Sunday, June 3, 2012

မျောလွင့် တိမ် များ.................

Tanjong Pagar တွင်ရှိသောအထပ်မြင့်ရုံးအဆောက်အဦးတစ်ခု၏သတ္တမမြောက်အထပ်၊မှန်ပြူတင်းပေါက်မှ
နေ၍ အောက်ဘက်လမ်းဆုံသို့  သူ ငုံကြည့်နေမိသည်။သူ့ တစ်ကိုယ်လုံး စက်ဆီဂျီးများ၊ဖုံများ၊ချွေးများဖြင့်
ညစ်ပတ်ပေကျံနေသည်။နှစ်ပတ်ဆက်တိုက် နေ့ရောညပါ အလုပ်လုပ်ထားရသောကြောင့် သူ့မျက်လုံးများ
မှာ နီရဲကျိန်းစပ်နေပြီဖြစ်သည်။ဆီနှင့်ဝေးကွာနေသော သူ့ဆံပင်များသည် နီကြောင် ရှုပ်ပွလျက်ရှိနေသည်။

သူ့စိတ်ခွန်အားများလည်း ပြိုကွဲ၊ယုတ်လျော့၊ကျဆင်းစပြုနေပြီဖြစ်သည်။သူ ပင်ပန်းနွမ်းနယ်လှပါပြီ။


"ငါဘာကြောင့် ဒီနေရာမှာ ဒီအလုပ်တွေကို လာလုပ်မိနေပါလိမ့်......"


ဘာသာ မေးမိသောမေးခွန်း၏အဖြေကို သူမရခဲ့ပါ။ဒီမေခွန်းကို သူ့ဘာသာ အကြိမ်ပေါင်းမရေမတွက်နိုင်
အောင် မေးခဲ့ပြီးဖြစ်သည်။အဖြေကိုတော့မရခဲ့ပါ။သူ့တွင် နိုင်ငံရှိသည်၊ထိုနိုင်ငံတွင် သူ့အိမ်ရှိသည်။သူ့မိဘ
များသည် သူပြန်လာလျှင် ဝမ်းသာစွာကြိုဆိုနေမှာသေချာသည်။သူ့မွေးရပ်မြေတွင်သူလုပ်ကိုင်စားသောက်
စရာ အလုပ်များရှိပါသည်။သူ့တွင် မပြန်နိုင်စရာအကြောင်း ဘာမှမရှိ.....။သို့သော်ခုချိန်ထိသူမပြန်ဖြစ်သေး
ပေ.....။


သူ့တွင် ကြီးမားသော ဘဝမျှော်မှန်းချက်များ၊ရည်ရွှယ်ချက်များမရှိပါ။ချမ်းချမ်းသာသာနေလိုစိတ်၊ကြီးပွားလို
စိတ်လည်းမရှိပါ။သူ့တွင် ထောက်ထားငဲ့ကွက်နေရမည့်မိသားစုရယ်လို့လည်းမရှိပါ။သူသည် ရှေ့ရေး၊နောက်
ရေးတွေးတတ်သူဖြစ်သော်လည်း၊ဘယ်တုန်းကမှ မတွေးခဲ့ပါ။သူ ဒီနိုင်ငံတွင်အလုပ်လာလုပ်နေသည်မှာ ငွေ
ကြေးကြောင့်လည်းမဟုတ်၊ဘဝရှေ့ရေးအတွက်လည်းမပါ၊နေရသည်မှာလည်း ပျော်လှသည်မဟုတ်၊အလုပ်
တွင်လည်း စာချုပ်တစ်စုံတစ်ရာမချုပ်ဆို ထားပါလျက် ဘာကြောင့် သူမပြန်နိုင်ဖြစ်နေရသည်ကိုသူ့ဘာသာ
လည်း နားမလည်နိုင်ပါချေ...။


ပလတ်စတစ်အိပ်ထဲမှ လက်ကျန်ကော်ဖီခါးခါးတစ်ငုံကို အအေးသောက်သည့်ပိုက်ဖြင့် စုပ်ယူသောက်လိုက်
သည်။ဤနိုင်ငံတွင် သူအမုန်းဆုံးမှာ ကော်ဖီကို ပလတ်စတစ်အိပ်ထဲတွင်ထည့်ပြီး ပိုက်ဖြင့်သောက်ရခြင်းကို
ဖြစ်သည်။သို့သော် ရက်ပေါင်းများစွာတွင် သူ ဤသို့ပင် ကော်ဖီပေါင်းမြောက်မြားစွာကိုသောက်ခဲ့ပြီးဖြစ်
သည်။သောက်နေရဆဲလည်းဖြစ်သည်။


သူ လမ်းဆုံဆီသို့ ငုံကြည့်နေမိဆဲ ဖြစ်သည်။ညနေ၇နာရီအချိန်သည် ရုံးဆင်းချိန်ကိုကျော်လွန်ခဲ့ပြီဖြစ်သော
ကြောင့် လမ်းပေါ်တွင် လူသွားလူလာတို့ ကျဲပါးလှသည်။ရုံးဆင်းနောက်ကျသူတချို့သာ ခပ်သွက်သွက်
ခြေလှမ်းများဖြင့် ဘတ်စကားမှတ်တိုင်ဆီသို့ ရှေးရှုသွားလာနေကြသည်။မီးပွိုင့်တွင် သားအဖနှစ်ဦး လမ်း
ဖြတ်ကူးရန် စောင့်နေကြသည်။ဖခင်ဖြစ်သူမှ လမ်းပေါ်တွင် မုဆိုးဒူးထောက်ထိုင်ရင်း သမီးငယ်လေးအား
တစ်စုံတစ်ရာကို ပြောပြနေသည်။မီးစိမ်းသွားသောအခါ သမီးငယ်လေးမှ ဖခင်လက်ကိုဆွဲရင်း ပျော်ရွှင်မြူး
ထူးစွာအပြေးဖြတ်ကူးသွားသည်....။


တစ်ခါတစ်ရံတွင် သူသည် မိသားစုဘဝကို တောင့်တမိသည်မှာ အမှန်ပင်.....။သို့သော် သူအိမ်ထောင်ပြုရန်
ကိုတော့ ဘယ်တုန်းကမှ စိတ်မကူးခဲ့...။သူကြောက်နေခဲ့ခြင်းဖြစ်မည်။သို့မဟုတ် သူအတ္တကြီးနေခြင်းလည်း
ဖြစ်ကောင်းဖြစ်မည်။တစ်လောကပင် ညီငယ်တစ်ယောက်က သူ့ကို အိမ်ထောင်ပြုဖို့ နားချခဲ့သေးသည်။
သို့သော် သူ့အတွက်တော့ အိမ်ထောင်ပြုခြင်းဆိုသည်မှာ သွေးစုတ်ဖုတ်ကောင်တစ်ကောင်နှင့် ကျွန်း
သေးသေးတစ်ခုတွင် စားနပ်ရိက္ခာအပြည့်ဖြင့် နှစ်ဦးတည်းနေထိုင်နေရသကဲ့သို့ ခံစားရသည်။စားကောင်း
သောက်ဖွယ်များကိုတော့ တစ်ဦးတည်းစားရပါရဲ့....၊ညဘက်ရောက်လျှင်တော့ သွေးစုတ်ကောင်၏ တမြည့်
မြည့် သွေးစုတ်ခြင်းကို ခံနေရသကဲ့သို့ပင်.....။မိသားစုဘဝကို တော့ ပိုင်ဆိုင်ရပါရဲ့...၊တစ်ကိုယ်ရည်လွတ်
လပ်မှုနှင့် ပျော်ရွှင်ခြင်းတို့ပျောက်ဆုံးသွားရသလို ခံစားရသည်။


Prince Edward လမ်းမပေါ်မှနေ၍ ပြိုင်ကားလှလှလေးတစ်စီး ဖြတ်မောင်းသွားသည်ကိုမြင်လိုက်ရသည်။
သူ ချက်ချင်းပင် တလောကနာမည်ကျော်သွားသော ဖရာရီပြိုင်ကားတိုက်မှုကို သတိရသွားသည်။
ဘဝဆိုသည်မှာ အဘယ်နည်း၊ဘဝအဓိပ္ပာယ်နှင့်ဘဝသစ္စာဆိုသည်မှာ အဘယ်အရာနည်း၊လူတို့သည် ဘဝကို အဘယ်မည်သောအမြင်၊ရှုထောင့်တို့နှင့်ကျော်ဖြတ်နေကြပါသနည်း....။သူသည် ငယ်စဉ်က အင်မ
တန်မှ လေးလံလှသော ကျမ်းကြီး၊ကျမ်းခိုင် တို့ကိုဖတ်ပြီး ဘဝဆိုသည်ကို မတန်မရာအဓိပ္ပာယ်ဖွင့်ဆို၊တွေး
တောခဲ့သေး၏။ယခုချိန်တွင်တော့ သူ ဘဝကို ပေါ့ပါးစွာ၊အဓိပ္ပာယ်မဲ့စွာ၊ဦးတည်မှုပျောက်ဆုံးစွာကျော်ဖြတ်
နေပြီဖြစ်သည်။


လမ်းဆုံကို ပြိုင်ကားလေးဖြတ်ကျော်သွားအပြီးမှာ အိန္ဒိယအမျိုးသားတစ်ဦးသည် စက်ဘီတစ်စီးဖြင့် လမ်းဆုံ
ကို ကန့်လန့်ဖြတ်ကူးဖို့ကြိုးစားနေသည်ကိုတွေ့ရသည်။ဥဒဟိုသွားလာနေသောကားများကြားတွင် ထိုလူ
သည် သူ့စက်ဘီးကို ဖြည်းညှင်းစွာစီးရင်း သတိကြီးစွာ ကူးဖြတ်နေသည်။ကားများက သူ့ကိုဦးစားမပေးကြ
ပါ၊မီးပွိုင့်တွင်မီးစိမ်းပါက မည်သည့်ကားမဆို အလျှင်အမြန်ကျော်ဖြတ်သွားကြစမြဲဖြစ်သည်။လမ်းဆုံကို
ထောင့်မှန်ပုံစံအတိုင်း မီးပွိုင့်မှမကူးပဲ၊ကန့်လန့်ဖြတ်ကူးဖို့ကြိုးစားခြင်းသည် မိုက်မဲလွန်းစွပါတကား....။


ဘဝဆိုသည်မှာအဘယ်နည်း....၊ယခုတင်ကပင် သူ့စိတ်ထဲတွင် ပေါ်လာသောမေးခွန်းသည် ချက်ချင်းတစ်
ကြော့ပြန်ရောက်ရှိလာသည်။ဘဝဟူသည် တစ်ချို့လူများအတွက် ကီလိုမီတာ၁၄၀နှုန်းရှိသော ဖရာရီပြိုင်
ကားတစ်စီးဖြစ်ကောင်းဖြစ်မည်။တစ်ချို့လူတွေအတွက်တော့ တစ်နာရီ တစ်ကီလိုမီတာနှုန်းပင်မရှိသော စက်ဘီးတစ်စီးလည်းဖြစ်နေနိုင်ပါသည်။သူ့အတွက်တော့ ဘဝဆိုတာ အချိန်နေ့ရက်များကို တစ်စက္ကန့်ခြင်း
အောင်မြင်စွာ သို့ ကျဆုံးစွာ ကျော်ဖြတ်နေခြင်းပင်....။


ရုတ်တရက်မြည်လာသောဖုံးသံကြောင့် သူ့ အတွေးစတို့ပြတ်တောက်သွားရသည်။ဖုံးကိုထုတ်ကြည့်တော့
" တစ်ယောက်သောသူ" ထံမှဖြစ်သည်။အင်း.....ဒီနေ့ သူ သင်တန်းတစ်ခုသွားတတ်ရသည့်နေ့ပဲ....။ခုသင်
တန်းပြီးလို့ ငါ့ဆီဖုံးခေါ်တာထင်ရဲ့.....။မနက်ကပင် အလုပ်မအားသည့်ကြားက တစ်ယောက်သောသူ့ ထံ
သူဖုံးဆက်ပြီး သင်တန်းတက်ရတာအဆင်ပြေလားဟု မေးခဲ့မိသေးသည်။သူနှင့် တစ်ယောက်သောသူ တို့
နှစ်ဦးကြားမှ ပတ်သက်မှုကို သူတွေးတောနေမိသည်။သူ သံယောဇဉ်ရှိပါသည်။သူသည် ချစ်တတ်သောသူ
တစ်ဦးဖြစ်သည်။သို့သော် တစ်ယောက်သောသူ့ အပေါ်ထားရှိသော သူ့သံယောဇဉ်သည် သာမန်သာဖြစ်
သည်။သူငယ်ချင်းကဲ့သို့သာဖြစ်သည်။တစ်ယောက်သောသူ ကရော......၊သူ့ကိုဘယ်လိုသဘောထားသ
နည်း.....။သူဆက်မတွေးချင်တော့ပါ။တစ်လောကပင် ထိုင်းမှသူငယ်ချင်းတစ်ဦးကို ထိုပြဿနာကိုပြောပြမိ
သေးသည်။သူငယ်ချင်းကတော့ အပြတ်ပြောလိုက်ဟု အကြံပေးသည်။သူ အဲဒီလောက် အသဲမမာနိုင်ပါ။
သူ့ကိုချစ်သော၊သူကချစ်သော လူတစ်ဦးတစ်ယောက်အပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်ပြားသွားစေနိုင်
သောစကားလုံးများကို သူပြောမထွက်ရက်ပါ....။


သူ ချက်ချင်းပင် မြန်မာပြည်မှ တစ်ယောက်ကို ဖျက်ကနဲ သတိရမိသည်။ သူ ဒီနိုင်ငံရောက်ကတည်းက
အဆက်အသွယ်ပြတ်တောက်နေသူတစ်ဦးဖြစ်သည်။ဘယ်ဆီကိုမင်းရောက်နေလဲ....၊ဘယ်သူနဲ့မင်းရှိနေ
လဲ.....ဆိုသည့် သီချင်းတစ်ပိုင်းတစ်စကို ရုတ်တရက်ဆိုညည်းလိုက်မိသည်။သူ့ကို ယခုချိန်ထိစောင့်နေဆဲ
လား.....၊မစောင့်တော့ဘူးလား......၊သူမသိပါ...။သူ့ကိုစောင့်မနေစေချင်ပါ။သူ ပြတ်ပြတ်သားသား ပြောခဲ့
ဖို့ကောင်းပါသည်။သူသည် မပြတ်သားသူတစ်ဦးသာ.......။သို့မဟုတ် ပြောမထွက်ရက်သူတစ်ဦးသာ....။

 Tanjong Pagar ကွန်တိန်နာဆိပ်ကမ်း၏ ကောင်းကင်ယံ ကိုမော့ကြည့်မိတော့ သိမ်းငှက်နှစ်ကောင်ကို
နာရီလက်တံလမ်းကြောင်းအတိုင်း ဝေ့ဝိုက်ပျံသန်း၊လေဟုန်စီးနေသည်ကို တွေ့ရသည်။" အတောင်သာ
လျှင် ဝန်ပါသောငှက် " ဆိုသောစကားစုလေးကို သတိရမိသည်။သူလည် လွတ်လပ်ခြင်းကိုလည်းကောင်း၊
ပျော်ရွင်ခြင်းကိုလည်းကောင်း၊ပေါ့ပါးခြင်းကိုလည်းကောင်း ခုံမင်နှစ်ခြိုက်သူဖြစ်သည်။အနှောင်အဖွဲ့များကို
မလိုလား...၊သို့သော် သူကိုယ်တိုင်က ဘာသာမသိလိုက်ပဲ တစ်ပါးသူကို နှောင်ဖွဲ့နေမိတတ်သည်။သူမှ
တစ်ပါးသူသို့ ဂရုတစ်စိုက်ပြုမူမိသည်များ၊သတိတရပူပန်မှုများသည် တစ်ပါးသူထံသို့ နှောင်ဖွဲ့နေတတ်
သည့် ကြိုးများဖြစ်နေတတ်သည်ကို သူ သတိမပြုမိပါချေ။သူ သတိပြုမိသောအချိန်တွင် "အဖွဲ့" တို့သည်
ရှုပ်ထွေးနေပြီး ဖြစ်သည်။


" ကောင်းကင် " ထက်မှ သိမ်းငှက်နှစ်ကောင်သည် လေဟုန်စီးရင်း ဟိုးအဝေး " ပင်လယ် " ဘက်ဆီသို့
ဦးတည်ထွက်ခွာသွားသည်။သူတို့ အစာဆက်လက်ရှာရန်ထွက်ခွာသွားသည်လား.....၊တစ်ညတာနားခိုရာ
အသိုက်ဆီသို့လား....၊သူမသိနိုင်ပါ....။


သူသည်လည်း မှန်ပြူတင်းပေါက်နားမှ ထွက်ခွာလာခဲ့သည်။" ည " သည် နက်လာပြီဖြစ်သည်။ဒီညအဖို့
သူ အလုပ်ဆက်လုပ်ရဦးမည်လား....၊နားခိုရာ " အသိုက်ငယ် " ဆီသို့ ခြေဦးလှည့်ရမည်လား......။
သူမသိနိုင်တော့ပါချေ..........။


19 comments:

ဖြိုးမောင်မောင်(CTM) said...

တိမ်အကြောင်းလဲမပါဘူး သူ့ အကြောင်းနဲ့  သိန်းငှက်၂ကောင်ပဲပါတယ်။ အိပ်ရေးဝဝအိပ်နော်း)

စံပယ်ချို said...

သူ့ကိုစောင့်မနေစေချင်ပါ။သူ ပြတ်ပြတ်သားသား ပြောခဲ့
ဖို့ကောင်းပါသည်။သူသည် မပြတ်သားသူတစ်ဦးသာ.......။သို့မဟုတ် ပြောမထွက်ရက်သူတစ်ဦးသာ......
အဲတာဘူလဲဟင်????

Anonymous said...

အဲ လူပျိုကြီး တွေးနေပြီပေါ့ တွေးသင့်နေပါပြီ
း)
း) အစစအရာရာ ဂရုစိုက်ဗျာ
လွမ်းလွန်းရင် အိမ်ခဏပြန်ခဲ့


မောင်ဘကြိုင်

လွင်ပြင်လှိုင်းငယ် said...

ဘူလေးလဲ ဟင်

နွေတေးရှင် (မင်းဧရာ) said...

ဝေခွဲမရခြင်း အထီးကျန်ခြင်း မွန်းကျပ်ခြင်း
ပေါင်းမြောက်များကို ဖွဲ့တည်လာသော ဤစာရေးသူအား လေးစားမိ၏။

လေးထဲ၌ပျံဝဲလျက်ရှိသော သူ၏စိတ်အား သူကိုယ်တိုင်ဖမ်းဆုပ်ဤ ရေးသားခဲ့နိုင်သောကြောင့်ဖြစ်၏။

san htun said...

မျောလွင့်တိမ်ရဲ့  မျောလွင့်တဲ့ အတွေးလေးများ...

မိုးငွေ့........ said...

မျောလွင့်တိမ်ထဲမှာ ကောင်းကင်ရောတိမ်တွေရောမြင်လိုက်ရတယ်.....။..ဟုတ်တယ် ကိုယ့်လူ အတ္တကြီးတဲ့သူထဲမှာပါနေတာသေချာတယ်...။

မိုးငွေ့........ said...

ကောင်းကင်ရောတိမ်တိုက်ရောမြင်လိုက်ရတယ်...။ ဟုတ်တယ် ကိုယ့်လူ အတ္တကြီးနေတာတော့ သေချာတယ်...။

မဒမ်ကိုး said...

အတ္တကြီးသူကြီးရယ် လူဆိုတာတစ်ယောက်ထဲမနေနိုင်တဲ့သတ္တ၀ါ တဲ့ ..
အသက်ကြီးမှသိလိမ့်မယ် ..း))

blackroze said...

လူပျိုကြီး ကညိမ်းရဲ့ အတွေးများပေါ့နော်..

Nyi Linn Thit said...

အေးဗျာ.. တိမ်တွေလို မျောလွင့်နေချင်တဲ့ လူတစ်ယောက် အဖို့တော့ သွေးစုပ်ဖုတ်ကောင်နဲ့ အတူနေဖို့ ကျွန်းကလေးဆီကို လက်ပစ်ကူးသွား နေကြတဲ့ လူတွေကို အခုလိုပဲ ရပ်တန့် ငေးမော နေမိမှာ သဘာဝပဲ ထင်ပါရဲ့..၊း)

ဘာကိုပဲ ရွေးရွေးပါဗျာ၊ ပေါ့ပေါ့ပါးပါးနဲ့ ပြည့်ဝကျေနပ် နေဖို့ပဲ လိုတာမဟုတ်လား...။

မိုးငွေ့........ said...

ဘာလို့မသိ ကောင်းကင်ကို လွမ်းသလိုလိုနဲ့ ထပ်ရောက်လာမိပြန်ပြီ...။ ဟင့် လူဇိုး သများက အစွဲအလန်းကြီးတတ်တယ်...။ အဲဒီ စီးရီးတွဲကြီးကို ဆက်ရေးနော်...စောင့်တဲ့သူ လည်ပင်းရှည်အောင်မလုပ်နဲ့..။
ဒါဘဲ...ဟိုဟာကြက်...ဒီဟာငန်း...ကျန်တာမန်ဒါလီ..။

ခရစ္စတလ် said...

မျောနေတဲ့ တိမ်လေးတွေနောက် အပြေးလိုက်ခဲ့မိတယ်......
ဒေါ်လေးကို ရေတစ်ခွက်လောက် တိုက်ပါကွယ်... :P

Candy said...

တင်ခဲလှတဲ့ ငါ့အူးလေးပိုစ့်ကို တခုတ်တရ မအားမလပ်တဲ့ကြားက လာဖတ်တာ...

ကောင်းတယ်.. မျှောသာမျှော...

ချမ်းမင်းကို(ပဥာက်) said...

ကောင်းကင်ရှိသ၍ တိမ်တွေလည်း မျောရမယ်လေဗျာ ...နောင်ကြီး ငြိမ်းရဲ့..။

Snow May said...

အားပေးသွားပါတယ် Title ကြည့်ပြီး မျောလွင့်တိမ်တိုက်တွေရဲ့ပုံတွေ တ၀ကြီး ကြည့်ရပြီမှတ်တာ :D

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

မြစ် said...

အခုထိမျောလွင့်နေတုန်းပဲ

ချမ်းမင်းကို(ပဥာက်) said...

နောင်ကြီ..ဘယ်တွေပျောက်နေသတုန်းဗျ