Sunday, April 10, 2011

ဆမ်ဘာဝမ်း၊ပန်နစူလာနှင့် မြန်မာပြည်သို့ တစ်ရက်တာ.....

သင်္ကြန်နဲ့ဝေးခဲ့တာကြာပြီ...။မြန်မာပြည်မှာတုန်းကလည်း မြန်မာပြည်မှာမို့လို့၊ဒီမှာလည်း ဒီမှာမို့လို့ မလည်ဖြစ်၊
မထွက်ဖြစ်ပါဘူး...။ဘာလို့လဲမေးရင် ဘာရယ်မဟုတ်ပါ...။သင်္ကြန်နဲ့ ကျွန်တော့်ကြား ဘာပြဿနာမှမရှိ၊စိတ်ဆိုး
စရာ၊စိတ်ကောက်စရာမရှိရေးချမရှိရယ်ပါ...။ငယ်ကတော့သင်္ကြန်နဲ့ပတ်သက်တဲ့စိတ်ဒဏ်လေးနဲနဲတော့ရှိခဲ့ရဲ့....။
ဒါကလည်းခုအရွယ်မှာဘာမှမဟုတ်တော့...။

ဒီနှစ်တော့ ဘာရယ်မဟုတ်..ဆမ်ဘာဝမ်သင်္ကြန်ပွဲကိုသွားဖြစ်တယ်.....။တော်တော်စည်ပါတယ်...။ဆမ်ဘာဝမ်
အမ်အာတီမှာဆင်းပြီး အမ်အာတီရှေ့ကကားမှတ်တိုင်မှာ၈၈၂ဘတ်စ်ကားစောင့်စီးတယ်....။တစ်စီးလာတယ်....၊
မရပ်ဘူး...မြန်မာတွေအပြည့်နဲ့....၊တစ်စီးလာတယ်....၊ရပ်ပေးတယ်....တက်လို့ကိုမရဘူး...။တစ်နာရီခွဲလောက်စောင့်
ပြီးမှ မဖြစ်ချေဘူးဆိုပြီး အင်တာချိန်းကိုသွားစီးရပါတယ်....။

အမ်အာတီမှာ.....၊ဘတ်စ်မှတ်တိုင်မှာ....၊ဘတ်စ်ကားပေါ်မှာ....ဒို့ရွေမြန်မာတွေအပြည့်ပါ....။ဆမ်ဘာဝမ်ပန်းခြံ
ရောက်တော့ လူအတော်စည်နေပြီ....။ပြန်တဲ့သူတွေပြန်ပြီ...။စတုဒီသာတွေကတော့ ကျွေးလို့ကောင်းဆဲ....။
ကျွေးကြတာကလည်းအစုံ...။ဒါနမြောက်အောင်အကုန်စားလာခဲ့ပါတယ်...။ထမင်း၊လက္ဘက်ရည်၊သာကူ၊ကျောက်
ကျော၊ရေခဲမုန့်၊ကြာဇံချက်၊လက္ဘက်သုတ်၊တို့ဟူးသုတ်၊ပန်းသီး၊အအေးတွေ...:)))

အသွားမှာကားစောင့်ရသလောက်၊အပြန်လည်းထိုနည်းလည်းကောင်းပါ....။အတော်စောင့်ရတယ်....၊လာတော့
လည်း ကိုယ့်အလှည့်ရောက်ရော...လူပြည့်နေလို့ တက်မရတော့တာနဲ့ နောက်ကားစောင့်ရပြန်ရော....။
တစ်စီးရောက်လာတယ်...၊ရှေ့ပေါက်ကရော၊နောက်ပေါက်ကပါ စုပြုံတိုးတက်ကြရတယ်....။(ပုံမှန်က နောက်
ဘက်ပေါက်က အဆင်းပေါက်ပါ...။)သူများတွေတိုးတော့ ကိုယ်လည်း တိုးပြီးတက်သည်ပေါ့...၊အီးဇတ်လင့်ကဒ်
လေးထုတ်ပြီး တဂ်ရိုက်တော့ တီ...တီ...တီ...မည်ပြီး EXIT ONLY တဲ့....။ကားပေါ်ရောက်တော့ တစ်ယောက်
က အရွန်းဖောက်တယ်....ဆွဲဆရာရေ့...တဲ့...။တစ်ယောက်က တစ်ခါ...လှည်းတန်းပါလား...၊ပါရင်ရှေ့တိုးထား
နော်....တဲ့...။နောက်တစ်ယောက်က ဘာပြောသလဲဆိုတော့ ရဲစခန်းကိုသာတန်းမောင်းဗျိုး....နောက်ပေါက်က
တက်တဲ့သူတွေတစ်ယောက်မှ ကားခ ပေးတာမဟုတ်ဘူး...တဲ့...:)

ဒီလိုစကားသံတွေ၊ကားကျပ်ကျပ်ကိုတိုးစီးရတာတွေဝေးနေတာကြာပြီ...။ခုတော့မြန်မာပြည်ကို တစ်ရက်တာပြန်
ရောက်သွားသလိုပဲ...။ဟိုး...တစ်ချိန်က ဆူးလေနဲ့ မင်္ဂလာဒုံဆွဲတဲ့ ၅၁လိုင်းကားကိုတောင်သတိရမိရဲ့...၊ဟိုတုန်း
ကတော့ ၅၁လိုင်းကားကို တမေ့တမော ကျပ်ကျပ်သပ်သပ် စီးခဲ့ရပေါ့...။အဲ့တုန်းကတော့ ပျော်နေတာပါပဲ....။
အခုနေပြန်စီးရလည်းပျော်နေမှာပါပဲလေ....။ဘာပဲပြောပြော ကိုယ်နေခဲ့တဲ့ ကိုယ့်တိုင်းပြည်ကိုး။မျိုးချစ်စိတ်တွေ
ဘာတွေကိုမဆိုလိုပါဘူး...။အင်နာရှားက စကားပြောတယ်လို့ပဲ ထင်ပါရဲ့....။၅၁လိုင်းကားဆိုလို့ ငယ်ငယ်ရွယ်
ရွယ်နဲ့ အင်္ဂလာဒုံထိ ဖွန်သွား...သွား...ကြောင်တတ်တဲ့ ဟိုငတိလေးတစ်ယောက်ကိုတောင်ဖျက်ကနဲ သတိရမိ
သေး...။(ဘယ်သူလည်းဆိုတာ မောင်မျိုးနဲ့မိုးယံသိမှာ....:)))

ပန်နစူလာကို ၃နာရီကျော်လောက်ရောက်တယ်.....။အို.....တိုးလို့ကိုမပေါက်တာ....။အောက်ဆုံးထပ်မှာ စတိတ်
ရှိုးလုပ်တယ်...။ဇော်ပိုင်၊ဟေမာနေဝင်း၊လေးဇီးကလပ်က နိုင်ဇော်တို့လာတယ်....(တဲ့...)၊လူကိုမမြင်ရဘူး၊အသံ
ပဲကြားခဲ့ရတယ်...။ဒို့ရွေမြန်မာတွေ အုန်းအုန်းထနေပုံက ပန်နစူလာတစ်ခွင် ဖွေးဖွေးလှုပ်နေတာပါပဲလား....။

မြန်မာတွေဆိုတဲ့ မြန်မာသီချင်းသံကိုနားထောင်ရင်း....၊မြန်မာတွေ ပျော်မြူး၊မူး၊ကခုန်နေတာကို ကြည့်ရင်း၊
မြန်မာဘီယာဘူးလေးတစ်ဘူးကို သောက်ရင်း...၊အင်တာနေရှင်နယ်အဆင့် အပ်ဂရိတ်လုပ်ထားတဲ့ ရိုးရာသင်္ကြန်
ကို ခံစားရင်း....ဒီတစ်ရက်အဖို့တော့ ကျွန်တော့်အတွက် မြန်မာပြည်ပြန်ရောက်သွားသလိုပါပဲ....။

ကျွန်တော်ဒီနိုင်ငံကိုရောက်စက ရောက်နှင့်နေတဲ့ အသိတစ်ယောက်နဲ့ ပန်နစူလာမှာတွေ့ဖို့ချိန်းခဲ့ဖူးတယ်...။
သူက သူ...ပန်နစူလာကိုမလာချင်ဘူးတဲ့...။ဘာဖြစ်လို့လဲမေးတော့ နိုင်ငံခြားသားတွေများလို့တဲ့...(အဲ့အတိုင်းသူ
ပြောခဲ့တာပါ..၊ခုထိကျွန်တော့်နားထဲကမထွက်နိုင်သေး....)။ဟုတ်ပါတယ်...။ပန်နစူလာမှာ နိုင်ငံခြားသားတွေ
များပါတယ်...၊စင်ကာပူအနေနဲ့ကြည့်ရင် မြန်မာဆိုတာနိုင်ငံခြားသားပဲလေ...၊ခက်တာက ပြောတဲ့သူကိုယ်တိုင်
ကကို မြန်မာလူမျိုးစင်စစ်ဖြစ်နေတာရယ်....။

နောက်....၊မြန်မာတွေရှိတဲ့နေရာမှာ(တွိုင်းလက်တို့၊အမှိုက်ပုံးတို့မှာ ) အင်မတန်မှ ညစ်ပတ်တဲ့အကြောင်း၊
မြန်မာတွေစည်းကမ်းမရှိကြောင်း၊စိတ်ပျက်စရာကောင်းကြောင်း အချင့်မရဲရေးတာဖတ်ရပါတယ်...။
ပြီးရှိသေးတယ်...။မြန်မာတွေက ရှင်ပြုတုန်းက ရွေထီးဆောင်းခဲ့တာပဲပြန်ပြောင်းအောက့်မေ့ပြီး ကိုယ်ဘာသာ
အထင်ကြီးနေတာ..၊တကယ့်တကယ်မှာ သောက်သုံကျတာမဟုတ်..၊ညံ့ဖျင်းလှတဲ့မကြောင်းပြောကြ၊ရေးတတ်
ကြပါတယ်...။

စင်ကာပိုးတွေကရော...ဘယ်လောက်စည်းကမ်း၇ှိနေလို့လဲ...။fine ဆိုတာသာမရှိခဲ့ရင် ဘယ်တော့မှ fine city
ဖြစ်လာစရာအကြောင်းမရှိဘူးဆိုတာ စင်ကာပူသားတွေနဲ့လက်ပွန်းတတီးနေလာတဲ့နောက် ကျွန်တော်သိလာခဲ့
ပါတယ်...။နှစ်ပေါင်းများစွာ..ခေတ်မှီနည်းပညာတွေနဲ့ လက်ပွန်တတီးနေလာခဲ့လို့ အလေ့အကျင့်ဖြစ်နေပေမယ့်၊
မြန်မာတွေရဲ့ သင်ယူနားလည်လွယ်မှု၊ထိုးထွင်းကြံဆတတ်မှုတွေက သူတို့သိတတ်မှုတွေကို နှစ်အနည်းငယ်
အတွင်းလိုက်မှီနိုင်တယ်ဆိုတာ ကိုယ်တွေ့ပါပဲ....။

မြန်မာတွေစည်းကမ်းမရှိဘူးပဲပြောပြော၊မြန်မာတွေညစ်ပတ်တယ်ပဲပြောပြော၊မြန်မာတွေသောက်သုံးမကျဘူးပဲ
ပြောပြော၊မြန်မာတွေညံတယ်ပဲပြောပြော၊မြန်မာတွေ အပျော်အပါးမက်တယ်ပဲပြောပြော၊အို...ဘာပဲပြောပြော
ကျွန်တော်တော့ မြန်မာနိုင်ငံသားဖြစ်ရတာ ဝမ်းသာတယ်...။ပျော်ပါတယ်...။အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားထက်
သန်ရေးတို့၊မျိုးချစ်စိတ်တို့ဆိုတဲ့ ခပ်ညံညံပေါ်လစီဆန်ဆန် ဝမ်းသာတာ၊ပျော်တာမဟုတ်ပါဘူး...။ကျွန်တော့်
အသွေးအသားထဲကကို မြန်မာဖြစ်ရတာ ပျော်နေတာပါ...။

ဘာပဲပြောပြော မြန်မာတွေပျော်တဲ့ သင်္ကြန်ဆိုတာရှိတယ်...။သင်္ကြန်မှာပျော်တဲ့ မြန်မာတွေရှိတယ်....။မြန်မာ
တစ်ယောက်ဖြစ်တဲ့ ကျွန်တော်လည်း သင်္ကြန်မှာစီးမျော....ပျော်ဝင်ခဲ့ပါတယ်......။ပြီး...မြင်ရတာ စိတ်ကို ချမ်းမြေ့
စေတာတစ်ခုက ပန်နစူလာဘေး၊ဖူနမ်ဘက်ခြမ်းမှာရှိတဲ့ ပိတောက်ပင်လေးကသင်္ကြန်မှာသစ္စာရှိရှိပိတောက်ပန်း
တွေပွင့်နေတာပါ....။

(ဒါ့ပုံတွေရိုက်လာတယ်...၊ကံဆိုးစွာနဲ့ အင်တာနက်ကွန်နက်ရှင်က နှေးကွေးလေးလံနေလို့ ဒါ့ပုံများတင်မရပါ...။
နောက်နေ့မှကြိုးးစားကြည့်ပါဦးမည်....၊အထူးသဖြင့် ပိတောက်ပန်းပုံကိုပေါ့လေ...)၊ဒီနေ့အဖို့ရာမှာတော့ သည်းခံ
လော့ ပိတ်သတ်ကြီးရေ....:))))

15 comments:

ငွေလမင်း said...

ဟုတ်တယ် ငွေလမင်းလဲ ရောက်တယ်
မနှစ်ကလဲ ရောက်တယ် ဒီနှစ်တော်တော်စည်တယ်
အလာတုန်းက ဘက်စ် စောင့်တာကြာလို့ တက်စီ နဲလာရတယ်
အပြန်တော့ကံကောင်းပြီး သူငယ်ချင်းတွေ ကားကြုံနဲ့လိုက်ပြန်၇တယ် ကားစောင့်ရရင် ကြာမှာ စီးတီးဟော ကိုလဲရောက်လိုက်သေးတယ် တော်တော်စည်တယ် မတိုးနိုင်တာနဲ့ ပြန်ခဲ့တာ
မြန်မာတွေ တော်တော်များတယ် မြန်မာပြည်ပြန်ေ၇ာက်သွားသလိုပါဘဲ


အပေါ်ကွန်မန့်လေးဖျက်ပေးပါအုန်း နာမည်ပါလို့

ညီလင်းသစ် said...

မြန်မာပြည် ပြင်ပမှာ ရှိပေမယ့် မြန်မာပြည်လို ခံစားခွင့်ရတာ ကံကောင်းတာ ပေါ့..၊ အစားအသောက်၊ ဘတ်စ်ကားက အစ နောက်ပြောင်၊ တိုးဝှေ့နေတယ် ဆိုတော့ ပျော်စရာကြီးနေမှာပဲ..။

ခနွဲ said...

မြန်မာ ဖြစ်ရတာကိုက ပျော်တာပါ။ စင်ကာပူတွေ fine များ မရှိလို့ကတော့ တို့ထက်ပိုဆိုးသေး။

စော(အဝါရောင်မြေ) said...

ကျတော့အဖို့ တော့ အရက်မသောက်တတ်လို့ လား မသိဘူး။ :P
သင်္ကြန်က ချစ်စရာကောင်းပါတယ်။ အိမ်မှာဆို ရင်တောင် အဓိပ္ပါယ် ပိုရှိမလား မသိဘူး။

နေ၀သန် said...

စင်ဘာဝမ်းသင်္ကြန်တော့မရောက်ဖူးသေးဘူး... ဒီနှစ် စီးတီးဟောနားမှာ ရှိုးမရှိတော့ဘူးလား...

ခင်မင်လျက်
နေ၀ဿန်

ညိမ်းနိုင် said...

ငွေလမင်း>>>တွေ့လိုက်တယ်...တွေ့လိုက်တယ်...၊လက်တစ်ဘက်က ရေခဲမုန့်ကိုင်၊တစ်ဘက် လက်ဘက်သုတ်ပန်းကန်ကိုင်လို့....:)))))

ကိုညီလင်းသစ်>>>ဟုတ်တယ်အစ်ကို......၊ပျော်စရာကောင်းတယ်...။ရှိရှိသမျှမြန်မာတွေ လာစုမိသလိုဖြစ်သွားတာကိုး...။

ခနွဲ>>>ရင်ဘက်ချင်းထပ်တူကြတဲ့အတွက် ဝမ်းသာပါတယ်...။

စော>>>အဲ...ကျွန်တော်တို့အတွက်တော့ ဘီယာလေးနဲနဲတော့ချထားမှ
ပိုပျော်စရာကောင်းသလားလို့....:))))

နေဝဿန်>>>ရှိုးပွဲရှိတယ်ဗျ...။ပန်နစူလာအောက်ထပ်မှာကို လုပ်တာ...။
လူမတိုးနိုင်လို့ မကြည့်ခဲ့ရပါဘူးဗျာ....။

Maung Myo said...

မျိုးချစ်စိတ်ဓာတ်တွေ နိုးကြားစေတဲ့ပို့စ်လေးပဲ ဟိဟိ ဘာမှလည်းမဆိုဘူး ဒီကမြန်မာတွေကတော့ ကော့ပန်းကြတယ်ဗျ ဓာတ်တိုင်လေးတွေ့ရင်တောင် ကော့တတ်တဲ့ မြန်မာတွေပေါ့း) ဒါမယ့် ကျနော်လည်း မြန်မာဖြစ်ရတာ ဂုဏ်ယူပါတယ် ။ တစ်ခုပဲ ဖွန်ကြောင်တဲ့သူ့ကို ဘယ်နှယ့် မောင်မျိုး သိ ရမှာတုန်း ။

An Asian Tour Operator said...

စင်ကြားပူး မှာ တော့ရွှေ တွေ တပြုံတမနဲ့ ပျော်စရာကြီး ရှိမှာ။ ဘုန်းမောင့် တယောက် တည်းမှာ သာ.. :'(

ကိုထွဋ် said...

၁၄ ရက်နေ့ကြရင် ဖနွမ်ပင်မှာ သွားကဲမယ်

ပျော်စရာကြီးနေမှာပါဗျာ... စင်ကာပူမှာ..

ငွေလမင်း said...

"ရေလာလောင်းပါတယ် ဗွမ်း ..ဗွမ်း..ဗွမ်း...."
ဆမ်ဘာဝမ်းမှာ ကြာဇံဟင်းတပွဲ အုန်းနိုခေါက်ဆွဲတပွဲ အအေးတဗူး ဘဲသောက်ခဲ့ပါတယ် လက်ဖက်သုပ်ကမကြိုက်လို့မစားခဲတာ ရေခဲချောင်းကစားချင်တယ် ဘယ်မှာပေးမှန်းမသိလို့ မစားခဲ့ရဘူး :):)

အဖြူရောင်နတ်သမီး said...

ရေလာလောင်းတာဗျို့...
((((ဗွမ်း)))))

မိုးခါး said...

အဲ့နေ့က ပျော်ဖို့ ကောင်းတယ် .. အသားလဲ မဲတယ် :P

ဖိုးကြယ် said...

ဘလော့ခွင့်စေ့လို့ ပြန်လာပြီ ကိုမောင်လေးရေ :P သင်္ကြန် မှာ ပင်လယ်ကမ်းစပ်တစ်ခုသွားပြီး စိတ်ပေါက်ပေါက်နဲ့ ထိုင်နေလိုက်တာ မှတ်ကရော :P

ခင်တဲ့(ဖိုးကြယ်)

သူကြီးမင်း (တုံးဖလား) said...

မောင်လေးရာ..
ဖတ်ရင်းနဲ့ ကိုယ်တိုင် လိုင်းကား တိုးစီးရသလိုလိုဖြစ်ပြီး အသက်ရှူရ ကြပ်သွားရော။ ဟာ ဟ။ အဲဒီလို မစီးရတာ ကြာရောပေါ့။ ရွှေမြန်မာ ခဏအလည်သွားတဲ့အခါ တိုးစီးဦးမှ။း))))

ပြည်ပက မြန်မာ့သင်္ကြန်လေး ကြည်နူးစရာကောင်းပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

khin oo may said...

သည်းခံနေတာကြာပါရောလာ့းဘယ်မှာလဲပုံ.