Saturday, July 31, 2010

ဒေဝဒတ္ထ

ဒီကနေ့တော့ အလုပ်က ခွင့်ပါယူလိုက်ရပါတယ်...။ဘာဖြစ်လို့လည်းဆိုတော့....တုပ်ကွေးပေါ့ခင်ဗျာ.....။နဂိုကမှ
ကျနေတဲ့ စိတ်ဓာတ်ကို မနည်း ဆွဲတင်နေရပါတယ်ဆိုမှ...တုပ်ကွေးက လာနှိပ်စက်ပါရောလားခင်ဗျ...။
ကြက်တုပ်ကွေးလား...၊ဝက်တုပ်ကွေးလား...၊ဘဲတုပ်ကွေးလား....၊ဘာတုပ်ကွေးလဲတော့မသိဘူးခင်ဗျ..။
ကွေးတော့ကွေးနေတာပဲ..။တစ်ကိုယ်လုံးမှာရှိသမျှအဆစ်အမြစ်တွေကကိုက်ခဲနေလေတော့နဖူးနဲ့ဒူးထိနေအောင်
ကွေးကွေးလေးနေမှ သက်သာလေတော့၊တစ်နေကုန်အဲဒီလို ကွေးနေရပါရောလား..။ခုညနေမှ သက်သာလာပါ
တယ်..။ဒါတောင် ခေါင်းထဲမယ်မူးနောက်နောက်နဲ့၊ရင်ထဲမှာလည်း တလှပ်လှပ်ဖြစ်နေတုန်းရယ်...။

ရင်တလှပ်လှပ်ဖြစ်နေတော့ နေမကောင်းတဲ့ကြားထဲ ဟိုသီချင်းလေးကိုတောင် သွားသတိရမိသေးတယ်..။
ဘာတဲ့ “ အသဲတယားယား၊ရင်တလှပ်လှပ်နဲ့ပင်..၊မနောဓာတ်ဘဝင်ဝယ်..ကတုန်ကရီ...၊ရွှေပဒုံမာ...ကြာချပ်ကို
လေအဟုန်လာဟပ်သလို ဖြစ်မည်..” ဆိုတဲ့ ရွှေသုန္ဒရီ သီချင်းကိုပါ..။အင်း..ဒီသီချင်းကို ရေးတဲ့သူလည်း ဧကန်န
တော့ တုတ်ကွေး ဖြစ်နေတုန်း စပ်ထားတာဖြစ်လိမ့်မယ်လို့ နောက်တီးနောက်တောက် တွေးနေမိပါတယ်...။

အင်း...ပြောချင်တာက ဒီအကြောင်းမဟုတ်ဘူးခင်ဗျ...။ဒီနေ့ တစ်နေကုန် တရားခွေလေးဖွင့်ပြီး အဲဒီလို ကွေးပြီး
မှိန်းနေတုန်း တွေးမိတဲ့ အကြောင်းလေး ပြောချင်တာ...။တခြားတော့ မဟုတ်....၊ဒေဝဒတ္ထ လို့ခေါ်တဲ့ ဒေဝဒတ်
အကြောင်းပါ။

ဘုရားရှင် ဟောတော်မူတဲ့ တရားတော်တွေမှာ အများအားဖြင့် ဗီလိန်ခန်းနေရာကို အပိုင်စားယူထားသူက
အများသိကြတဲ့အတိုင်း ဒေဝဒတ်လောင်းပဲ ဖြစ်ပါတယ်ခင်ဗျ...။သံသရာတစ်လျောက်လုံးမှာ ဒေဝဒတ်ဟာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရန်ငြိုး ကြီးစွာ ဖွဲ့ခဲ့ပါတယ်...။အဲဒီလို ဒေဝဒတ်ဟာ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့
ရခြင်းရဲ့ အစကို လိုက်ရှာကြည့်တော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သိခဲ့၊သင်ခဲ့ဖူးတဲ့ ရွဲကုန်သည်နှစ်ဦး
ဘဝက စခဲ့တာကိုးခင်ဗျ.....။

အာလုံးပဲ ဒီဇာတ်တော်ကို သိပြီးသားဖြစ်မှာပါ။ဒေဝဒတ်လောင်းရွဲကုန်သည်ဟာ သူကအရင် ရွေခွက်ကိုဦးပါ
လျက်နဲ့ မတော်လောဘကြောင့် လက်လွှတ်ခဲ့ရပါတယ်...။ရွေခွက်ကို ရိုးရိုးသားသား ရယူသွားတဲ့ ဘုရားလောင်း
ရွဲကုန်သည် အပေါ်မှာလည်း ရွေခွက်ကို ပြင်းစွာစွဲလန်းတဲ့ဥပါဒါန်ကြောင့် ရန်ငြိုး ကြီးစွာဖွဲ့ခဲ့ပါတယ်...။

အဲဒီလို ရွဲကုန်သည်ဘဝကစလို့ သံသရာ တစ်လျောက် ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခဲ့တဲ့ ဒေဝဒတ်ဟာ နောက်ဆုံး
မှာတော့ ဘုရားရှင်နဲ့ ဆွေမျိုးတော်စပ်လာခဲ့ပါတယ်....။ဘုရားရှင်ရဲ့ မယ်တော်၊ မယ်တော်မာယာဒေဝီနှင့်
မောင်နှမအရင်းတော်တဲ့ ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်းရဲ့သားတော်၊ယသော်ဓရာရဲ့မောင်အရင်း၊ဘုရားရှင်နှင့်
လည်း ညီအစ်ကိုဝမ်းကွဲ တော်စပ်ခဲ့ပါတယ်..။

ဘုရားရှင် ကပိလဝတ်ကို ကြွချီတော်မူလာခဲ့ပြီးနောက်၊ ဒေဝဒတ် ဟာ အခြားသောသာကီဝင်မင်းသားများ
ဖြစ်ကြတဲ့ ဘဒ္ဒိယ၊အနုရုဒ္ဓါ၊ဘဂု၊ကိမိလ၊အာနန္ဒာ တို့နှင့်အတူ ရဟန်းပြုခဲ့ပါတယ်...။သို့ပေမယ့် သူနှင့်အတူ
ရဟန်းပြုခဲ့ကြတဲ့ အရှင်အာနန္ဒာမှအပ ကျန်တဲ့သူများအားလုံး ရဟန္တာကြီးများ ဖြစ်တော်မူသွားကြပေမယ့် သူက
တော့ ရဟန်းပြုခါစက ရရှိထားတဲ့ လောကီဈာန်တန်ခိုးမျှဖြင့် ရဟန်းတို့ကျင့်ထုံးကို အဆုံးသတ်ကာ ရာဇဂြိုလ်
နန်းတွင်းမှာ ကျက်စားလို့ နေခဲ့ပါတယ်...။

အဲဒီနောက်မှာတော့ ရာဇဂြိုလ်ပြည်ရှင် ဗိမ္ဗိသာရမင်းကြီးရဲ့ သားတော် အဇာတသတ်မင်းသားကို စွဲဆောင်သိမ်း
သွင်းခဲ့ပြီးတဲ့နောက်မှာ သူရဲ့ မပြေတဲ့ရန်ငြိုးကို ဘုရားရှင်ကိုလုပ်ကြံခြင်းဖြင့် အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။
အာလုံးသိပြီးကြတဲ့အတိုင်း ဘုရားရှင်ကို နာဠာဂီရိဆင်ကြီးနဲ့ လုပ်ကြံခဲ့သလို၊အဇာတသတ်မင်းထံမှ လေးသမား
များနဲ့လည်း ဘုရားရှင်ကို လုပ်ကြံဖို့ကြိုးစားခဲ့ပါတယ်...။ဘယ်လိုမှမရတဲ့အဆုံး ကိုယ်တိုင် ကျောက်မောင်းဆင်ပြီး
တော့လည်း ဘုရားရှင်ကို သွေးစိမ်းတည်စေခဲ့ပါတယ်...။

အကြမ်းနည်းတွေနဲ့ဘယ်လိုမှ မရတဲ့အဆုံးမှာတော့ ဒေဝဒတ်ဟာ အနုနည်းဘက် လှည့်လာခဲ့ပါတယ်..။ဘုရား
ရှင် ဘယ်လိုမှ ခွင့်ပြုနိုင်ဖွယ်မရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပေးဖို့ရာ ဘုရားရှင်ထံမှာ တောင်းဆိုလာခဲ့
ပါတယ်...။ဘုရားရှင်မှ ခွင့်ပြုတော်မမူတဲ့ အခါမှာတော့ သံဃာတော်ငါးရာကိုသိမ်းသွင်းလို့ သူ့ဘာသာ ဂိုဏ်းသစ်
ထောင်ပါတော့တယ်...။

ဒါပေမယ့် သူ့နောက်ကိုယောင်မှားပါလာတဲ့ သံဃာတော်ငါးရာကို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး နှင့်
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးတို့ မှ တရားမှန်ကိုဟောပြောတော်မူ၍ ပြန်လည်ခေါ်ဆောင်သွားပြီးတဲ့
နောက် ရှင်ဒေဝဒတ်မှာတော့ ရင်ကွဲပတ်လက်ဝမ်းနည်းရတဲ့ဒဏ်၊သူ့ရဲ့လက်ရင်းတပည့်ကြီးများက ထုထောင်း
နှိပ်စက်ခဲ့တဲ့ဒဏ်တွေကြောင့် သွေးစိမ်းပွက်ပွက်အန်ပါတော့တယ်..။

အဲဒီလိုဒုက္ခကြီးစွာရောက်တော့မှ ရှင်ဒေဝဒတ်ဟာ နောင်တော်ဘုရားရှင်ရဲ့ဂုဏ်တော်၊ကျေးဇူးတော်တွေကို
အောက်မေ့သတိရလို့၊နှောင်းနောင်တကြီးစွာရပါတော့တယ်ခင်ဗျ...။ဒီတော့မှ ဘုရားရှင်ထံ ဝန်ချတောင်ပန်ဖို့
အသွား၊ဘုရားရှင်သီတင်းသုံးရာ ကျောင်းဝ မှာပဲ မဟာပထဝီမြေကြီးရဲ့ဝါးမြိုခြင်းခံခဲ့ရပြီး မဟာအဝီစီငရဲ ထံသို့
ရောက်ရှိသွားခြင်းဖြင့် သူ့ရဲ့ သံသရာအဆက်ဆက်က ရန်ငြိုးတွေကို အဆုံးသတ်သွားခဲ့ရပါတော့တယ်...။

ဒေဝဒတ်ဟာ မဟာအဝီစီငရဲမှာ ကမ္ဘာတစ်သိန်းတိတိ ခံနေရပြီဖြစ်ပါတယ်...။သူ့ရဲ့အပြစ်ဟာ ဘယ်လောက်များ
ကြီးသလဲဆိုရင် ကမ္ဘာပျက်လို့ တခြားငရဲသားများ ဗြဟ္မာ့ဘုံရောက်သည့်တိုင်အောင် သူကတော့ မရောက်ပါဘူး
တဲ့ခင်ဗျာ....။ဒီကမ္ဘာပျက်ရင် တခြားကမ္ဘာက မဟာအဝီစီငရဲမှာ သွားခံရမှာပါတဲ့ခင်ဗျ။အဲဒီ သူရောက်သွားတဲ့
ကမ္ဘာ ပျက်ခဲ့ရင်လည်း နောက်အခြားကမ္ဘာမှာ သွားခံရမှာပါတဲ့..။နောက်ဆုံး စကြာဝဠာထဲမှာရှိတဲ့ ကမ္ဘာ
အာလုံး တစ်ပြိုင်နက်ထဲ ပျက်ခဲ့ရင်တောင်မှ ဒေဝဒတ်ဟာ စကြာဝဠာမဟာတံတိုင်းမှာ ခြေ၊လက် လေးဖက်ကို
သံစို့နဲ့ အနှက်ခံလို့ သူ့ရဲ့မကောင်းကြံခဲ့တဲ့ဒဏ်ကို အကြားအလပ်မရှိ ခံရရှာမှာပါ...။

ဒေဝဒတ်ရဲ့ဇာတ်ဟာ ဒီနေရာမှာ ပြီးသွားဖို့ပါပဲခင်ဗျ..။ဒါပေမယ့် မပြီးသေးပါဘူး...။သူဟာ နှောင်းမှနောင်တ ရ
ခဲ့လို့ ကမ္ဘာတစ်သိန်းလုံးလုံး ငရဲခံရမှာဖြစ်ပေမယ့် အဲဒီ နောင်တဟာ အချည်းနှီးတော့ ဖြစ်မသွားခဲ့ပါဘူးတဲ့ခင်ဗျ။
ကမ္ဘာတစ်သိန်း ငရဲခံရပြီးတဲ့ နောက်မှာ ဒေဝဒတ်ဟာ ပစ္စေကဗုဒ္ဓအဖြစ် ကျွတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်တဲ့
ခင်ဗျာ...။

နောက်ဆုံးမှာတော့ ဘာပဲဖြစ်ဖြစ် နောင်တဆိုတာ အချိန်နှောင်းမှ ရခဲ့ဦးတော့ အလဟသတော့ မဖြစ်နိုင်ဘူး
ဆိုတာ ရှင်ဒေဝဒတ်ရဲ့ ဇာတ်သိမ်းခန်းက သက်သေပြသွားခဲ့ပါတယ် ဆိုတဲ့အကြောင်း ပြောကြားရင်းဖြင့်
ဒေဝဒတ္ထဇာတ်ကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျား...။

3 comments:

သူကြီးမင်း (တုံးဖလား) said...

တော်တော်မိုက်မဲတဲ့ ဒေ၀ဒတ်ဘဲ။ မြန်မာရုပ်ရှင်လိုဆိုရင်တော့ သူက အံ့ကျော်ပေါ့ဗျာ။ ဒါပေမဲ့လဲ သူမပါရင် ပွဲက မစည်ပြန်ဘူး။ သူက ဘုရားရဲ့ ကျေးဇူးရှင်ကြီးလေ။ သူရှိခဲ့လို့ ခန္တီပါရမီဖြည့်ခွင့်ရတာလေ။ ဒါကြောင့် ဘုရားငယ်ဖြစ်မှာပါတဲ့။

အင်း.. ဘယ်လိုဘဲပြောပြော သူကတော့ လူမိုက်နေရာကပါဘဲ။ ဒါကြောင့် အဇာသတတ်လောက်တောင် ငရဲမှာ လျော့ရက်မရရှာဘူး။

လသာည said...

တုတ်ကွေး ဂရုစိုက်ပါ..။ တုတ်ကွေးတုန်း နာရတဲ့ တရားကိုလည်း ထပ်ဆင့်နာကြားရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တုတ်ကွေးများများကွေးပါစေ အဲဟုတ်ဖူး.. တုတ်ကွေးမြန်မြန် ပျောက်ပါစေ..

Anonymous said...

အင်း မောင်လေး ရေ

ဒေဝဒတ် အကြောင်းဖတ်သွားတယ် ... ကျန်းမာရေးလည်း ဂရုစိုက်ပါအုန်းဗျို့ စာလည်း လာဖတ်အုန်း ဂျာနယ်ကျော် သရဲခြောက်ခံရတဲ့ အကြောင်းတင်ထားတယ် ကွေးကွေး လေးနဲ့ ကြောက်နေအောင် ချောက်တွန်းခြင်း

ခင်မင်စွာဖြင့်
ရွှေစင်ဦး