Sunday, July 29, 2012

စိတ်ကူးရိပ်ငြိမ်

ပြီးခဲ့တဲ့ တစ်ပတ်က မြန်မာပြည်က ကျွန်တော့်အစ်မ ဖုံးဆက်တယ် မနှင်းဆီ....။အစ်မက နေ့တိုင်းနီးပါး
လောက်ဖုံးဆက်နေကြပါ။ဒါပေမယ့် ဒီတစ်ခါဆက်တဲ့အကြောင်းက ထူးတယ်မနှင်းဆီ...။ကျွန်တော်လိုချင်
တဲ့ ခြံကွက်လေးတစ်ကွက်ရှာနေတာ တွေ့ပြီဆိုတဲ့အကြောင်းဆက်တာ မနှင်းဆီရဲ့....။ဟုတ်တယ်........
မနှင်းဆီရဲ့....၊ကျွန်တော် ဒီတစ်ခေါက်မြန်မာပြည်ပြန်ကတည်းက ခြံလေးတစ်ခြံဝယ်မလို့ရှာနေတာရယ်...။
ခြံလား....ကျွန်တော်တို့ဘက်မှာ ပေါတာပေါ့လေ...၊သို့ပေမယ့် ခြံသာပေါ၊ဈေးမပေါဘူးမနှင်းဆီရဲ့...။

မနှင်းဆီတို့ မြို့တော်ကြီးက လော်ပန်တွေက သူတို့ပိုက်ဆံတွေထားစရာမရှိတိုင်း ကျွန်တော်တို့တော
ဘက်ကို ဆင်း ဆင်းလာကြပြီး မြေလွတ်မြေရိုင်းတွေကို ဈေးတစ်ချက်မဆစ်ပဲ ဝယ်ကြလေတော့ ဈေးတွေ
က မယုံနိုင်လောက်အောင် မြင့်ကုန်ကြတယ် မနှင်းဆီရယ်....။ဒီတော့ ကျွန်တော်တို့လို သာမန်လူတန်း
စားတွေအတွက် နေရာကောင်းကောင်းက ခြံမြေကွက်ဆိုတာ အနားတောင်မသီနိုင်တော့ဘူးလေ....။

ဒါတောင် ကျွန်တော်က ကြေးများတတ်တဲ့လူမဟုတ်ပါဘူး....၊ကျွန်တော်လိုချင်တဲ့ ခြံကွက်ဆိုတာက
ချောင်ကျရင်ကျပေ့စေ၊မီးမရှိရင်နေပေ့စေ၊လမ်းမကောင်းရင်လည်းရတယ်(သိပ်တော့မဆိုးစေနဲ့ပေါ့နော့)
အရေးကြီးတာက ရေထွက်လွယ်ဖို့နဲ့ စိုက်ပျိုးလို့ရမယ်၊ဈေးသင့်မယ်ဆို ကျေနပ်ပြီးသား မနှင်းဆီရဲ့...။
အဲ့ဒီလိုမြေကွက်မျိုးကိုတောင် ခြေတိုအောင်ရှာနေရတယ်မနှင်းဆီရယ်....၊အဓိက ကတော့ ပိုက်ဆံပေါ့၊
ထိုက်သင့်တဲ့ဈေးဆို ကိုယ်တတ်နိုင်ရင် ပေးဖို့ဝန်တာမလေးပါဘူးလေ...၊ဒါပေမယ့်မနှင်းဆီရေ.....
ခုဏက ပြောသလိုပဲ...ဈေးတွေက မဖြစ်သင့်တဲ့ဈေးတွေ ခေါ်ကြလေရဲ့....။

ရောင်းသူတွေဘက်ကို နားလည်ပေးနိုင်ပေမယ့် ဝယ်သူဘက်ကိုတော့ ကျွန်တော် နားလည်မပေးနိုင်ဘူး
မနှင်းဆီရယ်...။ကိုယ့်ရှိလို့ကိုယ်ဝယ်တာ ဘာဖြစ်လဲ လို့ပြောမယ်ဆို ပြောနိုင်ပါရဲ့...၊ငွေပေါတိုင်း မလိုအပ်
ပဲ ဝယ်ကြလေတော့ ကျွန်တော်တို့လို လိုအပ်လို့ တကယ်အသုံးချမယ့်သူတွေအတွက် အခက်အခဲတွေ့
စေတယ်ဗျာ...။တစ်ခါတစ်ခါကျ ပစ္စည်းမဲ့ဒေါသ ပဲပြောပြော အဲဒီ လူချမ်းသာတွေကို ဒေါသထွက်တယ်
မနှင်းဆီ...၊

ခုတော့ ကျွန်တော့်အစ်မကျေးဇူးကြောင့် ကျွန်တော်တတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့လက်လှမ်းမှီတဲ့ ခြံ
ကွက်လေးတစ်ကွက်တွေ့ထားပြီခင်ဗျ....။ပိုင်ဆိုင်မှုတွေအရှုပ်အရှင်းမရှိရင်၊စိုက်လို့ပျိုးလို့ရရင် ဝယ်သာ
ထားလိုက်ပါတော့၊ဈေးလည်း သိပ်ဆစ်မနေပါနဲ့လို့ ပြောထားလိုက်တယ် မနှင်းဆီရေ....။အဲဒီခြံလေး
အကြောင်းလား...ပြောပြမှာပေါ့မနှင်းဆီ....။ကျွန်တော်တို့မြို့နဲ့ ၈မိုင်လောက်ဝေးတဲ့ ရွှာကြီးတစ်ရွှာနား
က အတွင်းဘက်ချောင်ကျကျ ခြံလေးပါပဲဗျာ...၊ငါးဧကလောက်တော့ကျယ်သတဲ့....။မြေလွတ်မြေရိုင်းတဲ့၊
မြေလွတ်မြေရိုင်းဆိုတော့ ခြုံတွေဘာတွေတော့ ရှိသပေါ့လေ...၊ဘေးကျခြံတွေကလည်း သပြေတွေဘာ
တွေ စိုက်ပျိုးကြတဲ့ ဥယျဉ်ခြံတွေပဲတဲ့....။လျှပ်စစ်မီးတော့ မရှိဘူးတဲ့လေ...။ရေလည်း လွယ်လွယ်ကူကူ
ထွက်သတဲ့....။လမ်းကအကောင်းကြီးမဟုတ်ပေမယ့် ရွှာလမ်းဆိုတော့ သင့်တင့်သပေါ့ မနှင်းဆီ...။

အဲဒီခြံလေးအကြောင်း ခင်မင်ရတဲ့အစ်မတစ်ယောက်ကိုပြောပြတော့ သူကပြောတယ်....၊မြို့ကြီးပြကြီး
မှာမပျော်တော့လို့ တောမှာသွားနေတော့မပေါ့လေ.....ဟုတ်လား......တဲ့.....။တကယ်ဆို မြို့ပြမှာ....
ကျွန်တော်ပျော်ပါတယ်မနှင်းဆီ.....၊မြို့ပြမှာ ပျော်လည်း ပျော်သလို၊မောလည်းမောတယ် မနှင်းဆီရဲ့...။
ကျွန်တော်မြို့ပြရဲ့ မာယာမှော်ရုံတောမှာ ပျော်မောမိတယ်ဆိုပေမယ့် ဒါဟာ ခဏတာ နားခိုရုံသက်သက်၊
တစ်ဘဝတာအတွက်တော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သဘောပေါက်ပြီးသားပါ....။ကျွန်တော့်အတွက်
တစ်သက်တာ နားခိုရာဟာ တောမှာပဲဆိုတာ ကျွန်တော် နားလည်ပါတယ်မနှင်းဆီရယ်...။ပြီးတော့
ကျွန်တော့်မိအိုဘအိုတွေနဲ့ အနီးဆုံးမှာနေပြီး သူတို့ဘဝနေဝင်ချိန်ကို အကောင်းဆုံးနဲ့ သက်တောင့်
သက်သာအဖြစ်ဆုံး ဖြစ်အောင် ကျွန်တော်ကူညီပေးချင်သေးတယ်ဗျာ...။မိဘနဲ့သားသမီးကြားမှာ
ကျေးဇူးခံ၊ကျေးဇူးစားဆိုတာမျိုး၊တာဝန်ဝတ္တရားဆိုတာမျိုးတွေကျွန်တော်မပြောချင်ဘူး မနှင်းဆီ...။
ကျွန်တော်သိတာက သံယောဇဉ်နဲ့ချစ်ခြင်းတရားပဲဗျာ...၊သူတို့ ကျွန်တော့်ကိုချစ်သလို၊ကျွန်တော်သူ
တို့ကိုချစ်တယ်မနှင်းဆီ...၊ကျွန်တော့်မှာ အဲ့ဒီချစ်ခြင်းတွေနဲ့ သံယောဇဉ်တွေအကြောင်းပဲပြောစရာရှိ
လေရဲ့...။


ခြံလေးတစ်ခြံဝယ်ဖြစ်တော့မယ်ဆိုတော့ ကျွန်တော့်ထုံးစံ စိတ်ကူးတွေယဉ်လို့ပေါ့....၊ကျွန်တော့်ခြံလေးရဲ့
အရှေ့ဘက်ကျကျမှာ သုံးပင်နှစ်ခန်း အိမ်လေးတစ်အိမ်ဆောက်မယ်မနှင်းဆီ...။အိမ်ရဲ့နောက်ဘက်တစ်
ဝက်ကိုပဲ ကြမ်းခင်းထားမယ်....၊အရှေ့ဘက်ခြမ်းကို တော့ သမံသလင်းလေးပဲခင်းထားမယ်၊အနောက်
ဘက်ခြမ်းပတ်ပတ်လည်မှာ စာအုပ်စင်တွေအပြည့်ရိုက်ထားမယ်မနှင်းဆီ၊စာအုပ်စင်တွေအလယ်မှာတော့
ကျွန်တော့်အိပ်ယာပေါ့....။အရှေ့ဘက်တစ်ဝက်က ဧည့်ခန်းသဘောထားပြီး၊တစ်ဝက်ကတော့ မီးဖိုချောင်
နဲ့ ထမင်းစားခန်းပေါ့လေ....။

ကျွန်တော့်အိမ်လေးမှာ ရုပ်မြင်သံကြားမရှိဘူးမနှင်းဆီ၊အအေးသေတ္တာလည်းရှိမှာမဟုတ်ဘူး။အဲကွန်းဆို
တာဝေလာဝေးပေါ့ဗျာ....။သီချင်းနားထောင်ဖို့ ဒီဗီဒီစက်လေးနဲ့ ဆောင်းဘောက်သေးသေးလေးတစ်စုံ
တော့ရှိလိမ့်မယ်၊ကွန်ပြူတာတွေ၊အိုင်ပက်တွေဘာတွေဆိုတာ ကျွန်တော့်အိမ်လေးနဲ့ လာလားမှမပက်
သက်တာတွေဖြစ်နေလိမ့်မယ်မနှင်းဆီရေ....။လျှပ်စစ်မီးမရှိပေမယ့် စာကြည့်မီးလေးထွန်းဖို့၊သီချင်းလေး
ဖွင့်ဖို့ နေရောင်ချည်သုံးဆိုလာစနစ်လေးတစ်ခုတပ်ထားမယ်....၊ချက်ဖို့ပြုတ်ဖို့အတွက် ဓာတ်ငွေ့သုံး
မီးဖိုတစ်ခုရှိမယ်...၊ဒါတွေဟာ ခေတ်ပေါ်ပစ္စည်းနဲ့ပတ်သက်ရင် ဒါတွေအကုန်ပဲမနှင်းဆီရဲ့....၊ဒါတောင်
သဘာဝဝန်ကျင်ကို အနဲဆုံးထိခိုက်ပျက်ဆီးစေနိုင်တဲ့အရာတွေဖြစ်နေလို့လေ...။ကြီးကြီးကျယ်ကျယ်
တွေးတာမဟုတ်ပေမယ့် ကျွန်တော်တို့တတ်နိုင်သလောက် ကမ္ဘာမြေကို ထိန်းသိမ်းသင့်တယ်မဟုတ်
ဘူးလားဗျာ...။ကျွန်တော့်သဘောအရတော့ မီးသွေးမီး၊ထင်းမီးနဲ့ပဲ ချက်ပြုတ်ချင်ပေမယ့် ထင်း၊မီးသွေး
ဆိုတာ ကျွန်တော်တို့ စောင့်ရှောက်သင့်တဲ့ သစ်ပင်တွေပဲလေဗျာ....နော့....။လျှပ်စစ်မီးမရှိတဲ့နေရာမှာ
ဓာတ်ငွေ့စနစ်ကသာ အသင့်တင့်ဆုံးထင်ပါရဲ့ဗျာ....။

ကျွန်တော့်အိမ်လေးနဲ့ မလှမ်းမကမ်းမှာ ဝါးတဲလေးတစ်လုံးလည်းထိုးထားမယ်မနှင်းဆီ...၊ဘေးအကာအရံ
တွေဘာမှမရှိတဲ့ မြေစိုက်ဝါးတဲလေးပေါ့...၊တဲလေးမှာ ဝါးစားပွဲလေးတစ်လုံးနဲ့ ဝါးထိုင်ခုံလေးတွေရှိမယ်။
အဲဒီ တဲလေးထဲမှာ ကျွန်တော်ရယ်.... ကျွန်တော်ခင်မင်ရတဲ့သူငယ်ချင်းတွေရယ်နဲ့အတူဝိုင်းဖွဲ့လို့ စကား
တွေ အများကြီးပြောကြမယ်မနှင်းဆီ...၊အခါးရည်လေးဘာလေးလည်း တစ်ခါတစ်ရံ ဝိုင်းဖြစ်ကြမပေါ့လေ :)
အိမ်နောက်ဘက်မှာတော့ အဆင်ပြေရင် ရေကန်လေးတစ်ကန်လည်းတူးလိုက်ချင်သေးတယ်...၊ဒါကလည်း
ငွေပိုငွေလျှံလေးရှိမှပါလေ....။ပေနှစ်ဆယ်ပတ်လည် ရေကူးကန်လေးပေါ့....။ကျွန်တော်က ရေစိမ်ရတာ
ကြိုက်တယ်မနှင်းဆီရဲ့......:))))။


ခြံထဲမှာလား.....၊သစ်ပင်တွေစိုက်မပေါ့ မနှင်းဆီရယ်....၊ဘာပင်တွေစိုက်မလဲဆိုရင် သုံးဧကလောက်ကို
နှစ်ရှည်ပင်ဖြစ်တဲ့ သစ်မွှေးပင်တွေစိုက်မယ်မနှင်းဆီ....။သုံးဧကဆိုတာ ဘာမှမကျယ်လေတော့ ရာဘာလို
ဆီအုန်းလိုသစ်ပင်မျိုးစိုက်ရင် ဆင့်ပါးစပ်နှမ်းပက်သလိုဖြစ်သွားမယ်လေ...၊သစ်မွှေးပင်က အပင်နဲနဲပေမယ့်
ဝင်ငွေတော့ကောင်းတယ်.....တဲ့....။ကျန်တဲ့ မြေတွေမှာ စားပင်သီးပင်တွေစိုက်မယ်လေ....။သင်္ဘောပင်၊
မာလကာပင်၊သပြေပင်လေးတွေ၊ကန်စွန်းတို့၊ကိုက်လန်တို့၊မုန်ညှင်းတို့လို စားပင်လေးတွေစိုက်မယ်...။
 ပြီးတော့ သစ်ခွစင်လေးတစ်စင်လည်းဆောက်မယ်၊စံပယ်တို့၊ရွှေပန်းငွေပန်းတို့လို ပန်းပင်လေးတွေလည်း
စိုက်လို့အဆင်ပြေမယ်ဆို စိုက်တာပေါ့မနှင်းဆီရယ်....။နှင်းဆီလား.....မပါမဖြစ်ပေါ့လေ...၊သူ့ကိုပန်းအိုး
လေးတွေနဲ့ အလှသက်သက်စိုက်ထားမယ်လေ....။ခြံပတ်ပတ်လည်မှာတော့ ငှက်ပျောပင်တွေစိုက်မယ်
မနှင်းဆီ....၊

ခြံလေးကိုတော့ နာမည်ဘယ်လိုပေးရင်ကောင်းမလဲဆိုတာ စဉ်းစားနေဆဲပဲဗျ...၊လွယ်လွယ်ကူကူ.......
မျောလွင့်တိမ်တို့နားခိုရာ လို့ပဲပေးလိုက်ရကောင်းမလာမသိဘူးနော်....၊ဒါမှမဟုတ် ဆွေလှိုင်ဦးရဲ့ ဝတ္ထု

တစ်ပုဒ်ထဲကလို  ရောရုဝ လို့ပေးလိုက်ရင်ကောင်းမယ်ထင်ရဲ့....:)))။မနှင်းဆီလည်း နာမည်လှလှလေး
တစ်ခုလောက်ကူစဉ်းစားပေးနော်...၊သိပ်လှဖို့မလိုပါဘူးလေ....၊ခေါ်လို့အဆင်ပြေရင်ပြီးတာပဲနော့...။
ဘတ်ဆဲလားစာရေးဆရာမတွေပေးသလို မိုးမြင့်ထိပ်ခေါင်ထွဋ်တင်နောင် တွေဘာတွေတော့မလုပ်ကြေး
ဗျာနော်....:))))


သွားရလာရလွယ်ကူဖို့ ဆိုင်ကယ်အစုတ်လေးတစ်စီးတော့ ဝယ်ရမယ်ဗျ...။တရုတ်ဆိုင်ကယ်တွေတော့
အားမပေးချင်ဘူးဗျာ...၊ယိုးဒယားဘီးလေးတစ်စီးပေါ့လေ....၊အင်း.....ဟိုနာဒီနားအတွက် စက်ဘီးလေး
တစ်စီးလည်းဝယ်ရမယ်ဗျာ...၊ဒါမှ မလိုအပ်ပဲ စွမ်းအင်တွေဖြုန်းတီးသလို မဖြစ်အောင်ပေါ့နော့...။ပြီးတော့
အဖော်အဖြစ် ခွေးလေးတစ်စုံတော့ မွေးထားရမယ်...၊ကျွန်တော်က ခွေးချစ်သူကိုး.....။တစ်ခြားအဖော်
လား......မရှာတော့ပါဘူးမနှင်းဆီရယ်....၊ရှာလည်းရမှာမှမဟုတ်တာကိုး.....:)))။ဒါပေမယ့်မနှင်းဆီရေ....
ကံအကြောင်းဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်တဲ့အရာဆိုတော့ အကြောင်းတိုက်ဆိုင်လာရင်တော့
လည်း.......:P။ဆိုတော့ စကားကို အကုန်မပြောတာ ကောင်းလိမ့်မယ်ထင်ရဲ့....:)))

မနှင်းဆီရေ.......စိတ်ကူးတွေယဉ်လို့တော့တကယ်ကောင်းတယ်ဗျာ....။ဒါပေမယ့် စိုက်ပျိုးရေးဆိုတာ
ကလည်း လွယ်တာတော့မဟုတ်ဘူးရယ်...၊ကျွန်တော်ရင်ဆိုင်ရမယ့်အခက်အခဲတွေရှိတယ်ဆိုတာကို
လည်း ထည့်တွက်ထားပါတယ်....။ဘာပဲဖြစ်ဖြစ်ပေါ့မနှင်းဆီရယ်....၊ကိုယ်ပျော့်မွေ့တာလေးနဲ့အသက်
မွေးဝမ်းကျောင်းပြုရတာက စိတ်ချမ်းသာပါလိမ့်မယ်ဗျာ...နော့....။တစ်စုံတစ်ရာကို လက်တွေ့အကောင်
အထည်ပေါ်လာဖို့ဆိုတာ စိတ်ကူးခြင်းက အစပြုကြရတယ်လို့ဆိုကြလေရဲ့...။လက်ရှိအချိန်မှာ ဒါတွေ
က ကျွန်တော့်စိတ်ကူးသက်သက်တွေပေါ့ မနှင်းဆီ....။ဒါပေမယ့် တစ်ချိန်မှာအမှန်တကယ်ဖြစ်ပေါ်လာနိုင်
တဲ့၊အကောင်အထည်ပေါ်လာနိုင်တဲ့အကြောင်းတွေလည်းမဟုတ်ပါလားဗျာ.....။ဘာကိုမှတပ်အပ်မပြော
နိုင်တဲ့၊ဘာမှမသေချာတဲ့လောကကြီးမှာ လွဲချော်မှုတွေလည်းကြုံကောင်းကြုံလာနိုင်ပေမယ့်၊ကြုံကောင်းမှ
လည်း ကြုံတွေ့လာမှာပါလေ...၊အကျိုးနဲ့အကြောင်း တိုက်ဆိုင်လာတဲ့တစ်နေ့မှာ ကျွန်တော့်စိတ်ကူး
အိမ်မက်တွေ တကယ်ဖြစ်လာမှာပါလေ....။အဲဒီတစ်နေ့မှာ ကျွန်တော့်ခြံလေးနဲ့ အိမ်လေးဆီကို အခြား
ကျွန်တော့် မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့အတူ မနှင်းဆီလာလည်ဖို့ ခုကတည်းက ဖိတ်ခေါ်လိုက်ပါတယ်
ဗျာ......။တောရွှာလေးက ဘာဇိမ်ခံစရာမှမရှိတဲ့ အိမ်လေးဆီမှာ လွတ်လပ်၊ပျော်ရွင်၊စိတ်ချမ်းသာခြင်းတွေ
တော့ ရှိနေလိမ့်မယ်လို့ အာမခံလိုက်ပါတယ်မနှင်းဆီ....။




16 comments:

စံပယ်ချို said...

စာအုပ်စဉ်လေးနဲ့ ချစ်စရာကောင်းနေတဲ့
အိမ်လေးကိုမျက်စိထဲမြင်နေရတယ်
သူငယ်ချင်းတွေအတွက်ဝါးတဲလေးရောပေါ့
မနှင်းဆီကြိုက်မှာပါ
အပင်တွေကလဲစုံစုံလင်လင်
အဲဒီအိမ်လေးမှာ မနှင်းဆီနဲ့အတူ
ပျော်ရွှင်စိတ်ချမ်းသာပါစေလို့ရှင်

ခရစ္စတလ် said...

ပိုစ့်အရတော့ မေတ္တာရိပ်မြုံဖြစ်နေတယ်တော့၊ စိတ်ချမ်းသာစရာကောင်းလိုက်မယ့်အမျိုးတော် ... :)

Anonymous said...

အဟမ်..ရောရုဝဆိုပါ့လားး)
ဒီအိမ်၊ဒီခြံလေးရှိနေမှတော့
တစ်ယောက်သောသူရှာတွေ့ဖို့မပူပါနဲ့လေ
ကျုပ်တို့ရွာမယ်..စိုက်ပျိုးရေးဝါသနာပါတဲ့
ကွမ်းတောင်ကိုင်တွေ၊ပန်းတောင်ကိုင်တွေ
ပေါမှပေါဘဲနောင်ကြီးရး))
ကြိုက်တာသာ ခေါင်းခေါက်ရွေးစမ်းပါဗျာ..
ငှက်ကြီးတောင်စာမိရင်တော့
မသိဘူးဘဲပြောရမှာဘဲ :P

Anonymous said...

မနှင်းဆီနဲ့ သာဆို နေပျော်မှာပါ။
ပုံ......ဟိုတခါတုန်းကလူတစ်ယောက်

Anonymous said...

အတိုအိကုဟုဟုဟုဟုဟုဟုဟုဟုဟုဟုဟုဟု..................................................................................................

ငံပျာရည်ပုလင်းမျှစ် said...

အိကု တားလာပီးတော့.. ဘီဘီတောက်မယ်.. လယ်ကြွက်ကင်ချားမယ်.. ထန်းရေတောက်မယ်..

အတော်ပဲ အိမ်နဲ့ရန်ဖြစ်၇င် ဆင်းလာဖို့တစ်နေရာတော့ရပီ..

ဝမ်းသာဒယ်.. အဲလိုကြားရတာ.. ဒီတစ်ခေါက်ပြန်လာရင် ထန်းရေလာသောက်မယ် ဒါဘဲ..

ဂါဂါ said...

စိတ်ကူးထားတဲ.အတိုင်ဖြစ်ပါစေဦးလေးနိုင်ရေ...အပင်ကအသီးတွေသီးရင်လည်းကျွေးဖို.မမေ.နဲ.နော်...

Angelhlaing(May everybody be happy and healthy! said...

ခြံသာပေါတာ ဈေးမပေါဘူးဆိုတာ အမှန်ပဲအကိုရေ... ခြံလေးတစ်ခြံလောက် ပိုင်ဖို့အရေး ..ဟင်းးးးး မောရပါတယ် နော်...

အကိုစိတ်ကူးရည်းမှန်းသလိုလေး အမြန်ဆုံး ဖြစ်လာပါစေလို့... ဆုတောင်းပေးပါတယ်အကို..

Phyu Lwin said...

:D ခြံနာမည်ကို ရောရုဝတော့ မလုပ်ပါနဲ့.. ကဗျာဆန်လွန်းနေမယ်

Cameron said...

အူးလေးခြံကို သာမီးလဲလာလည်မယ်နော်...

ညီလင်းသစ် said...

ရေခဲသေတ္တာ မထားဘူးဆိုမှတော့ ‘ဘီဘီ’ နဲ့လည်း ဝေးပြီပေါ့လေ..၊း( ဒါ့ကြောင့် အခါးရည်လို့ ပြောတာ ဖြစ်ရမယ်၊ ကောက်ညှင်းနံ့လား? ငှက်ခါးတောင်လား? ဘယ်လိုပဲဖြစ်ဖြစ် ဝါးတဲလေးနဲ့ လိုက်ဖက်မှာတော့ သေချာတယ်ဗျို့၊ တောမှာ တစ်ယောက်တည်းနေမယ့် ကိုညိမ်းအတွက် ရှေးလူကြီးတွေ ပြောလေ့ရှိတဲ့ ‘ကျွန်ကုလား၊ မယားတောသူ’ ဆိုတဲ့ ဆိုရိုးလေးလည်း ဖြတ်ကနဲ သတိရလိုက် မိတယ်ဗျ..။း)

(စကားမစပ်.. ကိုညိမ်းရဲ့ ပို့စ်အသစ်က ကျနော့်ရဲ့ blog roll မှာ တက်မလာဘူးဗျ၊ အခုလို တကူးတကန့် ဝင်လာမှပဲ သိရတာ...)

လရိပ်အိမ် said...

ချမ်းမြေ.အိမ်လို့ နာမည်ပေးလိုက်ပါလား။ ရိပ်သာ နာမည်နဲ့တူနေလားမသိဘူး ဟီး။ အဲဒီခြံလေးထဲကို လာလည်ချင်ပါတယ်။ ဝယ်ပြီးသွားရင်တော့ ဖိတ်ပေါ့နော်။
တစ်ခုပြောစရာရှိတယ်။ ကိုညိမ်းနိုင် ရဲ့ ပို့စ်အသစ်က ဒီမှာ မပေါ်ဘူးဖြစ်နေတယ်။ စာမရေးတာ ကြာလှပြီပေါ့ဆိုပြီးဝင်ကြည့်မှ ပို့စ်အသစ်တွေ အများကြီးရှိနေတာ တွေ့တယ်။

နှင်းနုလွင် said...

အဲဒီခြံနားမှာ စာအုပ်ဆိုင် လာဖွင့်မယ်... :)

နှင်းနုလွင် said...

အဲဒီခြံနားမှာ စာအုပ်ဆိုင် လာဖွင့်မယ်... :)

နွေတေးရှင် said...

အီး....ရွှတ်....
ဂလိုဘွဒွေကို ရင်နာဒယ် ဦးလေး..။

အားငယ်ပါနဲ့ ဖိုးသားလည်း လာလည်မယ်နော်
အဲသည့်ခြံလေးကိုလည်း ( မျောလွင့်တိမ်တို့နားခိုရာ) လို့ ပေးပါ။

ဦးလေးနဲ့ ကျုပ်နဲ့က အကုန်တူဒယ်း)
အထီးကျန်တာကို ပြောတာပါ အဲသဟာကြောင့် လာလည်မယ်။

007 said...

ဧဒင် ဥယာဉ်