Wednesday, May 18, 2011

အတွေးည....ကမ္ဘာ

စနေည.....၁၂နာရီ.....။

ရုပ်မြင်သံကြားစက်ကို ပိတ်လိုက်တယ်...။

ဖုံးထဲက ဆော့လက်စဂိမ်း ကိုပိတ်တယ်....။

ကွန်ပြူတာလေးထဲက ဖွင့်လက်စသီချင်းကိုလည်းပိတ်တယ်....။

နောက်ဆုံး....ဂလွိ....ဂလွိ....နဲ့မြည်နေတဲ့ အဲကွန်းကိုပါ ပိတ်လိုက်တယ်....။

တိတ်ဆိတ်ငြိမ်သက်ခြင်းက ၁၀ပေပတ်လည် အခန်းကျဉ်းလေးထဲကို တရွေ့ရွေ့ တွားဝင်လာပြီ...။

ဒီကမ္ဘာလောကကြီး ထဲမှာ ကျွန်တော်တစ်ယောက်တည်း....ဆိုတဲ့ ခံစားချက်တစ်ခုက....နာဂစ်လှိုင်းတွေလို...
တရိပ်ရိပ်...တက်လာခဲ့တယ်....။

ကွန်ပြူတာဖန်သားပြင်မှာ “ မျောလွင့်တိမ်......”ဆိုတဲ့ စာမျက်နှာတစ်ခုပေါ်နေတယ်....။ချိတ်ထားတဲ့ လင့်လေး
တွေကို တစ်ခုခြင်း မျှားလေးနဲ့ လိုက်ထောက်မိတယ်..။ဟင့်အင်း....မဖတ်ချင်ဘူး....။ခုချိန်မှာဘာမှမဖတ်ချင်ဘူး။

ဖွင့်ထားတဲ့ ဂျီတော့ မှာ မီးလုံးလေးတွေ စိမ်းမနေဘူး..၊အကောင့် သုံးခုက သူငယ်ချင်း သုံးဒါဇင်ထဲ...တစ်ယောက်
ယောက်တော့ရှိနေမှာ....၊ဒါပေမယ့် မပြောချင်ဘူး....။

ဖုံးလေးကိုကောက်ကိုင်တယ်....၊တော်ပြီ....ဘာမှမဆော့ချင်တော့ဘူး....၊ချက်ချင်းပြန်ချတယ်....။

တစ်ယောက်ယောက်ကိုဖုံးဆက်ရမလား...၊သူတို့ပြောချင်မှန်းမသိ...၊မပြောချင်မှန်းမသိ....မဆက်တော့ပါဘူး....
လို့ ဆုံးဖြတ်လိုက်တယ်....။

ဟိုဘက်တိုက်ခန်းက သူငယ်ချင်းတွေဝိုင်းဘက်ကူးရင်ကောင်းမလား...၊နေပါစေလေ...သူတို့ လူငယ်ဘာဝ....။

ဘေးမှချထားတဲ့ စီကရက်ဘူးဆီ လက်လှမ်းမိတယ်....။ဒီနေ့အဖို့ အတော်သောက်ဖြစ်နေပြီ...၊တော်မှ.....
မသောက်တော့ပါဘူးလေ....။

တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်ရင်း ချဉ်းနင်းဝင်ယောက်လာတဲ့ အထီးကျန်စိတ်ကို တိတ်တဆိတ်စောင့်
ကြည့်နေမိတယ်...။

အတွေးတွေက လှုပ်လှုပ်ခတ်ခတ်.....။

အထီးကျန်စိတ် ဆိုတာ...လူသားတစ်ယောက်အတွက် မွေးရာပါ ဝန်ထုတ်ဝန်ပိုး တစ်ခုများလားမသိ....။

ငယ်ရွယ်စဉ်ကလေးဘဝမှာ မိဘ၊မောင်ဘွား၊ဆွေမျိုး တွေက အထီးကျန်စိတ်ကို သတိထားမိစေလိမ့်မယ်
မဟုတ်ပေဘူး...။

အရွယ်လေးရောက်လာတော့ သူငယ်ချင်းတွေ....၊ပြီးတော့ ချစ်သူ.....။ကစားခုန်စား၊ကျောင်းစာ....ဒါတွေက
အထီးကျန်စိတ်ကို ခေါင်းထောင်ခွင့်မပေးခဲ့....။

ဘဝမှာ ဝါသနာပါရာ...အလုပ်လေးတွေ....၊စိတ်ပါဝင်စားရာ...အရာဝတ္ထုတွေ....၊ချစ်ခင်မိရာ တိရိစ္ဆာန်လေးတွေ
က လူသားတစ်ယောက်ရဲ့ဘဝမှာ အဖော်အဖြစ်ရပ်တည်ပေးကောင်းပေးနိုင်ပါလိမ့်မယ်.....။

ဒါပေမယ့်......ဒါတွေဟာ....လူသားတစ်ယောက်ရဲ့အထီးကျန်စိတ်ကို အချိန်ပြည့်ဖြေဖျောက်ဖို့ရာ...မတတ်နိုင်ခဲ့။

ဒီလိုနဲ့ ပုံရိပ်ယောင်ကမ္ဘာငယ်လေးတွေ ကြားမှာ လွင့်မျောစိတ်တွေကို ကျောက်ချ.....နေသာသလိုနေတတ်ဖို့
ကျိုးစားမိတယ်ထင်ရဲ့....။ဖန်သားပြင်ကြီး၊ငယ်တွေပေါ်က ပုံရိပ်ယောင်တိရိစ္ဆာန်ဥယျာဉ်၊ပုံရိပ်ယောင်ဟိုတယ်၊
ပုံရိပ်ယောင်လယ်ယာမြေ၊ပုံရိပ်ယောင်စားသောက်ဆိုင်၊ပုံရိပ်ယောင်တိုက်ပွဲတွေ....၊ပုံရိပ်ယောင် ကား၊ရထား၊
ဆိုင်ကယ်.....၊ပုံရိပ်ယောင်စကားလုံးများ....၊ပုံရိပ်ယောင်သူငယ်ချင်း...၊ပုံရိပ်ယောင်ချစ်သူ...၊ပုံရိပ်ယောင်အလွမ်း
အဆွေး...၊ပုံရိပ်ယောင်အနောက်အပြောင်များ....။

ပုံရိပ်ယောင်ကမ္ဘာက ဘေးထွက်ဆိုးကျိုးတွေကိုလည်းသယ်ဆောင်လာခဲ့...။အရာရာငြီးငွေ့လွယ်လွန်းတဲ့ စိတ်က လည်းအာရုံအသစ်တွေကိုတောင့်တောင့်တတ.....။ပုံရိပ်ယောင်ကမ္ဘာဟာ ကမ္ဘာအစစ်မှာ ကျင်လည်နေရသူတစ်
ယောက်အတွက် အမြဲမှန်ကန်နေတဲ့ အဖော်ဖြစ်မလာနိုင်.....။

အထီးကျန်စိတ်ကို ဖြေဖျောက်နိုင်ဖို့ဆိုတာ....အဆိုပါ အထီးကျန်စိတ်ကို ကောင်းစွာအသင့်အတင့် နှလုံးသွင်းနိုင်
ဖို့လိုတယ်....လို့ တွေးထင်မိပါတယ်...။တနည်းအားဖြင့် အထီးကျန်စိတ်ကို အထီးကျန်စိတ်သက်သက် ကောင်းစွာ
လက်ခံနိုင်တဲ့တစ်နေ့မှာ ကျွန်တော်တို့ အတွက် အဖော်ဆိုတာ လိုအပ်နေတော့မယ်မထင်ပါ....။

ဒါပေမယ့်...ဒါပေမယ့်ပေါ့လေ....၊အတွေး က အတွေး....၊လက်တွေ့က လက်တွေ့....။

ပြီး...ကိုယ့်အတွေးဆိုတာကလည်း...မှန်းကောင်းမှန်ရာ.....ရယ်....။

ဒီလိုနဲ့ ပုံရိပ်ယောင်ကမ္ဘာထဲမှာ သူငယ်ချင်းများနဲ့ ပျော်ဝင်.....စီးမျောရင်း.......။

14 comments:

နေ၀ဿန် said...

အခုဖြစ်နေတာလား... အခုမှ ၉ ခွဲပဲရှိသေးတယ်..။ ကလပ်လေးဘာလေး သွားလိုက်.. :D.. မှန်ပါ့..။

အထီးကျန်စိတ်ကို ဖြေဖျောက်နိုင်ဖို့ဆိုတာ....အဆိုပါ အထီးကျန်စိတ်ကို ကောင်းစွာအသင့်အတင့် နှလုံးသွင်းနိုင်
ဖို့လိုတယ်

အဲဒါလေး ဟုတ်တယ်..။ ဒါပေမယ့် တကယ်အထီးကျန်နေရင်တော့ မလွယ်ဘူး..။


ခင်မင်လျက်
နေ၀ဿန်

ဖိုးကြယ် said...

အမလေး...ဘယ်မှာနေတာဒုန်း..ပြောလိုက်စမ်းဘာ.... အထီးမကျန်အောင်.....လာခဲ့..၃၃ ကြီးကို တွင်းထဲတွန်းပို့ လိုက်မယ် :P

ခင်တဲ့ ( ဖိုးကြယ် )

ညိမ်းနိုင် said...

နေဝဿန်>>>စနေည ၁၂နာရီပါဆိုမှ....လူဇိုးးးးးးးး။

ဖိုးကြယ်>>>ညွှတ်ခြွာဖျား....၊မေတ္တာထားတယ်လား....၊တွင်းထဲတောင်တွန်း
ပို့ဦးမယ်...တဲ့....၊တေဘီဆြာ....:)

Nyi Linn Thit said...

လူဆိုတာ အထီးတည်း နေတတ်တဲ့ သတ္တဝါမဟုတ်တော့လည်း အားလုံးလိုလို အနည်းနဲ့အများ အထီးကျန်ဖူးကြမှာ သေချာပါတယ်၊ တချို့ဆို လူတွေ အများကြီးကြားမှာ သွားလာနေထိုင် နေရင်းနဲ့ကို တစ်ယောက်ထဲ အထီးကျန် နေတာ..၊ သတိပြုစရာ တချက်လေးက အထီးကျန်ခြင်းကနေ စိတ်ကျတဲ့ အဆင့်ထိ ရောက်မသွားဖို့ပါပဲ..၊ ခင်ရာဆွေမျိုးတွေ များများဆုံနိုင်ပါစေဗျာ..။

မောင်မျိုး said...

မီးလုံးလေး စိမ်းနေတာပဲ ခေါ်လိုက်ပါတော့လား ကိုယ့်ပါသာ တစ်ယောက်တည်း ခံစားနေပြီးတော့း)

ဒီလိုပါပဲ ဒါဟာဖြစ်တတ်တယ် ကျနော်ကတော့ အဲ့လိုဖြစ်နေရင် တစ်ယောက်တည်း နေနေတာထပ် ဒီဘလော့လေးနဲ့ ပက်သက်တဲ့သူတွေကို မျှဝေ ခံစားပစ်လိုက်တာပါပဲ သူတို့ဟာ ကိုယ့်အတွက်တော့ သူငယ်ချင်းကောင်းတွေပဲ။

အစ်ကိုလည်း မျှဝေ ခံစားနိုင်ပါစေဗျာ။

ညိမ်းနိုင် said...

ကိုညီလင်းသစ်>>>ဟုတ်တယ်...အကို...ကျွန်တော်လည်းအဲ့လိုဖြစ်တယ်....။
လူတွေကြားမှာ....၊သူငယ်ချင်းတွေကြားမှာ....တစ်ယောက်တည်းဖြစ်နေသလို
မျိုး....။အင်း....စိတ်ကလည်း...ကျချင်ရင် ကျနေတာပါပဲ.....။ဒါပေမယ့်...
အမြဲတော့ဟုတ်ပါဘူး...။တစ်ခါတစ်လေပါ...၊ခုဟာက နဲနဲပုံကြီးချဲ့လိုက်တာ..:))
ကျေးဇူးပါအစ်ကို...။

မောင်မျိုး>>>အောင်မာ...နင်ကအမြဲပုန်းနေပြီး...ဘယ်နားမီးစိမ်းနေလို့လဲ..:)
ကျေးဇူး...ညီ...။

မြစ်ကျိုးအင်း said...

တယောက်ထဲ အတွေးတွေများတဲ့ ညမျိုးဆိုရင် စာအုပ်တအုပ်သာ ဖတ်နေလိုက်တာ အကောင်းဆုံး ထင်တယ်။ အဲဒီလို အချိန်မျိုးမှာ စာဖတ်ချင်စိတ်လည်း ပျောက်နေတတ်သေးတယ်။

အုပ်ကြီး said...

အတွေးကပဲ အသေးအဖွဲကို ပုံကြီးချဲ့ စေတဲ့အမျိုးမဟုတ်လားဗျာ .. တစ်ခါတစ်လေတော့လည်း ..အထီးကျန်ခြင်းက Feel တစ်မျိုးပဲဗျ ..

...အလင်းစက်များ said...

ဟူး.... ကော်မန့်အရှည်ကြီးရေးထားတာ ဘယ်ရောက်သွားမှန်းမသိဘူး.. ငါ့ဆီမှာ ၄ နာရီထိုးပြီကွယ်... (မနက်)

ညိမ်းနိုင် said...

ကိုမြစ်>>>စာအုပ်လည်းဖတ်ချင်ပါဘူးဗျာ...။သို့ပေမယ့် စိတ်မပါလည်း ကြိတ်
မှိတ်ဖတ်ပလိုက်တယ်....။အကြံပေးတာ၊လာလည်တာ ကျေးဇူးအကို...။

ဆြာအုပ်>>>အေးဗျ....၊ခုလည်း နဲနဲပုံကြီးချဲ့လိုက်တာ....:)))

ကိုလတ်>>>နာ့ဖုံး၊နာ့ကန်ကိုတိပြီမဟုတ်လား...နင်...နာ့ကို လာနှောက်တော့
မယ်ဆိုတာသိလို့ ဘလော့စောင့်နတ်ကောင်းနတ်မြတ်တွေက နင့်ကွန်မန့်ကို
ဖျက်ပလိုက်တာ....ဟဟဟ....:D

လရိပ်အိမ် said...

ကျွန်တော်ဆိုပိုဆိုးပါသေးတယ်။ အွန်လိုင်းမှာတောင်စိမ်းနေတဲ့သူမရှိး(

ရဲထွန်းဇော် said...

အထီးကျန် သိမ်ငယ်မှုများစွာရယ်...မင်းမရှိတဲ့နေ့တွေရယ် ကိုယ်တယောက်ထဲအားတွေငယ်....

ညိမ်းနိုင် said...

လရိပ်အိမ်>>>ဘယ်သူမှမရှိတာထက်...၊ပုန်းနေကြတာကပိုဆိုး...။
ဟုတ်တယ်လေ...မရှိတာက မအားကြလို့ လို့ ဖြေတွေးပေးနိုင်သေး...၊ပုန်းနေ
တော့ ကိုယ့်ကိုပဲ စကားမပြောချင်သလိုလို...:(

ကိုရဲ>>>မင်းမရှိတဲ့နေ့တွေမှာ အားငယ်ရကြေးဆို....နေ့တိုင်းကို အားကငယ်
နေရမှာရယ်....:)

လသာည said...

ပုံရိပ်ယောင်တစ်ခုကို ပုံရိပ်ယောင်တစ်ခုလာချောင်းတာ။