Sunday, April 3, 2011

နေဝင်ချိန်

ဆောင်းဝင်စပြုလာပြီဖြစ်သည့်တိုင်မိုးကားမကုန်တတ်သေး....။ဒီနေ့လည်းမနက်ကတည်းကရွာသည့်မိုး...နေလည်
ရောက်သည့်တိုင် မတိတ်နိုင်သေး...။နာရီပြန်တချက်ထိုးချေပြီ...၊သူစိတ်မရှည်နိုင်တော့...။မသွားမဖြစ်သည့်ကိစ္စ
ဆိုတော့ မိုးအတိတ်ကိုစောင့်ဖို့ရာမဖြစ်သေး...။သူ....လက်ကိုင်တုတ်ကိုအားပြု၍ပက်လက်ကုလားထိုင်မှထလိုက်
သည်....။အင်းးးးးးကျွတ်....ကျွတ်....ကျွတ်......၊စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် ဘဝမှာ ဇရာက ဇာတိပြလေ၏။
ဒူးနှစ်ဘက်စလုံးက အထိုင်အထ မှာ နာတာတာ၊မျက်တက်တက်ရယ်....။

တိုင်မှာချိတ်ထားသည့် အနွေးထည်ကို ယူဝတ်၊မှန်ရှေ့မှာ ရှိစုရှိမယ့်ဆံပင်လေးကိုဘီးဖြင့်တချက်နှစ်ချက်ဖီးလိုက်
ပြီး အိမ်မှထွက်ဖို့ပြင်၏။ဝရန်တာမှ သံပန်းတံခါးကို အဖွင့်...၊ဝရန်တာတွင် ကွေးနေသော “ တိမ်ညို ” ကခေါင်း
ထောင်ကြည့်ပြီး သူပါလိုက်ဖို့ပြင်၏။ဘယ်သွားသွားခေါ်နေကြ၊လိုက်နေကြဆိုတော့ ဒီတစ်ခါလည်းသူ့ကိုခေါ်မည်
ဟုထင်နေရှာသည်..။

“မလိုက်ခဲ့နဲ့ တိမ်ညို..၊မိုးလည်းရွာ၊မင်းလိုက်ခဲ့လို့ကောင်းတဲ့နေရာလည်းမဟုတ်ဘူးကွ...၊နေခဲ့နော်သားကြီး ”
တိမ်ညို့ခေါင်းကို တစ်ချက်နှစ်ချက်ပွတ်သက်ပေးပြီး သူ နှစ်သိမ့်လိုက်၏။သူ့စကားကို နားလည်လို့လား...၊
မိုးအေးအေးမှာ အပြင်မထွက်ချင်လို့လားတော့မသိ....၊တိမ်ညိုက ထိုင်ရာမှထလာသည့်တိုင် အရင်လို တက်တက်ကြွကြွ မဟုတ်...၊သူ့ကို တွေတွေဝေဝေလေး ငေးနေရှာသည်...။အင်းပေါ့လေ...သူလည်း အိုလှပြီ
ဆိုတော့ အရင်လိုဘယ်မှာတက်ကြွနိုင်ပါ့မလဲလေ...။

တိမ်ညို စိတ်မပြောင်းခင် သူ သံပန်းတံခါးကိုဆွဲပိတ်ပြီး အပြင်ကိုထွက်လာခဲ့သည်...။ခြံတံခါးဝရောက်တော့
သူ...အိမ်ဘက်သို့ သမင်လည်ပြန် လှည့်ကြည့်လိုက်မိ၏။မိုးမှုန်များကြားတွင် အလျားပေအစိပ်၊အနံပေနှစ်ဆယ်
သွပ်မိုး၊ပျဉ်ကာ မီးခိုးနုရောင်အိမ်လေးမှာ မှုန်ရီဝိုးဝါး....။လက်တစ်ဖက်ကတုတ်ကောက်ကို အားပြု၊တစ်ဖက်က
ထီးကို ဆောင်းရင်း မိုးစက်များကြားတွင် သတိထားပြီး လမ်းမကြီးအတိုင်းသူလျှောက်လာခဲ့သည်..။

သူနေသည့် လမ်းထိပ်ရောက်တော့မှ အောင်ကြီးကို ဝင်ခေါ်ဖို့သတိရမိသည်။သူနှင့်မနေ့ကတွေ့တော့ အစ်ကို
သွားရင်ကျွန်တော့်ပါဝင်ခေါ်နော်...အတူတူသွားကြတာပေါ့ လို့ပြောထားခဲ့သည်ပဲ....။အင်း....ငယ်ကတည်းက
မေ့တတ်သည့်သူ....ခုအရွယ်မှာ အရာရာကို အရမ်းမေ့လာခဲ့ပြီ...။သူနေသည့်လမ်းနှင့် နှစ်လမ်းကျော် လမ်းထိပ်
မှာ အိမ်ဆိုင်လေးဖွင့်ထားသည့်၊တူ၊တူမတွေနှင့် ပျော်ပျော်နေတတ်သည့် အောင်ကြီးအိမ်ဘက် လှည့်ဝင်လာခဲ့
သည်...။

“လာ...လာ..အစ်ကို အိမ်ထဲဝင်ဦးမလား...ခဏနေမှသွားကြမလား...မိုးကလည်းရွာလိုက်တာအစ်ကိုရာ...”
“ဟင့်အင်း...နောက်ကျနေလိမ့်မယ်...နောက်ကျရင်အားနာစရာ...၊မင်းအဆင်သင့်ဖြစ်ရင်သွားကြမယ်လေ...”
“ ဟုတ်ကဲ့အကို....အဆင်သင့်ပါပဲ...၊ကျွန်တော့်တူလေးကို သူ့ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းရကောင်းမလား...”
“နေပါစေကွာ..မိုးရွာနေရတဲ့အထဲ ဆိုင်ကယ် သုံးယောက်စီးလို့ကောင်းပါဘူး...၊အရမ်းဝေးလှတာမှမဟုတ်တာ..”

သို့နှင့်ပင် သူနှင့်ကျွန်တော်...ထီးတစ်ယောက်တစ်လက်ဖြင့် မိုးရွာထဲ လမ်းလျှောက်ထွက်လာခဲ့သည်...။
ဟိုရောက်တော့ လူတောင်အတော်စုံနေပြီ...။“ လာ...လာ...အကိုကြီး....ခေါင်းရင်းဘက်မှာထိုင်ပါအစ်ကို...”
“အေးအေး..ငါ သူ့ကိုအရင် ကြည့်လိုက်ဦးမယ်....” ပြောပြောဆိုဆိုနှင့် သွားလေသူ ချစ်စွာသော သူငယ်ချင်းကြီး
၏ အသုဘရုပ်အလောင်းတင်ထားသည့် စင်ဘက် သူလှမ်းလာခဲ့သည်...။

သုံးရက်တာကြာသည့်ကာလအတွင်း ရုပ်ကားပျက်စပြုလေပြီ...။ရင်ဘက်ပေါ်တင်ထားသည့် သူ့လက်အေး
စက်စက်ကို ဆုတ်ကိုင်ရင်း..“သွားပေတော့သူငယ်ချင်းရေ...သွားပေတော့..၊လူ့ပြည်လူ့ဘဝမှာ မင်းလုပ်ချင်တာ
လုပ်ခဲ့ပြီးပြီပဲ...ခုတော့ အရင်သွားနှင့်ပေတော့...” ဟု...သူတိုးတိုးရည်ရွတ်မိခဲ့သည်...။

ဟုတ်သည်...သူငယ်ချင်းကား အပေါင်းအသင်းများသည်..၊ပိုက်ဆံရှိသည်...၊ဥစ္စာပေါ၊ရုပ်ချော ဆိုသည့် လူမျိုး။
တစ်ဘဝတာတစ်လျှောက်လုံးသူလုပ်ချင်တာတွေ လုပ်သွားနိုင်ခဲ့သည်...။ငယ်ငယ်ကတော့ သူနှင့်ဆိုးဖော်၊ဆိုး
ဘက်၊သောက်ဖော်စားဘက်တွေ...၊နောက်ပိုင်းမှာ သူက အသောက်အစား၊အပျော်အပါးတွေနှင့် ကင်းပြတ်
သွားပေမယ့် သူငယ်ချင်းကတော့ အရင်အတိုင်း...၊ဘဝတိုတိုမှာ ရသာချိုချိုပဲရှာတော့မယ်ကွာ...” လို့ ရယ်သလို
မောသလိုပြောခဲ့ဖူးတာကိုသတိရမိသည်...။

အင်း...သူရော..ဘာထူးသေးလဲ...၊ဘဝတစ်လျှောက်လုံးသူဖြစ်ချင်တာလေးတွေ၊သူလုပ်ချင်တာလေးတွေနဲ့ပဲ
ပျော်သလို၊အဆင်ပြေသလိုဖြတ်သန်းခဲ့သည်..။သူမိန်းမရတော့ မိန်းမဖြစ်သူက စီးပွားရေးလေးလုပ်ပြီး ကြီးပွား
ရာကြီးပွားကြောင်းလုပ်စေချင်သည်။သူကားမလုပ်ချင်ခဲ့...။ရှိတာလေးနှင့်ခြံလေးတစ်ခြံဝယ်..၊အိမ်လေးတစ်လုံး
ဆောက်ပြီး၊စိုက်ပျိုးရေးလေးလုပ်လိုက်၊စာကလေးမတောက်တစ်ခေါက်ရေးလိုက်နှင့် ဘဝကို ဖြတ်သန်းခဲ့သည်။
ခုတော့ သူဘာလုပ်လုပ် တော်ရုံဘာမှမပြောပဲ ပြဿနာအရပ်ရပ်ကို သူ့ဘာသာဖြေရှင်းတတ်သည့် ချစ်စွာသော
ဇနီးသည်လည်း မရှိတော့...၊ကောင်းဖော်ဆိုးဘက် သူငယ်ချင်းတွေလည်း အကြောင်းပြချက်အမျိုးမျိုးနှင့် လူ့လောကကြီးမှ ထွက်ခွာသွားကြပြီ...။

သူ့အလှည့်ရော....။ဒီလိုတွေးမိတော့ရင်ထဲမယ် ထိတ်ကနဲ ဖြစ်သွားရသည်...။လူတိုင်းသွားရမည့်ခရီးပဲ....။
“ ယခုပင်လျှင်မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့....” ဆိုသည့် ဆုံးမစာတစ်စိတ်တစ်ပိုင်းလေးကို
ဖျက်ကနဲ သတိရမိသည်...။သူဘာတွေပြင်ဆင်ထားပြီးပြီလဲ...။ဟင့်အင်း....ဘာမှမပြင်ရသေးပါ...။အင်း...မသာ
တစ်ခေါက်၊ကျောင်းဆယ်ခေါက်ဆိုတဲ့စကားတယ်မှန်ပါလား....၊ငါလည်းပြင်စရာရှိတာပြင်မှ...ဟိုလိုလို၊ဒီလိုလိုနဲ့
အသက်တွေကမနေတော့ဘူးဟု...သွားလေသူကိုကြည့်ရင်း သူစဉ်းစားမိသည်...။


သူသုဿန်ကပြန်ရောက်တော့ မိုးတိတ်သွားပြီ..။ခြံတံခါးဖွင့်ဝင်လိုက်သည်နှင့် တိမ်ညိုကြီးက အမြီးတနှံနှံနှင့် ခြံဝ
မှစီးကြိုရှာသည်။ခြံထဲတွင်မတော့ ခြံစိုက်ဖို့ငှားထားသည့် မောင်လှနှင့်မောင်မြ ညီအစ်ကိုနှစ်ယောက်ရောက်နှင့်
ပြီး ပန်းတွေခူးနေပြီ...။

“ဘယ်နှယ့်လဲကွ အခြေအနေ...”
“မိုးရွာလိုက်တော့ ရေလောင်းဖို့တော့သက်သာသွားပါရဲ့၊ပန်းတွေတစ်အားပွင့်ကုန်တယ် ဘကြီးရ...”
“အေးလေ..ဘယ်တတ်နိုင်ပါ့မလဲကွာ၊ပွင့်ကုန်တော့ ဈေးကောင်းတော့ရတော့ဘူးပေါ့...”
“ ဟုတ်တယ်ဘကြီး...”
“ရသလောက်ပေါ့ကွာ....”

သူ့ခြံလေးထဲ လှည့်ပတ်ကြည့်မိသည်...။ဖြူလွလွ ငွေပန်းပင်တွေဆီမှ မွှေးမြမြရနံကြောင့် သူ့စိတ်တွေကြည်ကြည်
နူးနူး ဖြစ်လာသည်..။သူ့နောက်မှ ခွေးကြီးတိမ်ညိုကလည်းတစ်ကောက်ကောက်လိုက်လျှက်...။
သူအိမ်ပေါ်တတ်လာခဲ့ပြီး စာကြည့်စားပွဲတွင် ဝင်ထိုင်လိုက်သည်...။စားပွဲပေါ်မှာရေးလက်စ စာတစ်ပိုင်းက သူ့
သခင်ကိုစောင့်မျှော်လျှက်...။

သူစာဆက်ရေးဖို့ပြင်မိသည်....။ရုတ်တရက် ဘာဆက်ရေးရမှန်း မသိသေး...၊နေ့လည်က အတွေးတို့က သူ့ကို
စိုးမိုးလျှက်ရှိတုန်း....။သူ့ဘဝမှာ အပြစ်မကင်းတာတွေလည်းလုပ်ခဲ့ပြီ၊အပြစ်ကင်းစွာနဲ့လည်း ဘဝကိုအေးအေး
ချမ်းချမ်းဖြတ်သန်းခဲ့ပြီးပြီ...။တနည်းအားဖြင့်တော့ သူ...သူ့ဘဝကို သူဖြတ်သန်းချင်သလို ဖြတ်သန်းခဲ့ပြီးပြီ...။
ဘဝရဲ့နေဝင်ချိန်မှာ အဆုံးသတ်အတွက် ဘာမှမပြင်ဆင်ရသေးသည့်တိုင် သူကျေနပ်ခဲ့ပြီ...။

ထွက်ခွာသွားသူတို့ ထွက်ခွာနှင့်လေပြီ...။သူ့အလှည့်လည်းမလွဲမသွေရောက်လာလေမည်...။ဟုတ်သည်...သူ
ဘာမှမပြင်ဆင်ရသေး...။သို့ပေမည့် သူ့နေဝင်ချိန်ကိုသူကျေနပ်ခဲ့ပြီ...။သူသွားရတော့မည်ဆိုလျှင်လည်း ကျေနပ်
နိုင်ခဲ့ပြီ..။သူငယ်ချင်းပြောခဲ့သလို ဘဝတိုတိုမှာ ရသာကမချိုသည့်တိုင် သူ့အတွက်တော့ မခါးခဲ့လေပြီတည့်....။
နေတတ်လို့ကျေနပ်ခဲ့သည်လား၊ကျေနပ်လို့ နေတတ်ခဲ့သည်လား...၊သူမသိ...၊သို့ပေမယ့် သူကျေနပ်ခဲ့လေပြီ..။

(တစ်ခါတစ်လေ...ကျွန်တော် ဘဝရဲ့နေဝင်ချိန်ကို ဘယ်လိုဖြတ်သန်းချင်သလဲလို့ ဘာသာမေးခွန်းထုတ်မိတတ်
ပါတယ်...။ဖြစ်နိုင်ရင် ခြံလေးတစ်ခြံ၊အိမ်သေးသေးလေးတစ်လုံး၊ခွေကြီးတစ်ကောင်၊ဇနီးတစ်ယောက်(အင်း....
ရနိုင်မယ်ဆိုရင်ပြောပါတယ်....:)))တော်ပါပြီ...ဒီလောက်...။ကျန်တာဘာမှမလိုပါဘူး...။တိုက်ကြီး၊ကားကြီး၊
ပိုက်ဆံတွေအများကြီးလည်း သိပ်မလိုပါဘူး..(ရလည်းမရနိုင်တော့...:))၊ကလေးတွေကို ချစ်တတ်ပေမယ့် နောက်ထပ် သံယောဇဉ်ကြိုးတွေနဲ့လည်း မနှောင်ချင်တော့...။ဘဝနေဝင်ချိန်ကို အေးအေးချမ်းချမ်း ဖြတ်သန်း
ချင်မိရဲ့...၊အဲဒီအတွေးတွေနဲ့ ဘာရယ်မဟုတ်ဒီပို့စ်လေးရေးမိပါကြောင်း.....)

15 comments:

မောင်မျိုး said...

ဒီပို့စ်လေး ကျနော်ကြိုက်တယ် အစ်ကို ဘ၀မှာ ဘာကအလိုအပ်ဆုံးလည်း နေမ၀င်ခင်အချိန်ထိတော့ ကိုယ်ဘာတွေလုပ်နိုင်သလဲ ဘာတွေလုပ်ချင်သလဲဆိုတာလည်း အရေးကြီးတာပဲနော့် ။သူငယ်ချင်းတွေကို ချစ်တဲ့သူချင်းမို့ ဒီပို့စ်လေးဖတ်ပြီး ၀မ်းနည်းမိပါတယ် အောက်က မှတ်ချက်ကိုတော့ ပြုံးစိစိနဲ့ဖတ်သွားတယ် သံယောဇဉ်မထားချင်ဖူးလည်းပြောသေး မိန်းမက လိုချင်သေးး))) ဒါတွေဟာ နှောင်ကြိုးတွေပါ အစ်ကိုရာ ရုန်းထွက် ရုန်းထွက် ။

...အလင်းစက်များ said...

ငါတော့ ထိတ်ကနဲ ဖြစ်သွားသလိုပဲ မောင်လေး၊ ငါ အခု တင်ထားတဲ့ ပိုစ့်ကိုက အနိစ္စ ဖက် ဦးတည်နေတာ ။ တစ်နေကုန်လဲ ဒါကြီးက ခေါင်းထဲ ၀င်နေလို့ ထင်တယ်။ နင့်ပိုစ့်က ငါ့ကို ဟတ် ထိသဟာ...။ ဟူး။

လူတိုင်းကြုံရမယ့် လမ်းပါပဲလေ။ ဘယ်လိုဖြတ်သန်းကြမလဲဆိုတာတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ် ဟုတ်တယ် မဟုတ်လား ကိုမောင်လေးရေ။

နေ၀ဿန် said...

ဖြစ်ချင်တိုင်း ဖြစ်မလာတတ်သော ဓမ္မတာကြောင့် ကိုမောင်လေးတစ်ယောက် နေ၀င်ချိန်ကို လိုအင်ဆန္ဒအတိုင်း ဖြတ်သန်းနိုင်ပါစေဗျာ....


ခင်မင်လျက်
နေ၀ဿန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဇနီးတစ်ယောက်ဆိုတော်ပြီလား
နည်းများနည်းနေသေးသလားလို့လေး)
နေ၀င်ချိန်တွေကို အေးအေးချမ်းချမ်း ဖြတ်သန်းခွင့်ရဖို့ အရေးအကြီးဆုံးပါဘဲ။
စိတ်ချမ်းချမ်းသာသာနဲ့ အေးအေးချမ်းချမ်း ဇနီးတစ်ဖြာ မြေးတစ်ရာနဲ့ အဲ မှားသွားလို့ ဇနီးတစ်ယောက်နဲ့ ခြံတစ်ခြံနဲ့ လိုရာဆန္ဒအတိုင်း ဖြတ်သန်းနိုင်ပါစေ

rose of sharon said...

မိန်းမတော့လိုချင်တယ်... ခလေးမလိုချင်ဘူး...ဟုတ်လား... :D

sosegado said...

ဒီစာကိုဖတ်ပြီး မနှစ်ကသေသွားသော သူငယ်ချင်းကို သတိရမိပါသည်။

Nyi Linn Thit said...

ဟုတ်တယ်ဗျာ၊ ကျနော်တို့တွေက မွန်းတည့်နေ အောက်မှာပဲ သွားလိုက်၊ စားလိုက်နဲ့ မေ့မေ့လျော့လျော့ နေမိကြတာ များတယ်၊ အသက်ကြီးသူ တစ်ယောက် အကြောင်း ရေးထားတဲ့ ပို့စ်လေးက ဖတ်ရတာကိုက ခပ်နှေးနှေးနဲ့ ဆည်းဆာရဲ့ အငွေ့အသက်တွေ ရတယ်။

Anonymous said...

မောင်လေး ရေ

နေဝင်ချိန်ကို လွမ်းလွမ်းဆွေးဆွေး နဲ့ ဖတ်သွားပါတယ် ဘဝ ဆိုတာ ဘာမှလည်း မဟုတ်ပါလားလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုကိုမောင်(ပန်းရနံ့) said...

သူကြီးမင်းလဲ ရပ်ရေးရွာရေးတွေနဲ့ လုံးပန်းနေပြီး တစ်ရက်တစ်ရက်နဲ့ ရာသီတွေတောင် အတော်လေး စားသွားခဲ့ပြီကော။ မောင်လေးရဲ့ နေ၀င်ချိန်ကို ဖတ်မိတော့မှဘဲ အင်း... ဒီနှစ်တော့ ရိပ်သာဝင်ပြီး ရိက်ခာလေး သွားစုဦးမှဘဲလို့ သတိတော့ ၀င်သွားပါရဲ့။ ဒါပေမဲ့ အဲဒီသတိက ဘယ်အထိမြဲပါ့မလဲ။ အနိစ်စလောကကြီးကိုး။ အော်... အနိစ်စ အနိစ်စ... စသဖြင့် စသဖြင့် တရားရသွားပါကြောင်းး)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မောင်လေး said...

မောင်မျိုး>>>ဟုတ်တယ်ညီ...မသေခင် လုပ်ချင်တာလေး၊
နေချင်သလိုလေးတော့ နေသွား၊လုပ်သွားချင်တယ်၊
သံယောဇဉ်နှောင်ကြိုးမတိုးချင်ဘူးဆိုတာ မိန်းမရပြီးမှပြော
တာ....:)))
ကိုလတ်>>>ကြောက်သွားသလား...မိုးပေါ်ထောင်ပစ်တာ
ပါ....:)))၊လူတိုင်းလျှောက်ရမှာပေမယ့် ကိုယ့်အလှည့်တော့
ခက်လန့်လန့်ပါပဲဗျာ...။
နေဝဿန်>>>ဆုတောင်းပေးတာကျေးဇူးပါ...၊ဟုတ်ပါ
တယ်...၊ဖြစ်ချင်မှတော့ဖြစ်လာမှာပေါ့လေ...၊ခုတော့ စိတ်ကူးလေးယဉ်ရုံပေါ့....:D
မချော>>>အောင်မလေး တစ်ယောက်တောင် အနိုင်နိုင်
ပါဗျာ...၊အချွန်နဲ့မ မကြေးလေ....:)))

မောင်လေး said...

အစ်မရို့စ်>>>အမှန်က မိန်းမတောင် သိပ်မလိုချင်တော့ပါ
ဘူးဗျာ...၊ဂျီကျတာကို စိတ်ညစ်လို့....:D

အကိုစိုးစီ>>> ဟင်...ဘယ်လိုဖြစ်သွားတာလဲဗျ...၊စိတ်မ
ကောင်းစရာ...၊

ကိုညီလင်းသစ်>>>ဟုတ်တယ်အစ်ကို...ဒီလိုနဲ့ နီးလာမှ
ဖုတ်ပူမီးတိုက်၊တစ်ပွဲတိုးတွေ လုပ်ရမယ်နဲ့တူပါရဲ့ဗျာ....။

အစ်မရွေစင်>>>ပြီးတော့လဲပြီးတာပဲပေါ့နော်....:)
ဟုတ်တယ်ဗျ...ဘာမှလည်းမဟုတ်ဘူးနော်....။

တဂျီး>>>ဘာလဲတဂျီးမင်းရဲ့ အနိပ်လေးတွေ တဂျီးကိုလာလာ စနေတယ်ပေါ့လေ....ဟွန်း....။

ချစ်ကြည်အေး said...

ဟဲ့ ပလုတ်တုတ်...တို့က ငယ်ငယ်လေး ရှိသေးတဲ့ဟာ...၊ အဲလို တွေးစရာလားလို့....:)

ဟဲဟဲ စတာပါ မောင်လေးရဲ့....၊ အင်း ကိုယ့် နေဝင်ချိန်အတွက် တရားဓမ္မနဲ့ ပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါပဲလေ......

စော(အဝါရောင်မြေ) said...

ကျတော်ကတော့ အဘိဏှသုတ်ကို ရွတ်ပြီ စိတ်ကို အေးငြိမ်းအောင် လုပ်တယ်ကိုမောင်လေးရေ။
ကြီးမှ ၊ ငယ်မှ မဟုပ်ဘူး သေခြင်တရားဟာ အချိန်မရွေးရောက်လာနိုင်တယ် မဟုပ်လား။

Angelhlaing(May everybody be happy and healthy! said...

လုပ်ပါနဲ့နော်.. ဦးဇင်းတွေက ညည်းနေကြတယ်၊ ဘုန်းကြီးဝတ်ဖို့ ကမ်းလှမ်းချက်တွေ များနေလို့တဲ့ အဟီးးး:P:P:P(အမှန်က မိန်းမတောင် သိပ်မလိုချင်တော့ပါ
ဘူးဗျာ...၊ဂျီကျတာကို စိတ်ညစ်လို့....:D)
ကောင်းသောနေ့လေးဖြစ်ပါစေ။

ဖိုးကြယ် said...

အင်း.....ခုမှသတိရသွားတော့တယ်....ဟုတ်ပ :)
တစ်ခုခုတော့လုပ်ထားမှတော်ကာ ကျမယ် ။ မိန်းမယူရင်ကောင်းမလား ??? ခြံဝယ်ရင်ကောင်းမလား??? ခွေးတစ်ကောင်လည်းမွေးချင်သေးတယ်.....အို....ရှုပ်ပါတယ် မသေတာပဲကောင်းတယ်....သေတော့ဝူးးးးး :)

ခင်တဲ့(ဖိုးကြယ်)