Friday, March 30, 2012

အိမ်မက်သတို့သမီး (သို့) စီရမ်ရိ (၁)

လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က ကျွန်တော်ကြားသိလိုက်ရတဲ့ မြန်မာ့ရုပ်မြင်သံကြားကသတင်းတစ်ခုဟာ နှစ်ပေါင်း
များစွာကြာအောင် ကျွန်တော့်စိတ်ထဲမှာစွဲနေခဲ့ပြီး အိမ်မက်တစ်ခုအဖြစ်သန္ဓေတည်ရှိနေခဲ့ဖူးပါတယ်။အဲဒီ
သတင်းက အရေးကြီးတဲ့ နိုင်ငံရေးသတင်းလည်းမဟုတ်ပါဘူး။စီးပွားရေးသတင်းလည်းမဟုတ်ခဲ့ပါ။ထိုစဉ်
နိုင်ငံအကြီးအကဲတစ်ခုရဲ့ ပြည်ပခရီးစဉ်တစ်ခုမှာ စာချုပ်တစ်ခု ချုပ်ဆိုခဲ့တဲ့သတင်းပါပဲ။အဲဒီစာချုပ်ကတော့
မြန်မာနိုင်ငံက ပုဂံမြို့နဲ့ ကမ္ဘောဒီးယားနိုင်ငံက စီရမ်ရိမြို့တို့ကို မြို့ညီအစ်မ အဖြစ်ချုပ်ဆိုခဲ့တဲ့စာချုပ်ပါ။

ပြောရရင် အဲဒီအချိန်ကမှ စီရမ်ရိ ဆိုတဲ့နာမည်ကိုကျွန်တော်စကြားဖူးတာပါ...။ဒါပေမယ့် ကျွန်တော်တို့
အသဲနှလုံးဖြစ်တဲ့ ပုဂံမြို့နဲ့ ညီအစ်မတော်ခဲ့တယ်ဆိုတဲ့ မြို့တစ်မြို့ကို ကျွန်တော်အရမ်းစိတ်ဝင်စားသွားပါ
တယ်။အဲဒီမြို့လေးကိုလည်းအရမ်းရောက်ဖူးချင်သွားပါတယ်...။၁၀နှစ်ခန့်ကြာအောင် ကျွန်တော့်စိတ်ကူး
ထဲမှာကိန်းအောင်းလာခဲ့တဲ့ အဲဒီအိမ်မက်လေးကို ဒီနှစ်ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကျွန်တော်အကောင်
အထည်ဖော်နိုင်ခဲ့ပါပြီ...။တနည်းဆိုရရင် ကျွန်တော့်အိမ်မက်ထဲက သတို့သမီးလေးနဲ့ နဖူးတွေ့ဒူးတွေ့
တွေ့ကြရပြီဆိုပါတော့ဗျာ...၊အင်း...သတို့သမီးက သိပ်တော့မငယ်တော့ဘူးဗျ....။သူ့အသက်က နှစ် ၉၀၀
လောက်တော့ရှိပြီခင်ဗျ.....:)))))။ဆိုတော့....ကျွန်တော့် အိမ်မက်သတို့သမီးလေးအကြောင်းပြောပြမယ်
ဗျာ.....နော်.....။


 ကျွန်တော်လိုက်ပါလာတဲ့ ဂျက်စတားလေယာဉ်ပျံလေးက စီရမ်ရိလေဆိပ်ကိုဆင်းသက်လာချိန်မှာ ဒေသစံ
တော်ချိန်သုံးနာရီခန့်ရှိပြီဖြစ်သည်..။စီရမ်ရိလေဆိပ်လေးက သေးငယ်ပေမယ့်သပ်သပ်ရပ်ရပ်တော့ရှိသည်။
လေဆိပ်အဝင်ဝတွင် တာဝန်ရှိသူတစ်ဦးမှဗီဇာလုပ်ပြီးပြီလားဟုတစ်ယောက်ချင်းဆီ မေးသည်။အတော်များ
များက မလုပ်ကြရသေး...၊စီရမ်ရိတွင် ဆိုက်ရောက်ဗီဇာအလွယ်တကူရနိုင်သည်ကိုသိထားကြသူများသည်။
အမှန်လည်း အင်မတန်လွယ်ကူလျှင်မြန်လှသည်။စားပွဲရှည်တစ်ခုတွင် ဗီဇာလျှောက်ရန် ပုံစံစာရွက်များတင်
ထားသည်။ယူပြီး ဖြည့်ရုံပင်...၊ထိုနောက် ကောင်တာတွင် ဗီဇာကြေးဒေါ်လာ၂၀နှင့်မိမိပတ်စပို့စာအုပ်၊ဖြည့်
ထားသည့် ပုံစံစာရွက်တို့ကို ပေးလိုက်ရုံပင်...၊ငါးမိနစ်ပင်မကြာ ၂လနေထိုင်နိုင်သည့်  ဗီဇာထုတ်ပေးလိုက်
သည်...။

လေဆိပ်မှအပြင်ကိုထွက်လိုက်တော့ အနည်းငယ်ပြင်းပြသောအပူရှိန်နှင့်အတူခင်မင်ရသောညီငယ်ကိုထွဋ်
တို့စုံတွဲမှ အပြုံးကိုယ်စီနှင့်ဆီးကြိုလျက်ရှိသည်။လေဆိပ်နှင့် မြို့မှာအလှမ်းမကွာလှပါ၁၀မိနစ်ခန့်သာကား
စီးရသည်...။စီရမ်ရိမြို့တွင်းသို့ဝင်ဝင်ချင်းခံစားလိုက်ရသည်က မြို့လေးနှင့်ကျွန်တော် စိမ်းမနေခြင်းပင်..။
မှန်သည်....၊တစ်ခါတစ်ရံ၌ ကိုယ့်နိုင်ငံတွင်းရှိတစ်ချို့မြို့များသည်ပင် မိမိနှင့် နဲနဲစိမ်းသလို ခံစားချက်မျိုးကို
ခံစားမိကြပါလိမ့်မည်...။စီရမ်ရိမြို့လေးကတော့ ဒီလိုမဟုတ်...၊ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုခဲ့ပါသည်..။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ရေမြေ၊အနေအထားနှင့်မဖွံဖြိုးလှသေးသည့်အခြေအနေကအမိမြန်မာပြည်နှင့်ဆင်တူ
နေသည့်အတွက်ကြောင့်လည်း ဖြစ်ပေလိမ့်မည်.....။
 
စကားစပ်မိလို့ပြောရဦးမည်...။လေယာဉ်ပေါ်တွင် ဘေးခြင်းကပ်လျက်မှ စင်္ကာပူနိုင်ငံသားအန်ကယ်တစ်ဦး
နှင့် စကားစမြည်ပြောဖြစ်တော့ သူက ကျွန်တော်မြန်မာမှန်းသိသွားတဲ့အခါမှာ တအံတသြနှင့် မင်းတို့နိုင်ငံ
နဲ့ ကမ္ဘောဒီးယားနဲ့က အနေအထားခြင်းတူတူပဲမဟုတ်လား....၊ဘာလို့အလည်လာနေသေးသလဲ လို့
ကျွန်တော့်ကို မေးခွန်းထုတ်လေတော့သည်။သူ့မေးခွန်းနှင့် သူ၏တအံတသြပုံကိုကြည့်ပြီး ကျွန်တော်ပြုံးမိ
သည်။ဘယ်နှယ် ကိုယ့်နိုင်ငံနှင့် တူနေဦးတော့ အလည်မလာသင့်တော့ဘူးတဲ့လားဗျာ....နော့....။သို့သော်
သူမေးသည့်မေးခွန်းကိုတော့ ဒီမှာ ကျွန်တော့်သူငယ်ချင်းတွေရှိလို့ လာတာဟုပဲ ဖြေလိုက်တော့သည်..။

ကျွန်တော်တည်းခိုသည့်ဟိုတယ်နာမည်က Royal Empire Hotel ဟုခေါ်သည်။နေရှင်နယ်လမ်းမကြီးပေါ်
မှာပင်ရှိပါသည်.....။ပထမထပ်ရှိကျွန်တော့်အခန်းဝရန်တာမှကြည့်လိုက်လျှင်သစ်ပင်ပန်းမန်လေးများခြံရံ
လျက်ရှိသည့် ရေကူးကန်လေးကို ကြည်နူးဖွယ်မြင်တွေ့နေရသည်....။ရေကူးချင်စိတ်ပေါက်လာသဖြင့် အဝတ်အစားလဲပြီး ရေဆင်းကူးနေလိုက်သည်...။





ညနေစောင်းတော့ မျှစ်(ကိုထွဋ်)နှင့်အတူ  စီရမ်ရိမှဘလော့ဂါတစ်ဦးဖြစ်သူ အစ်မအိမ်သူတို့အိမ်ဘက်ထွက်
လာခဲ့ကြသည်....။အစ်မအိမ်သူတို့အိမ်ရောက်တော့ မှောင်နေပြီဖြစ်သည်။အစ်မအိမ်သူ၊အစ်မအမျိုးသား
ကိုနေသွေး၊ဘလော့ဂါတစ်ဦးဖြစ်သူ ကို Clozet တို့မှ ကြိုဆိုလျက်ရှိနေပါသည်။ကိုClozet မှ မေးခွန်းတစ်ခု
မေးသည်....။ခမာပြည်ကိုရောက်တော့ ဘယ်လိုခံစားရသလဲဗျ.......တဲ့....။ကျွန်တော်မဆိုင်းမတွ ပြန်ဖြေခဲ့
သည်....၊မြန်မာပြည်ရောက်နေသလိုပါပဲဗျာ.......လို့...။ထိုနေ့ညက ကျွန်တော်တို့ စကားတွေအတော်ပြော
ဖြစ်ခဲ့ကြသည်။အဓိက ကတော့ ခမာပြည်နှင့် ခမာလူမျိုးများအကြောင်းပင်ဖြစ်သည်။

ညနက်ပိုင်းတွင်မတော့ ကျွန်တော်တို့အမျိုးသားလေးဦးသား ဘားကလပ်လေးတစ်ခုတွင်ထိုင်ဖြစ်ကြသည်။
ဆိုင်းအတွင်းပိုင်းတွင်တော့မဟုတ်ပါ။အပြင်ဘက် ဥယျာဉ်ခြံလေးထဲတွင်ပဲဖြစ်ပါသည်။ဘားဆိုင်ထဲအဝင်ဝ
တွင် သေနတ်မယူရ၊လက်ပစ်ဗုံးမယူရ အစရှိသော တားမြစ်ချက်များရေးထားသည့် ဆိုင်းပုဒ်လေးထောင်
ထားသည်ကိုတွေ့ရတော့ အံသြမိရသေးသည်။လုံခြုံရေးတွေမှလည်း တစ်ဦးချင်းဆီကို ရှာဖွေပြီးမှ ဆိုင်ထဲ
အဝင်ခံသည်ကိုလည်းတွေ့ရသည်။အကယ်၍ နယူးယောက်လိုမြို့မျိုးတွင် ဤကဲ့သို့မြင်ကွင်းမျိုးမြင်တွေ့
ရပါက အံသြမိမည်မဟုတ်ပါ။စီရမ်ရိလို အေးချမ်း၊ဆိတ်ငြိမ်သော မြို့သေးသေးလေးတွင် ရုန်းရင်းဆန်ခတ်
မှုများ ရှိကောင်းရှိနေနိုင်သည်ဟူသောအတွေးမျိုး ကျွန်တော့် စိတ်ထဲတွင်ဖြစ်ပေါ်မလာသောကြောင့် ယခု
လို အံသြသွားရခြင်းပင်....။ပထမတော့ အမှတ်တရအနေနှင့် ဆိုင်ထဲဝင်ကြည့်ဦးမည်ဟု စိတ်ကူးမိသေး
သော်လည်း လက်တွေ့တွင်မတော့ ဝင်မကြည့်ဖြစ်ပါချေ။


ညဘက်တွင် ညဥ့်နက်မှ အိပ်ယာဝင်ဖြစ်သော်လည်း နောက်တစ်နေ့မနက်တွင်မတော့ ကျွန်တော်စောစော
နိုးနေပါသည်။ဟိုတယ်မှမနက်စာဘူဖေးကို စိတ်ကြိုက်စားပြီးသော် ကျွန်တော်နှင့် မျှစ်တို့ နှစ်ဦးသား စီရမ်ရိ
၏ နှလုံးသည်းပွတ်မည်သော အန်ကောဝပ်ဘုရားကျောင်းနယ်မြေဆီသို့ ထွက်လာခဲ့သည်။ဝင်ကြေးအနေ
နှင့် တစ်ဦးလျှင် ဒေါ်လာ၂၀ ပေးရ၏။ထို ၂၀မှာ အန်ကောဝပ်ဘုရားကျောင်းကြီးနှင့်တစ်ကွ ပတ်ဝန်းကျင်ရှိ
အခြားဘုရားကျောင်းများအားလုံးနှင့်ပါ အကျုံးဝင်ပါသည်။ကျွန်တော်တို့ ပထမဆုံးအနေနှင့် အန်ကောဝပ်
သို့ မသွားသေးပဲ အခြားဘုရားကျောင်းများကိုအရင် ဝင်ရောက်ကြည့်ရှုရန်ဆုံးဖြတ်လိုက်ကြပါသည်။


( အန်ကောဝပ်ဘုရားကျောင်းနယ်မြေသို့ အဝင်၊လက်မှတ်ရောင်းအဆောက်အဦးပါ )

ကျွန်တော်တို့ ပထမဆုံးသွားဖြစ်သည်က အန်ကောထုံ(Angkor Thom)သို့ဖြစ်ပါသည်။Angkor Thomဆို
သည်က Great City ဟု အဓိပ္ပါယ်ရသည်ဟုဆိုသည်။ထိုအန်ကောထုံသည် ခမာအင်ပါယာကြီး၏ မြို့တော်
ပင်ဖြစ်သည်။သို့သော် ကျွန်တော်တို့သွားရောက်ကြည့်ရှုသည့်အန်ကောထုံကတော့ မြို့တော်၏ဝင်ပေါက်
သာဖြစ်ပါသည်။မြို့တော်သို့ ဝင်ပေါက် တံခါးပေါက် ငါးခုရှိသည့်အနက် တောင်ဘက်တံခါးပေါက်ဖြစ်သည်။

ခမာအင်ပါယာနှင့် မြို့တော်အန်ကောထုံ၊အန်ကောဝပ်ဘုရားကျောင်းတို့ကို ဘုရင် Jayavarmam VII (1125-1200) မှ၁၂ရာစုအကုန် ၁၃ရာစုအစပိုင်းကာလများဆီမှ တည်ထောင်ခဲ့သည်။ဘုရင် ဂျာရာဘာမန်
သည် မဟာယာနဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။သို့သော် ခမာပြည်တွင် နှစ်ပေါင်းများစွာကပင် ဟိန္ဒူ
ဘာသာလွှမ်းမိုးခဲ့သောကြောင့် အန်ကောဝပ်အတွင်း ဟိန္ဒူဘာသာနှင့်ပက်သက်သည့်ရုပ်တုများကိုလည်း
တွေ့ခဲ့ရသည်။ဘုရင်သည် မဟာယာနဝင်ဖြစ်သည့်အလျောက် သူ့ကိုယ်သူ ဗောဓိသတ္တဟု ခံယူထားသည်
ဟုဆိုပါသည်။သူတည်ဆောက်ခဲ့သမျှ ဘုရာကျောင်း၊အဆောက်အဦးများတွင် သူ့မျက်နှာပုံနှင့် တန်ဆာ
ဆင်ထားသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။


မြို့စောင့်နဂါးနဲ့ မြို့တောင်ဘက်ဂိတ်ပါ


ဒီပုံက မြို့ရိုးပေါ်ကနေ မြို့အဝင်လမ်းကို ရိုက်ထားတာပါ....။ကျုံး၊ကျုံးကူးတံတားနှင့် တံတားပေါ်က နဂါးပါ။


အဆိုပါတောင်ဘက် ဂိတ်ပေါက်ကနေ ကျွန်တော်တို့  အန်ကောဝပ်ရဲ့ ယဉ်ကျေးမှုအနုလက်ရာများကြွယ်ဝ
လှတဲ့ ဘိုင်ရွန်( Bayon ) ဘုရာကျောင်းဘက်ဆက်ခဲ့ကြပါတယ်...။

 Bayon ဘုရာကျောင်းပါ။မဟာယာနဗုဒ္ဓဘာသာဘုရားကျောင်းပေမယ့်၊ဒီဘုရားကျောင်းကို ပြန်လည်ပြုပြင်
ခဲ့ကြတဲ့ နှောင်းပိုင်း မင်းတွေက တစ်ချို့ကဟိန္ဒူဘာသာကိုးကွယ်သူတွေဖြစ်သလို၊တစ်ချို့ကထေရဝါဒကိုး
ကွယ်သူတွေလည်းပါလို့ သက်ဆိုင်ရာဘာသာရေးအယူအဆတွေနဲ့ပက်သက်နေတဲ့ ရုပ်တု၊ရုပ်ပုံတွေ ရော
ယှက်နေတာကိုလည်းတွေ့ရပါတယ်...။



အခုလို မျှော်စင်(Tower)ပေါင်း၃၄ခုလောက် ဒီဘုရားကျောင်းမှာပါဝင်ပြီး ဘုရင်ရဲ့မျက်နှာရုပ်ပုံပေါင်း ၂၁၆ခု
ထုဆစ်ထားတယ်လို့သိရပါတယ်။ခမာအင်ပါယာအတွင်းက ဘုရားကျောင်းအားလုံးလိုလိုကိုလေးထောင့်
စပ်စပ်ကျောက်တုံးများ၊ဂဝံကျောက်တုံးများနှင့်တည်ဆောက်ထားပြီး တစ်တုံးနှင့်တစ်တုံးကို မည်သည့်
ဘိလပ်မြေ(သို့)ဘိလပ်မြေကဲ့သို့သောအရာတစ်စုံတစ်ရာနှင့်မျှ တွဲစပ်ထားခြင်းမရှိပါဘူး။ကျောက်တုံးတစ်
တုံးနှင့်တစ်တုံးကို စနစ်တကျစီထပ်ထားခြင်းဖြင့်လည်းကောင်း၊တစ်ချို့နေရာတွေမှာတော့ တစ်တုံးနှင့်တစ်
တုံးလွဲထပ်၍လည်းကောင်း အဆင့်ဆင့်စီထားတာကိုတွေ့ရပါတယ်။ခမာတွေကတော့ သူတို့ရဲ့ ရှေးခေတ်
 နည်းပညာထဲမှာ ယနေ့ခေတ်လူတွေမသိနိုင်တော့တဲ့ Magic တစ်ခုခုပါဝင်နေတယ်လို့ ယုံကြည်ယူဆကြ
ပါတယ်...။(ခက်တာက သူတို့ကိုယ်တိုင်လည်း အဲဒီ Magic ကဘာဆိုတာသိဘူးဗျ...:)))

ကျောက်တုံးမှာမြင်တွေ့ရတဲ့အပေါက်တွေက အဆိုပါကျောက်တုံးတွေကို ဘုရားကျောင်းတည်ဆောက်ရာ
နေရာကို ကြိုးအစရှိတာတွေလျိုပြီး ဆွဲဖို့ ဖောက်ထားတာတွေလို့လည်းပြောကြပါတယ်...။တချို့အပေါက်
တွေက တိုးလျိုပေါက်တွေပေမယ့် အများစုကတော့ အပေါက်ရာသာသာလေးတွေပါပဲ...။တချို့ကတော့
ရတနာပစ္စည်းတွေထာပနာထားတာဖြစ်နိုင်တယ်လို့လည်းယူဆကြပါတယ်...။အန်ကောဝပ်ဘုရားကျောင်း
တည်ဆောက်ပုံ သရုပ်ဖော်ရုပ်ရှင်ကားတစ်ခုမှာတော့ အဆိုပါအပေါက်တွေက ကျောက်တုံးတွေကိုဆွဲယူဖို့
ဖောက်ထားတာဖြစ်တယ်လို့ဆိုပါတယ်...။ကျောက်တုံးတစ်တုံးကို တန်ဝက်ကနေ ၁တန်လောက်ထိ 
အနည်းဆုံးလေးနိုင်ပါတယ်။ဒီလောက်လေးတဲ့ကျောက်တုံးတွေကို ဘယ်လိုနည်းပညာတွေသုံးပြီး ပေပေါင်း
များစွာမြင့်အောင် ထပ်စီခဲ့ကြသလဲဆိုတာကတော့ အတော်စိတ်ဝင်စားစရာကောင်းတာအမှန်ပါပဲဗျာ။



 မျက်နှာပုံကိုအနီးကပ်ဆွဲရိုက်ထားတာပါ။ကျောက်တုံးတွေကို တစ်တုံးနဲ့တစ်တုံး ချုပ်ပြီးထပ်ထားတာကို
တွေ့မြင်ရမှာပါ။

ဟိန္ဒူဘာသာအထိမ်းအမှတ်တစ်ခုပါ၊ရှီဗာလား၊ဗိဿနိုးလား...အဲ့ဘုရားရဲ့.......:))))




ဒီပုံတွေက တော့ ဘုရားကျောင်းနံရံကျောက်သားမျက်နှာပြင်ပေါ်မှာထုလုပ်ထားတဲ့ အနုလက်ရာမြောက်
ရုပ်ပုံတွေပါခင်ဗျာ..။


မြန်မာသက္ကရာဇ် ၁၂-- ၊တပေါင်းလဆန်းမှာ ရောက်သည်တဲ့ခင်ဗျ၊ယခုနှစ်က၁၃၇၄ ဆိုတော့ အနဲဆုံး နှစ်၇၀
တော့ကျော်ပါပြီ။အဲဒီအချိန်ကာလက မြန်မာတွေဘယ်လို၊ဘာကြောင့်ရောက်ခဲ့တယ်၊ဘယ်လမ်းကြောင်းက
နေရောက်လာတယ်ဆိုတာ စိတ်ဝင်စားစရာတော့ကောင်းသားဗျနော်...။နောက်တွေးမိတာတစ်ခုက လွန်ခဲ့
တဲ့နှစ်၇၀လောက်က သူတို့ အန်ကောဝပ်ကို ဘယ်လိုပုံစံနဲ့များတွေ့ခဲ့ပါလိမ့်နော်....။ဖြစ်နိုင်တာတစ်ခုက
ပြင်သစ်ဘာသာရေး၊စီးပွားရေး၊နိုင်ငံရေးသမားတွေကိုအမှီပြုပြီးရောက်ရှိလာတာများလားလို့တွေးနေမိပါ
တယ်...။



ဒီကျောက်စာတိုင်ပေါ်မှာရေးခဲ့တာပါ။ဒီလိုမျိုးမြန်မာစာတွေကို အန်ကောဝပ်ဘုရားကျောင်းမှလည်းတွေ့ခဲ့
ပါတယ်။ကျွန်တော့်ကိုလိုက်ပို့ပြီး အခမဲ့ဂိုက်လုပ်ပေးတဲ့ မျှစ် တောင်အရင်ကတွေ့မိဘူးတဲ့......:)။


ဘိုင်ရွန်ဘုရားကျောင်းမှတစ်ဆင့်သူ့ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ ဘက်ဖွန်( Baphuon) ဘုရားကျောင်း
ရှိရာသို့ ကျွန်တော်တို့ ခရီးဆက်ခဲ့ပါတယ်...။Baphuon ကို ဘုရင် Udayadityavarman II  က ၁၁ရာစုနှစ်
လယ်လောက်မှာ ဟိန္ဒူဘုရားရှီဗာကိုရည်စူးလို့ တည်ခဲ့တယ်လို့ ဆိုပါတယ်ခင်ဗျ။ဘုရားကျောင်းအမြင့်က
မျှော်စင်များမပါ ၃၄မီတာမြင့်ပြီး၊မျှော်စင်ပါဆိုရင်တော့ မီတာ၅၀ထိမြင့်ခဲ့တယ်လို့ဆိုပါတယ်။ဟိန္ဒူဘုရား
ကျောင်းဖြစ်ပေမယ့် ၁၅ရာစုလောက်မှာတော့ ဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ်အသွင်ပြောင်းသွားခဲ့ရပါ
တယ်။၂၀ရာစုနှစ်များမှာတော့ ဘုရားကျောင်းဟာ ကြီးကြီးမားမားပြိုပျက်နေခဲ့တဲ့အတွက်  ပြင်သစ်နိုင်ငံမှ
 ပြန်လည်ပြုပြင်ပေးခဲ့ရပြီး ၂၀၁၁ခုနှစ်ကမှ ဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်။



Baphuon ဘုရားကျောင်း


ဒီပုံကတော့ ဘက်ဖွန်ဘုရားကျောင်းအပေါ်ကနေ ဘုရာကျောင်းအဝင် မုဒ်ဦးနဲ့ အဝင်စင်္ကြန်လမ်းကို
ရိုက်ထားတဲ့ပုံပါ။မြင်တွေ့ရတဲ့ အမိုးခုံးတွေကလည်းကျောက်သားချပ်တွေကို ထပ်ပြီးထားတာဖြစ်ပါတယ်။


ဒီပုံကတော့ ၁၁ရာစုက ဘက်ဖွန်ဘုရားကျောင်းရဲ့ဖြစ်နိုင်ခြေရှိတဲ့ ရေဆေးပန်ချီကားပါ

ဘက်ဖွန်ဘုရားကျောင်းမှတစ်ဆင့် ကျွန်တော်တို့နှစ်ဦးသား Elephant Terrace ဘက်ဆီသို့ ဆက်ထွက်လာ
ကြပါတယ်။ တစ်ချိန်က ၃၅၀မီတာရှည်လျားခဲ့တဲ့ ဒီစင်္ကြန်ဟာ ဘုရင် Jayavarmam VII မှ သူ့ရဲ့အောင်ပွဲခံ
တပ်တွေကို စစ်ဆေးကြည့်ရှုရာ ဗိုလ်ရှုခံစင်မြင့်တစ်ခုပါ။ယခုချိန်မှာတော့ ဒီစင်္ကြန်ရဲ့ ဖောင်ဒေးရှင်းအောက်
ခြေပိုင်းတွေကိုပဲတွေ့မြင်ရပါတော့တယ်။အပေါ်ပိုင်းတွေကတော့ ပျက်ဆီးသွားပါပြီ။








ဒီပုံတွေကတော့ ဗိုလ်ရှုခံစင်မြင့်ရဲ့အောက်ခြေမှာ ထုဆစ်ထားတဲ့ပုံတွေပါပဲ..။ဆင်ပုံတွေကိုအဓိကထားပြီး
ထုဆစ်ထားလို့ Elephant Terrace လို့ခေါ်တယ်ထင်ပါရဲ့ခင်ဗျာ။ဒီနေရာမှာ စီရမ်ရိ ဆိုတဲ့စကားရဲ့အဓိပ္ပာယ်
ကိုပြောပြချင်ပါတယ်..။ Siem ဆိုတာက ထိုင်းကိုခေါ်တာဖြစ်ပြီး Reap ကတော့ အောင်နိုင်ခြင်းလို့အဓိပ္ပာယ်
ရပါသတဲ့....။ဆိုတော့ Siem Reap ဆိုတာ ထိုင်းကိုအောင်နိုင်ခြင်းပေါ့ခင်ဗျာ။ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ
သိပ်တော့တည့်လှတယ်မဟုတ်ဘူးတဲ့ခင်ဗျ။တလောကတောင် နယ်စပ်မှာပစ်ကြခတ်ကြပါသေးတယ်...။
ခမာတွေဟာ သူတို့အင်ပါယာကြီးကောင်းစားစဉ်အခါက ထိုင်းတွေကို စစ်နိုင်ခဲ့ဖူးပါတယ်...။ယခုပုံတွေက
လည်း ထိုစစ်ပွဲကို ရည်ညွှန်းသရုပ်ဖော်ထားတာလို့သိရပါတယ်ခင်ဗျ။ထိုင်းကိုစစ်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အ
ဖြစ် တည်ဆောက်ခဲ့တယ်ဆိုပါတယ်...။


အဲဒီ Tarrace of Elephant နဲ့ကပ်လျက်မှာ Terrace of Leper King ဆိုတာလည်းရှိပါသေးတယ်။တည်
ဆောက်ခဲ့သူကလည်း ဘုရင် Jayavarman VII ပဲဖြစ်ပါတယ်။ဗိုလ်ရှုခံစင်မြင့်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျ...။






ဒါကတော့ အဲဒီစင်မြင့်တွေနဲ့မျက်နှာချင်းဆိုင်က အဆောက်အဦးငယ်တွေပါ။ဘုရင်ရဲ့ စာကြည့်တိုက်တွေ
လို့ဆိုကြသလို၊မိဖုရားအဆောင်တွေလို့လည်းပြောကြပါတယ်...။မည်သည့်အဆောက်အဦးပဲဖြစ်စေကာမူ
အတော်သေးတာတော့အမှန်ပါပဲ။



ဒါကတော့ အရိပ်ကောင်းကောင်းသစ်ပင်အောက်က  မဝင်ရဆိုင်းပုဒ်နဲ့  အဲ့ဆိုင်းပုဒ်အောက်က  လူတစ်
ယောက်ရဲ့ ဓာတ်ပုံပါ။(အမှတ်တမဲ့တော့ ဘယ်နှယ်ဒီဆိုင်းပုဒ်က သစ်ပင်အောက်ရောက်နေပါလိမ့်၊ဒီလို
ဆိုင်းပုဒ်မျိုးဆိုတာ တစ်လမ်းမောင်းလမ်းတွေရဲ့ ဆန့်ကျင်ဘက်အထွက်ပေါက်လိုနေရာမျိုးမှာပဲ ထားတတ်
တာ...၊ဘာလို့သစ်ပင်အောက်လာထားတာပါလိမ့်လို့ အတွေးခေါင်နေသေးဗျ၊နောက်မှ ကားပါကင်မထိုးရ
ဆိုတဲ့ ဆိုင်းပုဒ်ဖြစ်မယ်လို့တွေးမိပါတယ်...:)))။ဘာပဲဖြစ်ဖြစ် အမှတ်တရအနေနဲ့တင်လိုက်ပါတယ်ဗျာ...။
အဲဒီလူကိုလည်းခွင့်ပြုချက်တောင်းပါတယ်...။သူကချောတဲ့ပုံဆို တင်သာတင်ပါတဲ့...၊ဟုတ်ကဲ့....ချောတယ်
လို့ ပြောပေးလိုက်ကြပါခင်ဗျား.....:)))))


 ဒါလေးကတော့ ခမာတုတ်တုတ်လေးပါ။ထိုင်းတုတ်တုတ်နဲ့မတူပါဘူး...၊ထိုင်းကတုတ်တုတ်က တုတ်တုတ်
စစ်တယ်ဗျ။ခမာတုတ်တုတ်ကတော့ ဆိုင်ကယ်ကို နောက်တွဲတပ်ထားတာပါပဲခင်ဗျာ...။ဒါလည်းအမှတ်တရ
တင်လိုက်ပါတယ်....။

အဲဒီနောက်မှာတော့ ကျွန်တော်တို့ နေ့လည်စာစားဖို့ မြို့ထဲပြန်ခဲ့ကြပါတယ်။မြို့ထဲကTonleChaktomuk
buffet ဆိုင်မှာ စားဖြစ်ပါတယ်...၊ဘူဖေးဆိုင်ရဲ့ပုံတွေကို အစားငမ်းနေတာနဲ့ ဓာတ်ပုံရိုက်ဖို့မေ့သွားတယ်ဗျ။
ဆိုင်ရှင်က ထိုင်းအမျိုးသမီးတစ်ဦးပါ။ထမင်းစားပြီးတော့ ဘုရားကျောင်းတွေဖက်တစ်ခါပြန်ထွက်ခဲ့ကြပါ
တယ်ခင်ဗျား.....။

                                                                                                                                      ဆက်ရန်

Sunday, March 18, 2012

ပေါက်တတ်ကရ တနင်္ဂနွေ

ဒီနေ့ကတနင်္ဂနွေဆိုတော့မနေ့ကစနေနေ့ပေါ့လေ.....၊ပေါက်တတ်ကရတနင်္ဂနွေဆိုပေမယ့်စနေညနေနဲ့
ပဲစလိုက်ကြရအောင်ဗျာ...။စနေနေ့ကအလုပ်ရယ်လို့မယ်မယ်ရရမရှိဘူး....။ဒီတော့တစ်နေ့လုံးရုံးမှာဖဲရိုက်
တဲ့သူကရိုက်၊ဘီဘီချတဲ့သူကချနဲ့ နေချင်သလိုနေ၊ဖြစ်ချင်သလိုဖြစ်နေကြတော့တာပဲဗျိုးးးးး။ဘောစိမရှိဘူး
လားဆိုတော့ရှိနေတာပါပဲ...။ဒါပေမယ့် ဘောစိလည်း သိပ်ဂရုစိုက်လှတာဟုတ်ဝူးဗျ...၊ဒါနဲ့ကျွန်တော်လည်း
စောစောပြန်လစ်လာတာပေါ့လေ...။ပြန်ရောက်တော့ ထုံးစံအတိုင်း ရေမချိုး၊အဝတ်အစားမလဲသေးပဲ ကွန်
ပြူတာလေးဖွင့်ဖဘပေါ်တတ်နေသေးတာကလား...။၎နာရီထိုးတော့မှမွင်းဂါးချက်စားဦးမှလို့စိတ်ကူးပေါက်
ရော...။မွင်းဂါးချက်ဖို့အတွက်က အိမ်ကပေးလိုက်တဲ့ ငါးဆီသတ်ထားပြီးသားတစ်ထုတ်နဲ့ မုန့်ဖတ်ခြောက်
ထုတ်တစ်ထုတ်ကအဆင်သင့်ရှိပြီးသား...။

မရှိတာကကြက်သွန်နီ...၊ဒီတော့ကြက်သွန်နီထွက်ဝယ်ရော....။ဝေးဝေးလံလံတော့မဟုတ်ပါဘူး၊အိမ်အောက်
ထပ်တင်ပါ...။အဲဒီလိုကြက်သွန်နီသွားဝယ်တော့လမ်းမယ်အိမ်နီးနားချင်း၊သူငယ်ချင်း၂ယောက်နဲ့တွေ့ရော၊
တွေ့တော့ စလုံးမှာရုံတင်နေတဲ့ The Lady သွားကြည့်မယ်လိုက်မလားဆိုတာနဲ့မွင်းဂါးချက်မယ့်အစီအစဉ်
ကို Half time နဲ့ ရပ်ဆိုင်းပြီး ရီရွန်းက ရုပ်ရှင်ရုံကိုပါသွားပါတော့တယ်....။ရုပ်ရှင်ပြချိန်က ၆း၂၅၊ကျွန်တော်
တို့ရောက်သွားတော့ ၆း၃၅ရှိနေပြီ..။လက်မှတ်တောင်မကျန်လောက်တော့ဘူးထင်နေတာရယ်...။ကျန်နေ
သေးတယ်ဗျ...။ဒါပေမယ့်တတိယတန်းပဲရတော့မယ်တဲ့...၊ပိတ်ကားနဲ့အရမ်းကပ်နေပေမယ့်ကိုးနာရီကားကို
မစောင့်နိုင်တော့ဘူးလေ...၊ဒါနဲ့ရရာပဲပေးဆိုပြီးလက်မှတ်ဖြတ်၊အပေါ်ထပ်ကိုအပြေးတက်၊ရုံထဲကပြာကယာ
ဝင်ရသပေါ့လေ...။

အထဲရောက်တော့ ဇာတ်လမ်းကပြနေပြီ...၊ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့အခန်းတွေဘာတွေ ရှေ့ပိုင်းမှပြတယ်
လို့ပြောကြပေမယ့် ကျွန်တော်တို့ကတော့မမှီတော့ပါ။လူတစ်ရာသာသာဆန့်တဲ့ရုံထဲ ဝေ့ကြည့်လိုက်တော့
အများစုကမြန်မာတွေခင်ဗျ။ကျွန်တော်တို့ကိုတတိယတန်းကပဲကျန်တော့တယ်ပြောပေမယ့် နောက်ဘက်
တန်းမှာ နေရာလွတ်တချို့ကို တွေ့ရပါတယ်။ကြည့်ရတာတော့ ဘွတ်ကင်လုပ်ပြီး မလာဖြစ်တော့တာထင်
ရဲ့.....။ဇာတ်လမ်းကတော့ အားလုံးသိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဇာတ်လမ်းပါပဲ....။ကျွန်တော့်
အမြင်ပြောရရင်တော့ ဒေါ်စုအကြောင်း၊မြန်မာပြည်အကြောင်း ထက် ဒေါ်စုနဲ့ မိုက်ကယ်အဲရစ်တို့ရဲ့ အခက်အခဲများကြားက ဆွတ်ပျံလွမ်းမောဖွယ် သံယောဇဉ်အချစ်ဇာတ်လမ်းလေးလို့ပဲမြင်ပါတယ်.....။

ဗီလိန်ကတော့ ဟုတ်ကဲ့........သိတော်မူကြတဲ့အတိုင်းပါပဲဗျာ....:)။အပြင်အပနဲ့ကွာခြားတဲ့ ဗေဒင်မေးခန်း
တွေ၊ဗိုလ်ချုပ်ကြီးက ကိုယ်တိုင်ပစ်သတ်ခန်းတွေ၊၁၉၈၈ဝန်းကျင်က ရွှေတိဂုံဘုရားစောင်းတန်းတွေက ခု
ခေတ်ပုံစံ၊ရွှေရောင်တစ်ပြောင်ပြောင်ဖြစ်နေတာတွေကို နားလည်ပေးပြီးကြည့်လိုက်ရင်တော့ မဆိုးဘူးလို့
ပြောလို့ရပါတယ်...။ပြီး ဒါရိုက်တာပြောပြချင်တာကလည်း တိုင်းပြည်နဲ့ မိသားစု မှာ တိုင်းပြည်ကိုရွေးချယ်
ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ခံစားချက်နဲ့ အဲဒီမိန်းမကို ချစ်ခင်မြတ်နိုးစွာ၊နားလည်မှုရှိစွာ ပါရမီဖြည့်ပေးခဲ့တဲ့
ယောင်္ကျားတစ်ယောက်ရဲ့ သံယောဇဉ်အလွမ်းဇာတ် လို့ပဲ ကျွန်တော်တော့ယူဆတယ်ခင်ဗျ။

ပြောစရာရှိတာကတော့ မီရှယ်ယို ပဲခင်ဗျ....။သူ့ရဲ့ဟန်ပန်တွေက တစ်ကယ့်ကို ဒေါ်အောင်ဆန်းစုကြည်ပါ
ပဲဗျာ....။သရုပ်ဆောင်သွားတာကလည်းပြောစရာမရှိအောင်ကို ဖမ်းစားသွားနိုင်ပါတယ်...။စကားသံလေး
ဝဲနေတာကတော့ ထားလိုက်ပေါ့ဗျာ......နော့....:))။ ပြောရရင်တော့ တစ်ချို့တွေပြောသလို ဆိုးဆိုးရွားရွား
ညံ့ဖျင်းလှတယ်လို့တော့ မထင်မိပါဘူး။သမိုင်းဖြစ်ရပ်မှန်မှတ်တမ်းတင်ဇာတ်လမ်းတစ်ပုဒ်၊လူတစ်ယောက်
ရဲ့အထုပ္ပတ္တိကို အစအဆုံးရိုက်ပြထားတဲ့ဇာတ်လမ်းတစ်ပုဒ်မှ မဟုတ်ပဲလေဗျာ....နော့...။


ဆိုတော့ ၂နာရီ၁၅မိနစ်တိတိကြာတဲ့ အဲဒီဇာတ်လမ်းအပြီးမှာတော့ ညကိုးနာရီထိုးလုပြီခင်ဗျ။ကိုးခွဲလောက်
ပြန်ရောက်၊အဲဒီအချိန်ကျမှ ဟပ်တိုင်းပေးထားတဲ့ မွင်းဂါးကို ဆက်ချက်ရပေတော့တယ်...။ကျက်တော့ ဆာ
ဆာနဲ့ တစ်ဝတစ်ပြဲစားလိုက်တာ...ဗိုက်ကားပြီးအိပ်ချင်သွားရော...။ဒီတော့စောစောအိပ်ပလိုက်သပေါ့ဗျာ။
တနင်္ဂနွေမနက်စောစောထပြီး မွင်းဂါးလေးစားကော်ဖီလေးတစ်ခွက်နဲ့ဒီနေ့တော့ အေးအေးလူလူ ဘယ်မှ
မသွားပဲ ကွန်ပြူတာရှေ့ကမထတမ်းအွန်လိုင်းပေါ်ဖလန်းဖလန်းထမယ်လည်းကြံရော၊ဝိုင်ဖိုင်က ချိတ်မရ
တော့ဘူးဗျိုး...။အမျိုးမျိုးကျိုးစားပေမယ့် ဘာဖြစ်သွားမှန်းမသိပါဘူးဗျာ....၊ဝိုင်ဖိုင်မရတော့မှ လစဉ်သာပိုက်
ဆံပေးပြီး ချောင်ထိုးထားတဲ့ မိုဘိုင်းဘရော့ဘန့်လေးကိုသတိရသွားတယ်...။


ရှာတယ်....ရှာတယ်....၊ရှာပါတယ်ခင်ဗျာ...နှာခေါင်းပေါက်လောက်ကျယ်တဲ့အခန်းလေးထဲမှာ ဗြောင်းဆန်
အောင်ရှာသော်လည်း မိုဒန်းလေးကတော့ ထွက်မလာပါ။ကြည့်ရတာ မြန်မာပြည်ပြန်တုန်းက အိပ်ထဲပါလာ
ပြီး မြန်မာပြည်အပြန်မှာတော့ ကျန်ခဲ့တယ်နဲ့တူရဲ့...၊မိုဒန်းလေ ရှာမတွေ့တော့ ဖုံးနဲကချိတ်သုံးမယ်ကြံပြန်
ရော..၊အဲဒီလိုကြံမိတော့မှ ဖုံးလိုင်းအဖြတ်ခံထားရတာသွားသတိရသဗျာ....။ဒါနဲ့နောက်ဆုံးတော့ ဂျူရောင်း
အိုင်အမ်အမ်က စတားဟပ်ဆားဗစ်စင်တာပြေးရတော့တာပါပဲ....။တိုကင်နံပတ်ယူပြီးစောင့်လိုက်ရတာဗျာ
၂နာရီလောက်စောင့်ရပါတယ်...၊ဒါတောင်ကျွန်တော်ရောက်သွားချိန်က ၁၁နာရီခွဲသာသာမို့ပါ။ညနေပိုင်း
ဆိုပိုကြာပါတယ်....။

ကိုယ့်အလှည့်ရောက်တော့ ဆိုင်ရာကောင်တာသွား ပါမစ်ကဒ်လေးပြအကျိုးအကြောင်းပြောပြလိုက်တော့
ပြီးခဲ့တဲ့လက အကြွေး ၁၈ကျပ်ကျန်နေလို့တဲ့ဗျာ...။ဒါနဲ့ အကြွေးရှင်း၊ပြီးတော့ မိုဘိုင်းဘရော့ဘန့်ကိုလည်း
တစ်လက်စတည်းသက်တမ်းတိုးရပါတယ်...။အဲ့မိုဘိုင်းဘရော့ဘန့်လေးက 2 Mbps ထဲပါ။လစဉ်ကြေးက
လည်း ၁၈ကျပ်ထဲပေးရပါတယ်...။ခုတော့ 7.2 Mbps ယူလိုက်ပါတယ်။လစဉ်ကြေးကလည်း ၃၄ကျပ်ဖြစ်
သွားပါတယ်...။ဒါတောင် ငါးဆယ်ရာနှုန်းလျော့ဈေးနဲ့ပါ။ပုံမှန်က ၆၈ကျပ်တဲ့ဗျာ....။မိုဒန်းလေးက အရင်လို
လက်တစ်လုံးသာသာလေးမဟုတ်တော့ဘူးဗျ။ကွန်ပြူတာမောက်စ်အသေးစားပုံစံလေး၊ပြီးတော့ အရင်လို
ကွန်ပြူတာမှာ တန်းထိုးလိုက်ရတာမျိုးမဟုတ်တော့ပဲ ယူအက်စ်ဘီကြိုးနဲ့ဆိုတော့ ပိုအဆင်ပြေသပေါ့လေ။
ပြီး သူက ဝါယာလက်စ် လည်းသုံးလို့ရသဗျာ....။

ဒီလိုနဲ့ ပစ္စည်းအသစ်လေးကို သဘောအကျကြီးကျပြီး ကော့ပက်ကော့ပက်နဲ့ ဂျူရောင်းအိုင်အမ်အမ်ကနေ
ဖရီးဖောလွန်းပျံကားစီးပြီး ဘူတာရုံကိုပြန်လာခဲ့ပါတယ်...။ကားပေါ်မှာ အဲဒီမိုဒမ်းလေးကိုသေချာထုတ်ကြည့်
မိတော့မှ.....လား...လား.....အရေးကြီးတဲ့ ဆင်းကဒ်မှ ပါမလာဘူး အရပ်ကတို့ရေ...။မပါဆို ကျွန်တော်က
သက်တမ်းတိုးတာဆိုတော့ သူကလည်းဘယ်ထည့်ပေးမလဲလေ..။ကျွန်တော်ကလည်း ပျောက်သွားပါတယ်
လို့ပြောဖို့မေ့နေတာကိုး...။ဒါနဲ့စီးလာတဲ့ လွန်းပျံဘတ်စ်နဲ့ပဲ ပြန်လိုက်သွားရပါတယ်...။ကားပေါ်မှာစဉ်း
စားမိသေးတယ်...၊ဒါကို ဟိုကြောင်လတ်တို့၊ဒိုးကန်တို့သိလို့ကတော့ ညိမ်းနိုင်တို့များ ဖရီးများရရင် နှစ်
ခေါက်စီးတယ်လို့ ကဲ့ရဲ့ပြစ်ဆို၊စကားတင်းဆိုကြဦးမှာရယ်.....လို့ပါ....:))။

ဒါနဲ့ဟိုရောက်၊အကျိုးအကြောင်းပြောပြတော့ တိုကင်စာရွက်လေးထုတ်ပေးရောဗျိုး..။ဒါနဲ့ ကျွန်တော်လည်း
ဘာ........ငါနောက်တစ်ခေါက်တန်းစီရဦးမှာလား...။ငါမနက်က ၂နာရီကြာအောင်စောင့်ခဲ့ရပြီးပြီဟ...လို့
ပြောရတော့တာပေါ့...။ကောင်မလေးက ဒီတစ်ခါက မြန်ပါတယ်...၊မကြာပါဘူး...တဲ့ဗျာ...။ဟုတ်တော့ဟုတ်
ပါတယ်...သူတို့ တိုကင်နံပတ်ပေးပုံက ခွဲခြားထာတာကိုးဗျ...။၁၀မိနစ်သာသာပဲစောင့်လိုက်ရပါတယ်....။
ကျွန်တော့်အလှည့်ရောက်လာပါတယ်....။တစ်ခါအကျိုးအကြောင်းပြောပြ၊ပါမစ်ကဒ်လေးထုတ်ပြလိုက်တော့
ဆင်းကဒ်တစ်ကဒ်အလကား(ဟုတ်ကဲ့အလကားပါ....:))ထုတ်ပေးလိုက်ပါတော့တယ်ခင်ဗျား....။


ဒီလိုနဲ့ မနက်၁၀နာရီလောက်ကတည်းကထွက်သွားလိုက်တာ ညနေလေးနာရီမှပဲပြန်ရောက်ပါတော့တယ်။
ပြန်ရောက်ရောက်ခြင်း ဟောင်းလောင်းဖြစ်နေဗိုက်ကို အရင်ဖြည့်ရပါသေးတယ်။ပြီးတာနဲ့ ကွန်ပြူတာလေး
ဖွင့်ပြီး မိုဒမ်းအသစ်လေးကို စမ်းသုံးကြည့်လိုက်တော့.......လိုင်းက သေချင်လောက်အောင်ကို နှေးလိုက်
တာဗျာ....၊အရင်က  2Mbps ကမှ သူ့ထက်မြန်ပါလိမ်ဦးမယ်..။ခုဟာက မြန်မာပြည်မှာသုံးရတာလောက်
ကိုနှေးနေတာဗျိုး...။တော်တော်ကိုစိတ်ကုန်သွားပါတယ်...။ပိုပြီးစိတ်ကုန်စရာတစ်ခုက ၁နာရီအတွင်းပြန်
ပွင့်ပါ့မယ်ပြောတဲ့ ဖုံးလိုင်းက ခုထိမပွင့်သေးတာပါပဲ...။ဒါနဲ့ ဖုံးနောက်တစ်လုံးနဲ့ စတားဟပ်ကို ခေါ်ပြီး
ကွန်ပလိန်းတတ်ရပါတော့တယ်...။အကျိုးအကြောင်းတစ်ခါထပ်ပြောပြရပါတယ်..။အိုင်စီနံပတ်ကိုရွတ်ပြ
ရပါသေးတယ်....။ဟုတ်ကဲ့ အဖြေကတော့ ဆားဗစ်ဌာနကလူတွေ ဒီနေ့အလုပ်ပိတ်ရက်မို့ဘာမှမတတ်
နိုင်ပါတဲ့...၊နက်ဖြန်မနက်၈နာရီမှ ဖုံးဆက်ပြီးအကျိုးအကြောင်းပြောပြလိုက်ပါတဲ့..၊သူမဘာမှမကူညီနိုင်တဲ့
အတွက် အရမ်းအရမ်းကိုဝမ်းနဲရပါတယ်တဲ့ ဗျာတို့ရယ်....။


ဒီလိုနဲ့ပဲ ဒီနေညမှာတော့ ကျွန်တော်ညိမ်းနိုင်တစ်ယောက် ခန္တီစ သည်းခံခြင်းဟူသည်မင်္ဂလာတစ်ပါးဖြစ်
ကြောင်းကိုကောင်းစွာနှလုံးသွင်းရင်း၊ရွှေလောက်နီးနီးတန်ဖိုးရှိလှသော တနင်္ဂနွေတစ်ရက်အားအသားလွတ်
ကုန်ဆုံးစေလိုက်ရရင်းဖြင့် ယခုကဲ့သို့ပေါက်ကရလေးဆယ်နိုင်လှသော ပို့စ်တစ်ပုဒ်အားရေးသားလိုက်ရပါ
တော့သည်ခင်ဗျား...........။

Friday, March 9, 2012

ဒုတိယခြေလှမ်း

မန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ဒုတိယမြောက်ခြေလှမ်းပါခင်ဗျာ.....၊လောလောဆယ် အလုပ်တွေရှုပ်နေတာကြောင့် ဒီအလှူနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ပို့စ်မရေးလိုက်နိုင်ခဲ့ပါဘူး...၊ကိုရင်တင်ထားတာကိုပဲကော်ပီလိုက်ရပါတယ်ခင်ဗျား.....:)))) 
 အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။ အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး

၁။ငွေသားအလှူ

၂။ဆေး၊ ဆန်အလှူ

၃။အ၀တ်အထည်

၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ပါဝင်အားဖြည့် လှူဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။


နေ့စဉ် လူနေမှုဘဝ

ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဖူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း

ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

နာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။

ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ

အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။  ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။


ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။ အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈


၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉


ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်

ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com

ထိုင်းနိုင်ငံမှ အကျိုးတော်ဆောင်


မခရစ္စတယ်
Tel: +668 5113 7722) 
gmail: blissofus@gmail.com


မလေးရှားနိုင်ငံ အကျိုးတော်ဆောင်

၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁

၃။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၎။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957



ဂျပန်နိုင်ငံ အကျိုးတော်ဆောင်

နေဝသန်@ ရန်နိုင်
nay.naywathan@gmail.com
+81 80 3852 5214

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

လှုရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)

Sunday, March 4, 2012

ငါးထောင်တန် ဆူးလှည်း



ငါးထောင်တန်ဖုံးအပေါ် ဘလော့ဂါတို့အမြင်....တဲ့...၊မဒိုးကန် နဲ့ အန်တီတင့်တို့ တဂ်တဲ့ပို့စ်လေးပါ...။
အန်တီတင့်ဆီသွားဖတ်တော့ တီတင့်ကလာဖတ်သမျှဘလော့ဂါတွေကိုတဂ်ပါတယ်....တိတ်တိတ်လေးပြန်
မယ်မထင်ပါဘူးဆိုပြီး...တဂ်တော့အသာတိတ်တိတ်လေးပြန်မလို့ဟာမပြန်ဝံတော့ဘူး....:)၊တစ်ခါမဒိုးကန်
ကလည်း တဂ်တော့ မရေးဘူးလို့နေပေမယ့် ရေးလိုက်ရပါတယ်ခင်ဗျ...၊

ဆိုတော့ ငါးထောင်တန်ဖုံးဆိုတာဘာလဲဆိုတာက စလိုက်ကြရအောင်ဗျာ....နော့....။ကျွန်တော်တို့သုံးနှုန်း
နေတဲ့ ငါးထောင်တန်ဖုံးဆိုတာက ဖုံးအခွံကိုပြောတာမဟုတ်ပဲ ဖုံးဆက်ဖို့ လိုအပ်တဲ့ SIMcard(Subscriber
 Identity Module)ကိုဆိုလိုတယ်ဆိုတာလူတိုင်းသိကြပါတယ်...။ဒီတော့ ပြောစရာရှိလာတယ်...၊ဖုံးအခွံကို
ငွေကြေးပေးဝယ်ရတာကတော့ထားပါတော့...၊ဒီဆင်းကဒ်ကို ပိုက်ဆံပေးဝယ်စရာလိုသလား...။တခြားနိုင်ငံ
တွေမှာရောဝယ်ရသလားလို့ ဖေ့ဘွတ်ကနေ လိုက်စပ်စုကြည့်တော့....ဟုတ်ကဲ့ အမေကြီးကား၊ဘိလပ်လို
နိုင်ငံတွေကအစ..၊ဂျပန်၊ကိုရီးယား တို့အလယ်....စင်္ကာပူ၊အိန္ဒိယ၊ထိုင်ဝမ်အဆုံး....ဆင်းကဒ်ကို ပိုက်ဆံပေး
ဝယ်စရာမလိုဘူးတဲ့ခင်ဗျ...၊မလေးရှားမှာတော့ ၈.၅ ရင်းဂစ်၊ကမ္ဘောဒီးယားမှာ ၁.၂၅ ဒေါ်လာ၊ထိုင်းမှာ
 ၄၉ ဘတ်၊ဖိလစ်ပိုင်မှာ ၆၅ ပီဆို၊အင်ဒိုနီးရှားမှာ .၅ ကနေ ၂ဒေါ်လာ လောက်ပေးရတယ်လို့အနိုင်နိုင်ငံက
သူငယ်ချင်းတွေက ပြောကြပါတယ်....၊အမှန်ကဒီဈေးနှုန်းတွေကလည်းဆင်းကဒ်ဖိုးဆိုပေမယ့်အဲဒီဆင်းကဒ်
ထဲမှာ ဖုံးဆက်ဖို့ ပါပါပြီးသားခင်ဗျ...။စင်္ကာပူကကြိုတင်ငွေဖြည့်ကဒ်ဖုံးတွေမှာလည်းဆင်းကဒ်ကို၈ဒေါ်လာ၊
၁၈ဒေါ်လာ၊၃၀ဒေါ်လာအစရှိသဖြင့် ပေးဝယ်ရပေမယ့် အဲဒီကဒ်ထဲမှာ ကိုယ်ဝယ်တဲ့ငွေပမာဏအလိုက် ဖုံးမိနစ်တွေပါပြီးသားပါခင်ဗျ....။

 ဒီ့ပြင် ကိုစိုးစီက ဖေ့ဘုတ်မှာပြောပြသွားတာက ဆင်းကဒ်တစ်ကဒ်ရဲ့တန်ဖိုးဟာ ၁ပြားသာသာကျသတဲ့၊
ဖုံးခေါ်လို့ရအောင် စစ္စတန်တွေထည့်လိုက်မှ ၁၀ပြားလောက်ကျသွားသတဲ့ဗျာ....။ဒီတော့ဗျာ...ဒီလောက်
ပေါနေတဲ့ဆင်းကဒ်ကို၊အနိုင်နိုင်ငံမှာ အလကားမူးတင်းပေးနေတဲ့ဆင်းကဒ်ကို ကျွန်တော်တို့မြန်မာပြည်မှာ
ဘယ်လောက်ပေးဝယ်ရသလဲဆိုရင် ဆယ်လူလာဖုံးတွေပေါ်ကာစက ၈၉သိန်း(ဟုတ်ကဲ့ မြန်မာငွေ၈၉သိန်း
ပါ)၊နောက်နဲနဲကြာလာတော့ သိန်း၅၀ဝန်းကျင်(အဲ့အချိန်က ကျွန်တော်တို့ဘော်ဒါတွေထဲမှာ ဘောစိလို့
ခေါ်တဲ့ သယ်ရင်းတစ်ယောက်က စကိုင်ပါတယ်၊သူကဖုံးရှိမှဖြစ်မယ့်အလုပ်လုပ်တာကိုး...)၊နောက် သိန်း
၃၀ဝန်းကျင်၊နောက် သိန်း၂၀ကျော်၊နောက်ဆုံး ၅သိန်း ပေးဝယ်ရပါတယ်ခင်ဗျာ...။ဒါ့အပြင် အနိုင်နိုင်ငံမှာ
လမ်းဘေးမှာ ကွမ်းယာ၊ဆေးလိပ်ရောင်းသလို ပတ်စပို့စ်လေး၊အိုင်စီလေး ပြလိုက်တာနဲ့ဝယ်လို့ရနေတဲ့
အခြေအနေမှာ ကျွန်တော်တို့နိုင်ငံမှာ လျှောက်လွာအထပ်ထပ်နဲ့တင်နေရတဲ့၊သူများဖုံးကို ဈေးကြီးပေး
ပြန်ဝယ်နေရတဲ့ အခြေအနေဖြစ်နေတာ လူတိုင်းအသိပါဗျာ....။


ကဲဗျာ...ဒီတော့ ငါးထောင်တန်ဖုံးအပေါ် ဘလော့ဂါမဟုတ်တဲ့ ကျွန်တော့်အမြင်လေးပြောကြည့်မယ်ဗျာ...။


၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါ
လား.....တဲ့


ဟုတ်ကဲ့ ဖုံးဆိုရင်တော့ ၂သိန်းဝန်းကျင်ဖုံးကို တန်ဖိုးနည်းဖုံးလို့ ပြောလို့ရတာပေါ့ဗျာ...နော့....:))))
ဒါပေမယ့် သူက ဆင်းကဒ်ပဲပေးမှာဆိုတော့ဗျာ....၂ပြားမှမတန်တဲ့၊ အနိုင်နိုင်ငံမှာ အလကားပေးနေတဲ့
ဟာကို ဒေါ်လာ ၂၅၀ကျော်ဆိုတာကတော့ဗျာ....တစ်ဆိတ်ကလေး မလွန်လွန်းဘူးလားခင်ဗျ......။ဒီတော့
ဘယ်လိုမှ တန်ဖိုးနည်းဖုံးလို့ ယောင်လို့မှ မထင်မိပေါင်ဗျာ...နော့...။သို့ပေမယ့် နိုင်ငံတကာနဲ့ ချိန်ထိုး
မကြည့်ပဲ ကိုယ့်နိုင်ငံအခြေအနေနဲ့ကြည့်ရင်တော့ မဆိုးဘူးလို့ပြောလို့ရပါတယ်...။ဒီလိုပြောလို့စကား
နှစ်ခွပြောတာမဟုတ်ရပါဘူးဗျာ..၊ကျွန်တော်တို့နိုင်ငံတော်ကြီးမှာ လူဦးရေရဲ့ ၃ရာခိုင်နှုန်းကျော်ကျော်သာ
ရှိတဲ့ ဝန်ထမ်းတွေကို လစာလေးတိုးပေးဖို့တောင် ချီတုန်ချတုန်ဖြစ်နေတဲ့အခြေအနေ၊အကြွေးဒေါ်လာ၁၁
ဘီလျံရှိပါတယ်ဆိုပြီး ငိုပြနေတဲ့အခြေအနေတွေ၊လက်ကိုင်ဖုံးတွေအတွက် နိုင်ငံတော်မှ ကနဦးရင်းနှီးငွေ
တွေ ရင်းနှီးထားရပါတယ်လို့ ညီးညူပြနေတဲ့အခြေအနေတွေကို စာနာထောက်ထားပြီးလျော့လျော့ပေါ့ပေါ့
ပြောထားတာပါ....။ပြတ်ပြတ်သားသားပြောကွာဆိုရင်တော့....တန်ဖိုးနည်းဖုံးလို့ လုံးဝမထင်ပါဘူးဗျာ....။





၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

ဘယ်လိုမှ မမြင်ပါဘူးခင်ဗျာ...။လုပ်ချင်သူတွေလုပ်ကြပါ၊မလုပ်ချင်သူတွေမလုပ်ကြပါနဲ့ လို့ပဲပြောချင်ပါ
တယ်...၊အဲမေးစရာတစ်ခုတော့ရှိတယ်ဗျ...၊အဲဒီလိုလုပ်ဖို့ လိုသလား၊လုပ်လို့ရောအကျိုးထူးမှာလားဆိုတဲ့
မေးခွန်းတွေပါ။ဘာလို့လဲဆို ဒီဖုံးဆင်းကဒ်ကိစ္စဆိုတာ နိုင်ငံရေးလည်းမဟုတ်၊ပညာရေးလည်းမဟုတ်၊ကျမ်း
မာရေးနဲ့လည်းမပက်သတ်၊မြစ်ဆုံလို သဘာဝဝန်းကျင်လည်းမဟုတ်၊လူမျိုးရေးနဲ့လည်းဝေးရော။တကယ်
တောင်းဆိုမယ်ဆို မြန်မာပြည်မှာ တောင်းဆိုစရာတွေအများကြီးပါ...၊တီရှပ်မှာရေးရင် ဆန့်မှာတောင်မ
ဟုတ်....။နောက်တစ်ခုက ဒီကိစ္စဟာ လူထုအကျိုးဆိုပေမယ့် တကယ့်တကယ်အကျိုးစီးပွားဖြစ်ထွန်းမှာက
ဖုံးကုမ္ပဏီထောင်မယ့် စီးပွားရေးသမားတွေသာဖြစ်တယ်ဗျ....။ငါးထောင်နဲ့ ဆင်းကဒ်ရလည်း ကျွန်တော်
တို့ပြည်သူတွေက ခေါ်ဆိုခမိနစ်တွေကို သူတို့တောင်းသလောက်ပေးရမှာလေ...။ငါးထောင်နဲ့ တစ်သက်
လုံးအလကားပြောလို့ရမှာမှမဟုတ်တာဗျာ....နော့....:)))

နောက်တစ်ခုစဉ်းစားကြည့်ဗျာ...။ဒီလိုဆင်းကဒ်ကို ငါးထောင်နဲ့ပေးဝယ်ခွင့်ရဖို့ဆိုတာ အိမ်နီးနားချင်း ပိန်
မသာလိန်မသာနိုင်ငံတွေနဲ့နှိုင်းယျဉ်ရင်တောင် အင်မတန်ရခဲလှတဲ့ဒုလ္လဘမှမဟုတ်တာဗျာ...။ဒါ ကျွန်တော်
တို့ပြည်သူတွေရဲ့မူလအခွင့်အရေးတစ်ခုပါပဲဗျာ...။ဒါကို တတန်တကတောင်းဆိုနေစရာကိုမလိုတာဗျ...။
ဆိုင်ရာအစိုးရက အလိုက်တသိလုပ်ပေးရမယ့်ကိစ္စကြီးဗျာ။ခုလိုရေးနေရတာကိုက အရပ်ရပ်နေပြည်တော်
ကြားလို့မှမလျော်တာကြီးဗျာ....။(ခုတင် ဘေးနာက ကုလားကို ဟဲ့ မင်းတို့ အိန္ဒိယမှာ ဆင်းကဒ်ဘယ်
လောက်လဲမေးတော့ ဖရီးတဲ့..၊သူကပြန်မေးတယ် မင်းတို့ဆီမှာရောတဲ့...၊ကျွန်တော်အမှန်ဖြေရမှာ ရှက်
တာနဲ့ ဒေါ်လာ၂၀ရှိတယ်ပြောတော့....များထှာ....တဲ့....ကဲ.....:))))


နောက်တစ်ခုပြောစရာရှိတာက ကျွန်တော်တို့တိုင်းပြည်က ခုမှ ဒီမိုစနစ်ဆီ ထုံ့ပိုင်းထုံ့ပိုင်းနဲ့ အပျိုမလေး
များ လူရှေ့လျှောက်သလို မဝံမရဲလေးလျှောက်နေတဲ့တိုင်းပြည်ရယ်...။ဒီလို ဆန္ဒပြုတာမျိုးကို နဲနဲပိုအရေး
ကြီးတဲ့ (မြစ်ဆုံလို) ကိစ္စမျိုးမှာပဲ ထုတ်သုံးသင့်တယ်ထင်တယ်ဗျ...။ဟိုး....ကဒီမိုတိုင်းပြည်တွေလို ထစ်ကနဲ
ရှိ ထ ဆန္ဒပြတာမျိုးက သိပ်လုပ်ဖို့မကောင်းသေးဘူးထင်ရဲ့...။ပြီး အာဏာရှင်ညဉ်ခုထိမပျောက်သေးတဲ့
ဗျူရိုကရက်အရာရှိမင်းများကလည်း ဒါလောက်နဲ့တော့ မျက်မွှေးထော်လို့မော်ကြည့်မယ်မထင်....။ဘကြီး
ဘုန်းကြီးသာ ဟောရင်းပျံလွန်တော်မူမည်....၊သင်းဆီက ဆန်ဖြူဖြူတစ်ခွက် ထွက်မယ့်မထင်...ဆိုတဲ့စကား
လို လူစားတွေရယ်ခင်ဗျ....။


ဒီတော့ဗျာ....လုပ်ချင်သလား လုပ်ချင်သူတွေလုပ်ကြပါ...။လုပ်ချင်လို့လုပ်သူတွေကို မပြောလိုပါခင်ဗျာ...။
ကျွန်တော့်သဘောကတော့ ဘယ်လိုမှမရှိပါခင်ဗျား....၊




(၃)ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လို
မြင်မိ ပါသလဲ.....တဲ့

ဟုတ်ကဲ့...အပေါ်ကအတိုင်းပါပဲဗျာ...။နဲနဲထပ်ပြောစရာရှိတာက...လွှတ်တော်အမတ်မင်းများကို လူထုက
ရွေးကောက်တင်မြှောက်လိုက်တာ(ဒီနေရာမှာ ကြိုတင်မဲတွေဘာတွေနဲ့ မကျက်နဲ့အနာဟောင်းကို ဒုတ်
နဲ့မထိုးကြေးဗျာ...နော့....:)))လူထုအသံ၊လူထုအကျိုးစီးပွားကို မျက်ချေမပြက်အကဲခက်စောင့်ကြည့်ပြီး
လူထုအကျိုးကိုဆောင်ရွက်ဖို့ခင်ဗျ...။လူထုကြီးတစ်ရပ်လုံးအစစအရာရာအဆင်ပြေအောင် အကျိုးဆောင်
ပေးဖို့ဗျ...၊သူတို့ကို ကြီးကျယ်ခန်းနားလှတဲ့ လေအေးစက်တပ် လွှတ်တော်ခန်းမထဲ အိပ်ငိုက်ဖို့လွှတ်လိုက်
တာမှမဟုတ်တာဗျာ...နော့...။သူရို့ပဲပြောတာပဲလေ...ဘာတဲ့...ပြည်သူ့အသံ လွှတ်တော်အသံဆိုလား...။
ဒါဆိုလည်းဗျာ...တတိုင်းတပြည်လုံး ပွစိ ပွစိ ဖြစ်နေတဲ့ကိစ္စကြီးကို ပြည်သူ့အသံနားထောင်ပြီး ဆိုင်ရာအစိုး
ရကို ပဲ့တင်သံပြန်ပေးရမယ့်၊ပြည်သူ့အလိုဆန္ဒကို ဖော်ဆောင်ပေးရမယ့် ကိုရွှေအမတ်မင်းများဆီကိုတတန်
တက ဘာအကြောင်းနဲ့များ စာတစ်တန်ပေတစ်တန်တင်နေရမတုန်းဗျာ...။သူရို့အလိုက်သိသိလုပ်ပေးပေါ့
ဗျာ....နော့...။


ပြီး အပေါ်မှာပြောခဲ့သလိုပါပဲ...လူထုက ဆက်သွယ်ရေးမှာ အဆင်ပြေသွားဖို့ မျှော်လင့်ဖို့လောက်ပဲရှိတာ
ပါ(မျှော်လင့်ရုံပါပဲ...ဆင်းကဒ်တွေအလကားပေးလဲ လိုင်းမကောင်းရင်ဘာလုပ်မှာလဲဗျာ....၊ကြုံတုန်း မြန်မာ
ပြည်ပြန်တုန်းကအတွေ့အကြုံလေးဖောက်သည်ချချင်ပါတယ်..၊ကျွန်တော်မြန်မာပြည်ပြန်တော့ စားချင်တာ
စား၊သောက်ချင်တာသောက်နဲ့ သုံးနှစ်လောက်ငတ်ခဲ့သမျှ အတိုးချစားသောက်ပါတယ်..။အဲ့သလိုစား၊
သောက်တဲ့အထဲမှာ ဒီမှာကတည်းကအင်မတန်တမ်းတမိတဲ့ ထန်းရည်လည်း ပါသပေါ့ဗျ၊ဟုတ်တယ်ဗျ.....
စင်္ကာပူမှာ မြန်မာအစားအစာအကုန်ရတယ်...မရတာဆိုလို့ ထန်းရည်ပဲရှိတာရယ်...။ဒီတော့တစ်ရက်သား
မှာ သယ်ရင်းနှစ်ယောက်နဲ့ မြို့နဲ့မလှမ်းမကမ်းက ရွာတစ်ရွာမှာ ထန်းရည်သွားချရော...။ကျွန်တော်နဲ့
သယ်ရင်းတစ်ယောက်ကဆိုင်ကယ်တစ်စီးနဲ့အရင်သွားနှင့်တယ်...၊တစ်ယောက်ကနောက်မှလိုက်မယ်ပေါ့
ဗျာ...။

အဲ...ကျွန်တော်တို့နှစ်ယောက်ကအရင်ထွက်လာပေမယ့် ရွာလယ်လောက်မှာရှိတဲ့ ခြံမြေတစ်ကွက်ကိုသွား
ကြည့်သေးတယ်ခင်ဗျ၊ပြီးကျွန်တော့်သူငယ်ချင်းက ရွာကသူ့အသိဆီဝင်ပြီး ငွေကြေးစာရင်းလေးရှင်းနေ
တော့ နောက်ကျကျန်နေတဲ့ သယ်ရင်းက ရွာထိပ်က ထန်းရည်ဆိုင်အရင်ရောက်နေရော...။ဒီတော့သူက 
ကျွန်တော်တို့ဆီဖုံးဆက်မေးတယ်...၊ဘယ်ရောက်နေလဲပေါ့...၊ဒီတော့ကျွန်တော်က ပြန်ဖြေပါတယ်....
ရွာလယ်က ဦးဘယ်သူတို့အိမ်မှာ အကြွေးရှင်းနေလို့ဟေ့....၊ထန်းရည်ဆိုင်မှာပဲစောင့် ခြောက်လုံးလောက်
မှာထားနှင့်ဟေ့...၊ကြွက်ကြော်လည်းချန်ထားခိုင်းဦး....နဲ့ဖုံးဆက်တာဗျာ.....၊ကျွန်တော့်အသံသာ တစ်ရွာ
လုံးကြားတယ်...၊ဟိုဘက်ကမကြားလို့ တဟင်ဟင်နဲ့ဗျာ...၊ကျွန်တော်သာဒီထက်ပိုပြီး ဗော်လူး မြှင့်လိုက်
ရင် ဘယ်လောက်မှမဝေးတဲ့ ရွာထိပ်ကနေ ဖုံးမလိုပဲကြားရနိုင်သဗျ...၊ခုတော့ဗျာ....လူကြားလို့တောင်
မကောင်းဘူး၊နောက်ဆုံး စိတ်မရှည်လို့ ဆိုင်ကယ်နဲ့သွားပြောလိုက်တယ်.....၊ဟုတ်တယ်လေ....ဒီဖုံးသာ
အားကိုးနေလို့ကတော့ ထန်းရည်တောင်ကျန်မယ်မထင်....:P


ဒီတော့ဗျာ...၊ကျွန်တော်တို့ပြည်သူလူထုအတွက်က ငါးထောင်တန်ဖုံးဆိုတာ ဆောက်ဖြစ်မှကျောင်းတကာ
ခင်ဗျ...၊စီးပွားရေးသမားတွေအတွက်က တစ်သက်လုံးစားမကုန်တဲ့ငွေတွင်း၊ဒီကြားထဲလွှတ်တော်တင်လို့
ဟိုကအမတ်မင်းတွေက လုထုကိုအစဉ်သနားသည်ကိုအကြောင်းပြုပြီး ငါးထောင်တန်ဖုံးရဖို့ တောင်းဆိုပေး
ပါတယ်ဆိုပြီး ကြားက အချောင်အမှတ်ယူမယ့်ကိန်းခင်ဗျ.....။အဲဒီတော့ ကျွန်တော့်သဘောကတော့ 
လွှတ်တော်ထဲစာတင်စရာကိစ္စတွေ ကုန်ကားတစ်စီးတိုက်စာလောက်ရှိနေတဲ့ကြားထဲ ဒီလောက်ကိစ္စနဲ့
တော့ တင်ချင်သပဆိုလည်းတင်ကြပါဗျာ...၊မတားပါဘူး...၊မတင်ချင်လည်းမတင်ကြပါနဲ့ လို့ပဲပြောချင်ပါ
တယ်...။





၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား....တဲ့.....။

ဒါကတော့ ကြိုဆိုပါတယ်ဗျာ....၊ချွင်းချက်မရှိကို ကြိုဆိုပါတယ်....၊ပြောစရာကိုမရှိတာခင်ဗျ....။အဲ...ထပ်
ဖြည့်စွက်ပြောပါဆိုရင် မျှစ်(ကိုထွဋ်)ပြောသလိုပါပဲ....တာဝါတိုင်တွေထပ်တိုးချဲ့သင့်ပါတယ်...။တစ်လက်
စတည်း မျှစ်ရှိရာ ကမ္ဘောဒီးယားသွားလည်တုန်းက တုန်းလီစပ် ရေကန်ထဲမှာတွေ့ခဲ့ရတဲ့ တာဝါတိုင်ကို
ဒါ့ပုံရိုက်လာတာပါတင်လိုက်ပါတယ်ခင်ဗျား....။



၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။


ကာတွန်းလေးတစ်ခု ဖောက်သည်ချချင်ပါတယ်..........

" ဘာ....ငွေငါးထောင်နဲ့ ဖုံးလိုချင်လို့....ဟုတ်လား....၊ရမယ်လေ...ရပါတယ်....၊ဒါပေမယ့်တစ်ခုတော့
ရှိတယ်....၊ငွေငါးထောင်နဲ့တော့ လူကြီးမင်း မခေါ်နိုင်ဘူးကွ......" တဲ့......:P

ဟုတ့်ကဲ့ခင်ဗျာ.....ကျွန်တော်တို့ ငါးထောင်နဲ့ဖုံးရရင်တောင် လူကြီးမင်းခေါ်ဆိုသော.....ဘလာ...ဘလာ
တွေလာမယ်မထင်တော့ဘူး....၊ဟေ့ရောင် မင်းခေါ်တဲ့ဖုံးက ဘယ်ချောင်ရောက်နေလဲမသိဘူး...နောက်မှ
ပြန်ခေါ်ကွာ....တွေဘာတွေ လာနေမယ်ထင်ရဲ့ဗျား................:)))))


ကဲ ဘာပဲပြောပြောပေါ့ခင်ဗျာ.....၊ကျွန်တော်တို့မြန်မာလူထုဆိုတာ မီးလာလည်းပျော်ရ၊လမ်းခင်းပေးလည်း
ကျေနပ်လိုက်ရ၊နဂိုကကို မတရားချုပ်နှောင်ထားသူတွေပြန်လွတ်လာတော့လည်း ပျော်လိုက်ရ၊ငွေခြောက်
ကျပ်နဲ့ မှတ်ပုံတင်လုပ်ပေးလည်း ကြည်နူးနေရ၊ကားပါမစ်တွေချပေးရင်လည်း ဝမ်းသာလုံးစို့လိုက်ရ နဲ့....
ကိုယ့်နဂိုရပိုင်ခွင့်တွေကို မနဲတောင်းဆိုတိုက်ပွဲဝင်ကာမှ ပြန်ရနေတာတွေကို ပီတိဖြစ်နေရတဲ့ဘဝဆိုတော့
ကာ.....ငွေငါးထောင်နဲ့ ဖုံးရမယ်ဆိုရင်လည်း .......လူကြီးမင်း မခေါ်ကာမှနေရော.....အားလုံးနဲ့အတူတူ
ပျော်ပါတယ်......ခင်ဗျ.......။

(အချက်အလက်များကို ဖေ့ဘုတ်မှသူငယ်ချင်းများနှင့် အွန်လိုင်းပေါ်မှခင်မင်ရသောအစ်မတစ်ယောက်မှ
ကျေးဇူးပြုပါသည်...။သည့်အတွက် အားလုံးကိုကျေးဇူးတင်ရပါသည်...။တစ်စုံတစ်ရာမှားယွင်းခဲ့သော်
ကျွန်တော့်တာဝန်သာဖြစ်ပါသည်....။ကျွန်တော့်အမြင်သက်သက်သာဖြစ်ပါသည်ခင်ဗျား.......)

Friday, March 2, 2012

လက်ကျန် ဘလက်ကော်ဖီတစ်ခွက်ကို လက်စသတ်ခြင်း

ဒီလဆန်း(ဖေဖော်ဝါရီလဆန်း)ပိုင်းမှာ ကျွန်တော် မြန်မာပြည်ပြန်ဖြစ်ပါတယ်....။မြန်မာပြည်မှာ မိတ်ဆွေ၊
အပေါင်းအသင်း၊ဆွေမျိုးသားချင်း၊အိမ်းနီးနားချင်းတွေနဲ့ ပြန်လည်တွေ့ဆုံ၊စကားစမြီပြောဖြစ်တဲ့အခါတိုင်းမှာ
ကျွန်တော့်အနေနဲ့အမြဲလိုလိုရင်ဆိုင်ကြုံတွေ့ရတဲ့မေးခွန်းတွေကတော့....."မင်းပိုက်ဆံတွေဘယ်လောက် 
စုမိလာလဲကွ..." ဆိုတဲ့မေးခွန်းနဲ့ " ဟိုမှာဘာတွေလုပ်ရသတုန်း....ပင်ပန်းမှာပဲနော်...."ဆိုတာတွေပဲဖြစ်ပါ
တယ်...။ယေဘုယျအားဖြင့်ဒီမေးခွန်းတွေကသာမန်မေးခွန်းတွေလို့ပြောလို့ရပေမယ့်ကျွန်တော့်အတွက်တော့
နဲနဲဖြေရခက်နေခဲ့ပါတယ်...။

ဒီတော့ကျွန်တော့်ကိုမေးလာတဲ့လူရဲ့စိတ်နေစိတ်ထားအပေါ်မူတည်ပြီးအဆင်ပြေသလိုပဲဖြေလိုက်ပါတယ်..။
များသောအားဖြင့်တော့အမှန်အတိုင်းပဲဖြေဖြစ်တာပါပဲ။သုံးနှစ်ကြာပေမယ့်ပိုက်ဆံမစုမိတဲ့အကြောင်း၊အလုပ်
လုပ်ရတာကလည်းစိတ်ရောလူပါပင်ပန်းပါကြောင်း ပေါ့ခင်ဗျာ....။အဲဒီလိုဖြေပြန်တော့လည်းဘာလို့ပိုက်ဆံ
မစုမိရသလည်း ဆိုတဲ့ နောက်ဆက်တွဲမေးခွန်းကိုရင်ဆိုင်ရပြန်ရောခင်ဗျာ....။ဒီလိုပါပဲ....ရသမျှ ပိုက်ဆံကို
သုံးပစ်လိုက်လို့...လို့ဖြေပြန်တော့လည်း မကြိုက်ကြပြန်ဘူးခင်ဗျ...။ယေဘုယျအားဖြင့် နိုင်ငံရပ်ခြားထွက်
ပြီး အလုပ်လုပ်နေသူတွေအနေနဲ့ နှစ်ကာလအပိုင်းအခြားတစ်ခုမှာ အတိုင်းအတာတစ်ခုအထိငွေကြေး
စုဆောင်းပြီးဖြစ်နေလိမ့်မယ်လို့ အများက ယုံကြည်ယူဆကြတာပါပဲ....။

ဟုတ်ပါတယ်...၊ကျွန်တော်တို့ ပြည်ပနိုင်ငံတွေကိုထွက်အလုပ်လုပ်ကြသူတွေရဲ့ ကနဦး ရည်မှန်းချက်က
လည်း ပိုက်ဆံကိုမြန်မြန်နဲ့ များများရအောင်ရှာ၊ရသမျှကို စုဆောင်းပြီး မြန်မာပြည်ပြန်ကြဖို့ပါပဲ။ကျွန်တော်
သည်လည်း ရောက်ခါစကတော့ ဒီလိုပါပဲ.။ဒါပေမယ့်....နောက်ပိုင်းနှစ်တွေမှာကျွန်တော်ရဲ့ အိမ်မက်တွေ၊
အတွေးအမြင်တွေ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါတယ်...။ရုပ်ရော၊စိတ်ပါ ဖိစီး၊ပင်ပန်းမှုများနဲ့ ရင်
ဆိုင်ကြုံတွေ့နေရချိန်မှာ၊ကျွန်တော်ခင်တွယ်ရတဲ့ သက်ရှိ၊သက်မဲ့တွေနဲ့ ဝေးကွာနေရချိန်မှာ၊ကိုယ့်ရဲ့စိတ်
နဲ့ရုပ်ကို ကိုယ့်အလိုကျမစီမံမခန့်ခွဲရပဲ စက်ရုပ်ဆန်ဆန် ရုန်းကန်လှုပ်ရှားနေရချိန်တွေမှာ ကျွန်တော့်နှလုံး
အိမ်ထဲကို  "  ငါဘာကြောင့်များ အေးအေးနေရတဲ့ ဘဝတစ်ခုကိုစွန့်လွှတ်ပြီး ဒီနိုင်ငံမှာ ဘာလာလုပ်နေပါ
လိမ့်..." ဆိုတဲ့ အတွေးတစ်ခု မကြာခဏဝင်ဝင်လာတတ်ပါတယ်...။ဥပမာပြောရရင် တစ်ခါက ဘောလုံးပွဲ
တစ်ခုမှာ တစ်ဖက်အသင်းက ဘောလုံးသမားတစ်ဦးဟာ ပြိုင်ဘက်အသင်းဖက်ကို ဘောလုံးကို လွတ်လွတ်
ကျွတ်ကျွတ် တစ်ဦးတည်းဆွဲပြေးလာရင်း ရုတ်တရက်ရပ်ပစ်လိုက်ပြီး..." ငါ ဘာလုပ်နေတာပါလိမ့်...." လို့
တွေးမိသတဲ့....။သူ့အတွေး၊သူ့လုပ်ရပ်က နဲနဲကြောင်သလိုရှိပေမယ့် အဓိပ္ပာယ်တော့ရှိနေပါတယ်...။
အခုလည်း အဲဒီဘောလုံးသမားလိုပါပဲ...ကျွန်တော်လည်း အလုပ်တစ်ခုခုကို လုပ်နေရင်း ငါဘာတွေလုပ်နေ
ပါလိမ့်....ဆိုတဲ့အတွေးက ကျွန်တော့် စိတ်နှလုံးဆီ အတားအဆီးမဲ့ဝင်ရောက်လာတော့တာပါပဲခင်ဗျာ....။



အဖြေကလည်း ရှင်းပါတယ်...၊ပိုက်ဆံလိုချင်လို့ပါ...။ပြည့်စုံအောင်ဖြေရရင် သမာအာဇီဝကျပြီး အချိန်ကာ
လတစ်ခုမှာ အတိုင်းအတာတစ်ခုအထိငွေကြေးတစ်စုံတစ်ရာကို ရချင်လို့ပါ...။ဒါပေမယ့် ကိုယ့်ဘာသာမေး
တဲ့မေးခွန်းက ဒီအဖြေမှာတင်ရပ်မသွားပါဘူး၊ပိုက်ဆံရလာတော့ ဘာလုပ်မလို့လဲဆိုတဲ့မေးခွန်းကို ဘာသာ ဆက်မေးမိပါတယ်...။ပိုက်ဆံရလာတော့ ကိုယ်လုပ်ချင်တာ၊ကိုယ်စိတ်ချမ်းသာတာလုပ်ရတာပေါ့လေ...ဆို
တဲ့အဖြေကိုရပါတယ်..။ဆိုတော့ ကိုယ့်ဘာသာဆက်မေးမိပါတယ်....ခုရော....ကိုယ်စိတ်ချမ်းသာတာ၊ကိုယ်
လုပ်ချင်တာလုပ်မနေရလို့လား..ဆိုတဲ့မေးခွန်းပါ....။အဲဒီမှာတင် ကိုယ့်မေးခွန်းနဲ့ကိုယ်၊ကိုယ့်အဖြေနဲ့ကိုယ်
ဂျာအေးကိုသူ့အမေရိုက်သလို ချာလပတ်ရမ်းသွားတော့တာပဲ...။

သေသေချာချာတွေးကြည့်မိတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ "ချင်ဆန္ဒ" တစ်ခုပြည့်ဝဖို့အတွက်
အခြား " ချင်ဆန္ဒ" တစ်ခုကို စတေးရင်း ဆန္ဒတွေကြားထဲမှာ ချာချာလည်နေကြတာပါပဲမဟုတ်ပါလား
ခင်ဗျာ...။ဒီလိုအတွေးအမြင်မျိုးတွေ ဝင်လာတဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ဘဝ၊ငွေကြေး၊အိမ်ထောင်ရေး၊
အလုပ်၊အစရှိတဲ့ အရာတွေအပေါ်မှာထားတဲ့ သဘောထားတွေကလည်း တဖြည်းဖြည်းပြောင်းလဲလာပါ
တယ်...။ကိုယ်လုပ်ချင်တာတွေကို လုပ်ရင်း ကျွန်တော့်ရဲ့ စိတ်ကလေးကို တတ်နိုင်သလောက် ချမ်းသာ
အောင်မွေးမြူလာပါတော့တယ်...။အချိန်မရွေးသေသွားနိုင်တဲ့ဘဝကြီးထဲမှာ၊မသေရင်လည်း သူ့ဘာသာ
သူ အဆင်ပြေချင်ရင်လည်း ပြေနေနိုင်တဲ့ဘဝထဲမှာ ရှေ့ရေး၊နောက်ရေးတွေ သိပ်တွေးမနေတော့ပဲ ဘဝ
တိုတိုမှာ ရသာချိုချိုပဲ ရှာနေမိတော့တယ်ဆိုပါတော့ဗျာ....။


အဲဒီလို ကျွန်တော့်ရဲ့ (နဲနဲကြောင်တောင်တောင်နိုင်တဲ့)အတွေးတွေကို သူငယ်ချင်းတစ်ဦးကို လက်ဘက်
ရည်ဆိုင်ထိုင်ရင်းပြောပြမိတော့ ကျွန်တော့်သူငယ်ချင်းက ပြုံးပါတယ်...။" ဒါဖြင့် မင်း စင်္ကာပူကိုပြန်မသွား
တော့ဘူးလား..." လို့လည်းမေးပါတယ်...။ပြန်တော့သွားဦးမှာပေါ့ဟ....လို့ဖြေတော့ သူက "ဒါနဲ့များကွာ"
လို့ပြောပါတယ်...။ဒါနဲ့ ကျွန်တော်က " မဟုတ်ဘူးလေကွာ...၊တစ်ခါတစ်လေကျတော့လည်း ဆန္ဒတွေကို
ချိန်ခွင်မှာ ချိန်ကြည့်သလိုမျိုး ချိန်ထိုးကြည့်ရသေးတာပေါ့ကွာ...၊အနဲ နဲ့အများ ယှဉ်ကြည့်ပြီး တချို့စိတ်
ဆန္ဒတွေကို ခဏတာစွန့်လွှတ်သင့်ရင်စွန်လွှတ်ထားရသေးတာပေါ့ဟ....." လို့ပြန်ပြောဖြစ်ခဲ့ပါတယ်...။


အဲဒီလိုပြောတော့ သူက ကျွန်တော့်ကို " ဒါနဲ့နေပါဦးကွာ...၊မင်းက အစစအရာရာ ဖွံ့ဖြိုးနေတဲ့တိုင်းပြည်မှာ
ဘာကြောင့်မပျော်နိုင်ရတာတုန်း...၊စင်္ကာပူမှာ နေထိုင်လုပ်ကိုင်ရတဲ့ စိတ်ခံစားချက်လေးကိုပြောပြစမ်းပါဦး"
လို့မေးလာပါတယ်.....။အဲဒါနဲ့ ကျွန်တော်လည်း......


" အင်း.....စင်္ကာပူမှာ နေထိုင်လုပ်ကိုင်ရတဲ့ ခံစားချက်က ဘာနဲ့တူသလဲဆိုရင် အခု ငါတို့ သောက်နေတဲ့
ဘလက်ကော်ဖီတစ်ခွက်နဲ့ တူတယ်.....ကွ၊ဘလက်ကော်ဖီဆိုတာ နဲနဲတော့ခါးတယ်ဟုတ်...၊ဒါပေမယ့်အဲဒီ
အခါးအရသာကို ထိန်းနိုင်ဖို့ သကြားလေးလည်းပါရသေးတယ်...၊ပြီး သံပုရာသီးစိတ်လေးလည်း နဲနဲတော့
ပါဦးမှ မဟုတ်လား...၊ဒီလိုပါပဲကွာ...၊နိုင်ငံရပ်ခြားမှာ အလုပ်ထွက်လုပ်ရတဲ့အခါ ရင်ဆိုင်ကြုံတွေ့ရတဲ့ စိတ်
ပိုင်းဆိုင်ရာ နာကျင်မှုတွေက ခါးသီးလှပါရဲ့...၊ဒါပေမယ့် အဲဒီအခါးတွေကို ကိုယ့်အိမ်မက်ချိုချိုလေးတွေနဲ့
ပြန်ပြီး ထိန်းထားရတာပေါ့လေ...၊ပြီး ကိုယ်တွေကျင်လည်၊ထိတွေ့ခဲ့တဲ့ သက်ရှိ၊သက်မဲ့တွေကို လွမ်းတဲ့
အလွမ်းကလည်း ဟောဒီ ဘလက်ကော်ဖီထဲက သံပုရာသီးစိတ်လေးလိုပဲ....၊နဲနဲတော့ ချဉ်ပြုံးပြုံးနိုင်တယ်
လေ....၊ဒါပါပဲသူငယ်ချင်းရာ...၊ငါတို့ ဘဝတွေက ဘလက်ကော်ဖီတစ်ခွက်လိုပါပဲ....." လို့ သူငယ်ချင်း
ကိုပြောပြမိခဲ့တယ်...။

ကျွန်တော့်စကားအဆုံးမှာ သူငယ်ချင်းရောကျွန်တော်ပါ သက်ပြင်းတစ်ခုကို ပြိုင်တူလိုလိုချလိုက်မိကြတယ်၊
စကားတစ်ခွန်းမှ မဆိုမိကြပဲ အချိန်အတော်ကြာအောင် နှုတ်ဆိတ်သွားကြပါတယ်....။အတော်ကြာတော့မှ
သူငယ်ချင်းက သူ့ ဘလက်ကော်ဖီခွက်ကို အကုန်မော့သောက်ရင်း အိမ်ပြန်ကြပါစို့ကွာ.....လို့ပြောလာပါ
တယ်...။ဒါနဲ့ ကျွန်တော်လည်း အေးစက်စပြုနေပြီဖြစ်တဲ့ ကျွန်တော့်ကော်ဖီခွက်ကို ကောက်ကိုင်မိလိုက်ပါ
တယ်...၊ကော်ဖီခွက်ထဲမှာ အညိုရောင် ဘလက်ကော်ဖီတစ်ဝက်လောက်ကျန်နေပါသေးတယ်။လက်ကျန်
ကော်ဖီကို ဖြည်းဖြည်းချင်း ငုံသောက်မိတော့ ကျွန်တော်လျှာပေါ်မှာ ဘလက်ကော်ဖီတစ်ခွက်ရဲ့ ခါးသက်
သက်၊ချိုမြမြ၊ချဉ်ပြုံးပြုံး အရသာတစ်ခုကို ခံစားမိလိုက်ရပါတော့တယ်.........။