Friday, May 4, 2012

C for..............

စင်္ကာပူမှာ ကျွန်တော်သဘောအကျဆုံးအရာတစ်ခုရှိတယ်ဗျ.....။အဲ့ဒါကဘာလို့များထင်သလဲရဲဘော်တို့....။
လမ်းပန်းဆက်သွယ်ရေးကောင်းတာလား.......ဟင့်အင်း.....။အင်တာနက်၊အွန်လိုင်းလား......မဟုတ်......။
အရာအားလုံးက စည်းကမ်းတကျရှိကြတာကိုလား.......ဟုတ်ဝူးရယ်.....၊ဒါဖြင့်စန်တိုဆာကိုလား......နိုးပါ.....။
လူနေမှုစနစ်ကိုလား.....လုံးဝမှားပါတယ်....။

ကျွန်တော်သဘောကျတာက တိမ်တွေကိုပါ.....။ဟုတ်ပါတယ်....စင်္ကာပူက တိမ်တွေကို ကျွန်တော်သဘော
ကျတယ်ဗျ......။ပြောရရင် ဒီစကားကနဲနဲအန္တရာယ်ကြီးတာတော့အမှန်ပဲ....၊အခန့်မသင့်ရင်မျိုးချစ်ပုဂ္ဂိုလ်တွေ
ရဲ့ပါးစပ်ဖျားမှာကားကနဲဖြစ်သွားနိုင်တာမျိုးလား.....။ဟုတ်တယ်လေ....မင်းကစင်္ကာပူကတိမ်မှလှတယ်ထင်
ရသလား.....ရွေကွပ်ထားလို့လား....၊မြန်မာပြည်က တိမ်ကဘာဖြစ်နေလို့လဲ...ဘာညာ...သာရကာဆိုကိုယ်
လည်း ဘာမှပြန်ပြောတတ်မယ်မဟုတ်ပေဘူး......:)))။ဆိုတော့ မြန်မာပြည်ကတိမ်တွေကိုလည်းသဘောကျ
ပါတယ်....၊လောလောဆယ် စင်္ကာပူကတိမ်တွေကိုပဲ မြင်နေရတာမို့ ဒီကတိမ်တွေကိုပဲ သဘောကျနေရပါ
တယ်............လို့.......:)))))



အဲဒီနေ့က တရုတ်နှစ်ကူးနေ့ပဲ....၊အဖော်တွေဘာတွေမပါ ပါဘူး....၊တစ်ယောက်တည်း လျှောက်သွားတယ်၊
ဘယ်သွားရမှန်းမသိတဲ့အဆုံး ကိုယ်သိပ်ပျော်မွေ့တဲ့ ပန်နစူလာနဲ့ မရီနာဘေးပဲရောက်သွားတာပါပဲ....။
ဘယ်ဘက်က ပန်နစူလာပေါ့၊အလည်ကဘုရာကျောင်းက ပန်နစူလာနဲ့မျက်နှာချင်းဆိုင်က ဘုရားကျောင်း၊
အဲ့ဘုရားကျောင်းကိုမြင်တိုင်း ဆူးလေက ဧမာနွေလဘုရားကျောင်းကိုသတိရတယ်....။






 တိမ်တွေမှာ အရောင်ရှိတယ်...၊ဒါပေမယ့် သူ့နဂိုအရောင်က အဖြူပဲ(ထင်တယ်)၊အခြေအနေ၊အချိန်အခါ
ကိုလိုက်ပြီး တစ်ခါတစ်လေအနက်ရောင်၊အနီရောင်၊အညိုနုနု၊မှိုင်းမှိုင်းမှုံရောင်တွေပြောင်းနေတတ်လေရဲ့...။

အဲဒီနေ့က ဘွန်လေးကို ဖိုးကြယ်နဲ့တွေ့ဖို့သွားတာ...၊ဘာလုပ်ဖို့လဲ....ဘီဘီချဖို့....။သူပျောက်နေတာကြာ
ပြီ...၊သူ့ဆီက ကဗျာလေးတွေထွက်ထွက်ကျလာတတ်တယ်...၊ဒါပေမယ့်သူမရေးတော့ဘူး...။ကောင်မလေး
တစ်ဘက်၊အလုပ်တစ်ဘက်....၊ဘက်၂ဘက်ကြားဗျာများနေတယ်ထင်တာပဲ....၊ဖုံးဆက်ဦးမှ.....။












ဆည်းဆာဆိုတာ ညနေမှမဟုတ်ပါဘူး၊နံနက်ခင်းကိုလည်းဆည်းဆာလို့ခေါ်သတဲ့....၊ဆည်းဆာတစ်ခု
ဝင်သွားပြီးရင် ဆည်းဆာတစ်ခုထွက်လာမှာပါ...၊အမှောင်ဖုံးတဲ့ ညတွေကိုကျော်ဖြတ်ပြီးရင်ပေါ့လေ....။
တစ်ခုပဲရှိတယ်....၊ညတွေကြားမှာ ပျောက်ဆုံးမသွားဖို့တော့လိုသပေါ့.....။

အဲဒီနေ့က မနက်စောစော ဂျူရောင်းIMM မှာရောက်နေတယ်...၊မလေးကိုသွားမလို့ ကျောပိုးအိတ်လေးကို
လွယ်လို့ပေါ့....၊ခင်မာလည်းမဝယ်ရသေးဘူး...၊ဖုံးလေးနဲ့ပဲ ဆည်းဆာတိမ်တွေကို ရိုက်လိုက်တယ်.....။







လူတစ်ယောက်ကို ဘောင်တစ်ခုခုကနေကြည့်တာ မကောင်းဘူးလို့ဆိုကြတယ်...၊အမြင်ကျဉ်းတယ်ပေါ့....။
ကိုယ်ကတော့ ဘောင်ခတ်ကြည့်တာများတယ်....၊သူ့ရဲ့အတိတ်နဲ့ အနာဂတ်တွေမပါတဲ့ ပစ္စုပ္ပန်သက်သက်
ဘောင်နဲ့ပေါ့....၊သူဘယ်ကလာသလဲ.....၊ဘယ်ကိုသွားမှာလဲ....၊သိပ်စိတ်မဝင်စားပါဘူး...၊လောလောဆယ်
ကိုယ့်နားရှိနေတယ်.....တော်ပြီပေါ့လေ.....။

ဒီပုံက အန်တီတင့်နဲ့ စလုံးမှာပထမဆုံးတွေ့တဲ့အကြိမ်မှာပါ။တီတင့်တို့နဲ့ စကားပြောနေတုန်း ဖုံးတစ်ကော
ဝင်လာတယ်....၊သူနဲ့ပြောမယ့်စကားတွေက ဘာမှအရေးမကြီးတဲ့ စကားတွေပါ၊ဒါပေမယ့် ကျန်တဲ့သူတွေ
ကြားလို့မဖြစ်ဘူး၊ဘာလိုလဲဆိုတော့လည်း ဘာမှမဟုတ်ဘူး...ဒီလိုပဲ...၊ဒါနဲ့ အပြင်ထွက်စကားပြောတယ်။
ပြောရင်းနဲ့ အပြင်ကိုငေးကြည့်တော့ လှသောတိမ်တွေကို ဘောင်တစ်ခုအတွင်းကနေမြင်လိုက်ရတယ်...။




 မျောလွင့်ခြင်းအတူတူ ဘယ်သူမြတ်သည်လဲ လို့မေးရမယ်ထင်တယ်....၊မျောလွင့်တိမ်မှာ နှောင်ကြိုးမပါ
ဘူး....(အင်း...မပါဘူးလို့တော့ ယုံကြည်ထားတာပဲ...)၊လူလွှတ်တဲ့စွန်လေးတွေမှာတော့ ကြိုးတန်းလန်းနဲ့၊


အဲဒီနေ့က ကြားရက်တစ်ရက်ရက်ပဲ.....၊အလုပ်စောစောပြီးတော့ ပျင်းပျင်းရှိတာနဲ့ ခင်မာလေးကိုင်လို့
ထွက်လာခဲ့တယ်...၊ခြေဦးတည့်ရာပါ။Chinese Garden ကိုရောက်သွားတယ်..။ဒီလိုပဲ....ကောင်းကင်ကို
မော့ကြည့်တော့ တိမ်တွေကိုတွေ့တာနဲ့ ရိုက်လိုက်တယ်....၊





လူ့ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းအကြားမှာ လျှောက်လှမ်းရတဲ့ တံတားတစ်စင်းဆိုပါတော့.....။
ဒီလိုတံတားလိုတော့ အမြဲတမ်းဖြောင့်ဖြူးချောမွေ့နေမယ်လို့မျှော်လင့်လို့မရပါဘူး...။ဘဝအမောတွေကြား
မှာ လျှောက်နေတဲ့ခြေလှမ်းကို ခဏလေးရပ်လို့ စိတ်ထဲမှာ လှတယ်၊သာယာတယ်လို့ထင်တဲ့ တိမ်မျှင်စ
လေးတွေကိုမော့ကြည့်မိတယ်....၊စိတ်တွေကို ကာလသုံးပါးနဲ့လွတ်ကင်းတဲ့နေရာလေးမှာ မျောလွင့်ထား
လိုက်တယ်..။စိတ်ကူးဆိုတာ ယဉ်တိုင်းလှနေတာပဲမဟုတ်လား......။

Chinese Garden ထဲက တံတားခုံးလေးပါ...။လူရှင်းအောင်မနဲစောင့်ရတယ်...၊ကိုယ်ကလူရှင်းအောင်
စောင့်တယ်...၊အစောင့်တွေက တံခါးပိတ်ဖို့ ကိုယ့်ကိုစောင့်နေတယ်....၊မတတ်နိုင်ဘူး...၊လူရှင်းမယ့်အချိန်
က ပန်းခြံပိတ်လုခမန်းအချိန်လေးပဲ...။






ငယ်ငယ်ကနေခဲ့တဲ့ ခြံဝင်းလေးရဲ့ထောင့်မှာ "သင်းသတ် " ထားတဲ့ ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ်၊ကိုင်းဖျား၊
ကိုင်းနားတွေကိုလည်းချိုင်ထားပြီးပြီ၊အပင်ကြီးကိုတော့ အိမ်နဲ့မလွတ်လို့မလှဲနိုင်သေးဘူး...၊ပင်ခြောက်ကြီး
ထီးထီးပေါ့လေ....။၁၀ပေအမြင့်လောက်မှာ ခွဆုံတစ်ခုရှိတယ်....၊ငယ်စဉ်ကလေးဘဝက သူငယ်ချင်းရယ်
လို့ ကစားဖော်မရှိတဲ့ ကိုယ့်မှာ နွေရာသီကျောင်းပိတ်ရက်ကာလတွေမှာ ကိုယ့်ရဲ့အဖော်က စာအုပ်တွေပဲ၊
သိုင်းစာအုပ်တစ်အုပ်ဖြစ်ချင်ဖြစ်မယ်၊အဖေ့အသဲစွဲ မောင်သာရစာအုပ်တစ်အုပ်အုပ်ဖြစ်ချင်လည်းဖြစ်နိုင်တယ်၊
ဒါမှမဟုတ်အဖွားအိမ်က မ လာတဲ့ ဦးလေးရဲ့ ပန်းသာမစာအုဖြစ်နေကောင်းဖြစ်နေနိုင်တယ်၊တစ်ခါတစ်လေ
တော့ အမေ့ရဲ့ ဝင်းဦးစာအုပ်တစ်အုပ်အုပ်လည်း ပါလာတတ်တယ်၊ဒီလိုမှမဟုတ်ရင်တော့ သုံးလမှတစ်ကြိမ်
ထုတ်တဲ့ သုတပဒေသာစာအုပ်ဖြစ်မယ်....။

စာအုပ်တစ်အုပ်အုပ်ကိုကိုင်ပြီး အဲဒီသစ်ပင်ခွဆုံမှာ သွားထိုင်နေတတ်တယ်။စာအုပ်ဖတ်လိုက်၊ကောင်းကင်
ကိုမော့ပြီး တိမ်တွေကိုကြည့်ပြီး စိတ်ကူးယဉ်လိုက်နဲ့ နွေရာသီကိုကုန်ဆုံးစေခဲ့တယ်...။တိမ်တွေကိုချစ်တဲ့
စိတ်ဟာ ငယ်စဉ်ကတည်းကအထီးကျန်တတ်သူရဲ့ရင်ထဲကို တိတ်တိတ်လေးဝင်လာတယ်ထင်ရဲ့....။
စကားမစပ် ဆေးလိပ်ကို ခုနှစ်တန်းနှစ်ကတည်းက အဲဒီသစ်ပင်ကြီးပေါ်တတ်ပြီး ခိုးသောက်တတ်ပြီ....။

ဒီတိမ်တွေကလည်း Chinese Garden ထဲက တိမ်တွေပါပဲ......။









" ကောင်းကင် " နဲ့ ပင်လယ် ကြားမှာ တစ်စုံတစ်ရာဆက်နွယ်မှုရှိခဲ့မယ်ဆိုရင် ဒါဟာ တိမ်တွေပဲ....။

ကိုယ့်နှလုံးသားပင်လယ်ပြင်မှ သံယောဇဉ်တွေကို ရေငွေ့ပျံလို့.....ဟိုးကောင်းကင်ယံမှာ ချစ်ခြင်းတိမ်တိုက်
တွေအဖြစ် ငွေ့ရည်ဖွဲ့စေခဲ့လေရဲ့.....၊ဒါပေမယ့်ကွယ်....၊လောကဓံမုန်တိုင်းတွေလာရင် ခြားနားခြင်းတောင်
တန်းတွေနဲ့ ထိခိုက်လို့ ကိုယ့်ချစ်ခြင်းတိမ်တိုက်တွေက မျက်ရည်မိုးအဖြစ် ပြန်လည်ကျဆုံးရမှာပါပဲလေ....။

အပေါ်ကပုံကတော့ ပြီးခဲ့တဲ့တရုတ်နှစ်ကူးကာလမှာ ညီရဲရယ်၊တူမလေးချိုချဉ်ရယ်နဲ့ စန်တိုစာသွားတုန်းက
ကမ်းခြေမှာရိုက်ခဲ့တဲ့ပုံလေး.....။ အောက်က ပုံသေးက လွန်ခဲ့တဲ့ ၂နှစ်လောက်က စန်တိုစာကမ်းခြေမှာပဲ
တစ်ယောက်တည်း ဘီဘီတစ်ဘူးနဲ့သွားထိုင်ပြီးတွေးချင်ရာတွေး၊ငေးချင်ရာငေးခဲ့တုန်းက ဖုံးအစုတ်လေး
နဲ့ရိုက်ထားခဲ့တဲ့ပုံ.....၊







တိမ်ဆိုတာ မတည်မြဲတတ်တဲ့သဘော၊တည်နေစဉ်ခဏလေးအတွင်းမှာလည်း ပုံသဏ္ဍာန်အမျိုးမျိုးပြောင်း
လဲနေတတ်တဲ့သဘော၊ဒြပ်ထည်မယ်မယ်ရရမရှိတဲ့သဘောကိုဆောင်ရဲ့....၊ဒါပေမယ့် မရှိကိုပဲ အရှိတရား
လုပ်ပြီး ချစ်ခြင်း၊မုန်းခြင်းများ ဖွဲ့တည်နေမိလေတယ်.......။မျောလွင့်တိမ်တစ်စရဲ့ ခဏတာနားခိုမှုကိုပေးခဲ့
တဲ့အတွက် ကျေးဇူးတင်ပါတယ် " ကောင်းကင် "

16 comments:

စံပယ်ချို said...

ကောင်းကင် နဲ့ ပင်လယ် ကြားမှာ တစ်စုံတစ်ရာဆက်နွယ်မှုရှိခဲ့မယ်ဆိုရင် ဒါဟာ တိမ်တွေပဲ
-------ပုံတွေကြည့် စာဖတ်ပြီး သူများတွေတော့မသိဘူး
ဂျက်တော့ကဗျာတစ်ပုဒ်ရလိုက်တယ်
ချင်ပြည်နယ်မှာလေ တိမ်တွေနဲ့လူတွေထိနေတယ်လို့ခံစား
ခဲ့ရဘူးတယ်----
တောင်ကြီးမှာဆောင်းတွင်းတော်ပေါ်တက်ရင်လဲ အဲလိုပဲ

ကိုရင် said...

တိမ်တွေရဲ့ မူလအရောင်က အဖြူမဟုတ်ပါဘူး..
တိမ်တွေရဲ့ မူအရောင်ဟာ တိမ်ရောင်ပါ..

ဒီလို ကပ္ပိယကြီးရဲ့..ဒီထဲမှာပါတဲ့ ပုံတွေက တော်တော် ကောင်းတယ်..တစ်ချို့ ပေါ့..
အဲ့တော့ အမှတ်တရလည်း ဖြစ်အောင် ကပ္ပိယဟာတွေကို ကပ္ပိယဟာပါလို့ စာလေး ထည့်ထားရင်ပိုကောင်းမယ်.. မူပိုင်ခွင့်ပေါ့.. ဥပမာ.. ((စင်ကာပူက ဖိုတို ဂရပ်ဖာ ဌေးဝင်းလိုပေါ့ဗျာ.. နည်းနည်းတော့ ကွာတယ်.. သူက အောက်သမား. .အောက်ကိုပဲရိုက်တာ..:D.. ငါ့ကပ္ပိယကတော့ အပေါ်သမား. :D))

နောင်တစ်ချိန် ကပ္ပိယ ကမ္ဘာကျော်လာတဲ့အခါ ကော်ပီလုပ်ထားတာရှိရင် တရားစွဲလို့လည်း ရတာပေါ့ :D

စီအိုင်အေ ပစ်ပစ် said...

အိုင်ဆေးကညိမ်း
တိမ်တွေကိုသများလည်းသဘောကျတယ်

khin oo may said...

ပုံတွေ လှတယ် အနစ်နစ် စုထားတာတွေ ဘယ်လိုပြန်ထုတ်လဲ အချိန်အတော်ပေးရမယ်ထင်တယ်။

ခရစ္စတလ် said...

တိမ်တွေကြားက ဒဿနတွေ ဖိတ်ဖိတ်ကျလာတယ် အို...ကောင်းကင်း)

AH said...

ကိုညိမ်းနိုင်ရဲ့ မျောလွင့်နေတဲ့တိမ်.... တွေကို နှစ်သက်စွာကြည့်သွားပါတယ်.... စိတ္တဆန်တဲ့ ဒီမိုးများ ရွာနေတုန်းမှာတော့ တိမ်မည်းတွေပါ ရိုက်တာမဟုတ်ဘူး။ ချမ်းလို့တုန်... မိုးသည်းတဲ့ညတွေမှာ.... တမ်းတနေတစ်ညလုံး အဲ့လေ.. မှားပြီးတော့ သီချင်းတွေ ဆိုမိနေပြန်ပြီ....

ဘာပဲပြောပြော တိမ် Collection တွေကိုတော့ ကိုရင်ပြောသလို ကော်ပီရိုက်လုပ်ထားသင့်တယ်နော်.....

San San Htun said...

တိမ်တွေ တကယ်လှတယ်

လွင်ပြင်လှိုင်းငယ် said...

တိမ်တွေကအရမ်းလှတယ်။တိမ်တွေလှဆို ရိုက်တဲ့သူကလဲ
တော်လို့ပါ။

rose of sharon said...

ပုံလေးတွေလှလိုက်တာ... အသေအချာကို ငေးသွားတယ်....

Anonymous said...

စကာင်္ပူကတိမ်တွေက တကယ်လဲ လှပါတယ်
တံတားလေးပေါ်က ပုံက အလှဆုံးလိုဘဲ..
ဆည်းဆာဆိုတာ မနက်ကိုလဲ ခေါ်မှန်း အခုမှ သိတယ်

Candy said...

C for Cloud. :D :D

နာ့ဦးလေးက တော်လိုက်တာ.. တိမ်တောင်မှ ဘယ်နေရာမှာ ဘယ်တုန်းက ရိုက်ထားတဲ့တိမ်ဆိုတာ မှတ်မိတယ်နော်.. အံသြထှာ

နွေတေးရှင် (မင်းဧရာ) said...

ကိုညိမ်းနိုင်.....
တိမ်တွေက ပြောပြသွားတဲ့ အလွမ်းတစ်စကိုတော့ ကျွန်တော် ကြားလိုက်ရသလိုဘဲဗျာ။

နေ၀သန် said...

အခုမှပဲ ဘလော့ခ်ခေါင်းစဉ်လေးနဲ့ ကိုက်သွားတော့တယ်..း).. အဲလောက်ထိ တိမ်တွေကို အသေးစိတ်မကြည့်မိတာ အမှန်ပဲ..း)) မလေးခရီးပျော်ရွှင်ပါစေ.. ခင်မာကော ၀ယ်လိုက်ပလား.. :P

ခင်မင်လျက်
နေ၀သန်

Snow May said...

ဓါတ်ပုံတွေသဘောကျလိုက်တာ. အရေးအသားတွေလည်း အားကျပါတယ်.. နောက်လည်း ခဏခဏလာဖြစ်အောင် လင့်ယူသွားပါတယ် ဦးလေး :)ကျမလည်း လောကကြီးကို ဘောင်ခတ်ကြည့်တတ်သူပါပဲ. မျက်ကပ်မှန်မကြိုက်လို့ မျက်မှန်ပဲ အမြဲတပ်ထားရသူမလို့ပါ :D
ခင်မင်စွာဖြင့် Snow

မဒမ်ကိုး said...

စကိုင်းတဲ့း))

khin oo may said...

။မျောလွင့်တိမ်တစ်စရဲ့ ခဏတာနားခိုမှုကိုပေးခဲ့
တဲ့အတွက် ကျေးဇူးတင်ပါတယ် " ကောင်းကင် "