ဆောင်းဝင်စပြုလာပြီဖြစ်သည့်တိုင်မိုးကားမကုန်တတ်သေး....။ဒီနေ့လည်းမနက်ကတည်းကရွာသည့်မိုး...နေလည်
ရောက်သည့်တိုင် မတိတ်နိုင်သေး...။နာရီပြန်တချက်ထိုးချေပြီ...၊သူစိတ်မရှည်နိုင်တော့...။မသွားမဖြစ်သည့်ကိစ္စ
ဆိုတော့ မိုးအတိတ်ကိုစောင့်ဖို့ရာမဖြစ်သေး...။သူ....လက်ကိုင်တုတ်ကိုအားပြု၍ပက်လက်ကုလားထိုင်မှထလိုက်
သည်....။အင်းးးးးးကျွတ်....ကျွတ်....ကျွတ်......၊စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် ဘဝမှာ ဇရာက ဇာတိပြလေ၏။
ဒူးနှစ်ဘက်စလုံးက အထိုင်အထ မှာ နာတာတာ၊မျက်တက်တက်ရယ်....။
တိုင်မှာချိတ်ထားသည့် အနွေးထည်ကို ယူဝတ်၊မှန်ရှေ့မှာ ရှိစုရှိမယ့်ဆံပင်လေးကိုဘီးဖြင့်တချက်နှစ်ချက်ဖီးလိုက်
ပြီး အိမ်မှထွက်ဖို့ပြင်၏။ဝရန်တာမှ သံပန်းတံခါးကို အဖွင့်...၊ဝရန်တာတွင် ကွေးနေသော “ တိမ်ညို ” ကခေါင်း
ထောင်ကြည့်ပြီး သူပါလိုက်ဖို့ပြင်၏။ဘယ်သွားသွားခေါ်နေကြ၊လိုက်နေကြဆိုတော့ ဒီတစ်ခါလည်းသူ့ကိုခေါ်မည်
ဟုထင်နေရှာသည်..။
“မလိုက်ခဲ့နဲ့ တိမ်ညို..၊မိုးလည်းရွာ၊မင်းလိုက်ခဲ့လို့ကောင်းတဲ့နေရာလည်းမဟုတ်ဘူးကွ...၊နေခဲ့နော်သားကြီး ”
တိမ်ညို့ခေါင်းကို တစ်ချက်နှစ်ချက်ပွတ်သက်ပေးပြီး သူ နှစ်သိမ့်လိုက်၏။သူ့စကားကို နားလည်လို့လား...၊
မိုးအေးအေးမှာ အပြင်မထွက်ချင်လို့လားတော့မသိ....၊တိမ်ညိုက ထိုင်ရာမှထလာသည့်တိုင် အရင်လို တက်တက်ကြွကြွ မဟုတ်...၊သူ့ကို တွေတွေဝေဝေလေး ငေးနေရှာသည်...။အင်းပေါ့လေ...သူလည်း အိုလှပြီ
ဆိုတော့ အရင်လိုဘယ်မှာတက်ကြွနိုင်ပါ့မလဲလေ...။
တိမ်ညို စိတ်မပြောင်းခင် သူ သံပန်းတံခါးကိုဆွဲပိတ်ပြီး အပြင်ကိုထွက်လာခဲ့သည်...။ခြံတံခါးဝရောက်တော့
သူ...အိမ်ဘက်သို့ သမင်လည်ပြန် လှည့်ကြည့်လိုက်မိ၏။မိုးမှုန်များကြားတွင် အလျားပေအစိပ်၊အနံပေနှစ်ဆယ်
သွပ်မိုး၊ပျဉ်ကာ မီးခိုးနုရောင်အိမ်လေးမှာ မှုန်ရီဝိုးဝါး....။လက်တစ်ဖက်ကတုတ်ကောက်ကို အားပြု၊တစ်ဖက်က
ထီးကို ဆောင်းရင်း မိုးစက်များကြားတွင် သတိထားပြီး လမ်းမကြီးအတိုင်းသူလျှောက်လာခဲ့သည်..။
သူနေသည့် လမ်းထိပ်ရောက်တော့မှ အောင်ကြီးကို ဝင်ခေါ်ဖို့သတိရမိသည်။သူနှင့်မနေ့ကတွေ့တော့ အစ်ကို
သွားရင်ကျွန်တော့်ပါဝင်ခေါ်နော်...အတူတူသွားကြတာပေါ့ လို့ပြောထားခဲ့သည်ပဲ....။အင်း....ငယ်ကတည်းက
မေ့တတ်သည့်သူ....ခုအရွယ်မှာ အရာရာကို အရမ်းမေ့လာခဲ့ပြီ...။သူနေသည့်လမ်းနှင့် နှစ်လမ်းကျော် လမ်းထိပ်
မှာ အိမ်ဆိုင်လေးဖွင့်ထားသည့်၊တူ၊တူမတွေနှင့် ပျော်ပျော်နေတတ်သည့် အောင်ကြီးအိမ်ဘက် လှည့်ဝင်လာခဲ့
သည်...။
“လာ...လာ..အစ်ကို အိမ်ထဲဝင်ဦးမလား...ခဏနေမှသွားကြမလား...မိုးကလည်းရွာလိုက်တာအစ်ကိုရာ...”
“ဟင့်အင်း...နောက်ကျနေလိမ့်မယ်...နောက်ကျရင်အားနာစရာ...၊မင်းအဆင်သင့်ဖြစ်ရင်သွားကြမယ်လေ...”
“ ဟုတ်ကဲ့အကို....အဆင်သင့်ပါပဲ...၊ကျွန်တော့်တူလေးကို သူ့ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းရကောင်းမလား...”
“နေပါစေကွာ..မိုးရွာနေရတဲ့အထဲ ဆိုင်ကယ် သုံးယောက်စီးလို့ကောင်းပါဘူး...၊အရမ်းဝေးလှတာမှမဟုတ်တာ..”
သို့နှင့်ပင် သူနှင့်ကျွန်တော်...ထီးတစ်ယောက်တစ်လက်ဖြင့် မိုးရွာထဲ လမ်းလျှောက်ထွက်လာခဲ့သည်...။
ဟိုရောက်တော့ လူတောင်အတော်စုံနေပြီ...။“ လာ...လာ...အကိုကြီး....ခေါင်းရင်းဘက်မှာထိုင်ပါအစ်ကို...”
“အေးအေး..ငါ သူ့ကိုအရင် ကြည့်လိုက်ဦးမယ်....” ပြောပြောဆိုဆိုနှင့် သွားလေသူ ချစ်စွာသော သူငယ်ချင်းကြီး
၏ အသုဘရုပ်အလောင်းတင်ထားသည့် စင်ဘက် သူလှမ်းလာခဲ့သည်...။
သုံးရက်တာကြာသည့်ကာလအတွင်း ရုပ်ကားပျက်စပြုလေပြီ...။ရင်ဘက်ပေါ်တင်ထားသည့် သူ့လက်အေး
စက်စက်ကို ဆုတ်ကိုင်ရင်း..“သွားပေတော့သူငယ်ချင်းရေ...သွားပေတော့..၊လူ့ပြည်လူ့ဘဝမှာ မင်းလုပ်ချင်တာ
လုပ်ခဲ့ပြီးပြီပဲ...ခုတော့ အရင်သွားနှင့်ပေတော့...” ဟု...သူတိုးတိုးရည်ရွတ်မိခဲ့သည်...။
ဟုတ်သည်...သူငယ်ချင်းကား အပေါင်းအသင်းများသည်..၊ပိုက်ဆံရှိသည်...၊ဥစ္စာပေါ၊ရုပ်ချော ဆိုသည့် လူမျိုး။
တစ်ဘဝတာတစ်လျှောက်လုံးသူလုပ်ချင်တာတွေ လုပ်သွားနိုင်ခဲ့သည်...။ငယ်ငယ်ကတော့ သူနှင့်ဆိုးဖော်၊ဆိုး
ဘက်၊သောက်ဖော်စားဘက်တွေ...၊နောက်ပိုင်းမှာ သူက အသောက်အစား၊အပျော်အပါးတွေနှင့် ကင်းပြတ်
သွားပေမယ့် သူငယ်ချင်းကတော့ အရင်အတိုင်း...၊ဘဝတိုတိုမှာ ရသာချိုချိုပဲရှာတော့မယ်ကွာ...” လို့ ရယ်သလို
မောသလိုပြောခဲ့ဖူးတာကိုသတိရမိသည်...။
အင်း...သူရော..ဘာထူးသေးလဲ...၊ဘဝတစ်လျှောက်လုံးသူဖြစ်ချင်တာလေးတွေ၊သူလုပ်ချင်တာလေးတွေနဲ့ပဲ
ပျော်သလို၊အဆင်ပြေသလိုဖြတ်သန်းခဲ့သည်..။သူမိန်းမရတော့ မိန်းမဖြစ်သူက စီးပွားရေးလေးလုပ်ပြီး ကြီးပွား
ရာကြီးပွားကြောင်းလုပ်စေချင်သည်။သူကားမလုပ်ချင်ခဲ့...။ရှိတာလေးနှင့်ခြံလေးတစ်ခြံဝယ်..၊အိမ်လေးတစ်လုံး
ဆောက်ပြီး၊စိုက်ပျိုးရေးလေးလုပ်လိုက်၊စာကလေးမတောက်တစ်ခေါက်ရေးလိုက်နှင့် ဘဝကို ဖြတ်သန်းခဲ့သည်။
ခုတော့ သူဘာလုပ်လုပ် တော်ရုံဘာမှမပြောပဲ ပြဿနာအရပ်ရပ်ကို သူ့ဘာသာဖြေရှင်းတတ်သည့် ချစ်စွာသော
ဇနီးသည်လည်း မရှိတော့...၊ကောင်းဖော်ဆိုးဘက် သူငယ်ချင်းတွေလည်း အကြောင်းပြချက်အမျိုးမျိုးနှင့် လူ့လောကကြီးမှ ထွက်ခွာသွားကြပြီ...။
သူ့အလှည့်ရော....။ဒီလိုတွေးမိတော့ရင်ထဲမယ် ထိတ်ကနဲ ဖြစ်သွားရသည်...။လူတိုင်းသွားရမည့်ခရီးပဲ....။
“ ယခုပင်လျှင်မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့....” ဆိုသည့် ဆုံးမစာတစ်စိတ်တစ်ပိုင်းလေးကို
ဖျက်ကနဲ သတိရမိသည်...။သူဘာတွေပြင်ဆင်ထားပြီးပြီလဲ...။ဟင့်အင်း....ဘာမှမပြင်ရသေးပါ...။အင်း...မသာ
တစ်ခေါက်၊ကျောင်းဆယ်ခေါက်ဆိုတဲ့စကားတယ်မှန်ပါလား....၊ငါလည်းပြင်စရာရှိတာပြင်မှ...ဟိုလိုလို၊ဒီလိုလိုနဲ့
အသက်တွေကမနေတော့ဘူးဟု...သွားလေသူကိုကြည့်ရင်း သူစဉ်းစားမိသည်...။
သူသုဿန်ကပြန်ရောက်တော့ မိုးတိတ်သွားပြီ..။ခြံတံခါးဖွင့်ဝင်လိုက်သည်နှင့် တိမ်ညိုကြီးက အမြီးတနှံနှံနှင့် ခြံဝ
မှစီးကြိုရှာသည်။ခြံထဲတွင်မတော့ ခြံစိုက်ဖို့ငှားထားသည့် မောင်လှနှင့်မောင်မြ ညီအစ်ကိုနှစ်ယောက်ရောက်နှင့်
ပြီး ပန်းတွေခူးနေပြီ...။
“ဘယ်နှယ့်လဲကွ အခြေအနေ...”
“မိုးရွာလိုက်တော့ ရေလောင်းဖို့တော့သက်သာသွားပါရဲ့၊ပန်းတွေတစ်အားပွင့်ကုန်တယ် ဘကြီးရ...”
“အေးလေ..ဘယ်တတ်နိုင်ပါ့မလဲကွာ၊ပွင့်ကုန်တော့ ဈေးကောင်းတော့ရတော့ဘူးပေါ့...”
“ ဟုတ်တယ်ဘကြီး...”
“ရသလောက်ပေါ့ကွာ....”
သူ့ခြံလေးထဲ လှည့်ပတ်ကြည့်မိသည်...။ဖြူလွလွ ငွေပန်းပင်တွေဆီမှ မွှေးမြမြရနံကြောင့် သူ့စိတ်တွေကြည်ကြည်
နူးနူး ဖြစ်လာသည်..။သူ့နောက်မှ ခွေးကြီးတိမ်ညိုကလည်းတစ်ကောက်ကောက်လိုက်လျှက်...။
သူအိမ်ပေါ်တတ်လာခဲ့ပြီး စာကြည့်စားပွဲတွင် ဝင်ထိုင်လိုက်သည်...။စားပွဲပေါ်မှာရေးလက်စ စာတစ်ပိုင်းက သူ့
သခင်ကိုစောင့်မျှော်လျှက်...။
သူစာဆက်ရေးဖို့ပြင်မိသည်....။ရုတ်တရက် ဘာဆက်ရေးရမှန်း မသိသေး...၊နေ့လည်က အတွေးတို့က သူ့ကို
စိုးမိုးလျှက်ရှိတုန်း....။သူ့ဘဝမှာ အပြစ်မကင်းတာတွေလည်းလုပ်ခဲ့ပြီ၊အပြစ်ကင်းစွာနဲ့လည်း ဘဝကိုအေးအေး
ချမ်းချမ်းဖြတ်သန်းခဲ့ပြီးပြီ...။တနည်းအားဖြင့်တော့ သူ...သူ့ဘဝကို သူဖြတ်သန်းချင်သလို ဖြတ်သန်းခဲ့ပြီးပြီ...။
ဘဝရဲ့နေဝင်ချိန်မှာ အဆုံးသတ်အတွက် ဘာမှမပြင်ဆင်ရသေးသည့်တိုင် သူကျေနပ်ခဲ့ပြီ...။
ထွက်ခွာသွားသူတို့ ထွက်ခွာနှင့်လေပြီ...။သူ့အလှည့်လည်းမလွဲမသွေရောက်လာလေမည်...။ဟုတ်သည်...သူ
ဘာမှမပြင်ဆင်ရသေး...။သို့ပေမည့် သူ့နေဝင်ချိန်ကိုသူကျေနပ်ခဲ့ပြီ...။သူသွားရတော့မည်ဆိုလျှင်လည်း ကျေနပ်
နိုင်ခဲ့ပြီ..။သူငယ်ချင်းပြောခဲ့သလို ဘဝတိုတိုမှာ ရသာကမချိုသည့်တိုင် သူ့အတွက်တော့ မခါးခဲ့လေပြီတည့်....။
နေတတ်လို့ကျေနပ်ခဲ့သည်လား၊ကျေနပ်လို့ နေတတ်ခဲ့သည်လား...၊သူမသိ...၊သို့ပေမယ့် သူကျေနပ်ခဲ့လေပြီ..။
(တစ်ခါတစ်လေ...ကျွန်တော် ဘဝရဲ့နေဝင်ချိန်ကို ဘယ်လိုဖြတ်သန်းချင်သလဲလို့ ဘာသာမေးခွန်းထုတ်မိတတ်
ပါတယ်...။ဖြစ်နိုင်ရင် ခြံလေးတစ်ခြံ၊အိမ်သေးသေးလေးတစ်လုံး၊ခွေကြီးတစ်ကောင်၊ဇနီးတစ်ယောက်(အင်း....
ရနိုင်မယ်ဆိုရင်ပြောပါတယ်....:)))တော်ပါပြီ...ဒီလောက်...။ကျန်တာဘာမှမလိုပါဘူး...။တိုက်ကြီး၊ကားကြီး၊
ပိုက်ဆံတွေအများကြီးလည်း သိပ်မလိုပါဘူး..(ရလည်းမရနိုင်တော့...:))၊ကလေးတွေကို ချစ်တတ်ပေမယ့် နောက်ထပ် သံယောဇဉ်ကြိုးတွေနဲ့လည်း မနှောင်ချင်တော့...။ဘဝနေဝင်ချိန်ကို အေးအေးချမ်းချမ်း ဖြတ်သန်း
ချင်မိရဲ့...၊အဲဒီအတွေးတွေနဲ့ ဘာရယ်မဟုတ်ဒီပို့စ်လေးရေးမိပါကြောင်း.....)
Sunday, April 3, 2011
Friday, April 1, 2011
ဧပရယ်ဖူး နှင့် သူငယ်ချင်းတွေ
ဒီနေ့မနက် အလုပ်ကိစ္စနဲ့ လေဆိပ်သွားရင်း လမ်းမှာ ဖျက်ဆို သတိရလိုက်တာက ဒီနေ့ ဧပရယ် ၁ ရက်နေ့၊
ဧပရယ်ဖူး နေ့ဆိုတာကိုပါ...။ဟိုးအရင်နှစ်တွေက ဒီနေ့မှာ ဧပရယ်ဖူးလုပ်ကြတဲ့သတင်းတွေ၊smsတွေကိုအဟုတ်
ကြီးမှတ်လို့ ခံရပေါင်းများပေါ့....။ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ရဲ့ ချစ်စွာသော ဘဘချုပ်ချုပ်ကြီး ရူးပြီးသေပြီဆိုတဲ့
သတင်း ဖုံးထဲ smsဝင်လာလို့ အဟုတ်ကြီးမှတ်ပြီး ဝမ်းတွေဘာတွေသာလို့...:D။ပြီးဟုတ်လည်းမဟုတ်..၊ကိုယ့်မှာ
သာ လူတစ်ယောက်သေတာ ဝမ်းသာပြီး အကုသိုလ်ရတာပဲအဖတ်တင်ကျန်ခဲ့ပါရောလား...:)
မြန်မာပြည်မှာတုန်းကလည်း ရောနယ်ဒိုလေး မန်ယူမှာ ကောင်းစာစဉ်က ကားတိုက်မှုဖြစ်ပြီး ခြေကျိုးသွားတယ်
ဆိုလို့ ဒို့မန်ယူတော့ ဒွတ်ခပဲဆိုပြီး ကြားက မအိပ်နိုင်မစားနိုင် နာရီဝက်လောက်ဖြစ်လိုက်သေး....။ဒီနှစ်တော့ မှတ်သွားပြီ...၊ဒီရက်မှာလာတဲ့ ဘာသတင်းပလင်းမှမယုံတော့ပါ..။
ဒီနှစ်တော့ သူများကို ဧပရယ်ဖူးလုပ်ဦးမှပဲလို့ အကြံရလိုက်တာနဲ့ အရင်းနှီးဆုံးသူငယ်ချင်း ၅ယောက်ဆီ sms ပို့
လိုက်ပါတယ်...၊“ငါ....မနက်ဖြန် မြန်မာပြည်အပြီးပြန်တော့မယ်....၊ဘယ်တော့မှပြန်မလာတော့ဘူး၊မင်းတို့ အိမ်
ကိုလက်ဆောင်ထည့်ပေးချင်တာရှိရင် ညနေလာပေးပါ...” ဆိုပြီးတော့ပေါ့...။
ချက်ချင်းဆိုသလိုပါပဲ...၊ငါးယောက်လုံးစီက ဖုံးတွေဝင်လာတော့တာပါပဲ...၊ဘယ်သူ့ဖုံးမှ မကိုင်တော့ sms တွေ
တစ်သီကြီး ပို့ကြပါရော...။ဟ...ဘာဖြစ်တာတုန်း...ဗျုန်းစားကြီး....၊ဟဲ့..ဘာဖြစ်တာတုန်း...သူဌေးနဲ့ ပြဿနာဖြစ်
လို့လား...၊ဘာ...ညာ....စုံလို့ပေါ့ဗျာ....။ဒါနဲ့ကျွန်တော်လည်း သူတို့ကို အားနာသွားတာနဲ့ “ဘာမှဟုတ်ဘူး ဧပရယ်
ဖူး လုပ်တာ....ဆောတီး....”ဆိုပြီး sms ပြန်ပို့လိုက်ရတယ်....။
ရင်ထဲမှာတော့ ပျော်လည်းပျော်၊စိတ်လည်းကြည်ကြည်နူးနူးလေး ဖြစ်သွားမိတယ်...။
ကျွန်တော်က အပေါင်းအသင်း မင်တတ်တဲ့သူပါ..။ဒါပေမယ့် တရင်တနှီးပေါင်းတဲ့သူငယ်ချင်းရယ်လို့ ဟိုးငယ်ငယ်
ကတည်းက ရှိလှတယ်မဟုတ်ပါဘူး...။မိတ်ဆွေအပေါင်းအသင်းများပေမယ့်၊အားလုံးနဲ့ ခင်ခင်မင်မင်ပေါင်းသင်း
ဆက်ဆံပေမယ့်၊ကိုယ့်ခံစားချက်၊ကိုယ့်ပြဿနာတွေကို ဆိုးတိုင်ပင်၊ကောင်းတိုင်ပင်ဆိုတာမျိုးတော့ မရှိခဲ့ဘူးဗျ။
ဒီရောက်လာတော့ ဒီမှာက ကျွန်တော့်သူငယ်ချင်းအပေါင်းအသင်းတွေကလည်း သိပ်မရှိလှ၊ရှိတဲ့သူတွေကလည်း
ကိုယ့်အလုပ်နဲ့ကိုယ်၊သူရို့အလုပ်နဲ့ သူတို့ဆိုတော့ တစ်ပတ်နေလို့ တစ်ခါတွေ့ဖြစ်ကြတာမဟုတ်ပါဘူး..။
ဆိုတော့ ဒီမှာ မလွဲသာလို့သာနေထိုင်၊လုပ်ကိုင်နေရတာ...၊လူကတော့ အင်မတန်မှ အထီးကျန်ဆန်ပါတယ်..။
ကိုယ့်မှာရှိတဲ့ပြဿနာတွေကိုလည်း တော်ရုံတန်ရုံနဲ့ ဘယ်သူ့ကိုမှ(အထူးသဖြင့် ကိုယ်ချစ်ခင်ရတဲ့သူတွေကို)
ဖွင့်ဟတိုင်ပင်လေ့မရှိတော့ တော်ရုံစိတ်ဓာတ်ကျစရာတွေ့တာနဲ့ မြန်မာပြည်ပြန်ပြေးချင်စိတ်တွေပေါ်လာတော့
တာပါပဲ...။
ငါ့ဘေးနားမှာ ဘယ်သူမှမရှိဘူး...၊အားလုံးက ငါ့ကို အဆင်ပြေနေတယ်ထင်နေကြတာ၊ငါ့ပြဿနာတွေကိုတော့
ဘယ်သူမှမသိကြဘူး.....ဆိုပြီး တစ်ယောက်တည်း အားငယ်စိတ်တွေ ဝင်နေတတ်ပါတယ်.....။တကယ့်တကယ်
မှာတော့ ဘယ်သူ့မှာမဆို အဆင်မပြေမှုလေးတွေ၊ပြဿနာလေးတွေ ရှိစမြဲပါ...။ဒါပေမယ့် သူတို့ပြဿနာတွေ
ကို ဖွင့်ဟတိုင်ပင်တဲ့အခါမှာ ကိုယ်တတ်နိုင်သလောက် အကြံညဏ်၊အကူအညီပေးနိုင်ခဲ့ပေမယ့်၊ကိုယ့်ပြဿနာ
တွေကို ဘယ်သူ့ကိုမှ ပြောမပြဖြစ်တဲ့အခါ၊သူတို့က ဘယ်လိုလုပ် သိနိုင်ပါ့မလဲခင်ဗျာ....။
ဒါကိုပဲ ကျွန်တော်က စိတ်ထဲမှာ ကိုယ့်ဘာသာ အားငယ်စိတ်၊အထီးကျန်စိတ်တွေနဲ့ လုံးထွေးရစ်ပတ်နေတော့
တာပါပဲ...။ ငယ်ငယ်က ရခဲ့တဲ့ စိတ်ဒဏ်တွေကြောင့်လည်း ပါတာပေါ့လေ...။တကယ့်တကယ်မှာတော့ မိတ်ဆွေ၊
သူငယ်ချင်းတွေဆိုတာ အရေးအကြောင်းဆို အားကိုးရတဲ့သူတွေ၊ကိုယ်နဲ့ထပ်တူ ခံစားပေးနိုင်တဲ့သူတွေ၊ကိုယ့်
မှာ အခက်အခဲတစ်စုံတစ်ရာရှိရင် ဝိုင်းဝန်းဖြေရှင်းပေးချင်တတ်ကြတဲ့သူတွေ ဆိုတာ ဒီ ဧပရယ်ဖူးလေးနဲ့အတူ
ကျွန်တော် သဘောပေါက်လာခဲ့ပါတယ်....။
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး...၊ကျွန်တော့်ဘေးမှာ (လက်တစ်ဖက်စာ အရေအတွက် နည်းနည်းလေးပဲ
ဖြစ်စေဦးတော့...)ကျွန်တော့် သူငယ်ချင်းတွေရှိတယ်လို့ ကြည်ကြည်နူးနူးလေး ခံစားလိုက်ရပါတယ်...။
ဒီအတွက် သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ရပါတယ်....။
စကားစပ်လို့ပြောရရင် ကျွန်တော်က တကယ်ဟုတ်ဘူး ဧပရယ်ဖူးလုပ်တာလို့ ပြန်ပြီး sms ပို့လိုက်တော့....
ညီမငယ်လေးလိုခင်ရတဲ့ တစ်ယောက်က “ ဟင်တကယ်မပြန်ဘူးလားကိုကြီး....၊သမီးက အိမ်ကို ရေခဲသေတ္တာ
လူကြုံထည့်ပေးလိုက်မလို့ဟာကို.....”တဲ့ဗျာ.....။E......ရေခဲသေတ္တာကြီးများ ထည့်ပေးလိုက်မှဖြင့်....တေပြီ....:)။

Sunday, March 27, 2011
ဗျူး
အင်သားမှာ ငပြူးထိုင်....(အဲလေ)အင်တာဗြူးရမယ်လို့ မိရွေမျိုးက ဆိုလာလေတော့ ဗျူးလိုက်ပါတယ်....:))))
မေး။ ။ကဲ..ကိုမောင်လေးရေ....ဗျူးခန်းလေးစကြရအောင်လာဗျာ...၊စဆို အဲဒီ မောင်လေး ဆိုတဲ့နာမည်ကပဲ
စရမှာပဲဗျ..၊မောင်လေးဆိုတဲ့နာမည်က နဲနဲခေါ်ရတာ ကို့ယို့ကားယားနိုင်သလားလို့...၊ဘာကြောင့် ဘယ်လို ဒီနာမည်ပေးဖြစ်ခဲ့ပါသလဲခင်ဗျ...။
ဖြေ။ ။နာမည်တွေနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားတာတော့အမှန်ပဲဗျ...။
ဘယ်သူတွေဘယ်လိုနာမည်ပဲပေးပေး၊ကျွန်တော့်ကိုလည်း ဘယ်လိုခေါ်ခေါ် စိတ်ထဲဘယ်လိုမှမနေဘူးဗျ...။
ဆိုတော့ ဘလော့လေးစရေးမယ်လုပ်တော့ ကိုယ့်ရှိတဲ့ နာမည်တွေထဲက လူသိအနည်းဆုံးနာမည်တစ်ခု ကို
ယူလိုက်တာပါပဲ။ကျွန်တော့်မှာကလည်း ငယ်နာမည်တွေ၊ကြီးနာမည်တွေက အများသားကလား...။အဲဒီနာမည်
တွေအကြောင်း နောင်ကြုံတော့ ပို့စ်တစ်ပုဒ်ရေးမယ် စဉ်းစားထားပါတယ်...။အင်း....ဒီနာမည်က ခေါ်ရတာ ကို့ယို့
ကားယားနိုင်တယ်ဆိုလို့ အမည်ပြောင်းမလားတောင် စိတ်ကူးမိပါတယ်...။စိတ်ထဲ အမည်တစ်ခုပေါ်လာတဲ့
တစ်နေ့ ပြောင်းတာပေါ့ဗျာ...:)
မေး။ ။ဟုတ်ပါပြီဗျာ....၊ဟုတ်ပါပြီ...။နောက်မေးချင်တာတစ်ခုက ဒီ ဘလော့လောကကြီးထဲ စတင်ဝင်ရောက်
လာပုံလေး......။
ဖြေ။ ။ဘလော့ ဆိုတာကို ၂၀၀၆၊၂၀၀၇ လောက်၊ မြန်မာပြည်မှာကတည်းက အင်တာနက် မဂ္ဂဇင်း၊ဂျာနယ်
တွေမှာ ဖတ်မိပါတယ်...။ဒါပေမယ့် သေသေချာချာ တော့ဘာမှန်းမသိခဲ့ပါဘူး။ဒီရောက်ပြီး ကိုယ့် ကွန်ပြူတာ
လေးနဲ့ ဟိုဟိုဒီဒီ လျှောက်ဝင်ကြည့်ရင်းက ဘလော့လောကကြီးထဲ မျက်စေ့သူငယ်၊နားသူငယ်နဲ့ ရောက်လာခဲ့
တယ်ဆိုပါတော့ဗျာ...။
စစချင်း ဖတ်မိတဲ့ ဘလော့က အစ်မမိုးချိုသင်းဘလော့ဗျ...၊သိပ်ဖတ်လို့ကောင်းလို့ အဟောင်းတွေကို ခုထိ မကြာ
မကြာ သွားဖတ်မိတုန်း....၊ပြီး ကိုကြီးကျောက်ရဲ့ သရဲပို့စ်တွေ....။အဲဒီနောက်တော့ တွေ့သမျှ၊လက်လှမ်းမှီသမျှ
ဘလော့တွေအကုန်ဖတ်ဖြစ်ပါတော့တယ်....။
ဘလော့လေးစပြီး လုပ်တော့ ဘယ်သူ့ကိုမှလည်းမပြောတော့ ဘယ်သူကမှလည်း မကူညီနိုင်ကြပါဘူး...။
စစရေးခြင်းပို့စ်မှာပဲ အစ်မချစ်တို့၊အစ်မငယ်နိုင်တို့ ကအားပေးကြ လိုတာလေးတွေ ပြောပြကူညီကြပါတယ်...။
ဟိုးမြန်မာပြည်က နှင်းမိုးဆိုတဲ့ ညီမငယ်လေးကလည်း အကြံညဏ်လေးတွေ ပေးပါတယ်...၊ခုတော့ဒီကလေးမ
လည်း ဘာမှမရေးပဲပျောက်နေလေရဲ့...။နောက်ပြီး လိုတာလေးတွေကို ကေပီသရီးမိသားစုကနေရယူရပါတယ်။
ဒီအတွက် အားလုံးကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း......။
မေး။ ။လတ်တလောမှာအကြိုက်ဆုံး နဲ့ အဖတ်ဖြစ်ဆုံး ကရောဗျ....။
ဖြေ။ ။လတ်တလော အကြိုက်ဆုံးဘလောေ့တွေကတော့ Zephyr ရဲ့ The Gardener ၊နောက် တေဇာ ရဲ့ လရောင်လမ်း၊နောက် မောင်မျိုး ညွှန်းလို့ သွားဖတ်ဖြစ်ပြီး အတော်သဘောကျမိတဲ့ သက်ထွေး ရဲ့ ကိုယ့်ကိုကိုယ်
ပြန်မျှားခြင်း၊ပြီး...တိတ္ထိ ရဲ့ တိတ္ထိကိုဖတ်ပြီး အတော်ကြိုက်သွားမိတဲ့ ကောင်းကင်ကို....၊
အဲ...အဖတ်ဖြစ်ဆုံးဘလော့ကတော့ နာမည်ကျော် ဘလော့စလစ်ဗျစ်တီ အစ်မကွန်ပဲဗျ....:))))
မေး။ ။ဘလော့ဂါတွေ စာရေးရခြင်းရဲ့ ရည်ရွယ်ချက်တွေက အမျိုးမျိုးအဖုံဖုံပဲဗျ...။ကိုမောင်လေးရဲ့ ရည်ရွယ်
ချက်ကရော.....
ဖြေ။ ။ဟုတ်ပါတယ်....။တချို့ဘလော့ဂါတွေက သူတို့ဆီရောက်လာတဲ့ သူတွေကို အကျိုးတစ်စုံတစ်ရာ ရသွား
စေချင်ကြပါတယ်...။တချို့ကျတော့လည်း ကိုယ်ရေးချင်တာရေးတာ၊ဖတ်ချင်ဖတ်၊မဖတ်ချင်နေ ဆိုတာမျိုး....၊
တချို့ကျတော့ နဂိုကကို စာရေးစာဖတ်ဝါသနာပါလွန်းလို့ စာတွေ၊ကဗျာတွေ ရေးကြတာ...။
အင်း....ကျွန်တော်ကတော့ စာဖတ်သူအကျိုးရှိမယ့်စာမျိုးလည်း သိပ်မရေးတတ်ပါဘူး၊ကိုယ်ရေးချင်တာ ရေးတာ
ဖြစ်ပေမယ့် ဖတ်ချင်ဖတ်၊မဖတ်ချင်နေ ဆိုတဲ့ သဘောမျိုးလည်း မရှိပါဘူး၊ကိုယ့်ရင်ထဲက ခံစားချက်လေးတွေ၊
အတွေးအမြင်၊အတွေ့အကြုံလေးတွေကို မျှဝေတဲ့သဘော၊အများဖတ်လို့ရမယ့် ဒိုင်ယာရီ သဘောပါပဲ...။
မေး။ ။ပို့စ်တစ်ပုဒ်ချရေးပြီး တင်လိုက်လို့ ရလာတဲ့ခံစားချက်အကြောင်း ပြောပါဦး....။
ဖြေ။ ။ပို့စ်တစ်ပုဒ်ရေးပြီး တင်လိုက်ရတာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် သူ့ရင်သွေးငယ်လေးကိုအောင်
အောင်မြင်မြင် မွေးဖွားသန့်စင်လိုက်ရသလိုပါပဲ...။ရေးနေဆဲအချိန်မှာတော့ ကိုယ်ဆိုလိုချင်တာကို ပေါ်လွင်
အောင် မနဲကိုဖြစ်ညှစ်ပြီးရေးရတာကလား....။ရေးပြီးလို့ တင်လိုက်ပြီးချိန်မှာတော့ ကိုယ့်စာလေး ကိုယ်ပြန်ဖတ်
ပြီး ကျေနပ်နှစ်သိမ့်မှုကို ခံစားရပါတယ်...။ကိုယ့်ရင်သွေးလေးက သူများလောက်မလှပေမယ့်၊ကိုယ်လက်အင်္ဂါ
လည်းစုံကောင်းမှစုံမှာဖြစ်ပေမယ့် မိခင်အတွက်တော့ ချစ်ရ၊မြတ်နိုးရသလိုပါပဲ....။
မေး။ ။ဘာအကြောင်းကို အရေးချင်ဆုံးပါလဲ.....
ဖြေ။ ။ရသဝတ္ထုတို၊ရှည် တွေပါ....။အရင်ကတည်းက စာရွက်ပေါ်မှာ၊စိတ်ကူးထဲမှာ ဝတ္ထုဇာတ်လမ်းလေးတွေ
ချရေးလေ့၊စိတ်ကူးလေ့ရှိပါတယ်...။ခက်တာက အဆုံးထိမရောက်နိုင်တာပါပဲ....:D။တတ်နိုင်သရွေ့တော့ ရေး
ဖြစ်အောင်ရေးကြည့်မယ်လို့တော့ စိတ်ကူးရှိပါတယ်....။
မေး။ ။ကွန်မန့်လေးတွေနဲ့ စာဖတ်သူတွေအကြောင်းပြောပါဦး...
ဖြေ။ ။အင်မတန်မှ နည်းပါတယ်ဗျ....။လာဖတ်တဲ့သူတွေ၊မှတ်ချက်လေးတွေပေးသွားတဲ့သူတွေကလည်း
အများစုက ဘလော့ဂါရီဒါတွေပါ....။လူသိနည်းတာမှာကောင်းတာတစ်ချက်တော့ရှိသဗျ...၊ဘာလဲဆိုတော့
အဆဲအဆိုခံရခြင်းကလွတ်ကင်းတာပါ...:P။ကျွန်တော်လည်းတတ်နိုင်သလောက် ပြန်လည်ပတ်ပြီး မှတ်ချက်
လေးတွေပေးဖြစ်ပါတယ်....။ဒါပေမယ့် ကိုယ်ဆိုလိုချင်တာကို တိုရှင်းလိုရင်းမပြောတတ်လေတော့ တချို့
အကြောင်းအရာလေးတွေမှာ မှတ်ချက်ပေးချင်ပေမယ့် တိတ်တိတ်လေး ပြန်လှည့်သွားမိတာမျိုးလည်းရှိသပေါ့။
မေး။ ။နောက်ဆုံးအနေနဲ့ ပိတ်သက်ကြီးကို ဘာများပြောချင်ပါသလဲ....။
ဖြေ။ ။ထွေထွေထူးထူးတော့ရှိပါဘူးဗျာ....၊မအားရင် ပျောက်နေမှာဖြစ်ပြီး အားရင်အားသလို ရောက်လာပါ့
မယ်......လို့....။

Thursday, March 24, 2011
တစ်ရာသီစာနောက်ကျပြီးမှ ရောက်လာတဲ့ ဆောင်းရာဇဝင်
အချစ်ဆိုတာ ငါ့အတွက်တော့ တစ်ရာသီစာနောက်ကျပြီးမှ
ရောက်လာတဲ့ ဆောင်ရာသီမနက်ခင်းတစ်ခုပါ.....
ပရမ်းပတာဖြစ်ရပ်တွေ အစီအစဉ်တကျဖြစ်နေတတ်တဲ့
ဟောဒီဘဝထဲမှာ....
ငါ့ရင်ထဲကို မင်းဝင်ရောက်လာပုံက
အစီအစဉ်တကျ ကို ပရမ်းပတာနိုင်လွန်းလှချည်ရဲ့.....။
နံနက်ခင်းမှာမှထွက်လာမိတဲ့ လ လိုမျိုး....
ငါ့ရင်ထဲက ချစ်ခြင်းတွေမှာ
မင်းသတိတရရှိစရာ ဘာမှမရှိဘူးဆိုတာ....
သေရာပါသွားခဲ့ပါပြီကော.....။
စိတ်မှန်ကိုပြန်ကြည့်တိုင်း မြင်ရတဲ့ နှလုံးသားအမာရွတ်တစ်ခုမှာ
အလွမ်းတွေက အုပ်အော်သောင်းတင်းပါလား ဟန်နီ....။
တမေ့မောမောကြည့်မိခဲ့တဲ့ မင်းရဲ့မျက်တောင်ရှည်ရှည်တွေအောက်က
ရေခဲရိုက်မျက်ဝန်းတစ်စုံအကြောင်းကို မနှောင်းခင်ကတည်းက သိခဲ့ပြီးသားပါ
လူမိုက်တစ်ယောက်ရဲ့ ကိုယ်တိုင်ရေး ပုရပိုဒ် မှာ
ကြက်ခြေခတ်တွေ ရဲပတောင်းခတ်နေမှတော့...
ဘာနဲ့များ နှစ်သိမ့်ရဦးမှာတဲ့လဲ....။
ဆောင်းဦးရေ....
ဖိုသီဖတ်သီနဲ့တော့ မအေးပါနဲ့လားကွယ်....
အဖျားခတ်ရုံနဲ့ နှလုံးသားတွေ ခိုက်ခိုက်တုန်နေပါပြီ....။
တစ်ရာသီစာနောက်ကျပြီးမှရောက်လာတဲ့ ဆောင်းဦးရဲ့လေထန်လေရိုင်းတွေကြားမှာ...
ကြေကွဲနှလုံးသားတစ်ခုကို သူ့ကံအလျောက်ထားခဲ့ပါတော့ ဟန်နီ.....။

Monday, February 28, 2011
ဘန်ကောက် ဘုရားဖူး
အစကတော့ မျောလွင့်နေတဲ့သူ ၁,၂,၃....အစရှိသဖြင့်ရေးမလို့ပါပဲ...။သို့ပေမယ့် ဒီရက်ပိုင်းမှာ ဘာမှမလုပ်ချင်၊
မကိုင်ချင်ဖြစ်နေတာကတစ်ကြောင်း၊ကျွန်တော့်ကွန်ပြူတာကပဲလား၊ကွန်နက်ရှင်ကပဲလားတော့မသိ ဒါ့ပုံတွေ
တင်ရင် တင်မရပဲ အရမ်းနှေးကွေးလေးလံ နေတာကြောင့်ရော ဆက်တိုက်မတင်ဖြစ်ခဲ့ပါဘူး...။
ဆက်တိုက်မတင်နိုင်တဲ့အတူတူ နာမည်ကိုလည်း သက်သက်စီပဲပေးလိုက်ပါတယ်....။
ဘန်ကောက်မှာနေ့ဘက်တွေမှာ အများဆုံးလုပ်ဖြစ်တာကတော့ ဘုရားဖူးထွက်ဖြစ်ပါတယ်...။
လေးရက်မှာ သုံးရက်က ဘုရားဖူးဖြစ်ပါတယ်...။(နေ့ဘက်မှာ ဘုရားဖူးတယ်ဆိုတော့ ညဘက်မှာ လိပ်ဥတူးထွက်
သလားမမေးပါနဲ...:)))
ဘုရားရှင်ရဲ့ မျက်နှာတော်ကို ဖူးမြင်ရတာ ဘယ်နိုင်ငံက ဘယ်လိုရုပ်ပွားတော်ပုံပဲဖြစ်ဖြစ် အေးချမ်းလှပါတယ်....။
ခုတင်လိုက်တဲ့ ဘုရားရှင်ရဲ့ရုပ်ပွားတော်ပုံတွေက ဘယ်ရုပ်ပွားတော်က ဘယ်နေရာ၊ဘယ်စေတီ၊ဘယ်ကျောင်း
ကဆိုတာ မမှတ်မိတော့ဘူးခင်ဗျ၊အကုန်ရောထွေးကုန်ပါတယ်...:)။ဆိုတော့ ဘယ်ရုပ်ပွားတော်က ဘယ်က
ဆိုတာ လေဘယ်မထိုးနိုင်တာ ခွင့်လွှတ်ပါကုန်....:)
သေချာတာက မြဘုရားပုံတော်တော့မပါဘူးခင်ဗျ။မပါဆို ဒါ့ပုံရိုက်ခွင့်မပြုလို့ပါ..:)

ဒီစေတီကိုတော့မှတ်မိတယ်ခင်ဗျ။ ကျောက်ဖယားမြစ်တစ်ဖက်ကမ်းက Wat Arun (Tample of the Dawn)ပါ။
ဒီစေတီကို ဖူးရတော့ ပုဂံကိုတောင် သတိတရ နဲ့ လွမ်းမိသေး...:(

ွ

Subscribe to:
Posts (Atom)