Saturday, October 13, 2012

အဘပြောင် သို့ ပေးစာတစ်စောင်

"တစ်နေ့ကပဲ အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်" လို့ ကျွန်တော်တို့ရဲ့ ချစ်စွာ
သော သမဒဂျီး ဘပြောင်က ကာရီးယိုးမှာ မြန်မာစာသင်သားတွေနဲ့တွေ့တော့ ပြောသွားတယ် ဆိုတဲ့အ
ကြောင်း ခုဏလေးတင် ဖဘမှာသယ်ရင်းတစ်ယောက်ရှယ်လို့ဖတ်လိုက်ရတယ်...၊မူရင်းတင်တဲ့သူကတော့
 အဲ့နေရာရောက်တော့ မျက်ရည်တောင်ကျသတဲ့....၊အဲ့စကားကို ဘပြောင်တကယ်ပြောခဲ့တယ်ဆိုရင်......
ကျွန်တော်လည်း " ကြေကွဲစရာပါလား....ဘပြောင်ရယ်...." လို့ Rဇာနည့်လေသံနဲ့ ငိုချင်းတောင်ချလိုက်
ချင်သေးရဲ့......။

ကျွန်တော်တို့မြန်မာပြည်ရဲ့ စီးပွားရေးဆိုတာ အမေဂျီးကားက ဖွင့်ပေးလိုက်တာနဲ့ အပ်ချလောင်းဆို
ဝုန်းကနဲ ခုန်တက်မယ်များ မှတ်နေသလား ဘပြောင်....၊တိုင်းပြည်ဖွံဖြိုးတိုးတတ်ဖို့ အခြားတိုင်းပြည်တစ်

ပြည်ကို မျက်နှာချိုသွေး၊အားကိုးနေဖို့ရော လိုသတဲ့လား ဘပြောင်ရဲ့၊အရင့်အရင်တုန်းကတော့ ဘယ်သူ

ဘယ်လောက်ပိတ်ပိတ် တို့မမှုဘူးဆို....၊ခုတော့ လေသံတစ်မျိုးပြောင်းပါရောလား.....သမဒဂျီးရယ်....။

တကယ့်တကယ်တမ်းသာ တိုင်းပြည်ကို တကယ့်ကိုဖွံ့ဖြိုးတိုးတတ်စေချင်တယ်ဆိုရင် ကိုယ့်ပြည်တွင်းမှာ
စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ရမယ်ဆိုတာ ဘပြောင်လည်းမသိမဟုတ်...။ခုခေတ်အခြေအနေ
လို  လက်ထဲမယ် အာဏာမြဲမြဲဆုတ်ကိုင်ထားဆဲ ဘဘဂျီးတွေနဲ့ ဆွေမျိုးစပ်လို့ ပူးပေါင်းပြီး တိုင်းပြည်ရဲ့
 သယံဇာတတွေကို ဘိုးဘွားပိုင်သဘောထားလို့ လုပ်ချင်တိုင်းလုပ်နေတဲ့ ဝိသမသမားစစ်စစ်လက်တစ်
ဆုတ်စာလူတစ်စုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့မယ်ဆိုရင်၊

အရင်းနဲသူရော အရင်းများသူပါ ဈေးကွက်ရဲ့တောင်းဆိုလိုအပ်ချက်နဲ့အညီ လွတ်လပ်စွာ စီးပွားရှာနိုင်တဲ့
စီးပွားရေးစနစ်တစ်ရပ် ရှင်သန်ထမြောက်လာမယ်ဆိုရင်၊မလိုအပ်တဲ့ ဥပဒေတွေကို ဖြုတ်၊လိုအပ်တဲ့ဥပဒေ
တွေကို ပြဌာန်းနိုင်ခဲ့မယ်ဆိုရင်၊သဘာဝကအမွေပေးထားတဲ့ သယံဇာတတွေကို တိုင်းရင်းသားပြည်သူအား
လုံး အကျိုးခံစားခွင့်ရှိအောင် စီမံခန့်ခွဲနိုင်ခဲ့မယ်ဆိုရင်၊ ကျွန်တော်တို့မြန်မာပြည်ရဲ့ စီးပွားရေးက မဖွံ့ဖြိုး
စရာ မရှိပါဘူး ဘပြောင်ရယ်....။



ပြီးတော့ ကိုယ့်ဘက်ကသာစစ်မှန်တဲ့ လမ်းကြောင်းကိုလျှောက်နေမယ်ဆိုရင် ဘယ်သူ့ကိုမှ မျက်နှာ
ချိုသွေးနေစရာမလိုပါဘူး၊ဟိုကသူ့အလိုလိုဖွင့်ပေးမှာပါ..၊ခုဖွင့်ပေးတာလည်းဘပြောင်လမ်းကြောင်းမှန်ကို
 လျှောက်နေတယ်ဆိုတာကို ထောက်ခံအားပေးတဲ့အနေနဲ့ဖွင့်ပေးလာတာတွေပါ...၊ဘပြောင် ဒီထက်ပိုပြီး
မှန်ကန်သောလမ်းကြောင်းပေါ် ရဲရဲတင်းတင်း လျှောက်ရဲလာအောင် တွန်းအားပေးလာ ခဲ့တာတွေပါ.....။
ဘပြောင် မဟုတ်တာလုပ်ရင် သေလောက်အောင်မျက်နှာချိုသွေးတော့ ပွင့်လာမယ်မထင်နဲ့......။

ကျွန်တော်တို့ဒေါ်စုကိုပဲကြည့် ဟီလာရီနဲ့ဆက်ဆံတာ တန်းတူရည်တူ ချစ်ချစ်ခင်ခင်ပဲ....၊အိုဘာမားနဲ့
လည်းဒီအတိုင်းပဲ...သူ ဘယ်သူ့မှမျက်နှာချိုသွေးစရာမလိုပါဘူး...၊မျက်နှာချိုလည်း မသွေးခဲ့ပါဘူး..၊သူ့
ဘာသာသူရွေးချယ်ခဲ့တဲ့လမ်းကြောင်းကိုတစ်စိုက်မတ်မတ် လျှောက်လှမ်းခဲ့တဲ့သူပါ..။သူမှန်တဲ့လမ်းကြောင်း
ပေါ်မှာ မားမားမတ်မတ်ရပ်တည်နေသရွေ့ တကမ္ဘာလုံးက သူ့ကို ထောက်ခံအားပေးမှာအသေအချာပါပဲ။

ပြီး...ဘပြောင်ပြောသွားတာ ရှိသေးတယ်....စည်းလုံးညီညွှတ်ဖို့ ထင်းစည်းလေးချိုးပြနေရတုန်း....တဲ့....
ခက်တာပဲ ဘပြောင်ရယ်...သံသရာနဲ့ချီပြီး ဒုက္ခသုက္ခရောက်၊ကိုယ့်ပြည်နယ်ကထွက်တဲ့ကိုယ့်သယံဇာတ
မှကိုယ်ပြောင်ပြောင်တင်းတင်း မသုံးစွဲခဲ့ရတဲ့ ကိုယ့်သွေးချင်းတွေကို သူရို့ ခံစားစံစားသင့်တာကို သူတို့ကို
ပြန်ပေးလိုက်...၊သူရို့ ကြမ္မာသူရို့ ဖန်တီးခွင့်ပေးလိုက်ရင် မတည့်စရာမရှိပါဘူးဗျာ။ခွဲထွက်မှာတွေဘာတွေ
မပူပါနဲ့....၊သူရို့ဘာသာ လွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရရင် အလုပ်ရှုပ်ခံပြီး ခွဲထွက်ခွင့်
တွေဘာတွေမတောင်းပါဘူးဗျ..၊

ဗိုလ်ချုပ်ပြောခဲ့သလို ခွဲထွက်ခွင့်က သူတို့ရပိုင်ခွင့်၊ မခွဲထွက်ချင်အောင်လုပ်ပေးရမှာက ကိုယ့်တာဝန် ပဲ
မဟုတ်လားဗျာ...၊ငြိမ်းချမ်းရေးဆိုတာ နားလည်၊ယုံကြည်မှုနဲ့အတူ၊လွတ်လပ်ခြင်း၊ညီမျှခြင်း၊တန်းတူညီတူ
ရှိခြင်းတွေနဲ့ပါ တည်ဆောက်မှ ရမှာ ဘပြောင်ရဲ့...၊အဲ့လိုမှ မဟုတ်ပဲ...မင်း....တို့လက်တွေ လေထဲမှာ
မြှောက်ထားလိုက်.....ပြီးမှ လွှတ်တော်ထဲဝင် ထိုင်ငိုက်ကြ လို့ သွားပြောတော့ ဘယ်သူက ဘပြောင်တို့ကို
ယုံမတဲ့လဲ......၊ထင်းစည်းလေးချိုးပြပြီး ချီးတုံးဂျီးသည် ခွန်အား အဲ.....စည်းလုံးခြင်းသည် ခွန်အား လုပ်နေ
လို့ကတော့ ဟိုဘက်က ကျည်ဆန်ပဲ ပြန်ပေးလိမ့်မယ်...ဘပြောင်.....။
 
ခုတော့ ဘပြောင်လည်း သမဒဂျီးဖြစ်တာ တစ်နှစ်ကျော်ပြီ...၊တိုင်းပြည်မလဲ ရှုပ်ထွေးပွေလီနေလိုက်တာ 
သပွတ်အူကတောင် အဖေခေါ်ရ...။ဘပြောင်လည်း တီလုပ်ကိုအရှုံးပေးရ၊ခေါ်တောကို အညံခံရ၊အနောက်
က ဘွားတော်ကြီးကို မျက်နှာချိုသွေးရ နဲ့ ရစရာကိုမရှိတော့ဘူး...၊တိုင်းပြည်တွင်းမှာလည်း ဘယ်ဘက်က
မှ ဖွံဖြိုးတိုးတက် လာတာမတွေ့ရပါလားဗျာ....။
 
ခုတော့ ကျွန်တော်တို့ တိုင်းပြည်ကြီးက ရိုးတံကကြဲကြဲ၊ကိုင်းဖျားကိုင်းနားတွေလည်း ခြောက်သွေ့၊ ပင်စည်
မှာလည်း အက်ကြောင်းတွေထ၊ရေသောက်မြစ်တွေလည်း သေလုခမန်းဖြစ်နေတဲ့ သစ်ပင်ကြီးတစ်ပင်လို
ဖြစ်နေပြီ ဘပြောင်...၊ဒီကြားထဲ ဘယ် ကလေကဝက ရောက်လာမှန်းမသိတဲ့ ပညောင်ပင်တစ်ပင်ကလည်း
သစ်ခွကြားလာပေါက်ရာကနေ ပင်စည်ကြီးတစ်ပင်လုံးကိုပါ ဝါးမြိုဖုံးလွှမ်းဖို့ အားယူနေပြီဘပြောင်...၊ကိုယ့်
ဘေးနားမှာ ပေါက်နေတဲ့ ကိုယ့်ထက် ၁၀ဆလောက်ကြီးတဲ့ သစ်ပင်ကြီးကလည်း အရိပ်လွမ်းမိုးနေလိုက်
သေးရဲ့။အဲ....စိမ်းစိမ်းလန်းလန်းရှိမယ့် ရှိတော့ ဟိုးထိပ်ဖျားက ဘယ်သူမှ မတို့မထိဝံ့တဲ့ " နတ်နေကိုင်း "
တွေကတော့ ထောင် ထောင် ထောင် ထောင် နဲ့ပါလား ဘပြောင်ရေ....။

ဘပြောင်ရေ....ဘပြောင်မှာသာ ကိုယ့်တိုင်းပြည်ကို တကယ်ဖွံဖြိုးတိုးတတ်စေချင်တယ်ဆိုရင်၊ကိုယ့်တိုင်း
ပြည်အပေါ် စေတနာတကယ်ရှိတယ်ဆိုရင် သစ်ပင်ကြီးရဲ့ အကိုင်းအခက်အလက်နဲ့တူတဲ့ တိုင်းသူပြည်
သားတွေ ဝေစည်ဖွံ့ဖြိုးလာအောင်၊ကွဲအက်နေတဲ့ ပြည်ထောင်စုပင်စည်ကြီး စုစည်းမိအောင်၊တိုင်းပြည့်
ရေသောက်မြစ်ဖြစ်တဲ့ လူစွမ်းအားနဲ့သဘာဝသယံဇာတအရင်းအမြစ်တွေ စဉ်ဆက်မပြက်ဖွံဖြိုးတိုးတတ်
နေအောင် လုပ်ရမယ်ဆိုတာ ဘပြောင်လည်းမသိမဟုတ်....။ပြီး ကလေကဝလာပေါက်နေတဲ့ ပညောင်ပင်
ပေါက်ကိုလည်း အပြီးတိုင်သင်းသတ်ဖယ်ရှားပစ်ရမှာဖြစ်သလို ကိုယ့်ကို အရိပ်ထိုးနေတဲ့ နံဘေးက သစ်ပင်
ကြီးရဲ့ လောင်းရိပ်အောက်ကလည်း ပညာသားပါပါ ယိမ်းနွဲ့ ရှောင်ရှားနိုင်ရမယ် မဟုတ်လား....။နောက်ပြီး
ဘယ်သူမှ မတို့ရဲ မထိရဲတဲ့ နတ်နေကိုင်းလို အခွင့်ထူးခံ လူတန်းစားတစ်သိုက်ကိုလည်း ဖယ်ပစ်ရှားပစ်
ရမယ် ဘပြောင်......။

ဘပြောင်ရေ.......နိုင်ငံအုပ်ချုပ်မင်းလုပ်တဲ့သူဆိုတာ ရိုးဂုဏ်လေးတစ်ခုရှိရုံနဲ့မရဘူး ဘပြောင်ရဲ့၊လုပ်စရာ
ကိုင်စရာရှိတာကို ပြတ်ပြတ်သားသားကိုင်တွယ်နိုင်ရတယ်...၊ဒီလိုပြောလို့ မနေ့တစ်နေ့ကအထိ နိုင်ငံ
အုပ်ချုပ် ထင်ရာလုပ်သွားတဲ့ ဟိုဘဘဂျီးလို ရက်စက်ရမယ်ပြောတာမဟုတ်ဘူးနော်...၊ဖြစ်သင့်ဖြစ်ထိုက်
တာကို ပြည်သူ့ဆန္ဒနဲ့အညီ ပညာသားပါပါ၊ ပြည်သူ့ဘက်က ပြတ်ပြတ်သားသားရပ်တည်နိုင်ရမယ်ပြော
တာ...။နိုင်ငံတကာအလယ်မှာလည်း ကိုယ့်လုပ်ဆောင်ချက်တွေကို လက်ခံနိုင်အောင် အချက်ကျကျပြော
နိုင်ဆိုနိုင်၊ရှင်းလင်းပြနိုင်ရမယ်...၊ဒီအတွက်လည်း နိုင်ငံတကာ ဗဟုသုတ၊အတွေးအမြင်၊အတွေ့အကြုံ
ရှိရမယ်...၊ပညာလည်း တက်၊လူကလည်း ထက်မြက်နေရမယ် ဘပြောင်ရဲ့...၊ခုတော့ သမဒရဲ့ အရည်
အချင်းဆိုတာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အူလှတဲ့၊ကိုယ့်ဘက်ကို ပြောင်ပြောင်ဂျီးယက်ထားတဲ့ စည်းမျဉ်း
စည်းကမ်းပဲ အခြေခံဥပဒေထဲ ပါဆိုပါလားဗျာ....။

ပြောရရင်တော့ သမ္မတကောင်းတစ်ယောက်ရဲ့အရည်အချင်းတွေ ဘပြောင်မှာ မရှိပါဘူး ဘပြောင်...။အဲဒီ
အရည်အချင်းတွေက ဒေါ်စုဆီမှာပဲ အပြည့်အဝရှိတယ်ဆိုတာ ဘပြောင်နဲ့တကွ ရှိရှိသမျှသော ဘောင်း
ဘောင်းဝတ်၊ဘောင်ဘောင်းချွတ် ဘဘဂျီးတွေ သိကြပါတယ်...။ခက်တာက ဘပြောင်ရဲ့ ချစ်စွာသော
စီနီယာ၊ဂျူနီယာရောင်းရင်းအပေါင်းအသင်းတစ်သိုက်က အာဏာနဲ့စည်းစိမ်ကို ငမ်းငမ်းတတ်ပြီးသကာလ
ဒေါ်စုများ သမ္မတဖြစ်ရင်ဖြင့် တိုင်းပြည်ကောင်းစားတာက အရေးမဟုတ်၊ငါတို့ အသက်အိုးအိမ်စည်းစိမ်
တွေ ကတိမ်းကပါးဖြစ်ရချည်ရဲ့ဆိုပြီး လောဘဇောတတ်နေကြတာပဲ ဘပြောင်ရယ်....။

ဒီတော့ ပြည်သူကရွေးချယ်ရင် ဒေါ်စုလည်း သမ္မတဖြစ်နိုင်ပါတယ်ရယ်....လို့ ဘပြောင်က ဘယ်လောက်ပဲ လူကြားကောင်းအောင်ပြောပြော...၊ဘပြောင်တို့ ဘဘတစ်သိုက် အကြိုက်ဆွဲထားတဲ့ အခြေခံအေပဒု ထဲ
မှာ သမ္မတလောင်းရဲ့ သားသမီးဟာ အခြားနိုင်ငံသားအဖြစ်ခံယူထားသူမဟုတ်ရဆိုတာရယ်...၊အဲ့အချက်
တွေကို ပြောင်းချင်ရင်ဖြင့် ခေါင်းပေါင်းစ ညာချတဲ့ မဟာအမတ် ၇၅ရာနှုန်းကထောက်ခံပြီး တာတောင်မှ
ပြည်သူ့ဆန္ဒခံယူရဦးမယ်ဆိုတဲ့ ဧရာမသံမဏိစည်းမျဉ်းစည်းကမ်းတွေနဲ့ ချည်တုတ်ထားတယ်မဟုတ်လား
ဘပြောင်...။

အင်း...ပြောမယ့်သာပြောရ.....ဘပြောင်လည်း ဆူးကြားက ဘူးခါးဆိုတာ ကလေးကအစ၊တကမ္ဘာလုံးက
လူတိုင်းသိပါရဲ့၊ဘပြောင်မလည်း........ဘရွှေတို့ ဘအေးတို့နဲ့သူတို့ရဲ့ပါတနာ ခရိုနီတွေကတစ်ဘက်၊
ပေါက်ဖော်ကြီးကတစ်ဘက်၊တင်းမာပြတ်သားပြီးဘဘဂျီးခိုင်းတာတစ်သွေမတိမ်းလုပ်ချင်တဲ့ချုပ်ချုပ်ဒုမှုးကြီး
ကတစ်ဘက်၊ငါ့မြင်းငါစိုင်း ဘယ်ရောက်ရောက်ဆိုတဲ့ ကြံ့တွေကတစ်ဘက်၊ဆိုတော့လည်း.....အင်း......

ဆိုတော့ ဘပြောင်ရေ....ဘပြောင်လည်း တွေ့သမျှလူ မျက်နှာချိုသွေး၊ကျွန်တော်တို့လည်းနီးရာနိုင်ငံမယ် 
မျက်နှာအောက်ကျို့လို့ ကျွန်ဆက်ခံကြရတာပါ့.......။ကျန်တာကတော့ သေရင်ပြီးပြီ မဟုတ်လား...။
မသေခင် နိုဘယ်ဆုလေးရသွားတော့လည်း အမြတ်ပေါ့ ဘပြောင်......။တိုင်းပြည်ဂျီးဘာဖြစ်နေ...ဖြစ်နေ....
ဘပြောင်လည်း အိညှောင်အိညှောင်နဲ့ သမဒဂျီးဇာတ်ရုပ်အဖြစ်အသုံးတော်ခံလိုက်ပေဦးတော့၊ကျွန်တော်
တို့ နင်ပြားတွေလည်း  လိန်ဖယ်....လိန်ဖယ်နဲ့ ခရီးဆက်ကြတာပေါ့ ဗျာ..........။

                                                                               အဲ့ဒါပါပဲဗျာ......သမဒဂျီးကျမ်းမာပါစေ...။

Wednesday, October 10, 2012

အဲဒီညမှာ ရွှာခဲ့တဲ့ အလွမ်းက ခုထိမစဲသေးဘူးတဲ့ ဟန်နီ....

ဝေးကွာခြင်းတွေလောက်ဝေးကွာနေတာမရှိခဲ့......

ဘယ်တုန်းကမှ မနီးစပ်ခဲ့ပေမယ့် ပိုလို့ဝေးကွာသွားတယ်ဆိုတဲ့အသိက ရင်တစ်ခွင်လုံးကို ပူမြိုက်...

သံယောဇဉ်ဆိုတာ ကိုယ့်ကိုကိုယ်ကြိုးဆွဲချဖို့ ကြိုးတစ်ချောင်းမျှသာ.......

စကားသံတွေကို မနေ့တစ်နေ့ကမှ ကိုယ့်နား နားလာကပ်ပြောသွားသလို ကြားယောင်နေမိဆဲ.....

စိတ်ကြေးမုံပြင်မှာ အသွင်အပြင်အားလုံးကို အနှေးပြကွယ်သဖွယ် ထင်မြင်နေ.....


စီးခဲ့တဲ့ဖိနပ် ပန်ထားတဲ့နားကပ် ပြုံးလိုက်တိုင်းပေါ်တတ်တဲ့ သွားစွယ်.....

ကိုယ့်အပေါ် ငုံ့ကိုင်းကျခဲ့ဖူးတဲ့ ဆံနွယ်မျှင်တစ်စက ဒိုင်ယာရီအဟောင်းထဲမှာ လဲလျောင်း......

မင်းဖြတ်လျှောက်သွားတဲ့ ငါ့ရင်တစ်ခင်းမှာ အလွမ်းတွေက အုတ်အော်သောင်းတင်း ပွင့်....

အထိအရှများတဲ့ နှလုံးသားဆိုတာ ဒဏ်ရာတွေနဲ့နုနယ်မြဲ.....

သူပြောခဲ့ဖူးတဲ့ ပုံပြင်တွေထဲမှာ ကိုယ်ဟာ မင်းသားလေးလို့ ခုထိယုံကြည်.......

နေရင်း ထိုင်ရင်း စားရင်း သောက်ရင်း ရယ်ရင်း မောရင်း အိပ်စက်နေရင်း အလွမ်းတွေကတစ်မြေ့မြေ့......

ဘာသာတိုက်တဲ့ ကျိန်စာ မှာ ပြန်ဖြည် ယူဖို့ ဂါထာမရှိ.....

တစ်နှစ်ခြင်း၊တစ်လခြင်း၊တစ်ရက်ခြင်း၊တစ်နာရီခြင်း၊တစ်မိနစ်ခြင်း၊တစ်စက္ကန့်ခြင်း မှာ သတိရခြင်းက
တစ်ရွေ့ရွေ့တွားသွား......

ဒိတ်ကနဲ ခုန်တဲ့ နှလုံးစည်းချက်တိုင်း မှာ တမ်းတစိတ်တွေက ဟီးလေးခို.........

တစ်ဘဝလုံးအမှောင်ဖုံးနေသည့်တိုင် အလွမ်းစိတ်တွေက အလျှံညီးညီး......

ဒီလိုနဲ့ သေရာပါမယ့် ဒဏ်ရာတွေကို ထွေးထွေးပိုက်ပိုက် မိုက်မိုက်မဲမဲ သတိရ တမ်းတမြဲ.......

စကားမစပ်......

မင်း ကိုယ့်ကို ဖျက်ကနဲ သတိရမိခဲ့ရင် တစ်ချက်လောက် မဲ့ပြုံး ပြုံးပါ ဟန်နီ........။

Sunday, September 30, 2012

ကျွန်တော်....သူတို့....နှင့် ဒီလောက......

စားပွဲခုံပေါ်ရှိ ကွန်ပြူတာဖန်သားပြင်ကို ကျွန်တော် ငေးကြည့်နေမိသည်မှာ မိနစ်အတန်ကြာနေပြီဖြစ်သည်။
လက်ချောင်းများကလည်း ကီးဘုတ်ပေါ်တွင်အသင့်အနေအထား....။ကွန်ပြူတာဖန်သားပြင်တွင်မတော့
မျောလွင့်တိမ်တို့နားခိုရာ ၏ new post စာမျက်နှာကပွင့်လျက်သား...၊သို့ပေမယ့် အဖြူရောက်သက်သက်
မျက်နှာစာပေါ်တွင် စာလုံးတစ်လုံးမှ ရှိမနေပါ။တစ်စုံတစ်ရာ ချရေးလိုက်တော့မည်ဟု ကြံစည်လိုက်တိုင်းမှာ
ကျွန်တော့်နှလုံးသားတို့ လေးလံလာရသည်။ဤသည့်အခြေအနေကို စာရေးဆရာတွေကတော့ မုဒ်မဝင်
ဘူး ဟု ပြောဆိုသုံးနှုန်းကြမည်ထင်သည်။ကျွန်တော်ကတော့ စာရေးဆရာမဟုတ်တော့ အဲဒီလိုသုံးနှုန်းဖို့
ရာ စိတ်မရဲလှပါ...။ဆိုတော့ ပို့စ်အသစ်တစ်ပုဒ်၊စာတစ်ပုဒ်ရေးဖို့ရာ စိတ်ပါဝင်စားမှု ကင်းမဲ့နေတယ် လို့ပဲ
ဆိုကြပါစို့ရယ်....။

ပြောရရင် ဒီလိုမျိုးဖြစ်တတ်တာက ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်....၊ကျွန်တော့်ထက်စီနီယာ
ကျသော နောင်တော်၊အစ်မတော်တို့ပင် ဖြစ်တတ်ကြလေသည်။ဒီအကြောင်းကို အကိုညီလင်းသစ်ပင်ပို့စ်
တစ်ပုဒ်ရေးခဲ့ပြီး၊အခြားသော အကို၊အမ များကလည်း ကွန်မန့်များစွာဖြင့် ဝန်ခံကြလေသည် မဟုတ်ပါလား
ဗျာ....၊ခုလို ကျွန်တော်ကိုယ်တိုင် စိတ်မပါ၊လက်မပါဖြစ်နေချိန်မှာ အဲဒီပို့စ်လေးကို သတိရပြီး...အင်း.....

ကိုယ့်စီနီယာတွေတောင် စိတ်မပါလို့ မရေးသေးတာပဲ....၊ငါလည်း စိတ်မပါရင်မရေးပဲနေမှ ဆိုပြီးသကာလ
ဘာမှ မရေးပဲ ပေကပ်နေလေတော့ ပိုဆိုးရော ဆိုပါတော့ဗျာ....။

ပြောရရင် ကျွန်တော့်မှာ ရေးစရာအကြွေးတွေက တစ်ပုံတစ်ပင်ရယ်...၊စိတ်မပါလို့ ဘာမှမရေးဖြစ်တဲ့အချိန်
မှာမှ ညီမတစ်ယောက်က ဘဝရသ တစ်ပုဒ်လောက်ရေးပေးပါလို့ တောင်းဆိုလာပါလေရော...။ပြောရရင်
ကျွန်တော်လို ဘာမှ မဟုတ်တဲ့ချောက်တီးချောက်ချက်လူတစ်ယောက်ကို ခုလို တောင်းဆိုလာတာကိုက
ဝမ်းသာ၊အားတတ်စွာဖြင့် ကြိုးစားပမ်းစား ရေးရမှာ မဟုတ်ပါလားဗျာ...။ရေးဖို့လည်း တကယ်ကြိုးစားပါရဲ့။
သို့ပေမယ့်  ဟဒယနှလုံးအိမ် အတွင်းမှ အဘယ်မည်သော ခံစားချက်တစ်စုံတစ်ရာမှ ဦးနှောက် ဆီသို့
ယိုစီး၊စိမ့်ကျလာခြင်းမရှိခဲ့....။အဲဒီလို နှလုံးအိမ်မှ အမိန့်တစ်စုံတစ်ရာမရလေသော ကျွန်တော့်ဦးနှောက်
ငယ်ငယ် မှ လက်ချောင်းများထံသို့ စာလေးတစ်လုံးတစ်လေမှ လွန်မြောက်လာခြင်းသည် မရှိတော့...။
ထိုသောအခါမှာတော့ ကျွန်တော့် စာမျက်နှာများသည် သွေ့ခြောက်နွမ်းနယ်ကာ သုဿန်တစ်စပြင်နှယ်
တည်း...။


တကယ်တမ်းဆိုလျှင် ကျွန်တော့် ဦးနှောက်၏တစ်ထောင့်တစ်နေရာမှ ခံစားချက် ဆိုသောခေါင်းစဉ်အောက်

တွင် " တေးမှတ် " ထားသည်များ ရှိပါ၏။မျောလွင့်တိမ်၏ Draft မူကြမ်းစာမျက်နှာထက်တွင်မလည်း ရေး
လက်စပို့စ်ပေါင်း ၂၆ ခုတိတိရှိလေ၏။တစ်ချို့ဆို ပြီးလုခမန်းပင်...။ထိုပို့စ်များကို ဆက်ရေးမည်ကြံသော်
လည်း မရ....။ခံစားချက်ဆိုသည်က ဒီနေ့နှင့် မနေ့ကပင် တူသည်မဟုတ်....၊ရက်ပေါင်းများစွာကြာသော
အခါ ထိုစဉ်က ခံစားချက်တို့ကား ပုတ်သိုးကုန်နှင့်လေပြီ....။

ဘာမျှ မရေးဖြစ်သည့်နောက် ဘလော့တွေပဲ လိုက်ဖတ်နေရသည်။ ပြောမယ့်သာပြောရ ကျွန်တော်ဖတ်
နေကျဖြစ်သည့် ဘလော့တွေလည်း အရင်လို ပွဲမစည်လှတော့...။မှတ်မိသေးသည်...။ဟိုး အရင်နှစ် နှစ်
ကျော်ကာလ.....ကျွန်တော် ဘလော့လေးစရေးကာစက တစ်နေ့လျှင် အနည်းဆုံး ပို့စ်အသစ် ၁၀ပုဒ် မှ

သည် အပုဒ်၂၀ လောက်ထိတက်လာတတ်ကြသည်။ဒါတောင် ထိုစဉ်ကာလက ကျွန်တော့်ဘလော့တွင်
လင့်ချိတ်ထားသည့်ဘလော့များ မှာ ခုလောက်များလှသည်မဟုတ်...။ထိုအချိန်များဆီကတော့ ဘလော့
နှင့် သတင်းဆိုက်များကို လိုက်ဖတ်လိုက်သည်နှင့် ည၁၀နာရီ ထိုးသွားလေ့ရှိသည်။စာရေးဖြစ်သည့်နေ့
များတွင် ကိုယ်ရေးချင်တာအရင်ရေးပြီးမှ ဖတ်ရ၏။အဲ့လိုမှ မဟုတ်လျှင်ဖြင့် စာရေးဖို့ရာ အချိန်မရှိတော့။


ခုများတွင်မတော့ လင့်ချိတ်ထားသည်များ ၁၀၀ ခန့်ရှိသည့်တိုင် တစ်နေ့ လုံးနေမှ ဘလော့လေးငါးခုထံ
မှသာ အသစ်လေးတွေတတ်လာတော့သည်။ကျွန်တော်ချစ်ခင်ရသောသယ်ရင်းများ၊လေးစားရသော
ဘလော့များလည်း တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ အတိုင်း သူတို့ဘလော့တွေကို ပိတ်သူပိတ်သွားကြလေ
ပြီ...။တစ်ချို့ကြတော့ မပိတ်ပေမယ့် စာတွေဆက်မရေးဖြစ်ကြတော့....။ကျွန်တော်ကတော့ သူတို့တစ်နေ့
ပြန်ရေးနိုးဖြင့် လင့်လေးတွေပင် မဖြုတ်ရက်ပါ...။သူတို့သည် ကျွန်တော် ချစ်ခင်ရ၊လေးစားရ၊သဘောကျ
ရသူများ မဟုတ်ပါလား...၊ထို့ပြင် ကျွန်တော်စရေးကာစက လာရောက်အားပေးကြသူများ၊လိုတာလေးတွေ
ကို ပြုပြင်အကြံပေးကြသူများပင်...။သူတို့ကို ကျွန်တော်တစ်သက်လုံးသတိတရနှင့် မျှော်လင့်နေဦးမည်
သာဖြစ်ပါသည်...။တစ်ခါတစ်လေတော့လည်း သူတို့ဘာတွေလုပ်နေကြမလဲမသိဟု.....ရော်ရမ်းတွေးဆ
နေမိတတ်သည်။


ပုံမှန်အတိုင်း စာတွေ ရေးနေသူတွေ အများကြီးတော့ရှိပါသေး၏။အသစ်အသစ်သော ဘလော့ဂါတွေလည်း

ပေါ်ထွက်လာကြပါ၏။သူတို့တွေ ဆက်ရေးနေကြသည်ကပင် ဝမ်းသာကြည်နူးရပါသည်။သို့ပေမင့် သူတို့
တစ်တွေလည်း အရင်လို ခပ်စိတ်စိတ်လေးတွေ မဟုတ်ကြတော့...။ပို့စ်သွက်လှသည့် အစ်မကွန်ပင် ယခင်
စံချိန်ကို မမှီလှ.....။လွန်ခဲ့သည့်နှစ်များက တစ်လလျှင် ပို့စ်၂၀ဆိုတာ အစ်မကွန်အတွက်သာသာလေး
ပင်...။ဖတ်သူပင် ခါးပြတ်ကျန်ခဲ့ရသည်...။ကိစ္စများမြောင်သော လူမှုဘဝ၊လူမှုတာဝန်များ၏ ဝန်တာကို
ကျွန်တော်သဘောပေါက်ပါသည်၊နားလည်ပါသည်။ဘလော့ဆိုသည်မှာ ကြီးမားသော တကယ့်လူမှုဘဝ
၏ အစိတ်အပိုင်းသေးသေးလေး မဟုတ်ပါလားဗျာ....။ဘာပဲပြောပြော၊ဘယ်လိုပင်ရှိရှိ ကျွန်တော်ကတော့
သူတို့စာတွေကို မျှော်တလင့်လင့်.......ရယ်.....။





ကျွန်တော်ရော......။တစ်ချိန်ကာလ က သူတို့ဘလော့လေးတွေ ပိတ်လိုက်တာမျိုး ကြုံရပါက ငါတော့
ငါ့ဘလော့လေးကို သေသည်အထိရေးသွားမည်ဟု ဘာသာကြုံးဝါးမိသည်....။ဘလော့ပါး မဝခင်ကဆိုပါ
တော့.....။အခုတော့ တစ်ထစ်လျော့ရလေပြီ....။ရေးချင်မှပဲရေးပါတော့မယ်လေ.....ဟုဖြစ်လာလေပြီ...။
အင်း.....နောင်များကာလတွင်မတော့ ပိတ်များပိတ်မိလေမည်လား.....မပြောတတ်ပါတော့....။
ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီလောက ကို ချစ်ပါသည်။ခင်ပါသည်။သံယောဇဉ်လည်း ရှိသည်မှာ အသေအချာ
ပင်ဖြစ်ပါသည်။သို့သော်.......သို့သော်.......အင်း.....ထိုသို့သော်က အတော်ခက်သည်....။ဘာမှမသေချာ
သော လောကကြီးတွင် မျောလွင့်တိမ်သည်လည်း ဘာသားနှင့်ထု ထားလို့တုန်း....ဟု ပြောရမည်ပင်...။


လောလောဆယ်တော့ နှလုံးအိမ်ဟာဒယ မှ ခံစားချက်တို့ ယိုစီးကျလာသည့် အချိန်များတွင် ဦးနှောက်၏
 အတေးအမှတ် လေးများကို မျောလွင့်တိမ်၏မျက်နှာစာများထက် ထုဆစ်နေဖြစ်ဦးမည်သာ..........။

Sunday, September 16, 2012

ကျွန်တော်နှင့် ကပ္ပိယကြီး

ကျွန်တော်တို့ နေထိုင်ကြီးပြင်းရာ ဘဝတစ်လျှောက်တွင် လူပေါင်းမြောက်များစွာဖြင့် ဆုံတွေ့၊ပတ်သက်၊
ဆက်စပ် ခဲ့ကြရသည်။တစ်ချို့က မွေးသည်မှသည် ယခုလက်ရှိအချိန်အထိ ထိတွေ့ပက်သက်နေကြရသ
လို၊တစ်ချို့တစ်ချို့လူတွေကိုတော့ နှစ်အနည်းငယ်သာ.....။တစ်ချို့တွေကိုတော့ လပိုင်းသာသာ၊ရက်ပိုင်း
သာသာမျှသာပတ်သက်ခဲ့ကြရပေသည်...။နှစ်ပေါင်းများစွာ ရင်းနှီးထိတွေ့ခဲ့ကြရသူတွေ နှင့်ပက်သက်ပြီး
ကျွန်တော်တို့မှာ အမှတ်တရဖြစ်ဖွယ်ရာ၊ပြောစမှတ်ပြုစရာတွေ အမြောက်အမြားရှိမှာကတော့ မလွဲဧကန်
ပင်ဖြစ်ပါလိမ့်မည်...။တစ်ခဏတာမျှဆုံတွေ့ခဲ့ကြရသူများအကြောင်း ကတော့ ယေဘုယျအားဖြင့် ပြော
စရာ ထွေထွေထူးထူးရှိလိမ့်မည်မဟုတ်လှ....၊သို့သော်......တစ်ချို့သောလူတွေနှင့် တစ်ခဏတာမျှ
ပက်သက်ခဲ့ရသော်လည်း ဘဝတစ်လျှောက်လုံးတွင် အမှတ်တရဖြစ်နေတတ်တာမျိုး၊တိုက်ဆိုင်မှုတွေရှိ
လာပါက ဖြတ်ကနဲဖြစ်ဖြစ်သတိရနေမိတာမျိုး တော့ ရှိကောင်းရှိနေနိုင်ပါလိမ့်မည်.....။

ကျွန်တော့်ဘဝတွင်လည်း  ထိုကဲ့သို့သော လူသုံးယောက်နှင့် တွေ့ဆုံခဲ့ဖူးလေ၏။သူတို့သည် သာမန်
လူများသာဖြစ်ကြသည်။ထွေထွေထူးထူးလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်မဟုတ်....။သို့သော်
အကြောင်းတိုက်ဆိုင်လာပါက ကျွန်တော့် စိတ်ဘဝင်တွင် သူတို့၏အရိပ်သည် ထင်ဟပ်လာလေ့ရှိသည်...။
ထိုသူတို့မှာ............



၈၈ အရေးအခင်းဖြစ်တော့ ကျွန်တော့်အသက်က ၁၀နှစ်သာသာရှိဦးမည်...။အခြေအနေတွင်တည်ငြိမ်လာ
ချိန်တွင်မတော့ ကျွန်တော့ကို မိဘများမှ ရှင်ပြုပေးဖို့စီစဉ်တော့သည်။၈၉ခုနှစ်နွေရာသီဖြစ်မည်ထင်သည်။
ရှင်ပြုမယ်ဆိုတော့ ဘိုးဘွားမိဘများ အစဉ်တစိုက်ကိုးကွယ်ဆည်းကပ်ရာ နန်းဦးဘုန်းတော်ကြီးကျောင်း၊
ကျောင်းထိုင်ဆရာတော်ကြီးထံ လျှောက်ထားရသည်ပေါ့။ဒီတော့ ဆရာတော်ကြီးမှ ကျွန်တော့်အား သင်္ကန်း
တောင်းအစရှိသော မောင်ရှင်လောင်းတို့ သိမှတ်ဖွယ်ရာအဖြာဖြာကိုသင်ကြားပေးနိုင်ရန် ဘုန်းကြီး
ကျောင်းသားလေးအဖြစ် ရှင်မပြုမှီ တလအလိုလောက်ကတည်းက ကျောင်းတွင်နေစေလေတော့သည်။

ဘုန်းကြီးကျောင်းသားဘဝဆိုသည်က လွယ်လှသည်တော့မဟုတ်....။မနက်ဆို လေးနာရီခွဲလောက်ထကြ
ရသည်။ကျွန်တော့်လို ယာယီကျောင်းသားငယ်ကတော့ စောစောထစရာတော့မလိုလှ....၊သို့သော် ငယ်ငယ်ကတည်းက အအိပ်ဆတ်သော၊နေရာတကာစပ်စပ် စပ်စပ် ပါတတ်သော ကျွန်တော်ကတော့
ဓမ္မာရုံထဲရှိ သံဃာစင်ပေါ်တွင် အတူတူတန်းစီအိပ်စက်ကြရသည့် အခြားကျောင်းသားကြီးတို့ နိုးထကြ
သည်နှင့် ကျွန်တော်လည်း နိုးနေပြီဖြစ်သည်။ကိုယ်လက်သန့်စင်ပြီးသည်နှင့် သံဃာများအား အာရုံဆွမ်း
ကပ်ရန်ပြင်ဆင်ကြရသည်။ကျောင်းတွင် အာရုံဆွမ်းလာကပ်သူရှိပါက ဒီထက်ပိုစောစောထပြီး ဆွမ်းကပ်
သူဒကာများအားကူညီပြင်ဆင်ပေးရသည်။မရှိပါက ယမန်နေ့ကကျန်သည့် ဆွမ်းထမင်းကိုပင် ထမင်း
ကြော်ကြရသည်။လက်ဘက်ရည်ဖျော်ကြရသည်။ထိုစဉ်အချိန်က အသင့်ဖျော်ကော်ဖီမစ်ထုတ်တွေလည်း
မရှိသေးပေ....။

သံဃာတော်တို့ ဘုန်းပေးပြီးလျှင် ကျန်သည့် ထမင်းကြော်နှင့် လက်ဘက်ရည်ကို ကျောင်းသားများ မျှတ
စားသောက်ကြရသည်။အကြောင်းကြောင်းကြောင့် ဆွမ်းနဲပါးသည့်အခါမျိုးတွင်မတော့ ကိုယ်တော်တွေပင်
မျှတဘုန်းပေးရသည်ဖြစ်ရကား မောင်ကျောင်းသားတို့မှာ ငတ်ကြရတော့သည်။ကျွန်တော့်ကိုတော့ ဆရာ
တော်ကြီးမှ ဘီစကစ်လေး၊ကိတ်မုန့်လေးများ စွန့်ကြဲရှာပါသည်။ ကိုယ်က အရေခြုံ၊အခွင့်ထူးခံ ဘုန်းကြီး
ကျောင်းသားပေါက်စလေး မဟုတ်ပါလား.......:))))။ထို့နောက်တွင် ဆွမ်းခံထွက်ဖို့ပြင်ကြရသည်။သပိတ်
ဆေးကြရသည်။ဒုလ္လဘဦးဇင်း၊ကိုရင်တွေရှိပါက သူတို့ သင်္ကန်းရုံရာတွင် အဆင်ပြေစေဖို့ ကူညီကြရသည်။
ထို့နောက် ကျောင်းသားကြီးတွေက ဆွမ်းတောင်းများ ထမ်း၍ ဆွမ်းခံကိုယ်တော်များနောက်မှလိုက်ကြရ
သည်။ ကျွန်တော်ကား ပုဆိုးကွင်းသိုင်းပြီးသကာလ ကြေးစည်လေးတစ်ဘက်၊ကြေးစည်ထုသည့် ဘုလေး
တစ်ဘက် နှင့် ဆွမ်းတော်ဗျိုး ဟစ်သည့် တာဝန်ယူကာ ကိုယ်တော်များရှေ့မှ ချီတက်ရလေသည်....။

ပုဆိုးကား စလွယ်မသိုင်းလို့မဖြစ်၊အမေလုပ်သူမှ ရှင်ပြုတော့မည့် သူ့သားကိုလူပျိုလေးအား ပုဆိုးလေး
များ ဆင်ယင်ပေးလိုက်သော်လည်း ကျွန်တော်တို့ခေတ်က ၁၀နှစ် ၁၁နှစ်သားဆိုသည်မှာ ပီဘိကလေး
သာသာရှိသေးသည်။ပုဆိုးကောင်းစွာမမြဲတတ်သေး၊လက်တစ်ဘက်က ကြေးစည်၊တစ်ဘက်မှကြေးစည်ဘု
ကို ကိုင်ထားရသည်ဖြစ်ရကား ပုဆိုးကျွတ်သော် မည်သို့ပြင်ဝတ်မည်နည်း...၊ထိုကြောင့် ပုဆိုးကွင်းသိုင်းရ
ခြင်းဖြစ်ပေတော့သည်။ဘောင်းဘီတိုလေးတော့ ပါသပေါ့လေ...။ခုခေတ်ကာလများတွင်မတော့ လူဖြစ်မြန်
လှသည်။ ကျွန်တော်တို့ဘေးအိမ်မှ ငါးတန်းကျောင်းသားကြီးကား ရည်းစား၂ယောက်နှင့် ဟု့သူ့အမေ
မှပြော၍ ကျွန်တော့်မှ အံသြဘနန်းဖြစ်ရသည်။မြန်မာပြည်ပြန်ရောက်လျှင်တော့ အနှီးငါးတန်းကျောင်းသား
ကြီးထံမှ နည်းနာခံယူရမည့်ပုံပင်တည်း.......:)))


ထုံးစံအတိုင်း ပထမဆုံးနေ့က ကျွန်တော်တလွဲလုပ်တော့သည်။ပထမဆုံးနေ့ဆိုတော့ ရဲလည်းမရဲသေး၊
ငယ်ကတည်းက အူကြောင်ကြောင်လုပ်တတ်သည့် ကျွန်တော်မှာ ဆွမ်းခံရာလမ်းတစ်လျှောက် ကြေးစည်
လေးတစ်ဝေဝေ....၊ဆွမ်းတော်ဗျိုး...ဟစ်သံတညံညံနှင့် ရှေ့မှ စိုက်စိုက် စိုက်စိုက်နှင့် နောက်လှည့်မကြည့်
စတမ်း သွားလေတော့သည်။ဆွမ်းခံကိုယ်တော်များဆိုသည်က ဖြည်းဖြည်းနှင့် မှန်မှန် ကြွကြရသလို၊ဆွမ်း
လောင်းသည့် ဒကာ၊ဒကာမများ အိမ်ရှေ့တွင် ဆွမ်းခံရပ်ကြရသည်လည်း မဟုတ်ပါလားခင်ဗျာ....။သို့ပေ
မယ့် ကျွန်တော်ကတော့ တစ်ချက်ကလေးမှ နောက်လှည့်မကြည့်၊တစ်စက္ကန့်လေးမှ ရပ်မစောင့်....၊
နာရီဝက်ခန့်အကြာတွင် ကျွန်တော်ကျောင်းပြန်ရောက်နေပြီ......။


ကျောင်းပြန်ရောက်တော့ ဆွမ်းချက်ဆောင်မှ ကပ္ပိယကြီးက တအံတသြဖြစ်ကာ....
" ဟဲ့....အကောက်လေး....နင်ပြန်လာတာစောလှချည်လား....ဘာဖြစ်လို့တုန်း.... " မေးရှာလေသည်။
( ငယ်ငယ်က တရုတ်သွေးနဲနဲပါသော ကျွန်တော့်ကို အကောက်လေး ဟု ခေါ်ကြလေသည်...)။ကျွန်တော်
ကား ခပ်တည်တည်ပင်.....။ဆွမ်းခံကိုယ်တော်တို့ပြန်ရောက်လာကြသောအခါ.....အကောက်လေးရယ်....
နောက်ကိုလည်း နဲနဲတော့လှည့်ကြည့်ပါဦးလား..ဟ...၊ဆွမ်းခံထွက်ပါတယ်ဆိုမှ နောက်ကကျားလိုက်လာ
သလားအောက်မေ့ရ....၊နင်နဲ့သာဆွမ်းခံထွက်ရရင် ဆွမ်းငတ်ကိန်းမြင်တယ်....ဟု ပြောစမှတ်ပြုကြရသော
ဟူလို.......။


ဆွမ်းခံပြီးပါက တခြားကျောင်းသားကြီးများအဖို့ ကျောင်းတွင် ထင်းခွဲ၊သန့်ရှင်းရေးလုပ်၊ကုဋီဆေး အစရှိ
သော ဝေယျဝစ္စများ လုပ်ကြရသည်။ကျွန်တော်ကတော့ ရေမိုးချိုးပြီး လက်ထောက်ကျောင်းထိုင်ဆရာတော်
ကြီးထံတွင် စာသွားသင်ရသည်။ သြကာသမှအစပြု၍ သင်္ကန်းတောင်းအလယ်၊ပရိတ်ကြီး၁၁သုတ် အဆုံး
မောင်ရှင်လောင်းတို့ ကျက်မှတ်ဖွယ်ရာအဖြာဖြာကို သင်ရအံရလေသည်။ငယ်တုန်းကတော့ ကျေးဇူးရှင်
ဆရာတော်ကြီးများကျေးဇူးဖြင့် ပရိတ်ကြီး၁၁သုတ်ကို အနုလုံပဋိလုံ ရွတ်အံနိုင်သည်ပေါ့...၊ခုတော့ဖြင့်
မင်္ဂလသုတ်ကိုပင် " ယံ မင်္ဂလံ ဒွာဒဿဟိ " ဆိုသော ရှစ်လုံးရှစ်ပါဒ မှလွဲ၍ ကျန်တာဘာမှ မရတော့.....။
အသက်ကြီးလာသည်နှင့်အမျှ ကိလေသာအမှောင်တိုက်တို့က ညဏ်အလင်းကို ပိတ်ကာဆို့သည်မဟုတ်
ပါလားဗျာ....။

ဆရာတော်ကြီးဆီမှာ စာဝါတက်ပြီးလျှင် တက်ခဲ့သမျှစာကို ကျက်ရမှတ်ရသည်။၁၀နာရီခွဲလောက်တွင်မ
တော့ ဆွမ်းကပ်ဖို့ပြင်ကြရသည်။ဆွမ်းချက်ဆောင်ကို အပိုင်စားရထားသော ကပ္ပိယကြီးမှ ဆွမ်းဟင်းများ
ကို စီမံခန့်ခွဲလေသည်။အကောင်းဆုံးဆိုသော ဆွမ်းဟင်းပွဲ သုံးလေးပွဲကို ဘုရားဆွမ်းတော်ကပ်ဖို့ ပြင်ရ
သည်။ဘုရားဆွမ်းတော်ကို ဆရာတော်ကြီးမှ ကိုယ်တော်တိုင်ကပ်တော်မူသည်။အားလုံးပြင်ဆင်ပြီးသည်နှင့်
ကျောင်းသားကြီးတစ်ဦးဦးမှ  ဆွမ်းစားတုံးမောင်းခေါက်ရသည်။တစ်နေ့တွင်မတော့ ကျွန်တော်လည်း
တုံးမောင်းခေါက်ကြည့်ချင်သည်နှင့် သူများထက်ဦးအောင် ခေါက်လေသည်။တုံးမောင်းခေါက်သည်ဆိုသည်
က အစပိုင်းတွင် ဖြည်းဖြည်းနှင့်မှန်မှန်လေးခေါက်သွားပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းမြန်လာကာ
နောက်ဆုံးတွင် တုံ ကနဲ တစ်ချက်ခေါက်ပြီး တိကနဲရပ်လိုက်ရသည်။နောက်....နေ့လည်ဆယ်တစ်နာရီ

ကို ရည်ညွှန်းပြီး တုံတုံ....တုံတုံ  ဟု နှစ်ချက်တွဲ ငါးခေါက်နှင့် တစ်ချက်တစ်ခေါက် ပေါင်း ဆယ့်တစ်ချက်
 ခေါက်ရသည်။ကျွန်တော်ကား......မီးသတ်သံချောင်းခေါက်သလို တ တုံတုံ နှင့် ကြုံသလိုခေါက်လေရာ
အပေါ်ထပ်တွင်သီတင်းသုံးနေသော ဆရာတော်ကြီးပါမကျန် တစ်ကျောင်းလုံး လန့်ဖြန့်ကုန်ကြပြီးလျှင်
သြအော်သောင်းတင်း ဝရုန်းသုံးကားတွေဖြစ်ကုန်ကြလေတော့သည်....။ရှင်ပြုမည့် မောင်ရှင်လောင်းဖြစ်
နေ၍သာ ဒကာများမျက်နှာကိုငဲ့ပြီး ကျောပြင်ဗျောတင်မခံလိုက်ရပေမည့် ထိုနေ့ကစလို့ ကျွန်တော်ကို့
တုံးမောင်းအနား ယောင်လို့ပင် အသီမခံကြတော့၊ဆွမ်းစားချိန်ရောက်လျှင် ကျွန်တော့်ကို ပင် အရိပ်တ
ကြည့်ကြည့်လုပ်နေကြလေတော့သည်...။ဤမျှ ဆိုးသော၊ရှုပ်သော ဘုန်းကြီးကျောင်းသားပေါက်စလေး
ပင်တည်း......။

နေ့လည်စာ စားပြီးချိန်တွင်တော့ ကျွန်တော်တို့ ကိုယ်ပိုင်အချိန်ဖြစ်သွားပြီဖြစ်သည်။ကျောင်းနောက်ဘက်
မရမ်းပင်အုပ် အောက်တွင် အမျိုးမျိုး၊အလီလီ၊အထွေထွေသော နည်းလမ်းများဖြင့် ဗြောင်းဆန်အောင်ဆော့
ကြလေတော့သည်။ကစားရှိန်တက်ပြီး ဆူသည်ထက်ဆူလာလျှင်တော့ ဦးဇင်းတစ်ပါးပါးမှ ကြိမ်လုံးကိုင်ကာ
ဆင်းလာလေတော့သည်။ကြိမ်လုံးမြင်တုန်းခဏ၊ဦးဇင်းဆူတုန်းခဏသာငြိမ်သွားပေမယ့် နဲနဲကြာလာလျှင်
တော့ ကမ္ဘာပျက်သလို ပြန်ဆူပွက်လာစမြဲ...၊ဦးဇင်းလည်း ကြိမ်တစ်လုံးနှင့် ဆင်းလာစမြဲ၊သို့နှင့် ဦးဇင်းနှင့်
မောင်ကျောင်းသားများ ဂျာအေးသူ့အမေရိုက်လို့ ပြီးသော် နေလည်းစောင်းပြီဖြစ်သည်။ ကစားပွဲကိုလည်း
ရပ်လိုက်ရပြီ။ကျောင်းသားများမှ သောက်ရေဖြည့်၊တံမျက်စည်းလှည်း အစရှိသော ကျောင်းဝေယျာဝစ္စများ
ကို ညနေပိုင်းတစ်ကြော့လုပ်ကြရသလို၊ကျွန်တော်လည်း ဆရာတော်ကြီးထံ မနက်က ကျက်မှတ်ထားသမျှ
ကို စာပြန်အံရလေသည်။ဆရာတော်ကြီးမှ ကျွန်တော် စာရ၊မရကို မူတည်ပြီး စာဝါအသစ်ထပ်မံချပေးလေ
သည်။


ထို့နောက်တွင်မတော့ ရေချိုး၊မနက်က ကျန်သည့် ဆွမ်းကျန်လေးများကို အားလုံးမျှတစားကြပြီးသော်
တစ်ချို့ကျောင်းသားများလည်း ရွှာထဲ ဗီဒီယိုရုံသို့ ချီတတ်ကြသလို၊လူပျိုပေါက်ကျောင်းသားကြီးများကား
လူပျိုလှည့်ထွက်ကြလေတော့သည်။ကျွန်တော်ကတော့ ပရိတ်ကြီးဆယ်တစ်သုတ် စာတစ်အုပ်နှင့် တက်ခဲ့
ပြီးသမျှ စာတွေကို မမေ့အောင်တစ်တွတ်တွတ်နှင့် ရွတ်ရဖတ်ရလေသည်။ဤစာမှ မရလျှင် ရှင်မပြုပေးဟု
ဆရာတော်ကြီးမှ ချိန်းခြောက်ထားသည်ဖြစ်ရကား မြင်းကြီးစီး၍ ရှင်လောင်းလှည့်ထွက်ချင်လှသော ကျွန်
တော့်မှာ ကျက်ရ၊မှတ်ရသည်မဟုတ်တုံ့လော....။

စာကျက်လို့ပြီးသော် ဆွမ်းချက်ဆောင်ရှိ ကပ္ပိယကြီးထံသို့ မယောင်မလည်နှင့် ရောက်သွားတတ်သည်။
ကပ္ပိယကြီးကို ကျောင်းသားများမှ ဦးဖြုံး ဟုနောက်ကွယ်ရာတွင်ခေါ်လေ့ရှိကြပြီး ရှေ့တွင်မတော့ ဘကြီး
ဟုသာ ခေါ်ကြလေ့ရှိသည်။သူ့မျက်နှာတွင် ငယ်ကကျောက်ပေါက်ခဲ့သောကြောင့် ကျောက်ဖြုံးများရှိသော
ကြောင့်ဖြစ်လေသည်။သူ့နာမည်အရင်းကိုတော့ ကျွန်တော်မသိပေ။ကပ္ပိယကြီးမှာ ဆရာတော်ကြီးနှင့်
ဆွေမျိုးလည်းတော်စပ်သည်။ပေါင်းတည်နယ်သားဖြစ်လေသည်။ထို့ပြင် ကပ္ပိယကြီးမှာ အလင်းဝင်လာ
သော ကွန်မြူနစ်လက်ဟောင်းကြီးလည်းဖြစ်လေသည်.....။

လောကကြီးသည် သူ၏လောကသားတို့အားကောင်းစွာသရော်တတ်လေသည်။တစ်ချိန်က ဘုရားမရှိ၊
တရားမသိသည့် ဘာသာမဲ့ဘဝတွင်ကျင်လည်ခဲ့သူတစ်ဦးသည် သူ၏နေဝင်ချိန်လေးတွင် တစ်ချိန်ကသူ
ပစ်ပယ်ခဲ့ရာ ဘာသာရေးအရိပ်အောက်တွင် မှီခိုကပ်ရပ်နေရသည်မှာ ကြေကွဲစရာလည်းကောင်း၊သံဝေဂ
ရစရာလည်းကောင်းလှချေ၏။ငယ်စဉ်ကတော့ တောထဲတွင် ကွန်မြူနစ်ကြီးအဖြစ်ကျင်လည်ခဲ့ပြီးလျှင်
အသက်ကြီး၍ အလင်းဝင် လာခဲ့ပြီးသော် မလုပ်တတ်မကိုင်တတ်၊မှီခိုရာသားထောက်သမီးခံလည်းမရှိတတ်
သည့်နောက် ဆွေမျိုးတော်စပ်ရာ ဆရာတော်ထံ မှီခိုနေရသော အနှီးကပ္ပိယကြီးထံတွင် မြောက်မြားလှစွာ
သော ပြောစရာ တောတွင်းပုံပြင်များ ရှိလေပေသည်။

ထိုကပ္ပိယကြီး အပိုင်စားရရာ နေရာဖြစ်သော ဆွမ်းချက်ဆောင်လေးသည်  ရွှာထဲမှ နိုင်ငံရေးကိုစိတ်ဝင်စား
ကြသော လူကြီးတစ်ချို့၏  နိုင်ငံရေးရေနွေးကြမ်းဝိုင်းကျင်းပရာ ဘူမိနက်သန်နေရာမှန်လေးတစ်ခုလည်း
ဖြစ်လေတော့သည်။တစ်ချို့ရက်များတွင်မတော့ မည်သူမျှမရှိ၊သူ၏ကွန်မြူနစ်တရားကို နာ မည့်သူဟူ၍
ရေနွေးကြမ်းနှင့်မြည်းစရာ ငှက်ပျော်ခြောက်ကြော်၊ထညက်ခဲတို့ကို ကပ်မြှောင်ပြီးစားသည့် ကျွန်တော်
တစ်ယောက်သာရှိနေတတ်သည်။ကပ္ပိယကြီးကား သူပြောချင်ရာပြောနေရလျှင် ကျေနပ်လေ၏။ကျွန်တော်
ကလည်း စားချင်ရာစားနေရသော် ကျေနပ်လေသော ကလေးငယ်လေးဖြစ်လေရာ စည်းဝါးကိုက်လှလေ
တော့သည်။


ဘုန်းကြီးကျောင်းသားဘဝ၊ကိုရင်ဘဝ ပေါင်းနှစ်ဘဝဖြင့် နှစ်လတာမျှ ကျွန်တော်ဖြစ်တည်ခဲ့ရာ ထိုအချိန်
ကာလများတွင် အနှီးကပ္ပိယကြီးထံမှ နိုင်ငံရေးတရားများကို နားမလည်လှပဲ နာ ခဲ့ရသည်။ကာလ်မော့က်၊
လီနင်တို့မှအစပြု၍  သခင်သန်းထွန်း၊သခင်စိုး တို့လို ဗမာပြည်၏ကွန်မြူနစ်ဆရာ့ဆရာကြီးများအကြောင်း
ကို ပုံပြင်သဖွယ် ကြားနာခဲ့ရလေသည်။ပဲခူးရိုးမ၏မြယာပင်တောတစ်လျောက်မှ လွမ်းမောဖွယ်ဇာတ်ထုတ်
များ၊အရှေ့မြောက်ဒေသမှ ကြေကွဲဖွယ်ဇာတ်လမ်းများကိုသိခဲ့ရသည်။ထိုစဉ်ကာလ ၈၈-၈၉ နှစ်များ၏
နိုင်ငံရေးအခင်းအကျင်းများကို ရှေ့ဖြစ်ဟောစာတမ်းသဖွယ် နာယူခဲ့ရသည်။ ငယ်စဉ်ကတော့ဘာမှ
နားမလည်လှသေး....။နဲနဲအရွယ်ရောက်လာလို့နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေဖတ်ဖြစ်ချိန်မှာတော့  ကပ္ပိယကြီးပြောခဲ့သည်များကို ပြန်လည်အမှတ်ရနေတတ်သည်။


ကပ္ပိယကြီးနှင့် ကျွန်တော့်အကြားတွင်  ထွေထွေထူးထူးဆက်နွယ်မှုဟူ၍ ရေနွေးကြမ်းအိုးနှင့် ထညက်ခဲမှ
လွဲ၍ ဘာမှမရှိတတ်ခဲ့...၊သူ ကျွန်တော့်ကို ပြောခဲ့သမျှ ကွန်မြူနစ်တရားတို့သည်လည်း သူ့အတွက် စိတ်
ဖြေရာသဘောမျိုးသာဖြစ်ပါလိမ့်မည်။ကျွန်တော့်အတွက်လည်း ခုချိန်တွင် မှတ်မှတ်ထင်ထင်ရယ်လို့ဘာမှ
မကျန်ခဲ့...၊သူပြောခဲ့သမျှသည် ဟုတ်သော်လည်းရှိမည်။မဟုတ်သော်လည်းရှိမည်။သို့သော် ခုချိန်ကာလ
များတွင် ဖဘ အစရှိသော အွန်လိုင်းစာမျက်နှာများထက်၌ နိုင်ငံရေးတရားများကို ဟုတ်ဟုတ် မဟုတ်ဟုတ်
လေတဖောင်ဖောင်နှင့် အာချောင်ကြသူများကို တွေ့ရတိုင်း ကျွန်တော့် ကပ္ပိယကြီးကိုသာ သတိရနေမိ
တတ်သည်။လက်ရှိအချိန်ထိတိုင်အောင် ကပ္ပိယကြီး သက်ရှိထင်ရှားရှိနေသေးလျှင် ကျွန်တော်သူ့ကို
ကွန်ပြူတာသုံးတတ်အောင်သင်ပေးလိုက်ချင်ပါသေးသည်...။ဖဘ အကောင့်လေးများဖွင့်ပေးလိုက်ချင်ပါ
သေးသည်...။

ခုတော့ ကပ္ပိယကြီးလည်း ကျေးဇူးရှင်ဆရာတော်ကြီးနှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဘဝတစ်ပါးသို့
ပြောင်းသွားချေပြီ...။သူ အခြားဘဝတွင် အဘယ်မည်သောနိုင်ငံရေးတရားများကို အဘယ်မည်သော
မောင်ကျောင်းသားလေးအား ဟောပြောနေလေသနည်း ဆိုတာ မသိနိုင်တော့....။ကျွန်တော့်မှာကား
အွန်လိုင်းပေါ်မှ ခေတ်သစ်ကပ္ပိယကြီးများကြားတွင် ရေနွေးကြမ်းလေး၊ထညက်ခဲလေးမှ မစားရပဲ နိုင်ငံရေး
တရားအား နားမလည်၊ပါးမလည် နာရ၊ကြားရမြဲ...၊ထိုထိုအချိန်မျိုးတွင်လည်း ကျွန်တော့်အလင်းဝင်
ကွန်မြူနစ်ဟောင်း ကပ္ပိယကြီးအား သတိရနေမိမြဲ......။



(ငယ်ဘဝအကြောင်းကို ပြန်ပြောင်းတွေးရင်း လိုရင်းမရောက်ပဲ ကပ္ပိယကြီးနဲ့တင် ရှည်လျားပေများသွား

တော့တယ်ရဲဘော်တို့...၊ကျန်နှစ်ယောက်အကြောင်းနောက်ပို့စ်မှဆက်ပါတော့မယ်....၊သည်းခံလော့
ရဲဘော်တို့......:)))))


Wednesday, August 29, 2012

နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်နှင့် ကုမ္မာရီဂိုဏ်းအရှုပ်တော်ပုံကြီး (ဇာတ်သိမ်း)

 "ဒေါက်....ဒေါက်....ဒေါက်.....ဘုံး......ဘုံး.....ဘုံး....ဗျိုး...ဆရာကြီး....ထပါဦးဗျ....."

အိမ်ရှေ့တံခါးမှ ဆားပုလင်းအွတ်ထောင်နှင့် ငံပြာရည်ပုလင်းမျှစ်မောင်တို့၏ အသံပြဲနှင့် အော်ဟစ်ကာ
တံခါးမကြီးအား ထုနှက်ရိုက်ပုတ် လှုပ်နှိုးလေသောအခါမှ ကျွန်ုပ်နင့်အသက်ငါ့ပေးဆရာကြီးလည်း လန့်နိုး
လာလေချိန်တွင် နေအတော်မြင့်နေပြီဖြစ်လေသည်။မနေ့ညက သူနာပြုဆရာမလေးမိုငွပ်နောက်သို့
နောက်ယောင်ခံလိုက်လေရာ အတော်လေး ဖား သွားသောကြောင့် မနက်တွင်အိပ်ယာထနောက်ကျနေ
ခြင်း ဖြစ်ချေတော့သည်တစ်မုံ့....။

ပြောရချေလျှင် မနေ့ညက ပင်ပန်းတာသာအဖတ်တင်သည်။အကျိုးမထူးပဲ သူနာမပြုဆရာမလေးမိုးငွပ်၏
တစ်ပတ်ရိုက်ခြင်းကိုသာခံလိုက်ရလေတော့သည်...။အဖြစ်ကား.....ဤသို့တည်း.....။

ထိုနေ့ညက ဂျူဗလီဟော ကဗျာရွတ်ပွဲအပြီးတွင် ကျွန်ုပ်တို့သုံးယောက်သား မမိုးငွပ်နောက်သို့ နောက်
ယောင်ခံလိုက်ခဲ့ကြလေသည်။ မမိုးငွပ်သည် ကဗျာရွတ်ပွဲပြီးသည်နှင့် နံပတ်အနက်ပရိုက်ဗိုက်တက်ဆီ
တစ်စီးအားလက်ပြတားပြီး ထွက်သွားသည်ရှိသော် ကျွန်ုပ်တို့လည်း အင်းစိန်စီအိုင်ဒီမှအော်စတင်ကား
မဲလေးနှင့် အသာနောက်ယောင်ခံလိုက်ခဲ့ကြသောဟူလို....။

မမိုးငွပ်ပါသွားသော ကားလေးသည် ဂျူဗလီဟောမှထွက်ခွာလာပြီးလျှင် ပြည်လမ်းအတိုင်း ခပ်သွက်သွက်

လေး မောင်းနှင်လာ၏။အင်းယားကန်ဘေးသို့ရောက်သောအခါ မမိုးငွပ်သည် ကားပေါ်မှဆင်းပြီး ကန်
ဘောင်ပေါ်တက်သွားလေ၏။ကျွန်ုပ်တို့လည်း ကားကို ကပျာကယာ လမ်းဘေးတွင်ထိုးရပ်ခဲ့ပြီး ကန်
ဘောင်ပေါ်တက်ခဲ့ကြလေတော့သည်။အချိန်ကား ည ၇နာရီခန့်ရှိပြီဖြစ်သော်လည်း နွေဦးရာသီပေမို့
အလင်းရောင်မပျောက်တတ်သေး၊ကန်ဘောင်ပေါ်တွင်လည်း အားကစားလုပ်သူများ၊အပန်းဖြေသူများ
အတော်အသင့်ရှိသေး၏။(ထိုစဉ်အချိန်က ယခုခေတ်ကာလကဲ့သို့ သမီးရည်းစားအတွဲများ ကန်ဘောင်
တွင်မတွေ့ရသေးချေ။ဤကား စကားချပ် :)))


သူနာပြုဆရာမလေးသည် ကျွန်ုပ်တို့နောက်ယောင်ခံလိုက်လာသည်ကို တစ်ချက်ကလေးမှ ရိပ်မိပုံမပေါ်။
သူ့ဘာသာ အေးအေးလူလူပင် အင်းယားကန်ဘောင်တစ်လျှောက် စင်္ကြန်လျှောက်ရင်း နှုတ်မှတစ်စုံတစ်
ရာကို ရွတ်ဆိုနေလေသည်...။


ကျွန်ုပ်။    ။ဒီအမျိုးသမီး အင်းယားကန်ဘေးလာပြီး ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း တစ်ခုခုကို ရွတ်
ဆိုနေတာဟာ ကျုပ်စိတ်ထင်တော့ မရိုးသားဘူးဗျ...၊အစီအရင်တစ်ခုခုများ လုပ်နေသလားပဲ...။


ငံပြာရည်ပုလင်းမျှစ်မောင်။    ။လာပြန်ဘီ ဒီအစီအရင်ဆိုတာကြီးက...၊ထစ်ကနဲဆို အစီအရင်လုပ်နေတယ်
ဆိုတာကြီးပဲ...၊ကြည့်ရသလောက်တော့ သူ့ဘာသာအညောင်းပြေလမ်းလျှောက်ရင်း သီချင်းညည်းနေတာ
ဖြစ်မှာပါဗျာ.........။


ကျွန်ုပ်။   ။မသိအသာနေ ငပိငံပြာရည်ရယ်...။လောကီပညာဆိုတာရှုပ်ထွေးသကွယ့်..၊မင့်တို့လို သူငယ်
နှပ်စားတွေ နားမလည်ပါဘူး...၊လာ...လာ..မယောင်မလည်နဲ့အနားကပ်ပြီး သူဘာရွတ်နေတယ်ဆိုတာ
နားထောင်ကြည့်ရအောင်....။


ကျွန်ုပ်လည်း ငံပြာရည်ပုလင်းမျှစ်မောင်အား စကားပမာအားဖြင့်နှိပ်ကွပ်လိုက်ပြီးလျှင် မမိုးငွပ်အနားသို့
အသာသွားပြီးလျှင် သူမ အဘယ်မည်သော ဂါထာမန္တယားများအား ရွတ်ဆိုနေလေသနည်းဟု နားစွင့်
လေသော်.......အောက်ပါ စကားလုံးများအား ကြားလိုက်ရလေတော့သည်.....။
 " အုံ့မှိုင်းညို့ဆိုင်းနေတဲ့ တိမ်တွေက မင်းကိုဝှက်ထားကြသလား......ဒါမှမဟုတ်....မင်းတူတူပုန်းတမ်းဆော့နေတာလား..... ကိုယ့်ကို လျှို့ဝှက်စွာနဲ့ ပဟေဠိဆန်ဆန်နေပြတတ်တာ..... ကိုယ့်ရဲ့စွဲလန်းမှုကိုခိုင်ခံ့စေဖို့လား...မင်းကပြောသေးတယ်...... ကျွန်တော်က အိန်ဂျယ်မဟုတ်ဘူး အီဗယ်လ်..တဲ့။
ထားပါတော့.....ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကိုယ့်ရဲ့အိန်ဂျယ်ပဲလေ.....ကိုယ့်ရဲ့အိန်ဂျယ်ရေ....မိုးသည်းညတွေမှာ အရင်လိုကိုယ့်ကို....မင်းရဲ့အတောင်တွေနဲ့ အုပ်မိုး...နွေးထွေးမှုမီးအိမ်ကို ထွန်းညှိပေးပါဦး....."

 ကျွန်ုပ်။    ။ကြားလား...ကြားလား.....သူရွတ်နေတာတွေက ဘယ်လောက်ဆန်းကြယ်သလဲ....၊လျှို့ဝှက်
ဆန်းကြယ်တာတွေရော၊ပဟေဠိဖွက်နေတာတွေရော...၊အိန်ဂျယ်ဆိုတာလည်းပါတယ်...၊အိန်ဂျယ်ဆိုတာ
ဘိလပ်နတ်သားကိုပြောတာမဟုတ်လား...၊အင်း....အတောင်ပံပေါက်တဲ့နတ်ဆိုရင်တော့ ကျိန်းသေတယ်
နတ်စိမ်းပဲဖြစ်မယ်...၊ဘာတဲ့...ပြောသွားသေးတယ်...၊နတ်မဟုတ်ဘူး...အီးဘဲတဲ့...၊အီးစားစုန်းများလား
မသိဘူး...၊အိမ်း.....ဒီအတိုင်းဆို..စုန်းတိုက်၊နတ်တိုက်တွေပါ ပါလာပြီ...."

ငံပြာရည်။    ။အာ....ဆရာကြီးကလည်း ပြောရော့မယ်...အီဗယ်ပါဗျ....၊နတ်ဆိုးလို့ဆိုလိုတာပါ...။

ကျွန်ုပ်။    ။အေးလေ....နတ်ဆိုးဆိုကတည်းက ဘယ်မှာလာကောင်းတော့မလဲဟ....။

ဆားပုလင်း။    ။ကဲ ဒါဖြင့် ဆရာကြီးက ဘယ်လိုလုပ်ချင်သတုန်း....

ကျွန်ုပ်။    ။ဘယ်လိုမှမလုပ်နဲ့...၊ကျုပ်စိတ်ထင်....သူဒီမှာ အစီအရင်တွေလုပ်ပြီးရင် သူ့ဂိုဏ်းဌာနချုပ်ရှိ
ရာကို သွားမှာသေချာတယ်...၊ဒီတော့ ကျုပ်တို့နောက်ယောင်ခံလိုက်သွားပြီး တစ်ဂိုဏ်းလုံးကို ကွိကနဲ
ဖမ်းတာပေါ့ဗျာ...။


ကျွန်ုပ်တို့သုံးဦးလည်း ဤသို့တိုင်ပင်ကြပြီးလျှင် ကုမ္မာရီဂိုဏ်း ဂိုဏ်းချုပ်ကြီးဟု ထင်ရသော သူနာပြု

ဆရာမလေးမမိုးငွပ်အား မျက်ချေမပြက် စောင့်ကြပ်နေကြလေတော့သည်။မမိုးငွပ်လည်း အတန်ကြာ
အောင် လမ်းလျှောက်ပြီးလျှင် ကန်ဘောင်မှ ဆင်းသက်ကာ တက်စီ တစ်စီးအားတား၍ မြို့တွင်းဘက်သို့
ထွက်ခွာသွားလေ၏။ကျွန်ုပ်တို့လည်း ကပြာကယာပင် ကျွန်ုပ်တို့၏အော်စတင်ကားလေးဖြင့် ထပ်ကြပ်
မကွာလိုက်ခဲ့လေသည်။အရေးထဲတွင် လမ်းပြပုလိပ်တစ်ဦးမှ ယဉ်မရပ်ရနေရာတွင် ရပ်ထားသည်ဆိုကာ
ဖမ်းမည်လုပ်နေသေးသည်။အင်းစိန်စီအိုင်ဒီက စုံထောက်တွေပါဟုပြောသော်လည်း ဥပဒေက ဥပဒေပဲ

ဟု ရစ်နေသဖြင့် ပိုက်ဆံ ၂ကျပ်ထုတ်ပေးလိုက်မှ ထွက်ခွာခွင့်ပြုလိုက်၏( မှတ်ချက်။   ။ကိုလိုနီခေတ်မှ
လမ်းပြပုလိပ်များသာဖြစ်သည်။ယခုခေတ်မော်တော်ပီကယ်များသည် ဤကဲ့သို့ လာဘ်ငွေပေး၍ရသေး၏၊
အဲ...မှားလို့ လာဘ်ပေး၍မရတော့ပေ....:)))

မမိုးငွပ်လိုက်ပါသွားသော တက်စီသည် ပြည်လမ်းမကြီးအတိုင်း ထွက်ခွာသွားပြီးလျှင် ရွှေတိဂုံဘုရား
တောင်ဘက်မုဒ်အနီးရှိ ကော်ဖီဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်သွားလေသည်။မမိုးငွပ်လည်း အနှီးကော်ဖီဆိုင်
အပေါ်ထပ်သို့ တက်သွားသည်ကိုတွေ့မြင်လိုက်ရသည်ရှိသော် ကျွန်ုပ်တို့လည်း တအံတသြဖြစ်ရချေ
တော့သည်။အဘယ်ကြောင့်ဆိုသော် အဆိုပါကော်ဖီဆိုင်သည် မျက်နှာဖြူများသာလာလေ့ရှိသည့် ဈေး
ကြီးလှသော ကော်ဖီဆိုင်ဖြစ်လေရာ သာမန်သူနာပြုဆရာမလေးနှင့် မည်သို့ အပ်ဆက်၍ ရချေမည်
တည်း....။

ကျွန်ုပ်တို့လည်း မယောင်မလည်နှုင့် အဆိုပါကော်ဖီဆိုင်အပေါ်ထပ်သို့တက်ခဲ့ပြီးလျှင် ချောင်ကျကျ
စားပွဲတစ်လုံး၌ထိုင်ပြီးသကာလ အလကားရသော ရေနွေးကြမ်းတစ်အိုး မှာယူကာ မမိုးငွပ်အား အကဲ
ခပ်နေကြလေတော့သည်။မမိုးငွပ်သည် ကာဖီးချီးညို ဆိုလားဘာဆိုလား အင်မတန်နာမည်ဆိုးသော
ကော်ဖီတစ်ခွက်အား မှာကြားလိုက်ပြီးလျှင် သူ၏ဆလင်းဘက်အိတ်အတွင်းမှ ကျောက်သင်ပုန်းတစ်ချပ်
ကိုထုတ်ယူ၍ လက်ညှိုးလေးဖြင့် တောင်ပွတ်၊မြောက်ပွတ်၊တောင်နှိပ်၊မြောက်နှိပ် လုပ်နေသည်ကို
ထူးဆန်းအံသြဖွယ်ရာတွေ့မြင်လိုက်ရလေတော့သည်....။


ကျွန်ုပ်။    ။အလို.....ထူးဆန်းပါပေ့ ဆြာအွတ်ထောင်ရဲ့...၊သူနာပြုနဲ့ ကျောက်သင်ပုန်း ဘာပတ်သက်
သတုန်း...၊ပြီးကျောက်တံကိုမသုံးပဲ လက်ညှိုးနဲ့ အဲ့လိုရေးလို့ရရောလား....၊မဟုတ်မှလွဲရော...၊တစ်စုံ
တစ်ရာ အစီအရင်အတွက် အခါကောင်းတွက်နေတယ်ထင်တယ်...။


ငံပြာရည်ပုလင်း။    ။လုပ်ပြန်ပါပြီ....ဒီဆရာကြီးနဲ့တော့...အဲ့သာ အမေကြီးကားကလာတဲ့ လောကဓာတ်
ကျောက်သင်ပုန်းဗျ...၊အိုင်ပက်ဆိုသလား ခေါ်သတဲ့....။


ကျွန်ုပ်။   ။ဟေ....အိုင်ပက်ချင်ရင် ချောင်းထဲမြောင်းထဲသွားပက်မပေါ့...၊ပြီး မင့်ပြောတဲ့ လောကဓာတ်
ကျောက်သင်ပုန်းဆိုသဟာက နောင်နှစ်ခုနှစ်ဆယ်လောက်မှ ပေါ်မှာလေ...၊ဘယ်နှာ ၁၉ရာစုမှာပေါ်လာရ
သတုန်း...။


ငံပြာရည်ပုလင်း။    ။ဒါတော့ပြောတတ်ဘူးဗျာ...၊သူဘာလုပ်မလဲဆိုတာ ကျုပ်တို့ ဆက်အကဲခပ်ကြတာ
ပေါ့ဗျာ....။


ဤသို့ဖြင့် ကျွန်ုပ်တို့လည်း အလကားရသောရေနွေးကြမ်းအားတစ်အိုးပြီးတစ်အိုး မှာယူသောက်သုံးပြီး
သကာလ တစ်နေကုန်ပင်ပန်းလှသဖြင့် ငိုက်မြည်းနေကြလေတော့သည်။အတန်ကြာသော် မမိုးငွပ်လည်း
စားပွဲထိုးလေးအားခေါ်ငင်ပြီး ကျသင့်ငွေကိုရှင်းပေးရင်း တစ်စုံတစ်ရာကို မေးမြန်းနေသည်ကိုတွေ့ရ၏
စားပွဲထိုးလေးမှ ခေါင်းညိတ်လိုက်ပြီးလျှင် ဆိုင်နောက်ဘက်သို့ ညွှန်ပြလိုက်သည်ကိုတွေ့မြင်ရလေသည်။
ကြည့်ရသည်မှာ ပြန်ကာနီး တစ်ပို့တစ်ပါးသွားလိုသဖြင့် အိမ်သာရှိမရှိ မေးမြန်းပုံရလေသည်။ထို့နောက်
သူမလည်း ဆိုင်နောက်ဘက်သို့ဝင်သွားလေသည်။ကျွန်ုပ်တို့လည်း အသင့်အနေအထားဖြင့်စောင့်ဆိုင်း
နေလေတော့သည်။


ဤသို့ဖြင့် အချိန်အတန်ငယ်ကြာသွားပြီဖြစ်သော်လည်း မမိုးငွပ်ကား ပြန်ထွက်မလာသေးချေ၊ကျွန်ုပ်တို့
လည်း တစ်ဖြည်းဖြည်းနှင့် သင်္ကာမကင်းဖြစ်လာသည်နှင့် စားပွဲထိုးတစ်ဦးအား အိမ်သာရှိသလား ငါတို့
အိမ်သာသွားချင်လို့ ဟုမေးလိုက်သည်ရှိသော် ဆိုင်နောက်ဘက်သို့ မေးဆက်ညွှန်ပြလေသဖြင့် ကပြာ
ကယာပင် ဆိုင်အနောက်ဘက်သို့ဝင်ခဲ့ကြလေတော့သည်။ အိမ်သာကား ကျား၊မ ခွဲမထားပဲ တစ်လုံး
တည်းသာရှိ၏၊အနှီးတစ်လုံးတည်းသော အိမ်သာကား လူသူတစ်ယောက်မှမရှိပဲ ဟောင်းလောင်းတည်း။


ကျွန်ုပ်တို့လည်း ဘေးဘီကိုကြည့်သည်ရှိသော်  အိမ်သာထဲသို့ ခေါင်းသုံးလုံးဆိုင်ကြည့်နေသော ကျွန်ုပ်
တို့သုံးဦးအား တအံတသြ ငေးကြည့်နေသော ပန်ကန်းခွက်ယောက်ဆေးသည့် ကောင်လေးတစ်ဦးအား
တွေ့လိုက်ရသဖြင့် အဆိုပါကောင်လေးအား....


" ကောင်လေး...ခုနက အမျိုးသမီးတစ်ယောက် ဆိုင်နောက်ဘက်ကိုဝင်လာတယ်မဟုတ်လား...၊အဲ့
အမျိုးသမီးဘယ်ရောက်သွားသတုန်း..."


" ဟုတ်ကဲ့ ဦးလေး...၊ဝင်လာတယ်လေ...၊ဟောဒီနောက်ပေါက်က ဆင်းသွားလေရဲ့....၊သူပြောတာက
တော့ သူ့အိမ်က ဒီလမ်းရဲ့နောက်ဘက်လမ်းကတဲ့...၊အရှေ့ကဆင်းရင် တစ်ပတ်ကြီးပတ်နေရမှာမို့
အနောက်ဘက်ကဖြတ်သွားချင်လို့ဆိုပြီး ဆင်းသွားတာပဲဗျ....." ဟုဖြေရင်း ဆိုင်နောက်ဘက်ရှိ အရေး
ပေါ်မီးသတ်ကြောင်လိမ်လှေကား အားညွှန်ပြလိုက်လေတော့သည်...။


ဆားပုလင်းအွတ်ထောင်။    ။သွားပါပြီဗျာ...၊ကျုပ်တို့ နောက်ယောင်ခံလိုက်တာကိုသိလို့ တစ်ပတ်ရိုက်
သွားပြီဗျိုး...၊ဒီအတိုင်းဆိုရင်တော့ လမ်းစပျောက်ပြန်ဘီ...။ဘိုလုပ်ကြမတုန်း....


ငံပြာရည်ပုလင်း။    ။ဘယ်လိုမှလုပ်မနေတော့နဲ့ဆရာသမားရေ...၊အချိန်လည်းမနဲတော့ဘူးပြန်ကြရ
အောင်၊မနက်မိုးလင်းမှ မီးစင်ကြည့်ကကြတာပေါ့ဗျာ....။

ဤသို့ဖြင့် မနေ့ညက ကျွန်ုပ်တို့သုံးဦးလည်း စိတ်မောလူမောဖြင့် တပ်ခေါက် ပြန်ခဲ့ရလေတော့သတည်း။



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်ုပ်လည်း အိမ်တံခါးအား ကပျာကယာဖွင့်ပေးလိုက်သည်ရှိသော် ကျွန်ုပ်၏မိတ်ဆွေနှစ်ဦးဖြစ်သော
ဆားပုလင်းအွတ်ထောင်နှင့် ငံပြာရည်ပုလင်းမျှစ်မောင်တို့နှစ်ဦးအား မျက်နှာငယ်လေးနှင့်တွေ့လိုက်ရ
လေတော့သည်...။


ဆားပုလင်း။   ။အောင်မလေးဆရာကြီးရယ်..ဆရာကြီးမှာဖြင့်အိပ်နိုင်ပါပေ့..၊ကျုပ်တို့မှာတော့ မနက်
စောစော မင်းကြီးဆူတာခံခဲ့ရဗျာ...၊အဲ့ဒါနဲ့ သူ့နဲ့မျက်နှာခြင်းမဆိုင်ရပြီးရောဆိုပြီးထွက်လာခဲ့တာဗျိုး..။


ကျွန်ုပ်။   ။အင်း...လမ်းစပျောက်သွားတာတော်တော်ဆိုးဗျာ...၊နို့ ခုဘာဆက်လုပ်မယ်စိတ်ကူးတုန်း...


ဆားပုလင်း။   ။ဘာဆက်လုပ်ရမလဲဆိုတော့ သတင်းအစအနလေးများရလိုရငြား ပါရာအန်စီဗစ်ဆေး
တိုက်ဘက်သွားကြစို့ဗျာ...၊ကျုပ်တို့လည်း ကြံရာမရတော့ဘူးဗျ...။


ကျွန်ုပ်။   ။ ကောင်းပြီလေ...သွားကြတာပေါ့....


သို့ဖြင့် ကျွန်ုပ်တို့သုံးဦးလည်း ထုံးစံအတိုင်းပင် စီအိုင်ဒီမှ အော်စတင်ကားမဲလေးဖြင့် မဂိုလမ်းရှိ ပါရာအန်
စီဗစ်ဆေးတိုက်သို့ထွက်ခဲ့ကြလေတော့သည်...။ဆေးတိုက်သို့ရောက်သောအခါ ဆိုင်ရှေ့ဆေးကောင်
တာတွင် ငုတ်တုတ်လေးထိုင်နေသော သူနာပြုဆရာမလေးမိုးငွပ်အား အရှင်လတ်လတ်ကြီးတွေ့လိုက်
ရလေတော့သတည်း....။


ငံပြာရည်ပုလင်း။   ။အောင်မလေးလေး.....မနေ့ကတစ်နေ့လုံးခြေတိုအောင်လိုက် လိုက်ရတာ....
တွေ့မယ့်တွေ့တော့ ဆေးတိုက်မှာ ဆိုက်ဆိုက်မြိုက်မြိုက်ပါလား ဆရာသမားတို့ရဲ့...အဲ့လိုမှန်းသိရင်
မနေ့က အပင်ပန်းမခံပါဘူးဗျာ...၊လေပါ့....။


ဆားပုလင်း။   ။ကဲပါလေ...ခုမှတော့ ပြောမနေပါနဲ့တော့...၊ကဲ...ဒီတစ်ခါတော့ ဝေ့လည်ကြောင်ပတ်
လုပ်နေလို့မဖြစ်ဘူး...၊အခုပဲ သူ့ကိုမေးမြန်းကြရတာပေါ့......။


ကျွန်ုပ်တို့ကို မြင်သည်ရှိသော် မမိုးငွပ်လည်း ဘာမှမသိသလိုမျက်နှာပေးနှင့်......


မမိုးငွပ်။    ။ကြွပါရှင်....ဆေးခန်းပြချင်လို့လား....နာမည်နဲ့ ဘာဖြစ်တာလဲဆိုတာ တစ်ဆိတ်လောက်
ပြောပါ....။

ငံပြာရည်ပုလင်း။   ။နာမည်ကမျှစ်မောင်ပါ၊ဘာဖြစ်သလဲဆိုတော့ လိပ်ခေါင်း....ဟာ....ယောင်သွားလို့...၊
ဘာမှမဖြစ်ဘူး...၊ဆေးခန်းလာပြတာလည်းမဟုတ်ဘူး..၊ခင်ဗျားကိုမေးစရာရှိလို့လာတာ....။ကျုပ်တို့က
အင်းစိန်စီအိုင်ဒီကစုံထောက်တွေပဲ...၊ကျုပ်တို့အားလုံးသိပြီးသွားပြီ...၊ဒီတော့အမှန်သာပြောပေတော့...။

မိုးငွပ်။    ။ဟင်...သိပြီးသွားရင်လည်း ဘာလို့လာမေးနေသတုန်း....၊ဘာကိစ္စကိုမေးချင်တာတုန်း...။

ဆားပုလင်း။   ။ကိစ္စကတော့ ဒီဆေးတိုက်က ဆရာဝန်နာရရန်းရဲ့အမှုပဲ....။

မိုးငွပ်။   ။အော်...ဆရာဝန်ကြီးအမှုလား.....၊ကျွန်မလည်း စိတ်မကောင်းပါဘူးရှင်....၊စိတ်ထဲမကောင်း
လွန်းလို့ ခွင့်၂ရက်ယူထားတာသာကြည့်ပေတော့...၊ဒီနေ့မှ အလုပ်ပြန်ဆင်းတာရှင့်.....

 ဆားပုလင်း။   ။ကောင်းပြီလေ.....ဒါဖြင့်ရင်လည်း ဖြစ်ကြောင်းကုန်စင်သာပြောပြပေတော့...၊

မိုးငွပ်။    ။ဒီလိုရှင့်...၊ကျွန်မက စာလေး၊ကဗျာလေး၊အက်ဆေးလေးတွေ ရေးတာဝါသနာပါတယ်...၊
အသက်မွေးဝမ်းကြောင်းအနေနဲ့ သူနာပြုဆရာမလုပ်ရင်း၊ကိုယ်ဝါသနာပါတဲ့ စာလေးပေလေးလည်း
ရေးရင်းဆိုပါတော့ရှင်...၊ရေးတယ်ဆိုတာကလည်း ကိုယ့်ဘာသာရေးတာပါပဲ...၊ဘုတ်အုပ်တွေဘာတွေ
ထုတ်ဖို့ရယ်လို့လည်းမဟုတ်ပါဘူး...၊ကိုယ့်ခံစားချက်လေးတွေကို ချရေးနေရရင်ပျော်နေတဲ့သူပါ...။
အဲ့ဒါကိုဆရာဝန်ကြီးနာရရန်းကလည်းသိပါတယ်...၊ကျွန်မ ဆေးတိုက်မှာ လူနာမရှိတဲ့အချိန်ဆို ကဗျာ
လေးတွေ၊အက်ဆေးလေးတွေ ချရေးနေတတ်တယ်လေ...၊သူကမြင်တိုင်းလည်း ကျွန်မကို နင်က ကဗျာ
ရူးပဲ၊စာရူးပဲနဲ့ နောက်လေ့ရှိတယ်ရှင့်...။

အခင်းဖြစ်တဲ့နေ့ကလည်း ဆေးတိုက်မှာ လူနာပါးနေတဲ့အချိန် ထုံးစံအတိုင်း ကျွန်မလည်း အက်ဆေးလေး
တစ်ပုဒ် ချရေးနေတုန်း ဆရာဝန်ကြီးက လာကြည့်ပြီး နင်က အိန်ဂျယ်လေးဘာလေးနဲ့ နာမည်ကြီးချင်လို့
လား...ဘာလားနဲ့ လာပြောပါရော...၊အဲ့လိုလာပြောတော့ ကျွန်မလည်း စိတ်ဆိုးသွားပြီး ဆွဲမိဆွဲရာ အနီး
မှာရှိတဲ့ ပန်းအိုးထဲကပန်းနဲ့......

ကျွန်ုပ်။   ။အော်....ပန်းအိုးထဲက အစီအရင်လုပ်ထားတဲ့ မျောက်ပေပန်းနဲ့ လုပ်ကြံလိုက်ရောဆိုပါတော့...၊

မိုးငွပ်။   ။အို.....မဟုတ်တာ...ဘယ်ကမျောက်ပေပန်းတုန်း....၊အဲ့ဒါ မေမြို့က ကျွန်မသူငယ်ချင်းပို့လိုက်
တဲ့ ဂျပန်နှင်းဆီဆိုတဲ့ ပန်းပါ...။ဘယ်ကမျောက်ပေပန်းကမှာလဲ..၊ဘာအစီအရင်မှလည်းမလုပ်ပါဘူးရှင်...၊
လှလို့ ပန်းအိုးထဲ ရိုးရိုးထိုးထားတာပါ...၊

ဆားပုလင်း။   ။နို့ ဒါဖြင့် အဲ့ပန်းနဲ့ဘာလုပ်လိုက်သတုန်း....

မိုးငွပ်။   ။ကျွန်မလည်း စိတ်ဆိုးဆိုးနဲ့ တွေ့ရာကောက်ဆွဲလိုက်မိတာ အဲ့ပန်းပဲလက်ထဲပါလာတာနဲ့
ပန်းနဲ့ သူ့မျက်နှာကို ပေါက်လိုက်မိရုံပါပဲရှင်...ဘာမှမလုပ်ရပါဘူး....။

ငံပြာရည်ပုလင်း။   ။ပန်းနဲ့ပေါက်တာနဲ့ ဒီကုလားကြီးက သေရရောလား...မဖြစ်နိုင်တာ...။

မိုးငွပ်။   ။ပထမတော့ ကျွန်မလည်း အဲ့လိုတွေးမိတာပဲရှင့်၊ဖြစ်ပုံကဒီလို...၊ကျွန်မက သူ့ကိုပန်းနဲ့ပေါက်
လိုက်တော့ သူလည်းရုတ်တရက်ဆိုတော့ သူလည်း လန့်ပြီး နောက်ကို ခုန်ဆုတ်လိုက်ရော...၊အဲဒီမှာ
ဟန်ချက်ပျက်သွားတာကတစ်ကြောင်း၊ကျွန်မ မနက်ဘက်က ပန်းအိုးရေလဲတုန်းက ကြမ်းပြင်မှာ ရေဖိတ်
ကျထားနဲ့ ချောနေတာကတစ်ကြောင်း သူလည်း ဘုန်းဆိုလဲကျသွားရော...၊အဲလို လဲကျသွားကတည်း
က ပြန်ကိုမထနိုင်တော့ပဲ သတိလစ်သွားတော့တာပါပဲရှင်...။

ဒါနဲ့ ကျွန်မလည်း ရုတ်တရက်ဆိုတော့ လန့်ဖြန့်သွားတာပေါ့..၊ဘာလုပ်ရမှန်းမသိတာနဲ့ ဆေးတိုက်က
အခြားဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာတိုတိုလပ်ကို ဖုံးဆက်လှမ်းခေါ်လိုက်ပါတယ်...၊ဒေါက်တာလည်း
ချက်ချင်းဆိုသလိုရောက်လာပြီး ဆရာဝန်ကြီးနာရရန်းကိုစမ်းသတ်ကြည့်တော့ ရုတ်တရက် နှလုံးလေဟပ်
ပြီး အသက်ထွက်သွားတာတဲ့ရှင့်၊ဆရာဝန်ကြီးမှာက နဂိုကကို နှလုံးရောဂါ အခံရှိတယ် လို့လည်းသူပြော
ပါတယ်...။


ဆားပုလင်း။   ။ဟင်...ဒါဖြင့် သူ့ဘာသာနှလုံးရပ်ပြီးသေတာပေါ့....၊ဒါဆိုလည်း ခင်ဗျားက ဘာလို့စော
စောက ခုလိုမပြောသတုန်း....။


မိုးငွပ်။    ။မပြောဆို ဒေါက်တာတိုတိုလပ်က ကျွန်မကို ပုလိပ်တွေလာမေးရင် ဘာမှပြောမနေနဲ့...၊
တော်ကြာ...ပုလိပ်တွေက စခန်းခေါ်ပြီး ဟိုစစ်ဒီမေးနဲ့ဆို မိန်းကလေးတစ်ဦးအနေနဲ့ ဂုဏ်သိက္ခာကျမယ်၊
ခုဟာကလည်း သူ့ဘာသာနှလုံးရပ်ပြီးဆုံးသွားတာပဲ..၊ငါ့ဘာသာ အဆင်ပြေသလိုရှင်းလိုက်မယ်.....
ဆိုတာနဲ့ ကျွန်မလည်း အိမ်ပြန်သွားလိုက်တာပါပဲရှင်....။


သူနာပြုဆရာမလေးမိုးငွပ်၏စကားအဆုံးတွင် ဆေးတိုက်အတွင်းခန်းထဲမှ ဒေါက်တာတိုတိုလပ်လည်း
ကုတ်ချောင်းချောင်းနှင့်ထွက်လာပြီးလျှင်....


ဒေါက်တာတိုတိုလပ်။    ။ဟုတ်ပါတယ်....၊ခင်ဗျားတို့ စုံထောက်တွေ ခုလို တောင်မေးမြောက်မေး မေး
နေမှာစိုးလို့ ကျုပ်က ဘာမှမပြောဖို့ မှာထားလိုက်တာပါ...၊ဆရာဝန်နာရရန်းသေရတာကလည်း သူ့
ဘာသာနှလုံးရပ်ပြီး သေဆုံးသွားတာဖြစ်ကြောင်းနဲ့ သူ့မှာနဂိုကကို နှလုံးရောဂါရှိကြောင်း ဆေးရုံက
ဆေးထောက်ခံစာတွေ ရလာပါပြီ....။


ကျွန်ုပ်။   ။ဒါဖြင့် ခင်ဗျားက ကုမ္မာရီဂိုဏ်းနဲ့ ဘာမှမပက်သက်ဘူးပေါ့လေ.....


မိုးငွပ်။    ။ အို....ဘယ်ကကုမ္မာရီဂိုဏ်းတုန်း....ပေါက်ကရတွေရှင်...ကြားတောင်မှမကြားဖူးပါဘူး...။


ကျွန်ုပ်။    ။ဒါဆို မနေ့ညက ခင်ဗျား အင်းယားကန်ဘောင်မှာ ဘာအစီအရင်တွေလုပ်နေတာတုန်း...။


မိုးငွပ်။   ။အစီအရင်......မဟုတ်တာရှင်...ကျွန်မဘာသာ ကဗျာရွတ်ပွဲကအပြန် ငြီးစီစီဖြစ်လာတာနဲ့
အညောင်းပြေအညာပြေလမ်းလျှောက်ရင်း စိတ်ကူးထဲပေါ်လာတဲ့ အက်ဆေးလေးတစ်ပုဒ်ရွတ်နေမိတာ
ပါတော်.....


ငံပြာရည်ပုလင်း။    ။ဒါဖြင့် ညတုန်းက ကော်ဖီဆိုင်မှာ ကျုပ်တို့ နောက်ယောင်ခံလိုက်လာမှန်းသိလို့
နောက်ဘက်ပေါက်ကနေ ထွက်သွားတာကိုရော ဘာပြောမတုန်း....


မိုးငွပ်။   ။ရှင်တို့က နောက်ယောင်ခံလိုက်တယ်...၊အံမလေးတော်...အပင်ပန်းခံလို့ ကျွန်မနောက်ကိုများ
နောက်ယောင်ခံလိုက်နေသေး...။ဆေးတိုက်မှာ အချိန်မရွေးလာတွေ့ရနေတာကို....၊ပြီးတော့ အဲ့ကော်ဖီ
ဆိုင်က ကျွန်မအိမ်ရှိတဲ့လမ်းနဲ့ကပ်ရပ်ဆိုတော့ ကျွန်မသောက်နေကြဆိုင်ရှင့်၊အဲဒီလိုပဲ အနောက်ဘက်
ပေါက်က ပြန်နေကြရယ်....၊ရှင်တို့နောက်ယောင်ခံလိုက်နေမှန်း မသိပေါင်....။

ဆားပုလင်း။   ။အင်း....အမှုကတော့ ရှင်းသွားပါပြီ...၊နောက်ဆုံးမတော့ သူ့ဘာသာရှင်းနေတာကို ကျုပ်
တို့ဘာသာ ရှုပ်အောင်လုပ်နေမိတော့တာကိုး.....၊သို့ပေမယ့် ဒီလောက်လိုက်လာပြီးတော့မှတော့ ဒီအမှု
ကို သူ့ဘာသာရိုးရိုးသေတာဆိုပြီး ပိတ်လိုက်ဖို့တော့ မရဘူးဗျ...၊မင်းကြီးကျေနပ်အောင် တရားခံတစ်ဦး
ဦးတော့ ဆွဲထည့်မှဖြစ်မယ်...၊နို့မို့ ကျုပ်တို့ စုံထောက်တွေနာမည်ပျက်လိမ့်မယ်...၊ကဲ ဘယ်သူ့တရားခံ
ဆွဲမတုန်း....။

ငံပြာရည်ပုလင်း။    ။အိုဗျာ...ခက်တာလိုက်လို့....မမိုးငွပ်ကို ဘာမှမပြောပဲ နေခိုင်းတဲ့ ဟောဒီဒေါက်တာ
တိုတိုလပ်ကိုပဲ တရားခံစွဲ လိုက်ကြတာပေါ့ဗျာ.....၊နောက်မှ သူ့ဘာသာတရားရုံးမှာရှင်းပေ့စေ.....

ဟု ပြောပြောဆိုဆိုနှင့်ပင်......စုံထောက်ရှော်ကြီးငံပြာရည်ပုလင်းမျှစ်မောင်လည်း ဒေါက်တာတိုတိုလပ်အား
ဖြောင်းကနဲမြည်အောင် လက်ထိပ်ခတ်လိုက်လေတော့သတည်း....................။

ဤတွင် ကျွန်ုပ်၏ မဟာအကောင်းစားပေါက်ကရရှစ်သောင်း ဝတ္ထုကြီးလည်း နိတ္ထိတံ လေတော့သတည်း။

(ဤဝတ္ထုမဟာကြီးတွင် ကျွန်တော်ချစ်ခင်ရသော ဘလော့ဂါညီအကိုမောင်နှမများ၏နာမည်များကို
ခွင့်ပြုချက်မယူပဲ ပြောင်ပြောင်ကြီးအလွဲသုံးစားလုပ်၍ ထည့်ရေးထားပါသည်။နစ်နာစေလိုခြင်းမရှိ အပျော်
သက်သက်သာဖြစ်ကြောင်းနှင့် လွန်တာရှိကလည်း ဝန္တာမိပါကြောင်း....... :))))