Monday, July 19, 2010

ကျွန်တော်တို့ ရင်ထဲက ခေါင်းဆောင်

“ ကျုပ်တို့ဝန်ကြီးတွေ ဘာတွေဖြစ်လို့ ကျုပ်တို့ဘာမှ ဝမ်းလဲမသာဘူး။ ခင်ဗျားတို့ရဲ့ အခု ချီးကျူးထောပနာ လုပ်တာတွေကိုလဲ မလိုချင်ဘူး။ပီးတော့ ထမင်းစားပွဲတွေ....ဘာပွဲတွေကိုလဲ မလိုချင်သေးဘူး။ ဒါကတော့ ခင်ဗျားတို့နဲ့မဆိုင်ဘူး။ ကျွေးနိုင်မွေးနိုင် တဲ့ လူစုတွေနဲ့ ဆိုင်တယ်။အဲဒီပုဂ္ဂိုလ်တွေကြားအောင် ဒီနေရာကဘဲ အခုပြောရတာဘဲ။

ဒါတွေကို မကြိုက်လို့လားဆိုယင် မကြိုက်လို့တော့ မဟုတ်ဘူး။ လူဆိုတာ အမြှောက်ခံရရင်ကြိုက်တိုက်တိုက်ဘဲ။
ကျုပ်တို့ အဖို့ဆိုရင် လူထုကမြှောက်ရင် ကြိုက်တာဘဲ။ဒါပေမယ့် အခု မစရသေး၊ မလုပ်ရသေးဘူး။ဒါကြောင့်
ချီးမွမ်းစရာရှိလဲ အခု ချီးမွမ်း မခံချင်သေးဘူး။သို့သော် ကျုပ်တို့ လူတိုင်း လူတိုင်း ဆီကအကူအညီအထောက်အပံ့
အားပေးမှုကို လိုတယ်။ဘယ်လို အကူအညီ အထောက်အပံ့ လဲဆိုရင် ကျုပ်တို့ ရာထူးမြဲအောင်၊ ကျုပ်တို့
ကောင်းကျိုးချမ်းသာ တိုးတက်အောင် အကူအညီ အထောက်အပံ့ အားပေးမှုမျိုး မဟုတ်ဘူး။

ခင်ဗျားတို့ အလုပ်သမားတွေ၊လယ်သမားတွေ၊အစိုးရအမှုထမ်းတွေ၊ပညာရေးသမားတွေ၊ကုန်သယ်တွေ၊ပွဲစား
တွေ အစရှိတဲ့ လူတွေရဲ့အကျိုးကို လုပ်ပေးဖို့ လုပ်ပေးနိုင်ဖို့ အကူအညီ အထောက်အပံ့ အားပေးမှု လိုတယ်။
ခင်ဗျားတို့ အကျိုးတွေ လုပ်ရင်း ကျုပ်တို့ အကျိုးရှိတာမျိုးမှဘဲ ကျုပ်တို့တော့ လိုချင်တယ်။ကျုပ်တို့ဟာ ဥပဒေ
အရတော့ ဘာဖြစ်နေနေ ကျုပ်တို့ ကိုယ်ကို ကျုပ်တို့ ပြည်သူ့ဝန်ကြီးတွေလို့ ယူဆတယ်။ အဲဒီ အတိုင်းလုပ်မှာဘဲ။

ပြည်သူတွေဆိုတာ ဗမာပြည်မှာ တိုင်းသူပြည်သားများနဲ့ အကျိုးတူ လုပ်မယ်၊ကိုင်မယ်၊နေမယ်၊ထိုင်မယ် ဆိုတဲ့
တိုင်းရင်းသားတွေ၊ အိန္ဒိယ၊တရုပ်၊အင်္ဂလိပ်ကပြားများ နဲ့ ဥရောပတိုက်သားများတောင် ပါတယ်။ကျုပ်တိုဆီ
ကိစ္စရှိရင် ကိစ္စရှိသလို တိုင်ကြား အစီရင်ခံတောင်းဆိုနိုင်တယ်။ သို့ပေမယ့် တခုတော့ ပြောချင်တယ်။ ကိုယ့်ရေး
ကိုယ့်ကိစ္စ ကလေးအတွက် ရာထူးကလေးတွေရဖို့၊ဟိုဒင်း ဒီဒင်းတွေရဖို့၊အလှူခံဖို့ အစရှိတဲ့ ကိစ္စမျိုးအတွက်
တော့ မလာကြပါနဲ့။ ဒီလိုလူမျိုးတွေဟာ သဘောကောင်းမှန်းသိတိုင်း အခွင့်အရေးတွေယူနေရင် ကျုပ်တို့လဲ
မတက်နိုင်ဘူး။

ကျုပ်တို့ လခတွေလဲ လျော့ရလိမ့်မယ် ထင်တယ်။ဖ၊ဆ၊ပ၊လ ကို ဘယ်လောက်ပေးရမယ်အစရှိတဲ့ အချက်တွေ
ကို စဉ်းစားရအုံးမယ်။ ကျုပ်တို့ လှူစရာ ရှိမယ်လဲ မဟုတ်ဘူး။ ရာထူးကိစ္စ ဟိုဟာလေးရဖို့၊ဒီဟာလေးရဖို့ ဆိုတာ
တွေတော့ ဖ၊ဆ၊ပ၊လ ဝါဒ စည်းမျဉ်း အတိုင်းသာ ဖြစ်မှာဘဲ။ ကျုပ်တို့ဆီ လာလို့ ဖြစ်မှာမဟုတ်ဘူး။ကျုပ်တို့နဲ့၊
ခင်ဗျားတို့နဲ့ အတူတူဘဲ။

ကိုယ့်စည်းကိုယ့်ကမ်းနှင့် တဦးနှင့်တဦး ကြီးကျယ်နေစရာ လူတွေမဟုတ်ပါဘူး။ ပြောစရာ ရှိရင် လာပြောပါ။
တိုင်စရာ ရှိရင် လာတိုင်ပါ။တောင်းစရာ ရှိရင် လာတောင်းပါ။ အချင်းချင်းသဘောမျိုး ဆက်ဆံကြပါ။ပြီးတော့
ဟိုသတင်း၊ဒီသတင်း မဟုတ်တာတွေကြားလဲ မယုံပါနဲ ကျုပ်တို့ စိတ်မပြောင်းပါဘူး ”


ကျွန်တော်တို့ ငယ်ငယ်က အခုလို အာဇာနည်နေ့ ရောက်ပြီဆိုရင် ရေဒီယို ကနေ ဗိုလ်ချုပ်အောင်ဆန်း ရဲ့
မိန့်ခွန်းတွေ လွှင့်ပေးတာ၊အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ နံနက် ဆယ်နာရီခွဲ အချိန်ရောက်ရင်
တနိုင်ငံလုံး ဥသြဆွဲ ကြတာ ကို ပြန်သတိရမိပါတယ်။

အခုတော့ ဗိုလ်ချုပ် မိန့်ခွန်းတွေကိုလည်း မလွှင့်တော့၊ဥသြလဲ မဆွဲတော့ပါဘူး။ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့
ပြည်သူတွေကတော့ ဒီနေ့ကိုရောက်ရင် ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ရဲ့ စကားတွေ ကို အမြဲ သတိရနေကြမှာပါ။
အထူးသဖြင့် ဗိုလ်ချုပ် နဲ့ စိတ်ဓာတ်ချင်း၊အလုပ် လုပ်ပုံချင်း မိုးနဲ့မြေ၊ဆီနဲ့ရေ လို ကွာခြားလှတဲ့ လူတွေရဲ့
လုပ်ပုံ ကိုင်ပုံတွေကို မြင်ရတဲ့ အခါမှာ ဗိုလ်ချုပ်တို့ကို ပိုပြီးတော့ သတိရကြ၊ပိုပြီးတော့လေးစား၊တမ်းတ မိကြ
မှာပါ။

ကျွန်တော်လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို
အောင့်မေ့၊သတိရ၊အလေးအမြတ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်း ထဲက ကြိုက်နှစ်သက်မိတဲ့ စာပုဒ်လေးကို
ကောက်နှုတ် ဖော်ပြလိုက်ပါတယ်..။

ဒီစာပုဒ်ကို ၁၉၆၄ ခု၊စက်တင်ဘာလ ၂၉ ရက်နေ့၊ “စက္ကူဖြူ စီမံကိန်း ဆန္ဒပြပွဲ ” တွင် ဗိုလ်ချုပ်အောင်ဆန်း
မိန့်ကြားခဲ့သည့် “ လူထုတိုက်ပွဲနေ့ ”မိန့်ခွန်းထဲမှ ကောက်နှုတ် ဖော်ပြပါတယ်ခင်ဗျာ...။

6 comments:

သူကြီးမင်း (တုံးဖလား) said...

ဗိုလ်ချုပ် ရဲရင့်တယ်။ ပြတ်သားတယ်။ အပြောသမားမဟုတ်။
ကြည်ညိုဖို့အလွန်ကောင်းပါတယ်။

အာဇာနည်အားလုံးကို အလေးပြုပါတယ်။

နေ၀သန် said...

အဖိုးတန်လွန်းတဲ့ မိန့်ခွန်းတွေပါ.... ဝေးနေတာကြာပြီ...း(((


ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗိုပ်ချုပ်မိန့်ခွန်းကို တလေးတစားလာဖတ်ရင်း အာဇာနည်ခေါင်းဆောင်များကို ဦးညွှတ်အလေးပြုပါတယ်...

blackroze said...

လွမ်းစရာအမှတ်တရမိန့်ခွန်းလေးပါဘဲ...
အာဇာနည်ခေါင်းဆောင်တွေအားလုံးကိုဂါရဝပြုပါတယ်ရှင်..

လသာည said...

အဲဒီမိန့်ခွန်းတွေ မကြားရတာ ကြာပြီ.. တကူးတက တလေးတစား အမှတ်တရနဲ့ တင်ပေးတာ ကျေးဇူးတင်ပါတယ်။

ကိုအောင် said...

ဗိုလ်ချုပ်မိန့်ခွန်းရဲ့ ကောက်နုတ်ချက်လေး ဖတ်သွားပါတယ်၊
တကယ့်ကို လေးစားစရာပါ။