Saturday, December 11, 2010

အလည်တခေါက်

အလည်တခေါက်

ဘာလာလုပ်သလဲ...ကိုယ့်လူ.....
အလည်သက်သက်ရယ်ပါ....
အလည်သက်သက်..ဟုတ်လား....
ရောက်တုန်းရောက်ခိုက် တစ်ခုခုတော့ လုပ်သွားပါဦး....တဲ့
အဲဒါနဲ့ ကျွန်တော်....အမှိုက်နဲနဲဖွပြီး.....
ပြန်ထွက်ခဲ့ပါတယ်.....။

Friday, December 10, 2010

ကမ်းခြေည အတွေးများ

“ ကမ်းခြေညက ရင်ခွင်ကို အလျားလိုက် ရှပ်တိုက်....

ရင်လှိုင်းခတ်သံကို နူးနူးညံ့ညံ့ ဆူညံစေခဲ့...... ”

မနေ့ညက ကမ်းခြေကိုရောက်ခဲ့ပါတယ်....။

စီးနေကြ ဘတ်စ်....
ဆင်းနေကြ မှတ်တိုင်....
ဝင်နေကြ PP.....
ဖြတ်နေကြ under pass....
ထိုင်နေကြ ကျောက်ဆောင်.....
သောက်နေကြ စီးကရက်....
တွေ့နေကြ မြင်ကွင်း......
ကျနေကြ အာရုံ.....
ကြားနေကြ လှိုင်းသံ.....
အင်း......ပြီးတော့....

ဘဝ......ဘဝ......ဘဝ......

ဘဝတစ်ခုဖြစ်တည်လာတာ နေ့ ရက်တွေကို စိတ်ချမ်းချမ်းသာသာ ဖြတ်ကျော်နိုင်ဖို့...လို့ပဲ သဘောရမိတယ်..။
တစ်ရက်ချင်း....၊တစ်နာရီချင်း.....၊တစ်မိနစ် တစ်စက္ကန့်ချင်း....ပြီးဆုံးအောင်မြင်စွာ..ဖြတ်သန်းရခြင်းပဲ....။
မရှိသူအတွက်လည်း ဒီအချိန်....၊ရှိသူအတွက်လည်း ဒီအချိန်...၊သူတောင်းစားလည်း ဒီအချိန်...၊လူချမ်းသာလည်း
ဒီအချိန်....။တခုပဲကွာသွားပါတယ်....။စိတ်ချမ်းချမ်းသာသာနဲ့ အဲဒီအချိန်တွေကိုကုန်ဆုံးစေခဲ့ပါသလား...။

ဒါဖြင့် စိတ်ချမ်းသာမှုဆိုတာကရော....။စိတ်ချမ်းသာမှုဆိုတာ တစ်စုံတစ်ရာနဲ့ လဲလှယ် ရှာဖွေရတဲ့အရာပါလား..၊
ကိုယ်ဖြစ်တည်နေတဲ့ အခြေအနေ၊အချိန်အခါလေးကို စိတ်ချမ်းသာအောင် တည်ဆောက်ယူရတာပါလား..။
လူတိုင်းရဲ့ အခြေအနေတွေက အမြဲတမ်း ချောမွေ့၊ဖြောင့်ဖြူးနေတာတော့မဟုတ်ပါဘူး...။ခက်ခဲ ကြမ်းတမ်းတဲ့
အခြေအနေတစ်ရပ်မှာ ဘယ်လိုနည်းနဲ့ စိတ်ချမ်းသာမှုကို တည်ဆောက်ယူနိုင်မှာပါလဲ....။ဖျက်ကနဲပေါ်လာတာ
က ယောနိသောမနသိကာရ ဆိုတဲ့ အသင့်အတင့်နှလုံးသွင်းတာ....။

ယောနိသောမနသိကာရ

ယောနိသောမနသိကာရ....၊ယောနိသောမနသိကာရ....နဲ့ ပြောရတာ တယ်အရသာရှိ....၊ရေးလို့လည်းကောင်း၊
ကောင်းဆို ပါဠိစကားလုံးပေမယ့် ပတ်ဆင့်တွေမှမပါတာကိုး...။အဲ...ကိုယ့်ဘာသာ နှလုံးသွင်းနေတဲ့ နှလုံးသွင်း
ကြီးက တကယ့်တကယ်တွေးကြည့်တော့မှ တလွဲကြီး...။

ဘာလို့လဲဆို...ကိုယ့်ဘာသာ ကိုယ်လုပ်ချင်တာလုပ်နေရရင် အသင့်အတင့်နှလုံးသွင်းလို့တယ်ကောင်းတာကိုး..။
ဘီယာလေးတစ်လုံးတစ်လေ သောက်ဖြစ်ရင်...တခါတလေပဲလေ...ဒီလောက်နဲ့တော့ မဟာအဝီစီငရဲမှာလည်း
ဂျိုးမကပ်လောက်ပါဘူး၊ချက်ချင်ကြီးလည်း နှလုံးရောဂါတွေ၊သွေးတိုးရောဂါတွေလည်း မဖြစ်လောက်ပါဘူးနဲ့
ဂတီးဂတီးကို သောက်နေမိတာကလား...။ကိုယ်လုပ်ချင်တာလုပ်ပြီး အိပ်ရေးပျက်တော့လည်း တစ်ညလောက်
နဲ့တော့ သေမသွားပါဘူး..ဆိုပြီး ကိုယ့်စိတ်ကို ဖြေတွေးနေနေမိတော့တယ်...။

အဲ...တကယ့်တကယ် စိတ်ညစ်စရာတွေ၊စိတ်ဆင်းရဲစရာတွေနဲ့တွေ့တော့ ယောနိသောမနသိကာရ အစ်အီးကွဲ
တူ မနိုင်၍သည်းခံခြင်းသည်လည်းကောင်း ဖြစ်သွားတော့တာပါပဲ...။အားလုံးသိကြတဲ့ ငှက်ကုလားအုပ် များလို
ပါပဲ...။ရန်သူ့လက်က ပြေးလို့မလွတ်တော့ သဲထဲခေါင်းထိုးထားသလို...ကိုယ်မတတ်နိုင်တဲ့အခါ အသင့်အတင့်
နှလုံးသွင်းသဟဲ့ ဆိုပြီး အတင်းကာရော လစ်လျူရူနေမိတော့တယ်...။

အစစ်အမှန်ကိုယ့်စိတ်ကို ကိုယ်မညာစတမ်း ဖြစ်လာတဲ့ အခြေအနေတစ်ရပ်ကို အသင့်အတင့်နှလုံးသွင်းပြီး
လက်သင့်ခံနိုင်ဖို့ဆိုတာ အတော်ကို ခက်ပါတယ်..။ဆိုတော့..အမှန်စင်စစ် ကိုယ့်စိတ်က ကျေကျေနပ်နပ်ကြီး
လက်ခံနိုင်အောင်၊လက်ခံလိုက်အောင် ကြိုးစားရပါဦးမယ်.....။

အကောင်းမြင် နဲ့ အဆိုးမြင်

ရပ်ကွက်တစ်ခုမီးလောင်တော့ အကောင်းမြင်သမားက “ ငါ ဒီအိမ်ပုံစံကို မကြိုက်တာကြပြီ၊ခုတော့ အသစ်ပြန်
ဆောက်ဖြစ်ပြီ၊ပရိဘောဂတွေလည်းဟောင်းနေပြီ...ခုမှပဲအသစ်ဝယ်ဖြစ်တော့မယ်...” လို့တွေးသတဲ့...။
အဆိုးမြင်သမားကတော့ မရှိတော့တဲ့ အိမ်ကို နှမြောတသ၊မီးလောင်မှုစဖြစ်တဲ့ သူတွေကို ရန်လုပ်၊နောင်ကြုံ
တွေ့ရမယ့် အခြေအနေတွေကို တွေးပူ....ပေါ့လေ....။

ဆိုတော့...ဘယ်သူ့အတွေး၊ဘယ်သူ့အမြင်က ကောင်းသလဲဆိုတော့ အကောင်းမြင်ရဲ့အတွေး၊အမြင် ကကောင်း
တယ်လို့ ဆိုရမှာပဲ...။အဲ...ဘယ်အတွေးအမြင်က မှန်သလဲဆိုရရင် နှစ်ခုစလုံးမှားတယ်လို့ ပြောရမယ်...။
အဆိုးမြင်သမားက ကိုယ်မတတ်နိုင်တော့တာကို တွေးတွေးပြီး ကိုယ့်စိတ်ကို အကြိမ်ကြိမ် လောင်မြိုက်စေခဲ့
တယ်...။ရင်ဆိုင်ရဖို့အကြောင်းဖန်လာမှတော့ ရင်ဆိုင်ရတော့ရုံပဲ...။

အကောင်းမြင်သမားကရော....၊သူဘယ်လိုပဲ အကောင်းမြင်မြင် နစ်နာဆုံးရှုံးရတာက နစ်နာဆုံးရှုံးရတာပါပဲ...။
စိတ်သက်သာမှုရတယ်ဆိုပေမယ့် အဲဒီလို အတွေးအမြင်က ကိုယ့်ရင်ထဲက အမှန်တကယ်ထွက်ပေါ်လာတာ
မဟုတ်ပဲ တမင်ရှာကြံတွေးရတာမျိုးဆိုရင် ကိုယ့်စိတ်ကို ညာတာတမျိုး လို့ထင်တယ်...။

တွေးမိတာကတော့ အကောင်းမြင်ပဲဖြစ်ဖြစ်၊အဆိုးမြင်ပဲဖြစ်ဖြစ် အရေးကိစ္စပေါ်လာမှ ကိုယ့်စိတ်ကို လုပ်ယူလို့မရ
ဘူး။နှစ်ပေါင်းများစွာအလေ့အကျင့်လုပ်လာမှ ဒါမှမဟုတ်နဂိုမူလစိတ်အခံကကို အဲဒီလိုရှိနေမှလို့စဉ်းစားမိတယ်။

စိတ် စိတ်အတိုင်းထား

စိတ် ဆိုတာနဲ့တွေးမိတဲ့ အကြောင်းအရာပါ..။လူသေလူဖြစ်ဆရာတော်ဦးဥက္ကဌ ဟောကြားတော်မူခဲ့တယ်လို့
မှတ်သားမိပါတယ်...။လူသေလူဖြစ်ဝါဒါနုဝါဒဝိနိစ္စယကျမ်းထဲမှာတော့ အဲဒီအယူအဆကို အကျယ်တဝင့်
စောဒက တက်ထားပါတယ်။ဝိနိစ္စယအဖွဲ့ကလည်း မှားတယ်လို့ဆုံးဖြတ်တော်မူထားပါတယ်။ငယ်ငယ်ကတော့
ဆရာတော်ဦးဥက္ကဌ ကျမ်းတွေလည်းမဖတ်ဖူး၊လူသေလူဖြစ် ဆိုတဲ့စကားလုံးတစ်လုံးနဲ့တင် သဘောမကျတာနဲ့
မှားတယ်လို့ပဲထင်ခဲ့တယ်...။ခုတော့ မှန်ရင်လည်းမှန်မယ်၊မှားရင်လည်းမှားမယ်လို့ ထင်တယ်...။(ဟမ်...:D )

ဆိုလိုတာက ငယ်ငယ်ကသိတဲ့အသိတွေက ဘယ်လိုမှမပြည့်စုံနိုင်ဘူး...။ခုရော...ခုချိန်မှာလည်း မပြည့်စုံသေး
ဘူး...။တချိန်က အမှန်လို့ထင်ထားခဲ့တာတွေက နောင်တချိန်မှာ အမှားတွေဖြစ်လာခဲ့တယ်။အမှားတွေက အမှန်
တွေလည်းဖြစ်လာတယ်...။ခုချိန်မှာ အမှားတွေက နောင်တချိန်မှာ အမှန်တွေဖြစ်လာကောင်းဖြစ်လာမှာပဲ..။
အမှန်တွေကလည်းထိုနည်းလည်းကောင်းပဲ...။ဆိုတော့...အမှန်တရားဆိုတာ ဘာပါလဲ....။

အမှန်တရား.....

ငယ်ငယ်က မဂ္ဂဇင်းတစ်ခုထဲက ကာတွန်းလေးကို သတိရမိတယ်...။အဖိုးကြီးနှစ်ယောက် စာအုပ်ကြီးတစ်အုပ်
နှစ်ယောက်ကြားမှာဖွင့်ပြီး ငြင်းခုံနေကြတဲ့ပုံလေးပါ..။အဖိုးကြီးတစ်ယောက်ကပြောတယ်...“ ကျုပ်တို့နှစ်ယောက်
ဒီလောက်ငြင်းခုံနေရရင် ကျုပ်တို့သိထားတာတွေက တရားတွေမဖြစ်လောက်ဘူး၊မတရားတာတွေပဲဖြစ်မယ် ”
တဲ့...။

ယေဘုယျအားဖြင့် အမှန်တရားဆိုတာ အမှန်တရားပဲ...(ဟမ်..နင်ပြောမှလား....:) )။ခက်တာက အမှန်တရားမှာ
ဘက်ရှိနေတာပဲ...။ဆိုတော့ အမှန်တရားဟေ့ဆိုရင် ဘက်မရှိရဘူး (လို့ထင်တယ်...)။ဘက်ရှိနေရင် အမှန်တရား
မဖြစ်နိုင်ဘူး...။အဲ အမှန်တရားလည်းဆိုသေး ဘက်လည်းရှိသေးဆိုတော့....။

နောက်ဆုံးအတွေး

နောက်ဆုံးတွေးမိတာက ကိုယ်သိထားတာတွေ၊ကိုယ်ဖတ်ထားတာတွေက မတောက်တခေါက်တွေ ပါလား...လို့။
(နောက်ဆုံးမှ အမြင်မှန်ရတော့တယ်...)မတောက်တခေါက်အသိက လုံးလုံးမသိတာထက် အန္တရာယ်ရှိတယ်
လို့ဆိုတယ်....။လုံးလုံးမရတာထက်စာရင် တဝက်ရတာက မဆိုးဘူးလို့လဲ ဆိုကြတယ်...။

အင်း....နောက်ဆုံးမတော့ အတွေးတွေက အတွေးတွေပါပဲ....။အတွေးနဲ့ လက်တွေ့က ကျွန်တော့် ဘဝမှာ
ဘယ်တုန်းကမှ ထက်တူကျခဲ့တာတော့မဟုတ်ဘူး....။ကမ်းခြေက သဲသောင်ပြင်မှာ လမ်းလျှောက်မိတော့
ခြေရာတွေ ထင်ကျန်ရစ်ခဲ့တယ်...။လှိုင်း တစ်လုံးနှစ်လုံးတက်လာတော့လည်း ခြေရာတွေလည်း ပျောက်ကွယ်
သွားတာပါပဲ...။

Wednesday, December 8, 2010

The Nustcracker-musical Spectraculr @ vivo city

မနေ့က vivo city မှာလုပ်တဲ့ vivo city လေးနှစ်မြောက်အထိမ်းအမှတ် ပွဲလေးတစ်ခုကို ရောက်ခဲ့ပါတယ်...။
ကိုယ့်ဘာသာတော့ ရောက်ဖို့ရာ အကြောင်းမရှိပါဘူး...။သူငယ်ချင်းတစ်ယောက်က လက်မှတ် လေးစောင်
အလကားရထားတယ်....။သွားကြည့်ကြရအောင်ဆိုတာနဲ့ ရောက်သွားဖြစ်ပါတယ်...။သူတို့က စုံတွဲ...၊ကျွန်တော်
ကတော့ တစ်ယောက်တည်း...။လက်မှတ်တစ်စောင်ပိုနေတာ ခေါ်ရမယ့်သူမရှိတာနဲ့ ဘက်ပဲ့သွားလေရဲ့...:)။

လေးဆယ့်ငါးမိနစ်ပဲကြာပါတယ်....။ကလေးတွေအတွက် အထူးသဖြင့် ရည်ရွယ်ပြီးလုပ်တဲ့ ဖျော်ဖြေပွဲလေးပါ...။
ည ၈နာရီတိတိမှာစပြီး ၈း၄၅ မှာ အတိအကျပြီးပါတယ်...။လေးဆယ့်ငါးမိနစ်လုံးလုံး မြူးမြးကြွကြွ၊သွက်သွက်
လက်လက် နဲ့ပျော်ရွင်ဖွယ် ဖျော်ဖြေသွားပါတယ်....။

ရောက်တာစောပေမယ့် ဝါးတီးဖွင့်နေတာရယ်...၊vivo city ထဲမယ် လျှောက်ငေးနေတာရယ်ကြောင့် ၈နာရီထိုး
ခါနီးမှ အထဲဝင်တော့ နေရာကောင်းမရတော့ပါဘူး....။ရှေ့နေရာကောင်းတွေ လွတ်သွားပါတယ်...။ဒီတော့
ဒါ့ပုံကောင်းကောင်းတွေမရလိုက်ပါဘူး...။ကိုယ့်မှာ ကင်မလာ မရှိတာကလည်းတစ်ကြောင်းပေါ့လေ....။
ဘာပဲဖြစ်ဖြစ် ရှိတဲ့ ဖုံးလေးနဲ့ပဲ ရသလောက်ရိုက်ခဲ့ပါတယ်....။


ဒါက Vivo city ရဲ့ မီးရောင်စုံနဲ့ ခရစ္စမတ်သစ်ပင်







ပွဲပြီးတော့ သရုပ်ဆောင်တွေက စင်ရှေ့မှာ ပရိသတ်နဲ့ အတူ ဓာတ်ပုံအရိုက်ခံကြပါတယ်........။ကလေးတွေက
တော့အများစုပေါ့လေ...။

သဘောကျတာတခုက သူတွေတွေက ဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ် သေသေချာချာ၊ကျကျနန စင်တင် ခင်းကျင်း
ကပြတာကိုပါ...။မီး၊ဆက်တင်၊အဆင်အပြင်၊ အစစအရာရာ သပ်သပ်ရပ်ရပ် ရှိပါတယ်...။

Thursday, December 2, 2010

အကြိုက် နှင့် အလိုက်

တလောက ဆမ်မာဆက်နဲ့ ဘူကစ် ဘက်ကို သူငယ်ချင်းတစ်ယောက်နဲ့ အဝတ်အစား၊အသုံးအဆောင်လေး ဘာလေး ဝယ်ဖို့ရာ သွားဖြစ်ပါတယ်...။ပုံမှန်ဆိုရင်တော့ အဲဒီလို တမင်သတ်သတ်ရှောပင် ထွက်တာမျိုးမလုပ်ဖြစ်
ပါဘူး...။ဝါသနာလည်းမပါ၊ဝယ်စရာလည်း မလို၊ဝယ်ဖို့ရာလည်း ပိုက်ပိုက်က ပေါမှ မပေါတာကိုး...။ကြုံရင်၊တန်
တယ်ထင်ရင် ဝယ်လိုက်တာပဲ ရှိတာကလား...။

အဲ...ခုကျတော့ ဒီနှစ်ကုန်မှာ ခရီးတစ်ခုထွက်ဖို့ကအကြောင်းဖန်လာလေတော့ခုကတည်းကလိုမယ်ထင်တာလေး
တွေ ဝယ်ထားတဲ့သဘောပါပဲ...။စစချင်း ကြည့်ဖို့စဉ်းစားတာက ဂျင်းပင် ပါ။ဆိုတော့ လီဗိုက်ဆိုင်ဘက် ချီတက်ခဲ့
ပါတယ်...။တွေ့ပါပြီခပ်လှမ်းလှမ်းကတည်းက....50%OFFဆိုတဲ့ဆိုင်းပုဒ်ကြီး...။ရွေ့....နိပ်ပြီ..။နတ်တို့ဖန်ရေကန်
အသင့်၊ကြာအတင့်၊ ကိုယ်ဝယ်မယ်ဆိုမှ အထူးလျော့ဈေးနဲ့ လာတွေ့ပလေတယ်...။

“ ဟကောင်...ဖစ်ပတီးပါစင့် ဆိုပါလား...ဟန်ကျတာပဲကွ...” လို့ သယ်ရင်းကိုပြောတော့...ပြူတင်းပေါက်ရှောပင်
တွေ၊တံခါးမကြီးရှောပင်တွေမကြာမကြာထွက့်လေ့ရှိတဲ့ သူငယ်ချင်းက ငါးခူပြုံးလေးပြုံးပြီး၊မင်းနုပါသေးတယ်..
ဆိုတဲ့ အကြည့်မျိုးနဲ့ ကျွန်တော့်ကို ကြည့်ပါတယ်...။

“အဟင်း...ကြည့်ပါဦးလေ...သေသေချာချာ...” လို့ဆိုတော့...ကြည့်လိုက်တော့

50% OFF for 2nd item တဲ့....။

“ အန်.....နှစ်ထည်ဝယ်မှ ဒုတိယအထည်အတွက် ပဲ လျော့ဈေးက ရမှာပေါ့.....”

“မှန်ပါ့ဗျာ....”

“ ဈေးနှုန်းလေးဘာလေးကြည့်ပါဦးဟ...”

“ ၁၄၉ ကျပ်...”

“ဘာ.....နှစ်ထည်ဆို လျော့ဈေးနဲ့တောင် နှစ်ရာကျော်ပေါ့.....”

“ ခင်ဗျားကလည်းဗျာ...ဒါကတော့ ဘရန့်ကိုးဗျ.....”

“ ဟေ့..ဟေ့...မင့်ဘာသာ ဘရန့်...ပါဦးတော့ကွာ...မင့် ဘရန်ကြီးဝတ်လို့လည်း ငါ့တင်ပါး ဘယ်သူမှ လာလှန်
ကြည့်တာမဟုတ်ဘူး...တော်ပြီ...တော်ပြီ....”

သို့နှင့် တခြားဆိုင်ဝင်ပါတယ်...။ဘာတဲ့ DENIZEN from levis' တဲ့..။လီဗိုက် ရဲ့ နာမည်ခွဲ လို့ ပြောတာပါပဲ...။
သူကတော့ ဈေးမဆိုးဘူးခင်ဗျ...။ဒစ်စကောင့်လည်းရှိပါတယ်...။ထုံးစံအတိုင်း နှစ်ထည်ဝယ်ရမပေါ့လေ....။

“အင်း...ဒီနှစ်ထည်ပဲယူလိုက်မယ်ကွာ....”

“ ခင်ဗျား ရွေးတဲ့ အရောင်ကြီးတွေကလည်းဗျာ....မွဲခြောက်ခြောက်၊မှိုင်းတိုင်းတိုင်းတွေ...၊အပြာရောင်လေးယူ
ပါလား...”

“ကြိုက်ဘူး...ကိုယ့်လူ...ဒါမှဒါပဲ...”

ကျွန်တော့်သူငယ်ချင်းလည်း ပြောမရ လုပ်ချင်တာလုပ် ဆိုတဲ့ပြီး ကျွန်တော့်ကို လွတ်ထားလိုက်ပါတယ်။

သို့နှင့် ဘိနပ်ဆိုင်ဘက် ဆက်လက်ချီတက်ခဲ့ပါတယ်....။ဝယ်ဖြစ်ခဲ့ပါတယ်...အညိုရောင် ဝေါ့ကင်းရှူးလေးပါ...။

“ လုပ်ပြန်ပြီ...ခင်ဗျားကတော့လေ....ဘိနပ်ကြတော့လည်း အဖြူလေးဘာလေးမယူဘူး...၊ဝယ်လိုက်ရင် အရောင်
မထွက်၊အဆင်းမထွက်တွေ.....”

“ ဟကောင်ရ...ငါက အဲ့လိုအရောင်တွေပဲကြိုက်တာကိုး....”

“အင်းပေါ့လေ...ခင်ဗျားအသားအရောင်က အတော်ဖြူသကိုးဗျ...ဟင်...၊ခင်ဗျာ့ အသားအရေနဲ့ အဲဒီ အညိုရောင်
တွေနဲ့ တော့ ဟပ်နေတာပဲပေါ့ဗျာ...၊အဝတ်အစားဝယ်တယ်ဆိုတာက အစားအသောက်လို ကိုယ်ကြိုက်တာ ကိုယ်ဝယ်တိုင်း အဆင်ပြေတာဟုတ်ဘူးဗျ...။ကိုယ်နဲ့ လိုက်ဖက်မယ့် အရောင်အသွေး၊အဆင်လေးဘာလေး
ရွေးမှပေါ့...ခုတော့ဘယ်နှယ်....”

အနှီးသို့ကလို သူငယ်ချင်းက တလမ်းလုံး ကျွန်တော့်ကို ပွစိပွစိ လုပ်လာပါတယ်....။ကျွန်တော်ကတော့ သူပြော
ချင်တာပြော၊ကိုယ်ကြိုက်တာ ကိုယ်လုပ်ခဲ့ရတော့ ကျေနပ်နေတာပါပဲ....။

အမ်အာတီ မှာ လမ်းခွဲခဲ့ကြပြီး ဘာသာတစ်ယောက်တည်း ပြန်ခဲ့တဲ့ လမ်းခရီးမှာတော့ သူပြောခဲ့တဲ့ စကားတွေ
ကို အေးအေးဆေးဆေး စဉ်းစားမိပါတယ်...။

ဟုတ်ပါတယ်....။ကျွန်တော်က စိတ်ခံစားမှုကို ဦးစားပေးသူပီပီ၊ ဘဝလမ်းတစ်လျှောက်မှာ ကိုယ်ကြိုက်တာ၊
ကိုယ်လုပ်ချင်တာကိုပဲ လုပ်ခဲ့တာပါပဲ...။တချို့အလုပ်တွေက ကိုယ့်ကို အကျိုးမပေးဘူးဆိုတာ၊မကောင်းဘူး
ဆိုတာသိပေမယ့် အသိခေါက်ခက် အဝင်နက်ခဲ့ပါတယ်...။လုပ်သင့်တာတွေကိုလည်း မလုပ်ချင်စိတ်တခုတည်း
နဲ့ မလုပ်ပဲနေခဲ့ပါတယ်...။ရှေးကံလေးကောင်းနေလို့သာ ဒီလောက်အဆင်ပြေနေတာရယ်...။

တကယ့်တကယ်မှာ ကျွန်တော်တို့ဟာ ဘဝမှာ ကိုယ်နဲ့ လိုက်လျော်ညီထွေရှိမယ့်၊ကိုယ့်ဘဝအတွက်အဆင်ပြေ
မယ့် အလုပ်တွေ၊အရာတွေ၊လုပ်သင့်လုပ်ထိုက်တာတွေကို ကိုယ့်စိတ်ကြိုက်မဟုတ်တောင်မှ ရွေးချယ်သင့်တာ
အမှန်ပါ...။တနည်းအားဖြင့်အကြိုက်ထက် အလိုက် ကိုပဲ ဦးစားပေးသင့်ပါတယ်....။

ဒါပေမယ့်...ဒါပေမယ့်ပေါ့လေ...ကျွန်တော်ဆိုတဲ့ကျွန်တော်ကလည်း....တော်ရာမှာမနေ၊ပျော်ရာမှာနေချင်တဲ့သူ၊
လုပ်သင့်တာထက် လုပ်ချင်တာကိုပဲ လုပ်ချင်ခဲ့တဲ့သူ၊ အလိုက်ထက် အကြိုက်ကိုပဲ ရွေးချယ်ချင်တဲ့သူ.....။
အဲဒီ အတွက် နောင်တရခဲ့သလားဆိုတော့လည်း ဘယ်တုန်းကမှ မရခဲ့တဲ့သူ....။
အင်း...ပြင်တော့ပြင်ရဦးမှာပါလား....လို့ တော့ ဘာသာတွေးမိပါရဲ့....။

ကဲ...ကိုယ့်ဆရာတို့၊ကိုယ့်ဆရာမတို့ရော....ဘဝမှာ ဘာကိုဦးစားပေးခဲ့ပါသလဲခင်ဗျ....။ဘာကို ဦးစားပေးသင့်
တယ်လို့ရော...ထင်မြင်ယူဆမိကြပါသလဲခင်ဗျာ...ပြောကြည့်ခဲ့ကြပါဦးနော့...။

Wednesday, December 1, 2010

you are not alone

ခုတလောနားထောင်ဖြစ်တဲ့သီချင်းပါ.....



လေးဖြူရဲ့ မင်းလေးကို ချစ်လို့....နားထောင်တိုင်းခံစားရတယ်....