Thursday, July 15, 2010

ကျွန်တော် ပရလောကနှင့် ဆက်သွယ်ခဲ့ပုံ

ဟိုး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကကျွန်တော်ပရလောကလို့ခေါ်တဲ့တမလွန်လောကနဲ့ ဆက်သွယ်ခဲ့ဘူးတယ်
ခင်ဗျ။တိုက်ရိုက်တော့ မဟုတ်ဘူးပေါ့ဗျာ..။ကြားလူ တဆင့်ခံနဲ့ပေါ့...။

ကျွန်တော်တို့မြို့က အိမ်တစ်အိမ်မှာ နှစ်လတစ်ခါ၊သုံးလ တစ်ခါလောက် ဆို အိမ်ရှေ့မှာ အထပ်သား သင်ပုန်း
လေးနဲ့ ကြော်ငြာ ဆိုင်းဘုတ်လေး ထောင်ထားတတ်ပါတယ်။ဆိုင်းဘုတ်မှာ ရေးထားတာက “ အဖွားရောက်ပြီ၊
သေသူ၊ရှင်သူ မေးနိုင်သည်။တစ်ဦး ၁၀၀ ကျပ် ” တဲ့ ခင်ဗျ။အရင်က အဲဒီ ဆိုင်းဘုတ်ကို ရံဖန်ရံခါ မြင်တွေ့နေရ
ပေမယ့် နည်းနည်းထူးဆန်းတယ်လို့ ထင်မိတာကလွဲလို့ နောင်မှာ ပတ်သက်ကောင်းပတ်သက်လာနိုင်တယ်လို့
တော့ တခါမှ မတွေးခဲ့မိပါဘူး...။အဲ...ပတ်သက်လာရပုံကတော့......

လွန်ခဲ့သောဆယ်နှစ်ကျော်၊ တစ်ခုသောမိုးဦးရာသီမှာ မြောက်ဒဂုံက ကျွန်တော့် အဒေါ်တစ်ယောက်ရဲ့အိမ်မှာ နေတဲ့ ကျွန်တော့် အဘွား၊အမေ့ အမေ ဟာ ရေချိုးခန်းထဲမှာ ချော်လဲပြီး ပေါင်ကျိုးသွားပါတယ်။ပုဂ္ဂလိကဆေးရုံ
တခုမှာ တင်ပြီး ကျိုးသွားတဲ့ပေါင်ကို ပြန်ဆက်ဖို့ လုပ်နေတုန်းမှာပဲ ဆုံးသွားရှာပါတော့တယ်...။

ကျန်ရစ်သူ ကျွန်တော်တို့ ဆွေမျိုးတွေလဲ မြန်မာအသုဘ တို့ ထုံးစံအတိုင်း သုံးရက်ထား၊အသုဘချ၊ခုနှစ်ရက်
ပြည့်တော့ သပိတ်သွတ်၊အမျှဝေပေါ့ခင်ဗျာ...။အဲဒီ ခုနှစ်ရက်တာကာလ အတွင်းမှာ အဘွားနဲ့ပတ်သက်ပြီး
ဘယ်သူမှ အနံရတာတွေ၊အရိပ်မြင်ရတာတွေ၊ထူးထူးခြားခြား ကြုံတွေ့ရတာတွေ ဘာဆိုဘာမှ မရှိခဲ့ ပါဘူး။
ဒီတော့ အားလုံးက အဘွားတစ်ယောက်တော့ ကောင်းရာမွန်ရာရောက် သွားပြီ လို့ပဲ ထင်မှတ်ထားလိုက်ကြတာ
ပေါ့ခင်ဗျာ..။

တလ လောက်မှာတော့ အိမ်ကို မြောက်ဒဂုံက အဒေါ်တစ်ယောက် ပေါက်ချလာပါတယ်။ရောက်လာရတဲ့
အကြောင်းကတော့ သူ အမေ့ကို(ကျွန်တော့်အဘွားကို) အိမ်မက် မက်တဲ့ အကြောင်း၊အိမ်မက်ထဲမှာ အမေဟာ
ညှိးညှိးငယ်ငယ်နဲ့ တခုခုကို ပြောချင်နေပုံ ရတဲ့အကြောင်း၊ဘာမှတော့မပြောတဲ့ အကြောင်း၊စိတ်မကောင်းတဲ့
အကြောင်း၊မျက်ရည်လေး စမ်းစမ်း၊စမ်းစမ်း နဲ့ ပြောရှာပါတယ်..။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီရက်ပိုင်းအတွင်းမှာ အထက်ကပြောခဲ့တဲ့ သေသူ၊ရှင်သူမေးလို့ရတယ်ဆိုတဲ့ အဘွား
ကလည်း ကျွန်တော်တို့မြို့ကို ရောက်နေချိန်ဆိုတော့ အမေတို့ ညီအမနှစ်ယောက်လဲ သူတို့ အမေ ဘယ်ဘဝ
ရောက်လို့ ဘာဖြစ်နေတယ်ဆိုတာကို သွားမေးကြည့်မယ်ဖြစ်ရော...ခင်ဗျာ..။အထူးအဆန်းဆို အင်မတန်မှ
စိတ်ဝင်စားတဲ့ ကျွန်တော်ကလည်း အမေတို့နဲ့ အတူ လိုက်သွားတာပေါ့..။မသွားခင် အမေတို့ကို ဟိုရောက်ရင်
အဘွားအကြောင်းကို ကြိုပြီး ဘာမှမပြောဖို့ လူတတ်ကြီးလုပ်ပြီးမှာလိုက်သေးတယ်..။

အဲဒီအိမ်ကိုရောက်သွားတော့ ကျွန်တော်တို့အရင် ရောက်နေတဲ့ အမျိုးသမီးနှစ်ယောက်က အဝေးမှာရောက်
နေတဲ့ သူတို့နဲ့ ပတ်သက်သူ (အသက်ရှင်သူ)အကြောင်း မေးနေလို့ စောင့်နေရပါသေးတယ်။ပြောဟောနေတဲ့
အဘွားအိုကို အကဲခတ်လိုက်တော့ ကျွန်တော်တို့ တွေ့မြင်နေကြ သူလိုကိုယ်လို ဝဝပုပု သာမာန် အဘွားအို
တစ်ဦးပါပဲ။သူပြောဟောတဲ့နေရာမှာလဲ အထူးအဆန်းတွေ ပြင်ဆင်ထားတာဘာမှမရှိပါဘူး။သူက ခေါင်းရင်း
ဘက်မှာဖျာလေးခင်းပြီးထိုင်နေပါတယ်။ဘေးမှာတော့ ရေနွေးကြမ်းတအိုး၊သောက်လက်စ ပြောင်ဖူးဖက်
ဆေးလိပ်နဲ့ ဆေးလိပ်ပြာခွက်ပဲရှိပါတယ်။ခဏနေတော့ အဲဒီ အမျိုးသမီးနှစ်ယောက်လဲ စိတ်ကျေနပ်သွားပုံနဲ့
ပြုံးပြုံး၊ပြုံးပြုံးနဲ့ ပြန်သွားကြပါတယ်။

ကျွန်တော်တို အလှည့်ရောက်တော့ ဘာမေးမှာလဲ သေသူလား၊ရှင်သူလား လို့မေးတော့ သေသူမေးမှာပါပေါ့။
ပြီးတော့ သေသူရဲ့ နာမည်၊အသက်နဲ့ မြုပ်နှံရာ သုဿန်အမည် ကိုပြောပြရပါတယ်..။သူကမှတဆင့် သူမွေးထား
တဲ့ သရဲကို(သရဲ ဆိုတာက ကျွန်တော်ထင်တာကို ပြောတာပါ။ဘာလဲဆိုတာတော့ အတိအကျမသိပါ) ဘယ်သူ၊
အသက်ဘယ်လောက်၊ဘယ်သုဿန် မှာ သွားခေါ်ခဲ့ချေ လို့ ခပ်တိုးတိုး အမိန့်ပေးလိုက်ပါတယ်။

သူကသာ အမိန့်ပေးနေတာ ကျွန်တော်တို့က ဘာမှလဲမမြင်ရ၊ဘာမှလဲ မကြားရဘူးခင်ဗျ။မသိရင် သူ့ဘာသာသူ
တစ်ယောက်ထဲ စကားပြောနေပုံ သက်တောင့်သက်သာ၊အေးအေးဆေးဆေး ပြောလိုက်တာရယ်....။ကျွန်တော်
ကတော့ ဘာများမြင်ရမလဲလို့ ဟိုမော့ကြည့် ဒီမော့ကြည့်နဲ့ ဘာမှလဲ မမြင်ရပါဘူး...။သူခိုင်းလိုက်တဲ့ ငတိ(သရဲ
လို့ သုံးနှုန်းရတာ ကျောချမ်းစရာကြီးဗျနော်၊ဒီတော့ အတိအကျလည်းမသိတော့ ငတိလို့ပဲ သုံးနှုန်းလိုက်ပါတယ်)
က သွားခေါ်တာ အတော်ကြာတယ်ဗျ။

ပြန်ရောက်မလာသေးတဲ့အချိန်မှာ အဲဒီအဘွားနဲ့ ထွေရာလေးပါးပြောနေကြတာပေါ့ခင်ဗျာ။ဒါပေမယ့်သေတဲ့လူ
အကြောင်းတော့ သူကလည်းမမေး၊ကျွန်တော်တို့ကလည်း မပြောကြပါဘူး။သူပြောပြတာက သူက ပေါင်းတည်၊
ပြည် ဘက်ကဖြစ်တဲ့ အကြောင်း၊ ခြေခင်းလက်ခင်းသာတဲ့ ကာလတွေမှာ မြို့တကာ၊ရွှာတကာလည့်ပြီး သိကျွမ်း၊
ခင်မင်ရာ အိမ်တွေမှာတည်းပြီး ဒီအလုပ်ကိုလုပ်တဲ့အကြောင်း....စသည်ဖြင့်ပေါ့ခင်ဗျာ။

လေးဆယ့်ငါးမိနစ်လောက် ကြာတော့သူက ရောက်ပြီ၊မေးချင်တာ မေးလို့ရပြီ လို့ပြောပါတယ်။သူက ရောက်ပြီ ပြောလို့သာ၊ရောက်လာကြပြီမှန်း သိလိုက်ရတယ်..။ကျွန်တော်တို့ကတော့ ဘာမှမမြင်ရ၊ဘာမှမကြားရပါဘူး။
(ကြို့ပင်ကောက် က နတ်လေချွန်ကတော့ ရောက်လာပြီဆိုရင် လေချွန်သံကြားရတယ်လို့ ဆိုကြတယ်ခင်ဗျ။)

မေးလိုရပြီဆိုတော့ ကျွန်တော့အမေက အမေရေ ကျွန်မဘယ်သူပါ၊အမေနဲ့ စကားပြောချင်လို့ လာတာပါ လို့
ဆိုတော့ ကျွန်တော့်အဘွားက (နတ်ဝင်သည်အဘွား ကတဆင့်) သူသိတဲ့အကြောင်း ခေါ်ခေါ်ခြင်း ချက်ချင်း
ရောက်မလာနိုင်တာက ပေါင်ကျိုးထားတာကြောင့် မြန်မြန်ဆန်ဆန်မသွားနိုင်၊မလာနိုင်တဲ့အကြောင်း၊အခုလည်း
လာခေါ်တဲ့ သူက တွဲခေါ်လာရတဲ့အကြောင်း ပြောရှာပါတယ်...။

သူက အဲဒီလိုလဲ ပြောလိုက်ရော နဂိုကမှ ငိုချင်ရက်လက်တို့ ဖြစ်နေတဲ့ အမေတို့ညီအစ်မလည်း ငိုလိုက်တာ ဘာ
ပြောကောင်းမလဲခင်ဗျာ..။အမေတို့ညီအစ်မမှာသူတို့ငိုနေရတာနဲ့ ဘာမှ မယ်မယ်ရရမမေးရပဲ၊ကျွန်တော့်အဘွား
ကပဲ ပြန်မေးနေရရှာပါတယ်..။ဆယ်တန်းဖြေထားတဲ့ ကျွန်တော့် အစ်မ အောင်ရဲ့လားလို့လည်း မေးရှာပါတယ်။
(အဖွားမဆုံးခင်က ဆယ်တန်းအောင်စာရင်းတွေမထွက်သေးပါ၊သူဆုံးပြီးမှ အောင်စာရင်းထွက်တာဖြစ်ပါတယ်)

ကျွန်တော့်အမေနဲ့အတူပါလာတဲ့ ကျွန်တော့်အဒေါ်အမည်ကိုလည်း ပြောပြပါတယ်။ပြီးတော့ သူ့အချစ်ဆုံး၊စိတ်
မချဆုံးဖြစ်တဲ့ သူ့သမီးအငယ်ဆုံးကိုလဲ ဘာလို့လိုက်မလာတာလဲ လို့မေးပြီး၊ အကြီးတွေက စောင့်ရှောက်ကြဖို့
မှာရှာတယ်ခင်ဗျ။ဒါနဲ့ ကျွန်တော့်အမေတို့လဲ ကြည့်ကောင်းအောင်ဖြေရတာပေါ့ခင်ဗျာ..။

ဒါနဲ့ သူ့ကို အခုဘယ်မှာနေလဲ လို့မေးတော့ သူ့ကိုမြုပ်နှံရာ ရေဝေးသုဿန်မှာပဲနေရကြောင်း ၊ရက်လည်တုန်းက
အမျှဝေတာမရဘူးလား လို့မေးတော့ သုဿန်ကနေ ဘယ်သူမှ လာမခေါ်လို့ မသိလိုက်ဘူးလို့ ပြောတယ်ခင်ဗျ။
ဒီတော့ ကျွန်တော့်အမေက လာမယ့်တစ်လပြည့်မှာ အိမ်မှာ အမေ့အတွက်ရည်စူးပြီး အလှူပေးအမျှဝေပါ့မယ်၊
အမေလာခဲ့ပါလို့ ပြောတော့၊ လာခဲ့မယ် ဒါပေမယ့် အိမ်ထဲဝင်လို့ရမှာမဟုတ်တော့ ငါကဘယ်မှာနေရမှာလဲလို့
ပြန်မေးပါတယ်။ဒါနဲ့ ကျွန်တော့်အမေကလည်း ကြံမိကြံရာ အိမ်ရှေ့က မန်ကျီးပင်မှာ နေပါလားဆိုတော့၊သူပြန်
ပြောတာက ငါကပေါင်ကျိုးထားလို့သစ်ပင်မတက်နိုင်ပါဘူးတဲ့ခင်ဗျာ..။

ကျွန်တော့်အမေတို့လည်း တစ်ချီတစ်မောင်း ငိုကြပြန်ရောဗျို့။နောက်တော့ အမေက အိမ်စောင့်နတ်တွေ၊အိမ်
တွင်းနတ်တွေ(အဲဒီတုန်းက အိမ်မှာ နတ်အုန်းဆွဲထားသေးတယ်ခင်ဗျ)ကို အလှူမလုပ်ခင်ညကတည်းက အမေ့
ကိုဝင်ခွင့်ပြုဖို့ တောင်းပန်ထားပါ့မယ် အိမ်မှာ အလှူလုပ်မယ့်နေ့မှာလာနေပါလို့ ပြောတော့မှ အပေးအယူ တည့်
သွားပါတယ်။နောက် ကျွန်တော့် အဘွား မှာတာက သူ့ကို ရည်မှန်းပြီး သံဃာတော်တွေကို သင်္ကန်းလှူ ပေးဖို့ပါ။

ပြောကြဆိုကြတာအတော်လေးကြာတော့ နတ်ဝင်သည်အဖွားကပဲ ဒီလောက်ဆိုတော်သင့်ပြီလို့ ပြောပြီး သူ့ငတိ
ကို ပြန်ပို့ပေးဖို့ အမိန့်ပေးလိုက်ပါတော့တယ်....။

ဒီအဖြစ်လေးဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်သည့်တိုင် ကျွန်တော့်အတွက်တော့ ယနေ့တိုင် ပဟေဠိအဖြစ်
တည်ရှိနေဆဲပါ။သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်အဘွားဟာ ဝေမာနိကပြိတ္တာဘုံကိုရောက်သွားခဲ့လို့ ကျွန်တော်
တို့နဲ့ အဆက်အသွယ်လုပ်ခဲ့တာလား၊ဒါမှမဟုတ် နတ်ဝင်သည်အဘွားကပဲ ကျွန်တော်တို့ကို ပိပိရိရိ လှည့်စား
သွားတာလားဆိုတာကတော့ဖြင့်......။

(အဘွားဆုံးတဲ့တလပြည့်မှာ အဘွားအတွက်ရည်စူးပြီး သံဃာတော်တွေကို ကျွန်တော်တို့အိမ်မှာ အလှူပြုပေး
ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အဲဒီနတ်ဝင်သည်အဘွားကို ကျွန်တော်တို့မြို့ကိုလာတာ မတွေ့ရတော့လို့
ကျွန်တော့်အဘွား ဘာဖြစ်သွားလဲဆိုတာတော့ မမေးရတော့ပါဘူးခင်ဗျ )

13 comments:

ကိုကိုမောင် (ပန်းရနံ့) said...

ထူးဆန်းထွေလာ အံဖွယ်ရာတွေပါလား။ ပရလောကသားတွေကို မမြင်ရ မတွေ့ရပေမဲ့ တကယ်မဟုတ်ဘူးလို့ ပြောရတော့ အခက်သားဗျ။ သူ့ရိုးရာနှင့်သူနှင့်တော့ ကိုက်နေတယ်။

ဘာဘဲဖြစ်ဖြစ်ပေါ့လေ။ သေပြီးသူနှင့်စကားပြောခွင့်ရဖို့ဆိုတာ နည်းတဲ့ အခွင့်အရေးမှ မဟုတ်တာ။ ဟုတ်တာ မဟုတ်တာ အပထားပေါ့။

ကိုအောင်(ပျူနိုင်ငံ) said...

စာလာဖတ်တယ် ကိုမောင်လေးရေ၊ စိတ်ဝင်စားစရာပဲ။

blackroze said...

ဘယ်လိုပြောရမလဲ...ဒီလောကဆိုတာမရှိဘူးလို့လဲပြောလို့မရဘူး
ရှိတယ်လို့လဲပြောလို့မရဘူး...ခန့်မှန်းရတော်တော်ခက်ပါတယ်...
စိတ်ဝင်စားဖို့တော့ကောင်းပါတယ်..ကျမလဲကြုံဖူးတယ်..

မောင်မိုး said...

့မြတ်စွာဘုရားး...တစ်ခါမှတော့ မကြုံဘူးသေးဘူး..။ ဖြစ်နိုင်လောက်တယ် ထင်ပါရဲ့။

ရေသန့်  said...

နတ်ဝင်သည်အဘွားကြီးတကယ်မြင် မမြင်တော့ မပြောတတ်ဘူး
ပရလောကဆိုတာတော့ ရှိတယ်...ပြိတ္တာလို့ တော့ ဘုရားဟောတယ်

သဒ္ဓါလှိုင်း said...

ထူးဆန်းတဲ့အဖြစ်အပျက်လေးပဲနော်..။

ခင်မင်စွာ
သဒ္ဓါ

SHWE ZIN U said...

အင်း ဘယ်လိုကျော်သွားသလည်း မသိဘူး အခုမှ ဖတ်လိုက်ရတယ် စိတ်ဝင်စားဘို့ကောင်းလိုက်တာ မောင်လေး ရယ် ထူးဆန်းတာတွေ ကိုယ် မသိတာတွေ အများကြီးနော်

ngwelamin said...

အင်းကြားဖူးတယ်
မန္တလေး ညောင်ပင်လေးဈေးနားမှာလဲ အဲဒီလိုမေးလို့၇တယ်တဲ့
ခုထိရှိတုန်းဘဲ..ထူးဆန်းတယ်နော်

အင်ကြင်းသန့် said...

ကိုမောင်လေးရေ....ယုံရအခက်၊ မယုံရအခက်ပဲ။ ကျနော့်အဖွားဆုံးတုန်းကလဲ ကျနော့်အမေတွေ၊ အဒေါ်တွေ အဲဒီ နတ်လေချွန်ဆီမှာ သွားမေးဖူးကြတယ်။ ထုံးစံအတိုင်းဟိုက ၀င်လာပြီး စကားတွေပြောတော့ ငိုကြယိုကြပေါ့....လက်မခံလို့လည်းမရ၊ လက်ခံရမှာလည်း အခက်ပါပဲ။ မပြောတတ်တော့ဘူး။ ဖတ်လို့ကောင်းတယ်။ ရှိသေးရင် ရေးပါဦး။

မောင် လေး said...

လာရောက်ကြများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ..။
ဟုတ်ပါတယ်ခင်ဗျ၊ထူးတော့ထူးထူးဆန်းဆန်းပဲ..။
ခုထိကို ကျွန်တော်လည်း ယုံရခက်၊မယုံရခက်ပဲ..။
ကိုယ်တိုင်ကြုံခဲ့ရတာဆိုတော့လည်း....

ခိုင်နုငယ် said...

နတ်မေးတာတွေတော့တွေ့ဖူးတယ်..
ဗေဒင်ဒါလည်းမေးဖူးတယ်။
ဝိညာဉ်ကိုခေးမေးတာတွေတော့မတွေ့ဖူးဝူး။။
ထူးဆန်းအံ့ဖွယ်သုတပါပဲ။
မောင်လေးရေ...နောက်ကျမှရောက်တယ်။


ခင်တဲ့
ခိုင်နုငယ်

နေ၀သန် said...

အင်း.... ထူးဆန်းဖွယ်ကောင်းတယ်လို့ပဲ ဆိုပါရစေတော့...။ ဘာပြောရမှန်းကို မသိတော့လို့ပါ...။း)))


ခင်မင်တဲ့
နေ၀သန်

လသာည said...

ထူးဆန်းတယ်နော်..။ ကြားဖူးတယ် မကြုံဖူးဘူး..။ လေချွန်နတ်ဆိုတာလည်း ကြားဖူးရုံပဲ..။ ပရလောကဆိုတာ တကယ်ပဲ အံ့သြစရာနော်.