Tuesday, June 29, 2010

ချစ်ခြင်းများနှင့်မေမေ

တနင်္ဂနွေနေ့က အမေနဲ့ ဖုံးပြောဖြစ်ပါတယ်...။ထူးထူးခြားခြားတော့လည်းဘာမှပြောဖြစ်တာမဟုတ်ပါဘူး..။
သာကြောင်းမာကြောင်း၊အလုပ်အကိုင်အဆင်ပြေကြောင်း၊အိမ်ကကြောင်လေးလိမ္မာကြောင်း၊စသည်....စသည်...
ပေါ့ခင်ဗျာ။ဖုံးချလိုက်တော့မယ်ဆိုတော့အမေကကျွန်တော့်ကိုစလုံးမှာအရက်တွေဘာတွေသောက်မနေနဲ့ဦးနော်
လို့ မှာရှာတယ်ခင်ဗျ။ကျွန်တော်ကလည်းမသောက်ပါဘူးအမေရဲ့စိတ်ချပါပေါ့၊(တကယ်လည်းမသောက်ဖြစ်
ပါဘူး၊ဈေးကြီးလို့..)

အမေမှာမယ်ဆိုလဲ မှာချင်စရာရယ်...။မြန်မာပြည်မှာတုန်းက ကျွန်တော်က အရက်ကို နေ့စဉ်ရက်ဆက်ဆို
သလိုသောက်ခဲ့တာကိုး...။ဒီရောက်မှသာ မသောက်ဖြစ်တော့တာ...။အဲဒီလိုအမေကမှာတော့ တစ်ချိန်ကအရက် နဲ့ပတ်သက်ပြီး ကျွန်တော်တို့ သားအမိတွေကြားမှာ ဖြစ်ပျက်ခဲ့တာလေးတွေကိုသွားသိရမိတယ်....။

ကျွန်တော်အရက်သောက်တာနဲ့ပတ်သက်ပြီးအမေကကျွန်တော့်ကိုချော့လို့တမျိုးခြောက်လို့တဖုံအမျိုးမျိုး
ဆုံးမရှာပါတယ်။သူ့အကိုအကြီးဆုံးနှင့်မောင်အငယ်ဆုံး(ကျွန်တော့်ဦးကြီးနှင့်ဦးလေးငယ်)တို့ အရက်ကြောင့်
ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးရတဲ့အကြောင်း၊ဘယ်သူဘယ်ဝါကတော့ဖြင့်အရက်ကြောင့် ဘဝပျက်ရတဲ့အကြောင်း
အစရှိသဖြင့်နားဝင်အောင်ဆုံးမပါတယ်။ပြန်မပြောနားမထောင်ကျွန်တော်ကလည်း ဆုံးမတုန်းမှာတော့ဟုတ်ကဲ့၊ ဟုတ်ကဲ့ပေါ့။အဲ နေကလေးညိုလာပြီဆိုရင်ဖြင့် စာအုပ်ဆိုင်ပဲသွားမှာလိုလို၊အခွေပဲသွားငှားမှာလိုလိုနဲ့ အရက်ဆိုင်ကိုသွားဖို့ခြေလှမ်းပြင်တော့တာပါပဲ.....။

အဲဒီလို အမေရယ်၊ကျွန်တော်ရယ်၊အရက်ရယ် လုံးလည်ပတ်ချာလည်နေတုန်း တနေ့မှာ၊ဈေးကပြန်လာ
တဲ့အမက ဈေးမှာ အမ်တီအေးနဲ့ တွေ့ခဲ့တဲ့အကြောင်း၊စကားတွေအတော်ကြာပြောဖြစ်တဲ့အကြောင်းပြောလာပါ
တယ်။ဒီနေရာမှာ အမ်တီအေးနဲ့ကျွန်တော်တို့မိသားစု ပတ်သက်ဆက်စပ်ပုံအကြောင်း ရေးပါရစေ....။

အမေဟာ ကျွန်တော့်ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ ဂျင်မခါနာဆေးရုံမှာ ကျွန်တော့်ကိုမွေးတော့မယ်ဆိုတော့
သုံးနှစ်သမီးကျွန်တော့်အမကို ကြည့်ပေး၊ထိန်းပေးမယ့်လူမရှိတဲ့ပြဿနာနဲ့ရင်ဆိုင်ရပါရောခင်ဗျ။နှစ်ဖက်သော
မိဘ၊ဆွေမျိုးတွေကိုအကူအညီတောင်းပေမယ့် ဘယ်သူမှအကူအညီမပေးကြဘူးတဲ့ခင်ဗျ။(ဆွေမျိုးတွေက အဲဒီ လိုကျွန်တော်တို့အပေါ် ကောင်းခဲ့တာ...။ဒါတောင် အဖေနဲ့အမေက မိဘတွေသဘောတူလို့ယူခဲ့ကြတာရယ်...၊)
အဖေကလည်း ရုံးကတဖက်၊အမေ့ကို ကြည့်ရှု့ဖို့ကတဖက်နဲ့ဆိုတော့ အဲဒီအချိန်ကတော်တော်ကို ကသီလင်တ
ဖြစ်နေတာပေါ့။နောက်ဆုံးတော့ မူကြိုကျောင်းလေးဖွင့်ထားတဲ့ အန်တီအေး ဆီသွားပြီး ကျွန်တော့်အမသုံးနှစ် သမီးလေးကိုခုနှစ်ရက်တပတ်လောက် နေ့ရော၊ညပါ ကြည့်ပေး၊ထိန်းပေးဖို့ အကူအညီတောင်းရပါတယ်။
အန်တီအေးကလည်း လိုလိုချင်ချင်ပဲအကူအညီပေးခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ အခုထက်တိုင်၊အန်တီအေးတို့မိသားစုနဲ့ကျွန်တော်တို့မိသားစုဟာ အရမ်းကိုခင်မင်ရင်းနှီး
လာခဲ့ပါတယ်။နောက်ပိုင်းမှာအန်တီအေးခင်ပွန်းကကျွန်တော်တို့မြို့မှာအောင်မြင်တဲ့ကျူရှင်ဆရာတစ်ယောက်
ဖြစ်လာတော့လည်းကျွန်တော်တို့မောင်နှမနှစ်ယောက်ကို နှစ်တိုင်း ကျူရှင်လခတပြားမှမယူပဲအခမဲ့စာသင်ပေး
ခဲ့ပါတယ်။အမေကဒီအကြောင်းတွေကို၊ လူတိုင်းကိုစကားသင့်တိုင်းပြောပြလေ့ရှိခဲ့တာပါ။ကျွန်တော်တို့ကိုလည်း
နှစ်စဉ်သီတင်ကျွတ်တိုင်း ဆရာနဲ့အန်တီအေးတို့ကို ကန်တော့စေခဲ့တာယနေ့ထက်တိုင်ပါ။ အန်တီအေးတို့ရဲ့
ကျေးဇူးတရားကိုမမေ့ဖို့၊ဆိုဆုံးမတာကိုနာခံဖို့ကိုလည်းအမြဲဆုံးမခဲ့ပါတယ်။

ဒီအကြောင်းတွေကကျွန်တော်တို့မိသားစုနဲ့အန်တီအေးတို့အကြားပတ်သက်ဆက်စပ်လာခဲ့တဲ့အကြောင်း
တွေပါ။အထက်ကရေးလက်စကိုပြန်ဆက်ရရင် ကျွန်တော့်အမပြောတာက အန်တီအေးက ကျွန်တော် အရက်
အရမ်းသောက်နေတယ်လို့ကြားတဲ့အကြောင်း၊ငယ်ငယ်ရွယ်ရွယ်နဲ့အရက်သမားဖြစ်နေပြီကြားရလို့စိတ်မကောင်း ဖြစ်မိကြောင်း၊ဒီကောင်လေးကို ပြောလို့၊ဆိုလို့၊ဆုံးမလို့ မနိုင်ကြတော့ဘူးလား....လို့ ပြောလိုက်တဲ့အကြောင်း
အမေ့ကိုပြန်ဖောက်သည်ချပါလေရောခင်ဗျား။ပြီးတော့ကျွန်တော့်ကိုလည်း လူကြီးသူမတွေက အခုလိုပြောလာ
ကြတဲ့အတွက် အရက်မသောက်တော့ဖို့၊အမေ့ကိုလည်း အမေ့သားကိုကြည့်ပြောပါဦးသူများတွေပြောကုန်ကြပြီ
အစရှိသဖြင့်မည်တွန်တောက်တီးတော့တာပေါ့...။

အဲဒီတော့ အမေကကျွန်တော့်အမကို ဒေါသထွက်နေတဲ့မျက်နှာနဲ့ ဘာပြန်ပြောတယ်မှတ်သလဲခင်ဗျ...။
"ဟေ့ဒီခေတ်ထဲမှာ ယောင်္ကျားလေး အရက်သောက်တာဘာမှမဆန်းဘူး။ငါ့သားကအရက်သာသောက်တာ...
ဘယ်တုန်းကမှ၊ဘယ်သူ့ကိုမှ မူးပြီးပြဿနာရှာတာမျိုးမရှိခဲ့ဘူး၊(သူများပြဿနာရှာဖို့နေနေသာသာ၊ကိုယ့်ဘာ
သာကိုယ် မနဲထိန်းနေရတာရယ်....း) )အဖေ၊အမေတွေ သက်ရှိထင်ရှားရှိသေးတယ်၊ဘေးလူကဘာမှပြောဖို့
မလိုပါဘူး" တဲ့ခင်ဗျား....။

ကျွန်တော့်အမဆို ပါးစပ်အဟောင်းသားနဲ့ အမေ့ကိုငေးကြည့်နေရှာတယ်။သူ့စိတ်ထဲမှာ ဒီစကားတွေအမေ
ပြောလိုက်တာတွေမှဟုတ်ပါလေစ လို့တွေးနေတဲ့ပုံပဲ...။ကျွန်တော်လည်း ဒီတခါတော့ အကြီးအကျယ် ဆူခံထိပြီ
ထင်ထားတာ...၊အမေကအဲဒီလိုပြောလိုက်တော့ ကြောင်တောင်တောင်ဖြစ်သွားတော့တယ်။ဟုတ်တော့လည်း
ဟုတ်တယ်...။တသက်လုံးက အန်တီအေးတို့ကျေးဇူးကျွန်တော်တို့အပေါ်မှာရှိတဲ့အကြောင်းခဏခဏပြောခဲ့တဲ့
အမေ၊ကျွန်တော်အရက်သောက်တိုင်း နည်းအမျိုးမျိုးနဲ့ဆုံးမခဲ့တဲ့အမေ၊ ဒီလိုပြောလိမ့်မယ်လို့ ဘယ်သူမှထင်ထား
တာမှမဟုတ်တာ....။အခုတော့ ကျွန်တော့်ကိုမဆုံးမတဲ့အပြင် အားပေးအမြှောက်သလိုဖြစ်တဲ့ စကားမျိုးတောင်
ပြောလာတယ်ဆိုတော့ အားလုံးကဘာပြောရမှန်းကိုမသိဘူးဖြစ်သွားပါတယ်....။

အမှန်တော့အမေဟာသားကိုချစ်တဲ့စိတ်၊သားကိုထိရင်၊အပြောခံရရင်မချိအောင်နာတဲ့စိတ်နဲ့အမှန်၊အမှား
တွေ ဘာမှအမြင်တော့ပဲ၊သားကိုကာကွယ်ချင်တဲ့စိတ်တခုထဲနဲ့ပြောလိုက်တာတွေပါ..။အမေတွေဟာ သား၊သမီး
တွေ မဟုတ်တာ၊မသင့်တော်တာလုပ်လာခဲ့ရင် ဘယ်တုန်းကမှမျက်နှာလွှဲနေလိမ့်မယ်၊မသိချင်ယောင်ဆောင်
နေလိမ့်မယ်လို ကျွန်တော်မထင်ပါဘူး....။

အမေ့စကားတွေကိုပြန်စဉ်းစားမိတော့ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။အရင်းစစ်တော့အမြစ်မြေက
ဆိုတဲ့စကားလို ကျွန်တော်မကောင်းလို့ပါလားလို့ အသိတရားရမိခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာကျွန်တော်ဟာ
အသောက်အစား ဆင်ခြင်လာခဲ့ပါတယ်။အရင်လိုနေ့စဉ်ရက်ဆက်သောက်တာမျိုးမရှိတော့သလို၊သောက်ဖြစ်
ခဲ့ရင်လည်း လူမှန်းသူမှန်းမသိ၊မချိမဆန့်တွေသောက်တာမျိုးမရှိတော့ပဲ၊သောက်ထားမှန်းမသိသာလောက်
အောင်အနည်းအကျဉ်းပဲသောက်ဖြစ်ပါတော့တယ်...။အခုဆိုရင်တော့ မသောက်ဖြစ်သလောက်ဖြစ်သွားပါပြီ...။
(တခါတလေ သူငယ်ချင်းတွေနဲ့ဆုံရင်ဘီယာလေးဘာလေးကလွဲလို့ပေါ့လေ.....ဤကားစကားချပ်တည်း..း) )
အမေတွေရဲ့သား၊သမီးတွေအပေါ် ထားတဲ့ ချစ်တဲ့စိတ်ကိုလည်း အတိုင်းမသိ သဘောပေါက်သွားခဲ့ပါပြီခင်ဗျား။











Saturday, June 26, 2010

အလဲအလှယ်

ကျွန်တော်အခုလုပ်နေတဲ့အလုပ်ကသက်သာတဲ့အခါသက်သာသလောက်ပင်ပန်းတဲ့အခါအရမ်းပင်ပန်းပါတယ်။
ကိုယ်ပင်ပန်းရုံသာမက၊စိတ်ပါပင်ပန်းပါတယ်။အဲဒီလို ကိုယ်ပင်ပန်း၊စိတ်ပင်ပန်းဖြစ်တဲ့အချိန်မျိုးတွေမှာ၊ မြန်မာ
ပြည်ကမိဘတွေ၊သူငယ်ချင်းအပေါင်းအသင်းတွေကိုသတိရမိတဲ့အချိန်မျိုးတွေမှာ "ငါဒီနိုင်ငံမှာဘာဖြစ်လို့ ဒုက္ခ
လာခံနေမိပါလိမ့်" လို့ဘာသာမေးခွန်းထုတ်မိတယ်။အဖြေကတော့အင်မတန်မှကိုရှင်းပါတယ်ခင်ဗျ။ပိုက်ပိုက်
လိုချင်လို့ပါ။မြန်မာပြည်မှာရော ရှာလို့မရလို့လားဆိုတော့ ရတော့ရပါတယ်၊ဒါပေမယ့်(ကျွန်တော့်အနေနဲ့)
ကြာတယ်၊နည်းတယ်လို့ထင်ပါတယ်။ဒါကြောင့်သမ္မာအာဇီဝလည်းကျ၊နှစ်အနည်းငယ်အတွင်းမှာအတော်အသင့် စုမိဆောင်းမိမယ်ထင်လို့ ဒီမှာအလုပ်လာလုပ်ဖြစ်တာပါ။

ပိုက်ပိုက်တွေစုမိတော့ရောဘာများထူးလာမှာပါလဲ။ ငွေကြေးအဆင်ပြေတဲ့လူနဲ့အဆင်မပြေတဲ့လူ ဘာများ
ကွာခြားပါသလဲ။သေသေချာချာတွေးမိတော့ လူတိုင်းအတွက်တော့တနေ့တာဆိုတာ နှစ်ဆယ့်လေးနာရီပါပဲ။
ချမ်းသာတဲ့လူလည်း တနေ့တာကိုကုန်လွန်စေရတာပါပဲ။ဆင်းရဲတဲ့လူလည်း ဒီတနေ့တာကို ဖြတ်သန်းရတာပါပဲ။
တစ်နေ့ကြရင်လူတိုင်းဟာအရာအားလုံးကိုထားခဲ့ရမှာပါ။

ဒါပေမယ့် ကျွန်တော်အပါအဝင်လူတော်တော်များများက ကိုယ့်မှာငွေကြေးပြည့်စုံရင် ဘဝဟာပိုပြီးအဆင်ပြေ
နိုင်မယ်၊ပိုပြီးသာယာပျော်ရွှင်နိုင်မယ်လို့ထင်မှတ်ထားတာပါ။အဲဒီအထင်ကမှန်သင့်သလောက်လည်းမှန်တာပါပဲ။
ကိုယ့်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိရင် ကိုယ်လုပ်ချင်တာတွေလုပ်လို့ရတယ်၊ကိုယ်စားချင်တာစား၊ကိုယ်
သွားချင်တဲ့နေရာသွားနိုင်တယ်မဟုတ်ပါလားခင်ဗျာ။နောက်ဆုံး ကျမ်းမာရေးမကောင်းရင်တောင် ရှိတဲ့လူက
ငွေနဲ့အသက်ဆက်ထားနိုင်တယ်၊မရှိတဲ့လူတွေအတွက်ကတော့ အင်း....မှတပါးအခြားမရှိပြီပေါ့ခင်ဗျာ။(D ဒါက
ယေဘုယျ သဘောကိုပြောတာပါ)

အဲဒီလို ကိုယ်လုပ်ချင်တာလေးတွေလုပ်နေရရင် စိတ်ချမ်းသာမှုရမယ်လို့ထင်မှတ်နေကြတာပါ။တနည်းအား
ဖြင့်တော့ ကျွန်တော်တို့ဟာ ရုပ်ချမ်းသာမှုကို စိတ်ချမ်းသာမှုနဲ့ အလဲအလှယ်လုပ်ဖို့ ကြိုးစားနေမိကြတာ မဟုတ်
ပါလားခင်ဗျာ။ဒီလိုနဲ့ ရုပ်ချမ်းသာမှုနောက်ကို ကောက်ကောက်ပါအောင်လိုက်နေမိပါတော့တယ်။လိုက်နိုင်သမျှ
တော့ ရတဲ့လူလည်းရ၊မရတဲ့လူလည်းမရပေါ့ခင်ဗျာ။

ဒါပေမယ့် ရုပ်ချမ်းသာမှုရတိုင်း စိတ်ချမ်းသာမှုကိုရကြပါသလား....၊ရကြသည့်တိုင်အောင် ကျွန်တော်တို့
ပေးဆပ်လိုက်ရတာတွေနဲ့တန်ပါရဲ့လား....၊ဟုတ်ကဲ့ ရသင့်သလောက်တော့ရခဲ့ပါတယ်၊ရခဲ့သည့်တိုင်အောင်
ပေးဆပ်လိုက်ရတာတွေနဲ့တော့(ကျွန်တော့်အတွက်တော့) မတန်လှပါဘူး။စိတ်ထဲမှာနာကျင်ခံစားရတာတွေ၊
ကိုယ်စွန့်လွှတ်လိုက်ရတဲ့အရာတွေနဲ့နှိုင်းစာရင် ရရှိလာတာတွေကနည်းပါးလွန်းလှပါတယ်လေ....။စိတ်မှာရခဲ့တဲ့
ခံစားမှုဒဏ်ရာဆိုတာ တဘဝစာလုံးအတွက် တိုက်ဆိုင်မှုတွေရှိလာတဲ့အချိန်တိုင်း ခံစားသွားရမှာမဟုတ်ပါလား။
တကယ့်တကယ်တော့ စိတ်ချမ်းသာမှုကို ရုပ်ချမ်းသာမှုနဲ့လဲဖို့ကြိုးစားတာဟာ မမှားဘူးဆိုခဲ့ရင်တောင်မှ မှန်တယ်လို့ပြောဖို့ရာခုချိန်မှာမဝံရဲလှတာအမှန်ပါ။

အမှန်စင်စစ်မှာတော့စိတ်ရဲ့ချမ်းသာမှုကို စိတ်နဲ့ပဲရှာတာအကောင်းဆုံးမဟုတ်ပါလားခင်ဗျာ။

သို့ပေမယ့် သို့ပေမယ့်ပေါ့လေ.....ငွေကမ္ဘာမှာကျင်လည်နေရတဲ့ လောဘ၊ဒေါသ၊မောဟတွေနဲ့လူသားတစ်
ယောက်အနေနဲ့တော့ အခုချိန်မှာတော့ ငွေ...ငွေ...ငွေ...ငွေနောက်ကိုလိုက်လို့ကောင်းနေဆဲ....၊
ငွေနဲ့သာအရာရာကိုလဲလှယ်ဖို့ကြိုးစားမိနေဆဲ....ပါခင်ဗျား။







Monday, June 21, 2010

ရာသီပေါ် အတွေးများ

မောင်လေးတို့များတခုခုဖြင့်မလုပ်လိုက်နဲ့၊ဘာလုပ်လုပ် အခြေအနေ၊အချိန်အခါရွေးတာများသိပ်တော်တာ၊
အခုလည်းကြည့်လေ..ကမ္ဘာ့ ဖလားဘောပွဲကြီးစတော့မယ်ဆိုကာမှ ဘလော့လေးတစ်ခုထရေးမိတယ်။ ဟော..အခုလည်းကျရောအလုပ်ပြီးပြီ ဆိုတာနဲ့ ဘောပွဲပဲကြည့်ရကောင်းမလား၊ဘလော့ပဲရေးရကောင်းမလား နဲ့ ဘ နှင့်ဘကြားဗျာ များနေပါရောလား..။အဲဒါကြောင့်ပြောတာ မောင်လေးတို့ဘာလုပ်လုပ်အချိန်အခါရွေး သိပ်တော် တာလို့...။ ဘောပွဲတွေစကန်ကြပြီဆိုတော့၊ပထမတော့အိပ်ရေးပျက်လှပါတယ် ဘောပွဲတော့မကြည့်
တော့ပါဘူးလေ၊ကိုယ့်ဘလော့လေးမှာ ကိုယ်ရေးချင်တာလေးတွေရေးနေတော့မယ်လို့တော့ဆုံးဖြတ်မိသား...။
အဲ နောက်မှအချိန်တွေကို သေသေချာချာတွက်ကြည့်မိတော့ ခုနစ်နာရီခွဲ ပွဲတွေပါတာသွားတွေ့ပါရော။
အဲဒီတော့လဲ စောစောပိုင်းပွဲတွေတော့ အားပေးလိုက်ပါအုံးမယ် ဆိုပြီးတထစ်လျော့သွားတယ်(ကိုယ်မှမကြည့်
ရင်ဖြင့် ကမ္ဘာ့ ဖလားပွဲကြီးပဲမစည်ကားတော့မယ့်အတိုင်း...အမှန်က ကိုယ့်ဘာသာကိုယ်ကြည့်ချင်လို့ကြည့်တာ)။
ခုနစ်နာရီခွဲပွဲ ပြီးတော့လည်း နောက်ပွဲဆက်ကြည့်ချင်လာပြန်ရောခင်ဗျ။အဲဒီတော့လည်း ဟယ်...ငါ့ဘလော့
ကခုမှအသစ်ကလေး၊ဘယ်သူမှသတိမထားမိလောက်သေးပါဘူး၊ကမ္ဘာဖလားဘောပွဲဆိုတာလေးနှစ်မှတကြိမ်
ကန်ကြတာလို့ ကိုယ်ကြည့်ချင်တာဘက် ကိုယ်ယက်တွေးပြီးသကာလ မောင်လေးတစ်ယောက်ဘောပွဲတွေ
နောက်ကိုကောက်ကောက်ပါသွားတော့တယ်။

ဘောပွဲတွေကြည့်မိတော့ ဘာတွေ့မိသလဲဆိုတော့ အခုမှအုပ်စုပတ်လည်ပွဲတွေပဲရှိသေးတယ်၊နိုင်တဲ့
အသင်း ကြည့်တော့ ခုပဲဖလားကြီးရသွားတဲ့အတိုင်း ပျော်နေလိုက်ကြတာ၊ရှုံးတဲ့အသင်းကြတော့လည်း ငိုတော့မယ့်အတိုင်းပဲခင်ဗျ။ဟော်လန်နှင့်ဂျပန်ပွဲ ကိုပဲကြည့်၊ဟောလန်တွေနိုင်သွားတော့တယောက်နှင့်
တယောက်ပွေ့ကာဖက်ကာနဲ့ပျော်လို့ရွင်လို့၊သူတို့ကအုပ်စုကတက်ဖို့သေချာသလောက်ရှိသွားပြီဆိုတော့
ထားပါတော့၊ရှုံးသွားတဲ့ဂျပန်တွေကတော့အတော်ကိုမှိုင်သွားကြတယ်ဗျ။တကယ်ဆိုဒီပွဲကအဆုံးအဖြတ်ပွဲမှ
မဟုတ်တာ၊ဒိန်းမတ်နဲ့ပွဲမှာသူတို့နိုင်ခဲ့ရင်အုပ်စုကတက်သွားမှာပဲ။အင်္ဂလန်အသင်းလည်းအဲဒီအတိုင်းပဲခင်ဗျ၊
အယ်ဂျီးရီးယားနဲ့သရေကျတဲ့ပွဲမှာနည်းပြကြီးကာပယ်လိုခမျာ ရှုံ့ မဲ့နေပုံများ တကယ်ကိုအီးမှန်သွားတဲ့ရုပ်မျိုး။
ဒါတောင်ရှုံးသေးတာမဟုတ်ဘူး။နောက်ပွဲနိုင်ခဲ့ရင်လည်းအုပ်စုကတက်မှာမဟုတ်တဲ့အတိုင်းပဲ။
အဲ ဘောလုံးကစားသမားတွေ၊နည်းပြတွေ အနေနဲ့ကလည်း ဖိစိးမှုတွေကများသားကလား။ခုခေတ်ကြီး
မှာဘောလုံးအားကစားကိုဘယ်သူမှအားကစားနည်းသက်သက်သဘောမထားကြတော့ဘူးလို့ကျွန်တော်တော့ ထင်မိတယ်။ဘာဖြစ်လို့လဲဆိုဘောလုံးပွဲတစ်ပွဲရဲ့အနိုင်၊အရှုံးနောက်မှာဂုဏ်သိက္ခာ၊ငွေကြေး၊အရှက်တရား၊ ကျော်ကြားအောင်မြင်မှုတွေအများကြီးပါလာပြီခင်ဗျ၊ခုနောက်ပိုင်းဆို လူ့အသက်တွေပါ ပါလာပြီ။ ကိုယ်အားပေးတဲ့အသင်းရှုံးတာနဲ့ပဲ ကိုယ့်ကိုကိုယ်သက်သေလားသေရဲ့၊ဘောလုံးပွဲကြည့်ရင်းနှလုံးခုန်ရပ်ပြီး
သေသွားတဲ့လူလဲရှိရဲ့။တလောကဘယ်ထဲမှာလဲတော့မမှတ်မိတော့ဘူး ဖတ်မိလိုက်တာက ဘောလုံးပွဲကို
အကြောင်းပြုလို့ နိုင်ငံ နှစ်နိုင်ငံစစ်ဖြစ်ကြရောဆိုပဲ။အဲဒီလိုဆိုတော့လည်းနည်းပြတွေ၊ကစားသမားတွေမှာလည်း
အရှုံးအနိုင်က သာမည၊ယှဉ်ပြိုင်ခြင်းသာအဓိကဆိုတာတွေဘာတွေအသာဘေးချိတ်၊ကန်ပြီဟေ့ဆိုတာနဲ့
့ မနိုင် နိုင်အောင်အားသွန်ခွန်စိုက်ကန်ကြရတော့တာပဲခင်ဗျ။အဲဒီလိုမှလည်းပရောဖက်ရှင်နယ်ပီသတယ်ဆိုပဲ။
ဟော..ပွဲပြီးလို့ နိုင်ရင်လည်းနိုင်တဲ့အလျောက်ဖိစီးမှုတွေလျော့ပြီးပြုံးလို့ရွင်လို့၊ရှုံးတော့လည်း ရှုံးတဲ့အလျောက်
နောက်ပွဲအတွက်ဖိစီးမှုပိုများလာတော့မှိုင်တွေချလို့ပေါ့။အဲတချို့ပရိတ်သတ်တွေကြတော့တမျိုးခင်ဗျ၊
ကိုယ်အားပေးတဲ့အသင်းနိုင်တာတောင် မကျေနိုင်၊မချမ်းနိုင်ဖြစ်နေသေးတယ်၊ဘာလို့လဲဆိုတော့ ဘောနိုင်ပြီးကြေးရှုံးသွားလို့ ဆိုပဲ။

ကျွန်တော်တခါတလေ တွေးမိတာက ဘောလုံးပွဲတွေကို ကစားသမားတွေက ရှုံးလည်းပြုံးပြုံး၊နိုင်လည်း
ကိစ္စမရှိ၊ခပ်အေးအေးပဲ ဆိုတဲ့ပုံမျိုးကစားခဲ့ကြမယ်ဆိုရင်၊ပရိတ်သတ်တွေကလည်း နိုင်လို့လည်းဝမ်းမသာ၊ ရှုံးလို့လည်းထူးပြီးဝမ်းမနည်းဘူး ဆိုသလိုအားပေးခဲ့ကြမယ်ဆိုရင် ခုချိန်မှာ ကျွန်တော်တို့ အားပေးနေတဲ့
ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကြီးတောင်ပေါ်ပေါက်လာပါ့မလား လို့ ဘောပွဲမစခင် စပ်ကြားတွေးမိတွေးရာ
တွေးနေမိပါကြောင်း.....။

Wednesday, June 16, 2010

မျောလွင့်တိမ်......အကြောင်း

ကျွန်တော်။ ။ဘလော့တခု လုပ်ရတာ လွယ်တယ်များမှတ်လို့.....
x x x ။ ။အောင်မလေးဗျာ...ဘာများခက်လို့လဲ...ခင်ဗျားမှာ ဂူးဂဲအကောင့်ရှိတယ် မလား...
ကျွန်တော်။ ။ရှိသားပဲ...
x x x ။ ။ရှိရင် ဘလော့ဂါဆိုဒ်ထဲဝင်၊တန်းပလိပ်ရွေး၊အမည်ပေး ပြီးတာပဲ...၊ဘာများခက်လို့လဲ
ကျွန်တော်။ ။အဲဒါတော့ ငါလည်းသိတာ့ပေါ့ဟ...ဒါပေမယ့် တင့်တောင့်တင်တယ် အမည်တခုရအောင် စဉ်းစားရတာ
ဘယ်လောက် ဦးနှောက်ခြောက်တယ်မှတ်လဲ....
တလောက ကျွန်တော်နှင့်ကျွန်တော့်သူငယ်ချင်း နှစ်ယောက်သားပြောဖြစ်ကြတာတွေပါ။ဘလော့တခုလုပ်ရတာ
သူများတွေအတွက်လွယ်ပေမယ့် ကျွန်တော့်အတွက်တော့ သိပ်လွယ်လှတာမဟုတ်ဘူးခင်ဗျ။နည်းပညာဘလော့တွေထဲ
တနေ့ ဆယ့်ခြောက်ခေါက်လောက်ဝင်ပြီးကောင်းနိုးရာရာလေးတွေကိုယ့်အတွက်၊အဆင်ပြေမယ်ထင်တာလေးတွေ၊
ရှာဖွေရတယ်ခင်ဗျ၊လုပ်ရတာအဆင်မပြေခဲ့ရင် စီပုံးကနေအကူအညီတောင်းရသေးတယ်။ကိုယ့်ထက် တတ်သိတဲ့
သူငယ်ချင်းတွေကိုလည်း မသိမသာတမျိုး၊သိသိသာသာတဖုံ မေးရမြန်းရတယ်။အဲဘယ်သူ့မှအကူအညီတောင်းလို့
မရဘဲ ကိုယ့်ဘာသာကိုယ် ဦးနှောက်ခြောက်ရတာက ဘလော့နာမည်ဘယ်လိုပေးရင်ကောင်းမလဲ ဆိုတာပဲ။
စဉ်းစားမိတဲ့နာမည်တွေကတော့အများကြီး၊ပထမဆုံးတွေးမိတဲ့နာမည်က speaker conner တဲ့၊တရုတ်တန်းဘက်
ရောက်တုန်းက speaker conner လို့ နာမည်တပ်ထားတဲ့ မြက်ခင်းပြင်နဲ့စတိတ်စင် တခုတွေ့ခဲ့မိတယ်။ဒီနိုင်ငံမှာ
ဟောပြောပွဲတွေ၊ရွေးကောက်ပွဲမဲဆွယ်ပွဲတွေ လုပ်တဲ့နေရာထင်ပါရဲ့။ဘလော့လေးလုပ်မယ်ဆိုတော့ပထမဆုံးစဉ်းစား
မိတာက အဲဒီ နာမည်ပဲ။ပြီးမှမဟုတ်သေးပါဘူးလေ....၊ငါက ဘလော့ကနေ ဘာမိန့်ခွန်းမှပြောမှာလည်းမဟုတ်၊
ပြောရအောင် ဘာကောင်မှလည်းမဟုတ်၊ ဆိုပြီးစဉ်းစားမိတာနဲ့ အဲဒီနာမည် မပေးဖြစ်တော့ဘူး။အစ်မမိုးချိုသင်းတို့
အစ်မခင်ဦးမေ တို့လို ကိုယ့်နာမည် ကိုပဲ ဘလော့နာမည်တပ်တာကောင်းပါတယ်လေ ဆိုပြီး မောင်လေးမှတ်တမ်းတို့၊
MG LAY's MEMORIES တို့ဘာတို့ပေးလိုက်သေးတယ်။ပေးသာပေးရတယ် အဲဒီနာမည်တွေကိုလည်း တခုမှကိုမကြိုက်
ပြန်ဘူး။အံမယ် ယီးတီးယောင်တောင်နဲ့ ရဲသွေးမှတ်တမ်း တို့ဘာတို့လုပ်ချင်သေးတာခင်ဗျ။နောက်မှ အသံကြောင့်
ဖားသေ၊ကိုယ်ကလည်းဘာမှမဟုတ်ပဲနဲ့မြန်မာပြည်ပြန်ရောက်မှ အီလက်ထရွန်းနစ်ပုဒ်မကြီးနဲ့အဆွဲခံနေရပါအုံးမယ်
ဆိုပြီး စိတ်လျော့လိုက်ရတယ်။
အဲဒီလို အကြံခက်နေတုန်း ပြီးခဲ့တဲ့တနင်္ဂနွေက ပင်နစူလာသွားဖို့ အပြင်ထွက်လာဖြစ်တယ်။အဲဒီနေ့က ရာသီဥတု
ကလည်းအတော်လေးသာသာယာယာရှိတယ်ခင်ဗျ၊ကောင်းကင်ကြီးကိုမော့ကြည့်မိတော့ အပြာရောင်နောက်ခံမှာ
တိမ်ဖြူဖြူလေးတွေက ဟိုတစ်စု ဒီတစ်စု မျောလို့လွင့်လို့်....။ကျွန်တော်ကလည်း အတွေးသမားဆိုတော့ တိမ်တွေကို
ကြည့်ရင်းတွေးမိတာက ကျွန်တော်တို့ရဲ့စိတ်တွေဟာ တိမ်တွေလိုပဲ တွေးချင်ရာတွေးမိ၊မျောချင်ရာမျောနေမိတာပါလား၊
တခါတရံ လောဘ၊ဒေါသ၊မောဟ တွေဖုံလွှမ်းနေချိန်ဆို တိမ်ညိုညိုတွေလိုပဲ နောက်ကျိလို့၊တခါတရံတော့လည်း
တိမ်ဖြူဖြူတွေလို သန့်လို့ စင်လို့ ၊မတရားမှုတွေ တွေ့ရမြင်ရတော့လည်း မခံချင်စိတ်စိတ်တွေက နေဝင်ချိန်တိမ်တွေလို
ရဲရဲနီလို၊့ စိတ်ရဲ့အစိုးမရတဲ့သဘောပါလား လို့အတွေးနယ်ချဲ့မိတယ်။တဆက်တည်းမှာပဲ ဖျက်ကနဲတွေးမိလိုက်တာက
မျောချင်ရာမျောတဲ့တိမ်တွေနဲ့တူတဲ့ ကျွန်တော့် စိတ်အတွေးတွေရဲ့ နားခိုရာဟာ ကျွန်တော်ရေးချင်တာလေးတွေရေး
ဖြစ်မယ့် ကျွန်တော့်ရဲ့ ဘလော့လေးပါလား ဆိုတာပါ။အဲဒါနဲ့ လမ်းခုလတ်ကတင်အိမ်ပြန်လှည့်၊ဘလော့လေး
ကပျာကယာ ဖွင့်တဲ့ပြီး နာမည်လေးပေးလိုက်မိတာက " မျောလွင့်တိမ် တို့ နားခိုရာ " ပါတဲ့ခင်ဗျား။

Monday, June 14, 2010

အစ ရဲ့ အစ

တနေ့ သူငယ်ချင်းတစ်ယောက်နဲ့ ကွန်ပြူတာ၊အင်တာနက် တွေအကြောင်း၊ဘလော့တွေအကြောင်း ပြောမိကြတော့
ကျွန်တော်ဘလော့လေးတခုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ပြောလိုက်မိတယ်။ ကျွန်တော့်စကားအဆုံးမှာ သူက
ကျွန်တော့်ကို ဖျတ်ခနဲ တချက်လှမ်းကြည့်လိုက်တယ်ခင်ဗျ။သူ ကျွန်တော့် ကိုဘယ်လိုကြည့်လိုက်တယ်ဆိုတာ
စာနဲ့ရေးမပြတတ်ပေမယ့် အဲဒီ အကြည့်တချက်ထဲမှာ " မင်းကဘလော့ရေးရအောင် ဘာသိ၊ဘာတတ်လို့လ၊ဲ
မင်းကဘာမို့လို့လဲ" ဆိုတဲ့အဓိပ္ပါယ်တွေပါတယ်လို့ ကျွန်တော်ခံစားလိုက်ရတယ်။ဟုတ်တော့လည်းဟုတ်သား။
မြန်မာဘလော့ဂါတွေကိုသူတို့စာတွေကနေ တစေ့တစောင်းအကဲခတ်ရသလောက် တချို့က ကွန်ပြူတာပညာရပ်မှာ
ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သူတွေ၊တချို့ကြတော့ မြန်မာပြည်စာပေလောကမှာ နေရာတခုရခဲ့တဲ့သူတွေ၊တချို့
ဆိုရင်လည်း ကမ္ဘာပတ်ပြီး ကဗျာစပ်နေသူတွေ၊တချို့တွေများကြပြန်တော့ အတွေ့အကြုံအင်မတန်မှစုံသူတွေဆိုတာ
အားကျ၊အတုယူဖွယ် တွေ့ရတယ်ခင်ဗျ။သူတို့တွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကို ကိုယ်ပြန် စမ်းစစ်ကြည့်တော့
ကွန်ပြူတာ၊အင်တာနက်တွေအကြောင်းလည်းကောင်းကောင်းမသိ၊ဒေသန္တရဗဟုသုတများစုံလားဆိုတော့လည်း
တစ်နှစ်နေလို့ခရီးတခေါက်တောင်မှထွက်ဖြစ်သူမဟုတ်၊အတွေ့အကြုံကြပြန်တော့လည်း သာမန်သူလိုကိုယ်လို၊
ပြောမယ်ဆို စာဖတ်နာတာလေးတခုပဲ ပြောစရာရှိတယ် (ဒါတောင်ကိုယ့်ဘာသာထင်တာ၊ကိုယ့်ထက်စာဖတ်အား
ကောင်းသူတွေ ဒီခေတ်ကြီးမှာ ပြည့်လို့)။တခါတလေတော့လည်း ကိုယ်ခံစားမိ၊တွေးတောမိတာလေးတွေကို
ဘာရယ်မဟုတ် ချရေးမိတယ်ခင်ဗျ၊ရေးမယ့်သာရေးတာ ကိုယ်ရေးတဲ့စာတွေက ကဗျာမပီ၊စာမမယ်လေးတွေ၊
ဗုံမဟုတ်၊ပတ်မဟုတ်လေးတွေ ဆိုတော့ စာပေတိုက်တွေကိုပို့ဖို့တော့ မဝံလှပေဘူး။(ပို့လည်း အပယ်ခံရမှာ
ကျိန်းသေနေတာကိုးခင်ဗျ) ဒီနောက်ပိုင်းကာလတွေမှာ ကွန်ပြူတာ၊အင်တာနက်ဆိုတာတွေနဲ့မဆိုသလောက်လေး
ရင်းနှီးမိလာတော့ အမျာဆုံးဝင်ကြည့်မိတာက မြန်မာဘလော့တွေခင်ဗျ။ပထမတော့စာဖတ်ရုံ ဖတ်တာပါပဲ၊
နောက်တော့ ကိုယ့်အမြင်လေးတွေကို ကွန်မန့်တွေမှာ ဝင်ရေးမိလာတယ်။ဟောအခုလည်း ကြရော
ဆိုင်းသံကြားရင် မနေနိုင်ပေါင် ဆိုတာလို သူများတကာရေးတာလေးတွေကိုအားကျစိတ်နဲ့ ဘလော့လေးလုပ်ဖို့ဆုံးဖြတ်
လိုက်မိတော့တယ်။ဆုံးဖြတ်မိတဲ့အတိုင်း ဒီစာစုလေးကစလို့ ရေးမိပါပြီ။နောက်ပိုင်းမှာလည်း ကိုယ်ခံစားမိတာလေးတွေ၊
အတွေးစိတ်ကူးလေးတွေကို အဆင်ပြေရင်ပြေသလို ရေးဖြစ်သွားမှာပါ။ ကြိုကြိုတင်တင်တောင်းပန်ချင်တာကတော့
ကိုယ့်အမြင်၊ကိုယ့်အတွေးတွေကိုအရိုးသားဆုံး ရေးသားသွားမှာပါ။အမှားပါရင်ခွင့်လွှတ်ပေးကြပါ။
လိုအပ်ချက်တွေကိုလည်းအသစ်ကလေးမို့ပစ်မပြေးပဲ ပြုပြင်ပေးကြပါလို့ တောင်းပန်လိုက်ပါတယ်ခင်ဗျား.....။