Saturday, January 1, 2011

ကျေနပ်တဲ့အကြောင်း....

အပြာရင့်ရင့် သုညတစ်လုံးအပေါ်မှာ ဟောဒီ တစ်စက္ကန့်က လှလှပပဖြတ်ကျော်သွားခဲ့ပြီ...။

ငါ....တည်ရှိနေရတာကို ကျေနပ်တယ်......။

ဂွတ်ဘိုင် နဲ့ ဂွတ်မောနင်း ကိုတပြိုင်နက်နှုတ်ဆက်ပြီးတဲ့နောက်....သူကရင်ဘတ်ထဲကျကျနနဝင်ထိုင်လာတယ်..။

ငါ.....ရှင်သန်နေရတာကို ကျေနပ်တယ်......။

အဲဒီ အရက်ခွက်ထဲမှာ ပေါင်းကောင်းသင်းကောင်းတွေ....၊နှစ်လိုပျော်ရွင်ခြင်းနဲ့ စိတ်ကောင်းစေတနာတွေ
ဖောဖောသီသီရောယှက်ထားလေရဲ့....ကဲ....ဘာအတွက်နဲ့များ အဆိပ်တခွက်ကို မသောက်ရဲ ရမှာလဲ...။

ငါ....ဖြစ်တည်နေရတာကို ကျေနပ်တယ်....။

အနည်းဆုံးတော့ လက်တဖက်စာ ချစ်သူတွေ ရင်ဘတ်နဲ့အပြည့် ခံစားပေးကြတယ်.....
အများဆုံးတော့ ကမ္ဘာကြီးနဲ့ အပြည့် ချစ်ခင်ရသူတွေကို နှစ်နှစ်ကာကာပြုံးပြနိုင်သေးတယ်....

ငါ.....လူဖြစ်နေရတာကို ကျေနပ်တယ်.....။

မြန်နှုန်းနိမ့် ရေစီးကြောင်းထဲမှာ ချစ်ခြင်းရနံတွေ ဖောခြင်းသောခြင်း စီးဝင်လာပြီ...။

အတုပဲဖြစ်ဖြစ်.....အရေပြားတစ်ထောက်စာ ခေါက်ရိုးကျိုးနေခြင်းပဲဖြစ်ဖြစ်....ငါ....ကျေနပ်တယ်.....။

မွေးလာတာစောလို့ လူဖြစ်တာနောက်ကျသွားတယ်....။ဒါပေမယ့် ရထားက ငါ့ကို စောင့်နေလို့....ကျေနပ်တယ်။

ပေးသမျှ ပြန်မရသည့်တိုင်...ရသမျှက ကျေနပ်စရာပဲ....၊ဘာမှပြန်မရရင်တောင်...ပြန်မရခြင်းတွေအတွက်...
ငါ....ကျေနပ်တယ်....။

ငွေတစ်ကျပ်နဲ့ ပစ္စည်းလေးပါးဒါယကာခံလို့ရနေတဲ့ ဟောဒီက ဒုလ္လဘ ထဲမှာ ဘာများမကျေနပ်စရာရှိသေးလဲ...။
ငါ....ကျေနပ်တယ်....။

တကြိမ်တခါလွတ်သွားတဲ့ ကျောတခင်းစာအိပ်မက်တွေက သံသရာတစ်ပတ် ပြန်ပြန်လည်လာပေးဦးမတဲ့....။
လုပ်သလောက်မဖြစ်လည်း နေပေ့စေ....။ဖြစ်သလောက်တော့ လုပ်ခွင့်ရနေသေးတာပဲ...။
စာမျက်နှာတစ်ဝက် ဆုတ်ဖြဲခံလိုက်ရပေမယ့်....ကျန်တစ်ဝက်က အကောင်းအတိုင်းရှိနေသေးရဲ့....။
ရောင်းတမ်းမဝင်တောင် မျှော်လင့်ချက်ဆိုတာ ပုပ်ကုန်မှမဟုတ်တာ....။ငါ....ရင်ဘတ်နဲ့အပြည့် သိုလှောင်ထား
လိုက်ဦးမယ်....။

ငါ....ကျေနပ်တယ်.....။

မနေ့က အိပ်ပျော်သွားပြီ...ရှိစေ....၊မနက်ဖြန်က အားကောင်းမောင်းသန် နဲ့ လှည်းဝင်ရိုးထမ်းလိမ့်မယ်....။
အနုမြူဗုံးတွေ အိပ်ကပ်ထဲမှာ အပြည့်လား....။ကိစ္စမရှိဘူး....ငါတို့မှာ ခလုတ်မှမရှိတာ....။ဘာအတွက်နဲ့ ပျော်ပျော်ရွင်ရွင် လက်ဆွဲမနှုတ်ဆက်နိုင်ရမှာလဲ....။

ဟောဒီမှာ လူတကာနဲ့တော်တဲ့ အင်္ကျီ....နာမည်က ယောနိသောမနသိကာရတဲ့....။သင့်ကျောပိုးအိပ်ကို ခဏ
လေးဖြစ်ဖြစ် ချွတ်ထားလိုက်ပါလား....။အချိန်မရွေး တပ်ဆင်လို့ရနေတဲ့နောက် ငါတို့သေနတ်တွေကို ကျည်ကပ်
ဖြုတ်ထားကြရအောင်...။

ဘဝဆိုတာ ရထားတစ်စင်းတဲ့လား.....၊အဲဒါကြောင့် အိပ်လို့သိပ်ကောင်းနေတာ....။ဘူတာကျော်သွားလဲ ကိစ္စ
မရှိဘူး...။ဒို့တွေ ခရီးများများရောက်တာပေါ့....။မနက်ဖြန်ကို ကျေဇူးပြုပြီး တိတ်တိတ်လေးနေခိုင်းလိုက်ပါ...။
အိပ်ကပ်ထဲမှာ ငွေသုံးကျပ်ရှိနေသေးရဲ့...။ငါတို့ ထမင်းတစ်ပွဲမှာ ဇွန်းနှစ်ချောင်းတပ်လို့ရပါတယ်...။
လေးချောင်းမထောက်ပေမယ့် သုံးချောင်းထောက်ကလည်း ခုံတစ်လုံးပါပဲ....။ကဲ...ငါတို့ နှစ်ချောင်းထဲနဲ့
မတ်မတ်ရပ်တမ်း ကစားကြရအောင်....။
ီ
နေတတ်လို့ကျေနပ်တယ်ပြောပြော....၊ကျေနပ်လို့နေတတ်တယ်ဆိုဆို....၊

ငါ.....မှုန်တိမှုန်ဝါး အစက်အပျောက်ကလေးအဖြစ်ကို ကျေနပ်တယ်....။

လင်းတခါ၊မှိန်တလှည့်ပေမယ့် လမင်းနဲ့ တစ်ကောင်းကင်တည်း ရှိနေတဲ့အတွက် ကျေနပ်တယ်....။

ဘာပဲဖြစ်ဖြစ်....ငါ....ကျေနပ်ပါတယ်......။

Friday, December 31, 2010

၂၀၁၀ အရွေ့၊အပြောင်းအလဲ နှင့် နှစ်သစ်ကို ကြိုဆိုခြင်း

လင်းရေ......

တစ်ခန်းပြဇာတ်တစ်ပုဒ် တစ်ခန်းရပ်သွားသလိုမျိုး....၊၂၀၁၀က မကြာမတင်လေးမှာ တစ်ခန်းရပ်တော့
မယ်နော်...။၂၀၁၀ အရွေ့မှာ ကိုယ်ဘာတွေလုပ်ခဲ့လို့၊ဘာတွေဖြစ်ခဲ့တယ်...၊ဘာတွေပြောင်းလဲခဲ့တယ်ဆိုတာကို
တစ်ချက်လေးစောင်းငဲ့ကြည့်မိတယ် လင်း ရ....။

အင်း...၂၀၁၀ကကိုယ့်အတွက်အတော်ကိုထူးခြားခဲ့တယ်လို့ပြောရမှာပဲလင်းရေ....။ကိုယ့်စိတ်၊ကိုယ့်အတွေးတွေ၊
ကိုယ့်နေထိုင်မှုပုံစံ၊ပြီးတော့ ကိုယ့် ရုပ်ပိုင်းဆိုင်ရာပါအတော်ကို ပြောင်းလဲသွားခဲ့တယ်လေ....။ဒီနှစ်ထဲမှာ ကိုယ့်
ကိုယ်အလေးချိန်အတော်ကျသွားတယ်...။ဘယ်လောက်တောင်ကျသွားလဲဆို နှစ်စ မှာ ၇၂ ကီလို ရှိရာကနေ
ခုနှစ်ကုန်ခါနီးတော့ ၆၂ ကီလိုပဲရှိတော့တယ်လေ...။ကိုယ်ကတော့ ကိုယ့်ဘာသာ ကြည့်ကောင်းလာတယ်ထင်
မိတာပဲ.....:)။

လင်းရေ....

ဒီနှစ်ထဲမှာ ကိုယ် အချစ်ဆိုတာကြီးနဲ့ပက်ပင်းဆုံခဲ့သေးတယ်...။စစတွေ့ချင်းတော့ မမှတ်မိခဲ့ပါဘူး...။အလွမ်းနဲ့
ကြေကွဲခြင်းတွေ နောက်ကလိုက်လာမှ သေသေချာချာ မှတ်မိသွားတော့တယ်...။ဒီလိုပြောတော့ လင်းက ကိုယ့်
ကို လှောင်ရယ် ရယ်လေမလားပဲ....။ဟိုတုန်းက ဟိုတစ်ယောက်ကိုလည်း ဒီလိုဖြစ်ခဲ့တာပဲ မဟုတ်လား လို့ မေး
ကောင်းမေးလိမ့်မယ်....။ဟုတ်ပါတယ် လင်း.....၊ဒါပေမယ့် ဟိုတုန်းက အဖြစ်တွေက ကြာ ကြာလှပြီလေ လင်းရဲ့၊
ကိုယ့်ဘာသာလည်း ဒီလို ကြုံတွေ့ရလိမ့်မယ်လို့ မှတ်ထင်မထားခဲ့ပါဘူး....။ခုတခါရော....ဘယ်လိုလဲ လို့ မမေး
တော့ဘူးလား လင်း....။ခုတခါလည်း ထူးမခြားနားပဲ လို့ပြောရမှာပဲ...။ဗေထိ ဆိုတာနဲ့ ကွဲပြီးသားကိုး...လင်းရဲ့ :)။

ကဲ...ရှိပါစေတော့ လင်းရာ....

ကိုယ် ၂၀၁၀ထဲမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ အတွေးအမြင်၊ခံယူချက်တွေလည်း အတော်ကို ပြောင်းလဲခဲ့တယ်၊
ဒါပေမယ့် ကိုယ် ခုချိန်မှာ မပြောချင်သေးဘူးလင်းရေ....။ နို့မို့ လင်းနဲ့ ကိုယ် မရပ်တမ်း ငြင်းခုံနေရလိမ့်မယ်...။

ကိုယ် ဒီနှစ်ထဲမှာ ဘလော့လေးတစ်ခုလည်း လုပ်ဖြစ်ခဲ့တယ်....။မရယ်ပါနဲ့လင်းရာ...။ကိုယ်ဘာကောင်မှ မဟုတ်
ဘူးဆိုတာ၊ကိုယ့်မှာ ချပြစရာ အတွေးအမြင် ခိုင်ခိုင်မာမာမရှိဘူးဆိုတာ၊ကိုယ့်မှာ ဗဟုသုတ၊အတွေ့အကြုံ
မယ်မယ်ရရမရှိဘူးဆိုတာ ကိုယ့်ဘာသာသိပါတယ်။ဒါပေမယ့် ဘလော့ဆိုတာ ကိုယ့်ခံစားချက်လေးတွေကို ချပြ
တာတဲ့...လင်းရဲ့...။ဆိုတော့ ကိုယ်လည်း ဘာမှ မရေးတတ်တဲ့ အတူတူ ကိုယ့် ခံစားချက်လေးတွေကို ချရေးမိတဲ့
သဘောပါပဲ...။လင်းတို့လို့ ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ အဝေးတစ်နေရာရောက်နေလေတော့ ကိုယ့်
အတွက် စိတ်၏ဖြေရာလေးတစ်ခုပေါ့...။ဘာပဲပြောပြော ကိုယ့်ဘလော့လေးကို ကိုယ်ချစ်တယ်လင်း...၊ကိုယ့်
အတွက်တော့ နားခိုရာနေရာသေးသေးလေးတစ်ခုပါ...။

လင်းရေ....

တချိန်က ကိုယ်တည်ဆောက်ချင်တဲ့ ဘဝလေးအကြောင်း လင်းကို ပြောခဲ့ဖူးတယ်နော်....။ခုချိန်မှာတော့ အဲဒီ
အတွေးစိတ်ကူးတွေ မရှိတော့ဘူးဆိုရင် လင်းအံသြလေမလား....။ဟုတ်တယ်လင်း.....၊တချိန်ကဆောက်ခဲ့တဲ့
လေထဲက တိုက်အိမ်တွေ ခု ကိုယ့်မှာ မရှိတော့ဘူး....။လုပ်သလို မဖြစ်တဲ့ ဘဝမှာ ဖြစ်သလို လုပ်တာတော့
မဟုတ်ဘူးပေါ့....။မင်းခိုက်စိုးစံ ရဲ့ ဝတ္ထုတစ်ပုဒ်ထဲကလို ဘဝဆိုတာ ဝမ်းနှုတ်ဆေးတစ်ခွက်လောက်တောင်မှ
အာမခံချက်မရှိဘူး ဆိုတာ ကိုယ် ရေးရေးတော့ သဘောပေါက်လာပြီလေ....။ဘာမှ မသေချာတဲ့လောကကြီးမှာ
အလေးအပင်တွေ တတ်နိုင်သလောက်လျော့ချတဲ့သဘောပါ....။

၂၀၁၀ က ကိုယ့်အတွက်တော့ ရိုလာကိုစတာစီးရသလိုပါပဲ....။ညစ်တဲ့အခါညစ်လိုက်၊ပျော်တဲ့အခါပျော်လိုက်၊
စိတ်ဓာတ်တွေက ဟိုး....ဝတိံဖျားထိ တက်တဲ့အခါတက်လိုက်၊ကျချင်တော့လည်း သူညအောက် ယူဇနာ ၁၀၀၀
လောက်အထိကို ကျသွားတာကလား....။

လင်းရေ.....

၂၀၁၀ မှာဘာတွေဖြစ်ခဲ့....ဖြစ်ခဲ့....၊ဘာတွေပြောင်းလဲခဲ့....ပြောင်းလဲခဲ့...၊ အရာရာကို ကိုယ်ကျေကျေနပ်နပ်ကြီး
လက်ခံပါတယ်..။မကျေနပ်လို့လဲ ဘာမှ လုပ်လို့မှ မရတော့တာပဲလေ.....နော့...။

ပြီး.....၂၀၁၀ အတွက် ကိုယ် ကံတရားကြီးကိုလည်း ကျေးဇူးတင်မိတယ်...။အမှားအယွင်းရှိရင် သူ့ပဲလွဲချနေရတာ
ကလား.....:)။

နောက်....ကိုယ့်ဘေးနားမှာ မရှိပေမယ့် ရှိနေသလို ခံစားရတဲ့၊အမြဲ ကိုယ့်အပေါ် မေတ္တာထားကြတဲ့ မိဘ၊ဆွေမျိုး၊
သူငယ်ချင်း၊အပေါင်းအသင်းတွေ အာလုံးကို လည်း ကျေးဇူးတင်ရပါတယ်...။

ကဲ...လင်းရေ......

နောက်တစ်နေ့ဆို ၂၀၁၁ ကန့်လန့်ကာကို ကိုယ်တို့ ဖွင့်ကြရတော့မယ်နော်....။
၂၀၁၁မှာ ကိုယ်တို့ဘာတွေ ကြုံတွေ့ကြရမလဲ...၊ဘာတွေပြောင်းလဲသွားကြမလဲ...၊ဘယ်သူမှ ကံသေကံမ
မပြောနိုင်ပါဘူး....။ကျိန်းသေတဲ့ အပြောင်းအလဲတစ်ခုကတော့ ကိုယ်တို့ အသက်တွေကို ပြောတဲ့အခါ တစ်နှစ်
တိုးရတော့မှာပဲ....:)....။

ဘာပဲပြောပြော ကိုယ်တော့ ၂၀၁၁ ကို အကောင်းမြင်ထားတယ်လင်းရ...။
၂၀၁၁မှာ ကိုယ်တို့ ပိုပိုပြီး သာယာတဲ့ဘဝကို ရရှိပိုင်ဆိုင်နိုင်ကြလိမ့်မယ်...။
၂၀၁၁မှာ ဒီထက်ပို ပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာနိုင်မယ်....။
၂၀၁၁မှာ လူသားတွေ တစ်ယောက်နဲ့ တစ်ယောက် ပိုပိုပြီး စည်းလုံး၊ညီညွတ်၊မေတ္တာထားနိုင်ကြလိမ့်မယ်...။
၂၀၁၁မှာ ကိုယ်တို့ ဒီထက်ပိုပြီး ပျော်ရွင်ကြရလိမ့်မယ်...။

ကဲ....ဘယ်လောက်များ လှပလိုက်တဲ့ ၂၀၁၁ လဲ လင်းရ....။
ဆိုတော့ ကြည်နူးပျော်ရွင်စရာကောင်းတဲ့ ၂၀၁၁ နှစ်သစ်ကို ကိုယ်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ကြရ
အောင်လား....။
HAPPY NEW YEAR!!!!

ခင်တဲ့ သူငယ်ချင်း......

Saturday, December 25, 2010

Merry X'mas

နှစ်လိုပျော်ရွင်စရာ.....Merry Christmas Day ပါခင်ဗျာ.......။

ကမ္ဘာတစ်ဝှမ်းမှ အားလုံးသောလူသားများ......ခရစ်စမတ်နေ့မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျမ်းမာခြင်း နှင့်
ပြည့်စုံပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်....။

အထူးသဖြင့် ချစ်စွာသော ဘလော့ဂါ မိတ်ဆွေများ ချမ်းမြေ့ပျော်ရွင်ပါစေခင်ဗျား.......









ခရစ်စမတ်မှာ ဘာမှ မလုပ်တတ်တဲ့ အဆုံး Google က Christmas card လေးတွေရှာပြီး တင်လိုက်ရပါကြောင်း.........။

Thursday, December 23, 2010

အလွမ်းတွေ တိုက်စားသွားတဲ့ ည

လွမ်း.......လိုက်......တာ.......

ရင်တခွင်လုံး ပြည့်ကြပ်၊နွမ်းလျ.....နင့်ကို လွမ်းတဲ့ စိတ္တဇတွေနဲ့ပေါ့....

မစဲတမ်း ရွာချနေတဲ့ အလွမ်းနေ့ရက်တွေက ငါ့အတွက် ထာဝရ ပြဿဒါးရက်တွေပါ ချစ်သူ......။

အဲဒီနေ့တွေ၊ညတွေမှာ....ငါ့ နှလုံးခုန်သံတွေရပ်...၊

ငါ့ကမ္ဘာကြီးကတော့ သွက်သွက်ခါလို့....။

ရွက်စုတ်ပြက္ခဒိန်တစ်ခုလို နင်မရှိတဲ့ ငါ့ရဲ့ အပျော်သုန်းရက်တွေကို တစ်ရက်ချင်း စုတ်ဖြဲပစ်ချင်ခဲ့.....။

နင် နဲ့ ငါ့ ကြားက ခြားနားခြင်း မိုင်တွေကို ငါ မုန်းတယ်...။

နင် နဲ့ ငါ့ ကြားက ခြားနားခြင်း တံတိုင်းတွေကို ငါ မုန်းတယ်....။

နင် နဲ့ ငါ့ ကြားက ခြားနားခြင်း အခြေအနေတွေကို ငါမုန်းတယ်....။

အဲဒီခြားနားခြင်းတွေကို မကျော်ဖြတ်နိုင်သေးတဲ့ ငါ့ ကိုယ်ငါ ပိုမုန်းတယ်.....။


ချစ်သူရေ..................

ပိုးစိုးပက်စက် အသက်ငင်နေတဲ့ အိမ်မက်တွေကို ငါတို့ ဆက်မက် နိုင်ပါ့မလား.....။

မလွှတ်တမ်း ထမ်းထားတဲ့ မျှော်လင့်ခြင်းတွေ အတွက် နှလုံးသားတွေ ပင့်တင် နိုင်ပါ့မလား....။

ဝင်သက် နဲ့ ထွက်သက်ကြားက မနားတမ်းသွားနေတဲ့ အလွမ်းတွေကို ရပ်တန့် နိုင်ပါ့မလား.....။

ပျပျမြင်ရတဲ့လမ်းတွေက တို့နှစ်ယောက် လက်တွဲလျှောက်သာအောင် ကျယ်နိုင်ပါ့မလား.....။

ရွေ့တာနဲ့ ရပ်နေတာ....သိပ်မကွဲပြားပေမယ့်......

မနက်ဖြန်တွေကို ဘေးတိုက်လွယ်လို့ ငါ......နင့်ဆီကို လှမ်းမြဲပါ.....ချစ်သူ.....။

ရင်ခုန်သံတွေ လက်အံသေလာတဲ့တစ်နေ့.....နင်....ငါ့ကို လွှတ်ချထားခဲ့ပါ......။

အလွမ်းနဲ့ဆောက်တဲ့ ကျောက်ဂူအောက်မှာ......

ငါ.....ဆိတ်ဆိတ်ငြိမ်ငြိမ်.......နေ......ရစ်.......ခဲ့.......မှာ.......ပါ.....။



















Wednesday, December 15, 2010

ဖြစ်ချင်ခဲ့တာဖြစ်မလာနိုင်တော့တာ နဲ့ ဖြစ်ကောင်းဖြစ်ရာတွေ အကြောင်း

ကျွန်တော့်ဘဝမှာ ရည်မှန်းချက်၊ရည်ရွယ်ချက်ရယ်လို့ ကြီးကြီးမားမား ထားခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါချေ။
သို့ပေမယ့်...ဘဝမှာ ဖြစ်ချင်ခဲ့တာလေးတွေတော့ရှိခဲ့တာပေါ့ခင်ဗျာ...။အထူးသဖြင့်ပတ်ဝန်းကျင်ကအဖြစ်အပျက်
တွေက ကျွန်တော့်ကို ရိုက်ခတ်လာတဲ့အချိန်အခါမျိုးတွေမှာ..တချို့သောအခြေအနေ၊တချို့သောဘဝမျိုး ဖြစ်ချင်
ခဲ့မိပါတယ်...။ကျွန်တော်ဖြစ်ချင်တာလေးတွေကိုအကောင်အထည်ဖော်ဖြစ်ခဲ့တာလည်းရှိ၊မဖော်ဖြစ်သေးတာတွေ
လည်းရှိ၊ဘယ်တော့မှဖြစ်လာမှာမဟုတ်တာတွေလည်းရှိသပေါ့လေ...။တချို့ကိုတော့နောင်တစ်ချိန်မှာအကောင်
အထည်ဖော်ဖြစ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်..။

ငယ်ငယ်ကတည်းက ဖခင်ကြီးရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ ကျွန်တော်တို့မောင်နှမနှစ်ယောက်စလုံးမှာ စာဖတ်
ဝါသနာပါလာခဲ့ပါတယ်...။စာဖတ်ဝါသနာနဲ့ အတူ ငယ်စဉ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ဆန္ဒတခုက စာအုပ်အငှားဆိုင်
လေးတစ်ဆိုင်ဖွင့်ချင်ခဲ့တာပါပဲ...။ငယ်ငယ်ကဆို ကျွန်တော်တို့မောင်နှမနှစ်ယောက် စာအုပ်အငှားဆိုင်ဖွင့်တမ်း
တောင် ကစားခဲ့တာကလား....။အဖေဝယ်ပေးထားတဲ့ စံရွေမြင့်တို့၊ဒို့ကျောင်းသားတို့ လိုစာအုပ်နောက်ကျောမှာ
တခါဖတ် ၁၀ပြားတို့ ၁၅ပြားတို့ရေးပြီး တယောက်တလှည့် ငှားဖတ်တမ်းကစားခဲ့ကြတဲ့အထိပါ..။

ခုထိအိမ်မှာသိမ်းထားဖြစ်တဲ့ ကာတွန်းစာအုပ်တချို့မှာ အဲဒီကလေးလက်ရေးလေးတွေ ရှိနေခဲ့ပါသေးတယ်..။
မြန်မာပြည်မှာတုန်းက ကလေးဘဝကို ပြန်လည်တမ်းတမိတိုင်း အဲ့ဒီစာအုပ်လေးတွေကို ပြန်ဖတ်ပြီး ဘာသာ
တစ်ယောက်တည်း ပြုံးခဲ့မိသပေါ့...။အံမယ်...စာအုပ်ဆိုင်နာမည်တောင် နှင်းဆီစာပေ ဆိုပဲ..။၉၉ ခုနှစ်များမှာ
အစိုးရအလုပ်တဖက်နဲ့ ငယ်ဘဝအိမ်မက်လေးကို အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်...။ကိုယ်လုပ်ချင်တာ၊
ကိုယ်ဖြစ်ချင်တာကို အကောင်အထည်ဖော်ခဲ့လို့လားတော့မသိ..၊အဲဒီအချိန်တွေက ဘဝမှာ နေလို့အပျော်ဆုံး
အချိန်တွေပါပဲ...။ဒီမလာခင် ၂၀၀၇ခုနှစ်လောက်မှာမှ အဲဒီဆိုင်လေးကို ပိတ်သိမ်းခဲ့ရပါတယ်...။

မွေးချင်းလည်းနဲ၊ကျွန်တော်ကလည်း မိသားစုမှာ အငယ်ဆုံးဖြစ်ခဲ့လေတော့ ဖြစ်ချင်ခဲ့တာက အကိုကြီးဘဝ..။
ညီဆိုးဆိုးလေးတစ်ယောက်နဲ့၊ညီမချောချော လိမ်လိမ်မာမာလေးတစ်ယောက် အင်မတန်မှ လိုချင်ခဲ့ပါတယ်..။
ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ အခြေအနေတစ်ရပ်ပါ..။ကိုယ်ကချည်း ဆူခံခဲ့ရတာ၊ဆုံးမခံနေရတာကို မကျေနပ်တဲ့
စိတ်အခြေခံနဲ့ ကိုယ်ကတပြန်တလှည့် ဆူချင်၊ဆုံးမချင်လို့ထင်ပါရဲ့...:)။

၉ တန်းနှစ်ရဲ့တစ်နေ့သော မြန်မာစာအချိန်မှာပေါ့ခင်ဗျာ...။ကျွန်တော်တို့ရဲ့ မြန်မာစာဆရာမက စာမသင်ပဲ
ကျောင်းသားတွေကို ဘဝမှာဘာဖြစ်ချင်လဲ၊ဘာရည်မှန်းချက်ထားလဲ လို့ တစ်ယောက်ချင်းမေးခဲ့သဗျ..။
တချို့ကလည်း မိမိအမှန်တကယ်ဖြစ်ချင်တာ၊ရည်မှန်းချက်ထား ထားတာတွေကို ပြောခဲ့တာပေါ့။တချို့ကလည်း
နောက်နောက်ပြောင်ပြောင်၊ ကြီးလာရင် လူကြီးဖြစ်ချင်တယ်တို့၊ဘုန်းကြီးဝတ်မယ်တို့ ဖြေခဲ့ကြပါတယ်...။
ကျွန်တော့်အလှည့်မှာ ကျွန်တော်ဖြေခဲ့တာက လေယာဉ်မောင်းပိုင်းလော့ဖြစ်ချင်တယ်...တဲ့..။

ဟုတ်ပါတယ်...။စိတ်ကူးယဉ်တတ်ကာစအရွယ်...၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တရင်းတနှီးနေလေ့မရှိပဲ
ကိုယ့်စိတ်ကူးကမ္ဘာလေးထဲမှာ တစ်ယောက်တည်းပျော်မွေ့တတ်တဲ့ ကျွန်တော့်အတွက်တော့ အဲဒီအရွယ်က
တစ်ယောက်တည်း လေယာဉ်တစ်စီးနဲ့ ကမ္ဘာပတ်ချင်ခဲ့ပါတယ်။အားလပ်တဲ့ နေ့လည်နေ့ခင်းတွေမှာ အိမ်နောက်
ဖေးက ညောင်ပင်ခွကြားထဲ တက်ထိုင်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်...၊တခါတရံမြင်ရတတ်တဲ့ ဟိုးအဝေးက
နောက်မြီးတန်းဖြူဖြူနဲ့ ဂျက်လေယာဉ် ပြပြလေးတွေကို ငေးကြည့်ရင်း...စိတ်ကူးတွေ ကမ္ဘာပတ်ခဲ့သပေါ့....။

၉၆ခုနှစ်....တက္ကသိုလ်ကျောင်းတွေပိတ်...၊အသဲလည်းပထမဆုံးအကြိမ်ကွဲပြီးတဲ့ အချိန်ကာလမှာတော့ ကျွန်တော် သင်္ကန်းလည်းစည်း၊ဘာသာရေးစာအုပ်တွေလည်း ဖတ်ဖြစ်ခဲ့ပါတယ်..။အဲဒီအချိန်မှာ အဖြစ်ချင်ဆုံး
က ဒီဘဝ၊ဒီခန္ဓာ တစ်ဇာတ်သိမ်းချင်ခဲ့တာ...။(ခုတော့လည်း သံသရာဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်...
ဖြစ်နေလေရဲ့....:) )။ထိုစဉ်ကတော့ဖြင့် တသက်လုံးပဲ ဘုန်းကြီးဝတ်တော့မလို...ဘာလိုလိုနဲ့ ဆွမ်းလာကပ်တဲ့
မိခင်ကြီးကို တရားဟောလွန်းလို့ နောက်ရက်တွေမှာ လူကြုံနဲ့ပဲ ဆွမ်းကပ်တော့တဲ့အထိပါ...။သူ့ခင်မျာ မအား
တဲ့ကြားက ဆွမ်းလာကပ်ရတာ၊နာရီပြန်တစ်ချက်ထိ ကျွန်တော်က လေကြောရှည်နေလေတော့ စိတ်မရှည်
တော့ဘူးနဲ့တူပါ့..။ဆရာတော်ဘုရားက ဆွမ်းဘုန်းပေးတော်မူပြီးပြီလေ..၊သူကတော့ အိမ်ပြန်ရာက်မှ ထမင်းစား ရမှာကိုး...။အမေဆိုတော့ သူ့သားအကြောင်း အသိဆုံးလည်းဖြစ်လေသပေါ့ခင်ဗျာ....။

နောက်ပိုင်းကာလတွေမှာတော့ ဖြစ်ချင်တာတွေ သိပ်မရှိတော့ပါဘူး....။အဲ....တစ်ခါတစ်ခါတော့ နိုင်ငံတော်
သမ္မတကြီးဖြစ်ချင်ခဲ့...(အမြင်မတော်တာတွေတွေ့တော့ ငါသာသမ္မတဖြစ်ရင် ဒီကောင်တွေ အကုန်ထောင်ချ
ပစ်မယ် ဆိုတာမျိုး...)။တစ်ခါတစ်ခါတော့ ဘောလုံးသမားဖြစ်ချင်ရဲ့....(ဘောပွဲကြည့်ရင်း ကိုယ်အားပေးတဲ့
အသင်းက ဘောသမားတွေ ပိန္နဲသီးလွဲတဲ့အချိန်မျိုး...)။တစ်ခါတစ်ခါတော့ စာရေးဆရာဖြစ်ချင်ခဲ့ (ကိုယ်ကြိုက်
တဲ့ စာရေးဆရာတွေရဲ့ စာတွေဖတ်ရတဲ့ အချိန်မျိုး....)အဲ..တစ်ခါတစ်ခါတော့လည်းကိုမျိုးတို့၊မမေရာတို့လိုပဲ....
ကျွန်တော်လည်းတူတူတန်တန်အစိုးရထံမှာရုံးစာရေးလေးဖြစ်ချင်သဗျ...။လစာကလည်းမခိုးမဝှတ်ပဲလောက်ငှ
မယ်ဆိုရင်ပေါ့လေ..။နံနက်၈နာရီလောက်ရုံးသွား၊ဘောပင်တစ်ချောင်း၊စာပွဲတစ်လုံးနဲ့ရုံးအလုပ်တွေတကုတ်ကုတ်
လုပ်၊၄နာရီမှာရုံးဆင်း..။ညနေခင်းမှာ စာတစ်အုပ်နဲ့ ဇိမ်လုပ်နေရတာမျိုးပေါ့..။တွေးကြည့်ရုံနဲ့တင် ဘယ်လောက်
များ ပေါ့ပါး၊ရိုးရှင်း လှပါသလဲခင်ဗျာ...။

အင်းးးးးခုချိန်မှာ အဖြစ်ချင်ဆုံးဘဝတစ်ခုလဲရှိသဗျ...။အဲဒါကတော့ မြန်မာပြည်မှာ မကျဉ်းမကျယ်ဥယျာဉ်ခြံလေး
တစ်ခြံဝယ်ပြီး သီးပင်စားပင်တွေ စိုက်စားချင်တာပါပဲ...။လောလောဆယ်တော့ ခြံဝယ်ဖို့ရည်ရွယ်ချက်နဲ့ ပိုက်
ပိုက်လေးစုလိုက်၊အပေါက်ကလေးရှာပြီးထွက်သွားလိုက်နဲ့ ခြံနေနေသာသာ ပန်းအိုးထဲက မြေတောင်မပိုင်သေး
ပါကလား...။

(ကိုမျိုး တဂ်လို့ရေးဖြစ်ခဲ့ပါတယ်..။ကျွန်တော်ကလည်းရေးချင်ရက်လက်တို့ရယ်ကိုး...:)။အမည်နာမတော့ နဲနဲ
လွဲသပေါ့ခင်ဗျ...။)ကဲ ဆိုတော့ ကျွန်တော်ကလည်း ဆက်ပြီး တဂ်ချင်ပါသေးတယ်...။

(၁)တဂျီးကိုကိုမောင်
(၂)မစ္စတာ အန် မစ္စ ငွေလမင်း
(၃)ကိုရွာသားလေး နဲ့
(၄)နတ်ဆိုးလေး တို့ကို...

ခင်ရာမင်ကြောင်း ရေးပေးကြပါဦး....လို့......။