Friday, September 17, 2010
လူနှင့် ရွေးချယ်ပိုင်ခွင့်
“ ဒါ ငါ့ရဲ့ရွေးချယ်ပိုင်ခွင့်လေ...”၊“ ငါ့မှာ ရွေးစရာမရှိဘူး...” အစရှိသဖြင့် ကျွန်တော်တို့ ပြောလေ့ပြောထရှိကြပါ
တယ်။ရွေးချယ်ပိုင်ခွင့်ဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ မွေးရာပါအခွင့်အရေးတစ်ခုပါ...။ဒါပေမယ့်ကျွန်တော်
တို့မှာ အမှန်တကယ် ရွေးချယ်ပိုင်ခွင့် အပြည့်အဝ ရှိပါရဲ့လား...။မိမိရဲ့ ရွေးချယ်ပိုင်ခွင့်ကို အပြည့်အဝ အသုံချခွင့်
ရှိပါရဲ့လား...။ဘာသာမေးဖြစ်တဲ့မေးခွန်းတွေပါ..။
ရွေးချယ်ပိုင်ခွင့် လို့စဉ်းစားမိတော့ အတွေးထဲကိုရောက်လာတာကမရွေးချယ်ပိုင်ခွင့်(သို့)ကျွန်တော်တို့မရွေးချယ်
ပဲ ရလာရတဲ့ အရာတွေပါ။ကျွန်တော်တို့ ဘဝမှာ မရွေးချယ်ပဲ၊ရွေးချယ်ခွင့်မရှိပဲ ရလာတာတွေက သိပ်အများကြီး
မဟုတ်ပေမယ့် အတော်ကို အရေးပါတာတွေပါ...။ကျွန်တော်စဉ်းစားမိသလောက်ကတော့.....
မိဘ
ကျွန်တော်တို့တွေမှာ ရွေးချယ်ခွင့်ရှိခဲ့မယ်ဆိုရင် ဘယ်လိုမိဘမျိုးကို ရွေးချယ်မှာပါလိမ့်...။အများစုကတော့ လက်
ရှိ မိဘတွေကိုပဲ ရွေးမှာပဲ၊လက်ရှိမိဘတွေက ကိုယ့်အပေါ်မှာ အကောင်းဆုံးပဲ လို့ဖြေကြမယ်ထင်ရဲ့။ဒါပေမယ့်
အဲဒါက လက်ရှိဖြစ်တည်နေတဲ့ သံယောဇဉ်၊အစွဲအလမ်း ကြောင့် ဒီလိုအဖြေကို ဖြေဖြစ်ကြတာဖြစ်နိုင်ပါတယ်..။
လက်ရှိမိဘတွေကိုခဏ မေ့ထားပြီး စဉ်းစားကြည့်ရင်တော့...ဘယ်လိုမိဘမျိုးကို အများစုကရွေးချယ်မလဲဆိုတာ
အတော်စိတ်ဝင်စားဖို့ကောင်းမှာပါ။ဘီလ်ဂိတ် လိုပုဂ္ဂိုလ်မျိုးလား....၊ဒေါ်အောင်ဆန်းစုကြည် လို အမျိုးသမီးမျိုးကို
လား...၊ဒါမှမဟုတ် ဟစ်တလာကိုရွေးချယ်ချင်တဲ့လူများ ရှိနေလေမလား....။ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်
ခွင့်တော့ မရှိခဲ့ပါဘူး..။
လိင်
ယောင်္ကျားအများစုကြီးကတော့ ယောင်္ကျားဘဝ ရလာတာကို သဘောကျကျေနပ်ကြပါတယ်..။မိန်းမတွေ အနေ
နဲ့ သူတို့ မိန်းမဘဝကို သဘောကျကြသလား၊မကျကြဘူးလားဆိုတာတော့ ကျွန်တော်မသိပါဘူး...။ဒါပေမယ့်
မကြာခဏ ဆိုသလိုကြားမိတာကတော့ မိန်မ ဖြစ်ရတာ နစ်နာတယ်၊ဘာတယ်၊ညာတယ်..အစရှိသဖြင့်ပေါ့ဗျာ။
ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး အများစုကတော့ သူတို့မှာရွေးချယ်ပိုင်ခွင့်ရှိမယ်ဆိုရင် ယောင်္ကျားဘဝကိုရွေးချယ်
ဖြစ်ကြမယ် ထင်ပါတယ်..။မိန်းမဘဝကို ရွေးချယ်ချင်တဲ့ လူတွေလည်း ရှိနေမှာပါ...။ဘယ်လိုပဲဖြစ်ဖြစ် ရတော့ရ
လာခဲ့ပါပြီ။ကျွန်တော်တို့ မရွေးချယ်ပဲနဲ့ပေါ့လေ...။
ဆွေမျိုး၊သားချင်းတွေ
မကြာခဏဆိုသလိုကြားမိတာကတော့ မိမိဆွေမျိုး၊သားချင်းတွေရဲ့ အနိုင်ကျင့်၊ဒုက္ခပေးမှုကိုခံကြရတဲ့အကြောင်း
တွေပါ(ကျွန်တော်လည်း ထိုနည်း လည်းကောင်းး) )။ကျွန်တော်တို့မရွေးချယ်ပဲ ရလာခဲ့ရတဲ့ သူတွေကြောင့်
ကိုယ်၊စိတ် ဆင်းရဲမှုတွေ ရလာတဲ့ အခါမှာ ဘာကြောင့်များ ရွေးချယ်ခွင့်မရှိရတာလဲ လို့ လောကကြီးကို စကားနာထိုးမိကြမှာပါ...။နောက် သူတို့က ဒုက္ခ မပေးသည့်တိုင်အောင် ဘာသာတာဝန်ရှိလို့ တာဝန်ယူထားရတဲ့
အပေါ်မှာရော...ဘယ်လိုများ သဘောထားကြပါသလဲ ဆိုတာစိတ်ဝင်စားစရာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရွေးချယ်ခွင့်
မရတဲ့ အကြောင်းတွေထဲမှာ လူတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း တစ်ခုအပါအဝင်ပါပဲခင်ဗျ။
ခေတ်
ဘိုးတော်ဘုရားခေတ်မှာ လူဖြစ်လာရတဲ့သူတွေ အတွက် အဲဒီခေတ်ကအကောင်းဆုံးဖြစ်နေမလား။ ၈၈ နောက်
ပိုင်းမှာ လူဖြစ်လာရတဲ့သူတွေအတွက် ဒီခေတ်က အဆိုးဆုံးဖြစ်နေမလား...။ရွေးချယ်ခွင့်ရှိခဲ့ရင် ကျောက်ခေတ်
ကိုရွေးချယ်ချင်သူတွေများ ရှိနေမလား....။လူကြီးတွေကတော့ “ ဒို့ခေတ်တုန်းကများကွာ...” ဆိုပြီး သူတို့ဘဝမှာ
အကောင်းဆုံးဖြစ်ခဲ့တဲ့ ခေတ်တခေတ်ကို ပြန်တမ်းတတတ်ကြပါတယ်....။အင်း...ကျွန်တော်တို့အတွက်ကတော့
အဲလိုတောင် ပြောစရာရှိပါ့မလား...။တချို့ကလည်း “ဒို့ခေတ်ကို ရောက်ရတော့မည် မလွဲပါ ” ဆိုပြီး ကြုံးဝါး ကြ
ပါတယ်...။ရောက်ခဲ့ကြပါသလား....။ကျွန်တော်တော့ မသိဘူးခင်ဗျ။
ငယ်စဉ်ကလေးဘဝက ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်
ကလေးတစ်ယောက်အဖို့ သူကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်မရှိခဲ့ပါဘူး၊ရှိခဲ့ရင်လည်း ရွေးချယ်ရ
ကောင်းမှန်း မသိခဲ့နိုင်ပါဘူး။သူ့ရဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သူတွေကတော့ သူ့ရဲ့မိဘတွေပါ...။တခါတရံမှာ
မိဘတွေကိုယ်တိုင်က မရွေးချယ်နိုင်တဲ့ ဘဝကိုရောက်နေတတ်ပါတယ်...။မိမိကလေးကို စင်္ကာပူလိုနိုင်ငံမျိုးမှာ
ကြီးပြင်းစေချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန်ရသူတွေ၊မြန်မာပြည်မှာ ကြီးပြင်းစေချင်ပေ
မယ့် နိုင်ငံခြားတိုင်းပြည်တခုက မခွာနိုင်တဲ့သူတွေ အများကြီးရှိနေမှာပါ...။
မိမိရဲ့ ကိုယ်ခန္ဓာ
မွေးရာပါ ကိုယ်အင်္ဂါ တစ်စုံတစ်ရာချို့ယွင်းနေသူတွေအတွက်တော့ အတော်ကိုစိတ်နာစရာကောင်းတဲ့ ကိစ္စ
တစ်ခုပါ...။နည်းပညာတွေတိုးတတ်လာလို့ အတိုင်းအတာတစ်ခုအထိဖာထေးနိုင်သည့်တိုင်အောင်ဒါဟာကျေနပ်
စရာတစ်ခုတော့မဟုတ်ပါဘူး။မကျေနပ်လည်း ဘာမှမတတ်နိုင်တဲ့ ကိစ္စ တစ်ခုကို ကျေနပ်တတ်အောင်စိတ်ထား
တာက အပြောလွယ်သလောက်အလုပ်ခက်နိုင်ပါတယ်...။အင်း...ရွေးချယ်ခွင့်များရှိခဲ့ရင် အားလုံးကတော့
ရွေမင်းသား၊ရွေမင်းသမီးလေးတွေရဲ့ ရုပ်ရည်မျိုး ကိုပဲ ရွေးချယ်ကြမယ်ထင်ပါရဲ့...းD။
မြန်မာပြည်သားအများစုအတွက်တော့ မြန်မာလူမျိုးဖြစ်ရတာ လူဖြစ်ကျိုးနပ်တယ်လို့ထင်ကြတာပါပဲ...။ဒီလိုပါပဲ အင်္ဂလိပ်တစ်ယောက်အတွက်တော့ အင်္ဂလိပ်လူမျိုးက အကောင်းဆုံးလူမျိုး ဖြစ်နေမှာပါ။ဒါပေမယ့်ဟေတီ (လို့
ထင်ပါရဲ့ )ကတွတ်ဆီလူမျိုးတွေ၊တခြား ဖိနှိပ်ခံလူမျိုးတွေအနေနဲ့ ရွေးချယ်ခွင့်ရမယ်ဆို အခြားလူမျိုးတစ်ခုခုကို
ုများ ရွေးချယ်ချင်စိတ်ရှိနေမလား....။မည်သို့ပင်ဖြစ်စေကာမူကျွန်တော်တို့အတွက် အခြားနိုင်ငံသားအဖြစ်ပြောင်း
လဲခဲ့သည့်တိုင်အောင် မိမိရဲ့မိခင်လူမျိုးရင်းကိုတော့ ပြောင်းလဲရွေးချယ်လို့မရနိုင်ပါဘူး..။
လတ်တလော ကျွန်တော်စဉ်းစားမိသလောက်တော့ ကျွန်တော်တို့လူသားတွေရဲ့ဘဝမှာ မိမိမရွေးချယ်ပဲရလာခဲ့
ရတာတွေကတော့ ဒီလောက်ပါပဲ...။ဒါပေမယ့် အဲဒါတွေကပဲ ကျွန်တော်တို့ ဘဝတွေကို ပြဌာန်းသွားခဲ့ပါတယ်။
ကျွန်တော်တို့ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာတွေအပေါ် အလွမ်းမိုးဆုံးအရာတွေကို ကျွန်တော်တို့ ရွေး
ချယ်ခွင့်မရခဲ့ပါဘူး။ဒါပေမယ့် လူသားတွေဟာအဲဒီအခြေအနေတွေကို အတတ်နိုင်ဆုံး လက်ခံခဲ့ကြပါတယ်။ အကောင်းဆုံးလည်း တုံ့ပြန်၊ဖြေရှင်းခဲ့ကြပါတယ်။အင်း..အနည်းဆုံးတော့ ဖြေရှင်းဖို့ကြိုးစားခဲ့ကြတယ်ပေါ့ခင်ဗျာ။
လက်ရှိလူသားတွေရဲ့ ဖြစ်တည်၊တိုးတတ်ပြောင်းလဲ လာမှုကပဲ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ကြတယ်
ဆိုတာကို သက်သေပြနေပါတယ်..။ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ....။ကျွန်တော်တို့မရွေးချယ်ပေမယ့် လက်တော့ခံကြ
ရပါပြီ...။ဆိုးသည်ဖြစ်ဖြစ်၊ကောင်းသည်ဖြစ်ဖြစ် ဒါဟာကျွန်တော်တို့ ဘဝ၊ကျွန်တော်တို့ ဖြစ်တည်မှု ပါပဲခင်ဗျား..။
(ရွေးချယ်ပိုင်ခွင့် အကြောင်းလို့ခေါင်းစဉ်တတ်ထားပေမယ့် မရွေးချယ်ပိုင်ခွင့်တွေအကြောင်းနဲ့တင်နည်းနည်းရှည်
သွားတာကိုခွင့်လွတ်ပါခင်ဗျ။နောက်မှဆက်ပါဦးမယ်။အပိုင်းနှစ်ကို(မမျှော်ချင်လည်း)မျှော်ပေးကြပါလို့ ပန်ကြား
လိုက်ရပါတယ်ခင်ဗျား....း) )
Sunday, September 12, 2010
အချိန်=အပြောင်းအလဲ (၂ )
အချစ်
ရှေ့မှာ ရေးခဲ့သလို လူပျိုပေါက်အရွယ်မှာ ငြိမ်းကျော်၊မောင်စိန်ဝင်း၊တက္ကသိုလ်ဘုန်းနိုင် တို့ရဲ့ စာတွေနဲ့ လူလား
မြောက်လာခဲ့တာဆိုတော့အချစ်နဲ့ပတ်သက်လာရင်ငယ်စဉ်ကခံစားမှုတွေကအရမ်းကိုနူးညံ့၊သိမ်မွေ့လှပါတယ်။
၁၉နှစ်လောက်မှာ ရည်းစားလေးတစ်ယောက်ရတော့ ချစ်သူနဲ့ပတ်သက်လာရင် မထိရက်၊မကိုင်ရက်၊အရမ်းကို
တန်ဘိုးထားပြီးချစ်ခဲ့မိတယ်...။ချစ်သူရဲ့လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်ဖို့၊ချစ်သူ့ဆံနွယ်စလေးတွေကို ခိုးယူ
ရှိုက်နမ်းဖို့ဆိုတာ (အဲဒီအချိန်က)ကျွန်တော့်အတွက်တော့ မဟာစွန့်စားခန်းကြီးတစ်ခုရယ်ပါ...။
(အဲဒီလို လက်နှေးခဲ့လို့လားမသိ၊သုံးလလောက်အကြာမှာပဲ သူကကျွန်တော့်ကိုပစ်သွားလို့ အသဲဟတ်တက်ကွဲ
ကျန်ခဲ့တာ ခုထိကို ပြန်မဆက်နိုင်တော့ဘူး....။)
ခုချိန်မှာတော့ အချစ်နဲ့ပတ်သက်လာရင် ခံစားချက်တွေက ပြောင်းလဲသွားခဲ့ပြီ။စိတ်ကူးယဉ်အချစ်မဆန်တော့။
ဟိုတုန်းကလိုလည်း မနူးညံ့၊မသိမ်မွေ့တော့ပြီ...။နည်းနည်း အရိုင်းဆန်လာတယ်လို့ပြောရတော့မယ်....။
ခုချိန်မှာ အချစ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် အချစ်ဆိုတာ တပ်မက်မှု နဲ့ သံယောဇဉ် အချိုးညီညီ ပေါင်းစပ်
ထားတာလို့ ပဲ ယူဆမိတော့တယ်။
အပေါင်းအသင်း၊သူငယ်ချင်း
ငယ်ငယ်က အပေါင်းအသင်း သိပ်ပြီးမမင်ခဲ့ဘူး။အမြဲတွဲခဲ့တဲ့ သူငယ်ချင်းရယ်လို့လည်း သတ်သတ်မှတ်မှတ်မရှိခဲ့
ဘူး။လူတိုင်းနဲ့တော့ ခင်ခင်မင်မင်ရှိခဲ့ပါတယ်။အများအားဖြင့် ဘာသာတစ်ယောက်တည်း စာအုပ်တွေနဲ့ပျော်မွေ့
မိတာကလည်း သူငယ်ချင်းတွေနဲ့ အရမ်းကြီးတရင်းတနှီး မဖြစ်စေခဲ့တဲ့အကြောင်းတရပ်ဖြစ်နိုင်ပါတယ်။ဘယ်
သူငယ်ချင်းကမှ ကိုယ်အတွက် အနစ်နာခံပေးခဲ့ရတာမျိုးမရှိခဲ့သလို၊ကိုယ်ကလည်း ဘယ်သူ့ကိုမှ အနစ်နာခံပေး
ခဲ့တာမျိုး မရှိခဲ့ပါဘူး။
အသက်လေးနဲနဲရလာတာနဲ့အမျှ သူငယ်ချင်း၊အပေါင်းအသင်းတွေအပေါ် ချစ်ခင်တွယ်တာတဲ့စိတ် ပို ပိုလာပါ
တယ်။သူ့အရေးကိစ္စတွေကို ကိုယ့်အရေးကိစ္စတွေလိုသဘောထား တတ်လာတယ်။နားလည်မှုလည်းပိုပြီးပေးနိုင်
လာခဲ့တယ်။ကိုယ့်အချိန်တွေထဲကမှ သူတို့အတွက် အချိန်ပေးတတ်လာခဲ့ပြီ။သူငယ်ချင်းတွေနဲ့ စကားပြောရတာ
ကိုလည်း ခုံမင်လာခဲ့ပါတယ်...။
လူနဲ့ပတ်ဝန်းကျင် အပေါ်မှာမြင်တဲ့ အမြင်
ဟိုတချိန်က လူတွေအပေါ်မြင်တဲ့ ကျွန်တော့်အမြင်တွေက တဖတ်သက်ဆန်ခဲ့တာအမှန်ပါပဲ။ကိုယ့်ဘက်ကိုပဲ
ကြည့်ခဲ့မိတယ်။ကိုယ့်အပေါ်မကောင်းတဲ့လူကို မကောင်းဘူးလို့ပဲ မြင်တယ်၊အပြင်ပန်းမှာ ကောင်းတဲ့လူတွေကို
လည်း လူကောင်းလို့ ရိုးရိုးရှင်းရှင်းမြင်ခဲ့ပါတယ်။ခုတော့ကိုယ့်အပေါ်မကောင်းတဲ့လူတွေကိုလည်း သူတို့ရဲ့
အခက်အခဲတွေ၊စိတ်ခံစားမှုတွေကို ကြည့်မြင်နားလည်ပေးတတ်လာတယ်။ကောင်းတဲ့လူတွေကိုလည်း သူတို့ရဲ့
အတွင်းစိတ်သဘောထားကိုပါ မြင်နိုင်အောင်ကြိုးစားလာမိပါတယ်။လက်ဖမိုးကိုချည်း မကြည့်ပဲ လက်ဖဝါးကိုပါ
ကြည့်တတ်လာခဲ့ပါပြီ....။
တချိန်က လူတွေအပေါ် သနားတတ်တဲ့စိတ်၊ယုံကြည်တဲ့ စိတ်လည်း ရှိခဲ့တယ်။တခါက ကျွန်တော်ဆိုင်ကိုလူတစ်
ယောက်လာပြီး အမေ့အတွက်ဆေးလာဝယ်တာ ငွေမလောက်လို့၊ဒီမှာလည်း အသိမိတ်ဆွေမရှိလို့ ငွေချေးပါ ၊
နက်ဖြန်ဆက်ဆက်လာပေးပါ့မယ်ဆိုပြီး ဘလိုင်းကြီး လာချေးဖူးတယ်။ဒီကကျွန်တော်မျိုးကြီးကလည်း ယုံကြည်
စိတ်ချစွာနဲ့ အိတ်ထဲရှိသလောက်ချေးလိုက်ပါတယ်။နောက်နေ့မှာ လည်ပင်း ကုလားအုပ်ဖြစ်အောင်မျှော်ပေမယ့်
ကိုယ်တော်က ပေါ်မလာတော့ပါဘူး။နာမည်တောင်မသိတဲ့လူကို ယုံရပါ့မလားလို့ ကြားတဲ့ သူငယ်ချင်းတိုင်းရဲ့
အဆဲကိုခံရတာပဲအဖတ်တင်ပါတယ်။
ခုချိန်မှာတော့ သူငယ်ချင်းအချင်းချင်း ခဏတဖြုတ် ငွေလှည့်တာတောင် “ဟေ့ကောင် မင်းပြန်တော့ ပေးမှာပါ
နော် ” ဆိုပြီး မယုံသလိုလို မေးမိလို့ ဘာသာမနည်း သတိထားနေရတယ်း)။
ငွေကြေး နဲ့ အလုပ်
အသက်နှစ်ဆယ်လောက်မှာ ကိုယ်ပိုင်ဝင်ငွေ၊ကိုယ်ပိုင်အလုပ် ရှိလာပါပြီ။အလုပ်ဘာအတွက်လုပ်လဲဆိုရင် တချိန်ကတော့ ငွေရဖို့ပါ။ငွေဘာလုပ်ဖို့လဲဆိုရင် သုံးဖို့၊ဖြုန်းဖို့ လို့ပဲပြောဖြစ်ခဲ့မယ်ထင်တယ်။ငွေ ကို များများ နဲ့
မြန်မြန်ရအောင် ရှာတယ်။ပြီးတော့ မြန်မြန် သုံးပစ်လိုက်တယ်။အလုပ်အပေါ်ထားတဲ့သဘောထားကလည်း ငွေ
ရဖို့ပဲ..။ငွေကြေး အပေါ်ထားတဲ့ သဘောထားကလည်း သုံးပစ်လိုက်ဖို့ပဲ...။
နောက်ပိုင်းမှာတော့ အလုပ်ကို အလုပ်လိုပဲ သဘောထားနိုင်လာခဲ့ပြီ။တနေ့ကပဲ လုပ်ဖော်ကိုင်ဖက် စလုံးတစ်
ယောက်က ကျွန်တော့်ကို “ ဒီလောက် အလုပ်ရှုပ်နေတာတောင် မင်းကသီချင်းလေး တညီးညီး နဲ့ အတော်ပျော်
နေတယ်ပေါ့လေ ဟုတ်လား ” လို့ မေးလာပါတယ်။ဒီတော့ ကျွန်တော်က “ အလုပ်ရှုပ်လဲ ငါ့အတွက်က တစ်နေ့
ကို ၂၄ နာရီပဲ၊အလုပ်များလို့ ၂၅ နာရီဖြစ်သွားတာမှ မဟုတ်တာ၊လုပ်စရာရှိနေရင်တော့ လုပ်ရမှာပေါ့ ” လို့
ခပ်နောက်နောက်လေး ပြန်ဖြေ ဖြစ်လိုက်ပါတယ်။
ဟုတ်ပါတယ်...။ခုနောက်ပိုင်းမှာ အလုပ်အပေါ်ထားတဲ့ သဘောထားက အဲဒီအတိုင်းဖြစ်သွားပါပြီ။ငွေကြေး ကို
လည်း ကျွဲကူးရေပါ တဲ့သဘောပဲလို့ထားပါတော့တယ်။ဒါပေမယ့် အရင်တုန်းကလိုတော့ အရမ်းမသုံးဖြစ်တော့
ဘူး။ကပ်စေးနဲ လာတတ်တဲ့သဘောထင်ပါရဲ့း)။တခုခုဝယ်တော့မယ်ဆို အရင်လို စွတ်မဝယ်ဖြစ်တော့ဘူး။
နောင်ရေးတွေဘာတွေ တွေးပြီး လက်တွန့် လာပါတယ်။
အသက်နဲ့အမျှ လျော့သွားတာတွေ
အိပ်ချိန်။ ။ငယ်ငယ်ကအအိပ်မက်ခဲ့တယ်။၁၀နာရီဆိုအိပ်ပြီ။နောက်ကျမှအိပ်ရင်လည်း မနက်ကို ၉နာရီ၊၁၀
နာရီထိမထတော့ဘူး။အအိပ် မက်လွန်းလို့ အချိန်တွေ၊ချိန်းထားတာတွေ ကမောက်ကမ၊နောက်ကျခဲ့ရပေါင်းများ
ခဲ့ပါတယ်။ခုတော့ ညဆို အစောဆုံးအိပ်ယာဝင်ချိန်က ၁၁နာရီ၊၁၂နာရီ။မနက်ဆိုလည်း ၇နာရီဆို နိုးပြီ၊ဆက်
အိပ်လို့လည်းမရတော့။ဘာကြောင့်အအိပ်နည်းသွားတာလည်းဆိုတာ ဘာသာလည်း နားမလည်နိုင်ပါဘူး။
ဒေါသ။ ။ငယ်ငယ်က ဒေါသကြီးတယ်။လက်လည်းမြန်တယ်။လေးတန်းကျောင်းသားဘဝထဲက ကျောင်းက
အိမ်ကို တိုင်စာပို့လို့ အမေလုပ်သူကလိုက်ရှင်းရတာခဏခဏ။အသက်နှစ်ဆယ်ကျော်လောက်မှာ သောက်တတ်
စားတတ်လာတော့ ပိုဆိုးရော...။မူးလာရင်သွေးမဆိုးပေမယ့်၊ကိုယ့်ကို လာရစ်ရင်သည်းမခံနိုင်လို့ ခဏခဏရန်
ဖြစ်တယ်။ငယ်ငယ်ကတော့ လူဆိုးစာရင်းဝင်ပေါ့၊(နှစ်ယောက် တစ်ယောက်ဆိုလည်း ချတာပဲ၊သုံးယောက် တစ်
ယောက်ဖြစ်လည်း တီးတာပဲ၊လေးယောက်တစ်ယောက်လည်း ဆော်တာပဲ....။နှစ်ယောက်တို့၊သုံးယောက်တို့၊
လေးယောက်တို့ဘက်က ပြောပါတယ်..း) )။ခုတော့ တော်တော်ကိုလျော့ကျသွားပါတယ်၊ကိုယ့်ကို လာပြီးကြော
သလို၊မောသလို လုပ်တာတောင် သည်းညည်းခံတတ်ပါပြီ။လူ့ဘဝတိုတိုလေးအတွင်းမှာ ဘာကြောင့် အဓိပ္ပာယ်
မရှိတာတွေနဲ့ ကိုယ့်စိတ်ကို အပင်ပန်းခံနေမှာလည်း လို့ ဘာသာဖြေတတ်ခဲ့ပါပြီ။
လောဘ။ ။ငယ်စဉ်ကတော့ ဖြစ်ချင်တာတွေများခဲ့တယ်။လိုချင်တာတွေများခဲ့တယ်။လုပ်ချင်တာတွေလည်း
အများကြီးရယ်...။ချမ်းသာတဲ့ဘဝ၊အောင်မြင်တဲ့ဘဝကို လိုချင်ခဲ့တယ်။(ကြိုးစားခဲ့သလားလို့တော့ မမေးပါနဲ့း) )
ခုချိန်မှာ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း၊ကိုယ်လုပ်ချင်တိုင်း မရနိုင်ဘူးဆိုတာသိလာခဲ့တဲ့နောက် အလိုဆန္ဒတွေ
လျော့ကျသွားခဲ့ပါတယ်။လောကမှာ ကျွန်တော်တို့မတတ်နိုင်တာတွေ အများကြီးပါလားဆိုတာကို လက်ခံလာခဲ့
ပြီ...။ခုချိန်မှာ အိမ်ပြန်ရောက်ရင် အေးအေးဆေးဆေး ခြံသေးသေးလေးတစ်ခြံနဲ့ သီးနှံပင်လေးတွေပဲ စိုက်စားချင်
တော့တယ်။
အသက်နဲ့အမျှ ပိုလာတာတွေ
အတွေးတွေ။ ။အရင်ကတည်းက ကိုယ့်အတွေးနဲ့ကိုယ် နေတတ်တဲ့သူဆိုပေမယ့်၊နောက်ပိုင်းကာလတွေမှာ
အရင်ကထက်ပိုပိုပြီးတွေးမိလာတယ်၊လောကအကြောင်း၊လူတွေအကြောင်း၊ဘဝတွေအကြောင်း၊ပြီးတော့ ကိုယ့်အကြောင်း....။အတွေးတွေရဲ့နောက်မှာ အဖြေဆိုတာတော့မရှိခဲ့ပါဘူး။
နောင်တနဲ့အမှားတွေ။ ။ရခဲ့ပါတယ်၊အတော်ကို ပိုလို့ရခဲ့တာတွေပါ....း)။ဘဝမှာ ခုချိန်ထိ ခဲဖျက်နဲ့ မလွတ်ကင်း
နိုင်သေးဘူး။ဖျက်လို့မရ၊ပြင်လို့မရတာတွေအတွက်တော့ နောင်တတွေပဲအဖတ်တင်ခဲ့တာပေါ့။ဘာတွေလည်း
လို့တော့မမေးကြပါနဲ့....။ဖြေမိခဲ့ရင် ထပ်ပြီး နောင်တရမိမှာဆိုးလို့း)
ဆက်ရန်
Saturday, September 11, 2010
အချိန်=အပြောင်းအလဲ(၁)
စကားချီး
ခု နှစ်ပတ်၊သုံးပတ် အတွင်းကျွန်တော်မောင်လေးတစ်ယောက်အလုပ်အရမ်းရှုပ်နေပါတယ်။မနက်၇နာရီလောက်
ကတည်းက ဆိုက်ထဲကို ထွက်သွားလိုက်ရတာ ညသန်းခေါင်၊တခါတလေ ၁ချက်ထိုး မှအခန်းပြန်ရောက်ပါတယ်။
ပြန်ရောက်တာနဲ့ ကွန်ပြူတာလေးဖွင့်၊ဘယ်သူတွေ ဘာအသစ်တွေ ရေးထားလဲဆိုတာ ကပျာကယာကြည့်၊
အာရုံကျတာလေးကို ကပျာကယာဖတ်၊ကျန်တာတွေကိုတော့ အကြွေးအဖြစ်မှတ်ထားရပါတယ်။အရင်လို ကိုယ့်
ဘလော့လစ် ထဲမှာအသစ်တက်လာသမျှကို အစဉ်အတိုင်းမဖတ်နိုင်သေးပါဘူး။ကွန်မန့်ကတော့ဝေးရောပေါ့။
အလုပ်များနေလို့ ဘလော့မလည်နိုင်တာကို ဒီနေရာကနေ အားလုံးကိုတောင်းပန်လိုက်ပါတယ်ခင်ဗျားးးးး။
နိဒါန်း
အဲဒီလောက် အလုပ်များနေပေမယ့် အားတဲ့အချိန်လေးတွေမှာ၊ကားစီးနေတဲ့အချိန်တွေမှာ စိတ်အတွေး တွေကို
တမျှော်တခေါ်ကြီး ဖြန့်ကျက်မိပါသေးရဲ့.....။တွေးမိတာတွေက တခြားတော့မဟုတ်ပါဘူး...။ကျွန်တော့်ဘဝ၊
ကျွန်တော့်အကြောင်းတွေပါပဲ...။တွေးမိတာမှ ဟိုးးးးးလေးငါး ဆယ်နှစ်ကအကြောင်းတွေကိုပါပြန်ပြောင်းလို့
တွေးတောနေမိတာပါ..။
အဲဒီအတိတ်ကိုပြန်တွေးမိတော့ လွန်ခဲ့တဲ့လေးငါးဆယ်နှစ်လောက်က အသက်နှစ်ဆယ်ကျော်အရွယ်မောင်လေး
ဆိုတဲ့လူနဲ့ အခု သုံးဆယ်ကျော်အရွယ်မောင်လေး ဟာ ကွာချင်တိုင်းကွာ၊ခြားနားချင်တိုင်းခြားနားနေတာကို
သတိပြုမိပါတယ်။
ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေဟာ တမုဟုတ်ခြင်း မျက်လှည့်ပြလိုက်သလို ပြောင်းလဲသွားတာမဟုတ်ပဲ
အချိန်နဲ့အမျှ နည်းနည်းခြင်း ပြောင်းလဲသွားခဲ့တာပါ..။ကိုယ့်ဘာသာတော့ ပြောင်းလဲလို့ပြောင်းလဲမှန်း မသိလိုက်
မသိဘာသာ ပြောင်းသွားတာတွေပါ။ခုလို ဘာသာ ပြန်ပြောင်း တွေးတောမိတော့မှ အော်.....ငါ အတော်ပြောင်း
လဲသွားတာပါလား လို့ သတိပြုမိပါတော့တယ်...။
စာပေ
အချိန်နဲ့အမျှ၊အသက်နဲ့အမျှ အပြောင်းအလဲ အဖြစ်ဆုံးကတော့ ဖတ်ဖြစ်တဲ့စာတွေနဲ့ ဖတ်ချင်တဲ့ စာတွေပါ။
ဘယ်အရွယ်ကတည်းက စာတွေစဖတ်ခဲ့သလဲဆိုရရင် စာရေးစာဖတ်စတတ်ကတည်းကလို့ ပြောရမှာပဲ။
ခုနစ်နှစ်၊ရှစ်နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူက ရွေသွေးတွေ၊တေဇတွေ၊တို့ကျောင်းသားတွေ လပေးနဲ့
ဝယ်ပေးပြီး စာဖတ်တတ်တဲ့အလေ့အကျင့် ကို ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။
ကလေးဘဝကတော့ အဲဒီ ရွေသွေး၊တေဇ တို့အပြင် ဖတ်ခဲ့ကြိုက်ခဲ့တာက စံရွေမြင့်ရုပ်ပြစာအုပ်လေးတွေပါ။
လက်ဝါးလောက်အရွယ်စာအုပ်ပါးပါးလေးတွေပါ။ဝမ်းနည်းရမှာလား၊ဝမ်းသာရမှာလားမိသိန်းကြည် တို့၊ကား
လမ်းလှေလှော်တို့ ဆို ခုထိသေသေချာချာ မှတ်မိနေနိုင်အောင်ကို အထပ်ထပ်အခါခါ ဖတ်ခဲ့တာတွေပါ။
ဆယ်နှစ်နှစ်၊ဆယ်သုံးနှစ်အရွယ်၊၈၈ ကျောင်းပိတ်ရက်တွေမှာတော့ သိုင်းစာအုပ်ဘက်ကို လိုင်းပြောင်းသွားခဲ့ပါ
တယ်...။နေလင်းအောင်၊မိုးကျော်သူ၊ဝင်းကြွယ် တို့ကကျွန်တော့် အသဲစွဲ သိုင်းဘာသာပြန်စာရေးဆရာတွေပါ။
တနေ့တနေ့ လေးအုပ်တွဲ၊ငါးအုပ်တွဲတွေကို ပြီးအောင်ဖတ်ခဲ့တာ....။အုပ်တွဲရှည်ကြီးတွေဆို ကျွန်တော်က ကိုယ့်
ဘာသာ မပြီးနိုင်လောက်ဘူးအောင့်မေ့ပြီး သုံးလေးအုပ်ပဲငှားသွား၊တညလုံးပြီးအောင်ဖတ်လိုက်တော့၊နောက်
နေ့ရောက်တော့ ဖတ်စရာကမရှိ၊ဇာတ်လမ်းကလည်း ကောင်းခန်းရောက်နေဆိုတော့ မနက်စောစော မဖွင့်
သေးတဲ့ဆိုင်ကို အတင်းတံခါးသွားခေါက်ပြီး ငှားဖတ်ရလောက်အောင်ကို အစွဲကြီးစွဲခဲ့ပါတယ်...။
ဆယ့်လေး၊ငါးနှစ် ရောက်တော့ စွန့်စားခန်းဝတ္ထုတွေဘက်ကို အာရုံရောက်သွားပြီ။မင်းသိင်္ခ၊ရာဇဂဏီ၊မြတ်ထွန်း
သစ်၊ဆွေလှိုင်ဦး တို့ရဲ့ ဇာတ်ကောင်တွေက လူပျိုပေါက်ကလေး ကျွန်တော့်အတွက်တော့ စံပြပုဂ္ဂိုလ်တွေဖြစ်ခဲ့
ပါတယ်။တချိန်ထဲမှာပဲ ဖတ်ဖြစ်ခဲ့တာတွေက အချစ်ဝတ္ထုတွေပါ။မောင်စိန်ဝင်း၊ငြိမ်းကျော် တို့ရဲ့ဝတ္ထုတွေဖတ်ပြီး
စိတ်ကူးတွေ အကြီးအကျယ်ယဉ်ခဲ့မိ၊ရည်းစားထားဖို့အသဲအသန်ကြိုးစားမိခဲ့တာပေါ့..။တခန်းလုံးက ချောတော
မောတော ကောင်မလေးတွေမှန်သမျှ ဟိုတယောက်ကိုချစ်ရနိုး၊ဒီတယောက်ကိုကြိုက်ရနိုးနဲ့ ကိုယ်ရည်ရွယ်ထား
တာ တခန်းလုံး ဆိုတာလို စိတ်ကစားမိခဲ့တယ်....။(သို့ပေမယ့် လက်တွေ့မှာ အဖြစ်မရှိခဲ့လေတော့ ခုချိန်ထိ
လူပျိုကြီး ဖြစ်နေတော့တာပါပဲ...။ဤကား စကားချပ်(ဝါ)ကြော်ငြာ တည်းး) )
ဒီလိုနဲ့ ၁၉၉၇ ခုနှစ်၊အသက်နှစ်ဆယ် အရွယ်မှာ ဒုတိယံမိ အရေးအခင်းကျောင်းပိတ်ရက်နဲ့ ကြုံရပြန်ပါတယ်။
ကျောင်းပိတ်ရက်တွေမှာ အဖွားအိမ်မှာ ရှိတဲ့ အဖေနဲ့ဦးလေးတို့ လူပျိုဘဝက စုထားခဲ့တဲ့ စာအုပ်တွေကို မောင်
ပိုင်စီးပြီး စာအုပ်ပုံတွေထဲ ခေါင်းနှစ်ထားမိခဲ့တယ်ခင်ဗျ။အဖေလူပျိုဘဝက စုထားခဲ့တဲ့ ရှူမဝ၊ငွေတာရီ၊စန္ဒာ
မဂ္ဂဇင်းတွေ နဲ့ ဦးလေး စလုံးကိုမသယ်သွားနိုင်လို့ထားခဲ့တဲ့ ဘာသာပြန်စာအုပ်ကောင်းတွေကို တန်ဖိုးရှိစွာဖတ်
ခဲ့ရပါတယ်။
မှတ်မှတ်ရရအရှိဆုံးကတော့ စစ်နဲ့ငြိမ်းချမ်းရေး ၁၂အုပ်တွဲကြီးရယ်၊သခင်ဘသောင်းရဲ့ ခြေလေးချောင်းတော်
လှန်ရေး စာအုပ်ရယ်၊သော်တာဆွေရဲ့ ရှူမဝထဲမှာ လစဉ်ရေးခဲ့တဲ့ ကျွန်တော့်ဘဝဇာတ်ကြောင်းတွေရယ်ပါ။
အသက်အစိတ်လောက်မှာ စပြီးစိတ်ဝင်တစားရှိလာတာတော့ ဘာသာရေးစာအုပ်တွေပါ။ထေရဝါဒဗုဒ္ဓဘာသာ
နဲ့ပတ်သက်တဲ့စာအုပ်တွေကို ငယ်ငယ်ကတည်းကဖတ်ဖြစ်ပေမယ့် အရမ်းကြီးစိတ်ဝင်တစားရှိလှတာတော့မ
ဟုတ်ခဲ့ပါဘူး။၂၀၀၂၊၂၀၀၃ လောက်မှာ ဘာသာရေးစာအုပ်တွေကို စိတ်ဝင်တစားရှာဖွေ ဖတ်ရှုမိခဲ့ပါတယ်။
အကြိုက်ဆုံးကတော့ ဆန်းလွင် ရဲ့နာမည်ကျော် ရတနာသုံပါးကိုယုံကြည်ကိုးကွယ်လာသူတစ်ယောက်အ
ကြောင်း၊နဲ့ ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက ဆိုတဲ့စာအုပ်နှစ်အုပ်ပါ။
နောက်ပိုင်းကာလတွေမှာ အဖတ်ဖြစ်ဆုံးကတော့ ဂျူး၊တာရာမင်းဝေ၊မင်းခိုက်စိုးစံ၊နောက်...ဘဝသရုပ်ဖော်ဝတ္ထု
တွေပါ။မော်ဒန်ဝတ္ထုတွေကို အစောပိုင်းကာလတွေမှာ ဘယ်လိုမှဖတ်လို့မရခဲ့ဘူး။ကိုယ်တိုင်ကလည်း စာအုပ်
အငှားဆိုင်လေး ဖွင့်ခဲ့ဖူးတော့ ကျွန်တော့်ဆိုင်မှာ သစ္စာနီတို့၊ဇော်ဇော်အောင်တို့၊တာရာမင်းဝေ တို့ကို စုံအောင်
တင်ဖြစ်ခဲ့ပေမယ့် ဘာသာတော့ ယောင်လို့တောင်ကိုင်မကြည့်မိခဲ့ဘူး။သို့ပေမယ့် နောက်ပိုင်းကာလတွေမှာ
တာရာမင်းဝေရဲ့ ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှုစာအုပ်ထဲက ကျွန်တော်နှင့်မြူနှင်းဝေသောညများ ဆိုတဲ့
ဝတ္ထုတိုလေးကစလို့ ကျွန်တော်လည်း မော်ဒန်၊ပို့စ်မော်ဒန်တွေကို သဘောအတော်ကျသွားမိပါတယ်။
ခုချိန်မှာတော့ စာစုံဖတ်ဖြစ်သွားပါပြီ။ငယ်ငယ်ကလို တစ်လိုင်းဆိုတစ်လိုင်းမဟုတ်တော့ပဲ တွေ့သမျှကိုဖတ်ဖြစ်
ပါတယ်။ဒါပေမယ့်စာဖတ်ချင်တဲ့စိတ်ကြောင့်သာဖတ်ဖြစ်တာဖြစ်ပြီးငယ်ငယ်တုန်းကလိုဖတ်ချင်လှတဲ့စာအုပ်၊
ဖတ်ချင်လှတဲ့စာရေးစရာရယ်လို့ (အကြည်တော် နဲ့ မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာ ကလွဲလို့ ) သတ်သတ်မှတ်မှတ် မရှိတော့ပါဘူးခင်ဗျ။
ဖတ်ဖြစ်ခဲ့တဲ့စာအုပ်တွေကပဲ လူ့စိတ်ကိုပြောင်းလဲစေခဲ့သလား၊လူ့စိတ် အပြောင်းအလဲကိုလိုက်လို့ စာအုပ်တွေ
ကို ဖတ်ဖြစ်ခဲ့သလားဆိုတာကို ကျွန်တော်မပြောတတ်ပါဘူး။ဒါပေမယ့်အသက်ကလေးရလာကာမှဟာသစာအုပ်
တွေကိုပဲ ဖတ်ချင်စိတ်ရှိတော့တာတော့အမှန်ပါပဲခင်ဗျား....။
(ကျွန်တော် စာရေးတဲ့အခါမှာဖြစ်ဖြစ်၊စကားပြောတဲ့အခါမှာဖြစ်ဖြစ် စာရေးဆရာတွေရဲ့ကလောင်အမည်ရှေ့မှာ
ဦး(သို့)ဆရာ၊ဆရာကြီး ဆိုတာမျိုး ထည့်လေ့ထည့်ထ မရှိခဲ့ပါဘူး။ကလောင်အမည်ကို ကလောင်အမည်အတိုင်း
သုံနှုန်းတာ ပိုအဆင်ပြေမယ်ထင်လို့ပါ။ရိုင်းသလိုဖြစ်ရင်ခွင့်လွတ်ဖို့တောင်းပန်ပါတယ်။စိတ်ထဲမှာတော့ လေးစား
မှုအပြည့်ရှိပါကြောင်း.....။)
ရုပ်ရှင်
ကျွန်တော်ဝါသနာပါတဲ့အကြောင်းအရာတွေအထဲမှာ ရုပ်ရှင်လည်းပါ ပါတယ်။ငယ်ငယ်က ကြိုက်ခဲ့တဲ့ ရုပ်ရှင်
အမျိုးအစားက အက်ရှင်ဇာတ်ကြမ်းတွေ...။ဒရမ်မာဆို လုံးဝ၊လုံးဝ မကြည့်။ဟာသကားတွေကို နည်းနည်းပါးပါး
ကြည့်မိပေမယ့် ကြိုက်လှတယ်တော့မဟုတ်ပါဘူး။အပေါင်းအသင်းတွေက ဒီကားလေး အရမ်းရီရတာ ကြည့် ကြည့်စမ်းပါ ဆိုမှ ကြည့်ဖြစ်တာမျိုး ကလား....။
ခုနောက်ပိုင်းကာလတွေမှာ အက်ရှင်ဆို စိတ်မဝင်စားချင်တော့ဘူး။အထူးသဖြင့်ဘာမှန်းမသိ ပစ်ခတ်၊ညှစ်သတ်
နေတာမျိုးဆို ဘယ်လိုမှ ကြည့်လို့မရတော့ဘူး။(ငယ်တုန်းကတော့ ပစ်ခတ်နေရင်ပြီးရော ကြိုက်ပြီးသားး))
ခုတော့ ဒရမ်မာကားလေးတွေပဲကြည့်ချင်တော့တယ်။နောက် ဟာသကားတွေ လည်းကြည့်ချင်စိတ်ပေါ်လာ
တယ်။ငယ်ငယ်က မကြိုက်ခဲ့တဲ့ မြန်မာဟာသကားတွေကိုတောင်ကြည့်လို့ရလာခဲ့ပြီ ။
သီချင်း
ငယ်ငယ်က သိပ်ပြီးစိတ်မဝင်စားခဲ့တဲ့ အရာတွေထဲမှာ သီချင်းတွေလည်းပါ ပါတယ်။လက္ဘက်ရည်ဆိုင်မှာဖွင့်ထား
တဲ့ သီချင်းတွေလောက်သာ နားထောင်ဖြစ်ခဲ့တာပါ။သူငယ်ချင်းတွေထဲမှာ ဂီတကို အတော်စိတ်ဝင်စားတဲ့သူတွေ
အများကြီးရယ်..။မြဝတီမှာ သီချင်းဆိုခဲ့ဖူးတဲ့သူတွေ၊သူငယ်ချင်းတွေစုပြီး အပျော်တမ်းတီးဝိုင်းလေး ထောင်ထား
ကြသူတွေ အများကြီးရယ်...။ဒါပေမယ့် ကျွန်တော်ကတော့ သီချင်းတွေကို စိတ်မဝင်စားခဲ့မိဘူး။ဂီတာ တီးတတ်ဖို့
ဆိုတာဝေးလို့ ဂီတာမှာ ကြိုးဘယ်နှစ်ချောင်းပါသလဲဆိုတာတောင် ဝိုးတို့ဝါးတားရယ်...။
ငယ်စဉ်က ကိုယ်တိုင်ဝယ်ခဲ့ဖူးတဲ့ ကက်ဆက်ခွေဆိုလို့ မှတ်မှတ်ရရ ရဲသွင်ရဲ့ နှင်းဆီလှိုင်းများဆိုတဲ့ တခွေပဲရှိ
တယ်။ဒါတောင်နားထောင်ချင်လို့မဟုတ်ဘူး။သူငယ်ချင်းတစ်ယောက်က အဲဒီအချိန်က သူတို့ဆိုင်မှာ ကက်ဆက်
ခွေအရောင်းဆိုင်ဖွင့်လို့ သူငယ်ချင်းဆိုင် မို့လို့ သက်သက်အားပေးတဲ့သဘောရယ်...။ဗွီစီဒီ၊ဒီဗီဒီ ခေတ်ရောက်
တော့လည်း ဇာတ်လမ်းခွေတွေသာ ဝယ်ဖြစ်ရင်ဝယ်ဖြစ်မယ်၊သီချင်းခွေကိုတော့ များများစားစားမဝယ်ဖြစ်ခဲ့ဘူး။
လွန်ခဲ့တဲ့လေး၊ငါး နှစ် ကစလို့ သီချင်းတွေကိုတခုတ်တရ နားထောင်ဖြစ်လာခဲ့တယ်။ခုချိန်မှာတော့သီချင်း နားမထောင်ဖြစ်တဲ့ရက်ဆိုတာ တစ်ရက်မှမရှိ။ အလုပ်ထဲမှာ နားကြပ်နဲ့နားထောင်၊ရေချိုးရင်း နားထောင်၊
ကွန်ပြူတာဖွင့်လိုက်တာနဲ့ စစချင်းသီချင်းတွေကို ဖွင့်ထားပြီးနားထောင်၊ဘလော့တွေလည်လို့ သီချင်းတွေ သူ
တို့ဘလော့လေးတွေမှာ တင်ပေးထားရင်လည်း နားထောင်၊ခုတော့ သီချင်းတွေမှ မရှိတော့ရင် လူ့ဘဝကြီးက
အဓိပ္ပါယ်မဲ့သွားတော့မယ့်အဖြစ်မျိုးရောက်သွား လိမ့်မယ်လို့တောင်ထင်လာမိတယ်။သီချင်းတွေကိုလည်း နှစ်နှစ်
ကာကာ ခံစားတတ်လာခဲ့ပါတယ်..။
ဆက်ရန်
Sunday, August 29, 2010
ဘယ်တော့မှ မမေ့ပါဘူး
ဟိုစဉ်အချိန်တွေ တမ်းတမက်မော
ပြန်လိုချင်တယ်ခုလေ.......
ဒီကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး
အရာရာအစက ပြန်စလို့ရရင်
အရင်လိုမျှော်လင့်ချက်နဲ့.......
ရှင်သန်အားမွေးလိုက်ချင်.....
ဒီလိုမျိုးအဆုံးသတ်မှုကိုလည်း
ကြိုပြီးတော့မသိချင်
တချိန်ချိန်မှာ ခွဲရမှာပဲ
ဒီသင်္ခါရတရားကို တွေးမိတယ်
ဒါပေမယ့်လည်း စိတ်ရဲ့ဆန္ဒ
ရင်နာစရာဆို လုံးဝမတွေးချင်ဘူး
ကြေကွဲလွမ်းဆွတ်မှုများ
သေချာစဉ်းစားမိရင်
ဟိုစဉ်က အတိတ်ရဲ့အရိပ်တွေလည်း
စိတ်ထဲရောက်လာ...
ရောက်လုနီးမှ လက်ပမ်းကျသလား
ပင်လယ်ပြင်ကျယ်လောကဓံ
ပြန်မြင်ယောင်တယ် လွမ်းမျက်ရည်ကျ
ဖြူစင်တဲ့ မြင်မြတ်တဲ့ မေတ္တာတရားကို
ဘာတွေနဲ့ အစားထိုးပြီး လွမ်းမှာလည်း
ရင်မှာပူဆွေးတယ်
တကယ်ကိုပြန်ပြီးတမ်းတရင်း
စိတ်ထဲထိခိုက်တယ်
ဟိုစဉ်တုန်းကအချိန်များ
မေ့မရဘူး....လုံးဝမေ့လို့မရတော့ဘူး......
မျက်လုံးထဲက မထွက်နိုင်တော့ဘူး
စိတ်ကူးထဲက မထွက်နိုင်တော့ဘူး
အိုး.....ဆွေးမြေ့စရာပဲ......
ဘယ်လိုမှ မေ့လို့မရတော့ဘူး........
ဘယ်တော့မှ မမေ့ပါဘူး........
ဘယ်တော့မှ မမေ့ပါဘူး........
အကြောင်းတိုက်ဆိုင်လာတိုင်း....ဟိုးယခင်အချိန်တွေကို အမြဲတမ်းတမိတယ်.....။
အရာရာကို အစက ပြန်စလို့မရရင်တောင် သူ နဲ့ပတ်သက်သမျှတွေကို အစက ပြန်စချင်တယ်....။
ဒီလိုအဆုံးသတ်မှုမျိုးကို အဲဒီအချိန်တုန်းက မမျှော်လင့်ခဲ့ပါဘူး...၊ကြိုပြီးတော့လည်း မသိချင်ခဲ့ဘူး....။
ခွဲရမယ်ဆိုရင်တောင် သေကွဲ ဆိုတာကို မထင်ခဲ့မိဘူး....၊ကြီး၊ငယ် မရွေးတဲ့ သင်္ခါရသဘောကို သိခဲ့ပေမယ့်
ဘယ်လိုအတွေးမျိုးနဲ့ ထင်ရက်နိုင်မှာတဲ့လဲ.....၊
မတွေးချင်ဘူး....။မစဉ်းစားချင်ဘူး...။ရင်နာရတာတွေ...ကြေကွဲရတာတွေ....လွမ်းနေရတာတွေ......။
ဒါပေမယ့် အကြောင်းတိုက်ဆိုင်လာတိုင်း အတိတ်ရဲ့ အရိပ်တွေက စိတ်အစဉ်ကို ခြောက်လှန့်ဆဲ.....။
ဘာတွေနဲ့ အစားထိုးနိုင်မှာတဲ့လဲ....၊ဘာတွေက ဖြေသိမ့်ပေးနိုင်မှာတဲ့လဲ...၊သူ့ နေရာမှာ သူကလွဲလို့ ဘယ်သူက၊
ဘာအကြောင်းတရားတွေကမှ စိတ်ခံစားမှုကို ထပ်တူပြုနိုင်မှာ မဟုတ်ပါဘူး....။
မရနိုင်တော့ပေမယ့် ပြန်ပြီးတမ်းတမိတယ်....။တမ်းတမိတိုင်းလည်း ရင်နာရတယ်...၊စိတ်ထိခိုက်ရတယ်....။
ဟိုးယခင်အချိန်တွေကို ဘယ်လိုမေ့လို့ရမှာတဲ့လဲ.....။ဟင့်အင်း....မေ့မရခဲ့ပါဘူး...။လုံးဝမေ့လိုမရတော့ပါဘူး...။
အချိန်နဲ့အမျှ သူ့ပုံရိပ်တွေက စိုးမိုးထားတုန်းပါ...။မျက်လုံးထဲက ထွက်ကိုမထွက်ဘူး....။စိတ်ကူးတွေထဲက၊
နှလုံးသားထဲက၊အသိညဏ်ထဲက၊ ဘယ်တော့မှ မထွက်တော့ပါဘူး...။
ဘယ်လိုမှ မမေ့နိုင်တော့ပါဘူး...။
ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး....။
ဘယ်တော့မှ မမေ့ပါဘူး......။
Monday, August 23, 2010
3 in 1
လူကတော့ တစ်ကိုယ်ထဲ....၊ဒါပေမယ့် ကျင်လည်နေမိတဲ့ လောက က သုံးလောကလောက်ဖြစ်နေတယ်....။
(၁) ပစ္စုပန်လောက.....။ ။မိုးလင်းတာနဲ့အလုပ်ထဲစိတ်ရောက်သွားပြီ...။လုပ်စရာရှိတာတွေကိုလုပ်နေပြီ။
ပျော်သလားဆိုတော့မပျော်သလိုလို...။မပျော်ဘူးလားဆိုတော့လည်း....အဲလိုလဲမဟုတ်ဘူး.....။စက်ရုပ်ဆန်ဆန်
လှုပ်ရှားနေမိတာလား..ဆိုတော့လည်း....အင်း....အဲလိုလဲမဟုတ်ပြန်ဘူး...။အလုပ်ထဲမှာစိတ်ပါလက်ပါလုပ်နေတာ
ပဲ...ဘယ့်နှယ် စက်ရုပ်ဆန်ရမှာလဲ....။အားရင် တစ်ယောက်တည်း လျောက်သွားတယ်...။သူငယ်ချင်းတွေ အကူအညီတောင်းရင်၊သူတို့နဲ့ တွေ့ဖို့ရှိရင် တွေ့လိုက်တယ်။တတ်နိုင်တာဆို ကူညီလိုက်တယ်..။ဒီလိုပါပဲ......။
(၂) အတိတ်နဲ့အနာဂတ် လောက....။ ။မြန်မာပြည်မှာ နေထိုင်ကျင်လည်ခဲ့ရတဲ့ကာလတွေ၊သူငယ်ချင်းတွေနဲ့
ပျော်ခဲ့၊သောင်းကျန်းခဲ့တာတွေ၊မိဘတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ရတာတွေ၊တစ်ယောက်သောသူနဲ့ ကြည်နူးခဲ့
ရတဲ့ အချိန်လေးတွေ.....၊အဲဒီကာလတွေကို အမြဲလိုလိုပြန်တွေးမိတယ်...၊ပြီးတော့ မြန်မာပြည် ပြန်ဖြစ်ရင်....
သူငယ်ချင်းတွေနဲ့ ဘယ်လိုပွဲခံလိုက်မယ်....၊ကိုယ့်ရဲ့ တစ်ထောင့်တစ်ည စင်္ကာပူပုံပြင်တွေကို ဘယ်သို့ဘယ်ပုံ
ပြန်ပြောလိုက်မယ်...၊မိဘတွေကို တတ်နိုင်သမျှ အနီးကပ်ပြုစုမယ်...၊ပြီးတော့ အလွမ်းသည်စရာရှိတာလဲ...
သည်လိုက်မယ်ပေါ့.....။
အချိန်နဲ့အမျှ တွေးနေမိတယ်...။အတိတ်ကပြန်မရနိုင်တော့သလို၊အနာဂတ်ဆိုတာကလည်း တကယ်တော့
သေချာလှတာတော့မဟုတ်...။ဒါပေမယ့် အဲလိုတွေးနေရရင် နေပျော်တယ်...။ကိုယ့်အတွေးကမ္ဘာလေးနဲ့ကိုယ်
တိတ်တိတ်ဆိတ်ဆိတ်လေး တစ်ယောက်တည်းကမ္ဘာကိုတည်ဆောက်နေမိတယ်...။
ကာလသုံးပါးလုံးနဲ့ လွတ်ကင်းနေတဲ့၊ကာလသုံးပါးလုံးနဲ့လည်း ပတ်သက်နေတဲ့ လောက ။ ။
ညနေရေမိုးချိုး၊ထမင်းစားပြီးတာနဲ့ ကွန်ပြူတာဖွင့်၊ဂျီတော့ဖွင့်၊ဘလော့ဖွင့်၊ဖဘဖွင့်၊သီချင်းဖွင့်၊ပြောချင်တာတွေ
ပြော၊ရေးချင်တာတွေလျောက်ရေး၊လက်လှမ်းမှီသမျှလိုက်ဖတ်၊ကိုမြကြီးတို့၊ဝင်းဦးတို့မှသည် စိုင်းစိုင်းခမ်းလှိုင်
အထိ သီချင်းတွေနားထောင်၊ပျော်စရာတွေဖတ်မိတော့ပျော်လိုက်၊မောစရာဆိုတော့လည်းမောလိုက်၊၃-၄ နာရီ
အတွင်းမှာ ကိုယ်ဖတ်မိ၊ရေးမိ၊နားထောင်မိသမျှ ခံစားမှုတွေနောက် ကောက်ကောက်ပါအောင်လိုက်နေမိတယ်။
ဒီလိုနဲ့ အိပ်ရာဝင်...။အိပ်မက်ထဲမှာ သူငယ်ချင်း၊မိဘ၊ဆွေမျိုးတွေ၊စလုံးကလုပ်ဖော်ကိုင်ဖက်တွေ၊ဘလော့ဂါတွေ
အားလုံး လုံးထွေးရစ်ပတ်လို့.......။