Sunday, May 22, 2011

အိမ်

အိမ်......

စကားလုံးလေးကတစ်လုံးထဲရယ်....။သို့ပေမယ့်အဲ့ဒီစကားလုံးတစ်လုံးထဲမှာပဲအဓိပ္ပါယ်တွေက ပြည့်လို့ပါ။
စင်ကာပူမှာ အိမ်ဈေးတွေကြီးတာနှင့်ပတ်သက်ပြီး မေးခွန်းထုတ်တော့ ဆိုင်ရာအရာရှိက “ကျွန်တော်တို့ ဆောက်
ပေးတာ House မဟုတ်ပါဘူး.....Home ပါ...” ဟုဖြေခဲ့တာကိုဖတ်ခဲ့မိပါသည်....။House နှင့်Homeဘာကွာသလဲ
ကျွန်တော်မသိပါ...။ကျွန်တော်သိသည်က အိမ်ဆိုသည့်စကားလုံးလေးသည် ကျွန်တော့်ကို စိတ်ဆင်းရဲမှုများစွာ၊
သိမ်ငယ်မှုများစွာ၊စိတ်ဒဏ်များစွာတို့နှင့်အတူ လုံခြုံမှု၊နွေးထွေးမှု၊စိတ်ချမ်းမြေ့မှု များကို ပေးခဲ့သည့် စကားလုံး
သာ....။

လူတစ်ယောက်သို့မိသားစုတစ်စုအတွက်အိမ်ဘယ်နှစ်လုံးလိုအပ်ပါသနည်း....။ကျွန်တော်တို့အတွက်၊အတိအကျ
ဆိုရသော်....၊ကျွန်တော်တို့မိသားစုအတွက် အိမ်လေးတစ်လုံးသာလိုအပ်ပါသည်....။နှစ်ပေါင်းများစွာမက်ခဲ့သည့်
ကျွန်တော်တို့အိပ်မက်ထဲတွင်လည်း....ကျွန်တော်တို့တောင့်တမိသည့် အိမ်ကလေးသည် သာမန်ပျဉ်ထောင်အိမ်
ကလေးတစ်လုံးသာပါ...။မှန်ပါသည်....။ကျွန်တော်တို့ အကြိမ်မရေမတွက်နိုင်အောင် အိပ်မက် မက်ခဲ့မိပါသည်။
ကျွန်တော်တို့မမွေးခင်ကတည်းက၊ကျွန်တော်တို့ သိတတ်သည့်အရွယ်မရောက်ခင်ကတည်းက ဖေဖေနှင့် မေမေ
တို့ အိမ်ကလေးတစ်လုံးကို အိပ်မက် မက်ခဲ့သည်။ကျွန်တော်တို့ သိနားလည်သည့်အရွယ်ရောက်တော့လည်း
ဖေဖေ၊မေမေ တို့နှင့်အတူ အဆိုပါအိပ်မက်ကိုပဲ ထပ်တလဲလဲမက်ခဲ့မိသည်....။

မြန်မာနိုင်ငံရှိ မိသားစုတစ်ခုတွင်ယေဘုယျအားဖြင့် နေစရာအိမ်တစ်လုံးတော့ရှိကြသည်သာပင်....။ငှားနေသည့်
အိမ်ဖြစ်ကောင်းဖြစ်မည်....၊မိဘ၊ဆွေမျိုးသားချင်း ထံ ကပ်နေသည့်အိမ် ဖြစ်ချင်ဖြစ်နေမည်...၊ယုတ်စွအဆုံး....
သူများ အိမ်ခြံဝန်းအတွင်း အဖီလေးချနေသည့်အိမ်လည်းဖြစ်နေနိုင်ပါသည်.....။မည်သို့ပင်ဖြစ်စေ.....၊အိမ်ဟု
ပြောစရာတစ်ခုခုတော့ရှိကြသည်ပင်....။သို့သော်.....အဆိုပါအိမ်သည် ကျွန်တော်တို့ကို “ အိမ် ” အရသာကို ပေး
စွမ်းနိုင်ပါသည်လား....။


ကျွန်တော်မွေးစမှ ၂နှစ်သားအထိနေခဲ့သောအိမ်သည် တရုတ်အဖိုးအဖွားလင်မယား၏အိမ်အပေါ်ထပ်ဟုသိခဲ့ပါ
သည်...။အရွယ်ရောက်လာသောအခါအဆိုပါအိမ်ကို ကျွန်တော် အကြိမ်ပေါင်းများစွာ လမ်းပေါ်မှမော်ကြည့်ခဲ့မိ
ပါသည်....။သို့သော်...ကျွန်တော် အိမ်အကြောင်းစဉ်းစားမိသည့်အကြိမ်တိုင်းတွင် အဆိုပါအိမ်ကို စိတ်ကူးပုံရိပ်
တွင် ပုံဖော်၍မရနိုင်ခဲ့ပါ...။ဘယ်နံရောအခါကမှလည်း စွဲစွဲလမ်းလမ်းမရှိခဲ့ပါ..။ကျွန်တော်နေထိုင်ခဲ့သည့်အချိန်
က ငယ်ရွယ်လွန်း၍ဖြစ်နိုင်သလို သူများအိမ်ဆိုသည့် အသိက ကျွန်တော့်ကို စွဲလမ်းတမ်းတမှုမဖြစ်စေနိုင်ခဲ့ခြင်း
လည်းဖြစ်နိုင်ပါသည်.....။

ကျွန်တော် ၂နှစ်သားအရွယ်နောက်ပိုင်း နေခဲ့သည့်အိမ်ကတော့ ကျွန်တော့်ဘဝတွင်တစ်သက်မမေ့နိုင်စရာပင်။
သို့သော်...ပျော်ရွင်ကြည်နူးဖွယ်ရာ....တော့မဟုတ်ခဲ့ပါ။စိတ်ညစ်ညူးမှုများစွာ၊စိတ်ဒဏ်ရာများစွာ၊စိတ်ပျက်
အားငယ်မှုများစွာနှင့် မေ့ မရခဲ့သည့်အိမ်လေးပါပင်....။ထိုစဉ်က ကျွန်တော်တို့တွင် အိမ်တလုံးရရှိခဲ့ပါသည်။
အိမ်ငှားအဖြစ်မဟုတ်ပါ။ကိုယ်ပိုင်လည်းမဟုတ်ခဲ့ပါ...။မိဘဆွေမျိုးများထံတွင် ကပ်နေခဲ့ရသည်လည်းမဟုတ်ခဲ့
ပါ....။အစိုးရဝန်ထမ်းဖြစ်သည့် ဖေဖေ့အတွက် ရရှိခဲ့သည့် ဝန်ထမ်းအိမ်ယာထဲမှ ၂ခန်းတွဲအိမ်တစ်ခုသာ.....။

သာမန်ရုံးဝန်ထမ်းသာဖြစ်သည့် ဖေဖေအတွက်ရရှိခဲ့သည့်အိမ်သည် ဓနိမိုး၊ထရံကာ...အိမ်လေးရယ်ပါ...။ပြောစ
ရာဆိုလို့ ခေါင်းရင်းတွင် မြေပိုလေးပါရှိနေသည်သာ....။အဆိုပါမြေပိုလေးတွင် ကျွန်တော်တို့မိသားစုတစ်တွေ
နွားမွေး၊ဝက်မွေး၊ဘူး၊ဖရုံလေးများစိုက်ရင်း ရိုးရိုးကုတ်ကုတ်နေခဲ့ပါသည်....။တစ်နိုင်တစ်ပိုင် စိုက်ပျိုး၊မွေးမြူရေး
လေးလုပ်ကိုင်ခဲ့သောကြောင့် မချမ်းသာသည့်တိုင် ဘဝတူဝန်ထမ်းများကြားတွင် ချောင်ချောင်လည်လည်ရှိခဲ့
သည်ဟုဆိုနိုင်သည်သာ....။

တစ်နေ့တွင် ကျွန်တော်သည်...ကျွန်တော့် ဂေါ်လီလုံးလေး အိမ်အောက်သို့ဝင်သွားသောကြောင့် ဝင်ကောက်ခဲ့
သည်.....။ကျွန်တော်ကောက်ယူခဲ့မိသည့်ဂေါ်လီလုံးလေးသည် ကျွန်တော့ဂေါ်လီလုံးလေးမဟုတ်ခဲ့...၊ထူးဆန်း
သောမြေတစ်မျိုးနှင့်လုံးထားသည့် မြေလုံးလေးပါ...။အဲ့ဒီမြေလုံးလေးနှင့်ကျွန်တော်ဂေါ်လီရိုက်သည့်အခါ
အလွယ်တကူပင်ကွဲကြေသွားပါသည်....။ထူးဆန်းသည်မှာ ထိုဂေါ်လီလုံးလေးအတွင်းမှ မိုင်းကိုင်စက္ကူစလေး
တစ်ခုထွက်လာခြင်းပင်...၊အကွက်လေးများချ၍ အက္ခရာစာလုံးလေးများထည့်သွင်းထားသော အဆိုပါစာရွက်
လေးကို ကျွန်တော်တို့ကလေးတွေနားမလည်ခဲ့ပါ...။ထို့ကြောင့် မေမေ့ကိုပြကြည့်သောအခါ မေမေ့မျက်နှာ
ကွက်ကနဲ ပျက်သွားခဲ့ပါသည်...။ကျွန်တော်တို့အိမ်အောက်မှရခဲ့သည်ကို သိသောအခါ မေမေ့မှာ အိနြေ္ဒပင်
မဆောင်နိုင်တော့ပါချေ....။

နောက်ပိုင်းတွင်တော့ မေမေနှင့် ခြေရင်းခန်းမှ အမ်တီကြီးတို့ အကြီးအကျယ်စကားများခဲ့ပါတော့သည်....။
ကျွန်တော်တို့ နေထိုင်ရသည်မှာလည်း မလုံခြုံတော့သလိုခံစားလာခဲ့ရသည်...။ကိုယ့်ဝန်း ကိုယ့်ခြံလေးနှင့်နေရ
လျှင်ယခုကဲ့သို့အဖြစ်မျိုးမဖြစ်နိုင်ဟူသောအတွေးက အဆိုပါနှစ်ခန်းတွဲအိမ်လေးကို မုန်းတီးမိစေဖို့ သွေးထိုးပေး
သကဲ့သို့ပင်...။ယခင်က အိမ်အမိုးမိုးလျှင် နှစ်ခန်းအတူပေါင်း၍ အတူမိုးခဲ့သည်သာ...။ထို့အတွက် တစ်ဦးနှင့်
တစ်ဦး တွက်ကပ်သည်ဟုမရှိခဲ့ပါ....။ထိုအဖြစ်အပျက်များဖြစ်ပွားပြီးနောက် မိမိတို့အိမ်ခန်းကို မိမိတို့ဘာသာ
မိုးကြပါတော့သည်...။ထို့အတွက်အကျိုးဆက်က နှစ်ခန်းအဆက်မှ မိုးယိုခြင်းပင်...။ကျွန်တော်တို့အိမ်လေးတွင်
ပျော်ရွင်ခြင်းက တဖြည်းဖြည်းဆိတ်သုန်းလာခဲ့ပါပြီ...။

ကျွန်တော်လေးတန်းနှစ်တွင်ဖြစ်ပါသည်...။ကျွန်တော့်အတန်းဖော်သူငယ်ချင်းက အိမ်လိုက်လည်ချင်သည်ဆိုသ
ဖြင့် ကျောင်းအပြန် ကျွန်တော် သူ့ကို အိမ်ခေါ်လာခဲ့ပါသည်...။ရုံးဝင်းအတွင်းဝင်ရောက်လာခဲ့ကြပြီး ကျွန်တော်
တို့အိမ်လေးကို “ ဒါ ငါတို့အိမ်ပဲကွ....”ဟု ကျွန်တော့်သူငယ်ချင်းလေးကိုပြလိုက်သောအချိန်တွင် ကျွန်တော့်
သူငယ်ချင်းလေး၏ဖြစ်သွားသောမျက်နှာအမူအယာကို ကျွန်တော် ခုချိန်ထိမမေ့နိုင်ခဲ့ပါ....။“...ဟင်..ဒါ မင်းတို့
အိမ်လား...”ဟူရေရွတ်လိုက်သောသူ့မျက်နှာတွင် အံသြ၊မယုံနိုင်မှု၊မင့်အိမ်က စုတ်လှပါလား ဟူသော အမြင် တို့
ကို ကလေးပီပီ မဖုံးကွယ်နိုင်ခဲ့ပါ...။ချမ်းသာသောမိဘမှပေါက်ဖွားလာသောကလေးတစ်ဦးတွင် သူ၏သူငယ်ချင်း
တွင် စုတ်ချာသောအိမ်ရှိနေလိမ့်မည်ဆိုသောမျှော်လင့်မှုမျိုးရှိမနေခဲ့သည်မှာအဆိုပါအရွယ်က ရိုးရှင်းလှကြောင်း
ကျွန်တော်ကြီးပြင်းလာမှသိလာခဲ့ပါသည်....။သို့သော် ငယ်ရွယ်နုနယ်သောကလေးငယ်ဘဝတွင်မူ အဆိုပါကိစ္စ
ရပ်လေးတစ်ခုသည် စိတ်တွင်ကြီးစွာသောဒဏ်ကိုမူပေးစွမ်းနိုင်ခဲ့သည်သာ....။ထိုနေ့မှစ၍ ကျွန်တော် မည်သည့်
သူငယ်ချင်းကိုမှ အိမ်လည်မခေါ်တော့ပါ...။ကျွန်တော့်စိတ်ထဲတွင် ကျွန်တော်နေ နေသည့် အိမ်ခန်းလေးကို
မုန်းတီးနာကျည်းမှုသည်လည်း ကောင်းစွာအမြစ်တွယ်သွားခဲ့ပါပြီ.....။

ကံကြမ္မာကား လှလှပပကြီး နောက်ပြောင်တတ်ပါသည်...။ကျွန်တော်မုန်းတီးသောအိမ်ခန်းလေးတွင် ကျွန်တော်
တို့မိသာစု ကြာရှည်လေးမြင့်စွာနေထိုင်ခဲ့ရပါသည်...။အဆိုပါအိမ်ခန်းလေးတွင်နေထိုင်ရင်း ကျွန်တော်ဆယ်တန်း
အောင်ခဲ့ပါသည်..။ထိုအိမ်လေးမှနေ၍ ကျွန်တော် တက္ကသိုလ်များ လှိုင်နယ်မြေသို့ အသွားအပြန်ကျောင်းတက်
ခဲ့ပါသည်....။ထိုအိမ်ကလေးမှပင် ရုံးတက်၊ရုံးဆင်းလုပ်ခဲ့ရသည့် ဝန်ထမ်းဘဝကိုဖြတ်သန်းခဲ့ပါသည်...။ထိုအိမ်
လေးမှပင် ကျွန်တော်ဆိုင်ကလေးသို့ မနက်သွား၊ညနေပြန်လုပ်ခဲ့ရသည်...။ထိုအိမ်လေးတွင်နေထိုင်ကြီးပြင်းရင်း
ကျွန်တော်တို့ ကိုယ်ပိုင်အိမ်လှလှလေးတစ်လုံးကို အိပ်မက် မက်ခဲ့ကြပါသည်....။

ကျွန်တော် ငါးတန်းနှစ်တွင် ဖေဖေတို့ ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်ဖြစ်ခဲ့ပါသည်....။ဖေဖေ၊မေမေတို့ စိုက်ပျိုး၊
မွေးမြူရေးလုပ်၍ရလာသောငွေစကြေးစလေးများကို ရွေတိုရွေစလေးများအဖြစ် စုဆောင်းထားခဲ့သည်...။အဆို
ရွေကလေးများကို ချမ်းသာသော ဖေဖေ့အစ်မထံပေါင်နှံခဲ့ရသည်...။သို့တိုင်အောင် အိမ်လေးတစ်လုံးဝယ်
လောက်အောင်မပြည့်တတ်ခဲ့ပါ...။ထို့အတွက် ဖေဖေ့အစ်မကြီးမှပင် စိုက်ထုတ်ဝယ်ယူပေးခဲ့ရပါသည်...။
သို့နှင့် ကျွန်တော်တို့မိသားစုတွင် အိမ်ပိုင်လေးရှိလာပါပြီ...။ပေခြောက်ဆယ်ပတ်လည်မြေလေးအတွင်းမှ သွပ်မိုး
ထရံကာအိမ်လေးက အကောင်းကြီးမဟုတ်သည့်တိုင် ကျွန်တော်တို့အတွက်တော့ နတ်ဘုံနတ်နန်းတစ်ခုသာ...။
ထိုအိမ်လေးတွင် အိပ်ခန်းနှစ်ခန်းပါရာ....၊တစ်ခန်းက ဖေဖေ၊မေမေတို့အိပ်ခန်း၊ခြေရင်းခန်းက မမအခန်း၊ကျွန်
တော်ကတော့ ဘုရားခန်းတွင်အိပ်မည်...၊စသည်ဖြင့် စီမံကိန်းချ၍ပျော်ရွင်ကြည်နူးခဲ့မိသည်..။ကျွန်တော့်အတွက်
ဘယ်နေရာအိပ်ရ၊အိပ်ရအရေးမကြီးပါ...။သူငယ်ချင်းများကို ဒါ..ငါတို့အိမ် ဟုပြောနိုင်ခဲ့လျှင်ပင်ကျေနပ်မဆုံး....။

ရုံးနှင့်အလှမ်းဝေးကွာသည့်မြို့စွန်တွင်ရှိသည်မို့ လတ်တလောပြောင်းနေဖို့ရာ ကျွန်တော်တို့ကို အခွင့်မသာခဲ့ပါ။
နောက်နောင်တွင်လည်း ကျွန်တော်တို့မိသားစု အဆိုပါအိမ်လေးတွင် ဘယ်နံရောခါမှ နေခွင့်ကိုလည်း ကံကြမ္မာ
ကမပေးခဲ့ပါချေ...။အဆိုပါအိမ်လေးဝယ်ယူပြီး တစ်နှစ်ကျော်အကြာ ပြည်သူအများ၏အသက်၊အိုးအိမ်၊စည်း
စိမ်၊လုံခြုံရေးအလို့ငှာ နိုင်ငံတော်အစိုးရတစ်ရပ်မှ နိုင်ငံတော်အာဏာကိုရယူခဲ့ပါသည်...။ထိုအစိုးရတက်လာ
သည်နှင့် ကျွန်တော်တို့အိမ်လေးတည်ရှိရာရပ်ကွက်လေးကို တပ်မြေအဖြစ်သတ်မှတ်လိုက်ပါတော့သည်....။

အိမ်များကို ဘယ်နှစ်လအတွင်းအပြီးဖျက်ပေးရမည်ဆိုသော အမိန့်တစ်ရပ်က ကျွန်တော်တို့မိသားစုတစ်ခုလုံး၏
နှလုံးအိမ်ကို ကွဲအက်ကြေကွဲသွားစေခဲ့သည်ကို အဆိုပါအမိန့်ထုတ်သူများသိလိမ့်မည်မထင်ပါ...။ထိုအချိန်တွင်
အိမ်ဖိုးအကြွေးများမကြေသေးပါ...။နောက်ဆုံးပေါင်နှံထားသောရွေကလေးများ ကျွန်တော်တို့ ဘယ်သောအခါမှ
မမြင်ခဲ့ရတော့ပါ...။ငွေကားပြန်ရှာလို့ရနိုင်ပါသည်...။ထိခိုက်ခဲ့ရသောစိတ်များကား...အဘယ်သောအချိန်မှာမှ
အကောင်းအတိုင်းပြန်မဖြစ်လာခဲ့တော့ပါ....။ထိုအိမ်လေးတွင် ကျွန်တော် နာရီပိုင်းထက်ပို၍မနေခဲ့ရပါ....။
သို့သော် ပြန်စဉ်းစားလိုက်တိုင်း အဆိုပါအိမ်လေး၏ပုံစံကား....ကျွန်တော့်နှလုံးအိမ်တွင် လျှင်လျှင်မြန်မြန် အရိပ်
ထင်လာစမြဲ....၊အံသြဖွယ်ရာကောင်းသည်မှာ အဆိုပါမြေများသည် တပ်ပိုင်မြေဖြစ်သည်ဆိုသော်ငြား...ယခု
ထက်တိုင် ခြုံနွယ်ပိတ်ပေါင်းတို့နှင့်ပြည့်နှက်လျှက်....၊တပ်မှလည်း ဘယ်ကဲ့သို့မျှအသုံးမချခဲ့ပေပါတကား.....။

ကျွန်တော်တို့မနေခဲ့ရသော၊ကျွန်တော်တို့ချွေးများနှင့်တည်ဆောက်ခဲ့ရသော ထိုအိမ်ကလေး အပြီးပိုင်ကွယ်
ပျောက်သွားခဲ့သော်လည်း ကျွန်တော်တို့၏ အိမ် အိပ်မက်ကတော့ ကွယ်ပျောက်မသွားခဲ့ပါ...။မနေချင်သော
အိမ်လေးတွင်နေရင်း မိသားစုတွေ ပြန်လည်တည်ထောင်ခဲ့သည်...။စုခဲ့ဆောင်းခဲ့ရသည်...။ရှာခဲ့ဖွေခဲ့ပါသည်။
စေတနာကြီးမားစွာဖြင့် နိုင်ငံတော်မှအစားပြန်လည်ပေးသောမြေနေရာမှာ မိုးတွင်းတွင် လြှေဖင့်သွားရသည့်
နေရာဖြစ်နေသည်မို့ ရသည့်ဈေးနှင့်ပြန်ရောင်းခဲ့သည်...။သင့်တင့်သည့်နေရာတွင် မြေလေးပြန်ဝယ်ခဲ့ရသည်...။
သို့သော်....အိမ်ကလေးကား ဘယ်ဆီနေမှန်းမသိနိုင်ကြသေး..။

၂၀၀၆ခုနှစ်...၊ဧပြီလ...၊နေသာသောနေ့တစ်နေ့တွင် ကျွန်တော်...၊မိတ်ဆွေနှစ်ဦးနှင့်အတူ ပဲခိုးရိုးမအခြေရှိ ရွာ
တစ်ရွာသို့ရောက်နေခဲ့သည်...။အကြောင်းကတော့ အိမ်ဟောင်းဝယ်ဖို့ပင်...။အစစဈေးကြီးလှသော ယခုခေတ်
တွင် အိမ်သစ်တစ်လုံးဆောက်ဖို့ဆိုတာ စိတ်ကူးအိပ်မက်ပင်ရဲရဲမမက်နိုင်ခဲ့ပါ....။လိုချင်လှသောအိမ်လေးတစ်လုံး
အတွက် ကျွန်တော်တို့ အလှမ်းအကျယ်ရဲပါ...။သို့ကြောင့် အိမ်ဟောင်းရှာပြီးပြန်ဆောက်ရန်အလို့ငှာ သစ်ဝါးပေါ
သောပဲခူးရိုးမအခြေရွာလေးသို့ရောက်နေခြင်းရယ်ပါ...။လေးပင်သုံးခန်း...၊ခြေတံရှည်၊သွပ်မိုးအိမ်လေးကား..
ကျွန်တော်လိုချင်နေသောပုံစံ၊ကျွန်တော်နိုင်သောဈေးပင်...။သို့နှင့်စရံသတ်....၊လာရောက်ဖျက်ယူမည့်ရက်
သတ်မှတ်ပြီးပြန်လာခဲ့သည်...။

လာရောက်ဖျက်ယူသည့်နေ့တွင် ကျွန်တော်က ပျော်ရွင်တတ်ကြွနေသလောက်၊ပိုင်ရှင် အဖိုးအဖွားလင်မယား
ကား မျက်နှာမကောင်းရှာ...။သူတို့ကား သူတို့သားနှင့်အတူမြို့ပေါ်လိုက်နေတော့မည်ဖြစ်သဖြင့်သာ အိမ်လေး
ကိုရောင်းလိုက်ရခြင်းဖြစ်ကြောင်းပြောပြရှာသည်...။ကိုယ်ချင်းစာစိတ်ဖြင့် ကျွန်တော့်ရင်တွေလေးလံမှိုင်းမှုန်
သွားခဲ့ရသည်....။ကြည်ကြည်ဖြူဖြူ လက်လွတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်သည့်တိုင် နှစ်ပေါင်းများစွာနေခဲ့သောအိမ်
လေးတစ်အိမ်ကို မည်သူမဆို လွမ်းမောကြေကွဲနေကြမည်သာ....။

ပျဉ်းကတိုးနှင့် အခြားသစ်မာများရောစပ်ဆောက်ထားသည့် နှစ်များစွာကြာနေသည့် အိမ်ဟောင်းဖြစ်နေသည့်
တိုင် သယ်ယူရာလမ်းတစ်လျှောက် အစစ်အဆေး၊အပေးအကမ်းများက စာဖွဲ့၍မကုန်နိုင်...။ကျွန်တော်တို့
ကားကို ဓာတ်မီးတစ်ဝင့်ဝင့်ဖြင့် သေသေချာချာကြပ်မတ်စစ်ဆေးနေချိန်တွင်၊တာလပတ်အမည်းစဖြင့်ဖုံးအုပ်
ထားသောကားများ၊အလုံးလိုက်ပေါ်တင် တင်ထားသောကားများကမူ...ဝေါကနဲ...ဝေါကနဲ....။ရှေ့ပြေး လမ်း
ကြောင်းရှင်းကားမှ အထုတ်လိုက်ပေးပြီးသွားပြီကိုး...။

သို့နှင့်ကျွန်တော်တို့မိသားစုနှစ်ပေါင်းများစွာမက်ခဲ့သောအိမ်မက်လေးကား.....အကောင်အထည်ပေါ်လာခဲ့ပြီ။
သွပ်မိုး၊ပျဉ်ခင်း၊ရှာထိုးလေးများကာထားသည့် မော်လမြိုင်ခေါင်ဟုခေါ်ကြသည့် ခေါင်ကန့်လန့်၊ဝရန်တာလေး
နှင့်အိမ်ကလေးကား....ကျွန်တော်တို့တစ်သက်တာမက်ခဲ့သည့် အိပ်မက်လေးပင်...။အိမ်သစ်တက်မင်္ဂလာကျင်း
ပသည့်နေ့တွင် ဖေဖေ့အပြုံး၊မေမေ့အပျော်၊အစ်မ၏ကြည်နူးမှုများက သူတို့မျက်နှာတွင် အထင်းသား.....။
ကျွန်တော်ကရော....ကျွန်တော့်အပျော်၊ကျွန်တော့်ကြည်နူးမှုကိုတော့ ဘယ်သူကမှလိုက်မှီမည်မထင်...။
ကိုယ်မက်သည့်အိပ်မက်ကို ကိုယ်တိုင်အကောင်အထည်ဖော်နိုင်ခဲ့သူတစ်ယောက်၏စိတ်ခံစားချက်၊နှစ်ပေါင်း
များစွာက ရင်၌ဖြစ်တည်ခဲ့သည့် စိတ်ဒဏ်ကို ကိုယ်တိုင်သွေးချွေးနှင့် ဖြေလျော့နိုင်ခဲ့သည့် စိတ်ကြည်နူးမှု...။
ဤခံစားချက်ကို အဘယ်သောအရာက လိုက်၍မှီနိုင်ပါ့မည်နည်း...။အခုချိန်မှာဖြင့် ကျွန်တော့်သူငယ်ချင်းများ
ကို ရဲရဲဝံဝံ အိမ်လည်ခေါ်နိုင်ခဲ့ပြီ....။ဒါငါ့အိမ်လေ...၊ငါကိုယ်တိုင်ဆောက်ခဲ့တဲ့အိမ်လေးပေါ့လို့ ဝံဝံကြွားကြွားပြော
နိုင်ခဲ့ပါပြီ...။


သို့သော်....ကံကြမ္နာကား...ကျွန်တော်တို့မိသားစုကို နောက်ပြောင်လို့ကောင်းတုန်း...။အိမ်သစ်လေးသို့ပြောင်း
ပြီးတစ်နှစ်အကြာ အစ်မဖြစ်သူမှာ ယောင်နောက်ဆံထုံးပါသွာခဲ့ပြီ....။သူ့မိသားစုနှင့်အတူ သူ့ကိုယ်ပိုင် “ အိမ် ”
အိပ်မက်လေးတစ်ခုကို ခုချိန်မှာ အသစ်တစ်ဖန်ပြန်မက်နေပြီ...။ကျွန်တော်ကရော.......၊ကျွန်တော်ချစ်သော
မိသားစု၊ကျွန်တော်ချစ်သောအိမ်လေးနှင့်ဝေးရာသို့ ရောက်နေခဲ့ရပြီ....။ခုချိန်မှာလည်း...ကျွန်တော်နှစ်ပေါင်း
များစွာမက်ခဲ့တဲ့ အိပ်မက်တစ်ခုကို ဆက်မက်နေရဆဲ...။ကျွန်တော့်အိပ်မက်တွေ ဘယ်တော့မှအမှန်တကယ်
ပြီးဆုံးခြင်းသို့ရောက်ပါ့မလဲ...၊ကျွန်တော်မသိနိုင်ခဲ့ပြီ....။သို့ပေမယ်....ကျွန်တော် အိပ်မက်တွေကို ဆက်မက်
မြဲ မက်နေမည်သာ....။အိပ်မက်တွေကိုလည်း တစ်ဆင့်ခြင်း၊တစ်လှမ်းခြင်း အကောင်အထည်ဖော်နေဦးမည်
သာ.........။

15 comments:

လရိပ်အိမ် said...

ကျွန်တော်မှာလဲ မက်နေရဆဲအိပ်မက်တစ်ခုရှိနေပါသေးတယ်။ အဲဒါကတော့ ကျွန်တော်ချစ်တဲ့မေမေရယ် ၊ ကိုကိုတို့လင်မယားနဲ့မိသားစုအတူနေဖြစ်ဖို့ရယ်ပေါ့။ ဘယ်တော့များမှဖြစ်လာမလဲမသိပါဘူး အကိုရာ။ အကို့ရဲ့အိပ်မက်တွေလဲအမြန်အကောင်ထည်ပေါ်ပါစေနော်။
လေးစားစွာဖြင့်
လရိပ်အိမ်

နေ၀ဿန် said...

အိမ်..အိမ်.. သိပ်ကိုအရေးကြီးတဲ့အိမ်.. ကိုမောင်လေးရဲ့စာကိုဖတ်ရင်းနဲ့ တကယ်ကို ခံစားရတယ်.... အတွေးတွေလည်း ပိုမိတယ်...


ခင်မင်လျက်
နေ၀ဿန်

Anonymous said...

လွမ်းသွားတယ်ဗျာ... ဖတ်နေရင်း အိမ်နဲ့ အမေါကို သတိရနေမိတယ်.. ကောင်းလိုက်တဲ့ စာလေးဗျာ..
N/A

မယ်မျှစ်(အီတလီ) said...

ကျနော် လဲလွမ်းသွားတယ်..ဘယ်တော့မှများ အိမ်ကိုပြန်ခွင့် ရမလဲဟင်....

ပုံ
မယ်မျှစ်
ခေတ္တ(အီတလီ)

ညိမ်းနိုင် said...

လရိပ်အိမ်>>>အိမ်ရဲ့အဝေးမှာရောက်နေသူတိုင်း မက်ကြတဲ့အိပ်မက်တွေပါပဲ
ဗျာ...၊ကျွန်တော်တို့ အိပ်မက်တွေ တစ်နေ့ အကောင်အထည်ပေါ်လာမှာပါ...။
အမြန်ဆုံးအကောင်အထည်ပေါ်လာဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်....။

နေနေ>>>အိမ်လွမ်းသူတွေချင်း ခံစားချက်တူကြတာကိုး...။

ကိုအန်အေ>>>အားပေးတာကျေးဇူးပါဗျာ...၊ကျွန်တော်လည်း အမေနဲ့အိမ်ကို
လွမ်းရင်းချရေးလိုက်တာဗျ...။

မယ်မျှစ်>>>ဟင်း....နင်လား လွမ်းမှာ....အီတလီမှာ အီစီကလီစီ နေရတာနဲ့
ဘယ်နားလွမ်းချိန်ရှိမှာမို့လို့တုန်း...၊မသိခက်မယ်...:D

မြစ်ကျိုးအင်း said...

စာဖတ်ရင်း ကိုယ့်ဘဝကို ပြန်မြင်မိတယ်။
ဘယ်တော့မှ ပြန်မတွေးချင်လောက်အောင် ဖြစ်မိတဲ့ အိမ်တလုံးမှာ လူပျိုပေါက်အရွယ်ထိ နေခဲ့ဖူးပါတယ်။
ဒီပို့စ်ထဲက အိမ်ထက် ပိုဆိုးပါတယ်။ ဒါကြောင့်လဲ အိမ်မက်တွေ လက်တွေ့ဖြစ်တဲ့နေ့ကို သတိတရ ရှိနေမိတာပေါ့။
ကိုယ်ပိုင်အိမ်တစ်လုံးကို အိပ်မက် မက်ခဲ့ရတာချင်းတူလို့ (ထဲထဲဝင်ဝင်) ကိုယ်ချင်းစာမိပါတယ်။

မောင်မျိုး said...

သိပ်ကောင်းတဲ့ ပို့စ်လေးပဲ အစ်ကိုရေ ။ ဒါပေမယ့် ခံစားလို့တော့မကောင်းဘူးနော် . ။ ညီလည်း ခပ်ဆင်ဆင် အဖြစ်မျိုးတွေ ရှိခဲ့ဖူးတယ် ဆိုင်ငှားနေရာလေးမှာ မြေနေရာပိုင်တဲ့သူတွေက ကိုယ်တွေကို အနိုင်ကျင့်ပြောဆိုလည်း စီးပွားရေးကြောင့် ဆိုင်နေ၇ာလေးက ကောင်းနေတော့ မပြောင်းရက်ပဲ သူများ အရိပ်အောက် ခိုနားခဲ့ရတာ ၁၀ နှစ်လောက်ရှိတယ် ။ ခလေးချင်းရန်ဖြစ်ရင်တော့ ပြန်မပြောရဲ့တဲ့ ဘ၀ ။

သူငယ်ချင်းတွေ လာလည်မယ်ဆို အိမ်လည်ခေါ်ဖို့ရှက်နေတယ် ။ အဲ့တုန်းက ကိုယ့်အိမ်ပိုင်လေးနဲ့ဆိုရင်တော့ အားရ ပါးရ လှိမ့်အိပ်ပစ်လိုက်အုံးမယ်ပေါ့ ။ ဒီပို့စ်လေးဖတ်ပြီး ကိုယ့်ရင်ထဲက ဆူးတစ်ချောင်းကိုလည်း ဆွဲနှုတ်မိသလိုဖြစ်သွားသေးတယ် ရေးပါအုံးမယ် အဲ့အတွက် ကျေးဇူးး)

နောက်ဆို မိသားစု ကိုယ်ပိုင်အိမ်လေး တည်ဆောက်ရတော့မှာပေါ့ ပျော်ရွှင်ပါစေလို့ ဆုတောင်းလျှက်ပါ ။

စော(အဝါရောင်မြေ) said...

အော် ကိုယ်ပြန်တဲ့ အချိန် မိဘတွေနှင့် နေနိုင်ရင် ကျေနပ်ရမှာပါပဲလေ။

ညိမ်းနိုင် said...

ကိုမြစ်>>>ကျွန်တော်တို့ အသက်အရွယ်ပိုင်းတွေ ကြုံတွေ့၊ခံစားရတာချင်းက
ယေဘုယျ အားဖြင့် သိပ်မကွာဘူးနဲ့တူတယ်ဗျနော်....။အိပ်မက်တွေ လက်တွေ့
အကောင်အထည်ဖော်နိုင်ခဲ့တယ်ဆိုလို့ ဝမ်းသာရပါတယ်....။

မောင်မျိုး>>>ညီရေ...ခံစားရတာတော့ တကယ်ကောင်းဘူးကွယ်...။
ရင်ဘက်ချင်းထပ်တူကြ တဲ့အခါ....အတိတ်က ဒဏ်ရာဟောင်းတွေ အသစ်ဖြစ်
သွားတယ်ထင်ရဲ့...။ဆော်တီးပါညီ...။ပို့စ်အသစ်လေး ဖတ်ရတော့မှာဆိုတော့
တနည်းတော့ ဝမ်းသာစရာ...၊မိသားစုအသစ်နဲ့ အိပ်မက်အသစ် မက်ဖို့ကတော့ကွယ်...ရှိပါစေတော့....:)။

အစ်မစော>>>ဟုတ်တယ်အစ်မ...၊ဖေဖေ၊မေမေ တို့ ကျမ်းမာပကတိ၊ချမ်း
သာစွာရှိဖို့ပဲ ဆုတောင်းနေရတယ်...။

မင်းဧရာ said...

အကိုနဲ့ ထပ်တူထပ်မျှပါပဲ ချွေးတွေသွေးတွေနဲ့ ဆောက်ပေးနှိုင်ခဲ့ပေမယ့်
ကျွန်တော်ကိုယ်တိုင်လည်း အိမ်နဲ့ဝေးနေစဲပါ။

ညီလင်းသစ် said...

ကိုညိမ်းနိုင်ရဲ့ အက်ဆေးဖတ်ရတာ ကုန်တင်ရထားတစ်စီး တလိမ့်ချင်း မောင်းသွားတာ ကြည့်ရသလိုပဲ၊ လေးလေးပင်ပင် မြဲမြဲမြံမြံနဲ့..၊ ပြီးတော့ လွမ်းမောစရာ..၊ ကျနော်တို့မိသားစုလည်း တခါမှ အိမ်လေးတစ်လုံး မပိုင်ခဲ့ဖူး ပါဘူး၊ ကျနော်အိမ်က ထွက်လာပြီးနောက်ပိုင်းမှ မိဘတွေမှာ အိမ်လေးတစ်လုံး ပိုင်နိုင်တော့တယ်၊ သူတို့အတွက် ဝမ်းသာပေမယ့် ကျနော့် အတွက်တော့ အိမ်မက် ဆက်မက်နေတုန်း...။

ညိမ်းနိုင် said...

မင်းဧရာ>>>အားတင်းထားဗျိုး....၊တစ်နေ့နေ့တော့ ကျွန်တော်တို့ချစ်တဲ့ အိမ်
ဆီပြန်ရောက်ကြမှာပါ...။

ကိုညီလင်းသစ်>>>အဟုတ်ပဲအကိုရေ...၊ရေးတုန်းကတော့ အက်ဆေးပဲ...။
ဖြစ်လာတာက အက်ဆေးတော့အက်ဆေး...ခြောက်တန်းကျောင်းသားလေး
ရေးတဲ့ အက်ဆေး....:)၊ကုန်ရထားတောင်မဟုတ်...၊သစ်လုံးတင်တဲ့ ရထားကြ
နေတာပဲ...၊ထိုးထိုးထောင်ထောင်၊မသပ်မရပ်၊အီလေးဆွဲလို့....:D
အစ်ကို အိပ်မက်တွေ အမြန်ဆုံးဖြစ်လာပါစေဗျာ...။

SHWE ZIN U said...

မောင်လေး ရေ

အခုမှ စာတွေ လိုက်ဖတ်နေရလို့ နောက်ကျသွားတယ် ထိထိခိုက်ခိုက် ခံစားရပါတယ် ချစ်တဲ့ မိသားစု နဲ့ ချစ်တဲ့ အိမ်လေး မှာ အမြန်ဆုံး နေနိုင်ခွင့် ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Anonymous said...

really can feel it..

baydinmaymae.blogspot.com

blackroze said...

အိမ်.....

ကျမလဲခုထိအိမ်ဆိုတဲ့ အိမ်မက်လေးတစ်ခုမက်
နေဆဲဘဲ...
ငြိမ်းချမ်းခြင်း...ပျော်ရွှင်ခြင်း...
ကြည်နူးခြင်းတွေ..နားလည်မှု့တွေနဲ့ပြီးပြည့်စုံ
နေမဲ့..အိမ်လေးတစ်အိမ်ကိုပေါ့...