Tuesday, September 10, 2013

ကြိုးတန်း လမ်းလျှောက်ကြရသူများ


တစ်ခုသောမိုးနံနက်ခင်းတွင်ဖြစ်သည်။ကျွန်တော်အိပ်ယာမှနိုးလာတော့ နံနက်ရှစ်နာရီခန့်ရှိပြီ။ကိုယ်လက်
သန့်စင်ပြီးနောက် ထမင်းစားပွဲပေါ်မှအုပ်ဆောင်းအားဖွင့်ကြည့်မိတော့ အမေဝယ်ပေးထားခဲ့သော ပဲပြုတ်
တစ်ပန်းကန်ကိုတွေ့လိုက်ရသည်။ပဲပြုတ်လေးများမှာ ညိုလွင်သန့်စင်လှသည်။ထိုပဲပြုတ်လေးများ နူးဖို့၊
ပွဖို့ စားဆော်ဒါတွေထည့်ကြရသည်။စားဆော်ဒါဆိုတော့ကိစ္စမရှိသေး၊နောက်ပိုင်းတွင်ရောင်းပန်းလှစေ
ဖို့ အရောင်ချွတ်ဆေးတွေပါသုံးကြသည်တဲ့…။

မတတ်နိုင်၊သူ့ဘာသာ ဘာပဲပါပါလောလောဆယ်တော့ ပဲပြုတ်နှင့်တမင်းကြမ်းကို ဆီဆမ်းဆားဖြူပြီး
ကော်ဖီလေးနှင့် မျောချမည်။အင်း….ဆီကရော….၊စားအုန်းဆီက ဘာဖြစ်တယ်ညာဖြစ်တယ်ဆို၍
ပဲဆီပဲ အိမ်မှာသုံးနေသည်မှကြာပြီ…။ထိုပဲဆီဆိုသည်မှာလည်း စားအုန်းဆီကိုပင် အနံ Scent ထည့်
ပြီး ပဲဆီဟုပြောရောင်းကြသည်တဲ့…။အချို့မှုန့်တွေကလည်း ဘာ၊ညာ ရောဂါပေါင်းစုံဖြစ်သည်ဟု
ပြောကြရေးပြန်သဖြင့် အချို့မှုန့်မစားရဲပဲ ကြက်သားမှုန့်ပြောင်းသုံးသည်။ဟိုတလောကပင် အဆိုပါ
ကြက်သားမှုန့်တွေကလည်း မစားသင့်ဆိုကြပြန်သည်။ဟုတ်တော့လည်းဟုတ်သည်။ဒီခေတ်ကြက်
သားဈေးနှင့် ကြက်သားမှုန့်ချည်းသက်သက်တော့ မရနိုင်၊အခြားပစ္စည်းတွေရောရမည်။ဘာတွေရော
သနည်း၊ဘယ်လိုဓါတုပစ္စည်းတွေပါသနည်း…..။

ဒုတိယံပိမတတ်နိုင်ပါ။ကျွန်တော်တို့သာမန်လူများအဖို့ ဒီပဲပြုတ်၊ဒီဆီ၊ဒီကြက်သားမှုန့်များကိုပင်
သုံးနိုင်အောင် ပြူးပြဲပြီးရှာဖွေနေရသည်ပဲ။ဒါမှမစားချင်လည်း ငတ်မည်။ဒီအတွေးနှင့်ပင် ကိုယ့်ဘာသာ
ဖြေသိမ့်ပြီး ကော်ဖီတစ်ခွက်ဖျော်ရသည်။ကော်ဖီမစ်များထဲတွင် မကျီးစေ့မှုန့်များရောသည်၊အုန်းမှုတ်၊
အုန်းဆံဖတ်များအမှုန့်ကျိတ်ထည့်သည်။ရေနွေးတွင်ပျော်ဝင်လွယ်စေဖို့ဓာတုပစ္စည်းများသုံးသည်၊
နို့မှုန့်များတွင်လည်းမယ်လမင်းဓာတ်တွေပါသည် ဟုပြောကြသဖြင့် ကော်ဖီမစ်မသောက်ပဲ ကော်
ဖီမှုန့်ဝယ်ပြီးကိုယ့်ဘာသာ အိမ်မှာဖျော်သောက်သည်။အင်း……သိပ်တော့လည်းမထူး…ကျွန်တော်
တို့ သုံးနေသည့် နို့ဆီတွေကရော….၊(ရေရောပြီး)နွားနို့တစ်ပုလင်းကို ငါးရာပေးရသည်။နို့ဆီတစ်ဘူး
ကို ခြောက်ရာပေးရသည်။နွားနို့တစ်ပုလင်းကိုချက်လို့ ဘယ်နည်းနှင့်မျှ နို့ဆီတစ်ဘူးမရနိုင်။ဒီတော့
ဒီနို့ဆီဘူးထဲတွင် ဘာတွေပါသနည်း။ကျွန်တော်တို့ငယ်ငယ်က စည်သွပ်ဘူးနို့ဆီဆိုသည်မှာ အခွင့်
ထူးခံလူတန်းစားတွေသာသုံးနိုင်သည့်အရာ…၊ကိုယ်တွေကတော့ ချက်နို့ဆီကိုသုံးကြရသည်။နို့ကို
ချက်သည်မှန်သော်လည်း တွက်ချေကိုက်ဖို့ ဖွဲနုမှုန့်တွေရောကြသည်။ဖွဲနုနံလေးတစ်ထောင်းထောင်းနှင့်
ပေါ့။နောက် ချက်နို့ဆီများတွင် တာရှည်ခံရန် လူသေအလောင်းများမပုပ်ရန် ထိုးသောဆေးတစ်မျိုး
ကိုထည့်ကြသည်ဟု ကြားဖူးသည်…။အင်း…..ယခုခေတ် စည်သွပ်ဘူးနို့ဆီများတွင်ရော….တာရှည်
ခံရန်အဘယ်သို့သော ဓာတုပစ္စည်းများကိုထည့်သွင်းအသုံးပြုကြပါလိမ့်။နာမည်ကျော် နယူးဇီလန်မှ
နို့မှုန်များပင် ကျမ်းမာရေးနှင့်မညီညွှတ်သဖြင့် ပြန်သိမ်းကြရသည်။တရုတ်နို့မှုန့်များကတော့ မပြော
ပါနှင့်တော့…..။

မုန့်ပဲသရေစာတွေ၊ကိတ်မုန့်၊ပေါင်မုန့်များတွင်လည်း တာရှည်ခံရန်၊အမြင်လှရန် ဓာတုပစ္စည်းပေါင်း
စုံသုံးကြသည်။မုန့်ဟင်းခါးဟင်းရည်ထဲ အနံမွှေးစေဖို့ ဓာတုပစ္စည်းတွေထည့်ကြသည်။အကြော်
ကြော်သည့်အခါ ကြွတ်ရွနေစေဖို့ ပလတ်စတစ်တွေထည့်ကြော်ကြသည်။မည်သည့်အကြော်အလှော်
ဆိုင်မဆို မဲညစ်နေသော ဆီများကို ထပ်ကာတလဲလဲသုံးနေကြသည်။ထန်းလျက်ခဲကိုပင် အရောင်
ပြောင်းစေဖို့ ဓာတုပစ္စည်းများသုံး၍ အရောင်ချွတ်ကြသည်တဲ့….။

ကျွန်တော်တို့မြန်မာလူမျိုးများ၏အသဲစွဲ ငပိရည်ထဲတွင် ယူရီးယားဓာတ်မြေသြဇာတွေပါသည်တဲ့၊
၉၀ရာခိုင်နှုန်းတွင်တဲ့….။ငရုတ်သီးမှုန့်ထဲတွင်ပါသော မှိုသည် အသဲကင်ဆာ၊အသဲရောင်အသားဝါ
ဘီ၊စီ တို့ကိုဖြစ်စေနိုင်သည်တဲ့…။ငရုတ်သီးမှုန့်ကို အရောင်လှစေရန် ဓာတုဆိုးဆေးတွေသုံးကြ
သည်တဲ့….။အသီးအနှံတွေကရော….ဘာထူးသေးသနည်း….၊ငှက်ပျောသီးများကို တစ်ရက်အတွင်း
ဝင်းပလာစေရန် ဓာတုဆေးရည်များတွင်စိမ်ကြသည်။ဖရဲသီး၊ပန်းသီးများကို ဆေးထိုးကြသည်။
ရွက်ဖြန်းမြေသြဇာတွေ၊ပိုးသတ်ဆေးတွေ တရားလွန်သုံးကြသည်။အသီးအနှံများကို မစားခင်
 စုံထောက်ကြီးဦးစံရှား စုံစမ်းသည့်အလား အနံ့ခံရသည၊် တစ်ရွက်ခြင်း၊တစ်ဖတ်ခြင်းကို ပြူးပြဲ
ကြည့်ရသည်။ဆားရည်၊ရေနွေး၊ရေအေးပေါင်းစုံတွင် ဆေးကြောရသည်။ကိုယ့်အိမ်မို့လို့ ကိုယ်
ဒီလိုလုပ်နိုင်သော်လည်း စားသောက်ဆိုင်များတွင် သွားရောက်စားသောက်ကြသည့်အခါ…..
 မည်သို့ လုပ်ကြရပါမည်နည်း။

ပုလင်းသွပ်အစားအစာများကရော….၊ရဲပတောင်းခပ်နေသော ငရုတ်ဆီပုလင်းများတွင် အဘယ်မည်သော
ဆိုးဆေးများ၊ဓာတုပစ္စည်းများပါ ပါသနည်း၊ခရမ်းချဉ်သီးဆော့သည် အမှန်တကယ် ခရမ်းချဉ်သီးအနှစ် နှင့်
ထုတ်လုပ်ထားပါသည်လား….၊အသီးအနှံပေါင်းစုံနာမည်များတံဆိပ်ကပ်ထားသော အချိုရည်ပေါင်းစုံများ
ကရော….၊အရောင်၊အဆင်းအနံ၊အရသာ ရှိစေဖို့နှင့် ဈေးကွက်တွက်ခြေကိုက်ဖို့ရာ အဘယ်မည်သော
ဓာတုပစ္စည်းများ သုံးထားပါသနည်း….။

စီးကရက်နှင့်အရက်သည် ကျမ်းမာရေးနှင့်ထိခိုက်စေသည်မှာ တကမ္ဘာလုံးသိကြသည်။သိသည့်အလျောက်
ပုံစံမျိုးစုံကန့်သတ်ကြသည်။သောက်သုံးသူတို့မှလည်း မသောက်ရမနေနိုင်လို့ သောက်သုံးကြသည့်တိုင်
ဘေးအန္တရာယ်မှအသက်သာဆုံးဖြစ်စေရန် ရွေးချယ်သောက်သုံးကြသည်။စီးကရက်ဆိုလျှင် နီကိုတင်းနှင့်
ကတ္တရာ အနဲဆုံးပါသော light စီးကရက်အမျိုးအစားကိုရွေးချယ်ကြသည်။ကျွန်တော်တို့မြန်မာပြည်တွင်
လက်ရှိဈေးကွက်အတွင်း၌စီးကရက်တံဆိပ်အမျိုးအစားတစ်မျိုးတည်းသာရှိသည်။ထိုတံဆိပ်နှင့်စီးကရက်
သည်လည်း စီးကရက်အမျိုးအစားတစ်မျိုးတည်းသာ ဖြန့်ချီသည်။ထိုစီးကရက်တွင် နီကိုတင်းနှင့်ကတ္တရာ
အချိုးအစားဘယ်လောက်ပါဝင်သည်လည်းဆိုတာ မဖော်ပြပါ။ကျွန်တော်တို့တွင်  ရွေးချယ်စရာဘာမှ
မရှိပါ။သို့သော်ထိုစီးကရက်ကို မည်သည့်အကန့်အသတ်မှမရှိပဲ ၁၀နှစ်သားလေးများပါမကျန် ပေါပေါ
လောလောကြီး ဝယ်ယူသောက်သုံးနိုင်ပေသည်။

အရက်ကရော……ဘာထူးပါသနည်း။တလောက ပြည်တွင်းအရက်ချက်စက်ရုံတွင်အလုပ်လုပ်နေသော
သူငယ်ချင်းတစ်ဦးနှင့်စကားစပ်မိတော့ သူကယခုလိုပြောပြသည်။သူ့တို့စက်ရုံသည် အပြင်လူအဝင်
အထွက်ကို အင်မတန်စည်းကမ်းတင်းကျပ်သည်တဲ့၊အရက်စပ်သည့်အခန်းဆိုလျှင် ဆိုင်ရာတာဝန်ရှိသူ
သာဝင်ခွင့်ရှိသည်တဲ့…၊သူတို့စက်ရုံ၏အရက်စပ်ဖော်မြူလာကိုလူသိမခံလိုသောကြောင့်တော့မဟုတ်
တဲ့….၊အခန်းထဲတွင်သိုလှောင်ထားသော ဓာတ်မြေသြဇာအိတ်များကို လူမသိစေလိုသောကြောင့်
သာဖြစ်သည်တဲ့….။ကောင်းပြီ။ပြည်တွင်းဖြစ်အရက်များကို စိတ်မချပါက နိုင်ခြားဖြစ်အရက်များကို
သောက်သုံးနိုင်ပါသည်။မြန်မာပြည်တွင် အမျိုးအစားအစုံဆုံး၊ရွေးချယ်ရန်အများဆုံးအရာမှာ အရက်
သာဖြစ်သည်။သို့သော် အဆိုပါနိုင်ငံခြားဖြစ်အရက်များသည် အစစ်ဖြစ်နေလိမ့်မည်ဟု မည်သူမျှ
အာမမခံနိုင်ပါ။ဈေးကြီးလှသော အနှီးနိုင်ငံခြားဖြစ်အရက်များကို မည်သို့ ပုလင်းသွပ်ထားသည်
ဖြစ်စေ၊ပုလင်းဝတွင် အဘယ်မည်သော ဘောစေ့ အစရှိသည်တို့ခုခံထားသည်ပဲဖြစ်စေ၊ကျွန်တော်
တို့မြန်မာပြည်တွင် အတုထုတ်နိုင်ပါသည်။ကဲ……ကျွန်တော်တို့ မည်သို့ရွေးချယ်ရပါမည်နည်း။

ရုပ်ကို အာဟာရစောင့်သည်ဟုဆိုကြသည်။ကျွန်တော်တို့ အသက်ခန္ဓာလေး တည်မြဲနေစေဖို့
အစားအသောက်များ စားကြရသည်၊ရသာတဏှာလည်းမည်သူမျှ မကင်းနိုင်သေးသည်မို့ လျှာ
ရင်းမြက်စေမည့်ကောင်းနိုးရာရာလေးများကို ရွေးချယ်စားသုံးကြသည်။သို့သော် ကျွန်တော်တို့
စားသောက်သမျှတွင် ကျမ်းမာရေးအတွက်အကျိုးမရှိသည့်အပြင် ဆိုးကျိုးကိုပေးသော ဓာတု
အဆိပ်ပေါင်းစုံတို့ ပေါင်းစပ်ပါဝင်လျက်ရှိနေပေပြီ။တနည်းအားဖြင့် ကျွန်တော်တို့ပတ်လည်
တွင် ဘေးအန္တရာယ်များဝန်းရံနေပေပြီ။

အစားအသောက်တစ်ခုတည်းပင်လော…..မဟုတ်သေး….။
တစ်ရက်သားတွင်  မိတ်ဆွေတစ်ယောက်အိမ်သို့ ကျွန်တော် ဆိုင်ကယ်နှင့်ထွက်လာခဲ့သည်။ဆိုင်ကယ်စီး
ဦးထုတ်ကို မေးသိုင်းကြိုးနှင့်တစ်ကွဆောင်းထားပါသည်။စက်ဘီး၊ဆိုင်ကယ်များ ဥဒဟိုသွားလာနေသည့်
လမ်းမကြီးပေါ်တွင်ဖြစ်သောကြောင့် တစ်နာရီ ကီလို၃၀သာသာဖြင့် မှန်မှန်လေးစီးလာခဲ့သည်။ထိုအချိန်
တွင် ကျွန်တော့်မျက်နှာချင်းဆိုင်ယဉ်ကြောမှ ဘတ်စ်ကားကြီးတစ်စီးကို ခရီသည်တင်ဟိုင်းလပ်လိုင်း
ကားလေးမှ အသဲအသန်ကျော်တက်လာသည်။ဘတ်စ်ကားကြီးကလည်း အလျော့မပေး၊လိုင်းကား
လေးကလည်း ဟွန်းသံတညံ့ညံ့နှင့်မြန်နှုန်းမြှင့်ပြီးကျော်တက်သည်။ရန်ကုန်-ပြည်လမ်းသည်နှစ်လမ်း
မောင်းလမ်းသာဖြစ်သည်။ မျက်နှာချင်းဆိုင်မှ ကျွန်တော်ပင် လွတ်လမ်းမမြင်၍ ဆိုင်ကယ်ကို ကပျာ
ကယာ ဘေးထိုးဆင်းလိုက်ရသည်။ထောင်းကနဲထွက်လာသော ဒေါသနှင့်အတူ ထိုလိုင်းကားကို
လှည့်ပြီး ဆဲတော့မည်ပြင်တော့ ကိုရွှေဟိုင်းလပ်လိုင်းကားလေးမှာ လှမ်းဆဲလို့မကြားနိုင်သောနေရာ
သို့ရောက်သွားလေပြီ။ထိုကားလေး၏နောက်မြီးပိုင်းတွင်မတော့ နည်းပညာတက္ကသိုလ်ကျောင်း
ဝတ်စုံနှင့် လူငယ်လေးများ လေးငါးယောက်က တွဲလွဲခိုလျက် တစ်လွင့်လွင့်နှင့်ပါသွားသည်ကို
စိတ်မချမ်းသာဖွယ်တွေ့နေရသည်။

မသွားမဖြစ်၊မစီးမဖြစ်သဖြင့် နိစ္စဓူဝ သွားလာနေရသော ကျောင်းသားများ၊ရုံးသမားများ၏အသက်
သည် လိုင်းကား ဒရိုင်ဘာတို့လက်ထဲတွင်သာ ဝကွက်ရှိလျက်ရှိသည်။စားဝတ်နေရေးကို နေ့စဉ်
နှင့်အမျှ ပြူးပြဲရှာနေရသူအချင်းချင်းပေမို့ ခရီးသည်တင်လိုင်းကားသမားများ၏ဘဝကိုလည်း
အပြစ်ပြောရန်မစွမ်းသာပါ…..။သူတို့လည်း အခြားတစ်ပါးသောတိုင်းပြည်များမှ ဘတ်စ်ကား
ဒရိုင်ဘာများလို အအေးပေးစက်ဖွင့်ထားသော ဘတ်စ်အကောင်းစားကြီးများအား စမက်ကျကျဝတ်
လျှက်၊အေးအေးလူလူ၊အန္တရာယ်ကင်းကင်းမောင်းနှင်ချင်ပေမပေါ့….။သို့သော် မြန်မာပြည်၏
ခေတ်ကား၊စနစ်ကား…….(အင်း…မပြောတော့ပါဘူး….ပြောရင် ဒေါသသံတွေ အလိပ်လိုက်ပါ
လာလိမ့်မည်)။

တရားဥပဒေစိုးမိုးမှုကရော….၊ညှော်နံ့ နံသည့်ကိစ္စ အခြေအတင်စကားများရာမှ လူမိုက်ငှား၍ မျက်နှာကို
ဘလိပ်ဓါးနှင့်ခြစ်သည်တဲ့၊သူ့ဘာသာစားသောက်ဆိုင်ထဲ ကားနှင့်ဝင်လာသည့်သူကို အသားလွတ် အုပ်စု
ဖွဲ့ ပြဿနာရှာသည်တဲ့၊မြေကိစ္စနှင့် မိန်းမကြီးတစ်ဦးကို ခေါင်းဖြတ်သတ်သည်တဲ့။မန္တလေးကျူံးဘေးလမ်း
ပေါ်တွင် အုပ်စုဖွဲ့၍ ခုတ်သည်၊ထစ်သည်၊ရိုက်နှက်ကြသည်တဲ့။အင်းယားကန်ဘောင်တွင် အသားလွတ်
ဓားနှင့်လိုက်ခုတ်သည်တဲ့…။ငါးနှစ်သမီးလေးကို အိမ်နီးနားချင်းမှ မစောင့်ရှောက်ပဲ  မတော်တရော်ပြုသည်
တဲ့၊အထက်တန်းကျောင်းသူ၊ကျောင်းသားလေးတွေ ကျူရှင်လစ်ပြီး ဒေးကလပ်၊ဒေးပါတီတွေသွားကြ
သည်တဲ့…။ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အမျိုးသမီးတစ်ဦးကို ရဲကင်းရုံထဲတွင် အဓမ္မကျင့်သည်တဲ့….။

တရားဥပဒေစိုးမိုးမှု မရှိသည့်အခါ၊ဝိသမလောဘသားများမှ မတော်မတရားစီးပွားရှာကြသည်။အရက်၊
မူးယစ်ဆေးဝါးများ ပေါပေါလောလောစိတ်ထင်တိုင်း ဝယ်ယူသုံးစွဲနိုင်ကြသည်။အားကစား၊စာပေ၊
အနုပညာတို့ကို လွယ်လွယ်ကူကူလိုက်စားနိုင်ရန် စီစဉ်မပေးထားသည့်အခါ လူငယ်များသည်
ဂိမ်းဆိုင်များတွင်ပစ်ခတ်သတ်ဖြတ်သည့်ကစားနည်းများအား အုပ်စုလိုက်ကစားခြင်းများ၊အွန်လိုင်း
ပေါ်မှ မထော်မနန်းဝက်ဆိုက်များအား ပိတ်ထားခြင်းမရှိသဖြင့် အားပါးတရကြည့်ရှုခြင်းများ၊ထိုမှ
တစ်ဆင့် အွန်လိုင်းပေါ်မှ လိင်ပိုင်းဆိုင်ရာ မတော်တရော်ပြုခြင်းများ၊သွေးဆောင်ခြင်းများ၊နောက်
တစ်ဆင့်တက်ကာ အချိန်မတန်သေးပဲလိင်မှုကိစ္စရှုပ်ထွေးမှုများ၊လူငယ်များ အုပ်စုဖွဲ့၍အသားလွတ်
ရမ်းကားမှုများ၊ဂိုဏ်းဖွဲ့လာခြင်းများ၊မူးယစ်ဆေးဝါးရောင်း၊ဝယ်၊သုံးစွဲမှုများ ဖြစ်ပေါ်လာပါတော့သည်။

ထို့ပြင် တရားဥပဒေစိုးမိုးမှုမရှိသည့်အခါ တရားဥပဒေနှင့်တရားဥပဒေကို စောင့်ရှောက်၊ထိန်းသိမ်း
ရသူတို့အပေါ်၌ ပြည်သူမှ အယုံအကြည်မရှိကြတော့ပေ။မိမိအပေါ်မတရားအပြုခံရသည့်အခါများ
တွင် မိမိဘက်က မှန်နေသည့်တိုင် တရားဥပဒေကို လည်းကောင်း၊တရားဥပဒေကို ထိန်းသိမ်းရသူ
များကိုလည်းကောင်း အားမကိုးတော့ပေ။မတရားမှုတစ်ခုကို တရားဥပဒေကဖြေရှင်းမပေးနိုင်သည့်
အခါ ကိုယ့်ဥပဒေနှင့်ကိုယ် တရားစီရင်ကြတော့သည်။မတရားမှုကို မတရားမှုနှင့် ဖြေရှင်းကြတော့
သည်။ထိုအခါ နှစ်ထပ်ကွမ်းမတရားမှုသာဖြစ်ပေါ်လာတော့လေသည်။

တရားဥပဒေစိုးမိုးမှုမရှိခြင်း၊တရားဥပဒေကိုကာကွယ်စောင့်ရှောက်ရသည့်သူများမှ ရှိရှိသမျှအဂတိတရား
များကို လိုက်စားခြင်းများ သည် ကျွန်တော်တို့ မည်မျှပင် တရားဥပဒေဘောင်အတွင် စည်းကမ်းရှိ
စွာနေထိုင်သည်ဖြစ်ပါစေ ဘေးရန်မကင်းနိုင်ပေ။ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်ရန်ကွာ၊
စိတ်ချမ်းသာဆိုသည့် ဆောင်ပုဒ်မှာ မြန်မာပြည်အတွက်တော့ အင်မတန်ပြောင်မြောက်သည့်
ဟာသတစ်ပုဒ်သာသာပင်။လုံခြုံစိတ်ချရသည့် လူမှုဘဝ၊လူမှုဝန်းကျင်ဆိုသည်မှာ အဘယ်မှာနည်း။

ကျွန်တော် စင်္ကာပူတွင်ရှိနေစဉ်က ခင်မင်ရသောအစ်မတစ်ဦးပြောဖူးသောစကားအချို့ကို
ပြန်သတိရမိသည်။ထိုအစ်မမှာ စင်္ကာပူကိုအခြေပြု၍ အလုပ်ကိစ္စဖြင့် အခြားနိုင်ငံများသို့
ခရီးထွက်ရသူဖြစ်သလို၊မြန်မာနိုင်ငံသို့လည်း မကြာခဏအလည်အပတ်ပြန်နိုင်သူဖြစ်
သည်။သူကပြောဖူးသည်။သူဘယ်နိုင်ငံကပြန်လာလာ(မြန်မာနိုင်ငံအပါအဝင်) စင်္ကာပူမြေ
သို့ ခြေချလိုက်သည်နှင့် လုံခြုံစိတ်ချရသည်ဟူသော ခံစားချက်ကို ခံစားရသည် တဲ့…။

ဟုတ်တော့လည်းဟုတ်သည်။စင်္ကာပူတွင်နေထိုင်လုပ်ကိုင်နေရသောသူတစ်ဦးသည် ဥပဒေ
နှင့်အညီ၊စည်းကမ်းရှိစွာ တရားဝင်နေထိုင်သူတစ်ဦးဖြစ်ပါက မည်သည့်အရာရှိကိုမျှ ကြောက်
နေရန်မလို၊မည်သည်မျှဂရုစိုက်ရန်မလိုပေ။လဝကမှ ရစ်မှာမပူရ၊(သင့်ကို မလိုအပ်လျှင် အရာရှိ
သည် စကားပင်တစ်ခွန်းဟမည်မဟုတ်)။အကောက်ခွန်ကရစ်မှာမပူရ၊မည်သည့်ရဲကိုမျှမကြောက်
ရ။တက်စီကားများ ဈေးပိုတောင်းမှာမပူရ၊ဘတ်စ်ကားများစည်းကမ်းရှိစွာဖြည်းဖြည်းမှန်မှန်
မောင်းကြသည်။ည၁၂နာရီတစ်ချက်မှ အမျိုးသမီးငယ်တစ်ဦးတည်း မိမိအိမ်ကိုလမ်းလျှောက်ပြန်
လာ၍ မည်သည့်အန္တရာယ်မှ မစိုးရိမ်ရ…..။

ကျွန်တော်တို့မြန်မာပြည်တွင်ရော…..။ဟုတ်ကဲ့…..အားလုံးကို ကြောက်နေရပါသေးသည်။
နေ့ရောညပါ မည်သည့်နေရာတွင်မဆို ဘာမဆိုဖြစ်သွားနိုင်သည်ကို ပူပင်နေရပါသေးသည်။
လိမ်မှာ၊ညာမှာ၊အတုမိမှာ၊အစားအသောက်မှားမှာ၊ကိုယ့်ဘက်မှ မှန်နေပါလျက်နှင့် အမှုအခင်း
ဖြစ်ပြီး ရုံးပြင်ကနားများနှင့်ပတ်သက်ရမှာ….၊ဘာမဟုတ်တာလေးနှင့် ကိုယ့်အသက်ကိုရန်ရှာ
ခံရမှာ...၊နေရင်းထိုင်ရင်း အသားလွတ် ဓားနှင့်အခုတ်ခံရမှာ……။

ကျွန်တော်တို့ နိုင်ငံသားများအတွက် လုံခြုံစိတ်ချရသော လူမှုဘဝ၊လူမှုဝန်းကျင်၊ကျမ်းမာရေး
နှင့်ညီညွှတ်သော နေထိုင်၊စားသောက်နိုင်မှု၊အကြောင်းကြောင့် အမှုအခင်းဖြစ်လျှင် မိမိခံစားရ
မည့် တရားမျှတမှု၊မိမိမှန်လျှင်၊တရားဥပဒေနှင့်အညီနေထိုင်လျှင် မည်သူ့ကိုမျှ မကြောက်မရွံ့
ရမှု တို့ ဆိုသည်မှာ အဘယ်မှာပါနည်း…….။

တစ်လောက ရုပ်မြင်သံကြားမှ နိုင်ဂါရာဂါရေတံခွန်ကြီးအပေါ်မှ ကြိုးတန်းလမ်းလျှောက်ပြသော
လူစွန့်စားတစ်ဦးအကြောင်း ကြည့်လိုက်ရသည်။ထိုလူစွန့်စားသည် သူ့ထံတွင် မည်သည့်လုံခြုံ
ရေးကြိုးမျှ ချည်နှောင်ထားခြင်းမရှိပေ။ကြိုးတန်းအောက်မှလည်း ပိုက်ကွန်အစရှိသည်တို့နှင့်
ကာကွယ်ထားခြင်းမရှိပေ....။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတို့ ဘဝကရော.....မည်သည့် လုံခြုံစိတ်ချရမှုမရှိ၊မည်သည့်အကာ
အကွယ်မှမရှိပဲ ဘဝကြိုးတန်းပေါ်လမ်းလျှောက်နေရသည်နှင့် မထူးပါလားခင်ဗျား.........။

Saturday, September 7, 2013

တာဝန်ရှိသူနှင့် တာဝန်သိသူ



ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားအပေါ် အော်ပရာစီ အဖမ်းအဆီးများ လုပ်လာလေသည်။မလေးရှားရောက် မြန်မာနိုင်ငံသားများ ဒုက္ခရောက်ကြသည်ပေါ့။ အွန်လိုင်းစာမျက်နှာများထက်တွင် ထိုကိစ္စနှင့်ပက်သတ်ပြီး ထုံးစံအတိုင်း ပွက်လောရိုက်နေတော့သည်။
ခနဲ့တဲ့တဲ့၊ရွဲ့တဲ့တဲ့တွေရေးကြသည်။ပြစ်တင်ပြောဆိုကြသည်။ငြူစူကြသည်။သူတို့၏ပြစ်တင်စောင်းမြောင်းပြောဆြိုခင်းခံရသူက ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေသည်ကိုတွေ့ရတော့ ကျွန်တော့်အနေနှင့်အံလည်းသြရသည်။စိတ်လည်းပျက်ရသည်။
 
ထိုအကြောင်းအရာများနှင့်ဆက်စပ်ပြီး တာဝန်ရှိသူနှင့် တာဝန်သိသူ များအကြောင်း ကျွန်တော် တွေးနေမိ
တော့သည်။

၁၉၅၈ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနုမှ ဗိုလ်ချုပ်ကြီးနေဝင်းကိုလွှတ်တော်မှတစ်ဆင့် ခေတ္တအာဏာလွှဲပြောင်း
ပေးခဲ့သည်။သူကအာဏာလွှဲမပေးလည်း ဗိုလ်ချုပ်ကြီးက အာဏာသိမ်းဖို့အဆင်သင့်ဖြစ်နေပြီ။
တပ်မတော်နာမည်ပျက်မည်စိုး၍ အာဏာလွှဲပြောင်းပေးခဲ့သည်ဟု ဦးနုကဆို၏(ဦးနုရေး-တာတေစနေသား
စာအုပ်၊စာမျက်နှာ၃၁၅ မှ)။၁၉၆၂ခု၊မတ်လ၊၂ရက်နေ့တွင် ပျက်ဆီးယိုယွင်းနေသောတိုင်းပြည်အခြေအနေ
ကို ထိန်းသိမ်းရန် ဟူသောအကြောင်းပြချက်ဖြင့် အာဏာထပ်သိမ်းလိုက်သည်။၁၉၇၄တွင် တစ်ပါတီ
စနစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြီးထိုဥပဒေအရ ဗိုလ်ချုပ်ကြီးနေဝင်းမှ ပါတီဥက္ကဌကြီး
ဦးနေဝင်းကိုအာဏာလွဲပြောင်းပေးခဲ့သည်။၁၉၈၈တွင် စက်တင်ဘာလ၁၈ရက်နေ့တွင် ဗိုလ်ချုပ်ကြီး
စောမောင်ဦးဆောင်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးကောင်စီမှ ကြေငြာချက် ၁/၈၈၊၂/၈၈ များထုတ်ပြန်၍အာဏာသိမ်းခဲ့သည်။၁၉၉၇ခုနှစ်တွင် နအဖ ကို အေးချမ်းဖြိုးဟုအမည်ပြောင်း
လဲပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွေမှဦးဆောင်ခဲ့သည်။၂၀၀၈တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာသည်။

ထိုအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က ဦးသိန်းစိန်ဖြစ်သည်။နောက် ကြံခိုင်ရေးပါတီကို ဦးသိန်းစိန်ခေါင်း
ဆောင်ပြီး ဖွဲ့စည်းသည်။ရွေးကောက်ပွဲကျင်းပသည်။တနိုင်ငံလုံး၏မဲဆန္ဒနယ်အများစုတွင် ကြံခိုင်ရေးပါတီ
အနိုင်ရသည်။ဦးသိန်းစိန်ဦးဆောင်သည့်အစိုးရအဖွဲ့၊ဦးရွှေမန်းဥက္ကဌအဖြစ်တာဝန်ယူသည့် ပြည်သူ့လွှတ်တော်
၊ဦးခင်မောင်မြင် ဥက္ကဌဖြစ်လာသည့် အမျိုးသားလွှတ်တော်တို့ အသီးသီးပေါ်ပေါက်လာသည်။

ကောင်းပါပြီ….။၁၉၆၂ခုနှစ်မှ ယနေ့ထက်တိုင်နိုင်ငံတော်တာဝန်ယူခဲ့ကြ၊ယူထားကြသည့် အဖွဲ့အစည်းနှင့်
ခေါင်းဆောင်ပိုင်းကို နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်များအား ပြည်သူကပေးအပ်ခဲ့သည်လည်းရှိသည်

(ဟုဆိုကြပါစို့ဗျာ)။အာဏာကို(သူတို့ပြောစကားအရ တိုင်းပြည်ချောက်ထဲကျရန်လက်တစ်လုံးလောက်
အလိုတွင်မလွဲမရှောင်သာ)ယူလိုက်၊သိမ်းလိုက်ကြသည်လည်းရှိသည်။မည်သို့ပင်ဖြစ်စေ ၅၁နှစ်တာကာလ
တွင် တပ်မတော်နှင့်တပ်မတော်ခေါင်းဆောင်များကသာ နိုင်ငံတော်တာဝန်ကိုယူနီဖောင်းနှင့်တစ်သွယ်၊

တိုက်ပုံဝတ်နှင့်တစ်နည်း ယူခဲ့ကြသည်သာဖြစ်သည်။ထပ်ပြောပါမည် သူတို့တာဝန်ယူခဲ့ကြသည်။
ဘာကြောင့်ပဲယူယူဘယ်လိုပဲယူယူ သူတို့တာဝန်ယူခဲ့ကြသည်။

ထို၅၁နှစ်အတွင်း တိုင်းပြည်ဘာတွေဖြစ်ခဲ့ပါသနည်း။ပါလီမန်ခေတ်၊အိမ်စောင့်အစိုးရခေတ်၊ပထစအစိုးရခေတ်၊
၁၂နှစ်တာတော်လှန်ရေးကောင်စီခေတ်၊နောက် မဆလခေတ်တို့ကို ကျွန်တော်တို့ သေချာမသိနိုင်
ခဲ့သည်ပဲထား….၊ကျွန်တော်တို့လူလားမြောက်ခဲ့သည့် ၁၉၈၈မှ ၂၀၁၃ ဟူသော ၂၅နှစ်တာအတွင်း တိုင်းပြည်ဘာတွေဖြစ်ခဲ့ပါသနည်း၊လက်ရှိတိုင်းပြည်ဘာတွေဖြစ်နေပါသနည်း။
 
လက်ရှိတွင်မြန်မာပြည်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်နေပြီ။
ကမ္ဘာ့ နံပတ်၂ မူးယစ်ဆေးဝါးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်နေပြီ။
ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေဆဲ နိုင်ငံဖြစ်နေပြီ။
ကမ္ဘာပေါ်တွင် ပဋိပက္ခအမျိုးမျိုးကြောင့်လည်းကောင်း၊စစ်ပွဲများကြောင့်လည်းကောင်း ရွှေ့ပြောင်းထွက်ပြေး
ကြရသည့် ဒုက္ခသည်အများဆုံးရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်နေပြီ။
ကမ္ဘာပေါ်တွင် လာဘ်ပေးလာဘ်ယူမှုအထူထပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပြီ။
ကမ္ဘာပေါ်တွင် အညံ့ဖျင်းဆုံးပညာရေးစနစ်ရှိသည့်နိုင်ငံဖြစ်နေပြီ။
ကျမ်းမာရေးကဏ္ဍအားလုံးနီးပါးတွင် အရှေ့တောင်အာရှ၌ပင် အဆင့် ၇၊၈၊၉မှ မတက်သောနိုင်ငံဖြစ်
နေပြီ။
ကမ္ဘာပေါ်တွင် နိုင်ငံလုံးမိုဘိုင်းဖုံးလွှမ်းခြုံနိုင်မှုတွင် မြန်မာနိုင်ငံနောက်တွင် မြောက်ကိုရီးယားနိုင်ငံပဲကျန်
သည်။
ကျန်တာတွေဆက်ရေးလျှင် စာမျက်နှာ၃မျက်နှာခန့်ထွက်လာပါလိမ့်မည်။အဆိုးမှန်သမျှတွင် ကျွန်တော်တို့
မြန်မာနိုင်ငံသည် ထိပ်သီး၁၀နိုင်ငံမှ မဆင်းသည်ကို စိတ်ဆင်းရဲဖွယ်၊ဝမ်းနဲရှက်ကြောက်ဖွယ်
ဖတ်ရှုနေရပါသည်။
သစ်တောတွေလည်းကုန်ပြီ၊ရေနံသဘာဝဓာတ်ငွေ့လည်းကုန်ပြီ၊နောင်နှစ်၂၀၊၃၀လောက်အတွင်း ကျောက်စိမ်း
ကုန်တော့မည်၊ပင်လယ်ပြင်တွင် ငါး၊ပုဇွန် ဖမ်းဆီးရရှိမှုတွေ အလျှင်အမြန်ကျဆင်းနေပြီ။နိုင်ငံမှ အားကောင်း
မောင်းသန်လူငယ်သိန်းပေါင်းများစွာနှင့် ပညာတတ်အားလုံးနီးပါး တိုင်းတပါးသို့ရောက်ကုန်ကြပြီ။
တိုင်းပြည်တွင် တရုတ်နိုင်ငံထုတ် ပစ္စည်းအစုတ်အပျက်ပေါင်းစုံမှ လွဲ၍ ဘာမှမကျန်တော့ပေ။

ဤကိစ္စများအတွက် မည်သူတွင်တာဝန်ရှိပါသနည်း။၅၁နှစ်တာကာလတစ်လျှောက်လုံးကိုတာဝန်ယူခဲ့ကြသူ
များနှင့်လက်ရှိတာဝန်ယူနေသူများတွင်တာဝန်မရှိပါဘူးဟုမည်သူငြင်းနိုင်မည်နည်း။ဘာကြောင့်တာဝန်ယူယူ
တာဝန်ယူပြီးသည်နှင့်တာဝန်ကြေရမည်မဟုတ်ပါလား၊တာဝန်ခံရမည်မဟုတ်ပါလား၊တာဝန်ယူရမည်မဟုတ်ပါလား။

 ~~~~~~~~~~~~~~~~~~~~~~~~~
၁၉၆၂ခုနှစ် ဇူလိုင်လ၇ရက်နေ့ ရန်ကုန်တက္ကသိုလ်အရေးအခင်း
၁၉၆၇ခုနှစ် တရုတ်-မြန်မာ အရေးအခင်း
၁၉၆၉ခုနှစ် ကျွန်းဆွယ်အားကစားပွဲအရေးအခင်း
၁၉၇၄ခုနှစ် အလုပ်သမားအရေးအခင်း
၁၉၇၄ခုနှစ် ဦးသန့်အရေးအခင်း
၁၉၇၆ မှိုင်းရာပြည့်အရေးတော်ပုံ
ထို့နောက်…….
ရာဇဝင်တွင်မည့် ရှစ်လေးလုံး အရေးတော်ပုံကြီး……..၊
နောက်ထပ်နောက်ထပ်သော အရေးတော်ပုံများစွာ….။

အကြိမ်ပေါင်းများစွာ အရေးတော်ပုံများပေါ်ပေါက်ခဲ့သည်။ရာဇဝင်တွင်မည့်သူရဲကောင်းများစွာမွေး
ထုတ်ပေးခဲ့သည်။ထိုသူရဲကောင်းများမှဦးဆောင်၍ စစ်အာဏာရှင်အဆက်ဆက်ကို တွန်းလှန်ခဲ့ကြသည်။
သူတို့ဘာကြောင့်အသက်သွေးချွေးတို့ပေးဆပ်၍ တော်လှန်ရေးကြီးများဆင်နွဲခဲ့ပါသနည်း။ငွေကြေးစည်း
စိမ်ကြောင့်မဟုတ်၊အာဏာလိုချင်သောကြောင့်မဟုတ်၊တစ်စုံတစ်ယောက်က ဖိအားပေးချိမ်းခြောက်
၍မဟုတ်၊ဝါဒမှိုင်းအတိုက်ခံရ၍မဟုတ်…။တာဝန်သိစိတ်တစ်ခုတည်းကြောင့်ပင်ဖြစ်သည်။

သန်းပေါင်းများစွာသောပြည်သူများအား လွတ်လပ်ရေး၊ညီမျှရေး၊တရားမျှတရေး၊ လူ့အခွင့်အရေးများ
အားဖော်ဆောင်ပေးရန်အတွက် တာဝန်သိစိတ်ဖြင့် သေမှာမကြောက်ပဲ ပေတရာပေါ်လျှောက်ခဲ့ကြသူ
များဖြစ်သည်။သေလည်းသေခဲ့ကြရသည်။နိုင်ငံပိုင်ပစ္စည်းဟူ၍ သွားကြားထိုးတံတစ်ချောင်း၊ကျောက်စရစ်
ခဲတစ်လုံးပင် ကိုယ်ကျိုးမရှာခဲ့ကြပါလျက် ထောင်ဒဏ်၂၀မှ၆၅နှစ်ထိ ချခြင်းခံကြရသည်။လူများစုကြီး၏
အခွင့်အရေးများပြန်လည်ရရှိဖို့ သူတို့၏အခွင့်အရေးများအဆုံးရှုံးခံ တိုင်ပွဲဝင်ခဲ့ကြသည်။
တာဝန်ရှိသူတို့က တာဝန်ကိုမျက်ကွယ်ပြု၍ နိုင်ငံကိုရောင်းစားကာကိုယ်ကျိုးအတ္တကို မဆုံးတမ်းဖြည့်ဆည်းနေချိန်တွင် တာဝန်သိသူတို့က သူတို့၏တာဝန်သိစိတ်တစ်ခုတည်းနှင့်
တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့ကြသည်။စွန့်နေဆဲလည်းဖြစ်သည်။

ဒီလောက်ဆိုလျှင် လက်ရှိမြန်မာပြည်၏ပြဿနာများ၊မြန်မာနိုင်ငံသားများခံစားနေရသော ဒုက္ခသုက္ခများ
အတွက် မည်သူ့တွင်တာဝန်ရှိသည်။မည်သူတို့က တာဝန်သိစိတ်ဖြင့် ပြည်သူ့ဘက်မှရပ်တည်ခဲ့ကြသည်
ကို သိလောက်ပြီးဖြစ်ပါသည်။

ဥပမာတစ်ခုထပ်ပြောချင်သေးသည်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုတရုတ်-မြန်မာတာဝန်ရှိသူတို့
က(ထိုစဉ်က)ဝန်ကြီးချုပ်ဦးသိန်းစိန်ရှေ့မှောက်တွင် စာချုပ် ချုပ်ဆိုခဲ့ကြသည်။သမ္မတဦးသိန်းစိန်လက်ထက်
တွင် ပြဿနာဖြစ်တော့ ထိုပြဿနာကိုမည်သူမှတာဝန်သိစိတ်ဖြင့် ခေါင်းခံဖြေရှင်းပေးပါသနည်း။
ဦးသိန်းစိန်လော…..၊ဒေါ်အောင်ဆန်းစုကြည်လော….။ထိုပြဿနာကို ဝင်ဖြေရှင်းပေးသည့်အတွက်

 ဒေါ်အောင်ဆန်းစုကြည်တွင် ဘာအကျိုးအမြတ်ရခဲ့ပါသနည်း….၊သောက်သုံးမကျသည့် နလပိန်းတုန်းများ

ထံမှ ပြစ်တင်ဝေဖန်မှုမှလွဲ၍ ဘာမှမရခဲ့ပါ။ဘာမှမရနိုင်သည့်အပြင် လူမုန်းခံရမည်သာအဖတ်တင်မည်

ကို ကမ္ဘာပတ်လာသည့်  ထိုပညာတတ်အဖွားကြီးမှ မသိပဲနေမည်မဟုတ်ပါ။သိသည့်တိုင် နိုင်ငံနှင့်လူမျိုး

အတွက်တာဝန်သိစိတ်ဖြင့် ခေါင်းခံဖြေရှင်းပေးနိုင်ခဲ့သည်။ထိုအချိန်တွင်မတော့ တာဝန်ရှိသူများမှ မသိ

သလိုနေ နေကြသည်မဟုတ်ပါလား…..။
 
မြန်မာပြည်တွင် လူသန်းပေါင်းများစွာသည် နေသာသလိုနေခဲ့ကြသည်။တစ်ချို့က ကိုယ်အစားချောင်ဖို့
တစ်ခုတည်းနှင့် အာဏာရှင်လက်ကိုင်တုတ်လုပ်ခဲ့ကြသည်။တစ်ချို့ကဆိုလျှင် ကိုယ်တိုင်ကနေသာသလို
နေ နေကြသည့်တိုင် တာဝန်သိစိတ်ဖြင့် တာဝန်ကို ဝင်ထမ်းနေကြသူများကိုပင် ဘေးထိုင်ဘုပြောကြသည်
ခနိုးခနဲ့ဆိုကဲ့ရဲ့ကြသည်။တရားကျဖို့ကောင်းပေစွ….။

သင့်အနေဖြင့် ကိုယ်အနေအစားချောင်လျှင်ပြီးရောဆိုသည့်စိတ်ဖြင့် နေသာသလိုနေ နိုင်ပါသည်။သင့်ကို
မည်သူမျှအပြစ်မတင်ပါ။မြန်မာနိုင်ငံသားအားလုံးလိုလိုခံစားနေရသည့် ဒုက္ခသူက္ခများ၊လူ့အခွင့်အရေးဆုံး
ရှုံးမှုများ၊တရားမမျှတမှုများအတွက် သင် ဆဲချင်ဆိုချင်၊ခနိုးခနဲ့၊ကဲ့ရဲ့ချင်သပါ့ဆိုလည်း ဆဲနိုင်ဆိုနိုင်ပါသည်။
သို့သော် သင်ဆဲရေးပြစ်တင်ရမည့်သူသည် နှစ်ပေါင်းများစွာ နိုင်ငံတာဝန်ကို ယူခဲ့ကြ၊ယူနေကြသူများကို
သာဖြစ်သင့်ပါသည်။တာဝန်ကိုယူသာယူပြီး တာဝန်မကျေခဲ့သူများ၊တာဝန်ရှိသူများကိုသာဖြစ်သင့်ပါသည်။
သို့မဟုတ်သင်ကိုယ်တိုင်လည်း တာဝန်သိသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပါသေးသည်။သင်သည်
အသက်ပေးလောက်အောင်သတ္တိရှိသူဖြစ်ချင်မှဖြစ်ပါလိမ့်မည်။ကိစ္စမရှိပါ၊သင့်ကို မည်သူမှ လမ်းပေါ်ထွက်
အသေမခံခိုင်းပါ။ထောင်တန်းကျခံရလောက်သောအလုပ်များမခိုင်းပါ။မပူပါနှင့်။သင်နိုင်သလောက်သာ
တာဝန်သိနိုင်ပါသည်။


မိမိနေသောလမ်းကလေးအား မိမိနိုင်သလောက်ပြင်ခြင်းသည်လည်း တာဝန်သိခြင်းဖြစ်ပါသည်။
ဒုက္ခရောက်နေသူများကို ထမင်းတစ်ဆုပ်၊ရေတမှုတ် တိုက်၊ကျွေးခြင်းသည်လည်းတာဝန်သိခြင်းဖြစ်ပါသည်။
ပရဟိတလုပ်ငန်းများတွင် နိုင်သလောက်လုပ်အားပေးခြင်း၊ငွေကြေးနိုင်သလောက်ထောက်ပံ့ပေးခြင်းသည်
လည်း တာဝန်သိခြင်းဖြစ်ပါသည်။လူတိုင်း တာဝန်ရှိသူဖြစ်ချင်မှဖြစ်နိုင်ပါမည်။သို့သော်လူတိုင်း တာဝန်သိ
သူဖြစ်နိုင်ပါသည်။
 
အနည်းဆုံးတော့ တာဝန်ရှိသူနှင့်တာဝန်သိသူကို ခွဲခြားသိမြင်သင့်ပါသည်။သိနိုင်မြင်နိုင်ပါစေဟုလည်း
ဆုတောင်းပေးလိုက်ပါသည်။

Thursday, September 5, 2013

မှိုင်းသီမှုန်ဝေသော အတွေးစများ


         ချွေးစေးများပြန်ပြီး အိပ်ယာမှ လန့်နိုးလာချိန်တွင် နံနက်၎နာရီခန့်သာရှိသေးသည်။ပူအိုက်သော
ဥတုကို အံတုနိုင်ဖို့ ရေခဲရေတစ်ဘူးနှင့်အတူ ခြံထဲသို့ဆင်းလာခဲ့မိသည်…။လတ်ဆတ်သောလေပြေသည် ကျွန်တော့်ကို ခရီးဦးကြိုပြုရှာသည်။ခြံရှေ့ ခုံတန်းလျားလေးတွင်ထိုင်ရင်း ပါလာသည့် စီးကရက်တစ်လိပ်ကို
မီးညှိရှိုက်ဖွာလိုက်သည်…။ပတ်ဝန်းကျင်သည်မဲမှောင်တိတ်ဆိတ်လျက်……။ဘဝအဓိပ္ပာယ်ဟူသည်ဘာပါလဲ….။
ယခုလို အိပ်မပျော်သည့်အခါမျိုးတွင် ထိုအတွေးသည် ကျွန်တော့်အမြဲလို အလုပ်ပေးလေ့ရှိသည်…။တမင်
ဦးဏှောက်အခြောက်ခံပြီးတွေးခြင်းမျိုးမဟုတ်ပဲ သူ့အလိုလိုအတွေးဝင်လာမိခြင်းသာ…..။

လွန်ခဲ့ပြီးသောကာလများတွင် နေ့စဉ်နှင့်အမျှ နေထွက်မှ နေဝင်အလုပ်ကိုလက်ကြောတင်းတင်းလုပ်ခဲ့ရစဉ်
အချိန်များတွင်လည်း ငါဘာအတွက်ဒါတွေလုပ်နေရပါသလဲ…၊ဘာများအဓိပ္ပာယ်ရှိသလဲ ဟူသောအတွေးမျိုး
တွေးမိသကဲ့သို့ပင် ယခုလို နေ့ရက်တိုင်းတွင် အိပ်လိုက်၊စားလိုက်၊လက်ဘက်ရည်ဆိုင်တစ်လှည့်၊ဗျစ်ရည်
ဆိုင်တစ်လှည့်ထိုင်လိုက်၊ဘောလုံးပွဲတစ်လှည့်၊တရာပွဲတစ်လှည့်ကြည့်လိုက်နာလိုက် လုပ်နေသော ကာလ
များတွင်လည်း ဘဝသည်အဓိပ္ပာယ်မဲ့လှသည်ဟူသောအတွေးများက လူကိုနှိပ်ဆက်မြဲပင်……။

ဘဝသည်တိုတောင်းလွန်းလှသည်…။ကျွန်တော်ဤကဲ့သို့ပင်ထင်မှတ်ထားခဲ့သည်။လက်ရှိကျွန်တော့်အသက်
သည် ယေဘုယျအားဖြင့်လူ့သက်တမ်းတစ်ဝက်သို့ရောက်နေလေပြီ…။လွန်ခဲ့ပြီးသောဘဝထက်ဝက်ကို ပြန်
လှည့်ကြည့်မိတော့ အချိန်ကာလတို့ကုန်ဆုံးခြင်းသည်လျှင်မြန်လွန်းလှသည်ဟုထင်မှတ်မိသည်ချည်းပင်…။

သို့သော်လာလတ္တံသောအနာဂတ်ကို တွေးမိလျှင်တော့ကျွန်တော့်တွင် ယေဘုယျအားဖြင့်အချိန်၃၅နှစ်ခန့်
ကျန်ရှိနေသေးသည်ပဲ…။လပေါင်း ၄၀၀ကျော် သို့မဟုတ် ရက်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်ဟူသော
အရေအတွက်သည် လူတစ်ယောက်ကို ဘာသာစကားသုံးလေးမျိုးခန့်၊ဒါမှမဟုတ် ပညာရပ်တစ်ခုခုအား
ကျွမ်းကျင်လိမ္မာစွာတတ်မြောက်နိုင်ရန်လည်းကောင်း၊ဥစ္စာစီးပွားကိုဖြစ်စေ၊တရားဓမ္မကိုဖြစ်စေ ပြည့်စုံကုံလုံ
ရန်လည်းကောင်းလုံလောက်သည်မဟုတ်ပါလား….။သို့ဆိုရသော်ဘဝသည်အဘယ်မှာတိုတောင်းပါသနည်း။
အနာဂတ်ကို မျှော်တွေးကြည့်လျှင် ဘဝသည် ရှည်လျားလွန်းစွ……။

သို့သော်…၊အတိတ်ဟူသည်ပြီးဆုံးခဲ့ပြီ….။ပြန်လိုချင်၍မရနိုင်တော့၊ပြန်လည်ပြောင်းလဲလို၍မဖြစ်နိုင်တော့….။
အနာဂတ်ကရော….အဘယ်မျှသေချာပါသနည်း…၊မနက်ဖြန်မနက် မိမိဘာဟင်းနှင့် ထမင်းစားရမည် ဆိုသည်ကိုပင် ကျွန်တော်တို့ မသေချာလှပါ…။

သေချာသည်ကတော့လက်ရှိခဏတာလေးပင်ဖြစ်သည်…..။ပစ္စုပ္ပန်ဟုသုံးနှုန်းရမည်ဖြစ်သောခဏတာအချိန်
လေးပင်ဖြစ်သည်။ထိုခဏတာလေးသည်အဘယ်မျှသောကာလအတိုင်းအတာရှိပါသနည်း…။ကျွန်တော်မသိ
နိုင်ပါ…။တွေးဆဲ၊ပြောဆဲ၊လုပ်ကိုင်နေဆဲမှာပင် ပစ္စုပ္ပန်သည် အတိတ်ဖြစ်သွားလေပြီ….၊အနာဂတ်သည် ပစ္စုပ္ပန်အဖြစ်ရောက်ရှိလာပေပြီ…။ပစ္စုပ္ပန် သည် အတိတ်တွင်ဖြစ်ဖျားခံ၍ အနာဂတ်သို့ စီးဆင်းသွားသည့်
မြစ်တစ်စင်းနှယ်ပင်…..။

အတိတ်ကာလက ထိုမြစ်ထဲသို့ ကျွန်တော် အမှိုက်စများချခဲ့မိသည်၊ရွှေမှုန်ငွေစအချို့ကိုလည်းချမိကောင်း
ချခဲ့လေသည်…၊မြစ်သည် အမှိုက်ကိုလည်းကောင်း၊ရွှေမှုန်တို့ကိုလည်းကောင်း သယ်ဆောင်လာခဲ့ပြီ…။
နောက်ထပ်လည်း ထိုအရာတို့ကို အနာဂတ်သည်သို့ သယ်ဆောင်သွားပေလိမ့်မည်…၊လက်ရှိခဏတာ
လေးကိုအသုံးချ၍ အမှိုက်စအချို့ကို ကျွန်တော်ဆယ်ယူဖို့ကြိုးစားမိသည်၊ရွှေမှုန်စတို့ကို ပိုမိုတိုးပွား
အောင်ဆောင်ရွက်မိသည်၊သို့မဟုတ်အမှိုက်စတို့ကိုပိုလို့တိုးစေခဲ့သည်လည်းရှိသလို၊ရွှေမှုန်များကိုဖြင့်
လျော့ပါးစေသည်လည်းရှိလေပြီ…။အမှိုက်စလော ရွှေစလောမသိပဲ မြစ်ရေအလျင်ထဲသို့ စီးဆင်းစေ
ခဲ့သည်လည်းရှိသည်။အမှိုက်စကို ရွေစဟု ထင်ကောင်းထင်ခဲ့သည်လည်းရှိမည်…။

မည်သို့ပင်ဖြစ်သေကာမူ ဘဝဟူသောရေအလျှင်သည် အဆုံးသတ်တစ်နေရာသို့ တစ်ရွေ့ရွေ့ စီးဆင်း
နေလေပြီ။ဟုတ်သည်…..၊အမှိုက်များဖြင့်ပြည့်နေသည်ဖြစ်စေ၊ရွှေမှုန်တို့တမ်းကြမ်းပြည့်နေသည်ဖြစ်စေ
သေခြင်းတရားသည် ရေအလျှင်ကိုဖြတ်တောက်ပေလိမ့်မည်။ဘာသာရေးဆရာတို့ကတော့ ရေအလျှင်သည် မပြတ်မတောက်နိုင်သေး၊သေသည်၏အခြားမဲ့၌တစ်ခုသောဘဝသည်ရှိသေး၏။ဘဝရေအလျှင်သည်မပြတ်
မတောက်ပဲ အနှီးဘဝသစ်သို့ ကုသိုလ်၊အကုသိုလ်တို့အစွမ်းဖြင့် ဆက်လက်စီးဆင်းနေဦးမည်။ရေအလျှင်
ထဲရှိ အမှိုက်စ၊ရွှေစတို့ကိုလည်းဆက်လက်သယ်ဆောင်သွားလိမ့်ဦးမည်ဟုဆိုကြလေသည်။

မမြင်မသိနိုင်သော၊သက်သေတစ်စုံတစ်ရာခိုင်မာစွာမရနိုင်သောအရာတို့ကို ယုံကြည်စိတ်ကင်းမဲ့နေပြီဖြစ်
သောကျွန်တော့်အတွက်တော့ ထိုနောင်ဘဝဆိုသည်ကို မှားသည်မှန်သည် မပြောနိုင်ပါ၊မပြောချင်ပါ၊
ကိုယ့်စိတ်ထဲမှဖြစ်ပေါ်နေသော သံသယကို ဇွတ်အတင်းခံမငြင်းချင်ပါ။အခြားလူများနှင့်သာပဋိပက္ခ
အဖြစ်ခံပါမည်၊မိမိစိတ်တွင်းတွင်တော့ စိတ်စိတ်ချင်းပဋိပက္ခ အဖြစ်မခံချင်ပါ။သံသရာသည်လည်းကောင်း၊
၃၁ဘုံသည်လည်းကောင်း ရှိကောင်းရှိပါလိမ့်မည်။ကျွန်တော့်အတွက်တော့ သေခြင်းသည်သာ
အဆုံးဖြစ်လေသည်။

သေခြင်းတရားသည်ကြောက်ဖွယ်ကောင်းလှသည်။ကျွန်တော်ကြောက်ပါသည်။ရှင်သေမင်းက ကျွန်တော့်
ကိုနိုင့်ထက်စီးနင်းမလုပ်ခင် ဒီဘဝဒီခန္ဓာကိုဘယ်လိုနေရမည်ကို ခုထိကျွန်တော်မသိနိုင်သေးပါ…။
မိမိလုပ်သမျှကောင်းမှုသည်လည်းကောင်း၊မကောင်းမှုသည်လည်းကောင်း သေခြင်း၌အဆုံးရှိသည်
ဟူသောအတွေးဝင်လာသည့်အခါတိုင်း ကျွန်တော်လုပ်နေသမျှကို ဘာအဓိပ္ပယ်မှမရှိဟုထင်
လာတတ်လေသည်။

အချိန်သည်တစ်ဖြည်းဖြည်းရင့်ရော်လာလေပြီ….။ကျွန်တော့်ရှေ့တွင် ကျနေသောအမှိုက်တစ်စကို
 ကောက်ယူ၍ဖယ်ရှားလိုက်မိသည်။ထိုအရာသည် ကျွန်တော့်အတွက်အမှိုက်ဖြစ်သည်၊သေချာပါသည်။
သို့သော် ကျွန်တော်မသေချာပါ။ကျွန်တော့်ရှေ့မြေပြင်ပေါ်တွင် မူလီလေးတစ်ခုတွေ့ရသည်။
ကျွန်တော့်ဆိုင်ကယ်မှပြုတ်ကျနေခြင်းဖြစ်သည်။အသုံးဝင်သည့်အရာလေးဖြစ်၍ ကျွန်တော်ကောက်ယူသိမ်း
ထားလိုက်သည်။ထိုမူလီလေး အသုံးဝင်သည်ဆိုသည်မှာသေချာပါသည်။သို့သော် ကျွန်တော်မသေချာပါ။

ရောင်နီသည်ပျို့လာချေပြီ။ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမြင်တွေ့လာရပြီဖြစ်သည်။ကျွန်တော့်ရင်ထဲမှာတော့ အရာရာသည် ကဝေဆန်စွာ မြူတို့ဖြင့် ဝေမှိုင်းရီလျက်……….။

Wednesday, June 12, 2013

အကွေ့......

" မြန်မာပြည်ကိုပြန်တော့မည်...."

သည်အတွေး၊သည်အိမ်မက်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတိုင်းလိုလို၏အတွေးအိပ်မက်တစ်ခု ဖြစ်နေ
ပါလိမ့်မည်။အားလုံးအတွက်မဟုတ်တောင် အများစုကြီးအတွက်ပေါ့လေ...။ကျွန်တော့်အတွက်တော့ မြန်မာ
ပြည်မှမထွက်ခွာခင်ကတည်းက ကြိုတင်မက်ထားနှင့်သည့်အိပ်မက်တစ်ခုရယ်သာ.....။ဟုတ်သည်....၊
ကျွန်တော့်အတွက်တော့ မြန်မာပြည်သည် ကျွန်တော့်ပြည်၊မြန်မာစကားသည် ကျွန်တော့်စကား၊မြန်မာ့ရေ
မြေသည် ကျွန်တော့်ရေမြေ.....၊သည်လိုဆိုတော့ သည်ကောင် တိုင်းပြည်ချစ်စိတ်ကြီးမားလှပါတကားလို့
တော့ တွေးမထင်လို....၊ကျွန်တော့်မျိုးချစ်စိတ်ဆိုတာ အများသူငါ လို သာမာန်မျှသာ..။သို့သော် ကျွန်တော့်
ရဲ့ နေမြဲနေလိုသော အင်နားရှားက အားကြီးလှသည်ဟုဆိုရမည်...၊နှစ်ပေါင်းများစွာ ကျင်လည်ရာ နေရာ
ဒေသလေးကိုပင် စိတ်အာရုံတို့က တစွဲလန်းလန်းရှိလှ၏။


ခေတ်မှီဖွံဖြိုးတိုးတတ်သောတိုင်းကြီးပြည်ရွှာတစ်ခုတွင်ရောက်နေသည့်တိုင်အောင် ကျွန်တော့်စိတ်တွေက
နုံချာလှသည့် ဇာတိမြို့ငယ်လေးဆီမှာ တရစ်ဝဲ၀ဲရှိနေတတ်သည်။ဘိလပ်စကား ဒွတ်ဒက်ရွှတ်ရှက်များကို
မလွှဲသာလို့ မတတ်တတတ်နှင့်ပြောနေရသည့်တိုင် မွေးရာပါမြန်မာစကားကိုသာ အာပေါင်အာရင်းသန်
သန်နှင့် ပြောချင်သည့်စိတ်က ကဲနေတတ်စမြဲ၊အံမခန်းကြီးကျယ်ခမ်းနားသည့် အဆောက်အဦးများကြား
သွားလာလှုပ်ရှားနေရသည့်တိုင် ရိုးစင်းလှသည့်ရေမြေတောတောင်များကိုသာ လွမ်းဆွတ်တမ်းတနေတတ်
စမြဲပင်....။


ဆိုတော့ မရည်ရွယ်ပါပဲနှင့် တိုင်းခြားပြည်ရွှာသို့ ရောက်လာရသည့် ပီဘိတောသား ကျွန်တော့်အတွက်
တော့ မြန်မာပြည်အိပ်မက်ဟူသည် ညစဉ်မက်ခဲ့ရသည့် အခန်းဆက်အိပ်မက်တစ်ခုသာ....။တိုင်းတပါးတွင်
လေးနှစ်ကျော် ငါးနှစ်နီးပါး ကျင်လည်ခဲ့ရပြီးနောက်ယခုနှစ်တွင်မတော့ပြည်တော်ဝင်အိပ်မက်ကိုအတည်
တကျအကောင်အထည်ဖော်ဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ခဲ့သည်။ပထမတော့ တရုတ်နှစ်ကူးအပြီး ဖေဖော်ဝါရီ
လဆန်းပိုင်း၊အဲဒီနောက်ဧပြီလဆန်း၊သင်္ကြန်အမှီပေါ့....၊သို့သော်အကြောင်းကြောင်းကြောင့်ရွေ့ရပြန်သည်။
မေလကုန်.....။ဒီတစ်ခါတော့ ဘာအကြောင်းနဲ့မှ မပြောင်းတော့ဟု စိတ်ဆုံးဖြတ်လိုက်သည်။တလတိတိခွာ
ပြီး ထွက်စာတင်သည်။လေပျံလက်မှတ်ဝယ်သည်။ဝယ်တာတောင်မှ အပြန်တစ်ကြောင်းစာပဲဝယ်လိုက်
သည်။


အစစအရာရာစီစဉ်ပြီးကာမှ မိဘဆွေမျိုးတွေကို အသိပေးလိုက်တော့သည်။စောစောစီးစီးပြောလျှင် အား
လုံးက ၀ိုင်းဖျက်ကြလိမ့်မည်မှာ ကျိန်းသေ...။ဒါတောင်မှ မိဘဆွေမျိုးမိတ်ဆွေအားလုံးက အပြီးမပြန်ဖို့ ၀ိုင်း
တားကြသည်။ကိုယ့်အပေါ်ထားသော စေတနာကိုနားလည်ပါသည်။ဘာသာလည်း ကြုံတွေ့ရမည်များကို
တွေးမိပြီးသားပင်၊လက်ရှိပစ္စက္ခအခြေအနေကလည်း ငွေပင်ငွေရင်းခိုင်ခိုင်မာမာမရှိသေးသည့် ကျွန်တော့်
အတွက် ခက်ခဲနေမည်မှာ အသေအချာ....။


ငါးနှစ်တာကာလပတ်လုံး အကျွမ်းတ၀င်ရှိနေပြီဖြစ်သည့် သက်တောင့်သက်သာအခြေအနေတစ်ရပ်ကို
ကျောခိုင်းထွက်ခွာ၍ ခရောင်းလမ်းကို ပြန်လျှောက်ရမည်မှာ စင်စစ်မတော့ လွယ်ကူလှသည်မဟုတ်...။
သို့သော်.....အဲ့သည် ခရောင်းလမ်းသည် ယခုမှ လျှောက်လှမ်းရမည့်လမ်းမဟုတ်....၊နှစ်ပေါင်းများစွာ ကိုယ်နှင့်အသားကျပြီးသားလမ်းတစ်ခုသာ...။

ကျွန်တော်ချစ်မြတ်နိုးရာ ဇာတိရပ်ရွှာလေးသည် ငါးနှစ်တာမျှ ကျင်လည်ခဲ့ရာ တိုင်းကြီးပြည်ကြီးနှင့်နှိုင်းယှဉ်
ပါက ခက်ထရော်လှသည် ရွှာငယ်လေးသာသာ....၊သို့သော် ခက်ခဲကြမ်းတမ်းမှုများကို ကိုယ်တိုင် နှစ်လို
လိုလားစွာ ရင်ဆိုင်နိုင်အောင်ပေးခဲ့သည်ကတော့ ကျွန်တော်၏ ချစ်ခြင်းနှင့်ချဉ်ခြင်းများပင်.......။ဟုတ်
သည်.....၊နှစ်ပေါင်းများစွာကပင် သက်ရှိ၊သက်မဲ့၊ဒြပ်ရှိ၊ဒြပ်မဲ့များအပေါ်တွင် တည်ရှိအပ်သော ကျွန်တော်၏
သံယောဇဉ်ချစ်ခြင်းများ၊အလိုရှိအပ်၊တောင့်တအပ်သောချဉ်ခြင်းများက ဘ၀၏အကွေ့တစ်ခုကို သက်တောင့်သက်သာစွာ ချိုးကွေ့လိုက်နိုင်ဖို့ ကြီးမားသောတွန်းအားတစ်ရပ်ဖြစ်ခဲ့လေပြီ။


ကျွန်တော်ကွေ့ခဲ့ပါပြီ....၊နှစ်ပေါင်းများစွာလျှောက်ခဲ့ဖူးသောလမ်းကလေးကို ကျေနပ်စွာတစ်ဖန်လျှောက်
လှမ်းရန် ကျွန်တော်ပြန်ကွေ့ခဲ့ပြီ။အဘယ်မည်သော အချိန်ကာလတစ်ခုတွင် အဘယ်မည်သော အကြောင်း

များကြောင့် နောက်ထပ်အချိုးအကွေ့တစ်ခုကို ထပ်မံချိုးကွေ့ရမည်ဆိုသည်ကိုတော့ ကျွန်တော်မမှန်းစ
တတ်ပါ....။ဤလမ်းကို နောက်တစ်ခါပြန်မလျှောက်တော့ဟူ၍လည်း ဆုံးဖြတ်ချက်ပိုင်ပိုင်မချခဲ့ပါ....။
ငါးနှစ်တာကျင်လည်ခဲ့ရာ ကျေးဇူးတစ်စုံတစ်ရာ ရှိခဲ့ဖူးသည့် ကျွန်းမြေလေးကိုလည်း နောင်မလာတော့ဟု
ဖနောင့်သုံးချက်ပေါက်၍လည်း မကြွေးကြော်ခဲ့ပါ....။ကံဇာတ်ဆရာပစ်ချရာနေရာမှာ တတ်နိုင်သ၍ ရေလိုက်ငါးလိုက်၊စိတ်၏စေရာလည်းလိုက်ရင်း သွားလာလှုပ်ရှားနေရသူများမဟုတ်ပါလား....။


ယခုချိန်မှာတော့ စိတ်ပျော်ရာ နေရာဟောင်း၊လမ်းဟောင်း၊ဘ၀ဟောင်းလေးမှာ ပျော်ကာ.....မောကာနှင့်..........။













Wednesday, March 13, 2013

အိန်ဂျယ်အလင်း.......မြတ်နိုးခြင်းကောင်းကင်.....ယုံကြည်စွာတည်အပ်သောချစ်ခြင်းများ....

" အဝေးဆုံးကြယ်လေးက ကိုယ့်ရင်ထဲမှာတော့ အလင်းတွေ ပြိုးပြိုးပြက်ပြက်...... "

အဝါရောင်မီးမှိန်မှိန်လေး ထွန်းထားသော ကော်ဖီဆိုင်၏မှန်ပြူတင်းမှတစ်ဆင့် ကောင်းကင်ပြင်ဆီသို့ သူမ
ငေးကြည့်နေမိသည်....။ပဲရစ်၏ နွေဦးညကောင်းကင်ယံတွင် ကြယ်ပွင့်လေးများက ပြိုးပြက်တောက်ပနေ
သည်....။ကြယ်တွေကို ငေးကြည့်နေဆဲမှာပင် တောက်ပသောအလင်းတန်းနှင့်အတူ ကြယ်လေးတစ်ပွင့်
ကြွေလွင့်သွားသည်...၊ကြယ်လေးကြွေသွားပုံက အိန်ဂျယ်တစ်ပါး ကမ္ဘာမြေပေါ် သက်ဆင်းလာသည့်
အလား....။

အိန်ဂျယ်......၊ထိုအမည်နာမတစ်ခုကို သူမနှုတ်မှ မရွတ်ဆိုမိသည့်တိုင် ရင်ထဲမှာတော့ တိုးတိတ်ညင်သာစွာ
ရိုက်ခတ်နေတတ်မြဲပင်....။အိန်ဂျယ်သည် ကြယ်ပွင့်လေးတစ်ပွင့်အဖြစ် ဖန်ဆင်းတတ်လေသလား...။သို့
မဟုတ် ကောင်းကင်၌တည်သော ကြယ်လေးတစ်ခုတစ်လေသည်ပင် အိန်ဂျယ်လေလား....။သူမအတွေး
ထဲသို့ အိန်ဂျယ်ဆိုသော ကောင်လေးတစ်ယောက်ဝင်ရောက်လာသည်နှင့် နွေးထွေးမှုကိုခံစားရမြဲ....၊
အိန်ဂျယ်သည် အဝေးဆုံးမှာ ရှိနေလျက်ကပင် သူ၏တောင်ပံများနှင့် သူမနှလုံးအိမ်ကို အုပ်စိုးထားနိုင်ခဲ့
သည်ပဲလေ....။

အေးစက်စပြုနေပြီဖြစ်သော ကော်ဖီကို သူမတစ်ငုံ ငုံလိုက်သည်....။ကော်ဖီတွေသိပ်သောက်နေသလား....
ဆိုသော သူ၏ စိုးရိမ်စကားကို သတိရမိတော့ သူမနှုတ်ခမ်းတွင် အပြုံးတစ်စတွဲခိုသွားသည်။တားမြစ်မှုမ
ပါသော၊နားလည်မှုရှိသော၊ချစ်ခြင်းအားဖြင့်သာဂရုတစိုက်ရှိတတ်သော သူ၏စကားလုံးများသည် သူမရင်
ထဲတွင်စက္ကန့်မလပ် ပဲ့တင်ထပ်နေတတ်မြဲ....။အေးစက်နေသော ကော်ဖီသည် အိန်ဂျယ်၏ချစ်ခြင်းများနှင့်
အတူ နွေးထွေးချိုမြိန်စွာ သူမရင်ထဲသို စီးဆင်းသွားသည်။ခရီးမိုင်တို့၏ ဝေးကွာမှုသည် ချစ်ခြင်းဖြင့် ညွှတ်
ပျောင်းနေသော နှလုံးသားများ၌ ဆံချည်မျှင်သော အကြားအလပ်မျှ အရာမထင်စေနိုင်ခဲ့....။

ကော်ဖီဆိုင်တွင်းဖွင့်ထားသော ဓာတ်စက်မှ Don Williams ၏ I Believe in You သီချင်းသံ တိုးတိုးထွက်
ပေါ်နေသည်...။...I believe in love....... I believe in you...... နှုတ်ခမ်းလေးလှုပ်ရုံ အသံမထွက်ပဲ
 သူမ သီချင်းသံစဉ်ကို လိုက်လံညည်းဆိုနေမိသည်...။ပဲရစ်မြို့ကြီးတွင် တစ်ဦးတည်း ရပ်တည်နေရသည့်
သူမအတွက် အထီးကျန် မနေသည့်တစ်ခုတည်းသောအကြောင်းတစ်ရပ်မှာ သူ၏ချစ်ခြင်းတွင် တည်အပ်
သော ယုံကြည်မှုတစ်ခု သာလျှင်ဖြစ်သည်။ယုံကြည်စွာတည်တန့်နေသော ချစ်ခြင်းတစ်ရပ်၌အဘယ်မည်
သော မျှော်လင့်ချက်တစ်စုံတစ်ရာမှ မပါသည်ကိုတော့ သူမဘာသာ အသိ......။ချစ်ခြင်းတရားဆိုသည်မှာ
သူမအဖို့တော့ ကောင်းကင်ပြာဟိုးအဝေးထက်မှ ကြယ်ဖြူဖြူလေး တစ်ပွင့်ကို ကျေနပ်စွာ ငေးမောကြည့်
နေရုံမျှသာ......။

~~~~~~~~~~~~~~~~~~~~~

" ကြည်စင်ကောင်းကင်က ကိုယ့်နှလုံးသားထဲမှာ နွေးနွေးထွေးထွေး..... "

နွေဦး၏ကမ်းခြေညသည် သူထင်မှတ်ထားသည်ထက် တိတ်ဆိတ်နေသယောင်....၊သူ့နှလုံးအိမ်အတွင်း
မှ ညွှတ်နူးသောချစ်ခြင်းတရားအပေါ်၌ အာရုံတို့ ညွတ်စင်းကျနေ၍လည်းဖြစ်နိုင်ပေသည်သာ။ ကမ်းခြေ
ညကောင်းကင်ယံသည် သူချစ်သော ကောင်းကင် ဟု ခေါ်သည့်ကောင်မလေးတစ်ယောက်ကို သူ့ရင်
တွင်းသို့ ညင်သာစွာ ကိန်းဝပ်တည်ရှိစေတတ်လေ၏။နက်မှောင်နေသော ကောင်းကင်ယံသို့ သူ မော့
ကြည့်နေမိသည်။ကမ်းခြေညကောင်းကင်သည် နက်မှောင်ခိုင်ခန့်စွာ သူ့ကိုအုပ်မိုးထားသည့်တိုင် သူ့
ရင်တွင်းတွင်မတော့ ပကတိပြာလွင်ကြည်စင်နေသည့် ကောင်းကင် တစ်ခုက ရှင်းလင်းလှပစွာ တည်ရှိ
နေလေသည်....။

ကောင်းကင်.......၊ရှင်းရှင်းသန့်သန့်၊ဝင်းဝင်းဖန့်ဖန့်၊မောင့်ရင်ကပ်ပန်းလေး ရယ်........ဟု သူမကြာခဏ
တင်စားခေါ်ဆိုတတ်သည့် ကောင်မလေးတစ်ယောက် သူနှင့်လှမ်းရာ မိုင်အဝေး၌ရောက်နေသည့်တိုင်
အောင် သူ့စိတ်အစဉ်ကတော့ အနီးဆုံးမှာရောက်ရှိနေသည့်နှယ် ခံစားတတ်မြဲ.....။ချစ်သောစိတ်တစ်ခု
သည် မိုင်ကုဋေများစွာကိုပင် ပိုင်းခြားဖြတ်တောက်နိုင်စွမ်းရှိနေခဲ့ပေပြီ....။ချစ်ခြင်းဖြင့်ဖွဲ့တည်သော ဘဝင်
စိတ်ထဲ၌ သူမဘာတွေလုပ်နေမလဲ.....ဘာတွေဖြစ်နေမလဲ....ဆိုသော မေခွန်းများကို မြူမှုန်မျှပင် မရစ်
ထင်စေနိုင်ခဲ့....။ယုံကြည်မှုသည် ချစ်ခြင်း၏အခြားအဓိပ္ပာယ်အဖြစ် ဖွင့်ဆိုသတ်မှတ်ခြင်းခံခဲ့ရပြီးသည့်
နောက် စိတ်အတွေးတို့သည် စမ်းရေပမာကြည်လင်ခဲ့ရလေပြီ....။

" ဘယ်ဆီကိုရောက်လို့နေ......ဘယ်လောက်ပဲဝေးရလည်း.....ဘယ်တော့မှအထီးကျန်မဆန်ခဲ့......၊
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့....ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်....... "

မလှမ်းမကမ်း ကမ်းခြေမီးပုံပွဲမှ သီချင်းသံသဲ့သဲ့ကို ကြားမိတော့ ကြည်နူးကျေနပ်စွာ သူပြုံးလိုက်မိသည်။
သူ့အတွက်တော့ အဘယ်မည်သော တမ်းတမှုမျှရှိမနေသည့်တိုင် လက်လေးတစ်လှုပ်၊ခြေတစ်ဖြုတ်မှာပင်
စုံမက်စွာမြတ်နိုးရသော ကောင်းကင်တစ်ခု၏ နူးညံ့စွာထွေးပိုက်အုပ်မိုးမှုကို ရရှိမြဲပင်.....။လှုပ်ယိမ်းသွား
သောပန်းလေးတစ်ပွင့်၊နွေးထွေးစွာဖြာစင်းကျတတ်သည့်နေခြည်တန်း၊အေးမြစိုစွတ်သည့်မြက်ဖျားနှင်းစက်
တို့သည် ချစ်သောကောင်းကင်၏အငွေ့အသက်အား သူ၏အနီးဆုံး၌ တည်ရှိစေတတ်ခဲ့ပြီ....။ကောင်းကင်
တစ်မိုးအောက်မှာ ချစ်သောသူနှင့်အတူ  ရှင်သန်နေထိုင်နေရသည်ဟူသော အသိတစ်ခုတည်းသည်ပင်
သူ့ဘဝအတွက် အထီးကျန်စိတ်တို့မှ လွန်မြောက်ရာ သောင်ကျွန်းပင်တည်း....။

စိုစွတ်အေးစက်နေသော သဲသောင်ပြင်ထက်သို့ သူ ပက်လက်လှဲချလိုက်မိသည်....။သူ့မြင်ကွင်းထဲသို့
ဆုံးစမထင်သောကောင်းကင်ယံက ဝင်ရောက်လာသည်။မှိုင်းပြာရီသောကောင်းကင်ပြင်တွင် ကြယ်ပွင့်
လေးများက ဟိုတစ်စ....၊ဒီတစ်စ.....။ချစ်သောကောင်းကင်ကို သူကြည့်နေဆဲမှာပင် ဟိုးအနောက်ဘက်
ယွန်းယွန်းဆီသို့ ကြယ်ပွင့်တစ်စ ကြွေကျသွားသည်....။သူ ဘာဆုမှမတောင်းဖြစ်ပါ...။ယုံကြည်မြတ်နိုး
သောအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီးသည့်နောက် ထပ်မံတောင်းအပ်သောဆုမည်သည် မရှိနိုင်တော့....။


 ယုံကြည်စွာတည်အပ်သောချစ်ခြင်းတရားများ၌ ကာလ၊ဒေသအပိုင်းအခြားများသည်လည်းကောင်း၊
လွမ်းမောတမ်းတရသည့်အထီးကျန်ညများသည်လည်းကောင်း၊ရယူပိုင်ဆိုင်လိုသည့် ဆန္ဒရမ္မက်များ
သည်လည်းကောင်း၊အခြားတစ်စုံတစ်ရာသောဖြစ်တည်မှုများသည်လည်းကောင်း အဏုမြူမှုန်မျှပင်
ထင်ရှားခြင်းမရှိနိုင်....၊မြတ်နိုး၊ယုံကြည်ချစ်ခင်ကြသူနှစ်ဦးအတွက်တော့ အချစ်ဆိုသည်မှာဆေးမှင်ဖြူ
တစ်စက်ပင်ထင်ကျန်ခြင်းမရှိသော ပကတိကြည်ကြည်စင်စင်.........။