Thursday, July 22, 2010

အမှတ်ရနေတဲ့ စကားတွေ.....( ၂ )

မနေ့က မြန်မာပြည်ကို ခဏ အလည်ပြန်သွားရာက ပြန်လာတဲ့သူငယ်ချင်းကိုလေဆိပ်မှာသွားကြိုဖြစ်ပါတယ်....။
(အမှန်တော့ ဒီငတိကို သွားကြိုချင်လှတယ်တော့ မဟုတ်..၊လေဆိပ်ဂျူတီဖရီးဆိုင်က ချီးစ်ဗတ်တစ်လုံး ဝယ်လာ
မယ်ဆိုလို့ ချီးစ်ဗတ်မျက်နှာနဲ့ သွားကြိုတာ...၊ပိုက်ဆံမလောက် လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝယ်မလာဘူး၊
လေဆိပ်သွားလိုက်ရလို့ အချိန်ကုန်၊လူပန်း ပဲ အဖတ်တင်တယ်....ဤကားစကားချပ်)

အဲဒီလိုချီးစ်ဗတ်ကြီးကိုမမြည်းလိုက်ရပေမယ့်(မမြည်းလိုက်ရတာပဲကောင်းပါတယ်ဗျနော်..၊နာမည်ကြီးကဆိုးလိုက်
တာဗျာ..)မြန်မာပြည်ကအကြောင်းတွေကိုတော့ စုံနေအောင်ကြားခဲ့ရပါတယ်...။ကြားရသလောက်ကလည်း....
တခုမှကို အကောင်းမရှိဘူးခင်ဗျ..။မြန်မာပြည်အကြောင်းပြောတော့ ထုံးစံအတိုင်း နိုင်ငံရေး အကြောင်းတွေဆီ
စကားရောက်သွားပါတယ်..။

ဒီနှစ်ထဲမှာလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ အကြောင်းရောက်သွားတော့ ကျွန်တော့်သူငယ်ချင်းက နောင်မှာ
လူထုရွေးကောက်တဲ့အစိုးရတစ်ရပ် တက်လာရင် (ဘောင်းဘီချွတ်တွေပဲဖြစ်စေဦးတော့)အခုအခြေအနေတွေ
ထက်တော့ နည်းနည်းဖြစ်ဖြစ်ပိုကောင်းလာလိမ့်မယ်လို့ အကောင်းမြင်ဝါဒနဲ့ ပြောတယ်ခင်ဗျ..။

သူက အဲဒီလိုပြောတော့ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်(စာအုပ်နာမည်ကတော့ ထုံးစံ အတိုင်းမေ့သွား
ပြီ...)ထဲက ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြောတဲ့ စကားလေးတစ်ခွန်းကို အမှတ်ရမိပါတယ်....။

မြန်မာတို့ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းကိုမှီလိုက်တဲ့၊ခေတ်၊စနစ်ပေါင်းများစွာ၊နိုင်ငံအုပ်ချုပ်မင်းလုပ်ခဲ့သူပေါင်း
များစွာကိုလည်း ကြုံတွေ့ ဖြတ်သန်းခဲ့ဘူးတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စာရေးဆရာ၊သတင်းစာဆရာ
တစ်ဦးက....
“ဆရာကြီးခင်ဗျာ...ဆရာကြီး ဖြတ်သန်းခဲ့၊တွေ့ကြုံခဲ့ရတဲ့ မြန်မာပြည်ကိုအုပ်ချုပ်သွားခဲ့တဲ့သူတွေ၊မြန်မာပြည်မှာ
ကျင့်သုံးသွားခဲ့တဲ့ စနစ်တွေ ထဲမှာ ဘယ်သူ၊ဘယ်စနစ် ကဖြင့် မြန်မာပြည်သူတွေ အတွက် အကောင်းဆုံး ဖြစ်ခဲ့
ပါသလဲ ခင်ဗျာ....” လို့ မေးခွန်းတစ်ခု မေးခဲ့ပါတယ်။

အဲဒီတော့ ဆရာကြီးက အခုလို ဖြစ်ရပ်လေး တခုကို ပြန်ပြောင်း ပြောပြပါတယ်တဲ့ ခင်ဗျ...။
ဟိုး....လွန်လေပြီးသော မြန်မာဘုရင်မင်းတုန်းမင်းကြီးလက်ထက်မှာတဲ့.....၊မင်းတုန်းမင်းကြီးဟာ ရာဇဌာနီ
မင်းနေပြည်ကို အမရပူရကနေ မန္တလေးရတနာပုံ မြို့တော်သစ်ဆီသို့ ပြောင်းရွှေ့တည်ဆောက်ခဲ့ပါသတဲ့..။
အဲဒီလို မြနန်းစံကျော်ရွေနန်းတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ သစ်ဝါးတွေကို အားလုံး အသစ်ချည်းပဲ
သုံးတာတော့ မဟုတ်ဘူးတဲ့ခင်ဗျ...။ယခင် အမရပူရနန်းတော်ဟောင်းက ပြန်သုံးလို့ရမယ့် တိုင်တွေ၊သစ်တွေ
ကိုလည်း ပြန်ပြီးအသုံးပြုပါတယ်ခင်ဗျ..။

အဲဒီလို အမရပူရက အဆောက်အဦးဟောင်းတွေကို ဖျက်ပြီး မန္တလေးကို ရွေ့တဲ့ အခါမယ် ဆင်းရဲသား တိုင်းသူ
ပြည်သားများကို လှည်းနဲ့လူ ဆင့်ခေါ်ပါတယ်ခင်ဗျ။(ခုခေတ်လိုဆိုရရင်တော့ လုပ်အားပေးခေါ်တယ်ပေါ့ဗျာ....D)
သို့ပေမယ့် အလကားတော့ မခိုင်းဘူး...၊လှည်းတစီးကို တစ်ခေါက် တစ်ကျပ်သတ်မှတ်ပြီး ပေးသတဲ့...။ဒါပေမယ့်
တစ်ကျပ် အပြည့်တော့ လှည်းအဆင့်ခံရတဲ့ ဆင်းရဲသားတွေလက်ထဲ မရောက်ဘူးတဲ့ခင်ဗျာ...ဘာဖြစ်လို့လဲဆို
တော့ ကြားက စီစဉ်ကြည့်ကြပ် ရတဲ့ သူကြီးတွေ၊စာရေးတွေက ဖြတ်စားတာနဲ့ လှည်းသမားတွေခမျာ မှာ
တစ်ခေါက်ကို ငါးမူး၊အလွန်ဆုံး သုံးမတ်ပဲ ရကြာရှာသကိုးခင်ဗျ..။

တစ်ကျပ် သတ်မှတ်ပေးပါလျက်နဲ့ ငါးမူး၊သုံးမတ် ပဲ ရကြတော့ ဘယ်သူက ကျေနပ်လိမ့်မတုန်းခင်ဗျ..။မကျေနပ်
ပေမယ့် ကျယ်ကျယ်တော့ မပြောရဲကြဘူးပေါ့လေ..၊(ခုခေတ်လိုပဲ )ဟိုနားပွစိပွစိ၊ဒီနားပွစိပွစိ ပေါ့...။ဒါပေမယ့်
မင်းနားတစ်ထောင်၊မင်းမြှောင်တစ်သိန်း ဆိုတာလို အဲဒီလို လှည်းတိုက်ခတွေဖြတ်စားခံနေရတဲ့ သတင်းကို
ရွေနန်းတော်ဆီ ပေါက် ကြားသွားပါလေရောတဲ့ခင်ဗျ..။ဒါနဲ့ အိမ်ရှေ့စံကနောင်မင်းသားကြီးလည်း မနေနိုင်
တော့ပဲ ဒီသတင်း မှန်၊မမှန် သိရလေအောင် ကိုယ်တိုင် ထောက်လှမ်းရေး ဆင်းပါလေရော..။

ဘယ်လိုထောက်လှမ်းသလဲဆိုတော့ ကနောင်မင်းသားကြီးဟာ သာမာန်ဆင်းရဲသား ဟန်ရုပ်ဖျက်ပြီး အမရပူရ
နှင့် မန္တလေးကြား လမ်ခုလပ်က လှည်းသမားတွေခဏနားလေ့ ရှိတဲ့ ဇရပ်တစ်ဆောင်မှာ လှည်းသမားတွေ ပြော
စကားကို အသာ နားထောင်နေပါသတဲ့..။

လှည်းသမားတွေလည်း အခုလို သူတို့ လှည်းခတွေ ဖြတ်စားခံနေရတဲ့အကြောင်း၊ရွေနန်းတော်မှ ဒီသတင်းကို
ကြားရင်ဖြင့် နေမှာမဟုတ်၊ ကျိန်းသေ အရေးယူမှာ ဖြစ်တဲ့အကြောင်း တစ်ယောက်တစ်ပေါက် ပြောကြတာပေါ့
ခင်ဗျာ..။အဲဒီလို ပြောကြတော့ အသက်ခုနှစ်ဆယ်လောက်ရှိတဲ့ အဘိုးအိုတစ်ဦးက ဘာပြောသလဲ ဆိုတော့
ရွေနန်းတော်က ဒီသတင်းကိုကြားလည်း ဘာမှ အရေးယူမှာမဟုတ်၊ဘုရင်ဆိုတာမျိုးတွေက သူသိသလောက်
သူတို့ ဘာသာ မိဖုယားတွေနဲ့ ပျော်ဖို့ပါးဖို့လောက်သာ စိတ်ထဲရှိကြတဲ့အကြောင်း၊ဆင်းရဲသား၊တိုင်းသူပြည်သား
တွေအရေးကိုတော့ ဘယ်သူမှခေါင်းထဲထည့် မစဉ်းစားတဲ့အကြောင်း အာပေါင်အာရင်းသန်သန် နဲ့ ပြောပါ
လေရောဗျို့..။

အဲဒီတော့ ဆင်းရဲသားဟန် ရုပ်ဖျက်ထားတဲ့ ကနောင်မင်းသားကြီးလည်း မနေနိုင်တော့ဘူးနဲ့ တူပါရဲ့..။အဲဒီ
အဘိုးအိုကို “ အဘိုးရယ်...အဘိုး အသက်အရွယ် အရဆို ရှင်ဘုရင်အတော်များများရဲ့ သက်တမ်းကို သိမှီလိုက်
မယ်ထင်ပါတယ်..။အဘိုးသိမှီ လိုက်တဲ့ ရှင်ဘုရင်တွေထဲမှာ ဘယ်ဘုရင်ကများ မင်းကျင့်တရာနှင့်အညီ တိုင်းပြည် ကိုအုပ်ချုပ်ခဲ့ပါသလဲ...၊ဘယ် ဘုရင်ကများ မင်းကောင်း၊မင်းမြတ် ဖြစ်ပါသလဲ ”လို့ မေးလိုက်တယ်တဲ့
ခင်ဗျာ....။

ဒီတော့ အဘိုးအိုက ဘာပြန်ပြောသလဲဆိုတော့ “ဒီမှာ မောင်ရင်ရဲ့ တို့ချည်းမို့လို့ ပြောရဦးမယ်...၊ငါအသက်
အရွယ် နဲ့ ကြုံခဲ့သမျှတော့ ဘယ်မအေရိုးမှမကောင်းဘူးကွ ” လို့ပြန်ဖြေလိုက်သတဲ့ ခင်ဗျ....။ဒါနဲ့ပဲ ကနောင်
မင်းသားကြီးလည်း အင်း..ငါဆက်မေးရင်တော့ ဒီထက်ဆိုးတဲ့ ပေါက်ကွဲ သံစဉ်တွေ ထွက်လာတော့မယ်၊မဖြစ်
ချေဘူးလို့တွေးမိပြီး ဟိုလိုလို၊ဒီလိုလို နဲ့ အသာထွက်လာခဲ့ရတယ်...တဲ့ခင်ဗျာ.....။

ဒီအကြောင်းလေးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပြောပြ ပြီးတဲ့နောက် ဆရာကြီး ကဆက်ပြောတာက
သူ့အနေနဲ့လည်း အထက်က မေးခွန်းကို လှည်းသမားအဘိုးအိုလိုပဲ “ဘယ်မအေရိုးမှ မကောင်းဘူး”လို့ပဲ
ပြန်ဖြေလိုက်ချင်တော့တယ် လို့ပြောခဲ့ကြောင်း မှတ်သားလိုက်မိပါတယ် ခင်ဗျား..

(အမှတ်ရနေမိတဲ့ စကားလေး တစ်ခွန်းကို ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်..။စကားလုံး အသုံးအနှုန်းက
နည်းနည်းရိုင်းသလိုဖြစ်နေရင်တော့ဖြင့် (မူရင်းကကို အဲလိုဆိုထားတော့)ခွင့်လွှတ်စေချင်ပါတယ်..။)

( တကယ်လို့များ ကျွန်တော်တို့လည်း အသက်တွေကြီးလာလို့ နောင်လာနောက်သား တွေကများ အဲဒီလို
မေးလာခဲ့ရင်ဖြင့် ကျွန်တော်တို့လည်း အဲဒီလိုပဲ ဖြေရလိမ့်မယ်ထင်ပါရဲ့.....)

8 comments:

Anonymous said...

ဟုတ် ဖတ်သွားပါတယ်

ရီလည်းရီသွားရ သလို ( အမှန်ကိုဝန်ခံခြင်း)


နောင်လာနောက်သားတွေ ကိုတကယ်ပဲ အဲ့ လို ပြောရ မှာပါပဲ
အဲ့ ထက်ပိုပြောရမှာက လုသတ်ပွဲ တွေ အကြောင်း ပို လာမှာပါပဲ

blackroze said...

ဖြေတတ်ပါပေ့ရှင်..း)

သူကြီးမင်း (တုံးဖလား) said...

ဟာ ဟ ထိတယ်။ မိတယ်။ ဂွတ်ရှယ်။းဝ)

လသာည said...

သခင်ကိုယ်တော်မှိုင်းရဲ့စာတွေကတော့ တကယ်ပဲ ဖတ်ကောင်းတယ်နော်။
ပြန်ပြောပြတာ ကျေးဇူးပါ။ အသံထွက်အောင် ရယ်သွားတယ်..။

သဒ္ဓါလှိုင်း said...

နည်းနည်းဖြစ်ဖြစ်ပိုကောင်းလာမလားလို့ထင်နေတဲ့သူတွေများများရှိနေသရွေ့..
ကျောချလို့တောင်ဓါးပြမှန်းမသိကြသေးပါလားလို့....
ဒါကြောင့်..ဒီလိုခက်နေတာ...

ခင်မင်စွာ
သဒ္ဓါ

SHWE ZIN U said...

မောင်လေး ရေ

ကောင်းလိုက်တာ အသဲထဲ ကို စွဲသွားအောင် ပြောနိုင်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဘဲ

ကျေးဇူးပါ
ရွှေစင်ဦး

မောင် လေး said...

အားပေးသွားကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်...။
မ သဒ္ဓါလှိုင်းရေ...အဲဒီနေ့က ကျွန်တော် နဲ့ သူ တော်တော်ကိုငြင်းလိုက် ရသေး
တယ်။ခုထိ ပိုကောင်းလာမယ်လို့ ထင်နေတာ အံသြ လို့ကို မဆုံးဘူး...။
ပိုဆိုးတာက သူက NLD လူငယ်အဖွဲ့ မှာ (အရင်က)ဝင်ပြီး လုပ်ခဲ့ဖူးတဲ့သူ..။
သူဘာကြောင့် သဘောထား ပျော့ပျောင်းသွားရတာလဲတော့ မပြောတတ်တော့
ပါဘူးဗျာ...။

အင်ကြင်းသန့် said...

ကိုမောင်လေးရေ....ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စကားလုံးကတော့ ပြောင်မြောက်လှပါပေတယ်။ ပြန်လည်မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးပါ။