Sunday, August 29, 2010

ဘယ်တော့မှ မမေ့ပါဘူး

ဟိုစဉ်အချိန်တွေ တမ်းတမက်မော
ပြန်လိုချင်တယ်ခုလေ.......
ဒီကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး
အရာရာအစက ပြန်စလို့ရရင်
အရင်လိုမျှော်လင့်ချက်နဲ့.......
ရှင်သန်အားမွေးလိုက်ချင်.....
ဒီလိုမျိုးအဆုံးသတ်မှုကိုလည်း
ကြိုပြီးတော့မသိချင်
တချိန်ချိန်မှာ ခွဲရမှာပဲ
ဒီသင်္ခါရတရားကို တွေးမိတယ်
ဒါပေမယ့်လည်း စိတ်ရဲ့ဆန္ဒ
ရင်နာစရာဆို လုံးဝမတွေးချင်ဘူး
ကြေကွဲလွမ်းဆွတ်မှုများ
သေချာစဉ်းစားမိရင်
ဟိုစဉ်က အတိတ်ရဲ့အရိပ်တွေလည်း
စိတ်ထဲရောက်လာ...
ရောက်လုနီးမှ လက်ပမ်းကျသလား
ပင်လယ်ပြင်ကျယ်လောကဓံ
ပြန်မြင်ယောင်တယ် လွမ်းမျက်ရည်ကျ
ဖြူစင်တဲ့ မြင်မြတ်တဲ့ မေတ္တာတရားကို
ဘာတွေနဲ့ အစားထိုးပြီး လွမ်းမှာလည်း
ရင်မှာပူဆွေးတယ်
တကယ်ကိုပြန်ပြီးတမ်းတရင်း
စိတ်ထဲထိခိုက်တယ်
ဟိုစဉ်တုန်းကအချိန်များ
မေ့မရဘူး....လုံးဝမေ့လို့မရတော့ဘူး......

မျက်လုံးထဲက မထွက်နိုင်တော့ဘူး
စိတ်ကူးထဲက မထွက်နိုင်တော့ဘူး
အိုး.....ဆွေးမြေ့စရာပဲ......
ဘယ်လိုမှ မေ့လို့မရတော့ဘူး........
ဘယ်တော့မှ မမေ့ပါဘူး........
ဘယ်တော့မှ မမေ့ပါဘူး........



အကြောင်းတိုက်ဆိုင်လာတိုင်း....ဟိုးယခင်အချိန်တွေကို အမြဲတမ်းတမိတယ်.....။
အရာရာကို အစက ပြန်စလို့မရရင်တောင် သူ နဲ့ပတ်သက်သမျှတွေကို အစက ပြန်စချင်တယ်....။
ဒီလိုအဆုံးသတ်မှုမျိုးကို အဲဒီအချိန်တုန်းက မမျှော်လင့်ခဲ့ပါဘူး...၊ကြိုပြီးတော့လည်း မသိချင်ခဲ့ဘူး....။
ခွဲရမယ်ဆိုရင်တောင် သေကွဲ ဆိုတာကို မထင်ခဲ့မိဘူး....၊ကြီး၊ငယ် မရွေးတဲ့ သင်္ခါရသဘောကို သိခဲ့ပေမယ့်
ဘယ်လိုအတွေးမျိုးနဲ့ ထင်ရက်နိုင်မှာတဲ့လဲ.....၊

မတွေးချင်ဘူး....။မစဉ်းစားချင်ဘူး...။ရင်နာရတာတွေ...ကြေကွဲရတာတွေ....လွမ်းနေရတာတွေ......။
ဒါပေမယ့် အကြောင်းတိုက်ဆိုင်လာတိုင်း အတိတ်ရဲ့ အရိပ်တွေက စိတ်အစဉ်ကို ခြောက်လှန့်ဆဲ.....။
ဘာတွေနဲ့ အစားထိုးနိုင်မှာတဲ့လဲ....၊ဘာတွေက ဖြေသိမ့်ပေးနိုင်မှာတဲ့လဲ...၊သူ့ နေရာမှာ သူကလွဲလို့ ဘယ်သူက၊
ဘာအကြောင်းတရားတွေကမှ စိတ်ခံစားမှုကို ထပ်တူပြုနိုင်မှာ မဟုတ်ပါဘူး....။

မရနိုင်တော့ပေမယ့် ပြန်ပြီးတမ်းတမိတယ်....။တမ်းတမိတိုင်းလည်း ရင်နာရတယ်...၊စိတ်ထိခိုက်ရတယ်....။
ဟိုးယခင်အချိန်တွေကို ဘယ်လိုမေ့လို့ရမှာတဲ့လဲ.....။ဟင့်အင်း....မေ့မရခဲ့ပါဘူး...။လုံးဝမေ့လိုမရတော့ပါဘူး...။
အချိန်နဲ့အမျှ သူ့ပုံရိပ်တွေက စိုးမိုးထားတုန်းပါ...။မျက်လုံးထဲက ထွက်ကိုမထွက်ဘူး....။စိတ်ကူးတွေထဲက၊
နှလုံးသားထဲက၊အသိညဏ်ထဲက၊ ဘယ်တော့မှ မထွက်တော့ပါဘူး...။

ဘယ်လိုမှ မမေ့နိုင်တော့ပါဘူး...။
ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး....။
ဘယ်တော့မှ မမေ့ပါဘူး......။

Monday, August 23, 2010

3 in 1

လူကတော့ တစ်ကိုယ်ထဲ....၊ဒါပေမယ့် ကျင်လည်နေမိတဲ့ လောက က သုံးလောကလောက်ဖြစ်နေတယ်....။

(၁) ပစ္စုပန်လောက.....။ ။မိုးလင်းတာနဲ့အလုပ်ထဲစိတ်ရောက်သွားပြီ...။လုပ်စရာရှိတာတွေကိုလုပ်နေပြီ။
ပျော်သလားဆိုတော့မပျော်သလိုလို...။မပျော်ဘူးလားဆိုတော့လည်း....အဲလိုလဲမဟုတ်ဘူး.....။စက်ရုပ်ဆန်ဆန်
လှုပ်ရှားနေမိတာလား..ဆိုတော့လည်း....အင်း....အဲလိုလဲမဟုတ်ပြန်ဘူး...။အလုပ်ထဲမှာစိတ်ပါလက်ပါလုပ်နေတာ
ပဲ...ဘယ့်နှယ် စက်ရုပ်ဆန်ရမှာလဲ....။အားရင် တစ်ယောက်တည်း လျောက်သွားတယ်...။သူငယ်ချင်းတွေ အကူအညီတောင်းရင်၊သူတို့နဲ့ တွေ့ဖို့ရှိရင် တွေ့လိုက်တယ်။တတ်နိုင်တာဆို ကူညီလိုက်တယ်..။ဒီလိုပါပဲ......။

(၂) အတိတ်နဲ့အနာဂတ် လောက....။ ။မြန်မာပြည်မှာ နေထိုင်ကျင်လည်ခဲ့ရတဲ့ကာလတွေ၊သူငယ်ချင်းတွေနဲ့
ပျော်ခဲ့၊သောင်းကျန်းခဲ့တာတွေ၊မိဘတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ရတာတွေ၊တစ်ယောက်သောသူနဲ့ ကြည်နူးခဲ့
ရတဲ့ အချိန်လေးတွေ.....၊အဲဒီကာလတွေကို အမြဲလိုလိုပြန်တွေးမိတယ်...၊ပြီးတော့ မြန်မာပြည် ပြန်ဖြစ်ရင်....
သူငယ်ချင်းတွေနဲ့ ဘယ်လိုပွဲခံလိုက်မယ်....၊ကိုယ့်ရဲ့ တစ်ထောင့်တစ်ည စင်္ကာပူပုံပြင်တွေကို ဘယ်သို့ဘယ်ပုံ
ပြန်ပြောလိုက်မယ်...၊မိဘတွေကို တတ်နိုင်သမျှ အနီးကပ်ပြုစုမယ်...၊ပြီးတော့ အလွမ်းသည်စရာရှိတာလဲ...
သည်လိုက်မယ်ပေါ့.....။

အချိန်နဲ့အမျှ တွေးနေမိတယ်...။အတိတ်ကပြန်မရနိုင်တော့သလို၊အနာဂတ်ဆိုတာကလည်း တကယ်တော့
သေချာလှတာတော့မဟုတ်...။ဒါပေမယ့် အဲလိုတွေးနေရရင် နေပျော်တယ်...။ကိုယ့်အတွေးကမ္ဘာလေးနဲ့ကိုယ်
တိတ်တိတ်ဆိတ်ဆိတ်လေး တစ်ယောက်တည်းကမ္ဘာကိုတည်ဆောက်နေမိတယ်...။

ကာလသုံးပါးလုံးနဲ့ လွတ်ကင်းနေတဲ့၊ကာလသုံးပါးလုံးနဲ့လည်း ပတ်သက်နေတဲ့ လောက ။ ။
ညနေရေမိုးချိုး၊ထမင်းစားပြီးတာနဲ့ ကွန်ပြူတာဖွင့်၊ဂျီတော့ဖွင့်၊ဘလော့ဖွင့်၊ဖဘဖွင့်၊သီချင်းဖွင့်၊ပြောချင်တာတွေ
ပြော၊ရေးချင်တာတွေလျောက်ရေး၊လက်လှမ်းမှီသမျှလိုက်ဖတ်၊ကိုမြကြီးတို့၊ဝင်းဦးတို့မှသည် စိုင်းစိုင်းခမ်းလှိုင်
အထိ သီချင်းတွေနားထောင်၊ပျော်စရာတွေဖတ်မိတော့ပျော်လိုက်၊မောစရာဆိုတော့လည်းမောလိုက်၊၃-၄ နာရီ
အတွင်းမှာ ကိုယ်ဖတ်မိ၊ရေးမိ၊နားထောင်မိသမျှ ခံစားမှုတွေနောက် ကောက်ကောက်ပါအောင်လိုက်နေမိတယ်။

ဒီလိုနဲ့ အိပ်ရာဝင်...။အိပ်မက်ထဲမှာ သူငယ်ချင်း၊မိဘ၊ဆွေမျိုးတွေ၊စလုံးကလုပ်ဖော်ကိုင်ဖက်တွေ၊ဘလော့ဂါတွေ
အားလုံး လုံးထွေးရစ်ပတ်လို့.......။

Sunday, August 22, 2010

စီစီဖော့ရဲ့ ဒဏ္ဍာရီ.....

ဟိုးရှေးရှေးတုန်းက....စီစီဖော့ ဆိုတဲ့ လူတစ်ယောက်ဟာ အပြစ်တစ်ခုကြောင့် (ဘာအပြစ်လဲတော့မသိ၊ထင်တာ
ကတော့ ဒီမိုကရေစီ ရရှိရေးများအော်ခဲ့ပုံရတယ်....။ဤကား...စကားချပ်တည်း ) နတ်ဘုရားတွေ ရဲ့ အပြစ်ပေး
ဒဏ်ခတ်ခြင်းကိုခံယူခဲ့ရပါတယ်...။နတ်ဘုရားတွေကသူ့ကိုဘယ်လိုဒဏ်ပေးခဲ့သလဲဆိုတော့ကျောက်တုံးလုံးလုံးကြီး
တစ်ခုကို တောင်ထိပ်ပေါ် လှိမ့်တင်ခိုင်းတာပါ...။

ဒါနဲ့ စီစီဖော့လည်း တစ်နေကုန် ကျောက်တုံးကြီးကို တောင်ထိပ်ပေါ် လှိမ့်တင်တာပေါ့ခင်ဗျာ....။အဲ နေစောင်းလို့
ကျောက်တုံးကြီးကို တောင်ထိပ်ပေါ်အောင်မြင်စွာ တင်နိုင်ခဲ့ရော...၊အနှီးကျောက်တုံးကြီးလည်းတစ်ဘက်တောင်
စောင်းအတိုင်း ပြန်လိမ့်ဆင်း သွားပါရော....။ဒါနဲ့ပဲ စီစီဖော့လည်း နောက်တစ်နေ့မှာကျောက်တုံးကြီးကိုပြန်တင်ရ
ပြန်ရော...။ထုံးစံအတိုင်းတောင်ထိပ်ပေါ်ရောက်ရင်ဖြင့်ကျောက်တုံးကြီးကပြန်လိမ့်ဆင်းသွားပြန်ရော...တဲ့ခင်ဗျ...။

ဒီလိုနဲ့စီစီဖော့တစ်ယောက်ကျေက်တုံးကြီးကိုလှိမ့်တင်တဲ့အလုပ်ကိုထပ်ကာတလဲလဲလုပ်နေရင်း၊တဖြည်းဖြည်းနဲ့
“ တစ်စုံတစ်ရာကို ထပ်တလဲလဲ လုပ်နေရခြင်းရဲ့ သဘောသဘာဝ ” အဓိပ္ပါယ်ကို ကျကျနနကြီး သဘောပေါက်
လာခဲ့ပါတော့တယ်တဲ့....။အဲဒီနောက်ပိုင်းမှာတော့ စီစီဖော့တစ်ယောက် ကျောက်တုံးကြီးကိုလှိမ့်တင်ရတဲ့အလုပ်
ကို မညီးမညူ ကျေနပ်ပျော်ရွင်စွာ လုပ်နေပါတော့တယ်...တဲ့ခင်ဗျာ....။

ငယ်ငယ်က ဖတ်ခဲ့၊မှတ်ခဲ့ဘူးတဲ့ ဂရိ ဒဏ္ဍာရီလေး တစ်ပုဒ်ပါ...။ အသက်ကလေး နည်းနည်းရလာတော့ ဘဝနှင့်
ပတ်သက်ပြီး တွေးမိ။ဆင်ခြင်မိ လာပါတယ်...။နိစ္စဒူဝ လုပ်နေရတဲ့အလုပ်တွေကတစ်နေ့လာလည်းဒါ၊နောက်နေ့
ရောက်တော့လည်း ဒါတွေကိုပဲ ထပ်ကာထပ်ကာ လုပ်နေရလေတော့ ဘဝဆိုတာကြီးကို နားမလည်နိုင်အောင်
ဖြစ်လာရပါတယ်...။တစ်နေ့တစ်နေ့ သံတူပြီး ကြောင်းမကွဲတဲ့ အလုပ်တွေကို မညီးစတမ်း လုပ်နေရတာ ဘဝ တဲ့
လား....။

ဘာအတွက်ပါလဲ....။ဘဝဆိုတာ ရှင်သန်ရပ်တည်နေရုံ သက်သက်လေးလား.....။အများအတွက်၊ကိုယ့်ပတ်ဝန်း
ကျင်အတွက်၊ကမ္ဘာလောကကြီးအတွက် ကိုယ်တတ်နိုင်သမျှ ကောင်းကျိုးပြုသွားမယ် ဆိုတဲ့ (လူလည်းကြား
ကောင်းတဲ့ ) စိတ်ကလေးတော့ ထားပါတယ်...။ဒါပေမယ့် အဲဒီ အတွက်လည်း ဘဝ အပေါ်ကျေနပ်နှစ်သိမ့်တဲ့
စိတ် မပေါ်မိတာလည်း အမှန်....။လုပ်သင့်တဲ့ လုပ်ရမယ့် အလုပ်တွေလို့ပဲ ခံယူပါတယ်...။

နေ့စဉ်နှင့်အမျှ ဝမ်းသာလိုက်၊ဝမ်းနည်းလိုက်၊လုပ်စရာရှိတာလုပ်လိုက်၊အနားယူရမယ်လို့ သတ်မှတ်ထားတဲ့ရက်
တွေမှာ အနားယူလိုက်၊မလွဲမရှောင်သာတဲ့ လူမှုရေး၊ဝတ္တရားတွေကို တာဝန်ကျေပေးလိုက်၊တခါတလေ စိတ်ကို
ထွက်ပေါက်ပေးလိုက်၊ဒီလိုနဲ့  ဘဝကို မပေါ့မပါး ဖြတ်သန်းလာခဲ့ရတယ်...။(ဒီလိုဆိုတော့ ဘဝဆိုတာ ကိုယ်ဝန်
သည်ကြီးပေါ့လို့ မပြောကြေး နော်....း) )

စီစီဖော့ကတော့ ဘဝကို သဘောပေါက်သွားသလိုပဲ...။
ခုချိန်ထိတော့ ဒီသဘောတရားကို ကျွန်တော် ကောင်းစွာ နားမလည်နိုင်သေးပါဘူး....။အင်း....တဖြည်းဖြည်းနဲ့ နဲနဲတော့ သဘောပေါက်သလိုရှိလာသား...။ဒီလိုနဲ့ပဲ ဘဝမှာ ကျေနပ်အောင် နေတတ်ဖို့ ကြိုးစားရင်းဖြင့်......။

Monday, August 16, 2010

ဒကာလေး..... တဲ့

ခုတလော ကျွန်တော်မောင်လေး တစ်ယောက် အရှုပ်တွေလုပ်လို့ အလုပ်တွေရှုပ်နေပါတယ်ခင်ဗျ။ဘယ်လောက်
တောင်မှ အလုပ်များနေလဲဆို ညစာတောင်ချက်မစားဖြစ်ပဲ ဖြစ်သလို KFC လေး၊ပီဇာလေးနဲ့ပဲရောင့်ရဲတင်းတိမ်
နေရတယ်ခင်ဗျ...(ဟယ်.... တကယ်အဲလိုစားချင်လိုက်တာ...၊အမှန်ကတော့ ခေါက်ဆွဲတောင် ကြက်ဥကုန်နေလို့
ပလိန်းပြုတ်သောက်နေရတာရယ်...း))သို့ကလိုကြောင့်ဘာမှလည်းမယ်မယ်ရရမရေးဖြစ်၊သွားနေကြအိမ်တွေကို
လည်းအရင်လိုပုံမှန်မရောက်ဖြစ်ပါဘူး။

မနေ့ကမှ မဖတ်ရသေးတဲ့ စာကြွေးတွေလိုက်ဖတ်ရပါတယ်...။မေးလည်းတပတ်စာ စုပြီးစစ်ရတယ်ခင်ဗျ...။
ရောက်နေတဲ့မေးတွေထဲမှာ သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့ “သူငယ်ချင်းတစ်ယောက်ဆီကရထားတာလေး
ပါ ” ဆိုတာလေး တွေ့မိတော့ အတော်ကိုစိတ်ဝင်စားသွားပါတယ်...။ရွေပြည်ကြီးက ရေမြေ့သနင်း ကြွက်ပြေး
မင်းတရားကြီးရဲ့ ပေါက်ကရလေးဆယ်သတင်းများလေလား....၊ဒါမှမဟုတ် ထင်ရှားကျော်ကြားသူတစ်ဦးဦးရဲ့ ကို့ရို့ကားယား အတင်းများလေလား...၊ဘာပဲဖြစ်ဖြစ် ငါဟဲ့ဘလော့ဂါ.... ရေးစရာတော့ ရလေပြီဆိုပြီး စိတ်ဝင်
တစား ဖွင့်ကြည့် လိုက်လေတော့......

da kar lay ပါတဲ့ခင်ဗျား.......

(အပေါ်က လင့်ကို နှိပ်လို့ နားထောင်နိုင်ပါတယ်ခင်ဗျ...။)

ဟုတ်ကဲ့...ဘာရယ်မဟုတ်ပါဘူး....။အဲဒါလေးနားထောင်ပြီး သဘောကျတာနဲ့ ပို့စ်တင်လိုက်ပါတယ်..။
သူငယ်ချင်းကလည်း မနေနိုင်မထိုင်နိုင် ပို့လိုက်လေတော့ ကျွန်တော်လည်းသူ့ ဒကာလေး နဲ့ ဆားချက်လိုက်တာ
လို့ပြောရင်လည်း ရပါတယ်..။ကိုယ့်ဆရာတို့လည်း သဘောကျရင် ဖုန်းမှာ ringing tone ထည့်လို့ရတာပေါ့ဗျာ
(ကျွန်တော်တော့ ထည့်မထားဘူးဗျ... ဟီး... သူများကိုပဲ အချွန်နဲ့ မပါတယ်...)

နောက်ဆက်တွဲ။ ။
မနေ့ကဒီ ဒကာလေးပို့ စ်ကိုတင်ကာစတုန်းကတော့ ဒီဖိုင်လေးက ဖွင့်လို့ရတယ်ခင်ဗျ..။အဲဒီနေ့
လည်း ရောက်ရော..ဖွင့်လို့မရတော့ဘူးဗျို့..။ကျွန်တော် တင်တာ တစ်ခုခုလိုသွားတယ်ထင်ပါရဲ့...(အင်း...လွဲနေ
ကြဆိုတော့လည်း တစ်ခုခုတော့ လွဲလိုက်ရမှ နေသာထိုင်သာရှိတာကလား..း) )

ဖွင့်နားထောင်လို့မရတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာ....။ခုတော့ 4shared ဆိုတဲ့ တတိယပါတီ
file hosting ဆိုက်ကိုသုံးပြီးတော့ တင်လိုက်ပါတယ်...။ကိုယ့်ဘာသာ စမ်းကြည့်တာတော့ အဆင်ပြေနေလေရဲ့။
နောက်တော့ ဘယ့်နှယ်ဖြစ်သွားမလဲဆိုတာတော့ ပြောတတ်တော့ဘူးဗျိုး...း)

Wednesday, August 11, 2010

အိပ်မက်တွေနဲ့လူ

လွန်ခဲ့တဲ့တနင်္လာနေ့ညနေမှာ ကျွန်တော် မကြာခဏရောက်ဖြစ်တဲ့ ပင်လယ်ကမ်းခြေတစ်နေရာကို ရောက်ဖြစ်ခဲ့
ပြန်ပါတယ်....။လူနဲနဲ ရှင်းတဲ့ သဲသောင်ပြင်တစ်နေရာမှာ ထိုင်ပြီး တွေးချင်ရာတွေး၊ငေးချင်ရာငေးနေမိပါတယ်။
ပင်လယ်ဟာကျွန်တော့်အတွက်တော့ဆန့်ကျင်ဘက်ခံစားမှုတွေကိုအမြဲလိုလိုရရှိခံစားရတတ်တဲ့နေရာတစ်ခုပါ...။

မောပန်းနေတဲ့၊နာကျင်ရမှုတွေကိုခံစားနေရတတ်တဲ့ ကျွန်တော်စိတ်နဲ့ရုပ်နှစ်ခုစလုံးအတွက်မနက်ဖြန်ကိုရင်ဆိုင်
ဖို့ အားသစ်တွေရ သလို၊မိသားစုတွေ၊ချစ်ခင်ရတဲ့ အပေါင်းအသင်းတွေ၊လက်တွဲဖော်တွေ နဲ့ ပျော်ရွင်၊ကြည်နူး
နေသူတွေ ကိုတွေ့ရပြန်တော့ ဒီနိုင်ငံမှာ အမြဲလိုလို တစ်ယောက်တည်း ဖြစ်နေတတ်တဲ့ ကျွန်တော်....အထီးကျန်
ဝေဒနာကိုလည်း ခံစားမိပါရဲ့...။

ရီဝေမှုန်းမှိုင်းသွားလိုက်၊ပေါ့ပါးလန်းဆန်း လာလိုက်နဲ့ ခဏငယ်လေးတွေမှာ အရောင်ပြောင်းလဲနေတဲ့ ကျွန်တော့်
ရဲ့စိတ်တွေကို စုစည်းလို့ ကြည်လင်နေတဲ့ ကောင်းကင်ယံကိုမော့လို့ကြည့်မိတော့ လေဆိပ်ကိုဆင်းတော့မယ့်၊
ဒါမှမဟုတ် လေဆိပ်က တက်လာတဲ့ လေယာဉ်တွေကို တွေ့နေရပါတယ်....။

ဟော...ဟိုးအဝေးမှာ လေယာဉ်တစ်စင်း....လေဆိပ်ကို ဦးတည်လို့ စင်းသက်လာနေပြီ...။သူဟာ အိပ်မက်တွေကို
သယ်ပိုးလို့ ဘဝစာမျက်နှာအသစ်ကို ဖွင့်လှစ်ချင်နေတဲ့ လူငယ်လေး တစ်ဦးဦးကိုများ သယ်ဆောင်လာခဲ့လေ
သလား....။

ဟော....ဟိုးမှာတစ်စင်း...ကောင်းကင်ယံကိုထိုးတက်သွားပြီ...။သူရော....ဘဝအိပ်မက်တွေကို အကောင်အထည်
ဖော်ဖို့ တောက်ပနေတဲ့ ခြေလှမ်းတွေနဲ့ (ဒါမှမဟုတ်)ပြိုပျက်သွားတဲ့အိပ်မက်အပိုင်းအစတွေနဲ့လူငယ်လေးတစ်ဦး
ကိုများ....မိခင်ရင်ခွင်ဆီသို့ ခေါ်ဆောင်သွားခဲ့လေသလား....။

အင်း....ကျွန်တော်ကရော...ချစ်ခင်ရတဲ့သူတွေနဲ့ ပြန်ဆုံတွေ့ဖို့ အပြန်လမ်းကို လှမ်းတဲ့တစ်နေ့.....၊ကျွန်တော်နဲ့
အတူ ဘာတွေကိုသယ်ဆောင်သွားခွင့်ရှိပါမလဲ...။ အိပ်မက်ထဲမှာတောင် ခဏခဏ မက်နေမိတဲ့ အိပ်မက်တွေကို
အကောင်အထည်ဖော်ဖို့ရာ စွမ်းနိုင်သောကိုယ် အဖြစ်ရှိနေခဲ့ပါ့မလား....။

ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ရွေးချယ်စရာ အခြားလမ်းတစ်ခု မရှိ
ခဲ့ဘူးလား....။ကျွန်တော်တို့ကို ဒီလမ်းကို လျောက်ဖို့ ဘယ်လိုအခြေအနေတွေက တွန်းပို့ခဲ့ပါလိမ့်...။
အဲဒီ အခြေအနေတွေကိုဘာဖြစ်လို့များ မတွန်းလှန်နိုင်ခဲ့ရပါသလဲ...။

ကျွန်တော်တို့မက်ခဲ့တဲ့ အိပ်မက်တွေကရော....အမှန်တကယ်မက်သင့်တဲ့ အိပ်မက်စစ်တွေမှ ဟုတ်ပါရဲ့လား...။
အဲဒီ ညနေခင်းမှာ တွေးရင်း၊ငေးရင်း၊ငေးရင်း၊တွေးရင်း......ကျွန်တော်....အတွေးတွေနဲ့ခြာခြာလည်နေခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော့်အတွက် “ ညဥ့် ” မှာနက်ချေပြီ.....၊ “ လ ” ကားမထွက်သေး.....။