မနေ့ညကဖြစ်သည်။အမှန်ဆိုရသော်မနေ့ညသည်သူ့ထုံးစံအတိုင်းတနာရီကိုမိနစ်ခြောက်ဆယ်အရှိန်နှုန်းဖြင့်
ညနေငါးနာရီဘူတာသို့
ဖြည်းညင်းစွာဆိုက်ကပ်လာခဲ့မြဲဖြစ်သည်။ယနေ့ကိုမွေးဖွားရန်မနေ့၏ခြောက်နာရီခွဲအလို
တွင်ကျွန်တော်ရေချိုးနေပြီ၊ထမင်းအိုးတစ်လုံးလည်းတည်ထာပြီးဖြစ်သည်။ထို့နောက်တွင်တော့ဝက်သားနှင့်
ဂေါ်ဖီကို ကော်ရည်ရွဲရွဲဖြင့်ကြော်လျက် ထမင်းပေါ်သို့ပုံလိုက်သည်။ကြက်ဥနှစ်လုံးကိုမွှေကြော်ပြီး ခမောက်
ဆောင်းလိုက်သည်။မြန်ညံသက်သာထမင်းပေါင်းတစ်ပွဲကို အဆင်ပြေသလို စားပြီးသော်ကွန်ပြူတာရှေ့သို့
ရောက်နေပြီဖြစ်သည်။
မျက်နှာစာအုပ်ကိုဖွင့်သည်။လူတစ်ယောက်ကကျွန်တော်အက်ထားသည်ကိုလက်ခံလိုက်သည်(---accepted
your friend request) ဆိုသောစာသားများကကြိုဆိုနေသည်။နဲနဲအံသြသွားရသည်။ဒီရက်ပိုင်းမည်သူ့ကိုမျှ
ကျွန်တော်သွားမအက်ပါ။ဒါနှင့်ထိုပုဂ္ဂိုလ်ဆီသွားကြည့်သည်။ပရိုဖိုင်ပုံတွင်အပေါ်ပိုင်းဗလာကျင်းထားပြီးလက်
ထဲအိုင်ဖုံးကိုင်ထားသည့်အဖြူကောင်တစ်ကောင်ဖြစ်နေသည်ကိုတွေ့ရသည်။ထိုသူ၏သူငယ်ချင်းများမှာလည်း
သူနည်းတူ ဗလာကျင်းထားသောအတောင်နှစ်ဆယ်ဝတ်ယောင်္ကျားများချည်းလိုလို...။အလေးမကလပ်တစ်
ခုခုကလား၊နိုက်ကလပ်တစ်ခုခုကလား ဟုထင်စရာတွေပင်...။သူရို့ဘာသာဘယ်ကဖြစ်ဖြစ် ကိစ္စမရှိ၊ကိစ္စရှိ
သည်ကထိုသတ္တဝါကိုကျွန်တော်မအက်၊အက်စရာလည်းအကြောင်းမရှိ၊သိလည်းမသိ၊သိစရာအကြောင်းကား
ဝေးစွခြောက်ပါး....။
တစ်ခုခုတော့လွဲနေပြီဟုထင်သည်။တလောကလည်းကျွန်တော်ဘယ်တုန်းကမှမဆော့သော၊ကြားပင်မကြား
ဖူးသော ဂိမ်းတစ်ခုကို မတ်စေ့ထဲတွင် ကျွန်တော့်နာမည်နှင့်လူတစ်ကာကိုလိုက်မေးနေသေးသည်။ဂရုလိုက်
ချက်သောဘောက်စ်တွင်ဖြစ်ရကား ရှိရှိသမျှလူကုန် ထံသို့ရောက်ကုန်ကြလေသည်။သယ်ရင်းတစ်ယောက်
ကတော့ စိတ်ဆိုးဆိုးနှင့် ကျွန်တော့်ကိုယ်စား F နှင့်ချည်းကိုင်တုတ်လေတော့သည်။ဖဘ ကား ကျွန်တော့်ကို
ပျော်ရွှင်ကြည်နူးရခြင်းနှင့်အတူ စိတ်ပျက်စရာများ၊စိတ်ညစ်စရာများကိုပါပေးလေတော့သည်။
ထိုအကောင့်ကို အတော်စိတ်ကုန်သွားသဖြင့် ဗွမ်းပလိုက်တော့သည်။ဖဘအကောင့်ပိတ်ရသည်မှာလည်း
ရှောရှောရူရူမရှိ၊ဘာကြောင့်ပိတ်ချင်ရသနည်း၊အောက်ပါမေးခွန်းများကိုဖြေပါ ဟုဆိုကာ မေးခွန်းတွေတစ်
သီကြီး ရွေးခိုင်းနေသေးသည်။ငါ့အကောင့် အဟပ်ခံရလို့ဟူသောအဖြေကိုရွေးသော် ပတ်စဝပ်ပြောင်းဟု
အကြံပေးနေသေးသည်။မနေ့ကပင် ပတ်စဝပ်ပြောင်းပြီးဖြစ်သည်ကို ကျွန်တော်ပြန်လည်ပြောပြခွင့်မရှိပါ။
ထို့ကြောင့် ပြောင်းမနေတော့ပဲ တစ်ခါတည်းဗွမ်းပလိုက်လေသည်။အင်း...တစ်မီးငြိမ်းလေပြီဟုမထင်ပါနှင့်။
ကျွန်တော့်တွင် နောက်ထပ်အခြားသော အကောင့်တစ်ခုရှိသေးသည်။ဖဘကိုမပြတ်နိုင်သေး၊ထို့ကြောင့်ပင်
နောက်အကောင့်တစ်ခုကို နာမည်နဲနဲပြောင်းလိုက်သည်။ထိုအကောင့်နှင့်ဖဘ ကိုမဝင်သည်မှာကြာပြီ...။
သူငယ်ချင်းလည်း ရှစ်ယောက်လားရှိသည်။အားလုံးနီးပါးကို ဘလော့လိုက်သည်။တစ်ယောက်နှင့်မှ မသိ၊
ထိုကြောင့် လွယ်လွယ်နှင့်ဘလော့လိုက်နိုင်သည်၊သူရို့လည်း ဘာမှဖြစ်မည်မထင်ပါ၊ကျွန်တော်ဒီအကောင့်
မသုံးတာကြာ ကြာလှပြီကိုး...။သို့သော် တစ်ယောက်သောသူကို ဘလော့ ဖို့ရာ အရမ်းခက်ခဲနေခဲ့သည်။
ဟန်နီ.....။လွန်ခဲ့သောတစ်နှစ်က ကျွန်တော် ဒီအကောင့်နှင့်ဖဘ ကိုစွဲစွဲမြဲမြဲ သုံးခဲ့သည့်တစ်ခုတည်းသော
အကြောင်းရင်းမှာ ထိုဖဘ တွင် ဟန်နီရှိနေသောကြောင့်ပင်...။ထိုဖဘသည် ကျွန်တော်နှင့် ဟန်နီကြားမှ
ပါးလျားလှသော ဆက်သွယ်မှုလေးတစ်ခုဖြစ်သည်...။ဟင့်အင်း...ကျွန်တော်တို့ စကားမပြောကြပါ၊လိုက်ခ်
မလုပ်ကြပါ၊ပို့စ်တွေမတင်ကြပါ၊ဓာတ်ပုံတွေလည်းများများစားစားမတင်ထားပါ၊ကွန်မန့်တွေလည်းမပေးပါ။
ကျွန်တော်တို့လုပ်သောအရာတစ်ခုသာရှိပါသည်၊ စီးတီးရပ်စတောရင့် ဟူသောဂိမ်းလေးတစ်ခုကိုကစားကြ
ခြင်းဖြစ်သည်။
ကျွန်တော် ဖဘဂိမ်းများကိုစိတ်မဝင်စားပါ။သူ့ကိုချစ်သောစိတ်ဖြင့် ကျွန်တော်လိုက်ဆော့နေခြင်းသာဖြစ်
သည်။ကျွန်တော်ထိုဂိမ်းကိုဆော့တိုင်း ကျွန်တော့်ဆိုင်တွင် ကျွန်တော်မနေပါ။သူဖန်တီးတည်ဆောက်ထား
သော သူ့ဆိုင်လေးတွင်သာ သွားရောက်လည်ပတ်နေတတ်သည်။သူ့ဓာတ်ပုံလေးရွေ့လျားနေသည်ကို နာရီ
ပေါင်းများစွာငေးမောနေမိသည်...။ခုတော့ ကျွန်တော် သူ့ကိုဘလော့ရတော့မည်။ကျွန်တော် ဒီအကောင့်
နှင့်သူငယ်ချင်းများကိုပြန် အက်ရမည်ဖြစ်သည်။ဟန်နီဘယ်သူဆိုတာ မည်သူ့ကိုမျှမသိစေချင်ပါ။ဟန်နီ
ကိုယ်တိုင် သူ ဟန်နီဖြစ်သည်ကို မသိပါ။ဟန်နီသည် ကျွန်တော်တစ်ယောက်တည်းနှင့်သာသက်ဆိုင်သော
အရာဖြစ်ပါသည်။နောက်တစ်ခုမှာ သူနှင့်ကျွန်တော်ကြား ခုချိန်တွင် ဘာမှမပက်သက်တော့ပါ၊ယခင်က
လည်း ပတ်သက်မှုကြီးကြီးမားမားရှိခဲ့သည်လည်းမဟုတ်ပါ။ပျက်တောက်နေသောသံယောဇဉ်ကို အပြီးတိုင်
အဆုံးသတ်သင့်ပါပြီ။
ထိုအဖြစ်အပျက်များသည် ကြာတော့ကြာခဲ့ပြီဖြစ်သည်၊သူနှင့်ပတ်သက်သည့်မျှော်လင့်ချက်များကို
ဟောင်ကမ်း၊ငါးဆယ့်တစ်လမ်းဘေးရှိ ဘတ်စတန်း တစ်နေရာတွင် အပြီးတိုင် မြေမြုပ်သင်္ဂြလ်ပြီးလည်းဖြစ်
သည်။သို့သော် ခုချိန်တွင်ပင် သူ့အကောင့်ကို ဘလော့ဖို့ရာ ကျွန်တော်နာကျင်လွမ်းမောနေဆဲဖြစ်သည်။
သမုဒယဟူသည် ဒုက္ခဖြစ်ကြောင်းသစ္စာတရားဖြစ်သည်ကို တဆစ်ဆစ်နာကျင်နေသောရင်က သက်သေပြ
နေပါသည်။မှန်ပါသည်။ကျွန်တော်သည် နာတာရှည်အသဲဝေဒနာရှင်တစ်ဦးသာ...။ခုလိုပြင်းပြသောဝေဒနာ
ကိုခံစားရတိုင်း ကျွန်တော်မှီဝဲနေကြဆေးရှိပါသည်။ဘီယာဟူသောဆေးဖြစ်သည်။သို့သော် ထိုဆေးတွင်
ဘေးထွက်ဆိုးကျိုးတွေရှိပါသည်။ပိုက်ဆံကုန်ခြင်းဖြစ်သည်။မနေ့ညက ထိုဆေးကိုကျွန်တော်မသောက်ပါ။
ထိုကြောင့်ကျွန်တော်ဝယ်ထားသောနွားနို့နှစ်လီတာဘူးကြီးကိုသာ သောက်နေရပါတော့သည်။ဘာဆိုင်သလဲ
ဆိုသော် ဘာမှမဆိုင်ပါ။ငါးလုံးကြောင်သည်လည်းကောင်း၊ဝက်ဆလူးသည်လည်းကောင်း၊ဆိတ်သည်လည်း
ကောင်း နွားနို့သောက်တတ်ကြသည်ကိုအမှတ်ရမိသည်။ကျွန်တော်လည်းကြောင်တစ်ကောင်သာဖြစ်ပါ
သည်။
မည်သို့မျှမပက်သက်သော နွားနို့သည် ဘီယာကဲ့သို့ လွမ်းမောနာကျင်ရခြင်းကို သက်သာရာအလျှင်းမရစေ
ခဲ့ပါ။ထို့ကြောင့်ပင် စိတ်ပြောင်းလဲစေခြင်းငှာ ကိုယ့်ဘလော့ထဲတွင်ပင် ရေးလက်စပို့စ်တစ်ခုကို ဆက်ရေး
နေမိသည်။ထိုပို့စ်ကိုရေးစတုန်းက လွယ်ကူလျှင်မြန်စွာပြီးစီးလိမ့်မည်ဟုထင်နေခဲ့ပါသည်။အကြောင်းမှာ
ကျွန်တော်ဖတ်ဖူးသော ဘာသာပြန်ပုံဝတ္ထုလေးတစ်ခုကို မှီငြိမ်းပြီးရေးနေသောကြောင့်ဖြစ်သည်။သို့သော်
ကျွန်တော်ကိုယ်တိုင်ခံစားပြီးရေးသောအကြောင်းအရာမဟုတ်သောကြောင့်လားမသိ၊လက်စမသတ်နိုင်ပါ။
မနေညကလည်း ဆက်ရေး၍မရပါ။
သူမက သူမသည်စာရေးရင်း မိမိကိုယ်ကို ရှာတွေ့သွားသည်ဟုရေးခဲ့ဖူးသည်။ကျွန်တော်လည်း စာရေးရန်
ကြိုးစားရင်း မိမိကိုယ်ကို တွေ့ရှိသလိုလိုဖြစ်လာပါသည်။ ကျွန်တော်သည် သူ နှင့် သူမ တို့ရေးသောစာများ
ကိုသိပ်ကြိုက်သည်။သူတို့လိုရေးနိုင်ရန်ကြိုးစားအားထုတ်သည်။မလွယ်ပါ။မရပါ။ရေးရင်း ရေးရင်း ကျွန်တော့်စာများသည် သူ နှင့် သူမ တို့စာများကဲ့သို့ဖြစ်လာပြီဖြစ်သည်။ဝမ်းမနဲပါ။ကျွန်တော်ခင်မင်ရသူ
များ၏လွှမ်းမိုးမှုခံရသည်မှာ ပျော်စရာကောင်းသလိုလိုပင်။
နောက်ဆုံးမှာတော့ ဘယ်လိုမှဆက်ရေးလို့မရသောစာကို ဆက်ရေးရန်မကြိုးစားတော့ပါ။ကွန်ပြူတာကို
ပိတ်လိုက်တော့သည်။၁၂နာရီင်္လည်းထိုးပြီဖြစ်သည်။မအိပ်နိုင်ပါ။အိပ်မရပါ။နောက်ဆုံးကော်ဖီတစ်ခွက်ထဖျော်
ပြီး ထိုင်သောက်နေလိုက်သည်။သီချင်းနားထောင်ရင်း၊ဂိမ်းဆော့နေလိုက်သည်။ဖုံးထဲမှဂိမ်းဖြစ်သည်။သီချင်း
နားထောင်ရင်း၊ဂိမ်းဆော့ရင်း တွေးချင်ရာလျှောက်တွေးနေမိသည်။ပါးစပ်မှလည်း ဆေးလိပ်တစ်လိပ်ပြီး
တစ်လိပ်ဖွာနေပါသည်။
မေးစရာတစ်ခုရှိမည်ထင်သည်။ကော်ဖီသောက်သော်ပို၍မျက်ဆီမကြောင်ဘူးလား ဟူ၍ပင်။ဟင့်အင်းဟု
ပြောရမည်။ကော်ဖီ၊လက်ဖက်ရည်၊လက်ဖက်သုတ်တို့စားပြီး ကျွန်တော်နှစ်ခြိုက်စွာအိပ်ပျော်နိုင်ပါသည်။
အကျင့်ဟုပြောရမည်ပင်။၂နာရီခန့်ထိုးသော် ဂိမ်းဆော့သောမျက်ဆီသည်လည်းကောင်း၊သီချင်းနားထောင်
သောနားသည်လည်းကောင်း၊ဆေးလိပ်သောက်နေသောပါးစပ်သည်လည်းကောင်း၊တွေးချင်ရာတွေးနေ
သောစိတ်သည်လည်းကောင်း ညောင်းညာလာပြီးနောက် ကျွန်တော်အိပ်ပျော်သွားပါသည်။
အိပ်ပျော်သွားသော် အိပ်မက်ဆိုးများမက်ပါတော့သည်။သိပ်ကြောက်စရာကောင်းသော အိပ်မက်ဖြစ်သည်။
သို့သော် ကျွန်တော်ထိုအိပ်မက်ကိုမမှတ်မိတော့ပါ။အိပ်မက်ထဲတွင် ကြောက်လွန်း၍ ရှူးရှူးများပင်ထွက်ကျ
တော့မတတ်ပင်။ထွက်ကျကာနီးတွင် ကံကောင်းထောက်မစွာနိုးလာပါသည်။တစ်ညလုံးသောက်ထားသော
နွားနို့၂လီတာသည် ခုမှထ အစွမ်းပြခြင်းပါတကား....။နောက်ဖေးသွားပြီးသော် ကျွန်တော်တစ်ကိုယ်လုံး
အတော်ပေါ့ပါးသွားသည်။ထိုအချိန်တွင် မနက်၎နာရီကျော်ပြီဖြစ်သည်။
ဟုတ်ပါသည် မနေ့ည ကဖြစ်ပါသည်။
19 comments:
ပေါ့ပါးလန်းဆန်းဖို့ အရေးကြီးတယ် :)
်ဒီတစ်ခါရေးတဲ့ပို့စ်လေးက လွမ်းမောစရာလေး......။ ဟန်နီတဲ့လား...အဲဒီနာမည်ကို တချိန်က ကောင်းကောင်းရင်းနှီးခဲ့ဖူးတယ်....။ ခုတော့လဲ နာကျင်မှုတွေ လွမ်းဆွတ်မှုတွေ များလာလေတော့...သူနဲ့ သူမလို ဓါတ်ကူးသွားပုံရတယ်... ဒါပေမယ့် ဖတ်လို့ကောင်းတယ် ရင်ထဲကလာတဲ့ စကားလုံးအစစ်တွေမို့လေ....။
ခင်တဲ့
မိုးငွေ့
ဟန်နီဘယ်သူလဲရှင်းပါ
မရှင်းနိုင်ရင်တိုက်ပေါ်ကခုန်ချမယ်
ဟန်နီကဘယ်တူတုန်း
တူများမေးလို့မေးတာဟုတ်ဘူး
နောက်တစ်ခါကြောင်တင်ရင်နာမည်လေးနဲ့ထဲ့တင်မှာမို့
ဒါဗြဲ မြန်မြန်ဖြေပေးပါ
ခင်ခင်မင်မင် ကက်စမင်း
အာကြီးသီချင်းပြေးသတိရတယ်
ချစ်တဲ့ ဟန်နီ......... ဆိုတာလေး)
အင်း..........ခုတော့လဲ ခုတော့လဲ.
ကွဲတဲ့အသဲကအမှတ်ကြီးလိုက်တာ ဟောင်းကမ်းတဲ့သေချာတောင်မှတ်မိလိုက်သေးး)
ဘာပဲပြောပြောအချိန်ကကုစားသွားပါလိမ့်မယ် ကညိမ်းရယ်
ခုန်တော့ချနဲ့နော်း)
သူတို့နဲ့တူသွားတယ်ဆိုတာဘာသဘောလဲ
ဟင်းနော် အမကွန် ဒီအတိုင်းကြည့်မနေနဲ့
ကဲ မနေ့ ညက မသောက်ဖြစ်လဲ ဒီတပတ် ပိတ်ရက် တွေ့ လိုက်ကြရအောင်။ ကျွန်တော်က ကစ်ချင်လို့ မဟုတ်ဘူးနော်...ကိုယ့်အစ်ကို တစ်ယောက်တည်း အဖော်မဲ့နေမှာ စိုးလို့ အဖော်လုပ်ပေးမလို့ ဟီ ဟိ...
ဟန်နီတဲ့ ခုမှ ထွက်ကျလာတဲ့ တစ်ယောက်ဘဲ... အစ်ကိုရေ မဘလော့ဘဲ ကြိုးစားလိုက်ပါလား...
တော်သေးတာပေါ့ အိပ်ရာထဲ ထွက်မကျသွားလို့
မဟုတ်ရင် မကြီးမငယ်နဲ့လို့ အပြောခံနေရဦးမယ်
ဟုတ်ပါတယ်. ဖေ့ဘွတ်သုံးတာ ကောင်းတာရှိသလို မကောင်းတာလည်း ရှိတာပါဘဲ..
ဒါပေမဲ့လည်း ဒါလေးကို ငြိတွယ်နေရတာပါဘဲလေ..
မူးထှယ် သူရယ် အဟွန့် တောင်ပြေးလိုက် မြောက်ပြေးလိုက် အပြေးလိုက်နေရသလိုဖြစ်သွားလို့း)
အဲ့လောက်တောင် ဖြစ်နေမှတော့ နွားနို့ သောက်ပြီး ခုံသာ ချလိုက်ပါတော့ အိကုရယ်။ ဂိမ်မဆော့ဘူး မဆော့ဘူးနဲ့  ငါပြောလိုက်ရ မကောင်း ရှိတော့မယ်။
ကြောင်ဖြူများရှင်။ (မှတ်ချက်။ ကျနုပ် နွားနို့  မကြိုက်တတ်ပါ)
ဟားဟား.. လတ်စသတ်တော့ ဦးလေးလည်း အသည်းဝေဒနာရှင်ကိုး.. ဟီးဟီး
ကန်ဒီလည်း ကော်ဖီဘယ်လောက်သောက်သောက် အိပ်နိုင်တယ်.. တူတူပဲ ဟီး
မနှင်းဆီလား ဟန်နီလားဟင်..
အခုတယောက်ထပ်တိုးတယ်လား..
အရင်ကမနှင်းဆီ Only one လေ..
အခုတော့ ဟန်နီ Vs မနှင်းဆီပေါ့
ပစ်ပစ်မှာတော့ ပူတူတူးတယောက်ဘဲရှိတာ
နောက်တယောက်မတိုးသေးဘူး.. :P
အကြောင်းရယ်စုံလင် ပုံတင်ကာပြတော့ ထလိုက်ရပေါ့လေးနာရီ ဖဘရယ်မွှေသည် ကငြိမ်းနိုင် အသဲကြွေတော့ ဟန်နီကိုဘလော့ဖို့အရေး တွေးဟေဟေး တွေးလို့မပျော် :P
ခင်တဲ့(ဖိုးကြယ်)
း).. ဖတ်ပြီးပြုံးရတယ်.. ကော်ဖီသောက်ပြီးရင် ပိုအိပ်လို့ကောင်းတာတော့ တူတယ်.. ဒါပေမယ့် နွားနို့ကတော့ မရဗျာ... မြန်မာပြည်နွားနို့ ကြိုက်သလောက်သောက်ရတယ်.. နိုင်ငံခြားက ဗူးနဲ့နွားနို့တွေ ဘယ်လိုမှမရဘူး... သောက်ချင်ရင် ကျိုသောက်မှရတယ်.. :D.. အခုတော့ ဟန်နီဖြစ်သွားပြန်ပြီ... :D
ခင်မင်လျက်
နေ၀သန်
ဟန်နီက ကားမှတ်တိုင်မှာ ကျန်နေခဲ့ပြီ မှတ်တာ..၊း) ဖုန်တွေတက်နေတဲ့ ဖဘအကောင့်မှာ ခပ်ယဲ့ယဲ့ အမျှင်တန်းလေး ရှိနေသေးတာကိုး..၊ ရယ်ရမလို လွမ်းရမလိုနဲ့ ဖတ်လို့ကောင်းတယ်..။ ဖဘနဲ့ သဟဇာတဖြစ်စွာ နေထိုင်နိုင်ပါစေဗျာ..။း)
နွားနို့ 2 လီတာထဲကို သံပုရာရည် ထပ်ပေါင်းလိုက်ရင်
ဟန်နီတင်မကဘူး...အကုန်လုံးကို မေ့သွားလိမ်မယ်...:PPP
ဒါဆိုရင် မနှင်းဆီက နောက်မှ ဟန်နီက အရင်ပေါ့...ဆေးလိပ်တော့ လျှော့သောက်ဗျာ...စာရေးတဲ့သူအများစုက ( ကျွန်တော်အပါအ၀င်ပေါ့လေ ) စာရေးနေရင်းနဲ့ တခြားဝါသနာပါရာကိုပါ တွဲပြီးလုပ်ဖြစ်လေ့ရှိတယ်...ဥပမာ ဘီယာသောက်တာ၊ ဆေးလိပ်သောက်တာပေါ့...စာများများရေးဖြစ်လေ သောက်ဖြစ်လေ ဖြစ်သွားတတ်လွန်းလို့...
အရေးအသားပုံစံ တစ်မျိုးပြောင်းသွားပြီး ဖတ်လို့ပိုညက်လာတယ်...လရောင်လမ်းကိုတော့ မကြာမကြာဖတ်ဖြစ်ပါတယ်...သူ့အာရုံခံစားမှုကို သဘောကျတယ်...နောက်တစ်ယောက်ကိုတော့ မဖတ်ဖူးဘူး...သူ့ဖောင့်က ဇော်ဂျီမဟုတ်တော့ မြည်းခွင့်တောင်မရတာတော့ ဆိုးပ...
အိပ်မက်ဆိုတာ အိပ်ပျော်နေစဉ်ကာလ အခိုက်အတန့် အတွက်သာ အကျုံးဝင်သလို
ဘဝအိပ်မက်ဆိုတာလည်း ဘဝရဲ့အစိတ်အပိုင်း တစ်ခုရဲ့အရိပ် ခြေရာသာဖြစ်တာပါ မောင်ညိမ်းရေ။
စစ်မှန်တဲ့ဘဝကို ရွေးချယ်လျှောက်လှမ်းနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
(စကားမစပ် တီတင့်ရဲ့ မေးလ်ကို အဆင်ပြေရင် အင်ဗိုက်လုပ်ပေးပါအုံး mstint@gmail.com )
မနှင်းဆီနဲ့  ဟန်နီ တူဘူးလား..လင်းပါဦး ကိုညိမ်းရ...
Post a Comment