ယခုရက်ပိုင်းအတွင်း
မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားအပေါ် အော်ပရာစီ အဖမ်းအဆီးများ
လုပ်လာလေသည်။မလေးရှားရောက် မြန်မာနိုင်ငံသားများ ဒုက္ခရောက်ကြသည်ပေါ့။ အွန်လိုင်းစာမျက်နှာများထက်တွင်
ထိုကိစ္စနှင့်ပက်သတ်ပြီး ထုံးစံအတိုင်း ပွက်လောရိုက်နေတော့သည်။
ခနဲ့တဲ့တဲ့၊ရွဲ့တဲ့တဲ့တွေရေးကြသည်။ပြစ်တင်ပြောဆိုကြသည်။ငြူစူကြသည်။သူတို့၏ပြစ်တင်စောင်းမြောင်းပြောဆြိုခင်းခံရသူက
ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေသည်ကိုတွေ့ရတော့ ကျွန်တော့်အနေနှင့်အံလည်းသြရသည်။စိတ်လည်းပျက်ရသည်။
ထိုအကြောင်းအရာများနှင့်ဆက်စပ်ပြီး
တာဝန်ရှိသူနှင့် တာဝန်သိသူ များအကြောင်း ကျွန်တော် တွေးနေမိ
တော့သည်။
၁၉၅၈ခုနှစ်တွင်
ဝန်ကြီးချုပ်ဦးနုမှ ဗိုလ်ချုပ်ကြီးနေဝင်းကိုလွှတ်တော်မှတစ်ဆင့် ခေတ္တအာဏာလွှဲပြောင်း
ပေးခဲ့သည်။သူကအာဏာလွှဲမပေးလည်း
ဗိုလ်ချုပ်ကြီးက အာဏာသိမ်းဖို့အဆင်သင့်ဖြစ်နေပြီ။
တပ်မတော်နာမည်ပျက်မည်စိုး၍
အာဏာလွှဲပြောင်းပေးခဲ့သည်ဟု ဦးနုကဆို၏(ဦးနုရေး-တာတေစနေသား
စာအုပ်၊စာမျက်နှာ၃၁၅ မှ)။၁၉၆၂ခု၊မတ်လ၊၂ရက်နေ့တွင်
ပျက်ဆီးယိုယွင်းနေသောတိုင်းပြည်အခြေအနေ
ကို ထိန်းသိမ်းရန် ဟူသောအကြောင်းပြချက်ဖြင့်
အာဏာထပ်သိမ်းလိုက်သည်။၁၉၇၄တွင် တစ်ပါတီ
စနစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို
အတည်ပြုပြီးထိုဥပဒေအရ ဗိုလ်ချုပ်ကြီးနေဝင်းမှ ပါတီဥက္ကဌကြီး
ဦးနေဝင်းကိုအာဏာလွဲပြောင်းပေးခဲ့သည်။၁၉၈၈တွင်
စက်တင်ဘာလ၁၈ရက်နေ့တွင် ဗိုလ်ချုပ်ကြီး
စောမောင်ဦးဆောင်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးကောင်စီမှ
ကြေငြာချက် ၁/၈၈၊၂/၈၈ များထုတ်ပြန်၍အာဏာသိမ်းခဲ့သည်။၁၉၉၇ခုနှစ်တွင်
နအဖ ကို အေးချမ်းဖြိုးဟုအမည်ပြောင်း
လဲပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွေမှဦးဆောင်ခဲ့သည်။၂၀၀၈တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာသည်။
ထိုအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်က ဦးသိန်းစိန်ဖြစ်သည်။နောက်
ကြံခိုင်ရေးပါတီကို ဦးသိန်းစိန်ခေါင်း
ဆောင်ပြီး ဖွဲ့စည်းသည်။ရွေးကောက်ပွဲကျင်းပသည်။တနိုင်ငံလုံး၏မဲဆန္ဒနယ်အများစုတွင် ကြံခိုင်ရေးပါတီ
အနိုင်ရသည်။ဦးသိန်းစိန်ဦးဆောင်သည့်အစိုးရအဖွဲ့၊ဦးရွှေမန်းဥက္ကဌအဖြစ်တာဝန်ယူသည့် ပြည်သူ့လွှတ်တော်
၊ဦးခင်မောင်မြင် ဥက္ကဌဖြစ်လာသည့် အမျိုးသားလွှတ်တော်တို့
အသီးသီးပေါ်ပေါက်လာသည်။
ကောင်းပါပြီ….။၁၉၆၂ခုနှစ်မှ
ယနေ့ထက်တိုင်နိုင်ငံတော်တာဝန်ယူခဲ့ကြ၊ယူထားကြသည့် အဖွဲ့အစည်းနှင့်
ခေါင်းဆောင်ပိုင်းကို
နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်များအား ပြည်သူကပေးအပ်ခဲ့သည်လည်းရှိသည်
(ဟုဆိုကြပါစို့ဗျာ)။အာဏာကို(သူတို့ပြောစကားအရ
တိုင်းပြည်ချောက်ထဲကျရန်လက်တစ်လုံးလောက်
အလိုတွင်မလွဲမရှောင်သာ)ယူလိုက်၊သိမ်းလိုက်ကြသည်လည်းရှိသည်။မည်သို့ပင်ဖြစ်စေ
၅၁နှစ်တာကာလ
တွင် တပ်မတော်နှင့်တပ်မတော်ခေါင်းဆောင်များကသာ
နိုင်ငံတော်တာဝန်ကိုယူနီဖောင်းနှင့်တစ်သွယ်၊
တိုက်ပုံဝတ်နှင့်တစ်နည်း ယူခဲ့ကြသည်သာဖြစ်သည်။ထပ်ပြောပါမည်
သူတို့တာဝန်ယူခဲ့ကြသည်။
ဘာကြောင့်ပဲယူယူဘယ်လိုပဲယူယူ သူတို့တာဝန်ယူခဲ့ကြသည်။
ထို၅၁နှစ်အတွင်း
တိုင်းပြည်ဘာတွေဖြစ်ခဲ့ပါသနည်း။ပါလီမန်ခေတ်၊အိမ်စောင့်အစိုးရခေတ်၊ပထစအစိုးရခေတ်၊
၁၂နှစ်တာတော်လှန်ရေးကောင်စီခေတ်၊နောက်
မဆလခေတ်တို့ကို ကျွန်တော်တို့ သေချာမသိနိုင်
ခဲ့သည်ပဲထား….၊ကျွန်တော်တို့လူလားမြောက်ခဲ့သည့်
၁၉၈၈မှ ၂၀၁၃ ဟူသော ၂၅နှစ်တာအတွင်း တိုင်းပြည်ဘာတွေဖြစ်ခဲ့ပါသနည်း၊လက်ရှိတိုင်းပြည်ဘာတွေဖြစ်နေပါသနည်း။
လက်ရှိတွင်မြန်မာပြည်သည်
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်နေပြီ။
ကမ္ဘာ့ နံပတ်၂
မူးယစ်ဆေးဝါးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်နေပြီ။
ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေဆဲ
နိုင်ငံဖြစ်နေပြီ။
ကမ္ဘာပေါ်တွင်
ပဋိပက္ခအမျိုးမျိုးကြောင့်လည်းကောင်း၊စစ်ပွဲများကြောင့်လည်းကောင်း ရွှေ့ပြောင်းထွက်ပြေး
ကြရသည့် ဒုက္ခသည်အများဆုံးရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်နေပြီ။
ကမ္ဘာပေါ်တွင်
လာဘ်ပေးလာဘ်ယူမှုအထူထပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပြီ။
ကမ္ဘာပေါ်တွင်
အညံ့ဖျင်းဆုံးပညာရေးစနစ်ရှိသည့်နိုင်ငံဖြစ်နေပြီ။
ကျမ်းမာရေးကဏ္ဍအားလုံးနီးပါးတွင်
အရှေ့တောင်အာရှ၌ပင် အဆင့် ၇၊၈၊၉မှ မတက်သောနိုင်ငံဖြစ်
နေပြီ။
ကမ္ဘာပေါ်တွင် နိုင်ငံလုံးမိုဘိုင်းဖုံးလွှမ်းခြုံနိုင်မှုတွင် မြန်မာနိုင်ငံနောက်တွင် မြောက်ကိုရီးယားနိုင်ငံပဲကျန်
သည်။
ကျန်တာတွေဆက်ရေးလျှင်
စာမျက်နှာ၃မျက်နှာခန့်ထွက်လာပါလိမ့်မည်။အဆိုးမှန်သမျှတွင် ကျွန်တော်တို့
မြန်မာနိုင်ငံသည်
ထိပ်သီး၁၀နိုင်ငံမှ မဆင်းသည်ကို စိတ်ဆင်းရဲဖွယ်၊ဝမ်းနဲရှက်ကြောက်ဖွယ်
ဖတ်ရှုနေရပါသည်။
သစ်တောတွေလည်းကုန်ပြီ၊ရေနံသဘာဝဓာတ်ငွေ့လည်းကုန်ပြီ၊နောင်နှစ်၂၀၊၃၀လောက်အတွင်း
ကျောက်စိမ်း
ကုန်တော့မည်၊ပင်လယ်ပြင်တွင်
ငါး၊ပုဇွန် ဖမ်းဆီးရရှိမှုတွေ အလျှင်အမြန်ကျဆင်းနေပြီ။နိုင်ငံမှ အားကောင်း
မောင်းသန်လူငယ်သိန်းပေါင်းများစွာနှင့်
ပညာတတ်အားလုံးနီးပါး တိုင်းတပါးသို့ရောက်ကုန်ကြပြီ။
တိုင်းပြည်တွင်
တရုတ်နိုင်ငံထုတ် ပစ္စည်းအစုတ်အပျက်ပေါင်းစုံမှ လွဲ၍ ဘာမှမကျန်တော့ပေ။
ဤကိစ္စများအတွက်
မည်သူတွင်တာဝန်ရှိပါသနည်း။၅၁နှစ်တာကာလတစ်လျှောက်လုံးကိုတာဝန်ယူခဲ့ကြသူ
များနှင့်လက်ရှိတာဝန်ယူနေသူများတွင်တာဝန်မရှိပါဘူးဟုမည်သူငြင်းနိုင်မည်နည်း။ဘာကြောင့်တာဝန်ယူယူ
တာဝန်ယူပြီးသည်နှင့်တာဝန်ကြေရမည်မဟုတ်ပါလား၊တာဝန်ခံရမည်မဟုတ်ပါလား၊တာဝန်ယူရမည်မဟုတ်ပါလား။
~~~~~~~~~~~~~~~~~~~~~~~~~
၁၉၆၂ခုနှစ်
ဇူလိုင်လ၇ရက်နေ့ ရန်ကုန်တက္ကသိုလ်အရေးအခင်း
၁၉၆၇ခုနှစ်
တရုတ်-မြန်မာ အရေးအခင်း
၁၉၆၉ခုနှစ်
ကျွန်းဆွယ်အားကစားပွဲအရေးအခင်း
၁၉၇၄ခုနှစ်
အလုပ်သမားအရေးအခင်း
၁၉၇၄ခုနှစ်
ဦးသန့်အရေးအခင်း
၁၉၇၆ မှိုင်းရာပြည့်အရေးတော်ပုံ
ထို့နောက်…….
ရာဇဝင်တွင်မည့်
ရှစ်လေးလုံး အရေးတော်ပုံကြီး……..၊
နောက်ထပ်နောက်ထပ်သော
အရေးတော်ပုံများစွာ….။
အကြိမ်ပေါင်းများစွာ
အရေးတော်ပုံများပေါ်ပေါက်ခဲ့သည်။ရာဇဝင်တွင်မည့်သူရဲကောင်းများစွာမွေး
ထုတ်ပေးခဲ့သည်။ထိုသူရဲကောင်းများမှဦးဆောင်၍
စစ်အာဏာရှင်အဆက်ဆက်ကို တွန်းလှန်ခဲ့ကြသည်။
သူတို့ဘာကြောင့်အသက်သွေးချွေးတို့ပေးဆပ်၍
တော်လှန်ရေးကြီးများဆင်နွဲခဲ့ပါသနည်း။ငွေကြေးစည်း
စိမ်ကြောင့်မဟုတ်၊အာဏာလိုချင်သောကြောင့်မဟုတ်၊တစ်စုံတစ်ယောက်က
ဖိအားပေးချိမ်းခြောက်
၍မဟုတ်၊ဝါဒမှိုင်းအတိုက်ခံရ၍မဟုတ်…။တာဝန်သိစိတ်တစ်ခုတည်းကြောင့်ပင်ဖြစ်သည်။
သန်းပေါင်းများစွာသောပြည်သူများအား
လွတ်လပ်ရေး၊ညီမျှရေး၊တရားမျှတရေး၊ လူ့အခွင့်အရေးများ
အားဖော်ဆောင်ပေးရန်အတွက်
တာဝန်သိစိတ်ဖြင့် သေမှာမကြောက်ပဲ ပေတရာပေါ်လျှောက်ခဲ့ကြသူ
များဖြစ်သည်။သေလည်းသေခဲ့ကြရသည်။နိုင်ငံပိုင်ပစ္စည်းဟူ၍
သွားကြားထိုးတံတစ်ချောင်း၊ကျောက်စရစ်
ခဲတစ်လုံးပင်
ကိုယ်ကျိုးမရှာခဲ့ကြပါလျက် ထောင်ဒဏ်၂၀မှ၆၅နှစ်ထိ ချခြင်းခံကြရသည်။လူများစုကြီး၏
အခွင့်အရေးများပြန်လည်ရရှိဖို့
သူတို့၏အခွင့်အရေးများအဆုံးရှုံးခံ တိုင်ပွဲဝင်ခဲ့ကြသည်။
တာဝန်ရှိသူတို့က
တာဝန်ကိုမျက်ကွယ်ပြု၍ နိုင်ငံကိုရောင်းစားကာကိုယ်ကျိုးအတ္တကို မဆုံးတမ်းဖြည့်ဆည်းနေချိန်တွင်
တာဝန်သိသူတို့က သူတို့၏တာဝန်သိစိတ်တစ်ခုတည်းနှင့်
တိုင်းပြည်နှင့်လူမျိုးအတွက်
ကိုယ်ကျိုးစွန့်ခဲ့ကြသည်။စွန့်နေဆဲလည်းဖြစ်သည်။
ဒီလောက်ဆိုလျှင်
လက်ရှိမြန်မာပြည်၏ပြဿနာများ၊မြန်မာနိုင်ငံသားများခံစားနေရသော ဒုက္ခသုက္ခများ
အတွက် မည်သူ့တွင်တာဝန်ရှိသည်။မည်သူတို့က
တာဝန်သိစိတ်ဖြင့် ပြည်သူ့ဘက်မှရပ်တည်ခဲ့ကြသည်
ကို သိလောက်ပြီးဖြစ်ပါသည်။
ဥပမာတစ်ခုထပ်ပြောချင်သေးသည်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုတရုတ်-မြန်မာတာဝန်ရှိသူတို့
က(ထိုစဉ်က)ဝန်ကြီးချုပ်ဦးသိန်းစိန်ရှေ့မှောက်တွင်
စာချုပ် ချုပ်ဆိုခဲ့ကြသည်။သမ္မတဦးသိန်းစိန်လက်ထက်
တွင် ပြဿနာဖြစ်တော့
ထိုပြဿနာကိုမည်သူမှတာဝန်သိစိတ်ဖြင့် ခေါင်းခံဖြေရှင်းပေးပါသနည်း။
ဦးသိန်းစိန်လော…..၊ဒေါ်အောင်ဆန်းစုကြည်လော….။ထိုပြဿနာကို
ဝင်ဖြေရှင်းပေးသည့်အတွက်
ဒေါ်အောင်ဆန်းစုကြည်တွင်
ဘာအကျိုးအမြတ်ရခဲ့ပါသနည်း….၊သောက်သုံးမကျသည့် နလပိန်းတုန်းများ
ထံမှ ပြစ်တင်ဝေဖန်မှုမှလွဲ၍
ဘာမှမရခဲ့ပါ။ဘာမှမရနိုင်သည့်အပြင် လူမုန်းခံရမည်သာအဖတ်တင်မည်
ကို ကမ္ဘာပတ်လာသည့် ထိုပညာတတ်အဖွားကြီးမှ မသိပဲနေမည်မဟုတ်ပါ။သိသည့်တိုင်
နိုင်ငံနှင့်လူမျိုး
အတွက်တာဝန်သိစိတ်ဖြင့်
ခေါင်းခံဖြေရှင်းပေးနိုင်ခဲ့သည်။ထိုအချိန်တွင်မတော့ တာဝန်ရှိသူများမှ မသိ
သလိုနေ နေကြသည်မဟုတ်ပါလား…..။
မြန်မာပြည်တွင်
လူသန်းပေါင်းများစွာသည် နေသာသလိုနေခဲ့ကြသည်။တစ်ချို့က ကိုယ်အစားချောင်ဖို့
တစ်ခုတည်းနှင့်
အာဏာရှင်လက်ကိုင်တုတ်လုပ်ခဲ့ကြသည်။တစ်ချို့ကဆိုလျှင် ကိုယ်တိုင်ကနေသာသလို
နေ နေကြသည့်တိုင်
တာဝန်သိစိတ်ဖြင့် တာဝန်ကို ဝင်ထမ်းနေကြသူများကိုပင် ဘေးထိုင်ဘုပြောကြသည်
ခနိုးခနဲ့ဆိုကဲ့ရဲ့ကြသည်။တရားကျဖို့ကောင်းပေစွ….။
သင့်အနေဖြင့်
ကိုယ်အနေအစားချောင်လျှင်ပြီးရောဆိုသည့်စိတ်ဖြင့် နေသာသလိုနေ နိုင်ပါသည်။သင့်ကို
မည်သူမျှအပြစ်မတင်ပါ။မြန်မာနိုင်ငံသားအားလုံးလိုလိုခံစားနေရသည့်
ဒုက္ခသူက္ခများ၊လူ့အခွင့်အရေးဆုံး
ရှုံးမှုများ၊တရားမမျှတမှုများအတွက်
သင် ဆဲချင်ဆိုချင်၊ခနိုးခနဲ့၊ကဲ့ရဲ့ချင်သပါ့ဆိုလည်း ဆဲနိုင်ဆိုနိုင်ပါသည်။
သို့သော်
သင်ဆဲရေးပြစ်တင်ရမည့်သူသည် နှစ်ပေါင်းများစွာ နိုင်ငံတာဝန်ကို ယူခဲ့ကြ၊ယူနေကြသူများကို
သာဖြစ်သင့်ပါသည်။တာဝန်ကိုယူသာယူပြီး
တာဝန်မကျေခဲ့သူများ၊တာဝန်ရှိသူများကိုသာဖြစ်သင့်ပါသည်။
သို့မဟုတ်သင်ကိုယ်တိုင်လည်း
တာဝန်သိသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပါသေးသည်။သင်သည်
အသက်ပေးလောက်အောင်သတ္တိရှိသူဖြစ်ချင်မှဖြစ်ပါလိမ့်မည်။ကိစ္စမရှိပါ၊သင့်ကို
မည်သူမှ လမ်းပေါ်ထွက်
အသေမခံခိုင်းပါ။ထောင်တန်းကျခံရလောက်သောအလုပ်များမခိုင်းပါ။မပူပါနှင့်။သင်နိုင်သလောက်သာ
တာဝန်သိနိုင်ပါသည်။
တာဝန်သိနိုင်ပါသည်။
မိမိနေသောလမ်းကလေးအား
မိမိနိုင်သလောက်ပြင်ခြင်းသည်လည်း တာဝန်သိခြင်းဖြစ်ပါသည်။
ဒုက္ခရောက်နေသူများကို
ထမင်းတစ်ဆုပ်၊ရေတမှုတ် တိုက်၊ကျွေးခြင်းသည်လည်းတာဝန်သိခြင်းဖြစ်ပါသည်။
ပရဟိတလုပ်ငန်းများတွင်
နိုင်သလောက်လုပ်အားပေးခြင်း၊ငွေကြေးနိုင်သလောက်ထောက်ပံ့ပေးခြင်းသည်
လည်း တာဝန်သိခြင်းဖြစ်ပါသည်။လူတိုင်း
တာဝန်ရှိသူဖြစ်ချင်မှဖြစ်နိုင်ပါမည်။သို့သော်လူတိုင်း တာဝန်သိ
သူဖြစ်နိုင်ပါသည်။
အနည်းဆုံးတော့
တာဝန်ရှိသူနှင့်တာဝန်သိသူကို ခွဲခြားသိမြင်သင့်ပါသည်။သိနိုင်မြင်နိုင်ပါစေဟုလည်း
ဆုတောင်းပေးလိုက်ပါသည်။
