Wednesday, June 15, 2011
စက္ကူရတုအား ဗာရာဏသီချဲ့ကြည့်ခြင်း
ကျွန်တော့်မေမေက ကျွန်တော် ဘာမဟုတ်တာလေးတွေကို ပုံကြီးချဲ့ပြီးလုပ်နေရင် “ဟဲ့ကောင်လေး..လုပ်စရာရှိ
တာ မြန်မြန်ထက်ထက်လုပ်တာမဟုတ်ဘူး....ရှောမွှေးတစ်ပင်နဲ့ ဗာရာဏသီချဲ့မနေနဲ့ ” လို့ ပြောတတ်ပါတယ်..။
ခုလည်း ကျွန်တော် ဘာမဟုတ်တာလေးကို ဗာရာဏသီချဲ့ပါတော့မယ်....:)
ကျွန်တော့်ဘလော့လေး ဒီနေ့မှာ တစ်နှစ်ပြည့်ပါတယ်...။နှစ်ပြည့် အထိမ်းအမှတ်တွေကို တစ်နှစ်ပြည့်မှသည်
နှစ်တရာထိ ဘယ်နှစ်ဆို ဘာရတု...၊နှစ်ငါးဆယ်ဆို ရွေရတု...အစရှိသဖြင့် အခေါ်အဝေါ်လေးတွေရှိကြောင်း
ငယ်ငယ်က စာအုပ်ထဲဖတ်လိုက်မိတာပဲ...၊ခုတော့ တစ်နှစ်ပြည့်ကို စက္ကူရတုလို့ခေါ်တာနဲ့ အထိမ်းအမှတ်ပွဲတွေ
အလုပ်များတဲ့ ငွေရတုတို့၊စိန်ရတုတို့လောက်ပဲ သိတော့တယ်...၊ကျန်တဲ့နှစ်တွေကိုတော့သိတော့ဘူးရယ်...။
ဆိုတော့ ကျွန်တော့်ဘလော့လေးလဲ ဒီနေ့ စက္ကူရတု ရတယ်ပေါ့......။ဒီတော့ ဘာဖြစ်သလဲ ဆိုတော့ ဘာမှတော့
မဖြစ်ပါဘူး....၊အဲဒီ ဘာမှမဖြစ်တာကိုပဲ ပို့စ်တစ်ပုဒ်ဖြစ်အောင် ဗာရာဏသီ ချဲ့ရတာပေါ့ဗျာ.....:)))
ကျွန်တော်တို့ရွာ......
ကျွန်တော်တို့ကျင်လည်ရာ ဟောဒီ ဘလော့ဂိုစဖီးယား ဆိုရှယ်နက်ဝက်ကမ္ဘာလေးကို ကျွန်တော်ကတော့
ရွာလေးတစ်ရွာလို့ပဲမြင်မိတယ်ခင်ဗျ....။အပြင်အပက ရွာလေးတွေလိုပါပဲ...ကျွန်တော်တို့ ရွာထဲမှာ တခါတခါ
ရန်ဖြစ်ကြ၊ပြန်ချစ်ကြ၊သူ့အိမ်ကလေး ခြံမလုံလို့၊နောက်ဖေးအဖီလေးပြိုပျက်နေလို့ ကူပါဆိုရင်လည်း တတ်သ
လောက် ကူညီကြ၊တစ်အိမ့်တစ်အိမ် သတင်းစကားလေးတွေ မျှဝေကြ(အမှန်က အတင်းပြောတာ...:)))
သူ့အိမ်လေးသွားလည်ကြ...၊ကိုယ်အိမ်လေးကိုလာလည်ကြတဲ့သူတွေကိုလည်း ဧည့်ခံရ...၊တစ်ချို့ကျတော့
အိမ်ထဲဝင်လိုက်တာနဲ့ တေးသံသာလေးတွေစီစီညံညံ၊တချို့အိမ်တွေကတော့တရားသံတွေနဲ့ ကြည်ကြည်နူးနူး...၊
တချို့တွေက ဗီဒီယိုတောင်ဖွင့်ပြလိုက်သေး...:)။အဲ...တစ်ချို့ကျတော့ စားကောင်းသောက်ဖွယ်တွေ ချက်ပြီး
လာသမျှလူကို စေတနာထက်သန်စွာ ချကျွေးတတ်ကြသဗျ...။
တချို့ကြတော့ အိမ်ရှေ့ကနေဆီးပြီး တို့အရေး...တို့အရေးတွေအော်တော့ ကိုယ်ပါ ယောင်တောင်ပေါင်တောင်
ဝင်အော်မိတာပေါ့.....၊၊အဲ...မကျေနပ်တဲ့သူတွေက အဲ့အိမ်ကို ခဲနဲ့ဝိုင်းပေါက်တော့ ကိုယ့်ထိမှာစိုးလို့ အသာလေး
ပြန်လစ်လာရသေး....:D။တချို့အိမ်တွေမှာ သူတို့သန်ရာသန်ရာဗဟုသုတရဖွယ်ရာ အကြောင်းအရာတွေကို
ကျတော့ သူတို့ကြုံတွေ့သမျှ ဝမ်းနည်းစရာ၊ဝမ်းသာစရာအကြောင်းအရာလေးတွေကို တစ်ဖွဲ့တစ်နွဲ့ပြောပြ တတ်လိုက်ကြတာ...နားထောင်သူမှန်သမျှ ထိထိခိုက်ခိုက်လေးဖြစ်လို့....။တချို့တချို့တွေရဲ့အိမ်တွေက လူကုံ
တန် အိမ်ကြီးအိမ်ကောင်းတွေ....၊တချို့ကတော့ သာမန်....။
ရွာထဲမှာ တစ်ခါတစ်ခါ ရွာသား အသစ်အသစ်တွေလည်းရောက်လာကြလို့ ဝမ်းသာရသလို၊နှုတ်ဆက်ထွက်ခွာ
သွားသူတွေ၊နှုတ်မဆက်ပဲ တိတ်တိတ်လေးပြောင်းသွားကြသူတွေ၊ထာဝရခွဲခွာသွားကြတဲ့သူတွေ အတွက်လည်း
စိတ်မကောင်းဖြစ်ရပါတယ်....။အဲ...တချို့တချို့များကတော့ ရွာလေးနဲ့ လမ်းပန်းဆက်သွယ်မှုဝေးကွာတဲ့နေရာ
ကိုရောက်သွားကြပြန်တော့ ချစ်လျက်နဲ့ မတတ်သာ ခပ်ခွာခွာလေးနေကြရသပေါ့.....။
ရွာထဲက ကျွန်တော်အိမ်လေး....
အဲဒီရွာလေးရဲ့ ချောင်လေးတစ်ချောင်မှာ လွန်ခဲ့တဲ့ တစ်နှစ်က အိမ်ပေါက်စလေးတစ်အိမ်ဆောက်ပြီး ကျွန်တော်
လည်း ရွာသားလေးတစ်ယောက်အဖြစ်ခံယူခဲ့ပါတယ်...။ရောက်လာခါစ မအူမလည်လေးကို နွေးနွေးထွေးထွေး
ကြိုဆိုကြတော့ ဝမ်းသာ၊ကျေးဇူးတင်မှုတွေက အတိုင်းမသိ...။အိမ်လေးရဲ့လိုအပ်တာလေးတွေကိုလည်း ပြောပြ
ကြ၊ညွှန်ပြကြ....။သိပ်ကို စိတ်သဘောထားပြည့်ဝကြတဲ့ ရွာသားတွေပါပဲ....။
ကျွန်တော့်အိမ်လေးကိုလည်း လမ်းကြုံရင်ပဲဖြစ်ဖြစ်၊ဟိုဟိုဒီဒီလျှောက်လည်ရင်း မတော်တဆပဲဖြစ်ဖြစ်၊ပျင်းလို့ပဲ
ဖြစ်ဖြစ်၊ခင်လို့ပဲဖြစ်ဖြစ် အလည်အပတ်လည်း လာတတ်ကြ၊ရောက်တတ်ကြပါတယ်...၊ဘာကြောင့်ပဲဖြစ်ဖြစ်
ကျွန်တော်ကတော့ ဝမ်းသာရတာပါပဲ....။ဒါပေမယ့် သူများတကာလို့ အာဟာရပြည့်ဝစေတာတွေနဲ့ ဧည့်မခံနိုင်
တော့လည်း ကိုယ့်ရှိတာလေးနဲ့ပဲ ဧည့်ခံရပါတယ်..၊ကိုယ်က ဧည့်ဝတ်မကျေပေမယ့် လာကြသူတွေက ညိုညင်
စကားပြောမသွားတဲ့အပြင် အားပေးစကားလေးတွေပြောပေးသွားကြတာကိုကလည်း ရွာလေးရဲ့ချစ်စရာ ဓလေ့
စရိုက်ကလေးတစ်ခုရယ်ပါ....။ဒီအတွက်လည်း ကျေးဇူးတင်စကား ထပ်ပြောပါရစေ...။
လည်လည်ထွက်တဲ့အခါ......
ကိုယ့်အိမ်လေးမရှိခင်ကတည်းက ရွာထဲကို အလည်ထွက်လေ့ရှိပါတယ်...။အဲ့လိုလည်လည်ထွက်ရင်းကပဲ ရွာထဲ
မှာ ကိုယ်ပိုင်အိမ်လေးရှိချင်လာတာပါပဲ....၊ဟော...ရွာသားလေးဖြစ်လာတော့ အိမ်လည်မထွက်ရမနေနိုင်....။
အိမ်လည်ထွက်ရင်လည်း ရောက်ရှိကြောင်း သတင်းပို့ခဲ့ရတာအမော....။ကိုယ်ဆီလာလည်တဲ့သူတွေပဲဖြစ်ဖြစ်၊
မလာဖြစ်တဲ့သူတွေပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အလည်ထွက်ဖြစ်ပါတယ်....။များသောအားဖြင့် မှတ်ချက်စကား
လေးတွေလည်း ပြောခဲ့တာပါပဲ...။
အဲ့လိုပြောခဲ့တဲ့အခါမယ် အများအားဖြင့် ကောင်းတယ်၊လှတယ်၊တော်တယ်...စသဖြင့်ပဲ ပြောဖြစ်ပါတယ်...။အဲ...
အိမ်ပိုင်ရှင်ဧည့်ခံတာတွေမှာ လိုအပ်တာလေးတွေရှိနေရင်တောင် ဒီလိုပဲပြောခဲ့တာပါပဲ...။ဘာဖြစ်လို့လဲဆိုတော့
ရွာသားအများစုဟာ ပရိုဖက်ရှင်နယ်တွေ၊ကျွမ်းကျင်သူတွေမဟုတ်ပါဘူး...။မိမိတို့ရဲ့ မိသားစုအရေးတစ်ဖက်၊
လုပ်ငန်းကိုင်ငန်းကတစ်ဖက်နဲ့ ဝါသနာပါလို့သာ ကိုယ့်ရှိတာလေးနဲ့ အစွမ်းကုန်ဧည့်ခံကြရတာပါ...။လှတဲ့အခါ
လှသလို၊တစ်ခါတစ်ရံလည်း လိုတဲ့အခါလိုအပ်မှာပါပဲ...။
ကျွန်တော့်အိမ်လေးကိုအလည်လာသွားကြသူတွေရဲ့ အားပေးမှတ်ချက်စကားလေးတွေဟာ ကျွန်တော်နောက်
ထပ် စာတစ်ပုဒ်ရေးဖို့ တွန်းအားတွေဖြစ်လာတာကို သတိထားမိတဲ့နောက် ကျွန်တော်အိမ်လည်ထွက်ခဲ့ရင်လည်း
တွန်းအားဖြစ်စေတဲ့ မှတ်ချက်စကားလေးတွေပဲပြောဖြစ်ခဲ့ရခြင်းအကြောင်းပါပဲခင်ဗျာ...။
ဗာရာဏသီ ရဲ့ နိဂုံး.....
ကဲ....အစကတည်းက ပြောခဲ့သလို ဘာမဟုတ်တာလေးကို ဗာရာဏသီချဲ့လို့ပြီးပါတော့မယ်...သည်းခံလော့ ပိတ်သက်ကြီး....:)))။ပြောရရင် ဟောဒီရွာထဲမှာ နေရတာ ပျော်ပါတယ်...၊စိတ်လည်းချမ်းသာရပါတယ်..၊
ဘာရေးရေးအားပေးသူတွေကိုလည်းကျေးဇူးတင်ရပါတယ်...၊ဝါသနာရှင်ပဲဖြစ်လို့ အဆင်မပြေတာများရှိရင်
လည်းသည်းခံကြပါ။(ဝါသနာရှင်ကကိုမတတ်နိုင်ဘူးအသက်ကြီးပြီးအချိန်မစီးဘူးလို့ပြောလည်း ခံရတာပါပဲ...:))
ရသလေးတွေရေးဖို့ ကျိုးစားနေပါတယ်....(မြန်မာပြည်ရသစာပေ သေတာကြာပြီ ခုမှထပြီး ရသမနေနဲ့ အရင်ဆုံး
ရသစာတမ်းကိုဖတ်ကြည့်ဦး လို့ မြည်တွန်တောက်တီးရင်လည်း ငြိမ်နေရတာပါပဲ...)။နောက်ဆုံး ကဗျာလေးနဲ့
နိဂုံးကမ္ပတ် အဆုံးသတ်ပါတယ်...။(များလိုက်တဲ့ကဗျာဆြာတွေ၊အရှေ့တောင်အာရှမှာ ကဗျာဆြာအများဆုံး
တိုင်းပြည်ထဲက ကဗျာဆိုတာတောင်ဘာမှန်းမသိပဲ ထထပြီး ကဗျာ တဲ့လူလို့ မချိတင်ကဲပြောရင်လည်း.....
ဟုတ်ကဲ့...မှတစ်ပါးအခြားမရှိပါခင်ည....:))
စက္ကူတစ်စရဲ့ ခွန်းနွဲ့ရာ
စက္ကူစ တစ်ရွက်လို ပါးလှပ်လှပ်ပါပဲ.....။
တောင်ခြစ်မြောက်ခြစ်...၊စက္ကူညစ်လေးမို့....
တခြားသူတွေအတွက် တန်ဖိုးတပ်လို့မရပေမယ့်.....။
ကိုယ့်အတွက်တော့ ဘာနဲ့မှ မလဲနိုင်ခဲ့....။
အများတကာအတွက် အမှိုက်တစ်စဖြစ်ကောင်းပေမယ့်......
ကိုယ့်အတွက်တော့ ကိုယ်တိုင်ရေး မှတ်တိုင်များ လေလား.......။
ဒါ...အသွေးအသားထဲက ခံစားချက်...
ရင်ထဲက ဝေဒနာ.....
လင်္ကာချောအောင် မုသားပါပေမယ့်....
ကိုးဆယ်လောက်က ရိုးသားပါတယ်....။
တစ်ခါ...တစ်ခါ....ဝေဒနာကို ပုံကြီးချဲ့......
ဒါပေမယ့် အဲ့ဒါ....ရင်ထဲမှာ မြစ်ဖျားခံတာ....။
တိမ်တွေလို မျောလွင့်နေတတ်တဲ့....
စိတ်တွေနဲ့ သူတို့ရဲ့ ပဋိပက္ခ အတွက်....
ဒီနေရာဟာ...နားခိုရာဖြစ်ခဲ့.....။
မိတ်ဆွေနဲ့ သူငယ်ချင်းတွေအတွက်...
အတွေးများ မျှဝေရာဖြစ်ခဲ့.....။
တစ်စိမ့်စိမ့် ယိုစီးကျလာတတ်တဲ့....
သွေးမျက်ရည်စက်လက်အတွက်.....
ဖြေသိမ့်ရာဖြစ်ခဲ့.....။
အိမ်လွမ်းသူ အဝေးလူတစ်ယောက်အတွက်...
မျက်ဖြေရာ....ကမ်းဖြစ်ခဲ့.....။
ဘာပဲပြောပြော...စက္ကူလေးတစ်စ.....စက္ကူရတုကို ရခဲ့ပြီ.....။
ကျဖန်များတဲ့ မိုးရေစက်တွေလို.....
ရင်ဘတ်ထဲက ရွာချခဲ့တာက ရှစ်ဆယ်နှစ်......
တခုတ်တရ.....ရေးပေးသွားကြတာက ၇၇၃.....
ရောက်လာကြသူတွေက ၁၁၄၅၀.....
အားလုံးကို ကျေးဇူးတင်ရတယ်....။
ဒီသံသရာ...မဆုံးတမ်းလည်ရသမျှ....
ဘလော့ဂင်းရတဲ့ဘဝ...
အခါခါမှ ရချင်သေးပါကြောင်း.......။
35 comments:
mgmyo said...
အားလုံးကောင်းတယ် ရွာသားလေး ။ တစ်ခုပဲ ရွာထဲက စီနီယာတွေကို တစ်နှစ်ပြည့် မီးထွက်လုပ်တာ ဘာစားစရာမှမပါ ဖိတ်စာလေးတောင် နာမည်မတပ်တာ တစ်ခုလေးပဲး))
ဘာပဲဖြစ်ဖြစ် တစ်နှစ်ဆိုတော့ လမ်းတော်တော် လျှောက်တတ်ပြီးပေါ့ တွန်းရင် ရှောင်တတ်ပါစေ ကြား ၃ ကြားမပါနဲ့ ပေါ့ကွယ် ဒါပဲ မှာချင်တယ် အောင်မြင်ပါစေ ဖြောင်းဖြောင်းဖြောင်းးးးးးးးးးးးးးးးးးးးးးးး
လရိပ်အိမ် said...
ဘလော့သက်တမ်း နှစ်၁၀၀တိုင်စေသော်
မိုးခါး said...
၁နှစ်မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် ဗာရာဏသီ ဆက်ချဲ့နိုင်ပါစေသောဝ် :D
ဟက်ပီးဘတ်ဒေးပါ :P ၁နှစ်ပြည့် :D
မိုးယံ said...
ယနေ့မှ စ ... နှစ်တစ်ရာတိုင်ကွယ်...
ဘလော့ဂ်.......အတင်းအဖျင်းမုန် တိုင်းတွေ ကြမ်းပစေ....
အတူတူပေါ ဖို့ရှိတယ်လေ..။
-------------------------------------------------------
ကဲ...ပေါလိုက်ကြစို့ ကညိုင်နိမ်း...
အောက်အီးအီး ဘွတ်။
Angelhlaing(May everybody be happy and healthy! said...
တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ တိုင်ပါစေလို့
ဆန္ဒပြုရင်း..Happy birthady ပါအကိုရေ...
ညီလင်းသစ် said...
သူများအိမ်တွေကို သွားလည်တဲ့အခါ အိမ်ရှင် ရွာသားတွေရဲ့ ဧည့်ခံမှုအပေါ် နားလည်ပေးတဲ့ စိတ်ထားလေး လှတယ်၊ တစ်နှစ်ပြည့် အိမ်ကလေး ဆက်လက်ပြီး အဓွန့်ရှည် ခိုင်မြဲပါစေ..၊ လေဒဏ်မိုးဒဏ် ခံနိုင်ပြီး ပျော်ရွှင်ခြင်း တိမ်စုတို့ နားခိုရာ ဖြစ်ပါစေဗျာ...။
SHWE ZIN U said...
မောင်လေး ရေ
မိုက်တယ်ဗျို့ေ၇းတတ်တယ် အင်း တနှစ်ပြည့် ကနေ နှစ်ပေါင်း များစွာ အထိ ရွာထဲက မိတ်ဆွေ ကောင်း တွေ အဖြစ်နေသွားကြတာပေါ့နော်
ဒါပေမဲ့ တခါတလေတော့ အကျွေးအမွေးလေး နဲ့ ဧည့်ခံသင့်ပါတယ်
ပြန်သွားရပြန်ပြီ
ပါးစပ်ဟောင်းလောင်း နဲ့
ရေနွေးလေး တောင်မတိုက်
မမိုက်ဘူး မောင်ရေ
မအိမ်သူ said...
အော် တစ်နှစ်သားကလေးဆိုတော့ မတ်တပ်စမ်းရောပေါ့။
နောက်ဆို တောက်တောက်ပြေးတော့မယ်။ လူကြီးတွေ ပင်ပင်ပန်းပန်း ထိန်းကျောင်းရတဲ့ အရွယ်ရောက်တော့မယ်ဘဲ :P (just kidding !!!)
Happy Birthday! ပါရှင်။ နောင်နှစ်ပေါင်းများစွာ ဆက်လက်ပြီးလဲ စာကောင်းပေမွန်များကို ရေးသားနိုင်ပါစေ။ ဘလော့ဂ်ကလေး ကျန်းမာစွာ အသက်ရာကျော်ရှည်လို့ တည်တံ့နိုင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်ရှင်။
With best wishes,
ကိုကိုမောင်(ပန်းရနံ့) said...
မောင်လေး..
ဗာရာဏသီချဲ့ပြီး သာဝတ္ထိချဲ့ဦးမယ်ထင်ပါ့။ သူပြောမှဘဲ ကြည့်မိတယ်။ ဟုတ်ပါ့။ တကယ့်ရွာကြီးလိုပါဘဲ။
ရတုဆက်ဆက် ဆက်လက်ချီတက်နိုင်ပါစေ။
ခင်မင်လျက်
ချော(အစိမ်းရောင်လွင်ပြင်) said...
တစ်နှစ်တောင်ရှိပြီဆိုတော့ အတွေ့အကြုံ အတော်စုံလောက်ပြီ။
ဘာဘဲဖြစ်ဖြစ် ကိုယ်ရေးချင်တာလေးတွေ ရေးနေရတာ စိတ်ချမ်းသာစရာပါလေနော
ဆက်လက်ပြီး ရေးချင်တာလေးတွေရေးပြီး ဘလော်ဂါချင်းချင်း ရင်းနှီးချစ်ကြည်မှုလေးတွေ တည်ဆောက်ကြပါစို့လို့
တစ်နှစ်ပြည့်မှသည်...............နောင်နှစ်ပေါင်းများစွာ များစွာ တိုင်ပါစေ
ဘသားချော said...
ကျွန်တော်လာလည်တဲ့အချိန်က တစ်နှစ်ပြည့် အမှတ်တရလေး ဖြစ်နေပါရောလား.. အစ်ကို့ခြေရာလေးတွေချန်ခဲ့ပေမယ်လို့ ခုမှ ရောက်ဖြစ်ပါတယ်ဗျာ.. ကျွန်တော် စိတ်တွေလေနေလို့ လုပ်ချင်ရာတွေပဲ လုပ်ချင်နေသလိုလုပ်နေတာမို့ ဧည့်ဝတ်မကျေတာတွေကို ခွင့်လွှတ်ပါဗျာ.. ရွှင်လန်းချမ်းမြေ့ပါစေ.:)
ShwunMi- said...
=) ခင်မင်လျက်ပါ။
အစစ အဆင်ပြေပါစေ။
ဧပရယ်လ်ပူး@ပူးတေ said...
Wish you and your blog all the best.
:)
ငွေလမင်း said...
တစ်နှစ်ပြည့်တဲ့ အိမ်လေးကို အိမ်နီးနားချင်းအိမ်ဖြစ်တဲ့ ငွေလမင်းကလည်း လာလည်ပါတယ်
ကဗျာလေး ရေးထားတာလဲ ကောင်းပါတယ်
နောင်နှစ်ပေါင်းများစွာတိုင် တည်တံ့သော အိမ်လေးဖြစ်ပါစေ
ချစ်ကြည်အေး said...
Happy ONE Year :)))
All the Best !!!
ညိမ်းနိုင် said...
စီနီယာဂျီး>>>အကျွေးအမွေးမပါတာတော့ ခွင့်လွှတ်...၊
ကိုယ်တောင် ခေါက်ဆွဲပြုတ်နဲ့နှစ်ပါးသွားနေရတာရယ်:)
ဖိတ်စာမပို့ပေမယ့် ကြိုပြောထားတယ်လေ..၊
တွန်းရင်မရှောင်ဘူး မှေးလိုက်တတ်တယ်...၊အိမ်ကြား၊
လမ်းကြား၊ခြံကြား ဘယ်ကြားမှမပါဘူး..၊တွိုင်းလက်မှာပဲ.....:)))
လရိပ်အိမ်၊မိုးခါး>>>ပေးတဲ့ဆုနဲ့ ပြည့်သောကိုယ်ဖြစ်ပါရစေသော်ဝ်....:)
မံရိုး>>>အဲ့လို အတည်အခန့်ကြီးတွေ မပေါနဲ့လေကွယ်..:)
Angelhlaing>>>ဟုတ်...ကျေးဇူးပါဗျာ....
ကိုညီလင်းသစ်>>>ကိုယ်ချင်းစာစိတ်လေးနဲ့ ထားတဲ့
စိတ်ကလေးပါခင်ဗျ...၊ပေးတဲ့ဆုနဲ့ပြည့်ပါရစေသားဗျာ။
ညိမ်းနိုင် said...
အစ်မရွှေစင်>>>ကျွေးချင်ပါတယ်ဗျာ...တကယ်ပါ...၊
ခက်တာက ဘာနဲ့ ဘယ်လို ဧည့်ခံရမှန်းကိုမသိတာ..၊
ရေအေးအေးလေးသောက်သွားနော်....:)))
မအိမ်သူ>>>ဟုတ်ပါ့ နောက်ဆို တောင်သွား၊မြောက်သွား
လျှောက်သွားတော့မှာ...:)။ပေးတဲ့ဆုနဲ့ပြည့်ပါရစေခင်ဗျ။
တဂျီး>>>သာဝတ္ထိ အထိတော့မချဲပါရစေနဲ့ဗျာ..၊
တုံးဖလားရွာအထိလောက်ဆိုတော်ပါပြီ...:)။
အစ်မချော>>>ဟုတ်တယ်အစ်မရေ...၊ကိုယ်ရေးချင်
တာရေးနေရရင် စိတ်ကိုချမ်းသာ...လို့။
ညိမ်းနိုင် said...
ဘသားချော>>>ရပါတယ်ဗျာ...၊ဂျူးစာအုပ်တွေရတာနဲ့
တင် ကျေးဇူးတင်နေရတာပါ...။
မရွှန်းမီ>>>ဟုတ်...ကျေးဇူးပါခင်ဗျာ....။
ပူးတေ>>>ကြည့်ရတာ မြန်မာဖောင့်ရသေးဘူးနဲ့တူရဲ့..:)
ဆုတောင်းပေးတာကျေးဇူးပါဗျာ..။
ငွေလမင်း>>>ပေးတဲ့ဆုနဲ့ ပြည့်ပါရစေဗျာ...၊အိမ်နီးချင်း
တွေဆိုတော့ ဟင်းကောင်းချက်ရင် အသံပြုနော်...:)))
အစ်မချစ်>>>ကျေးဇူးပါအစ်မရေ.....
လသာည said...
င်္ရာသားရေ..
နောင်နှစ်ပေါင်းများစွာ ဗာရာဏသီချဲ့ ဘလော့နိုင်ပါစေ။ တစ်နှစ်ကို သုံးခါ ဘလော့နာမည်ပြောင်းသူ မောင်လေးကို မေ့ပါဘူးဗျား)))
လသာည said...
အပေါ်က ကွန်မန့်မှာ “ရွာသား”လို့ ရေးတာပါး))
ညိမ်းနိုင် said...
အစ်မလသာည>>>ဟဟဟ..ဟုတ်ပါ့...ခုလည်း နောက်
ထပ်ပြောင်းရင်ကောင်းမလားစဉ်းစားနေတာရယ်...:)))
အဖြူရောင်နတ်သမီး said...
ဟယ်...
၁နှစ်တောင်ပြည့်ပြီလား...
မသိလို့ အလာနောက်ကျသွားတယ်ကွယ်...
ခွင့်လွှတ်နော်..း)
ဘလော့ဂ်သက်တမ်း ၁နှစ်မှ နောင်နှစ်ပေါင်းများစွာအထိ နောင်လာနောင်သားများအတွက် သမိုင်းမှာ ကျန်ရစ်စေမည့် ဗဟုသုတတွေ မျှဝေနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်နော်..
နေ၀သန် said...
ပြည့်သွားပလား.. စက္ကူရတု.. :P,.,. ဒါကို ဒါလို့ခေါ်မှန်း ခုမှကြားဖူးတယ်.. အံ့ရော... ကိုရင်ရွာသားလေး ကိုငြိမ်းနိုင်.... အဲလေ.. ကိုညိန်းနိုင်.... (အသံထွက်ဘာကွာတာလဲတော့မသိဘူး.. )... ရှုပ်ပါတယ်.ကိုမောင်လေး.. :P... ဒီတစ်နှစ်အတွင်း ဒီရွာထဲမှာပျော်လား..... ဟဲဟဲ....ဒီ့ထက်မကပျော်ရွှင်ပါစေဗျာ.... ဆုတောင်းပေးတယ်နော်..း)))))
ခင်မင်လျက်
နေ၀ဿန်
မျှစ်ညိမ်းနိုင်.... said...
အော်...ဘင်လာဒင်လည်းသေပြီ...
ဂဒါဖီလည်းဘာမှန်းမသိ။။။။
သေရွမ်းလည်း.... သေစေချင်တယ်...
ခင်ညား ဘလော့လည်းတစ်နှစ်ပြည့်..ကောင်းပါတယ်...
ပေါက်ကရလျှောက်ရေးတာ..
ပုံ
မျှစ်ညိမ်းနိုင်..
ညိမ်းနိုင် said...
နတ်သမီး>>>အစောကြီးလာပြီးဆုတောင်းပေးတာ
ကျေးဇူးအရမ်းတင်ပါတယ်ဗျာ...၊ရေးဖြစ်အောင်နောက်က
တွန်းပေးတဲ့ ကျေးဇူးကိုလည်း မမေ့ပါဘူး....:))))
ပေးတဲ့ဆုနဲ့လည်းပြည့်ပါရစေဗျား......။
နေဝဿန်>>>ခေါ်ချင်သလိုခေါ်နိုင်ပါတယ်ဗျာ....:)))
ဆုတောင်းပေးတာရှဲ့ရှဲ့ပါ....:)))
မျှစ်လေး>>>ဘူတုန်းဟ သေရွမ်းက....၊ဟစ်တလာ့
လက်ကျန်တပဲ့များလား....:)))ဂျာမဏီအမည်အောက်မေ့
လို့ပါ....:D
အမှတ်တရ နေ့စွဲများ... said...
ဘာအတင်းပြောတာလဲ ဟင်း...
ပုံ ...နောက်ကြောင်းမလုံသူ
မေဓာဝီ said...
သြော် လက်စသတ်တော့ မောင်လေးက ညိမ်းနိုင် ဖြစ်သွားတာကိုး။ မောင်လေးညိမ်းနိုင်ရဲ့ မျောလွင့်နေတဲ့ တိမ်ကလေးရဲ့ စက္ကူရတုမှသည် ငွေရတု ရွှေရတု စိန်ရတု ရတုများစွာ တိုင်ပါစေသား ... ဆက်လက်၍ ဗာရာဏသီအပြင် နေပြည်တော်ပါ ချဲ့နိုင်ပါစေ ... :))
Anonymous said...
"Happy Paper Anniversary"
Go on.............
Gyidaw
ညိမ်းနိုင် said...
အမှတ်တရ>>>ခက်ဘီ....အတင်းမပြောရပါဘူးဗျာ...
ဖြေးဖြေးပြောနေတာရယ်...:))) အိုးမလုံတော့....:D
မမေဓါဝီ>>>ဟုတ်ပါ့မမေ...နာမည်ပြောင်းလိုက်တာရယ်:)
နေပြည်တော်အထိတော့အချဲ့ပါရစေနဲ့ဗျာ...၊တော်ကြာ
သိကြားမင်းက မနေနိုင်တော့လို့ မိုးကြိုးလှမ်းပစ်ရင် ကိုယ်
ပါကြားကအချောင်ပါနေမှာစိုးလို့....:P
ညိမ်းနိုင် said...
Gyidaw>>>ကျေးဇူးတင်ပါတယ်ခင်ဗျား
သဒ္ဓါလှိုင်း said...
နောက်ကျမှလာဆုတောင်းတဲ့အတွက်
တောင်းပန်ပါတယ်မောင်လေးရေ။
တနှစ်ပြည့်မှစပြီး ရေးနိုင်တဲ့အချိန်အတိုင်းအတာတခုအထိ စိတ်ချမ်းမြေ့စွာနဲ့ ရွာလေးထဲမှာ ရွာသူရွာသားတွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေ။
ရွာလေးထဲမှာလည်း ပျော်ရွှင်ပါစေ။
ခင်မင်လျက်
သဒ္ဓါ
စော said...
အူဝဲ အဲ
တစ်နှစ်ပြည့် ဆိုတော့ အူဝဲပဲ သိမယ်ထင်လို့ ပါ။
:D စတာနော်။ အိမ်တွေ လည်ပေမယ့် စာမရေးဖြစ်ဘူး။ အိမ်စေ့လည်း မလယ်ရသေးဘူး။
လယ်လိုက်ဦးမယ်။
ညိမ်းနိုင် said...
မသဒ္ဓါ>>>နောက်ကျပေမယ့် အပေါက်ဝကလည့်မပြန်ရပါ
ဘူးဗျ...အိမ်ထဲအထိဝင်လို့ရပါတယ်..၊အကျွေးအမွေးက
လည်းနဂိုကကိုဘာမှမပါတော့ အိုးတွေဘာတွေလည်း
မဆေးရပါဘူး....:))) ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျာ..။
အစ်မစော>>>အူဝဲလား...သိပါတယ်...တလောကမှ
မင်္ဂလာဆောင်သွားတဲ့ ကလေးမလေ....၊ကျွန်တော်တောင်
၃မိနစ်လောက်အသဲကွဲသွားသေး....:D။
Nge Naing said...
ဟယ်.. ဘလော့ဂ် တနှစ်ပြည့်သွားတာ သိတောင်မသိလိုက်ဘူး။ နောက်ကျမှ ရောက်လာတာ ဆေရီးပဲနော့်။ တနှစ်ပြည့်မှသည် စိန်ရတုတိုင်အောင် ဆက်ရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ညိမ်းနိုင် said...
အစ်မငယ်နိုင်>>>ဟုတ်အစ်မ...၊ရပါတယ်အစ်မ....။
ဆုတောင်းပေးတာကျေးဇူးပါခင်ဗျာ...။