Saturday, February 19, 2011

မောင်လေး နှင့် ဝဲဒုက္ခ

ပြီးခဲ့တဲ့ တပတ်က ခရီးထွက်သွားပါတယ်....။ခရီးမထွက်ခင်ကလေးတင်မှာပဲ အားလုံးသိကြတဲ့အတိုင်း ဘလော့
လောကကြီးမှာဝဲပြဿနာတွေတက်ကြပါရော...။ဆိုတော့မသွားခင်ကလေးတင်ဝဲစစ်ပါတယ်။မတွေ့ပါဘူးခင်ဗျ။
ဆိုတော့....ဘလော့လေးကိုစိတ်ချလက်ချပစ်ပြီး ခရီးထွက်ပါတယ်....။

ပြန်လာတော့လည်း အလုပ်တွေများနေတာနဲ့ ဘယ်မှလည်းမလည်နိုင်၊ဘာမှလည်းမရေးနိုင်ပါဘူး....။အဲ...ဒီနေ့
တော့ ဒါ့ပုံပို့စ်လေးဘာလေးတင်မဟဲ့ဆိုပြီးဒါ့ပုံလေးတွေတင်တာကွန်နက်ရှင်ကြောင့်လား၊ကျွန်တော့်ကွန်ကြောင့်
လား ဘာကြောင့်တော့သိဘူး၊အင်မတန်နှေးကွေး၊လေးလံနေတာနဲ့ စိတ်မရှည်တော့ပဲခဏရပ်ပြီးတခြားဘလော့
တွေ လျှောက်လည်၊ကွန်မန့်တွေပေး၊လင့်တွေ ကိုယ့်ဆိုက်မှာချိတ်၊ အစရှိသဖြင့် ဘလော့ဂါတို့၏ ပြုဖွယ်ရာရာ
တို့ကို လုပ်နေရင်းမှ ငါ့ဘလော့လေးတော့ ဝဲစစ်ကြည့်မှပါလေ....ဆိုပြီး စစ်ကြည့်လိုက်တော့.....

လား....လား....ကျွန်တော့် ဘလော့လေးဝဲစွဲနေပါရောလား....။အင်ဟင့်...ဒီရက်ပိုင်း ငါ့ဆီလည်း ဘယ်သူ့မှမလာ၊
ကွန်မန့်လာပေးသူကလည်း အစ်မရွေစင်ဦး၊နေဝသန်၊ရွေပြည်သူ တို့ သုံးယောက်ပဲရှိတာ...၊သူရို့တွေကလည်း
ဝဲစစ်ပြီးတဲ့သူတွေ...၊ဆိုတော့ ဘယ်သို့ဖြစ်သည်မသိ....၊

ဒါနဲ့ ချိတ်ထားတဲ့ လင့်အကုန်ဖြုတ်၊ပြန်စစ်၊ဟင်.....၊ရှိတုန်းဟ...၊ဒီတော့ ကွန်မန့် ၃ခုကို စပန်ထဲထည့် ပြန်စစ်၊
အဲ.....၊အဲဒီတော့မှ ဝဲပြန်ကင်းသွားသဗျ...၊ဒီလိုဆိုတော့ ခုတင်က ကွန်မန့်၃ခုထဲပါလာတဲ့ပုံကြီး ဖြစ်နေရော....၊
ဒါနဲ့ အဲဒီကွန်မန့်တွေပြန်ထည့်ပြီး ပြန်စစ်ကြည့်လိုက်တော့ ဝဲက ပြန်မတွေ့တော့ပြန်ဘူး.....။

ကွန်မန့်လေးတွေကို ဖြုတ်ပစ်ဖို့ရာ အင်မတန်မှ နှမြောတာနဲ့ ပြန်ထည့်ထားလိုက်ပါတယ်...၊ဝဲလည်း စွဲကာမှစွဲ၊
အဲ...မကြာခဏတော့ပြန်စစ်ပေးပါ့မယ်...၊နောက်ပိုင်း ဘလော့တွေမှာ ကွန်မန့်တွေပေးရင်လည်း ကိုယ့်ကြောင့်
သူများတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် လင့်မချန်ခဲ့ပဲ အမည် နဲ့ပဲဝင်ပေးပါ့မယ်....လို့
လာရောက်သူတွေလည်း စိတ်ရှင်းအောင် ဝဲကင်းကြောင်း ထောက်ခံစာ ထပ်တင်ပေးပါတယ်...။

ဒီထက်ကောင်းတဲ့ ဝဲစစ်နည်းလေးများရှိရင်လည်း မပါစပါလို့.....။

အဲ...လင့်တွေကို ဖြည်းဖြည်းပြန်ချိတ်ခွင့်လည်းပြုကြပါ....။မရှိလို့လုပ်စား အေးဆေးပေါ့ဗျာ.....နော့....:)))



Thursday, February 10, 2011

ဝဲ မဲမဲကြီးများ မပေါက်ကြောင်း ထောက်ခံစာ

ဘာမှမဟုတ်ပေမယ့် ကျွန်တော့်ဘလော့လေး တစ်ခုခုဖြစ်မှာတော့ စိုးရိမ်မိပါတယ်....၊ဒီထက်ပိုစိုးရိမ်မိတာက
ကိုယ့်ကြောင့် တခြားသူတွေ၊ဘလော့တွေ တစ်ခုခုဖြစ်သွားမှာပါ...။ဒါနဲ့ မနတ်သမီးဆိုက်က တဆင့် ကိုလင်းထက် ရဲ့ဆိုက်ကိုသွားပြီး ဘယ်နည်းဘယ်ပုံလုပ်ရတယ်ဆိုတာသွားကြည့်ရပါတယ်...။
ဘာပဲဖြစ်ဖြစ် ထောက်ခံစာလေးရသွားတော့ စိတ်ချမ်းသာသွားသပေါ့ဗျာ.....:)

ကိုလင်းထက်၊မနတ်သမီး နှင့်တကွ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ပါတယ်ခင်ဗျား....။

Sunday, January 30, 2011

စွန်လွှတ်ခြင်း အနုပညာ



စက္ကူတစ်စ....၊ဝါးတစ်မျှင်.....၊စူးရှထက်မြက်နေတဲ့ ကြိုးတစ်ခင်.....

ရစ်ငင်နေတဲ့ လက်ပေါ်မှာ ရှင်သန်ခြင်းတွေက မြူးမြူးကြွကြွ......

မျှော်လင့်ချက်တွေက နေရောင်ချည်အလား.....တလက်လက်တောက်ပ....

အချစ်၊အမုန်း၊အလွမ်း၊ဒဏ်ရာ၊ဘဝ.....

အားလုံးကို ဒတင်္ဂမှာ မေ့ထား.....

အမြင့်ပျံငှက်တစ်ကောင်ရဲ့ ရှင်သန်...၊လွင့်မျော...၊ဝင့်ကြွားစိတ်......တွေက.....

နှလုံးသားတခွင်မှ လက်ဖျားမှာစီးဆင်း.....

ကြိုးမျှင်တစ်လျှောက်ပြေးလွား.....

လေအဟုန်မှာ လူးလားခတ်နေပြီ......

နှလုံးသားတစ်ခုလုံးမြုပ်နှံ.....

အာရုံတွေက စူးစူးရှရှ.....

တစ်ဘဝလုံးနဲ့ ရင်းထားရသလိုမျိုး....

တချက်မှားရင် ကြိုးဖျားမှာ အသက်ပါသွားလေမလား.....

ဖြစ်တည်ခြင်းတွေက ရုန်းကန်လှုပ်ရှား....၊သူသွားမှ ကိုယ်နေရမှာ.....၊

အမုန်းကြောင့်မဟုတ်တဲ့ စီးချင်းပွဲ....

သူ့အတွက် ဝမ်းမနည်းနိုင်......၊

ကိုယ့်အလှည့်မှာလည်း မနွဲ့စတမ်း....

ရှုံးနိမ့်တော့ လွင့်ဝဲရပြန်ပေါ့.....။

Friday, January 28, 2011

ဧဝံ....ဤသို့.....ကြားရသည်ကား......

လူသည် နိုင်ငံရေးသတ္တဝါ ဖြစ်ချေတော့သည်တမုံ....(မှတ်ချက်...ကိုယ်ကျိုးစီးပွားအားထိခိုက်လာသောအခါ....)

တနေသ၌ ကျွန်ုပ်မောင်လေးတစ်ယောက် အလုပ်မှပြန်ရောက်ပြီးနောက် ရေမိုးမချိုးနိုင်သေးပဲ ကွန်ပြူတာနှင့်
မျက်နှာအပ်ပြီးသကာလ ပေါက်ကရလေးဆယ် တိုတိုထွာထွာများ ရေးရန်အကြံထုတ်နေစဉ်အခိုက်၊အခန်းဖော်
သူငယ်ချင်းသည် အပြင်မှပြန်ရောက်လာချေသည်။အနှီသကောင့်သားသည် အခန်းထဲရောက်လာသည်နှင့်
တပြိုင်နက် လွယ်အိတ်အား ကုတင်ပေါ်သို့ ဘုံးကနဲပစ်ချလိုက်ပြီးလျှင်....

“နာရိုးxxxတွေ...၊ငမြွေတိုးတွေ....၊လေထိုးမသားတွေ...၊သေကိုမသေနိုင်ဘူး...၊အေးအေးနေတဲ့သူတွေကိုတောင်
ဒွတ်ခပေးသေးတယ်....@#&~(*.....” အစရှိသဖြင့် ပြစ်ပြစ်နှစ်နှစ်ကြီးဆဲဆိုမြည်တမ်းခြင်းအမှုကိုပြုလေတော့၏။

ယေဘုယျအားဖြင့်ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက်ကား လက်ရှိအစိုးရကို အနှီးသို့ကလို ဆဲဆိုခြင်း
ကား သိပ်ပြီးအထူးအဆန်းမဟုတ်လှချေ....:)။သို့သော် အကျွန်ုပ်၏သူငယ်ချင်းအကောင်းစား၏ဆဲဆိုမြည်တမ်း
ခြင်းကား အကျွန်ုပ်အဖို့အထူးအဆန်းဖြစ်ချေတော့သည်တမုံ့...။အဘယ်မည်သောအကြောင်းကြောင့်နည်း.....။
လင်းအံ....။အနီုးပုဂ္ဂိုလ်ကား အကျွန်ုပ်တို့ သူငယ်ချင်းတစ်သိုက် နငယ်အကြောင်း၊ဏကြီးအကြောင်း၊ဟို
အကြောင်း၊ဒီအကြောင်း ပြောသည်ရှိသော် ဘယ်နံရောခါကမှ ဝင်ရောက်ပြောဆိုခြင်းဟူသည် မရှိချေ...။

သို့မရှိရုံမျှမက အကျွန်ုပ်တို့ကိုပင် မင်းတို့သည် ကိုယ်နှင့်မဆိုင်သည်များကို အရည်မရ၊အဖတ်မရ ပြောဆိုချေ၏
ထိုထိုဤဤ ပြောဆိုနေ၍ ဘာရမည်နည်း....။နိုင်ငံရေးဟူသည်ကိုယ်နှင့်လားလားမှဆိုင်သည်မဟုတ်။ဒီမိုတက်
လည်း ကိုယ်လုပ်မှကိုယ်စားရမည်...၊ဟိုမိုတက်လည်း..(အဲယောင်လို့ )ဟိုဘောင်းဘီချွတ်တွေတက်လည်း
ကိုယ်လုပ်မှကိုယ်စားရမည်..၊သို့အတွက်ကြောင့် နငယ်တွေဘာတွေ ငတို့ကတော့ဖြင်စိတ်မဝင်စား...” စသည်
ဖြင့် အကျွန်ုပ်တို့အား ပြစ်တင်ခြင်းကိုပင်ပြုသူပေတည်း...။

ခုတော့ဖြင့် အနှီးသူ့ကောင့်သားသည် ကောင်းစွာဆဲဆိုခြင်းကိုပင်ပြုလေရကား အကျွန်ုပ် အံသြတကြီးဖြစ်ရခြင်း
ပင်တည်း....။သို့နှင့် အကျွန်ုပ်လည်း သူ့အား ဖြောင့်ဖျ၊နှစ်သိမ့်ပြီးနောက် ဖြစ်ကြောင်းရယ်ကုန်စဉ် မေးမြန်းမိ
သည်ရှိသော်.......အဖြစ်ကား ဤသို့တည်း.....။

အနှီးကား အဖြူရောင်ဖြစ်၏(အဲ....အဲ...ယောင်လို့ ) အနှီးကား လွန်ခဲ့သည့် တလခန့်ကပင် ၄င်း၏ ပတ်စ်ပို့ သက်
တမ်းကုန်သည်ဖြစ်၍ သက်တမ်းသွားတိုးထား၏။သို့ကလို သက်တမ်းတိုးသည်ရှိသော်...၊မြန်မာပြည်သံရုံးမှ ၎င်း
အား အီးပတ်စ်ပို့ ဟူသည်ကို ထုတ်ပေးလိုက်လေတော့သည်...။ဤသည်ကား ပြဿနာမဟုတ်...။

ပြဿနာကား ယခုအခင်းဖြစ်သည့်နေ့မှစလေ၏။ယနေ့တွင် ၎င်းပုဂ္ဂိုလ်သည် ရုံးမှခွင့်ယူ၍ ရှင်ကျားပူလိုင်စင်ရုံး
သို့သွားလေ၏။သွားရသည့်အကြောင်းကား သူဖြေဆိုထားသည် ကလပ်၃ လိုင်စင်သည်ကောင်းစွာအောင်မြင်
ပြီးသည့်နောက် ၎င်းလိုင်စင်ကိုသွားရောက်ထုတ်ယူခြင်းပင်...။

အနှီးပုဂ္ဂိုလ်၏ရှေ့မှ ပုပုရွရွ၊ကျားကျားမမ အပေါင်းတို့သည် ပျော်ရွင်စွာဖြင့် ဆိုင်ရာဆိုင်ရာ လိုင်စင်တို့ကို ထုတ်
ယူသွားကြပြီးလျှင် အကျွန်ုပ်တို့ဇာတ်လိုက်ကျော်ကြီးအလှည့်သို့ရောက်သော်...ဆိုင်ရာ အော်ဖစ်ဆာမှ သူ့ထံမှ
ပတ်စ်ပို့ ကိုတောင်းယူကြည့်ရှုလေ၏။သို့ကြည့်ရှုပြီးလျှင် ၎င်းအား လိုင်စင်ထုတ်ပေးရန်ငြင်းဆိုလေတော့သည်။
အဘယ်ကြောင့်နည်းဆိုသော် ယင်းပတ်စ်ပို့ကား အသစ်ချပ်ချွတ် အီးပတ်စ်ပို့ကြီးဖြစ်နေသောဖြစ်သောကြောင့်
ပင်တည်း.....။အော်ဖစ်ဆာကား ၎င်း ရှင်ကျားပူနိုင်ငံသို့ဝင်ရောက်လာစဉ်က ဆိုင်ရာမှထုပေးလိုက်သော တုံး
ကိုကြည့်လိုမြင်လိုလှ၏။

သို့သော် အနှီးအော်ဖစ်ဆာရော၊အကျွန်ုပ်၏သူငယ်ချင်းပါကံမကောင်းအကြောင်းမလှရကား အဆိုပါတံဆိပ်တုံး
ကို ပတ်စ်ပို့အသစ်ကြီး၌ အဘယ်သို့သောအကြောင်းဖြင့် မြင်ခွင့်ရချေမည်နည်း...။အကျွန်ုပ်ဘော်ဘော်ကား
အမျိုးမျိုးအဖုံဖုံ ရှင်းလင်းပန်ကြားလေ၏။မရ....ရေးချမရ....။မိတ္တူပြ၏။မကျေနပ်...၊မူရင်းသာမြင်လိုရကား
အကျွန်ုပ်မိတ်ဆွေရောင်းရင်း၊အပေါင်းအသင်းလည်း တပ်ခေါက်၍ ပြန်လာရချေတော့လေသည်တကား....။

သို့ပြန်လာပြီးလျှင်...သူ၏ ကားမောင်းလိုင်စင်မရ ရလေတကားဟူ၍ ဒေါသအလိပ်လိပ်ထွက်ပြီးသကာလ
အထက်ပါအတိုင်း ကောင်းစွာ ဆဲဆိုမြည်တမ်းခြင်းအမှုကို ပြုခြင်းဖြစ်ချေ၏

အကျွန်ုပ်လည်း သူပြောသမျှကို ကောင်းစွာနားထောင်ပြီးသကာ အောက်ပါအတိုင်းမှတ်ချက်ချမိသည်ကား
လူဟူသည် မိမိ၏အကျိုးစီးပွားကိုထိခိုက်လာသည်ရှိသော် နိုင်ငံရေးသတ္တဝါ အဖြစ်သို့ ပြောင်းလဲသွားချေ
တော့သည်တမုံ.....ဟူလို.....။

````````````````````````````````````````````
ဤသို့သောအဖြစ်အပျက်ကို အကျွန်ုပ်တို့သူငယ်ချင်းတသိုက် ရယ်ပွဲဖွဲ့ပြောဆိုလေသည်ရှိသော် သူငယ်ချင်း
တစ်ယောက်က ၎င်း၏အခြားသောမိတ်ဆွေတစ်ယောက်၏အဖြစ်အပျက်ကို အောက်ပါအတိုင်း ဇာတ်ကြောင်း
ပြန်ပြောလေ၏

အနှီးပုဂ္ဂိုလ်ကား လွန်ခဲ့သော တနှစ်ခန့်က မလေးရှားနိုင်ငံမှ ရှင်ကျားပူနိုင်ငံသို့ကူပြောင်းရောက်ရှိလာပြီးလျှင်
အလုပ် လုပ်လျက်ရှိနေချေသည်...။မလေးရှားနိုင်ငံတွင် ရှိစဉ်အခိုက် အခွန်ငွေကို တစ်ဝက်ပေးဆောင်ပြီးဖြစ်
လေသည်....။သို့သော်...ပြေစာစလစ်ကား ပျောက်ရှသွားလေသောဟူလို....။ယခု သက်တမ်းတိုးမည်ရှိသော်
ပြည်ထောင်မြန်မာနိုင်ငံတော်သံရုံးမှ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ခဲ့သည့်ကာလအတွက်ပါ အခွန်ငွေကို
တောင်းခံလေတော့သည်....။

သို့ကလိုတောင်းခ့သည်ရှိသော် ထိုသူလည်း အခွန်ဆောင်ပြီးကြောင်းပြောဆိုလေသော်...ဘယ်မှာလည်း ပြေစာ
ဟု့မေးမြန်းလေ၏။ပြေစာကားမပြနိုင်...။မလေးသွား၍ အကျိုးအကြောင်းပြောပြပြီး ထောက်ခံစာတောင်းသော်
ရနိုင်ချေရှိ၏။ခက်သည်ကား ပတ်စ်ပို့သက်တမ်းကား ၅လပင် မပြည့်တတ်တော့၍ မလေးသို့လည်း ကူး၍မရ
ဟူလို...။သို့နှင့်ပင် အနှီးမျိုးချစ်ပုဂ္ဂိုလ်ကား အင်မတန်မှ နိုင်ငံကြီးသားပီသစွာဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်
အစိုးရမင်းများထံသို့ အခွန်ငွေ နှစ်ကြိမ်တိတိပေးဆောင်ခြင်းအမှုကို ပြုခဲ့ရသော....ဟူ၏။သြော်...အဟောဝတ
ကောင်းလေစွ.....ကောင်းလေစွ.....ကောင်းလေစွ....ဟူ၍ အကျွန်ုပ်မောင်လေးနှင့်ကြားကြားသမျှသော သူငယ်
ချင်းတစ်သိုက်လည်း အနုမောဒနာခေါ်လိုက်ရချေတော့သည်တမုံ.......။

Wednesday, January 26, 2011

ထူးခြားဆန်းသစ် စွယ်တော်ရိပ် ၂၀၁၁

တစ်နှစ်တခါပေါ်ထွက်လာငါသာမင်းလောင်းထီးဖြူဆောင်း....တဲ့....၊ကလေးတွေဝှက်ကြတဲ့စကားထာလေးပါ....။
ဟုတ်ကဲ့ဗျာ....၊ခုလည်း တစ်နှစ်တခါဆိုသလိုလာပါပြီ.......စွယ်တော်ရိပ်သင်္ကြန်.....ခင်ဗျ....။

၂၀၁၁ခုနှစ်၊ဧပြီလ၊၉ရက်နေ့မှာ၂၀၁၁ခုနှစ်အတွက်စွယ်တော်ရိပ်သင်္ကြန်ပွဲကိုအဆင်အလာမပျက်ပျော်ပျော်ပါးပါး
ဆင်နွဲကြပါတော့မယ်.....။လက်မှတ်နှုန်းထားတွေက စင်္ကာပူဒေါ်လာ၂၀၊၂၅၊၃၀ တဲ့ခင်ဗျ....။ဟင် ခင်ဗျားတို့ဟာ
ကသက်သာလိုက်တာလို့ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်တဲ့ မိတ်ဆွေကိုမေးမိတော့ သူက သက်သာဆို အရင်းနဲ့က
ကြတာကိုးဗျ....၊လူတွေက အလကားလေ....တဲ့....။ဟုတ်ကဲ့ ဝါသနာရှင်တွေမို့ အလကားဖျော်ဖြေကြပေမယ့်
အနုပညာဗီဇနဲ့ပါရမီ မှာတော့ တကယ့် ပရိုဖက်ရှင်နယ်တွေနဲ့ နင်လားငါလား တကယ့်ကို အနုပညာဝမ်းစာပြည့်
ကြတဲ့သူတွေခင်ဗျ....(ကျွန်တော်နဲ့များကွာပါ့.....:) )။

သူကပြောသေးခင်ဗျ....၊ဒီပွဲမှအမြတ်အစွန်းများထွက်ခဲ့ရင် လူမှုရေးလုပ်ငန်းတွေမှာလှူဖို့တန်းဖို့လည်းရည်ရွယ်
ထားပါသတဲ့...။ခက်တာက တစ်နှစ်မှကို မမြတ်သေးတာတဲ့....:)။အင်းးးးးးးးကျွန်တော်တို့မြတ်မှ လူကယ်ကြေး
ဆို သေတာနည်းမယ်မထင်ဘူး....လို့ ညည်းပြောလေးပြောတော့ ကျွန်တော့်မှာ ရီလိုက်ရတာ....။မမြတ်ဆို
ပိတ်သက်ကြီးက အားပေးကြသလောက် လာရောက်အားပေးတဲ့ ပိတ်သက်ကြီးကျေနပ်အားရစေဖို့ရာ ပွဲကို
ကောင်းသည်ထက်ကောင်း၊ချောမွေ့သည်ထက် ချောမွေ့အောင် စီစဉ်ကြလေတာကိုးခင်ဗျ....။

ဆိုတော့ တစ်နှစ်တာနွမ်းသမျှ အပန်းပြေစေဖို့......၊သင်္ကြန်အခါသမယကို အလွမ်းဖြေစေဖို့....စွယ်တော်ရိပ် မှာ
တညတာ မှေးမှိတ်ကြပါစို့လို့.......ကြေငြာမောင်းခတ်လိုက်ရပါကြောင်း...........။




အစ်မပန်ဒိုရာ လည်း ပို့စ်တစ်ပုဒ်တင်ထားပါတယ်...။သူ့ပို့စ်က ပိုပြီးဖတ်လို့ကောင်းတယ်ခင်ဗျ...။အဲဒီမှာလည်း
သွားရောက်ဖတ်ရူနိုင်ပါတယ်...။