Sunday, July 11, 2010

ဘိုတဲကြီးရဲ့ဇာတ်လမ်းတစ်ပုဒ်

ကျွန်တော့်အဖေ နဲ့ အမေ ဟာ ဆောက်လုပ်ရေးဌာနကရုံးဝန်ထမ်းတွေခင်ဗျ။ဟိုတုန်းကတော့ အမြဲတန်းဝန်ထမ်း
ဆိုရင် ဝန်ထမ်းအိမ်ယာ ရပါတယ်။အရပ်အခေါ်ကတော့ လိုင်းခန်း ပေါ့ခင်ဗျာ...။ကျွန်တော် တစ်နှစ်သားအရွယ်
ကနေ အသက်နှစ်ဆယ်ကျော် တဲ့အထိ နှစ်ပေါင်းနှစ်ဆယ်ကျော်ကျော်၊ ကျွန်တော်တို့ မြို့ရဲ့ဆောက်လုပ်ရေးဝင်း ထဲက ဝန်ထမ်းလိုင်းခန်းမှာ နေခဲ့ရတာပါ။

ကျွန်တော် နေခဲ့တဲ့ အဲဒီ ဆောက်လုပ်ရေးဝင်းကြီးကို ဘိုတဲဝင်းလို့ လည်းခေါ်ကြပါတယ်...။ဆောက်လုပ်ရေးရုံးကို
လည်း ဘိုတဲရုံးကြီးလို့ပဲ အလွယ်ခေါ်ကြပါတယ်...။ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ရုံးကြီးဟာ ဟိုးတချိန်၊အင်္ဂလိပ်မင်း
များလက်ထက်က မြို့ပိုင်မင်းများ နေထိုင်ရာ၊ရုံးထိုင်ခဲ့ရာ အဆောက်အအုံကြီးဖြစ်ခဲ့လို့ပါ။အောက်ပိုင်းကတိုက်ခံ၊
အပေါ်က ကျွန်းရှာထိုးတွေကာပြီး၊အုပ်ကြွပ်နီနီမိုးထားတဲ့၊ဧရာမဆင်ဝင်ကြီးလည်းပါတဲ့ အင်္ဂလိပ်ခေတ် နှစ်ထပ်
ဘန်ဂလို အကြီးစာကြီးပေါ့ခင်ဗျ။

ဂျပန်တွေ မြန်မာပြည်ကို အုပ်စိုးထားစဉ်က အဲဒီ အဆောက်အဦး ကို ဂျပန်ကင်ပေတိုင်ရုံး အဖြစ် ဖွင့်ခဲ့တယ်လို့
သိမှီလိုက်သူတွေမှ တဆင့် မှတ်သားမိပါတယ်။

လှေကား ကလည်း အရှေ့မှာ တစ်စင်း၊အနောက်မှာ တစ်စင်း၊ပေါင်းနှစ်စင်းရှိသဗျ။အနောက်ဖက်လှေကားက
အနောက်ဖက်မှာ သီးသန့်ရှိတဲ့ ထမင်းချက်ရုံလေးနဲ့ အမိုးပါစင်္ကြလမ်းနဲ့ဆက်သွယ်ထားပါတယ်။ဟိုတုန်းကတော့
အပေါ်ထပ်ကမြို့ပိုင်မင်းကို ထမင်းဟင်းများပို့ပေးဖို့ရာ အသုံးပြုခဲ့တယ်လို့ သိခဲ့ရပါတယ်...။အဲ... ဆလရရုံးအဖြစ်
်သုံးတော့ အနောက်ဖက်လှေကားနဲ့တံခါးကို အသုံးမပြု ကြတော့ပါဘူး။သို့သော်လည်း အသေပိတ်ပစ်လိုက်တာ
တော့ မဟုတ်ဘူးခင်ဗျ။တံခါးကို အတွင်းကနေ ချက်ထိုးပြီး ရုံးဗီဒိုတွေနဲ့ ပိတ်ကာထားလိုက်ပါတယ်။

ခြံဝင်းကြီး ကလည်း အကျယ်ကြီး ဗျ။အဆောက်အဦးက ဝင်းရဲ့ အရှေ့ဖက်ထောင့်ကျကျမှာ တည်ဆောက်ထား
တော့ ရုံးရဲ့ အနောက်ဖက်တည့်တည့်မှာ မြေကွက်လပ်က တဧကလောက်ကို ကျန်နေပါသေးတယ်။
မြေကွက်လပ်ဆိုပေမယ့် ညောင်ပင်ကြီးနှစ်ပင်၊ထန်းပင်သုံးလေးပင် နဲ့ အသုံးမပြုတော့တဲ့ ကတ္တရာကြို ဘွိုင်လာ
အိုးတွေပစ်ထားတာတော့ရှိတာပေါ့ခင်ဗျာ..။

အဲဒီမြေကွက်လပ်ဟာဖြင့် ကျွန်တော်တို့ငယ်ငယ်က သေနတ်ပစ်တမ်း၊တူတူပုန်းတမ်းဆော့ကစားရာဘူမိနတ်သံ
နေရာမှန်ဖြစ်ခဲ့သလို၊ရုံးအောက်ထပ်က တိုင်လုံးတွေကတော့ ကျွန်တော်တို့ကလေးတွေ တိုင်ဦးတမ်းကစားခဲ့ရာ
အဖြစ်အသုံးတော်ခံခဲ့ရပါတယ်...။သို့သော်လည်း နေ့ခင်းမှာပဲ သွားကစားရဲကြတာပါ။ညဘက်မှာတော့ လုံးဝကို
မသွားဝံကြပါဘူး။ဘာလို့လဲဆိုတော့ ညဘက်မှာ၊အထူးသဖြင့် လကွယ်ညတွေမှာ စုန်းတွေ၊သရဲတွေ ပျော်မြူး
တောက်စားကြတဲ့အကြောင်း၊လကွယ်ည သန်းခေါင်ယံအချိန်မှာ စုန်းတောက်စားတဲ့ ထန်းသီးလောက်မီးလုံးကြီး
တွေကို ညောင်ပင်ကြီးနှစ်ပင်အကြားမှာ လူးလားခေါက်တုံ့ ပျံသန်းနေတာကိုမြင်တွေ့ရကြောင်း ယုံတမ်းပုံပြင်
တွေကို ကျွန်တော်တို့ကလေးတိုင်း ကြားဖူးထားကြတာကိုးခင်ဗျ....။

ကျွန်တော်တို့နေခဲ့တဲ့ ဝန်ထမ်းလိုင်းခန်းတွေကတော့ ရုံးကြီးရဲ့ နံဘေး ပေတရာလောက်အကွာမှာ အစီအရီ
တည်ရှိပါတယ်...။အရှေ့ဖက်မှာ အရာရှိ လုံးချင်းအိမ်တွေရှိပြီး၊ကျွန်တော်တို့နေတဲ့ သာမန်ရုံးဝန်ထမ်းများရဲ့
လိုင်းခန်းများကတော့ အနောက်ဖက်မှာ ရှိပါတယ်...။ရုံးနဲ့ ဆို ကျွန်တော်တို့ လိုင်းခန်းတွေက အနောက်ဖက် ဒါးလွယ်ခုတ် ကျတာပေါ့ခင်ဗျ။

ဟိုတုန်းကတော့ ကျွန်တော်တို့မြို့မှာ ဆလရဌာန ဆိုတာအင်မတန်မှ အလုပ်များတယ်ခင်ဗျ။ရာပေါင်းများစွာ
သော ယာယီ နေ့စား ဝန်ထမ်းတွေ၊အမြဲတမ်း ဝန်ထမ်းတွေ နှင့်အတူ လမ်းဗိုလ် လို့ အများကခေါ်တဲ့ မြို့ပြ
အင်ဂျင်နီယာတွေ၊“ဝပ်ချပ်” လို့ခေါ်တဲ့ GTI ကျောင်းဆင်းကာစ အလုပ်သင်အင်ဂျင်နီယာတွေလည်း ဆယ်ဦး
ကျော်ကျော် ရှိပါတယ်..။အများစုကတော့ ယောင်္ကျားတွေပါ။

အဲဒီ လမ်းဗိုလ်တွေက နေ့ဆို မိမိတာဝန်ကျရာ လမ်းတွေ၊ဆိုက်တွေကို လိုက်လံ စစ်ဆေး၊ ကြည့်ကြပ်ရပြီး၊
ရုံးအလုပ်တွေ ကိုတော့ ညနေဘက် ရောက်မှ လုပ်ကြရတာကိုးခင်ဗျ။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့လေ...။
ဘက်ဂျက်လတွေမှာ၊ လကုန်ကာနီးရက်တွေမှာ အရေးကြီးရင်ကြီးသလို (တခါတရံ ညဘက်တိုင်အောင် ) အိုဗာတိုင်ဆင်းကြရပါတယ်....။

၁၉၈၈ခုနှစ်မတိုင်မီ တစ်ခုသောနွေရာသီ ညတညမှာပေါ့ခင်ဗျာ.....။
မှတ်မှတ်ရရ.....အဖေက ရေဒီယို သတင်းနားထောင်နေသလို၊ကျွန်တော်တို့ မောင်နှမက ကာတွန်းစာအုပ်
တစ်ယောက်တစ်အုပ်စီနဲ့ အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်နေကြပါတယ်။အမေကတော့ အိမ်နောက်ဖေးမှာပါ။

အဲဒီအချိန်မှာပဲ ရုံးဖက်မှ ဗြုံးဗြုံးဒိုင်းဒိုင်း အသံတွေနှင့်အတူ လူတစ်ယောက် အော်ဟစ်ပြီး ကျွန်တော်တို့ အိမ်တွေ
ဖက် ပြေးလာသံကိုကြားလိုက်ရပါတော့တယ်...။ အဖေတို့လူကြီးတွေလည်း နီးရာ တုတ်၊ဒါးတွေ ဆွဲပြီးအိမ်ရှေ့
ထွက်ကြည့်ကြပါတယ်။ကျွန်တော်တို့ ကလေးတွေကတော့ လန့်ဖျပ်ြပီး အိမ်ခန်းထဲ ဝင်ပြေးတော့တာပါပဲ..။
အတော်ကြာတော့မှ ဘာဖြစ်တာလဲ ဆိုတာသိချင်စိတ်နဲ့ အိမ်ရှေ့ထွက်ကြည့်တော့မှ အဖေ့ အထက်အရာရှိ
လမ်းဗိုလ်ဦးအေးနိုင်ကို လူအုပ်ကြီးကြားမှာ ဖြူဆုတ်နေတဲ့မျက်နှာနဲ့ ဖြစ်ကြောင်းရယ်ကုန်စဉ် ဇာတ်သံနှောလို့
့ပြောနေတာကို မြင်သိ၊ကြားလိုက်ရပါတော့တယ်...။

ဖြစ်ပုံကတော့ ဒီလိုပါတဲ့ခင်ဗျာ.....။အထက်ကကျွန်တော်ပြောခဲ့သလို ဘက်ဂျက်လ(မတ်လ)ရောက်နေပြီဖြစ်လို့
လမ်းဗိုလ်ဦးအေးနိုင်နှင့် အင်ဂျင်နီယာတစုတို့ ရုံးအပေါ်တက်မှာ ညနေဘက် အိုဗာတိုင်ဆင်းကြရတယ်ခင်ဗျ...။

ခုနှစ်နာရီကျော်လောက်မှာတော့ ကျန်တဲ့သူများ ထမင်းစားပြန်သွားကြပေမယ့် အိမ်နဲနဲဝေးတဲ့ ဦးအေးနိုင်က
မပြန်သေးပဲ တယောက်တည်း ရုံးအလုပ်တွေ ထိုင်လုပ်နေတုန်း.......ဖွင့်ထားတဲ့ တံခါးမကြီးဆီမှ ချိတ်ထားတဲ့
သော့ခလောက်ကို ဆွဲလှုပ်သံကိုကြားလိုက်ရတယ်တဲ့ခင်ဗျ။(တံခါးကအပြင်ဖွင့်ဆိုတော့ တံခါးရွက်တွေကို
အထဲကမမြင်ရဘူးခင်ဗျ..။)

သူ့စိတ်ထဲမှာ တစ်ယောက်ယောက်က ဝင်လာဖို့ အသံပေးတယ်ထင်လို့ ထိုင်ရာက ထလာပြီး ကြည့်လိုက်တော့
ဘယ်သူ့၊ဘယ်သူကိုမှ မမြင်ရဘူးတဲ့....၊သူလည်းသေချာအောင် လှေကားထိပ်ကနေ အောက်ကိုတောင် ငုံ့ကြည့်
လိုက်သေးတယ်တဲ့ခင်ဗျ...။

ဘာဆိုဘာမှ မမြင်ရတာနဲ့ ပြန်အလှည့် မှာ ခုနကလိုပဲ သော့ခလောက်လှုပ်သံကိုကြားရပြန်ပါတယ်...။
ဒီတခါကြားရတာက ရုံးခန်းထဲကတဲ့ ခင်ဗျ။သူလည်း အံသြစိတ်နဲ့ ရုံးခန်းထဲ ပြန်ဝင်ကြည့်လိုက်တော့ ခုနကတင် သူထိုင်နေခဲ့တဲ့ စားပွဲနောက်က ဗီဒိုသော့ဟာ တယောက်ယောက် ကိုင်လှုပ်ခဲ့သလိုမျိုး လှုပ်တုတ်လှုပ်တုတ်
ဖြစ်နေတာ တွေ့လိုက်ရတယ်လို့ ဆိုတယ်ခင်ဗျ။သူလည်း အရမ်းကို အံသြစိတ်နဲ့ အနားကိုတိုးပြီးကြည့်လိုက်
တော့ လှုပ်နေတဲ့သော့ခလောက်ဟာ တိကနဲ ရပ်သွားပါတယ်...။အဲဒီ အချိန်ခဏလေးအတွင်းမှာ တလောက
လုံးဟာ ရုတ်တရက် တိတ်ဆိတ် သွားသလိုပါပဲတဲ့....။အဲဒီ အချိန်မှာပဲ......

......ပွင့်နေတဲ့ တံခါးမကြီးဟာ ဗြုန်းကနဲ ပိတ်သွားပါတယ်....။ဦးအေးနိုင်လည်း ချက်ချင်းဆိုသလို တံခါးမကြီးဆီ
ပြေးသွားပြီး အတင်း မရမက ဆွဲဖွင့်ပေမယ့် တံခါးကတော့ တုတ်တုတ်တောင် မလှုပ်ပါဘူးတဲ့ ခင်ဗျာ့.....
သူလည်း သရဲခြောက်နေပြီဆိုတဲ့ အသိနဲ့ တော်တော်ကို ထိတ်လန့်ခြောက်ချားသွားတယ်လို့ ပြန်ပြောပြပါတယ်။

အဲဒီ အချိန်မှာ သူ့ခေါင်းထဲ ဖျက်ကနဲ အနောက်ဖက်လှေကားရှိတယ် ဆိုတဲ့ အသိ ဝင်လာပါတယ်...။
ဒါနဲ့ ရုံးအနောက်ဖက်ထဲ ဝင်ပြေးပြီး ပိတ်ကာထားတဲ့ စာရွက်စာတမ်းအပြည့်နဲ့ ဗီဒိုကို တွန်းလှဲပြီး အနောက်ဖက်
လှေကားကနေ ဝန်ထမ်းလိုင်းခန်းတွေဖက်ကိုဆင်းပြေး လာခဲ့တာ လို့ ပြောတယ်ခင်ဗျ.....။

ဒါနဲ့ အဖေတို့ ယောင်္ကျားကြီးတွေ ရုံးပေါ်တက်ကြည့် ကြတော့ ရုံးတံခါးမကြီးကို ပွင့်လျက်သားတွေ့လိုက်ရတယ်။
ရုံးထဲမှာလည်း ဦးအေးနိုင် တွန်းလှဲထားလို့ တုံးလုံးလဲနေတဲ့ ဗီဒီုတလုံးကလွဲလို့ ကျန်တာ ဘာမှအနေအထား
မပျက်ဘူးလို့ ဆိုပါတယ်ခင်ဗျ..။

အဲဒီနေ့ကစလို့ ဘယ်သူမှ ညမှောင်သည့်တိုင်အောင် ရုံးပေါ်မှာ အလုပ်မလုပ်ရဲကြတော့ပါဘူး...။

ကျွန်တော်တို့မိသားစု နေလာခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလ အတွင်းမှာ အဲဒီ ဘိုတဲကြီးက သရဲခြောက်
တယ်လို့ နာမည်ကြီး ပင်ကြီးသော်ငြား မှတ်မှတ်ရရ ထိုတစ်ကြိမ်တစ်ခါသာ သရဲခြောက်ခံရသူကို ကြုံတွေ့ဖူး
ပါကြောင်း.......

(လွန်ခဲ့တဲ့သုံးရက်လောက်က ကိုကြီးကျောက် ရဲ့အင်္ဂလိပ်ခေတ်အရေးပိုင်အိမ်ပေါ်က ဘိုထီးဘိုမဝိညာဉ်စုံတွဲ
အကြောင်း ဖတ်လိုက်ရတော့ ကျွန်တော်လည်း လွန်လေပြီးသော နှစ်ပေါင်းနှစ်ဆယ်ကျော်က အဖြစ်လေးကို
သတိရမိတာနဲ့ သရဲအကြောင်းလေးရေးလိုက်ပါတယ်။သရဲခြောက်ခံခဲ့ရတဲ့ အန်ကယ်ဦးအေးနိုင်လည်း
လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကပဲ နိုင်ငံတာဝန်ထမ်းဆောင်ရင်းအက်ဆီဒင့်တခုဖြစ်ပြီး ကွယ်လွန်သွားရှာခဲ့ပါပြီ။
ဘိုတဲကြီး လည်း အင်္ဂလိပ်ရုံး၊ဂျပန်ကင်ပေတိုင်ရုံး၊ဆလရရုံး၊နောက်ပိုင်း မဆလ ရုံး အဖြစ် အသုံးတော်ခံခဲ့ပြီး
နောက် ယခုချိန်မှာတော့ ဂျပန်ကင်ပေတိုင်ရုံးအဖြစ်ပြန်ဖွင့်(အဲလေ ဘွာတေး ဘွာတေး ယောင်သွားလို့ ဟီး)
ပြည်၊ခိုင်၊ဖြိုး ရုံးအဖြစ် ဘဝပြောင်းးသွားခဲ့ပါပြီ)။

12 comments:

kokomaung.uk said...

အွန်လိုင်းမှာ သရဲခြောက်တာတွေ အတော်လေးများနေပါလား။ ဒါပေမဲ့ ဖတ်လို့ကောင်းနေဆဲ့။ စိတ်ဝင်စားဖို့ကောင်းနေဆဲပါဘဲ။

SHWE ZIN U said...

မောင်လေး ရေ

သရဲခြောက်တာကို ကြောက်ကြောက် နဲ့ဖတ်သွားပါတယ် ကိုယ်သာ အဲဒီနေရာ မှာ ရှိရင် အသက်ထွက်သွားမလား မသိဘူး သရဲက တံခါးပိတ် ပြိး ဘာလုပ်မလို့လည်း မသိ

မောင် လေး said...

ဟုတ်တယ် ကိုမောင်ရေ...သူများခြောက်တော့ ကျွန်တော်လဲ လိုက်ခြောက်
ကြည့်တာ(သရဲပြောတာနော်း) )

မရွေစင်ဦးရေ....အနော်လည်းပြောတတ်ပါဘူး။အန်ကယ်ဦးအေးနိုင်က
အရမ်း အရုပ်ဆိုးတယ်ခင်ဗျ။အနေအထိုင်ကလည်း အရမ်းတည်၊မျက်နှာထား
လည်း အရမ်းဆိုးလေတော့ သရဲမတော့ မဟုတ်တန်ဘူးး)

ချော(အစိမ်းရောင်လွင်ပြင်) said...

နယ်မှာတော့ ခုလို သရဲခြောက်တဲ့ အတွေ့အကြုံတွေ မကြာခန ကြားခဲ့ရဖုးတယ်
ကိုယ်တိုင်တော့ ခြောက်ခံရသေးဘူး..
ခြောက်လဲ အခြောက်မခံချင်ပါဘူးလေ..
ဒီတစ်သက်တော့ သရဲနဲ့ ဝေးဝေးနေပါရစေ..

သဒ္ဓါလှိုင်း said...

ကြောက်ကြောက်နဲ့ဖတ်သွားပါတယ်မောင်လေးရေ..။
ဒါနဲ့နောက်ထပ်ရော ခြောက်စရာရှိသေးလား..

ခင်မင်စွာ
မသဒ္ဓါ

အင်ကြင်းသန့် said...

အမလေး သူမို့လို့ ပြေးဖို့သတိရလို့တော်သေးတယ်။ ကိုယ်သာဆိုရင် အဲဒီမှာတင်မေ့လဲသွားမယ်ထင်တယ် (သတ်တိက အဲလိုကောင်းတာပါဆို)

ဒါပေမယ့် ဖတ်လို့ကောင်းတယ်။သရဲဇာတ်လမ်းရှိသေးရင် ထပ်ရေးပါဦး။

မောင် လေး said...

မချော၊မသဒ္ဓါလှိုင်း၊မအင်ကြင်းသန့် >>>ဖတ်ကောင်းတယ်ဆိုလို့ ကျေးဇူးတင်
ပါတယ်ခင်ဗျ။သရဲဇာတ်လမ်းတော့မရှိတော့ဘူး။ကျွန်တော်ကိုယ်တိုင် တမလွန်
လောကနဲ့ဆက်သွယ်ခဲ့တာတော့ရှိတယ်။ကြားခံနဲ့ပေါ့ဗျာ..။နောက်တပတ် ရေး
ဖြစ်မယ်ထင်ပါတယ်။

လသာည said...

မောင်လေး.. အဲလိုနောက်နဲ့လေ..။ အစ်မက ညနက်အထိ ကျောင်းမှာနေရတာ။ ကြောက်ပြီး လန့်ဖျားဖျားသွားရင် ဘယ်လိုလုပ်မလဲ..။
နောက်တခါ သရဲအကြောင်းပြောမယ်ဆိုရင် ခေါင်းစဉ်ကို သရဲအကြောင်းလို့ တပ်နော်။ လာမဖတ်ဘူးး)))

ခိုင်နုငယ် said...

မောင်လေးရေ..နောက်ကျမှရောက်တယ်။
သရဲအကြောင်းကြောက်ကြောက်နဲပ
ဖတ်သွားတယ်။

မောင် လေး said...

လသာည>>> လာမဖတ်မှာစိုးလို့ကို သရဲခေါင်းစဉ် မတပ်တာခင်ဗျး)
မခိုင်နုငယ်>>>အရောက်လာတာ ကျေးဇူးပါခင်ဗျာ...။

blackroze said...

မောင်လေး...
ကျမပြန်လာသွားပါတယ်...နေမကောင်းလို့ခုမှလာဖြစ်တာစိတ်မဆိုးပါနဲ့
သရဲကြောက်ပေမဲ့..သရဲအကြောင်းစိတ်ဝင်စားပါတယ်..
ကျမသာဆို..သရဲခြောက်ခံရပြီဆိုတာသိတာနဲ့
တပြိုင်နက်..တခါတည်းအသက်ပါမလားမသိဘူး
နဂိုကထဲကသွေးအားနည်းရောဂါနဲ့
တခုခုဆိုပြေးနိုင်မှာတောင်မဟုတ်ဘူး..

နေမိုးဝေ said...

တစ်ခါက ကျွန်တော်လည်း ပူတာအိုဘက်မှာ ကြုံခဲ့ဖူးတယ်။
အခုဆောက်လုပ်ရေးရုံးဝင်းဖြစ်နေပြီး လူတွေကဘိုတဲ လို့ နှုတ်ကျိုးနေတဲ့ နေရာမှာပဲပေါ့။ နဂိုထဲက သရဲ ခြောက်တယ်လို့ နာမည်ကြီးပါတယ်။ ကျွန်တော်ကတော့ တစ်ညပဲ အိပ်ခဲ့ရတာမို့ အိပ်မက်နဲ့ သိပ်မကွဲပြားခဲ့ဘူး