Friday, December 2, 2011

ရင် မှ ဆောင်း



မနေ့က အိမ်နဲ့ ဖုံးပြောဖြစ်သည်...၊အမေနဲ့ပြော....၊အစ်မနဲ့ပြော...၊ပြီးတော့ နောက်ဆုံးမှာအဖေနဲ့ပြော
တော့ အဖေက ဒီမှာတော့ နဲနဲအေးလာပြီကွ......တဲ့....။အဖေကအဲ့လိုပြောတော့ သတိရနေတဲ့ ဆောင်းကို
လွမ်းသွားမိတယ်...။မနေ့ကလည်း ရဲထွန်းဇော်က ဖဘမှာ sweetdecemberဆိုပြီးဒါ့ပုံလေးတစ်ပုံတင်တော့
ဘဝရဲ့ချိုမြိန်လှတဲ့ဒီဇင်ဘာဆောင်းနေ့၊ညတွေကိုသတိတရနဲ့လွမ်းမိပါရဲ့......။ဟုတ်သည်.......၊ကျွန်တော့်
အတွက်တော့ နွေသည် ပျင်းရိ၊ငြီးငွေ့မှု ကိုယူဆောင်လာလေ့ရှိသလို၊မိုး ကတော့ နာကျင်လွမ်းမောစရာများ
ကို ဆောင်ကျဉ်းလာတတ်သည်။သို့သော် ဆောင်း သည် ကျွန်တော်အတွက်ကြည်နူးစရာများ၊ပျော်ရွင်မှုများ
ကိုသာ လက်ဆောင်ပေးလေ့ရှိပါသည်။ထို့အတွက်ကြောင့်ပင် ဆောင်းသည် ကျွန်တော့ အချစ်တော်ရာသီ
ဥတုလေးတစ်ခု ဖြစ်လာခဲ့ပါသည်....။


ငယ်ဘဝဖြတ်သန်းမှုများကိုကျွန်တော်သိပ်မမှတ်မိပါ။တမ်းတမ်းတတလည်းမဖြစ်မိပါ။သို့သော်ဆောင်းရောက်
လာသည်နှင့်တစ်ပြိုင်နက်ကျွန်တော်သတိရမိတာလေးတစ်ခုရှိသည်။အဖေ၊အစ်မတို့နှင့်အတူ ဆောင်းနံနက်
ခင်းများတွင်လမ်းလျှောက်ထွက်ခြင်းပင်..။မေမေ့လက်ရာသိုးမွေးဦးထုတ်လေးကိုယ်စီဆောင်းရင်း၊ဖလံထည်
အနွေးဝတ်စုံလေးဝတ်ရင်း၊ ကန်တစ်ရာ ဟုကျွန်တော်တို့ခေါ်လေ့ရှိသည် ငါးမွေးမြူရေးကန်များဘက်သို့
ဖေဖေနှင့်အတူ လမ်းလျှောက်ထွက်ခဲ့ခြင်းများကို ကျွန်တော် ဆောင်းဝင်လာတိုင်းသတိရမိသည်။ဖေဖေတို့
လူကြီးများကတော့ ပုံမှန်လေးလျှောက်နေကြပေမယ့် ကျွန်တော်တို့ကတော့ ဟိုးအရှေ့ကိုအပြေးလေးသွား
လိုက်၊မောလာလျှင်လူကြီးတွေကိုငုတ်တုတ်လေးထိုင်စောင့်လိုက်နှင့် ဆောင်းချမ်းချမ်းတွင် ချွေးလေးများပင်
စို့လာတော့သည်။အပြန်လမ်းတွင်မတော့ ဟာနေပြီဖြစ်သော ဗိုက်ကို ကောက်ညှင်းငချိတ်နှင့်ပဲပြုတ်ပူပူနွေး
နွေးလေးဖြည့်လိုက်ရသည်မှာလည်း မမေ့နိုင်သော တမ်းတမှုလေးတစ်ခုပင်....။


~~~~~~~~~~~~~~~~~

ဆောင်းဝင်လာလျှင် ဖေဖေလုပ်လေ့လုပ်ထရှိသောအရာတစ်ခုရှိသည်။ကျွန်တော်တို့ ခြံဝိုင်းလေးထဲတွင်
ဘူးပင်လေးများပျိုးရင်း၊ဘူးစင်လေးတစ်စင်ထိုးခြင်းပင်....။ကောက်ရိုးများကြားမှ ထိုးထွက်လာသော ဘူးပင်
လေးများကို မနက်လမ်းလျှောက်ရာမှပြန်ရောက်လာတိုင်း တခုတ်တရ စောင့်ကြည့်ရသည်က ကျွန်တော့်
အတွက်တော့ အင်မတန်အရေးကြီးလှသောအလုပ်တစ်ခုပင်...။ဘူးပင်လေးများ အတန်မြင့်မားလာပြီဆို
လျှင် အညွှန့်ဖြတ်ပေးရသည်။ဖြတ်လိုက်သောဘူးညွှန့်များကို ပုဇွန်လေးဖြင့် ကြော်ချက်လေးချက်သည့်
နေ့တွင်မတော့ ကျွန်တော်တို့တစ်မိသားစုလုံး ထမင်းစားမြိန်လှသည့်နေ့တစ်နေ့ ကိုပိုင်ဆိုင်ရလေပြီ...။


စင်တွင် အသီးတင်ပြီဆိုလျှင် ပထမဆုံးအသီးကို မခူးပဲအခြောက်ထားလေ့ရှိသည်။နောင်နှစ်အတွက် မျိုး
အဖြစ်ပင်...။နောက်အသီးများကိုတော့ လက်ဆောင်ပေးတန်ပေး၊ရောင်းတန်ရောင်းသလို အိမ်တွင်လည်း
တစ်ခါတစ်ရံ ဘူးသီးကြော် ကြော်စားကြသည်။ဟိုးတုန်းကတော့ ခုလိုမျိုး အသင့်သုံးအကြော်မှုန့်တွေပေါ်
သေးသည်မဟုတ်ပါ။အိမ်နီးနားချင်းအကြော်သည်အဒေါ်ကြီးထံမှ မုန့်နှစ်အနည်းငယ်ဝယ်ပြီးကြော်ရသည်။
များသောအားဖြင့် ညနေပိုင်းတွင်ကြော်ပြီး ညစာဟင်းအဖြစ် ဘူးသီးကြော်သုပ် စားကြသည်။


ဒီနေ့ ဘူးသီးကြော်စားကြမယ်ဟေ့....ဟု အမေမှာကြော်ငြာလိုက်သည့်နေ့တွင် ကျွန်တော်တို့မောင်နှမနှစ်
ယောက်စလုံး ညနေကျောင်းဆင်းချိန်ကို ခါတိုင်းထက် မျှော်မောနေရတတ်သည်။ကျောင်းဆင်းသည်နှင့်
အရင်လို အရုပ်သည်များ၊ဘူဗောင်းသည်များရှေ့တွင် ငေးမောမနေတော့....၊အိမ်သို့သာ ဒုန်းစိုင်းပြေး
လေတော့သည်။ ကျွန်တော်တို့ကျောင်းဆင်းချိန်လောက်တွင် မေမေလည်း သူ၏ဘူးသီးကြော်စီမံကိန်းကို
စတင်နေပြီဖြစ်သည်။မန်ကျီးမှည့်၊ငုတ်သီးပွ၊ကြက်သွန်ဖြူတို့နှင့် ပြုလုပ်ထားသည့် အချဉ်လည်းအသင့်ဖြစ်
နေပြီ၊အကြော်တစ်ချို့လည်း စကာဗန်းလေးထဲရောက်နေပြီ..၊ကျွန်တော်တို့မောင်နှမ ကျောင်းစိမ်းကိုပင်
မလဲနိုင်ပဲ ဗန်းထဲမှ ဘူးသီးကြော်ပူပူလေးကို အချဉ်ရည်ဖြင့် တစ်ခုပြီးတစ်ခုတို့စားကြသည်မှာ မေမေမှ...
ဟဲ့ကလေးတွေ ညစာသုပ်စားဖို့ချန်ဦး ဆိုမှ ရပ်လေတော့သည်....။


~~~~~~~~~~~~~~


အထက်တန်းကျောင်းသားဘဝရောက်တော့ ဆောင်းညခင်းများတွင် စောင်ထွေးထွေးလေးခြုံပြီး စောစော
အိပ်လေ့ရှိသည်။မနက်စောစောထ စာကျက်မည်ဆိုသောအကြောင်းပြချက်က အိပ်ရာစောစွာဝင်ဖို့ရာ
ကောင်းစွာလုံလောက်သည်မဟုတ်ပါလား....။တကယ်လည်း ကျွန်တော်တို့စောစောထကြပါသည်။ညနေ
ကတည်းက လှည်းကျင်းစုစည်းထားသောအမှိုက်များနှင့်အတူ သစ်တုံးကြီးကြီးတစ်တုံးကို မီးရှို့ပြီး မီးလှုံရင်း
စာကျက်ကြလေ့ရှိသည်။အစ်မဖြစ်သူက အမှန်တကယ်စာကျက်သော်လည်း ကျွန်တော်ကတော့ မီးဖိုတစ်ဖို
နှင့် ဆော့ရင်း၊ကျွန်တော်တို့နှင့်အတူ မီးလာလှုံသော ခွေးကြီးစုတ်ဖွားအား စရင်းဖြင့် ချစ်စရာကောင်းသော
ဆောင်းနံနက်ခင်းများကိုကျော်ဖြတ်လာခဲ့ပါသည်....။

~~~~~~~~~~~~~

ဆောင်းညသည် ရှည်လျားလှပါသည်....။သို့သော် ထိုထိုသော ဆောင်းညများကိုပင် ကျွန်တော်ချစ်မက်
ရသည်။လသာသောဆောင်းညခင်းများတွင် ကျွန်တော်တို့မိသားစုတွေ အိမ်ရှေ့မြေကွက်လပ်တွင် ထိုင်ခုံ
လေးများချ၍ မိသားစုဝိုင်းဖွဲ့ထိုင်လေ့ရှိ၏။ထိုစဉ်က ရုပ်မြင်သံကြားစက်တွေဘာတွေ ရှိသည်မဟုတ်သေး၊
ထို့အတွက်ကြောင့်ပင်လားမသိ...၊အားလပ်နေသော ဆောင်းညခင်းများသည် နွေးထွေးသော မိသားစု
အရသာကို အပြည့်အဝပေးစွမ်းနိုင်လေသည်။

နောက်ပိုင်းကာလများတွင် အဖေ၊အမေတို့အိမ်ပြင်ထွက်ထိုင်လေ့မရှိတော့သော်လည်း ကျွန်တော်ကတော့
ဆောင်းညခင်းများတွင် အိမ်ရှေ့ထိုင်ခုံလေး၌ တစ်ယောက်တည်းပင် ထိုင်လေ့ရှိသည်။ကျွန်တော်တို့ အိမ်နှင့် အတန်ငယ်ကွာလှမ်းသော ဘုန်းတော်ကြီးကျောင်းမှာ နှစ်စဉ် နတ်တော်၊ပြာသိုလများသို့ရောက်
လေတိုင်း၊အသံမစဲပဋ္ဌာန်းပွဲကျင်းပမြဲပင်ဖြစ်ရာ၊ ညလူခြေတိတ်ချိန်တွင် ပျံလွင့်လာတတ်သောပဋ္ဌာန်းတရား
ကို နာကြားရသည်မှာ ကြည်နူးဖွယ်ကောင်းလေစွ....။တိတ်ဆိတ်ရှည်လျားသော ဆောင်းညလယ်တွင်
တစ်ပါးပြီးတစ်ပါး ရွတ်ဖတ်သွားသော တရားသံကိုနာခံရင်း ဒီကိုယ်တော်ကတော့ ဦးဇင်းဓမ္မထင်ရဲ့၊ဒီဦးဇင်း
ကတော့ ဦးဇင်းတိလောကပဲဖြစ်မယ်...အစရှိသဖြင့် ကျွန်တော်သိသော ဦးဇင်းများဖြစ်လေမလားရယ်လို့
ခန့်မှန်းနေတတ်ခဲ့သည်...။

~~~~~~~~~~~~~~~~

ကျွန်တော်အရွယ်လေးအတန်ရလာတော့ ယစ်ရွှေရည်ယမကာဟုခေါ်သော သူရာအရက်ကိုကြိုက်နှစ်သက်
တတ်လာပြီ..။အရက်သမားတို့မည်သည် ဥတုသုံးပါးစလုံးသောက်တတ်ကြသည်မှန်သော်လည်း ကျွန်တော့်
အတွက်တော့ ဆောင်းညများသည်သာ အခြားအခြားသောညများထက် ပိုလို့သောက်ဖြစ်တတ်သည်။ပိုလို့
သောက်ကောင်းနေတတ်သည်။ည ကိုးနာရီထိုး၍ ကျွန်တော့်ဆိုင်လေး ပိတ်သိမ်းပြီးသည်နှင့် စက်ဘီးကို
သွက်သွက်လေးနင်းလို့ လမ်းထိပ်သူရာဆိုင်သို့ချီတတ်စမြဲပင်...၊ပုံမှန်အားဖြင့် ကျွန်တော်တစ်ဦးတည်း
သာ အရက်ကိုဇိမ်ဆွဲ၍ သောက်လေ့ရှိသည်။စောင်ခြုံလို့မနွေးသောရင်ကို သူရာရည်ဖြင့် အအေးပျောက်
စေလျက် တစ်ယောက်တည်း တွေးချင်ရာတွေး၊ငေးချင်ရာငေးရသည်မှာလည်း အရသာတစ်မျိုးပင်....။


အိမ်ပြန်ရောက်သော် အမေခူးခပ်ပေးထားသော ထမင်းကိုစားပြီး အိမ်ရှေ့ ဝရန်တာတွင်ထိုင်လျက်
ဆေးလိပ်တစ်လိပ်ဖွာကာ မပြီင်္းသေးသော အတွေးပန်ချီကားကို ဆောင်းညများတွင် ဆက်လက်ရေးဆွဲနေမိ
တတ်သည်။ညလူချေတိတ်ချိန်၊ ဟိုးအဝေးမှ ပျံလွင့်လာတတ်သော၊ရပ်ကွက်တွင်းမှ ကျောင်းသားငယ်တို့၏ တစ်စာစာတစ်အံအံစာကျက်သံစည်းချက်ကို နားထောင်ရင်း၊ရင်ကွဲပုရစ်တို့၏ တကျီကျီမြည်သံကိုမပျင်းမရိ
အာရုံစိုက်နေရင်း၊ ဆောင်းည၏အအေးဓာတ်ကို တစိမ့်စိမ့်ခံယူရင်း ဇရက်မင်းစည်းစိမ်ကို ခံစားရသည်
မှာလည်း ခုချိန်မှာ လွမ်းမောဖွယ်ရာပင်.....။


~~~~~~~~~~~~~~~~

ယခုချိန်တွင်တော့ ဆောင်းသည် ကျွန်တော့် အဝေးတွင် သူ့အလိုအတိုင်း အေးမြဲအေးနေပါသည်။ဝေးနေ
သော်လည်း ဆောင်း ဆိုသည့်အသံကြားလိုက်ရရုံဖြင့် ကျွန်တော့် ရင်ထဲ ကြည်နူးအေးမြမှုတို့ ဝင်ရောက်
စမြဲပင်...။ဆောင်းအဝေးတွင် ရှိနေသည့်တိုင် ပြက္ခဒိန်စာမျက်နှာထက် ဆောင်းရက်တို့ချဉ်းနင်းဝင်ရောက်
လာသည်နှင့် တစ်ပြိုင်နက် ကျွန်တော့်ရင်ထဲတွင်လည်း ချမ်းမြေ့အေးမြသော ဆောင်းနံ့ဖြင့် သင်းပျံထုံရီ
လျက်......။

ကျွန်တော့် အတွက်တော့ နွေသည် ပျင်းရိ၊ငြီးငွေ့မှု ကိုယူဆောင်လာလေ့ရှိသလို၊ မိုး ကတော့ နာကျင်၊လွမ်း
မောစရာများကို ဆောင်ကျဉ်းလာတတ်သည်။သို့သော် ဆောင်းသည်ကျွန်တော်အတွက်ကြည်နူးစရာများ၊
ပျော်ရွင်မှုကိုသာ လက်ဆောင် ပေးလေ့ရှိပါသည်။ ထို့အတွက်ကြောင့်ပင် ဆောင်းသည် ကျွန်တော့်
အချစ်တော်ရာသီဥတုလေးတစ်ခု ဖြစ်လာခဲ့ပါတော့သည်....။



19 comments:

san htun said...

စာဖတ်ရင်း ဆောင်းရနံ့ ကို ခံစားမိသလို မြန်မာပြည်ဆောင်းကို လွမ်းတယ်..ကိုညိမ်း အရေးညက်တယ်ဗျို့ ...

ကိုကိုမောင်(ပန်းရနံ့) said...

တော်တော်နောက်တဲ့ မောင်လေး။

အရက်သောက်ပြီးပြန်လာ၊ အိမ်ဝရံတာမှာ ဆေးလိပ်ဖွာ၊ ဇရက်မင်းစည်းစိမ်ကျကျ စဉ်းစားခန်းဖွင့်ပြီး ပဋ္ဌာန်းတရား နာကြားသတဲ့။း)

ကြုံကြုံးဖူးပေါင်ဗျာ။ ကိုရင်တို့ မဒိုးကန်တို့ကော ကြုံဖူးကြရဲ့လား။

အင်း... ဟို အမျိုးသမီးတစ်ယောက်လို ဖြစ်နေပြီ။
သီချင်းငြီးတွားပြီး ဆန်ဆေးရင်း ရှူရှူပေါက်သတဲ့။ တစ်ချိန်ထဲ အလုပ်သုံးခု။

မောင်လေးနဲ့တော့ ချွတ်စွပ် တူတယ်။ အေးလေ.. ပါရမီရှင်တွေဆိုတော့လဲ တစ်ချိန်ထဲ အလုပ်များများ လုပ်နိုင်သား။ ဒါကြောင့် စလုံးကို စောစော ရောက်လာတာထင်ပါ့။ ဟာ ဟ။

ခင်မင်လျှက်
တဂျင်းမီးးး

.

Crystal said...

“ကျွန်တော်၏ လွမ်းစရာ့ ဆောင်းဖြစ်ပါသည်။”

အမှတ်တရ နေ့စွဲများ.... said...

ဟုတ် တားနာမည်ပါတယ်နော် ဝမ်းတာတယ်

N/A said...

ကောင်းတယ်ဗျာ..
ဆောင်းကို လွမ်းစဖွယ် တင့်ပြီးတဆင့် သတိရအောင် ရေးလာခဲ့တာပဲ။ နောက်ပိုင်းရောက်လေ ပိုသတိရလေပဲ..

ကိုရင် said...

အရက်သောက်ပြီးပြန်လာ၊ အိမ်ဝရံတာမှာ ဆေးလိပ်ဖွာ၊ ဇရက်မင်းစည်းစိမ်ကျကျ စဉ်းစားခန်းဖွင့်ပြီး ပဋ္ဌာန်းတရား နာကြားသတဲ့။..ပိုင်ထှာ..

ရေးတဲ့သူ အမူးမပြေတာဖြစ်မယ်..
ဆောင်းနံ့တွေက ဘီဘီ နံ့တွေ ရနေသလိုပဲသားရယ်.:D

ကိုထွဋ် said...

ဆောင်းတွင်းမှာ အမှတ်ရစရာတော့ သိပ်မရှိဘူးဗျ..

အိပ်လို့တော့ တော်တော်ကောင်းတယ်..

မျှစ်

မဒမ်ကိုး said...

အိမ်ကိုလွမ်းနေပါတယ်ဆိုမှ လာလာစတယ်တော့

မိုးခါး said...

ဟယ် .. ဗူးသီးကြော်စားချင်လိုက်တာ
အာပူလျှာပူလေးလည်းသောက်လိုက်ရရင်ကောင်းမှာ
ကြာဇံချက်လေးဆိုလည်းဖြစ်တာပဲ
ဝါး ၀ါးးးးးဝါးးးးးးးးးးးးးးး စားချင်တွားဘီ ...း(((
ဒီဇင်ဘာ ဒီဇင်ဘာ
ခုတော့လည်း တစိမ်းတွေလိုပါပဲလားနော် ...

အင်ကြင်းသန့် said...

ကိုမောင်လေးရေ....ပိုစ့်တစ်ပုဒ်လုံးဆောင်းရနံ့တွေသင်းနေလိုက်တာများ....
ဖတ်လို့ကောင်းပ....
ဆောင်းကိုလည်းတော်တော်လေးလွမ်းသွားမိတယ်....
:(

မောင်မျိုး said...

အသူရာ အရည်ခါးတွေ ဒင်းက မော့ခဲ့ပြီးတော့ ပဌာန်းနာတယ်ဆိုတော့ မလွန်ဘူးလားကွယ်း)))

jasmine(တောင်ကြီး) said...

ဗူးသီးကြော်ဆိုလို့အိမ်ကိုသတိရနေမိတယ်
မေမေကအပြင်မှာ ၀ယ်မကျွေးဘူး
အားတဲ့ရက်အိမ်မှာ လုပ်ကျွေးတယ်

ယစ်ရွှေရည်ယမကာဟုခေါ်သော သူရာအရက်ကိုကြိုက်နှစ်သက်
တတ်လာပြီ..။အရက်သမားတို့မည်သည် ဥတုသုံးပါးစလုံးသောက်တတ်ကြသည်မှန်သော်လည်း
တဲ့ဟယ်
မိဘတွေကိုသတိရမိလို့ တော်လှပါရဲ့ ပြောမလို့ပါပဲ
တူသွားပြန်ပြီမိဂျက်အတိုင်းပဲ
ခင်ခင်မင်မင် jasmine

Han Kyi said...

ဟမ်...ဆောင်းအလွမ်းကလည်း ပို့စ်မော်ဒန်ဆန်လှပါကလား...ဖတ်တဲ့လူကို လွမ်းရင်းနဲ့ သွားရည်ကျတဲ့လူကျ လေချဉ်တက်တဲ့လူတက်ဖြစ်အောင် လုပ်ရက်ပါပေ့...

ဆောင်းရာသီက လှတော့လှပါရဲ့ ကညိမ်းနိုင်ရယ်...ဒါပေမယ့် မနက် ၅ နာရီထပြီး လုပ်ငန်းခွင်ဝင်ရတဲ့ ဦးဟန်ကြည်တို့မှာတော့ သိပ်မနိပ်လှပေဘူး...ကွေးနေရရင်တော့ ဇိမ်ပေါ့...

နေ၀သန် said...

ဆောင်းကိုချစ်တယ်... ရှမ်းပြည်က ဆောင်းတွင်းဆိုရင် မနက်ခင်း မြူမှုန်တွေကြားထဲမှာ ပြေးရတာကို ကြိုက်တယ်.. ကျူရှင်အသွား ဘာတစ်ခုမှ မဖော်နိုင်အောင်ထားပြီး စက်ဘီးစီးရတာကိုလည်း ကြိုက်တယ်.... ဒီကဆောင်းကတော့ ဘာကိုမှ မလှန်ရဲအောင်ပါပဲဗျာ... :P


ခင်မင်လျက်
နေ၀သန်

ညီရဲသစ် said...

နောက်ဆိုရင် တစ်ယောက်တည်း မလုပ်ပါနဲ့ အစ်ကိုရာ... ကျွန်တော်တို့ နှစ်ယောက် စကားလေးတပြောပြောနဲ့ ကစ်ကြတာပေါ့... အစ်ကိုပြောမှ ရွာက ဆောင်းညတွေကိုတောင် ပြန်သတိရသွားမိတယ်...

...အလင်းစက်များ said...

လမ်းလျောက်ထွက်တယ်။ ပြန်လာရင် ကောက်ညှင်းပေါင်းလေးနဲ့  ပဲပြုတ်နဲ့  စားတယ်။ သိပ်စားကောင်းတာပဲ။ လူကြီးတွေဟာ အပင်စိုက် သိပ်တော်တယ်။ ငါလည်း သူတို့  အားကျလို့  စိုက်ဖူးတယ်။ လုံးဝ မဖြစ်ထွန်းဘူး။

နောက်ဆုံးတော့လည်း နင့်ဟာက ယမကာနဲ့  အဆုံးသတ်သွားတာပါပဲလား အိကုရယ်။

သဂျီးမင်း ပြောသွားတာလေး သဘောကျတယ်။ ဟီးဟီး

Candy said...

ပျော်စရာတော်တော်ကောင်းတာပဲနော်.. အစ်ကို့ငယ်ဘ၀လေးက.. ကြီးတော့မှ ပျက်စီးတာ ယမကာတွေက ပါလာပြီ ဟွင်းဟွင်း :P

Nyi Linn Thit said...

ကိုညိမ်းနိုင်ရဲ့ ဆောင်းအက်ဆေးလေးက ချစ်စရာ ကောင်းတယ်ဗျာ..၊ ညဥ့်နက်လေလေ အအေးပိုလေလေ ဖြစ်တတ်တဲ့ ဆောင်းလိုပဲ အက်ဆေး တစ်ခုလုံးက ဆောင်းနဲ့ ဆက်နွယ်နေတဲ့ အမှတ်ရစရာ တွေကို တရစ်ပြီးတရစ် ဆွဲတင်၊ ခေါ်ဆောင် သွားလိုက်တာ....၊ ပို့စ်လည်း ဆုံးရော အလွမ်းတွေ ကြားမှာ ချမ်းပြီး ကျန်ရစ် ခဲ့တော့တယ်...။

နှင်းနုလွင် said...

ဒီပို့စ်လေးကို ဖတ်တော့ခပ်ငယ်ငယ်က
ဆောင်းအကြောင်းတွေကို ပြန်သတိရမိတယ်။
ခြေအိတ်၊ လက်အိတ်တွေစွပ်၊ ခေါင်းစွပ်တွေ စွပ်ပြီး မီးလှုံခဲ့တာတွေကို ပြန်သတိရမိတယ်။
အင်း...ဆောင်းကတော့ အခု နာမည်ပဲ ကျန်တော့တယ်။ ဆောင်းနဲ့နှင်းလည်း တကွဲစီ ဖြစ်နေပြီ။