Tuesday, December 27, 2011

ကျွန်ုပ်သည် တရားအားထုတ်ရမည့်အရွယ်ရောက်နေပြီဖြစ်သော ဘဲကြီး ဖြစ်သည်

ကျွန်ုပ်သည် " တရားအားထုတ်ရမည့်အရွယ်ရောက်နေပြီဖြစ်သောဘဲကြီး" ဖြစ်လေသည်။အနှီးဘဲကြီးသည်
ခရစ်စမတ်ပိတ်ရက်တွင်အခန်းထဲ၌အေးအေးနေကာတရားဓမ္မဖြင့်ပျော်မွေ့မည်ဟူ့စိတ်ကူးထားသော်လည်း
နေ့လည်ခင်းရောက်ရှိသောအခါသူငယ်ချင်းတစ်ဦးမှအရှေ့ဘက်ကမ်းခြေသို့သွားမည်လိုက်ခဲ့ပါဟု ခေါ်ငင်
သော်...ကောက်ကောက်ပါအောင်လိုက်သွားလေတော့သည်...။

ပန်နစူလာတွေလူစုကြသည်။ကျွန်ုပ်အပါအဝင် လေးယောက်ထဲသာဖြစ်သည်။တစ်ယောက်မှာ ရင်းနှီးသော
သယ်ရင်းဖြစ်၏။ကျန်နှစ်ယောက်မှာမူတစ်နှစ်လုံးနေမှ၃ခါထက်ပိုမဆုံဖြစ်သောသိပ်မရင်းနှီးသောသူများဖြစ်
၏။ချီးဗက်ဟူသော အင်မတန်ခေါ်ရဆိုးလှသည့် ဝီစကီလုံးဝယ်ကြ၏။ကြက်ကြော်၊ဝက်ကင်၊အာလူး၊အအေး၊
အစရှိသည်များလည်းဝယ်ကြကုန်၏။သို့နောက် အရှေ့ဘက်ကမ်းသို့ ချီတတ်ကြကုန်သောဟူလို....။
အရှေ့ဘက်ကမ်းရောက်သော် သောက်ကြစားကြသည်။ကျွန်ုပ်ကား မသောက်ချင်....၊မှန်သည်...၊အရက်
မသောက်တာကြာ ကြာလှပြီဖြစ်၍ မသောက်ချင်တော့...၊ထို့ကြောင့် ၂ခွက်ခန့်သောက်ပြီးသော မူးပြီဟု
အကြောင်းပြကာ အမြည်းများချည်းထိုင်စားနေလိုက်တော့သည်..။

ကျွန်ုပ်နှစ်ခွက်နှင့်မူးသည်ဆိုသော်တစ်ဦးသောသယ်ရင်းကဒါလောက်နဲ့မူးရသလား....ဟုရယ်သွမ်းသွေး၏။
ကျွန်ုပ်လည်း ပြင်ပဗဟိန္ဒိအသွင်အပြင်၌မူရှုံကာမဲ့ကာဖြင့် သောက်နိုင်ပါဘူးကွာဟုဆိုနေသော်လည်း၊အတွင်း
အဇ္ဇတ္တထဲကမူ ဝံပုလွေတစ်ကောင်ကဲ့သို့သွားဖြီးကာ ရယ်မောနေမိသည်။ကျွန်ုပ်နုစဉ်အခါက မြန်မာပြည်မှ
အတိုင်းအဆမရှိထုတ်လုပ်သော ပြည်တွင်းဖြစ်ဝီစကီတစ်လုံးလုံးကို လေးဆယ့်ငါးမိနစ်အတွင်း ကုန်အောင်
သောက်ပြီးသည့်တိုင် အိမ်သို့ခြေလှမ်းမပျက်ပြန်ကာ အမေနှင့်ပင်စကားကောင်းစွာပြောနိုင်သည်ကို သူရို့
မသိရှာပေတကား....။

ထိုနောက်ကျွန်ုပ်လည်း ဝိုင်းမှဘေးထွက်ထိုင်ကာ ပင်လယ်ပြင်နှင့်ကောင်းကင်ကြီးကိုငေးကာမောကာကြည့်
နေမိသည်....။ကောင်းကင်တွင်တိမ်သည်ထူထပ်နေ၏။ကျွန်ုပ်ဘူနေသောဘဲကြီး၏ရင်ထဲတွင်လည်းအတွေး
တို့ထူထပ်နေသည်။သယ်ရင်းများကိုကြည့်ရင်း သူရို့ဘာလုပ်နေတာလဲဟုတွေးမိသည်။ငါးမျှားနေသော
မလေးဦးလေးကြီးနှင့်စလုံးအဖိုးကြီးကိုကြည့်ရင်း သူရို့ဘာလုပ်နေတာလဲဟုတွေးမိသည်။အဝေးပင်လယ်မှ
သင်္ဘောကြီးများကိုကြည့်ရင်း ထိုသင်္ဘောကြီးများ ဘာအတွက်လည်းဟုတွေးမိသည်။သမီးရည်းစားစုံတွဲကို
ကြည့်ရင်း သူရို့ဘာလဲ၊ဘယ်လဲဟုတွေးသည်။သောင်ပြင်ပေါ်ဆော့ကစားနေသောကလေးငယ်လေးများကို
ကြည့်ရင်း သူရို့ဘာမှမသိရှာသေးပါလားဟုတွေးသည်။

နောက်ဆုံး ကိုယ့်ဘာသာကိုယ် ငါဘာလုပ်နေမိပါလိမ့်ဟုတွေးမိသည်။ကျွန်ုပ်ထိုင်နေသော ကျောက်ဆောင်
ပေါ်မှငေးမျှော်ကြည့်သည်ရှိသော် ရာပေါင်းများစွာသောပုပုရွရွသောလူများတို့သည် စိတ်လက်ကြည်နူးစွာ၊
ပျော်ရွင်ချမ်းမြေ့စွာ အပန်းဖြေနေကြသည်ကိုတွေ့ရသည်။အကယ်၍ထိုသူများထဲမှတစ်ဦးဦးသည် နက်ဖြန်
တွင်သေဆုံးသွားနိုင်သည်ကို ကြိုတင်သိရှိထားပါက ယခုချိန်တွင် ခုလိုပျော်နိုင်ပါမည်လား....။မသေဟူ၍
မည်သူပြောနိုင်ပါမည်နည်း....။ဆော့ကစားနေသောကလေးငယ်များကိုကြည့်ရင်း မွေးဖွားခြင်းသည် သေဆုံး
ခြင်း၌သာအဆုံးသတ်သည်ဟူ၍လည်းကောင်း၊စုံတွဲများကိုကြည့်ရင်း တွေ့ဆုံပေါင်းသင်းခြင်းကား ဝေးကွာ၊
ကွေ့ကွင်းရခြင်းသာလျှင် အဆုံးရှိသည်ဟူ၍လည်းကောင်း၊ပျော်ရွင်ကြည်နူးနေသူများကိုကြည့်ရင်း ချမ်းသာ၊ကျမ်းမာခြင်းများသည်လည်း အိုမင်း၊ဆုံးရှုံးရခြင်း၌သာအဆုံးရှိသည် ဟူ၍လည်းကောင်း အတွေး
တို့ငွေ့ရည်ဖွဲ့နေမိလေသည်။


မှန်သည်။ကျွန်ုပ်တို့သည် ဘဝဟူသောပင်လယ်ပြင်ကြီးထက်မှ မျောချင်သလိုမျောနေသော ရမက်ဆိုသည့်
ဆင်သေကောင်ကြီး၏ အရသာရှိလှသည်ဟူထင်မှတ်ရသည့် ပုတ်ပွနေသည့်အူစုံအသဲစုံတို့ကိုထိုးကာ၊
ဆိတ်ကာ၊လုကာ၊ယက်ကာစားသောက်ပျော်ပါးနေသော ကျီးများသာတကား....။သို့နှင့်ပင် " ကမ်း " သည်
ဝေးသည်ထက်ဝေးချေပြီ..၊လှမ်း၍ပင်မမြင်နိုင်တော့..။ကမ်းမမြင်လမ်းမမြင်သော ဘဝပင်လယ်ပြင်ကြီးတွင်
စုံးစုံးမြုပ်သည်ထက်မြုပ်ရပေတော့မည်တကား...။သို့သော်ကျွန်ုပ်မှာ ယခုချိန်တွင်လည်း ဆင်သေသားကို
စားလို့ကောင်းတုန်းပင်....။ဆင်သေမှ မစားလျှင်လည်း တခြားစားစရာလည်းမရှိဘူး မဟုတ်ပါလား....။


ညကိုးနာရီခန့်ရှိသော် ပြန်ရန်ပြင်ကြ၏။တက်ဆီငှားကြ၏။ပထမသော် နီးရာ MRT သို့သွားကာ လမ်းခွဲကြ
ဖို့ဖြစ်သည်။ကားပေါ်ရောက်သော် ကျွန်ုပ်လည်းစိတ်ပြောင်းကာအောချက်သို့ချီတတ်ကြမည်ဟု့အဆိုတင်
သွင်းသော် ငြင်းသူမရှိကြပေ။သို့နှင့် အောချက်သို့ရောက်သွားကြ၏။ပိတ်ထားသောအောချက်လမ်းမကြီး
ပေါ်တွင် အားလျားမှောက်၍တစ်မျိုး၊ပက်လက်လှန်၍တစ်ဖုံ၊အမျိုးမျိုးအဖုံဖုံပို့စ်ပေး၍ ဒါ့ပုံရိုက်ကြသောဟူလို။


ထိုမှတဖန်ပြန်ကြမည်ပြင်သော်...တစ်ဦးသောသယ်ရင်းမှ ရောက်လက်စနှင့် ကလပ်သွားမည်ဆိုပြန်၏။
ကျွန်ုပ်လည်း ဒီကကလပ်တွေနာမသိဟုဆိုသော် သူက ညံထှာ ဘာမှပူနဲ့သူသိတယ် ဟုဆို၏။ကျွန်ုပ်လည်း
ဘာမှပြန်မပြောသော်လည်း စိတ်ထဲမှမူ ဒုတိယအကြိမ်မြောက် ဝံပုလွေသွားဖြီးသလို ပြုံးမိ၏။ကျွန်ုပ်သည်
ရှင်ကျားပူရောက်ပြီး လေးဆက်ငါးရက်အတွင်း၊ထိုစဉ်က ကျွန်ုပ်နေထိုင်ရာ Eunos နှင့် တစ်ခေါ်သာဝေး
သော ဂျိုးချက်ဟူသောဗီယက်နမ်ရပ်ကွက်၌လည်းကောင်း၊ထိုဗီယက်နမ်ရပ်ကွက်မှတစ်ပြခန့်ဝေးသော
ဂေလန်း၌လည်းကောင်း၊တန်ဂျွန်ဘာဂါ ဟူသောအရပ်၌လည်းကောင်း၊အော်ချက်တစ်ဝိုက်ရှိပလာဇာစင်
ကာပူရအစရှိသောနေရာများ၌လည်းကောင်း အသီးသီးအသကတည်ရှိကုန်သော ကလပ်များ၊ဘားများ၊
ကာလာအိုကေများ၊ဘီယာပက်များတွင် ညပေါင်းများစွာခြေရှုပ်ခဲ့ဖူးသည်ကို သူရို့မသိရှာကြပါတကားဟူ
တွေးနေမိချေ၏။

ထိုသယ်ရင်းလည်း တစ်ခုသောဘားသို့ ကလပ်ဟူဆိုကာခေါ်သွားလေ၏။ထိုဘားသို့ရောက်သော် စိတ်
သည်ပျက်ခြင်းဖြစ်ရသည်။ထိုဘားကား ဂယောင်ချောက်ခြားကုလားများ၊ချဉ်ချဉ်တူးတူးမူးပြီးရောဆိုသည့်
အဖြူများ၊အိုမင်းရွတ်တွဗထက်ချိုက်မများသာ ကျက်စားသောဘားဖြစ်သည်ကို လွန်ခဲ့သောတစ်နှစ်ကပင်
တစ်ခေါက်၊နှစ်ခေါက်ရောက်ဖူး၍သိနှင့်နေသောကြောင့်ဖြစ်၏။သို့ရောက်သော် ထိုသယ်ရင်းသည် အသက်
၄၀ခန့်ရှိသောဗီယက်နမ်မကြီးနှင့်တွဲ၍ကသောအမှုကိုပြု၏။ကျွန်ုပ်မှာမူ စလုံးအဖိုးကြီးတစ်ဦးနှင့် လေပေး
ဖြောင့်နေလိုက်သည်။စလုံးအန်ကယ်ကြီးမူးယစ်လာပြီဖြစ်၍ ပြန်သွားသည်ရှိသော် ကခုန်နေသောသယ်ရင်း
များနှင့် ကျားကျားမမလူများစုအားထိုင်ကြည့်ရင်း အရှေ့ဘက်ကမ်းမှအတွေးကို ဆက်တွေးနေမိလေသည်။


ကျွန်ုပ်တို့သည် လူ့ဘဝကိုရလာခဲ့ပြီဖြစ်သည်။ဤသည်မှာ သေချာသည်၊သေချာရုံမက နောက်ကြောင်း
ပြန်၍လည်းမရတော့..၊သင် သို့ ကျွန်ုပ် ဘယ်ကလာသနည်း၊ဘာတွေပါလာသနည်း၊မသိနိုင်ပါ၊သိရန်လည်း
မလိုအပ်လှပါ။ဤဘဝနောက် အဘယ်သို့သွားရဦးမည်နည်း၊မသိနိုင်ပါ၊သိဖို့လိုအပ်ပါသလား..၊သင့်အတွက်
မူမသိသော်လည်း ကျွန်ုပ်အတွက်မူ သိရန်မလိုအပ်ဟုထင်သည်။တစ်ဖန်အမှန်တကယ် ဘယ်သို့သွားမည်
ကိုမသိဘူးလားဟု ဘာသာတွေးမိသည်ရှိသော် သိသည်၊အဘယ်သို့နည်းဆိုလျှင် သေခြင်းတရားဆီသို့
ဖြစ်သည်ဟုဆိုရပေမည်။


ကျွန်ုပ်သည် ဘဝကိုခေါက်ချိုးဖြတ်သန်းခဲ့ပြီးဖြစ်သည်။ကျန်တစ်ဝက်ကိုဘယ်သို့ဆက်လက်ခရီးထွက်ရမည်
ကို မတွေးနိုင်ဖြစ်နေရသည်။တွေးရင်းတွေးရင်း ချွေးများပင်ပြန်လာသည်။ညီးစီစီလည်းဖြစ်လာသည်နှင့်
ဆေးလိပ်သောက်ခန်းသွားကာ ဆေးလိပ်သောက်နေလိုက်သည်။ကျွန်ုပ်ဆေးလိပ်သောက်နေသည့်အနား
သို့ အမျိုးသမီးတစ်ဦးသည် ချဉ်းကပ်လာကာ ဆေးလိပ်တစ်လိပ်ကိုထုတ်၏။သူမအိပ်တွင်းသို့ ဟိုနှိုက်၊သည်
ရှာလုပ်၏။ကျွန်ုပ်လည်း အမျိုးသားကောင်းပီသစွာ မီးခြစ်ကိုထုတ်ပြီးလျှင် ဂျိန်းစဘွန်းစတိုင်ဖြင့် မီးညှိပေး
လိုက်လေသည်။ထိုနောက့် ထုံးစံအတိုင်း စကားလက်ဆုံကြသွားလေသည်။သူမသည် ခမာပြည်မှဖြစ်သည်
ဆို၏။ကျွန်ုပ်ကားမယုံချေ။ဗီယက်နမ်မဖြစ်သည်ကို ကြည့်ရုံနှင့်သိ၏။


တစ်ခါက ကာလာအိုကေခန်းတစ်ခုတွင်ဗီယက်နမ်မတစ်ဦးနှင့် ကျွန်ုပ်စကားပြောခဲ့ဖူးသည်။ထိုအမျိုးသမီး
သည် တခုလပ်မလေးဖြစ်သည်။သူမတွင်သမီးလေးတစ်ဦးရှိလေသည်။သူမဖုံးလေးအတွင်းမှ သူမသမီးလေး
၏ဗီဒီယိုအပိုင်းအစလေးကိုကျွန်ုပ်အားပြဖူးလေသည်။ဖြူဖြူဖွေးဖွေးချစ်စရာသမီးလေးသည် ဆန်ပြုတ်ကို
အားရပါးရခပ်သောက်နေသည်မှာ ချစ်စရာပင်ကောင်းသေးတော့သည်။ဗီဒီယိုကိုကြည့်နေသည့် သူမ၏
မျက်ဝန်းများသည် မိခင်တစ်ယောက်၏ချစ်ခြင်းတို့ဖြင့် တောက်ပလျက်ရှိသည်ကို ကျွန်ုပ်တွေ့မြင်နေရ၏။


သူမ၏နှုတ်ခမ်းများသည် သူမကြိမ်ဖန်များစွာကြည့်ပြီးဖြစ်သည့် ကလေးပုံကိုကြည့်နေရင်း ပြုံးယောင်သန်း
လာသည်ကိုတွေ့ရသည်။သူမ၏မျက်နှာတွင် ငါသာဒီဘဝအရောက်ခံမည်။ငါ့သမီးလေးကိုတော့ ဒီလိုမဖြစ်
စေရ ဟူသောမိခင်တစ်ယောက်၏မာန်ကို အထင်းသားတွေ့နေရသည်...။ထိုနေ့က ကျွန်ုပ်သည် ပိုက်ဆံ
အိပ်ထဲရှိသမျှပိုက်ဆံကို သူမအားမုန့်ဖိုးအဖြစ်ပေးခဲ့ပြီး အိမ်သို့လမ်းလျှောက်ပြန်လာခဲ့ဖူးသည်ကို ပြန်လည်
အမှတ်ရနေမိသည်။


 ဘဝများသည် ပင်ပန်းလှပါသည်။ကြမ်းတမ်းလှပါသည်။ထိုပင်ပန်းကြမ်းတမ်းလှသော ဘဝများ၏အဆုံး
သည် သေခြင်းတရားသာလျှင်ရှိသည်။သို့သော် ကျွန်ုပ်တို့သည် ထိုသေခြင်းတရားဆီသို့ ခက်ခဲစွာ
တစ်ရွေ့ရွေ့ သွားလျက်ပင်ရှိသေးသည်။ကျွန်ုပ်တို့ ထိုသို့သွားနေရခြင်းသည် ဘာအတွက်ပါနည်း။အဆုံး
လျှင်သေခြင်းတရားသာရှိသော်လည်း ဘာကြောင့်များ ပင်ပန်းခက်ခဲစွာသွားနေရပါသနည်း။ရွေးချယ်ရ
လွယ်ကူသောသေခြင်းတရားကို အဘယ်ကြောင့် လူများစုကြီးသည် မရွေးချယ်ဝံပါသနည်း။ဘာသာရေး
ကြောင့်လော...။ဘဝကိုချစ်သောတဏှာက အားကောင်းနေသောကြောင့်လော...။

ကျွန်ုပ်တို့ ခုချိန်တွင်ပင်ပန်းစွာရပ်တည်ရုန်းကန်နေကြခြင်းသည် ကျွန်ုပ်တို့၏ နောင်မျိုးဆက်များအတွက်
သက်သက်လော...။ကျွန်ုပ်တို့ဘာအတွက် ဖြစ်တည်၊တည်ရှိနေကြပါသနည်း။အဆုံးတစ်နေ့တွင် ကမ္ဘာကြီး
ကိုယ်တိုင် ပျက်ဆီးခြင်းဖြင့် အဆုံးသတ်ရမည်မဟုတ်တုံလော...။လူ့ပြည်လောကကြီးအတွင်းသို့ လူသား
ငယ်တစ်ဦးကို ခေါ်ငင်လာခြင်းသည် ထိုကလေးအားဒုက္ခနွံအတွင်းဆွဲသွင်းလိုက်သလိုသာဖြစ်နေသည်မ
ဟုတ်ပါလော....။အကယ်၍ ဤအတွေးများသည် အဆိုးမြင်သည်ဟူဆိုသော် ကျွန်ုပ်မငြင်းနိုင်ပါ။သို့သော်
အကောင်းကိုဘယ်လိုမြင်ရပါမည်နည်း...။နှစ်သစ်များစွာကို အကောင်းမြင်ဖြင့် ကျော်ဖြတ်ခဲ့ပေါင်းများခဲ့ပြီ
ဖြစ်သည်။


သို့သော် တစ်နှစ်ပြီးတစ်နှစ် ကြပ်တည်းသည်ထက်ကြပ်တည်းလာသည်ကိုလည်း ကျွန်ုပ်တို့ မငြင်းနိုင်ခဲ့ပါ။
ကြပ်တည်းကျဉ်းမြောင်းလာသည်ဆိုသည်မှာ ငွေရေးကြေးရေးကိုမဆိုလိုပါ။ဘဝနေမှုကိုသာဆိုလိုပါသည်။
သဘာဝဘေးများသည် ပို၍ဆိုးရွားလာပြီဖြစ်သည်။ရောဂါဘယများပို၍ထူပြောလာပြီဖြစ်သည်။လူတို့သည်
မဆုံးသောရုပ်ဝတ္ထုများနောက်လိုက်ရင်း နစ်သည်ထက်နစ်လာပြီဖြစ်သည်။



ကျွန်ုပ်သည် ကျွန်ုပ်ထံမှတစ်စုံတစ်ရာသောစကားကိုငံလင့်နေဟန်ရှိသော ထိုအမျိုးသမီးအားမသိကျိုးကျွန်
ပြုပြီး လျှင်ဆေးလိပ်သောက်ခန်းထဲမှပြန်ထွက်လာခဲ့သည်.သူငယ်ချင်းများအားပြန်ကြမည်ဟူခေါ်ငင်ခဲ့ပြီး
လျှင် အနှီးဘားအတွင်းမှအောင်မြင်စွာ ပြန်လည်ထွက်ခွာလာခဲ့ပါတော့သည်။အပြင်ရောက်သော် သယ်ရင်း
နှစ်ဦးအား တက်ဆီပေါ်တင်ပေးလိုက်ပြီးလျှင် ကျွန်ုပ်နှင့် ကျန်တစ်ဦးသည် ဘီယာတစ်ယောက်တစ်ဘူးဆီ
သောက်ရင်း လမ်းဘေးခုံတန်းလျားတွင်ထိုင်ကာ မြန်မာပြည်နိုင်ငံရေးအကြောင်းများအား ထင်ရာမြင်ရာ
အာဝါဒါးထိုင်ဖုတ်နေကြသေးသည်။

အတော်လေးလေပန်း၍ညောင်းညာလာသည်ရှိသော် အောချက်လမ်းမကြီးတစ်လျှောက် လမ်းလျှောက်ကြ
လေသည်...။တစ်ခုသောလမ်းအတွင်းတွင် ကလပ်နှင့်ဘားများမှထွက်လာ၍ တစ်စုံတစ်ရာကို ဈေးကွက်
တင်ရောင်းချလျက်ရှိသော အမျိုးသမီးတစ်စုရှိရာသို့ချဉ်းကပ်ပြီးလျှင် ဈေးစနည်းနာ၏။၁၅၀ ဟုဆိုသော်
၁၀၀နှင့်ဆစ်၏။မရ..၊ထိုနေရာတွင်နာရီဝက်ခန့်ထိုင်ကာ နွားပွဲဈေးတွင်နွားများကြည့်နေသလိုမျိုးကြည့်နေ
လေတော့သည်။ခဏအကြာ တစ်ဦးအာချဉ်းကပ်၍မေးသော် ၁၀၀ ဟုဆို၏။၈၀နှင့်ဆစ်၏။မရ...။အသာပြန်
ထိုင်နေ၏။ခဏကြာသော် အခြားတစ်ဦးအားမေးပြန်သည်။ ၈၀ဟုဆိုသော် ၅၀နှင့်ဆစ်သည်၊မရပါ...။

အမှန်ဆိုရသော် ကျွန်ုပ်တို့နှစ်ဦးသည် သက်သက်မဲ့ အပျော်လျှောက်မေးနေခြင်းသာဖြစ်သည်။အချိန်သည်
မနဲလှတော့ပါ။ရထားလာရန်အချိန်နီးကပ်နေပြီဖြစ်သဖြင့် ဘူတာရုံသို့ပြန်လာခဲ့ကြတော့သည်။လမ်းတွင်
တွေ့သောအမျိုးသမီးနှစ်ဦးအား လိုက်ခဲ့မလားဟုသွားနှုတ်ဆော့ရာ တကယ်လိုက်လာမည်လုပ်နေသဖြင့်
သူငယ်ချင်းဖြစ်သူက မုန့်ဖိုးတစ်ယောက်တစ်ဆယ်ပေးပြီး မနဲထွက်လာခဲ့ရသေး၏။ကျွန်ုပ်တို့ကား ကိုယ့်
ဒွတ်ခကိုယ်ရှာကြသော ဘဲကြီးများသာဖြစ်ချေတော့သည်တစ်မုံ....။


ခရစ်စမတ်အပြီးနောက်တစ်နေ့မနက်၏ပထမဆုံးရထားတွင် လူသည်ပြည့်လျက်ရှိသည်။ထိုင်စရာနေရာမရ
ချေ။တချို့သည် အလုပ်ဆင်းရသည်ဖြစ်၏။တချို့သည်ကျွန်ုပ်ကဲ့သို့အပျော်ကျူးကာပြန်လာကြသောသူများ
ဖြစ်၏။ရထားပေါ်တွင် တစ်ဦးသော ရုပ်ဆိုးဆိုး မလေးတစ်ယောက်သည် သူ၏ပန်းသီးကွန်ပြူတာထဲမှ သူ့
ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် အမျိုးမျိုးအဖုံဖုံပြင်နေသည်ကို ရထားမှန်ထဲမှတစ်ဆင့် မြင်နေရသည် ဖြစ်ရာ
ကျွန်ုပ်လည်းပြုံးမိလေသည်။လူငယ်လေးတစ်ဦးသည် ကျောပိုးအိပ်ကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားရင်း
ငိုက်လျက်ရှိသည်ကိုတွေ့ရသည်။အန်ကယ်ကြီးတစ်ဦးကမူ သတင်းစာတစ်စောင်ကို စိတ်ဝင်တစားဖတ်နေ
သည်။အမျိုးသမီးတစ်ဦးသည် မှန်ဝိုင်းလေးကိုထုတ်ကာ အလှပြင်ခြင်းအမှုကိုပြုနေသည်ကိုလည်းမြင်တွေ့ရ
သည်။

ကျွန်ုပ်တို့သည် ဘဝပင်လယ်ကြီးအတွင်းတွင် အဆင်ပြေသလိုပင် ဆင်သေကိုစီးကာ ခရီးကိုဆက်လျက်
ရှိနေကြသည်။တစ်ရွေ့ရွေ့တွားသွားဝင်ရောက်လာပြီဖြစ်သော သေခြင်းတရားကို မေ့လျော့ကာနေကြ၏။
သေခြင်း၏တံခါးတစ်ဘက်၌ဘာရှိသည်ကိုလည်း မမြင်နိုင်၊ဘာမှမရှိခြင်းလည်းဖြစ်ချင်ဖြစ်နေနိုင်သည်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် တိုသောဘဝထဲ၌ ချိုသောရသာကို ရှာကာဖွေကာ နေသာသလိုနေနေ
ကြလေသသည်။နက်ဖြန်တွင် ပိုမိုကောင်းမွန်လာနိုင်သောကမ္ဘာကြီးအဖြစ် ရိုးသားစွာ အကောင်းမြင်ကြည့်
ရင်း အဆိုးများကိုရင်ဆိုင်ကျော်ဖြတ်နေကြရသည်။

ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာကား....ဘာပါလဲ....၊ဘဝသည် ဘယ်သို့ပါနည်း....။ကျွန်ုပ်မသိပါ။ဆက်လည်း
မတွေးတတ်တော့ပါ...။မှန်ပါသည်ရဲဘော်....။ကျွန်ုပ်သည် တရားဓမ္မကိုရှာဖွေအားထုတ်ရန် အရွယ်သို့
ရောက်နေပြီဖြစ်သော ဘူနေသောဘဲကြီး သာလျှင်ဖြစ်သည်။သို့သော် ကျွန်ုပ်သည် ကျွန်ုပ်လက်လှမ်းမမှီ
နိုင်သော အတွေးများဖြင့်သာလုံးလည်ပတ်ချာလည်လျက် ဘဝတိုတိုတွင် ရသာချိုချိုကိုသာ ရှာလျက်ရှိနေ
မိသေးပါသည်တကား......။

20 comments:

Candy said...

အင်း.. သိသိကြီးနဲ့ မိုက်နေကြတာပေါ့... ဒါနဲ့ တရားအားထုတ်မယ်ဆိုပြီး စီစဉ်ထားတဲ့သူက East coast ကစလို့သွားလိုက်တာ စုံနေတာပဲ...ဟိဟိ

ဦးလေးတို့အရွယ်ပဲ တရားအားထုတ်သင့်တာ မဟုတ်ပါဘူး။ အားလုံးက ပေါ့နေကြတာ။ ဘယ်အသက်အရွယ်မဆို တရားအားထုတ်သင့်တယ်။ ဦးလေးပြောသလို မနက်ဖြန်မသေဘူးလို့ ဘယ်သူပြောနိုင်လဲ။ ကွေးသောလက်မဆန့်မှီ ဘုရားတရားလုပ်သင့်နေပြီ.. ပြောရင်း ကိုယ့်ကိုကိုယ်လည်း နားချလိုက်သည် အဟိ :D

khin oo may said...

မူးအောင်လုပ်တယ် သူများကို.

Nyi Linn Thit said...

ဒီလို အက်ဆေးမျိုးတွေ သဘောကျတယ် ကိုညိမ်းနိုင်..၊ ဘယ်သွားသွား၊ ဘာလုပ်လုပ် 'အသိ' ကပ်နေတာလေးက မိုက်တယ်ဗျ..၊ လွတ်လပ်စွာနဲ့ အများနည်းတူ ရှင်သန် လှုပ်ရှားတယ်၊ ဒါပေမယ့် တွေးတယ်..၊ ဆင်သေပေါ်မှာ လိုက်ပါနေရသူချင်း အတူတူ ကိုယ့်ကိုယ်ကို ချွန်းအုပ်နိုင် တာ အရည်အချင်း တစ်ခုပဲ မဟုတ်လား...။း)

...အလင်းစက်များ said...

ပထမ အချက်အနေနဲ့  .... အမေက သိလျက် မသိချင်ယောင် ဆောင်ပေးသည်ဟု မှတ်ပါလေ။ သား အကြောင်း အဖေကို ပေါင်းဖူးသော မိခင် သေချာစွာ သိပါလေအိ။ မိမိ ကိုယ်ကို လည်လှပြီဟု မထင်သင့်ချေ။

ဒုတိယ အချက် အနေနဲ့  ... ဒုတိယ အကြိမ်မြောက် ၀ံပုလွေကဲ့သို့  ကြိတ်ရယ်သွမ်းခြင်း အမှုအား သင်တစ်ယောက်ထည်း ရယ်သည်ဟု မထင်သင့်ချေ။ ကျန်သုံးယောက်လည်း သင်ကဲ့သို့  ကြိတ်ရယ်နေသည်ကို သတိပြုပါလော့။

တတိယ အချက် အနေနဲ့ .... အ၀တ် အစား အစုံ ၀တ်လျက် စား၊ သွား၊ လာ၊ လုပ်ကိုင် ပြောဆို နေကြကုန်သော လူမင်းချင်း အပေါင်းတို့  အား စေ့စေ့ကြည့်သော် အားလုံး အရူးများဟုသာ သတ်မှတ်ပြီးလျှင် လှစ်လျူရှုတတ်အောင် ကြိုးစားပါ ငါ့ကောင်။ လူမှန်သမျှ ဘ၀င်ရူး၊ ဥစ္စာရူး၊ တဏှာရူး၊ ကာမရူး။ ရူးချင်ရာ ရူးကြသူများ ဖြစ်ကြသည်ကို မှတ်ယူပြီး မြင်အောင်ရှုပါလော့။

လူဟုသည် အင်္ကျီလှလှဝတ်၊ ရေမွှေးနိုင်နိုင် ဖျန်းပြီး ကာလာစုံ ချယ်ထားသော မစင်တုံးသာ ဖြစ်ပေသည်ကို အသင် အိကု သတိပြုနိုင်ရန် အကျနုပ် ဤကော်မန့် ကို ရေးသားခဲ့ပါပေသည်။

အကြေအလည် ဆွေးနွေးလိုပါက ဂျီသို့  လာရန် ဖြစ်ပါသည်။

san htun said...

ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ..ဘာပဲဖြစ်ဖြစ် အရာရာကို သတိလေးနဲ့  တားဆီးနိုင်တာလည်း တရားပဲလေ..(ဆြာကြီး လေသံဖြင့်)

blackroze said...

ဖတ်ရင်းနဲ့ပြုံးလည်းပြုံးမိတယ်..
တချို့အကြောင်းအရာလေးတွေဖတ်လိုက်ရတော့
စိတ်မကောင်းလည်းဖြစ်မိတယ်..
ဒါဘဝဘဲ အကိုညိမ်းနိုင်ရေ..

ကိုကိုမောင်(ပန်းရနံ့) said...

ဒီပို့စ်ကို မူးပြီး ရေးထားတာ ဖြစ်ရမယ်။
ဘာဖြစ်လို့လဲ ဆိုတော့ မူးပြီး ရေးတိုင်း ဖတ်ကောင်းနေလို့။း)

N/A said...

ဟုတ်ပါ့ဗျာ.. တယ်ထိမိလှတယ်ဗျ။ သိပ်သဘောကျတယ်ဗျာ..
( လျှာလေး..အာလေး သံကြီးဖြင့် အားပါးရပြောသွားပါသည် )
N/A

သဒ္ဓါလှိုင်း said...

တတ်နိုင်ရင် ဘယ်အရွယ်မဆို တရားအားထုတ်ရမယ့် အရွယ်ပါပဲလေ။ မသေခင်စပ်ကြား အမျိုးမျိုးသော ရုန်းကန်လှုပ်ရှားမှုတွေကြား ဗျာများနေရအုံးမှာပဲ။
ခင်မင်လျက်
သဒ္ဓါ

မဒမ်ကိုး said...

တရားထိုင်မယ့်အရွယ်ရောက်နေတဲ့ဘဲကြိး ဒီ ၃ ရက် ဘယ်လောက်တောင်ကဲနေလဲမသိ ဟွန့်
လာပါဆိုတော့မလာဘူး ဘားတောင်ရောက်သွားလိုက်သေး
ဘာစကားမှမရှည်နဲ့ တရုတ်နှစ်ကူးဒိုးမယ် ဒါဘဲး)

မိုးငွေ့...... said...

မူးမိုက်လေး ပို့စ်က....။ မုကောင်းကောင်းနဲ့မူးတုန်းရေးထားတဲ့ ဒသနအတွေးတွေအများကြီးပါတဲ့ စာကောင်းပါပဲ...။ ဂုဏ်ယူပါတယ်ရှီးဖော်...။

Angelhlaing(May everybody be happy and healthy! said...

တော်တယ်လို့ ပြောရမှာပါပဲ အကိုရေ... ကိုယ်ကိုကိုယ်အထိန်းဆုံး ဖြစ်ဖို့ အရေးကြိးတာမဟုတ်လား.... ဂုဏ်ယူပါတယ်အကို။

mstint said...

'တရားအားထုတ်ရမည့်အရွယ်ရောက်နေပြီ' ဆိုလို့
လောကကြီးသုံးပါးအကြောင်းဆွေးနွေးဘို့
မောင်ညိမ်းပို့စ်လေးကို အားပါးတရ ဖတ်လိုက်သည့်
သကာလ.... ဂျိမ်းစ်ဘွန်းအိုက်တင်နဲ့ မီးညှိပေးရင်း
'ဘဝတိုတိုတွင် ရသာချိုချိုကိုသာ ရှာလျက်ရှိနေ
မိသေးပါသည်တကား' ဆိုတော့ စဉ်းစားရကြပ်ပေါ့း))
အရေးအသားကတော့ ရှယ်ပဲ မောင်ညိမ်းရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

jasmine(တောင်ကြီး) said...

ခေါင်းစဉ်ကတော့အတော်စိတ်ဝင်စားဖို့ကောင်းလှပါတယ်
(ကျွန်ုပ်သည် တရားအားထုတ်ရမည့်အရွယ်ရောက်နေပြီဖြစ်သော)

ဘူးထွားထွားတစ်ကယ်ရယ်ရပါတယ်
ပြောတော့ဘုရားဘုရားတဲ့
သူငယ်ချင်းလာမခေါ်ခင်ကတဲ့ကသွားချင်နေတာများ
အင်းဘယ်လိုပြောရမလဲ ဘ၀ဘ၀ တွေလေ
ဘ၀အမောတွေပြေပါစေတော့

SHWE ZIN U said...

တတိယအကြိမ်မြောက် ဝံပုလွေသွားဖြီးသလို ပြုံးမိမှာ ကြောက်လို့ ဘာမှ မရေးဘဲ ပြန်သွားပြီ မောင်လေးရေ

ခင်မင်တဲ့
ရွှေစင်ဦး

ကိုအောင် said...

အရွယ်ကောင်းတုန်း ဒစ္စကို သွားပါ ...း)

Han Kyi said...

တရားရှာ ကိုယ်မှာတွေ့လို့ပဲ ကြားဖူးပါတယ်...ကငြိမ်းနိုင်ကျမှ တရားရှာ ကလပ်မှာတွေ့ ဖြစ်ရတယ်လို့...မကြည်တတ်ရင် တဏှာ...ကြည့်တတ်ရင် ၀ိပဿနာဆိုတာ ဒါမျိုးကို ခေါ်တာထင်ပါ့...

ဘာပဲလုပ်လုပ် သတိချပ်ပြီး အသိကပ်ဖို့ လိုပေသပ ကငြိမ်းနိုင်ရယ်...တောထဲတောင်ထဲသွားပြီး တရားအားထုတ်မှမဟုတ်ပါဘူး...သာဓုခေါ်သဗျား...

ကိုရင် said...

မှတ်တတ်ရင် တရားတွေချည်းပဲ ကို7 ရ..
သောက်ရင်လည်း သောက်တယ် သောက်တယ်..
မူရင်းလည်း မူးတယ် မူးတယ်

ဒီလိုပါပဲ..အဲ့လိုပဲ တရားရှာရတယ် ပေါက်ဖော်ကြီးရဲ့..
ကဲကဲ ကျွန်ုပ်တို့ နောက်အပတ်ထဲ ကလပ်မှာ သွားပြီး စနည်းနာကြအုံးစို့.. :D

ညီရဲသစ် said...

နောက်တခါ တွေ့ မှ ဝံပုလွေ သွားဖြီးပြီး ပြုံးတာ မမြင်ဖူးလို့ ပြုံးခိုင်းရဦးမယ်...

Crystal said...

ကိုအိကုကြီး ခေါ်သွားတဲ့နောက် ပါသွားတယ်၊ စာထဲမှာလေ အင်းးးးး လိုက်စဉ်းစားကြည့်မိတယ်...

သံဝေဂဥာဏ်ဖြစ်နေပြီထင်တယ် :)