Tuesday, December 27, 2011

ကျွန်ုပ်သည် တရားအားထုတ်ရမည့်အရွယ်ရောက်နေပြီဖြစ်သော ဘဲကြီး ဖြစ်သည်

ကျွန်ုပ်သည် " တရားအားထုတ်ရမည့်အရွယ်ရောက်နေပြီဖြစ်သောဘဲကြီး" ဖြစ်လေသည်။အနှီးဘဲကြီးသည်
ခရစ်စမတ်ပိတ်ရက်တွင်အခန်းထဲ၌အေးအေးနေကာတရားဓမ္မဖြင့်ပျော်မွေ့မည်ဟူ့စိတ်ကူးထားသော်လည်း
နေ့လည်ခင်းရောက်ရှိသောအခါသူငယ်ချင်းတစ်ဦးမှအရှေ့ဘက်ကမ်းခြေသို့သွားမည်လိုက်ခဲ့ပါဟု ခေါ်ငင်
သော်...ကောက်ကောက်ပါအောင်လိုက်သွားလေတော့သည်...။

ပန်နစူလာတွေလူစုကြသည်။ကျွန်ုပ်အပါအဝင် လေးယောက်ထဲသာဖြစ်သည်။တစ်ယောက်မှာ ရင်းနှီးသော
သယ်ရင်းဖြစ်၏။ကျန်နှစ်ယောက်မှာမူတစ်နှစ်လုံးနေမှ၃ခါထက်ပိုမဆုံဖြစ်သောသိပ်မရင်းနှီးသောသူများဖြစ်
၏။ချီးဗက်ဟူသော အင်မတန်ခေါ်ရဆိုးလှသည့် ဝီစကီလုံးဝယ်ကြ၏။ကြက်ကြော်၊ဝက်ကင်၊အာလူး၊အအေး၊
အစရှိသည်များလည်းဝယ်ကြကုန်၏။သို့နောက် အရှေ့ဘက်ကမ်းသို့ ချီတတ်ကြကုန်သောဟူလို....။
အရှေ့ဘက်ကမ်းရောက်သော် သောက်ကြစားကြသည်။ကျွန်ုပ်ကား မသောက်ချင်....၊မှန်သည်...၊အရက်
မသောက်တာကြာ ကြာလှပြီဖြစ်၍ မသောက်ချင်တော့...၊ထို့ကြောင့် ၂ခွက်ခန့်သောက်ပြီးသော မူးပြီဟု
အကြောင်းပြကာ အမြည်းများချည်းထိုင်စားနေလိုက်တော့သည်..။

ကျွန်ုပ်နှစ်ခွက်နှင့်မူးသည်ဆိုသော်တစ်ဦးသောသယ်ရင်းကဒါလောက်နဲ့မူးရသလား....ဟုရယ်သွမ်းသွေး၏။
ကျွန်ုပ်လည်း ပြင်ပဗဟိန္ဒိအသွင်အပြင်၌မူရှုံကာမဲ့ကာဖြင့် သောက်နိုင်ပါဘူးကွာဟုဆိုနေသော်လည်း၊အတွင်း
အဇ္ဇတ္တထဲကမူ ဝံပုလွေတစ်ကောင်ကဲ့သို့သွားဖြီးကာ ရယ်မောနေမိသည်။ကျွန်ုပ်နုစဉ်အခါက မြန်မာပြည်မှ
အတိုင်းအဆမရှိထုတ်လုပ်သော ပြည်တွင်းဖြစ်ဝီစကီတစ်လုံးလုံးကို လေးဆယ့်ငါးမိနစ်အတွင်း ကုန်အောင်
သောက်ပြီးသည့်တိုင် အိမ်သို့ခြေလှမ်းမပျက်ပြန်ကာ အမေနှင့်ပင်စကားကောင်းစွာပြောနိုင်သည်ကို သူရို့
မသိရှာပေတကား....။

ထိုနောက်ကျွန်ုပ်လည်း ဝိုင်းမှဘေးထွက်ထိုင်ကာ ပင်လယ်ပြင်နှင့်ကောင်းကင်ကြီးကိုငေးကာမောကာကြည့်
နေမိသည်....။ကောင်းကင်တွင်တိမ်သည်ထူထပ်နေ၏။ကျွန်ုပ်ဘူနေသောဘဲကြီး၏ရင်ထဲတွင်လည်းအတွေး
တို့ထူထပ်နေသည်။သယ်ရင်းများကိုကြည့်ရင်း သူရို့ဘာလုပ်နေတာလဲဟုတွေးမိသည်။ငါးမျှားနေသော
မလေးဦးလေးကြီးနှင့်စလုံးအဖိုးကြီးကိုကြည့်ရင်း သူရို့ဘာလုပ်နေတာလဲဟုတွေးမိသည်။အဝေးပင်လယ်မှ
သင်္ဘောကြီးများကိုကြည့်ရင်း ထိုသင်္ဘောကြီးများ ဘာအတွက်လည်းဟုတွေးမိသည်။သမီးရည်းစားစုံတွဲကို
ကြည့်ရင်း သူရို့ဘာလဲ၊ဘယ်လဲဟုတွေးသည်။သောင်ပြင်ပေါ်ဆော့ကစားနေသောကလေးငယ်လေးများကို
ကြည့်ရင်း သူရို့ဘာမှမသိရှာသေးပါလားဟုတွေးသည်။

နောက်ဆုံး ကိုယ့်ဘာသာကိုယ် ငါဘာလုပ်နေမိပါလိမ့်ဟုတွေးမိသည်။ကျွန်ုပ်ထိုင်နေသော ကျောက်ဆောင်
ပေါ်မှငေးမျှော်ကြည့်သည်ရှိသော် ရာပေါင်းများစွာသောပုပုရွရွသောလူများတို့သည် စိတ်လက်ကြည်နူးစွာ၊
ပျော်ရွင်ချမ်းမြေ့စွာ အပန်းဖြေနေကြသည်ကိုတွေ့ရသည်။အကယ်၍ထိုသူများထဲမှတစ်ဦးဦးသည် နက်ဖြန်
တွင်သေဆုံးသွားနိုင်သည်ကို ကြိုတင်သိရှိထားပါက ယခုချိန်တွင် ခုလိုပျော်နိုင်ပါမည်လား....။မသေဟူ၍
မည်သူပြောနိုင်ပါမည်နည်း....။ဆော့ကစားနေသောကလေးငယ်များကိုကြည့်ရင်း မွေးဖွားခြင်းသည် သေဆုံး
ခြင်း၌သာအဆုံးသတ်သည်ဟူ၍လည်းကောင်း၊စုံတွဲများကိုကြည့်ရင်း တွေ့ဆုံပေါင်းသင်းခြင်းကား ဝေးကွာ၊
ကွေ့ကွင်းရခြင်းသာလျှင် အဆုံးရှိသည်ဟူ၍လည်းကောင်း၊ပျော်ရွင်ကြည်နူးနေသူများကိုကြည့်ရင်း ချမ်းသာ၊ကျမ်းမာခြင်းများသည်လည်း အိုမင်း၊ဆုံးရှုံးရခြင်း၌သာအဆုံးရှိသည် ဟူ၍လည်းကောင်း အတွေး
တို့ငွေ့ရည်ဖွဲ့နေမိလေသည်။


မှန်သည်။ကျွန်ုပ်တို့သည် ဘဝဟူသောပင်လယ်ပြင်ကြီးထက်မှ မျောချင်သလိုမျောနေသော ရမက်ဆိုသည့်
ဆင်သေကောင်ကြီး၏ အရသာရှိလှသည်ဟူထင်မှတ်ရသည့် ပုတ်ပွနေသည့်အူစုံအသဲစုံတို့ကိုထိုးကာ၊
ဆိတ်ကာ၊လုကာ၊ယက်ကာစားသောက်ပျော်ပါးနေသော ကျီးများသာတကား....။သို့နှင့်ပင် " ကမ်း " သည်
ဝေးသည်ထက်ဝေးချေပြီ..၊လှမ်း၍ပင်မမြင်နိုင်တော့..။ကမ်းမမြင်လမ်းမမြင်သော ဘဝပင်လယ်ပြင်ကြီးတွင်
စုံးစုံးမြုပ်သည်ထက်မြုပ်ရပေတော့မည်တကား...။သို့သော်ကျွန်ုပ်မှာ ယခုချိန်တွင်လည်း ဆင်သေသားကို
စားလို့ကောင်းတုန်းပင်....။ဆင်သေမှ မစားလျှင်လည်း တခြားစားစရာလည်းမရှိဘူး မဟုတ်ပါလား....။


ညကိုးနာရီခန့်ရှိသော် ပြန်ရန်ပြင်ကြ၏။တက်ဆီငှားကြ၏။ပထမသော် နီးရာ MRT သို့သွားကာ လမ်းခွဲကြ
ဖို့ဖြစ်သည်။ကားပေါ်ရောက်သော် ကျွန်ုပ်လည်းစိတ်ပြောင်းကာအောချက်သို့ချီတတ်ကြမည်ဟု့အဆိုတင်
သွင်းသော် ငြင်းသူမရှိကြပေ။သို့နှင့် အောချက်သို့ရောက်သွားကြ၏။ပိတ်ထားသောအောချက်လမ်းမကြီး
ပေါ်တွင် အားလျားမှောက်၍တစ်မျိုး၊ပက်လက်လှန်၍တစ်ဖုံ၊အမျိုးမျိုးအဖုံဖုံပို့စ်ပေး၍ ဒါ့ပုံရိုက်ကြသောဟူလို။


ထိုမှတဖန်ပြန်ကြမည်ပြင်သော်...တစ်ဦးသောသယ်ရင်းမှ ရောက်လက်စနှင့် ကလပ်သွားမည်ဆိုပြန်၏။
ကျွန်ုပ်လည်း ဒီကကလပ်တွေနာမသိဟုဆိုသော် သူက ညံထှာ ဘာမှပူနဲ့သူသိတယ် ဟုဆို၏။ကျွန်ုပ်လည်း
ဘာမှပြန်မပြောသော်လည်း စိတ်ထဲမှမူ ဒုတိယအကြိမ်မြောက် ဝံပုလွေသွားဖြီးသလို ပြုံးမိ၏။ကျွန်ုပ်သည်
ရှင်ကျားပူရောက်ပြီး လေးဆက်ငါးရက်အတွင်း၊ထိုစဉ်က ကျွန်ုပ်နေထိုင်ရာ Eunos နှင့် တစ်ခေါ်သာဝေး
သော ဂျိုးချက်ဟူသောဗီယက်နမ်ရပ်ကွက်၌လည်းကောင်း၊ထိုဗီယက်နမ်ရပ်ကွက်မှတစ်ပြခန့်ဝေးသော
ဂေလန်း၌လည်းကောင်း၊တန်ဂျွန်ဘာဂါ ဟူသောအရပ်၌လည်းကောင်း၊အော်ချက်တစ်ဝိုက်ရှိပလာဇာစင်
ကာပူရအစရှိသောနေရာများ၌လည်းကောင်း အသီးသီးအသကတည်ရှိကုန်သော ကလပ်များ၊ဘားများ၊
ကာလာအိုကေများ၊ဘီယာပက်များတွင် ညပေါင်းများစွာခြေရှုပ်ခဲ့ဖူးသည်ကို သူရို့မသိရှာကြပါတကားဟူ
တွေးနေမိချေ၏။

ထိုသယ်ရင်းလည်း တစ်ခုသောဘားသို့ ကလပ်ဟူဆိုကာခေါ်သွားလေ၏။ထိုဘားသို့ရောက်သော် စိတ်
သည်ပျက်ခြင်းဖြစ်ရသည်။ထိုဘားကား ဂယောင်ချောက်ခြားကုလားများ၊ချဉ်ချဉ်တူးတူးမူးပြီးရောဆိုသည့်
အဖြူများ၊အိုမင်းရွတ်တွဗထက်ချိုက်မများသာ ကျက်စားသောဘားဖြစ်သည်ကို လွန်ခဲ့သောတစ်နှစ်ကပင်
တစ်ခေါက်၊နှစ်ခေါက်ရောက်ဖူး၍သိနှင့်နေသောကြောင့်ဖြစ်၏။သို့ရောက်သော် ထိုသယ်ရင်းသည် အသက်
၄၀ခန့်ရှိသောဗီယက်နမ်မကြီးနှင့်တွဲ၍ကသောအမှုကိုပြု၏။ကျွန်ုပ်မှာမူ စလုံးအဖိုးကြီးတစ်ဦးနှင့် လေပေး
ဖြောင့်နေလိုက်သည်။စလုံးအန်ကယ်ကြီးမူးယစ်လာပြီဖြစ်၍ ပြန်သွားသည်ရှိသော် ကခုန်နေသောသယ်ရင်း
များနှင့် ကျားကျားမမလူများစုအားထိုင်ကြည့်ရင်း အရှေ့ဘက်ကမ်းမှအတွေးကို ဆက်တွေးနေမိလေသည်။


ကျွန်ုပ်တို့သည် လူ့ဘဝကိုရလာခဲ့ပြီဖြစ်သည်။ဤသည်မှာ သေချာသည်၊သေချာရုံမက နောက်ကြောင်း
ပြန်၍လည်းမရတော့..၊သင် သို့ ကျွန်ုပ် ဘယ်ကလာသနည်း၊ဘာတွေပါလာသနည်း၊မသိနိုင်ပါ၊သိရန်လည်း
မလိုအပ်လှပါ။ဤဘဝနောက် အဘယ်သို့သွားရဦးမည်နည်း၊မသိနိုင်ပါ၊သိဖို့လိုအပ်ပါသလား..၊သင့်အတွက်
မူမသိသော်လည်း ကျွန်ုပ်အတွက်မူ သိရန်မလိုအပ်ဟုထင်သည်။တစ်ဖန်အမှန်တကယ် ဘယ်သို့သွားမည်
ကိုမသိဘူးလားဟု ဘာသာတွေးမိသည်ရှိသော် သိသည်၊အဘယ်သို့နည်းဆိုလျှင် သေခြင်းတရားဆီသို့
ဖြစ်သည်ဟုဆိုရပေမည်။


ကျွန်ုပ်သည် ဘဝကိုခေါက်ချိုးဖြတ်သန်းခဲ့ပြီးဖြစ်သည်။ကျန်တစ်ဝက်ကိုဘယ်သို့ဆက်လက်ခရီးထွက်ရမည်
ကို မတွေးနိုင်ဖြစ်နေရသည်။တွေးရင်းတွေးရင်း ချွေးများပင်ပြန်လာသည်။ညီးစီစီလည်းဖြစ်လာသည်နှင့်
ဆေးလိပ်သောက်ခန်းသွားကာ ဆေးလိပ်သောက်နေလိုက်သည်။ကျွန်ုပ်ဆေးလိပ်သောက်နေသည့်အနား
သို့ အမျိုးသမီးတစ်ဦးသည် ချဉ်းကပ်လာကာ ဆေးလိပ်တစ်လိပ်ကိုထုတ်၏။သူမအိပ်တွင်းသို့ ဟိုနှိုက်၊သည်
ရှာလုပ်၏။ကျွန်ုပ်လည်း အမျိုးသားကောင်းပီသစွာ မီးခြစ်ကိုထုတ်ပြီးလျှင် ဂျိန်းစဘွန်းစတိုင်ဖြင့် မီးညှိပေး
လိုက်လေသည်။ထိုနောက့် ထုံးစံအတိုင်း စကားလက်ဆုံကြသွားလေသည်။သူမသည် ခမာပြည်မှဖြစ်သည်
ဆို၏။ကျွန်ုပ်ကားမယုံချေ။ဗီယက်နမ်မဖြစ်သည်ကို ကြည့်ရုံနှင့်သိ၏။


တစ်ခါက ကာလာအိုကေခန်းတစ်ခုတွင်ဗီယက်နမ်မတစ်ဦးနှင့် ကျွန်ုပ်စကားပြောခဲ့ဖူးသည်။ထိုအမျိုးသမီး
သည် တခုလပ်မလေးဖြစ်သည်။သူမတွင်သမီးလေးတစ်ဦးရှိလေသည်။သူမဖုံးလေးအတွင်းမှ သူမသမီးလေး
၏ဗီဒီယိုအပိုင်းအစလေးကိုကျွန်ုပ်အားပြဖူးလေသည်။ဖြူဖြူဖွေးဖွေးချစ်စရာသမီးလေးသည် ဆန်ပြုတ်ကို
အားရပါးရခပ်သောက်နေသည်မှာ ချစ်စရာပင်ကောင်းသေးတော့သည်။ဗီဒီယိုကိုကြည့်နေသည့် သူမ၏
မျက်ဝန်းများသည် မိခင်တစ်ယောက်၏ချစ်ခြင်းတို့ဖြင့် တောက်ပလျက်ရှိသည်ကို ကျွန်ုပ်တွေ့မြင်နေရ၏။


သူမ၏နှုတ်ခမ်းများသည် သူမကြိမ်ဖန်များစွာကြည့်ပြီးဖြစ်သည့် ကလေးပုံကိုကြည့်နေရင်း ပြုံးယောင်သန်း
လာသည်ကိုတွေ့ရသည်။သူမ၏မျက်နှာတွင် ငါသာဒီဘဝအရောက်ခံမည်။ငါ့သမီးလေးကိုတော့ ဒီလိုမဖြစ်
စေရ ဟူသောမိခင်တစ်ယောက်၏မာန်ကို အထင်းသားတွေ့နေရသည်...။ထိုနေ့က ကျွန်ုပ်သည် ပိုက်ဆံ
အိပ်ထဲရှိသမျှပိုက်ဆံကို သူမအားမုန့်ဖိုးအဖြစ်ပေးခဲ့ပြီး အိမ်သို့လမ်းလျှောက်ပြန်လာခဲ့ဖူးသည်ကို ပြန်လည်
အမှတ်ရနေမိသည်။


 ဘဝများသည် ပင်ပန်းလှပါသည်။ကြမ်းတမ်းလှပါသည်။ထိုပင်ပန်းကြမ်းတမ်းလှသော ဘဝများ၏အဆုံး
သည် သေခြင်းတရားသာလျှင်ရှိသည်။သို့သော် ကျွန်ုပ်တို့သည် ထိုသေခြင်းတရားဆီသို့ ခက်ခဲစွာ
တစ်ရွေ့ရွေ့ သွားလျက်ပင်ရှိသေးသည်။ကျွန်ုပ်တို့ ထိုသို့သွားနေရခြင်းသည် ဘာအတွက်ပါနည်း။အဆုံး
လျှင်သေခြင်းတရားသာရှိသော်လည်း ဘာကြောင့်များ ပင်ပန်းခက်ခဲစွာသွားနေရပါသနည်း။ရွေးချယ်ရ
လွယ်ကူသောသေခြင်းတရားကို အဘယ်ကြောင့် လူများစုကြီးသည် မရွေးချယ်ဝံပါသနည်း။ဘာသာရေး
ကြောင့်လော...။ဘဝကိုချစ်သောတဏှာက အားကောင်းနေသောကြောင့်လော...။

ကျွန်ုပ်တို့ ခုချိန်တွင်ပင်ပန်းစွာရပ်တည်ရုန်းကန်နေကြခြင်းသည် ကျွန်ုပ်တို့၏ နောင်မျိုးဆက်များအတွက်
သက်သက်လော...။ကျွန်ုပ်တို့ဘာအတွက် ဖြစ်တည်၊တည်ရှိနေကြပါသနည်း။အဆုံးတစ်နေ့တွင် ကမ္ဘာကြီး
ကိုယ်တိုင် ပျက်ဆီးခြင်းဖြင့် အဆုံးသတ်ရမည်မဟုတ်တုံလော...။လူ့ပြည်လောကကြီးအတွင်းသို့ လူသား
ငယ်တစ်ဦးကို ခေါ်ငင်လာခြင်းသည် ထိုကလေးအားဒုက္ခနွံအတွင်းဆွဲသွင်းလိုက်သလိုသာဖြစ်နေသည်မ
ဟုတ်ပါလော....။အကယ်၍ ဤအတွေးများသည် အဆိုးမြင်သည်ဟူဆိုသော် ကျွန်ုပ်မငြင်းနိုင်ပါ။သို့သော်
အကောင်းကိုဘယ်လိုမြင်ရပါမည်နည်း...။နှစ်သစ်များစွာကို အကောင်းမြင်ဖြင့် ကျော်ဖြတ်ခဲ့ပေါင်းများခဲ့ပြီ
ဖြစ်သည်။


သို့သော် တစ်နှစ်ပြီးတစ်နှစ် ကြပ်တည်းသည်ထက်ကြပ်တည်းလာသည်ကိုလည်း ကျွန်ုပ်တို့ မငြင်းနိုင်ခဲ့ပါ။
ကြပ်တည်းကျဉ်းမြောင်းလာသည်ဆိုသည်မှာ ငွေရေးကြေးရေးကိုမဆိုလိုပါ။ဘဝနေမှုကိုသာဆိုလိုပါသည်။
သဘာဝဘေးများသည် ပို၍ဆိုးရွားလာပြီဖြစ်သည်။ရောဂါဘယများပို၍ထူပြောလာပြီဖြစ်သည်။လူတို့သည်
မဆုံးသောရုပ်ဝတ္ထုများနောက်လိုက်ရင်း နစ်သည်ထက်နစ်လာပြီဖြစ်သည်။



ကျွန်ုပ်သည် ကျွန်ုပ်ထံမှတစ်စုံတစ်ရာသောစကားကိုငံလင့်နေဟန်ရှိသော ထိုအမျိုးသမီးအားမသိကျိုးကျွန်
ပြုပြီး လျှင်ဆေးလိပ်သောက်ခန်းထဲမှပြန်ထွက်လာခဲ့သည်.သူငယ်ချင်းများအားပြန်ကြမည်ဟူခေါ်ငင်ခဲ့ပြီး
လျှင် အနှီးဘားအတွင်းမှအောင်မြင်စွာ ပြန်လည်ထွက်ခွာလာခဲ့ပါတော့သည်။အပြင်ရောက်သော် သယ်ရင်း
နှစ်ဦးအား တက်ဆီပေါ်တင်ပေးလိုက်ပြီးလျှင် ကျွန်ုပ်နှင့် ကျန်တစ်ဦးသည် ဘီယာတစ်ယောက်တစ်ဘူးဆီ
သောက်ရင်း လမ်းဘေးခုံတန်းလျားတွင်ထိုင်ကာ မြန်မာပြည်နိုင်ငံရေးအကြောင်းများအား ထင်ရာမြင်ရာ
အာဝါဒါးထိုင်ဖုတ်နေကြသေးသည်။

အတော်လေးလေပန်း၍ညောင်းညာလာသည်ရှိသော် အောချက်လမ်းမကြီးတစ်လျှောက် လမ်းလျှောက်ကြ
လေသည်...။တစ်ခုသောလမ်းအတွင်းတွင် ကလပ်နှင့်ဘားများမှထွက်လာ၍ တစ်စုံတစ်ရာကို ဈေးကွက်
တင်ရောင်းချလျက်ရှိသော အမျိုးသမီးတစ်စုရှိရာသို့ချဉ်းကပ်ပြီးလျှင် ဈေးစနည်းနာ၏။၁၅၀ ဟုဆိုသော်
၁၀၀နှင့်ဆစ်၏။မရ..၊ထိုနေရာတွင်နာရီဝက်ခန့်ထိုင်ကာ နွားပွဲဈေးတွင်နွားများကြည့်နေသလိုမျိုးကြည့်နေ
လေတော့သည်။ခဏအကြာ တစ်ဦးအာချဉ်းကပ်၍မေးသော် ၁၀၀ ဟုဆို၏။၈၀နှင့်ဆစ်၏။မရ...။အသာပြန်
ထိုင်နေ၏။ခဏကြာသော် အခြားတစ်ဦးအားမေးပြန်သည်။ ၈၀ဟုဆိုသော် ၅၀နှင့်ဆစ်သည်၊မရပါ...။

အမှန်ဆိုရသော် ကျွန်ုပ်တို့နှစ်ဦးသည် သက်သက်မဲ့ အပျော်လျှောက်မေးနေခြင်းသာဖြစ်သည်။အချိန်သည်
မနဲလှတော့ပါ။ရထားလာရန်အချိန်နီးကပ်နေပြီဖြစ်သဖြင့် ဘူတာရုံသို့ပြန်လာခဲ့ကြတော့သည်။လမ်းတွင်
တွေ့သောအမျိုးသမီးနှစ်ဦးအား လိုက်ခဲ့မလားဟုသွားနှုတ်ဆော့ရာ တကယ်လိုက်လာမည်လုပ်နေသဖြင့်
သူငယ်ချင်းဖြစ်သူက မုန့်ဖိုးတစ်ယောက်တစ်ဆယ်ပေးပြီး မနဲထွက်လာခဲ့ရသေး၏။ကျွန်ုပ်တို့ကား ကိုယ့်
ဒွတ်ခကိုယ်ရှာကြသော ဘဲကြီးများသာဖြစ်ချေတော့သည်တစ်မုံ....။


ခရစ်စမတ်အပြီးနောက်တစ်နေ့မနက်၏ပထမဆုံးရထားတွင် လူသည်ပြည့်လျက်ရှိသည်။ထိုင်စရာနေရာမရ
ချေ။တချို့သည် အလုပ်ဆင်းရသည်ဖြစ်၏။တချို့သည်ကျွန်ုပ်ကဲ့သို့အပျော်ကျူးကာပြန်လာကြသောသူများ
ဖြစ်၏။ရထားပေါ်တွင် တစ်ဦးသော ရုပ်ဆိုးဆိုး မလေးတစ်ယောက်သည် သူ၏ပန်းသီးကွန်ပြူတာထဲမှ သူ့
ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် အမျိုးမျိုးအဖုံဖုံပြင်နေသည်ကို ရထားမှန်ထဲမှတစ်ဆင့် မြင်နေရသည် ဖြစ်ရာ
ကျွန်ုပ်လည်းပြုံးမိလေသည်။လူငယ်လေးတစ်ဦးသည် ကျောပိုးအိပ်ကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားရင်း
ငိုက်လျက်ရှိသည်ကိုတွေ့ရသည်။အန်ကယ်ကြီးတစ်ဦးကမူ သတင်းစာတစ်စောင်ကို စိတ်ဝင်တစားဖတ်နေ
သည်။အမျိုးသမီးတစ်ဦးသည် မှန်ဝိုင်းလေးကိုထုတ်ကာ အလှပြင်ခြင်းအမှုကိုပြုနေသည်ကိုလည်းမြင်တွေ့ရ
သည်။

ကျွန်ုပ်တို့သည် ဘဝပင်လယ်ကြီးအတွင်းတွင် အဆင်ပြေသလိုပင် ဆင်သေကိုစီးကာ ခရီးကိုဆက်လျက်
ရှိနေကြသည်။တစ်ရွေ့ရွေ့တွားသွားဝင်ရောက်လာပြီဖြစ်သော သေခြင်းတရားကို မေ့လျော့ကာနေကြ၏။
သေခြင်း၏တံခါးတစ်ဘက်၌ဘာရှိသည်ကိုလည်း မမြင်နိုင်၊ဘာမှမရှိခြင်းလည်းဖြစ်ချင်ဖြစ်နေနိုင်သည်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့သည် တိုသောဘဝထဲ၌ ချိုသောရသာကို ရှာကာဖွေကာ နေသာသလိုနေနေ
ကြလေသသည်။နက်ဖြန်တွင် ပိုမိုကောင်းမွန်လာနိုင်သောကမ္ဘာကြီးအဖြစ် ရိုးသားစွာ အကောင်းမြင်ကြည့်
ရင်း အဆိုးများကိုရင်ဆိုင်ကျော်ဖြတ်နေကြရသည်။

ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာကား....ဘာပါလဲ....၊ဘဝသည် ဘယ်သို့ပါနည်း....။ကျွန်ုပ်မသိပါ။ဆက်လည်း
မတွေးတတ်တော့ပါ...။မှန်ပါသည်ရဲဘော်....။ကျွန်ုပ်သည် တရားဓမ္မကိုရှာဖွေအားထုတ်ရန် အရွယ်သို့
ရောက်နေပြီဖြစ်သော ဘူနေသောဘဲကြီး သာလျှင်ဖြစ်သည်။သို့သော် ကျွန်ုပ်သည် ကျွန်ုပ်လက်လှမ်းမမှီ
နိုင်သော အတွေးများဖြင့်သာလုံးလည်ပတ်ချာလည်လျက် ဘဝတိုတိုတွင် ရသာချိုချိုကိုသာ ရှာလျက်ရှိနေ
မိသေးပါသည်တကား......။

Saturday, December 24, 2011

ခရစ်စမတ်နဲ့ နှစ်သစ်ကူး မှာ


လင်းရေ......

ဘာလိုလိုနဲ့ခရစ်စမတ်နဲ့ ဘိလပ်နှစ်ကူးတောင်ရောက်လာပြီနော်...။ကိုယ်တွေအတွက်ကတော့ခရစ်စမတ်
ဆိုတာပိတ်ရက်တစ်ရက်ဖြစ်တာကလွဲလို့သိပ်တော့ထူးခြားလှတယ်မဟုတ်ပါဘူးလေ....။ခရစ်စမတ်နဲ့ပတ်
သက်တဲ့အမှတ်တရတွေလို့လည်း ထူးထူးခြားခြားမရှိလှပါဘူး...။ဒါပေမယ့်ကိုယ်ခရစ်စမတ်ကိုချစ်တယ်လင်း
ရဲ့...၊ခရစ်စမတ်ရက်တွေမှာအိမ်ကိုသီချင်းလာဆိုကြတဲ့ခရစ်ယန်မိတ်ဆွေတွေကိုလည်းသဘောကျတယ်...။
အင်း...ဒီနိုင်ငံမှာတော့ ဒီလိုမျိုးမရှိကြဘူးကွယ့်....။ဆိုတော့ ခရစ်စမတ်ရောက်ရင်အထွေအထူးစိတ်လှုပ်ရှား
တာမျိုးမရှိပေမယ့် ပျော်တော့ပျော်ပါရဲ့...။

လင်းသိတဲ့အတိုင်းပဲလေ....ကိုယ့်မိဘတွေက ရှေးရိုးဆန်တဲ့ဗုဒ္ဓဘာသာဝင်တွေဆိုတော့ အိမ်မှာ ခရစ်စမတ်
သစ်ပင်တွေဘာတွေလည်းမလုပ်ပါဘူး...၊မီးတွေဘာတွေလည်းအလှဆင်လေ့ဆင်ထမရှိလှပါဘူးလေ...။
ခရစ်စမတ်ပိတ်ရက်မှာ အပျော်ခရီးထွက်တာမျိုးလည်းဝေလာဝေးပဲ လင်းရဲ့...။ဒါပေမယ့် ကိုယ်တော့ ခရစ်
စမတ်ကာလမှာ ခရီးတစ်ခုခုတော့ထွက်ချင်သား...၊ဒါကြောင့်ဒီနှစ်မှာ မလေးဘက်သွားမလို့စီစဉ်သေးရဲ့..။
ကံဆိုးချင်တော့ လင်းရေ....၊ကိုယ်ပတ်စပို့စာအုပ်အသစ်လုပ်လိုက်ရတော့ မလေးဗီဇာပြန်လျှောက်ဖို့
အကြောင်းပေါ်လာရော...၊စာအုပ်အသစ်ကိုယ့်လက်ထဲရောက်တာနောက်ကျ၊တစ်ခါ ဒီရက်ပိုင်းအလုပ်တွေ
ရှုပ်နေလို့ ဘယ်မှမသွားနိုင်ဖြစ်နေတာနဲ့ ဗီဇာလျှောက်ဖို့အချိန်မရတော့ဘူးလေ....။မလေးဗီဇာကလည်း
ငါးရက်တောင်ကြာသကွယ်...။ဆိုတော့ ဒီနှစ်တော့ ခရစ်စမတ်မှာ ဘယ်မှမသွားဖြစ်တော့ပါဘူးလေ....။
နောင်နှစ်မှာတော့ ခရီးထွက်နိုင်အောင်ကျိုးစားကြည့်ရမှပဲလင်းရ....၊အခြေအနေပေးမယ်ဆိုရင် ခရစ်စမတ်
ကာလကို နှင်းတွေ ဝေနေအောင်ကျ နေတဲ့ နိုင်ငံတစ်ခုခုမှာကုန်ဆုံးမိချင်ရဲ့...။ကိုယ့်ဘဝမှာ ခုချိန်ထိ နှင်း
တွေဝေနေတဲ့ နေရာတစ်ခုခုကို တစ်ခါမှမရောက်ဖူးသေးဘူးလေ....။

လင်းရေ.....

ကိုယ်တို့နဲ့ခရစ်စမတ်က ထွေထွေထူးထူုးပတ်သက်လှတာမဟုတ်တော့ ခရစ်စမတ်မှာ ဘယ်သူ့ကိုမှ
လက်ဆောင်တွေဘာတွေမပေးဖြစ်သလို၊ဘယ်သူကမှလည်း ကိုယ့်ကိုလက်ဆောင်လာပေးတာမျိုး၊ပို့စကပ်
လေးတွေပေးတာမျိုးမရှိပါဘူးလေ...။ငယ်ငယ်ကတော့ ခရစ်စမတ်ရောက်ရင် စန်တာကလော့ဘိုးဘိုးကြီး
များ လက်ဆောင်လာပေးလေးမလားရယ်လို့မျှော်လင့်မိသပေါ့...။တစ်ခါမှမရဖူးပါဘူး...၊ကလေးဆိုတော့
ကိုယ်ကခရစ်ယန်မဟုတ်လို့နေမယ်လို့တောင် တွေးမိသေးရဲ့.....:)))။

လင်းရေ.....

ခရစ်စမတ်ထက်စာရင် ဘိလပ်နှစ်ကူးကပိုပျော်ဖို့ကောင်းတာတော့အမှန်...။ဟိုတုန်းကတော့ နှစ်ကူး
အကြိုညမှာ သူငယ်ချင်းတွေစုပြီး စားကြသောက်ကြ၊ကာရာအိုကေတွေအော်ကြပေါ့လေ...။နှစ်ကူးအကြို
ကာလ ည၁၂နာရီထိုးကာနီးပြီဆို ကိုယ်ဆီအရက်ခွက်လေးတွေကိုင်လို့ countdown လုပ်ပြီး ၁၂နာရီ
ထိုးတာနဲ့ Happy New Year 20-- ဆိုပြီးသံပြိုင်အော်ဟစ်ခဲ့ကြတာပေါ့...။ခုတော့လည်း ဒီလိုမျိုး မလုပ်ဖြစ်
ခဲ့တော့တာ ကြာ ကြာလှပေါ့....။အသက်လေးလဲရလာပြီဆိုတာ အဲဒီလိုမျိုးတွေလည်း မလုပ်ချင်တော့ပါဘူး
လေ...။ဘာပဲပြောပြော နှစ်ကူးအကြိုညကို ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ကုန်ဆုံးစေချင်သေးရဲ့...။
တစ်နှစ်နှစ်မှာပေါ့လေ....။

ကိုယ့်စိတ်ကူးထဲမှာတော့ နှစ်ကူးအကြိုညကို ဘယ်လိုနေရာမျိုးမှာတော့ဖြင့်ကုန်ဆုံးစေချင်တယ်ဆိုတာမျိုး
မရှိလှပါဘူး...။သို့ပေမယ့် ဖြစ်နိုင်မယ်ဆိုရင် ကချင်ပြည်နယ်ကမြစ်ဆုံမှာ သူငယ်ချင်းတွေနဲ့အတူ နှစ်သစ်
ကိုကြိုလိုက်ချင်သေးရဲ့...။ဒါမှမဟုတ် ကမ်းခြေတစ်ခုခုမှာပေါ့...။ပိုပြီးဖြစ်ချင်တာက ကိုယ်ခင်မင်ရတဲ့
ဘလော့ဂါတွေတစ်စုတစ်ဝေး ဝိုင်းဖွဲ့ပြီး နှစ်သစ်ကိုကြိုဆိုချင်ပါသေးတယ်...။တစ်နှစ် နှစ်မှာပေါ့လင်းရာ...။
လက်တွေ့ဆိုတာ စိတ်ကူးကစတင်ရတာပဲမဟုတ်လားနော့...။

လင်းရေ.....

ကိုယ့်အတွက်တော့ နှစ်သစ်ကူးရက်မှန်သမျှဟာ ပျော်စရာ၊ကြည်နူးစရာတွေနဲ့ပဲ ကုန်ဆုံးစေခဲ့တာပါပဲ....။
နှစ်သစ်ကူးရက်မှာ တစ်ခုခု၊တစ်ယောက်ယောက်ကို လွမ်းဆွေးတမ်းတနေမိတာမျိုး၊ကုန်ဆုံးသွားတော့မယ့်
နှစ်ဟောင်းကာလတွေကို လွမ်းတသနေမိတာမျိုး၊နှစ်ဟောင်းကိုမကုန်ဆုံးစေချင်တာမျိုးတော့မရှိခဲ့ပါဘူး။
ရောက်ရှိလာမယ့်နှစ်သစ်မှာ ဘာတွေဖြစ်မြောက်အောင်လုပ်လိုက်မယ်၊ဘယ်လိုမျိုးကျော်ဖြတ်မယ်ဆိုတဲ့
နှစ်သစ်ကူးသံဓိဌာန်တွေဘာတွေလည်းမချမိပါဘူး....။တကယ်လို့ ချခဲ့မယ်ဆိုရင်လည်း ပျက်ဖို့သာများ
မယ်ထင်ရဲ့....:))။

ဘာပဲပြောပြောလင်းရေ..၊ခရစ်စမတ်နဲ့ နှစ်ကူးကာလတွေကို ကိုယ်တို့ကျော်ဖြတ်ခဲ့ပေါင်းများလှပြီပေါ့နော်။
နှစ်ဟောင်းတွေကိုလည်း ပျော်ရွင်ကြည်နူးခြင်း၊ဝမ်းနည်းစိတ်မကောင်းခြင်း၊အဆင်ပြေခြင်း၊အဆင်မပြေခြင်း
တွေနဲ့အတူ ထားခဲ့ပေါင်းလဲများလှရောပေါ့...၊နှစ်သစ်ပေါင်းများစွာကိုလည်း အသစ်အသစ်သော မျှော်လင့်
ချက်တွေနဲ့အတူ ကြိုခဲ့ကြပြီးပြီနော်...။လူဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင်နေကြသူတွေဖြစ်တဲ့အတိုင်း၊
လာမယ့်နှစ်သစ်ကိုလည်း ဒီထက်ပိုမိုကောင်းမွန်လာမယ့် ကမ္ဘာကြီး၊စစ်ပွဲနဲ့ပဋိပက္ခတွေ မရှိတော့တဲ့ကမ္ဘာ
ကြီးအဖြစ် မျှော်လင့်ရင်း ကြိုဆိုလိုက်ကြရအောင်လားနော်.....။


(ညီမကန်ဒီ တဂ်လို့ရေးဖြစ်တဲ့ တဂ်ပို့စ်လေးပါခင်ဗျာ...၊တဂ်ပို့စ်တွေရေးရတာ စိတ်ဝင်စားသလို၊တခြား
တခြားသော ရေးဖော်ဘလော့ဂါတွေကိုလည်း တဂ်ချင်မိပါရဲ့..၊သို့ပေမယ့် သူရို့ ရေးဖို့ရာ အားမအား၊
ရေးချင်သော စိတ်ဆန္ဒပေါ်မပေါ်ဆိုတာ မသိနိုင်တာမို့ အားနာစိတ်နဲ့ ဘယ်သူ့ကိုမှ မတဂ်တော့ပါဘူး
ခင်ဗျာ။အားလုံးပဲ ပျော်ရွင်ကြည်နူးဖွယ်ကောင်းသော ခရစ်စမတ်နှင့်နှစ်ကူးကာလလေးကို ပိုင်ဆိုင်နိုင်ကြ
ပါစေခင်ဗျား....)

Thursday, December 22, 2011

ပန်းသီးကြွက်ကိုက်ထဲမှ ဗုံကြီးသံ နှင့် ဘဝထဲမှအတွေး၊အတွေးထဲမှဘဝ

တစ်နေ့မှာ ထုံးစံအတိုင်း ကွန်ပြူတာလေးတစ်လုံးနဲ့ တောဝင်တောင်ချက်လုပ်ရင်း သင့်ပြွန် ထဲမှာ သီချင်း
တွေမွှေနှောက်ရှာဖွေနေတုန်းဗုံကြီးသံတီးလုံးလေးသွားတွေ့ရော...၊တွေ့တော့သဘောကျသွားသပေါ့လေ။
သဘောကျသွားတော့ ဒီတီးလုံးလေးကို ringtone အဖြစ်ဖုံးထဲ ထည့်ထားချင်စိတ်ပေါက်လာတယ်ဗျိုး....။
ခက်တာက လက်ရှိကျွန်တော့်ပန်းသီးကြွက်ကိုက်ဖုံးထဲ ကိုယ်ထည့်ချင်တဲ့ရင်းတုံးကိုဘယ်လိုထည့်ရမယ်မှန်း
မသိဘူးဗျ...။ရဲဘော်တို့သိတော်မူကြတဲ့အတိုင်း ပန်းသီးကြွက်ကိုက်ဖုံးဆိုတဲ့ အိုင်ဖုံးကလည်း တခြားဖုံးတွေ
လို ဘယ်အရာမှလွယ်လွယ်ကူကူ လုပ်ရတယ်မဟုတ်....။

ပြောရရင် ဒီပန်းသီးကြွက်ကိုက်ဖုံး ကိုကြိုက်လှတယ်တော့မဟုတ်ဘူးရယ်...။ဒါဖြင့် ဘာလို့ကိုင်သလဲဆိုရင်
ပန်နစူလာမယ်၊ရထားပေါ်မယ် သူများတွေ အိုင်ဖုံးလေးတပွတ်ပွတ်နဲ့ဆိုတော့လည်းကိုယ်လည်းပွတ်ချင်သ
ပေါ့လေ...။အံမယ်....အဲ့တုန်းက ပန်းသီးကြွက်ကိုက်လေး ကိုရဖို့ကို စတားဟပ်ဖုံးဆိုင်မယ် မနက်ခုနှစ်နာရီ
လောက်ကတည်းကသွားတန်းစီရသဗျ...၊အဲ့ဒီအချိန်က တစ်နေ့မှအလုံး၁၀၀ လောက်ပဲချပေးသကိုး...။
အဲ့ဒီလို သူများယောင်လို့လိုက်လို့ယောင်အမောင်တောင်မှန်းမြောက်မှန်းမသိဆိုသလိုပဲဖုံးနဲ့ပတ်သက်ရင်
ဘာမှလုပ်တတ်ကိုင်တတ်တာမဟုတ်...၊ကိုယ်ကလည်း ခေတ်ကာလ လောကဓာတ်ပညာရပ်တွေနဲ့ ဝေးသကိုး
ဗျာ....။

ဆိုတော့ နီးစပ်ရာကို မေးရမြန်းရတယ်ခင်ဗျ...၊နီးစပ်ရာဆိုလို့ အဲ့အချိန်မယ် အွန်လိုင်းပေါ်ဖလန်းဖလန်းထ
ပြီး လူတစ်ကာကို လိုက်နှောက်ယှက်နေသူဆိုလို့ မဒိုးကန် တစ်ယောက်ပဲတွေ့တော့ သူ့ပဲမေးရတယ်...။
သူက တစ်လောကမှ သူ့ဂျစ်ဂျစ်ကိုရင် ဝယ်ပေးထားတဲ့ ပန်းသီးဖိုးအက်ကြီးနဲ့ကိုး...။သူများသိမလားလို့
လှမ်းမေးကြည့်တော့ ဘာပြောတယ်မှတ်သတုန်းရဲဘော်တို့...၊ဒါလေးများ သင့်ပြွန်ထဲဝင်ရှာကြည့်တဲ့...၊
တွေ့ရင်သူ့ကိုလည်းပြောပြတဲ့....မှတ်ကရော.....:)))

ဆိုတော့ သင့်ပြွန်ထဲဝင်ရှာပါတယ်...၊တွေ့ပါတယ်...။တွေ့တော့ ကလိပါတယ်....၊ကလိတော့ရပါတယ်...။
ရတော့ မဒိုးကန်ကို ရကြောင်းသတင်းပို့တော့ အဲ့သာကိုပို့စ်အဖြစ်တင်ပါ...။မတင်ရင် သူ့ကိုရင်ဂျစ်ဂျစ်ဂျီး
နဲ့ တိုင်ပြောပါ့မယ်လုပ်ရော...၊(သူ့ကိုရင်ကိုများ သူကြောက်သလို လူတစ်ကာကြောက်မယ်ထင်နေသလား
မသိပါဘူးဗျာ...၊သူတောင် ကြောက်ချင်ယောင်ဆောင်နေတာ မသိ ကြနေတာပဲ....:))အဲ့ဒါနဲ့ မဒိုးကန်နှင့်
တစ်ကွ သပ္ပူရိသအပေါင်းသူတော်ကောင်းတို့ ပန်းသီးကြွက်ကိုက်ထဲ ရင်းတုံး ထည့်နည်းနိဿရည်းကို သိကြစေဖို့ရာ ဆရာကြီး လုပ်လိုက်ရပါတယ်...။အတော်များများတော့ သိကြမှာပါ။သိပြီးကြရင်ပဲဖြစ်ဖြစ်၊
ပန်းသီးကြွက်ကိုက်နဲ့ မပတ်သက်ကြရင်ပဲဖြစ်ဖြစ် ဒီစာပုဒ်ကိုကျော်သာချပလိုက်ကြပါဗျိုး....။ကျွန်တော်
ကိုယ်တိုင်လည်း အပေါ်မှာရေးခဲ့သလိုပါပဲ၊ဂဃနဏ သိလှတယ်မဟုတ်ပါဘူး...၊ဆိုတော့ စလိုက်ကြရ
အောင်ဗျနော်...။

(၁) ကွန်ပြူတာထဲမှ itunes နှင့် ဖုံးကိုချိတ်ဆက်လိုက်ပါ။itunesထဲမှ ကိုယ်ကြိုက်နှစ်သက်ရာသီချင်းတစ်ပုဒ်
ရွေးပြီး ဘယ်ကလစ် တစ်ချက်ကလစ်ထားလိုက်ပါ။ပြီး itunes ၏ Edit >>> Preference ဆီသွားပါ။
Preference ကို ဘယ်ကလစ် လိုက်ရင် window တစ်ခုကျလာပါလိမ့်မယ်။အဲဒီမှာ Ringtone သို့ tone
 ဆိုတာတွေ့ပါလိမ့်မယ်..။အဲ့ကောင်ကို အမှန်လေးခြစ်ထားပေးလိုက်ပါ။ OK ကိုနှိပ်ဖို့ကိုလည်းမမေ့ပါနဲ့
ခင်ဗျား...။


(၂) နောက် မိမိကွန်ပြူတာရဲ့ Folder option >>> view ကိုသွားပါခင်ဗျ။အဲဒီမယ် Hide extension for
known file types နှင့် Hide empty drives in the computer folder ဆိုတာတွေ့ပါလိမ့်မယ်။ အဲဒီနှစ်ခု
မှာ အမှန်ခြစ်ထားတာကို ဖျက်ပလိုက်ပါ။



(၃)ကိုယ်ရွေးထားတဲ့သီချင်းကို ညာကလစ်တစ်ချက် ကလစ်လိုက်ပြီး Get info>>> option ဆီသွားပါ။
အဲဒီမှာ start time နှင့် stop time ကိုပြင်ပါ။အချိန်ကို စက္ကန့်၃၀ပဲထားပါ။ဆိုလိုတာက 0:05 ကို stat time
ထားရင် stop time ကို 0:35 ပဲထားပေးပါ။ပြီး ok နှိပ်ပေးပါဦးနော့။


(၄)တစ်ခါ itune ရဲ့ Advaence >>> AAC version  ကို တစ်ချက် ဘယ်ကလစ်ခေါက်လိုက်ပါ။ခဏ
စောင့်ပါ။ကိုယ်ရွေးထားတဲ့သီချင်းအောက်မှာ စက္ကန့်၃၀စာ သီချင်းပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ပြီးသ
လောက်ရှိသွားပါပြီခင်ဗျ...။


 

(၅)နောက်ဆုံးအနေနဲ့ အဲဒီအသစ်ပေါ်လာတဲ့သီချင်းကို ညာကလစ် တစ်ချက်ကလစ်လိုက်ပါ။ပေါ်လာတဲ့
window မှာ show window exploer ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲ့ဒါကို တစ်ချက်ကလစ်လိုက်ရင်
window တစ်ခုထပ်ကျလာပါလိမ့်မယ်။အဲဒီမှာ ခုဏကသီချင်းကိုတွေ့ရမှာပါ။ညာကလစ်တစ်ချက် ကလစ်
ပြီး rename ဆီသွားပါ။သီချင်းနာမည်ရဲ့နောက်ဆုံးစာလုံးဖြစ်တဲ့ ' a ' ကို ' r ' လို့ပြင်လိုက်ပါခင်ဗျ...။ဆိုလို
တာကဗျာ ET.(Remix).m4a ကို ET.(Remix).m4r လို့ပြင်လိုက်ရုံပါပဲ။

ပြင်ပြီးရင် enter တစ်ချက်ခေါက်လိုက်ပါဦး။ If you change afile --- --- ---unusable. Are you sure
you want to change? လို့မေးပါလိမ့်မယ်။မကြောက်ပါနဲ့ ရဲရဲကြီးသာ yes ကိုနှိပ်လိုက်ပါဗျား.....:))
ပြီးရင်တော့ အဲဒီသီချင်းကို ဘယ်ကလစ်ဖိဆွဲပြီး itunes library ရဲ့ ringtone သို့ tone ထဲသို့ draw draft
ဆွဲချလိုက်ပါ။ပြီးရင်တော့ tone ကို " Sync " လုပ်လိုက်ပါဗျား...။" Sync " လုပ်တာတော့ လူတိုင်းသိပါလိမ့်
မယ်။ဒါဆို ပန်းသီးကြွက်ကိုက်ထဲ ringtone များရောက်သွားပါပြီခင်ဗျ။အဆင့်(၁)နှင့်(၂)ကတစ်ခါလုပ်ထား
ပြီးရင်နောင်လုပ်စရာမလိုတော့ပါဘူး။

(မျှားပြထာတဲ့အတိုင်း draw draft ဆွဲခုယူလိုက်ပါ)
~~~~~~~~~~~~~~~

အဲဒီလိုဖုံးတစ်လုံးနဲ့အရှုပ်တွေလုပ်နေတုန်းမယ် ဖျက်ဆိုသွားသတိရမိတာကတော့ ကျွန်တော့်မေမေ 
မကြာခဏပြောလေ့ရှိတဲ့ မရှိတောင့်တ၊ရှိကြောင့်ကြ ဆိုတဲ့စကားလေးကိုပါ။ဟုတ်ပါတယ်...၊မရှိတော့လည်း
မရှိလို့ တောင့်တမိသလို၊ရှိတော့လည်း ပူရပင်ရ ကြောင့်ကြရတဲ့အပြင် အပိုအလုပ်တွေကလည်းရှုပ်လိုက်ပါ
သေးတယ်...။

နောက်ထပ်တွေးမိတာကတော့ လောကဓာတ်ပညာတွေ ထွန်းကားသည်ထက်ထွန်းကားလာတာနှင့်အမျှ
ကျွန်တော်တို့သုံးစွဲနေတဲ့ ပစ္စည်းတွေရဲ့ မူလရည်ရွယ်ချက်က အဓိက ကနေ သာမည ဖြစ်သွားတတ်တာ
ကိုပါပဲ။ဖုံးတွေကိုပဲကြည့်ပါ...။သူ့ရဲ့မူလရည်ရွယ်ချက်က အဝေးတစ်နေရာဆီက လူနှစ်ဦး စကားပြောနိုင်
ကြဖို့ပါ..။ဒါပေမယ့် ယခုချိန်မှာတော့ ဖုံးတစ်လုံးရဲ့ အသုံးဝင်မှုဟာ စကားပြောဖို့တင်မဟုတ်တော့ပဲ သီချင်း
တွေနားထောင်ဖို့၊၊ဗီဒီယိုတွေကြည့်ဖို့၊အွန်လိုင်းထဲဝင်ပြီး ကိုယ်သိချင်တာရှာဖို့၊စာတွေဖတ်ဖို့၊သတင်းတွေ
သိရဖို့၊ဓာတ်ပုံရိုက်လို့ရဖို့ အစရှိတဲ့ အခြားသောအရာတွေကရှေ့တန်းကိုရောက်လာပါတယ်...။

ကျွန်တော်တို့တစ်နေ့တာကာလမှာ ဖုံးကိုအသုံးပြုချိန် မိနစ်၃၀၀ရှိတယ်ဆိုရင် မိနစ်၅၀လောက်ကိုပဲ စကား
ပြောဖို့သုံးမိကြပြီး ကျန်တဲ့အချိန်တွေက အခြားအရာတွေကိုအသုံးပြုနေချိန်ဖြစ်နေတတ်ပါတယ်။ဖုံးတစ်လုံး
ကိုဝယ်ယူတော့မယ်ဆိုရင် လူတော်တော်များများက စကားပြောလို့ရရုံသက်သက်မဝယ်ကြတော့ပဲ တစ်ခြားဖန်ရှင်တွေပါမပါ စမ်းစစ်ပြီးဝယ်ကြတာများလှတယ်မဟုတ်ပါလားခင်ဗျာ...။

အဝတ်အစားဆိုရင်လည်း သူ့ရဲ့အဓိကတာဝန်က အရှက်လုံဖို့နဲ့ ရာသီဥတုအပူအအေးဒဏ်ကာကွယ်ပေး
ဖို့ပဲမဟုတ်ပါလား...၊သို့သော်ဒီနေ့ခေတ်မှာတော့ ဆန်းသည်ထက်ဆန်းသော၊လှသည်ထက်လှမည်ထင်
သောအဝတ်အစားတွေကိုပဲအဓိကထားလာကြပြီး အရှက်လုံဖို့၊ရာသီဥတုဒဏ်ကာကွယ်ပေးဖို့ဆိုတာက
သာမညဖြစ်သွားရုံမက တချို့သောအဝတ်အစားတွေဟာဖြင့် မူလရည်ရွယ်ချက်ကို မရှိတော့ပါဘူးခင်ဗျာ။

အသစ်အသစ်တွေပေါ်လာတာနှင့်အမျှ ထိုအသစ်တွေကို လိုချင်တပ်မက်စိတ်တွေ ကျွန်တော်တို့ဖြစ်ပေါ်
လာတတ်ပါတယ်..။မိမိရဲ့တပ်မက်စိတ်နောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း ကျွန်တော်တို့ရဲ့
ရုပ်ခန္ဓာရော၊စိတ်ခံစားမှုတွေကိုပါ အဆိုပါ အာရုံသစ်များထဲသို့နှစ်မြုပ်မိလိုက်လေ့ရှိတတ်ပါတယ်...။
တစ်နည်းအားဖြင့်တော့ တလောက ကိုရင် ရေးခဲ့သလိုပါပဲ...၊ဘဝနေမှုက တန်ဖိုးမြင့်သည်ထက်မြင့်လာပါ
တော့တယ်ခင်ဗျာ...။အဲဒီလိုဖြစ်လာတာကလည်း ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးယူမိတာပါပဲ...။

နောက်ဆုံးမှာတော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်မစားနိုင် ဆိုသလိုပါပဲ...၊မြင့်သည်ထက်မြင့်မားလာတဲ့ ရုပ်
ဝတ္ထုပစ္စည်းတွေနောက်ကိုလိုက်ရင်း၊ကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေက အဆိုပါရုပ်ဝတ္ထုများအတွင်းမှာ
ပျော်ဝင်နေရင်းဖြင့် ကျွန်တော်တို့ရဲ့ ဘဝနေမှုအဓိပ္ပာယ်တွေ ပျောက်ဆုံးသည်ထက်ပျောက်ဆုံးလာပါ
တယ်....။လူနှင့်လူခြင်းပေါင်းသင်းဆက်ဆံရေးတွေမှာလည်း ကြားခံပစ္စည်း တွေများသည်ထက်များလာ
ပါတော့တယ်...။ဘဝရဲ့ရိုးရှင်းစွာနေထိုင်ဖြတ်သန်းမှုဆိုတာကလည်း မရှိတော့သလောက်ဖြစ်လာပါပြီ..။

အဲဒီလို ဘဝအဓိပ္ပာယ်ကင်းမဲ့လာတာနှင့်အမျှ၊ဘဝနေမှုတွေ ရှုပ်ထွေးလာတာနှင့်အမျှ၊လူနှင့်လူအကြား
ပေါင်းသင်းဆက်ဆံမှုတွေ စိမ်းကားသည်ထက် စိမ်းကားလာတာနှင့်အမျှ နေပျော်တဲ့ဘဝအနှစ်သာရကို
ထိတွေ့ခံစားနိုင်ရခြင်းပါကင်းမဲ့လာပါတယ်...။ဘဝမှာနေလို့မပျော်တော့ပါဘူး...။ဘဝကနေလို့မပျော်တဲ့
အခါ သေခြင်းတရားကို လွယ်လွယ်နဲ့ ရွေးချယ်နိုင်လာကြတာ အားလုံးပဲသတိပြုမိကြမှာပါ...။

ဒီစာကိုရေးနေချိန်မှာ ကျွန်တော်ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတစ်ကားကို အမှတ်ရနေမိရဲ့...၊Into The Wild
(လို့ထင်ပါတယ်)ဆိုတဲ့ဖြစ်ရပ်မှန်ကားလေးပါ။အဓိကသရုပ်ဆောင်မင်းသားက သူဘွဲ့ရတဲ့နေ့မှာပဲ အား
လုံးကိုစွန့်လွှတ်၊ခြေရာဖျောက်ပြီး တောထဲတောင်ထဲတစ်ယောက်တည်းသွားနေတဲ့ဇာတ်လမ်းပါ။ဒါပေမယ့်
ယဉ်ကျေးတဲ့ကမ္ဘာ(လို့အများကလက်ခံထားတဲ့)မှာနေလာသူတစ်ယောက်အနေနဲ့ အရိုင်းကမ္ဘာထဲမှာ မဝင်ဆန့်တော့ပါဘူး...၊အသားတွေကို ပိုးလောက်တွေမတွယ်အောင်မထားသိုနိုင်တော့ စားကောင်းတယ်
ထင်တဲ့ အရွက်တစ်မျိုးကိုဆာလွန်းလို့စားမိပြီးချိန်မှာတော့ မစားကောင်းတဲ့အရွက်ဖြစ်နေတဲ့အတွက်
အသက်ဆုံးပါးသွားရှာပါတယ်...။

လက်ရှိအချိန်မှာ ကျွန်တော်တို့အနေနဲ့ အဲဒီလိုမျိုး သမိုင်းကိုတစ်ကြော့ပြန်သွားလို့မရတော့ပါဘူး..၊ပြန်
သွားဖို့လည်း မလိုအပ်ပါဘူးလေ...။ဒါပေမယ့် ကျွန်တော်တို့ ဘဝကို တတ်နိုင်သလောက်ရိုးရှင်းစွာနေ
ထိုင်သွားကြည့်ဖို့မကြိုးစားသင့်ဘူးလားခင်ဗျာ...။ကျွန်တော်တို့ဘဝမှာ အလိုအပ်ဆုံးအရာတွေလောက်
ကိုပဲ ပိုင်ဆိုင်ထားရှိပြီး ရောင့်ရဲတင်းတိမ်စွာ ဘဝကိုရင်ဆိုင်ဖြတ်သန်းကြည့်ကြပါစို့လားခင်ဗျာ...၊အနဲဆုံး...
နောက်ထပ်နောက်ထပ်သောအာရုံအသစ်တွေနောက် မလိုက်နိုင်ရင်လည်း လက်ရှိ ရှိနေသမျှနဲ့ပဲ ဘဝကို
ကျေနပ်ပျော်ရွင် ရိုးသားစွာ ကျွန်တော်တို့ကုန်ဆုံးကြပါစို့လို့.......။

မျိုးကြီးရဲ့ သီချင်းလေးကတော့ အားလုံးအတွက် ခရစ်စမတ်လက်ဆောင်ပါခင်ဗျား......


Friday, December 16, 2011

ကြုံသလိုဟင်းချက်ခြင်းအနုပညာ (သို့) anyhow cooking

အကယ်၍ မိန်းမနှင့်ယောင်္ကျား မည်သူ ဟင်းချက်ပိုကောင်းသနည်း လျှပ်တစ်ပြက်ဖြေပါ (ငါးမှတ်) ဟုအစ်မ
ကွန်စတိုင် မေးခွန်းထုတ်ခဲ့ပါက သင် မည်သို့သောအဖြေကိုပေးမည်နည်း....ရဲဘော်.....။ကျွန်တော်ထင်ပါ
သည်။ ရဲဘော်၏အဖြေမှာ မိန်းမ ဟူ၍ဖြစ်နေပါလိမ့်မည်။သို့သော်ကမ္ဘာ့အတော်ဆုံးစာဖိုမှုးများစာရင်းတွင်
ယောင်္ကျားများသာမင်းမူလျက်ရှိသည်ကိုရဲဘော်သတိပြုသင့်ပေသည်...။ထို့ပြင်တစ်ပိုင်းတစ်စကြည့်ဖူးသော
ကာရီးယိုးစီးရီးတစ်ခုတွင်စာဖိုမှုးဖြစ်သူမှာအတောင်နှစ်ဆယ်ဝတ်မင်းယောင်္ကျားကြီးဖြစ်သည်မဟုတ်ပါလား။

ကျွန်တော့်အတွက်တော့ထိုမေးခွန်းအတွက်အဖြေမှာ ယောင်္ကျားဟူ၍သာဖြစ်သည်။အဘယ်ကြောင့်နည်း...။
ကျွန်တော်တို့မိသားစုတွင် မီးဖိုချောင်၏တာဝန်ကိုရှစ်ဆယ်ရာခိုင်နှုန်းယူထားသူမှာကျွန်တော့်ဖေဖေဖြစ်နေ
သောကြောင့်ဖြစ်သည်။ဟုတ်သည်...။ဖေဖေသည်ဟင်းချက်အင်မတန်ကောင်းသူဖြစ်သည်။သူသည်ဘယ်နံ
ရောခါက မှ စားဖိုမှုသင်တန်းကိုလည်းတတ်ဖူးသူမဟုတ်ပါ။ဦးကြီးပု၏ချက်နည်းပြုတ်နည်း ၅၀၀ စာအုပ်ကို
လည်းယောင်လို့ပင်လှန်မကြည့်ပါ...။သူလူပျိုဘဝကလည်း မိဘကိုကူညီချက်ပြုတ်ခဲ့ခြင်းလည်းမရှိဟုသိရ
သည်...။သို့သော် ဟင်းတစ်ခါ ချက်ကာနီးတိုင်း ဦးကြီးပု သို့တစ်ခြားသောဟင်းချက်နည်းစာအုပ်များကို
မျက်မှန်ကြီးတစ်ဝင်းဝင်းနှင့်နည်းနာခံယူရလေ့ရှိသော မေမေ့ထက်ပို၍ဟင်းချက်ကောင်းသောဟူလို....:)))

ဘဇာကြောင့်ဤသို့ဖြစ်ရသနည်း...။ကျွန်တော်ထင်ပါသည်...။ကျွန်တော်တို့ယောင်္ကျားများတွင်မွေးရာပါ
တတ်မြောက်သော အတတ်ပညာများထဲတွင် ဟင်းကောင်းစွာချက်တတ်ခြင်းသည်လည်း တစ်ခုအပါအဝင်
ဖြစ်နေ၍ဖြစ်ပါလိမ့်မည်...။ဟိသစ္စံ..ဤစကားမှန်၏...။ဥပမာအနေဖြင့် ဝေးဝေးမကြည့်ပါနှင့် ရဲဘော်...။
ကျွန်တော့်ကိုပဲ ကြည့်ပါ...။နှစ်ပေါင်းသုံးဆယ်နီးပါးမျှ အဖေ၊အမေတို့ချက်ကျွေးသမျှ အသင့်လက်ဆေးစား
ခဲ့သော ကျွန်တော်ကား....ရှင်ကြားပူသို့ရောက်သောအခါ မဖြစ်မနေ ကွကို ချက်စားရတော့သည်....။
ဆရာကားမရှိ...၊ချက်နည်းပြုတ်နည်းစာအုပ်များလည်းမရှိ...။အတုယူစရာ အခန်းဖော်ကလည်း တရုတ်...။
သူချက်သော ချိုရဲပေါ့ရွှတ်ဟင်းများကို ကျွန်တော်မစားနိုင်...။သည်တော့ ကွကို အားကိုးရာ၏။ကိုယ်သာ
လျှင် ကိုယ့်မီးဖိုချောင်၏အရှင်သခင်ဖြစ်သည်မဟုတ်တုံလော ရဲဘော်....:)))

မဖြစ်ဘူးလားမမေးပါနှင့်...။ဖြစ်ပါသည်...။ဖြစ်သည်မှ ဖျစ် ဖျစ် ဖျစ် ဖျစ် တောင်မြည်နေသေး၏...။မြည်မှာ
ပေါ့...၊ဟင်းအိုးကြီးပစ်ထား၍ အခန်းထဲဝင်ကာ ဖဘ တွင် ပေါက်ကရလေးဆယ်များ ရေးနေသည်ဖြစ်ရာ
ဟင်းအိုးမှရေခန်း၍ ဖျစ်ဖျစ်မြည်ရုံမက တူးပါသွားသည်ကိုး....။သို့သော် ဤသည်က ဆယ်ကာရံတစ်ခါမျှ
သာဖြစ်လေသည်။ကျန်သောအခါများက (ကိုယ့်အတွက်တော့)အင်မတန်မှစားကောင်းသော ဟင်းများဖြစ်
လေသည်ပင်....။

ရှင်ကြားပူရောက်စက ကြက်သားနှင့်ဝက်သားလောက်ကလွဲ၍ ထွေလီကာလီများ သိပ်မချက်လှ၊ကြာသော်
ညန်မာပြည်သားဖြစ်သည့်အားလျှော်စွာ တောင်တောင်အီအီလေးများစားချင်လာသည်..။ပန်နစူလာရှိ
မြန်မာဆိုင်များကိုချည်း အခါတိုင်းအားကိုး၍မဖြစ်သည့် အားလျှော်စွာ ကွကို ချက်စားတော့သည်။
မွင်းဂါး *ချက်သည်။နို့စိမ်းခေါက်ဆွဲချက်သည်။ကြေးဆီ** တီးသည်။ပေါက်ဖော်တို့ဘာသာဖြင့် ကျူးဂျောင်
ဟုခေါ်သောဝက်ခြေထောက်ဆွတ်လုပ်သောက်၏။ဝက်ပုန်း***၊ဝက်မျှစ်၊ဝက်ကန်ဒီ (အဲ...ဝက်ချိုချဉ်ကြော်
ပြောတာ....:))) အစရှိသည်တို့ကား မိုင်နာကေ့စ် များဖြစ်လေ၏။သို့ဆိုသော်...ရဲဘော်၌မေးခွန်းတစ်ခု
မေးစရာရှိလာလိမ့်မည်..။မည်သို့ချက်သနည်း...ဟူ၍ပင်..။ဤသို့ပင်ချက်သည်ဟုပြောရမည်ပင်...။

ဟုတ်ပါသည်...။အဆင်ပြေသလိုချက်လိုက်သည်သာဖြစ်၏။စားမကောင်းဟူ၍ကား ကျွန်တော့်အဖို့မရှိ..။
(တစ်ခြားလူတော့ အာမ မခံ....:))စားကောင်းသည်ပင်...။ထို့ကြောင့် ကျွန်တော်ပြောသည်မဟုတ်ပါလော၊
ဟင်းချက်နည်းဆိုသည်မှာ ယောင်္ကျားတို့၏မွေးရာပါအတတ်ပညာပါဟု....။သို့သော်....၊တစ်နေ့သော
အခါတွင်မတော့ ကျွန်တော့်ဘောစိတစ်ယောက် ကျွန်တော့်အခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ
သောအခါတွင်မတော့ နာမည်ပျက်ကိန်းနှင့်ကြုံရလေတော့သည်...။မှတ်မှတ်ရရ ထိုနေ့က အလုပ်လည်း
ပါးသည်နှင့် ရုံးမှစောစောလစ်လာပြီးလျှင် ယခင်နေ့က ဝယ်ထားပြီးဖြစ်သော ကြက်တစ်ကောင်အား
မဆလာနိုင်နိုင်နှင့် ကြက်သားမဆလာချက်လေး ချက်နေသောအခိုက်တွင်ဖြစ်သည်။

အိမ်ရှေ့မှ အော်ခေါ်သံကြားသဖြင့် တံခါးဖွင့်ကြည့်ရာ မိန့်မိန့်ကြီးရပ်နေသော ဘောစိအား တွေ့လိုက်ရ
သော်  ဟိုက်....ငါတော့ရုံးစောစောလစ်လာတာ အကောခံရပြီဟုတွေးထင်မိလိုက်လေသည်..။သို့သော်
သူဌေးကား ဘာမှမပြော...၊ဒီဘက်ရပ်ကွက်ထဲက သူငယ်ချင်းတစ်ယောက်ဆီလာရင်း မင်းတို့ဆီလှည့်ဝင်
လာတာ....၊ဘာလုပ်နေလဲ..၊တရုတ်တွေရောဘယ်သွားလဲ...ဘာညာနှင့် အလာပသလာပသာပြော၏။
ပြောရသော် ထိုအိမ်ခန်းမှာ သူဌေးကိုယ်တိုင်ရှာပေးထားသောပြီး တရုတ်၃ယောက်နှင့်ကျွန်တော့်ကိုထား
ပေးထားသောအခန်းဖြစ်သည်။ထို့ကြောင့် သူ ကျွန်တော်တို့အိမ်ခန်းဆီသို့ တန်းတန်းမတ်မတ်ရောက်လာ
ခြင်းပင်..။

သို့နှင့် ကျွန်တော်လည်း ဘောစိအား ဧည့်ဝတ်ပြုကာ စကားရောဖောရောလုပ်ရသည်ပေါ့...၊ထိုင်ပါဦး...၊
ခဏနော်...ဟင်းချက်နေလို့....ဘာညာ နှင့် နောက်ဖေးမီးဖိုချောင်ထဲပြေး၍ မီးဖိုမီးသွားပိတ်သည်ရှိသော်
ကိုရွှေသူဌေးသည် မီးဖိုချောင်ထဲအထိလိုက်လာပြီး ဘာချက်နေလဲဟု စပ်စုလေတော့သည်..။ကြက်သား
ဟင်းနံရသော်...အံမယ်ကြည့်ရတာကောင်းမယ့်ပုံပဲ...၊မင့်က ချက်တတ်သားပဲဟ...၊ဘာလဲ...မြန်မာပြည်
မှာတုန်းက မင်းမာမား ချက်နည်းအတိုင်းချက်တာလား..ဟူ၍စပ်စုခြင်းအမှုကိုပြုလေတော့သည်။ကျွန်တော်
လည်း  မဟုတ်ပါဘူးဗျာ...၊အိမ်မှာတုန်းက အမေတို့ချက်ကျွေးသမျှစားလိုက်တာပါပဲ...၊တစ်ခါမှတောင်
ဝိုင်းကူမလုပ်ဖူးမိပါဘူး...၊ခုဒီရောက်တော့မှ ကျွန်တော့်ဘာသာ အဆင်ပြေသလိုချက်စားလိုက်တာပါပဲ  ဟု
အမှန်အတိုင်းပြောပြလိုက်သော် ဘောစိသည် ကျွန်တော့်အား  ဟင်...မင့်ဟာက anyhow cooking ပေါ့
ဟူ၍ မှတ်ချက်ချလိုက်သော ဟူလို....။

ထိုစကားသည် ထိုနေရာတွင်ပင်ပြီးသွားရမည်ဖြစ်သော်လည်း မပြီးသေး...၊နောက်တစ်နေ့ရောက်သော်
ရုံးတွင် စာရေးမလေးများကို ပြန်၍ဖောက်သည်ချလိုက်သေး၏။မနေ့က ငါ သူ့ဆီသွားလည်တာ ဒီကောင်
ဟင်းချက်နေတာတွေ့ခဲ့ရတယ်..၊anyhow cooking ပဲဟေ့...ဟူ၍ တစ်နေ့လုံးပြောမဆုံးတော့ပေ..။
စာရေးမလေးများကလည်း ကျွန်တော့အား တွေ့သည်နှင့် ဟဲ့...အနိုင် နင် ဒီနေ့ဘာချက်စားတုန်း...
anyhow cooking ပဲလား ဟူ၍ ကျီဆယ်ခြင်းအမှုကိုပြုကြလေတော့သတည်း....။

မှန်ပေသည်...။သူရို့ပြောသလို ကြုံသလို anyhow cooking လိုက်သည်သာဖြစ်သော်လည်း စားကောင်း
ဖို့သည်သာ ပဓာန မဟုတ်ပါလား ရဲဘော်....။အဘယ်မျှ ကြုံသလိုချက်သနည်းဆိုသော် တစ်ခါသား၌ ချဉ်
ပေါင်ကြော် ကြော်လေ၏။ကြော်ပြီး၍ ဒယ်အိုးထဲမှ ပန်းကန်ထဲပင်ထည့်ပြီးသွားပြီဖြစ်သည်။အရည်သောက်
လေးတစ်ခွက်ထပ်ချက်မည်ဟုကြံပြီး အအေးသေတ္တာဖွင့်ကြည့်တော့မှ စိမ်းစားငပိ ခေါ် မျှင်ငပိ ခေါ် ပုဇွန်
ငပိဘူးအားတွေ့သည်ရှိမှ ငပိမထည့်လိုက်ရသည်ကို သတိရတော့သည်...။ဘာလုပ်သည်ထင်ပါသနည်း..။
ချဉ်ပေါင်ကြော်များအား ဒယ်အိုးထဲပြန်ထည့်၍ အနှီး စိမ်းစားငပိအား ထပ်ရောသမမွှေလိုက်သေးလေ၏။:D

မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်ကား အတောင်နှစ်ဆယ်ဝတ် ဘုရားဆုပန်မင်းခယောင်္ကျားတို့ မွေးရာပါ
တတ်အပ်သော ကြုံသလိုဟင်းချက်ခြင်းအနုပညာကို ကောင်းစွာတတ်သည်နှင့်အညီ အဆင်ပြေသလို
ကြော်လှော်ချက်ပြုတ်၊ခူခပ်အပြတ်တုတ်လေ့ရှိသည်ဖြစ်၏။ ရဲဘော်တို့အားလည်း ကြုံလျှင် anyhow
cooking နည်းဖြင့် ချက်ထားသောဟင်းလျာများဖြင့် ဧည့်ဝတ်ပြုချင်ပါသေး၏။(မကြုံဖို့ရာ ဆုတောင်းကြပါ
ကုန်လော့ ရဲဘော်တို့....:))။ယခုမူကား ချက်မိသမျှကို လက်ဆော့ထားသော ဒါ့ပုံများဖြင့်သာ ရဲဘော်တို့
သွားရည်တောက်တောက်ကျစေရန် နှိပ်ဆက်ကလူခြင်းအမှုကို ပြုလိုက်ရပါတော့သည်....။အားလုံးသော
ရဲဘော်များ ပျော်ရွင်ဖွယ် ခရစ်စမတ်နှင့် ဘိလပ်နှစ်သစ်ကူးအခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျား.....။





ဤသည်ကား ကျွန်တော်၏နာမည်ကျော် မွင်းဂါး ဖြစ်၏။ ဤပုံကို ဖဘတွင်တင်သည်ရှိသော် ရှိရှိသမျှသော
ရဲဘော်အပေါင်း၏....ဟင်...ဘာကြီးတုန်း.....၊ဟယ်...ပဲဟင်းအိုးကြီးလား...၊အောင်မလေး..မွင်းဂါးစားချင်
စိတ်တောင်မရှိတော့ဘူး....ဟူ၍ ချီးမွန်းထောပနာသော ကွန်မန့်ပေါင်းများစွာကို လက်ခံရရှိခဲ့လေ၏ :P


ဤသည်မှာ ငပိထည့်ဖို့မေ့နေ၍ နှစ်ခါပြန်ကြော်ရသော ချဉ်ပေါင်နှစ်ပြန်ကြော် ဖြစ်ချေတော့သည်တစ်မုံ..:)


ကြက်သားမဆလာချက်ဖြစ်ပါသည်...။ဆီတော့ နည်းနည်းများသွားသည်.....:D


ဒါကတော့ ကြက်သားငရုတ်သီးကြော်ဖြစ်သည်...။သိပ်မစပ်ပါ...၊ငရုတ်သီးနှင့် တစ်သက်တာ မခေါ်စတမ်း
စာချုပ်ထားသောကြောင့် နဲနဲသာပါ၏။

ကွကို တီးတဲ့ ကြေးဆီ....၊ဘီဘီဘူးကတော့ လူရှိန်အောင်ထောင်ထားတာပါ....:P

(ဒီတစ်ခါတော့ ဒီလောက်ပါပဲ...၊တခြားဒါ့ပုံတွေတော့ နောင်ကြုံမှတင်ပါတော့မယ်...၊များများတင်လိုက်ရင်
စာဖတ်နေသူအပေါင်း သွားရည်တောက်တောက်ကျကုန်တာနဲ့ ကွန်ပြူတာတွေ ပျက်ကုန်မယ်စိုးလို့....:)))

ခတ်ဆစ်အဖွင့်...
မွင်းဂါး = မုန့်ဟင်းခါး
ကြေးဆီ= ကြေးအိုးဆီချက်
ဝက်ပုန်း=ဝက်သားနှင့် ပုန်းရည်ကြီး

Friday, December 9, 2011

အဲဒီနေ့က မြေခွေးတို့ မျက်ရည် မြေခခဲ့တယ်.......

ငါ....မြေခွေးတစ်ကောင်ဖြစ်တယ်....

ဒီအတွက် ငါ....ကောက်ကျစ်တယ်....

ငါ......

ရဲရဲရင့်ရင့် ကောက်ကျစ်တယ်....

ပျော်ပျော်ရွင်ရွင် ကောက်ကျစ်တယ်....

ရိုးရိုးသားသား ကောက်ကျစ်တယ်.....

သားရဲတွင်းထဲက ရင်သွေးတစ်မြုံအတွက်....

ငါ...ကောက်ကျစ်တယ်....

နံဘေးက လက်တွဲဖော်အတွက်...

ငါ...ကောက်ကျစ်တယ်.....

အပေါင်းအသင်းတွေအတွက်.....

ငါ...ကောက်ကျစ်တယ်....

သားရဲ တစ်, တစ်အတွက်.....

ငါ....ကောက်ကျစ်တယ်.....

ကမ္ဘာဦးအစ...တောကြီးရဲ့ ဥပဒေသအရ...

ငါ...ကောက်ကျစ်မှု သရဖူကိုဆောင်း....

အောင်ပွဲကို  သိမ်းတယ်.....။

ဒီလိုနဲ့........

အစိမ်းရောင်ရက်စွဲများအလွန်မှာ......

လွင်ပြင်ကိုဆင်းလာတဲ့ ခြေနှစ်ချောင်းနဲ့ နားရွက်တို.....တဲ့......။

ငါတို့ ဝမ်းတစ်ထွာအတွက် ကောက်ကျစ်ကြတဲ့အချိန်မယ်......

သူတို့ တစ်ကမ္ဘာစာ ကောက်ကျစ်ကြတယ်....။

ငါတို့ အပေါင်းအသင်းတွေကြား သစ္စာတရားနဲ့သွားကြတဲ့အခါမယ်....

သူတို့ ဇာတ်တူသားကို မြိန်မြိန်ရှက်ရှက် စားသုံးကြတယ်....။

ငါတို့ကောက်ကျစ်မှုထဲမှာ ဒီမြေကမ္ဘာ ပါမလာပေမယ့်....

သူတို့ရဲ့ သမိုင်းမှာ ဟောဒီကမ္ဘာ.....ရာဇဝင်ရိုင်းရရှာတယ်.....။

ပထမကမ္ဘာကောက်ကျစ်ပွဲ.....

ဒုတိယကမ္ဘာကောက်ကျစ်ပွဲ တွေနဲ့.....

အပြာရောင်နေ့တွေကို အနီရောင်လွမ်းစေခဲ့.....။

အတီတေကာလက ငါတို့ရဲ့ သရဖူကို.....ဆွဲချွတ်....

ငါတို့ ဦးညွှတ်ခဲ့ရတယ်....။

သူတို့တွေ အောင်လံထူခဲ့တယ်......။

အဲဒီနေ့က ငါတို့မျက်ရည် မြေကျခဲ့တယ်....

ငါတို့ ငိုခဲ့တယ်....

ကြည်ကြည်နူးနူး ငိုတယ်....

ငါတို့ ဆုံးရှုံးခဲ့တဲ့ ဟောဒီသရဖူအတွက်....

ဝမ်းနည်းပက်လက်...(ပြီးတော့) ကျေကျေနပ်နပ်....

ငါတို့ ငိုခဲ့တယ်......။

အဲဒီနေ့က မြေခွေးတို့ မျက်ရည် မြေ....ခ.....ခဲ့.....တယ်.....။

Friday, December 2, 2011

ရင် မှ ဆောင်း



မနေ့က အိမ်နဲ့ ဖုံးပြောဖြစ်သည်...၊အမေနဲ့ပြော....၊အစ်မနဲ့ပြော...၊ပြီးတော့ နောက်ဆုံးမှာအဖေနဲ့ပြော
တော့ အဖေက ဒီမှာတော့ နဲနဲအေးလာပြီကွ......တဲ့....။အဖေကအဲ့လိုပြောတော့ သတိရနေတဲ့ ဆောင်းကို
လွမ်းသွားမိတယ်...။မနေ့ကလည်း ရဲထွန်းဇော်က ဖဘမှာ sweetdecemberဆိုပြီးဒါ့ပုံလေးတစ်ပုံတင်တော့
ဘဝရဲ့ချိုမြိန်လှတဲ့ဒီဇင်ဘာဆောင်းနေ့၊ညတွေကိုသတိတရနဲ့လွမ်းမိပါရဲ့......။ဟုတ်သည်.......၊ကျွန်တော့်
အတွက်တော့ နွေသည် ပျင်းရိ၊ငြီးငွေ့မှု ကိုယူဆောင်လာလေ့ရှိသလို၊မိုး ကတော့ နာကျင်လွမ်းမောစရာများ
ကို ဆောင်ကျဉ်းလာတတ်သည်။သို့သော် ဆောင်း သည် ကျွန်တော်အတွက်ကြည်နူးစရာများ၊ပျော်ရွင်မှုများ
ကိုသာ လက်ဆောင်ပေးလေ့ရှိပါသည်။ထို့အတွက်ကြောင့်ပင် ဆောင်းသည် ကျွန်တော့ အချစ်တော်ရာသီ
ဥတုလေးတစ်ခု ဖြစ်လာခဲ့ပါသည်....။


ငယ်ဘဝဖြတ်သန်းမှုများကိုကျွန်တော်သိပ်မမှတ်မိပါ။တမ်းတမ်းတတလည်းမဖြစ်မိပါ။သို့သော်ဆောင်းရောက်
လာသည်နှင့်တစ်ပြိုင်နက်ကျွန်တော်သတိရမိတာလေးတစ်ခုရှိသည်။အဖေ၊အစ်မတို့နှင့်အတူ ဆောင်းနံနက်
ခင်းများတွင်လမ်းလျှောက်ထွက်ခြင်းပင်..။မေမေ့လက်ရာသိုးမွေးဦးထုတ်လေးကိုယ်စီဆောင်းရင်း၊ဖလံထည်
အနွေးဝတ်စုံလေးဝတ်ရင်း၊ ကန်တစ်ရာ ဟုကျွန်တော်တို့ခေါ်လေ့ရှိသည် ငါးမွေးမြူရေးကန်များဘက်သို့
ဖေဖေနှင့်အတူ လမ်းလျှောက်ထွက်ခဲ့ခြင်းများကို ကျွန်တော် ဆောင်းဝင်လာတိုင်းသတိရမိသည်။ဖေဖေတို့
လူကြီးများကတော့ ပုံမှန်လေးလျှောက်နေကြပေမယ့် ကျွန်တော်တို့ကတော့ ဟိုးအရှေ့ကိုအပြေးလေးသွား
လိုက်၊မောလာလျှင်လူကြီးတွေကိုငုတ်တုတ်လေးထိုင်စောင့်လိုက်နှင့် ဆောင်းချမ်းချမ်းတွင် ချွေးလေးများပင်
စို့လာတော့သည်။အပြန်လမ်းတွင်မတော့ ဟာနေပြီဖြစ်သော ဗိုက်ကို ကောက်ညှင်းငချိတ်နှင့်ပဲပြုတ်ပူပူနွေး
နွေးလေးဖြည့်လိုက်ရသည်မှာလည်း မမေ့နိုင်သော တမ်းတမှုလေးတစ်ခုပင်....။


~~~~~~~~~~~~~~~~~

ဆောင်းဝင်လာလျှင် ဖေဖေလုပ်လေ့လုပ်ထရှိသောအရာတစ်ခုရှိသည်။ကျွန်တော်တို့ ခြံဝိုင်းလေးထဲတွင်
ဘူးပင်လေးများပျိုးရင်း၊ဘူးစင်လေးတစ်စင်ထိုးခြင်းပင်....။ကောက်ရိုးများကြားမှ ထိုးထွက်လာသော ဘူးပင်
လေးများကို မနက်လမ်းလျှောက်ရာမှပြန်ရောက်လာတိုင်း တခုတ်တရ စောင့်ကြည့်ရသည်က ကျွန်တော့်
အတွက်တော့ အင်မတန်အရေးကြီးလှသောအလုပ်တစ်ခုပင်...။ဘူးပင်လေးများ အတန်မြင့်မားလာပြီဆို
လျှင် အညွှန့်ဖြတ်ပေးရသည်။ဖြတ်လိုက်သောဘူးညွှန့်များကို ပုဇွန်လေးဖြင့် ကြော်ချက်လေးချက်သည့်
နေ့တွင်မတော့ ကျွန်တော်တို့တစ်မိသားစုလုံး ထမင်းစားမြိန်လှသည့်နေ့တစ်နေ့ ကိုပိုင်ဆိုင်ရလေပြီ...။


စင်တွင် အသီးတင်ပြီဆိုလျှင် ပထမဆုံးအသီးကို မခူးပဲအခြောက်ထားလေ့ရှိသည်။နောင်နှစ်အတွက် မျိုး
အဖြစ်ပင်...။နောက်အသီးများကိုတော့ လက်ဆောင်ပေးတန်ပေး၊ရောင်းတန်ရောင်းသလို အိမ်တွင်လည်း
တစ်ခါတစ်ရံ ဘူးသီးကြော် ကြော်စားကြသည်။ဟိုးတုန်းကတော့ ခုလိုမျိုး အသင့်သုံးအကြော်မှုန့်တွေပေါ်
သေးသည်မဟုတ်ပါ။အိမ်နီးနားချင်းအကြော်သည်အဒေါ်ကြီးထံမှ မုန့်နှစ်အနည်းငယ်ဝယ်ပြီးကြော်ရသည်။
များသောအားဖြင့် ညနေပိုင်းတွင်ကြော်ပြီး ညစာဟင်းအဖြစ် ဘူးသီးကြော်သုပ် စားကြသည်။


ဒီနေ့ ဘူးသီးကြော်စားကြမယ်ဟေ့....ဟု အမေမှာကြော်ငြာလိုက်သည့်နေ့တွင် ကျွန်တော်တို့မောင်နှမနှစ်
ယောက်စလုံး ညနေကျောင်းဆင်းချိန်ကို ခါတိုင်းထက် မျှော်မောနေရတတ်သည်။ကျောင်းဆင်းသည်နှင့်
အရင်လို အရုပ်သည်များ၊ဘူဗောင်းသည်များရှေ့တွင် ငေးမောမနေတော့....၊အိမ်သို့သာ ဒုန်းစိုင်းပြေး
လေတော့သည်။ ကျွန်တော်တို့ကျောင်းဆင်းချိန်လောက်တွင် မေမေလည်း သူ၏ဘူးသီးကြော်စီမံကိန်းကို
စတင်နေပြီဖြစ်သည်။မန်ကျီးမှည့်၊ငုတ်သီးပွ၊ကြက်သွန်ဖြူတို့နှင့် ပြုလုပ်ထားသည့် အချဉ်လည်းအသင့်ဖြစ်
နေပြီ၊အကြော်တစ်ချို့လည်း စကာဗန်းလေးထဲရောက်နေပြီ..၊ကျွန်တော်တို့မောင်နှမ ကျောင်းစိမ်းကိုပင်
မလဲနိုင်ပဲ ဗန်းထဲမှ ဘူးသီးကြော်ပူပူလေးကို အချဉ်ရည်ဖြင့် တစ်ခုပြီးတစ်ခုတို့စားကြသည်မှာ မေမေမှ...
ဟဲ့ကလေးတွေ ညစာသုပ်စားဖို့ချန်ဦး ဆိုမှ ရပ်လေတော့သည်....။


~~~~~~~~~~~~~~


အထက်တန်းကျောင်းသားဘဝရောက်တော့ ဆောင်းညခင်းများတွင် စောင်ထွေးထွေးလေးခြုံပြီး စောစော
အိပ်လေ့ရှိသည်။မနက်စောစောထ စာကျက်မည်ဆိုသောအကြောင်းပြချက်က အိပ်ရာစောစွာဝင်ဖို့ရာ
ကောင်းစွာလုံလောက်သည်မဟုတ်ပါလား....။တကယ်လည်း ကျွန်တော်တို့စောစောထကြပါသည်။ညနေ
ကတည်းက လှည်းကျင်းစုစည်းထားသောအမှိုက်များနှင့်အတူ သစ်တုံးကြီးကြီးတစ်တုံးကို မီးရှို့ပြီး မီးလှုံရင်း
စာကျက်ကြလေ့ရှိသည်။အစ်မဖြစ်သူက အမှန်တကယ်စာကျက်သော်လည်း ကျွန်တော်ကတော့ မီးဖိုတစ်ဖို
နှင့် ဆော့ရင်း၊ကျွန်တော်တို့နှင့်အတူ မီးလာလှုံသော ခွေးကြီးစုတ်ဖွားအား စရင်းဖြင့် ချစ်စရာကောင်းသော
ဆောင်းနံနက်ခင်းများကိုကျော်ဖြတ်လာခဲ့ပါသည်....။

~~~~~~~~~~~~~

ဆောင်းညသည် ရှည်လျားလှပါသည်....။သို့သော် ထိုထိုသော ဆောင်းညများကိုပင် ကျွန်တော်ချစ်မက်
ရသည်။လသာသောဆောင်းညခင်းများတွင် ကျွန်တော်တို့မိသားစုတွေ အိမ်ရှေ့မြေကွက်လပ်တွင် ထိုင်ခုံ
လေးများချ၍ မိသားစုဝိုင်းဖွဲ့ထိုင်လေ့ရှိ၏။ထိုစဉ်က ရုပ်မြင်သံကြားစက်တွေဘာတွေ ရှိသည်မဟုတ်သေး၊
ထို့အတွက်ကြောင့်ပင်လားမသိ...၊အားလပ်နေသော ဆောင်းညခင်းများသည် နွေးထွေးသော မိသားစု
အရသာကို အပြည့်အဝပေးစွမ်းနိုင်လေသည်။

နောက်ပိုင်းကာလများတွင် အဖေ၊အမေတို့အိမ်ပြင်ထွက်ထိုင်လေ့မရှိတော့သော်လည်း ကျွန်တော်ကတော့
ဆောင်းညခင်းများတွင် အိမ်ရှေ့ထိုင်ခုံလေး၌ တစ်ယောက်တည်းပင် ထိုင်လေ့ရှိသည်။ကျွန်တော်တို့ အိမ်နှင့် အတန်ငယ်ကွာလှမ်းသော ဘုန်းတော်ကြီးကျောင်းမှာ နှစ်စဉ် နတ်တော်၊ပြာသိုလများသို့ရောက်
လေတိုင်း၊အသံမစဲပဋ္ဌာန်းပွဲကျင်းပမြဲပင်ဖြစ်ရာ၊ ညလူခြေတိတ်ချိန်တွင် ပျံလွင့်လာတတ်သောပဋ္ဌာန်းတရား
ကို နာကြားရသည်မှာ ကြည်နူးဖွယ်ကောင်းလေစွ....။တိတ်ဆိတ်ရှည်လျားသော ဆောင်းညလယ်တွင်
တစ်ပါးပြီးတစ်ပါး ရွတ်ဖတ်သွားသော တရားသံကိုနာခံရင်း ဒီကိုယ်တော်ကတော့ ဦးဇင်းဓမ္မထင်ရဲ့၊ဒီဦးဇင်း
ကတော့ ဦးဇင်းတိလောကပဲဖြစ်မယ်...အစရှိသဖြင့် ကျွန်တော်သိသော ဦးဇင်းများဖြစ်လေမလားရယ်လို့
ခန့်မှန်းနေတတ်ခဲ့သည်...။

~~~~~~~~~~~~~~~~

ကျွန်တော်အရွယ်လေးအတန်ရလာတော့ ယစ်ရွှေရည်ယမကာဟုခေါ်သော သူရာအရက်ကိုကြိုက်နှစ်သက်
တတ်လာပြီ..။အရက်သမားတို့မည်သည် ဥတုသုံးပါးစလုံးသောက်တတ်ကြသည်မှန်သော်လည်း ကျွန်တော့်
အတွက်တော့ ဆောင်းညများသည်သာ အခြားအခြားသောညများထက် ပိုလို့သောက်ဖြစ်တတ်သည်။ပိုလို့
သောက်ကောင်းနေတတ်သည်။ည ကိုးနာရီထိုး၍ ကျွန်တော့်ဆိုင်လေး ပိတ်သိမ်းပြီးသည်နှင့် စက်ဘီးကို
သွက်သွက်လေးနင်းလို့ လမ်းထိပ်သူရာဆိုင်သို့ချီတတ်စမြဲပင်...၊ပုံမှန်အားဖြင့် ကျွန်တော်တစ်ဦးတည်း
သာ အရက်ကိုဇိမ်ဆွဲ၍ သောက်လေ့ရှိသည်။စောင်ခြုံလို့မနွေးသောရင်ကို သူရာရည်ဖြင့် အအေးပျောက်
စေလျက် တစ်ယောက်တည်း တွေးချင်ရာတွေး၊ငေးချင်ရာငေးရသည်မှာလည်း အရသာတစ်မျိုးပင်....။


အိမ်ပြန်ရောက်သော် အမေခူးခပ်ပေးထားသော ထမင်းကိုစားပြီး အိမ်ရှေ့ ဝရန်တာတွင်ထိုင်လျက်
ဆေးလိပ်တစ်လိပ်ဖွာကာ မပြီင်္းသေးသော အတွေးပန်ချီကားကို ဆောင်းညများတွင် ဆက်လက်ရေးဆွဲနေမိ
တတ်သည်။ညလူချေတိတ်ချိန်၊ ဟိုးအဝေးမှ ပျံလွင့်လာတတ်သော၊ရပ်ကွက်တွင်းမှ ကျောင်းသားငယ်တို့၏ တစ်စာစာတစ်အံအံစာကျက်သံစည်းချက်ကို နားထောင်ရင်း၊ရင်ကွဲပုရစ်တို့၏ တကျီကျီမြည်သံကိုမပျင်းမရိ
အာရုံစိုက်နေရင်း၊ ဆောင်းည၏အအေးဓာတ်ကို တစိမ့်စိမ့်ခံယူရင်း ဇရက်မင်းစည်းစိမ်ကို ခံစားရသည်
မှာလည်း ခုချိန်မှာ လွမ်းမောဖွယ်ရာပင်.....။


~~~~~~~~~~~~~~~~

ယခုချိန်တွင်တော့ ဆောင်းသည် ကျွန်တော့် အဝေးတွင် သူ့အလိုအတိုင်း အေးမြဲအေးနေပါသည်။ဝေးနေ
သော်လည်း ဆောင်း ဆိုသည့်အသံကြားလိုက်ရရုံဖြင့် ကျွန်တော့် ရင်ထဲ ကြည်နူးအေးမြမှုတို့ ဝင်ရောက်
စမြဲပင်...။ဆောင်းအဝေးတွင် ရှိနေသည့်တိုင် ပြက္ခဒိန်စာမျက်နှာထက် ဆောင်းရက်တို့ချဉ်းနင်းဝင်ရောက်
လာသည်နှင့် တစ်ပြိုင်နက် ကျွန်တော့်ရင်ထဲတွင်လည်း ချမ်းမြေ့အေးမြသော ဆောင်းနံ့ဖြင့် သင်းပျံထုံရီ
လျက်......။

ကျွန်တော့် အတွက်တော့ နွေသည် ပျင်းရိ၊ငြီးငွေ့မှု ကိုယူဆောင်လာလေ့ရှိသလို၊ မိုး ကတော့ နာကျင်၊လွမ်း
မောစရာများကို ဆောင်ကျဉ်းလာတတ်သည်။သို့သော် ဆောင်းသည်ကျွန်တော်အတွက်ကြည်နူးစရာများ၊
ပျော်ရွင်မှုကိုသာ လက်ဆောင် ပေးလေ့ရှိပါသည်။ ထို့အတွက်ကြောင့်ပင် ဆောင်းသည် ကျွန်တော့်
အချစ်တော်ရာသီဥတုလေးတစ်ခု ဖြစ်လာခဲ့ပါတော့သည်....။



Sunday, November 27, 2011

မိန်းမဟူသည် (ဇာတ်သိမ်း)

ပညာရှိကြီးလောင်းဇူ ၏အသုဘပြီးဆုံးသွားသည်မှာ နှစ်ပတ်ခန့်ရှိသွားပြီင်္ဖြစ်သည်။မေဟွာလေးမှာ ပူဆွေး
ဝမ်းနည်းစွာဖြင့်အိမ်တွင်းမှအိမ်ပြင်ပင်မထွက်ရှာ၊ဝမ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံကိုလည်းခုထိမချွတ်သေး။
ချစ်စွာသောခင်ပွန်းသည်၏ကမည်းတိုင်ရှေ့တွင်ပင်တစ်နေ့လုံးအချိန်ကုန်နေရှာတော့သည်။တစ်နေ့တွင်....

"အိမ်ရှင်တို့....အိမ်ရှင်တို့ခင်ဗျား....ဒါ ဆရာကြီးလောင်းဇူအိမ် ဟုတ်ပါသလားခင်ဗျား......"

အိမ်ရှေ့မှ တကြော်ကြော်အော်ဟစ်ခေါ်နေသော တစိမ်းတစ်ယောက်၏အသံကြောင့် မေဟွားလေးမှာမနေ
သာတော့...၊ခုချိန်တွင် မည်သူ့ကိုမျှလက်ခံတွေ့ဆုံလိုခြင်းမရှိသေးသော်လည်းမနေသာတော့သောကြောင့်
အိမ်တံခါးကိုဖွင့်၍ ကြည့်လိုက်ရာ....တစိမ်းယောင်္ကျားပျိုတစ်ဦးကို ဝန်စည်စလွယ်များနှင့်အတူတွေ့လိုက်ရ
လေတော့သည်။ထိုလူစိမ်းကိုတွေ့လိုက်ရသည်ခဏ မေဟွားလေးမှာရုတ်တရက် ငေးငိုင်သွားရတော့သည်။
နက်မှောင်သောဆံကေသာ၊နုနယ်ပျိုမြစ်သောမျက်နှာပေါ်မှ ထင်ရှားသောမျက်ခုံး၊ကြစုသီးသဏ္ဍန်မျက်လုံး၊
ကြန့်ခိုင်သောခန္ဓာ ကိုပိုင်ဆိုင်ထားသော ခန့်ညားချောမောသည့် လူငယ်လေးတစ်ဦးပါလား...။

"'ဒီအိမ်က ဆရာကြီးလောင်းဇူအိမ်ပါလားခင်ဗျာ...."

ချိုသာယဉ်ကျေးစွာမေးမြန်းလိုက်သော စကားသံကြောင့် မေဟွားလေး သတိပြန်ဝင်လာသည်။

" ဟုတ်ပါတယ်ရှင်...."

"ကျွန်တော့်က လျှိုအမျိုးအနွယ်ကပါ ဆရာကြီးဆီမှာ ပညာသင်ကြားချင်လို့နေပြည်တော်ကလာခဲ့ရတာပါ၊
ဆရာကြီးနဲ့တွေ့ခွင့်ရပါရစေခင်ဗျ..."

" အို....နေပြည်တော်ကတောင်ရခဲ့ရလေသလား....၊အလာကောင်းပေမယ့်၊အခါနှောင်းသွားပြီ မောင်မောင်
ရဲ့၊ဆရာကြီးဆုံးသွားတာ နှစ်ပတ်ကျော်ပြီကွယ့်...."

"ဟင်.....ဖြစ်မှဖြစ်ရလေဗျာ....."

ရုတ်တရက်ညိုးနွမ်းသွားသော လုလင်ပျို၏မျက်နှာနုနုလေးကိုကြည့်ရင်း မေဟွားစိတ်ထဲမှ ဂရုဏာစိတ်တို့
ယိုဖိတ်လာချေပြီ.....။

" ကဲပါလေ..ရောက်ပြီးမှတော့ အိမ်ထဲဝင်ပါဦး...."

သို့နှင့်ပင် မေဟွားလေးမှာ ကိုယ်ပေါ်မှဝမ်းနဲခြင်းအထိမ်းအမှတ်ဝတ်စုံကိုပင် ဘာသာသတိမထားနိုင်တော့၊
တစိမ်းယောင်္ကျားပျိုလေးအား အိမ်ထဲသို့ဖိတ်ခေါ်၍ ဧည့်ဝတ်ပြုမိလေပြီ။

"ရေနွေးကြမ်းသုံးဆောင်ပါဦးကွယ်...."

ယောင်္ကျားပျိုလေးအား တည်ခင်းသော ရေနွေးကြမ်းအိုးလေးသည် တချိန်က ချစ်စွာသောခင်ပွန်းသည်အား
အမြတ်တနိုး တိုက်ခဲ့သော အိုးလေးဖြစ်နေသည်ကိုလည်း သတိမထားမိတော့....။

" ဒါနဲ့ ဒီက မမ က...."

သူတစိမ်း၏မေးခွန်းအဆုံး၌ မေဟွားလေးမှာ မျက်နှာညိုးသွားရသည်။ခင်ပွန်းသည်ကိုပင်သတိရသွား၍
လော...၊မိမိသည် အပျိုမလေးမဟုတ်ပဲ ပူပူနွေးနွေး လင်သေမုဆိုးမလေးဖြစ်နေ၍လော ဆိုသည်မှာမူ
မေဟွားကိုယ်တိုင်အသိဆုံးဖြစ်ပေလိမ့်မည်။

" မမ ကဆရာကြီးလောင်းဇူရဲ့ ဇနီးသည်ပါကွယ်...."

"အော်......"

ယေင်္ကျာပျိုလေး၏မျက်နှာ၌ အမျိုးအမည်မသိ ခံစားမှုတစ်ခု ဖြတ်ပြေးသွားသည်ဟု မေဟွားလေး မှတ်ထင်
လိုက်မိသည်။နှမြောခြင်းလော၊တစ်စုံတစ်ရာမျှော်လင့်ခြင်းလော.....။

"ဆရာကြီးရဲ့ ဂုဏ်သတင်း၊ဆရာကြီးပြုစုခဲ့တဲ့ ကျမ်းစာတွေရဲ့ ဂုဏ်သတင်းက နေပြည်တော်ထိတောင် မွေး
လှပေမယ့်၊ ဆရာကြီးဆီမှာ ဒီလောက်ချောမောလှပတဲ့ ဇနီးသည် လေးရှိနေတာတော့ တစ်ရံတစ်ဆစ်မှ
မကြားမိခဲ့ပါလားဗျာ...၊အင်း ကျွန်တော့်မယ် ဆရာကြီးဆီ ပညာသင်ချင်လွန်းလို့ ခက်ခဲလှတဲ့ခရီးကြမ်းကို
ဖြတ်သန်းလာခဲ့ရတာ..၊ခုတော့...."

ယောင်္ကျားပျို၏စကားအဆုံးတွင် မေဟွားလေးပါးပြင်ပေါ်၌ နှင်းဆီတစ်ခင်းဖြတ်ပြေးသွား၏။မိမိအလှအပေါ်
ကျေနပ်စိတ်ဖြင့် ဘာမှပြန်မပြောမိ....။

" မမရယ်.....၊ကျွန်တော် ရောက်လက်စနဲ့တော့မထူးပါဘူး....၊ဆရာကြီးရဲ့ကျမ်းစာတွေကို ကျွန်တော့်ကို
လေ့လာခွင့်များပြုနိုင်မလားခင်ဗျာ...."

"အင်း..ကျမ်းစာတွေကိုလေ့လာတာကတော့ ဟုတ်ပါရဲ့...မောင်မောင်က ဘယ်မှာတည်းခိုမှာတုန်းကွယ် "

"'ဒါကတော့ မမရယ်...ရွာပြင်ဇရပ်မှာပဲနေရမယ်ထင်ရဲ့...."

ခက်ချေပြီ၊ရွာပြင်ဇရပ်ဆိုတာ ညအိပ်ညနေ နေလို့ကောင်းသည်မှမဟုတ်တာပဲလေ.....။

"အို....ဒီလိုတော့ ဖြစ်မလားကွယ်...၊ကိုယ့်ဆီလာတဲ့သူကိုဧည့်ဝတ်မကြေသလိုဖြစ်နေမပေါ့၊ဒီတော့ ဆရာကြီးရဲ့ စာကြည့်ခန်းမှာပဲ နေပြီး ကျမ်းစာတွေကိုလေ့လာပေတော့ကွယ့်...."


သို့နှင့်ပင် ပညာရှိကြီးလောင်းဇူ၏ စာကြည့်ခန်း၌ တစိမ်းဧည့်သည်တစ်ဦးသောင်တင်နေလေပြီ၊နေထိပန်း
သို့ ညိုးနွမ်းနေသော မေဟွားလေးလည်း မိုးဆန်းပန်းလေးအလား လန်းဆန်းလာချေပြီ။အော်...အသစ်
တဖန်ပြန်လည်မွေးဖွားလာသော အချစ်၏စွမ်းပကားလေများလား.....:D

ရွေဧည့်သည်ကား စာကြည့်ခန်းထဲတွင်ပင် အပတ်တကုတ် ကျမ်းစာများကိုလေ့လာနေလေ၏။စရောက်
သောနေ့က စကားသွက်သလောက် နောက်ရက်များတွင်တော့ မေဟွားလေးအား စကားပင်ဟဟမပြော၊
မေဟွားလေး ကြိုးစားပမ်းစားချက်ပြုတ်ကျွေးမွေးသမျှကို ကောင်းသည်၊ဆိုးသည်မပြော၊တိတ်ဆိတ်စွာပင်
နေ နေရှာလေသည်။

စိတ်ထဲ မခံချိမခံသာဖြစ်ရသည်က မေဟွားပင်...၊သူခမျာ မနက်မိုးလင်းသည်နှင့်သူ့ကိုယ်သူလှသည်ထက်
လှအောင် ပြင်ရသည်။ကောင်းနိုးရာရာလေးများကို အားကြိုးမာန်တတ်ချက်ပြုတ်ကျွေးမွေးရသည်။သို့ပေ
မင့် ရွေဧည့်သည်လေး၏ပါးစပ်မှ ဘာတစ်ခွန်းမှထွက်မလာ...။ဒိန်းတလိန်းနတ်ကား မေဟွားလေးကိုဖမ်း
စားလေပြီထင့်....။

တစ်နေ့သော ညနေခင်းတွင်မတော့ မေဟွားလေးသည် ရေနွေးကြမ်းအိုးလေးတစ်အိုးဖြင့် စာကြည့်ခန်းထဲ
ဝင်ရောက်လာပြီးလျှင် ရွေဧည့်သည်လေးအား ဧည်ဝတ်ပြုရှာလေသည်။ကိုရွေဧည်သည်ကား...ကျမ်းတစ်
အုပ်ဖြင့် အလုပ်ရှုပ်နေရာမှ မေဟွားလေးအား မျက်မွေးထော်လို့မှ မော်မကြည့်...။မေဟွားလေးခမြာ မခံချိ၊
မခံသာစိတ်ဖြင့်...

"ဒီမှာ မောင်မောင်....၊မောင်မောင်ရှိနေတဲ့ ဒီရက်ပိုင်းအတွင်း မမ မင်းကို ဧည့်ဝတ်ကျေစွာပြုစုပါရက်ကယ်
နဲ့ ဘာကြောင့်များ လူကို ဖုတ်လေတဲ့ငပိရှိသည်တောင်မအောင်မေ့၊စကားတစ်ခွန်းတောင်ပြောဖော်မရ
တာ ဘာကိုများမကျေနပ်လေသလဲကွယ်...၊မမ မင်းအပေါ် တစ်စုံတစ်ရာ ဧည့်ဝတ်မကျေတာရှိလို့လား...၊
ပြောစမ်းပါကွယ့်....."

" အို...မဟုတ်...မဟုတ်ရပါဘူး...မမရယ်...၊ကျွန်တော်.....ကျွန်တော်လေ....၊အို....ရှင်းရှင်းပဲပြောတော့
မယ် မမရယ်...၊ကျွန်တော် မမကို မြင်စကတည်းက ချစ်ခင်စွဲလန်းစိတ်တွေက တားဆီးမရ၊နေ့နေ့ညည၊
မမ ကိုပဲ တသနေမိတာရယ်..၊ဒါပေမယ့် ဆရာကြီးရဲ့ အိမ်ရိပ်မှာနေပြီး ဆရာကြီးမယားကိုစော်ကားသလို၊
ဖြစ်မှာစိုးလေတယ်...၊မမနဲ့စကားများပြောမိရင် ခုလို ချစ်စိတ်တွေပေါက်ကွဲထွက်လာရင်ဖြင့် မမ ကျွန်တော့်အပေါ် ညိုညင်မှာစိုးလို့ ဘာစကားမှမပြောမိအောင်နေမိခြင်းရယ်ပါဗျာ....."

" အို....ဖြစ်ရလေမောင်မောင်ရယ်...၊မမမှာဖြင့် မဆွတ်ခင်ကညွှတ်ချင်စိတ်နဲ့ မောင်မောင့်စကားအဟ ကို
စောင့်စားမျှော်လင့်နေရသူမှန်းမသိလေရော့သလား၊ဆရာကြီးလည်း ဘဝတစ်ပါးပြောင်းသွားပြီပဲကွယ်...၊
ဘာကြောင့်များ စိုးရိမ်ကြောင့်ကြနေရသတုန်း...." ဟု မေဟွားလေးမှာ ကတုန်ကယင်၊ပျော်ရွင်၊ကြည်နူး
ခြင်းအပြည့်ဖြင့် ဆိုလိုက်ရင်ပဲ.....

"အို....ဝမ်းသာလိုက်တာ မမရယ်...ဒါဖြင့် ဘာကြောင့်များအချိန်ဆွဲနေမလဲ၊နောက်နေ့ ကျွန်တော်နဲ့အတူ
နေပြည်တော်ကို လိုက်ခဲ့ပါတော့နော်....."

" အဲ....အဲ့လိုတော့ချက်ချင်းကြီးမဖြစ်သေးဘူးကွယ့်၊မမ သွားလေသူကြီးကို ပေးထားခဲ့တဲ့ ဂတိတစ်ခုတော့
ရှိတယ်..၊အဲ့ဒါကတော့ နောက်အိမ်ထောင်ပြုမယ်ဆိုရင် သူ့အုတ်ဂူခြောက်အောင်စောင့်ပါ့မယ်ဆိုတဲ့ ဂတိ
ပဲကွယ့်..၊အင်းခုလောက်ဆိုရင်လည်း သူ့အုတ်ဂူခြောက်လောက်ပါပြီကွယ်..၊သို့ပေမယ့် သေချာအောင်
မနက်ကျ မမ သွားကြည့်ပါဦးမယ်....၊ဒီတစ်ညတော့ စောင့်ပါဦးကွယ်...နော်...."

သို့နှင့် နောက်နေ့မနက်စောစော မေဟွားလည်း ဆရာကြီးကိုနောက်ဆုံးနှုတ်ဆက်ခြင်း ပန်းစည်းလေးကိုင်
ကာ သုဿန်သို့သွားရှာလေသည်။သို့သော်.....ပညာရှိကြီးအုတ်ဂူမှာ ခြောက်ဖို့ဝေးစွ၊မနေ့တနေ့ကမှ
ဂူသွင်းထားသည့်အလား စိုထိုင်းထိုင်းပင်ရှိသေးသည်တစ်ကား....။

"ဟင်း....မောင်မောင်ရေ....၊အုတ်ဂူကမခြောက်သေးဘူးကွယ်...အစိုကြီးရှိသေးသကွယ့်...."

မေဟွားလေး အိမ်ပြန်ရောက်သော် မျော်လင့်တကြီးစောင့်စားနေရှာသောသူအား အထက်ပါအတိုင်းပြော
လိုက်သည်ရှိသော်....

"ဟင်း...မမရယ်....၊အစကတည်းက ကျွန်တော်ဖွင့်မပြောလိုက်ရကောင်းသား...၊ခုတော့ ကျွန်တော် မမနဲ့
နီးချင်စိတ်တွေက တားမရတော့ဘူးမမရယ်....."

"အို...မောင်မောင်ရယ်..၊စိတ်မပျက်ပါနဲ့ ဒီနေ့မခြောက် နောက်နေ့ခြောက်လိမ့်မပေါ့...၊သည်းခံပြီးစောင့်
ပါကွယ်..."

သို့နှင့် တစ်ရက်ပြီးတစ်ရက် မေဟွားခမြာ သုဿန်သို့သွားကြည့်ရှာသည်။အုတ်ဂူမှာ မခြောက်နိုင်သေး၊
စောင့်စားနေရသူ ချစ်သောမောင်မောင်မှာလည်း မစားနိုင်၊မအိပ်နိုင် တပိန်ပိန်တလိန်လိန်ဖြစ်နေပြီဖြစ်ရာ
မေဟွားလေးမှာ မချိသောနှလုံးဖြင့် နောက်ဆုံးကြံရာမရတော့သည့်အဆုံး၊ တစ်နေ့တွင် ပညာရှိကြီး၏
အုတ်ဂူရှေ့ ကြုံကြုံလေးထိုင်ကာ အမြန်ခြောက်သွားစေခြင်းငှာ ယပ်တောင်လေးဖြင့် ခပ်ပေးနေရှာတော့
သည်။

"အလို....ဒီကနှမ...ဘာကြောင့်များ မျက်နှာမသာမယာနှင့် အုတ်ဂူအား ယပ်ခပ်ပေးနေရသလဲကွယ်...
ကျုပ်ဘာများကူညီပေးနိုင်မလဲကွယ့်...."

 မေဟွားလည်း ထိုသို့ ညိုးငယ်သောစိတ်ထားဖြင့် အုတ်ဂူကိုယပ်ခပ်ပေးနေရာမှ  နောက်ပါးမှ စကားသံ
ပေါ်ထွက်လာသဖြင့် မော်ကြည့်လိုက်ရာ ခရီးသွားအမျိုးသားကြီးတစ်ဦးမှ ကြင်နာစွာ ငုံကြည့်နေသည်ကို
တွေ့လိုက်ရလေတော့သည်။ကြံရာမရ ဖြစ်နေသူအတွက် အားကိုးရာကောက်ရိုးတမျှင်တော့ရလေပြီ။

" ဒီ..ဒီလိုပါရှင်၊ဒီအုတ်ဂူက ကျွန်မယောင်္ကျားအုတ်ဂူပါ၊သူ့အုတ်ဂူအမြန်ခြောက်သွားအောင်ကျွန်မယပ်ခပ်
ပေးနေတာပါ...."

"ဟုတ်ပါပြီလေ...၊အုတ်ဂူခြောက်အောင်လုပ်ပေးဖို့က မခက်လှပါဘူး၊သို့ပေမယ့် ဘာကြောင့်အလျှင်စလို
ခြောက်သွေ့စေချင်ရသတုန်းကွယ်...၊အကျိုးသင့်အကြောင်းသင့်ဆို ကျုပ်ကူညီပါ့မယ်လေ....."

အင်း...အဲ့ဒါမှခက်ပြီ၊အမှန်အတိုင်းဖွင့်ပြောသော် ထိုသူ ကူညီချင်မှ ကူညီပေလိမ့်မည်။သို့အတွက်ကြောင့်
ပင် မေဟွားလည်း မိန်းမတို့မာယာဖြင့်.....

" ဒီလိုပါရှင် ကျွန်မယောင်္ကျားက အင်မတန်အအေးကြောက်တယ်ရှင့်၊ခုလိုအုတ်ဂူအေးအေးကြီးထဲမယ် သူ
နေနိုင်မယ်မဟုတ်ပေဘူး...၊ဒါကြောင့် သူ့ကိုချစ်သောစိတ်နဲ့ ယပ်ခပ်ပေးနေရတာပါ၊ကူညီနိုင်ရင် ကူညီပါ
ရှင်...."

" ဟား.....ဟား....ဟား...တတ်လည်းတတ်နိုင်တဲ့ မေဟွားပါလားကွယ်....၊မင်း နောက်ယောင်္ကျားအမြန်
လိုချင်ရင် လိုချင်တယ်ပြောပါကွယ်....."

"ဟင်.....ရှင်...ရှင်...ဘယ်လိုသိသတုန်း....ရှင်ဘယ်သူလဲ......"

"ဟား...ဟား.....ကျုပ်ဘယ်သူတုန်း...ဟုတ်လား...သေသေချာချာကြည့်စမ်းပါမေဟွားရဲ့....."

ထိုသူ၏စကားအဆုံးတွင်တော့ သူ၏ရုပ်သွင်သည်  ပညာရှိကြီးလောင်းဇူ၏ရုပ်သွင်သို့ တဖြည်းဖြည်းချင်း
ပြောင်းလဲသွားသည်ကို အံသြဖွယ်မြင်လိုက်ရလေတော့သည်။

မေဟွားလေးလည်း ရှက်ခြင်း၊ကြောက်ခြင်း၊အံသြခြင်း အစရှိသောဝေဒနာများကိုခံစားရလျက် သူမ
ချစ်ရသောမောင်မောင်ရှိရာ အိမ်သို့ပြေးရှာလေသည်။အိမ်သို့ရောက်သော် သူချစ်သောမောင်မောင် နှင့်
တစ်ကွ ပညာရှိကြီးနောက်ဆုံးပြုစုခဲ့သော ကျမ်းစာအုပ်ကြီးပါ ပျောက်ခြင်းမလှပျောက်ဆုံးလျက်ရှိသည်ကို
အံသြဖွယ်ရာ တွေ့လိုက်ရလေတော့သတည်း....။အမှန်မှာကား အနှီးယောင်္ကျားပျိုလေးမှာလည်း ပညာရှိ
ကြီးလောင်းဇူဖန်တီးထားသော ကိုယ်ပွားတစ်ဦးပင် ဖြစ်နေလေတော့သည်တစ်ကား.....။

~~~~~~~~~~~~~~~~~~

" ကြောင်လတ်ရေ....ပုံပြင်လေးကတော့ ဒါပါပဲကွာ....၊ကဲ...မိန်းမတွေရဲ့ ပြောင်းလဲတတ်တဲ့သဘောကို
ခုလောက်ဆို မင်းလည်းကောင်းကောင်းသဘောပေါက်ပြီဟုတ်....၊ဒီတော့ မိန်းမတစ်ယောက်အတွက်နဲ့
အဲ့လောက် ပူဆွေးသောကရောက်မနေနဲ့တော့ဟ....ဟုတ်ဘီလား....."

ကျွန်တော်၏ ရှည်လျားထွေပြားလှသောပုံပြင်ကြီးအား တက်သုတ်ရိုက်အဆုံးသတ်ပြီးလျှင် ဤကဲ့သို့ အချစ်
နာကျနေသော ကြောင်လတ်အား တရားချလိုက်သည်ရှိသော်.....။

"အင်း.....မင်းပြောတာငါသဘောပေါက်ပြီ...၊ဟုတ်တယ်....မိန်းမတစ်ယောက်တည်းအတွက် ဘာကြောင့်
ဝမ်းနည်းနေမတုန်း...၊မင်းပြောသလိုပဲ မိန်းမဆိုတာပြောင်းလဲတတ်တဲ့သဘောရှိတယ်..၊ဒါကြောင့် တစ်ခြား
မိန်းမတွေ ပြောင်းလဲလာပြီး ငါ့အပေါ် ကျ မလာဘူးလို့မပြောနိုင်ဘူး...၊အနဲဆုံးတော့ နင့်ပုံပြင်လေးထဲက
လို မုဆိုးမချောချောလှလှလေးတစ်ယောက်ယောက်ကိုတော့ ငါမျှော်လင့်လို့ရနိုင်သေးတယ်..ဟေ့ဟေ့..."

ဟူ၍ ပျော်ရွင်ဝမ်းမြောက်စွာ ပြောဆိုလေတော့သည်....။ကျွန်ုပ်လည်း....ငါတော့ ခုတ်ရာတခြား၊ရှရာတစ်
ခြားဖြစ်သွားလေပြီ၊ပြောမိတာကိုက ငါ့အမှားပါလား.....ဟူ၍ ကြီးစွာသော စိတ်ပျက်ခြင်းဖြစ်ပြီးလျှင်...

မိန်းမဟူဘိ ထိုဣတ္ထိကား မရှိမကောင်း၊ရှိမကောင်းတည်း....ဟူသော လင်္ကာလေးအစား.....

ယောင်္ကျားဟူဘိ ထိုငတိကား မရှိမကောင်း၊ရှိမကောင်းတည်း...ဟူ၍သာ ရေရွတ်နေမိလေတော့သတည်း။

(ဘာရယ်မဟုတ်ပါဘူးခင်ဗျား....၊ခုတလောရေးစရာမရှိလို့ ကြားဖူးနားဝလေးကို ဗာရာဏသီချဲ့လိုက်ခြင်း
ပါ။ဇာတ်လမ်းပါ အချိန်၊နေရာ၊အမည်နာမများသည် ကျွန်တော်စိတ်ကူးရှိသလို ရေးသား ထားခြင်းဖြစ်ပါ
တယ်၊နောက်တစ်ခုကကျွန်တော့်အနေနဲ့ feminist တစ်ဦးမဟုတ်သလို၊မဟာပုရိသဝါဒီလည်း မဟုတ်ရပါ
ဘူး၊မိန်းမဖြစ်စေ၊ယောင်္ကျားဖြစ်စေ မကောင်းသူကမကောင်း၊ကောင်းသူကတော့ ကောင်းမှာပဲ လို့ပဲယူဆ
သူပါ။ဒီပို့စ်ဟာမိန်းမတစ်ဦးဦးကိုလည်းကောင်း၊မိန်းမအားလုံးကိုလည်းကောင်း တစ်စုံတစ်ရာရည်ရွယ်ခြင်း
အလျှင်းမရှိပါဘူးခင်ဗျာ...။နောက်တစ်ခုက ကျွန်တော့်သူငယ်ချင်းကြောင်လတ်ကို ခင်မင်စိတ်နဲ့ စနောက်
ထားခြင်းမျှသာဖြစ်ပါတယ်..၊သူကတော့ ကျွန်တော်ရေးသလို မဟုတ်ပါဘူးခင်ဗျား....၊
(နဲနဲတော့ ပြန်ဖြည်ထားမှတော်ကြာ ဆဲနည်းပေါင်းစုံနဲ့လာဆဲနေဦးမယ်....:P ))

Friday, November 25, 2011

မိန်းမဟူသည်......

တစ်နေ့သ၌ကျွန်ုပ်ညိမ်းနိုင်တစ်ယောက်အလုပ်မှပြန်ရောက်လျှင်ပြန်ရောက်ခြင်းချိုးရေတော်မသုံး၊စားတော်
အုပ်မတည်နိုင်သေးပဲ၊စီးထားသော ဆေ့တီးဘုကြီးအား ဘုန်းဆို ကန်ကျောက်ချွတ်ပြီးလျှင်၊လပ်တော့လေး
အားကပျာကယာဖွင့်ပြီးနောက်အွန်လိုင်းလူမှုကွန်ယက်ကြီးများ ဖြစ်ကြကုန်သောဖွတ်စဘွတ်၊ဘလော့၊ဂျီတော့
တို့အားသုံးမျိုးသောနာမည်၊သုံးခုသောပတ်စဝပ်တို့အားအသုံးပြုပြီးသကာလ...၊အနှီးလူမှုကွန်ယက်များထဲ
တွင်ထဲထဲဝင်ဝင်၊မွှေနှောက်၊ခြောက်ခြား၊အလုပ်များလျှက်ရှိချေတော့သည်တစ်မုံ.....။

သို့အလုပ်ကြီးအကိုင်ကြီးများကို ဆောင်ရွက်မိသည်ရှိသော် တစ်ယောက်သောသူငယ်ချင်းအား ကောင်းစွာ
သတိထားမိလေ၏။အနှီးသူငယ်ချင်းကား...အယုဒ္ဒယအမည်ရသော တိုင်းနိုင်ငံအတွင်း၌ အလုပ်မရှိအကိုင်
မရှိ တစ်ရာကိုး၊တစ်ရာ့ဘူ လုပ်နေသော ကုဋေရှစ်ဆယ်သထိန်းသားကြောင်လတ်တည်း...။မှန်အိ....သင်း
ကြောင်လတ်ကား....သူဌေးသားပီသစွာ တစ်နေ့တစ်နေ့ ဘာအလုပ်မှမလုပ်ပဲ အွန်လိုင်းပေါ်တွင်မိုးလင်းမှ
မိုးချုပ် ရှိနေတတ်သူဖြစ်၏။သို့သော် ထိုနေ့တွင်ကား ကျွန်ုပ်ရှင်ကြားပူလက်လုပ်လက်စားလေးပင်အွန်လိုင်း
ပေါ်ရောက်နေချေပြီဖြစ်သော်လည်း သင်း၏အရိပ်အယောင်မှမမြင်ရ၊ဘလော့တွင်လည်း ဘာမှမရေး၊ဖဘ
တွင်လည်း ယခင်လိုလပ်ယားလပ်ယားမလုပ်၊ဂျီတော့တွင်လည်း မီးမစိမ်းရုံမက၊ဝါလည်းမဝါ၊နီလည်းမနီပဲ
အော့လိုင်းသာပြနေလေတော့ချေသည်တကား.......။

သို့ကြောင့်ပင် သင်းပျောက်ခြင်းမလှပျောက်နေသည်ကို ကျွန်ုပ်ကောင်းစွာသတိထားမိသည်မှ၊ကောင်းစွာ
မသင်္ကာခြင်းကိုလည်းဖြစ်မိတော့သည်၊သင်းကား...ဘာတွေကြောင်ကြံ ကြံနေလေသည်မသိ၊ကျွန်ုပ်လည်း
မသင်္ကာခြင်းကိုမလွန်ဆန်နိုင်သည့်အလျောက် သင်း၏ဂျီတော့အား..အွန်လိုင်းကမ္ဘာသားတို့တတ်အပ်သော
ပညာကိုသုံးလျက် စစ်ဆေးလိုက်သည်ရှိသော်........လား.....လား....သင်းကား......ဂျီပုန်းဂျီးဖြစ်နေလေ
တော့သည်တကား..........။အဲ....မှားလို့..သင်းကား ဂျီတော့တွင် ပုန်းလျက်ရှိနေခြင်းပင်တကား....။

သို့ ဂျီပုန်းဖြစ်သူအား လက်ပူးလက်ကြပ်ဖမ်းမိသည်ရှိသော် သူငယ်ချင်းတို့ ဝတ္တရားရှိသည့်အလျှောက်
အောက်ပါအတိုင်း ယဉ်ကျေးချိုသာ၊နှစ်လိုဖွယ်ရာသောပဋိသန္ဓာရစကားဖြင့် နှုတ်ခွန်းဆက်ခြင်းအမှုကိုပြု
လိုက်သောဟူလို.....။

" ဟဲ့....မတာမ...ခြောက်တောင်မ...တေဂျင်းဇိုး....ဘယ့်နှာပုန်းနေရသတုန်း....ဖဘမှာ ကြောင်မျှစ်တစ်
ကောင်သောင်းကျန်းနေတာ ငါလည်းမနိုင်တော့ဘူး၊နဲနဲပါးပါးလာပြီး ဒီကြောင်စီမျှစ်ကို နဘန်ကျင်းပေးစမ်း
ပါဦးဟ...."

ဤသို့ချစ်ဖွယ်ချိုသာသောကျွန်ုပ်၏ခွန်းဆက်စကားကို သင်းတုံပြန်ပုံကား.....

"ဟာ......မလာချင်ဘူး....ဒီမှာ ငါအသဲကွဲနေလို့...လေနေတယ်...."

ကျွန်ုပ်။     ။ဘာ......နင်အသဲပြဲနေတယ်ဟုတ်လား...ဘာဖြစ်သတုန်း.....။

ကြောင်လတ်။    ။ငါနဲ့ အီစီကလီ ဖြစ်နေတဲ့ ကောင်မလေး သြဇီကောင်နောက်ပါသွားပြီး သြဇီလစ်တော့
မယ်တဲ့ဟာ....အဟင့်....အဟီးဟီး...ရွှတ်...ဖတ်.....။
(မှတ်ချက်။    ။ရွှတ်...ဖတ်.... ဆိုသည်မှာ သင်း နှပ်ညှစ်သံတည်း.....)

ကျွန်ုပ်။    ။ဟင်...ဂယ်လား....ဖြစ်ရလေဟာ...၊အေးလေ...သူ့ဘက်ကကြည့်တော့လည်း နင့်လိုကောင်ကို
ဒီလောက်သည်းညည်းခံတွဲလာတာပဲ တော်လှပါပြီဟာ.....။

ကြောင်လတ်။    ။သေနာကြီး...၊ဒီမှာတကယ်ခံစားနေရတာဟ...လာနောက်မနေနဲ့...။

ကျွန်ုပ်လည်း သူတကယ်ခံစားနေရသည်ဟု ယုံချင်သလိုလိုဖြစ်လာသည်ရှိသော် မနောက်ပြောင်တော့ပဲ...

ကျွန်ုပ်။    ။အေးပါဟာ...၊နာက နင်ပေါ့သွားအောင်နောက်တာပါ...၊အေးပေါ့လေ...ဆန်ဆုံစား၊ကံကုန်သွား
ပေါ့...၊သိပ်ပြီးခံစားမနေနဲ့...၊မိန်းမဆိုတာဒီလိုပဲဟ....။

ကြောင်လတ်။     ။ဟုတ်တယ်....မိန်းမတွေများ သိပ်ကြောက်ဖို့ကောင်းတယ်...၊တော်ပါပြီ၊နောင်များတော့။

သို့ဆိုလတ်သည်ရှိသော် ကျွန်ုပ်လည်း စပျစ်သီးချဉ်သောတစ်ယောက်တော့တွေ့ပြန်ပြီဟု စိတ်ထဲမှ နှလုံး
ပိုက်မိသော်လည်း ပါးစပ်ကမူ ဝါးတားဖော်လို ဖစ်ဖော်လို လိုက်၏။

ကျွန်ုပ်။     ။ဟုတ်ပါ့ဟာ......ဒါကြောင့်ငါ့လိုပဲလူပျိုကြီးလုပ်စမ်းပါ....၊သွားသွား ဘုရားမှာ ကျွန်တော်မျိုး ဒီ
တစ်သက် မိန်းမ မယူတော့ပါဘူး လို့ သစ္စာဆိုချေ....။

ကြောင်လတ်။     ။ဟင်...အဲ့လိုတော့ဖြစ်မလား...၊မပြောကောင်းပြောကောင်း မိန်းမရနေရင် အလကားနေ
သစ္စာစူးနေပါ့မယ်.....။

အလို..လာလာချည်သေး....၊သူလား....ရဦးမှာ....မိန်းမ....ဟု ကျွန်ုပ်လည်း စိတ်ထဲမှ မြည်တွန်မိလေ၏။

ကျွန်ုပ်။    ။ဒီမှာကြောင်လတ်ရ...၊မိန်းမဆိုတာ အသစ်မြင်ရင်အဟောင်းမေ့တတ်တဲ့သဘောရှိတယ်..၊
ရှေးပညာရှိကြီးများက အဲ့သာကြောင့် မိန်းမဟေ့ဆို မပတ်သက်မိအောင် နေကြသကွ..၊မာဃဒေဝလင်္ကာ
ထဲမှာဆိုရင်......။

ကြောင်လတ်။    ။အင်း.....မာဃဒေဝလင်္ကာထဲ ဘာတဲ့တုန်း.....။

ကျွန်ုပ်။    ။ဟာ..သိချင်ရင်ဝယ်ဖတ်ပေါ့ဟာ...ငါလည်းမေ့သွားပြီဟ....။

ကြောင်လတ်။    ။တေနာ...အကောင်းအောင့်မေ့လို့.....။

ကျွန်ုပ်။     ။ဒီမှာ မာဃဒေဝလင်္ကာထဲက ဟာတော့ ထားတော့ မိန်းမတွေရဲ့စိတ်သဘောထားအကြောင်း
နင်သိအောင် ငါဖတ်ဖူးတဲ့ ပုံဝတ္ထုလေး ပြောပြမယ်....။တရုတ်ပုံပြင်လေးဟ....။

ဟုဆိုပြီးလျှင် သူနားထောင်ချင်မှန်းမသိ၊ထောင်ချင်မှန်းမသိ ကျွန်ုပ်လည်းအောက်ပါအတိုင်းကြားဖူးနားဝ
လေးများအား လေတစ်ဖောင်ဖောင်ဖြင့် ဆရာကြီးလုပ်လေတော့သည်ဟူသတတ်.....။

ဟိုး...လွန်ခဲ့တဲ့ ဘီစီ ၅၀၀ ခန့် တရုတ်ပြည်မှာ ဟန်မင်းဆက်အုပ်ချုပ်နေချိန်မှာပေါ့....။တရုတ်ပြည်မြောက်
ပိုင်းမှာ ကျိလင်းဆိုတဲ့ ရွာလေးတစ်ရွာ ရှိသတဲ့။အဲဒီရွာလေးမှာ လောကီ၊လောကုတ် နှစ်မျိုးစလုံး၌ ကောင်း
စွာနှံစပ်၊အရပ်ရပ်သော ပညာတို့အားထိုးဖောက်သိမြင်ကျွမ်းကျင်လှတဲ့ ပညာရှိကြီးတစ်ယောက် ရှိလေ၏။
ထိုပညာရှိကြီးအမည်ကား ' လောင်းဇူ ' ဟူသတည်း....။

ထိုကျိလင်းရွာလေးမှာပင်' မေဟွား ' ဆိုသော ချောမောလှပသည့်မိန်းမပျိုလေးတစ်ဦးလည်းရှိလေသတတ်။
တစ်နေသော် အဆိုပါ မိန်းမပျိုလေးမေဟွား ၏ မိဘများသည် မေဟွားလေးအား အိမ်ထောင်ရက်သားချ
ပေးရန် အနီးအပါးရှိ လူပျိုလူလွတ်များကို စဉ်းစားသည်ရှိသော် တစ်ဦးတစ်ယောက်ကိုမျှ စိတ်တိုင်းမကျ၊
တစ်ဦးတစ်ယောက်မှ သူတို့သမီးအချောအလှလေးနှင့်လိုက်ဖက်လှသည်ဟု့မထင်ကြချေ။သို့သော်...
သူတို့ သဘောကျသောသူတစ်ဦးကားရှိ၏။ ထိုသူကား ပညာရှိကြီးလောင်းဇူ တည်း....။

ပညာရှိကြီးလောင်းဇူနှင့် မေဟွားကား အဖိုးနှင့်မြေးအရွယ်လောက်ပင်ရှိလေ၏။သို့သော် ဤသည်က အကြောင်းမဟုတ်....၊ပညာရှိကြီးသည် နူးညံ့သိမ်မွေ့၏၊ပညာညဏ်ကြီး၏၊တပည့်တပန်းများ၏၊မင်းပေါက်
စိုးပေါက်လည်းဖြစ်လေ၏။ သို့ကြောင့်ပင် အနှီးဆရာကြီးလောင်းဇူအား သားမက်အဖြစ်ရွေးချယ်ကြပြီးသော်
မြောက်မြားလှစွာသော မင်္ဂလာလက်ဖွဲ့တို့ဖြင့် သွားရောက်တောင်းကြလေတော့သည်...။

(ဤနေရာသို့ရောက်သော် ငြိမ်သက်စွာနားထောင်နေသော ကြောင်လတ်လည်း ပြင်းစွာသော နှလုံးမသာ
မယာခြင်းဖြစ်လျက်..." အော်...သူများတွေများကြတော့ အိုကြီးအိုမအရွယ်ရောက်တောင် သတို့သမီးက တင်တောင်းယူရတယ်....ငါ့မှာများတော့...အဟင့်..အဟင့်...ဟီး...ဟီး...." ဟူ၍ ငိုကြီးချက်မ ဖြစ်နေသော
ကြောင့် ကျွန်ုပ်မှာ ပြောလက်စပုံပြင်ကိုရပ်၍ သူ့အား သုံးမိနစ်ခန့် ချော့လိုက်ရသေး၏။ဤကားစကားချပ်..)

ပုံပြင်ကိုဆက်အံ....။ဤသို့ သတို့သမီးဘက်ကလာရောက် တောင်းရမ်းသည်ရှိသော် ပညာရှိကြီးလောင်းဇူ
လည်း...အင်း ငါလည်းအသက်အရွယ်ထောက်ပြီ....၊တပည့်တပန်းများမှာလည်း ပညာစုံသည်နှင့် အဝေး
ရောက်ကုန်ကြပြီ၊ဆေးပေးမီးယူလေးတော့ရှိထားမှ...၊ကောင်မလေးလည်း မဆိုးရှာပါဘူးလေ ဟုသဘောရ
ပြီးသော် လာရောက်တောင်ရမ်းသည်ကို လက်ခံလိုက်လေတော့သည်....။

သို့နှင့်ပင် ပညာရှိကြီးလောင်းဇူနှင့်မေဟွား တို့ဇနီးမောင်နှံလည်း ပျော်ရွင်ကြည်နူး၊အဆင်ပြေစွာ နေ့ရက်
များကိုကုန်လွန်စေခဲ့လေသည်....။တစ်နေ့တွင်မူ ပညာရှိကြီးသည်...အင်း ငါသည်ကာ အိုလှပြီ...၊ငါပြုစု
သော ကျမ်းကြီးကျမ်းခိုင်များလည်း များလှပြီ။သို့သော် ငါမသေခင် နောင်လာနောက်သာ အမျိုးကောင်း
သားများ အကျိုးများစေရန်အလို့ငှာ လွန်စွာအရေးကြီးလှသော ကျမ်းကြီးတစ်စောင်ကိုပြုစုရေးသားအံဟု
နှလုံးပိုက်ပြီးလျှင် သူ၏အခန်းတွင်းသို့ ချစ်စွာသောဇနီးသည်လေးမေဟွားမှအပ မည်သူမျှမဝင်စေပဲ ကျမ်း
ကြီးတစ်စောင်ကို ရေးသားပြုစုနေလေတော့သည်...။

လိမ္မာရေးခြားရှိလှသော မေဟွားလေးလည်း ခင်ပွန်းသည်ပညာရှိကြီး အား ရေပူရေချမ်းကမ်းလှမ်းခြင်း၊
ခြေဆုတ်လက်နယ်ပြုစုခြင်းမှအပ၊ ခင်ပွန်ဖြစ်သူ အဘယ်သို့သော ကျမ်းမျိုးပြုစုနေသလဲဆိုတာကိုပင်မမေး၊
ဇနီးကောင်းတို့ ဝတ္တရားအားကျေပြွန်စွာ ပါရမီဖြည့်ပေးနေလေခဲ့သည်...။သို့ဖြင့် လပေါင်းအတန်ကြာကုန်
လွန်လာခဲ့သော် ပညာရှိကြီးပြုစုနေသောကျမ်းလည်း အတန်ခရီးရောက်လာချေပြီ...။ပညာရှိကြီးလည်း
တစ်နေ့တစ်ခြားပိန်လှီလာခဲ့လေပြီ...။

တစ်ညသော် မေဟွားလေးသည် ရေနွေးကြမ်းအိုးလေးနှင့်အတူ ပညာရှိကြီး အခန်းတွင်းသို့ဝင်လာပြီးလျှင်..

 " အကိုကြီးရယ်....အချိန်ပြည့် ဒီကျမ်းကိုပဲရေးနေတော့တာပဲလား....ခဏတဖြုတ်တော့နားပါဦး...
အကိုကြီးကိုကြည့်ရတာ တစ်နေ့တစ်ခြားပိန် ပိန်လာသလိုပဲ...၊ကိုယ့်ကျမ်းမာရေးလည်းဂရုစိုက်ဦးမှပေါ့ "
ဟုချိုသာ၊ပူပန်သော စကားကိုဆိုလိုက်လေ၏


လောင်းဇူ- " အေးကွယ်...အကိုကြီးပြုစုနေတဲ့ကျမ်းကြီးလည်း လက်စသတ်လုပါပြီ ရှင်မရယ်...၊ပြီးတော့မှ
ပဲနားရတာပေါ့ကွယ်...."


မေဟွား- " အို...အကိုကြီးရဲ့ အကိုကြီးပြုစုနေတဲ့ကျမ်းက အကိုကြီးအသက်လောက်တောင်အရေးကြီးသ
လား...၊နားနားနေနေရေးမှပေါ့....၊ဘယ်လိုကျမ်းများမို့လို့ ဒီလောက်တောင်အာရုံစိုက်နေရသလဲအကိုကြီး
ရယ်...၊ဘုရင်မင်းမြတ်ကို ဆက်သဖို့များလားဟင်...."


လောင်းဇူ- "ဘုရင်မင်းမြတ်ကိုဆက်သဖို့ရယ်လည်းမဟုတ်ပါဘူးရှင်မရယ်...၊အမျိုးကောင်းသားအားလုံး
အတွက် ရည်ရွယ်ပြုစုတဲ့ကျမ်းရှင်မရဲ့.."


မေဟွား- " ဘယ်လိုအကြောင်းအရာမျိုးများရေးသားထားတဲ့ကျမ်းမျိုးလဲဟင်..အကိုကြီး..."


လောင်းဇူ- " အင်း...ရှင်မကိုပြောပြရမှာတော့ အားနာရဲ့...၊ခုအကိုကြီးပြုစုနေတဲ့ကျမ်းက မိန်းမမကောင်း
ကြောင်းကျမ်း ရှင်မရဲ့...၊ဟောဒီလောကမယ် အမျိုးကောင်းသားတွေအနေနဲ့ တော်၊တတ်၊ထက်မြတ်တဲ့
သူရဲကောင်းများဖြစ်ချင်ရင်ဖြင့် မိန်းမဆိုသဟာကို ကြပ်ကြပ်ရှောင်ကျဉ်ဖို့ရာ ဆုံးမထားတဲ့ကျမ်းပေါ့...."


အဲဒီလို ပညာရှိကြီးလောင်းဇူက သူပြုစုနေတဲ့ကျမ်းအကြောင်းပြောပြလိုက်တော့ မိန်းမသားဖြစ်တဲ့ မေဟွား
လေးလည်း နဲနဲတော့ မခံနိုင်ဖြစ်သွားသပေါ့လေ...။


မေဟွား- " အလို....ဘယ်လိုများ ရွှေညဏ်တော်စူးရောက်လို့ မိန်းမမကောင်းကြောင်းကျမ်းများ ပြုစုနေရ
သတုန်း ဆရာကြီးရဲ့၊ဘယ်လိုမိန်းမမျိုးကိုများကြည့်လို့ ဒီလိုကျမ်းမျိုးရေးဖွဲ့ရသတုန်း...၊ဟွင်း...ဝေးဝေးက
မိန်းမတွေကိုမကြည့်ပါနဲ့ဆရာကြီးရယ်...၊ဟောဒီက ရှင့်မယားမေဟွားကိုပဲကြည့်၊ဟောဒီရွာနီးချုပ်စပ်တ
လျှောက် မေဟွားမျက်နှာလေးမော်ဖူးရဖို့ဘာပဲလုပ်ရလုပ်ရဆိုတဲ့ လူပျိုကာလသားတွေပုံလို့၊ကျမဖြင့် အကို
ကြီးအပေါ်ဖောက်ပြန်ချင်ရင် ကြိုက်တဲ့ယောင်္ကျားခေါင်းခေါက်တောင်ရွေးလို့ရနိုင်ရဲ့၊ဒါပေမယ့် ဟောဒီရှင့်
မယားလေးက ဘယ်ယောင်္ကျားနဲ့များ စကားသုံးခွန်းပြည့်အောင်ပြောဖူးသလဲ...၊ကဲ...ပြောပါဦးဆရာကြီး
ရဲ့......"
ဟု ခါးလေးချီ၊ရင်လေးမောက်၊လက်ဖဝါးလေးထောက်လို့ ခပ်ဆောင့်ဆောင့်လေး ပြောလိုက်ပါရော..။


လောင်းဇူ- " ရှင်မ အကိုကြီးအပေါ်မဖောက်ပြန်သေးဘူးဆိုတာ ဟုတ်ပါတယ်လေ...၊ဒါကလည်း ဟောဒီ
ရွာနီးချုပ်စပ်မှာ မေဟွားချစ်ခင်နှစ်သက်လောက်တဲ့ယောင်္ကျားမတွေ့သေးလို့ပါလေ...."


မေဟွား- " အလို..ပြောလေကဲလေ ဆိုသလိုတော့ဖြစ်နေပါပြီ။ဒီမှာ အကိုကြီးရဲ့ မေဟွားအကြိုက်တွေ့တွေ့
မတွေ့တွေ့၊ဒီတစ်သက် အကိုကြီးအပေါ်ထားတဲ့ သစ္စာကို မေဟွားတစ်သက်ဘယ်တော့မှမဖျက်ဘူးဆိုတာ
မြဲမြဲမှတ်ထားပါအကိုကြီး၊အို...ကုန်ကုန်ပြောမယ်၊မပြောကောင်းပြောကောင်း အကိုကြီး ဘဝတစ်ပါးပြောင်း
သွားတောင် မေဟွား ဘယ်ယောင်္ကျားကိုမှ စိတ်မကူးတော့ပဲ တစ်သက်လုံးသစ္စာရှိသွားမယ်..."


လောင်းဇူ- " ဟုတ်ပါပြီလေ...၊ရှင်မရဲ့စကားကြားရတာ အကိုကြီးဝမ်းသာလှပါတယ်၊ရှင်မသစ္စာတည်၊
မတည်ကတော့ အချိန်ကစကားပြောလိမ့်မပေါ့...၊ကဲကဲ...ညဉ့်နက်လှပြီ အိပ်ချေတော့......"
ဟု လောင်းဇူလည်းစကားစဖြတ်လိုက်လေတော့သည်။


ထိုသို့ လင်နှင့်မယား စကားအခြေအတင်ပြောဖြစ်ကြသည့် ညမှရေတွက်သော် တစ်ပတ်ခန့်အကြာတွင်
ရုတ်တရက်ချက်ချင်းဆိုသလို ပညာရှိကြီးလောင်းဇူ၌ ကြီးစွာသော အဖျားဝေဒနာစွဲကပ်လေတော့သည်။
မေဟွားလေးလည်း ပညာရှိကြီးအား နေ့ရောညပါ ပြုစုပါသော်လည်း အဖျားရောဂါမှာ သက်သာသည်မရှိ
တိုး၍သာဆိုးလာလေတော့သည်။


လောင်းဇူ- " အင်း....ရှင်မရေ...အကိုကြီးတော့ ဒီတောက်ကိုကျော်နိုင်တော့မယ်မထင်တော့ဘူးကွယ်..၊
အကိုကြီးသေရမှာမကြောက်ပါဘူး၊သို့ပေမယ့် ရှင်မကို ငယ်ငယ်ရွယ်ရွယ်နဲ့ လောကအလယ် တစ်ယောက်
တည်းထားခဲ့ရမှာ စိတ်မချဘူးကွယ်...၊ဒီတော့ အကိုကြီးမရှိတော့တဲ့နောက် ရှင်မ နောက်အိမ်ထောင်ပြုလို
ကပြုနိုင်ပါတယ်....၊ဒါပေမယ့်........"


မေဟွား- " အို.....ဘာတွေလျှောက်ပြောနေသလဲအကိုကြီးရယ်....၊နေသာသလိုနေပါ..၊တောင်တောင်အီ
အီတွေမတွေးနေနဲ့လေ....."


လောင်းဇူ- " အကိုကြီးကိုယ်ကို အကိုကြီးသိပါတယ်ရှင်မရယ်...၊အကိုကြီးမှာလက်စစကားလေး ရှင်မကို
မှာသွားခဲ့ပါရစေ၊အကယ်၍ မေဟွားနောက်အိမ်ထောင်ပြုချင်ပြုပါ၊အကိုကြီးကို ကတိတစ်ခုပဲပေးပါ၊အဲဒီ
ကတိကတော့ အကယ်၍ မေဟွားနောက်ထပ်အိမ်ထောင်ပြုမယ်ဆိုရင် အကိုကြီးရဲ့အုတ်ဂူ ခြောက်သွေ့
တဲ့အထိတော့ စောင့်စေချင်ပါတယ်...၊အဲ့ကတိကိုတော့ အကိုကြီးကိုပေးပါ ရှင်မရယ်...."


မေဟွား- " အဟင့်......ဟင့်....ဟင့်...၊စိတ်ချပါအကိုကြီးရယ်....၊အကိုကြီးလိုချင်တဲ့ ကတိကို မေဟွားပေး
ပါတယ်ရှင်....ပေးပါတယ်......"
 

ထိုသို့ မေဟွားလေး၏ကတိစကားကိုကြားပြီးသည်နှင့် ပညာရှိကြီးလောင်းဇူလည်း သူ၏ချစ်စွာသောဇနီး
လေးအား လောကအလယ်၌ကောင်းစွာ စိတ်ချသွားသည့်အလား သေဆုံးသွားရှာလေတော့သတည်း...။



ဆက်ရန်.......

( ဤပုံပြင်လေးသည် ကျွန်တော့်ကိုယ်ပိုင်ပုံပြင်မဟုတ်ပါ။ငယ်စဉ်ကဖတ်ဖူးသော သုတပဒေသာစာစောင်
ထဲမှ ဘာသာပြန်ပုံပြင်တစ်ပုဒ်သာဖြစ်ပါသည်။အတော်များများလည်းဖတ်ဖူးကြပါလိမ့်မည်။ခုတလော ရေး
စရာမရှိ၍ ဆားချက်လိုက်ခြင်းသာ....:)။ပထမတော့ အစအဆုံးရေးမလို့ပါပဲ သို့ပေမယ့် ရှည်လျားသွား
တာကြောင့် အပိုင်း၁၊၂ ခွဲလိုက်ရပါသည်။ နောက်၂ရက်အတွင်းအပိုင်း၂ ကိုပြီးအောင်ရေးဖြစ်မည်ဟု
မျှော်လင့်ရပါသည်....:)))

Friday, November 18, 2011

မနေ့ည က.........

မနေ့ညကဖြစ်သည်။အမှန်ဆိုရသော်မနေ့ညသည်သူ့ထုံးစံအတိုင်းတနာရီကိုမိနစ်ခြောက်ဆယ်အရှိန်နှုန်းဖြင့် ညနေငါးနာရီဘူတာသို့ ဖြည်းညင်းစွာဆိုက်ကပ်လာခဲ့မြဲဖြစ်သည်။ယနေ့ကိုမွေးဖွားရန်မနေ့၏ခြောက်နာရီခွဲအလို
တွင်ကျွန်တော်ရေချိုးနေပြီ၊ထမင်းအိုးတစ်လုံးလည်းတည်ထာပြီးဖြစ်သည်။ထို့နောက်တွင်တော့ဝက်သားနှင့်
ဂေါ်ဖီကို ကော်ရည်ရွဲရွဲဖြင့်ကြော်လျက် ထမင်းပေါ်သို့ပုံလိုက်သည်။ကြက်ဥနှစ်လုံးကိုမွှေကြော်ပြီး ခမောက်
ဆောင်းလိုက်သည်။မြန်ညံသက်သာထမင်းပေါင်းတစ်ပွဲကို အဆင်ပြေသလို စားပြီးသော်ကွန်ပြူတာရှေ့သို့
ရောက်နေပြီဖြစ်သည်။

မျက်နှာစာအုပ်ကိုဖွင့်သည်။လူတစ်ယောက်ကကျွန်တော်အက်ထားသည်ကိုလက်ခံလိုက်သည်(---accepted
your friend request) ဆိုသောစာသားများကကြိုဆိုနေသည်။နဲနဲအံသြသွားရသည်။ဒီရက်ပိုင်းမည်သူ့ကိုမျှ
ကျွန်တော်သွားမအက်ပါ။ဒါနှင့်ထိုပုဂ္ဂိုလ်ဆီသွားကြည့်သည်။ပရိုဖိုင်ပုံတွင်အပေါ်ပိုင်းဗလာကျင်းထားပြီးလက်
ထဲအိုင်ဖုံးကိုင်ထားသည့်အဖြူကောင်တစ်ကောင်ဖြစ်နေသည်ကိုတွေ့ရသည်။ထိုသူ၏သူငယ်ချင်းများမှာလည်း
သူနည်းတူ ဗလာကျင်းထားသောအတောင်နှစ်ဆယ်ဝတ်ယောင်္ကျားများချည်းလိုလို...။အလေးမကလပ်တစ်
ခုခုကလား၊နိုက်ကလပ်တစ်ခုခုကလား ဟုထင်စရာတွေပင်...။သူရို့ဘာသာဘယ်ကဖြစ်ဖြစ် ကိစ္စမရှိ၊ကိစ္စရှိ
သည်ကထိုသတ္တဝါကိုကျွန်တော်မအက်၊အက်စရာလည်းအကြောင်းမရှိ၊သိလည်းမသိ၊သိစရာအကြောင်းကား
ဝေးစွခြောက်ပါး....။

တစ်ခုခုတော့လွဲနေပြီဟုထင်သည်။တလောကလည်းကျွန်တော်ဘယ်တုန်းကမှမဆော့သော၊ကြားပင်မကြား
ဖူးသော ဂိမ်းတစ်ခုကို မတ်စေ့ထဲတွင် ကျွန်တော့်နာမည်နှင့်လူတစ်ကာကိုလိုက်မေးနေသေးသည်။ဂရုလိုက်
ချက်သောဘောက်စ်တွင်ဖြစ်ရကား ရှိရှိသမျှလူကုန် ထံသို့ရောက်ကုန်ကြလေသည်။သယ်ရင်းတစ်ယောက်
ကတော့ စိတ်ဆိုးဆိုးနှင့် ကျွန်တော့်ကိုယ်စား F နှင့်ချည်းကိုင်တုတ်လေတော့သည်။ဖဘ ကား ကျွန်တော့်ကို
ပျော်ရွှင်ကြည်နူးရခြင်းနှင့်အတူ စိတ်ပျက်စရာများ၊စိတ်ညစ်စရာများကိုပါပေးလေတော့သည်။

ထိုအကောင့်ကို အတော်စိတ်ကုန်သွားသဖြင့် ဗွမ်းပလိုက်တော့သည်။ဖဘအကောင့်ပိတ်ရသည်မှာလည်း
ရှောရှောရူရူမရှိ၊ဘာကြောင့်ပိတ်ချင်ရသနည်း၊အောက်ပါမေးခွန်းများကိုဖြေပါ ဟုဆိုကာ မေးခွန်းတွေတစ်
သီကြီး ရွေးခိုင်းနေသေးသည်။ငါ့အကောင့် အဟပ်ခံရလို့ဟူသောအဖြေကိုရွေးသော် ပတ်စဝပ်ပြောင်းဟု
အကြံပေးနေသေးသည်။မနေ့ကပင် ပတ်စဝပ်ပြောင်းပြီးဖြစ်သည်ကို ကျွန်တော်ပြန်လည်ပြောပြခွင့်မရှိပါ။
ထို့ကြောင့် ပြောင်းမနေတော့ပဲ တစ်ခါတည်းဗွမ်းပလိုက်လေသည်။အင်း...တစ်မီးငြိမ်းလေပြီဟုမထင်ပါနှင့်။

ကျွန်တော့်တွင် နောက်ထပ်အခြားသော အကောင့်တစ်ခုရှိသေးသည်။ဖဘကိုမပြတ်နိုင်သေး၊ထို့ကြောင့်ပင်
နောက်အကောင့်တစ်ခုကို နာမည်နဲနဲပြောင်းလိုက်သည်။ထိုအကောင့်နှင့်ဖဘ ကိုမဝင်သည်မှာကြာပြီ...။
သူငယ်ချင်းလည်း ရှစ်ယောက်လားရှိသည်။အားလုံးနီးပါးကို ဘလော့လိုက်သည်။တစ်ယောက်နှင့်မှ မသိ၊
ထိုကြောင့် လွယ်လွယ်နှင့်ဘလော့လိုက်နိုင်သည်၊သူရို့လည်း ဘာမှဖြစ်မည်မထင်ပါ၊ကျွန်တော်ဒီအကောင့်
မသုံးတာကြာ ကြာလှပြီကိုး...။သို့သော် တစ်ယောက်သောသူကို ဘလော့ ဖို့ရာ အရမ်းခက်ခဲနေခဲ့သည်။

ဟန်နီ.....။လွန်ခဲ့သောတစ်နှစ်က ကျွန်တော် ဒီအကောင့်နှင့်ဖဘ ကိုစွဲစွဲမြဲမြဲ သုံးခဲ့သည့်တစ်ခုတည်းသော
အကြောင်းရင်းမှာ ထိုဖဘ တွင် ဟန်နီရှိနေသောကြောင့်ပင်...။ထိုဖဘသည် ကျွန်တော်နှင့် ဟန်နီကြားမှ
ပါးလျားလှသော ဆက်သွယ်မှုလေးတစ်ခုဖြစ်သည်...။ဟင့်အင်း...ကျွန်တော်တို့ စကားမပြောကြပါ၊လိုက်ခ်
မလုပ်ကြပါ၊ပို့စ်တွေမတင်ကြပါ၊ဓာတ်ပုံတွေလည်းများများစားစားမတင်ထားပါ၊ကွန်မန့်တွေလည်းမပေးပါ။
ကျွန်တော်တို့လုပ်သောအရာတစ်ခုသာရှိပါသည်၊ စီးတီးရပ်စတောရင့် ဟူသောဂိမ်းလေးတစ်ခုကိုကစားကြ
ခြင်းဖြစ်သည်။

ကျွန်တော် ဖဘဂိမ်းများကိုစိတ်မဝင်စားပါ။သူ့ကိုချစ်သောစိတ်ဖြင့် ကျွန်တော်လိုက်ဆော့နေခြင်းသာဖြစ်
သည်။ကျွန်တော်ထိုဂိမ်းကိုဆော့တိုင်း ကျွန်တော့်ဆိုင်တွင် ကျွန်တော်မနေပါ။သူဖန်တီးတည်ဆောက်ထား
သော သူ့ဆိုင်လေးတွင်သာ သွားရောက်လည်ပတ်နေတတ်သည်။သူ့ဓာတ်ပုံလေးရွေ့လျားနေသည်ကို နာရီ
ပေါင်းများစွာငေးမောနေမိသည်...။ခုတော့ ကျွန်တော် သူ့ကိုဘလော့ရတော့မည်။ကျွန်တော် ဒီအကောင့်
နှင့်သူငယ်ချင်းများကိုပြန် အက်ရမည်ဖြစ်သည်။ဟန်နီဘယ်သူဆိုတာ မည်သူ့ကိုမျှမသိစေချင်ပါ။ဟန်နီ
ကိုယ်တိုင် သူ ဟန်နီဖြစ်သည်ကို မသိပါ။ဟန်နီသည် ကျွန်တော်တစ်ယောက်တည်းနှင့်သာသက်ဆိုင်သော
အရာဖြစ်ပါသည်။နောက်တစ်ခုမှာ သူနှင့်ကျွန်တော်ကြား ခုချိန်တွင် ဘာမှမပက်သက်တော့ပါ၊ယခင်က
လည်း ပတ်သက်မှုကြီးကြီးမားမားရှိခဲ့သည်လည်းမဟုတ်ပါ။ပျက်တောက်နေသောသံယောဇဉ်ကို အပြီးတိုင်
အဆုံးသတ်သင့်ပါပြီ။

ထိုအဖြစ်အပျက်များသည် ကြာတော့ကြာခဲ့ပြီဖြစ်သည်၊သူနှင့်ပတ်သက်သည့်မျှော်လင့်ချက်များကို
ဟောင်ကမ်း၊ငါးဆယ့်တစ်လမ်းဘေးရှိ ဘတ်စတန်း တစ်နေရာတွင် အပြီးတိုင် မြေမြုပ်သင်္ဂြလ်ပြီးလည်းဖြစ်
သည်။သို့သော် ခုချိန်တွင်ပင် သူ့အကောင့်ကို ဘလော့ဖို့ရာ ကျွန်တော်နာကျင်လွမ်းမောနေဆဲဖြစ်သည်။
သမုဒယဟူသည် ဒုက္ခဖြစ်ကြောင်းသစ္စာတရားဖြစ်သည်ကို တဆစ်ဆစ်နာကျင်နေသောရင်က သက်သေပြ
နေပါသည်။မှန်ပါသည်။ကျွန်တော်သည် နာတာရှည်အသဲဝေဒနာရှင်တစ်ဦးသာ...။ခုလိုပြင်းပြသောဝေဒနာ
ကိုခံစားရတိုင်း ကျွန်တော်မှီဝဲနေကြဆေးရှိပါသည်။ဘီယာဟူသောဆေးဖြစ်သည်။သို့သော် ထိုဆေးတွင်
ဘေးထွက်ဆိုးကျိုးတွေရှိပါသည်။ပိုက်ဆံကုန်ခြင်းဖြစ်သည်။မနေ့ညက ထိုဆေးကိုကျွန်တော်မသောက်ပါ။

ထိုကြောင့်ကျွန်တော်ဝယ်ထားသောနွားနို့နှစ်လီတာဘူးကြီးကိုသာ သောက်နေရပါတော့သည်။ဘာဆိုင်သလဲ
ဆိုသော် ဘာမှမဆိုင်ပါ။ငါးလုံးကြောင်သည်လည်းကောင်း၊ဝက်ဆလူးသည်လည်းကောင်း၊ဆိတ်သည်လည်း
ကောင်း နွားနို့သောက်တတ်ကြသည်ကိုအမှတ်ရမိသည်။ကျွန်တော်လည်းကြောင်တစ်ကောင်သာဖြစ်ပါ
သည်။

မည်သို့မျှမပက်သက်သော နွားနို့သည် ဘီယာကဲ့သို့ လွမ်းမောနာကျင်ရခြင်းကို သက်သာရာအလျှင်းမရစေ
ခဲ့ပါ။ထို့ကြောင့်ပင် စိတ်ပြောင်းလဲစေခြင်းငှာ ကိုယ့်ဘလော့ထဲတွင်ပင် ရေးလက်စပို့စ်တစ်ခုကို ဆက်ရေး
နေမိသည်။ထိုပို့စ်ကိုရေးစတုန်းက လွယ်ကူလျှင်မြန်စွာပြီးစီးလိမ့်မည်ဟုထင်နေခဲ့ပါသည်။အကြောင်းမှာ
ကျွန်တော်ဖတ်ဖူးသော ဘာသာပြန်ပုံဝတ္ထုလေးတစ်ခုကို မှီငြိမ်းပြီးရေးနေသောကြောင့်ဖြစ်သည်။သို့သော်
ကျွန်တော်ကိုယ်တိုင်ခံစားပြီးရေးသောအကြောင်းအရာမဟုတ်သောကြောင့်လားမသိ၊လက်စမသတ်နိုင်ပါ။
မနေညကလည်း ဆက်ရေး၍မရပါ။

သူမက သူမသည်စာရေးရင်း မိမိကိုယ်ကို ရှာတွေ့သွားသည်ဟုရေးခဲ့ဖူးသည်။ကျွန်တော်လည်း စာရေးရန်
ကြိုးစားရင်း မိမိကိုယ်ကို တွေ့ရှိသလိုလိုဖြစ်လာပါသည်။ ကျွန်တော်သည် သူ နှင့် သူမ တို့ရေးသောစာများ
ကိုသိပ်ကြိုက်သည်။သူတို့လိုရေးနိုင်ရန်ကြိုးစားအားထုတ်သည်။မလွယ်ပါ။မရပါ။ရေးရင်း ရေးရင်း ကျွန်တော့်စာများသည် သူ နှင့် သူမ တို့စာများကဲ့သို့ဖြစ်လာပြီဖြစ်သည်။ဝမ်းမနဲပါ။ကျွန်တော်ခင်မင်ရသူ
များ၏လွှမ်းမိုးမှုခံရသည်မှာ ပျော်စရာကောင်းသလိုလိုပင်။

နောက်ဆုံးမှာတော့ ဘယ်လိုမှဆက်ရေးလို့မရသောစာကို ဆက်ရေးရန်မကြိုးစားတော့ပါ။ကွန်ပြူတာကို
ပိတ်လိုက်တော့သည်။၁၂နာရီင်္လည်းထိုးပြီဖြစ်သည်။မအိပ်နိုင်ပါ။အိပ်မရပါ။နောက်ဆုံးကော်ဖီတစ်ခွက်ထဖျော်
ပြီး ထိုင်သောက်နေလိုက်သည်။သီချင်းနားထောင်ရင်း၊ဂိမ်းဆော့နေလိုက်သည်။ဖုံးထဲမှဂိမ်းဖြစ်သည်။သီချင်း
နားထောင်ရင်း၊ဂိမ်းဆော့ရင်း တွေးချင်ရာလျှောက်တွေးနေမိသည်။ပါးစပ်မှလည်း ဆေးလိပ်တစ်လိပ်ပြီး
တစ်လိပ်ဖွာနေပါသည်။

မေးစရာတစ်ခုရှိမည်ထင်သည်။ကော်ဖီသောက်သော်ပို၍မျက်ဆီမကြောင်ဘူးလား ဟူ၍ပင်။ဟင့်အင်းဟု
ပြောရမည်။ကော်ဖီ၊လက်ဖက်ရည်၊လက်ဖက်သုတ်တို့စားပြီး ကျွန်တော်နှစ်ခြိုက်စွာအိပ်ပျော်နိုင်ပါသည်။
အကျင့်ဟုပြောရမည်ပင်။၂နာရီခန့်ထိုးသော် ဂိမ်းဆော့သောမျက်ဆီသည်လည်းကောင်း၊သီချင်းနားထောင်
သောနားသည်လည်းကောင်း၊ဆေးလိပ်သောက်နေသောပါးစပ်သည်လည်းကောင်း၊တွေးချင်ရာတွေးနေ
သောစိတ်သည်လည်းကောင်း ညောင်းညာလာပြီးနောက် ကျွန်တော်အိပ်ပျော်သွားပါသည်။

အိပ်ပျော်သွားသော် အိပ်မက်ဆိုးများမက်ပါတော့သည်။သိပ်ကြောက်စရာကောင်းသော အိပ်မက်ဖြစ်သည်။
သို့သော် ကျွန်တော်ထိုအိပ်မက်ကိုမမှတ်မိတော့ပါ။အိပ်မက်ထဲတွင် ကြောက်လွန်း၍ ရှူးရှူးများပင်ထွက်ကျ
တော့မတတ်ပင်။ထွက်ကျကာနီးတွင် ကံကောင်းထောက်မစွာနိုးလာပါသည်။တစ်ညလုံးသောက်ထားသော
နွားနို့၂လီတာသည် ခုမှထ အစွမ်းပြခြင်းပါတကား....။နောက်ဖေးသွားပြီးသော် ကျွန်တော်တစ်ကိုယ်လုံး
အတော်ပေါ့ပါးသွားသည်။ထိုအချိန်တွင် မနက်၎နာရီကျော်ပြီဖြစ်သည်။

ဟုတ်ပါသည် မနေ့ည ကဖြစ်ပါသည်။

Monday, November 7, 2011

မနှင်းဆီသိစေဖို့ ......

ကြာတော့ကြာပါပြီ...၊တလောက ဘလော့ဂါတွေကြားမှာတဂ်ပို့စ်လေးတစ်ခုပျံနှံသွားခဲ့ဖူးတယ်မနှင်းဆီရဲ့..၊
ကိုကိုးအိမ်ကစတဂ်လိုက်တဲ့ပို့စ်လေးတစ်ခုပါ....၊လတ်တလောအဖြစ်ချင်ဆုံးဆန္ဒတွေနှင့် ဖြစ်နေတာတွေ..တဲ့။
အဲ့ပို့စ်လေးက မေးခွန်းနဲ့အဖြေပုံစံမျိုးလေးပါပဲ....၊လတ်တလောစားချင်နေသောအစားအစာ...ဘာညာပေါ့
လေ....၊အဲ့ဒီမှာမေးခွန်းလေးတစ်ခုပါတယ်မနှင်းဆီရဲ့....၊တန်ဖိုးအထားဆုံးအရာ......တဲ့...၊အဲဒီတဂ်ပို့စ်လေး
ကို ကျွန်တော်ရေးတော့အဲ့မေးခွန်းအရောက်မှာလွယ်လွယ်ကူကူရေးမိလိုက်တာကချစ်ခြင်းမေတ္တာ...လို့ပါပဲ
မနှင်းဆီ....။ဟုတ်ပါတယ်မနှင်းဆီ၊ကျွန်တော်ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားပါတယ်....။ဒါပေမယ့်ကျွန်တော်
တန်ဖိုးထားတာတစ်ခုလည်းရှိပါသေးတယ်...၊အဲ့ဒါက သူငယ်ချင်း ဆိုတာကိုပဲပေါ့....။

ကျွန်တော်တို့လူသားတွေတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံကြရာမှာပက်သက်ဆက်နွယ်မှုအပေါ်မူတည်ပြီး
ခေါင်းစဉ်အသီးသီးရှိတယ်မနှင်းဆီရဲ့....၊မိဘနှင့်သားသမီး၊ညီအကိုမောင်နှမ၊ဆွေမျိုးသားချင်း၊ဆရာတပည့်၊
ဇနီးခင်ပွန်း၊အလုပ်ရှင်နှင့်အလုပ်သမား၊မိတ်ဆွေသူငယ်ချင်း....၊အစရှိသဖြင့်ပေါ့မနှင်းဆီရယ်...။အဲဒီခေါင်းစဉ်
တွေအပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ဆက်ဆံမှုရေချိန်အနိမ့်အမြင့်တွေကလည်းကွာခြားသွားတတ်ပါတယ်။

ကျွန်တော်တို့တစ်တွေ တစ်မြို့တစ်ရွှာ၊တစ်ခြားနိုင်ငံတွေကို ထွက်ခွာရဖို့အကြောင်းပေါ်လာရင် မိဘတွေ၊
ဇနီးခင်ပွန်းတွေကို ချန်ထားရစ်ခဲ့ဖို့ဆိုတာ ဝန်တာလေးလွန်းလှပေမယ့်၊သူငယ်ချင်းတွေကို ခွဲခွာရဖို့ဆိုတာ သိပ်ပြီး လေးလံလှတယ်တော့မဟုတ်ဘူးမနှင်းဆီရဲ့...၊ဆိုလိုတာကတော့မနှင်းဆီရယ်....ကျွန်တော်တို့အဖို့
ရာ သူငယ်ချင်းဆိုတာ တခြားပတ်သက်ဆက်နွယ်သူတွေနဲ့ယှဉ်လိုက်ရင်သိပ်ပြီးထည့်မတွက်မိတဲ့သူတွေလို
ဖြစ်နေတာပေါ့နော်...။ဒါပေမယ့်မနှင်းဆီရေ....ကျွန်တော်တို့ဘဝမှာ သူငယ်ချင်းဆိုတာ သိပ်ကိုတန်ဖိုးထား
ရမယ့်သူတွေဆိုတာ မနှင်းဆီသိအောင်ပြောပြချင်ပါသေးတယ်.....။

အခါတစ်ပါးမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ညီတော်အာနန္ဒာက...အရှင်ဘုရားတဲ့....အဆွေခင်ပွန်းဆို
တာ ဘဝမှာ ငါးဆယ်ရာနှုန်းလောက် အရေးကြီးတယ်ဘုရား....လို့လျှောက်တင်ဖူးသတဲ့....၊အဲ့လိုလျှောက်
တင်တော့ ဘုရာရှင်က...ချစ်သား....ဒီလိုမပြောသင့် အဆွေခင်ပွန်းဆိုတာ ရာနှုန်းပြည့်အရေးကြီးသကွ လို့
ပြန်မိန့်တော်မူသတဲ့....။

မနှင်းဆီရေ....ကျွန်တော်တို့ဘဝမှာ ရွေးချယ်စရာဆိုတာ သိပ်နည်းလှပါတယ်၊ကျွန်တော်တို့ရွေးချယ်ခွင့်ရှိ
တဲ့အရာတွေထဲမှာ သူငယ်ချင်းဆိုတာ ထိပ်ဆုံးကပါသပေါ့ မနှင်းဆီ....၊ရန်သူတစ်ယောက်ရှိသလား များလှ
ပါသည်၊မိတ်ဆွေ တစ်သန်းရှိသလား နည်းလွန်းလှသည် ဆိုတဲ့ စကားလေးကိုလည်း မနှင်းဆီကြားဖူးမှာပေါ့
နော်...၊ဟုတ်တယ်မနှင်းဆီရဲ့....၊ကျွန်တော်တို့မှာ မိတ်ဆွေသူငယ်ချင်းများများရှိတာ သိပ်ကို ဝမ်းသာစရာ
ပါ....။ရှိနေတဲ့သူငယ်ချင်းတွေအပေါ်မှာလည်း ခိုင်မာတဲ့ သူငယ်ချင်းကောင်းဆက်ဆံရေးလည်း ရှိသင့်တယ်
မနှင်းဆီရဲ့...၊

ဆိုတော့ မနှင်းဆီက မေးချင်မပေါ့....သူငယ်ချင်းတွေအကြားမှာ ဘယ်တွေရှိသင့်သလဲ...၊ဘာတွေလိုအပ်
သလဲ....လို့ပေါ့...၊သူငယ်ချင်းဆိုတာ တစ်ဦးနဲ့တစ်ဦး လူမျိုး၊ဘာသာ၊အယူဝါဒတွေ တူစရာမလိုဘူးမနှင်းဆီ၊
ဓလေ့အကျင့်စရိုက်တွေလည်း ကွဲပြားကောင်းကွဲပြားနေလိမ့်မယ်...၊အချိန်တိုင်းမှာလည်း တစ်ဦးနဲ့တစ်ဦး
နားလည်မှုပေးချင်မှပေးနိုင်ပေလိမ့်မယ်....၊ဒါပေမယ့် ဒါတွေက ကိစ္စမရှိဘူးမနှင်းဆီရဲ့...၊ရွှေပြည်ကြီးက
ဘဘကြီးတစ်ဦးပြောတဲ့စကားတစ်ခွန်းကို ကိုးကားပြောရရင်....သူငယ်ချင်းဆိုတာ မတူတာတွေကိုဘေး
ဖယ်ထားပြီး တူတာတွေကိုအတူပူးပေါင်းလုပ်ကြသူတွေပါပဲ....။

မနှင်းဆီရေ....ပြောခဲ့သလိုပါပဲ....သူငယ်ချင်းဆိုတဲ့အကြား ထွေထွေပြားပြားတော့ ဘာမှမလိုအပ်လှပါဘူး။
တစ်ဦး အခက်အခဲဖြစ်နေချိန်မှာလည်း တစ်ခြားတစ်ဦးက နှုတ်၏စောင်မခြင်းမျိုးလောက်နဲ့ပဲ ကူညီကောင်း
ကူညီနိုင်ပါလိမ့်မယ်...၊သူ့မှာလည်း သူ့အခက်အခဲနဲ့သူရှိပေလိမ့်မပေါ့ မနှင်းဆီ...၊ဒါပေမယ့်မနှင်းဆီရေ...
အဲ့ဒီလို "သူငယ်ချင်းရေ....အဆင်ပြေရဲ့လားဟ...." ဆိုတဲ့စကားလေးတစ်ခွန်းကလည်း ကိုယ်တွေအဖို့
တော့ အားပဲ မနှင်းဆီရဲ့...။

သူငယ်ချင်းတွေကြား ဘာမှမလိုအပ်ဘူးဆိုပေတဲ့ မရှိမဖြစ်လိုအပ်တဲ့အရာ၊ထားရှိစောင့်ထိန်းရမယ့် အရာ
တစ်ခုတော့ရှိတယ်မနှင်းဆီရဲ့....၊အဲ့ဒါကတော့ ' သစ္စာတရား ' ပဲ မနှင်းဆီ....။ဟုတ်တယ်မနှင်းဆီရေ....
သူငယ်ချင်းဆိုတာ အရေးအကြောင်းဆို ရင်ခြင်းအပ်၊ကျောခြင်းကပ်ဖို့သာဖြစ်တယ် မနှင်းဆီ...၊ဓားထက်
ထက်နဲ့ထိုးစိုက်ရမယ့် နောက်ကျောတစ်ခုတော့မဟုတ်ဘူးကွယ့်...၊တစ်ယောက်ကိုတစ်ယောက် ဖေးမ၊
လက်တွဲ၊ကူညီကြဖို့သာဖြစ်တယ်၊ကိုယ်နင်းတက်ဖို့ ခုတုံး တစ်ခုမဟုတ်ဘူးကွယ့်.....။

အမြင်၊အယူ၊ဝါဒတွေမတူလို့ သူငယ်ချင်းအချင်းချင်း မျက်နှာချင်းဆိုင်၊ဓားချင်းယှဉ်ခုတ်ရတာမျိုး ရှိကောင်း
ရှိလာနိုင်မယ်...၊ဒါပေမယ့် မကောက်ကျစ်ကြကြေးပေါ့မနှင်းဆီ...။သူငယ်ချင်းတွေကြားမှာ ဆက်နွယ်နေတဲ့
ကြိုးတစ်ချောင်းရှိမယ်ဆိုရင် အဲ့ဒီကြိုးလေးက သစ္စာတရားပဲမနှင်းဆီ....။ကျွန်တော်တို့ သူငယ်ချင်းကောင်း
တစ်ယောက်ကို လက်မလွတ်ချင်ဘူးဆိုရင် သူ့ကို အဲဒီကြိုးလေးနဲ့ ချည်နှောင်ထားဖို့မမေ့ပါနဲ့ မနှင်းဆီ...၊
တစ်ဦှးနှလုံးသားနဲ့ တစ်ဦးနှလုံးသားကြား ဒီကြိုးလေးနဲ့သာ ချည်နှောင်မထားဘူးဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတွေကို လက်လွတ်သွားရလိမ့်မပေါ့ မနှင်းဆီရယ်....။ဆရာမဂျူး ကရေးဖူးတယ်....အချစ်ဆို
တာ ကြိုးသီဖို့မလိုတဲ့ ပန်းလေးတွေတဲ့...၊ဒါဖြင့်ရင် သူငယ်ချင်းဆိုတာ ကြိုးသီဖို့လိုတဲ့ ပန်းလေးတွေလို့
ကျွန်တော်တင်စားလိုက်ချင်တယ်မနှင်းဆီ...၊ဟုတ်တယ်....၊ကျွန်တော်တို့သူငယ်ချင်းတွေအကြား သစ္စာ
ကြိုးလေးတစ်ချောင်းနဲ့တော့ သီထားဖို့လိုလိမ့်မယ်မနှင်းဆီရဲ့...။

ဘဝကတိုတောင်းလှပါတယ်လေ...၊ဘဝတိုတိုလေးမှာ ရပ်တည်စရာ နေရာတစ်ခုမှာ ယိုင်နဲ့နဲ့လေး ရပ်
တည်နေနိုင်ဖို့ ကျွန်တော်တို့မနဲ ကြိုးစားနေရတယ်မနှင်းဆီ...၊ကျွန်တော်တို့ မှီခိုကပ်ရပ်နေရတဲ့ ကမ္ဘာကြီး
ကိုယ်တိုင်ကလည်း ကျမ်းမာရေးမကောင်းလှတာမို့ ကျွန်တော်တို့မှာ ကပ်ကြီးတွေကိုလည်း ရင်ဆိုင်နေရပါ
သေးတယ်...၊အရိုင်းဆန်လှတဲ့ကမ္ဘာ၊ကြမ်းတမ်းလှတဲ့ လောကကြီးထဲမှာ ကျွန်တော်တို့ တတ်နိုင်သရွေ့
ရင်ခြင်းအပ်ကြပါစို့၊ကျောခြင်းကပ်ကြပါစို့၊တစ်ဦးနှင့်တစ်ဦးကြား သစ္စာတရားဆိုတဲ့ ကြိုးကလေးတစ်ချောင်း
နဲ့ ခိုင်ခိုင်မြဲမြဲ ချည်နှောင်ထားကြပါစို့လား မနှင်းဆီ....။

တူမလေး အိန်ဂျယ်ဆပ်ပြာရဲ့ ဖေ့ဘွတ်က မ လာတဲ့ပုံလေးပဲ မနှင်းဆီ... 

(ဤပို့စ်သည် မနှင်းဆီကိုသာရည်ရွယ်ပါသည်...၊သို့ဆိုသော် မနှင်းဆီဘယ်သူလည်း ဟုမေးရန်ရှိလာပါ
သည်...၊ရှင်းအံ...၊တစ်ခါသော် သူငယ်ချင်းတစ်ဦးသည် သူ့ဘလော့လေး၌ မနှင်းဆီသို့ ဟူသော ကဗျာ
များကိုရေးဖွဲ့လေ၏။သူ အဘယ်သူကို ရည်ညွှန်းလေသနည်း၊မသိပါ၊မေးလည်းမမေးမိပါ၊သူ့ရင်ထဲမှ ထွက်
ကျလာသော အဖွဲ့သီးသန့်လည်းဖြစ်ပါလိမ့်မည်...၊သို့သော် ကျွန်တော်တို့ထံသို့လည်း မနှင်းဆီဓာတ်ကူး
ဆက်သွားပြီးသကာလ ကျွန်တော်တို့လည်း မနှင်းဆီကို တိုင်တည်သောစာတို၊ကဗျာတိုလေးများကို ရေးဖွဲ့
ကြသောဟူလို....၊ကျွန်တော်တိုင်တည်သော မနှင်းဆီဟူသည် တစ်ခါကရေးဖွဲ့ဖူးသော ဟန်နီ ကဲ့သို့ လူ
ကိုယ်တိုင် ထင်ရှားစွာရှိသော အရာတစ်ခုမဟုတ်ပါချေ၊ သင်္ကေတ တစ်ခုသာဖြစ်ပါသည်...၊ထို သင်္ကေတ
သည် " သူငယ်ချင်း " ဟူ၍တည်း......၊)

Wednesday, November 2, 2011

ကျွန်တော် ဒီလတစ်လလုံး မအားသည့်အကြောင်း မနှင်းဆီသိစေလိုပါသည်

မနေ့က ညနေငါးနာရီဒေါင်ကနဲ ထိုးတာနဲ့ ကျွန်တော်အခန်းထဲပြန်ရောက်နေပြီမနှင်းဆီ။ပြန်ရောက်ရောက်
ခြင်းဘာလုပ်သလဲ...ဟုတ်လား...၊မေးစရာလိုသေးလို့လားမနှင်းဆီရယ်...၊ရေမချိုး၊အဝတ်အစားမလဲ၊ထမင်း
မစား၊ဘာမှမသောက်ပဲ ကွန်ပြူတာလေးချောက်ကနဲဖွင့်လို့ ကိုယ့်ဘလော့နဲ့ ကိုယ်ဖေ့ဘွတ်ထဲမျက်နှာအပ်
သပေါ့....။ဟိုဟိုဒီဒီဝင်ဖတ်၊တောင်တောင်အီအီဝင်မန့်နဲ့ ခြောက်နာရီခွဲသွားပါရောလားမနှင်းဆီရယ်.......။

နာရီကိုဖျက်ကနဲအကြည့်ရောက်မှဂျူရောင်းဘက်သွားစရာရှိတာသတိရတယ်...။ဒါနဲ့ကပျာကယာ ရေမိုးချိုး
ပြီး အပြေးအလွားထွက်ရတယ်၊၇နာရီထိုးရင်ကိုယ်တွေဘက်ကဘတ်စ်မရှိတော့ဘူးမနှင်းဆီရဲ့၊ကိုယ်တွေနေ
တဲ့နေရာကရှင်ကျားပူမြို့ပြရဲ့တောမြိုင်စွန်းကိုး....။ဘာကိစ္စသွားတာလဲလို့မမေးတော့ဘူးလားမနှင်းဆီ.....။
ငွေရေးကြေးရေးကိစ္စလေ....၊ငွေရေးကြေးရေးကိစ္စဆိုလို့ အခြားတော့ဟုတ်ပါဘူး..၊ဒီလအတွက် ရတဲ့ ကျွန်တော့် လစာ ချက်လက်မှတ်ကလေးကို ချက်ဒီပို့စစ်သွားလုပ်တာပါ.....။ပြီး ကျွန်တော် အိပ်ရှုံလေးနဲ့စု
ထားတဲ့အကြွေလေးတွေလည်းအများကြီး ဖြစ်နေပြီလေ...၊အဲ့အကြွေလေးတွေကိုလည်း ကွိုင်ဒီပို့စစ် သွားလုပ်ရသေးတယ်....မနှင်းဆီရဲ့...။

အကြွေတွေစုတာကဘာရယ်မဟုတ်ပါဘူးမနှင်းဆီရယ်....၊မနှင်းဆီထင်သလိုမိန်းမယူဖို့လည်းမဟုတ်ပါဘူး၊
တခြားဘာရည်ရွယ်ချက်မှလည်းမရှိပါဘူး..၊တစ်ခုခုဝယ်လို့ပိုငွေပြန်အမ်းတဲ့အထဲကပါလာတဲ့ ငွေအကြွေလေး
တွေကို ပြန်မသုံးဖြစ်တဲ့အခါ အိပ်ကလေးထဲ ထည့်ထားလိုက်ရော....၊ဟောများလာတော့ ခုလို ကွိုင်ဒီပို့စစ်
သွားလုပ်လိုက်ရော...၊အဲ့လိုဒီပိုစစ်လုပ်တဲ့အခါမှာ ငွေအကြွေတွေ စက်ထဲကျတဲ့တချွင်ချွင်အသံလေးတွေနဲ့
အတူ စက်ဖန်သားပြင်ပေါ်မှာ ငွေအရေအတွက် ဘယ်ရွေ့ဘယ်မျှဆိုပြီး တဖျက်ဖျက်နဲ့ တက်လာတာကို
ကြည့်ရတာပျော်ဖို့ကောင်းတယ်မနှင်းဆီရဲ့.....။

ပြီးတော့ ကျွန်တော် ဖုံးဘေလ်ဆောင်ဖို့ ဆဲဗင်းအလဲဗင်းကိုလိုက်ရှာတယ် မနှင်းဆီ...၊နာရီဝက်လောက် ရှာ
ယူရတယ် မနှင်းဆီရယ်....၊လတိုင်း ဒီဆိုင်မှာ ဆောင်နေကြ၊လတိုင်းလည်း ဆိုင်ပျောက်နေလို့ ငါးပတ်
လောက် ပတ်ရှာနေကြပဲမနှင်းဆီရဲ့.....။အဲ့ဆိုင်မှာ အမြဲတွေ့ရတာက မြန်မာလေးတွေပဲ မနှင်းဆီ...၊
ကျောင်းတစ်ဖက်နဲ့ဝင်လုပ်နေကြတယ်ထင်တယ်...၊ဂုဏ်ယူစရာပါပဲမနှင်းဆီ....။အဲ့ဆိုင်လိုက်ရှာရင်းနဲ့ ပစ္စည်းအဟောင်းတွေ ရောင်းတဲ့ဆိုင်တောင်ဝင်ကြည့်လိုက်သေး...၊အဟောင်းပေမယ့်ကောင်းနေဆဲလေး
တွေပေါ့...၊ဘာမှတော့ဝယ်ခဲ့ပါဘူး...၊အဲ...ဆိုင်ဝမှာ ကြမ်းပြင်ပေါ်ချထားတဲ့ ဒို့မြန်မာလက်ရာလို့ထင်ရတဲ့
ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုဖူးတွေ့ရတယ်...၊ကြမ်းပြင်မှာဒီတိုင်ကြီးဖူးတွေ့ရတော့ ဝမ်းနည်းရတယ် မနှင်းဆီ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း မမြဲခြင်းတရားကြားမှာ ခြတွေစားထားတာခံရတဲ့အပြင်၊သင်္ကန်းတော်
လည်း ဆေးရောင်တွေမှိန်လို့......။

နောက်ဆုံးတော့ ဆိုင်ရှာတွေ့...၊ဘေလ်ဆောင်..၊ပြီး အန်တီလူစည် ဆိုင်ဝင်တယ်မနှင်းဆီ...၊ထုံးစံအတိုင်း
ဆိုပါတော့ မနှင်းဆီရယ်....၊ဝက်သား၊မုန်းတဲ့ကြက်ဥ၊အသီးအနှံလေးနဲနဲ ဒါပါပဲ..၊ခေါက်ဆွဲခြောက်ဝယ်တော့
ပြီးခဲ့တဲ့ တနင်္ဂနွေက အန်တီတင့်ဆီသွားစားခဲ့ရတဲ့ ခေါက်ဆွဲသုတ်လေးကိုတောင်သတိရသေး..၊သိပ်စားလို့
ကောင်းတယ် မနှင်းဆီရဲ့..၊ပြီး အန်တီတင့်ကလည်း သဘောကောင်းလိုက်တာ...၊ပညာ၊ငွေ၊ဂုဏ်၊အသိုင်း
အဝိုင်း အစစပြီးပြည့်စုံနေသူတစ်ယောက်က ဘာပကာသနမှမရှိ၊ပွင့်လင်းရိုးသားဖြူစင်စွာဆက်ဆံတာကို
မြင်ရတော့ ကြည်နူးရတယ်...၊ချစ်ခင်ရတယ် မနှင်းဆီ...။

ပြောရဦးမယ် မနှင်းဆီ....အဲ့ဒီနေ့ကအကြောင်းတွေကိုပေါ့....၊အန်တီ့အိမ်ကအပြန် ကျွန်တော် သူငယ်ချင်း
တွေနဲ့ ဝိုင်းဖွဲ့ဖြစ်တယ်...၊ဘီဘီဝိုင်းပေါ့မနှင်းဆီရယ်...၊ဘယ်သူတွေနဲ့လဲဆိုတော့ ဆင်တဲဝိုင်းသားတွေပေါ့။
သိပ်ခင်ဖို့ကောင်းတဲ့သူတွေပဲမနှင်းဆီ...၊ကျွန်တော်စကားလေးတစ်ခုကြားဖူးတယ်မနှင်းဆီ....။မိန်းမတွေက
သူတို့ခင်တဲ့သူတွေနဲ့ဆို မြှောက်ပင့်ပြောကြပြီး၊ယောင်္ကျားတွေကတော့ အချင်းချင်း မနာ နာအောင်ပြောကြ
သတဲ့။ဟုတ်တယ်မနှင်းဆီ..၊ကျွန်တော်နဲ့သူငယ်ချင်းတွေလည်းဒီလိုပဲ...၊တစ်ယောက်ကိုတစ်ယောက် ဆော်
ဖို့၊သမဖို့၊တီးဖို့လောက်ပဲချောင်းနေတာကလား...၊ဒီလောက်ပြောလည်း နာတယ်မရှိပါဘူးမနှင်းဆီရယ်....၊
ကြောင်ရိုက်မနာတွေကိုဖြစ်လို့....။ခုဆင်တဲသားတွေလည်း အဲ့လိုပဲမနှင်းဆီရဲ့....၊စုစုရုံးရုံး၊ညီညီညွှတ်ညွှတ်
နဲ့ ပျော်စရာသိပ်ကောင်း...၊ပြောရရင်တော့ မနှင်းဆီရယ်....အဲ့သည်တနင်္ဂနွေလေးက တကယ့်ကိုပျော်စရာ
တနင်္ဂနွေလေးပါပဲ...။

ညပြန်ရောက်လို့ ထုံးစံအတိုင်း အွန်လိုင်းပေါ်ရောက်မှပဲ စိတ်လေစရာနဲ့တန်းတိုးရောမနှင်းဆီ...၊
တစ်ခါတစ်ခါ ကျွန်တော်လူတွေကိုနားမလည်နိုင်ဘူးဗျာ...၊ခုလည်း ဘာကြောင့်ဘယ်လိုဆိုတာ နားမလည်
နိုင်ဘူး..၊ဒီတော့ ကျွန်တော့်မှာလုပ်စရာတစ်ခုပဲရှိတော့တယ်လေ....၊ကျွန်တော် အဲ့ကထွက်လိုက်တာပေါ့..။
အားနာပါတယ်....အဲ့သည်မှာကိုယ်ချစ်ခင်လေးစားရသူတွေရှိပါတယ်...၊ဒါပေမယ့် ကိုယ်ကလည်း ဟင် ဆို
လှည့်မကြည့်ချင်တော့ဘူးရယ်...၊အသံလည်းမကြားချင်၊ရုပ်လည်းမမြင်ချင်..၊ဒီတော့ မမုန်းခင်လမ်းခွဲတာ
အကောင်းဆုံးထင်ပါရဲ့ မနှင်းဆီရယ်...။

ကဲထားပါတော့မနှင်းဆီ...၊ခုတော့ ၁.၁၁.၁၁ ကိုကျော်ဖြတ်ခဲ့ပြီပေါ့...၊ဘာထူးခြားသလဲ ဆိုတော့ ဘာမှထူး
ခြားတယ်မဟုတ်ပါဘူးမနှင်းဆီရယ်...၊ကျွန်တော် ဒီတစ်လလုံး အလုပ်တွေရှုပ်မယ်လေ...၊တနင်္ဂနွေနေ့တိုင်း
အလုပ်ရှိတယ်မနှင်းဆီရဲ့...၊တချို့ရက်တွေမှာလည်း ညလုံးပေါက် လုပ်ရမှာတွေရှိတယ်...၊သူ့ဆန်စား
တော့ ရဲ ရတာပေါ့ မနှင်းဆီရာ....၊ကိုယ်တွေက ရှင်ကျားပူက လက်လုပ်လက်စားတွေကိုး....နော့.........။
စိတ်လေစရာတစ်ခုကတော့ ကျွန်တော်ဒီလထဲ မလေးမြေကို မသွားရတော့ဘူးဗျာ...၊နောက်လကို ရွေ့
လိုက်ရတယ်....။

ဒီဇင်ဘာမှာ မလေး၊ဇန်နဝါရီမှာ ကမ္ဘောဒီးယား၊ဖေဖော်ဝါရီမှာ ထိုင်း နဲ့ မြန်မာပြည်ကိုပြန်မယ် မနှင်းဆီ....၊
သေချာလားလို့မမေးပါနဲ့ စိတ်ကူးပဲရှိပါသေးတယ်...၊ကျွန်တော့်စိတ်ကူးတွေအကောင်အထည်ပေါ်လာဖို့
ဆုတောင်းပေးပါမနှင်းဆီ......။ဒါပါပဲ.....။






Wednesday, October 26, 2011

အလွမ်း မိုး

ကြည့်ပါဦး.....ဟောဒီမှာ...သည်းသည်းမဲမဲ.....

သူရွာချနေပုံက မစဲမယ့် အတိုင်း....

အလွမ်းတွေ တဖွဲဖွဲ နဲ့ပေါ့......

မိုး....ရေ.....။


တွေ့ဆုံ ကြုံ ကွဲ ခြင်းတွေက

ဓာတ်ပြားကြီး အက်ကြောင်းထပ်သလို

ဒဏ်ရာပြီး ဒဏ်ရာ ဆက်နေ...

နင်နေလို့ ငါသွား.....

ငါနေလို့ နင်သွားရော့လေသလား.....

ဟောဒီ ရထားက မရပ်တန့်တော့ဘူးတဲ့လား မိုး ရဲ့....။


တစ်ဘဝစာကို အချိုး ချကြည့်တော့...အချစ်နဲ့အလွမ်းတွေက တစ်:အင်ဖန်နတီ.....

ကဲ.....ဒီမိုး ဒီလေ ဒီအလွမ်းတွေ နဲ့ ငါဘယ်လို အသက်ဆက်ရမလဲကွယ့်.....

တစ်လှမ်းခြင်းတက်တဲ့ လှေကားထစ်တွေလို ငါ တစ်စက္ကန့်ခြင်း လွမ်း....

ဒီလမ်းမှာ အလွမ်းတွေ ခြေရာခြင်းထပ်ခဲ့ပေါ့.....မိုး......။


ကိုယ် နဲ့ စိတ်မှာ နာကျင်ရတိုင်း အလွမ်းတွေက မိုးလို အုံမှိုင်း.....

ကဲ...ရွာချင်တိုင်းသာ ရွာလိုက်ပါတော့ မိုးရေ......

တသက်တာလုံး မစဲစတမ်း....ရင်တစ်ခွင်လုံး လွမ်းချင်တိုင်းလွမ်းမိတဲ့နောက်.......

ဟောဒီ အလွမ်းမိုးထဲ ငါ့စိတ်တစ်ခုလုံး ရေစုန်မျောလိုက်ပြီ...မိုး.....။



အလွမ်းမိုး.................



မျှော်လင့်ခြင်းရဲ့ မိုးတိမ်များ.........အုံ့မှိုင်းဆဲပေါ့ ငါ့ရင်မှာ........

Sunday, October 16, 2011

ကျွန်တော်သောက်ခဲ့သော လက်ဖက်ရည်များ........



" ဦးယေး....မေကြီးက လက်ဖက်ရည်တစ်ခွက် မလိုင်များများနဲ့.....တဲ့...."

သူ ပိုက်ဆံတစ်မတ်နှင့်ဒန်ချိုင့်လေးကို သူ့အရပ်ထက်မြင့်သည့် လက်ဖက်ရည်ဆိုင်ကောင်တာပေါ်ကို မမှီမကမ်း
လှမ်းတင်လိုက်ချိန်တွင်သူဒုတိယတန်းတတ်နေပြီဖြစ်သည်။ထိုစဉ်ကအမေ၊အဖေကဘာဝယ်ခိုင်း၊ဝယ်ခိုင်း၊ဝယ်ခိုင်း
သူနာမည်ကိုထည့်ပြောလေ့ရှိသည်။ဘာကြောင့်ဆိုတာ ထိုစဉ်ကလည်းမသိ၊ခုထိလည်းမသိပါ.....။ သူသိသည်မှာ
မနက်တိုင်းမေမေ့ အတွက် လက်ဖက်ရည်ဝယ်ပေးရမည့်တာဝန်သည်သူ့တာဝန်ဖြစ်သည်ဟူ၍သာ....။

သူ လက်ဖက်ရည်ချိုင့်လေးဆွဲပြီး ပြန်လာချိန်တွင် ထမင်းစားစာပွဲပေါ်တွင် ကြွေရည်သုတ်မတ်ခွက်ကြီးတစ်ခွက်၊
ခွက်ခပ်သေးသေးတစ်ခွက် နှင့်အတူ မေမေက အဆင်သင့်စောင့်ကြိုလျက်...။သူတို့မိသားစုတွင် ဖေဖေနှင့်အစ်မ
က လက်ဖက်ရည်မကြိုက်၊မသောက်ကြပါ။ထိုကြောင့် သူဝယ်လာသောလက္ဘက်ရည်တစ်ခွက်သည်သူနှင့် မေမေ
တို့နှစ်ယောက်အတွက်ကောင်းစွာလုံလောက်ပါသည်...။နံနက်ခင်းတိုင်းတွင် သူတို့သားအမိနှစ်ဦး ထမင်းစားပွဲ တွင်မျက်နှာချင်းဆိုင် ထိုင်၍ လက်ဖက်ရည်သောက်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာပါ.....။

~~~~~~~~~~~~~~~~~~~~~~~

သူ ခုနှစ်တန်းတက်ချိန်တွင် သူတက်ရသောအထက်တန်းကျောင်းသည် နှစ်ချိန်ကျောင်းအဖြစ် ပြောင်းလဲခဲ့ပါ
သည်။ငါးတန်း၊ခြောက်တန်း နှင့် ခုနှစ်တန်းများက မနက်ပိုင်းအချိန်တက်ရသည်။မနက်ခုနှစ်နာရီမှ နေ့လည်
ဆယ့်နှစ်နာရီအထိဖြစ်သည်။ထိုစဉ်က သူသည် သူ့အတန်းတွင် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူရသည်။
သူ့အသင်းတာဝန်ကျသော ရက်သတ္တပတ်များတွင် သူနှင့်သူ့သူငယ်ချင်းတစ်ဦးတို့ နှစ်ယောက်သား ကျောင်း
သို့စောစောလာကာ အခန်းတွင်းသန့်ရှင်းရေးလုပ်ခြင်း၊သောက်ရေခပ်ခြင်းများကို လုပ်ဆောင်ရလေ့ရှိသည်။

ထိုသို့မနက်စောစောထလာရတိုင်း သူတို့နှစ်ဦးစလုံး အိမ်မှ တစ်စုံတစ်ရာ စားသောက်လာရခြင်းမရှိခဲ့ပါ။
သို့အတွက် သူတို့နှစ်ဦး မနက်ခင်းတိုင်းတွင် ကျောင်းနားက လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက်နှင့်
နံပြားတစ်ချပ်ကို အမြဲလိုလိုဝယ်စားဖြစ်ခဲ့မြဲသာ...။ထိုစဉ်က သူတို့မုန့်ဖိုးသည် တစ်ဦးမှ တစ်ကျပ်သာရခဲ့သည်။
လက်ဖက်ရည်တစ်ခွက်လျှင် တစ်ကျပ်၊ပဲပြုတ်နံပြားတစ်ပွဲလျှင် တစ်ကျပ် ဖြစ်လေရာ သူတို့နှစ်ဦးပေါင်းမှ
လက်ဖက်ရည်တစ်ခွက်နှင့်ပဲပြုတ်နံပြားတစ်ပွဲသာ ဝယ်စားနိုင်ခဲ့သည်။နံပြားတစ်ပွဲ ကို နှစ်ဦးမျှစားနိုင်သော်လည်း
လက်ဖက်ရည်တစ်ခွက်ကို နှစ်ဦးမျှသောက်ရန်အတွက်မူ အခက်အခဲရှိနေခဲ့သည်။ သို့သော် သူတို့သူငယ်ချင်း
နှစ်ဦး ထိုပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့သည်။

ကျောက်ပတောင်းဟုခေါ်သည့် လက်ဖက်ရည်ချိုပျစ် တစ်ခွက်မှာပြီးလျှင် ဆိုင်မှ နောက်ထပ်ခွက်အလွတ်တစ်လုံး
တောင်းယူလိုက်သည်။ထို့နောက် ခွက်နှစ်ခွက်အတွင်း လက်ဖက်ရည်ကိုအညီအမျှခွဲထည့်ပြီးနောက်ရေနွေးကြမ်း
အနည်းငယ်ရောထည့်လိုက်သောအခါ နှစ်ဦးစလုံးအတွက် ကောင်းစွာလုံလောက်သွားခဲ့တော့သည်....။ဤသို့
လျှင် ရက်သတ္တပတ်များစွာ သူတို့သူငယ်ချင်းနှစ်ဦး လက်ဖက်ရည်တစ်ခွက်ကို အတူတစ်ကွသောက်ခဲ့ကြသည်။
သူ ရှစ်တန်းနှစ်ရောက်ချိန်တွင် စာသင်ချိန်သည် ညနေပိုင်းသို့ပြောင်းသွားခဲ့သည်။ သူ့သူငယ်ချင်းသည်လည်း
သူ၏ ဖခင်အလုပ်ပြောင်းရွေ့ရာ မြှို့တစ်မြို့သို့ ပြောင်းသွားခဲ့ပြီဖြစ်သည်။သူတို့သူငယ်ချင်းနှစ်ဦး၏ မနက်စော
စော လက်ဖက်ရည်ဝိုင်းလေးသည်လည်း နိဌိတံသွားခဲ့ရသည်။

~~~~~~~~~~~~~~~~~~~~

၁၉၉၆ခုနှစ်တွင် သူရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ရုက္ခဗေဒအထူးပြုဖြင့် ဒုတိယစာသင်နှစ်ကို တက်
ရောက်နေပြီဖြစ်သည်။ထိုစဉ်က တက္ကသိုလ်များလှိုင်နယ်မြေသည်လည်း နှစ်ချိန်ကျောင်းသာဖြစ်သည်။သူတက်
ရသည်က နေ့လည်ပိုင်းအချိန်...၊သူစီးနင်းလိုက်ပါလာသောကျောင်းကားသည် လှိုင်နယ်မြေအတွင်း ကျောင်း
သားများကို ချပေးပြီးသည်နှင့် ခရီးသည်လိုင်းကားအဖြစ်ပြန်လည်ပြေးဆွဲရန် လှည်းတန်းလမ်းဆုံသို့ပြန်လည်
ထွက်ခွာစမြဲ...၊သူသည်လည်း ကျောင်းသို့ရောက်သည့်တိုင် ကားပေါ်မှမဆင်းပဲ ထိုကားနှင့်ပင် လှည်းတန်းလမ်း
ဆုံသို့ လိုက်ပါတတ်စမြဲ...၊

ထိုစဉ်က လှည်းတန်းလမ်းဆုံတွင် ပန်းအိ ဆိုသော လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တည်ရှိခဲ့သည်။ထိုလက်ဖက်
ရည်ဆိုင်လေးသည် သူတို့သူငယ်ချင်းတစ်စု စတည်းချရာ ဘူမိနက်သန်နေရာတစ်ခုပင်။ အင်းစိန်မှဘောလုံးကန်
ကောင်းသည့် မောင်မောင်ဦးဟု နောက်ပြောင်ခေါ်သည့် သူငယ်ချင်းတစ်ဦး၊ ရန်ကုန်မြစ်တစ်ဘက်ကမ်းမှ
ကျောင်းလာတတ်ရသည့် သာအေးဟု နာမည်ပြောင်ပေးထားသည့်တစ်ယောက်၊ဆယ်မိုင်ကုန်းမှ ဟိုတယ်
အလုပ်တစ်ဘက်ဖြင့်ကျောင်းတတ်နေသည့် တိုးကြီး၊လှည်းတန်းတွင် အဆောင်ငှားနေသည့် ကျောက်ကြီးသား၊
နောက်...ကျွန်တော်...။

ကျွန်တော်တို့ငါးယောက်သား ထိုဆိုင်လေးတွင် လက်ဖက်ရည်တစ်ယောက်တစ်ခွက်မှာသောက်ရင်း ကျွန်တော်
တို့ စိတ်ဝင်တစားရှိရာ အကြောင်းအရာတစ်ရပ်ကို တီးတိုးပြောနေလေ့ရှိခဲ့သည်။တစ်ဦးရထားသည့် စာရွက်
စာတန်းလေးများကို တိုးတိုးတိတ်တိတ်လက်ဆင့်ကမ်းဖတ်ရှုခဲ့ကြသည်...။ကျွန်တော်တို့နောင်တော်ကျောင်း
သားကြီးများ၏ပြောစကားများကို ဆွေးနွေးခဲ့ကြသည်...။

ဆောင်းကုန်ကာစ တစ်ရက်သောနေ့လည်ခင်းတွင် ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် ထိုလက်ဖက်ရည်ဆိုင်
လေးတွင်ထိုင်ရင်း လှည်းတန်းလမ်းဆုံတစ်ဝိုက်မှ အခြေအနေတစ်ရပ်ကိုစောင့်ကြည့်နေခဲ့သည်။ငယ်ရွယ်
တတ်ကြွသော ကျောင်းသားများ လမ်းဆုံတွင် စုရုံးမိသည်ထက်စုရုံးမိလာသောအချိန်တွင် ကျွန်တော်တို့ ထိုင်
မနိုင်ကြတော့ပါ...၊သောက်လက်စလက်ဖက်ရည်ကို လတ်စသတ်ပြီး ကျွန်တော်တို့နောင်တော်များနှင့်အတူ
အရေးအခင်းတစ်ရပ်တွင် စီးမျောပါဝင်သွားခဲ့ကြတော့သည်...။ကျွန်တော်တို့ဆိုင်မှထွက်ခွားပြီးသည်နှင့်
တစ်ပြိုင်နက် ပန်းအိလက်ဖက်ရည်ဆိုင်လေးသည် သူ၏သံဘာဂျာတံခါးကို ဝုန်းကနဲဆွဲပိတ်လိုက်ပါတော့သည်။

ထိုနေ့ည တစ်ညလုံး ကျွန်တော်တို့ စည်းလုံးခဲ့သည်၊စုရုံးခဲ့သည်၊ကျွန်တော်တို့အခွင့်အရေးများကို ချပြခဲ့ကြသည်။
နောက်တစ်နေ့မနက် လင်းအားကြီးတွင် ကျွန်တော့်အား လိုက်ရှာနေသော အစ်ကိုဝမ်းကွဲနှင့် ပက်ပင်းတွေ့ပါ
တော့သည်။ မင်းမေမေ သွေးတိုးနေတယ်...၊အားလုံးစိတ်ပူအောင်မလုပ်ပါနဲ့ကွာ...လာလာလိုက်ခဲ့ဟု ခေါ်ငင်
ခဲ့သော အစ်ကိုဝမ်းကွဲ ဆွဲခေါ်ရာလိုက်ပါသွားရင်း ကျွန်တော်.... ကျွန်တော့်ရဲဘော်ရဲဘက်များဖက်သို့ အားနာ၊
စိတ်မကောင်းစွာလှည့်ကြည့်လိုက်မိသည်။သူတို့ကတော့ ကျွန်တော့်ကို နားလည်ပေးသော နှုတ်ဆက်ပြုံးဖြင့်
တုံပြန်ရှာပါသည်။ကျွန်တော့်စိတ်ထဲတွင်မတော့ သစ္စာမဖောက်ခဲ့သည်တိုင် သစ္စာပျက်ခဲ့သူတစ်ဦး၏ ကြေကွဲ
ခြင်းများစွာဖြင့်....။

~~~~~~~~~~~~~~~~~~~~~~~~

ထိုစဉ်က ကျွန်တော်တို့ စိတ်တူသူရဲဘော်ရဲဘက်တစ်စုတို့ ပန်းအိဆိုင်လေးတွေ သောက်ခဲ့သောလက်ဖက်ရည်
သည် ကျွန်တော်တို့အပြီးတိုင်ခွဲခွာခြင်းအထိမ်းအမှတ် လက္ဘက်ရည်များဖြစ်လိမ့်မည်ဟု မည်သူမျှထင်မှတ်မထား
ခဲ့ကြပါ။ ကျွန်တော့်ရဲဘော်သူငယ်ချင်းများ ထိုစဉ်က ဘာတွေဆက်လုပ်ခဲ့ကြ (သို့) ဘာတွေဖြစ်ခဲ့ကြသည်ကို
ကျွန်တော်မသိရတော့ပါ။ကျွန်တော်ကိုယ်တိုင် တင်းကြပ်သောလုံခြုံရေးများရှိသည့် စခန်းတစ်ခုအတွင်း သုံးရက်
ကြာစစ်မေးခြင်းခံခဲ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မှတွေ့ခွင့်မရခဲ့ပါ။ယခုချိန်တွင် သူတို့ဘယ်ဆီ
ရောက်နေကြသည်ကိုလည်း ကျွန်တော်မသိတော့ပါ။

~~~~~~~~~~~~~~~~~~~~

နောက်နှစ်အနည်းငယ်ကြာသော် ကျွန်တော် အစိုးရရုံးစခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါသည်။
ကျွန်တော့်တွင် သိပ်ချစ်ရသော ချစ်သူတစ်ဦးလည်း ရှိနေခဲ့ပါပြီ။ကျွန်တော်နှင့် ကျွန်တော့်ချစ်သူတို့ ရုံးမသွားမှီ
မနက်ခင်းတိုင်း အမြဲတွေ့ဆုံခဲ့ရာနေရာလေးသည် ချစ်သူနေထိုင်ရာ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်လေးတစ်
ဆိုင်တွင်ဖြစ်ပါသည်။ချစ်သူက လက်ဖက်ရည်ကြိုက်နှစ်သက်သူမဟုတ်ပါ။သို့သော် ကျွန်တော့်ကို ချစ်သောစိတ်
ဖြင့် သူ...လက်ဖက်ရည်လိုက်သောက်ရင်း တစ်ဖြည်းဖြည်း ကြိုက်နှစ်သက်လာသည်(ဟု ကျွန်တော်ထင်ခဲ့သည်)။

ကျွန်တော်တို့နှစ်ဦး လက်ဖက်ရည်တစ်ယောက်တစ်ခွက်စီဖြင့် ရှေ့ရေးများကို တိုင်ပင်ကြည်နူးခဲ့သည်။တစ်ဦး
မျက်နှာ တစ်ဦး တစ်သိမ့်သိမ့်ကြည့်ရင်း လက်ဖက်ရည်တစ်ခွက်ကို တစ်စိမ့်စိမ့်သောက်ခဲ့ကြသည်.ကျွန်တော်တို့
သောက်သောလက်ဖက်ရည်တွင်ပင် ချစ်ခြင်းတရားတို့ဖြင့် ပျော်ဝင်ချိုမြိန်လျက်.....။သို့သော်....ကျွန်တော့်ချစ်သူ
သည် သူမကြိုက်သောလက်ဖက်ရည်ကိုသာ ကျွန်တော့်ကို ချစ်ခြင်းဖြင့် လိုက်ပါသောက်နိုင်သော်လည်း တစ်ချို့
သော အကြောင်းအရာများတွင်ကျွန်တော့် သဘောဆန္ဒနောက်သို့ မလိုက်ပါနိုင်ခဲ့ပါ။ကျွန်တော်သည်လည်း
ထိုသို့သာပင် ဖြစ်ခဲ့ပါသည်...။ဤသို့ဖြင့် အယူအဆမတူသူချစ်သူနှစ်ဦး၏လားရာသည် ဝေးသည်ထက်ဝေးရာသို့
ဦးတည်လာခဲ့ရတော့သည်...။

~~~~~~~~~~~~~~~~~~~~~~~

ယခုချိန်တွင် ကျွန်တော် အာရှတိုက်၏ ဖွံဖြိုး တိုးတတ်နေပြီဖြစ်သော နိုင်ငံတစ်ခုမှ ကြီးကျယ်ခမ်းနားသော
ရှောပင်းမောကြီးတစ်ခု၏ တတိယအထပ်တွင် ဖွင့်လှစ်ထားသော သားနာသပ်ရပ်သည့် လက်ဖက်ရည်ဆိုင်တစ်
ဆိုင်တွင် ဈေးကြီးလှသည့် လကက်ရည်တစ်ခွက်ကို တစ်ဦးတည်း ထိုင်သောက်နေမိသည်။ထိုဆိုင်မှ လက်ဖက်
ရည်သည် အတော်နာမည်ကြီးလှပါသည်။သို့သော် ကျွန်တော့်အတွက်တော့ လက်ဖက်ရည်အရသာသည် ပေါ့
ပျက်ပျက်နိုင်လှပါသည်။

အင်မတန်ကောင်းလှပါသည်ဆိုသော ထိုလက်ဖက်ရည်၏အရသာသည် ကျွန်တော်ငယ်စဉ်က မေမေနှင့်အတူ
သောက်သုံးခဲ့သော လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း၊ ခုနစ်တန်းနှစ်က သူငယ်ချင်းနှင့်ဝေမျှသောက်ခဲ့
ရသော လက်ဖက်ရည်ကိုလည်းကောင်း၊ပန်းအိဆိုင်လေးမှ လက်ဖက်ရည်ကိုလည်းကောင်း၊ချစ်သူနှင့်အတူ
သောက်ခဲ့သည့် လက်ဖက်ရည်တစ်ခွက်ကိုလည်းကောင်း ဘယ်လိုမှ မှီနိုင်ခြင်းမရှိခဲ့ပါ....။

ကျွန်တော်တစ်ချိန်ကသောက်သုံးခဲ့သော လက်ဖက်ရည်များသည် သာမန်မျှသာဖြစ်ပါသည်။ သို့သော် ထိုသာမန်
လက်ဖက်ရည်များထဲတွင် မိဘနှင့်သားသမီးတို့၏ချစ်ခြင်းများ၊ငယ်သူငယ်ချင်းသံယောဇဉ်များ၊ရဲဘော်ရဲဘက်
စိတ်များ၊ချစ်သူတို့ချစ်ခြင်းများ ထည့်ဝင်ဖျော်ထားလိုက်သောအခါ တခြားကောင်းလှပါသည်ဆိုသော လက်ဖက်ရည်
များနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်ခြင်းမရှိသော ချစ်ခြင်းများဖြင့် ချိုမြိန်နေသော လက်ဖက်ရည်ကောင်းများဖြစ်သွား
ရပါတော့သည်....။

ကျွန်တော် လက်ဖက်ရည်ကြိုက်သူတစ်ဦးဖြစ်ပါသည်..။ကလေးအရွယ် ငယ်စဉ်ကတည်းက လက်ဖက်ရည်ကို
နှစ်ခြိုက်စွာသောက်သုံးခဲ့သည်။ယခုလည်းသောက်နေဆဲ...၊နောင်လည်းသောက်နေဦးမည်သာဖြစ်ပါသည်။
သို့သော် ကျွန်တော်သောက်နေသောလက်ဖက်ရည်များတွင် တစ်စုံတစ်ရာလှစ်ဟာနေသည်ဟုခံစားရစမြဲပင်၊
ကျွန်တော် လက်ဖက်ရည်တစ်ခွက်သောက်မိတိုင်း၊တစ်ချိန်က ကျွန်တော်သောက်ခဲ့သော လက်ဖက်ရည်များကို
သတိရမြဲ....၊ထိုသို့သတိရတိုင်း ကျွန်တော် လက်ဖက်ရည်တစ်ခွက်ကို သောက်မိဆဲပင်ဖြစ်ပါတော့သည်.....။