Thursday, June 21, 2012

စပ်မိသမျှ ရောက်တတ်ရာရာ - ၂

ခုတလောမှာ ဘဝအကြောင်း၊ဘဝနေနည်းတွေအကြောင်းပဲ တွေးနေမိတယ်။ကတ္တရာပုံးကြီးများ ရွက်ထား
သလို လေးလေးနက်နက်ကြီးတွေးတာတော့မဟုတ်ဘူးပေါ့လေ....၊ဆေးလိပ်လေးဖွာရင်း၊ဘီယာလေးမြုံရင်း၊
ဟိုငေးဒီငေး ငေးရင်း တွေးမိတွေးရာ တွေးမိတာများပါတယ်။ဘဝကို တတ်နိုင်သ၍ ပေါ့ပေါ့ပါးပါးဖြတ်သန်း
ချင်တယ်။အဲဒီလိုဖြတ်သန်းတဲ့သူတွေကိုလည်း သိပ်သဘောကျတယ်...။ကိုယ်တိုင်လည်း ပေါ့ပေါ့ပါးပါးဖြတ်
သန်းဖို့ကြိုးစားနေတာပါပဲ။ခက်တာက ကိုယ်ဖြတ်သန်းနေပုံက ပေါ့ပေါ့ပါးပါးမဟုတ်ပဲ ဦးတည်ရာမဲ့၊ရည်ရွယ်
ချက်မဲ့ ကြုံသလို၊ကျသလိုဖြတ်သန်းနေပုံကြီးဖြစ်နေတယ်။ပမာပြောရရင် သုခကောင်းကင်ဘုံမှာ လောကဓံ
လေနှင်ရာအတိုင်း မျောချင်ရာမျောနေတဲ့ ဒုက္ခတိမ်တစ်စ ဆိုပါတော့ဗျာ....။

ခက်တာက အဲဒီလိုမှ မဟုတ်ရင်လည်း ဘဝဆိုသဟာကြီးကို ဘယ်လိုဖြတ်သန်းရမှန်းမှမသိတာ....။
ဦးတည်ရာ၊ရည်ရွှယ်ရာတစ်ခုအနေနဲ့ မိန်းမယူ၊ကလေးတွေမွေးပြီး ငါကား လူပီသပေပြီလို့ ကြွေးကြော်
ရလေမလား....။သွားလေသူ ဂန္ဘီရဆြာကြီးတစ်ဦးရဲ့ ဝတ္ထုဇာတ်ကောင်တစ်ယောက်လို အဆိပ်ပုလင်း
လည်ပင်းမှာဆွဲလို့ဒီနေ့ဒီရက်မှစလို့ သုံးနှစ်အတွင်းမီလျှံနာမဖြစ်ရင် ကိုယ့်ဘာသာအဆိပ်သောက်သေမယ် ဆိုပြီး ကျုံးရုန်းလို့ပိုက်ဆံရှာရလေမလား....။ဒါမှမဟုတ် လောကီထုပ္ပတ်လူတို့ဇာတ်မှာ လောကီကို ညီးငွေ့
ပြီဆိုပြီး ဝတ်ကြောင်ကို ဖန်ရေဆိုးလို့ စိပ်ပုတီးနဲ့ရိပ်ကြီးခိုရလေမလား.....။သို့မှမဟုတ်ရင်လည်း ကိုရင်ရဲ့
စကားဖြစ်တဲ့မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ် ဆိုတဲ့စကားကို မောင်ပိုင်စီးပြီးသကာလ ပရဟိတအလုပ်
တွေကြားမှာပဲဘဝကိုနစ်မြုပ်ထားလိုက်ရမလား....။

အင်း.....ဒီလိုဆိုတော့လည်း အဲ့သာတွေအကုန်လုံးကို ရေဆုံးရေဖျားလုပ်ဖို့တစ်ခုမှ စိတ်မဝင်စား...။အဲဒီ
တော့ ပေါ့ပေါ့နေ၊ပေါ့ပေါ့စား၊ဆန်ကုန်မြေလေး လို့ အပြောခံရမှ ခံရရော၊ပေါ့ပေါ့လေးပဲ နေဖို့ကြိုးစားတော့
တယ်။ပေါ့ပေါ့ပါးပါးဖြစ်ဖို့ဆိုတော့ လေးလေးပင်ပင်တွေကို လွှတ်ချဖို့ကြိုးစားကြည့်တယ်။ကိုယ်က လွှတ်ချ
ဖို့ကြိုးစားတုန်းရှိသေး၊ကိုယ့်လက်က လွတ်ကျသွားတာက ဘူးသီးတောင်နဲ့မောင်တော....(အဲ.....သတင်း
တွေဖတ်ရင်းနဲ့ ရောကုန်ပါပြီ..ဘွာတေး:)) ပိုက်ဆံပဲဗျ။ပိုက်ဆံဆိုသဟာကို ဘယ်တုန်းကမှ စုဖို့ဆောင်းဖို့
မစဉ်းစားခဲ့တာအမှန်ရယ်...။စင်္ကာပူမှာ လေးနှစ်သာကြာတယ် တစ်ပြားမှမစုမိပါဘူးဆိုတော့ ရွှာပြန်ပြီး
တိုက်ဆောက်၊ကားစီးနေတဲ့ သူငယ်ချင်းက မယုံနိုင်တဲ့မျက်လုံးပြူးကြီးနဲ့ မော့ကြည့်လေရဲ့...။

ကိုယ်တွေက ငွေကြေးနဲ့ ရှေ့ရေးကို တွဲဖက်လို့ တွေးမကြည့်တာကြောင့်လည်းပါမယ်ထင်တယ်။အဲ့နှစ်ခုကို
တွဲဖက်လို့စဉ်းစားရင်လည်း ချက်ချင်းကို သက်သေချင်စိတ်ပေါက်ပေါက်လာလို့ မတွေးဘူးရယ်....။တစ်ခု
ခြင်းစီ တွေးရင်တော့ သူ့ဟာနဲ့သူ ဟုတ်နေတာပဲဗျ၊ငွေကြေးအကြောင်းတွေးမိရင် သတိရမိတဲ့ ပုံပြင်လေး
ရှိတယ်။လူတိုင်းကြားဖူးမှာပါ။သူဆင်းရဲတစ်ယောက် သူ့ဟာသူ အေးရာအေးကြောင်း အိမ်ရှေ့မှာငုတ်
တုတ်လေးထိုင်နေတာကို မြင်တဲ့ တက်ကျမ်းရေးသူဌေးကြီးတစ်ယောက်က ခုလိုထိုင်မနေပဲ အလုပ်တစ်ခု
ခုလုပ်ဖို့ မနေတတ်မထိုင်တတ် တရားဟောတဲ့ပုံပြင်လေးပေါ့ဗျာ....။သူဌေးကြီးက အဲ့လို ပြောတော့ သူ
ဆင်းရဲက ပြန်မေးတယ်....။အလုပ်လုပ်တော့ဘာဖြစ်လဲတဲ့....။ဟ...အလုပ်လုပ်တော့ပိုက်ဆံရတာပေါ့ဟ
လို့ သူဌေးက ပြောတော့ ပိုက်ဆံဘာလုပ်ဖို့လဲ လို့ မေးပြန်တယ်။ဒီတော့သူဌေးကြီးက ပိုက်ဆံရတော့
စီးပွားရေးတစ်ခုခုလုပ်၊စီးပွားရေးလုပ်တော့ ပိုက်ဆံတွေပိုရ၊ပိုက်ဆံတွေပိုရတော့ အေးဆေးထိုင်နေလို့ရ
တာပေါ့ ငစနူရဲ့လို့ ရှင်းပြတော့ သူဆင်းရဲကပြန်ပြောတာက ခုရော အေးဆေးထိုင်မနေရလို့လား......တဲ့...။

ဒီပုံပြင်လေးက ဟုတ်သယောင်ယောင်၊မဟုတ်သယောင်ယောင်ပဲဗျနော်....။ဒီပုံပြင်ကို ဒီဘိတ်လုပ်ကြကြေး
ဆို နှစ်ဘက်စလုံးမှာ ပြောစရာတွေတစ်ပုံကြီးရှိမှာအမှန်ပါပဲ...။ကိုယ်တွေပိုက်ဆံရှာနေတာလည်း ပိုက်ဆံကို
ကရိယာတစ်ခုအနေနဲ့သုံးစွဲပြီး ကိုယ်လုပ်ချင်တာလုပ်ဖို့ပဲမဟုတ်လားဗျာ၊ကိုယ်လုပ်ချင်ရာလုပ်တယ်ဆိုတာ
ကလည်း စိတ်ချမ်းသာဖို့ မဟုတ်လားခင်ဗျ၊ဒီတော့ စိတ်ကို ချမ်းသာအောင်မွေးမြူရာမှာ ပိုက်ဆံကိုမသုံးတဲ့၊
ဒါမှမဟုတ် နဲနဲပဲသုံးတဲ့နည်းတွေနဲ့စိတ်ချမ်းသာအောင်ထားရင်လည်း ရသပေါ့ မဟုတ်လား...။ငွေရှာရမှာ
အပျင်းကြီးတဲ့ ကျွန်တော်ကတော့ အဲဒီလို ကိုယ့်ဟာကို ဆင်ခြေဆင်လက်ဆင်နားရွက်များကို တွင်တွင်
ကြီးသုံးပြီးသကာလ၊ငွေနဲနဲနဲ့ စိတ်ချမ်းသာအောင် အချောင်ထားနည်းတွေပဲ လိုက်ရှာနေလိုက်တော့သဗျိုး။

ဒီတော့ ညနေဘက် ငါးနာရီထိုးလို့ အလုပ်ပြီးပြီဆို လက်တဘက်က ကင်မလာလေးကိုင်၊လက်တဘက်က
ယောပုဆိုးလေးထဲမယ် ရေကူးဘောင်ဘီလေးနဲ့ အမေရွှာကထည့်ပေးလိုက်တဲ့ အညာသဘက်လေး ထည့်
ထုပ်ပြီး စက်ဘီးတစ်စီးနဲ့ မြို့လုံးပတ်လည်လျှောက်သွားတော့တာပါပဲ....။လမ်းတလျှောက် ကောင်းကင်
ကို မော့ကာမော့ကာနဲ့ သွား....၊တိမ်များလှတပတတွေ့ရင် ရိုက်တော့တာပဲ....၊နေနဲနဲစောင်းပြီဆို ရေကူး
ကန်ဆီသွားပြီး ရေစိမ်နေလိုက်တယ်.....၊ရေလား....ကူးပါတယ်....တစ်ခေါက်ပေါ့...၊တစ်ခေါက်လောက်ကူး
ပြီး ရေစိမ်ရင်း တွေးချင်ရာတွေး၊ငေးချင်ရာငေးရတာ တယ်ကောင်းကိုးဗျ...။အတော်လေးအေးလာပြီဆိုမှ
ရေကူးကန်ကထွက်ပြီး စားဖို့သောက်ဖို့စဉ်းစားရတယ်။တစ်ခါတစ်လေ ဘွန်လေး က အိန္ဒိယဆိုင်မှာ ကုလား
စာသွားစား၊တစ်ခါတစ်လေ ပန်နစူလာထိတတန်တကခြေဆန့်လို့ မြန်မာစာသွားစား၊တစ်ခါတစ်လေတော့
လည်း ပေါက်ဖော်ကြီးများဆီမှာ အားပေး၊စိတ်ကူးပေါက်ရင် ပိုင်အိုနီးယားအထိသွားပြီး ယိုးဒယားစာလေး
တွေ စားတဲ့အခါစားပေါ့လေ...။အသောက်ကတော့ သိပ်စဉ်းစားစရာမလိုဘူးရယ်....:P။ဒါတောင် တစ်ခါ
တစ်လေ ဟိုင်းနကန်သောက်ရကောင်းမလား၊ကျားမြီးဆွဲရကောင်းမလား စဉ်းစားရခက်နေသေး.....:D။

ပြန်ရောက်လို့ အချိန်ရှိသေးတယ်ဆိုရင်တော့ ကွန်ပြူတာလေးဖွင့်ပြီး တောင်တောင်အီအီလေးတွေလုပ်သ
ပေါ့ဗျာ...၊အချိန်ရလို့ရှိရင်ဆိုတာက ခုတလောမှာ အလုပ်တွေကြပ်လွန်းလို့ နေ့ရောညပါလုပ်နေရသဗျာ။
ပုံမှန်အလုပ်ချိန် မနက်၈မှ ညနေ၅ အပြင် ညဆယ်နာရီဆို တစ်ခါထွက်လုပ်ရပြန်တယ်။တစ်ခါတစ်လေ
မနက်၅နာရီထိ၊တစ်ခါတစ်လေ ၆နာရီ၊တစ်ခါတစ်လေဆို မိုးစင်စင်လင်းတာတောင်အလုပ်ကမပြတ်နိုင်လို့
နေမီး၊ညမီးကို ဆက်ရောပဲ။ဘယ်နှယ် ငွေရှာပျင်းတယ်လည်းဆိုသေး၊နေ့ရောညပါအလုပ်တွေဖိလုပ်နေရ
လား လို့မေးမယ်ဆိုမေးစရာပါပဲ။လုပ်ချင်လို့ရယ်မဟုတ်ဘူးဗျ၊လုပ်မယ့်သူကိုမရှိလို့ ရှိသမျှလူကုန် ညီးညီး
ညူညူနဲ့လုပ်နေကြရတာရယ်....။လုပ်သားအင်အားနဲ့အလုပ်နဲ့မမျှဖြစ်နေတာပေါ့ဗျာ...။စနေညနဲ့တနင်္ဂနွေ
 နေ့တွေမှာ အလုပ်မရှိလို့တော်သေး...။

စနေညတွေမှာတော့ ညလုံးပေါက်လိုလို လျှောက်သွားနေတာပါပဲ။ကလပ်တက်ချင်တက်၊ကာလာအိုကေ
ဆိုင်ရောက်တဲ့အခါလည်းရောက်၊အဲဒီလိုမှမဟုတ်လည်း ညသန်းခေါင်ထိ မရီနာဘေး မှာ သွားထိုင်ချင် ထိုင်
နေဖြစ်ပါရဲ့....။တနင်္ဂနွေနေ့မှာတော့ တစ်နေကုန်အိပ်ပလိုက်တော့တယ်။ဒါတောင်ညနေဘက် တစ်ခေါက်
ထပ်ထွက်လိုက်သေးရဲ့......။

ဆိုတော့ ရသမျှအချိန်လေးမှာ ကွန်ပြူတာလေးဖွင့်ပြီး ခုဏက ပြောသလိုတောင်တောင်အီအီလေးတွေကို
အပြေးအလွားလုပ်ရပါတယ်။တောင်တောင်အီအီဆိုလို့တစ်မျိုးလည်းမထင်ပါနဲ့ ဂိမ်းလေးဘာလေးဆော့၊
သင့်ပြွန်မှာ သီချင်းလေးဘာလေးရှာ၊အလကားရတဲ့ ရုပ်ရှင်တွေထိုင်ကြည့်၊ဒီလောက်ပါပဲ...။ခုတလောမှာ
ဖေ့ဘွတ်အကောင့်နှစ်ခုစလုံးကိုပိတ်ထားလေတော့ နဲနဲခံသာတယ်ပြောရမယ်။နို့မို့ ဖေ့ဘွတ်ထဲမှာတင်
ရှိသမျှအချိန်ကုန်ရောဗျ....။

ဖေ့ဘွတ်တွေပိတ်ထားတယ်ဆိုလို့ ပိတ်ရတဲ့အကြောင်းရင်းကို ပြောရဦးမယ်....။ပြောဆို ကျွန်တော်တို့
သမိုင်းမှာ ကမ္ဘာစစ်ပွဲတွေရဲ့ စစ်ဖြစ်ရတဲ့အကြောင်းရင်းကိုသင်တဲ့အခါမယ် လတ်တလောအကြောင်းရင်း
နဲ့ အခြေခံအကြောင်းရင်းဆိုပြီး ခွဲခြားသင်သလိုပဲ...၊ဖေဘွတ်ပိတ်ရတာကလည်း လတ်တလောအကြောင်း
ရင်းနဲ့ အခြေခံအကြောင်းရင်းဆိုပြီး ခွဲပြောရမယ်ထင်ပါ့....။အခြေခံအကြောင်းရင်းကတော့ အချိန်ကုန်လွန်း
လှလို့ပဲဗျ။ခုနှစ်ပိုင်းမှာ ကျွန်တော်အလုပ်လုပ်နေတဲ့ကုမ္ပဏီကလည်း အလုပ်အရမ်းကောင်းပြီး စီးပွားဖြစ်လာ
လေတော့ အရင်လို သက်သက်သာသာပေါ့ပေါ့ပါးပါးမရှိလှဘူးဗျာ....၊အပေါ်မှာပြောခဲ့သလို နေ့ရောညပါ
ခါးချိအောင်လုပ်နေရလေရဲ့....၊ကျွမ်းကျင်အလုပ်သမားကရှားပါး၊လူထပ်ခေါ်ဖို့ရာ ကိုတာ ကမရှိလေတော့
ရှိသမျှလူနဲ့အဆင်ပြေသလို လုပ်နေရတယ်။

ဒီတော့ ရတဲ့အားလပ်ချိန်လေးထဲမှာ ဖေဘွတ်မှာပဲအချိန်ကုန်နေရင်မဖြစ်ချေဘူးလို့ တွေးမိတာကြောင့်လဲ
ပါတယ်။နောက်တစ်ခုက ဖေ့ဘွတ်ကို ကောင်းကျိုးထက် အဆိုးတွေပဲ တွေ့လာရတယ်လို့ ခံစားမိတာက
လည်း အကြောင်းတစ်ခုဆိုပါတော့လေ....။အဲ့ဒါတွေက အခြေခံအကြောင်းဆိုပါတော့....။လတ်တလော
အကြောင်းရင်းကတော့ ခုတလောမယ် ဖေဘွတ်တစ်ခွင်မှာ အမျိုးသားရေးစိတ်တွေအင်မတန်မှ ထကြွနေ
ကြသဗျ၊ဖေ့ဘွတ်ဖွင့်လိုက်တာနဲ့ အွန်လိုင်းစစ်သည်တော်များရဲ့ ရဲရဲတောက်ကြွေးကြော်သံတွေ၊တင်းမာ
ခက်ထရော်လှတဲ့ အမျိုးဂုဏ်၊ဇာတိဂုဏ်ကို မြှင့်တင်သံတွေ၊ကမ္ဘာမကြေသီချင်းသံတွေနဲ့ ရပတောင်းကို
ခပ်လို့ပေါ့ဗျာ....။

ဆိုတော့ ဘာဖြစ်သလဲဆိုတော့ဘာမှမဖြစ်ပါဘူး၊ဖြစ်တာက ကိုယ်တွေပါ...၊ကိုယ်တွေက ဖေ့ဘွတ်ဆိုတာကို
ဒီနေ့တော့ စားစရာမရှိလို့ ထမင်းဆီဆမ်း၊ဆားဖြူးပြီးစားလိုက်ရတယ်ဆိုတာမျိုး၊ဒီနေ့ရှောပင်ထွက်တာ
အကျီ င်္တစ်ထည်ကို၁၅၀နဲ့ နှစ်ထည်ဝယ်လာတယ်ဆိုပြီး ၁၅ကျပ်တန်လေးတွေကို ပလီစိချောက်ချက် လုပ်
တာမျိုး၊ဂနေ့တော့မိုးတွေရွာလိုက်တာ.....ရွှာမှာကျန်ခဲ့တဲ့ မရှိတဲ့ရည်းစားကို လွမ်းနေတယ် ဆိုတာမျိုး၊
သင့်ပြွန်က ဖြူဖြူကျော်သိန်းအစ ဆလိုင်းဖွာထောင်အလယ် ကိုအံကြီးအဆုံး ကြုံသမျှသီချင်းတွေရှယ်တာ
မျိုး၊ကြုံလေရာရာမှာ ရိုက်လာတဲ့ မကိုးမကားဒါ့ပုံတွေတင်တာမျိုးတွေလောက်ပဲ အသုံးပြုတတ်တာကလား။

အဲဒီတော့ကာ ဖေ့ဘွတ်လောကကြီးတစ်ခုလုံး အရေးကြီးလို့သွေးနီးကြပြီး၊တိုက်ပွဲခေါ်သံတွေ တင်းကြမ်း
ပြေ့နေတဲ့ တော်လှန်ရေးကာလမယ် ကိုယ်က အဲဒီလို ဘာမဟုတ်တဲ့ ကိုယ်ရေးကိုယ်တာလေးတွေသွား
တင်ရင်ဖြင့် စကောလောက်မှစောက်မနက်တဲ့အမျိုးဖျက်၊သစ္စာဖောက်လောက်ကောင်ကြီးဖြစ်သွားနိုင်သဗျ။
အခန့်မသင့်ရင် တိုင်းပြည်မီးဟုန်းဟုန်းတောက်နေတာတောင် ဂစ်တာတီးမပျက်တဲ့ ဟို ဘုရင်ကြီးနဲ့လည်း
အနှိုင်းခံရနိုင်သဗျ၊အဲ့ဒါကြောင့် ကိုယ်တိုင် မလုပ်နိုင်ရင်လည်း ဘေးကကိုးလို့ကန့်လန့်လုပ်လို့မတော်
ပါဘူးလေ၊မျိုးချစ်ပုဂ္ဂိုလ်ကြီးများ သူတို့အလုပ် သူတို့လုပ်ကြပါစေဆိုပြီးအသာလေးအကောင့်ပိတ်ထားလိုက်
တာပါပဲ။

အကောင့်ဖွင့်ထားရင်လည်း ကိုယ်ကမနေနိုင်ဘူးလေ....၊ပေါက်ကရလေးဆယ်တွေတင်မိနေမယ်စိုးလို့ပါ
ခင်ဗျ။အဲ့ဒါကတော့ လတ်တလောအကြောင်းရင်း ဆိုပါတော့....။ကိုယ့်ရဲဘော်တွေကတော့ ထင်မယ်.....၊
ဒီလူ သူ့အကောင့်တွေကို တော်ကြာပိတ်လိုက်၊တော်ကြာပြန်ဖွင့်လိုက် နဲ့....ခုလည်း ပြန်ဖွင့်ဦးမှာပါ.....
ကြောင်ကြာကြာရေမငုတ်ပါဘူး.......လို့.....:)။ဟုတ်တော့လည်းဟုတ်တယ်....ကိုယ်တွေက သံယောဇဉ်
ကြီးတတ်တာကခက်တာ....၊ဖေ့ဘွတ်ကိုတော့ သံယောဇဉ်ရှိတယ်မဟုတ်ပါဘူး...။ကိုယ့်ရဲဘော်သူငယ်ချင်း
တွေကိုပါ။သူငယ်ချင်းတွေနဲ့ ကိုယ့်အကြားမှာ ဖုံးအဆက်အသွယ်၊ဂျီတော့အဆက်အသွယ်တွေရှိတယ်ဆို
ပေမယ့် တစ်နေ့တာ ဖြစ်ပျက်နေသမျှလေးတွေကိုဘယ်သူမှ နေ့တဓူဝ ပြောပြမနေနိုင်ဘူးမဟုတ်လား...။
ဖေ့ဘွတ်လိုနေရာမျိုးမှာပဲ ရေးလိုက်ကြတာမျိုးကိုး...။ဖေ့ဘွတ်မသုံးတော့တဲ့အချိန်မယ် ကိုယ့်သူငယ်ချင်း
တွေအပေါ်သစ္စာပျက်သလို ဖြစ်နေလေတော့ အချိန်နဲနဲကြာလာရင် စိတ်က ငါ့ရဲဘော်တွေ ဘာတွေလုပ်လို့

ဘာတွေဖြစ်နေကြပါလိမ့်...၊သွားချောင်းကြည့်ဦးမှပါ ဆိုပြီး ဖေ့ဘွတ်ဘက် ပြန်လည်သွားပြန်ရော....။

လောလောဆယ်တော့ ဖေ့ဘွတ်ကိုနားထားပြီး ဘလော့မှာ ကြည်စင်ကောင်းကင်ကို ဆက်ရေးဖို့ကြိုးစား
နေပါတယ်။ရေးဖို့ကိုလည်း မနှင်းဆီက ဂျီကျနေလေရဲ့....:))))။အမှန်တော့ စိတ်ကူးထဲမှာ စကားလုံး
တွေကို စီထားပြီးသားရယ်...၊ဒါပေမယ့်ချရေးလိုက်မယ်ကြံစီတိုင်း အထမမြောက်ဘူးဖြစ်နေလေရဲ့....။
အလုပ်တွေရှုပ်နေလို့လည်းပါမယ်ထင်တယ်..၊နောက်တစ်ပတ်ဆိုအလုပ်ပါးသွားလိမ့်မယ်လို့မျှော်လင့်တာ
ပါပဲ....၊အဲ့ဒီတော့မှဆက်ရေးရမယ်...။ပြောမယ့်သာပြောရ မနှင်းဆီမှာ အကြွေးရှိနေတယ်။ကြောင်ဂိုဏ်းပို့စ်
ကိုရေးပေးမယ်ဆိုပြီး မရေးဖြစ်လိုက်တဲ့အကြွေးပါ။ဘလော့ဆိုလို့ မျောလွင့်တိမ်ရဲ့နားခိုရာလေး ဒီဇွန်လမှာ
၂နှစ်ပြည့်ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၀ ကမ္ဘာဖလားပွဲတွေကျင်းပတဲ့အချိန်မှာစတင်ဖြစ်တဲ့ နားခိုရာလေး.......
ခု ၂၀၁၂ ယူရိုပွဲတွေကျင်းပတော့ ချည်ထည်ရတု ( Cotton Anniversary )ဆိုလား၊ဘာဆိုလား ပြည့်သွား
လေရဲ့...။


ဒီတော့ကိုယ့်နားခိုရာလေးကို ကိုယ့်ဘာသာပြန်ပြီး မွေးနေ့ဆုတောင်းလုပ်လိုက်ပါတယ်။ဆုတောင်းဆို
ကိုယ်တွေက ဘုရားကိုးဆူဆြာများလို ဆုတောင်းစာအရှည်ကြီးလည်းမရေးတတ်၊ဖိုတိုရှော့တွေဘာတွေ
နဲ့ မွေးနေ့ကိတ်တွေဘာတွေလည်းလှတပတ မလုပ်တတ်လေတော့ မွေးနေ့မှသည် နောင်နှစ်ပေါင်း
များစွာတိုင် မပျောက်ပျက်နိုင်ပါစေကြောင်း........ရယ်လို့ပဲ ကိုယ့်ဘာသာ တိုတိုနဲ့မှတုတ်တုတ် ဆုတောင်း
လိုက်ရပါသဗျိုး......။


(စကားမစပ် ဒီကြားထဲမအားလို့ ပျောက်နေတာကို သတိတရနဲ့မေးကြတဲ့သူငယ်ချင်းတွေကိုကျေးဇူးတင်
ပါတယ်။အင်းပြောမယ့်သာပြောရ ကိုယ့်လည်း မောင်ပညတ်တစ်ယောက်ကလွဲလို့ ဘယ်သူမှမမေးပါဘူး
လေ...၊သို့ပေမယ့် ဂလိုပဲ ရောချရသပေါ့ဗျာ.........:)))))


17 comments:

ကိုရင် said...

ဟ..နီရိုးဘုရင်ကြီး နှစ်နှစ်ပြည့်တော့မယ်တဲ့..ကမ္ဘာ့ဖလားမှာလည်း မနှင်းဆီက ၀င်ကန်နေတယ်ဆိုပါလား..
ဒါ ကမ္ဘာ့ရေးရာသတင်းပဲ..
ဖေ့ဘုတ်မှာ အမြန်ရှယ်မှ ဖြစ်မယ်..

let me share in facebook.

မောင်မျိုး said...

ဟယ်... မနှင်းဆီ ပြန်လာပြီကော ။


မပြောပေမယ့် သတိရပါတယ် ရင်ထဲကး)

Candy said...

တော်သေးတာပေါ့ ငါ့အူးလေး ဘလော့မှာတော့ ပြန်ပေါ်လာလို့.. ခုပဲ ဖေ့ဘွတ် ဝေါမှာ သွားရေးမယ် တွေးနေတာ ဟဟဟ

လတ်စသတ်တော့ သူက ပိတ်ထားတာကိုး.. ကောင်းပါတယ် မျက်စိအေး နားအေးတာပေါ့ :D :D

မိုးငွေ့........ said...

အကြွေးရှိတာ မှတ်မိသေးသကိုးးး....:P

မိုးငွေ့........ said...

ကြိုက်တယ်ဗျာ ဖဘပေါ်ကဟာတွေကို ရေးသွားတာလေးတွေ..။ အဲလို ပြောချင်တာ ရန်ပြန်လာတွေ့ရင် မပြောတတ်လို့ ငြိမ်နေတာ...ဟိ...။

အလွမ်းမြို့ said...

အလွမ်းမြို့တစ်ယောက် လာရောက်ခဲ့ပါကြောင်း

မဒမ်ကိုး said...

ဟက်ပီးအနီဗာစရီပါ ဘဲမဂျီး ..
သူ့ဟာသူပိတ်တာ သများကကြားကငိုလိုက်ရသေးး))


ဒါဘဲ

စံပယ်ချို said...

အဲ----မေ့နေတာလေ
မေးချင်နေတာကြာပေါ့
မနှင်းဆီဆိုတာ
ဘူလဲ သယ်ရင်းဆိုရင်တော့ပြောပြသင့်တယ်
ဖွဘုတ် အကြောင်းအလွန်ကောင်းပါ၏

AH said...

၂ နှစ်ပြည့်မှသည် နှစ်ပေါင်းများ စွာ အဓွန့်ရှည်စေသောဝ်... ဖတ်၍ကောင်း၏။ မနှင်းဆီ ကွာတားဖိုင်နယ် တက်ပြီလား အကို... :P

နွေတေးရှင် (မင်းဧရာ) said...

ဂလိုဘဲပေါ့ ကညိမ်းရာ
ပေါ့ပေါ့ပါးပါးပေါ့....
အများကြီးတွေးဖို့ မလိုပါဘူး။

ပေးစရာရှိတဲ့အကြွေးတွေကိုဆေိုတာကိုတော့ ပေးပေါ့ (ကြည်စင်ကောင်းကင်)ဆိုတာကိုပြောတာ
ပါ။

မနှင်းဆီကို သတိရ တာကတော့ ချမ်းမင်းတစ်ယောက်တည်းမဟုတ်ပါဘူး ကျွန်တော်လည်းသတိရပါတယ်
( ဒီရင်ဘက်ကြီးထဲက )

ဒီဘလော့ဒ်လေးလည်း ချဉ်ခင် ချဉ်မျှင် ရတုမှသည် နောင် ကညိမ်း ရေးနေသည့်အချိန်ထိ အသက်ရှည်ပါစေ။

Snow May said...

ဖွဘုတ်အကြောင်းရေးတာတော့ တိုက်တိုက်ဆိုင်ဆိုင်ခံစားနေရတာနဲ့တထပ်တည်းပဲ.. ကိုယ်တွေက မလောက်လေးမလောက်စား သူငယ်နှပ်စားလေးတွေလိုကိုဖြစ်လို့ ... :D

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?

utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

mstint said...

မနှင်းဆီကို အားလုံးလိုလို ဝိုင်းလွမ်းနေကြတာ ကြားသိရတော့ ဂျက်လိုပဲ စိတ်ဝင်စားတယ်း)
မောင်ညိမ်းကိုမြင်တွေ့နေတာမို့ မမေးမိတာပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nyi Linn Thit said...

ဖေ့စ်ဘွတ်ခ် ပိတ်လိုက်ရတဲ့ အကြောင်းရင်းကိုတော့ ကြိုက်သွားပြီ ကိုညိမ်းနိုင်ရေ..၊း) နောင်တချိန် အွန်လိုင်း မီဒီယာသမိုင်းကို သင်ကြတဲ့အခါ ဖေ့စ်ဘွတ်ခ်ရဲ့ ကျဆုံးခန်းမှာ ကိုညိမ်းနိုင်ရဲ့ ဖြစ်စဉ်တွေလည်း မပါဘူးလို့ ဘယ်သူပြောနိုင် မှာလဲ၊ ဘလော့ဂ်ဖက် ပြန်လှည့်ပြီး စာလေး ဖိဖိစိစိ ရေးဖို့ စိတ်ကလေး ကူးနေတာကိုပဲ ကျနော်တို့က ကျိတ်ဝမ်းသာနေရတာကိုးဗျ၊ ဆောက်ဖြစ်မှ ကျောင်းဒကာရယ်လို့ မဆိုရက်ပေမယ့် လက်စ၊ လက်န ရှိသူဆိုတော့ ပို့စ်တွေ အထွေးလိုက်၊ အထွေးလိုက် မျောလွင့်နေမယ့် ကောင်းကင်တစ်ခုကို တမ်းတ နေမိတယ် လို့ပဲ ဆိုပါရစေ တော့ဗျာ၊ အဲဒီ ကောင်းကင်လေးလည်း ၂ နှစ်ပြည့်မှသည် နှစ်ပေါင်း များစွာတိုင် တိမ်မျှင်၊ တိမ်တောင်၊ မိုးတိမ်တောင် များစွာ တို့ဖြင့် တပြန့်တပြူး ရှိပါစေကြောင်း...။

နှင်းနုလွင် said...

မရောက်တာကြာလို့
ရောက်တတ်ရာရာကို တကူးတက ဖတ်သွားတယ်ဗျို့..:P

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

san htun said...

ဖေ့ဘွတ်ပိတ်လိုက်တော့မှ ပို့ စ်တွေ ဖတ်ရတော့တယ်..