Saturday, July 31, 2010

ဒေဝဒတ္ထ

ဒီကနေ့တော့ အလုပ်က ခွင့်ပါယူလိုက်ရပါတယ်...။ဘာဖြစ်လို့လည်းဆိုတော့....တုပ်ကွေးပေါ့ခင်ဗျာ.....။နဂိုကမှ
ကျနေတဲ့ စိတ်ဓာတ်ကို မနည်း ဆွဲတင်နေရပါတယ်ဆိုမှ...တုပ်ကွေးက လာနှိပ်စက်ပါရောလားခင်ဗျ...။
ကြက်တုပ်ကွေးလား...၊ဝက်တုပ်ကွေးလား...၊ဘဲတုပ်ကွေးလား....၊ဘာတုပ်ကွေးလဲတော့မသိဘူးခင်ဗျ..။
ကွေးတော့ကွေးနေတာပဲ..။တစ်ကိုယ်လုံးမှာရှိသမျှအဆစ်အမြစ်တွေကကိုက်ခဲနေလေတော့နဖူးနဲ့ဒူးထိနေအောင်
ကွေးကွေးလေးနေမှ သက်သာလေတော့၊တစ်နေကုန်အဲဒီလို ကွေးနေရပါရောလား..။ခုညနေမှ သက်သာလာပါ
တယ်..။ဒါတောင် ခေါင်းထဲမယ်မူးနောက်နောက်နဲ့၊ရင်ထဲမှာလည်း တလှပ်လှပ်ဖြစ်နေတုန်းရယ်...။

ရင်တလှပ်လှပ်ဖြစ်နေတော့ နေမကောင်းတဲ့ကြားထဲ ဟိုသီချင်းလေးကိုတောင် သွားသတိရမိသေးတယ်..။
ဘာတဲ့ “ အသဲတယားယား၊ရင်တလှပ်လှပ်နဲ့ပင်..၊မနောဓာတ်ဘဝင်ဝယ်..ကတုန်ကရီ...၊ရွှေပဒုံမာ...ကြာချပ်ကို
လေအဟုန်လာဟပ်သလို ဖြစ်မည်..” ဆိုတဲ့ ရွှေသုန္ဒရီ သီချင်းကိုပါ..။အင်း..ဒီသီချင်းကို ရေးတဲ့သူလည်း ဧကန်န
တော့ တုတ်ကွေး ဖြစ်နေတုန်း စပ်ထားတာဖြစ်လိမ့်မယ်လို့ နောက်တီးနောက်တောက် တွေးနေမိပါတယ်...။

အင်း...ပြောချင်တာက ဒီအကြောင်းမဟုတ်ဘူးခင်ဗျ...။ဒီနေ့ တစ်နေကုန် တရားခွေလေးဖွင့်ပြီး အဲဒီလို ကွေးပြီး
မှိန်းနေတုန်း တွေးမိတဲ့ အကြောင်းလေး ပြောချင်တာ...။တခြားတော့ မဟုတ်....၊ဒေဝဒတ္ထ လို့ခေါ်တဲ့ ဒေဝဒတ်
အကြောင်းပါ။

ဘုရားရှင် ဟောတော်မူတဲ့ တရားတော်တွေမှာ အများအားဖြင့် ဗီလိန်ခန်းနေရာကို အပိုင်စားယူထားသူက
အများသိကြတဲ့အတိုင်း ဒေဝဒတ်လောင်းပဲ ဖြစ်ပါတယ်ခင်ဗျ...။သံသရာတစ်လျောက်လုံးမှာ ဒေဝဒတ်ဟာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရန်ငြိုး ကြီးစွာ ဖွဲ့ခဲ့ပါတယ်...။အဲဒီလို ဒေဝဒတ်ဟာ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့
ရခြင်းရဲ့ အစကို လိုက်ရှာကြည့်တော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သိခဲ့၊သင်ခဲ့ဖူးတဲ့ ရွဲကုန်သည်နှစ်ဦး
ဘဝက စခဲ့တာကိုးခင်ဗျ.....။

အာလုံးပဲ ဒီဇာတ်တော်ကို သိပြီးသားဖြစ်မှာပါ။ဒေဝဒတ်လောင်းရွဲကုန်သည်ဟာ သူကအရင် ရွေခွက်ကိုဦးပါ
လျက်နဲ့ မတော်လောဘကြောင့် လက်လွှတ်ခဲ့ရပါတယ်...။ရွေခွက်ကို ရိုးရိုးသားသား ရယူသွားတဲ့ ဘုရားလောင်း
ရွဲကုန်သည် အပေါ်မှာလည်း ရွေခွက်ကို ပြင်းစွာစွဲလန်းတဲ့ဥပါဒါန်ကြောင့် ရန်ငြိုး ကြီးစွာဖွဲ့ခဲ့ပါတယ်...။

အဲဒီလို ရွဲကုန်သည်ဘဝကစလို့ သံသရာ တစ်လျောက် ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့တဲ့ ဒေဝဒတ်ဟာ နောက်ဆုံး
မှာတော့ ဘုရားရှင်နဲ့ ဆွေမျိုးတော်စပ်လာခဲ့ပါတယ်....။ဘုရားရှင်ရဲ့ မယ်တော်၊ မယ်တော်မာယာဒေဝီနှင့်
မောင်နှမအရင်းတော်တဲ့ ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်းရဲ့သားတော်၊ယသော်ဓရာရဲ့မောင်အရင်း၊ဘုရားရှင်နှင့်
လည်း ညီအစ်ကိုဝမ်းကွဲ တော်စပ်ခဲ့ပါတယ်..။

ဘုရားရှင် ကပိလဝတ်ကို ကြွချီတော်မူလာခဲ့ပြီးနောက်၊ ဒေဝဒတ် ဟာ အခြားသောသာကီဝင်မင်းသားများ
ဖြစ်ကြတဲ့ ဘဒ္ဒိယ၊အနုရုဒ္ဓါ၊ဘဂု၊ကိမိလ၊အာနန္ဒာ တို့နှင့်အတူ ရဟန်းပြုခဲ့ပါတယ်...။သို့ပေမယ့် သူနှင့်အတူ
ရဟန်းပြုခဲ့ကြတဲ့ အရှင်အာနန္ဒာမှအပ ကျန်တဲ့သူများအားလုံး ရဟန္တာကြီးများ ဖြစ်တော်မူသွားကြပေမယ့် သူက
တော့ ရဟန်းပြုခါစက ရရှိထားတဲ့ လောကီဈာန်တန်ခိုးမျှဖြင့် ရဟန်းတို့ကျင့်ထုံးကို အဆုံးသတ်ကာ ရာဇဂြိုလ်
နန်းတွင်းမှာ ကျက်စားလို့ နေခဲ့ပါတယ်...။

အဲဒီနောက်မှာတော့ ရာဇဂြိုလ်ပြည်ရှင် ဗိမ္ဗိသာရမင်းကြီးရဲ့ သားတော် အဇာတသတ်မင်းသားကို စွဲဆောင်သိမ်း
သွင်းခဲ့ပြီးတဲ့နောက်မှာ သူရဲ့ မပြေတဲ့ရန်ငြိုးကို ဘုရားရှင်ကိုလုပ်ကြံခြင်းဖြင့် အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။
အာလုံးသိပြီးကြတဲ့အတိုင်း ဘုရားရှင်ကို နာဠာဂီရိဆင်ကြီးနဲ့ လုပ်ကြံခဲ့သလို၊အဇာတသတ်မင်းထံမှ လေးသမား
များနဲ့လည်း ဘုရားရှင်ကို လုပ်ကြံဖို့ကြိုးစားခဲ့ပါတယ်...။ဘယ်လိုမှမရတဲ့အဆုံး ကိုယ်တိုင် ကျောက်မောင်းဆင်ပြီး
တော့လည်း ဘုရားရှင်ကို သွေးစိမ်းတည်စေခဲ့ပါတယ်...။

အကြမ်းနည်းတွေနဲ့ဘယ်လိုမှ မရတဲ့အဆုံးမှာတော့ ဒေဝဒတ်ဟာ အနုနည်းဘက် လှည့်လာခဲ့ပါတယ်..။ဘုရား
ရှင် ဘယ်လိုမှ ခွင့်ပြုနိုင်ဖွယ်မရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပေးဖို့ရာ ဘုရားရှင်ထံမှာ တောင်းဆိုလာခဲ့
ပါတယ်...။ဘုရားရှင်မှ ခွင့်ပြုတော်မမူတဲ့ အခါမှာတော့ သံဃာတော်ငါးရာကိုသိမ်းသွင်းလို့ သူ့ဘာသာ ဂိုဏ်းသစ်
ထောင်ပါတော့တယ်...။

ဒါပေမယ့် သူ့နောက်ကိုယောင်မှားပါလာတဲ့ သံဃာတော်ငါးရာကို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး နှင့်
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးတို့ မှ တရားမှန်ကိုဟောပြောတော်မူ၍ ပြန်လည်ခေါ်ဆောင်သွားပြီးတဲ့
နောက် ရှင်ဒေဝဒတ်မှာတော့ ရင်ကွဲပတ်လက်ဝမ်းနည်းရတဲ့ဒဏ်၊သူ့ရဲ့လက်ရင်းတပည့်ကြီးများက ထုထောင်း
နှိပ်စက်ခဲ့တဲ့ဒဏ်တွေကြောင့် သွေးစိမ်းပွက်ပွက်အန်ပါတော့တယ်..။

အဲဒီလိုဒုက္ခကြီးစွာရောက်တော့မှ ရှင်ဒေဝဒတ်ဟာ နောင်တော်ဘုရားရှင်ရဲ့ဂုဏ်တော်၊ကျေးဇူးတော်တွေကို
အောက်မေ့သတိရလို့၊နှောင်းနောင်တကြီးစွာရပါတော့တယ်ခင်ဗျ...။ဒီတော့မှ ဘုရားရှင်ထံ ဝန်ချတောင်ပန်ဖို့
အသွား၊ဘုရားရှင်သီတင်းသုံးရာ ကျောင်းဝ မှာပဲ မဟာပထဝီမြေကြီးရဲ့ဝါးမြိုခြင်းခံခဲ့ရပြီး မဟာအဝီစီငရဲ ထံသို့
ရောက်ရှိသွားခြင်းဖြင့် သူ့ရဲ့ သံသရာအဆက်ဆက်က ရန်ငြိုးတွေကို အဆုံးသတ်သွားခဲ့ရပါတော့တယ်...။

ဒေဝဒတ်ဟာ မဟာအဝီစီငရဲမှာ ကမ္ဘာတစ်သိန်းတိတိ ခံနေရပြီဖြစ်ပါတယ်...။သူ့ရဲ့အပြစ်ဟာ ဘယ်လောက်များ
ကြီးသလဲဆိုရင် ကမ္ဘာပျက်လို့ တခြားငရဲသားများ ဗြဟ္မာ့ဘုံရောက်သည့်တိုင်အောင် သူကတော့ မရောက်ပါဘူး
တဲ့ခင်ဗျာ....။ဒီကမ္ဘာပျက်ရင် တခြားကမ္ဘာက မဟာအဝီစီငရဲမှာ သွားခံရမှာပါတဲ့ခင်ဗျ။အဲဒီ သူရောက်သွားတဲ့
ကမ္ဘာ ပျက်ခဲ့ရင်လည်း နောက်အခြားကမ္ဘာမှာ သွားခံရမှာပါတဲ့..။နောက်ဆုံး စကြာဝဠာထဲမှာရှိတဲ့ ကမ္ဘာ
အာလုံး တစ်ပြိုင်နက်ထဲ ပျက်ခဲ့ရင်တောင်မှ ဒေဝဒတ်ဟာ စကြာဝဠာမဟာတံတိုင်းမှာ ခြေ၊လက် လေးဖက်ကို
သံစို့နဲ့ အနှက်ခံလို့ သူ့ရဲ့မကောင်းကြံခဲ့တဲ့ဒဏ်ကို အကြားအလပ်မရှိ ခံရရှာမှာပါ...။

ဒေဝဒတ်ရဲ့ဇာတ်ဟာ ဒီနေရာမှာ ပြီးသွားဖို့ပါပဲခင်ဗျ..။ဒါပေမယ့် မပြီးသေးပါဘူး...။သူဟာ နှောင်းမှနောင်တ ရ
ခဲ့လို့ ကမ္ဘာတစ်သိန်းလုံးလုံး ငရဲခံရမှာဖြစ်ပေမယ့် အဲဒီ နောင်တဟာ အချည်းနှီးတော့ ဖြစ်မသွားခဲ့ပါဘူးတဲ့ခင်ဗျ။
ကမ္ဘာတစ်သိန်း ငရဲခံရပြီးတဲ့ နောက်မှာ ဒေဝဒတ်ဟာ ပစ္စေကဗုဒ္ဓအဖြစ် ကျွတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်တဲ့
ခင်ဗျာ...။

နောက်ဆုံးမှာတော့ ဘာပဲဖြစ်ဖြစ် နောင်တဆိုတာ အချိန်နှောင်းမှ ရခဲ့ဦးတော့ အလဟသတော့ မဖြစ်နိုင်ဘူး
ဆိုတာ ရှင်ဒေဝဒတ်ရဲ့ ဇာတ်သိမ်းခန်းက သက်သေပြသွားခဲ့ပါတယ် ဆိုတဲ့အကြောင်း ပြောကြားရင်းဖြင့်
ဒေဝဒတ္ထဇာတ်ကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျား...။

Thursday, July 29, 2010

ကျွန်တော်နှင့်ဆိုဆိုက် ခံစားမှု

အခုတလော အလိုလိုနေရင်း စိတ်ဓာတ်ကျနေတယ်...။ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ ကစပြီးဖြစ်တာပဲ...။
အလုပ်အကိုင်အဆင်မပြေဘူးလားဆိုတော့လည်းပြေပါတယ်...။ဖိစီးမှုတွေလည်းသိပ်မရှိပါဘူး..။ဘယ်သူ့ဆီကမှ
လည်း သတင်းဆိုးတွေလည်း မကြားရပါဘူး..။အလိုလိုနေရင်းစိတ်ဓာတ်ကသုညအောက်ယူဇနာတစ်ရာလောက်
ကို ထိုးကျသွားခဲ့ပါတယ်...။စိတ်ဓာတ်ကျတော့ ဘာဖြစ်လဲ ဆိုတော့ ဘာသာ သက်သေချင်စိတ်ပေါ်လာတာက
လွဲလို့ ဘာမှတော့ မဖြစ်ပါဘူး။

အဲဒီလို သရိုးသရီ ဖြစ်နေပါတယ်ဆိုမှ ဘယ်ဆွေ၊ဘယ်မျိုး၊ဘယ်သူငယ်ချင်းကမှ ဖုံးဆက်ဖော် မရကြဘူး...။
ကိုယ်တိုင်ကလည်း ဘယ်တော့မှ စိတ်ညစ်စရာတွေကို ကိုယ်ချစ်ခင်ရတဲ့သူတွေကို ဖွင့်ပြောလေ့မရှိခဲ့ဘူး။
ဘာသာတစ်ယောက်တည်းပဲ ကျိတ်ခံစားတာများတယ်...။ဒါပေမယ့် မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအသင်းတွေ
နဲ့ တခြားအကြောင်းတွေ ပြောဖြစ်ခဲ့ရင်၊မိဘ၊ဆွေမျိုး၊ကိုယ်ချစ်ခင်ရသူတွေနဲ့ စကားပြောရရင် သူတို့ကို ချစ်ခင်
တဲ့စိတ်တွေနဲ့ စိတ်ဖြေရာတော့ ရတာအမှန်...။

ဒီရက်ပိုင်းအတွင်း လုပ်ရတဲ့ အလုပ်ကလည်း ဟိုး PSA အဆောက်အဦး ရဲ့ လေးဆယ့်ခြောက်ထပ်၊တိုက်ကတုံး
ပေါ်တက်ပြီး ရေဒါကိရိယာတွေ တင်ပေးရတဲ့ အလုပ်ဖြစ်နေတယ်...။တိုက်ခေါင်းမိုးပေါ်က အောက်ကိုလှမ်းကြည့်
လိုက်ရင် အတွေးထဲပေါ်လာတာက “ ဒီအပေါ်ကနေ ခုန်ချလိုက်ရရင်တော့” ဆိုတာပဲ....။ နောက် ဆက်ပြီး တွေး
မိတာကတော့ အခုနေ ငါသာကိုယ့်ဘာသာ သက်သေလိုက်ရင်တော့ ကျန်ခဲ့တဲ့လူတွေတော့ ပဟေဠိ ဖြစ်ကျန်
ခဲ့မှာပဲ ဆိုတာပါ...။

မိဘတွေ ကတော့ ရင်ကျိုးရှာမှာ အမှန်၊ပြီးတော့ သူငယ်ချင်းတွေကရော...၊ဟယ်..ပြီးခဲ့တဲ့ တစ်ပတ်ကတင် ငါတို့
နဲ့ ရယ်ရယ်မောမော ပြောဆို၊နောက်ပြောင်နေသေးတာ...၊ဘာဖြစ်သွားတာပါလိမ့် လို့ အောက်မေ့ကြမှာပဲ....။
လုပ်ဖော်ကိုင်ဖက် စလုံးတွေ၊တရုပ်တွေကတော့ ဒီကောင် အကောင်းကြီး ကနေ ဘယ်လို ဖောက်သွားတာပါ
လိမ့်လို့ တွေးပြီး ပြောလို့မဆုံးဖြစ်နေမယ်ထင်ပါရဲ့...။အင်း..တစ်ယောက်သောသူကရော....၊သူဘယ်လို ထင်
မလဲ ဆိုတာကိုတော့ ကျွန်တော် မတွေးတတ်ပါ။သူ ငါ့ကို ဘဝခရီးဖော် အဖြစ် လက်မတွဲချင်လို့များလား လို့
မတွေးရင်ပဲ ကျေနပ်မိမှာပါ...။

အင်း...သူဌေးကတော့ ဒီကောင် သေတာတောင် ငါ့ကို ဒုက္ခတွေ တလှေကြီးပေးသွားပြီးမှ သေသွားတယ်...။
တော်တော်ဆိုးတဲ့ကောင်လို့ တွေးပြီး ပျစ်တောက်၊ပျစ်တောက် လုပ်နေမယ်ထင်ပါရဲ့...။အဲ.. ကျွန်တော့်ဘလော့
လေးကို မကြာခဏ လာတတ်ကြတဲ့ ဘလော့မိတ်ဆွေနည်းနည်း ကတော့ မောင်လေး တစ်ယောက် ဘာဖြစ်လို့
စာတွေ မရေးတော့တာပါလိမ့်လို့ တွေးမိကြလေမလား...။

အဲဒီလို ပေါက်ကရတွေ တွေးနေမိပေမယ့် တကယ်တမ်း ကိုယ့်ဘာသာ သက်သေဖို့ဆိုတာ လွယ်မယောင် နဲ့ ခက်
လှပါတယ်..၊ဘဝကို ချစ်တဲ့ ဘဝတဏှာက အနိုင်ယူနေသေးလေတော့ ဘာမှတော့ မလုပ်ဖြစ်သေးဘူးပေါ့လေ..။


ဒီကြားထဲ တိုက်တိုက်ဆိုင်ဆိုင် ဘလော့တွေ လည်တော့လည်း ကိုယ်လိုပဲ သက်သေချင်နေတဲ့ သူနဲ့ တွေ့နေလေ
သေးရဲ့...။အဖော်ရပြီ လို့တော့မတွေးမိခဲ့ပါ။ကိုယ်တိုင် စိတ်ဓာတ်ကျနေသည့် တိုင်အောင် အခြားလူကိုတော့
အားပေးစကား ပြောဖြစ်ခဲ့ပါတယ်...။ပြီးတော့ တလောက ကိုရီးယားမင်းသားတစ်ယောက်လည်း သက်သေသွား
တယ်လို့ ဖတ်လိုက်ရပါတယ်..။(ဒီမင်းသားအကြောင်းတော့ သိပ်စိတ်မဝင်စားမိပါဘူး၊မင်းသမီးဆိုရင်တော့
ကြားကနေ ဝင်ပြီးနှမျောနေမိမလားတော့မသိ..။ဤကား စကာချပ်။)

နောက်ထပ် တိုက်ဆိုင်တာတစ်ခုက စင်္ကာပူ လူငယ်တွေ ကြားမှာ ကိုယ့်ဘာသာ သက်သေတဲ့နှုန်း မြင့်တက်လာ
တဲ့ အကြောင်း သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်...။ပြီးခဲ့တဲ့ နှစ်က စင်္ကာပူ မှာ လူပေါင်း လေးရာ့တစ်ယောက်
သက်သေခဲ့ကြပြီး၊ နှစ်ထောင့်ရှစ်ခုနှစ်က သုံးရာခြောက်ဆယ့်လေး ယောက်နှုန်းထက် ပိုမြင့်လာခဲ့တယ် လို့ ဆို
ပါတယ်။အဲဒီ အထဲမှာ အသက် ၁၀နှစ် မှ ၂၉ နှစ် ကြားက ၉၁ ယောက် ရှိခဲ့တယ်တဲ့ခင်ဗျ။အဲဒီထဲကမှ ၇၂
ယောက်က ၁၉နှစ် နဲ့ ၂၉ နှစ်ကြားဖြစ်ပြီး၊ကျန်တဲ့ ၁၉ယောက်က ဆယ်နှစ် မှဆယ့်ကိုးနှစ်ကြား ကလေးတွေ....။

သက်သေကြရတဲ့ အကြောင်းရင်းတွေထဲက အဓိကတစ်ချက်ကတော့ မိသားစုဝင်တွေကြားက ပေါင်းသင်း
ဆက်ဆံရေးပြဿနာကြောင့် လို့ဆိုပါတယ်...။မှန်ပါတယ်ခင်ဗျ..။မိဘတွေ၊တခြားဆွေမျိုးတွေ ရဲ့ပြဿနာတွေ
ဟာ ကလေးတွေ အပေါ်အများကြီး သက်ရောက်မှုရှိပါတယ်...။မိဘတွေရဲ့ ဆိုးရွားတဲ့ အိမ်ထောင်ရေးပြဿနာ
တွေကို မခံစားနိုင်ကြတော့တာကြောင့်ရော၊ကျန်ရစ်ခဲ့မယ့် မိဘတွေကို နောင်တရစေချင်၊ခံစားမှုတစ်ခုခုကို
ပေးခဲ့ချင်တာကြောင့်ပါ သူတို့တွေ ဒီလမ်းကို ရွေးချယ်ခဲ့ကြတယ် ထင်ပါရဲ့.....။

သက်သေသူ အများစုမှာ ကျန်ရစ်ခဲ့သူတွေအပေါ် စိတ်ပိုင်းဆိုင်ရာနာကျင်မှု ကိုခံစားရစေလိုစိတ် ရှိခဲ့ကြလိမ့်
မယ်လို့ ထင်ပါတယ်...။ နောက်တစ်ခုက သူတို့သက်သေရတဲ့ လက်တလော အကြောင်းရင်း ကဘယ်လိုဘဲရှိရှိ၊
ငယ်ဘဝမှာ ခံစားခဲ့ရတဲ့ ခံစားချက်တွေက အခြေခံအကြောင်းရင်း အဖြစ်တည်ရှိနေခဲ့ပါလိမ့်မယ်....။

ဘယ်လိုပဲဖြစ်ဖြစ် သက်သေကြသူတွေမှာ အမှန်တကယ်သက်သေဖြစ်ခဲ့ကြဖို့ ကြီးမားတဲ့ တွန်းအားတစ်ရပ် ရှိခဲ့
ကြပါလိမ့်မယ်။သူတို့မှာ (အဲဒီ အချိန်မှာ သူတို့ အတွက်တော့ )လုံလောက်တဲ့ အကြောင်းပြချက်တစ်ခုခုလည်း ရှိနေခဲ့မှာပါ။ဒီလိုမှ မဟုတ်ရင်ဖြင့် ဆိုးရွားလှတဲ့ ဒီနည်းလမ်းကိုတော့ ထွက်ပေါက် အဖြစ် အသုံးပြုဖို့ဆိုတာ
အတော်ကို ခဲယဉ်းလှပါတယ်...။

အင်း....ကျွန်တော်ကရော....။ကျွန်တော့်မှာ လက်ရှိအချိန်ထိတော့ ကြီးမားတဲ့ တွန်းအားတစ်ရပ်လည်း မရှိ၊
လုံလောက်တဲ့ အကြောင်းပြချက်လည်း မရှိလေတော့ စိတ်ကူးပေါက်မိတာကလွဲလို့ ဘာမှတော့ မကြိုးပန်းမိပါဘူး
ခင်ဗျ...။ဒီနေ့တော့ ကျနေတဲ့စိတ်လည်း ပြန်တက်လာပြီဖြစ်လို့ အရင်နေ့တွေကလို လေးလံထိုင်းမှိုင်းမနေတော့
ပဲ ပုံမှန်အတိုင်း ကြည်ကြည်သာသာ ပြန်ဖြစ်နေပါပြီ...။

သို့ပေမယ့် လူ့စိတ်ဆိုတာက အခက်သားကလား...။အခုချိန်မှာ ဘယ်သို့ပင်ရှိနေပါစေ....။နောင်တစ်နေ့မှာ ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်လည်း မမှန်းဆ နိုင်ပါကြောင်း.....။

Monday, July 26, 2010

ကျွန်တော် ဘလော့တွေဆီက ဘာကို မျှော်လင့် ခဲ့ပါသလဲ..

သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ဘာဖြစ်လို့ ဘလော့တွေကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်တာလဲ လို့မေးလာခဲ့တော့
ကျွန်တော့်မှာ ရုတ်တရက် ပြန်ဖြေစရာ စကားလုံးများ ဆွံအ သွားခဲ့ရသည်။ထိုစဉ်တုန်းကတော့ ဝါသနာပါလို့ပေါ့
လို့ လုံးချခဲ့ပေမယ့် အဲဒီအဖြေဟာ ကျွန်တော့်ရင်ထဲက လာတဲ့ ရာနှုန်းပြည့် မှန်တဲ့ အဖြေ မဟုတ်ခဲ့တာ ဘာသာ
သိနေခဲ့ပါတယ်...။

ဟုတ်ပါတယ်...ကျွန်တော့် အတွက်တော့ စာရေး၊စာဖတ်ဝါသနာ ပါရုံနဲ့ဘလော့တွေကိုဖတ်ဖြစ်နေတာမဟုတ်ပါ။
စာဖတ်ဝါသနာ ပါရုံဆိုရင် စာဖတ်ချင်သူတွေ အတွက် စလုံးမှာ လမ်းပြကြယ် မြန်မာစာကြည့်တိုက်ရှိပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း မန်ဘာဝင်ထားပြီး စာအုပ်တွေငှားဖတ်ဖြစ်ပါတယ်။ပြီးတော့ e-book တွေလည်းရှိနေ
လေတော့ တကယ်ဆို အချိန်ဆင်းရဲလှလို့ ရှိတဲ့စာအုပ်တွေတောင် ကုန်အောင်မဖတ်နိုင်တဲ့သူတစ်ယောက်
အတွက်တော့ စာဖတ်ဝါသနာပါလို့ ဆိုတဲ့ အဖြေဟာ လုံလောက်မှန်ကန်တဲ့ အဖြေတစ်ခု မဟုတ်ခဲ့ပါဘူး....။

ဒါဆို ဘာအတွက်ပါလဲ....။ဗဟုသုတ (ဒါမှမဟုတ် )ပညာ တစ်ခုခု ရဖို့အတွက်လား...။ဟင့်အင်း...၊မဟုတ်ပါ။
ဘလော့ဂါတွေ ကသူတို့ရဲ့ ဘလော့တွေမှာ တတ်နိုင်သလောက် သူတို့သိထား တာတွေကို ဝေမျှ တတ်ကြ
ပေမယ့် အမြဲတမ်း ဒါမျိုးတွေချည်း ရေးနေဖြစ်ကြတာမဟုတ်ပါဘူး...။သူတို့ရဲ့ခံစားမှုတွေ၊နောက် ကဗျာ၊ဝတ္ထု
လေးတွေ၊ဟာသလေးတွေ ကိုလည်း ရေးတတ်ကြတာပါပဲ...။ကျွန်တော်ကတော့ သူတို့ဘာရေးရေး၊ ဖတ်နေ
ဖြစ်တာ အမှန်ပါ..။ဗဟုသုတလေးတွေ ဝေမျှတော့လည်း ယူလိုက်တာပါပဲ...။

ဒီနေရာမှာ ဘလော့နည်းပညာသီးသန့် မျှဝေပေးတဲ့ ဘလော့တွေ ကိုတော့ နည်းပညာလိုချင်စိတ် သီးသန့်နဲ့
သွားဖြစ်ပါတယ်...။ဒါပေမယ့် ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အမြဲတမ်း သွားဖြစ်နေတာမဟုတ်ဘူးခင်ဗျ၊ကိုယ်
လိုအပ်မှသာ သွားရှာဖြစ်တာရယ်...(စေတနာ အပြည့်နဲ့ သိထားသမျှကိုမျှဝေပေးတဲ့ နည်းပညာဘလော့တွေကို
ကျေးဇူးတင်ရှိပါကြောင်း စကားစပ်လို့ ပြောကြားလိုက်ရပါတယ်...)

ဒါဆိုရင် စိတ်အပန်းပြေရုံ ဖျော်ဖြေရေးလိုသဘောထားတာလားလို့ မေးလာခဲ့ရင်လည်း မဟုတ်ရပါဘူးလို့ပဲဖြေ
ရမှာပဲခင်ဗျ...။စိတ်အပန်းဖြေချင်လို့ဆိုရင် ဂိမ်းတွေဆော့လို့ရတာပဲမဟုတ်လားခင်ဗျ၊ဖျော်ဖြေရေးအတွက်ဆို
ရင်လည်း ရုပ်ရှင်တွေ၊ဗီဒီယိုခွေတွေ အွန်လိုင်းမှာ ပြည့်လို့ရယ်....။ပြီးခဲ့တဲ့ ကမ္ဘာဖလားဘောပွဲတွေကိုတောင်
အွန်လိုင်းက အလားကားမူးတင်းကြည့်ခဲ့ရသေးတာ....။ဘလော့တွေကို ဖျော်ဖြေရေးသဘောမျိုး စိတ်ထဲမှာ
မရှိခဲ့တာလဲ အမှန်ပါ...။

ဒါဖြင့်ရင် ကျွန်တော် ဘာဖြစ်လို့ ဘလော့တွေကို စွဲစွဲမြဲမြဲ ဖြစ်နေရပါသလဲ.....။
တစ်နည်းအားဖြင့် ဘလော့တွေဆီမှ ကျွန်တော် ဘာကိုမျှော်လင့်ခဲ့ပါသလဲ....။

တစ်ခုထဲပါပဲ....၊ကျွန်တော်ဘလော့တွေထံမှ မျှော်လင့်ခဲ့တာ“ စိတ်ခံစားမှု ”တစ်ခုထဲပါ..။
တိတိကျကျပြောရရင် ဘလော့ဂါတွေက မျှဝေပြီးခံစားတဲ့ စိတ်ခံစားမှု တစ်ခုထဲရယ်ပါ....။

သူတို့တွေက ဝမ်းနည်းစရာတွေ ပေးလာခဲ့ရင် သူတို့နဲ့ထပ်တူ လိုက်ပြီး ဝမ်းနည်းလိုက်ပါတယ်..။
သူတို့တွေက ပျော်စရာ၊ကြည်နူးစရာလေးတွေ ဝေမျှလာတော့လည်း ထပ်တူ ဝမ်းသာ၊ကြည်နူးမိတာပါပဲ...။
သူတို့ခရီးသွားနေခဲ့ရင် ကျွန်တော်လည်း သူတို့နဲ့အတူ ဒေသန္တရဗဟုသုတလေးတွေ ရယူလိုက်ပါတယ်...။
သူတို့တွေက သူတို့အမြင်တွေ၊အတွေးတွေ ကိုချပြတော့လည်း၊ ကိုယ့် အမြင်နဲ့ ထပ်တူကြရင် လက်ခံ
လိုက်ပါတယ်..။မတူတော့လည်း မတူခြားနားခြင်းတွေကို ဆွေးနွေး၊ငြင်းခုံ ကြသည်ပေါ့ခင်ဗျာ...။

တစ်ခါတစ်လေ သူတို့တွေက သူတို့လျောက်လှမ်းခဲ့ရတဲ့ ဆူးခင်းတဲ့လမ်းတွေ၊ဘဝအမောတွေကို တဖွဲ့တနွဲ့
ပြောပြလာခဲ့ရင်လည်း ဖတ်လိုက်ရတဲ့ သူပါ နောက်ဆုံးမှာ မောပြီးကျန်ရစ်ခဲ့ပါတယ်...။
သူတို့တွေက သူတို့ချက်ပြုတ်၊စားသောက်သမျှကို စေတနာဗလပွနဲ့ ကျွေးမွေးတော့လည်း ကြုံသလိုစားနေရတဲ့
တကိုယ်တည်းသမားဖြစ်နေလေတော့(ဘာပဲပြောပြော ကြော်ငြာလေးတော့ ဝင်လိုက်ဦးမှ )သွားရေတောက်
တောက်ကျပြီးပြန်လာရတာပေါ့ခင်ဗျ...။

ဒီကမ္ဘာလောကကြီးမှာ ကိုယ်နဲ့ ဘယ်တုန်းကမှ မသိခဲ့တဲ့ သူတစ်ယောက်ရဲ့ စိတ်ခံစားမှုတွေကို ဝေမျှခံစားလို့
ရတာ ဟောဒီ ဘလော့ကေင်းကင်ကြီးမှာပဲရှိတယ်လို့ ကျွန်တော်တော့ထင်မိပါတယ်....

ပြီးတော့ ကိုယ့်ခံစားမှုတွေကို ကိုယ်တိုင်ဘလော့ရေးလို့ပဲဖြစ်ဖြစ်၊သူများပို့စ်မှာ မှတ်ချက်ရေးလို့ပဲဖြစ်ဖြစ်၊
အများတကာ ကို ဝေမျှပေးလို့လည်း ရပေတာကိုးခင်ဗျ...။

ကျွန်တော့် အတွက်ကတော့ ဘလော့တွေကို လည်ပတ်ရလို့ ဘာမှမရခဲ့ဘူဆိုရင်တောင် ဆိုခဲ့ပြီးတဲ့ စိတ်ခံစားမှု
တစ်ခုကိုရတာနဲ့တင် ဘယ်တုန်းကမှ အချိန်ကုန်တာပဲ အဖတ်တင်တယ်ဆိုတဲ့ စိတ်မျိုးမရှိခဲ့ပါဘူး...။

အဲဒီတော့ကာ....အို ဘလော့ကာအပေါင်း...သူတော်ကောင်းတို့...အသင်တို့ရေးချင်တာ ရေးကြပါကုန်...
ကျွန်တော် မောင်လေးတစ်ယောက်ကတော့ဖြင့် အသင်တို့ရေးသမျှ ဝေမျှလို့ ခံစားသွားမှာ ဖြစ်တဲ့ အကြောင်း
ကြေငြာမောင်း ခတ်လိုက်ရပါတယ်....

Thursday, July 22, 2010

အမှတ်ရနေတဲ့ စကားတွေ.....( ၂ )

မနေ့က မြန်မာပြည်ကို ခဏ အလည်ပြန်သွားရာက ပြန်လာတဲ့သူငယ်ချင်းကိုလေဆိပ်မှာသွားကြိုဖြစ်ပါတယ်....။
(အမှန်တော့ ဒီငတိကို သွားကြိုချင်လှတယ်တော့ မဟုတ်..၊လေဆိပ်ဂျူတီဖရီးဆိုင်က ချီးစ်ဗတ်တစ်လုံး ဝယ်လာ
မယ်ဆိုလို့ ချီးစ်ဗတ်မျက်နှာနဲ့ သွားကြိုတာ...၊ပိုက်ဆံမလောက် လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝယ်မလာဘူး၊
လေဆိပ်သွားလိုက်ရလို့ အချိန်ကုန်၊လူပန်း ပဲ အဖတ်တင်တယ်....ဤကားစကားချပ်)

အဲဒီလိုချီးစ်ဗတ်ကြီးကိုမမြည်းလိုက်ရပေမယ့်(မမြည်းလိုက်ရတာပဲကောင်းပါတယ်ဗျနော်..၊နာမည်ကြီးကဆိုးလိုက်
တာဗျာ..)မြန်မာပြည်ကအကြောင်းတွေကိုတော့ စုံနေအောင်ကြားခဲ့ရပါတယ်...။ကြားရသလောက်ကလည်း....
တခုမှကို အကောင်းမရှိဘူးခင်ဗျ..။မြန်မာပြည်အကြောင်းပြောတော့ ထုံးစံအတိုင်း နိုင်ငံရေး အကြောင်းတွေဆီ
စကားရောက်သွားပါတယ်..။

ဒီနှစ်ထဲမှာလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ အကြောင်းရောက်သွားတော့ ကျွန်တော့်သူငယ်ချင်းက နောင်မှာ
လူထုရွေးကောက်တဲ့အစိုးရတစ်ရပ် တက်လာရင် (ဘောင်းဘီချွတ်တွေပဲဖြစ်စေဦးတော့)အခုအခြေအနေတွေ
ထက်တော့ နည်းနည်းဖြစ်ဖြစ်ပိုကောင်းလာလိမ့်မယ်လို့ အကောင်းမြင်ဝါဒနဲ့ ပြောတယ်ခင်ဗျ..။

သူက အဲဒီလိုပြောတော့ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်(စာအုပ်နာမည်ကတော့ ထုံးစံ အတိုင်းမေ့သွား
ပြီ...)ထဲက ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြောတဲ့ စကားလေးတစ်ခွန်းကို အမှတ်ရမိပါတယ်....။

မြန်မာတို့ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းကိုမှီလိုက်တဲ့၊ခေတ်၊စနစ်ပေါင်းများစွာ၊နိုင်ငံအုပ်ချုပ်မင်းလုပ်ခဲ့သူပေါင်း
များစွာကိုလည်း ကြုံတွေ့ ဖြတ်သန်းခဲ့ဘူးတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စာရေးဆရာ၊သတင်းစာဆရာ
တစ်ဦးက....
“ဆရာကြီးခင်ဗျာ...ဆရာကြီး ဖြတ်သန်းခဲ့၊တွေ့ကြုံခဲ့ရတဲ့ မြန်မာပြည်ကိုအုပ်ချုပ်သွားခဲ့တဲ့သူတွေ၊မြန်မာပြည်မှာ
ကျင့်သုံးသွားခဲ့တဲ့ စနစ်တွေ ထဲမှာ ဘယ်သူ၊ဘယ်စနစ် ကဖြင့် မြန်မာပြည်သူတွေ အတွက် အကောင်းဆုံး ဖြစ်ခဲ့
ပါသလဲ ခင်ဗျာ....” လို့ မေးခွန်းတစ်ခု မေးခဲ့ပါတယ်။

အဲဒီတော့ ဆရာကြီးက အခုလို ဖြစ်ရပ်လေး တခုကို ပြန်ပြောင်း ပြောပြပါတယ်တဲ့ ခင်ဗျ...။
ဟိုး....လွန်လေပြီးသော မြန်မာဘုရင်မင်းတုန်းမင်းကြီးလက်ထက်မှာတဲ့.....၊မင်းတုန်းမင်းကြီးဟာ ရာဇဌာနီ
မင်းနေပြည်ကို အမရပူရကနေ မန္တလေးရတနာပုံ မြို့တော်သစ်ဆီသို့ ပြောင်းရွှေ့တည်ဆောက်ခဲ့ပါသတဲ့..။
အဲဒီလို မြနန်းစံကျော်ရွေနန်းတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ သစ်ဝါးတွေကို အားလုံး အသစ်ချည်းပဲ
သုံးတာတော့ မဟုတ်ဘူးတဲ့ခင်ဗျ...။ယခင် အမရပူရနန်းတော်ဟောင်းက ပြန်သုံးလို့ရမယ့် တိုင်တွေ၊သစ်တွေ
ကိုလည်း ပြန်ပြီးအသုံးပြုပါတယ်ခင်ဗျ..။

အဲဒီလို အမရပူရက အဆောက်အဦးဟောင်းတွေကို ဖျက်ပြီး မန္တလေးကို ရွေ့တဲ့ အခါမယ် ဆင်းရဲသား တိုင်းသူ
ပြည်သားများကို လှည်းနဲ့လူ ဆင့်ခေါ်ပါတယ်ခင်ဗျ။(ခုခေတ်လိုဆိုရရင်တော့ လုပ်အားပေးခေါ်တယ်ပေါ့ဗျာ....D)
သို့ပေမယ့် အလကားတော့ မခိုင်းဘူး...၊လှည်းတစီးကို တစ်ခေါက် တစ်ကျပ်သတ်မှတ်ပြီး ပေးသတဲ့...။ဒါပေမယ့်
တစ်ကျပ် အပြည့်တော့ လှည်းအဆင့်ခံရတဲ့ ဆင်းရဲသားတွေလက်ထဲ မရောက်ဘူးတဲ့ခင်ဗျာ...ဘာဖြစ်လို့လဲဆို
တော့ ကြားက စီစဉ်ကြည့်ကြပ် ရတဲ့ သူကြီးတွေ၊စာရေးတွေက ဖြတ်စားတာနဲ့ လှည်းသမားတွေခမျာ မှာ
တစ်ခေါက်ကို ငါးမူး၊အလွန်ဆုံး သုံးမတ်ပဲ ရကြာရှာသကိုးခင်ဗျ..။

တစ်ကျပ် သတ်မှတ်ပေးပါလျက်နဲ့ ငါးမူး၊သုံးမတ် ပဲ ရကြတော့ ဘယ်သူက ကျေနပ်လိမ့်မတုန်းခင်ဗျ..။မကျေနပ်
ပေမယ့် ကျယ်ကျယ်တော့ မပြောရဲကြဘူးပေါ့လေ..၊(ခုခေတ်လိုပဲ )ဟိုနားပွစိပွစိ၊ဒီနားပွစိပွစိ ပေါ့...။ဒါပေမယ့်
မင်းနားတစ်ထောင်၊မင်းမြှောင်တစ်သိန်း ဆိုတာလို အဲဒီလို လှည်းတိုက်ခတွေဖြတ်စားခံနေရတဲ့ သတင်းကို
ရွေနန်းတော်ဆီ ပေါက် ကြားသွားပါလေရောတဲ့ခင်ဗျ..။ဒါနဲ့ အိမ်ရှေ့စံကနောင်မင်းသားကြီးလည်း မနေနိုင်
တော့ပဲ ဒီသတင်း မှန်၊မမှန် သိရလေအောင် ကိုယ်တိုင် ထောက်လှမ်းရေး ဆင်းပါလေရော..။

ဘယ်လိုထောက်လှမ်းသလဲဆိုတော့ ကနောင်မင်းသားကြီးဟာ သာမာန်ဆင်းရဲသား ဟန်ရုပ်ဖျက်ပြီး အမရပူရ
နှင့် မန္တလေးကြား လမ်ခုလပ်က လှည်းသမားတွေခဏနားလေ့ ရှိတဲ့ ဇရပ်တစ်ဆောင်မှာ လှည်းသမားတွေ ပြော
စကားကို အသာ နားထောင်နေပါသတဲ့..။

လှည်းသမားတွေလည်း အခုလို သူတို့ လှည်းခတွေ ဖြတ်စားခံနေရတဲ့အကြောင်း၊ရွေနန်းတော်မှ ဒီသတင်းကို
ကြားရင်ဖြင့် နေမှာမဟုတ်၊ ကျိန်းသေ အရေးယူမှာ ဖြစ်တဲ့အကြောင်း တစ်ယောက်တစ်ပေါက် ပြောကြတာပေါ့
ခင်ဗျာ..။အဲဒီလို ပြောကြတော့ အသက်ခုနှစ်ဆယ်လောက်ရှိတဲ့ အဘိုးအိုတစ်ဦးက ဘာပြောသလဲ ဆိုတော့
ရွေနန်းတော်က ဒီသတင်းကိုကြားလည်း ဘာမှ အရေးယူမှာမဟုတ်၊ဘုရင်ဆိုတာမျိုးတွေက သူသိသလောက်
သူတို့ ဘာသာ မိဖုယားတွေနဲ့ ပျော်ဖို့ပါးဖို့လောက်သာ စိတ်ထဲရှိကြတဲ့အကြောင်း၊ဆင်းရဲသား၊တိုင်းသူပြည်သား
တွေအရေးကိုတော့ ဘယ်သူမှခေါင်းထဲထည့် မစဉ်းစားတဲ့အကြောင်း အာပေါင်အာရင်းသန်သန် နဲ့ ပြောပါ
လေရောဗျို့..။

အဲဒီတော့ ဆင်းရဲသားဟန် ရုပ်ဖျက်ထားတဲ့ ကနောင်မင်းသားကြီးလည်း မနေနိုင်တော့ဘူးနဲ့ တူပါရဲ့..။အဲဒီ
အဘိုးအိုကို “ အဘိုးရယ်...အဘိုး အသက်အရွယ် အရဆို ရှင်ဘုရင်အတော်များများရဲ့ သက်တမ်းကို သိမှီလိုက်
မယ်ထင်ပါတယ်..။အဘိုးသိမှီ လိုက်တဲ့ ရှင်ဘုရင်တွေထဲမှာ ဘယ်ဘုရင်ကများ မင်းကျင့်တရာနှင့်အညီ တိုင်းပြည် ကိုအုပ်ချုပ်ခဲ့ပါသလဲ...၊ဘယ် ဘုရင်ကများ မင်းကောင်း၊မင်းမြတ် ဖြစ်ပါသလဲ ”လို့ မေးလိုက်တယ်တဲ့
ခင်ဗျာ....။

ဒီတော့ အဘိုးအိုက ဘာပြန်ပြောသလဲဆိုတော့ “ဒီမှာ မောင်ရင်ရဲ့ တို့ချည်းမို့လို့ ပြောရဦးမယ်...၊ငါအသက်
အရွယ် နဲ့ ကြုံခဲ့သမျှတော့ ဘယ်မအေရိုးမှမကောင်းဘူးကွ ” လို့ပြန်ဖြေလိုက်သတဲ့ ခင်ဗျ....။ဒါနဲ့ပဲ ကနောင်
မင်းသားကြီးလည်း အင်း..ငါဆက်မေးရင်တော့ ဒီထက်ဆိုးတဲ့ ပေါက်ကွဲ သံစဉ်တွေ ထွက်လာတော့မယ်၊မဖြစ်
ချေဘူးလို့တွေးမိပြီး ဟိုလိုလို၊ဒီလိုလို နဲ့ အသာထွက်လာခဲ့ရတယ်...တဲ့ခင်ဗျာ.....။

ဒီအကြောင်းလေးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြောပြ ပြီးတဲ့နောက် ဆရာကြီး ကဆက်ပြောတာက
သူ့အနေနဲ့လည်း အထက်က မေးခွန်းကို လှည်းသမားအဘိုးအိုလိုပဲ “ဘယ်မအေရိုးမှ မကောင်းဘူး”လို့ပဲ
ပြန်ဖြေလိုက်ချင်တော့တယ် လို့ပြောခဲ့ကြောင်း မှတ်သားလိုက်မိပါတယ် ခင်ဗျား..

(အမှတ်ရနေမိတဲ့ စကားလေး တစ်ခွန်းကို ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်..။စကားလုံး အသုံးအနှုန်းက
နည်းနည်းရိုင်းသလိုဖြစ်နေရင်တော့ဖြင့် (မူရင်းကကို အဲလိုဆိုထားတော့)ခွင့်လွှတ်စေချင်ပါတယ်..။)

( တကယ်လို့များ ကျွန်တော်တို့လည်း အသက်တွေကြီးလာလို့ နောင်လာနောက်သား တွေကများ အဲဒီလို
မေးလာခဲ့ရင်ဖြင့် ကျွန်တော်တို့လည်း အဲဒီလိုပဲ ဖြေရလိမ့်မယ်ထင်ပါရဲ့.....)

Tuesday, July 20, 2010

အမှတ်ရနေတဲ့ စကားတွေ.....

ပြီးခဲ့တဲ့ ပိတ်ရက်က စာရေးချင်စိတ်ရှိတာနဲ့၊ ရေးစရာအကြောင်းအရာတွေလည်း ရှိနေတာနဲ့ ပို့စ်တပုဒ်ရေးဖို့
ကြိုးစားမိပါတယ်။ခက်တာက စာရေးချင်စိတ်သာ ရှိတယ်...၊စာရေးဖို့ ဘယ်လိုမှမုဒ်သွင်းလို့မရဘူးဖြစ်နေတယ်..။
စာလေးသုံးလေးကြောင်းလောက် ချရေးလိုက် မကြိုက်လို့ ပြန်ဖျက်လိုက်၊ပြန်ရေးလိုက်၊ ပြန်ဖျက်လိုက်နဲ့
ရေး၊ဖျက် သံသရာလည်နေပါတော့တယ်......။

ဒါနဲ့ပဲ ဘလော့တံခါးပိတ်လို့ ခပ်စောစောလေး အိပ်တော့မယ်ဆိုတော့လည်း အိပ်လို့မရပဲ ဟိုအကြောင်းတွေး၊ဒီ
အကြောင်းတွေး နဲ့ အတွေးနယ်ချဲ့နေမိပါတယ်....။အများဆုံး တွေးနေမိတာကတော့ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့
ဘဝခရီးကြောင်း အချိုးအကွေ့ တွေပါ....။အဲဒီလို ဘဝအကြောင်းစဉ်းစားမိတော့ စာရေးဆရာမ ဂျူး ရဲ့ စာတပုဒ်ထဲက စာလေးတစ်ကြောင်းကို အမှတ်ရမိပါတယ်...အဲဒီ စာကြောင်းလေးက...
“ Journey is long. Life is short. ” တဲ့ခင်ဗျ...။

အမှန်ကတော့ဒီစာလေးက ဆိုင်ကယ်ကြော်ငြာထဲက စာကြောင်းလေးပါ။သူ့ မူရင်း အပြည့်အစုံကတော့
“Journey is long. Life is short.Harley....” တဲ့...Harley-Division မော်တော်ဆိုင်ကယ် ကြော်ငြာပါ။
ဒါပေမယ့် ဒီ စာကြောင်းလေးက ဘဝ နှင့်ပတ်သက်တဲ့ အတွေးစလေးတွေ ရစေခဲ့ပါတယ်.....။

Journey is long : ရှည်လျားလှတဲ့ ခရီးမိုင်တွေ....
ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ နှစ်သုံးဆယ်ကျော် ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ် ကြီးငယ်တွေ...၊ရင်ဆိုင်ကျော်ဖြတ်
ခဲ့ရတဲ့ ပြဿနာ တွေ....အတော်များများကို ကျော်လွှား၊ဖြတ်သန်း ခဲ့ပြီးပါပြီ.....။ဒါပေမယ့် မိမိကိုယ်ကို
အတွေ့အကြုံ များသူ၊ရင့်ကျက်ပြီးသူ၊ တစ်ဦးအဖြစ် ဘယ်တုန်းကမှ မထင်မှတ်ခဲ့မိပါဘူး...။လောကဓံတရား နဲ့
ထုသားပေသား အတော်ကျနေပြီ လို့ပြောမယ်ဆို ပြောလို့ရပေမယ့်...မသေလို့ နေရဦးမယ့် လက်ကျန် ခရီးတွေ
မှာ မလွဲမသွေ ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုတွေကို စဉ်းစားမိတိုင်း ပင့်သက်ရှိုက်မော မိတာတော့ အမှန်ပါ။

ဘဝမှာ စိန်ခေါ်မှု တွေကို ရင်ဆိုင် ဖြေရှင်းရတာ စိတ်ဝင်စားစရာ၊ပျော်စရာလို့ ဆိုကြပေမယ့် စိန်ခေါ်မှု တခုနှင့်
တခု အကြား အနားယူချိန်လေးတောင်မှ လုံလုံလောက်မရလေတော့ တခါတလေ ဘွာခတ်လို့ အေးငြိမ်းရာ နေရာလေး တစ်နေရာမှာ တခဏတာ နားခိုချင်ပါသေးရဲ့...။

Life is short: သမုဒ္ဒရာရေထက် ခဏတက်သည့် ရေပွက်ပမာ တိုတောင်းလှသည့် ဘဝတာ....
အကယ်၍များ ကျွန်တော် အသက်ခုနှစ်ဆယ်ထိ မသေလို့ နေရမယ်ဆိုရင်တောင် အခုချိန်မှာ ကျွန်တော်ဟာ
ဘဝသက်တမ်း ထက်ဝက်ကျိုးချိန် ရောက်လုနီး နေပါပြီ...။ဒါပေမယ့် ဘဝမှာ ဘာတွေ ပိုင်ဆိုင်ခဲ့ပါပြီလဲ...။
ဘာတွေကို လုပ်ပြီးခဲ့ပါပြီလဲ......ဟင့်အင်း.....ဘာမှ မရှိသေး၊ဘာမှမပြီးသေးပါဘူး....။

နေစရာကိုယ်ပိုင် အိမ် မရှိသေး၊စီးစရာ ကိုယ်ပိုင်ကားမရှိသေး၊ကျန်ရှိနေတဲ့ ဘဝခရီးကို အဆင်ပြေပြေဖြတ်သန်း
နိုင်ဖို့ လုံလောက်တဲ့ အရင်းအနှီးလည်း မရှိသေး၊မိဘတွေရဲ့ ကြွေးဟောင်းကိုလည်း ကျကျနန မဆပ်နိုင်သေး၊
သေရင်ယူသွားရမယ့် ကုသိုလ်တွေလည်းများများစားစား မရှိသေး..။အဖန်တရာမက်ခဲ့တဲ့ အိမ်မက်တွေကိုလည်း
အကောင်အထည် မဖော်နိုင်သေး....။မိန်းမတစ်ယောက်ကိုလည်း တင့်တောင့်တင့်တယ် လက်မထပ်နိုင်သေး (အဲဒါက အရေးအကြီးဆုံးးD )။

တိုတောင်းလှတဲ့ ဘဝသက်တမ်းလေးနဲ့ ရင်ဆိုင် ကျော်ဖြတ်ရမယ့် လောကဓံ ခရီးရှည် ကြီးကို နှိုင်းဆကြည့်လိုက်
တော့ ဘယ်လိုမှကို မမျှလှပါ....သို့ပေမယ့် ငှက်တွေက ပျံရင်းသေ၊လူတွေလည်းကြံရင်းသေ ဆိုသလို တတ်စွမ်း
သလောက်တော့ ကြိုးစားရမှာပဲမဟုတ်ပါလားခင်ဗျာ..။

ဘဝအကြောင်းတွေးမိတော့ ကျွန်တော်နောက်ထပ် အမှတ်ရမိတဲ့ စကားလေးက မင်းခိုက်စိုးစံ ရဲ့ ဝတ္ထု တစ်ပုဒ်
ထဲက “ ဘဝဆိုတာ ဝမ်းနှုတ်ဆေး တစ်ခွက်လောက်မှ အာမခံချက်ရှိတာ မဟုတ်ဘူး ” ဆိုတဲ့ စကားလေးပါ။
ဟုတ်တယ်ခင်ဗျ..။ဝမ်းနှုတ်ဆေး ကမှ ဒီနေ့ည သောက်၊ နောက်နေ့ နံနက် ဆို အိမ်သာပြေးရမှာ ကျိန်းသေ
သေးတယ်...။

ဘဝ ဆိုတာက ဒီနေ့ အသက်ရှင်နေလို့ နောက်နေ့ မသေဘူးလို့ ဘယ်သူကများ အာမခံနိုင် ပါသလဲ..။
နေ့မြင်လို့ ညပျောက်သွားသူတွေ ၊ညမြင်လို့ နောက်နေ့ မှာ လောက ကို ကျောခိုင်းသွားသူတွေ ဒီကမ္ဘာကြီးမှာ
ထုနဲ့ဒေး ရယ်...။“ ဟယ်..မနေ့ကပဲ ရပ်စကားပြောနေသေးတာ... အခု ဆုံးပြီလား....” ဆိုတဲ့ စကားမျိုးကိုလည်း
မကြာခဏ ဆိုသလိုကြားရတတ်ပါတယ်.....။

ဒါပေမယ့်......ဘဝက ဘယ်လောက်ပဲ အာမခံချက် မရှိစေဦးတော့၊ပိုမိုကောင်းမွန်လာနိုင်တဲ့ မနက်ဖြန် ဆိုတဲ့
မျှော်လင်ချက်နဲ့ ဒီနေ့ တနေ့တာကို ကုန်ဆုံးစေရတာပါပဲ....။ဒီလိုနဲ့....ရှည်လျားလှတဲ့ ခရီးရှည် ကြီးကို အိမ်မက်
တွေ တစ်ပွေ့တပိုက်နဲ့ တနေ့ချင်း ဖြတ်သန်းလို့ မရပ်မနား သွားနေရဆဲ.....။ ဘဝ အမောတွေ ကြားထဲက
ပျားရည်ချိုချို တစ်စက်ကို လျက်ဖြစ်ဖို့ကြိုးစားနေဆဲ.....။ဒီလိုနဲ့ပဲ...........။

(ကျွန်တော် စာအုပ်တစ်အုပ်ကို ဖတ်ဖြစ်ရင် တစ်ပတ်၊နှစ်ပတ်လောက်ကြာတာနဲ့ စာအုပ်ထဲက ဇာတ်လမ်း၊
ဇာတ်ကွက်တွေ၊နာမည်တွေ ကို အလွယ်တကူ မေ့သွားလေ့ ရှိပါတယ်..။ဒါပေမယ့် တချို့ စကားလုံးတွေကို
တော့ အမြဲလိုလို အမှတ်ရနေမိပါတယ်..။မကြာခဏဆိုသလိုလည်း အဲဒီ စကားလုံးတွေကို ဘာသာ အတွေး
နယ်ချဲ့နေမိပါတယ်...။အဲဒီလိုအမှတ်ရနေတဲ့ စကားလေးတွေကို၊တွေးမိတာလေးတွေကို ဘာရယ်မဟုတ်
ချရေးကြည့်တာရယ်ပါ.......။)