Tuesday, July 20, 2010

အမှတ်ရနေတဲ့ စကားတွေ.....

ပြီးခဲ့တဲ့ ပိတ်ရက်က စာရေးချင်စိတ်ရှိတာနဲ့၊ ရေးစရာအကြောင်းအရာတွေလည်း ရှိနေတာနဲ့ ပို့စ်တပုဒ်ရေးဖို့
ကြိုးစားမိပါတယ်။ခက်တာက စာရေးချင်စိတ်သာ ရှိတယ်...၊စာရေးဖို့ ဘယ်လိုမှမုဒ်သွင်းလို့မရဘူးဖြစ်နေတယ်..။
စာလေးသုံးလေးကြောင်းလောက် ချရေးလိုက် မကြိုက်လို့ ပြန်ဖျက်လိုက်၊ပြန်ရေးလိုက်၊ ပြန်ဖျက်လိုက်နဲ့
ရေး၊ဖျက် သံသရာလည်နေပါတော့တယ်......။

ဒါနဲ့ပဲ ဘလော့တံခါးပိတ်လို့ ခပ်စောစောလေး အိပ်တော့မယ်ဆိုတော့လည်း အိပ်လို့မရပဲ ဟိုအကြောင်းတွေး၊ဒီ
အကြောင်းတွေး နဲ့ အတွေးနယ်ချဲ့နေမိပါတယ်....။အများဆုံး တွေးနေမိတာကတော့ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့
ဘဝခရီးကြောင်း အချိုးအကွေ့ တွေပါ....။အဲဒီလို ဘဝအကြောင်းစဉ်းစားမိတော့ စာရေးဆရာမ ဂျူး ရဲ့ စာတပုဒ်ထဲက စာလေးတစ်ကြောင်းကို အမှတ်ရမိပါတယ်...အဲဒီ စာကြောင်းလေးက...
“ Journey is long. Life is short. ” တဲ့ခင်ဗျ...။

အမှန်ကတော့ဒီစာလေးက ဆိုင်ကယ်ကြော်ငြာထဲက စာကြောင်းလေးပါ။သူ့ မူရင်း အပြည့်အစုံကတော့
“Journey is long. Life is short.Harley....” တဲ့...Harley-Division မော်တော်ဆိုင်ကယ် ကြော်ငြာပါ။
ဒါပေမယ့် ဒီ စာကြောင်းလေးက ဘဝ နှင့်ပတ်သက်တဲ့ အတွေးစလေးတွေ ရစေခဲ့ပါတယ်.....။

Journey is long : ရှည်လျားလှတဲ့ ခရီးမိုင်တွေ....
ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ နှစ်သုံးဆယ်ကျော် ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ် ကြီးငယ်တွေ...၊ရင်ဆိုင်ကျော်ဖြတ်
ခဲ့ရတဲ့ ပြဿနာ တွေ....အတော်များများကို ကျော်လွှား၊ဖြတ်သန်း ခဲ့ပြီးပါပြီ.....။ဒါပေမယ့် မိမိကိုယ်ကို
အတွေ့အကြုံ များသူ၊ရင့်ကျက်ပြီးသူ၊ တစ်ဦးအဖြစ် ဘယ်တုန်းကမှ မထင်မှတ်ခဲ့မိပါဘူး...။လောကဓံတရား နဲ့
ထုသားပေသား အတော်ကျနေပြီ လို့ပြောမယ်ဆို ပြောလို့ရပေမယ့်...မသေလို့ နေရဦးမယ့် လက်ကျန် ခရီးတွေ
မှာ မလွဲမသွေ ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုတွေကို စဉ်းစားမိတိုင်း ပင့်သက်ရှိုက်မော မိတာတော့ အမှန်ပါ။

ဘဝမှာ စိန်ခေါ်မှု တွေကို ရင်ဆိုင် ဖြေရှင်းရတာ စိတ်ဝင်စားစရာ၊ပျော်စရာလို့ ဆိုကြပေမယ့် စိန်ခေါ်မှု တခုနှင့်
တခု အကြား အနားယူချိန်လေးတောင်မှ လုံလုံလောက်မရလေတော့ တခါတလေ ဘွာခတ်လို့ အေးငြိမ်းရာ နေရာလေး တစ်နေရာမှာ တခဏတာ နားခိုချင်ပါသေးရဲ့...။

Life is short: သမုဒ္ဒရာရေထက် ခဏတက်သည့် ရေပွက်ပမာ တိုတောင်းလှသည့် ဘဝတာ....
အကယ်၍များ ကျွန်တော် အသက်ခုနှစ်ဆယ်ထိ မသေလို့ နေရမယ်ဆိုရင်တောင် အခုချိန်မှာ ကျွန်တော်ဟာ
ဘဝသက်တမ်း ထက်ဝက်ကျိုးချိန် ရောက်လုနီး နေပါပြီ...။ဒါပေမယ့် ဘဝမှာ ဘာတွေ ပိုင်ဆိုင်ခဲ့ပါပြီလဲ...။
ဘာတွေကို လုပ်ပြီးခဲ့ပါပြီလဲ......ဟင့်အင်း.....ဘာမှ မရှိသေး၊ဘာမှမပြီးသေးပါဘူး....။

နေစရာကိုယ်ပိုင် အိမ် မရှိသေး၊စီးစရာ ကိုယ်ပိုင်ကားမရှိသေး၊ကျန်ရှိနေတဲ့ ဘဝခရီးကို အဆင်ပြေပြေဖြတ်သန်း
နိုင်ဖို့ လုံလောက်တဲ့ အရင်းအနှီးလည်း မရှိသေး၊မိဘတွေရဲ့ ကြွေးဟောင်းကိုလည်း ကျကျနန မဆပ်နိုင်သေး၊
သေရင်ယူသွားရမယ့် ကုသိုလ်တွေလည်းများများစားစား မရှိသေး..။အဖန်တရာမက်ခဲ့တဲ့ အိမ်မက်တွေကိုလည်း
အကောင်အထည် မဖော်နိုင်သေး....။မိန်းမတစ်ယောက်ကိုလည်း တင့်တောင့်တင့်တယ် လက်မထပ်နိုင်သေး (အဲဒါက အရေးအကြီးဆုံးးD )။

တိုတောင်းလှတဲ့ ဘဝသက်တမ်းလေးနဲ့ ရင်ဆိုင် ကျော်ဖြတ်ရမယ့် လောကဓံ ခရီးရှည် ကြီးကို နှိုင်းဆကြည့်လိုက်
တော့ ဘယ်လိုမှကို မမျှလှပါ....သို့ပေမယ့် ငှက်တွေက ပျံရင်းသေ၊လူတွေလည်းကြံရင်းသေ ဆိုသလို တတ်စွမ်း
သလောက်တော့ ကြိုးစားရမှာပဲမဟုတ်ပါလားခင်ဗျာ..။

ဘဝအကြောင်းတွေးမိတော့ ကျွန်တော်နောက်ထပ် အမှတ်ရမိတဲ့ စကားလေးက မင်းခိုက်စိုးစံ ရဲ့ ဝတ္ထု တစ်ပုဒ်
ထဲက “ ဘဝဆိုတာ ဝမ်းနှုတ်ဆေး တစ်ခွက်လောက်မှ အာမခံချက်ရှိတာ မဟုတ်ဘူး ” ဆိုတဲ့ စကားလေးပါ။
ဟုတ်တယ်ခင်ဗျ..။ဝမ်းနှုတ်ဆေး ကမှ ဒီနေ့ည သောက်၊ နောက်နေ့ နံနက် ဆို အိမ်သာပြေးရမှာ ကျိန်းသေ
သေးတယ်...။

ဘဝ ဆိုတာက ဒီနေ့ အသက်ရှင်နေလို့ နောက်နေ့ မသေဘူးလို့ ဘယ်သူကများ အာမခံနိုင် ပါသလဲ..။
နေ့မြင်လို့ ညပျောက်သွားသူတွေ ၊ညမြင်လို့ နောက်နေ့ မှာ လောက ကို ကျောခိုင်းသွားသူတွေ ဒီကမ္ဘာကြီးမှာ
ထုနဲ့ဒေး ရယ်...။“ ဟယ်..မနေ့ကပဲ ရပ်စကားပြောနေသေးတာ... အခု ဆုံးပြီလား....” ဆိုတဲ့ စကားမျိုးကိုလည်း
မကြာခဏ ဆိုသလိုကြားရတတ်ပါတယ်.....။

ဒါပေမယ့်......ဘဝက ဘယ်လောက်ပဲ အာမခံချက် မရှိစေဦးတော့၊ပိုမိုကောင်းမွန်လာနိုင်တဲ့ မနက်ဖြန် ဆိုတဲ့
မျှော်လင်ချက်နဲ့ ဒီနေ့ တနေ့တာကို ကုန်ဆုံးစေရတာပါပဲ....။ဒီလိုနဲ့....ရှည်လျားလှတဲ့ ခရီးရှည် ကြီးကို အိမ်မက်
တွေ တစ်ပွေ့တပိုက်နဲ့ တနေ့ချင်း ဖြတ်သန်းလို့ မရပ်မနား သွားနေရဆဲ.....။ ဘဝ အမောတွေ ကြားထဲက
ပျားရည်ချိုချို တစ်စက်ကို လျက်ဖြစ်ဖို့ကြိုးစားနေဆဲ.....။ဒီလိုနဲ့ပဲ...........။

(ကျွန်တော် စာအုပ်တစ်အုပ်ကို ဖတ်ဖြစ်ရင် တစ်ပတ်၊နှစ်ပတ်လောက်ကြာတာနဲ့ စာအုပ်ထဲက ဇာတ်လမ်း၊
ဇာတ်ကွက်တွေ၊နာမည်တွေ ကို အလွယ်တကူ မေ့သွားလေ့ ရှိပါတယ်..။ဒါပေမယ့် တချို့ စကားလုံးတွေကို
တော့ အမြဲလိုလို အမှတ်ရနေမိပါတယ်..။မကြာခဏဆိုသလိုလည်း အဲဒီ စကားလုံးတွေကို ဘာသာ အတွေး
နယ်ချဲ့နေမိပါတယ်...။အဲဒီလိုအမှတ်ရနေတဲ့ စကားလေးတွေကို၊တွေးမိတာလေးတွေကို ဘာရယ်မဟုတ်
ချရေးကြည့်တာရယ်ပါ.......။)

5 comments:

နေ၀သန် said...

သံဝေဂများရနေပြီလားဗျ..း))))


ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

ဟော...လူပျိုကြီးကလည်း။
မိန်းမတောင်မရသေးဝူး..တစ်ရာတွေ
ပေါက်နေပါရောလား။
ဘ၀ဆိုတာ..ဖြတ်သန်းရင်း
..သေဆုံးကြရမှာကမလွဲဧကန်ပဲမဟုတ်လား။
ဖြတ်သန်းရင်းအများအတွက်မဟုတ်ခဲ့ရင်တောင်
မိသားစုအတွက်..အနည်းဆုံးတစ်စုံတစ်ယောက်အတွက်
ရပ်တည်ပေးနိုင်ခဲ့ရင်..လူဖြစ်ရကျိုးနပ်ပါတယ်ဗျာ။

အင်ကြင်းသန့် said...

မှန်တယ် ကိုမောင်လေးရေ....တစ်ခါတစ်ခါကျတော့ ဘွာခတ်ပြီး ခဏနားချင်တာမဟုတ်ဘူး။ အပြီးကိုထွက်ပြေးသွားချင်တော့တာ။ ဒါပေမယ့်လည်းမဖြစ်နိုင်သေးဘူးလေ....ဒီလိုပဲ မပြီးဆုံးနိုင်သေးတဲ့ ခရီးရှည်တွေကို ဆက်လျှောက်ရဦးမှာပဲ။

မင်းခိုက်စိုးစံရဲ့ စကားလုံးလေးကိုတော့ သဘောကျသွားပြီ။

မောင် လေး said...

ကိုနေရေ...သံဝေဂတော့ ရမိတာအမှန်.....၊သို့ပေမယ့် အဲဒီ သံဝေဂ က ဆယ့်ငါး မိနစ်ထက်တော့ ပိုမခံတာလဲ အမှန်....

ခိုင်နုငယ်ရေ....ဟုတ်ပါတယ်...မိသားစုအတွက်၊အနည်းဆုံး တစ်စုံတစ်ယောက်
အတွက် ရပ်တည်ပေးနိုင်ဖို့ ကြိုးစားနေလျက်ပါ..။သို့ပေမယ့် အဲဒီ တစ်စုံတစ်
ယောက်က အနားမှာ မရှိလေတော့...

အင်ကြင်းသန့်ရေ...အပြီးတော့မလုပ်နဲ့လေ...အပြီးတိုင်နားဖို့ကတော့ မဝံ့တာ
အမှန်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

အရေးအကြီးဆုံးတစ်ခုကို အမြန်အကောင်အထည်ဖော်နိုင်ပါစေ
ကြွေးဟောင်းတော့ ဖြေးဖြေးဆပ်ပေါ့း)
ဘ၀ဆိုတာ ဒီလိုပါဘဲ .. ကိုယ်က ဘာမှန်းမသိလိုက်ခင်မှာ အသက်တွေက ကြီးမှန်းမသိကြီးကုန်ရော
ငယ်ဘ၀ကို ဘယ်လိုကုန်လို့ ကုန်လွန်လာမှန်းမသိလိုက်သလို
ပျော်လို့တောင် မ၀လိုက်ဖူးလို့ ထင်မိတယ်..
ခုချိန်ထိလဲမပြည့်ဝသေးတဲ့ ဆန္ဒတွေအတွက် ရုန်းကန်ုနေကြရတာပေါ့..