Wednesday, March 13, 2013

အိန်ဂျယ်အလင်း.......မြတ်နိုးခြင်းကောင်းကင်.....ယုံကြည်စွာတည်အပ်သောချစ်ခြင်းများ....

" အဝေးဆုံးကြယ်လေးက ကိုယ့်ရင်ထဲမှာတော့ အလင်းတွေ ပြိုးပြိုးပြက်ပြက်...... "

အဝါရောင်မီးမှိန်မှိန်လေး ထွန်းထားသော ကော်ဖီဆိုင်၏မှန်ပြူတင်းမှတစ်ဆင့် ကောင်းကင်ပြင်ဆီသို့ သူမ
ငေးကြည့်နေမိသည်....။ပဲရစ်၏ နွေဦးညကောင်းကင်ယံတွင် ကြယ်ပွင့်လေးများက ပြိုးပြက်တောက်ပနေ
သည်....။ကြယ်တွေကို ငေးကြည့်နေဆဲမှာပင် တောက်ပသောအလင်းတန်းနှင့်အတူ ကြယ်လေးတစ်ပွင့်
ကြွေလွင့်သွားသည်...၊ကြယ်လေးကြွေသွားပုံက အိန်ဂျယ်တစ်ပါး ကမ္ဘာမြေပေါ် သက်ဆင်းလာသည့်
အလား....။

အိန်ဂျယ်......၊ထိုအမည်နာမတစ်ခုကို သူမနှုတ်မှ မရွတ်ဆိုမိသည့်တိုင် ရင်ထဲမှာတော့ တိုးတိတ်ညင်သာစွာ
ရိုက်ခတ်နေတတ်မြဲပင်....။အိန်ဂျယ်သည် ကြယ်ပွင့်လေးတစ်ပွင့်အဖြစ် ဖန်ဆင်းတတ်လေသလား...။သို့
မဟုတ် ကောင်းကင်၌တည်သော ကြယ်လေးတစ်ခုတစ်လေသည်ပင် အိန်ဂျယ်လေလား....။သူမအတွေး
ထဲသို့ အိန်ဂျယ်ဆိုသော ကောင်လေးတစ်ယောက်ဝင်ရောက်လာသည်နှင့် နွေးထွေးမှုကိုခံစားရမြဲ....၊
အိန်ဂျယ်သည် အဝေးဆုံးမှာ ရှိနေလျက်ကပင် သူ၏တောင်ပံများနှင့် သူမနှလုံးအိမ်ကို အုပ်စိုးထားနိုင်ခဲ့
သည်ပဲလေ....။

အေးစက်စပြုနေပြီဖြစ်သော ကော်ဖီကို သူမတစ်ငုံ ငုံလိုက်သည်....။ကော်ဖီတွေသိပ်သောက်နေသလား....
ဆိုသော သူ၏ စိုးရိမ်စကားကို သတိရမိတော့ သူမနှုတ်ခမ်းတွင် အပြုံးတစ်စတွဲခိုသွားသည်။တားမြစ်မှုမ
ပါသော၊နားလည်မှုရှိသော၊ချစ်ခြင်းအားဖြင့်သာဂရုတစိုက်ရှိတတ်သော သူ၏စကားလုံးများသည် သူမရင်
ထဲတွင်စက္ကန့်မလပ် ပဲ့တင်ထပ်နေတတ်မြဲ....။အေးစက်နေသော ကော်ဖီသည် အိန်ဂျယ်၏ချစ်ခြင်းများနှင့်
အတူ နွေးထွေးချိုမြိန်စွာ သူမရင်ထဲသို စီးဆင်းသွားသည်။ခရီးမိုင်တို့၏ ဝေးကွာမှုသည် ချစ်ခြင်းဖြင့် ညွှတ်
ပျောင်းနေသော နှလုံးသားများ၌ ဆံချည်မျှင်သော အကြားအလပ်မျှ အရာမထင်စေနိုင်ခဲ့....။

ကော်ဖီဆိုင်တွင်းဖွင့်ထားသော ဓာတ်စက်မှ Don Williams ၏ I Believe in You သီချင်းသံ တိုးတိုးထွက်
ပေါ်နေသည်...။...I believe in love....... I believe in you...... နှုတ်ခမ်းလေးလှုပ်ရုံ အသံမထွက်ပဲ
 သူမ သီချင်းသံစဉ်ကို လိုက်လံညည်းဆိုနေမိသည်...။ပဲရစ်မြို့ကြီးတွင် တစ်ဦးတည်း ရပ်တည်နေရသည့်
သူမအတွက် အထီးကျန် မနေသည့်တစ်ခုတည်းသောအကြောင်းတစ်ရပ်မှာ သူ၏ချစ်ခြင်းတွင် တည်အပ်
သော ယုံကြည်မှုတစ်ခု သာလျှင်ဖြစ်သည်။ယုံကြည်စွာတည်တန့်နေသော ချစ်ခြင်းတစ်ရပ်၌အဘယ်မည်
သော မျှော်လင့်ချက်တစ်စုံတစ်ရာမှ မပါသည်ကိုတော့ သူမဘာသာ အသိ......။ချစ်ခြင်းတရားဆိုသည်မှာ
သူမအဖို့တော့ ကောင်းကင်ပြာဟိုးအဝေးထက်မှ ကြယ်ဖြူဖြူလေး တစ်ပွင့်ကို ကျေနပ်စွာ ငေးမောကြည့်
နေရုံမျှသာ......။

~~~~~~~~~~~~~~~~~~~~~

" ကြည်စင်ကောင်းကင်က ကိုယ့်နှလုံးသားထဲမှာ နွေးနွေးထွေးထွေး..... "

နွေဦး၏ကမ်းခြေညသည် သူထင်မှတ်ထားသည်ထက် တိတ်ဆိတ်နေသယောင်....၊သူ့နှလုံးအိမ်အတွင်း
မှ ညွှတ်နူးသောချစ်ခြင်းတရားအပေါ်၌ အာရုံတို့ ညွတ်စင်းကျနေ၍လည်းဖြစ်နိုင်ပေသည်သာ။ ကမ်းခြေ
ညကောင်းကင်ယံသည် သူချစ်သော ကောင်းကင် ဟု ခေါ်သည့်ကောင်မလေးတစ်ယောက်ကို သူ့ရင်
တွင်းသို့ ညင်သာစွာ ကိန်းဝပ်တည်ရှိစေတတ်လေ၏။နက်မှောင်နေသော ကောင်းကင်ယံသို့ သူ မော့
ကြည့်နေမိသည်။ကမ်းခြေညကောင်းကင်သည် နက်မှောင်ခိုင်ခန့်စွာ သူ့ကိုအုပ်မိုးထားသည့်တိုင် သူ့
ရင်တွင်းတွင်မတော့ ပကတိပြာလွင်ကြည်စင်နေသည့် ကောင်းကင် တစ်ခုက ရှင်းလင်းလှပစွာ တည်ရှိ
နေလေသည်....။

ကောင်းကင်.......၊ရှင်းရှင်းသန့်သန့်၊ဝင်းဝင်းဖန့်ဖန့်၊မောင့်ရင်ကပ်ပန်းလေး ရယ်........ဟု သူမကြာခဏ
တင်စားခေါ်ဆိုတတ်သည့် ကောင်မလေးတစ်ယောက် သူနှင့်လှမ်းရာ မိုင်အဝေး၌ရောက်နေသည့်တိုင်
အောင် သူ့စိတ်အစဉ်ကတော့ အနီးဆုံးမှာရောက်ရှိနေသည့်နှယ် ခံစားတတ်မြဲ.....။ချစ်သောစိတ်တစ်ခု
သည် မိုင်ကုဋေများစွာကိုပင် ပိုင်းခြားဖြတ်တောက်နိုင်စွမ်းရှိနေခဲ့ပေပြီ....။ချစ်ခြင်းဖြင့်ဖွဲ့တည်သော ဘဝင်
စိတ်ထဲ၌ သူမဘာတွေလုပ်နေမလဲ.....ဘာတွေဖြစ်နေမလဲ....ဆိုသော မေခွန်းများကို မြူမှုန်မျှပင် မရစ်
ထင်စေနိုင်ခဲ့....။ယုံကြည်မှုသည် ချစ်ခြင်း၏အခြားအဓိပ္ပာယ်အဖြစ် ဖွင့်ဆိုသတ်မှတ်ခြင်းခံခဲ့ရပြီးသည့်
နောက် စိတ်အတွေးတို့သည် စမ်းရေပမာကြည်လင်ခဲ့ရလေပြီ....။

" ဘယ်ဆီကိုရောက်လို့နေ......ဘယ်လောက်ပဲဝေးရလည်း.....ဘယ်တော့မှအထီးကျန်မဆန်ခဲ့......၊
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့....ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်....... "

မလှမ်းမကမ်း ကမ်းခြေမီးပုံပွဲမှ သီချင်းသံသဲ့သဲ့ကို ကြားမိတော့ ကြည်နူးကျေနပ်စွာ သူပြုံးလိုက်မိသည်။
သူ့အတွက်တော့ အဘယ်မည်သော တမ်းတမှုမျှရှိမနေသည့်တိုင် လက်လေးတစ်လှုပ်၊ခြေတစ်ဖြုတ်မှာပင်
စုံမက်စွာမြတ်နိုးရသော ကောင်းကင်တစ်ခု၏ နူးညံ့စွာထွေးပိုက်အုပ်မိုးမှုကို ရရှိမြဲပင်.....။လှုပ်ယိမ်းသွား
သောပန်းလေးတစ်ပွင့်၊နွေးထွေးစွာဖြာစင်းကျတတ်သည့်နေခြည်တန်း၊အေးမြစိုစွတ်သည့်မြက်ဖျားနှင်းစက်
တို့သည် ချစ်သောကောင်းကင်၏အငွေ့အသက်အား သူ၏အနီးဆုံး၌ တည်ရှိစေတတ်ခဲ့ပြီ....။ကောင်းကင်
တစ်မိုးအောက်မှာ ချစ်သောသူနှင့်အတူ  ရှင်သန်နေထိုင်နေရသည်ဟူသော အသိတစ်ခုတည်းသည်ပင်
သူ့ဘဝအတွက် အထီးကျန်စိတ်တို့မှ လွန်မြောက်ရာ သောင်ကျွန်းပင်တည်း....။

စိုစွတ်အေးစက်နေသော သဲသောင်ပြင်ထက်သို့ သူ ပက်လက်လှဲချလိုက်မိသည်....။သူ့မြင်ကွင်းထဲသို့
ဆုံးစမထင်သောကောင်းကင်ယံက ဝင်ရောက်လာသည်။မှိုင်းပြာရီသောကောင်းကင်ပြင်တွင် ကြယ်ပွင့်
လေးများက ဟိုတစ်စ....၊ဒီတစ်စ.....။ချစ်သောကောင်းကင်ကို သူကြည့်နေဆဲမှာပင် ဟိုးအနောက်ဘက်
ယွန်းယွန်းဆီသို့ ကြယ်ပွင့်တစ်စ ကြွေကျသွားသည်....။သူ ဘာဆုမှမတောင်းဖြစ်ပါ...။ယုံကြည်မြတ်နိုး
သောအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီးသည့်နောက် ထပ်မံတောင်းအပ်သောဆုမည်သည် မရှိနိုင်တော့....။


 ယုံကြည်စွာတည်အပ်သောချစ်ခြင်းတရားများ၌ ကာလ၊ဒေသအပိုင်းအခြားများသည်လည်းကောင်း၊
လွမ်းမောတမ်းတရသည့်အထီးကျန်ညများသည်လည်းကောင်း၊ရယူပိုင်ဆိုင်လိုသည့် ဆန္ဒရမ္မက်များ
သည်လည်းကောင်း၊အခြားတစ်စုံတစ်ရာသောဖြစ်တည်မှုများသည်လည်းကောင်း အဏုမြူမှုန်မျှပင်
ထင်ရှားခြင်းမရှိနိုင်....၊မြတ်နိုး၊ယုံကြည်ချစ်ခင်ကြသူနှစ်ဦးအတွက်တော့ အချစ်ဆိုသည်မှာဆေးမှင်ဖြူ
တစ်စက်ပင်ထင်ကျန်ခြင်းမရှိသော ပကတိကြည်ကြည်စင်စင်.........။

Tuesday, March 5, 2013

ဓားများ.......

 ဓာတ်ပုံ- ဂူးဂဲ


" ခင်ဗျားတို့ဆီမှာ တန်ဖိုးအနဲဆုံးအကြွေစေ့လေးတွေရှိသလားဗျ...၊ရှိရင် ကျွန်တော့်ကို တစ်ယောက်တစ်
စေ့ဆီ ပေးလို့ရမလား...... "

ကိုလင်းသစ်၏စကားအဆုံးမှာတော့ ကျွန်တော်နှင့် ကိုထွန်းတို့နှစ်ဦး ပိုက်ဆံအိတ်ကိုယ်ဆီဖွင့်လို့အလုပ်
ရှုပ်သွားရသည်။ဟိုးအဝေးဥရောပတိုင်းပြည်တစ်ခုမှအလည်လာသောသူမို့ ဒီနိုင်ငံ၏ငွေအကြွေလေးများကို
အမှတ်တရ သိမ်းစည်းလိုသည်ဟုပဲထင်လိုက်မိကြသည်။

" တန်ဖိုးအနဲဆုံးကတော့ဆယ်ပြားစေ့ပဲရှိတယ်ဗျ...၊ငါးပြားစေ့ကတော့ အိမ်မှာရှိလိမ့်မယ်၊အမှတ်တရသိမ်း
ထားဖို့လား....၊ရှာထားပေးမယ်လေ... "

" ဒီလိုဗျ....၊ကျွန်တော် စောစောတုန်းက ခင်ဗျားတို့နှစ်ယောက်ကို ဆွိစ်မောင်းချဓားလေးတွေလက်ဆောင်
ပေးပါရောလား....၊ကျွန်တော်နေတဲ့နိုင်ငံမှာ အယူ၊ဓလေ့ လေးတစ်ခုရှိတယ်..၊ခုလိုမျိုး တစ်ယောက်ယောက်
ကိုဓားပေးတယ်ဆိုတာ အဲဒီနှစ်ယောက်အကြားက သံယောဇဉ်၊ခင်မင်မှုကြိုးလေးတွေကို ဖြတ်တောက်
လိုက်တယ်ဆိုတဲ့ သဘောသက်ရောက်တယ်တဲ့ဗျ...၊ဒီတော့ ခင်မင်မှုနဲ့ ဓားပေးတယ်ဆိုရင်တောင် အဲဒီ
အဓိပ္ပာယ်မသက်ရောက်သွားစေရအောင် ကိုယ်လက်ဆောင်ပေးတဲ့သူဆီက စတိသဘောငွေနဲနဲပြန်ယူ
တတ်တယ်၊ဆိုလိုတာကတော့ဗျာ.... ဓားကိုလက်ဆောင်ပေးတာမဟုတ်ဘူး...ရောင်းလိုက်တယ်ပေါ့.....။
ဒါကြောင့် ခင်ဗျားတို့ဆီက စတိငွေပြန်တောင်းတာပါ...၊ဘာရယ်တော့လည်း မဟုတ်ဘူးပေါ့ဗျာ..... "

ကိုလင်းသစ်စကားအဆုံးမှာတော့ ကျွန်တော့်အတွေးများက စကားဝိုင်းဆီမှ တစ်ခဏတာမျှပြေးထွက်သွား
ခဲ့သည်....။ဟုတ်သည်ပေါ့....၊ဓားဆိုသည်က တစ်စုံတစ်ရာကို ဖြတ်တောက်၊ပိုင်းခြားတတ်သည့် သတ္တိ၊
သဘာဝရှိသည်ပဲ.....။ပြီး ဓားဟူသည် လက်ဆောင်ပေးလေ့ပေးထ ရှိလှသည်မဟုတ်...။သို့သော် ကျွန်
တော့်ဘဝတစ်လျှောက်တွင်မတော့ ဓားလက်ဆောင်များသည် စိတ်ရင်ပြင်၌ ထင်ထင်ရှားရှားရှိနေတတ်
လေသည်....။

ကျွန်တော့်အတွက်ပထမဆုံး ဓားလက်ဆောင်ကို ပေးလာသူကတော့ ကျွန်တော့်မေမေကိုယ်တိုင်ပင်....။
ကျွန်တော်ရှစ်တန်းကျောင်းသားဘဝ၊တစ်ခုသော ဆောင်းတစ်လတွင် မေမေ သူ့ဇာတိရပ်ရွာသို့ ခေတ္တ
ပြန်သွားခဲ့သည်။မွေးဇာတိသို့ တစ်နှစ်တစ်ခေါက်ပြန်နေကျဖြစ်သောမေမေသည် ပုံမှန်အားဖြင့်တော့ သူ၏
အိမ်ပြန်ခရီးတွင် မြေလတ်ဒေသထွက်စားသောက်ဖွယ်ရာများကိုသာ သယ်ဆောင်လာတတ်စမြဲပင်...။
ကျွန်တော်တို့အတွက် မုန့်ပဲသရေစာလေးများမှလွဲ၍ အခြားမျှော်လင့်စရာမရှိလှပါ...။သို့သော် ထိုနှစ်မှာ
တော့ မေမေက ကျွန်တော့်ကို .... ရော့..သားအတွက်.... ဟုဆိုကာ နှစ်တောင်သာသာမျှရှည်၍ ကျပ်လုံး
ခန့်လုံးပတ်ရှိသော သစ်သားတုတ်လေးတစ်ချောင်းလက်ဆောင်ပေးခဲ့သည်....။

သာမန်ကြည့်လိုက်လျှင်တော့ ထိုသစ်သားချောင်းလေးသည် ရိုးရိုးတုတ်ချောင်းလေးတစ်ခုဟုထင်စရာရှိ
ပေ၏။သို့သော် ထိုသစ်သားချောင်းလေး၏ လေးပုံတစ်ပုံခန့်တွင် အဆက်ရာလေးတစ်ခုကိုသေချာကြည့်မှ
တွေ့နိုင်ပေလိမ့်မည်..၊ထိုအဆက်ရာလေးမှ လှည့်ဖြုတ်လိုက်ပါက တစ်ပေခန့်ရှည်မည့် ဓားလေးတစ်ချောင်း
ထွက်လာမည်ဖြစ်သည်..။သိုင်းစာအုပ်များနှင့်ပျော်မွေ့နေတတ်သော ရှစ်တန်းကျောင်းသားလေးကျွန်တော့်
အတွက်တော့ ထို တုတ်ဓား လေးသည် နှစ်သက်မြတ်နိုးဖွယ်ရာ အဆောင်အယောင်လေးတစ်ခု၊ကစားစ
ရာလေးတစ်ခုဖြစ်လာခဲ့သည်...။ညရေးညတာများတွင် အရေးအကြောင်းဆို အသုံးပြုနိုင်စေဖို့ ကျွန်တော့်
ကုတင်ခေါင်းရင်းတွင် အမြဲတစေထား ထားခဲ့သည်မှာ ယခုကျွန်တော်ပြည်ပသို့ရောက်နေသည့်တိုင်ပင်....။
အေးချမ်းလှသော ကျွန်တော်တို့မြို့လေးတွင် အမှုအခင်းကြီးကြီးမားမားမကြုံတွေ့ရသည့်အတွက် ထိုဓား
လေးအား ကျွန်တော်အသုံးချခွင့်မရှိခဲ့ပါချေ...။သို့တိုင်အောင် ဓားလေးအား သတိရတိုင်း သံချေးမတက်
စေဖို့ အုန်းဆီလေးများသုတ်လိမ်းပေးတတ်လေ့ရှိသည်။တစ်ခါတစ်ရံ ဓားသွေးကျောက်ဖြင့်သွေးပေးလေ့
ရှိသည်။ထိုဓားလေးကို ကျွန်တော်ချစ်သည်။၊ဓားလေးနှင့်မေမေသည် ကျွန်တော့်အတွက် ခွန်အားနှင့်ယုံ
ကြည်စိတ်ချရမှုကိုပေးသော အားကိုးရာများပင်......။

~~~~~~~~~~~~~~~~~~~~~~~~~


ကျွန်တော့်အသက် ၁၈နှစ်ပြည့်သော မွေးနေ့တွင်ဖြစ်သည်...။ရှေးရိုးမြန်မာဆန်သော ကျွန်တော်တို့မိသား
စုတွင် မွေးနေ့ပွဲဟူ၍ထွေထွေထူးထူးလုပ်လေ့မရှိကြပါ။မွေးနေ့လက်ဆောင်ဟူ၍လည်း မိသားစုထဲတွင်
မည်သူကမျှ မည်သူ့ကိုမျှ ပေးရိုးထုံးစံမရှိပါပေ။ပုံမှန်အားဖြင့်ဆိုလျှင်တော့ မိသားစုဝင်တစ်ဦးဦး၏မွေးနေ့
ရောက်ပါက ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ခြင်းလောက်၊အိမ်တွင် မုန့်ဟင်းခါး သို့မဟုတ် အုန်းထမင်း
ချက်စားခြင်းလောက်သာရှိသည်။ကျွန်တော့် ၁၈နှစ်ပြည့်မွေးနေ့သည်လည်း ထိုကဲ့သို့ပင် ရိုးရှင်းစွာကျော်
ဖြတ်ခဲ့ပါသည်။ထိုနေ့နေ့လည်ခင်းတွင် အိမ်ရှေ့ခန်း၌ ဖျာလေးခင်းပြီး စာအုပ်တစ်အုပ်နှင့် ကျွန်တော် ဇိမ်
ကျနေချိန်တွင် ဈေးမှပြန်လာသော ကျွန်တော့်အစ်မ မှ.... ရော့....မောင်လေး...နင့်အတွက်မွေးနေ့လက်
ဆောင်..... ဟု့ဆိုကာ လက်လေးလုံးခန့်သာသာ ကော်ဘူးလေးတစ်ဘူး ပေးလာခဲ့သည်...။

မွေးနေ့ပေါင်းဆယ့်ရှစ်ခုတိတိကိုဖြတ်သန်းခဲ့ပြီးသည့်တိုင်အောင် မည်သည့်မွေးနေ့လက်ဆောင်မှ မည်သူ့
ဆီကမှ မရဖူးသောကျွန်တော့်အတွက် အံသြဝမ်းသာဖြစ်ခဲ့ရသည်...။ဘူးလေးထဲတွင်မတော့ တရုတ်နိုင်ငံ
ထုတ် သော့ချိတ်လေးတစ်ခု....၊သော့ချိတ်လေး၏တစ်ဘက်မှာ ရွေရောင်ကြိုးလေးနှင့်တွဲထားသည့် မောင်း
ချဓား ပါးပါးသေးသေးလေးတစ်ခု.....။ခလုပ်လေးနှိပ်လိုက်လျှင် ဖြတ်ကနဲပွင့်သွားသော ထိုမောင်းချဓား
လေးသည် ခဲတံချွန်နိုင်လောက်သည်ကလွဲလို့ အခြားဘာမှ အသုံးမဝင်ပါ....။သော့ချိတ်တွင်လည်း ချိတ်
ထားစရာသော့မယ်မယ်ရရမရှိသော ကျွန်တော့်အတွက် အဆိုပါ မွေးနေ့လက်ဆောင်လေးကို စာကြည့်
စားပွဲ အံဆွဲထဲတွင် တရိုတသေ သိမ်းထားခဲ့သည်။နှစ်ပေါင်းများစွာကြာလာပြီးသည့်နောက် သော့ချိတ်
လေးလည်း ရွေရောင်များလွင့်ပြယ်သွားခဲ့ပြီ....။ဓားကလေးလည်း ခလုပ်ဖွင့်မရတော့ပဲ သံချေးကိုက်သွား
ခဲ့ပြီ...။သို့တိုင်အောင် ထိုဓားသော့ချိတ်လေးသည် ကျွန်တော့်မွေးနေ့ပေါင်း ၃၀ကျော်လာသည့်တိုင်
စာကြည့်စာပွဲအံဆွဲထဲတွင် သူ့ဘူးလေးနှင့်အတူ ငြိမ်သက်စွာလဲလျောင်းနေမြဲပင်...။ဟုတ်ပါသည်.....။ ကျွန်တော့်အတွက်တော့ အဆိုပါ သာမန် အလှမောင်းချဓားလေးတစ်လက်ထဲတွင် ညီအကိုမောင်နှမ
အကြား စီးဆင်းနေသော သံယောဇဉ်၊ရိုင်းပင်းဖေးမမှု၊မွေးဖွားကြီးပြင်းလာခြင်းအတွက်အသိအမှတ်ပြုမှု
အမှတ်တရများစွာ ပေါင်းစပ်ပါဝင်နေခဲ့ပါသည်....။

 ~~~~~~~~~~~~~~~~~~~~~~~~~
 ကျွန်တော့်မေမေတွင် စုစုပေါင်းမောင်နှမရှစ်ယောက်ရှိရာ မေမေက တတိယမြောက်သမီးကြီးဖြစ်သည်။
သူ့အထက်တွင်မတော့ အကိုနှစ်ယောက်။ထိုအကိုနှစ်ယောက်နှင့် မေမေက တစ်နှစ်ကြီးတစ်နှစ်ငယ်တွေ
ဖြစ်ကြသည်။မေမေ့အောက်ကျန်ငါးယောက်နှင့်တော့ အသက်ကွာသွားကြသည်။ဆိုတော့ မေမေနှင့် ထို
အကိုနှစ်ယောက်သည် ဆော့ဖော်ဆော့ဖက်လည်းဖြစ်သည်။အခြားမောင်နှမတွေထက်လည်း ပိုခင်မင်
တတ်ကြသည်။အကိုအကြီးဆုံးက ငယ်ငယ်ရွယ်ရွယ်နှင့်အိမ်ထောင်ကျသွားလေသည်။သူအိမ်ထောင်ကျ
တော့ ၁၈နှစ်ပင်မပြည့်တတ်သေးတဲ့....။သူ့သားဦးက ယောင်္ကျားလေး...။မြေးဦးလေးဆိုတော့ မေမေ့
အမေ၊ကျွန်တော့်အဖွားက အချစ်ပိုသည်။ပိုဆိုးသည်က အကိုအကြီးဆုံးသည် ငယ်ငယ်ရွယ်ရွယ်မှာပင်
အရက်ကြောင့် လူ့လောကကြီးကို ကျောခိုင်းသွားလေတော့သည်...။ဖတဆိုးလေးဖြစ်သော သူ့သားလေး
ကို အားလုံးကပိုလို့တိုးပြီးအချစ်ပိုရသည်ပေါ့....။အဖွားကလည်း ဖူးဖူးမှုတ်ထားသလို၊အဒေါ်အကြီးဆုံး
ဖြစ်သော ကျွန်တော့်အမေ၏အသဲကျော်လေးလည်းဖြစ်သည်။

ထို ကျွန်တော့်ဝမ်းကွဲအကိုသည် သူ၁၈နှစ်ပြည့်သည်နှင့် တပ်မတော်ထဲဝင်သွားလေသည်။အဖွားဖြစ်သူက
လုံးဝသဘောမတူ၊စစ်သားစုဆောင်းရေးတပ်ရှေ့တွင် သူ့မြေးကိုပြန်မပေးမချင်းမထဟုဆိုကာ ငုတ်တုတ်
ထိုင်နေသည်ဆို၏။နောက်ဆုံး တပ်မှအရာရှိတွေက စစ်သားလောင်းလေးကျွန်တော့်အကိုဝမ်းကွဲကို ချော့
မော့ပြီး အဖွားနှင့်ပြန့်ထည့်ပေးလိုက်သည်။အင်မတန်မှစစ်သားဖြစ်ချင်သောကျွန်တော့်အကိုကလည်း
ရက်အတန်ကြာတော့ အဖွားအိမ်မှ ထွက်ပြေးကာ စစ်ထဲဝင်ပြန်သည်။အဖွားကတစ်ခါလိုက်ခေါ်ပြန်၏။
အရာရှိတွေကလည်း (ဟိုတုန်းကတော့ ) အုပ်ထိန်းသူကသဘောမတူသဖြင့် ပြန်ထည့်ပေးလိုက်ပြန်သည်။
ထိုသို့ သုံးလေးခါ ဝိုင်းကြီးပတ်လည် လည်နေပြီး နောက်ဆုံးမှာတော့အဖွားလည်း လက်လျော့လိုက်ရ
လေတော့သည်...။

ကျွန်တော့်အကိုဝမ်းကွဲစစ်သားလေးသည် နိုင်ငံအနှံတိုင်းပြည်တာဝန်များထမ်းဆောင်နေရင်းမှ အချိန်
ရလျှင်ရသလို၊လမ်းကြုံလျှင်ကြုံသလို သူ့ဂျီးဒေါ်၊ကျွန်တော့်အမေထံသို့ မကြာခဏဆိုသလို အလည်
လာလေ့ရှိသည်။အလည်လာသည့်အခါတိုင်းလည်း သူရောက်ရာဒေသမှ ဒေသထွက်လက်ဆောင်လေး
များ မေမေ့အတွက်ဝယ်လာလေ့ရှိသည်။မေမေကလည်း သူပြန်သည့်အခါတိုင်း သူ့အတွက် ငပိကြော်၊
ငါးခြောက်ကြော်များ၊ပုဆိုး၊အကျီ င်္လေးများ ပြန်ထည့်ပေးလိုက်စမြဲ....။

နှစ်ကာလကြာမြင့်လာသည့်နောက် သူလည်း သာမန်စစ်သားလေးဘဝမှ  တပ်ကြပ်၊ဒုတပ်ကြပ်၊ထိုမှ
တစ်ဆင့် တပ်ကြပ်ကြီးတစ်ဦးဖြစ်လာခဲ့ပြီ...။ကံကြမ္မာအလှည့်တစ်ကွေ့တွင် သူသည် တပ်မတော်ထောက်
လှမ်းတပ်ထဲသို့ရောက်သွားတော့သည်။အရှင်မွေးတော့နေချင်းကြီးသည်ပေါ့....၊အသောက်အစားလည်း
ကင်း၊မိန်းမလည်းမရသေးသော၊အထက်လူကြီးချစ်ခင်သည့် ကျွန်တော့်အကိုဝမ်းကွဲသည် ယခင်ကလို
နွမ်းနွမ်းပါးပါးမဟုတ်တော့...၊သို့တိုင်အောင် သူ၏ကျွန်တော်တို့မိသားစုအပေါ်ထားရှိသော သံယောဇဉ်၊
ချစ်ခြင်းတရားတို့သည် ပြောင်းလဲမသွား..၊အရင်အတိုင်းပင် ကြုံလျှင်ကြုံသလို အလည်အပတ်လာရောက်
မြဲ၊အရင်ကလိုပင် သူ့ဂျီးဒေါ်ကြီးအပေါ်ရိုကျိုးမြဲ...၊

တစ်ရက်တွင်မတော့ သူကျွန်တော်တို့အိမ်သို့အလည်အပတ်ရောက်လာသည်။နိုင်ငံခြားခရီးစဉ်တစ်ခုမှ
ပြန်ရောက်လာကာစဖြစ်သည်။ထုံးစံအတိုင်း မေ့မေ့အတွက် နိုင်ငံရပ်ခြားမှ ကောင်းနိုးရာရာလက်ဆောင်
ပစ္စည်းလေးများပါလာသည်။မေမေ့အတွက်သာမဟုတ်...၊ကျွန်တော့်အတွက်လည်း လက်ဆောင်ပစ္စည်း
လေးတစ်ခုပါလာခဲ့သည်...။ထိုလက်ဆောင်ပစ္စည်လေးကတော့ သားရေဓားအိမ်လေးထဲထည့်ထားသော
သံမဏိရောင်ပြောင်လက်နေသည့် ဓားမြှောင်လေးတစ်ချောင်းပင်....။စစ်သားစစ်စစ်ဖြစ်သောကျွန်တော့်
အကိုမှာ စစ်သားသုံးပစ္စည်းလေးများကိုမက်မက်မောမောရှိလှသူဖြစ်သည်။သူမက်မောသောပစ္စည်းတစ်ခု
ကို ကျွန်တော့်အတွက်လက်ဆောင်ပေးလာသောအခါ ကျွန်တော်လည်း ကျေနပ်မဆုံးဖြစ်ခဲ့ရသည်။

ထိုဓားမြှောင်ကလေးကို အိမ်ရှေ့မှန်ဗီဒိုထဲတွင် အလှဆင်ပစ္စည်းလေးတစ်ခုသဖွယ် တယုတယသိမ်းစည်း
ထားခဲ့သည်မှာ ယနေ့ထက်တိုင်.....။ယခုတော့ ကျွန်တော့်အကိုလည်း နိမ့်မြင့်၊တက်ကျ၊လောကဓံတရား
၏ကျီစားမှုအောက်မှာ အလူးအလဲ....။ပြိုလဲသွားသောအဖွဲ့အစည်းတစ်ခုနှင့်အတူ သူလည်း သာမန်အရပ်
သားတစ်ဦးဖြစ်သွားလေပြီ...၊မိန်းမလည်းရသွားပြီ...။အောက်ပြည်အောက်ရွာတစ်နေရာတွင် သာမန်ဈေး
သည်လေးဘဝဖြင့်သူ့ဘဝ၊သူ့မိသားစုကို ကောင်းမွန်အေးချမ်းစွာလုပ်ကိုင်ကျွေးမွေးနေလေပြီ။ဝေးကွာ
လှသောအရပ်ဒေသတွင် မိသားစုအခြေကျ၊ရုန်းကန်နေရပြီမို့ ယခင်ကလိုဖြင့် ကျွန်တော်တို့ထံအလည်
အပတ်မလာနိုင်ရှာတော့...၊သို့တိုင်အောင် လူကြုံရှိလျှင်ရှိသလို သူတို့မိသားစုသတင်းစကားနှင့်အတူ
လက်ဆောင်ပစ္စည်းလေးတွေ ပို့တတ်လေ့ရှိသည်။ကျွန်တော့်မေမေသည်လည်း သူ့တူကြီးအား သတိ
တရနှင့် တစ်ဖွဖွပြောတတ်စမြဲ...၊ကျွန်တော်သည်လည်း မှန်ဗီဒိုအတွင်းငြိမ်သက်စွာလဲလျောင်းနေသော
သံမဏိဓားမြှောင်လေးကိုမြင်သည့်အခါတိုင်း ဆွေမျိုးသံယောဇဉ်ကြီးလှသည့် အကိုဝမ်းကွဲတစ်ဦးကို
သတိတရရှိစမြဲသာ.....။

~~~~~~~~~~~~~~

ယခုလည်း ကျွန်တော့်လက်ထဲတွင် လှပသေသပ်သော နှစ်သက်စရာ လက်ဆောင်ပစ္စည်းလေးတစ်ခု
ရောက်ရှိနေပြီဖြစ်သည်။အနီရင့်ရောင် နာမည်ကျော်ဆွိစ်မောင်းချဓားလေးတစ်လက်ဖြစ်သည်။စကားလုံး
များမှတစ်ဆင့်၊မမြင်ရသောလှိုင်းများထက်မှတစ်ဆင့်  လူချင်းမမြင်ရသည့်တိုင် ခင်မင်ရင်းစွဲရှိနေသော
မိတ်ဆွေတစ်ဦးထံမှ ပေးလာသောလက်ဆောင်ဓားလေးတစ်လက်....။


ဟုတ်ပါသည်....။ဓားဟူသည် တစ်စုံတစ်ရာကို ဖြတ်တောက်၊ပိုင်းခြားတတ်သည့် သတ္တိ၊သဘာဝရှိပါသည်။
တစ်ချို့သော နိုင်ငံများတွင် ဓားတစ်လက်၏သဘောသဘာဝကို အတိတ်နိမိတ်ယူ၍ ဓားလက်ဆောင်ပေး
ခြင်းသည် ထားရှိအပ်သော သံယောဇဉ်ကို ပိုင်းခြားဖြတ်တောက်ခြင်း ဟု ယူဆကောင်းယူဆကြပါလိမ့်
မည်....။သို့သော် ဓားတစ်လက်သည် ပိုင်းခြားဖြတ်တောက်ခြင်းကိုသာမက ထိုးစိုက်နစ်ဝင်ခြင်းကိုလည်း
ပြုလုပ်တတ်ပေသည်။

ဓားများသည် ကျွန်တော့်အတွက်မတော့ ကျွန်တော့်နှလုံးသားအတွင်း ချစ်ခြင်းမေတ္တာ၊အမှတ်တရ၊အသိ
အမှတ်ပြုမှုများ နှင့်အတူ မိဘ၊မောင်နှမ၊ဆွေမျိုး၊မိတ်ဆွေများ၏သံယောဇဉ်များကို နစ်နစ်နဲနဲထိုးစိုက်တတ်
ကြလေသည်...။စူးနစ်ဝင်ရောက်သွားသော ဓားလက်ဆောင်များကြောင့် ကျွန်တော့်နှလုံးအိမ်အတွင်းမှ
ညွတ်နူး၊ကျေနပ်မှုဟူသော သွေးစိမ်းရှင်ရှင်တို့ စိမ့်ထွက်လာတတ်စမြဲပင်တည်း...........။