Friday, April 13, 2012

လင်း ကိုပြောပြဖြစ်တဲ့ မိုးမခပင်တွေအကြောင်း




လင်းရေ.........

ကိုယ်တို့မြန်မာပြည်ကြီးမှာ နှစ်ကူးမဟာသင်္ကြန်ကာလကိုတောင်ရောက်လာပြီနော်....၊အဝေးရောက်နေတဲ့
ကိုယ်တို့ကတော့ အွန်လိုင်းပေါ်မှာပဲ သင်္ကြန်ကျရ၊ဖုံးမက်စေ့လေးတွေနဲ့ပဲရေလောင်းရ၊အိုးမဲသုတ်ရတယ်
လင်းရေ.....၊ရေအစစ်တွေ၊အိုးမဲအစစ်တွေနဲ့မဟုတ်ပဲစကားလုံးတွေ၊ပုံရိပ်သင်္ကေတလေးတွေ၊ပန်းချီလေးတွေ
နဲ့ပဲဆိုတော့ နဲနဲတော့ခြောက်ကပ်ကပ်နိုင်သပေါ့....။ဒါပေမယ့် သင်္ကြန်ဆိုတာကိုယ်တို့အသွေးအသားထဲအ
ထိ နှစ်မျောပျော်ဝင်နေလေတဲ့ဝိညာဉ်တစ်ခုမို့လို့ထင်ရဲ့...သင်္ကြန်အသံကြားတာနဲ့ဓာတ်ပုံလေးတွေမြင်ရရုံ
နဲ့ ကိုယ်တို့ပါအလိုလိုပျော်နေလေရဲ့......။

ပြီးခဲ့တဲ့နှစ်ကတော့ ကိုယ်ဆမ်ဘာဝမ်းသင်္ကြန်ပွဲကိုသွားလိုက်သေးတယ်....၊ဒီနှစ်တော့အလုပ်တွေရှုပ်နေတာ
ကတစ်ကြောင်း၊နဂိုကကို သင်္ကြန်ကာလတွေမှာ လည်လည်ပတ်ပတ်မရှိလှတာကတစ်ကြောင်း၊အဲဒီနေ့က
အိပ်ယာထနောက်ကျသွားတာကတစ်ကြောင်း၊အကြောင်းကြောင်းတွေကြောင့် မသွားဖြစ်ဘူးလင်းရေ.....။
ဟုတ်တယ်လင်း......၊ကိုယ်သင်္ကြန်ကိုချစ်တယ်ဆိုပေမယ့် သင်္ကြန်ကာလတွေမှာ ရေပက်ခံထွက်တာမျိုးသိပ်
မရှိလှပါဘူး၊ကိုယ့်ချစ်ခင်ရတဲ့သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေးထိုင်သောက်နေလိုက်တာပါပဲ...၊ပြီး....
လမ်းပေါ်က ရေပက်ခံထွက်ကြတဲ့သူတွေကိုပဲ ထိုင်ငေးနေတတ်တာရယ်.....။မှတ်မှတ်ရရ တစ်သက်နဲ့တစ်
ကိုယ်  ၂ခါလားပဲရေပက်ခံထွက်ခဲ့ဖူးပါရဲ့ လင်းရေ...၊


လင်းရေ.....

အဲဒီလို အွန်လိုင်းသင်္ကြန်ပွဲကို တစ်ယောက်တည်းဆင်နွဲနေရင်းနဲ့  မြန်မာပြည်သင်္ကြန်ပွဲဆင်နွဲနေကြတဲ့
မြန်မာအမျိုးကောင်းသား၊သမီးများရဲ့ ဓာတ်ပုံတွေနဲ့ အဲဒီပုံတွေကို ဝေဖန်ကြတဲ့ စာတွေကိုဖတ်ရတော့
ကိုယ့်ရင်ထဲတစ်မျိုးပဲ.....လင်းရာ....။စိတ်မကောင်းတာလည်းမဟုတ်၊ဝမ်းနဲတာလို့လည်းပြောလို့မရ...တဲ့
ခံစားချက်တစ်စုံတစ်ရာဆိုပါတော့လေ....၊လင်းသိတဲ့အတိုင်းပဲ ကိုယ်က ကိုယ့်ရင်ထဲက ခံစားချက်တွေကို
ထုတ်ဖော်ပြောပြတဲ့နေရာမှာ အားနည်းတယ်ကွယ့်....။

အဲဒီလိုမျိုးတွေကို မြင်တွေ့ရတိုင်း ကိုယ်သွားသတိရမိတာက ဆရာမောင်စိန်ဝင်း ရဲ့ မိုးမခပင်တွေဆိုတဲ့
ဝတ္ထုတစ်ပုဒ်နဲ့ ကဗျာလေးကိုပဲ...လင်းရဲ့....။ကိုယ်ရေးပြမယ်နော်.........



           မိုးမခပင်တွေ

 
 မိုးနဲ့မုန်တိုင်း ၊ ကဆုန်စိုင်းရင်း   

လှိုင်းထန်မြင်ပြင် ၊ မုန်ယိုဆင်သည် 

 မြင်မြင်သမျှ ၊ ယမ်းခါချလို့

ဒေါသမီးတောက် ပေါက်ကွဲချိန်။


ကမ်းပါးစပ်က ၊ မိုးမခပင်ငယ်

အရွယ်မရောက် ၊ အပင်ပေါက်တွေ

လှိုင်းအောက်ပိပြား ၊ ကမ်းပါးရေလျှံ

နွံနစ်ခံရ ၊ မြစ်ဒေါသကြောင့်

မွမွညက်ညက် ကြေပြီလား...။


မြစ်ရေကျစဉ် ၊ နုံးတင်မြေသား

အမှိုက်ကြားက ၊ မိုးမခပင်ငယ်

ဘယ်လောက်များလေ ၊ ရေလွှမ်းတဲ့ဒဏ်

(သူတို့) ခံရဦးမလဲ...

နုံးတွေကြားမှာ ၊ အားခဲသက်ရှင်

(ကြာရင်) မြင်မှမြင်နိုင် ပါ့မလား...။



နှစ်များကြာလျှင် ၊ ဆံပင်ဖားလျား

လူငယ်များလေ ၊ မြစ်နားကမ်းစပ်

ရပ်နေသလိုမျိုး ၊ မိုးမခပင်တွေ

လေကြမ်းမုန်တိုင်း ၊ မြစ်အရိုင်းရဲ့

လှိုင်းလုံးတွေကို စိန်ခေါ်ရင်း...။ ။


                                                     ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)

လင်းရေ.......

ရေကြိုက်တဲ့ မိုးမခပင်တွေက  မြစ်နားကမ်းစပ်မှာ ရပ်တည်ကြရင်းနဲ့ မြစ်ရေစီးကြောင်းရဲ့တိုက်စား၊ဖြိုဖျက်
မှုကို သူတို့ မကြီးရင့်ခင်မှာ ခံခဲ့ကြရတယ်လင်း....၊ကြမ်းတမ်းခက်ထရော်လှတဲ့ ရေစီးကြောင်းဒဏ်ကို
ကြံကြံမခံနိုင်ကြတဲ့ နုနယ်ငယ်ရွယ်သေးတဲ့ အပင်ငယ်လေးတွေမှာတော့ ရေစီကြောင်းမှာ မျောပါနှစ်မြုပ်
သွားခဲ့မှာပါပဲလေ...၊အဲဒီလို ရေစီးကြောင်းဒဏ်ကို ရင်ဆိုင်ကျော်ဖြတ်ပြီး၊ အချိန်အတန်အရွယ်ရောက်လို့
ကြီးတောင့်ကြီးမားဖြစ်သွားခဲ့ပြီဆိုရင်ဖြင့် သူတို့တစ်ချိန်က အလူးအလဲခံခဲ့ရတဲ့ ရေစီးကြောင်းကို၊သူတို့က
ပြန်ထိန်းသွားတတ်ကြတယ်လင်းရဲ့.....။

လင်းရေ......

ကိုယ်တို့မကြာမကြာ ကြားမိတတ်တဲ့စကားတစ်ခွန်းရှိတယ်.၊ခေတ်ရေစီးကြောင်းတဲ့....၊ဟုတ်တယ်...လင်း၊
ခေတ်တွေစနစ်တွေက ရပ်တန့်မနေပဲ မြစ်ရေလိုတစ်သွင်သွင်စီးနေလေရဲ့....၊အပြောင်းအလဲများကြားမှာ
တစ်ချိန်က သီးသန့်ရှိခဲ့တဲ့ ရိုးရာနေထိုင်၊ဝတ်စားဆင်ယင်မှုပုံစံတွေက တစ်ခုနဲ့တစ်ခုရောကာ၊ယှက်ကာ၊
ပေါင်းကူးမိသွားတတ်ကြတာပါပဲလေ....၊ကိုယ်တို့ရဲ့ လက်ရှိရိုးရာဝတ်စားမှုပုံစံဖြစ်တဲ့ ပုဆိုးနဲ့ လည်ကတုံး
အကျီ င်္ ကိုက အရှေ့တရုတ်နဲ့ အနောက်က အိန္ဒိယတို့ရဲ့ ပုံစံဆီက ယူထားတာလို့ဆိုကြလေရဲ့....။


စဉ်ဆက်မပြတ် ပြောင်းလဲနေတတ်တဲ့ ခေတ်ကြီးရဲ့ သရုပ်သကန်ကို ထင်ထင်ရှားရှားမြင်တွေနိုင်တာက
ကိုယ်တို့ လူငယ်တွေဆီမှာပဲလင်း....၊လူငယ်ဆိုတာ အသစ်ကို၊အဆန်းကို တောင့်တခုံမင်တတ်ကြလေရဲ့၊
အသစ်အဆန်းတွေနဲ့လည်း အလွယ်တကူရင်းနှီးပျော်ဝင်သွားတတ်ကြလေရဲ့....။လူငယ်ဆိုတာ သင်ယူနေ
ဆဲအချိန်၊ကြီးထွားဖွံဖြိုးဆဲအခါပဲရှိသေးတယ်လင်း......၊ခေတ်ကာလအပြောင်းလဲအသစ်အဆန်းတွေကြားမှာ
တလွဲဆံပင်ကောင်းကြတာမျိုးတွေ၊အလွဲအသုံးချမိတာမျိုးတွေ ရှိကောင်းရှိနေနိုင်မယ်လင်း....၊ပြီး ကိုယ်တို့
နိုင်ငံရဲ့ခေတ်ရေစီးကြောင်းက တစ်ခြားတစ်ခြားတွေထက် နဲနဲပိုကြမ်းတယ်လင်းရဲ့....၊အဲဒီလို ကြမ်းတမ်း
ခက်ထရော်လှတဲ့ရေစီးကြောင်းရဲ့ဒဏ်ကို ကြံကြံမခံနိုင်တဲ့ တစ်ချို့တစ်ချို့တွေက ရေစီးကြောင်းတိုက်စားမှု
မှာ အလဲလဲအပြိုပြိုပေါ့ လင်းရာ....၊ရင့်ကျက်မှုတွေကို ဒဏ်ရာ၊နာကျင်မှုများနှင့်တည်ဆောက်ပြီးလို့ အချိန်
တန်လူလားမြောက်လာကြပြီဆိုရင်ဖြင့် အဲဒီလူငယ်လေးတွေကပဲ ခေတ်ကို တစ်ပြန်တစ်လှည့်ထိန်းကျောင်း
သွားကြပါလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်လင်း.....။


လင်းရေ....


ကိုယ့်တို့ မြန်မာ့ရိုးရာ သင်္ကြန်ကာလမှာ အလွန်အကျူးဝတ်စားဆင်ယင်ကြတဲ့ မြန်မာမလေးတွေကို ကိုယ်
သဘောထားဘယ်လိုရှိသလဲလို့မေးလာရင် ကိုယ်တော့ သူ့သဘောသူဆောင်တယ်လို့ပဲ ပြောမိမယ်ထင်
ရဲ့...။သူတို့တွေကို ဝေဖန်၊ပြောဆိုကြတဲ့ ကိုယ့်သူငယ်ချင်းတွေကိုလည်း သူတို့ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်
ထားတဲ့စိတ်သဘောထားကို ကောင်းစွာနားလည်နိုင်ပါတယ်လေ....။


ဒါပေမယ့်လင်းရေ.....၊ခေတ်ရေစီးကြောင်းတစ်ခုအတွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်နေကြရတဲ့သူချင်း၊စကင်နီ
ဘောင်းဘီနဲ့ တီရှပ်ပေါ့ပေါ့ပါးပါးကို ခုံမင်ကြသူချင်း အတူတူ ပက်ပက်စက်စက်ဝေဖန်ဖို့ကိုယ်တို့မှာ တာဝန်ရှိတယ်လို့ ကိုယ်မယူဆဘူးလင်း...။ခေတ်လူတွေ ဘယ်လိုဝတ်စားနေထိုင်သင့်တယ်ဆိုတာ
 ပြောဆိုဆုံးမဖို့ဆိုတာ သူ့ခေတ်နဲ့သူအခါမှာ ခေတ်ရေစီးကြောင်းကိုကောင်းစွာကျော်ဖြတ်ခဲ့ပြီးတဲ့ လူကြီးတွေရဲ့အလုပ်ဖြစ်တယ်လင်း....။ကိုယ်တို့ အနေနဲ့ကတော့ကိုယ်တို့အနားမှာ ခေတ်ရဲ့သားကောင်
တွေကို လက်လှမ်းတမှီရှိနေရင်တောင် သူတို့ကို နစ်မွန်းအောင် ခေတ်ရေစီးကြောင်းထဲ ဆွဲချတဲ့သူတွေ
ထဲ ကိုယ် ကိုယ်တိုင်မပါဝင်ရင်ပဲ ကိုယ်တို့အတွက် လုံလောက်ပြီလို့ကိုယ်ယူဆတယ်လင်း....၊ရှင်းရှင်းပြော
ရရင် အချောင်နှိုက်တဲ့အထဲကိုယ်မပါမိစေဖို့ပါပဲလင်းရေ...။

လင်းရေ......

ဟိုး.....မြစ်ပြင်အထက်ဆီမှာ မိုးနဲ့မုန်တိုင်းက ကဆုန်ဆိုင်းလို့....မြင်မြင်သမျှ ဝါးမြိုဖို့ လာနေပြီကွယ့်....။
မြစ်ရေစီးကြောင်းတစ်လျှောက်မှာလည်း လှိုင်းထန်ထန်၊ရေစီးသန်သန်ပေါ့.....၊ကမ်းနဘေးက မိုးမငယ်တွေ
လှိုင်းကြီးအောက်မှာပိပြားဝပ်စင်းနေကြရပြီလား....၊လှိုင်းဒဏ်ကို အံတု ၊နှုံးတင်မြေသား၊အမှိုက်များကြားမှာ
ခေါင်းမော့လို့ ထွက်လာနိုင်ပါ့မလား....၊နှစ်များအကြာ....၊တစ်ချိန်ချိန်မှာတော့ ဆံပင်ဖားလျား လူငယ်လေး
များ....၊မြစ်နားကမ်းစပ် ခပ်မတ်မတ်လေးရပ်နေသလိုမျိုး  အဲဒီမိုးမခပင်မြင့်မြင့်မားများကိုရေစီးကြောင်းလှိုင်း
ဒဏ် အံတုရင်း............။

14 comments:

...အလင်းစက်များ said...

သိပ်မြင့်သွားတယ် သား.... မှီဘူးကွယ်

Candy said...

ပေါက်သလိုလိုတော့ ရှိတယ် ဦးလေး
ကဗျာလေးလည်း ကြိုက်တယ် :D :D

Anonymous said...

နှစ်သစ်ကူးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ ကိုညိမ်းနိုင်
အမြဲတမ်း စာလာဖတ်ပါတယ်။

ye' ye'

mstint said...

အချိန်နဲ့တစ်ပြေးညီ မြစ်ကြီးရဲ့ ရေစီးကြောင်း
ကွေ့ကောက်နေပေမဲ့ ခေတ်ကြီးရဲ့ရေစီးကြောင်း
ကွေ့ကောက်ခြင်းမှ ကင်းဝေးပါစေမောင်ညိမ်းရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

jerry pigpig said...

ကညိမ်း
လင်းဆိုတာ ဘူလဲဟင်

san htun said...

ကဗျာလေးရယ်၊ ဓာတ်ပုံလေးရယ်၊ အရေးအသားလေးရယ် မိုက်တယ် ကိုညိမ်းနိုင်

ညီရဲ said...

ခောတ်ရေစီးက မြန်မာ့ယဉ်ကျေးမှုကို တိုက်စားသွားမှာကိုတော့ တိုက်စားဝါးမျိုသွားမှာကို စိုးရိမ်နေမိတယ် အစ်မတော်... အစ်မတော်လဲ ပိပိပြားပြား ငြိမ်ငြိမ်ဝပ်ဝပ်လေးနေနော်...

နေ၀သန် said...

ကျွန်တော့်မိတ်ဆွေ ဂျပန်မလေးတစ်ယောက်ပြောဖူးတာ ရှိတယ်... မြန်မာပြည်မှာ ဒီမိုကရေစီရပြီးသွားတဲ့အခါမှာ ရင်ဖုံးနဲ့ ထမီမ၀တ်ကြတော့မှာ စိုးရိမ်တယ်တဲ့... ဒီလိုခေတ်ရေစီးကြောင်းကို တားလို့ရနိုင်မှာမဟုတ်ပေမယ့်... ပြောတဲ့သူရှိမှပဲ ပိုဆိုးမသွားမှာလို့တော့ ထင်မိတယ်....

ခင်မင်လျက်
နေ၀သန်

ဟန်ကြည် said...

လူငယ်တွေ ထိုက်သင့်တဲ့ ကိုယ်ခံအားရှိလာဖို့ဆိုတာ လူကြီးတွေဘက်က ပံ့ပိုးမှုတွေ အများကြီးလိုပါတယ်...လူငယ်သဘာဝ သူများထက် ထူးချင်ဆန်းချင်တာတွေ အများက အာရုံစိုက်ခံချင်တာတွေဟာ ကိုယ့်ခေတ်ကလည်းရှိခဲ့တာပါပဲလေ...ဒါပေမယ့် အဲဒီခေတ်က လူကြီးတွေရဲ့ သွန်သင်မှု၊ မီဒီယာရဲ့ ထိမ်းကျောင်းပေးမှုကြောင့် အရင်ခေတ်က လူငယ်၊ ဒီနေ့လူကြီး တော်တော်များများမှာ ရေစီးဒဏ်ကို ရင်ဆိုင်အံတုနိုင်ခဲ့တာပေါ့...

ဒီတော့ ဒီနေ့ခေတ်ကလေးတွေ မိုးမခပင်ပေါက်ကလေးတွေ တဟုန်ထိုးတိုက်စားစီးဆင်းနေတဲ့ ခေတ်ရဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ လူကြီးတစ်ပိုင်းဖြစ်လာနေတဲ့ ကျွန်တော်တို့တစ်တွေ တစ်ခုခုတော့ လုပ်ပေးဖို့ လိုနေပြီဆိုတာ စဉ်းစားမိတယ်...ဘာကြောင့်လဲဆိုရင် ဒီခေတ်ကလေးတွေရဲ့သဘာဝ လူငယ်သဘာဝကိုက ဖိရင်ကြွမယ်...ထိရင်ချမယ်ဆိုတဲ့ စိတ်မျိုးရှိနေတာမို့ သူရို့ကို ဝေဖန်ရှုံ့ချနေရင် ပိုပြီး လမ်းလွဲလိုက်ကုန်ကြမယ်လို့ သိနေတယ်...

ကဗျာအတွက် ကျေးဇူး...အခုမှပဲ ဖတ်ဖူးလို့ ကူးသွားပြီ...

မဒမ်ကိုး said...

လင်းရေ ကိုယ့်အနေနဲ့ကတော့ တိုင်းပြည်တိုးတက်တာကိုမျှော်လင့်ပေမယ့် ဟီရိသြတ္တပမဲ့စွာ နေထိုင်ကြတာကိုဖြင့် အင်မတန်သဘောမတွေ့လှဘူး
တတ်နိုင်သလောက်တားဆီးထိမ်းသိမ်းရမယ့်တာဝန်ကိုယ်တို့မှာရှိတယ်လို့ခံစားမိတယ်လင်းရေ

ဒါပါဘဲ
ကိုယ် (ခေါင်းမပါသူ )

မိုးငွေ့...... said...

လင်းကတော့ မလေးမှာ ခလုတ်တော်တော်တိုက်လောက်ပြီ....။

Tommy Girl said...

who is linn?

Nyi Linn Thit said...

မိုက်တယ် ကိုညိမ်းနိုင်..၊ ဟိုတနေ့ ကတည်းက တခေါက် လာဖတ်ပြီးပြီ၊ ဒီလိုစာမျိုးအတွက် ထားခဲ့မယ့် ကွန်မန့်ဟာ နောက်တခေါက် သေသေချာချာ ဖတ်ပြီးမှပဲ ဖြစ်သင့်တယ်လို့ ယူဆပြီး အခုတခေါက် လာထပ်ဖတ်တာ..၊း)

ကိုယ့်ရဲ့ မြင်ထောင့်လေးကို ဆရာမောင်စိန်ဝင်းရဲ့ ကဗျာအကိုးအကားနဲ့ တင်ပြသွားတာလေး ကြိုက်တယ်၊ 'လင်း' ဆိုတာ အပြင်မှာ တကယ်ရှိပြီး အဲဒီ 'လင်း' ဟာ အခုတလော လူပြောများနေတဲ့ ဝတ်စားဆင်ယင်ပုံတွေကို လက်သီးလက်မောင်းတန်း၊ ဒေါနဲ့မောနဲ့ ဝေဖန်နေတဲ့သူ တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်တောင် အခုလို ပြေပြေပြစ်ပြစ်နဲ့ အကျိုးသင့်၊ အကြောင်းသင့် ဆွေးနွေးချက်ကို နားထောင်ပြီးသွားရင် အနည်းဆုံးတော့ သက်ပြင်းလေး တစ်ချက်ချပြီး ငြိမ်ငြိမ်လေး တွေးတောမိသွားမှာ သေချာပါတယ်..။ ထပ်ပြောပါ့မယ်၊ တင်ပြပုံ ကောင်းသလို စကားလုံး စီးဆင်းမှု ကောင်းလှတဲ့ ပို့စ်လေးပါပဲဗျာ..၊

khin oo may said...

ဒီမှာရောဘဲ။ ဆောရီးပါ။