Monday, September 27, 2010

လူနှင့် ရွေးချယ်ပိုင်ခွင့် (၂ )

(ခုတလော စိတ်တွေလည်းရှုပ်၊အလုပ်တွေလည်း ရှုပ်နေလို့ ရေးလက်စ ပို့စ်ကို လက်စမသတ်နိုင်ခဲ့ပါဘူး...။
ဒီနေ့တော့ နည်းနည်းလေးအားတာနဲ့လက်စသတ်လိုက်ရပါတယ်...။ခုချိန်မှာအတွေးတွေကိုအခြားအရာတွေက
စိုးမိုး ထားလေတော့ အားနည်းချက်များ ရှိရင်ဖြင့် ကြိုတင် တောင်းပန်လိုက်ရပါကြောင်း...း-)။ )

ရွေးချယ်ပိုင်ခွင့်အကြောင်းစဉ်းစားမိတော့အရင်ဆုံးအတွေးထဲကိုရောက်လာတာကဘဝလက်တွဲဖော်၊အိမ်ထောင်
ဘက် အကြောင်းပါ...။လူတစ်ယောက်ရဲ့ ဘဝမှာ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် အရှိသင့်ဆုံး ကိစ္စလို့ ကျွန်တော်မြင်ပါ
တယ်...။ကျွန်တော်တို့ တစ်သက်လုံး လက်တွဲသွားရမယ့်၊ဘဝလမ်းတစ်လျောက်မှာ မိမိဘေးမှာ ရှိသွားမယ့် လူတစ်ယောက် ကို မိမိဘာသာ ရွေးချယ်ခွင့်ရှိသင့်ပါတယ်...။(ဒါ ကျွန်တော့် အမြင်သက်သက် )

သို့ပေမယ့်ကျွန်တော်တို့ အဲဒီအခွင့်အရေးကို အမှန်တကယ် ရခဲ့ကြပါသလား...။ကိုယ်ရတဲ့ အခွင့်အရေးကို
အပြည့်အဝ အသုံးချခဲ့ ကြပါသလား..။ပြီးတော့...ကျွန်တော်တို့ရဲ့ ရွေးချယ်မှုဟာ ဘယ်လောက်အထိ ကောင်းမွန်
မှန်ကန်နိုင်ပါ့မလဲ...။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူများစု ရွေးချယ်ခဲ့ကြတဲ့၊ရွေးချယ်ဖြစ်ကြတဲ့၊ရွေးချယ်
ချင်ကြတဲ့ အချိန်ဟာ အသက်နှစ်ဆယ်ကျော် အရွယ်ဖြစ်လို့ပါပဲ..။အတွေ့အကြုံနုနယ်သေးတဲ့၊လူတွေအကြောင်း
ဘာမှ မသိကြသေးတဲ့ ဒီအရွယ်မှာ စိတ်ခံစားမှု တစ်ခုတည်းကို အခြေခံပြီး ရွေးချယ်ဖြစ်ကြတာ တစ်ဘဝတာလုံး
အတွက် အမှန်ကန်ဆုံးဖြစ်နိုင်ပါ့မလား..။(ကျွန်တော်တော့ အဲဒီ အရွယ်က ရွေးကားရွေး၏ မရ ဖြစ်ခဲ့လို့ ဒီမေးခွန်း
ရဲ့ အဖြေကို မသိဘူးခင်ဗျ..း) ။)

ပြီးတော့ လူကြီး၊မိဘတွေရဲ့ ငယ်သေးလို့ လမ်းမှားမှာ စိုးရိမ်တယ်ဆိုတဲ့ မေတ္တာ၊စေတနာ တွေရဲ့အောက်မှာ
မိမိရဲ့ ရွေးချယ်ခွင့်တွေကို စတေးပစ်လိုက်ရတာတွေလည်း ရှိခဲ့ကြပါတယ်...။ အဲဒါကိုလည်း သူတို့ရဲ့အမှားလို့
ပြောဖို့ရာ ခက်လှပါတယ်...။အတွေ့အကြုံဆိုတာအစားပြန်မရနိုင်တဲ့အချိန်နဲ့ရင်းပြီးမှရလာခဲ့ရတာဖြစ်လေတော့
ရင့်ကျက်မှုရှိနေပြီဖြစ်တဲ့ လူကြီးမိဘတွေရဲ့ စကားကို ဘာပဲဖြစ်ဖြစ် အလေးထားသင့်တာတော့အမှန်ပါ..။

အဖြစ်သင့်ဆုံးကတော့ လူကြီးတွေကိုယ်တိုင်ကလည်း လူတစ်ယောက်ရဲ့ အရေးအကြီးဆုံး ရွေးချယ်ခွင့်ကို လွတ်
လပ်စွာပေးသင့်ပြီး အမှားအယွင်းကင်းတဲ့ ရွေးချယ်ခွင့်ဖြစ်အောင် လမ်းညွန်၊ပဲ့ကိုင်ပေးတာမျိုး ဖြစ်သင့်သလို၊
လူငယ်တွေကလည်း အချိန်အတိုင်းအတာတစ်ခုယူပြီး၊မိဘတွေရဲ့ စကားကိုလည်း အလေးထားပြီး ဘဝရဲ့
အရေးအကြီးဆုံးကိစ္စတစ်ခုကို သေသေချာချာ ရွေးချယ်သင့်တယ်လို့ မြင်ပါတယ်ခင်ဗျာ...။

ဘာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့ အပင်ရဲ့ အသီးကိုပဲ ကိုယ် ခူးဆွတ်ရတာမဟုတ်ပါလား...။ဒီတော့ မိမိ
ရဲ့ရွေးချယ်မှုဟာ မှားယွင်းခဲ့ဦးတော့ ကိုယ်ပဲ ခံစား၊စံစားရမှာပါ...။သူများရွေးချယ်ပေးလို့ရလာတဲ့ အမှားထက်
ကိုယ့်ဘာသာရွေးချယ်လို့ ရလာတဲ့ အမှားကို ကိုယ်ခံစားရတာက နည်းနည်းတော့ ဖြေသာမယ်ထင်ပါရဲ့ ခင်ဗျာ။

ပညာ နှင့် အလုပ်အကိုင် ။ ။ ကျွန်တော်တို့ ဘာကို ဝါသနာပါ ပါသလဲ...။ဘယ်လို အလုပ်အကိုင်ကို လုပ်ချင်
ခဲ့ပါသလဲ...။မိမိ ဝါသနာပါတဲ့အရာကို မိမိရဲ့ ပညာ၊မိမိရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်အဖြစ် ရွေးချယ်
ခွင့်ရတာလောက် ဘဝမှာ ကျေနပ်စရာအကောင်းဆုံးအရာ ရှိမယ်မထင်ပါဘူး။ခက်တာက ကျွန်တော်တို့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အခြေအနေကိုက အဲဒီအချက်ကို လှစ်လျှူရှုထားခဲ့တာပါပဲ..။ဆယ်တန်းမှာ အမှတ်
ကောင်းတဲ့ လူငယ်တစ်ယောက်အတွက် ရွေးချယ်မှု ဟာ ဆေးကျောင်းနဲ့ စက်မှု ဖြစ်နေတာ..၊အကြောင်းကြောင်း
ကြောင့် အမှတ်နည်းနည်းလေးလိုသွားလို့ မိမိဝါသနာပါတာကို ရွေးချယ်ခွင့်မရလိုက်တာ..၊ဒါတွေဟာ မိမိနဲ့ လူ့
ပတ်ဝန်းကျင် အပေါ် ဘယ်လောက်ထိရိုက်ခတ်မှု ရှိနိုင်ပါသလဲ....။မည်သို့ပင်ဖြစ်စေကာမူ...၊ကျွန်တော်တို့ရွေး
ချယ်ချင်တယ်ဆိုရင် ကြိုးစားမှုနဲ့ စွန့်စားမှု တော့ ရှိသင့်တာအမှန်ပါ...။

ဘဝနေထိုင်မှုပုံစံ။ ။ရခဲလှတဲ့၊တိုလည်းတိုတောင်းလှတဲ့ လူ့ဘဝမှာ ကျွန်တော်တို့ ဘယ်လို နေထိုင်မှု ပုံစံကို
ရွေးချယ်သင့်ပါသလဲ...။မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ကိုယ့်အတ္တ ကိုပဲ အလေးထားတဲ့၊လွတ်လပ်တဲ့ နေထိုင်မှု
ပုံစံက အမှန်တကယ်ကောင်းမွန်မှန်ကန်ပါသလား...။ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကို အလေးထားတဲ့ လူမှုဘဝ
ကရော...ကျွန်တော်တို့ကို စိတ်ချမ်းသာမှု အပြည့်ပေးနိုင်ပါ့မလား...။ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ နေထိုင်မှုပုံစံက
ကျွန်တော်တို့ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ပြဌာန်းပေးသလို၊ကျွန်တော်တို့အတွက် စိတ်ပိုင်းဆိုင်ရာ ကျေ
နပ်မှု တစ်စုံတစ်ရာကို လည်း ယူဆောင်လာပေးနိုင်ပါတယ်...။

ကျွန်တော်တို့ရဲ့ တိုင်းပြည်ကို အုပ်ချုပ်၊မင်းလုပ်မယ့်သူတွေ။ ။(အင်း..ဒီကိစ္စကို ချန်ခဲ့ရကောင်းမလားလို့း) )
ကျွန်တော်တို့ရဲ့တစ်ဦးချင်းဘဝကိုသာမဟုတ်၊တစ်နိုင်ငံလုံး၊လူအားလုံး ကိုပါ ရိုက်ခတ်စေမယ့်ကိစ္စတစ်ခုကို ကျွန်တော်တို့ ဘာကြောင့်လွတ်လပ်စွာ စဉ်းစား၊ရွေးချယ်ခွင့်မရ ရမှာပါလဲ...။ကျွန်တော်တို့အတွက်ရွေးချယ်ခွင့်
အရှိသင့်ဆုံးကိစ္စတစ်ခုပါ...။အဲ တစ်ခုတော့ရှိတာပေါ့လေ...၊အနက်ရောင် ဘောလုံးတွေချည်းပဲထည့်ထားတဲ့ ခြင်းတစ်လုံးကိုပေးပြီး အဖြူနဲ့ အနက် သင်ကြိုက်ရာရွေးဆိုတဲ့ ရွေးချယ်ခွင့်မျိုးကြီးကတော့....အင်းးးးးး။
ပြီးတော့ ဒီရွေးချယ်ခွင့်က တန်ဖိုးအကြီးဆုံးပေးရတဲ့ ရွေးချယ်ခွင့်ဖြစ်နေပါတယ်...။ကျွန်တော်တို့အတွက်တော့
ပေးဆပ်ရတဲ့တန်ဖိုးတွေများသလောက် မှန်ကန်တဲ့ရွေးချယ်ခွင့်ကို မရသေးတာကတော့ အတော် ရင်နာဖို့
ကောင်းတဲ့ ကိစ္စတစ်ခုပါ....။ဒါပေမယ့် မျှော်လင့်ချက်ကလေးကတော့ဖြင့်...ခပ်ရေးရေး.....။

ကျွန်တော်တို့ နာမည်။ ။တော်တော် ကို့ယို့ကားယားနိုင်တဲ့အရာတစ်ခုလို့ ကျွန်တော်တော့မြင်ပါတယ်...။
ဘဝမှာ အရေးကြီးတယ်လည်းမဟုတ်၊အရေးမကြီးဘူးလည်းမဟုတ်တဲ့အရာတစ်ခုကို ပြပါဆို မိမိအမည်နာမ ကို
ပဲပြောရမှာပါ...။စစချင်းမှာ ဘယ်သူမှ ကိုယ်တိုင်ရွေးချယ်ခွင့်မရခဲ့ကြပါဘူး။အဲ...မိမိ ဘာသာရွေးချယ်ချင်သူတွေ
အတွက်လည်း ရွေးခွင့်ရတဲ့အရာတစ်ခုပါ။တစ်ခါတစ်ရံမှာတော့ကိုယ်တိုင်ကမကြိုက်ပေမယ့် လူတစ်ကာနှုတ်ကျိုး
သွားလို့ အောင့်သီးအောင့်သက်နဲ့ ငြိမ်ခံနေရတာမျိုးလည်း ရှိသေးသဗျ..။ဒီထက်ပိုပြီး ကိုယ့်ရို့ကားယား နိုင်တာ
ကတော့ မိမိနာမည်တစ်ခုကို ကိုယ်တိုင်လည်းမရွေး၊လူအများကရွေးပေးတာမျိုးလည်းမဟုတ်တဲ့၊ မိမိနဲ့လည်း
ဘာမှ မဆိုင်တဲ့ လူတစ်ယောက်ရဲ့ ထင်ရာမြင်ရာ ရွေးချယ်ပေးမှုကို အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရလိမ့်
မယ်အထင်နဲ့ ကိုယ်တိုင်ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကြတဲ့ကိစ္စပါ....။(အင်း..ဒါလည်း သူ့ရွေးချယ်မှုနဲ့သူ
ပေါ့လေ...၊)

ယုံကြည်မှု။ ။လူတစ်ယောက်ရဲ့ဘဝမှာတော်တော်ကို အရေးကြီးတဲ့ ရွေးချယ်မှု တစ်ခုဖြစ်နိုင်ပါတယ်...။
သိပ်ပြီးတော့လည်း အပြောင်းအလဲမလုပ်တတ်ကြတဲ့၊မိမိဘာသာ ကျေနပ်နေတတ်ကြတဲ့ အရေးကိစ္စတစ်ခုပါ။
ပြီးတော့ ကျွန်တော်တို့ မိဘတွေရဲ့ မိရိုးဖလာ အမွေကိုပဲ အများအားဖြင့် ဆက်ခံခဲ့ကြ၊လက်ခံ ခဲ့ကြပါတယ်။
ကျွန်တော်တို့မှာ အမှန်တကယ် လွတ်လပ်စွာရွေးချယ်ခွင့် ရခဲ့ပါသလား...။ကျွန်တော့်အမြင်တော့ မရခဲ့ပါဘူး။
ငယ်စဉ်ကတည်းက မိဘတွေ၊ဆိုင်ရာ အကြီးအကဲတွေရဲ့ ရိုက်သွင်း၊ဘောင်ခတ်ထားမှု အတွင်းမှာပဲ ကျွန်တော်
တို့ စဉ်းစားခဲ့ကြတာပါ၊ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဘက်တစ်ခု ဖက်ကပဲ ကြည့်ခဲ့၊စဉ်းစား ရွေးချယ်ခဲ့ကြ
ပါတယ်..။တစ်နည်းအားဖြင့် ကျွန်တော်တို့ဟာ မိမိဘာသာ မိမိရဲ့ရွေးချယ်ပိုင်ခွင့်ကို ဘောင်ခတ်ခဲ့ကြပါတယ်။
မိမိရဲ့ ရွေးချယ်မှုကသာ အမှန်ကန်ဆုံးရွေးချယ်မှု တစ်ခုလို့မြင်ကြစမြဲပါပဲ...။

မိမိရဲ့ ဘာသာတူပတ်ဝန်းကျင်ကလည်း ဘောင်ခတ်ပေးတတ်ကြပါတယ်..။မိမိဘာသာ ရွေးချယ်လာခဲ့မယ်ဆို
ရင် ဝိုင်းပယ်၊ဆန့်ကျင်တာမျိုး၊လှစ်လျူရှုလိုက်တာမျိုးတွေ နဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ကို
ကန့်သတ်ပစ် လိုက်ကြပါတယ်..။ကျွန်တော်တို့မှာ အဲဒါတွေကို တွန်းလှန်ဖို့ရာ အင်အားနည်းလှတာအမှန်ပါ။
မည်သို့ပင်ဖြစ်စေကာမူ....၊ကျွန်တော်တို့ရဲ့ရွေးချယ်မှုဟာ ငွေကြေး၊အခွင့်အရေးတစ်စုံတစ်ရာနဲ့ အလဲအလှယ်
လုပ်ခဲ့တာမဟုတ်ခဲ့ပဲ၊ မိမိဘာသာ ကျေနပ်လို့လက်ခံထားခဲ့တဲ့ကိစ္စတစ်ရပ်ဆိုရင်ဖြင့် ဒီရွေးချယ်မှုဟာ ဘာကိုပဲ
ရွေးရွေး မှန်ကန်တဲ့ရွေးချယ်မှု လို့ပဲမြင်ပါတယ်ခင်ဗျား...။
........................................................

အကျီ င်္တစ်ထည်ဝယ်ဖို့ ကျွန်တော်တို့ အချိန်ဘယ်လောက်ယူပါသလဲ..။ဘယ်လိုအချက်တွေကိုထည့်သွင်းစဉ်းစား
ရွေးချယ်ကြပါသလဲ...။ကျွန်တော်တို့ရွေးချယ်လိုက်တာကအကျီတစ်ထည်လား...၊စိတ်ခံစားမှုတစ်စုံတစ်ရာလား...။
ရွေးချယ်မှုမှားယွင်းခဲ့ရင် ဘယ်လောက်ထိ နာကျင်ခံစားရတတ်ပါသလဲ။ဘဝမှာ အရေးကြီးပါတယ်ဆိုတဲ့ အရာ
တွေကိုရွေးချယ်ခဲ့ကြတဲ့ အခါမှာ ဖိနပ်တစ်ရံကို ရွေးချယ်သလောက် အကြောင်းအချက်တွေကို ထည့်သွင်းစဉ်း
စားမိခဲ့ကြပါရဲ့လား...။

ကျွန်တော့်အမြင်ကတော့ သေးသေးမွားမွားလေးတွေကို ရွေးချယ်တဲ့နေရာမှာ အကြီးအကျယ်စဉ်းစားရွေးချယ်
ခဲ့ကြသလောက်၊ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်နဲ့အသိအမြင်ကို ရာနှုန်းပြည့် အသုံးချခဲ့ကြသလောက်၊
ဘဝရဲ့အရေးကြီးတဲ့ရွေးချယ်မှုတွေမှာတော့ မိမိရဲ့စိတ်ခံစားမှု၊ပတ်ဝန်းကျင်အခြေအနေနဲ့ ရိုက်ခတ်မှု ကိုပဲ
အဓိက ထားခဲ့ကြတယ်လို့ ထင်မြင်မိပါတယ်..။

ကျွန်တော်တို့မှာ သေးသေးမွားမွားကိစ္စရပ်လေးတွေကလွဲလို့ (ဒါတောင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ စွတ်ဖက်မှု၊
သြဇာသက်ရောက်မှုက သိပ်ပြီးကင်းလှတာမဟုတ်...၊ယောင်္ကျားလေးများအဓိက...း) )အရေးကြီးကိစ္စတွေမှာ
ရွေးချယ်ခွင့် သိပ်ရှိလှတာမဟုတ်ပါဘူး...။အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာတော့ ဘယ်လိုကိစ္စမျိုးမှာမဆို မီးစင်
ကြည့်က နေရတာများလှပါတယ်...။ရှိတဲ့ ရွေးချယ်ခွင့်ကိုလည်း အပြည့်အဝအသုံးချဖို့ရာ ခက်ခဲလှပါတယ်...။

မည်သို့ပင်ဖြစ်စေကာမူ....၊ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေဟာ အနှောင်အဖွဲ့ကင်းတဲ့၊မိမိဘာသာကျေနပ်နိုင်တဲ့၊
နောက်..အပြစ်လည်းကင်းတဲ့ ရွေးချယ်မှုတွေ ဖြစ်နိုင်ကြပါစေ..လို့.......။



12 comments:

ငွေလမင်း said...

ိကိုမောင်လေး...နာမည်ကို ကိုယ်တိုင်မရွေးခဲ့ရလို့ စိတ်မကောင်းနေတာလား
အခု ပြောရင်လဲ မှီပါသေးတယ် ဘာနာမည်ပြောင်းချင်လဲ ပြောပါဦး

မေပယ်လ် said...

ဟုတ်ပ...
လုံးဝ ထောက်ခံတယ် ဒီပို့စ်လေးကို..။
ရွေးချယ်ခွင့်တွေကို လွတ်လပ်စွာ နှောင်ထုံးဖြေချင်တာ လူငယ်တိုင်းရဲ့ ဆန္ဒ..။

ယွန်း said...

ထောက်ခံပါတယ်ဗျို့ .. :)))

noblemoe said...

အဖြစ်သင့်ဆုံးကတော့ လူကြီးတွေကိုယ်တိုင်ကလည်း လူတစ်ယောက်ရဲ့ အရေးအကြီးဆုံး ရွေးချယ်ခွင့်ကို လွတ်
လပ်စွာပေးသင့်ပြီး အမှားအယွင်းကင်းတဲ့ ရွေးချယ်ခွင့်ဖြစ်အောင် လမ်းညွန်၊ပဲ့ကိုင်ပေးတာမျိုး ဖြစ်သင့်သလို၊
လူငယ်တွေကလည်း အချိန်အတိုင်းအတာတစ်ခုယူပြီး၊မိဘတွေရဲ့ စကားကိုလည်း အလေးထားပြီး ဘဝရဲ့
အရေးအကြီးဆုံးကိစ္စတစ်ခုကို သေသေချာချာ ရွေးချယ်သင့်တယ်လို့ မြင်ပါတယ်ခင်ဗျာ...။

ဘာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ်စိုက်ပျိုးတဲ့ အပင်ရဲ့ အသီးကိုပဲ ကိုယ် ခူးဆွတ်ရတာမဟုတ်ပါလား...။ဒီတော့ မိမိ
ရဲ့ရွေးချယ်မှုဟာ မှားယွင်းခဲ့ဦးတော့ ကိုယ်ပဲ ခံစား၊စံစားရမှာပါ...။သူများရွေးချယ်ပေးလို့ရလာတဲ့ အမှားထက်
ကိုယ့်ဘာသာရွေးချယ်လို့ ရလာတဲ့ အမှားကို ကိုယ်ခံစားရတာက နည်းနည်းတော့ ဖြေသာမယ်ထင်ပါရဲ့ ခင်ဗျာ။

ဒီစာပုဒ်လေးတွေတော်တော်မှန်ကန်သလို နှစ်သက်မိတယ်ပါတယ်။

ကျမ်းမာပျော်ရွှင်ပြီး သာယာချမ်းမြေ့ပါစေရှင်း
မိုး

သုခုမလေဒီ said...

ကိုယ်ကိုယ်တိုင်ရွေးခြယ်မှုကအကောင်းဆုံးဖြစ်သလို၊ မမှားဖို့ကလည်း အရေးကြီးတယ်နော်။ အတွေးအမြင်ကောင်းလေးဖတ်သွားပါတယ် မောင်လေးရေ...

ညိမ်းနိုင် said...

ငွေလမင်း>>>> ဟင့်အင်း ပြောင်းချင်ပါဘူး ညီရာ...။ကျွန်တော့်မှာ နာမည်တွေ
က ဒါဇင်ဝတ်လောက်ဖြစ်နေတော့ နောက်ထပ်များပြောင်းလိုက်ရင်တော့...တွေး
တောင်မတွေးဝံ တော့ဘူး...း)

မေပယ်၊ယွန်း၊မမိုး>>> အားပေးတာ ကျေးကျေးပါခင်ဗျ။

မနမ်း>>> မှားတော့ မမှားချင်ကြဘူးပေါ့ဗျာ...အဲ သို့ပေမယ့် မှားတဲ့အခါလည်း
မှားပေမပေါ့..း)

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတိုင်းရွေးချယ်ခွင့်မှန်ကန်စွာရခဲ့မယ်ဆိုရင် ကိုယ်ရွေးချယ်မိတာတွေအတွက် နောင်တရစရာ ဖြစ်လာမယ် မထင်ဘူးနော်.
အဲဒီလို မှန်ကန်စွာ ရွေးချယ်ဖို့ အခွင့်အရေး ရဖို့လဲ လိုသေးတယ်
အင်္ကျီ ပုဆိုး၊ဖိနပ်ရွေးတာ မှားသွားရင် မ၀တ်ဘဲ မသုံးဘဲ နေလို့ရသလို သူများပေးလိုက်လို့လဲ ရနိုင်သေးတယ်
ဒါပေမဲ့ တစ်ချို့ရွေးချယ်မှုတွေကျတော့ မသုံးလို့လဲ မဖြစ် ကိုယ်နဲကလဲ မကိုက်ညီ၊ သူများကိုလည်း ပေးပြစ်လို့ မရတာတွေလဲ ဖြစ်နိုင်သေးရဲ့နော်
လူတိုင်း မှန်ကန်စွာ ရွေးချယ်ခွင့်ရနိုင်ပါစေ။

လသာည said...

ဖတ်လို့ကောင်းလိုက်တာ...

စိတ်ကြိုက်ရွေးချယ်ခွင့်မရတဲ့ ဘ၀တွေအတွက် ကိုယ်ဘာမှ လုပ်မရသလို ခံစားရပါတယ်။ ဒါပေမယ့် စိတ်ကြိုက်ရွေးချယ်ခွင့်ရခဲ့တဲ့အရာတွေအတွက်လည်း လူရဲ့ ဆန္ဒက ပတ်ဝန်းကျင်အခြေအနေ၊ မိမိရဲ့လိုအင်ပေါ်မူပြီး တခါတခါ ပြောင်းလဲသွားတဲ့အတွက် ကိုယ့်ရွေးချယ်ခဲ့တဲ့အရာကိုပဲ စိတ်ကြိုက်မဖြစ်တော့တာလည်း ရှိသေးတာ။

ညိမ်းနိုင် said...

မချော>>> အဟုတ်ပဲဗျ...၊ဘာမှလုပ်လို့မရတော့တဲ့ ရွေးချယ်ခဲ့တာတွေအတွက်
ကတော့...ဒီအတိုင်းပဲလက်ခံထားရတော့မှာပဲဗျို့

လသာည>>> အင်း....ဟုတ်တယ် ကျွန်တော် အဲဒါကို မတွေးမိဘူး။လူ့စိတ်က
အပြောင်းအလဲရှိလေတော့ ကောင်းမိကောင်းရဲ့ နဲ့ ရွေးချယ်ခဲ့ပြီးမှ နောင်မှ
မကြိုက်တော့ဘူး ဆိုရင်ရော...ဘယ့်နှယ်လုပ်ကြမလဲ....။

Anonymous said...

ရွှေစင်ဦး ကတော့

ဒီတခါ ဟန်ဆောင်ပန်ဆောင်လေး ကို မရွေးချယ်ဘူးလို့ ဆုံးဖြတ်ထားတယ် သိတယ်မဟုတ်လား တခါတလေ ဟန်ဆောင်ရွေးလေးတွေလည်း ရှိတယ် မောင်လေး ရေ

ခင်တဲ့
ရွှေစင်

ညိမ်းနိုင် said...

ဟင်...အစ်မရွေစင်....ဘယ်တုန်းက ဟန်ဆောင်ပန်ဆောင်လေးကို ရွေးခဲ့တာလဲ
ဗျ...။တိလိုက်ဘူး။

Anonymous said...

အတွေးလေးတွေ ရေးနိုင်လို့ လာအားပေးတာပါဗျာ...
ကွန်မန့်မပေးတော့ဘူးလို့ပဲ....ဒါပေမယ့် အားဆေးတစ်ခွက် ဆိုတာလေး တွေ့တော့.....မနေနိုင်မိဘူး ။

ဆက်ပြီး တွေး
ဆက်ပြီး ရေးပါဦး သူငယ်ချင်း ။

ပုံမှန်လာအားပေးနေမယ်ဗျာ။