Friday, December 16, 2011

ကြုံသလိုဟင်းချက်ခြင်းအနုပညာ (သို့) anyhow cooking

အကယ်၍ မိန်းမနှင့်ယောင်္ကျား မည်သူ ဟင်းချက်ပိုကောင်းသနည်း လျှပ်တစ်ပြက်ဖြေပါ (ငါးမှတ်) ဟုအစ်မ
ကွန်စတိုင် မေးခွန်းထုတ်ခဲ့ပါက သင် မည်သို့သောအဖြေကိုပေးမည်နည်း....ရဲဘော်.....။ကျွန်တော်ထင်ပါ
သည်။ ရဲဘော်၏အဖြေမှာ မိန်းမ ဟူ၍ဖြစ်နေပါလိမ့်မည်။သို့သော်ကမ္ဘာ့အတော်ဆုံးစာဖိုမှုးများစာရင်းတွင်
ယောင်္ကျားများသာမင်းမူလျက်ရှိသည်ကိုရဲဘော်သတိပြုသင့်ပေသည်...။ထို့ပြင်တစ်ပိုင်းတစ်စကြည့်ဖူးသော
ကာရီးယိုးစီးရီးတစ်ခုတွင်စာဖိုမှုးဖြစ်သူမှာအတောင်နှစ်ဆယ်ဝတ်မင်းယောင်္ကျားကြီးဖြစ်သည်မဟုတ်ပါလား။

ကျွန်တော့်အတွက်တော့ထိုမေးခွန်းအတွက်အဖြေမှာ ယောင်္ကျားဟူ၍သာဖြစ်သည်။အဘယ်ကြောင့်နည်း...။
ကျွန်တော်တို့မိသားစုတွင် မီးဖိုချောင်၏တာဝန်ကိုရှစ်ဆယ်ရာခိုင်နှုန်းယူထားသူမှာကျွန်တော့်ဖေဖေဖြစ်နေ
သောကြောင့်ဖြစ်သည်။ဟုတ်သည်...။ဖေဖေသည်ဟင်းချက်အင်မတန်ကောင်းသူဖြစ်သည်။သူသည်ဘယ်နံ
ရောခါက မှ စားဖိုမှုသင်တန်းကိုလည်းတတ်ဖူးသူမဟုတ်ပါ။ဦးကြီးပု၏ချက်နည်းပြုတ်နည်း ၅၀၀ စာအုပ်ကို
လည်းယောင်လို့ပင်လှန်မကြည့်ပါ...။သူလူပျိုဘဝကလည်း မိဘကိုကူညီချက်ပြုတ်ခဲ့ခြင်းလည်းမရှိဟုသိရ
သည်...။သို့သော် ဟင်းတစ်ခါ ချက်ကာနီးတိုင်း ဦးကြီးပု သို့တစ်ခြားသောဟင်းချက်နည်းစာအုပ်များကို
မျက်မှန်ကြီးတစ်ဝင်းဝင်းနှင့်နည်းနာခံယူရလေ့ရှိသော မေမေ့ထက်ပို၍ဟင်းချက်ကောင်းသောဟူလို....:)))

ဘဇာကြောင့်ဤသို့ဖြစ်ရသနည်း...။ကျွန်တော်ထင်ပါသည်...။ကျွန်တော်တို့ယောင်္ကျားများတွင်မွေးရာပါ
တတ်မြောက်သော အတတ်ပညာများထဲတွင် ဟင်းကောင်းစွာချက်တတ်ခြင်းသည်လည်း တစ်ခုအပါအဝင်
ဖြစ်နေ၍ဖြစ်ပါလိမ့်မည်...။ဟိသစ္စံ..ဤစကားမှန်၏...။ဥပမာအနေဖြင့် ဝေးဝေးမကြည့်ပါနှင့် ရဲဘော်...။
ကျွန်တော့်ကိုပဲ ကြည့်ပါ...။နှစ်ပေါင်းသုံးဆယ်နီးပါးမျှ အဖေ၊အမေတို့ချက်ကျွေးသမျှ အသင့်လက်ဆေးစား
ခဲ့သော ကျွန်တော်ကား....ရှင်ကြားပူသို့ရောက်သောအခါ မဖြစ်မနေ ကွကို ချက်စားရတော့သည်....။
ဆရာကားမရှိ...၊ချက်နည်းပြုတ်နည်းစာအုပ်များလည်းမရှိ...။အတုယူစရာ အခန်းဖော်ကလည်း တရုတ်...။
သူချက်သော ချိုရဲပေါ့ရွှတ်ဟင်းများကို ကျွန်တော်မစားနိုင်...။သည်တော့ ကွကို အားကိုးရာ၏။ကိုယ်သာ
လျှင် ကိုယ့်မီးဖိုချောင်၏အရှင်သခင်ဖြစ်သည်မဟုတ်တုံလော ရဲဘော်....:)))

မဖြစ်ဘူးလားမမေးပါနှင့်...။ဖြစ်ပါသည်...။ဖြစ်သည်မှ ဖျစ် ဖျစ် ဖျစ် ဖျစ် တောင်မြည်နေသေး၏...။မြည်မှာ
ပေါ့...၊ဟင်းအိုးကြီးပစ်ထား၍ အခန်းထဲဝင်ကာ ဖဘ တွင် ပေါက်ကရလေးဆယ်များ ရေးနေသည်ဖြစ်ရာ
ဟင်းအိုးမှရေခန်း၍ ဖျစ်ဖျစ်မြည်ရုံမက တူးပါသွားသည်ကိုး....။သို့သော် ဤသည်က ဆယ်ကာရံတစ်ခါမျှ
သာဖြစ်လေသည်။ကျန်သောအခါများက (ကိုယ့်အတွက်တော့)အင်မတန်မှစားကောင်းသော ဟင်းများဖြစ်
လေသည်ပင်....။

ရှင်ကြားပူရောက်စက ကြက်သားနှင့်ဝက်သားလောက်ကလွဲ၍ ထွေလီကာလီများ သိပ်မချက်လှ၊ကြာသော်
ညန်မာပြည်သားဖြစ်သည့်အားလျှော်စွာ တောင်တောင်အီအီလေးများစားချင်လာသည်..။ပန်နစူလာရှိ
မြန်မာဆိုင်များကိုချည်း အခါတိုင်းအားကိုး၍မဖြစ်သည့် အားလျှော်စွာ ကွကို ချက်စားတော့သည်။
မွင်းဂါး *ချက်သည်။နို့စိမ်းခေါက်ဆွဲချက်သည်။ကြေးဆီ** တီးသည်။ပေါက်ဖော်တို့ဘာသာဖြင့် ကျူးဂျောင်
ဟုခေါ်သောဝက်ခြေထောက်ဆွတ်လုပ်သောက်၏။ဝက်ပုန်း***၊ဝက်မျှစ်၊ဝက်ကန်ဒီ (အဲ...ဝက်ချိုချဉ်ကြော်
ပြောတာ....:))) အစရှိသည်တို့ကား မိုင်နာကေ့စ် များဖြစ်လေ၏။သို့ဆိုသော်...ရဲဘော်၌မေးခွန်းတစ်ခု
မေးစရာရှိလာလိမ့်မည်..။မည်သို့ချက်သနည်း...ဟူ၍ပင်..။ဤသို့ပင်ချက်သည်ဟုပြောရမည်ပင်...။

ဟုတ်ပါသည်...။အဆင်ပြေသလိုချက်လိုက်သည်သာဖြစ်၏။စားမကောင်းဟူ၍ကား ကျွန်တော့်အဖို့မရှိ..။
(တစ်ခြားလူတော့ အာမ မခံ....:))စားကောင်းသည်ပင်...။ထို့ကြောင့် ကျွန်တော်ပြောသည်မဟုတ်ပါလော၊
ဟင်းချက်နည်းဆိုသည်မှာ ယောင်္ကျားတို့၏မွေးရာပါအတတ်ပညာပါဟု....။သို့သော်....၊တစ်နေ့သော
အခါတွင်မတော့ ကျွန်တော့်ဘောစိတစ်ယောက် ကျွန်တော့်အခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ
သောအခါတွင်မတော့ နာမည်ပျက်ကိန်းနှင့်ကြုံရလေတော့သည်...။မှတ်မှတ်ရရ ထိုနေ့က အလုပ်လည်း
ပါးသည်နှင့် ရုံးမှစောစောလစ်လာပြီးလျှင် ယခင်နေ့က ဝယ်ထားပြီးဖြစ်သော ကြက်တစ်ကောင်အား
မဆလာနိုင်နိုင်နှင့် ကြက်သားမဆလာချက်လေး ချက်နေသောအခိုက်တွင်ဖြစ်သည်။

အိမ်ရှေ့မှ အော်ခေါ်သံကြားသဖြင့် တံခါးဖွင့်ကြည့်ရာ မိန့်မိန့်ကြီးရပ်နေသော ဘောစိအား တွေ့လိုက်ရ
သော်  ဟိုက်....ငါတော့ရုံးစောစောလစ်လာတာ အကောခံရပြီဟုတွေးထင်မိလိုက်လေသည်..။သို့သော်
သူဌေးကား ဘာမှမပြော...၊ဒီဘက်ရပ်ကွက်ထဲက သူငယ်ချင်းတစ်ယောက်ဆီလာရင်း မင်းတို့ဆီလှည့်ဝင်
လာတာ....၊ဘာလုပ်နေလဲ..၊တရုတ်တွေရောဘယ်သွားလဲ...ဘာညာနှင့် အလာပသလာပသာပြော၏။
ပြောရသော် ထိုအိမ်ခန်းမှာ သူဌေးကိုယ်တိုင်ရှာပေးထားသောပြီး တရုတ်၃ယောက်နှင့်ကျွန်တော့်ကိုထား
ပေးထားသောအခန်းဖြစ်သည်။ထို့ကြောင့် သူ ကျွန်တော်တို့အိမ်ခန်းဆီသို့ တန်းတန်းမတ်မတ်ရောက်လာ
ခြင်းပင်..။

သို့နှင့် ကျွန်တော်လည်း ဘောစိအား ဧည့်ဝတ်ပြုကာ စကားရောဖောရောလုပ်ရသည်ပေါ့...၊ထိုင်ပါဦး...၊
ခဏနော်...ဟင်းချက်နေလို့....ဘာညာ နှင့် နောက်ဖေးမီးဖိုချောင်ထဲပြေး၍ မီးဖိုမီးသွားပိတ်သည်ရှိသော်
ကိုရွှေသူဌေးသည် မီးဖိုချောင်ထဲအထိလိုက်လာပြီး ဘာချက်နေလဲဟု စပ်စုလေတော့သည်..။ကြက်သား
ဟင်းနံရသော်...အံမယ်ကြည့်ရတာကောင်းမယ့်ပုံပဲ...၊မင့်က ချက်တတ်သားပဲဟ...၊ဘာလဲ...မြန်မာပြည်
မှာတုန်းက မင်းမာမား ချက်နည်းအတိုင်းချက်တာလား..ဟူ၍စပ်စုခြင်းအမှုကိုပြုလေတော့သည်။ကျွန်တော်
လည်း  မဟုတ်ပါဘူးဗျာ...၊အိမ်မှာတုန်းက အမေတို့ချက်ကျွေးသမျှစားလိုက်တာပါပဲ...၊တစ်ခါမှတောင်
ဝိုင်းကူမလုပ်ဖူးမိပါဘူး...၊ခုဒီရောက်တော့မှ ကျွန်တော့်ဘာသာ အဆင်ပြေသလိုချက်စားလိုက်တာပါပဲ  ဟု
အမှန်အတိုင်းပြောပြလိုက်သော် ဘောစိသည် ကျွန်တော့်အား  ဟင်...မင့်ဟာက anyhow cooking ပေါ့
ဟူ၍ မှတ်ချက်ချလိုက်သော ဟူလို....။

ထိုစကားသည် ထိုနေရာတွင်ပင်ပြီးသွားရမည်ဖြစ်သော်လည်း မပြီးသေး...၊နောက်တစ်နေ့ရောက်သော်
ရုံးတွင် စာရေးမလေးများကို ပြန်၍ဖောက်သည်ချလိုက်သေး၏။မနေ့က ငါ သူ့ဆီသွားလည်တာ ဒီကောင်
ဟင်းချက်နေတာတွေ့ခဲ့ရတယ်..၊anyhow cooking ပဲဟေ့...ဟူ၍ တစ်နေ့လုံးပြောမဆုံးတော့ပေ..။
စာရေးမလေးများကလည်း ကျွန်တော့အား တွေ့သည်နှင့် ဟဲ့...အနိုင် နင် ဒီနေ့ဘာချက်စားတုန်း...
anyhow cooking ပဲလား ဟူ၍ ကျီဆယ်ခြင်းအမှုကိုပြုကြလေတော့သတည်း....။

မှန်ပေသည်...။သူရို့ပြောသလို ကြုံသလို anyhow cooking လိုက်သည်သာဖြစ်သော်လည်း စားကောင်း
ဖို့သည်သာ ပဓာန မဟုတ်ပါလား ရဲဘော်....။အဘယ်မျှ ကြုံသလိုချက်သနည်းဆိုသော် တစ်ခါသား၌ ချဉ်
ပေါင်ကြော် ကြော်လေ၏။ကြော်ပြီး၍ ဒယ်အိုးထဲမှ ပန်းကန်ထဲပင်ထည့်ပြီးသွားပြီဖြစ်သည်။အရည်သောက်
လေးတစ်ခွက်ထပ်ချက်မည်ဟုကြံပြီး အအေးသေတ္တာဖွင့်ကြည့်တော့မှ စိမ်းစားငပိ ခေါ် မျှင်ငပိ ခေါ် ပုဇွန်
ငပိဘူးအားတွေ့သည်ရှိမှ ငပိမထည့်လိုက်ရသည်ကို သတိရတော့သည်...။ဘာလုပ်သည်ထင်ပါသနည်း..။
ချဉ်ပေါင်ကြော်များအား ဒယ်အိုးထဲပြန်ထည့်၍ အနှီး စိမ်းစားငပိအား ထပ်ရောသမမွှေလိုက်သေးလေ၏။:D

မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်ကား အတောင်နှစ်ဆယ်ဝတ် ဘုရားဆုပန်မင်းခယောင်္ကျားတို့ မွေးရာပါ
တတ်အပ်သော ကြုံသလိုဟင်းချက်ခြင်းအနုပညာကို ကောင်းစွာတတ်သည်နှင့်အညီ အဆင်ပြေသလို
ကြော်လှော်ချက်ပြုတ်၊ခူခပ်အပြတ်တုတ်လေ့ရှိသည်ဖြစ်၏။ ရဲဘော်တို့အားလည်း ကြုံလျှင် anyhow
cooking နည်းဖြင့် ချက်ထားသောဟင်းလျာများဖြင့် ဧည့်ဝတ်ပြုချင်ပါသေး၏။(မကြုံဖို့ရာ ဆုတောင်းကြပါ
ကုန်လော့ ရဲဘော်တို့....:))။ယခုမူကား ချက်မိသမျှကို လက်ဆော့ထားသော ဒါ့ပုံများဖြင့်သာ ရဲဘော်တို့
သွားရည်တောက်တောက်ကျစေရန် နှိပ်ဆက်ကလူခြင်းအမှုကို ပြုလိုက်ရပါတော့သည်....။အားလုံးသော
ရဲဘော်များ ပျော်ရွင်ဖွယ် ခရစ်စမတ်နှင့် ဘိလပ်နှစ်သစ်ကူးအခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျား.....။





ဤသည်ကား ကျွန်တော်၏နာမည်ကျော် မွင်းဂါး ဖြစ်၏။ ဤပုံကို ဖဘတွင်တင်သည်ရှိသော် ရှိရှိသမျှသော
ရဲဘော်အပေါင်း၏....ဟင်...ဘာကြီးတုန်း.....၊ဟယ်...ပဲဟင်းအိုးကြီးလား...၊အောင်မလေး..မွင်းဂါးစားချင်
စိတ်တောင်မရှိတော့ဘူး....ဟူ၍ ချီးမွန်းထောပနာသော ကွန်မန့်ပေါင်းများစွာကို လက်ခံရရှိခဲ့လေ၏ :P


ဤသည်မှာ ငပိထည့်ဖို့မေ့နေ၍ နှစ်ခါပြန်ကြော်ရသော ချဉ်ပေါင်နှစ်ပြန်ကြော် ဖြစ်ချေတော့သည်တစ်မုံ..:)


ကြက်သားမဆလာချက်ဖြစ်ပါသည်...။ဆီတော့ နည်းနည်းများသွားသည်.....:D


ဒါကတော့ ကြက်သားငရုတ်သီးကြော်ဖြစ်သည်...။သိပ်မစပ်ပါ...၊ငရုတ်သီးနှင့် တစ်သက်တာ မခေါ်စတမ်း
စာချုပ်ထားသောကြောင့် နဲနဲသာပါ၏။

ကွကို တီးတဲ့ ကြေးဆီ....၊ဘီဘီဘူးကတော့ လူရှိန်အောင်ထောင်ထားတာပါ....:P

(ဒီတစ်ခါတော့ ဒီလောက်ပါပဲ...၊တခြားဒါ့ပုံတွေတော့ နောင်ကြုံမှတင်ပါတော့မယ်...၊များများတင်လိုက်ရင်
စာဖတ်နေသူအပေါင်း သွားရည်တောက်တောက်ကျကုန်တာနဲ့ ကွန်ပြူတာတွေ ပျက်ကုန်မယ်စိုးလို့....:)))

ခတ်ဆစ်အဖွင့်...
မွင်းဂါး = မုန့်ဟင်းခါး
ကြေးဆီ= ကြေးအိုးဆီချက်
ဝက်ပုန်း=ဝက်သားနှင့် ပုန်းရည်ကြီး

22 comments:

Angelhlaing(May everybody be happy and healthy! said...

အခုလောလောဆယ်တော့...ဗိုက်ဆာလယ်အကို....:):)

သမီးစံ said...

ချဉ်ပေါင်ကျော်.ကလေးစီးဖြစ်ပါသည်။

ကျေးဇူးပါအစ်ကိုး)

ခင်မင်စွာဖြင့်

ကိုရင် said...

ပေါက်ဖော်ကြီးရေ
အံတွေသြတာပ..
အပ်တာကြီးက မွင်းဂါးတဲ့လား..ရေနွေးကြိုပြီး အရွက်တွေ လှီးထဲ့ထားတာ ကြေးဆီတဲ့လား
နောင်တစ်ကြိမ်ကျရင် ကွကိုချက် ကွကို စားသုံးတော်မူ..
အနှီ ဒ့ပုံတွေကြောင့် အတို့ကျွန် စားချင်စိတ် ပျောက်လှ တယ်ပ..

ဖြစ်နိုင်ခဲ့ရင် ..နောင်တစ်ကြိမ် လာမတင်ပါနဲ့ပ..:D

ကိုကိုမောင်(ပန်းရနံ့) said...

ဒီတစ်ခါတော့ ကမောင်လေးကို အပြတ်အသတ် ထောက်ခံပါ၏။

စာဖိုမှူးအလုပ်ကို ယောက်ျားတို့သာ အဓိက လုပ်ခဲ့သည်မှာ ယခုခေတ်မှသာ မဟုတ်။ ဟို လွန်လေးပြီးသော ကပ်ကမ်ဘာပေါင်းများစွာကထဲက စာဖိုမှူးအလုပ်ကို ယောက်ျားများကသာ လုပ်ခဲ့ကြလေသည်။
ဘုရားအလောင်းနုစဉ် အလောင်းတော်ဘ၀တုန်းက လူသားစားသောကြောင့် ပေါရိသာဒဟု အမည်တွင်သည့် ရှင်ဘုရင်ကြီးကို ချက်ပြုတ်လုပ်ကျွေးခဲ့သည်မှာ ရသက အမည်ရှိ ယောက်ျား စာဖိုမှူးကြီး ဖြစ်ခဲ့ချေသည် တမုံ့။

ထို့ပြင် ကိုရင့်ကျောင်းက ကပ်ပိယကြီးသည်လည်း မိန်းမမဟုတ် ယောက်ျားရင့်မာကြီးများ ဖြစ်လေသည်တကား။

ထို့ပြင်တ၀...
စာဖိုမှူးဟုသာ ရှိသည် စားမမှူးဟု မရှိသည်ကို ထောက်သောအားဖြင့် စာဖိုမှူးမှန်ရင် ယောက်ျားတို့သည်သာ အဓိက ဖြစ်ချေတော့သည်လေ။

သို့သော် သို့သော်..
ကမောင်လေးရဲ့ ဟင်းအမယ်မယ်တို့ကို ဗိုက်ဆာဆာနဲ့ ထိုင်ကြည့်မိသည့် ဒုက်ခ မသေးမှန်း အခုမှပင် သိလေတော့၏။

ထို့ကြောင့် အကြံပေးလိုသည်မှာ...
လက်ရာလဲ မပျက်စေနဲ့၊ နောင်လဲ မချက်တော့နဲ့ ဟူလို။း)

N/A said...

ကိုယ်ချင်းစာပါတယ်ဗျာ.. မချက်ပါနဲ့တော့.. ဟီးဟီး..
ဘီယာလေးကတော့ စားချင်စဖွယ်ပဲ..

san htun said...

ကိုညိမ်းကတော့ စန်းထွန်းထက် သာတယ် ထင်ပါ့...

မဒမ်ကိုး said...

အရမ်း အရမ်းကိုစိတ်နာဒယ် ဒီစာမြင်ကိုမြင်ရင် ဘာကိုပြောသလဲဆိုဒါ သဘောပေါက် ပါ ကညိမ်း
လုံးဝတင်းဒယ် ဟင်းးဟင်းးး

Crystal said...

ကရိကထများလှသော မီးဖိုချောင်အလုပ်များကို ယောက်ျားဘသားများက တာဝန်ယူနိုင်မည်ဆိုပါ အကျွန်ုပ်တို့ မိန်းမသားများသည် အလွန်တရာ ဝမ်းမြောက်ဝမ်းသာရှိလှပေသည်။

ဘိလပ်နှစ်ကူးမှာ အသောက်မများပဲ ပျော်ရွှင်နိုင်ပါစေရှင့် :)

ငွေလမင်း said...

ကမ္ဘာကျော် စားဖိုမူးဆိုတာ ယောကျာ်းတွေများတာမဟုတ်လား ဗျာရယ်
anyhow cooking ဟင်းပုံလေးများကို ဝေဖန်ပေးရသော် မဆိုးပါဘူး စားချင်စရာကောင်းပါတယ် (မွင်းဂါးမှ လွဲရွေ့)
ကိုကိုငွေလည်း သိပ်ချက်တတ်လှတယ်မဟုတ်ဘူး လျောက်ချက်ရင်း လုပ်တတ်သွားတာပါ..ဒါနဲ့ နောက်ကိုချဉ်ပေါင်ကြော်ရင် မျှစ်ဝါ၀ါလေးတွေတစ်ေ၇လောက်ပြုတ်ပြီး ချက်ရင် စားကောင်းတယ် .ချဉ်ပေါင်သီးသန့်က စီးစီးနဲ့ပိုချဉ်သလားလို့...

blackroze said...

ကွကို..ချက်ထားသောဟင်းများကို
နောက်ခါဘယ်တော့မှမတင်လိုက်ပါနဲ့
ကညိမ်း..

တောင်းပန်ပါတယ်..ဖလိ ဖလိ...
ကြက်ရိုးပြုတ်ပြီး မတင်ပါနဲ့..အော်...ရယ်..

ခင်တဲ့ ပစ်ပစ်

Candy said...

ကန်ဒီ ၅မှတ် ရတယ်ကွ.. ဟုတ်တယ် ယောက်ျားလေးတွေက ပိုဟင်းချက်ကောင်းတာတော့ ထောက်ခံတယ်.. သူတို့က မချက်ရင် လုံးဝပဲ. ထိတောင် မထိဘူး.. ချက်ရင်တော့ ကောင်းကြတာများတယ် :D

ဘာဝက်ကန်ဒီတုန်း... ကိုညိမ်းနိုင်ကြီးနော်.. ဟင်းဟင်း..

ဒီလိုဟင်းတွေနဲ့ ချက်တတ်ကြောင်း ကြေငြာထားသည့်အတွက် နောက်တခါ ဟင်းချက်ပြီးကျွေးရင် ကြိုရင်ပြင်ဆင်ထားပါ.. ဒါပဲ
ဒါ ပြစ်ဒဏ်.. (၀က်ကန်ဒီခေါ်လို့ ဟွန်း)

jasmine(တောင်ကြီး) said...

ချဉ်ပေါင်ကြော်နဲ့ကြက်သားဟင်းလေးကတော့ကောင်းမယ့်ပုံလေးပါပဲ
တကယ်ကိုချက်တတ်တယ်ပေါ့ မိန်းမယူရင်အဆင်ပြေပြီ
ယူလို့ရပြီနော်

ဘိုဖြူ said...

ဟင်းတွေကောင်းမယ့်ပုံတွေပါ ကျွန်တော်ကအဲဒီလိုမချက်တတ်ဘူး ကြုံသလိုလေးပဲ

မိုးငွေ့...... said...

အားလားလား အတောင်နှစ်ဆယ်ဝတ်ယောက်ျားရဲ့ လက်စွမ်းတွေပေါ့လေ.....။ ချဉ်ပေါင်နှစ်ပြန်ကြော်လေးတော့ မမြင်လှသားပဲ...။ အရသာကတော့ ကွကိုယ်ပဲသိမှာ...။

Nyi Linn Thit said...

အားပါးပါး.. ကိုညိမ်းနိုင်ရဲ့ အစွမ်းတွေ စပြီး တွေ့ရပြီ ထင်တယ်၊ မုန့်ဟင်းခါး ဓါတ်ပုံက စာတန်းသာ မထိုးထားရင် ဓါတ်ပုံပဟေဠိ ကဏ္ဍမှာ ထည့်လို့ ရလောက်တယ်ဗျ၊း) ရုတ်တရက်ကြည့်တော့ ကူဖီးလ် လိုလို၊ ချော့ကလက် လိုင်ချီးစ် လိုလိုနဲ့...၊ ဟင်းပွဲတွေကို ကြည့်တော့ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ ဆိုတဲ့ စကားလေး သွားသတိရတယ်၊ ကိုညိမ်းနိုင်က ချမ်းသာ၊ ကြွယ်ဝမှုကို သွယ်ဝိုက်ပြီး ပြထားတာပဲဗျ၊း) ဘာပဲဖြစ်ဖြစ် ကိုယ်စားကောင်းရင် ပြီးတာပဲ မဟုတ်လား၊ ရှမ်းကြိုက်ရင် နွားချောတာ ပါပဲ၊ နောက်ဆုံး ဓါတ်ပုံထဲက လူရှိန်အောင် ထောင်ထားတဲ့ ဘူးကလေး ပါရင်တော့ တခါလောက်ဖြစ်ဖြစ် ထမင်းစား အဖိတ်ခံချင် ပါတယ်ဗျာ..။း)

ကိုအောင် said...

ယောင်္ကျား စဖိုးမှူးတွေ ဟင်းချက်တာ ပိုကောင်းတယ် ပြောပါတယ်၊ ကျနော်တော့ မချက်တတ်ဘူး စားပဲ စားတတ်တယ် ..း)

...အလင်းစက်များ said...

ဆရာဆီက ငါးဟင်း ဘယ်လိုချက်ရလဲ လှမ်းမေးတဲ့ အကြောင်းတော့ ထည့်မရေးဘူးလား။ အန်းနီဟောင်းကိုကွတ်ကင်း။

ညီရဲသစ် said...

ဟုတ်တယ် အစ်ကို ယောက်ကျားတွေ ဟင်းချက်ပိုကောင်းတာကို ကျွန်တော် ထောက်ခံတယ်။ သူတို့ အလုပ်မို့ သာ ကိုယ်တွေက ကြည့်နေရတာ... ဟီ ဟိ... ဘီဘီနဲ့ အမြည်းလေးတော့ စိတ်ဝင်စားသာဗျ... နောက်မှ အစ်ကို့ ကို လက်တကမ်းဟင်း ချက်ကျွေးဦးမယ်...

မိုးခါး said...

ဟာ .. ဟင်းတွေ ရှယ်ပဲ .. ဂလုသွားတယ် .. :D
ချဉ်ပေါင်နှစ်ပြန်ကြော်က ဘာအရသာထူးသွားလဲဟင် .. :D

ဝသန်မိုး said...

ကြက်သားမဆလာချက်လေးကတော့စားချင်စဖွယ်လေးပါ :P

Han Kyi said...

မြတ်ချွာဖျား...
ကငြိမ်းနိုင်ရဲ့ မွင်းဂါးကြည့်ပြီး ကြက်သီးရော ဘဲသီးပါ ဖျင်းဖျင်းထသွားပါရဲ့...ခံစားရင်းကနေ သွားရည်တွေ ပေါက်ပေါက်မယိုဘဲ မျက်ရည်တွေ တောက်တောက်ယိုသွားပါလေရော...ဂလောက်ပြောင်မြောက်တဲ့ မွင်းဂါးမျိုး တစ်သက်လုံးမစားဖူးခဲ့တာ စိတ်နာချက်ကတော့ ... ကတောက်...

နှင်းနုလွင် said...

ထမင်းစားချိန် သွားရည်လာကျသွားတယ်....:)))