ခြားဖြစ်သွားလေပြီ၊ပြောမိတာကိုက ငါ့အမှားပါလား.....ဟူ၍ ကြီးစွာသော စိတ်ပျက်ခြင်းဖြစ်ပြီးလျှင်...

မိန်းမဟူဘိ ထိုဣတ္ထိကား မရှိမကောင်း၊ရှိမကောင်းတည်း....ဟူသော လင်္ကာလေးအစား.....

ယောင်္ကျားဟူဘိ ထိုငတိကား မရှိမကောင်း၊ရှိမကောင်းတည်း...ဟူ၍သာ ရေရွတ်နေမိလေတော့သတည်း။

(ဘာရယ်မဟုတ်ပါဘူးခင်ဗျား....၊ခုတလောရေးစရာမရှိလို့ ကြားဖူးနားဝလေးကို ဗာရာဏသီချဲ့လိုက်ခြင်း
ပါ။ဇာတ်လမ်းပါ အချိန်၊နေရာ၊အမည်နာမများသည် ကျွန်တော်စိတ်ကူးရှိသလို ရေးသား ထားခြင်းဖြစ်ပါ
တယ်၊နောက်တစ်ခုကကျွန်တော့်အနေနဲ့ feminist တစ်ဦးမဟုတ်သလို၊မဟာပုရိသဝါဒီလည်း မဟုတ်ရပါ
ဘူး၊မိန်းမဖြစ်စေ၊ယောင်္ကျားဖြစ်စေ မကောင်းသူကမကောင်း၊ကောင်းသူကတော့ ကောင်းမှာပဲ လို့ပဲယူဆ
သူပါ။ဒီပို့စ်ဟာမိန်းမတစ်ဦးဦးကိုလည်းကောင်း၊မိန်းမအားလုံးကိုလည်းကောင်း တစ်စုံတစ်ရာရည်ရွယ်ခြင်း
အလျှင်းမရှိပါဘူးခင်ဗျာ...။နောက်တစ်ခုက ကျွန်တော့်သူငယ်ချင်းကြောင်လတ်ကို ခင်မင်စိတ်နဲ့ စနောက်
ထားခြင်းမျှသာဖြစ်ပါတယ်..၊သူကတော့ ကျွန်တော်ရေးသလို မဟုတ်ပါဘူးခင်ဗျား....၊
(နဲနဲတော့ ပြန်ဖြည်ထားမှတော်ကြာ ဆဲနည်းပေါင်းစုံနဲ့လာဆဲနေဦးမယ်....:P ))

19 comments:

ကိုကိုမောင်(ပန်းရနံ့) said...

မောင်လေး။
ဘာအခုမှ ကြောက်ပါပြီ။ မိန်းမ မကောင်းဘူးဆို မကောင်းဘူးပေါ့။ ဘယ့်နှယ် မကောင်းလဲ ရေးသေးတယ်။ မိန်းမတွေကို ရည်ရွယ်ခြင်း မရှိပါဘူးတဲ့။ ဟင်းးးးးးး တတ်လဲ တတ်နိုင်တဲ့ လူပြိုကြီး။ အဟီးးး နှာ့အတိုင်းဘဲ။း)

ခင်မင်လျှက်
တဂျင်းမီးးးး

ကိုကိုမောင်(ပန်းရနံ့) said...

"လဲ" ကျန်ထားခဲ့လို့ ပြန်လာထည့်တာ။း))
ဘာအခုမှ ကြောက်ပါပြီလဲ။းးးးးးးးးးးးးးး)

Crystal said...

အဖြစ်မရှိတဲ့ လူပျိုကြီးတွေပဲ
မိန်းမတွေ မကောင်းကြောင်း
ရေးရဲတာပါဟယ် :D

မအိမ်သူ said...

အင်.. ရေးလဲရေးသေး ဖြေရှင်းချက်ကလဲ ထုတ်ရသေးလား..း))
လူပျိုကြီးတွေနဲ့တော့ ခက်ပါ့... :P

mstint said...

'ဒီပို့စ်ဟာမိန်းမတစ်ဦးဦးကိုလည်းကောင်း၊မိန်းမအားလုံးကိုလည်းကောင်း တစ်စုံတစ်ရာရည်ရွယ်ခြင်း
အလျှင်းမရှိပါဘူးခင်ဗျာ' အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ်မှတ် မောင်ညိမ်းရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

ဟွင်းးဟွင်းးဟွင်းး
ဒီမှာကညိမ်း
ရေးတုန်းကရေးပြီး
ရေးပြီးမှမဟုတ်ရပါဘူးဆိုတာ
ဘာသဘောလဲ..
လူပြိုကြီးတွေများခက်ပ..

san htun said...

အဟမ်း..အဟမ်း..ရေးတုန်းက ရေးပြီးတော့..ဘာ အခုမှ ယုန်ကလေး နှာစေးနေတာလဲ လူပြိုကြီးရဲ့ ...

Nyi Linn Thit said...

ဖတ်ရတာ ကောင်းလိုက်တာ ကိုညိမ်းနိုင်ရေ..၊ အဖွဲ့အနွဲ့ ကောင်းမကောင်းတော့ အပေါ်က ကြိမ်းသွားကြတဲ့ ကော်မန့်တွေက သက်သေပဲလို့ ပြောရမယ် ထင်ပါရဲ့၊း) ဒိုင်ယာလော့ဂ်တွေရော၊ ဖြစ်စဉ်ပြရော၊ လူပုံပန်းကို ဖွဲ့တာရော ထောင့်စေ့လှ ချည်လားဗျ..၊ ချီးကျူးပါတယ်ဗျာ..။

မဒမ်ကိုး said...

ဟင်းး ဟင်းး ဟင်းး ဟင်းး ဒီလောက်နဲ့ သက်သာသွားတယ်မှတ်ပါ ကညိမ်း

နေ၀သန် said...

အပေါ်က သူကြီးမင်းကတော့ သဘောတွေခွေ့နေမှာ.. ဟိဟိ.... ဖတ်လို့တော့ အတော်ကောင်းတယ်..း))

ခင်မင်လျက်
နေ၀သန်

မိုးနင်း said...

မိန်းမတွေက ကောင်းတယ်..
မိန်းမတွေက မကောင်းဘူးဆိုတာ
စကားနားပန်းမှာ အားစမ်းကြရအောင် တိုငြိမ်းရေ..
နောင်ဂျိမ့်၊ နောင်ဂျိန်နောင်..ဗြောင်တောင်ပလောင်..
ညောင်..ညောင်

jasmine(တောင်ကြီး) said...

ဘာအခုမှ ကြောက်နေတာလား
စောင့်ဦးနော်
ဂျက်ကီချမ်းနဲ့ ဂျက်လီကိုခေါ်ထားတယ်
နဲနဲပါးပါးဆုံးမဖို့တော့လိုလာပြီလေ
ရေးတုန်းကတော့ရေးပြီးတော့
ဟုတ်တယ်မိုးနင်းပြောသလို
အားစမ်းကြရအောင် တိုငြိမ်းရေ
"မ"ခင် "မ"မင် jasmine

N/A said...

ဖတ်လို့ကောင်းသလောက် အတော်ရှင်းယူရမဲ့စာပဲး)

ညီရဲသစ် said...

အစ်ကိုရေ... ကြည့်ကျက်လုပ်ဗျ... အွန်လိုင်းပေါ်မှာက သိတဲ့ အတိုင်း မိန်းကလေးတွေက များတယ်လေ... ဒီတော့ ကျွန်တော်က စိုးရိမ်လို့ ပြောတာနော်... ဟီ ဟိ...

...အလင်းစက်များ said...

ဟဟဟ ခုမှ ပြန်ဖြည် မနေနဲ့ ။ ဟိုမှာ ၀ိုင်းထောင်းဖို့  ပြင်နေကြသူတွေ တစ်ပုံကြီးရယ်။ အန်တီတင့်တို့  ကျန်တဲ့ အစ်မတွေ နင့်ဝိုင်းသမ ကြမလို့  အလျောက်ကောင်းသွားတယ် မှတ်လိုက်ပါ။

Candy said...

ဟဟဟ.. ရေးပြီးမှ မရည်ရွယ်သလေး ဘာလေးနဲ့.. မကြောက်ပါနဲ့ ငှဲ ငှဲ ငှဲ.. :P ;D :P

ကိုရင် said...

ကြောက်ပါပြီ လုပ်နေတယ်..
ရေးလည်း ရေးချင်တယ်..မိန်းမ မရမှာလည်း ကြောက်နေ တာလား သားရယ်.. :D

သမီးစံ said...

နေပြည်တော်ကမောင်မောင်နဲ့
ပျဉ်းမနားက..အဲလေ
တရုတ်ပြည်ကမေဟွား..
တွေ့ကြပီပေါ့း))
အဲ့ဒီ့ပုံပြင်ထဲကအတိုင်း.
အပြင်မှာသာ.တကယ်ဖြစ်ကြည့်..
မေဟွားပြောတတ်ရင်.နေတောင်မကွယ်ဘူး
ပညာရှိကြီး.စိတ်ပြန်ပြေသွားမှာ
မြင်ယောင်သေးး)))
မိန်းကလေး.ယောင်္ကျားလေးမှမှုတ်ပါဘူး
လူမှန်သမျှ.ခြောက်ပြစ်ကင်း
သလဲစင်ရယ်လို့..ရှိမှမရှိတာရှင်
မေဟွားလဲ.ရမလားလို့.ချိန်ကြည့်တာနေမှာပေါ့း)

နိဂုံးစာပိုဒ်လေးကြောင့်..ကျေးဇူးတင်ပါတယ်
အစ်ကိုတော်..

လေးစားစွာဖြင့်

Han Kyi said...

အရေးအသားကောင်းပါပေ့ဗျာ ဖတ်ရင်းနဲ့သဘောကျလိုက်တာတာ...မရောက်တာကြာသွားလို့ နောက်ပြန်ဖတ်ယူရတယ်...အောက်က မေတ္တာစာလေးတွေပါဖတ်ကြည့်ပြီး လူပြိုကြီးဖြစ်ရတာ မလွယ်ပါလားလို့လည်း သံဝေဂရသွားပါရဲ့...းးး)))