Thursday, July 29, 2010

ကျွန်တော်နှင့်ဆိုဆိုက် ခံစားမှု

အခုတလော အလိုလိုနေရင်း စိတ်ဓာတ်ကျနေတယ်...။ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ ကစပြီးဖြစ်တာပဲ...။
အလုပ်အကိုင်အဆင်မပြေဘူးလားဆိုတော့လည်းပြေပါတယ်...။ဖိစီးမှုတွေလည်းသိပ်မရှိပါဘူး..။ဘယ်သူ့ဆီကမှ
လည်း သတင်းဆိုးတွေလည်း မကြားရပါဘူး..။အလိုလိုနေရင်းစိတ်ဓာတ်ကသုညအောက်ယူဇနာတစ်ရာလောက်
ကို ထိုးကျသွားခဲ့ပါတယ်...။စိတ်ဓာတ်ကျတော့ ဘာဖြစ်လဲ ဆိုတော့ ဘာသာ သက်သေချင်စိတ်ပေါ်လာတာက
လွဲလို့ ဘာမှတော့ မဖြစ်ပါဘူး။

အဲဒီလို သရိုးသရီ ဖြစ်နေပါတယ်ဆိုမှ ဘယ်ဆွေ၊ဘယ်မျိုး၊ဘယ်သူငယ်ချင်းကမှ ဖုံးဆက်ဖော် မရကြဘူး...။
ကိုယ်တိုင်ကလည်း ဘယ်တော့မှ စိတ်ညစ်စရာတွေကို ကိုယ်ချစ်ခင်ရတဲ့သူတွေကို ဖွင့်ပြောလေ့မရှိခဲ့ဘူး။
ဘာသာတစ်ယောက်တည်းပဲ ကျိတ်ခံစားတာများတယ်...။ဒါပေမယ့် မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအသင်းတွေ
နဲ့ တခြားအကြောင်းတွေ ပြောဖြစ်ခဲ့ရင်၊မိဘ၊ဆွေမျိုး၊ကိုယ်ချစ်ခင်ရသူတွေနဲ့ စကားပြောရရင် သူတို့ကို ချစ်ခင်
တဲ့စိတ်တွေနဲ့ စိတ်ဖြေရာတော့ ရတာအမှန်...။

ဒီရက်ပိုင်းအတွင်း လုပ်ရတဲ့ အလုပ်ကလည်း ဟိုး PSA အဆောက်အဦး ရဲ့ လေးဆယ့်ခြောက်ထပ်၊တိုက်ကတုံး
ပေါ်တက်ပြီး ရေဒါကိရိယာတွေ တင်ပေးရတဲ့ အလုပ်ဖြစ်နေတယ်...။တိုက်ခေါင်းမိုးပေါ်က အောက်ကိုလှမ်းကြည့်
လိုက်ရင် အတွေးထဲပေါ်လာတာက “ ဒီအပေါ်ကနေ ခုန်ချလိုက်ရရင်တော့” ဆိုတာပဲ....။ နောက် ဆက်ပြီး တွေး
မိတာကတော့ အခုနေ ငါသာကိုယ့်ဘာသာ သက်သေလိုက်ရင်တော့ ကျန်ခဲ့တဲ့လူတွေတော့ ပဟေဠိ ဖြစ်ကျန်
ခဲ့မှာပဲ ဆိုတာပါ...။

မိဘတွေ ကတော့ ရင်ကျိုးရှာမှာ အမှန်၊ပြီးတော့ သူငယ်ချင်းတွေကရော...၊ဟယ်..ပြီးခဲ့တဲ့ တစ်ပတ်ကတင် ငါတို့
နဲ့ ရယ်ရယ်မောမော ပြောဆို၊နောက်ပြောင်နေသေးတာ...၊ဘာဖြစ်သွားတာပါလိမ့် လို့ အောက်မေ့ကြမှာပဲ....။
လုပ်ဖော်ကိုင်ဖက် စလုံးတွေ၊တရုပ်တွေကတော့ ဒီကောင် အကောင်းကြီး ကနေ ဘယ်လို ဖောက်သွားတာပါ
လိမ့်လို့ တွေးပြီး ပြောလို့မဆုံးဖြစ်နေမယ်ထင်ပါရဲ့...။အင်း..တစ်ယောက်သောသူကရော....၊သူဘယ်လို ထင်
မလဲ ဆိုတာကိုတော့ ကျွန်တော် မတွေးတတ်ပါ။သူ ငါ့ကို ဘဝခရီးဖော် အဖြစ် လက်မတွဲချင်လို့များလား လို့
မတွေးရင်ပဲ ကျေနပ်မိမှာပါ...။

အင်း...သူဌေးကတော့ ဒီကောင် သေတာတောင် ငါ့ကို ဒုက္ခတွေ တလှေကြီးပေးသွားပြီးမှ သေသွားတယ်...။
တော်တော်ဆိုးတဲ့ကောင်လို့ တွေးပြီး ပျစ်တောက်၊ပျစ်တောက် လုပ်နေမယ်ထင်ပါရဲ့...။အဲ.. ကျွန်တော့်ဘလော့
လေးကို မကြာခဏ လာတတ်ကြတဲ့ ဘလော့မိတ်ဆွေနည်းနည်း ကတော့ မောင်လေး တစ်ယောက် ဘာဖြစ်လို့
စာတွေ မရေးတော့တာပါလိမ့်လို့ တွေးမိကြလေမလား...။

အဲဒီလို ပေါက်ကရတွေ တွေးနေမိပေမယ့် တကယ်တမ်း ကိုယ့်ဘာသာ သက်သေဖို့ဆိုတာ လွယ်မယောင် နဲ့ ခက်
လှပါတယ်..၊ဘဝကို ချစ်တဲ့ ဘဝတဏှာက အနိုင်ယူနေသေးလေတော့ ဘာမှတော့ မလုပ်ဖြစ်သေးဘူးပေါ့လေ..။


ဒီကြားထဲ တိုက်တိုက်ဆိုင်ဆိုင် ဘလော့တွေ လည်တော့လည်း ကိုယ်လိုပဲ သက်သေချင်နေတဲ့ သူနဲ့ တွေ့နေလေ
သေးရဲ့...။အဖော်ရပြီ လို့တော့မတွေးမိခဲ့ပါ။ကိုယ်တိုင် စိတ်ဓာတ်ကျနေသည့် တိုင်အောင် အခြားလူကိုတော့
အားပေးစကား ပြောဖြစ်ခဲ့ပါတယ်...။ပြီးတော့ တလောက ကိုရီးယားမင်းသားတစ်ယောက်လည်း သက်သေသွား
တယ်လို့ ဖတ်လိုက်ရပါတယ်..။(ဒီမင်းသားအကြောင်းတော့ သိပ်စိတ်မဝင်စားမိပါဘူး၊မင်းသမီးဆိုရင်တော့
ကြားကနေ ဝင်ပြီးနှမျောနေမိမလားတော့မသိ..။ဤကား စကာချပ်။)

နောက်ထပ် တိုက်ဆိုင်တာတစ်ခုက စင်္ကာပူ လူငယ်တွေ ကြားမှာ ကိုယ့်ဘာသာ သက်သေတဲ့နှုန်း မြင့်တက်လာ
တဲ့ အကြောင်း သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်...။ပြီးခဲ့တဲ့ နှစ်က စင်္ကာပူ မှာ လူပေါင်း လေးရာ့တစ်ယောက်
သက်သေခဲ့ကြပြီး၊ နှစ်ထောင့်ရှစ်ခုနှစ်က သုံးရာခြောက်ဆယ့်လေး ယောက်နှုန်းထက် ပိုမြင့်လာခဲ့တယ် လို့ ဆို
ပါတယ်။အဲဒီ အထဲမှာ အသက် ၁၀နှစ် မှ ၂၉ နှစ် ကြားက ၉၁ ယောက် ရှိခဲ့တယ်တဲ့ခင်ဗျ။အဲဒီထဲကမှ ၇၂
ယောက်က ၁၉နှစ် နဲ့ ၂၉ နှစ်ကြားဖြစ်ပြီး၊ကျန်တဲ့ ၁၉ယောက်က ဆယ်နှစ် မှဆယ့်ကိုးနှစ်ကြား ကလေးတွေ....။

သက်သေကြရတဲ့ အကြောင်းရင်းတွေထဲက အဓိကတစ်ချက်ကတော့ မိသားစုဝင်တွေကြားက ပေါင်းသင်း
ဆက်ဆံရေးပြဿနာကြောင့် လို့ဆိုပါတယ်...။မှန်ပါတယ်ခင်ဗျ..။မိဘတွေ၊တခြားဆွေမျိုးတွေ ရဲ့ပြဿနာတွေ
ဟာ ကလေးတွေ အပေါ်အများကြီး သက်ရောက်မှုရှိပါတယ်...။မိဘတွေရဲ့ ဆိုးရွားတဲ့ အိမ်ထောင်ရေးပြဿနာ
တွေကို မခံစားနိုင်ကြတော့တာကြောင့်ရော၊ကျန်ရစ်ခဲ့မယ့် မိဘတွေကို နောင်တရစေချင်၊ခံစားမှုတစ်ခုခုကို
ပေးခဲ့ချင်တာကြောင့်ပါ သူတို့တွေ ဒီလမ်းကို ရွေးချယ်ခဲ့ကြတယ် ထင်ပါရဲ့.....။

သက်သေသူ အများစုမှာ ကျန်ရစ်ခဲ့သူတွေအပေါ် စိတ်ပိုင်းဆိုင်ရာနာကျင်မှု ကိုခံစားရစေလိုစိတ် ရှိခဲ့ကြလိမ့်
မယ်လို့ ထင်ပါတယ်...။ နောက်တစ်ခုက သူတို့သက်သေရတဲ့ လက်တလော အကြောင်းရင်း ကဘယ်လိုဘဲရှိရှိ၊
ငယ်ဘဝမှာ ခံစားခဲ့ရတဲ့ ခံစားချက်တွေက အခြေခံအကြောင်းရင်း အဖြစ်တည်ရှိနေခဲ့ပါလိမ့်မယ်....။

ဘယ်လိုပဲဖြစ်ဖြစ် သက်သေကြသူတွေမှာ အမှန်တကယ်သက်သေဖြစ်ခဲ့ကြဖို့ ကြီးမားတဲ့ တွန်းအားတစ်ရပ် ရှိခဲ့
ကြပါလိမ့်မယ်။သူတို့မှာ (အဲဒီ အချိန်မှာ သူတို့ အတွက်တော့ )လုံလောက်တဲ့ အကြောင်းပြချက်တစ်ခုခုလည်း ရှိနေခဲ့မှာပါ။ဒီလိုမှ မဟုတ်ရင်ဖြင့် ဆိုးရွားလှတဲ့ ဒီနည်းလမ်းကိုတော့ ထွက်ပေါက် အဖြစ် အသုံးပြုဖို့ဆိုတာ
အတော်ကို ခဲယဉ်းလှပါတယ်...။

အင်း....ကျွန်တော်ကရော....။ကျွန်တော့်မှာ လက်ရှိအချိန်ထိတော့ ကြီးမားတဲ့ တွန်းအားတစ်ရပ်လည်း မရှိ၊
လုံလောက်တဲ့ အကြောင်းပြချက်လည်း မရှိလေတော့ စိတ်ကူးပေါက်မိတာကလွဲလို့ ဘာမှတော့ မကြိုးပန်းမိပါဘူး
ခင်ဗျ...။ဒီနေ့တော့ ကျနေတဲ့စိတ်လည်း ပြန်တက်လာပြီဖြစ်လို့ အရင်နေ့တွေကလို လေးလံထိုင်းမှိုင်းမနေတော့
ပဲ ပုံမှန်အတိုင်း ကြည်ကြည်သာသာ ပြန်ဖြစ်နေပါပြီ...။

သို့ပေမယ့် လူ့စိတ်ဆိုတာက အခက်သားကလား...။အခုချိန်မှာ ဘယ်သို့ပင်ရှိနေပါစေ....။နောင်တစ်နေ့မှာ ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်လည်း မမှန်းဆ နိုင်ပါကြောင်း.....။

14 comments:

မောင်မျိုး said...

အင်း တရားထိုင်ကြည့်ပါလားး ဒါမှမဟုတ် ကောင်မလေးနဲ့ အပြင်လေး ဘာလေးထွက် စိတ်ပြေလက်ပျောက်ပေါ့း)

စိတ်တွေကြည်လင်းလန်းဆန်းပါစေ

လသာည said...

ဆိုဆိုက်တော့ မလုပ်ပါနဲ့...
ဒီက သရဲကြောက်တယ်ဆို ..

နောက်တာပါ..။ စိတ်ညစ်ရင် ဟာသတွေ များများဖတ်ပြီး ရယ်ပစ်လိုက်။ ဒါမှမဟုတ် အပေါ်က ပြောသလို လျှောက်လည်ပစ်လိုက်း)) ။ ဒါမှမဟုတ် အကျယ်ကြီး သီချင်းတွေ အော်ဆိုပစ်လိုက်ပါ..။

Anonymous said...

နိုင်ငံခြားမှာ ရုန်းကန်နေရတဲ့ ဘဝတူချင်း အားပေးပါရစေ။

ဒီ့ထက် ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရတုန်းကတောင် ပျော်ရွှင်ခဲ့ပါရက်နဲ့ ငွေတွေ ပိုရလာတဲ့ အခါမှ ဘာလို့ သတ်သေချင်စိတ်တွေ ပေါက်ပေါက်လာရတာလဲလို့ ကိုယ့်ကိုယ်ကိုယ်လဲ တွေးမိတယ်။ စိတ်ဖိစီးမှုတွေ များလို့ရယ်၊ နိုင်ငံရပ်ခြားမှာ မိတ်ဆွေတွေ ရှိတယ်ဆိုပေမယ့် အနည်းနဲ့အများ အထီးကျန်ကြတာရယ်ကြောင့် ဖြစ်မယ်ထင်တယ်။

အကြံပေးချင်တာကတော့ ဒါနရယ်၊ သီလရယ်၊ ဘာဝနာရယ် ဒီ၃ခုကို တတ်နိုင်သလောက် လုပ်ကြည့်ပါ။ ဘာသာရေးမဟုတ်တဲ့ တခြားထွက်ပေါက် မရှိဘူးလားဗျာလို့ ပြန်မေးရင် ကျွန်တော့်အတွက် တခြားနည်းတွေနဲ့ ထွက်ပေါက်ရှာတာ မရခဲ့ပါဘူး။ ဒီ ၃ ခုနဲ့မှ ထွက်ပေါက်ရခဲ့လို့ပါ။ အပျော်အပါး၊ အပေါင်းအသင်း၊ ခရီးထွက်ခြင်း၊ -ဒါတွေလုပ်ကြည့်တာ ရေတို ထွက်ပေါက်ပဲ ရပါတယ်။ မိတ်ဆွေကောင်း (မိသားစု၊ သူငယ်ချင်း) ရှိတာကတော့ ရေရှည် စိတ်ချမ်းသာမှုပေါ့လေ။ တစ်ခါတစ်လေကျ သူတို့လဲ ဝေးချင်ဝေးနေတတ်တယ်။

ကုသိုလ်ကောင်းမှုတွေ နေ့စဉ်ပြုပြီး ကောင်းမှုကို မိတ်ဆွေဖွဲ့ကြည့်ပါ။ ငါးပါးသီလ နေ့တိုင်း ကြိုးစားစောင့်ကြည့်ပါလား။ နောက် ခိုလေးငှက်လေးတွေ အစာကျွေးတာ၊ ဘုရားဆွမ်းကပ်တာလဲ နေ့စဉ်ဝတ်လို လုပ်ကြည့်ပါ။ မေတ္တာဘာဝနာကို နေ့နေ့ညည ပွားကြည့်ပါ။ တရားလဲ ထိုင်ကြည့်ပါ။ စိတ်ချမ်းသာလာပါလိမ့်မယ်။

မိဘကို ရှာကျွေးရင်း နိုင်ငံခြားမှာ အထီးကျန် နေရတဲ့ ကျွန်တော့်ဘဝမှာလဲ ဒါတွေနဲ့မှ စိတ်ဖြေရာ ရသွားလို့ပါ။ လက်တွေ့ကျ နိုက်ကလပ်တွေ၊ ရှော့ပင်စင်တာတွေ၊ ဘီယာနဲ့ ဝီစကီတွေဟာ ကျွန်တော်တို့အတွက် စိတ်ဖိစီးမှု ပိုများစေတာ၊ နောင်တတွေ ကျန်ခဲ့တာကလွဲရင် ရေရှည်ပီတီကို မစားရပါဘူးဗျာ။ တရားထိုင်ကြည့်စေချင်တယ်။ တရားစာအုပ်တွေလဲ ဖတ်ပါ။ စိတ်ဖြေရာ တွေ့လာပါလိမ့်မယ်။

သတ်သေချင်စိတ် ပေါ်လာရင် မေတ္တာသာ ပွားလိုက်ပါ။ စိတ်ဓာတ်ကျ အားငယ်နေရင်လဲ သူများတွေကို မေတ္တာပို့ပေးနေလိုက်ပါ။ အနည်းဆုံး ကိုယ့်လို စိတ်အားမငယ်နေပါစေနဲ့ ဆိုတာမျိုးဖြစ်ဖြစ်ပေါ့။

ကျွန်တော်လဲ ဘဝတူချင်းမို့ စာနာပါတယ်။ သေဖို့ကို တွေးမိတာ အကြိမ်မနည်းတော့ဘူး။ သူငယ်ချင်းတွေနဲ့ ပြောဆိုရယ်မောပြီး ကိုယ့်အခန်းထဲ ပြန်ရောက်ရင်တောင် အထီးကျန်စိတ်နဲ့ မျက်ရည်ကျမိတာလဲ အကြိမ်ကြိမ်ပဲ။ ဘာကို ဝမ်းနည်းမှန်းမသိ ဝမ်းနည်းနေတာလဲ ခဏခဏ။ နောက်ဆုံး တရားဓမ္မကပဲ အားကိုးရာ ထွက်ပေါက် ဖြစ်နေတယ်။

လုပ်ကြည့်ပါဗျာ။ ပျော်ရွှင်ပါစေ။

ယွန်း said...

ကိုမောင်လေးရေ..မကြံကောင်းမစည်ရာတွေ မတွေးပါနဲ့..
အဲလိုဖြစ်လာပြီဆိုရင် တရားထိုင်တာတို့  ၊စာဖတ်တာတို့ 
သူငယ်ချင်းတွေနဲ့  စကားပြောတာ ၊ သီချင်းနားထောင်တာတို့ 
ပြီးတော့ တခြား လူမှူရေးအလုပ်လေးတွေ လုပ်ကြည့်ပါလား။
ဥပမာ ဘုန်းကြီးကျောင်းမှာ ၀ိုင်းကူလုပ်ပေးတာမျိုးတို့ ပေါ့ ။
နိုင်ငံခြားမှာနေထိုင်ရတဲ့ လူတိုင်း 100မှာ 70% လောက်က ဒီလို
ဖြစ်တတ်ပါတယ်..ဆရာလုပ်တယ်လို့  မထင်ပါနဲ့နော်
ခင်မင်လို့  အကြံပေးမိတာပါ ။

ခင်တဲ့
ယွန်း

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြစ်တတ်ပါတယ်..
အထီးကျန်ခံစားမှုကြောင့်ပါဘဲ... ငွေကြေးတွေ ဘယ်လောက်ရှိနေနေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ဘဲပြည့်စုံနေပါစေ.. ကိုယ့်မိဘအသိုင်းအ၀ိုင်း၊ ကိုယ့်မြေ ကိုယ့်ရေ မဟုတ်တဲ့ စိတ်ဖိစီးမှုဟာ အတော်ကို ဆိုးဝါးပါတယ်.. ဒါတွေဟာ ကြုံရတတ်တဲ့ အနေအထားတွေပါဘဲ... လူတိုင်းဟာ ပျော်ရာမှာမနေရ၊ တော်ရာမှာသာ နေနေကြရသူတွေချည်းပါဘဲ.. ကိုယ့်မှာ ဒီလိုစိတ်ခံစားမှုမျိုးဖြစ်လာတဲ့အခါ ပြန်တွေးကြည့်ပါ.. ငါ့ဘ၀ထက်ဆိုးဝါးတဲ့သူတွေ အများကြီးပါလားဆိုတာရယ်.. ငါဟာ အသက်ရှင်ခဲ့တဲ့ အချိန်အတွင်းမှာ လောက ကောင်းကျိုးကို ဘာတွေများ လုပ်ဆောင်ခဲ့ပြီလဲ.. ငါ လူ့လောကကြီးမှာ ရောက်လာခဲ့ပြီး လောကကြီးအတွက်၊ အနည်းဆုံးတော့ ကိုယ့်မိဘဆွေမျိုး တွေအတွက် ၊ ဘာတွေများ ပြန်ပေးပြီးပြီလဲ ဘာတွေ လုပ်ပေးခဲ့ပြီလဲ ဆိုတာကို တွေးကြည့်ပါ... တကယ်လို့ ဘာမှ မလုပ်ခဲ့ရသေးဘူးဆိုရင်တော့ ကိုယ့်မှာ တာဝန်မကျေသေးတဲ့အတွက် ဒါတွေကို လုပ်ရဦးမယ်ဆိုတဲ့ စိတ်ကလေးနဲ့ ပြန်အားတင်းကြည့်ပါ...


ခင်မင်စွာ

မချော

SHWE ZIN U said...

မောင်လေး ရေ

ဘယ်လို အတွေးတွေ များတွေးနေပါလိမ့် ဆရာရယ် မလုပ်လိုက်ပါနဲ့ မိန်းမ လှလှလေးတောင် မရသေးဘဲနဲ့များ
လူတိုင်း တခါတလေ စိတ်ဓါတ်ကျတတ်ပါတယ် စိတ်ပြန်ထိမ်းရမှာပေါ့ တရားထိုင် စာဖတ် သူငယ်ချင်းတွေ ချစ်သူလေး (တွေ) နဲ့လျှောက်လည် အစား ကောင်းကောင်းစား ရွှေစင်ဦး ကတော့ စားမကောင်းရင်လည်း စိတ်ဓါတ်ကျတတ်တယ်

ကဲ မောင်လေး ရေ စိတ်ပျော်ပျော်ထားနော်

ခင်မင်တဲ့ မိတ်ဆွေတွေ အများကြီးပါ
ရွှေစင်ဦး

ခိုင်နုငယ် said...

အယ်...suicide ဆူဆိုက်ဒ်..
မကြံကောင်းမစီရာတွေ..ကိုမောင်လေးရယ်..
ရပ်ဝေးမြေခြားမှာဆိုတော့..တစ်ခါတစ်ရံတော့
စိတ်လက်မကြည်မသာဖြစ်တတ်ပါတယ်။
အဲသလိုစိတ်ပရက်ချာဖြစ်တဲ့ချိန်မှာ....ရေချိုးပြီး
တရားထိုင်ကြည့်ပါ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

မောင်လေး said...

လာရောက်အားပေးကြသူအားလုံးကို အထူးကျေးဇူး တင်ပါတယ်ခင်ဗျာ...။
အားလုံးက အကြံပေးကြသလို တရားထိုင်ဖြစ်ဖို့ ကြိုးစားနေပါတယ်...။
တရား၊ဓမ္မတွေ ဆွေးနွေး မေးမြန်းဖြစ်တဲ့ အစ်မတစ်ယောက်ကိုလည်း ကျွန်တော်
တော့ဖြင့် တရားထိုင်ကြည့်ဦးမယ်အစ်မရေ...လို့ ပြောဖြစ်တာကြာပေါ့။
အင်း...ဒါပေမယ့် ခတ်ကွင်းပြင်ရင်းက ရွှာသာကြီးရောက် ဆိုသလို ပြင်နေတုန်း
ရှိသေးတယ်..အဟီး...။ခုလောလောဆယ်တော့ ဟာသတွေနဲ့ဘဲ စိတ်ပေါ့ပါး
အောင် နေနေပါတယ်ခင်ဗျာ..။

ngwelamin said...

ကိုမောင်လေး..ဖတ်ပြီးစိတ်မကောင်းဘူး..ပျော်ပျော်နေပါဗျာ
တရားလဲထိုင်..ဟာသတွေလဲဖတ်.သူငယ်ချင်းတွေနဲ့လျောက်သွား.
နေတတ်ရင်ကျေနပ်စရာကြီးလို့ တွေးပေါ့.အားပေးစကားသိပ်မပြောတတ်ဘူး
ပျော်ရွှင်ပါစေ

blackroze said...

အထီးကျန်မှု့ကိုလူတိုင်းခံစားဖူးကြပါတယ်..
အဲလောက်ထိကြီးတော့..မတွေးထားပါနဲ့..
ကျမလဲတခါတခါစိတ်ဓါတ်အရမ်းကျဖူးတဲ့အခါတွေရှိခဲ့ဖူးပါတယ်...
အရမ်းစိတ်ညစ်လာရင်ဘုရားရှိခိုးလိုက်တယ်...ပုတီးစိပ်နေလိုက်တယ်...
အလုပ်မှာဖိအားတွေသိပ်များတဲ့အခါဆို..ပိုဖြစ်တတ်ပါတယ်..
အဲလိုအခါမျိုးဆို...ကျမငယ်ငယ်ကအကြောင်းတွေပြန်စဉ်းစား
ဓါတ်ပုံလေးတွေပြန်ထုတ်ကြည့်ပြီး...စိတ်ထဲကခံစားနေမိတာတွေကို
ကဗျာဘဲဖြစ်ဖြစ်...စာဘဲဖြစ်ဖြစ်ချရေးပြီးဖွင့်ထုတ်လိုက်တယ်..
ရင်ထဲမှာအများကြီးheavy ဖြစ်နေအောင်မထားဘူး...
တကယ်တော့..လူ့ဘဝဆိုတာအရမ်းရခဲပါတယ်...
ကျမဆိုရောဂါတဘက်နဲ့နေရတာလေ...
ဒီလိုဘဲအဆင်ပြေအောင်ကြိုးစားပြီးနေရတာဘဲလေ
စိတ်ဓါတ်မကျပါနဲ့နော်...

ခင်တဲ့........blackroze

နှင်းမိုးမိုး said...

ကိုမောင်လေး... ညီမလဲ ဖြစ်နေတယ် ခုတလော... ဆရာဝန်တောင်သွားပြရတယ်... depression ၀င်တာလိုလို... stress များသလိုလိုကြီးနော်...
စိတ်လျှော့ စိတ်ကိုလျှော့... :P
တူတူ စူစိုက်လုပ်မယ်လေ နော်... ဒီတခါအဲလိုဖြစ်ရင် ပြောမယ်နော်... ကိုမောင်ရေးးးးး

အနော် said...

အခုလို မိုးရွာနေတဲ့အချိန်မျိုးမှာ ဒီလိုမျိုးခံစားချက်တွေဟာ ပိုပြင်းထန်လာတတ်တယ်နဲ့တူပါတယ်..
တခါတလေမှာ ငါ့အတွက် ငါမရှိတော့သလို ခံစားရတယ်..
ငါက ဘာလဲ.. အသက်ရှင်နေတာ ဘာအတွက်လဲ ခန ခန စဉ်းစားဖူးတယ်.. ငါသေသွားရင်ရော.. ဒီလိုမျိုးအတွေးတွေပေါ့..
ဝရံတာမှာ ရပ်ရင်း ခုန်ချလိုက်ဖို့ စိတ်ကူးမိတဲ့အကြိမ်ရေ မနည်းဘူး.. နောက်ဆုံးတော့ အတ္တတွေကပဲ အနိုင်ရသွားတာပဲ..
ငါသေရင် ငါ့အမေ ငါ့အဖေပေါ့.. ကျန်တာကတော့ အရေးမကြီးပါဘူး.. အဖေ အမေ မျက်ရည်ကျလိမ့်မယ်.. ဒါမှမဟုတ် ဒီသတင်းများကြားရင် တခါတည်းများ ငါ့နောက်လိုက်လာမလား ဆိုတဲ့ အတွေးမျိုးကြောင့် မလုပ်ဖြစ်တာပါ.. တွယ်တာစရာမရှိတော့ရင်တော့ လုပ်ဖြစ်မယ် ထင်တာပဲ.. အခုတော့ အဲ့ဒီစိတ်တွေကို စိတ်ကုထုံးတွေ သုံးပြီး ကုနေတယ်.. နောက် ဂီတကုထုံး.. ပီးတော့ စာအုပ်တွေ ဖတ်တယ်.. နောက် ကွန်ပျူတာသုံးတဲ့အချိန်တွေကို လျှော့ပစ်လိုက်တယ်.. တရားထိုင်ဖူးတယ်.. ပုတီးစိပ်ဖူးတယ်.. ဒါပေမဲ့ ကိုယ့်စိတ်နဲ့လုံးဝအဆင်မပြေဘူး.. အဲ့တာကြောင့် မလုပ်ဖြစ်ဘူး.. ဒါပေမဲ့ မနက်တိုင်း တရားခွေဖွင့်ထားတယ်.. ဆရာတော်ဘုရားတွေရဲ့ အေးချမ်းတဲ့အသံတော်ကို နာယူတယ်.. နည်းနည်းတော့ အောင်မြင်လာနေပီ.. စိတ်တွေလဲ နည်းနည်းပေါ့ပါးလာတယ်.. နည်းနည်းပြုံးတတ်လာတဲ့သဘော :).. ဘယ်လိုနည်းတွေက ကိုယ့်စိတ်တွေကို ပြေလျော့စေမလဲဆိုတာကို နည်းမျိုးစုံသုံးပီး ရှာစေချင်တယ်.. တစ်နည်းမဟုတ် တစ်နည်း အဆင်ပြေပါစေရှင်.. ပျော်ရွှင်ပါစေ.. စိတ်ပေါ့ပါးပါစေ.. ဆုတောင်းရုံပဲ တတ်နိုင်ပါတယ်..
ခင်တဲ့
အနော်

ကိုကိုမောင် (ပန်းရနံ့) said...

အင်းး.. ကိုယ့်ကိုကိုယ် သတ်သေရင် နောင်ဘ၀မှာ ဂျပန်ငါးရာနှင့် ငါခါ ဘာဆိုလား မသိဘူးးဝ)။

မလုပ်လိုက်ပါနဲ့။ မောင်လေးရာ။ သေတွင်းမှ ရှောင်ပြေးလိုက်စမ်းပါ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Alex said...

မေတ္တာ လိုအပ်လာရင် ဒီလို ဖြစ်တတ်ကြပါတယ်။ မေတ္တာဆိုတာ သမီးရည်းစားမေတ္တာ မဟုတ်ဘူးနော်။ တစ်ပါးသူတွေဆီက မေတ္တာတရား၊ ကရုဏာ၊ ဖေးမကူညီမှု ဒါတွေ အရနည်းနေတဲ့အချိန်မှာဆို ဒီလို ဖြစ်တတ်ပါတယ်။

လူတစ်ယောက် အာဟာရ ချို့တဲ့နေတယ် ဆိုပါတော့။ ထမင်း ဝအောင် စားနေရလို့ သူအာဟာရ ချို့တဲ့လို့ ချို့တဲ့မှန်း သူ့ကိုယ်သူ မသိသူတွေ အများကြီး။ ထမင်းကို ငရုတ်သီးနဲ့ ချဉ်ဟင်းနဲ့တင် စားနေလို့ အာဟာရ မပြည့်သေးဘူးလေ။ သားငါး မစားနိုင်ရင်တောင် ပဲတို့ အသီးအရွက်စိမ်းစိမ်းစိုစိုတို့ များများ စားပေးဖို့ လိုမယ်။ ဒီလောက်ထိ တကူးတက လုပ်စားနေဖို့ ငွေရော အချိန်ရော မရှိတဲ့ အလုပ်ကြမ်းသမားတွေဆို အာဟာရ ချို့တဲ့လာတာပဲ။ ဒါဆို အရေပြားရောဂါတို့၊ မျက်စိမှုန်တာတို့၊ ဇက်ကြောတက်တာတို့ စလာမယ်။

စိတ်ဆင်းရဲတယ်၊ သတ်သေချင်တယ်ဆိုတာလဲ ဒီလိုပါပဲ။ တော်တော်များများက မေတ္တာချို့တဲ့ရာကနေ ဖြစ်ကြတာပါ။ မိဘတွေ၊ မောင်နှမတွေ မိတ်ဆွေတွေ ရှိပေမယ့် အဝေးရောက်နေမယ်၊ ဒါမှမဟုတ် ဝေးဝေးနီးနီး နားလည်မှု သိပ်မရတဲ့ အသိုင်းအဝန်း ဖြစ်နေမယ်ဆိုရင် ပိုဆိုးတတ်တယ်။

လူဟာ တစ်ခါတစ်ရံ ဒါမှမဟုတ် မကြာခဏ အထီးကျန် ဖြစ်တတ်ပါတယ်။ ရှေးအတိတ်က ကံပေါ်တည်ပြီး နည်းနည်း အထီးကျန် ဖြစ်တာနဲ့ များများ အထီးကျန် ဖြစ်တာ၊ ခဏလေး ဖြစ်တာနဲ့ ကြာကြာ ဖြစ်တာပဲ ကွာပါတယ်။

နိုင်ငံရပ်ခြားမှာ နေရတဲ့ ဘဝဆိုတာ ထုတ်မပြောချင်တဲ့ စိတ်ဖိစီးမှုတွေ အများကြီး ရှိတတ်ပါတယ်။ တရားနဲ့ အဖော်လုပ်တာတော့ အကောင်းဆုံး ဖြစ်မယ်။

မေတ္တာဘာဝနာ ပွားကြည့်ပါလား။ ဘာအကျိုးမှ မမျှော်လဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲ မေတ္တာပို့တာ လုပ်ကြည့်ပါ။ မေတ္တာငတ်တဲ့ ဝေဒနာကို မေတ္တာနဲ့ကုတာ အကောင်းဆုံးပါ။ မေတ္တာအကျိုး ပြန်ခံစားရပါလိမ့်မယ်။