Friday, November 25, 2011

မိန်းမဟူသည်......

တစ်နေ့သ၌ကျွန်ုပ်ညိမ်းနိုင်တစ်ယောက်အလုပ်မှပြန်ရောက်လျှင်ပြန်ရောက်ခြင်းချိုးရေတော်မသုံး၊စားတော်
အုပ်မတည်နိုင်သေးပဲ၊စီးထားသော ဆေ့တီးဘုကြီးအား ဘုန်းဆို ကန်ကျောက်ချွတ်ပြီးလျှင်၊လပ်တော့လေး
အားကပျာကယာဖွင့်ပြီးနောက်အွန်လိုင်းလူမှုကွန်ယက်ကြီးများ ဖြစ်ကြကုန်သောဖွတ်စဘွတ်၊ဘလော့၊ဂျီတော့
တို့အားသုံးမျိုးသောနာမည်၊သုံးခုသောပတ်စဝပ်တို့အားအသုံးပြုပြီးသကာလ...၊အနှီးလူမှုကွန်ယက်များထဲ
တွင်ထဲထဲဝင်ဝင်၊မွှေနှောက်၊ခြောက်ခြား၊အလုပ်များလျှက်ရှိချေတော့သည်တစ်မုံ.....။

သို့အလုပ်ကြီးအကိုင်ကြီးများကို ဆောင်ရွက်မိသည်ရှိသော် တစ်ယောက်သောသူငယ်ချင်းအား ကောင်းစွာ
သတိထားမိလေ၏။အနှီးသူငယ်ချင်းကား...အယုဒ္ဒယအမည်ရသော တိုင်းနိုင်ငံအတွင်း၌ အလုပ်မရှိအကိုင်
မရှိ တစ်ရာကိုး၊တစ်ရာ့ဘူ လုပ်နေသော ကုဋေရှစ်ဆယ်သထိန်းသားကြောင်လတ်တည်း...။မှန်အိ....သင်း
ကြောင်လတ်ကား....သူဌေးသားပီသစွာ တစ်နေ့တစ်နေ့ ဘာအလုပ်မှမလုပ်ပဲ အွန်လိုင်းပေါ်တွင်မိုးလင်းမှ
မိုးချုပ် ရှိနေတတ်သူဖြစ်၏။သို့သော် ထိုနေ့တွင်ကား ကျွန်ုပ်ရှင်ကြားပူလက်လုပ်လက်စားလေးပင်အွန်လိုင်း
ပေါ်ရောက်နေချေပြီဖြစ်သော်လည်း သင်း၏အရိပ်အယောင်မှမမြင်ရ၊ဘလော့တွင်လည်း ဘာမှမရေး၊ဖဘ
တွင်လည်း ယခင်လိုလပ်ယားလပ်ယားမလုပ်၊ဂျီတော့တွင်လည်း မီးမစိမ်းရုံမက၊ဝါလည်းမဝါ၊နီလည်းမနီပဲ
အော့လိုင်းသာပြနေလေတော့ချေသည်တကား.......။

သို့ကြောင့်ပင် သင်းပျောက်ခြင်းမလှပျောက်နေသည်ကို ကျွန်ုပ်ကောင်းစွာသတိထားမိသည်မှ၊ကောင်းစွာ
မသင်္ကာခြင်းကိုလည်းဖြစ်မိတော့သည်၊သင်းကား...ဘာတွေကြောင်ကြံ ကြံနေလေသည်မသိ၊ကျွန်ုပ်လည်း
မသင်္ကာခြင်းကိုမလွန်ဆန်နိုင်သည့်အလျောက် သင်း၏ဂျီတော့အား..အွန်လိုင်းကမ္ဘာသားတို့တတ်အပ်သော
ပညာကိုသုံးလျက် စစ်ဆေးလိုက်သည်ရှိသော်........လား.....လား....သင်းကား......ဂျီပုန်းဂျီးဖြစ်နေလေ
တော့သည်တကား..........။အဲ....မှားလို့..သင်းကား ဂျီတော့တွင် ပုန်းလျက်ရှိနေခြင်းပင်တကား....။

သို့ ဂျီပုန်းဖြစ်သူအား လက်ပူးလက်ကြပ်ဖမ်းမိသည်ရှိသော် သူငယ်ချင်းတို့ ဝတ္တရားရှိသည့်အလျှောက်
အောက်ပါအတိုင်း ယဉ်ကျေးချိုသာ၊နှစ်လိုဖွယ်ရာသောပဋိသန္ဓာရစကားဖြင့် နှုတ်ခွန်းဆက်ခြင်းအမှုကိုပြု
လိုက်သောဟူလို.....။

" ဟဲ့....မတာမ...ခြောက်တောင်မ...တေဂျင်းဇိုး....ဘယ့်နှာပုန်းနေရသတုန်း....ဖဘမှာ ကြောင်မျှစ်တစ်
ကောင်သောင်းကျန်းနေတာ ငါလည်းမနိုင်တော့ဘူး၊နဲနဲပါးပါးလာပြီး ဒီကြောင်စီမျှစ်ကို နဘန်ကျင်းပေးစမ်း
ပါဦးဟ...."

ဤသို့ချစ်ဖွယ်ချိုသာသောကျွန်ုပ်၏ခွန်းဆက်စကားကို သင်းတုံပြန်ပုံကား.....

"ဟာ......မလာချင်ဘူး....ဒီမှာ ငါအသဲကွဲနေလို့...လေနေတယ်...."

ကျွန်ုပ်။     ။ဘာ......နင်အသဲပြဲနေတယ်ဟုတ်လား...ဘာဖြစ်သတုန်း.....။

ကြောင်လတ်။    ။ငါနဲ့ အီစီကလီ ဖြစ်နေတဲ့ ကောင်မလေး သြဇီကောင်နောက်ပါသွားပြီး သြဇီလစ်တော့
မယ်တဲ့ဟာ....အဟင့်....အဟီးဟီး...ရွှတ်...ဖတ်.....။
(မှတ်ချက်။    ။ရွှတ်...ဖတ်.... ဆိုသည်မှာ သင်း နှပ်ညှစ်သံတည်း.....)

ကျွန်ုပ်။    ။ဟင်...ဂယ်လား....ဖြစ်ရလေဟာ...၊အေးလေ...သူ့ဘက်ကကြည့်တော့လည်း နင့်လိုကောင်ကို
ဒီလောက်သည်းညည်းခံတွဲလာတာပဲ တော်လှပါပြီဟာ.....။

ကြောင်လတ်။    ။သေနာကြီး...၊ဒီမှာတကယ်ခံစားနေရတာဟ...လာနောက်မနေနဲ့...။

ကျွန်ုပ်လည်း သူတကယ်ခံစားနေရသည်ဟု ယုံချင်သလိုလိုဖြစ်လာသည်ရှိသော် မနောက်ပြောင်တော့ပဲ...

ကျွန်ုပ်။    ။အေးပါဟာ...၊နာက နင်ပေါ့သွားအောင်နောက်တာပါ...၊အေးပေါ့လေ...ဆန်ဆုံစား၊ကံကုန်သွား
ပေါ့...၊သိပ်ပြီးခံစားမနေနဲ့...၊မိန်းမဆိုတာဒီလိုပဲဟ....။

ကြောင်လတ်။     ။ဟုတ်တယ်....မိန်းမတွေများ သိပ်ကြောက်ဖို့ကောင်းတယ်...၊တော်ပါပြီ၊နောင်များတော့။

သို့ဆိုလတ်သည်ရှိသော် ကျွန်ုပ်လည်း စပျစ်သီးချဉ်သောတစ်ယောက်တော့တွေ့ပြန်ပြီဟု စိတ်ထဲမှ နှလုံး
ပိုက်မိသော်လည်း ပါးစပ်ကမူ ဝါးတားဖော်လို ဖစ်ဖော်လို လိုက်၏။

ကျွန်ုပ်။     ။ဟုတ်ပါ့ဟာ......ဒါကြောင့်ငါ့လိုပဲလူပျိုကြီးလုပ်စမ်းပါ....၊သွားသွား ဘုရားမှာ ကျွန်တော်မျိုး ဒီ
တစ်သက် မိန်းမ မယူတော့ပါဘူး လို့ သစ္စာဆိုချေ....။

ကြောင်လတ်။     ။ဟင်...အဲ့လိုတော့ဖြစ်မလား...၊မပြောကောင်းပြောကောင်း မိန်းမရနေရင် အလကားနေ
သစ္စာစူးနေပါ့မယ်.....။

အလို..လာလာချည်သေး....၊သူလား....ရဦးမှာ....မိန်းမ....ဟု ကျွန်ုပ်လည်း စိတ်ထဲမှ မြည်တွန်မိလေ၏။

ကျွန်ုပ်။    ။ဒီမှာကြောင်လတ်ရ...၊မိန်းမဆိုတာ အသစ်မြင်ရင်အဟောင်းမေ့တတ်တဲ့သဘောရှိတယ်..၊
ရှေးပညာရှိကြီးများက အဲ့သာကြောင့် မိန်းမဟေ့ဆို မပတ်သက်မိအောင် နေကြသကွ..၊မာဃဒေဝလင်္ကာ
ထဲမှာဆိုရင်......။

ကြောင်လတ်။    ။အင်း.....မာဃဒေဝလင်္ကာထဲ ဘာတဲ့တုန်း.....။

ကျွန်ုပ်။    ။ဟာ..သိချင်ရင်ဝယ်ဖတ်ပေါ့ဟာ...ငါလည်းမေ့သွားပြီဟ....။

ကြောင်လတ်။    ။တေနာ...အကောင်းအောင့်မေ့လို့.....။

ကျွန်ုပ်။     ။ဒီမှာ မာဃဒေဝလင်္ကာထဲက ဟာတော့ ထားတော့ မိန်းမတွေရဲ့စိတ်သဘောထားအကြောင်း
နင်သိအောင် ငါဖတ်ဖူးတဲ့ ပုံဝတ္ထုလေး ပြောပြမယ်....။တရုတ်ပုံပြင်လေးဟ....။

ဟုဆိုပြီးလျှင် သူနားထောင်ချင်မှန်းမသိ၊ထောင်ချင်မှန်းမသိ ကျွန်ုပ်လည်းအောက်ပါအတိုင်းကြားဖူးနားဝ
လေးများအား လေတစ်ဖောင်ဖောင်ဖြင့် ဆရာကြီးလုပ်လေတော့သည်ဟူသတတ်.....။

ဟိုး...လွန်ခဲ့တဲ့ ဘီစီ ၅၀၀ ခန့် တရုတ်ပြည်မှာ ဟန်မင်းဆက်အုပ်ချုပ်နေချိန်မှာပေါ့....။တရုတ်ပြည်မြောက်
ပိုင်းမှာ ကျိလင်းဆိုတဲ့ ရွာလေးတစ်ရွာ ရှိသတဲ့။အဲဒီရွာလေးမှာ လောကီ၊လောကုတ် နှစ်မျိုးစလုံး၌ ကောင်း
စွာနှံစပ်၊အရပ်ရပ်သော ပညာတို့အားထိုးဖောက်သိမြင်ကျွမ်းကျင်လှတဲ့ ပညာရှိကြီးတစ်ယောက် ရှိလေ၏။
ထိုပညာရှိကြီးအမည်ကား ' လောင်းဇူ ' ဟူသတည်း....။

ထိုကျိလင်းရွာလေးမှာပင်' မေဟွား ' ဆိုသော ချောမောလှပသည့်မိန်းမပျိုလေးတစ်ဦးလည်းရှိလေသတတ်။
တစ်နေသော် အဆိုပါ မိန်းမပျိုလေးမေဟွား ၏ မိဘများသည် မေဟွားလေးအား အိမ်ထောင်ရက်သားချ
ပေးရန် အနီးအပါးရှိ လူပျိုလူလွတ်များကို စဉ်းစားသည်ရှိသော် တစ်ဦးတစ်ယောက်ကိုမျှ စိတ်တိုင်းမကျ၊
တစ်ဦးတစ်ယောက်မှ သူတို့သမီးအချောအလှလေးနှင့်လိုက်ဖက်လှသည်ဟု့မထင်ကြချေ။သို့သော်...
သူတို့ သဘောကျသောသူတစ်ဦးကားရှိ၏။ ထိုသူကား ပညာရှိကြီးလောင်းဇူ တည်း....။

ပညာရှိကြီးလောင်းဇူနှင့် မေဟွားကား အဖိုးနှင့်မြေးအရွယ်လောက်ပင်ရှိလေ၏။သို့သော် ဤသည်က အကြောင်းမဟုတ်....၊ပညာရှိကြီးသည် နူးညံ့သိမ်မွေ့၏၊ပညာညဏ်ကြီး၏၊တပည့်တပန်းများ၏၊မင်းပေါက်
စိုးပေါက်လည်းဖြစ်လေ၏။ သို့ကြောင့်ပင် အနှီးဆရာကြီးလောင်းဇူအား သားမက်အဖြစ်ရွေးချယ်ကြပြီးသော်
မြောက်မြားလှစွာသော မင်္ဂလာလက်ဖွဲ့တို့ဖြင့် သွားရောက်တောင်းကြလေတော့သည်...။

(ဤနေရာသို့ရောက်သော် ငြိမ်သက်စွာနားထောင်နေသော ကြောင်လတ်လည်း ပြင်းစွာသော နှလုံးမသာ
မယာခြင်းဖြစ်လျက်..." အော်...သူများတွေများကြတော့ အိုကြီးအိုမအရွယ်ရောက်တောင် သတို့သမီးက တင်တောင်းယူရတယ်....ငါ့မှာများတော့...အဟင့်..အဟင့်...ဟီး...ဟီး...." ဟူ၍ ငိုကြီးချက်မ ဖြစ်နေသော
ကြောင့် ကျွန်ုပ်မှာ ပြောလက်စပုံပြင်ကိုရပ်၍ သူ့အား သုံးမိနစ်ခန့် ချော့လိုက်ရသေး၏။ဤကားစကားချပ်..)

ပုံပြင်ကိုဆက်အံ....။ဤသို့ သတို့သမီးဘက်ကလာရောက် တောင်းရမ်းသည်ရှိသော် ပညာရှိကြီးလောင်းဇူ
လည်း...အင်း ငါလည်းအသက်အရွယ်ထောက်ပြီ....၊တပည့်တပန်းများမှာလည်း ပညာစုံသည်နှင့် အဝေး
ရောက်ကုန်ကြပြီ၊ဆေးပေးမီးယူလေးတော့ရှိထားမှ...၊ကောင်မလေးလည်း မဆိုးရှာပါဘူးလေ ဟုသဘောရ
ပြီးသော် လာရောက်တောင်ရမ်းသည်ကို လက်ခံလိုက်လေတော့သည်....။

သို့နှင့်ပင် ပညာရှိကြီးလောင်းဇူနှင့်မေဟွား တို့ဇနီးမောင်နှံလည်း ပျော်ရွင်ကြည်နူး၊အဆင်ပြေစွာ နေ့ရက်
များကိုကုန်လွန်စေခဲ့လေသည်....။တစ်နေ့တွင်မူ ပညာရှိကြီးသည်...အင်း ငါသည်ကာ အိုလှပြီ...၊ငါပြုစု
သော ကျမ်းကြီးကျမ်းခိုင်များလည်း များလှပြီ။သို့သော် ငါမသေခင် နောင်လာနောက်သာ အမျိုးကောင်း
သားများ အကျိုးများစေရန်အလို့ငှာ လွန်စွာအရေးကြီးလှသော ကျမ်းကြီးတစ်စောင်ကိုပြုစုရေးသားအံဟု
နှလုံးပိုက်ပြီးလျှင် သူ၏အခန်းတွင်းသို့ ချစ်စွာသောဇနီးသည်လေးမေဟွားမှအပ မည်သူမျှမဝင်စေပဲ ကျမ်း
ကြီးတစ်စောင်ကို ရေးသားပြုစုနေလေတော့သည်...။

လိမ္မာရေးခြားရှိလှသော မေဟွားလေးလည်း ခင်ပွန်းသည်ပညာရှိကြီး အား ရေပူရေချမ်းကမ်းလှမ်းခြင်း၊
ခြေဆုတ်လက်နယ်ပြုစုခြင်းမှအပ၊ ခင်ပွန်ဖြစ်သူ အဘယ်သို့သော ကျမ်းမျိုးပြုစုနေသလဲဆိုတာကိုပင်မမေး၊
ဇနီးကောင်းတို့ ဝတ္တရားအားကျေပြွန်စွာ ပါရမီဖြည့်ပေးနေလေခဲ့သည်...။သို့ဖြင့် လပေါင်းအတန်ကြာကုန်
လွန်လာခဲ့သော် ပညာရှိကြီးပြုစုနေသောကျမ်းလည်း အတန်ခရီးရောက်လာချေပြီ...။ပညာရှိကြီးလည်း
တစ်နေ့တစ်ခြားပိန်လှီလာခဲ့လေပြီ...။

တစ်ညသော် မေဟွားလေးသည် ရေနွေးကြမ်းအိုးလေးနှင့်အတူ ပညာရှိကြီး အခန်းတွင်းသို့ဝင်လာပြီးလျှင်..

 " အကိုကြီးရယ်....အချိန်ပြည့် ဒီကျမ်းကိုပဲရေးနေတော့တာပဲလား....ခဏတဖြုတ်တော့နားပါဦး...
အကိုကြီးကိုကြည့်ရတာ တစ်နေ့တစ်ခြားပိန် ပိန်လာသလိုပဲ...၊ကိုယ့်ကျမ်းမာရေးလည်းဂရုစိုက်ဦးမှပေါ့ "
ဟုချိုသာ၊ပူပန်သော စကားကိုဆိုလိုက်လေ၏


လောင်းဇူ- " အေးကွယ်...အကိုကြီးပြုစုနေတဲ့ကျမ်းကြီးလည်း လက်စသတ်လုပါပြီ ရှင်မရယ်...၊ပြီးတော့မှ
ပဲနားရတာပေါ့ကွယ်...."


မေဟွား- " အို...အကိုကြီးရဲ့ အကိုကြီးပြုစုနေတဲ့ကျမ်းက အကိုကြီးအသက်လောက်တောင်အရေးကြီးသ
လား...၊နားနားနေနေရေးမှပေါ့....၊ဘယ်လိုကျမ်းများမို့လို့ ဒီလောက်တောင်အာရုံစိုက်နေရသလဲအကိုကြီး
ရယ်...၊ဘုရင်မင်းမြတ်ကို ဆက်သဖို့များလားဟင်...."


လောင်းဇူ- "ဘုရင်မင်းမြတ်ကိုဆက်သဖို့ရယ်လည်းမဟုတ်ပါဘူးရှင်မရယ်...၊အမျိုးကောင်းသားအားလုံး
အတွက် ရည်ရွယ်ပြုစုတဲ့ကျမ်းရှင်မရဲ့.."


မေဟွား- " ဘယ်လိုအကြောင်းအရာမျိုးများရေးသားထားတဲ့ကျမ်းမျိုးလဲဟင်..အကိုကြီး..."


လောင်းဇူ- " အင်း...ရှင်မကိုပြောပြရမှာတော့ အားနာရဲ့...၊ခုအကိုကြီးပြုစုနေတဲ့ကျမ်းက မိန်းမမကောင်း
ကြောင်းကျမ်း ရှင်မရဲ့...၊ဟောဒီလောကမယ် အမျိုးကောင်းသားတွေအနေနဲ့ တော်၊တတ်၊ထက်မြတ်တဲ့
သူရဲကောင်းများဖြစ်ချင်ရင်ဖြင့် မိန်းမဆိုသဟာကို ကြပ်ကြပ်ရှောင်ကျဉ်ဖို့ရာ ဆုံးမထားတဲ့ကျမ်းပေါ့...."


အဲဒီလို ပညာရှိကြီးလောင်းဇူက သူပြုစုနေတဲ့ကျမ်းအကြောင်းပြောပြလိုက်တော့ မိန်းမသားဖြစ်တဲ့ မေဟွား
လေးလည်း နဲနဲတော့ မခံနိုင်ဖြစ်သွားသပေါ့လေ...။


မေဟွား- " အလို....ဘယ်လိုများ ရွှေညဏ်တော်စူးရောက်လို့ မိန်းမမကောင်းကြောင်းကျမ်းများ ပြုစုနေရ
သတုန်း ဆရာကြီးရဲ့၊ဘယ်လိုမိန်းမမျိုးကိုများကြည့်လို့ ဒီလိုကျမ်းမျိုးရေးဖွဲ့ရသတုန်း...၊ဟွင်း...ဝေးဝေးက
မိန်းမတွေကိုမကြည့်ပါနဲ့ဆရာကြီးရယ်...၊ဟောဒီက ရှင့်မယားမေဟွားကိုပဲကြည့်၊ဟောဒီရွာနီးချုပ်စပ်တ
လျှောက် မေဟွားမျက်နှာလေးမော်ဖူးရဖို့ဘာပဲလုပ်ရလုပ်ရဆိုတဲ့ လူပျိုကာလသားတွေပုံလို့၊ကျမဖြင့် အကို
ကြီးအပေါ်ဖောက်ပြန်ချင်ရင် ကြိုက်တဲ့ယောင်္ကျားခေါင်းခေါက်တောင်ရွေးလို့ရနိုင်ရဲ့၊ဒါပေမယ့် ဟောဒီရှင့်
မယားလေးက ဘယ်ယောင်္ကျားနဲ့များ စကားသုံးခွန်းပြည့်အောင်ပြောဖူးသလဲ...၊ကဲ...ပြောပါဦးဆရာကြီး
ရဲ့......"
ဟု ခါးလေးချီ၊ရင်လေးမောက်၊လက်ဖဝါးလေးထောက်လို့ ခပ်ဆောင့်ဆောင့်လေး ပြောလိုက်ပါရော..။


လောင်းဇူ- " ရှင်မ အကိုကြီးအပေါ်မဖောက်ပြန်သေးဘူးဆိုတာ ဟုတ်ပါတယ်လေ...၊ဒါကလည်း ဟောဒီ
ရွာနီးချုပ်စပ်မှာ မေဟွားချစ်ခင်နှစ်သက်လောက်တဲ့ယောင်္ကျားမတွေ့သေးလို့ပါလေ...."


မေဟွား- " အလို..ပြောလေကဲလေ ဆိုသလိုတော့ဖြစ်နေပါပြီ။ဒီမှာ အကိုကြီးရဲ့ မေဟွားအကြိုက်တွေ့တွေ့
မတွေ့တွေ့၊ဒီတစ်သက် အကိုကြီးအပေါ်ထားတဲ့ သစ္စာကို မေဟွားတစ်သက်ဘယ်တော့မှမဖျက်ဘူးဆိုတာ
မြဲမြဲမှတ်ထားပါအကိုကြီး၊အို...ကုန်ကုန်ပြောမယ်၊မပြောကောင်းပြောကောင်း အကိုကြီး ဘဝတစ်ပါးပြောင်း
သွားတောင် မေဟွား ဘယ်ယောင်္ကျားကိုမှ စိတ်မကူးတော့ပဲ တစ်သက်လုံးသစ္စာရှိသွားမယ်..."


လောင်းဇူ- " ဟုတ်ပါပြီလေ...၊ရှင်မရဲ့စကားကြားရတာ အကိုကြီးဝမ်းသာလှပါတယ်၊ရှင်မသစ္စာတည်၊
မတည်ကတော့ အချိန်ကစကားပြောလိမ့်မပေါ့...၊ကဲကဲ...ညဉ့်နက်လှပြီ အိပ်ချေတော့......"
ဟု လောင်းဇူလည်းစကားစဖြတ်လိုက်လေတော့သည်။


ထိုသို့ လင်နှင့်မယား စကားအခြေအတင်ပြောဖြစ်ကြသည့် ညမှရေတွက်သော် တစ်ပတ်ခန့်အကြာတွင်
ရုတ်တရက်ချက်ချင်းဆိုသလို ပညာရှိကြီးလောင်းဇူ၌ ကြီးစွာသော အဖျားဝေဒနာစွဲကပ်လေတော့သည်။
မေဟွားလေးလည်း ပညာရှိကြီးအား နေ့ရောညပါ ပြုစုပါသော်လည်း အဖျားရောဂါမှာ သက်သာသည်မရှိ
တိုး၍သာဆိုးလာလေတော့သည်။


လောင်းဇူ- " အင်း....ရှင်မရေ...အကိုကြီးတော့ ဒီတောက်ကိုကျော်နိုင်တော့မယ်မထင်တော့ဘူးကွယ်..၊
အကိုကြီးသေရမှာမကြောက်ပါဘူး၊သို့ပေမယ့် ရှင်မကို ငယ်ငယ်ရွယ်ရွယ်နဲ့ လောကအလယ် တစ်ယောက်
တည်းထားခဲ့ရမှာ စိတ်မချဘူးကွယ်...၊ဒီတော့ အကိုကြီးမရှိတော့တဲ့နောက် ရှင်မ နောက်အိမ်ထောင်ပြုလို
ကပြုနိုင်ပါတယ်....၊ဒါပေမယ့်........"


မေဟွား- " အို.....ဘာတွေလျှောက်ပြောနေသလဲအကိုကြီးရယ်....၊နေသာသလိုနေပါ..၊တောင်တောင်အီ
အီတွေမတွေးနေနဲ့လေ....."


လောင်းဇူ- " အကိုကြီးကိုယ်ကို အကိုကြီးသိပါတယ်ရှင်မရယ်...၊အကိုကြီးမှာလက်စစကားလေး ရှင်မကို
မှာသွားခဲ့ပါရစေ၊အကယ်၍ မေဟွားနောက်အိမ်ထောင်ပြုချင်ပြုပါ၊အကိုကြီးကို ကတိတစ်ခုပဲပေးပါ၊အဲဒီ
ကတိကတော့ အကယ်၍ မေဟွားနောက်ထပ်အိမ်ထောင်ပြုမယ်ဆိုရင် အကိုကြီးရဲ့အုတ်ဂူ ခြောက်သွေ့
တဲ့အထိတော့ စောင့်စေချင်ပါတယ်...၊အဲ့ကတိကိုတော့ အကိုကြီးကိုပေးပါ ရှင်မရယ်...."


မေဟွား- " အဟင့်......ဟင့်....ဟင့်...၊စိတ်ချပါအကိုကြီးရယ်....၊အကိုကြီးလိုချင်တဲ့ ကတိကို မေဟွားပေး
ပါတယ်ရှင်....ပေးပါတယ်......"
 

ထိုသို့ မေဟွားလေး၏ကတိစကားကိုကြားပြီးသည်နှင့် ပညာရှိကြီးလောင်းဇူလည်း သူ၏ချစ်စွာသောဇနီး
လေးအား လောကအလယ်၌ကောင်းစွာ စိတ်ချသွားသည့်အလား သေဆုံးသွားရှာလေတော့သတည်း...။



ဆက်ရန်.......

( ဤပုံပြင်လေးသည် ကျွန်တော့်ကိုယ်ပိုင်ပုံပြင်မဟုတ်ပါ။ငယ်စဉ်ကဖတ်ဖူးသော သုတပဒေသာစာစောင်
ထဲမှ ဘာသာပြန်ပုံပြင်တစ်ပုဒ်သာဖြစ်ပါသည်။အတော်များများလည်းဖတ်ဖူးကြပါလိမ့်မည်။ခုတလော ရေး
စရာမရှိ၍ ဆားချက်လိုက်ခြင်းသာ....:)။ပထမတော့ အစအဆုံးရေးမလို့ပါပဲ သို့ပေမယ့် ရှည်လျားသွား
တာကြောင့် အပိုင်း၁၊၂ ခွဲလိုက်ရပါသည်။ နောက်၂ရက်အတွင်းအပိုင်း၂ ကိုပြီးအောင်ရေးဖြစ်မည်ဟု
မျှော်လင့်ရပါသည်....:)))

13 comments:

...အလင်းစက်များ said...

ကတောက်....... #####@@@@$$$$$$$!!!!@#$#@$$#$%#
$#@#!#$%$#~!~#$%$#

*&%&%$#$%&*^&%$##$%^&*^$

)*&%$%#@$%&&$%!#%&&^*&###
%#%&%**^$##&&^*

#$%^*^*&*(&%$@#@

#%#$*^*^&*^&%^$%#^&^*&*(

ကိုယ့် အကြောင်း ကိုယ်ရေးချင် ပေါ်တင်ရေးပေါ့။ ဘယ်နှယ့် ငါ့လာဆွဲထည့်နေရတာတုန်း။ ဒီမှာ ကြောင်ဖြူများရှင်တို့  အပူမရှာချင်လို့  အေးအေးနေတာ။

တွေ့ ကြသေးတာပေါ့။ ဒါ စိန် လာခေါ်တာ။ မြန်းမိစ့်လို၊ အီးလို၊ ယပလက်လို သုံးဘာသာနဲ့  ရေးပြီး ကမ္ဘာကျော်အောင် ရေးပြလိုက်မယ်။ စောင့်ကြည့်နေပေတော့ အိကု ဆိုတဲ့ လူပျို အသိုး အပုတ် ဂေါ်မစွန် တစ်ခုလပ် မုဆိုးဖို ကြောင်ပါး ညိမ်းဏိုင်ဆိုတဲ့ စလုံးက ကောင်ရေ။ တွေ့ ကြသေးသပေါ့။ ဟွန်းဟွန်း။

khin oo may said...

ဒါများအေ. ပြီးရင် ယပ်လာခပ်ပေမဲ့ဇာတ်လမ်းမဟုတ်လား အိကု ညိမ်းဏိုင်ကြောင်ထွတ်ရဲ့။

Nyi Linn Thit said...

ဟားဟား.. ဖတ်လို့ကောင်းတဲ့အပြင် ရယ်လည်း ရယ်နေရတယ် ကိုညိမ်းနိုင်ရေ..၊း) ကောင်းခန်း ရောက်မှ ဖြတ်ထားရတယ်လို့..၊ စကားမစပ် အခုလို ရေးပြမှပဲ အွန်လိုင်းပေါ်က အကြောင်းတွေ တစွန်းတစ သိရတော့တယ်ဗျ...။း) ဆက်ရန်ကို စောင့်နေမယ်..။

ကိုထွဋ် said...

ငါ့လဲ ပါသဟ..ဗျင်းပါ့ဗျာ..

သူပြောသလောက် မသောင်းကျန်းပါဘူး..

၂၄နာရီ ခုနှစ်ရက်တည်း ဖဘကိုသုံးတာကို

ပြောရက်တယ်...ဗျဲ..အဟီး..ကျအု ကျအု...

Candy said...

ဟဟဟ... ဆက်မည်ကို မျှော်နေမည်..
သူမ ခြောက်အောင်မှ စောင့်ပါ့မလား.. မထင်.. :P

blackroze said...

လူပြိုကြီးတွေများတယ်ခက်သကိုး...

san htun said...

ရယ်ရတယ်ဗျို့ ...အပိုင်း ၂ မြန်မြန် တင်ပါဗျို့ ...

မိုးနင်း said...

လူယုတ်မာကြီး... ကောင်းခန်းရောက်မှ.. ဖြတ်ချလိုက်တယ် ၀ဋ်လည်ဦးမယ်..တစ်သက်လုံး မိန်းမမရအောင် အနော်ကျိန်စာတိုက်လိုက်မှာနော်..

jasmine(တောင်ကြီး) said...

စာဖတ်ရတာ ဒီလောက်ရယ်ရဘူးကွန်မက်တွေဖတ်တော့မှ
ပေါ်ပေါ်ကြီးကိုသိပြီးရယ်ခဲ့ရတယ်
ဘာဖြစ်လို့ ဆန့်ငင်ငင်ကြီးလုပ်တာလဲ

ဖစ်ရလေဂျင်းကွယ်
ဆက်ရေးပါစောင့်နေတယ်ဒါဗြဲ
ခင်ခင်မင်မင် jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် ခုတလော ကြောင်ဖြူများရှင်ပျောက်နေတာ ဒါကြောင့်ကိုးးးး
သနားပါတယ်. ကောင်မလေးက ပစ်သွားရတယ်လို့..
ရေဘေးကလဲ ခံရသေး ကောင်မလေးကလည်း ပစ်ပြေးဆိုတော့ သူ့ခမြာဝမ်းနည်းရှာမှာပေါ့လေ
အားပေးလိုက်ပါ.. သူငယ်ချင်းချင်းတွေ :P :P

mstint said...

လူကနေပေမယ့် ပညာကမနေပါလား မောင်ညိမ်းရေ
ဘဝကံအကြောင်းလှပစေဘို့ ယတြာလိုပြီထင်ပါ့။
စကားမစပ် ကိုလတ်ရေးတာတွေကို ဘာသာပြန်ပေးအုံးး)) သိချင်လို့။
ဆက်ရန်ကို စိတ်ဝင်တစားစောင့်နေပါတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

ခွိခွိ... :D.. ၀ဋ်လည်မယ်... ဟွန်း.. ဆက်ရန်တွေဘာတွေနဲ့ စာဖတ်သူကို နှိပ်စက်လေးခြင်း.... :D

ခင်မင်လျက်
နေ၀သန်

ညီရဲသစ် said...

မအားလို့ ခုမှလာဖတ်ဖြစ်တယ်....
ဒါကြောင့် တို့ ကိုလတ်တစ်ယောက် အွန်လိုင်းမှာ မတွေ့ ရတာကိုး...ဟင်းးး ဟင်းးး
ဆက်ရန်ကို မမျှော်တော့ဘူး တခါတည်း ဖတ်သွားလိုက်တော့မယ်...