Tuesday, July 6, 2010

ပျေက်ဆုံးသွားတဲ့ ဖြစ်တည်မှု

ပြူတင်းပေါက်မှ ဝင်ရောက်လာတဲ့ နေခြည်နွေးနွေး ကြောင့် ကျွန်တော် ဖျတ်ခနဲ နိုးလာပါတယ်...။
နိုးနိုးခြင်း ဦးခေါင်းထဲမှာ ဗလာဟင်းလင်း၊ဘာဆိုဘာမှတွေးလို့မရ၊ကိုယ့်ဘာသာ ကိုယ် ဘယ်ရောက်လို့ ရောက်
နေမှန်းမသိသေးပါ။တဖြည်းဖြည်းချင်း စိတ်အာရုံကိုစုစည်းကြည့်မိတော့မှကိုယ့်အိပ်ယာပေါ်ကိုယ်ရောက်နေတာ
ပါလားလို့ စဉ်းစာလို့ရပါတော့တယ်...။အင်း....ဒီအတိုင်းဆို ညက ကျွန်တော် တော်တော်များသွားတယ်ထင်ပါရဲ့။
ဘယ်တုန်းကရော နည်းဖူးလို့လဲ လို့ တွေးမိရင်း ဘာသာပြုံးမိသေးတယ်။

နာရီကြည့်လိုက်တော့ နံနက်ကိုးနာရီကျော်ပြီ။ဆက်အိပ်နေချင်ပေမယ့် ရင်တွေပူပြီး၊ရေငတ်လှတာမို့၊ခုတင်
ထက်မှ ကုန်းရုန်းပြီးထလာမိတယ်..။အိမ်နောက်ဖေး မီးဖိုချောင်ကို အသာကဲကြည့်မိတော့ အမေတစ်ယောက်
ဟင်းချက်ဖို့ပြင်ဆင်နေတာတွေ့ရပါတယ်။အဖေ့ကိုတော့မမြင်မိသေး။အိမ်ရှေ့မှာ သူ့အပင်လေးတွေနှင့် အလုပ်
ရှုပ်နေတယ်ထင်ပါရဲ့...။ကျွန်တော့်အမ ကတော့ ဒီအချိန်ဆို သူ့ရုံးကို ရောက်နေလောက်ပါပြီ။

ရေအိုးစင်ရှိရာသို့ အမေ့ဘေးမှ အသာဖြတ်လျှောက်သွားပေမယ့် အမေကတော့ ကျွန်တော့်ကိုတချက်မှ
လှည့်မကြည့်ပါ။ အင်း....ဒီအတိုင်းဆို အမေ ကျွန်တော့်ကို အတော် စိတ်ဆိုးနေတယ်တူပါရဲ့...။ရေနှစ်ခွက်
ဆင့်သောက်လိုက်တော့မှ ရင်ထဲက ပူလောင်နေတာတွေ အနည်းငယ် လျော့သွားသလို ခံစားရတယ်။
“အမေ...ဘာဟင်းချက်မလို့လည်း...” လေပျော့ကလေးနဲ့ မေးလိုက်တဲ့ ကျွန်တော့်အမေး ကို အမေပြန်မဖြေခဲ့ပါ။
ကျွန်တော်မေးတာကို မကြားသယောင်ဖြင့် လှည့်ကြည့်ဖော်တောင်မရပါ။ အမေဆီမှ စကားပြန်မရလေတော့ ကျွန်တော်လည်း ယောင်တောင်ပေါင်တောင်နှင့် အိမ်ရှေ့ဧည့်ခန်းဖက်ထွက်လာခဲ့ပါတော့တယ်...။

အိမ်ရှေ့ဧည့်ခန်းစားပွဲမှာထိုင်နေရင်း အမေ့ကို စိတ်ဆိုးပြေအောင် ဘယ်လိုလုပ်ရပါ့မလဲလို့ အကြံထုတ်
နေတုန်းမှာ...အိမ်ရှေ့မှ “အမရေ...အမ...”ဆိုတဲ့ ဘေးအိမ်မှ ဒေါ်ဒေါ်ဝင်းရဲ့ ခေါ်သံကိုကြားလိုက်ရပါတယ်...။
လာပါပြီ ဒီမိန်းမကြီး...၊အိမ်ကို တနေ့နှစ်ခေါက်လောက်မှ မလာရရင်မနေနိုင်တဲ့ မိန်းမကြီး...။လူကိုတွေ့ရင်
ဟိုစပ်စု၊ဒီစပ်စု လုပ်ဦးတော့မှာပဲ...လို့ ကျွန်တော့်စိတ်ထဲမှ မနှစ်မြို့စွာတွေးလိုက်မိပါတယ်။“ လာဟေ့ အဝင်းရေ
မီးဖိုထဲကို...” အိမ်နောက်ဖေးမှ အမေ့ရဲ့ လှမ်းခေါ်သံမဆုံးခင်မှာပဲ ဒေါ်ဒေါ်ဝင်းတစ်ယောက် အိမ်ပေါ် လှမ်းတက်
လာတာ တွေ့လိုက်ရပါပြီ...။ကျွန်တော်လည်း စားပွဲပေါ်က သတင်းစာတစ်စောင်ကို ကပျာကယာဆွဲယူပြီး စာဖတ်ချင်ယောင်ဆောင်နေလိုက်ပါတယ်..။

ဒါပေမယ့် ဒီတခါတော့ ထူးထူးဆန်းဆန်း သူ ကျွန်တော့်ကို လှည့်တောင်မကြည့်ပဲ အိမ်နောက်ဖေးကို
တန်းတန်းမတ်မတ်ဝင်သွားတာတွေ့လိုက်ရပါတယ်..။ အရင်ကဆိုရင် လူကိုတွေ့တာနဲ့စကားများနေကြ၊စပ်စု
နေကြမိန်းမကြီး...၊ဒီတခါ တယ်လဲထူးဆန်းပါလား...၊ဧကန်နတော့ သူ့မှာအမေ့ကိုဖောက်သည်ချစရာသတင်းထူး
တခုတော့ပါတယ်နဲ့တူရဲ့...လို့ဘာသာစိတ်ထဲကတွေးလိုက်မိပါတယ်..။

ဒေါ်ဒေါ်ဝင်း တစ်ယောက် အိမ်နောက်ဖေးမီးဖိုချောင်ထဲ ဝင်သွားပြီးတဲ့နောက်၊အမေနှင့်စကားတွတ်ထိုး
နေတာကို ကျွန်တော် အိမ်ရှေ့မှ အတိုင်းသားကြားနေရပါတယ်...။ပထမတော့ ရောက်တတ်ရာရာတွေပါ..။
အဲ...နောက်ပိုင်းမှာတော့.......

“ အမတို့ကတော်ပါသေးတယ်အမရယ်..၊သမီးကအားကိုးနေရလို့...”
“ ဟုတ်တယ် အဝင်းရဲ့...၊ သမီးလေး တစ်ယောက်တည်း ရှိပေမယ့် အားကိုးရလို့တော်ပါသေးရဲ့၊နို့မိုဆို အဖိုးကြီး ပင်စင်လစာတခုတည်းနဲ့ဆိုအတော်ကို ကသီမှာ...”
“ဟုတ်ပ...၊အမသမီးကတော်ရှာပါတယ်...။”

ဟောဗျာ....အမေပြောနေပုံက သူ့မှာ သမီးတစ်ယောက်တည်းရှိနေတဲ့အတိုင်းပဲ....။တကယ်ဆို
ကျွန်တော်လည်း ရတဲ့လခအကုန် အမေ့ကိုအပ်နေတာပဲ...။တကယ်ဆို မောင်နှမနှစ်ယောက်စလုံးလိမ္မာကြပါ
တယ်...စသည် ဖြစ်ရမှာကို....။အခုတော့ အရက်သောက်မိတာနဲ့ပဲ သားသမီးစာရင်းထဲတောင် မသွင်းချင်တော့
ဘူးထင်ပါရဲ့...။ကျွန်တော့် စိတ်ထဲမှာ အမေ့ကို နည်းနည်းတော့ခုသွားမိပါတယ်..။ဒါပေမယ့် ကျွန်တော်ကလည်း
ကိုယ့်အပြစ်နဲ့ကိုယ် ဆိုတော့ ဘာမှဝင်မပြောပဲ အမေတို့ ပြောနေတဲ့စကားတွေကိုပဲအသာနားစွင့်နေမိပါတယ်။

“ကဲ...ထမင်း ဟင်းတွေ ကျက်ပြီ၊စားကြရအောင်...၊အကိုရေ...ထမင်းစားရအောင်..၊အဝင်းလဲ တခါတည်း
ဝင်စားသွားနော်...”
အမေရဲ့ အဖေ့ကိုထမင်းစားဖို့ လှမ်းခေါ်သံ၊ဒေါ်ဒေါ်ဝင်းကို လောကဝတ်ပြုသံ ကြားမှပဲ တမနက်လုံးဘာမှ
မစားရသေးတဲ့ ကျွန်တော် ဗိုက်ဆာလာပါတော့တယ်။အင်း..အမေစိတ်ဆိုးနေပေမယ့် ထမင်းတော့ကျွေးမှာပါလို့
စဉ်းစားရင်း ကျွန်တော်လည်း ထမင်းစားခန်းဖက် ဝင်လာခဲ့ပါတယ်။ထမင်းစားပွဲ ကိုလှမ်းကြည့်တော့ သုံးယောက်
စာပြင်ထားတာတွေ့ရပါတယ်...။ဒါဆို အခြေအနေမဆိုးဘူးလို့ တွေးမိရင်း ထမင်းစားပွဲမှာ ဝင်ထိုင်မယ်ပြင်လိုက်
တော့......
“အမရေ..ကျွန်မလည်းပြန်ဦးမှ...”
“အို...မဟုတ်တာ...ထမင်းစားပြီးမှပြန်လေ..”
“မစားတော့ပါဘူး အမရယ်.....”
“ဘယ့်နှယ်...မစားတော့ပါဘူးလဲ...ဒီမှာ ထမင်းပွဲ သုံးယောက်စာပြင်ပြီးသွားပြီ...”

အမေရဲ့ စကားသံတွေဟာ ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ..။ဒီလိုဆို ဒီထမင်းဝိုင်းက အဖေ၊
အမေနှင့်ဒေါ်ဒေါ်ဝင်းတို့သုံးယောက်စာပဲပေါ့...။ကျွန်တော့် အတွက်နေရာမရှိဘူးဆိုတဲ့ သဘောပေါ့...။

အမေ” ရှက်ရွံစိတ်၊နာကျင်စိတ်တွေနဲ့ ကျွန်တော် အမေ့ကိုအကျယ်ကြီးအော်လိုက်မိပါတယ်...။

ဒါပေမယ့် အမေရော၊ဒေါ်ဒေါ်ဝင်းပါ ကျွန်တော့်အသံကိုမကြားချင်ယောင်ဆောင်နေကြပါတယ်။

မဟုတ်ဘူး....၊မဟုတ်သေးဘူး....။သူတို့မကြားချင်ယောင်ဆောင်နေကြတာ မဟုတ်ဘူး....။
သူတို့တကယ်မကြားတာ...။သူတို့ရဲ့စိတ်ထဲမှာ၊သူတို့ရဲ့မြင်ကွင်းထဲမှာ ကျွန်တော်ဆိုတာ မရှိတော့တာ.....။
ပျေက်ဆုံးသွားခဲ့တာ...။ဘုရား...ဘုရား...ဒါဘာလဲ....ကျွန်တော်သေဆုံးသွားခဲ့ပြီလား....ဟင့်အင်း...မဟုတ်ဘူး.....၊
ဒါ ကျွန်တော်သေဆုံးသွားတာလဲမဟုတ်ဘူး...။ပျောက်ဆုံးသွားတာ....။တချိန်ကကျင်လည်ခဲ့တဲ့ အသိုင်းအဝိုင်း၊
ပတ်ဝင်းကျင်ထဲက၊ဒီကမ္ဘာလောကကြီးထဲက ကျွန်တော့် ဖြစ်တည်မှု ပျောက်ဆုံးသွားခဲ့တာပါ။

ဒါဆိုရင် ကျွန်တော်က ဘာလည်း...၊ကျွန်တော့်ရှင်သန်မှုက ဘာလည်း...၊ဒီကမ္ဘာလောကကြီးထဲမှာ
ကျွန်တော့်ရဲ့ ဖြစ်တည်မှု၊တည်ရှိနေမှု ဆိုတာ ဘာအဓိပ္ပါယ် ရှိပါသလဲ....။ကျွန်တော် ကောင်းတာတွေပဲလုပ်လုပ်၊
ဆိုးတာတွေပဲလုပ်လုပ်၊ ဘယ်သူ့ကိုမှ အကျိုးသက်ရောက်မှုမရှိတော့ဘူးပေါ့....။ဘယ်သူကမှလည်း အသိအမှတ်
မပြုကြတော့ဘူးပေါ့...။

ထိတ်လန့် တုန်လှုပ်စွာ...၊နာကျင်ကြေကွဲစွာ.... ကျွန်တော် လမ်းမပေါ်ပြေးထွက်လာမိပါတယ်...။

လမ်းမပေါ်ရောက်တော့ ကျွန်တော် သတိပြုမိလိုက်တာက......လူတွေ....၊လူတွေ......၊
ကျွန်တော့်လိုပဲ မြောက်များလှစွာသော ဖြစ်တည်မှုပျောက်ဆုံးနေတဲ့လူတွေ.....၊
အဓိပ္ပာယ်မဲ့နေတဲ့ မျက်နှာတွေနဲ့လူတွေ.....၊မှိန်ဖျော့နေတဲ့မျက်လုံးတွေနဲ့လူတွေ....၊
လမ်းမပေါ်မှာဦးတည်ရာမဲ့သွားနေကြတာ တွေ့လိုက်ရပါတော့တယ်.............။


(တခါတရံမှာ “ အကယ်၍ ကျွန်တော်သာဒီလောကထဲကပျောက်ကွယ်သွားခဲ့ရင်၊ဒီလောကထဲကို လူအဖြစ်
ရောက်မလာခဲ့ရင်...”လို့ ကျွန်တော်တွေးမိတတ်ပါတယ်။အဲဒီလိုတွေးမိတိုင်း လူ့ဘဝကိုတွယ်တာတဲ့စိတ်၊
လူအဖြစ်ရှင်သန်၊ရပ်တည်နေရတာကိုကျေနပ်မိတဲ့စိတ် ကြောင့် လောကထဲကကွယ်ပျောက်သွားမှာကို
အကြီးအကျယ် ထိပ်လန့်၊တုန်လှုပ်မိပါတယ်။အဲဒီ စိတ်၊အတွေး ခံစားမှုကိုအခြေခံပြီး
ဒီဝတ္ထုတိုလေးကိုဘာရယ်မဟုတ်ရေးမိကြောင်းပါခင်ဗျား...။)



















2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်ကောင်းတာလုပ်လို့ ဘယ်သူမှ မသိပေမဲ့ ကိုယ်တိုင်တော့ သိနေတယ်မဟုတ်ပါလား
ဒီလိုပါဘဲ.. ကိုယ်မကောင်းတာလုပ်ရင်လည်း ဘယ်သူမှမသိနိုင်ဘူးဆိုရင်တောင် ကိုယ်တိုင်တော့ သိနေသားဘဲလေ.
ဒီတော့ ငါဘာတွေများ လုပ်ခဲ့သလဲလို့ ကိုယ့်ကိုယ်ကိုပြန်မေးတဲ့အခါ
ကိုယ့်လိပ်ပြာကိုယ်သန့်နိုင်ဖို့ ဘယ်သူသိသိမသိသိ
ကောင်းတာလေးတွေအတတ်နိုင်ဆုံး လုပ်သွားနိုင်ရင်
ကိုယ့်စိတ်ကလေးတစ်ခုတော့ အနည်းဆုံး ဖြေသာရာရပါတယ်.. စိတ်ချမ်းသာရပါတယ်..
ဘ၀မှာ နောင်တတွေနဲ့ နေထိုင်သွားရတာထက်စာရင်
လိပ်ပြာသန့်သန့်နဲ့ ရှင်သန်သွားကြပါစို့....

မောင် လေး said...

ဟုတ်...အမချော..။အတတ်နိုင်ဆုံး ကိုယ်လိပ်ပြာကိုယ်သန့်အောင် ကြိုးစားနေ
ပါတယ်ခင်ဗျာ။