Monday, July 26, 2010

ကျွန်တော် ဘလော့တွေဆီက ဘာကို မျှော်လင့် ခဲ့ပါသလဲ..

သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ဘာဖြစ်လို့ ဘလော့တွေကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်တာလဲ လို့မေးလာခဲ့တော့
ကျွန်တော့်မှာ ရုတ်တရက် ပြန်ဖြေစရာ စကားလုံးများ ဆွံအ သွားခဲ့ရသည်။ထိုစဉ်တုန်းကတော့ ဝါသနာပါလို့ပေါ့
လို့ လုံးချခဲ့ပေမယ့် အဲဒီအဖြေဟာ ကျွန်တော့်ရင်ထဲက လာတဲ့ ရာနှုန်းပြည့် မှန်တဲ့ အဖြေ မဟုတ်ခဲ့တာ ဘာသာ
သိနေခဲ့ပါတယ်...။

ဟုတ်ပါတယ်...ကျွန်တော့် အတွက်တော့ စာရေး၊စာဖတ်ဝါသနာ ပါရုံနဲ့ဘလော့တွေကိုဖတ်ဖြစ်နေတာမဟုတ်ပါ။
စာဖတ်ဝါသနာ ပါရုံဆိုရင် စာဖတ်ချင်သူတွေ အတွက် စလုံးမှာ လမ်းပြကြယ် မြန်မာစာကြည့်တိုက်ရှိပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း မန်ဘာဝင်ထားပြီး စာအုပ်တွေငှားဖတ်ဖြစ်ပါတယ်။ပြီးတော့ e-book တွေလည်းရှိနေ
လေတော့ တကယ်ဆို အချိန်ဆင်းရဲလှလို့ ရှိတဲ့စာအုပ်တွေတောင် ကုန်အောင်မဖတ်နိုင်တဲ့သူတစ်ယောက်
အတွက်တော့ စာဖတ်ဝါသနာပါလို့ ဆိုတဲ့ အဖြေဟာ လုံလောက်မှန်ကန်တဲ့ အဖြေတစ်ခု မဟုတ်ခဲ့ပါဘူး....။

ဒါဆို ဘာအတွက်ပါလဲ....။ဗဟုသုတ (ဒါမှမဟုတ် )ပညာ တစ်ခုခု ရဖို့အတွက်လား...။ဟင့်အင်း...၊မဟုတ်ပါ။
ဘလော့ဂါတွေ ကသူတို့ရဲ့ ဘလော့တွေမှာ တတ်နိုင်သလောက် သူတို့သိထား တာတွေကို ဝေမျှ တတ်ကြ
ပေမယ့် အမြဲတမ်း ဒါမျိုးတွေချည်း ရေးနေဖြစ်ကြတာမဟုတ်ပါဘူး...။သူတို့ရဲ့ခံစားမှုတွေ၊နောက် ကဗျာ၊ဝတ္ထု
လေးတွေ၊ဟာသလေးတွေ ကိုလည်း ရေးတတ်ကြတာပါပဲ...။ကျွန်တော်ကတော့ သူတို့ဘာရေးရေး၊ ဖတ်နေ
ဖြစ်တာ အမှန်ပါ..။ဗဟုသုတလေးတွေ ဝေမျှတော့လည်း ယူလိုက်တာပါပဲ...။

ဒီနေရာမှာ ဘလော့နည်းပညာသီးသန့် မျှဝေပေးတဲ့ ဘလော့တွေ ကိုတော့ နည်းပညာလိုချင်စိတ် သီးသန့်နဲ့
သွားဖြစ်ပါတယ်...။ဒါပေမယ့် ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အမြဲတမ်း သွားဖြစ်နေတာမဟုတ်ဘူးခင်ဗျ၊ကိုယ်
လိုအပ်မှသာ သွားရှာဖြစ်တာရယ်...(စေတနာ အပြည့်နဲ့ သိထားသမျှကိုမျှဝေပေးတဲ့ နည်းပညာဘလော့တွေကို
ကျေးဇူးတင်ရှိပါကြောင်း စကားစပ်လို့ ပြောကြားလိုက်ရပါတယ်...)

ဒါဆိုရင် စိတ်အပန်းပြေရုံ ဖျော်ဖြေရေးလိုသဘောထားတာလားလို့ မေးလာခဲ့ရင်လည်း မဟုတ်ရပါဘူးလို့ပဲဖြေ
ရမှာပဲခင်ဗျ...။စိတ်အပန်းဖြေချင်လို့ဆိုရင် ဂိမ်းတွေဆော့လို့ရတာပဲမဟုတ်လားခင်ဗျ၊ဖျော်ဖြေရေးအတွက်ဆို
ရင်လည်း ရုပ်ရှင်တွေ၊ဗီဒီယိုခွေတွေ အွန်လိုင်းမှာ ပြည့်လို့ရယ်....။ပြီးခဲ့တဲ့ ကမ္ဘာဖလားဘောပွဲတွေကိုတောင်
အွန်လိုင်းက အလားကားမူးတင်းကြည့်ခဲ့ရသေးတာ....။ဘလော့တွေကို ဖျော်ဖြေရေးသဘောမျိုး စိတ်ထဲမှာ
မရှိခဲ့တာလဲ အမှန်ပါ...။

ဒါဖြင့်ရင် ကျွန်တော် ဘာဖြစ်လို့ ဘလော့တွေကို စွဲစွဲမြဲမြဲ ဖြစ်နေရပါသလဲ.....။
တစ်နည်းအားဖြင့် ဘလော့တွေဆီမှ ကျွန်တော် ဘာကိုမျှော်လင့်ခဲ့ပါသလဲ....။

တစ်ခုထဲပါပဲ....၊ကျွန်တော်ဘလော့တွေထံမှ မျှော်လင့်ခဲ့တာ“ စိတ်ခံစားမှု ”တစ်ခုထဲပါ..။
တိတိကျကျပြောရရင် ဘလော့ဂါတွေက မျှဝေပြီးခံစားတဲ့ စိတ်ခံစားမှု တစ်ခုထဲရယ်ပါ....။

သူတို့တွေက ဝမ်းနည်းစရာတွေ ပေးလာခဲ့ရင် သူတို့နဲ့ထပ်တူ လိုက်ပြီး ဝမ်းနည်းလိုက်ပါတယ်..။
သူတို့တွေက ပျော်စရာ၊ကြည်နူးစရာလေးတွေ ဝေမျှလာတော့လည်း ထပ်တူ ဝမ်းသာ၊ကြည်နူးမိတာပါပဲ...။
သူတို့ခရီးသွားနေခဲ့ရင် ကျွန်တော်လည်း သူတို့နဲ့အတူ ဒေသန္တရဗဟုသုတလေးတွေ ရယူလိုက်ပါတယ်...။
သူတို့တွေက သူတို့အမြင်တွေ၊အတွေးတွေ ကိုချပြတော့လည်း၊ ကိုယ့် အမြင်နဲ့ ထပ်တူကြရင် လက်ခံ
လိုက်ပါတယ်..။မတူတော့လည်း မတူခြားနားခြင်းတွေကို ဆွေးနွေး၊ငြင်းခုံ ကြသည်ပေါ့ခင်ဗျာ...။

တစ်ခါတစ်လေ သူတို့တွေက သူတို့လျောက်လှမ်းခဲ့ရတဲ့ ဆူးခင်းတဲ့လမ်းတွေ၊ဘဝအမောတွေကို တဖွဲ့တနွဲ့
ပြောပြလာခဲ့ရင်လည်း ဖတ်လိုက်ရတဲ့ သူပါ နောက်ဆုံးမှာ မောပြီးကျန်ရစ်ခဲ့ပါတယ်...။
သူတို့တွေက သူတို့ချက်ပြုတ်၊စားသောက်သမျှကို စေတနာဗလပွနဲ့ ကျွေးမွေးတော့လည်း ကြုံသလိုစားနေရတဲ့
တကိုယ်တည်းသမားဖြစ်နေလေတော့(ဘာပဲပြောပြော ကြော်ငြာလေးတော့ ဝင်လိုက်ဦးမှ )သွားရေတောက်
တောက်ကျပြီးပြန်လာရတာပေါ့ခင်ဗျ...။

ဒီကမ္ဘာလောကကြီးမှာ ကိုယ်နဲ့ ဘယ်တုန်းကမှ မသိခဲ့တဲ့ သူတစ်ယောက်ရဲ့ စိတ်ခံစားမှုတွေကို ဝေမျှခံစားလို့
ရတာ ဟောဒီ ဘလော့ကေင်းကင်ကြီးမှာပဲရှိတယ်လို့ ကျွန်တော်တော့ထင်မိပါတယ်....

ပြီးတော့ ကိုယ့်ခံစားမှုတွေကို ကိုယ်တိုင်ဘလော့ရေးလို့ပဲဖြစ်ဖြစ်၊သူများပို့စ်မှာ မှတ်ချက်ရေးလို့ပဲဖြစ်ဖြစ်၊
အများတကာ ကို ဝေမျှပေးလို့လည်း ရပေတာကိုးခင်ဗျ...။

ကျွန်တော့် အတွက်ကတော့ ဘလော့တွေကို လည်ပတ်ရလို့ ဘာမှမရခဲ့ဘူဆိုရင်တောင် ဆိုခဲ့ပြီးတဲ့ စိတ်ခံစားမှု
တစ်ခုကိုရတာနဲ့တင် ဘယ်တုန်းကမှ အချိန်ကုန်တာပဲ အဖတ်တင်တယ်ဆိုတဲ့ စိတ်မျိုးမရှိခဲ့ပါဘူး...။

အဲဒီတော့ကာ....အို ဘလော့ကာအပေါင်း...သူတော်ကောင်းတို့...အသင်တို့ရေးချင်တာ ရေးကြပါကုန်...
ကျွန်တော် မောင်လေးတစ်ယောက်ကတော့ဖြင့် အသင်တို့ရေးသမျှ ဝေမျှလို့ ခံစားသွားမှာ ဖြစ်တဲ့ အကြောင်း
ကြေငြာမောင်း ခတ်လိုက်ရပါတယ်....

10 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မျှဝေခံစားကြပါစို့း)

လသာည said...

ဟုတ်ကဲ့ ..
ဟုတ်ကဲ့..
ဟုတ်ကဲ့...

ဘလော့ကာမောင်လေးရဲ့ ခံစားမှုကိုလည်း ဖတ်ရှုသွားပါကြောင်း..း))

နေ၀သန် said...

အားကတော့ အသားကုန်ကို ပေးနေပြီ...။ နို့ပေမယ့် ရေးချင်တိုင်းတော့ ဘယ်သူမှ ဒုန်းဒိုင်းချရေးလို့မရကြဘူးကော....။း)))


ခင်မင်တဲ့
နေ၀သန်

သဒ္ဓါလှိုင်း said...

အားလုံးကိုမျှဝေခံစားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..။

ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

ဘာပဲရေးရေး..လာဖတ်ပေးတာ
ကျေးဇူးပါ။
ကဲမျှဝေခံစားကြပါစို့။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

Anonymous said...

အင်း မောင်လေး ရေ

ပြောတာတွေ ဟုတ်ပါတယ် အားလုံး ပျော်ပျော်ပါးပါး ရှေ့ဆက်ပြီး မျှဝေခံစား ကြစို့နော် ရွှေစင်ဦး အသစ်တင်ရင်လည်း လာရောက်ခံစားဘို့ မမေ့နဲ့နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သူကြီးမင်း (တုံးဖလား) said...

ဒါဘဲပေါ့ဗျာ။ ဘလော့တွေက ခံစားမှုပေါင်းစုံကို ပေးနိုင်တယ်လေ။ စာအုပ်တွေထက် ဘာဖြစ်လို့ ဘလော့တွေကို ဖတ်တာက ပိုပြီး လတ်လတ်ဆတ်ဆတ်လဲ ဖြစ်တယ်လေ။ ရေခဲရိုက်ဟင်းတွေလို ဟောင်းနွမ်းမနေတော့ဘူးပေါ့။ ဒါကြောင့် များသောအားဖြင့် ကိုယ်ပိုင်ရေး အသစ်ပို့စ်ကလေးတွေကို ဖတ်ဖြစ်တာ များပါတယ်။ သတင်းဆိုလဲ လတ်လတ်ဆတ်ဆတ် အကြောင်းအရာတစ်ခုဆိုလဲ လတ်လတ်ဆတ်ဆတ်ပေါ့။

အင်ကြင်းသန့် said...

ကျနော့်အနေနဲ့ ဘလော့ရေးကြတယ် ဖတ်ကြတယ်ဆိုတာကို ဘယ်လိုခံယူထားသလဲဆိုတော့ ကျနော်တို့ ဟိုအရင်တုန်းကဆိုရင် သူငယ်ချင်းတွေရှိတယ်၊ မိတ်ဆွေတွေရှိတယ်။ အားတဲ့အခါဖြစ်စေ တစ်ယောက်နဲ့တစ်ယောက်ဆုံဆည်းမိကြတဲ့အခါဖြစ်စေ ကိုယ့်အကြောင်း သူ့အကြောင်းတွေကို ပြောကြတယ် ဆိုကြတယ် ငြင်းကြခုံကြတယ်။ အခုတော့ ဘ၀လမ်းခရီးထဲမှာလျှောက်လှမ်းနေကြရတဲ့အခါ အချိန်ဆိုတာလည်း အင်မတန်ရှားပါလာတယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့ဖို့ဆိုတာလည်း တော်တော်လေးညှိယူမှရတယ်။ တွေ့ဖြစ်ပြန်တော့လည်း အရင်လိုဇိမ်နဲ့ဆွဲပြီးစကားပြောမနေနိုင်ကြတော့ဘူး။ စားသုတ်သုတ် သွားသုတ်သုတ်နဲ့ပဲ ပြီးရတယ်။ အဲဒီတော့ ဘလော့ဆိုတာ အဲလိုသူငယ်ချင်းတွေ အင်တာနက်ပေါ်မှာစုမိပြီး ကိုယ့်ရဲ့အတွေ့အကြုံအဖြစ်အပျက်ခံစားချက်တွေကို
ပြောဆိုဆွေးနွေးရီမောကြတဲ့နေရာလေးတွေအဖြစ်
သတ်မှတ်တန်ဖိုးထားမိတယ်။

အဲ....ရေးကောင်းကောင်းနဲ့ရေးလိုက်တာ
တော်တော်ရှည်သွားတယ်။
ဆောရီးကိုမောင်လေးရေ.... :P

Maung Myo said...

အို ..အသင်မောင်လေး သင် ဘလော့လုပ်လိုက်တာကို အကျွန်နုပ်ခမှ သိလို့ရောက်လာပါကြောင်း ဟုတ်ပါ့ ရောင်းရင်းရေ ဘလော့ဆိုတာ စိတ်ခံစားမှုတစ်ခုပဲလိုတာပါ ။ နောက်ဆိုရင် သင့်ဘလော့ကို မှန်မှန်ရောက်လာမည်ဖြစ်ပါကြောင်း ကြေငြာမောင်းခတ်ပါတယ် ဂျိန်းးးးးးးးးးးးးးးးးး :)


Word verification ဖြုတ်လိုက်ပါလား အဲ့တာနည်းနည်းကြာလို့ ပလိစ်

Myanmar Good Knowledg Co., Ltd said...

ပထမဆုံးလာဖတ်တဲ့ ပို့စ်က ဒီလိုဖြစ်နေတော့ လန့်သွားတာပေါ့။
ကျွန်မသားလေးနဲ့ အလုပ်များတဲ့ မားမားပါ ။ မကြာမကြာလာကြည့်မယ်နော်။

ဒါ့ထက် အပ်ါက ကော်မန့်တွေ သေချာဖတ်ပါ။ သိပ်ကောင်းတာပဲ။