Wednesday, May 4, 2011

လတ်တလော အဖြစ်ချင်ဆုံးဆန္ဒတွေ နှင့် ဖြစ်နေတာတွေ

(၁) အစားချင်ဆုံးအစားအစာ - ငခူငပိချက်နဲ့ဇရစ်ရိုး၊ရုံးပတီ၊ခရမ်းသီးပေါက်စ၊ဘူးသီးနုနု ပြုတ် တို့စရာတွေ

(၂)နေ့တိုင်းစားဖြစ်တဲ့အစား - မနက်ဆို ပလာတာနဲ့ကာလီ၊ညနေဆို ခေါက်ဆွဲပြုတ်

(၃)အလိုချင်ဆုံးရေမွှေး - ရှိဘူး (၄)သုံးဖြစ်နေတဲ့ရေမွှေး -ရေမွှေးမသုံးပါခင်ည

(၅)အလိုချင်ဆုံးမွေးနေ့လက်ဆောင် - သိပ်အဖိုးမတန်တဲ့ အမှတ်တရပစ္စည်းပေါက်စလေးတွေ

(၆)အလိုချင်ဆုံးဖုန်း -Sony Ericsson Vivaz pro လေးပါ

(၇)သုံးဖြစ်နေတဲ့ဖုန်း - iphone 4

(၈)အရူးသွပ်ဆုံးအရာ - မော်တော်ဆိုင်ကယ် နဲ့ ခွေး

(၉)အနီးစပ်ဆုံးဂီတ - ပါးစပ်ကနေ တူနယ်....တယ်နယ်...လောက်ပဲနီးစပ်တာကလား

(၁၀)အလိုချင်ဆုံးစာအုပ် - ဂျူးရဲ့နောက်ဆုံးထုတ်အသစ် နဲ့ မြသန်းတင့်ရဲ့ ခန်းဆောင်နီအိပ်မက်

(၁၁)အခုဖတ်ဖြစ်နေတဲ့စာအုပ် - မောင်သာရ ရဲ့ ကျဉ်တုတ်ခံဝံမခံဝံ

(၁၂)အကြားချင်ဆုံးစကား - တူလေး(ဒါမှမဟုတ်)တူမလေး ရပြီဆိုတဲ့ သတင်းစကား (အင်း...........ကိုယ်တိုင်မစွံတော့လည်း.....:(( )

(၁၃)အဖြစ်ချင်ဆုံးဆန္ဒ -ခြံလေးတစ်ခြံ၊ခွေးလေးတစ်ကောင်၊အိမ်သေးသေးလေးတစ်လုံးနဲ့ အေးအေးဆေးဆေး စာတွေရေးချင်တာ

(၁၄)အလိုချင်ဆုံးဆု - ရှစ်တန်းကျောင်းသားဘဝက ဝင်ပြိုင်ဖူးတဲ့ နိုင်ငံတကာခရီးသွားနှစ် စာစီစာကုံးဆု
(အဲ့တုန်းက ဝင်ဖြေသူ၃ယောက်ပဲရှိတာ....ပထမနဲ့ ဒုတိယ ရတဲ့စာစီစာကုံးကို တိုင်းကိုတင်ပေးမှာတဲ့၊ကျွန်တော်
က တတိယ....၊စိတ်အတော်နာထှာ...၊ကိုယ့် ကို ကိုယ်ပြောပါတယ်....:))

(၁၅)အသွားချင်ဆုံးနေရာ - မြန်မာပြည်အနှံ၊ဂျပန်၊ကိုရီးယား၊ကမ္ဘောဒီးယား

(၁၆)သွားဖြစ်နေတဲ့နေရာတွေ - East coast ကမ်းခြေ

(၁၇)အကြည့်ချင်ဆုံးရုပ်ရှင် - ဟယ်ရီပေါ်တာ နောက်ဆုံးဇာတ်လမ်း၊ဇာတ်သိမ်းပိုင်း

(၁၈)အပြောချင်ဆုံးစကား - ကိုကိုးနဲ့တူတူပဲ ငါ....အရမ်းအထီးကျန်တယ်

(၁၉)အယုံကြည်ဆုံးလူသား - ရာနှုန်းပြည့်ယုံတဲ့သူရှိတော့ဘူး၊ဒါပေမယ့် ဒေါ်စုကိုတော့ ယုံတယ်

(၂၀)မယုံကြည်ဆုံးအရာ - ကျွန်တော့်စိတ်နဲ့ ကျွန်တော့်ကိုယ်

(၂၁)အမုန်းဆုံးအရာ - ဟိုလူကြီး...အဲ....ဘွာတေး စဉ်းစားမိသလောက်အမုန်းဆုံးအရာရယ်လို့ရှိဘူးဗျ

(၂၂)အသောက်ဖြစ်ဆုံးအအေး - ကိုကာကိုလာ

(၂၃)လတ်တလောအထိတွေ့ဆုံးအရာ- ကွန်ပြူတာနဲ့ ဖုံး

(၂၄)မကောင်းတဲ့ကျန်းမာရေး - စိတ်

(၂၅)အကောင်းဆုံးအဖော် - သီချင်းတွေနဲ့ ဘလော့လေးပါ

(၂၆)လက်ရှိအကြိုက်ဆုံးသီချင်း - Michel Jackon ရဲ့ You are not alone နဲ့ မျိုးကြီး ရဲ့ လက်ခံပေးပါ

(၂၇)အကြောက်ဆုံးအလုပ် - ပိုက်ဆံချေးရတဲ့၊ချေးရမယ့် အလုပ် :D

(၂၈)တန်ဖိုးအထားဆုံးအရာ - ချစ်ခြင်းမေတ္တာပေါ့

(၂၉)ကြောက်ဆုံးတိရိစ္ဆာန် - ကင်းခြေများ (ကြည့်ရတာ လမ်းအတော်များတဲ့သတ္တဝါပဲ.....:))

(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ- အွန်လိုင်းမှာတော့ အစ်မရွေစင်၊မောင်မျိုး၊နတ်ဆိုးလေး နဲ့ ကိုလတ်

(၃၁)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ဖုံးနဲ့ ပိုက်ဆံအိပ်

(၃၂)စိတ်အညစ်ဆုံးအချိန် - ပတ်စပို့စာအုပ်သက်တမ်းတိုးကာနီး :D

(၃၃)အနေချင်ဆုံးနေရာ - အမေ့အိမ်

(၃၄)ကြားလိုက်မိတဲ့ဟာသာလေးတစ်ခု- မြန်မာပြည်မှာ အစိုးရပြောင်းလို့ အင်တာနက်ကွန်နက်ရှင်တွေကောင်း

တော့မယ်တဲ့.....:D

(၃၅)ပေးချင်တဲ့သတင်းတစ်ခု -ဝမ်းနည်းစရာတွေချည်းမို့လို့ ပြောတော့ဘူးနော်.....:(

(၃၆)အပျော်ဆုံးဖြစ်မယ့်အချိန် - မြန်မာပြည်ပြန်တဲ့အချိန်

တလောကပျောက်နေတဲ့ မိုးကုတ်သား ကိုကိုးအိမ် တစ်ယောက်....ဖြစ်ချင်တာတွေ၊ဖြစ်နေတာတွေ နဲ့အတူ
ပြန်ပေါ်လာပါတယ်...၊သူတဂ်တာနဲ့ ကျွန်တော်လည်းရေးစရာမရှိဖြစ်နေတာနဲ့အတော်ပဲရယ်...။

ကဲ...ကျွန်တော်လည်း မောင်မျိုး(ကျွန်တော့်ဘဝဇတ်ခုံ)၊ကိုလတ်(အလင်းစက်များ) တို့ကို ဆက်ပြီးတဂ်ပါတယ်။
ပေါ့ပေါ့ပါးပါးလေးတွေမို့လို့ပါ...၊

Tuesday, May 3, 2011

မရီဖြစ်တောင် ပြုံးဖြစ်အောင်ပါ

တစ်ခါတစ်ရံ ကျွန်တော်တို့ဘဝမှာ အခက်အခဲတွေ၊ဝမ်းနည်းကြေကွဲရခြင်းတွေ၊မိသားစုပြဿနာတွေ၊စိတ်ညစ်
စရာတွေ နဲ့ကြုံဆုံရတတ်ပါတယ်....။ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ အများသူငါတွေပါ ဒီလိုအခက်အခဲတွေနဲ့
ရင်ဆိုင်ရစမြဲပါ။ဒီလိုဘဝအမောတွေက တစ်ခဏတာပုန်းခိုနိုင်ဖို့၊နဲနဲလေးဖြစ်ဖြစ်၊ခဏလေးဖြစ်ဖြစ် ပေါ့ပါးစေ
နိုင်ဖို့အတွက် မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာထဲက ကောင်းနိုးရာရာလေးတွေ ဝေမျှလိုက်ပါတယ်....။
အားလုံးဖတ်ပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။ဘာပဲဖြစ်ဖြစ် မရီဖြစ်တောင်ပြုံးမိမယ်ဆို ကျေနပ်မှာပါ...။

<<<<<<<<<<<<<>>>>>>>>>>>>>

မေမေ့အတွက်

မိခင်ဖြစ်သူ၏မွေးနေ့တွင် သားငယ်ဖြစ်သူက လတ်လတ်ဆတ်ဆတ်နှင်းဆီပွင့်များကို မွေးနေ့လက်ဆောင်အဖြစ်
ယူလာပေးရာ အမေလုပ်သူကမေးလေ၏

“ကျေးဇူးပါပဲသားရယ်....၊ဒါနဲ့ဒီပန်းတွေသား ဘယ်ကခူးလာခဲ့လဲ...”

“တစ်ခြံကျော်က အန်ကယ်မက်ဒရူးဆီကပါ....”

“သားခူးလာတာရော သူသိရဲ့လား....”

သိတာပေါ့မေမေ...၊သူသိလို့ သားနောက်တောင်အပြေးလိုက်လာသေးတာပဲ....”

(ကဲ...ကျွန်တော်တို့လည်း ကျွန်တော်တို့မေမေ့မွေးနေ့မှာ နှင်းဆီပန်းလေးတွေပေးကြရအောင်လား....၊ဈေးက
ဝယ်တာတော့ဖြစ်ပစေပေါ့ဗျာ....နော့....)

<<<<<<<<<<<>>>>>>>>>>>>>

ဖေဖေ့အပေါ်မူတည်တယ်

“သားလေး...မေမေဈေးသွားနေရင် သား ဘာလုပ်ကျန်ရစ်ခဲ့မလဲကွယ့်.....”

“သား အိမ်ဖော်မခင်ပုနဲ့ဖြစ်ဖြစ် မော်တော်ကားနဲ့ဖြစ်ဖြစ် ကစားနေမှာပေါ့မေမေ....”

“အို..ဟုတ်လား...ဒါဖြင့် ဒီနေ့မေမေဈေးသွားရင် သား ဘာနဲ့ကစားမလဲကွယ်....”

“ဒါကတော့ ဖေဖေ့အပေါ်မူတည်တာပဲမေမေရဲ့.....”

(မေမေတို့ခင်ဗျား....ကိုယ့်သားသားမီးမီးကို ကိုယ်ဈေးသွားချိန်မှာဘယ်လိုကစားသလဲဆိုတာမေးကြနော်....၊
ဖေဖေတို့ကလည်း မော်တော်ကားနဲ့ပဲကစားကြပါလို့.....)

<<<<<<<<<<<<<>>>>>>>>>>>>>

ယောင်္ကျားစောပြန်လာလို့

မျက်လုံးနှစ်ဘက်လုံးယောင်ကိုင်လျက်ရုံးရောက်လာသော နေရီ့ကို လုပ်ဖော်ကိုင်ဖက်များကဝိုင်းမေးကြသည်။

“ ဘယ်လိုဖြစ်ရတာလဲမေရီရယ်.....”

“ယောင်္ကျားထိုးလိုက်တာလေ....”

“ရက်စက်တဲ့ယောင်္ကျားပါလား...၊ဒါနဲ့ယူ့ယောင်္ကျား ခရီးထွက်သွားတယ်ဆို....”

“ ဟုတ်တယ်လေ...သူတစ်ရက်စောပြန်လာလေရဲ့......”

(ခက်တာပဲဗျာ....၊ဒီလူ့နှယ်....စောလည်းပြန်လာသေး၊မိန်းမကိုလည်းထိုးသေး.....)

<<<<<<<<<<<<<>>>>>>>>>>>>>

အသားထဲကလောက်ထွက်

ဟောပြောပွဲတစ်ခုတွင် လင်မယားများကြားတွင် သစ္စာဖောက်မှု၌ ရုပ်ရှင်မင်းသား၊မင်းသမီးများသည် အများဆုံး
ဖြစ်ကြောင်း၊အားကစားသမားများက ဒုတိယနှင့် သင်္ဘောသားများက တတိယလိုက်ကြောင်း ဟောပြောလေ၏
ဤတွင် သင်္ဘောသားတစ်ဦးက သူသင်္ဘောလိုက်နေသည်မှာနှစ်နှစ်ဆယ်ရှိပြီဖြစ်ကြောင်း သူ့ဇနီးအပေါ်တစ်ခါမှ
သစ္စာမဖောက်ခဲ့ကြောင်း စောဒကတတ်လေ၏

ထိုအခါ သူ့ဘေးမှသင်္ဘောသားများက “မင်းလိုကောင်မျိုးတွေကြောင့် ငါတို့နောက်ဆုံးအဆင့်ရောက်နေရတာ”
ဟုဝိုင်းပြောကြသောဟူလို.....။

(ဟုတ်ကဲ့...ကိုရွေသင်္ဘောသားများခင်ဗျား....သူများနောက်ကတော့အဖြစ်မခံကြပါနဲ့လား....)

<<<<<<<<<<<<<>>>>>>>>>>>>>

ငါကြောက်လို့

ခွဲစိတ်ခန်းထဲမှကြောက်လန့်တကြားထွက်ပြေးသောလူနာကို ဆရာဝန်ကြီးက ပြစ်တင်စကားပြောလေသည်။

“ခင်ဗျားဘာလို့ထွက်ပြေးရသတုန်း....”

“နာစ်မလေးက ဘာမှကြောက်စရာမလိုဘူး အူအတက်ခွဲတာလွယ်လွယ်လေးလို့ပြောလို့ပါ....”

“သူပြောတာမှန်သားပဲ....”

“သူပြောတာက ကျွန်တော့်ကိုခွဲမယ့် ဆရာဝန်လေးကို ခင်ဗျ....”

(အေးဗျာ....ဆြာဝန်ပေါက်စလေးနဲ့တွေ့ရတဲ့အခါ ကျွန်တော်လည်းထွက်ပြေးမှာရယ်....)

<<<<<<<<<<<<<>>>>>>>>>>>>>

အရက်ကြောင့်ပဲ

“ဆရာ...ကျွန်တော့်အူကျရောဂါက အရက်ကြောင့်ပဲလားဟင်....”

“ဖြစ်နိုင်တယ်....၊ခင်ဗျားအရက်ပုလင်းခွံတွေသွားရောင်းတော့ အလေးအပင်မသလိုဖြစ်သွားတာကိုး....”

(ကဲ...ယမကာလုလင်များခင်ဗျား...သောက်ပေမယ့် ပုလင်းခွံတော့ကိုယ်တိုင်သွားမရောင်းမိစေနဲ့နော်....)

<<<<<<<<<<<<<>>>>>>>>>>>>>

ကြောင်လမ်းပြ

“တစ်နေ့က မိန်မက အိမ်ကကြောင်ကို တောထဲသွားပစ်ဆိုလို့သွားပစ်လိုက်တယ်.....”

“ကြောင်ပြန်မလာတတ်တော့ဘူးမဟုတ်လား....”

“ဘာ...ပြန်မလာတတ်ဘူး....ဟုတ်လား....၊သူ့နောက်ကသာ လိုက်မလာရင် ကျုပ်တောင်အိမ်ပြန်ရောက်မှာ
မဟုတ်ဘူး....၊ကျုပ်လမ်းမမှတ်မိတော့ဘူးလေ.....”

(ဒါကတော့ ကိုလတ်အတွက်သီးသန့်ပဲဗျ...၊ဒီလူ အိမ်မှာကြောင်တွေများနေလို့ တောထဲသွားပစ်မယ်ချည်းပြော
နေတာကလား....)

<<<<<<<<<<<<<>>>>>>>>>>>>>

ပေါ်ခဲ့တဲ့ဆန္ဒ

နှစ်ငါးဆယ်မြောက် မင်္ဂလာနေ့ပွဲကို အဖိုးနှင့်အဖွား ကျင်းပကြရာ မြေးများက အဖိုးကိုဝိုင်းမေးကြသည်။

“အဖိုး....အဖိုးနှင့်အဖွားဒီလောက်ပေါင်းသင်းလာတာ တစ်ခါမှ ကွာရှင်ချင်စိတ်မပေါ်ခဲ့ဘူးလား...”

“ကွာရှင်းဖို့....ဟုတ်လား...အဲ့လိုတော့မပေါ်ခဲ့ပါဘူးကွယ်....၊ဒါပေမယ့် မင့်အဖွားကိုတော့ လည်လှီးပစ်ချင်စိတ်
ခဏခဏတော့ပေါ်ခဲ့တယ်ကွ....”ဟူလို......။

(ကျွန်တော့်အကိုတွေ၊ညီတွေလည်း အဲ့လိုဆန္ဒမျိုးများပေါ်ခဲ့ကြသလားဗျဟင်.....)

<<<<<<<<<<<<<>>>>>>>>>>>>>

မျှော်လင့်ချက်ကင်းတဲ့ဘဝ

မြင်းတစ်ကောင်က တစ်ခြားမြင်းတစ်ကောင်ကိုပြောပြနေသည်။

“ငါ့သခင်က တကယ့်ခေါင်းပုံဖြတ်သမားတစ်ယောက်ပဲကွာ....၊မိုးလင်းကမိုချုပ်ခိုင်းနေတော့တာကလား....”

“ဒါဆို တိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့ကိုစာရေးတိုင်ပါတော့လား....”

“မဖြစ်ဘူးကွ....၊ငါစာရေးတတ်တာသူသိသွားရင် သူ့ရုံးမှာပါခိုင်းနေတာမှာဟ....”တဲ့လေ.....။

(ရှင်ကျားပူမှာ အလုပ်ရှင်ကများမတရားခိုင်းရင် MOM ကိုသွားမတိုင်ကြနဲ့နော်....တော်ကြာ သူဌေးက သူ့ရုံးမှာ
ပါခိုင်းနေဦးမှာ.....)

<<<<<<<<<<<<<>>>>>>>>>>>>

ဆန်ပြုတ်မှန်မှန်သောက်ပါတော့လား

မိခင်ဖြစ်သူက သားငယ်လေးကိုနံနက်စာအဖြစ် ဆန်ပြုတ်တိုက်ရာ၊သာဖြစ်သူက မသောက်ချင်ဘူးဆိုကာအင်
တင်တင်လုပ်နေသည်။မိခင်ဖြစ်သူလည်း စိတ်မရှည်တော့ပဲ သားဖြစ်သူကို ဇွန်းဖြင့်ခေါက်လေ၏

ထိုအခါ ဖခင်ဖြစ်သူက “ ဟဲ့ကလေးကိုဒီလိုလုပ်ရသလား...”ဟုမာန်မဲကာ သားဖြစ်သူကိုချော့လေ၏။နား နားသို့
လည်းကပ်ခါစကားတစ်ခွန်းတိုးတိုးလေးပြောလိုက်လေ၏

ဖခင်ဖြစ်သူပြောသောစကားကိုကြားသောအခါ သားလေးလည်း ဆန်ပြုတ်ကိုချက်ချင်းကုန်အောင်သောက်ပြီး
ကျောင်းသို့သွားလေတော့သည်။

နှစ်ယောက်တည်းကျန်ခဲ့သောအခါ မိန်းမက ယောင်္ကျားကိုမေးလေ၏

“ဘယ်တုန်းကမှဆန်ပြုတ်မကြိုက်တဲ့ကလေးကို ချက်ချင်းဆန်ပြုတ်သောက်ချင်လာအောင် ရှင်ဘာများပြော
လိုက်သတုန်း....”

“ အော်....သားဆန်ပြုတ်မှန်မှန်မသောက်ရင် သားရဲ့ဖွားဖက်တော်လေးက ဘယ်တော့မှကြီးလာမှာမဟုတ်ဘူး
လို့ပြောလိုက်တာပါ...”

မိန်းမဖြစ်သူ အတန်ကြာတွေဝေသွား၏။နောက်ယောင်္ကျားဖြစ်သူကို ဇွန်းဖြင့်ခေါက်လိုက်သည်။

“ဟ...ဘယ်နှယ်..ငါ့ကိုဇွန်းနဲ့ခေါက်ရသတုန်း...”

“ငယ်ငယ်က ဆန်ပြုတ်မှန်မှန်မသောက်ခဲ့လို့......”

(ကဲ...ဆရာတို့ရော...ငယ်ငယ်က ဆန်ပြုတ်မှန်မှန်သောက်ခဲ့ရဲ့လား....၊မသောက်ခဲ့လို့ကတော့ ဇွန်းစာမိမယ်မှတ်......)


(စိတ်ညစ်နေတဲ့ ညီတစ်ယောက်အတွက် ရည်ရွယ်ပါတယ်.......)

Thursday, April 28, 2011

အမည်သညာ ခေါ်စရာကား.......

“အမည်သညာ....ဘာအရေးပါလိမ့်.....၊နှင်းဆီကို ဘယ်အမည်ပေး....မွှေးမပျက်ပါ.....” တဲ့.......။ရှိတ်စပီးယား
လား၊ဘယ်သူလဲမသိ...၊ရေးခဲ့တာလေး ဖတ်ဖူးခဲ့ပါတယ်....။ဟုတ်ပါတယ်...။အမည်သညာကား ဘာအရေးလဲပါ
ပါသလဲ...။စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန် ကလွဲလို့ကျန်တာတွေအကုန်လုံးက ပညတ်တွေပဲမဟုတ်ပါလားခင်ဗျ...။
သို့ပေမယ့် ဘယ်သူပဲ၊ဘယ်ဝါပဲရယ်လို့ ခေါ်ရလွယ်အောင် အမည်ပညတ်တော့ရှိရပေတာပေါ့ဗျာ...နော့...။

ဆိုတော့ လူရယ်လို့ဖြစ်လာရင် အမည်သညာခေါ်စရာတော့ ရှိပေတော့မပေါ့...။တချို့ကျတော့ ခပ်ဆန်းဆန်း၊
တချို့ကျတော့ခပ်ရိုးရိုး၊တချို့၊တချို့များတော့ တစ်လုံးတည်း၊တချို့ကျတော့လည်း ရှည်လျားထွေပြားပေသကိုး။
အဲ့အမည်ကအရေးကြီးသလားဆိုတော့အရေးကြီးတယ်တော့မဟုတ်ပေဘူး...။ဒါပေမယ့်.....၊ဟုတ်ကဲ့...။ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း အမည်ပညတ်တို့က အရေးပါလာပြန်ရော...။ အဲ..စကားစပ်မိလို့ပြောရဦးမယ်...၊
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့အဖေ့အမည်က ဦးရွေသန်းတဲ့....၊အဲဒီ ဦးရွေသန်းရဲ့ ညီကဦးရွေသီးတဲ့ဗျ...၊
သူ့မှာလည်းသမီးတစ်ယောက်၊သားတစ်ယောက်ရှိတယ်....၊ကျွန်တော့်သူငယ်ချင်းနဲ့မောင်နှမဝမ်းကွဲတွေပေါ့...၊
ကျွန်တော်နဲ့လည်းသူငယ်ချင်းတွေပါပဲ....၊သူတို့အဖေဦးရွေသီးကအင်မတန်မှဒေါသကြီးသဗျ...၊လွန်ခဲ့တဲ့လေးနှစ်
လောက်ကရုပ်မြင်သံကြားမှာဓာတ်မြေသြဇာကြော်ငြာတစ်ခုရှိတယ်...အာမိုလားဘာလားတော့သိတော့ဘူး....။
ဘာတဲ့....သူတို့ကြော်ငြာတဲ့သီချင်းလေးက “...မြေကြီးက ရွေသီးဖို့.....”တဲ့....၊

ဆိုတော့ လူငယ်တွေက ညညဆို ဦးရွေသီးအိမ်ရှေ့ရောက်ရင် အဲ့သီချင်းကို အသံကုန်ဆိုပြီး ပြေးကြတော့တာပဲ။
အင်မတန်မှ ဒေါသကြီးတဲ့ ဦးရွေသီးကလည်း အိမ်ရှေ့ထွက်ပြီး ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြား ကလော်တုတ်တာပဲ
ဗျိုး...၊တော်တော်ဆိုးတဲ့ကလေးတွေနဲ့ တော်တော်ကြီးကိုဆိုးတဲ့ လူကြီးကြီးပဲဗျနော်...:)))။သူ့သားနဲ့သမီးကတော့
စိတ်လည်းညစ်၊ရှက်လည်းရှက်ပေါ့လေ...၊ခက်တာက သူတို့လည်းဘာမှမတတ်နိုင်ဘူးလေ...။သူ့အဖေနာမည်
ကိုက အဲ့သည်လိုမှည့်ထားပေတာကိုး...။တချိန်ကတော့ ဘိုးဘွားမိဘတွေက ရွေတွေသီးနေတဲ့လူဖြစ်ပါစေတော့
ရယ်လို့ ပညတ်ပြီးပေးခဲ့တာပဲလေ...၊ခုတော့လည်း ကလေးတွေနောက်စရာကြီးကိုဖြစ်လို့...။အဲ့ဒါကြောင့်ပြော
တာ တခါတခါကျတော့လည်း နာမည်က အရေးပါလာပြန်ရောလို့....။

နောက်ပြီး ရှိသေးရဲ့...၊တချို့၊တချို့တွေက...၊ဒီနာမည်ကတော့ဖြင့် မိန်းမနာမည်ပဲ၊ယောင်္ကျားနာမည်ပဲ..၊
ဒီလိုအမည်ကိုတော့ဖြင့် ဒီလိုစာလုံးပေါင်းရတာပဲ...၊အစရှိသဖြင့် အမည်နာမတွေကို ခွဲခြမ်းစိတ်ဖြာကြလေရော။
သူရို့တွေရဲ့စိတ်၊စေတနာ ဘယ်သို့ရှိသည်တော့မသိ...၊အမည်ပိုင်ရှင်တွေက ခံစားချက်နုနယ်တဲ့သူများ ဖြစ်များ
ဖြစ်နေခဲ့ရင် သူတို့ရဲ့ စိတ်နှလုံးကို နောက်ကျိ၊ရှုပ်ထွေးစေနိုင်ပေတာပေါ့ဗျာ...။

အမည်နာမတွေအကြောင်းစဉ်းစားရင်း ကိုယ့်နာမည်တွေအကြောင်း စိတ်ကရောက်သွားလေရဲ့....။အဲ...စဉ်းစား
ကြည့်တော့ ကျွန်တော့်မလဲ နာမည်တွေအတော်များပေတာကိုးဗျ.....။(မှတ်ချက်။ ။မောင်မျိုးလောက်တော့
မများဘူးဗျ....:))ဆိုတော့ ကျွန်တော့်အမည်တွေအကြောင်းပြောကြည့်ရအောင်ဗျာ...၊(အောင်မလေး..ခုမှလိုရင်း
ရောက်တော့တယ်...၊ငါ့နှယ်........:))

ကျွန်တော်ငယ်ငယ်...ကလေးလေးဘဝတုန်းက ကျွန်တော်တို့မိသားစုက အိမ်ငှားနေရတာပါ...။အဖေ့အဖေ၊
ကျွန်တော့် အဘိုး...ပြည်ကြီးတရုတ်ကြီးရဲ့မိတ်ဆွေ တရုတ်အဖိုးအဖွားလင်မယားရဲ့အိမ်အပေါ်ထပ်ကို
ငှားနေကြရတယ်တဲ့....၊

စကားစပ်လို့ပြောရဦးမယ်....၊ကျွန်တော်ငယ်ငယ်က အင်မတန်ဆိုးဆိုပဲ...၊(ကြီးတော့လည်းမလိမ္မာပါဘူး...:))
အမေကိုလည်းအင်မတန်ခင်တယ်တဲ့...၊စိတ်ကလည်းကြီးသေး......၊ငိုများငိုလို့ကတော့ ဘယ်သူ့အချီ၊အချော့မှ
မခံဘူးတဲ့....၊အမေချီမှ၊အမေချော့မှရသတဲ့....။ကျွန်တော့်အမေခမျာမလည်း ရုံးအလုပ်ကတစ်ဘက်၊လေးနှစ်
သမီး၊ကျွန်တော့်အမကလည်းတစ်မျိုး၊ကျွန်တော်ကလည်းတစ်ဖုံဆိုတော့ သူ့မှာ ယားရင်တောင်ထုံးတို့ထားရတဲ့
ဘဝပေါ့လေ...၊

မနက်မိုးလင်းတာနဲ့ ကျွန်တော်တို့မောင်နှမဝေယျာဝိစ္စတွေလုပ်၊ချက်ပြုတ်...၊ပြီး ကျွန်တော့်ကို နို့အဝတိုက်ပြီး
ပုခက်ထဲထည့်သိပ်ခဲ့ပြီး ရုံးပြေးရသတဲ့...၊၁၀နာရီလောက်၊ကျွန်တော်နိုးလောက်မယ့်အချိန်လောက်ကို အိမ်ပြန်
ပြေးလာရတယ်....၊ကျွန်တော်နိုးလာလို့ အမေ့လက်မှမရောက်ရင် တတ်မတက်၊ချက်မတက် ငိုတော့မှာကိုး...။
တစ်ခါတစ်လေ.....အမေပြန်မရောက်ခင်...ကျွန်တော် နိုးလာလို့ကတော့ ကမ္ဘာပျက်မတတ် ငိုတော့တာပဲတဲ့....။
အိမ်ရှင်တရုတ်အဖိုးအဖွားလင်မယားကလည်း ကလေးချစ်တတ်လေတော့ သူတို့ခင်မျာ ကျွန်တော့်ကိုချီရှာ၊ချော့
ရှာပါတယ်...၊သို့ပေမယ့် အမေခင်တဲ့ ကျွန်တော်က မတိတ်ရေးချ မတိတ်...၊မတိတ်တဲ့အပြင် သူရို့လက်ထဲက
ကော့ကော့ပြီးထိုးချတယ်တဲ့ခင်ဗျာ.....၊

အဲ့လိုမျိုးဖြစ်ပြီဆိုရင်ဖြင့် ကျွန်တော့်အစ်မ လေးနှစ်သမီးလေးက ရုံးကိုအပြေးကလေးလာပြီး အမေ့ကိုလာခေါ်ရ
သဗျ...။အဲ့ဒီအချိန်က အမေတို့ရုံးနဲ့ နေတဲ့အိမ်က ခြံစည်းရိုးပဲခြားတဲ့အပြင် မလွယ်ပေါက်လေးကလည်းရှိလို့
တော်သေးသပေါ့လေ....။အဲဒီအိမ်ရှင်တရုတ်အဖိုးအဖွားလင်မယားက ကျွန်တော့်အမေတို့ကို ခင်လည်းခင်၊
သနားလည်းသနား...၊ကျွန်တော့်ကိုလည်းအင်မတန်မှချစ်ရှာသတဲ့...၊ငယ်ငယ်တုန်းက ကျွန်တော်က ဖြူဖြူဝဝ
တရုတ်ကလေးရုပ်နဲ့ချစ်စရာအင်မတန်ကောင်းဆိုပဲ....။(ခုကြီးလာတော့ သောက်ညင်ကပ်စရာတယ်ကောင်း
ဆိုလား.....:))

ဆိုတော့...အဲဒီ အဖိုးအဖွားလင်မယားက ကျွန်တော့်ကို တရုတ်လိုချစ်စနိုးနဲ့ခေါ်တာက “အကောက်လေး ”တဲ့...၊
အကောက်ဆိုတာ မြန်မာလိုဆိုရင် ခွေးကလေးလို့အဓိပ္ပါယ်ရသတဲ့...။ဒါနဲ့ပဲ ကျွန်တော့်ဆွေမျိုးတွေကလည်း အဲဒီ
လိုလိုက်ခေါ်ရင်းနဲ့ ကျွန်တော့ငယ်မည်က အကောက်လေး...၊အကောက်....၊ကောက်ကောက်..အစရှိသဖြင့် တွင်
သွားပါလေရော.....။

နောက်နာမည်တစ်မျိုးကတော့ မောင်လေး...တဲ့...။ဒီနာမည်ရဲ့ လက်သည်တရားခံကတော့ ကျွန်တော့်ရဲ့အမပါ။
ကျွန်တော်နဲ့ ကျွန်တော့အမက သုံးနှစ်ကျော်ကွာပါတယ်....။ငယ်တုန်းကတော့ အမက ကျွန်တော့်ကို အကောက်
လို့မခေါ်ပဲ မောင်လေးလို့ပဲခေါ်ပါတယ်....၊(ငယ်ငယ်က အမက ကျွန်တော့်ကိုအတော်ချစ်ရှာတာ...၊ကြီးလာတော့
သောက်ညင်ကပ်လိုက်တာမပြောပါနဲ့တော့တဲ့လေ....ဟင့်...:)။သူငယ်ငယ်က...သူ့သူငယ်ချင်းမလေးတွေနဲ့
အိမ်မှာ ဈေးရောင်းတမ်းတို့၊ဆရာမလုပ်တမ်းတို့၊ဘာတို့ဆော့ရင် ကျွန်တော်ကလည်းတောက်တောက်တောက်
တောက်နဲ့ ဝင်ဆော့တာပေါ့...၊သူတို့ဈေးရောင်းရင် ကျွန်တော်ကဈေးဝယ်လုပ်ရသတဲ့၊သူတို့ဆရာမလုပ်ရင်
ကျွန်တော်က ကျောင်းသားလေးပေါ့...၊

ဆိုတော့ သူကကျွန်တော့်ကို မောင်လေးလို့ခေါ်တော့ သူ့သူငယ်ချင်းတွေကလည်း မောင်လေးလို့ လိုက်ခေါ်...၊
တစ်ခါ သူတို့ရဲ့ ညီ၊ညီမငယ်တွေကလည်း ကျွန်တော့်ကို မောင်လေး လို့ပဲခေါ်...၊အဲ့ဒီကတစ်ဆင့် သူရို့အဖေ၊
အမေတွေကပါ ကျွန်တော့်အမကို “ဟဲ့ နင့်မောင်လေးနာမည် ဘယ်သူတုန်း ”ဆိုရင် မောင်လေး...လေ...လို့သူ
ကဖြေလိုက်လေတော့ လူကြီးတွေကပါ မောင်လေးဖြစ်ကုန်ရော....။

ပုံစံတစ်ဆယ် လို့ခေါ်တဲ့ သန်းခေါင်စာရင်းထဲမှာတော့ ကျွန်တော့်နာမည်က ထွန်းထွန်းဝင်း...တဲ့....။သို့ပေမယ့်
အဲဒီနာမည်က သန်းခေါင်စာရင်းထဲမှာတောင်အပေါ်က ဘောပင်နဲ့ခြစ်ထားလိုက်တာ စပေးပြီး တစ်လလောက်
ကတည်းကပါပဲ...။ဖြစ်ပုံကဒီလိုဗျ....။ကျွန်တော် လသားလေးမှာပဲ အမေကထွန်းထွန်းဝင်းလို့ အမည်သညာပေး
လိုက်ရော...။ပေးပြီးတာနဲ့ သန်းခေါင်စာရင်းမှာ ဖြည့်ထားရသပေါ့...၊ဒါမှ သမဆိုင်ကပေးတဲ့ အနှီးတို့၊နို့မှုန့်တို့ ရ
မှာကိုး...။ပေးပြီးကာမှ တစ်လမ်းထဲက ကျွန်တော့်ထက် လပိုင်းလောက်စောမွေးတဲ့ ကလေးတစ်ယောက်အမည်
က ထွန်းထွန်းဝင်း လို့ မှည့်ထားပြီးသားဖြစ်နေမှန်းသိရလေတော့၊အမေက နာမည်တစ်မျိုးပြောင်းပြန်ရောခင်ဗျ။

နောက်တခါပြောင်းတဲ့အမည်က တေဇနိုင်တဲ့.....။အမေက သူ့သားလေးကို ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည်၊
သူရဲကောင်းကြီး ဖြစ်စေချင်တဲ့ စိတ်စေတနာနဲ့ ဒီနာမည်ပေးခဲ့တယ်တူပါရဲ့ဗျာ...။ခက်တာက သူ့သားလေးက
ဗိုလ်ချုပ်နဲ့ နာမည်လေးတစ်ခုပဲ ဆင်ဆင်တူရှာပါတယ်...:)။အဲ...အဲ့နာမည်လည်း လေးတန်းအထိပဲ ခံရှာပါတယ်။
လေးတန်းအောင်လို့ ငါးတန်းကို အထက်တန်းကျောင်းကြီးမှာ ပြောင်းထားရမယ်လည်းလုပ်ရော...၊ကျွန်တော့်ရဲ့
ချစ်စွာသောမေမေက သူ့သားလေး ပညာတတ်ကြီး ဖြစ်စေဖို့အလိုငှာ သူယုံကြည်အားထားတဲ့ အတိုင်ပင်ခံများ
နဲ့ တိုင်ပင်ပါလေရော...။

သူ့အတိုင်ပင်ခံများကတော့ တခြားသူတွေမဟုတ်ပါဘူး။တစ်မြို့လုံးရှိ ရှိသမျှ ဗေဒင်၊နက္ခက်၊အကြားအမြင်၊နတ်
ဆရာ၊နတ်ကတော်၊အို....အကုန်အကုန်ပါပဲ...။အမေက ဟိုတုန်းက အဲ့ဒါမျိုးတွေအင်မတန်ယုံကြည်တာကလား။
သူသွားလေရာတစ်ကောက်ကောက်လိုက်ရတာက ကျွန်တော်ဆိုတော့ ကျွန်တော်လည်း တစ်မြို့လုံးရှိသမျှ
ဗေဒင်ဆရာ၊နတ်ဆရာမှန်သမျှ ဘယ်သူဘယ်နားနေတယ်ဆိုတာ ငယ်ငယ်ကတည်းကသိသဗျ...။သိသာသိ...၊
ကျွန်တော်ကတော့ ငယ်ကတည်းက အဲ့ဒါတွေကို မယုံရေးချမယုံ...။ငါးသိုင်းများ ဟင်းဟုံသွားထင်ပါ့....။

ဒါနဲ့ ဗေဒင်ဆြာတစ်ယောက်က ကျွန်တော့်ရဲ့ တေဇဆိုတဲ့နာမည်ကဖြင့် စီးနေတဲ့အကြောင်း နာမည်ပြောင်းမှ
လူကောင်းမှာဖြစ်တဲ့အကြောင်း ဟောလိုက်ပါလေရော...။ဆိုတော့ အမေလည်း သူ့အတိုင်ပင်ခံဆြာတွေနဲ့
တိုင်ပင်ပြီးသကာလ ငါးတန်းကျောင်းအပ်တော့ နာမည်အသစ်ပြောင်းလိုက်ပါရော....။အဲဒီနာမည်ကတော့ခု
လက်ရှိ ပတ်စပို့နဲ့ မှတ်ပုံတင်ထဲကနာမည်ပေါ့ခင်ဗျာ...။သို့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းကနေ
ကျောင်းဆက်မတတ်နိုင်တဲ့၊အထက်တန်းကျောင်းချင်းမတူတော့တဲ့ မူလတန်းကျောင်းက သူငယ်ချင်းဟောင်း
များက ယနေထက်တိုင် ကျွန်တော့်ကို တေဇ လို့ပဲခေါ်ကြပါတယ်....။

နောက်နာမည်တစ်ခုက တရုတ်နာမည်ခင်ဗျ....။ဝမ်လုံ တဲ့....။ဒီနာမည်ရပုံကဒီလို...။ဆယ်တန်းအောင်တော့
ထုံးစံအတိုင်း သင်တန်းပေါင်းစုံတတ်သပေါ့.....။အင်္ဂလိပ်စကားပြောသင်တန်း....၊တရုတ်စကားပြောသင်တန်း၊
ဘာသင်တန်း၊ညာသင်တန်း....၊အစရှိသဖြင့်ပေါ့လေ...။တရုတ်စကားပြောသင်တန်းကို ကျွန်တော်တို့မြို့က
တရုတ်အဖိုးကြီးတစ်ယောက်ဆီမှ သွားသင်ဖြစ်ပါတယ်....။ဆရာကြီးကို ကျွန်တော်တို့က သူ့မွေးစားသမီးတွေ
ခေါ်သလိုပဲ အဘ လို့ပဲခေါ်ပါတယ်...။

အဲ...အဘကတော့ ကျွန်တော်တို့ကို တရုတ်နာမည်တွေ ပေးထားပြီး အဲဒီတရုတ်နာမည်တွေကိုပဲခေါ်ပါတယ်...။
ကျွန်တော်တို့ကျောင်းသားအချင်းချင်းကိုလည်း တတ်နိုင်သမျှ စာသင်ခန်းထဲမှာ တရုတ်လိုပြောခိုင်းပါတယ်...။
စာစသင်တဲ့နေ့မှာပဲ ကျွန်တော်တို့ကို တရုတ်နာမည်တွေပေးတာပါ...။ကျွန်တော့်ကို နင့်အဖိုးရဲ့ မျိုးရိုးနာမည်က
ဘယ်သူလဲ..လို့မေးပါတယ်...။ကျွန်တော့်အဖိုးက တရုတ်ဆိုတာသူသိထားတာကိုး....။အဖိုးရဲ့မျိုးရိုးနာမည်က
ဝမ်....ပါ။ကျွန်တော်က အဖိုးကို သိမှီလိုက်လို့တော့မဟုတ်ပါဘူး....။

ကျွန်တော့်အကြီးဆုံးဂျီးတော်ကြီးကပြောပြလို့ပါ...။ဂျီးတော်ကြီးက သူ့အဖေ၊ကျွန်တော့်အဖိုးကိုကောင်းစွာသိမှီ
လိုက်တဲ့အပြင် တရုတ်ကျောင်းမှာ ၂တန်းလားမသိ သင်ခဲ့ဖူးတာကိုးခင်ဗျ....။ဒါနဲ့ပဲ ကျွန်တော့်နာမည်လည်း
ဝမ်လုံဖြစ်ရော....။၃လလောက်တတ်ဖြစ်ခဲ့တဲ့ အဲဒီသင်တန်းမှာ ကျောင်းသား၁၀ယောက်လောက်ရှိရာမှာ တစ်
ယောက်နဲ့တစ်ယောက် နာမည်အရင်းတွေ သိကြဘူးခင်ဗျ....၊တရုတ်နာမည်တွေပဲ ခေါ်ကြတော့ အဲ့တရုတ်နာ
မည်တွေပဲသိကြပါတယ်....၊မှတ်မိသေးတယ်...၊ကောင်မလေးတစ်ယောက်နာမည်က လင်ဟွာ...တဲ့။ကျွန်တော်
တို့က လင်ဆာ လို့ နောက်ပြောင်ခေါ်ကြတာပေါ့.....:)))။သူလည်း တရုတ်သွေးပါတော့ သူတို့မျိုးက လင်မျိုးတဲ့...။
ဟွာ....ဆိုတာက ပန်းကလေးတဲ့။အင်း....သူ့ဟာနဲ့သူကတော့ ဟုတ်နေတာပဲ...၊ကျွန်တော်တို့ခေါ်မှ နာမည်ပျက်
ရှာတော့တယ်.....:)))

သင်တန်းအတူတတ်ခဲ့ဖူးတဲ့သူတွေ လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်...“ဟဲ့ ဝမ်လုံ..နင်ဘာတွေလုပ်နေလဲ.....”
“ ဟေ့...လင်ဟွာ....ဘယ်လဲ...” စသဖြင့် တရုတ်နာမည်ပဲခေါ်ကြသိကြပါတယ်...။

နောက်နာမည်တစ်ခုကတော့ ဒီစလုံးကိုရောက်မှရတဲ့နာမည်ပါ...။ဒီကိုစရောက်ရောက်ခြင်းနေမှာပဲ သူဌေးက
မင့်နာမည်က ခေါ်ရခက်တယ်....၊ငါတို့ မင်းကို အနိုင်...လို့ခေါ်မယ်ဆိုပြီး ကင်ပွန်းတတ်လိုက်ရာမှာ တစ်ရုံးလုံးက
ကျွန်တော့်ကို အနိုင် လို့ခေါ်ကြသဗျ...။အဲ...တချို့က အနိုင်းတဲ့....၊တချို့က အနဲ...တဲ့....:)))။သူတို့တင်လားဆို
တော့ မဟုတ်....၊ရုံးနီးနားချင်း မြန်မာတွေကပါ ကျွန်တော့်ကို အနိုင်လို့ပဲသိကြခေါ်ကြပါတယ်...၊အငယ်တွေက
တော့ ကိုအနိုင်တဲ့.....။

ဆိုတော့....ကျွန်တော့်ကို အကောက်လို့ခေါ်တဲ့သူကခေါ်...၊တေဇလို့ အော်တဲ့သူကအော်....၊ဝမ်လုံ လို့နှုတ်ဆက်
တဲ့သူက နှုတ်ဆက်....၊ဟဲ့မောင်လေး...လို့ မေးတဲ့သူကလည်းမရှား....၊လက်ရှိနာမည်ကို သုံးတဲ့သူကလည်းသုံး
ပေါ့လေ...၊ကျွန်တော်ကတော့ ဘယ်နာမည်ခေါ်ခေါ်....ကျွန်တော့်ကို ခေါ်မှန်းသိနေတော့ ပြဿနာမရှိပါခင်ဗျ...။
အဲ...ကျွန်တော့်သူငယ်ချင်းတွေကတော့ တစ်ခါတစ်ခါသူတို့မှာမျက်စေ့လည်သွားရှာတာပေါ့လေ...:)))

ဘလော့လေးလုပ်တော့ ထွေထွေထူးထူးနာမည်တွေစဉ်းစားမနေတော့ပါဘူး....။မောင်လေး လို့ပဲ သုံးလိုက်တာ
ပါပဲ....။အဲ...ခုတော့ ဘာရယ်မဟုတ် နာမည်ပြောင်းလိုက်ပြီခင်ဗျ...။ဘာဖြစ်လို့လဲဆိုတော့ မောင်လေး ဆိုတဲ့
နာမည်က နဲနဲခေါ်ရတာ ကို့ယို့ကားယားများနိုင်သလားလို့ပါ....။ဒါနဲ့ပဲ နာရီဝက်လောက် အသည်းအသန် စဉ်းစား
ပြီးသကာလ နာမည်အသစ်တစ်ခု ကိုယ်ဘာသာ ပေးလိုက်ပါတယ်....၊အမည်သညာခေါ်စရာကား ညိမ်းနိုင် အသက်တစ်သန်းနှစ်သိန်းရှည်စေသတည်း.......ရယ်......လို့....။(ဒီအမည်အတွက် ကျွန်တော့်မလဲ အတိုင်ပင်ခံ
နှစ်ယောက်ရှိသဗျ...၊သူတို့နှစ်ယောက်ကိုလည်း ကျေးဇူးတင်ပါကြောင်း......:))))

(ဤပို့စ်ကား အမည်သစ် ကင်ပွန်းတပ်ပို့စ်တည်း...၊အမည်ပြောင်း၊ကင်ပွန်းတပ်ပွဲတွင် ဘာကျွေးရင်ကောင်းမလဲ
စဉ်စားသော်...၊စိတ်ထဲဘာမှမပေါ်တာနှင့် ဘာမှမကျွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ရပါကြောင်းးးး)))

Sunday, April 10, 2011

ဆမ်ဘာဝမ်း၊ပန်နစူလာနှင့် မြန်မာပြည်သို့ တစ်ရက်တာ.....

သင်္ကြန်နဲ့ဝေးခဲ့တာကြာပြီ...။မြန်မာပြည်မှာတုန်းကလည်း မြန်မာပြည်မှာမို့လို့၊ဒီမှာလည်း ဒီမှာမို့လို့ မလည်ဖြစ်၊
မထွက်ဖြစ်ပါဘူး...။ဘာလို့လဲမေးရင် ဘာရယ်မဟုတ်ပါ...။သင်္ကြန်နဲ့ ကျွန်တော့်ကြား ဘာပြဿနာမှမရှိ၊စိတ်ဆိုး
စရာ၊စိတ်ကောက်စရာမရှိရေးချမရှိရယ်ပါ...။ငယ်ကတော့သင်္ကြန်နဲ့ပတ်သက်တဲ့စိတ်ဒဏ်လေးနဲနဲတော့ရှိခဲ့ရဲ့....။
ဒါကလည်းခုအရွယ်မှာဘာမှမဟုတ်တော့...။

ဒီနှစ်တော့ ဘာရယ်မဟုတ်..ဆမ်ဘာဝမ်သင်္ကြန်ပွဲကိုသွားဖြစ်တယ်.....။တော်တော်စည်ပါတယ်...။ဆမ်ဘာဝမ်
အမ်အာတီမှာဆင်းပြီး အမ်အာတီရှေ့ကကားမှတ်တိုင်မှာ၈၈၂ဘတ်စ်ကားစောင့်စီးတယ်....။တစ်စီးလာတယ်....၊
မရပ်ဘူး...မြန်မာတွေအပြည့်နဲ့....၊တစ်စီးလာတယ်....၊ရပ်ပေးတယ်....တက်လို့ကိုမရဘူး...။တစ်နာရီခွဲလောက်စောင့်
ပြီးမှ မဖြစ်ချေဘူးဆိုပြီး အင်တာချိန်းကိုသွားစီးရပါတယ်....။

အမ်အာတီမှာ.....၊ဘတ်စ်မှတ်တိုင်မှာ....၊ဘတ်စ်ကားပေါ်မှာ....ဒို့ရွေမြန်မာတွေအပြည့်ပါ....။ဆမ်ဘာဝမ်ပန်းခြံ
ရောက်တော့ လူအတော်စည်နေပြီ....။ပြန်တဲ့သူတွေပြန်ပြီ...။စတုဒီသာတွေကတော့ ကျွေးလို့ကောင်းဆဲ....။
ကျွေးကြတာကလည်းအစုံ...။ဒါနမြောက်အောင်အကုန်စားလာခဲ့ပါတယ်...။ထမင်း၊လက္ဘက်ရည်၊သာကူ၊ကျောက်
ကျော၊ရေခဲမုန့်၊ကြာဇံချက်၊လက္ဘက်သုတ်၊တို့ဟူးသုတ်၊ပန်းသီး၊အအေးတွေ...:)))

အသွားမှာကားစောင့်ရသလောက်၊အပြန်လည်းထိုနည်းလည်းကောင်းပါ....။အတော်စောင့်ရတယ်....၊လာတော့
လည်း ကိုယ့်အလှည့်ရောက်ရော...လူပြည့်နေလို့ တက်မရတော့တာနဲ့ နောက်ကားစောင့်ရပြန်ရော....။
တစ်စီးရောက်လာတယ်...၊ရှေ့ပေါက်ကရော၊နောက်ပေါက်ကပါ စုပြုံတိုးတက်ကြရတယ်....။(ပုံမှန်က နောက်
ဘက်ပေါက်က အဆင်းပေါက်ပါ...။)သူများတွေတိုးတော့ ကိုယ်လည်း တိုးပြီးတက်သည်ပေါ့...၊အီးဇတ်လင့်ကဒ်
လေးထုတ်ပြီး တဂ်ရိုက်တော့ တီ...တီ...တီ...မည်ပြီး EXIT ONLY တဲ့....။ကားပေါ်ရောက်တော့ တစ်ယောက်
က အရွန်းဖောက်တယ်....ဆွဲဆရာရေ့...တဲ့...။တစ်ယောက်က တစ်ခါ...လှည်းတန်းပါလား...၊ပါရင်ရှေ့တိုးထား
နော်....တဲ့...။နောက်တစ်ယောက်က ဘာပြောသလဲဆိုတော့ ရဲစခန်းကိုသာတန်းမောင်းဗျိုး....နောက်ပေါက်က
တက်တဲ့သူတွေတစ်ယောက်မှ ကားခ ပေးတာမဟုတ်ဘူး...တဲ့...:)

ဒီလိုစကားသံတွေ၊ကားကျပ်ကျပ်ကိုတိုးစီးရတာတွေဝေးနေတာကြာပြီ...။ခုတော့မြန်မာပြည်ကို တစ်ရက်တာပြန်
ရောက်သွားသလိုပဲ...။ဟိုး...တစ်ချိန်က ဆူးလေနဲ့ မင်္ဂလာဒုံဆွဲတဲ့ ၅၁လိုင်းကားကိုတောင်သတိရမိရဲ့...၊ဟိုတုန်း
ကတော့ ၅၁လိုင်းကားကို တမေ့တမော ကျပ်ကျပ်သပ်သပ် စီးခဲ့ရပေါ့...။အဲ့တုန်းကတော့ ပျော်နေတာပါပဲ....။
အခုနေပြန်စီးရလည်းပျော်နေမှာပါပဲလေ....။ဘာပဲပြောပြော ကိုယ်နေခဲ့တဲ့ ကိုယ့်တိုင်းပြည်ကိုး။မျိုးချစ်စိတ်တွေ
ဘာတွေကိုမဆိုလိုပါဘူး...။အင်နာရှားက စကားပြောတယ်လို့ပဲ ထင်ပါရဲ့....။၅၁လိုင်းကားဆိုလို့ ငယ်ငယ်ရွယ်
ရွယ်နဲ့ အင်္ဂလာဒုံထိ ဖွန်သွား...သွား...ကြောင်တတ်တဲ့ ဟိုငတိလေးတစ်ယောက်ကိုတောင်ဖျက်ကနဲ သတိရမိ
သေး...။(ဘယ်သူလည်းဆိုတာ မောင်မျိုးနဲ့မိုးယံသိမှာ....:)))

ပန်နစူလာကို ၃နာရီကျော်လောက်ရောက်တယ်.....။အို.....တိုးလို့ကိုမပေါက်တာ....။အောက်ဆုံးထပ်မှာ စတိတ်
ရှိုးလုပ်တယ်...။ဇော်ပိုင်၊ဟေမာနေဝင်း၊လေးဇီးကလပ်က နိုင်ဇော်တို့လာတယ်....(တဲ့...)၊လူကိုမမြင်ရဘူး၊အသံ
ပဲကြားခဲ့ရတယ်...။ဒို့ရွေမြန်မာတွေ အုန်းအုန်းထနေပုံက ပန်နစူလာတစ်ခွင် ဖွေးဖွေးလှုပ်နေတာပါပဲလား....။

မြန်မာတွေဆိုတဲ့ မြန်မာသီချင်းသံကိုနားထောင်ရင်း....၊မြန်မာတွေ ပျော်မြူး၊မူး၊ကခုန်နေတာကို ကြည့်ရင်း၊
မြန်မာဘီယာဘူးလေးတစ်ဘူးကို သောက်ရင်း...၊အင်တာနေရှင်နယ်အဆင့် အပ်ဂရိတ်လုပ်ထားတဲ့ ရိုးရာသင်္ကြန်
ကို ခံစားရင်း....ဒီတစ်ရက်အဖို့တော့ ကျွန်တော့်အတွက် မြန်မာပြည်ပြန်ရောက်သွားသလိုပါပဲ....။

ကျွန်တော်ဒီနိုင်ငံကိုရောက်စက ရောက်နှင့်နေတဲ့ အသိတစ်ယောက်နဲ့ ပန်နစူလာမှာတွေ့ဖို့ချိန်းခဲ့ဖူးတယ်...။
သူက သူ...ပန်နစူလာကိုမလာချင်ဘူးတဲ့...။ဘာဖြစ်လို့လဲမေးတော့ နိုင်ငံခြားသားတွေများလို့တဲ့...(အဲ့အတိုင်းသူ
ပြောခဲ့တာပါ..၊ခုထိကျွန်တော့်နားထဲကမထွက်နိုင်သေး....)။ဟုတ်ပါတယ်...။ပန်နစူလာမှာ နိုင်ငံခြားသားတွေ
များပါတယ်...၊စင်ကာပူအနေနဲ့ကြည့်ရင် မြန်မာဆိုတာနိုင်ငံခြားသားပဲလေ...၊ခက်တာက ပြောတဲ့သူကိုယ်တိုင်
ကကို မြန်မာလူမျိုးစင်စစ်ဖြစ်နေတာရယ်....။

နောက်....၊မြန်မာတွေရှိတဲ့နေရာမှာ(တွိုင်းလက်တို့၊အမှိုက်ပုံးတို့မှာ ) အင်မတန်မှ ညစ်ပတ်တဲ့အကြောင်း၊
မြန်မာတွေစည်းကမ်းမရှိကြောင်း၊စိတ်ပျက်စရာကောင်းကြောင်း အချင့်မရဲရေးတာဖတ်ရပါတယ်...။
ပြီးရှိသေးတယ်...။မြန်မာတွေက ရှင်ပြုတုန်းက ရွေထီးဆောင်းခဲ့တာပဲပြန်ပြောင်းအောက့်မေ့ပြီး ကိုယ်ဘာသာ
အထင်ကြီးနေတာ..၊တကယ့်တကယ်မှာ သောက်သုံကျတာမဟုတ်..၊ညံ့ဖျင်းလှတဲ့မကြောင်းပြောကြ၊ရေးတတ်
ကြပါတယ်...။

စင်ကာပိုးတွေကရော...ဘယ်လောက်စည်းကမ်း၇ှိနေလို့လဲ...။fine ဆိုတာသာမရှိခဲ့ရင် ဘယ်တော့မှ fine city
ဖြစ်လာစရာအကြောင်းမရှိဘူးဆိုတာ စင်ကာပူသားတွေနဲ့လက်ပွန်းတတီးနေလာတဲ့နောက် ကျွန်တော်သိလာခဲ့
ပါတယ်...။နှစ်ပေါင်းများစွာ..ခေတ်မှီနည်းပညာတွေနဲ့ လက်ပွန်တတီးနေလာခဲ့လို့ အလေ့အကျင့်ဖြစ်နေပေမယ့်၊
မြန်မာတွေရဲ့ သင်ယူနားလည်လွယ်မှု၊ထိုးထွင်းကြံဆတတ်မှုတွေက သူတို့သိတတ်မှုတွေကို နှစ်အနည်းငယ်
အတွင်းလိုက်မှီနိုင်တယ်ဆိုတာ ကိုယ်တွေ့ပါပဲ....။

မြန်မာတွေစည်းကမ်းမရှိဘူးပဲပြောပြော၊မြန်မာတွေညစ်ပတ်တယ်ပဲပြောပြော၊မြန်မာတွေသောက်သုံးမကျဘူးပဲ
ပြောပြော၊မြန်မာတွေညံတယ်ပဲပြောပြော၊မြန်မာတွေ အပျော်အပါးမက်တယ်ပဲပြောပြော၊အို...ဘာပဲပြောပြော
ကျွန်တော်တော့ မြန်မာနိုင်ငံသားဖြစ်ရတာ ဝမ်းသာတယ်...။ပျော်ပါတယ်...။အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားထက်
သန်ရေးတို့၊မျိုးချစ်စိတ်တို့ဆိုတဲ့ ခပ်ညံညံပေါ်လစီဆန်ဆန် ဝမ်းသာတာ၊ပျော်တာမဟုတ်ပါဘူး...။ကျွန်တော့်
အသွေးအသားထဲကကို မြန်မာဖြစ်ရတာ ပျော်နေတာပါ...။

ဘာပဲပြောပြော မြန်မာတွေပျော်တဲ့ သင်္ကြန်ဆိုတာရှိတယ်...။သင်္ကြန်မှာပျော်တဲ့ မြန်မာတွေရှိတယ်....။မြန်မာ
တစ်ယောက်ဖြစ်တဲ့ ကျွန်တော်လည်း သင်္ကြန်မှာစီးမျော....ပျော်ဝင်ခဲ့ပါတယ်......။ပြီး...မြင်ရတာ စိတ်ကို ချမ်းမြေ့
စေတာတစ်ခုက ပန်နစူလာဘေး၊ဖူနမ်ဘက်ခြမ်းမှာရှိတဲ့ ပိတောက်ပင်လေးကသင်္ကြန်မှာသစ္စာရှိရှိပိတောက်ပန်း
တွေပွင့်နေတာပါ....။

(ဒါ့ပုံတွေရိုက်လာတယ်...၊ကံဆိုးစွာနဲ့ အင်တာနက်ကွန်နက်ရှင်က နှေးကွေးလေးလံနေလို့ ဒါ့ပုံများတင်မရပါ...။
နောက်နေ့မှကြိုးးစားကြည့်ပါဦးမည်....၊အထူးသဖြင့် ပိတောက်ပန်းပုံကိုပေါ့လေ...)၊ဒီနေ့အဖို့ရာမှာတော့ သည်းခံ
လော့ ပိတ်သတ်ကြီးရေ....:))))

ဒဏ်

ဖေဖေက ပေးတဲ့စိတ်ဒဏ်.....

မေမေက ပေးတဲ့စိတ်ဒဏ်...

ပတ်ဝန်းကျင်ကပေးတဲ့စိတ်ဒဏ်.....

ဆရာမကပေးတဲ့စိတ်ဒဏ်.....

နိုင်ငံကပေးတဲ့စိတ်ဒဏ်....

ငွေကပေးတဲ့စိတ်ဒဏ်....

ငါ့ဘာသာပေးတဲ့စိတ်ဒဏ်....

လိင်မှုစိတ်ဒဏ်....
.
လူမှုစိတ်ဒဏ်.....

ကျောက်ချပ်တွေအချပ်အချပ်....

ဖိကပ်ညှပ်နေသလို.....

စိတ်ဒဏ်တွေ အထပ်အထပ်....

မျက်နေတဲ့ငါ့စိတ်....

မှုန်ရီ၊ဖျော့တော့....သောကကိုအနိုင်နိုင်ထိန်းနေရတဲ့အထဲ....

အချစ်ဒဏ်က ဖိစီးနှိပ်စက်....

ဒီဘဝ.....အညွန့်မှထွက်ပါတော့မလားကွယ်......