Friday, May 13, 2011

အချစ်စ၊အချစ်ဦး၊အချစ်လယ်၊အချစ်နှောင်း၊အချစ်ဆုံး

အချစ်စ.....ဖြူဖြူစင်စင်

“မေမေ...ဒီနေ့ ဝတ်ရည်ရယ်....ဆံပင်တွေကောက်လာပြန်ပြီ....”

“ဟုတ်လား....၊ငါ့သားနှယ်...တစ်နေ့တစ်နေ့ ပြောပြလိုက်ရတဲ့ ဝတ်ရည်အကြောင်း....၊တန်တော့ ငါ့သား ဝတ်ရည်ကို ချစ်နေတယ်ထင်ရဲ့.....”

“ ဟုတ်တယ်မေမေ...၊သားသူ့ကိုချစ်တယ်၊သားကြီးလာရင် ဝတ်ရည်ကိုပဲယူမှာ....”

“ဟား....ဟား...ဟား...၊အောင်မလေး အဖေတူသား၊သုံးတန်းကျောင်းသားကြီးရယ်...”


သုံးတန်းကျောင်းသားအရွယ်က ကျွန်တော်တို့အတန်းမှာ ဝတ်ရည်ဆိုတဲ့ကလေးမလေးတစ်ယောက်ရှိပါတယ်...။
သူ့အဖေက ဓာတ်ပုံတိုက်ဖွင့်၊အမေက ဆံပင်၊မိတ်ကပ်အလှပြင်ဆိုင်ဖွင့်ထားလေတော့ သူတို့သမီးကလေးကို
တစ်ပတ်တစ်မျိုး မရိုးရအောင် ဆံပင်ပုံစံအမျိုးမျိုးပြင်ပေးလေ့ရှိပါတယ်။သုံးတန်းကျောင်းသားကြီးကျွန်တော့်
သူငယ်ချင်းမလေးပေါ့ခင်ဗျာ....။ကျွန်တော့်မေမေကလည်း သူ့မေမေရဲ့ဖောက်သည်ကြီးဆိုတော့ လူကြီးချင်း
လည်းခင်မင်ပါတယ်...။မေမေ သူတို့ဆိုင်သွားတိုင်း ကျွန်တော်ပါသွားလေ့ရှိပြီး၊လူကြီးတွေက စကားတွေဖောင်
လောက်အောင်ပြောကြ၊ကျွန်တော်တို့ကလေးတွေက ဆိုင်ထဲမယ်ဆော့ကြပေါ့...၊ဆော့တယ်ဆိုတာကလည်း
သူ့ဘိုမရုပ်ကလေးကို အဝတ်အစားတွေအမျိုးမျိုးဆင်ပေး၊လူကြီးတွေကိုအတုခိုးပြီး ဆံပင်တွေကောက်ပေး၊
သူ့ပုံဆွဲစာအုပ်လေးထဲမယ် ပုံတွေဆွဲကြ ပေါ့လေ...။

တကယ်ပါ...၊အဲဒီအရွယ်က “ကျွန်တော်သူ့ကိုယူမှာ..”လို့ လူကြီးစကားကို အတုခိုးပြောခဲ့ပေမယ့်၊အိမ်ထောင်ရေး
ဆိုတာ၊အချစ်ဆိုတာ ဘာဆိုဘာမှမသိတဲ့အရွယ်ပါ...။ပြောရရင် သူငယ်ချင်းဆိုတဲ့ အဓိပ္ပာယ်ကိုတောင်မသိသေး
တဲ့ တကယ့်ကို ဖြူစင်တဲ့ ချစ်ခင်မှုမျိုးနဲ့ ခင်မင်ခဲ့ရတဲ့သူငယ်ချင်းမလေးပါ...။လေးတန်းအောင်လို့ အထက်တန်း
ကျောင်းကိုပြောင်းကြရတဲ့အခါမှာတော့ သူနဲ့ကျွန်တော် ကျောင်းခြင်းကွဲသွားကြပါတယ်...။သူကအထက-၂မှာ
တက်ပြီး၊ကျွန်တော်က အထက-၁ မှာတက်တာကိုး...။ကျောင်းတွေလည်းကွဲသွား၊ကြီးကောင်လေးတွေလည်း
ဝင်လာကြတော့ နည်းနည်းစိမ်းသွားကြပါတယ်...။

၈တန်းနှစ်မှာ ကျူရှင်တစ်ခုတည်းမှာပြန်ဆုံတော့ သူနဲ့ကျွန်တော် ရင်းရင်နှီးနှီးပြန်ဖြစ်လာပါတယ်...။ဒါပေမယ့်
ကျွန်တော့်စိတ်ထဲမှာ သူနဲ့ပတ်သက်လာရင် တကယ့်ကိုဖြူဖြူစင်စင်....။စိတ်ကစားတတ်လာပြီဖြစ်ပေမယ့်၊သူ့
အပေါ်မရိုးမသားစိတ်ဆိုတာ တစ်ရွေးသားမှမရှိခဲ့...။ချစ်တယ်ဆိုတဲ့ စကားကို သူနဲ့စတင်သုံနှုန်းမိခဲ့ပေမယ့်
ကျွန်တော့်ရဲ့ သူ့အပေါ်ထားတဲ့ ချစ်ခင်မှုတွေက အဖြူရောင်ထက်မပိုတဲ့၊စမ်းရေလို ကြည်ကြည်လင်လင်နဲ့ သန့်သန့်စင်စင်လေးပါ...။

ခုတော့သူလည်း အိမ်ထောင်ရက်သားတွေကျလို့ ကလေးတစ်ယောက်အမေ၊ဖက်တီးကြီးဖြစ်နေပြီ...။
သူနဲ့ပြန်တွေ့တိုင်း“ငါငယ်ငယ်က နင့်ကို ကြီးလာရင်ယူမှာလို့ ပြောခဲ့မိပေမယ့် အကောင်အထည်မဖော်ဖြစ်တာ
ကိုယ့်ဘာသာကျေးဇူးတင်လို့မဆုံးဘူး...”လို့ စနောက်တော့သူက ကျွန်တော့်ကို ပြုံးပြုံးကြီးနဲ့“သေခြင်းဆိုး...”တဲ့။

နို့နံတောင်မစင်သေးတဲ့ ကလေးလေးဘဝမှာ ရှိခဲ့ဖူးတဲ့ ချစ်ခြင်းအစ က တကယ့်ကို ဖြူစင်၊သန့်ရှင်းလွန်းခဲ့တာပါ။
တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ ချစ်ခြင်းအစက အဖြူရောင်သန့်သန့်စင်စင်....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ဦး.......ပန်းနုနှင်းဆီ


“ စိမ်း....”

“ ဟင်...ပြောလေ...ကိုနိုင်....”

“ ကျွန်တော် စိမ်းကို ချစ်မိနေပြီ ထင်တယ်....”

တုန်ရီလှိုက်မောနေတဲ့ ကျွန်တော့်စကားသံအဆုံးမှာ စိမ်းရဲ့ပါးပြင်လေးမှာ ပန်းရောင်သွေးထလို့....။
ကျွန်တော်ကိုယ်တိုင်လည်း မာရသွန်အပြေးပြိုင်ပွဲဝင်အပြေးသမားတစ်ယောက်လို မောဟိုက်၊တုန်ရီလို့....။
၁၈နှစ်သားအရွယ်လူငယ်လေးရဲ့ ရင်ဘတ်ထဲမှာတော့ ချစ်သူ့ငယ်ငယ်ကို မြတ်မြတ်နိုးနိုးချစ်တဲ့ အချစ်တွေနဲ့
နှလုံးသားတစ်ခုလုံး ဖျတ်ဖျတ်ခုန်လို့....ပေါ့....။

တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားတစ်ယောက်ရဲ့ အချစ်စတင်မွေးဖွားရာနေရာဟာ အာစီတူးလို့ခေါ်တဲ့ လှိုင်
နယ်မြေဖြစ်သင့်ပေမယ့်၊ကျွန်တော့်အတွက်တော့ ကောင်းစွာမငြိမ်းချမ်းသေးတဲ့ အညိုရောင်နယ်မြေတစ်နေရာ
မှာ အချစ်ဦးကို တွေ့ရှိခဲ့တာပါ...။၁၉၉၆ခုနှစ် ကျောင်းသားအရေးအခင်းကြောင့် ကျောင်းတွေပိတ်လိုက်တော့
ဌာနေကိုပြန်တဲ့ သူငယ်ချင်းဆီလိုက်လည်ရာက နှဖူးစာရွာလည်ခဲ့တယ်ပဲဆိုကြပါစို့...။

မြို့တော်ရန်ကုန်ကအလည်လာတဲ့ တက္ကသိုလ်ကျောင်းတော်သားကြီးတွေ ဆိုတဲ့ ဝိသေသက မြို့ငယ်လေးရဲ့
နှလုံးသားနုနုကို ကောင်းစွာဖမ်းစားဖို့ လုံလောက်တဲ့ ရင်ခုန်သံစည်းချက်တွေ (အဲဒီအချိန်က)ရှိခဲ့လေရဲ့....။
ကျောင်းတော်သားကြီးရဲ့ ရင်ခွင်ကိုယ်တိုင်ကလည်း “ စိမ်း ” ဆိုတဲ့ ပန်းနုနှင်းဆီလေးအတွက် အဲဒီအချိန်မှ
ဝရုန်းသုန်းကားနဲ့ ထွန်ယက်ခဲ့ရတာကလား....။

ချစ်သူ့လက်ကလေးကို ဖွဖွဆုတ်ကိုင်ဖို့၊ချစ်သူ့ပါးပြင်ကို မထိတထိ မွှေးမြနမ်းရှိုက်ဖို့ ဆိုတာ ရန်သူတစ်ထောင်နဲ့
ရင်ဆိုင်ရသလိုမျိုး၊အင်မတန်ခက်ခဲအလုပ်တစ်ခုကို လုပ်ရသလိုမျိုး.....ပင်ပန်းလှချည်ရဲ့....။ချစ်ဦးသူနဲ့ကျွန်တော့်
ကြားမှာ ကူလူးယှက်နွယ်ခဲ့တာတွေက TRIO ချောကလက်သကြားလုံးလေးတွေနဲ့ ချွင်းဂန်းမွှေးမြမြလေးတွေ...။
ပြီးတော့ တဂိုး ကဗျာစာအုပ်လေး....။တောထဲတောင်ထဲ ရှင်သီဝလိခြေတော်ရာသွားဖူးတော့ မိုင်းထောင်ထား
တတ်တယ်ဆိုတဲ့ တောလမ်းလေးကို ချစ်သူကိုစိုးရိမ်စိတ်နဲ့ ဦးဆောင်သူက တစ်ရွာသားကျွန်တော်...၊ဘေးကို
ဖဲ့မဆင်းနဲ့နော်လို့ သုံးမိနစ်တစ်ခာ၊နောက်ကနေ တစ်ဖွဖွပြောနေသူက မြို့ခံ စိမ်း......။

သုံးရက်ထဲပါဆိုခဲ့တဲ့ ကာလက သုံးပတ်ကနေ တစ်လတိုင်သည့်အောင် မောင်ကြီးမပြန်နိုင်ဖြစ်နေခဲ့ပြီ....။
ကျန်ခဲ့တဲ့ မိဘတွေလည်း တောင်မေး၊မြောက်မေး ဖြစ်နေပြီ....။သုံးစရာပိုက်ဆံလည်းပြက်ရုံမက သူငယ်ချင်း
အမေဆီက ချေးငှားထားရတာ မျက်နှာပူလှပြီ...။စစ်ဆင်ရေးရှိလို့ ချောဆွဲတာတွေလည်းကြားလာရပြီ...။
မပြန်မဖြစ် ပြန်ရပြီဆိုတော့ စိမ်းပါးပြင် ပန်းနုပြေးမှာ မျက်ရည်ချောင်း သွယ်သွယ်ဆင်းလို့....၊ကျွန်တော့်နှုတ်ခမ်း
နှစ်လွာလည်း တဆတ်ဆတ်တုန်လို့....။ချစ်ခင်နှစ်သက်သူနဲ့ကွေ့ကွင်းရခြင်းဆိုတဲ့ အပူမီးတွေက ၁၈နှစ်သား
လူငယ်လေးနဲ့ ၁၆နှစ်သမီး၊ မီးငယ်လေးရဲ့ နှလုံးသားနုနုကို ကျွမ်းကျွမ်းမြေ့မြေ့....။

မိဘတွေရဲ့ စိုးရိမ်ပူပန်မှုဒီရေတွေနဲ့ လမ်းပန်းဆက်သွယ်မှု ခက်ခဲကျဉ်းမြောင်းခြင်းတွေက ချစ်သူနှစ်ဦးကြားမှာ
မဟာသမုဒ္ဒရာအလား ခြားစေခဲ့ပြီ...။ဒုတိယမြောက် တွေ့ဆုံခြင်းခရီးက အစဦးမှာကတည်းကမလှပခဲ့...။မိဘနဲ့
အတိုက်အခံလုပ်ပြီးဇွတ်ထွက်လို့ရောက်လာခဲ့ပေမယ့် ပန်းနုနှုတ်ခမ်းနဲ့ ကြိုလင့်မယ့်သူရှိမနေခဲ့ပြီ...။ကမ်းစပ်ကို
ခြေကပ်မိပြီဆိုကတည်းက သူ့မိဘတွေက အိမ်ပေါ်ကအိမ်အောက်ကို မဆင်းခိုင်းတော့...။သူငယ်ချင်းမေမေရဲ့
စိုးရိမ်တကြီးစကားလုံးတွေနဲ့ ဧည့်စာရင်းပေးမတိုင်နိုင်ဘူးဆိုတဲ့ ရာဇသံအမိန့်အောက်မှာ နှလုံးသားတွေကြေကွဲ၊
အသည်းဆက်ဆက်ခါနာခဲ့ရပြီ...။ညတွင်းခြင်းပြန်လှည့်လို့ ပဲနွယ်ကုန်းလမ်းခွဲမှာ မိုးတလင်း...၊ငိုချင်းက....၊
ကခဲ့ရပေါ့...။

ချစ်သက်တမ်းမရှည်ကြာခဲ့ပေမယ့် သတိရလွမ်းတစိတ်တွေက နှစ်ပေါင်းများစွာတစ္စေလိုခြောက်လှန့်နေခဲ့မြဲ....။
ခုချိန်မှာ ပြန်တွေးမိတိုင်းလည်း ကြည်နူးမှုနဲ့အတူ လွမ်းငွေ့က သီသီဝေ့ဆဲ...။အဲဒီအချိန်က အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ ပန်းနုပြေးတဲ့ ချစ်သူ့ပါးပြင်လို နုနုညံညံ့နဲ့ မွန်မွန်မြတ်မြတ် ပန်းနုနှင်းဆီ....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်လယ်.....နီရင့်ရင့်


“ဟေ့ရောင်....မောင်နိုင်...မင်းကို SAE က သူ့ရုံးခန်းကို လာခဲ့ဦးတဲ့...”

“ဟုတ်...ကိုEP...ကျွန်တော်ခုပဲသွားလိုက်မယ်...”

“ဆရာ ကျွန်တော့်ခေါ်တယ်ဆိုလို့...”

“အေး...လာ...EP...အဲ...မောင်နိုင်...၊သူက လှိုင်....တဲ့.....၊ငါတို့ CE(တိုင်း အင်ယာမှုး)ကြီးရဲ့ တူမလေး...၊ငါတို့
စခန်းကို ဒီလစပြီးအလုပ်ဝင်လိမ့်မယ်..၊လှိုင်...၊ဒါက ညိမ်းနိုင်...၊ငါတို့ကတော့ သူတို့ လျှပ်စစ်သမားတွေကို EP
လို့ပဲ အတိုကောက်ခေါ်လိုက်တာပဲ...”

“ ဟုတ်ကဲ့...ကျွန်တော် ညိမ်းနိုင်ပါ...”

“ ဟုတ်ကဲ့...ရှင့်....”

“ ဒီလိုကွ မောင်နိုင်ရ...သူက မင်းတို့မြို့မှာပဲအဆောင်ငှားနေလိမ့်မယ်...၊ပြီးဒီကို ကားနဲ့ အသွားအပြန်လုပ်လိမ့်
မပေါ့ကွာ...၊ဆိုတော့ လိုအပ်တာရှိတာ မင်းသူ့ကိုကူညီပေးပေါ့ကွာ...၊CE ကလည်းငါ့ကိုသေသေချာချာမှာထား
တာ....”

“ဟုတ်ကဲ့ပါဆရာ...၊စိတ်ချပါ...ကျွန်တော် အတတ်နိုင်ဆုံးကူညီပါ့မယ်...”

ပညာစခန်း...တစ်ခန်းရပ်ပြီးတဲ့နောက် လောကလူ့ဘုံမှာ အစိုးရဝန်ထမ်းဘဝ ကပြခဲ့စဉ်ကာလမှာဖြစ်ပါတယ်....။
နှစ်ဆယ့်လေးနာရီပတ်လုံး အလုပ်လုပ်ရတဲ့စခန်း၊လျှပ်စစ်မီး ပျက်လို့မရတဲ့ ဌာနမို့ လျှပ်စစ်သမား၊EPတွေက
အလှည့်နဲ့ တာဝန်ယူရပါတယ်...။EP သမားတွေတင်မက အခြားသောဝန်ထမ်းတွေပါ နေ့၊ည မပျက်တာဝန်ထမ်း
ကြရတာပါ...။အမျိုးသမီးဝန်ထမ်းတွေလည်း ညအချိန်တာဝန်ယူရပေမယ့် အချင်းချင်း မောင်နှမရင်းပမာ စောင့်
ရှောက်ကြစမြဲပါပဲ...။လူငယ်လူရွယ်အများစုမို့ နှလုံးသားချင်းနီးစပ်သွားကြသူတွေလည်း ရှိကြပါတယ်...။

သို့ပေမယ် လှိုင်ရောက်မလာခင်အထိ ကျွန်တော့်စိတ်အစဉ်မှာ အရိပ်အထင်ဆိုတာမရှိခဲ့ပါဘူး...။သောက်တတ်၊
စားတတ်ပြီဖြစ်လို့ အဲဒီအချိန်က ကျွန်တော့်အတွက်အဖော်ဆိုတာ ဂရင်းရွိုင်ရယ် ကိုပြောတာဆိုရင်လည်းမမှား
ပါဘူး...။လှိုင်...ရောက်လာခါစမှာလည်း ကျွန်တော်အတွက် ထူးမခြားနားဇာတ်ပါပဲလေ....။တစ်မြို့တည်းက ရုံး
တတ်ရသူချင်းလည်းဖြစ်၊ကိုယ့်အထက် အရာရှိက တာဝန်တစ်ရပ်ပေးအပ်ခြင်းခံရသူလည်းဖြစ်ပေတာမို့ ကူညီ
သင့်တာကူညီ၊စောင့်ရှောက်အပ်တာစောင်ရှောက်...။ဒီလိုနဲ့ ရင်းနှီးမှု ရေစီးကြောင်းက “စည်း”ဆိုတဲ့ ကမ်း ကို
တရိရိတိုက်စားလာခဲ့ပြီ....။

ကိုEP လို့ခေါ်တဲ့ စီနီယာအကိုတွေ၊လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းတွေ၊ညီမငယ်လေးတွေရဲ့ မထိတထိ “စ” စကား
အတွန်းအပို့၊ညညဆို ယစ်ရွေရည် ယမကာတန်ခိုးရဲ့ ကလိတိတိ “ရိ”စကား အမူပိုပို တွေရဲ့နောက်....၊တစ်ည
မှာတော့ ကျွန်တော့် ရင်ခွင်ထဲမယ် လှိုင့်ဆံစမှာ ပန်ခဲ့တဲ့ နှင်းဆီနီနီတစ်ပွင့်၊ဖျက်ခနဲကြွေခ၊သက်ဆင်းခဲ့ပါတယ်။

နှစ်ဆယ်ကျော်အစိတ်ပိုင်းအရွယ်တွေမို့ ပညာကုန်အရွယ်ရောက်ရုံမက၊အစွယ်ပါပေါက်နေတဲ့အချိန်....၊ဒီအချိန်
မှာ အချစ်ဆိုတာ ဟိုး...ငယ်ငယ်ကနဲ့မတူ၊တမူခြားနားတဲ့ရင်ခုန်မှုတစ်မျိုးလို့ နားလည်နေတဲ့အချိန်...၊အဲဒီအချိန်
မှာ ကျွန်တော် လှိုင့်ကို ချစ်တယ်ဆိုတဲ့ အချစ်ဟာ...နီရင့်ရင့် စုတ်ချက်ကြမ်းတစ်ခုရယ်ပါ....။

ဒီလိုနဲ့...မူမမှန်သံယောဇဉ်တွေရဲ့ ယိုင်နဲ့နဲ့ ချည်နှောင်မှုများက တစ်ဖြည်းဖြည်း ဆွေးကာ....မြေ့ကာ....။
မီးနဲ့ဝေးတဲ့ချိတ်ဆိုတာမာသွားတတ်စမြဲပဲလို့ စီနီယာ ကိုEP ပြောခဲ့တဲ့စကားတွေက စိမ်းကားပြတ်တောက်ခြင်း
ရဲ့ နိမိတ်ပုံများလေလား....၊ခရီးမိုင်ဝေးကွာခြင်းတွေက နှလုံးသားအစွန်းနှစ်ဘက်ကို ပြတ်ပြတ်သားသား ခြားနား
ခဲ့စေသလား....။နီရင့်ရင့် နှလုံးသားတစ်စုံကတော့ သာ၍ဝေးရာစီသို့......။

~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်နှောင်း......မှိုင်းညို့တိမ်


စင်ကာပူဆိုတာကျွန်တော့်အတွက်ငွေရှာရာအရပ်ဒေသတစ်ခုဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုနဲ့တင်လုံလောက်
နေမယ်လို့ ရောက်ခါစ ၂နှစ်လုံးလုံးယုံကြည်နေခဲ့ပါတယ်....။ဘာသာလည်း ရင့်ကျက်နေခဲ့ပြီ၊အနည်းဆုံးတော့
ရင့်ကျက်စပြုလာပြီလို့ မှတ်ထင်ထားခဲ့တာပါ....။ကိုယ်ကမစသည့်တိုင်အောင် နွယ်လာတတ်တဲ့ မျိုးတူ၊ဇာတ်ခြား
အပြားပြားကိုလည်း သင့်သလို ဥပက္ခာပြုနေတတ်ခဲ့တာပါပဲ...။အလုပ်ပြီးအလုပ်...၊အားတဲ့အချိန်မှာ ဝါသနာပါ
တာလေးလုပ်...၊အေးအေးကုတ်ကုတ် နဲ့ အချိန်တွေကို တဖြုတ်ဖြုတ်ခြွေချနေချိန်အခိုက်...။

ဒိတ်ကနဲ ရင်ခုန်သံအဆုံးမှာ အံသြမဆုံးဖြစ်ရတာက ကိုယ့်ဘာသာကိုယ် ရယ်ပါ....။
ဒါ...ဘာ ဘာလဲ....၊ဒါအချစ်လား......၊ဒါ.......?၊ဒါ.......?၊ကိုယ့်နှလုံးသားကို ကိုယ်ပြန်မေးခွန်းထုတ်ချိန်အဆုံးမှာ
ဝုန်းကနဲ အချက်ပေးသံတစ်ချက် မည်ဟည်းထွက်လာပါတယ်....။ဟင့်အင်း....နှလုံးသားက ညင်ညင်သာသာ
ခေါင်းခါပါတယ်.....။စိတ်ဆန္ဒအလိုဆိုတာ ငယ်ကလို လိုက်ရောအပ်တဲ့အရာမဟုတ်ဘူးလို့ ဘာသာဆုံးမနေဆဲ
အချိန်မှာ....၊ကျော်ဖြတ်ဖို့ရာမသင့်တဲ့ စည်းမျဉ်းငယ်ပါးပါးက ခြားနားနှင့်ခဲ့ပြီ....။

အချစ်ဆိုတာ ကိုယ့်အတွက်တော့ တစ်ရာသီစာနောက်ကျပြီးမှရောက်လာတဲ့ ဆောင်းဥတုပါ....ဟန်နီ.....။

အချစ်ကအချိန်နှောင်းခဲ့သည့်တိုင် အသိက အချိန်မနှောင်းခဲ့တာက ကျွန်တော့်အတွက်တော့သက်ပြင်းငွေ့ငွေ့
ချစရာ စိတ်သက်သာမှုတစ်ခုပါ...။ကျွန်တော်က ဟန်နီလို့တဖွဖွ ရေရွတ်နေသည့်တိုင် သူမကတော့ ဘာဆို
ဘာမှ မသိသွားတာကလည်း စိတ်ဖြေစရာ တစ်ခုအဖြစ်၇ှိနေမှာပါ....။နောင်တဆိုတာကို မရချင်တော့တဲ့နောက်၊
အလွမ်းတွေကိုပဲ တပွေ့တပိုက် သယ်ဆောင်ရတော့မှာပါလေ.....။ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ်..။
သူမ ဘာမှသိမသွားခဲ့တာတစ်ခုနဲ့တင် နှောင်းမှရောက်လာတဲ့ အချစ်ယောင် ရင်ခုန်သံတစ်ချက်ကို အလွမ်းတွေ
နဲ့ဖာတတ်၊ထေးတတ်ခဲ့ပါပြီ...။

ဟန်နီ.....၊သူမ နဲ့ပတ်သက်လာအမျှ....၊ကျွန်တော်အတွက်တော့ ရင်တစ်ခွင်လုံး မှိုင်းနေအောင်စွမ်းဆောင်နိုင်တဲ့
အလွမ်းညို တိမ်တစ်စရယ်ပါ....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ဆုံး....ပကတိအမှောင်


ရင်ထဲမှာ....၊နှလုံးသားတစ်ခွင်မှာ....တစ်ဖျက်ဖျက် ထင်ဟပ်လာတဲ့ အချစ်တွေအကြောင်း အနှေးရုပ်ရှင်တစ်ကား
လို ပြန်ခံစားကြည့်မိတော့ နု....ရာ.....မှ...ရင့်....၊ဖြူ....ရာ....မှ....မှိုင်း...လာတာကိုတွေ့ရပါတယ်...။သေသေချာချာ
ပြန်ခံစားလိုက်တဲ့အခါမယ်...၊ကျွန်တော်အချစ်ဆုံးတစ်ယောက်၊ကျွန်တော့်ရင်ထဲမှာ အမြဲမပြတ်ရပ်တည်နေတဲ့
တစ်ခုသောအချစ်ကို တေ့တေ့ဆိုင်ဆိုင်သွားတွေ့မိပါတယ်....။

အဲဒီတစ်ယောက်က......ကျွန်တော်ကိုယ်တိုင်ပါပဲ....။ဟုတ်ပါတယ်....။ဘဝမှာ ဘယ်သူတွေကို ဘယ်လောက်ပဲ
ချစ်ခဲ့ပါတယ်ပြောပြော၊ကျွန်တော့်ကိုယ် ကို ချစ်တဲ့အချစ်ကိုတော့မှီနိုင်ခဲ့ခြင်းမရှိပါဘူး....။အသက်တွေကြီးလာ
တာနှင့်အမျှ...၊အတ္တကလည်း ထွားသည်ထက်ထွားလာခဲ့ပါတယ်...။သေမှာကို ကြောက်သည်ထက်ကြောက်လာ
ခဲ့ပါတယ်....။တစ်နည်းအားဖြင့် ကျွန်တော့်အတ္တကောင်၊ကျွန်တော့်ဝိညဉ်လေးကို ချစ်တဲ့အချစ်က ထုနဲ့ထည်နဲ့ပါ။
ဘဝတဏှာဆိုတာ မထားအပ်တဲ့အရာဆိုတာ သိလာခဲ့တဲ့အချိန်မှာပဲ ဘဝကိုချစ်တဲ့အချစ်ကလည်း ပိန်းပိတ်
အောင်မှောင်လို့နေပါပြီ....။တစ်နည်းဆိုရသော်....ပကတိ အမှောင်.....။

15 comments:

နေ၀ဿန် said...

ဒါလေးကိုမနေ့ကတည်းက မန့်ချင်တာ..မန့်မရဘူးဖြစ်နေတာ... မိုက်တယ်.. ကိုယ်တွေ့တွေထင်တယ်...း)).. ဖတ်ရတာ ကြည်နူးသလိုလို..ပြီးတော့ စွံလည်းမစွံပါလား... ဟဟဟ

မောင်မျိုး said...

ချစ်စရာပို့စ်လေး ကြိုက်တယ် ဒါမျိုးလေးတွေ သိပ်ကြိုက်တာ ။ ရှင်ကြီးက မျက်နှာများတဲ့ မောင်ကြီးပေါ့လေး))

အချစ်က တစ်ခါခါတော့ ကိုယ်မမြင်နိုင်တဲ့ ရှု့ထောင့်ကနေ ဒိုင်းခနဲဝင်လာလိမ့်မယ်နော် သတိထား ။

ညိမ်းနိုင် said...

နေနေ>>>ချစ်ကိုယ်တွေ့...၊ချစ်ကိုယ်တွေ့...:)။မစွံတာကတော့ကွယ်....:((

မျိုးမျိုး>>>တစ်ညလုံးမအိပ်မနေရေးရကျိုးနပ်လိုက်တာ....၊ဒီလိုမြှောက်ပေး
လို့ကတော့.....:D။မျက်နှာများရပါဘူးဗျာ...၊တစ်သက်လုံးမှာမှ ရည်းစားလေး
နှစ်ယောက်နဲ့တစ်ပိုင်းထဲရယ်ပါ....။ခုတော့ ရှိတော့ဘူး...(ဒါက ကြော်ငြာ....:))
ဝင်လာစမ်းပါစေဗျာ...၊ဘယ်လိုရှုထောင့်ကလာလာ....၊ဝင်မလာလို့ကို ခက်နေ
တာ........:D

ကိုထွဋ် said...

သွားသွား မိုးယံဆီမှာ တစ်ယောက်ရှိတယ်..ဂေါ်မစွံလူပျိုကြီးရေ :P :D

...အလင်းစက်များ said...

ကိုထွဋ်ပြောတာ ဟုတ်တယ်.. ဟီးဟီး။

နောက်ဆုံးတော့ မောင်လေးဟာ ဂရမ်းရွိုင်ရယ် သမား ဖြစ်နေတာပါလား ကွယ်... ငါသိလိုက်ပါပြီ။ တကယ်ဆို ကရင်ပြည်နယ်မှာ ကထဲက မိုင်းနင်းပြီး ပြတ်သွားရင် စလုံးမှာ အမှိုက်တစ်စ တိုးလာမှာ မဟုတ်ဘူးနော်။ ၀မ်းနဲထှာကွာ။ :))))))))))

(မှတ်ပလား)

ညိမ်းနိုင် said...

ကိုထွဋ်>>>မိုးယံက သူတောင်လောက်ရဲ့လားမသိ..၊မေးတော့ကြည့်ရမယ်..:)

ကိုလတ်>>>နင်သာ ထိုင်းနယ်စပ်သွားတုန်းကပြတ်လာတာမဟုတ်လား....:)
နာက ဂရမ်းရွိုင်ရယ်...၊နင်က တောအရက်..။ကဲ...မှတ်ပလား....:))))))

ရဲထွန်းဇော် said...

များလိုက်တာ

jasmine(တောင်ကြီး) said...

ရုတ်တရက်မောင်စိန်ဝင်း(ပုတီးကုန်း)ထင်နေတာ
သေချာဖတ်တော့မှ....အော်...ဒီလိုကိုး
အရေးအသားကောင်းလိုက်တာနော်...

ညိမ်းနိုင် said...

ကိုရဲ>>>များပါဘူးဗျ...နှစ်ယောက်နဲ့တစ်ပိုင်း....:))
ခုဆိုလက်ကျန်တောင်မရှိတော့ဘူးးးးးး:D

jasmine>>>အောင်မလေး....ဆရာမောင်စိန်ဝင်းကြားရင်တော့ ဒီတစ်သက်
စာရေးဆရာ မလုပ်တော့ပါဘူး ဖြစ်သွားပါဦးမယ်ဗျာ...:)
ကျွန်တော်ငယ်ငယ်က မောင်စိန်ဝင်းကိုအသည်းစွဲဗျ..။သူ့ရေးဟန်ကို သိပ်ကြိုက်
တာ....၊ဆိုတော့ မောင်စိန်ဝင်းဟန်တွေလွှမ်းနေတာပေါ့ဗျာ...။

Nyi Linn Thit said...

ဒီပို့စ်လေးကို ဟိုတနေ့ကတည်းက လာဖတ်ဖို့ ကြိုးစားနေတာ..၊ ဘလော့စပေါ့ ဒေါင်းနေတာနဲ့ ကြုံသွားလို့ ဝင်မရတာနဲ့ အခုမှ ထပ်လာခဲ့တာ၊ လာရကျိုးနပ်တယ်ဗျို့၊ တော်တော်ကြိုက်တယ်၊ ဘယ်သူနဲ့ တူပါလိမ့်လို့.. နောက်မှ စာရေးသူကိုယ်တိုင် ပြောထားတဲ့ မောင်စိန်ဝင်းရဲ့ အတို့အထိမျိုး တွေနဲ့ လန်းနေတာကိုး..၊း) ဖြတ်သန်းရာ အကန့်အလိုက် အရောင်တွေ အများကြီးလည်း မြင်လိုက်ရ တယ်၊ နမိတ်ပုံတွေ ဝေဝေဆာဆာနဲ့ အုံ့ဖွဲ့မှိုင်းဝေလို့..၊ များများ ဆက်ရေးပါဦး။

ညိမ်းနိုင် said...

ကိုညီလင်းသစ်>>>အဲ့လောက်သိပ်မမြှောက်နဲ့လေ...အစ်ကို..။ဆရာမောင်စိန်
ဝင်း ရဲ့ဟန်တွေကိုသိပ်ကြိုက်ခဲ့တာ...။ကျွန်တော်ရေးချင်တာလည်း အဲ့လိုမျိုးပဲ။
မြှောက်ပေးတဲ့သူတွေရှိလို့ကတော့...ဟင်း...ဟင်း....:)))

ဖိုးကြယ် said...

၃၃ အထီးကျန်ဆန်လွန်းတယ်....လုပ်ပါဦးစင်ကာပူက မပြန်ခင် :P :P

ခင်တဲ့ ( ဖိုးကြယ် )

ညိမ်းနိုင် said...

ဖိုးကြယ်လေး>>>အဆင်း ဘီးတပ်ပေးတာပေါ့လေ...၊အေးဆေးနေတာမမြင်
ချင်တော့ဘူးထင်တယ်.....:D

စော(အဝါရောင်မြေ) said...

နှစ်ယောက်နဲ့  နှစ်ပိုင်းမှာ ဒိုင်းစားတာက ကိုယ်တိုင် ဖြစ်နေတယ်။ အခန်းဆက် ဝတ္ထူကြနေတာပဲ။ ဒါပေမယ့် ဖူစာဆိုတာ ဦးရာလူပဲ ဖြစ်မယ်ထင်ပါတယ်။

chocothazin said...

အချစ်တွေအကြောင်းရေးထားတာ တအားဖတ်လို့ ကောင်းတယ်။