ဒီလဆန်း(ဖေဖော်ဝါရီလဆန်း)ပိုင်းမှာ ကျွန်တော် မြန်မာပြည်ပြန်ဖြစ်ပါတယ်....။မြန်မာပြည်မှာ မိတ်ဆွေ၊
အပေါင်းအသင်း၊ဆွေမျိုးသားချင်း၊အိမ်းနီးနားချင်းတွေနဲ့ ပြန်လည်တွေ့ဆုံ၊စကားစမြီပြောဖြစ်တဲ့အခါတိုင်းမှာ
ကျွန်တော့်အနေနဲ့အမြဲလိုလိုရင်ဆိုင်ကြုံတွေ့ရတဲ့မေးခွန်းတွေကတော့....."မင်းပိုက်ဆံတွေဘယ်လောက်
စုမိလာလဲကွ..." ဆိုတဲ့မေးခွန်းနဲ့ " ဟိုမှာဘာတွေလုပ်ရသတုန်း....ပင်ပန်းမှာပဲနော်...."ဆိုတာတွေပဲဖြစ်ပါ
တယ်...။ယေဘုယျအားဖြင့်ဒီမေးခွန်းတွေကသာမန်မေးခွန်းတွေလို့ပြောလို့ရပေမယ့်ကျွန်တော့်အတွက်တော့
နဲနဲဖြေရခက်နေခဲ့ပါတယ်...။
ဒီတော့ကျွန်တော့်ကိုမေးလာတဲ့လူရဲ့စိတ်နေစိတ်ထားအပေါ်မူတည်ပြီးအဆင်ပြေသလိုပဲဖြေလိုက်ပါတယ်..။
များသောအားဖြင့်တော့အမှန်အတိုင်းပဲဖြေဖြစ်တာပါပဲ။သုံးနှစ်ကြာပေမယ့်ပိုက်ဆံမစုမိတဲ့အကြောင်း၊အလုပ်
လုပ်ရတာကလည်းစိတ်ရောလူပါပင်ပန်းပါကြောင်း ပေါ့ခင်ဗျာ....။အဲဒီလိုဖြေပြန်တော့လည်းဘာလို့ပိုက်ဆံ
မစုမိရသလည်း ဆိုတဲ့ နောက်ဆက်တွဲမေးခွန်းကိုရင်ဆိုင်ရပြန်ရောခင်ဗျာ....။ဒီလိုပါပဲ....ရသမျှ ပိုက်ဆံကို
သုံးပစ်လိုက်လို့...လို့ဖြေပြန်တော့လည်း မကြိုက်ကြပြန်ဘူးခင်ဗျ...။ယေဘုယျအားဖြင့် နိုင်ငံရပ်ခြားထွက်
ပြီး အလုပ်လုပ်နေသူတွေအနေနဲ့ နှစ်ကာလအပိုင်းအခြားတစ်ခုမှာ အတိုင်းအတာတစ်ခုအထိငွေကြေး
စုဆောင်းပြီးဖြစ်နေလိမ့်မယ်လို့ အများက ယုံကြည်ယူဆကြတာပါပဲ....။
ဟုတ်ပါတယ်...၊ကျွန်တော်တို့ ပြည်ပနိုင်ငံတွေကိုထွက်အလုပ်လုပ်ကြသူတွေရဲ့ ကနဦး ရည်မှန်းချက်က
လည်း ပိုက်ဆံကိုမြန်မြန်နဲ့ များများရအောင်ရှာ၊ရသမျှကို စုဆောင်းပြီး မြန်မာပြည်ပြန်ကြဖို့ပါပဲ။ကျွန်တော်
သည်လည်း ရောက်ခါစကတော့ ဒီလိုပါပဲ.။ဒါပေမယ့်....နောက်ပိုင်းနှစ်တွေမှာကျွန်တော်ရဲ့ အိမ်မက်တွေ၊
အတွေးအမြင်တွေ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါတယ်...။ရုပ်ရော၊စိတ်ပါ ဖိစီး၊ပင်ပန်းမှုများနဲ့ ရင်
ဆိုင်ကြုံတွေ့နေရချိန်မှာ၊ကျွန်တော်ခင်တွယ်ရတဲ့ သက်ရှိ၊သက်မဲ့တွေနဲ့ ဝေးကွာနေရချိန်မှာ၊ကိုယ့်ရဲ့စိတ်
နဲ့ရုပ်ကို ကိုယ့်အလိုကျမစီမံမခန့်ခွဲရပဲ စက်ရုပ်ဆန်ဆန် ရုန်းကန်လှုပ်ရှားနေရချိန်တွေမှာ ကျွန်တော့်နှလုံး
အိမ်ထဲကို " ငါဘာကြောင့်များ အေးအေးနေရတဲ့ ဘဝတစ်ခုကိုစွန့်လွှတ်ပြီး ဒီနိုင်ငံမှာ ဘာလာလုပ်နေပါ
လိမ့်..." ဆိုတဲ့ အတွေးတစ်ခု မကြာခဏဝင်ဝင်လာတတ်ပါတယ်...။ဥပမာပြောရရင် တစ်ခါက ဘောလုံးပွဲ
တစ်ခုမှာ တစ်ဖက်အသင်းက ဘောလုံးသမားတစ်ဦးဟာ ပြိုင်ဘက်အသင်းဖက်ကို ဘောလုံးကို လွတ်လွတ်
ကျွတ်ကျွတ် တစ်ဦးတည်းဆွဲပြေးလာရင်း ရုတ်တရက်ရပ်ပစ်လိုက်ပြီး..." ငါ ဘာလုပ်နေတာပါလိမ့်...." လို့
တွေးမိသတဲ့....။သူ့အတွေး၊သူ့လုပ်ရပ်က နဲနဲကြောင်သလိုရှိပေမယ့် အဓိပ္ပာယ်တော့ရှိနေပါတယ်...။
အခုလည်း အဲဒီဘောလုံးသမားလိုပါပဲ...ကျွန်တော်လည်း အလုပ်တစ်ခုခုကို လုပ်နေရင်း ငါဘာတွေလုပ်နေ
ပါလိမ့်....ဆိုတဲ့အတွေးက ကျွန်တော့် စိတ်နှလုံးဆီ အတားအဆီးမဲ့ဝင်ရောက်လာတော့တာပါပဲခင်ဗျာ....။
အဖြေကလည်း ရှင်းပါတယ်...၊ပိုက်ဆံလိုချင်လို့ပါ...။ပြည့်စုံအောင်ဖြေရရင် သမာအာဇီဝကျပြီး အချိန်ကာ
လတစ်ခုမှာ အတိုင်းအတာတစ်ခုအထိငွေကြေးတစ်စုံတစ်ရာကို ရချင်လို့ပါ...။ဒါပေမယ့် ကိုယ့်ဘာသာမေး
တဲ့မေးခွန်းက
ဒီအဖြေမှာတင်ရပ်မသွားပါဘူး၊ပိုက်ဆံရလာတော့ ဘာလုပ်မလို့လဲဆိုတဲ့မေးခွန်းကို
ဘာသာ ဆက်မေးမိပါတယ်...။ပိုက်ဆံရလာတော့
ကိုယ်လုပ်ချင်တာ၊ကိုယ်စိတ်ချမ်းသာတာလုပ်ရတာပေါ့လေ...ဆို
တဲ့အဖြေကိုရပါတယ်..။ဆိုတော့ ကိုယ့်ဘာသာဆက်မေးမိပါတယ်....ခုရော....ကိုယ်စိတ်ချမ်းသာတာ၊ကိုယ်
လုပ်ချင်တာလုပ်မနေရလို့လား..ဆိုတဲ့မေးခွန်းပါ....။အဲဒီမှာတင် ကိုယ့်မေးခွန်းနဲ့ကိုယ်၊ကိုယ့်အဖြေနဲ့ကိုယ်
ဂျာအေးကိုသူ့အမေရိုက်သလို ချာလပတ်ရမ်းသွားတော့တာပဲ...။
သေသေချာချာတွေးကြည့်မိတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ "ချင်ဆန္ဒ" တစ်ခုပြည့်ဝဖို့အတွက်
အခြား " ချင်ဆန္ဒ" တစ်ခုကို စတေးရင်း ဆန္ဒတွေကြားထဲမှာ ချာချာလည်နေကြတာပါပဲမဟုတ်ပါလား
ခင်ဗျာ...။ဒီလိုအတွေးအမြင်မျိုးတွေ ဝင်လာတဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ဘဝ၊ငွေကြေး၊အိမ်ထောင်ရေး၊
အလုပ်၊အစရှိတဲ့ အရာတွေအပေါ်မှာထားတဲ့ သဘောထားတွေကလည်း တဖြည်းဖြည်းပြောင်းလဲလာပါ
တယ်...။ကိုယ်လုပ်ချင်တာတွေကို လုပ်ရင်း ကျွန်တော့်ရဲ့ စိတ်ကလေးကို တတ်နိုင်သလောက် ချမ်းသာ
အောင်မွေးမြူလာပါတော့တယ်...။အချိန်မရွေးသေသွားနိုင်တဲ့ဘဝကြီးထဲမှာ၊မသေရင်လည်း သူ့ဘာသာ
သူ အဆင်ပြေချင်ရင်လည်း ပြေနေနိုင်တဲ့ဘဝထဲမှာ ရှေ့ရေး၊နောက်ရေးတွေ သိပ်တွေးမနေတော့ပဲ ဘဝ
တိုတိုမှာ ရသာချိုချိုပဲ ရှာနေမိတော့တယ်ဆိုပါတော့ဗျာ....။
အဲဒီလို ကျွန်တော့်ရဲ့ (နဲနဲကြောင်တောင်တောင်နိုင်တဲ့)အတွေးတွေကို သူငယ်ချင်းတစ်ဦးကို လက်ဘက်
ရည်ဆိုင်ထိုင်ရင်းပြောပြမိတော့ ကျွန်တော့်သူငယ်ချင်းက ပြုံးပါတယ်...။" ဒါဖြင့် မင်း စင်္ကာပူကိုပြန်မသွား
တော့ဘူးလား..." လို့လည်းမေးပါတယ်...။ပြန်တော့သွားဦးမှာပေါ့ဟ....လို့ဖြေတော့ သူက "ဒါနဲ့များကွာ"
လို့ပြောပါတယ်...။ဒါနဲ့ ကျွန်တော်က " မဟုတ်ဘူးလေကွာ...၊တစ်ခါတစ်လေကျတော့လည်း ဆန္ဒတွေကို
ချိန်ခွင်မှာ ချိန်ကြည့်သလိုမျိုး ချိန်ထိုးကြည့်ရသေးတာပေါ့ကွာ...၊အနဲ နဲ့အများ ယှဉ်ကြည့်ပြီး တချို့စိတ်
ဆန္ဒတွေကို ခဏတာစွန့်လွှတ်သင့်ရင်စွန်လွှတ်ထားရသေးတာပေါ့ဟ....." လို့ပြန်ပြောဖြစ်ခဲ့ပါတယ်...။
အဲဒီလိုပြောတော့ သူက ကျွန်တော့်ကို " ဒါနဲ့နေပါဦးကွာ...၊မင်းက အစစအရာရာ ဖွံ့ဖြိုးနေတဲ့တိုင်းပြည်မှာ
ဘာကြောင့်မပျော်နိုင်ရတာတုန်း...၊စင်္ကာပူမှာ နေထိုင်လုပ်ကိုင်ရတဲ့ စိတ်ခံစားချက်လေးကိုပြောပြစမ်းပါဦး"
လို့မေးလာပါတယ်.....။အဲဒါနဲ့ ကျွန်တော်လည်း......
" အင်း.....စင်္ကာပူမှာ နေထိုင်လုပ်ကိုင်ရတဲ့ ခံစားချက်က ဘာနဲ့တူသလဲဆိုရင် အခု ငါတို့ သောက်နေတဲ့
ဘလက်ကော်ဖီတစ်ခွက်နဲ့ တူတယ်.....ကွ၊ဘလက်ကော်ဖီဆိုတာ နဲနဲတော့ခါးတယ်ဟုတ်...၊ဒါပေမယ့်အဲဒီ
အခါးအရသာကို ထိန်းနိုင်ဖို့ သကြားလေးလည်းပါရသေးတယ်...၊ပြီး သံပုရာသီးစိတ်လေးလည်း နဲနဲတော့
ပါဦးမှ မဟုတ်လား...၊ဒီလိုပါပဲကွာ...၊နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်ရတဲ့အခါ ရင်ဆိုင်ကြုံတွေ့ရတဲ့ စိတ်
ပိုင်းဆိုင်ရာ နာကျင်မှုတွေက ခါးသီးလှပါရဲ့...၊ဒါပေမယ့် အဲဒီအခါးတွေကို ကိုယ့်အိမ်မက်ချိုချိုလေးတွေနဲ့
ပြန်ပြီး ထိန်းထားရတာပေါ့လေ...၊ပြီး ကိုယ်တွေကျင်လည်၊ထိတွေ့ခဲ့တဲ့ သက်ရှိ၊သက်မဲ့တွေကို လွမ်းတဲ့
အလွမ်းကလည်း ဟောဒီ ဘလက်ကော်ဖီထဲက သံပုရာသီးစိတ်လေးလိုပဲ....၊နဲနဲတော့ ချဉ်ပြုံးပြုံးနိုင်တယ်
လေ....၊ဒါပါပဲသူငယ်ချင်းရာ...၊ငါတို့ ဘဝတွေက ဘလက်ကော်ဖီတစ်ခွက်လိုပါပဲ....." လို့ သူငယ်ချင်း
ကိုပြောပြမိခဲ့တယ်...။
ကျွန်တော့်စကားအဆုံးမှာ သူငယ်ချင်းရောကျွန်တော်ပါ သက်ပြင်းတစ်ခုကို ပြိုင်တူလိုလိုချလိုက်မိကြတယ်၊
စကားတစ်ခွန်းမှ မဆိုမိကြပဲ အချိန်အတော်ကြာအောင် နှုတ်ဆိတ်သွားကြပါတယ်....။အတော်ကြာတော့မှ
သူငယ်ချင်းက သူ့ ဘလက်ကော်ဖီခွက်ကို အကုန်မော့သောက်ရင်း အိမ်ပြန်ကြပါစို့ကွာ.....လို့ပြောလာပါ
တယ်...။ဒါနဲ့ ကျွန်တော်လည်း အေးစက်စပြုနေပြီဖြစ်တဲ့ ကျွန်တော့်ကော်ဖီခွက်ကို ကောက်ကိုင်မိလိုက်ပါ
တယ်...၊ကော်ဖီခွက်ထဲမှာ အညိုရောင် ဘလက်ကော်ဖီတစ်ဝက်လောက်ကျန်နေပါသေးတယ်။လက်ကျန်
ကော်ဖီကို ဖြည်းဖြည်းချင်း ငုံသောက်မိတော့ ကျွန်တော်လျှာပေါ်မှာ ဘလက်ကော်ဖီတစ်ခွက်ရဲ့ ခါးသက်
သက်၊ချိုမြမြ၊ချဉ်ပြုံးပြုံး အရသာတစ်ခုကို ခံစားမိလိုက်ရပါတော့တယ်.........။
15 comments:
ရှာပါ စုပါ နေပါ နိုင်ငံခြားမှာ အချိန်တန်အိမ်ပြန်ခဲ့ပါ တို့ခြေထောက်အောက်က
မြက်ခင်းတွေစိမ်းစိုတော့မှာမို့ ကြိုဆိုနေပါတယ်
ရေခြားမြေခြားမှာ ရှိနေသူတွေကို ကိုယ်ချင်းစာပါတယ် အဆင်ပြေကြပါစေ....
အင်း.. အဲဒီမေးခွန်းတွေက အဖြေရခက်ဆုံးပဲ.. အဲလိုအမေးခံရရင် ဖြေလဲမဖြေချင်ဘူး။ အမှန်အတိုင်းဖြေလဲ ယုံမှမယုံကြတာ.. နိုင်ငံခြားမှာ သွားနေ အလုပ်လုပ်နေတယ်ဆိုရင် ပိုက်ဆံတွေ အများကြီး စုမိရမယ်လို့ တရားသေကြီး ပုံသေနည်းချထားကြတာကိုး...
ကျားကြီးရင် ခြေရာပါကြီးလိမ့်မယ်လို့တော့ မတွေးမိကြဘူးထင်ပါတယ်။ စင်္ကာပူရယ်မှ မဟုတ် ဘယ်နေရာပဲဖြစ်ဖြစ် နိုင်ငံခြားမှာ နေနေကြတယ်ဆိုတာ ပျော်လွန်းလို့နေနေကြတာမှ မဟုတ်ပဲလေ။ ဟိုမှာ ပျော်နေကြပြီပေါ့ ဆိုတဲ့ စကားမျိုးတွေကြားရရင် အခုနောက်ပိုင်း မချိပြုံးပဲ ပြုံးပြဖြစ်တော့တယ်.. ဘာမှပြောချင်စိတ် မရှိတော့လို့...
Black Coffee လေးကလည်း ဘ၀ရဲ့ အရသာတစ်မျိုးပါဘဲ အစ်ကိုရယ်......ချင်ဆန္ဒ ဆိုတာလည်း ဘယ်တုန်းက ကုန်တယ်ရှိလို့တုန်း...ဟုတ်ဘူးလား...ဆက်လက်အားပေးလျှက်ပါ......အစ်ကို့ အတွေးလေးတွေ ၀င်တွေးသွားပါတယ်.......
ကျွန်တော်ကတော့ ခုချိန်ထိ ကိုယ်ရှာတဲ့ပိုက်ဆံတင်မက၊ အမေနဲ့ အမတွေဆီက လစဉ်လက်ဖြန့်တောင်းနေရတုန်းဆိုတော့ စုဖို.ဆိုတာအဝေးဆုံး... ပိုက်ဆံစုတာ ၀ါသနာမပါဘူးဗျာ..ပင်ပင်ပန်းပန်းရှာထားရပြီး၊ ကိုယ်တစ်ခုခုဖြစ်သွားရင် စုထားတဲ့ ပိုက်ဆံ သူများအတွက်ဖြစ်ကုန်မှာပေါ့..ဒီတော့ ကောင်းကောင်းလုပ်တယ်၊ ကောင်းကောင်းသုံးတယ်၊...း) မိသားစုတခုကို ဦးဆောင်ရသူဆိုရင်တော့ ကျွန်တော့်လို လိုက်မလုပ်နဲ့နော်...ဟီဟိ
ဒါဟာ ကျွန်တော်တို့ လက်ရှိဘဝပါလို့ ထင်ဟပ်ပြလိုက်တဲ့ ပိုစ့်လေးပါဘဲ... ဒီလိုဘဲ ကျွန်တော်တို့ ကျင်လည်နေရတာပါ... ဒါပေမယ့် နေပါဦး မေးပါရစေဦး... ဘာကြောင့် ဘလက်ကော်ဖီကို လက်စသပ်လိုက်ရတာလဲ ဒါဟာ သက်သက်ရန်စတာဘဲ... သိတယ်နော် ဘလက်ကော်ဖီဆိုတာက ကျွန်တော့် ကလောင်နာမည်ခွဲတစ်ခု... ဘလက်ကော်ဖီကို အရသာခံကြည့်ခြင်း ဆိုလဲ ဖြစ်တာဘဲ... ဘလက်ကော်ဖီကို လက်စသပ်တယ် ဆိုတော့ ကျွန်တော့်ကို လက်စသပ်တာနဲ့ တူမနေဘူးလား... ဟင်းနော်... ဟင်း....
အပေါ်က ဘလက်ကော်ဖီ ပိုင်ရှင်ကတမျိုး ဟဟားးးးးးး လက်စမသပ်ပါဘူးတဲ့ လက်စဘဲ တုံးမှာပါတဲ့ ကိုညီရဲသစ်ရေ
မောင်လေး ရေ နေရသမျှ လေး ထဲမှာ နေပျော်ပါစေရန် ဆုတောင်းပါတယ်
ခင်မင်တဲ့
အမကြီး ရွှေစင်ဦး
များများစုပါ.. ဘလက်တွေပဲ လိမ့်သောက်မနေနဲ့.. :P.. ဟိဟိ...
ခင်မင်လျက်
နေ၀သန်
ဘလက်ကော်ဖီဖတ်ပီး စိတ်မောသွားတာ
အရေးထဲ ဘလက်ကော်ဖီခြင်း ရန်ဖြစ်နေကြသေးတယ်
ဖတ်ပြီးရီနေရတယ်
ဘာမှမလုပ်နဲ့ ၀ှိုက်ကော်ဖီလို့သာပြောင်းလိုက်း))
ဟုတ်တယ် အစ်ကိုရေ..
တခါတလေလည်း အများကြီးမတွေးဘဲ
ရတာလေးနဲ့ ပျော်အောင်နေတာ ပိုကောင်းတယ် :D
ဒီလိုပဲ ကိုညိမ်းရေ..ဘလက်ကော်ဖီ မကြိုက်လည်းသောက် ကြိုက်လည်းသောက်..
ဖတ်ရမှာ ပျင်းသောကြောင့် မဖတ်ဘဲ ကွန်မန့်ပေးသွားသည် ....
ပုံ .... အမှန်အတိုင်းပြောတက်သူ
ကော်ဖီဆိုရင်..ခါးခါးသောက်မိတယ်း))
ပျော်ရာမှာမနေ..တော်ရာမှာနေရသတဲ့။
ရောက်ရာနေရာမှာ..ပျော်ရွှင်ပါစေအစ်ကိုရေ..
ခင်မင်လျှက်
အရသာခံစားမအားတဲ့ တို့လိုဘဝသမားတွေများကြတော့လည်း တစ်ခွက်မော့သောက်လိုက်တာပဲ၊ အမောကို ပြေလို့။
နောက်ခါ ခါးမှာစိုးရင် မမြည်းနဲ့ မော့ပလိုက် :)
ကညိမ်း..
အရသာစုံနေတဲ့ ကော်ဖီတခွက်ကို
ပစ်ပစ်တို့လို့မြန်မာပြည်နဲ့
ဝေးနေတဲ့သူတွေ ဘယ်လောက်ကြာအောင်
သောက်နေ၇ဦးမလဲမသိဘူးနော်
ဖတ်တယ်။
Post a Comment