Monday, May 30, 2011

သတိ.....ကန့်သတ်နယ်မြေ

အတားအစီးတွေ မကာ.......

သတိပေးတားမြစ်ချက်တွေ မရှိပေမယ့်......

ဒီကမ္ဘာက ကန့်သတ်နယ်မြေ.....ကိုယ့်လူ.....။

မဖိတ်ခေါ်ပေမယ့်....ပြန်ထွက်ဖို့ လွယ်မယ်မထင်လေနဲ့....။

ဒီနေရာမှာ ယူတန်းမရှိဘူး .....။

ဝင်လာဖို့ ဟန်ပြင်နေရင် ကြိုတော့ပြောချင်တယ်....

ခင်လို့ ပြောတယ်မှတ် ကိုယ့်လူ.....။

ဒီကမ္ဘာမှာ တစ်ဖတ်ပိတ်လမ်းတွေကို မဆုံးတမ်းလျှောက်ရလိမ့်မယ်...။

ဝင်္ကပါအကွေ့အကောက်တွေကြားမှာ ခင်ဗျားရဲ့ပျားရည်စက်က နေရာခဏခဏရွေ့နေလိမ့်မယ်.....။

တစ်ဘဝစာတော့ မရှာလေနဲ့ကိုယ့်လူ....၊တစ်ခဏစာတောင် တစ်ဘဝလုံးရှာလို့တွေ့ကောင်းမှတွေ့မှာ.....။

ဒီနေရာမှာ ချစ်တာတွေ၊မေတ္တာတွေ ဘာမှမပွားကြေးပဲ...၊

ကြိုက်သလား၊ခိုက်သလား.....ပြီးရင် ကိုယ့်လမ်း ကိုယ်သွား.....။

ဘာ....ကိုယ့်ဆရာပြောတာ....

ခင်တတ်တယ်....၊သံယောဇဉ်ကြီးတယ်....ဟုတ်လား....

အဲဒါတွေ ကိုယ့်လူကမ္ဘာမှာထားခဲ့တော့....

ဟောဒီမှာ....ရှင်မသနားနဲ့ ကျွန်မက ကျားတွေ.....ရယ်.....။

တစ်ခုလိုချင်ရင် ၂ခုမက...အစစအရာရာ ပေးရလိမ့်မယ်.....။

တစ်ခုပေးပြီး ၂ခုမကလည်းရချင်ရမယ်....

ကိုယ်လူပါးနပ်ဖို့တော့လိုသပေါ့.....။

“ age pls.......”

“ 26.......”

“ ur r......pls ”

“ ......... ”

“ အော်.......”

အသွင်တူရင်....သူပြန်လာလိမ့်မယ်မထင်နဲ့....

“အော်....”တစ်လုံးမှာ အဓိပ္ပာယ်တွေအများကြီးရှိကြောင်း ခင်ဗျား သိကောင်းသိလာမှာ....

မရင့်ခင်ကာလ......

ခင်ဗျား....မျက်ရည်ကို ဒူးနဲ့တင်မက....ခြေဖဝါးနဲ့ ပါ သုတ်နေရမှာ....

စကားလုံးတွေကြား.....ခင်ဗျား....ပက်လက်ကူးမလား.....မှောက်ခုံကူးမလား.....

မျောဖို့သာပြင်တော့ ကိုယ်လူ.....

သမင်ဘဝမှာ ခဏခဏအစားခံရင်း....

ကိုယ့်လူ ကျားဖြစ်ကောင်းဖြစ်လာမယ်....

ဖြစ်ကောင်းမှလည်း ဖြစ်လာမယ်.....

ကဲ....ဘယ်လိုလဲ ကိုယ်လူ.....

ရယ်ဒီဖြစ်ပြီလား......

အော်....ပြောဖို့မေ့လို့.....

ခင်ဗျားနှလုံးသားကို ရေခဲရိုက်ထားဦး......။

Sunday, May 22, 2011

အိမ်

အိမ်......

စကားလုံးလေးကတစ်လုံးထဲရယ်....။သို့ပေမယ့်အဲ့ဒီစကားလုံးတစ်လုံးထဲမှာပဲအဓိပ္ပါယ်တွေက ပြည့်လို့ပါ။
စင်ကာပူမှာ အိမ်ဈေးတွေကြီးတာနှင့်ပတ်သက်ပြီး မေးခွန်းထုတ်တော့ ဆိုင်ရာအရာရှိက “ကျွန်တော်တို့ ဆောက်
ပေးတာ House မဟုတ်ပါဘူး.....Home ပါ...” ဟုဖြေခဲ့တာကိုဖတ်ခဲ့မိပါသည်....။House နှင့်Homeဘာကွာသလဲ
ကျွန်တော်မသိပါ...။ကျွန်တော်သိသည်က အိမ်ဆိုသည့်စကားလုံးလေးသည် ကျွန်တော့်ကို စိတ်ဆင်းရဲမှုများစွာ၊
သိမ်ငယ်မှုများစွာ၊စိတ်ဒဏ်များစွာတို့နှင့်အတူ လုံခြုံမှု၊နွေးထွေးမှု၊စိတ်ချမ်းမြေ့မှု များကို ပေးခဲ့သည့် စကားလုံး
သာ....။

လူတစ်ယောက်သို့မိသားစုတစ်စုအတွက်အိမ်ဘယ်နှစ်လုံးလိုအပ်ပါသနည်း....။ကျွန်တော်တို့အတွက်၊အတိအကျ
ဆိုရသော်....၊ကျွန်တော်တို့မိသားစုအတွက် အိမ်လေးတစ်လုံးသာလိုအပ်ပါသည်....။နှစ်ပေါင်းများစွာမက်ခဲ့သည့်
ကျွန်တော်တို့အိပ်မက်ထဲတွင်လည်း....ကျွန်တော်တို့တောင့်တမိသည့် အိမ်ကလေးသည် သာမန်ပျဉ်ထောင်အိမ်
ကလေးတစ်လုံးသာပါ...။မှန်ပါသည်....။ကျွန်တော်တို့ အကြိမ်မရေမတွက်နိုင်အောင် အိပ်မက် မက်ခဲ့မိပါသည်။
ကျွန်တော်တို့မမွေးခင်ကတည်းက၊ကျွန်တော်တို့ သိတတ်သည့်အရွယ်မရောက်ခင်ကတည်းက ဖေဖေနှင့် မေမေ
တို့ အိမ်ကလေးတစ်လုံးကို အိပ်မက် မက်ခဲ့သည်။ကျွန်တော်တို့ သိနားလည်သည့်အရွယ်ရောက်တော့လည်း
ဖေဖေ၊မေမေ တို့နှင့်အတူ အဆိုပါအိပ်မက်ကိုပဲ ထပ်တလဲလဲမက်ခဲ့မိသည်....။

မြန်မာနိုင်ငံရှိ မိသားစုတစ်ခုတွင်ယေဘုယျအားဖြင့် နေစရာအိမ်တစ်လုံးတော့ရှိကြသည်သာပင်....။ငှားနေသည့်
အိမ်ဖြစ်ကောင်းဖြစ်မည်....၊မိဘ၊ဆွေမျိုးသားချင်း ထံ ကပ်နေသည့်အိမ် ဖြစ်ချင်ဖြစ်နေမည်...၊ယုတ်စွအဆုံး....
သူများ အိမ်ခြံဝန်းအတွင်း အဖီလေးချနေသည့်အိမ်လည်းဖြစ်နေနိုင်ပါသည်.....။မည်သို့ပင်ဖြစ်စေ.....၊အိမ်ဟု
ပြောစရာတစ်ခုခုတော့ရှိကြသည်ပင်....။သို့သော်.....အဆိုပါအိမ်သည် ကျွန်တော်တို့ကို “ အိမ် ” အရသာကို ပေး
စွမ်းနိုင်ပါသည်လား....။


ကျွန်တော်မွေးစမှ ၂နှစ်သားအထိနေခဲ့သောအိမ်သည် တရုတ်အဖိုးအဖွားလင်မယား၏အိမ်အပေါ်ထပ်ဟုသိခဲ့ပါ
သည်...။အရွယ်ရောက်လာသောအခါအဆိုပါအိမ်ကို ကျွန်တော် အကြိမ်ပေါင်းများစွာ လမ်းပေါ်မှမော်ကြည့်ခဲ့မိ
ပါသည်....။သို့သော်...ကျွန်တော် အိမ်အကြောင်းစဉ်းစားမိသည့်အကြိမ်တိုင်းတွင် အဆိုပါအိမ်ကို စိတ်ကူးပုံရိပ်
တွင် ပုံဖော်၍မရနိုင်ခဲ့ပါ...။ဘယ်နံရောအခါကမှလည်း စွဲစွဲလမ်းလမ်းမရှိခဲ့ပါ..။ကျွန်တော်နေထိုင်ခဲ့သည့်အချိန်
က ငယ်ရွယ်လွန်း၍ဖြစ်နိုင်သလို သူများအိမ်ဆိုသည့် အသိက ကျွန်တော့်ကို စွဲလမ်းတမ်းတမှုမဖြစ်စေနိုင်ခဲ့ခြင်း
လည်းဖြစ်နိုင်ပါသည်.....။

ကျွန်တော် ၂နှစ်သားအရွယ်နောက်ပိုင်း နေခဲ့သည့်အိမ်ကတော့ ကျွန်တော့်ဘဝတွင်တစ်သက်မမေ့နိုင်စရာပင်။
သို့သော်...ပျော်ရွင်ကြည်နူးဖွယ်ရာ....တော့မဟုတ်ခဲ့ပါ။စိတ်ညစ်ညူးမှုများစွာ၊စိတ်ဒဏ်ရာများစွာ၊စိတ်ပျက်
အားငယ်မှုများစွာနှင့် မေ့ မရခဲ့သည့်အိမ်လေးပါပင်....။ထိုစဉ်က ကျွန်တော်တို့တွင် အိမ်တလုံးရရှိခဲ့ပါသည်။
အိမ်ငှားအဖြစ်မဟုတ်ပါ။ကိုယ်ပိုင်လည်းမဟုတ်ခဲ့ပါ...။မိဘဆွေမျိုးများထံတွင် ကပ်နေခဲ့ရသည်လည်းမဟုတ်ခဲ့
ပါ....။အစိုးရဝန်ထမ်းဖြစ်သည့် ဖေဖေ့အတွက် ရရှိခဲ့သည့် ဝန်ထမ်းအိမ်ယာထဲမှ ၂ခန်းတွဲအိမ်တစ်ခုသာ.....။

သာမန်ရုံးဝန်ထမ်းသာဖြစ်သည့် ဖေဖေအတွက်ရရှိခဲ့သည့်အိမ်သည် ဓနိမိုး၊ထရံကာ...အိမ်လေးရယ်ပါ...။ပြောစ
ရာဆိုလို့ ခေါင်းရင်းတွင် မြေပိုလေးပါရှိနေသည်သာ....။အဆိုပါမြေပိုလေးတွင် ကျွန်တော်တို့မိသားစုတစ်တွေ
နွားမွေး၊ဝက်မွေး၊ဘူး၊ဖရုံလေးများစိုက်ရင်း ရိုးရိုးကုတ်ကုတ်နေခဲ့ပါသည်....။တစ်နိုင်တစ်ပိုင် စိုက်ပျိုး၊မွေးမြူရေး
လေးလုပ်ကိုင်ခဲ့သောကြောင့် မချမ်းသာသည့်တိုင် ဘဝတူဝန်ထမ်းများကြားတွင် ချောင်ချောင်လည်လည်ရှိခဲ့
သည်ဟုဆိုနိုင်သည်သာ....။

တစ်နေ့တွင် ကျွန်တော်သည်...ကျွန်တော့် ဂေါ်လီလုံးလေး အိမ်အောက်သို့ဝင်သွားသောကြောင့် ဝင်ကောက်ခဲ့
သည်.....။ကျွန်တော်ကောက်ယူခဲ့မိသည့်ဂေါ်လီလုံးလေးသည် ကျွန်တော့ဂေါ်လီလုံးလေးမဟုတ်ခဲ့...၊ထူးဆန်း
သောမြေတစ်မျိုးနှင့်လုံးထားသည့် မြေလုံးလေးပါ...။အဲ့ဒီမြေလုံးလေးနှင့်ကျွန်တော်ဂေါ်လီရိုက်သည့်အခါ
အလွယ်တကူပင်ကွဲကြေသွားပါသည်....။ထူးဆန်းသည်မှာ ထိုဂေါ်လီလုံးလေးအတွင်းမှ မိုင်းကိုင်စက္ကူစလေး
တစ်ခုထွက်လာခြင်းပင်...၊အကွက်လေးများချ၍ အက္ခရာစာလုံးလေးများထည့်သွင်းထားသော အဆိုပါစာရွက်
လေးကို ကျွန်တော်တို့ကလေးတွေနားမလည်ခဲ့ပါ...။ထို့ကြောင့် မေမေ့ကိုပြကြည့်သောအခါ မေမေ့မျက်နှာ
ကွက်ကနဲ ပျက်သွားခဲ့ပါသည်...။ကျွန်တော်တို့အိမ်အောက်မှရခဲ့သည်ကို သိသောအခါ မေမေ့မှာ အိနြေ္ဒပင်
မဆောင်နိုင်တော့ပါချေ....။

နောက်ပိုင်းတွင်တော့ မေမေနှင့် ခြေရင်းခန်းမှ အမ်တီကြီးတို့ အကြီးအကျယ်စကားများခဲ့ပါတော့သည်....။
ကျွန်တော်တို့ နေထိုင်ရသည်မှာလည်း မလုံခြုံတော့သလိုခံစားလာခဲ့ရသည်...။ကိုယ့်ဝန်း ကိုယ့်ခြံလေးနှင့်နေရ
လျှင်ယခုကဲ့သို့အဖြစ်မျိုးမဖြစ်နိုင်ဟူသောအတွေးက အဆိုပါနှစ်ခန်းတွဲအိမ်လေးကို မုန်းတီးမိစေဖို့ သွေးထိုးပေး
သကဲ့သို့ပင်...။ယခင်က အိမ်အမိုးမိုးလျှင် နှစ်ခန်းအတူပေါင်း၍ အတူမိုးခဲ့သည်သာ...။ထို့အတွက် တစ်ဦးနှင့်
တစ်ဦး တွက်ကပ်သည်ဟုမရှိခဲ့ပါ....။ထိုအဖြစ်အပျက်များဖြစ်ပွားပြီးနောက် မိမိတို့အိမ်ခန်းကို မိမိတို့ဘာသာ
မိုးကြပါတော့သည်...။ထို့အတွက်အကျိုးဆက်က နှစ်ခန်းအဆက်မှ မိုးယိုခြင်းပင်...။ကျွန်တော်တို့အိမ်လေးတွင်
ပျော်ရွင်ခြင်းက တဖြည်းဖြည်းဆိတ်သုန်းလာခဲ့ပါပြီ...။

ကျွန်တော်လေးတန်းနှစ်တွင်ဖြစ်ပါသည်...။ကျွန်တော့်အတန်းဖော်သူငယ်ချင်းက အိမ်လိုက်လည်ချင်သည်ဆိုသ
ဖြင့် ကျောင်းအပြန် ကျွန်တော် သူ့ကို အိမ်ခေါ်လာခဲ့ပါသည်...။ရုံးဝင်းအတွင်းဝင်ရောက်လာခဲ့ကြပြီး ကျွန်တော်
တို့အိမ်လေးကို “ ဒါ ငါတို့အိမ်ပဲကွ....”ဟု ကျွန်တော့်သူငယ်ချင်းလေးကိုပြလိုက်သောအချိန်တွင် ကျွန်တော့်
သူငယ်ချင်းလေး၏ဖြစ်သွားသောမျက်နှာအမူအယာကို ကျွန်တော် ခုချိန်ထိမမေ့နိုင်ခဲ့ပါ....။“...ဟင်..ဒါ မင်းတို့
အိမ်လား...”ဟူရေရွတ်လိုက်သောသူ့မျက်နှာတွင် အံသြ၊မယုံနိုင်မှု၊မင့်အိမ်က စုတ်လှပါလား ဟူသော အမြင် တို့
ကို ကလေးပီပီ မဖုံးကွယ်နိုင်ခဲ့ပါ...။ချမ်းသာသောမိဘမှပေါက်ဖွားလာသောကလေးတစ်ဦးတွင် သူ၏သူငယ်ချင်း
တွင် စုတ်ချာသောအိမ်ရှိနေလိမ့်မည်ဆိုသောမျှော်လင့်မှုမျိုးရှိမနေခဲ့သည်မှာအဆိုပါအရွယ်က ရိုးရှင်းလှကြောင်း
ကျွန်တော်ကြီးပြင်းလာမှသိလာခဲ့ပါသည်....။သို့သော် ငယ်ရွယ်နုနယ်သောကလေးငယ်ဘဝတွင်မူ အဆိုပါကိစ္စ
ရပ်လေးတစ်ခုသည် စိတ်တွင်ကြီးစွာသောဒဏ်ကိုမူပေးစွမ်းနိုင်ခဲ့သည်သာ....။ထိုနေ့မှစ၍ ကျွန်တော် မည်သည့်
သူငယ်ချင်းကိုမှ အိမ်လည်မခေါ်တော့ပါ...။ကျွန်တော့်စိတ်ထဲတွင် ကျွန်တော်နေ နေသည့် အိမ်ခန်းလေးကို
မုန်းတီးနာကျည်းမှုသည်လည်း ကောင်းစွာအမြစ်တွယ်သွားခဲ့ပါပြီ.....။

ကံကြမ္မာကား လှလှပပကြီး နောက်ပြောင်တတ်ပါသည်...။ကျွန်တော်မုန်းတီးသောအိမ်ခန်းလေးတွင် ကျွန်တော်
တို့မိသာစု ကြာရှည်လေးမြင့်စွာနေထိုင်ခဲ့ရပါသည်...။အဆိုပါအိမ်ခန်းလေးတွင်နေထိုင်ရင်း ကျွန်တော်ဆယ်တန်း
အောင်ခဲ့ပါသည်..။ထိုအိမ်လေးမှနေ၍ ကျွန်တော် တက္ကသိုလ်များ လှိုင်နယ်မြေသို့ အသွားအပြန်ကျောင်းတက်
ခဲ့ပါသည်....။ထိုအိမ်ကလေးမှပင် ရုံးတက်၊ရုံးဆင်းလုပ်ခဲ့ရသည့် ဝန်ထမ်းဘဝကိုဖြတ်သန်းခဲ့ပါသည်...။ထိုအိမ်
လေးမှပင် ကျွန်တော်ဆိုင်ကလေးသို့ မနက်သွား၊ညနေပြန်လုပ်ခဲ့ရသည်...။ထိုအိမ်လေးတွင်နေထိုင်ကြီးပြင်းရင်း
ကျွန်တော်တို့ ကိုယ်ပိုင်အိမ်လှလှလေးတစ်လုံးကို အိပ်မက် မက်ခဲ့ကြပါသည်....။

ကျွန်တော် ငါးတန်းနှစ်တွင် ဖေဖေတို့ ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်ဖြစ်ခဲ့ပါသည်....။ဖေဖေ၊မေမေတို့ စိုက်ပျိုး၊
မွေးမြူရေးလုပ်၍ရလာသောငွေစကြေးစလေးများကို ရွေတိုရွေစလေးများအဖြစ် စုဆောင်းထားခဲ့သည်...။အဆို
ရွေကလေးများကို ချမ်းသာသော ဖေဖေ့အစ်မထံပေါင်နှံခဲ့ရသည်...။သို့တိုင်အောင် အိမ်လေးတစ်လုံးဝယ်
လောက်အောင်မပြည့်တတ်ခဲ့ပါ...။ထို့အတွက် ဖေဖေ့အစ်မကြီးမှပင် စိုက်ထုတ်ဝယ်ယူပေးခဲ့ရပါသည်...။
သို့နှင့် ကျွန်တော်တို့မိသားစုတွင် အိမ်ပိုင်လေးရှိလာပါပြီ...။ပေခြောက်ဆယ်ပတ်လည်မြေလေးအတွင်းမှ သွပ်မိုး
ထရံကာအိမ်လေးက အကောင်းကြီးမဟုတ်သည့်တိုင် ကျွန်တော်တို့အတွက်တော့ နတ်ဘုံနတ်နန်းတစ်ခုသာ...။
ထိုအိမ်လေးတွင် အိပ်ခန်းနှစ်ခန်းပါရာ....၊တစ်ခန်းက ဖေဖေ၊မေမေတို့အိပ်ခန်း၊ခြေရင်းခန်းက မမအခန်း၊ကျွန်
တော်ကတော့ ဘုရားခန်းတွင်အိပ်မည်...၊စသည်ဖြင့် စီမံကိန်းချ၍ပျော်ရွင်ကြည်နူးခဲ့မိသည်..။ကျွန်တော့်အတွက်
ဘယ်နေရာအိပ်ရ၊အိပ်ရအရေးမကြီးပါ...။သူငယ်ချင်းများကို ဒါ..ငါတို့အိမ် ဟုပြောနိုင်ခဲ့လျှင်ပင်ကျေနပ်မဆုံး....။

ရုံးနှင့်အလှမ်းဝေးကွာသည့်မြို့စွန်တွင်ရှိသည်မို့ လတ်တလောပြောင်းနေဖို့ရာ ကျွန်တော်တို့ကို အခွင့်မသာခဲ့ပါ။
နောက်နောင်တွင်လည်း ကျွန်တော်တို့မိသားစု အဆိုပါအိမ်လေးတွင် ဘယ်နံရောခါမှ နေခွင့်ကိုလည်း ကံကြမ္မာ
ကမပေးခဲ့ပါချေ...။အဆိုပါအိမ်လေးဝယ်ယူပြီး တစ်နှစ်ကျော်အကြာ ပြည်သူအများ၏အသက်၊အိုးအိမ်၊စည်း
စိမ်၊လုံခြုံရေးအလို့ငှာ နိုင်ငံတော်အစိုးရတစ်ရပ်မှ နိုင်ငံတော်အာဏာကိုရယူခဲ့ပါသည်...။ထိုအစိုးရတက်လာ
သည်နှင့် ကျွန်တော်တို့အိမ်လေးတည်ရှိရာရပ်ကွက်လေးကို တပ်မြေအဖြစ်သတ်မှတ်လိုက်ပါတော့သည်....။

အိမ်များကို ဘယ်နှစ်လအတွင်းအပြီးဖျက်ပေးရမည်ဆိုသော အမိန့်တစ်ရပ်က ကျွန်တော်တို့မိသားစုတစ်ခုလုံး၏
နှလုံးအိမ်ကို ကွဲအက်ကြေကွဲသွားစေခဲ့သည်ကို အဆိုပါအမိန့်ထုတ်သူများသိလိမ့်မည်မထင်ပါ...။ထိုအချိန်တွင်
အိမ်ဖိုးအကြွေးများမကြေသေးပါ...။နောက်ဆုံးပေါင်နှံထားသောရွေကလေးများ ကျွန်တော်တို့ ဘယ်သောအခါမှ
မမြင်ခဲ့ရတော့ပါ...။ငွေကားပြန်ရှာလို့ရနိုင်ပါသည်...။ထိခိုက်ခဲ့ရသောစိတ်များကား...အဘယ်သောအချိန်မှာမှ
အကောင်းအတိုင်းပြန်မဖြစ်လာခဲ့တော့ပါ....။ထိုအိမ်လေးတွင် ကျွန်တော် နာရီပိုင်းထက်ပို၍မနေခဲ့ရပါ....။
သို့သော် ပြန်စဉ်းစားလိုက်တိုင်း အဆိုပါအိမ်လေး၏ပုံစံကား....ကျွန်တော့်နှလုံးအိမ်တွင် လျှင်လျှင်မြန်မြန် အရိပ်
ထင်လာစမြဲ....၊အံသြဖွယ်ရာကောင်းသည်မှာ အဆိုပါမြေများသည် တပ်ပိုင်မြေဖြစ်သည်ဆိုသော်ငြား...ယခု
ထက်တိုင် ခြုံနွယ်ပိတ်ပေါင်းတို့နှင့်ပြည့်နှက်လျှက်....၊တပ်မှလည်း ဘယ်ကဲ့သို့မျှအသုံးမချခဲ့ပေပါတကား.....။

ကျွန်တော်တို့မနေခဲ့ရသော၊ကျွန်တော်တို့ချွေးများနှင့်တည်ဆောက်ခဲ့ရသော ထိုအိမ်ကလေး အပြီးပိုင်ကွယ်
ပျောက်သွားခဲ့သော်လည်း ကျွန်တော်တို့၏ အိမ် အိပ်မက်ကတော့ ကွယ်ပျောက်မသွားခဲ့ပါ...။မနေချင်သော
အိမ်လေးတွင်နေရင်း မိသားစုတွေ ပြန်လည်တည်ထောင်ခဲ့သည်...။စုခဲ့ဆောင်းခဲ့ရသည်...။ရှာခဲ့ဖွေခဲ့ပါသည်။
စေတနာကြီးမားစွာဖြင့် နိုင်ငံတော်မှအစားပြန်လည်ပေးသောမြေနေရာမှာ မိုးတွင်းတွင် လြှေဖင့်သွားရသည့်
နေရာဖြစ်နေသည်မို့ ရသည့်ဈေးနှင့်ပြန်ရောင်းခဲ့သည်...။သင့်တင့်သည့်နေရာတွင် မြေလေးပြန်ဝယ်ခဲ့ရသည်...။
သို့သော်....အိမ်ကလေးကား ဘယ်ဆီနေမှန်းမသိနိုင်ကြသေး..။

၂၀၀၆ခုနှစ်...၊ဧပြီလ...၊နေသာသောနေ့တစ်နေ့တွင် ကျွန်တော်...၊မိတ်ဆွေနှစ်ဦးနှင့်အတူ ပဲခိုးရိုးမအခြေရှိ ရွာ
တစ်ရွာသို့ရောက်နေခဲ့သည်...။အကြောင်းကတော့ အိမ်ဟောင်းဝယ်ဖို့ပင်...။အစစဈေးကြီးလှသော ယခုခေတ်
တွင် အိမ်သစ်တစ်လုံးဆောက်ဖို့ဆိုတာ စိတ်ကူးအိပ်မက်ပင်ရဲရဲမမက်နိုင်ခဲ့ပါ....။လိုချင်လှသောအိမ်လေးတစ်လုံး
အတွက် ကျွန်တော်တို့ အလှမ်းအကျယ်ရဲပါ...။သို့ကြောင့် အိမ်ဟောင်းရှာပြီးပြန်ဆောက်ရန်အလို့ငှာ သစ်ဝါးပေါ
သောပဲခူးရိုးမအခြေရွာလေးသို့ရောက်နေခြင်းရယ်ပါ...။လေးပင်သုံးခန်း...၊ခြေတံရှည်၊သွပ်မိုးအိမ်လေးကား..
ကျွန်တော်လိုချင်နေသောပုံစံ၊ကျွန်တော်နိုင်သောဈေးပင်...။သို့နှင့်စရံသတ်....၊လာရောက်ဖျက်ယူမည့်ရက်
သတ်မှတ်ပြီးပြန်လာခဲ့သည်...။

လာရောက်ဖျက်ယူသည့်နေ့တွင် ကျွန်တော်က ပျော်ရွင်တတ်ကြွနေသလောက်၊ပိုင်ရှင် အဖိုးအဖွားလင်မယား
ကား မျက်နှာမကောင်းရှာ...။သူတို့ကား သူတို့သားနှင့်အတူမြို့ပေါ်လိုက်နေတော့မည်ဖြစ်သဖြင့်သာ အိမ်လေး
ကိုရောင်းလိုက်ရခြင်းဖြစ်ကြောင်းပြောပြရှာသည်...။ကိုယ်ချင်းစာစိတ်ဖြင့် ကျွန်တော့်ရင်တွေလေးလံမှိုင်းမှုန်
သွားခဲ့ရသည်....။ကြည်ကြည်ဖြူဖြူ လက်လွတ်ဆုံးရှုံးလိုက်ရခြင်းဖြစ်သည့်တိုင် နှစ်ပေါင်းများစွာနေခဲ့သောအိမ်
လေးတစ်အိမ်ကို မည်သူမဆို လွမ်းမောကြေကွဲနေကြမည်သာ....။

ပျဉ်းကတိုးနှင့် အခြားသစ်မာများရောစပ်ဆောက်ထားသည့် နှစ်များစွာကြာနေသည့် အိမ်ဟောင်းဖြစ်နေသည့်
တိုင် သယ်ယူရာလမ်းတစ်လျှောက် အစစ်အဆေး၊အပေးအကမ်းများက စာဖွဲ့၍မကုန်နိုင်...။ကျွန်တော်တို့
ကားကို ဓာတ်မီးတစ်ဝင့်ဝင့်ဖြင့် သေသေချာချာကြပ်မတ်စစ်ဆေးနေချိန်တွင်၊တာလပတ်အမည်းစဖြင့်ဖုံးအုပ်
ထားသောကားများ၊အလုံးလိုက်ပေါ်တင် တင်ထားသောကားများကမူ...ဝေါကနဲ...ဝေါကနဲ....။ရှေ့ပြေး လမ်း
ကြောင်းရှင်းကားမှ အထုတ်လိုက်ပေးပြီးသွားပြီကိုး...။

သို့နှင့်ကျွန်တော်တို့မိသားစုနှစ်ပေါင်းများစွာမက်ခဲ့သောအိမ်မက်လေးကား.....အကောင်အထည်ပေါ်လာခဲ့ပြီ။
သွပ်မိုး၊ပျဉ်ခင်း၊ရှာထိုးလေးများကာထားသည့် မော်လမြိုင်ခေါင်ဟုခေါ်ကြသည့် ခေါင်ကန့်လန့်၊ဝရန်တာလေး
နှင့်အိမ်ကလေးကား....ကျွန်တော်တို့တစ်သက်တာမက်ခဲ့သည့် အိပ်မက်လေးပင်...။အိမ်သစ်တက်မင်္ဂလာကျင်း
ပသည့်နေ့တွင် ဖေဖေ့အပြုံး၊မေမေ့အပျော်၊အစ်မ၏ကြည်နူးမှုများက သူတို့မျက်နှာတွင် အထင်းသား.....။
ကျွန်တော်ကရော....ကျွန်တော့်အပျော်၊ကျွန်တော့်ကြည်နူးမှုကိုတော့ ဘယ်သူကမှလိုက်မှီမည်မထင်...။
ကိုယ်မက်သည့်အိပ်မက်ကို ကိုယ်တိုင်အကောင်အထည်ဖော်နိုင်ခဲ့သူတစ်ယောက်၏စိတ်ခံစားချက်၊နှစ်ပေါင်း
များစွာက ရင်၌ဖြစ်တည်ခဲ့သည့် စိတ်ဒဏ်ကို ကိုယ်တိုင်သွေးချွေးနှင့် ဖြေလျော့နိုင်ခဲ့သည့် စိတ်ကြည်နူးမှု...။
ဤခံစားချက်ကို အဘယ်သောအရာက လိုက်၍မှီနိုင်ပါ့မည်နည်း...။အခုချိန်မှာဖြင့် ကျွန်တော့်သူငယ်ချင်းများ
ကို ရဲရဲဝံဝံ အိမ်လည်ခေါ်နိုင်ခဲ့ပြီ....။ဒါငါ့အိမ်လေ...၊ငါကိုယ်တိုင်ဆောက်ခဲ့တဲ့အိမ်လေးပေါ့လို့ ဝံဝံကြွားကြွားပြော
နိုင်ခဲ့ပါပြီ...။


သို့သော်....ကံကြမ္နာကား...ကျွန်တော်တို့မိသားစုကို နောက်ပြောင်လို့ကောင်းတုန်း...။အိမ်သစ်လေးသို့ပြောင်း
ပြီးတစ်နှစ်အကြာ အစ်မဖြစ်သူမှာ ယောင်နောက်ဆံထုံးပါသွာခဲ့ပြီ....။သူ့မိသားစုနှင့်အတူ သူ့ကိုယ်ပိုင် “ အိမ် ”
အိပ်မက်လေးတစ်ခုကို ခုချိန်မှာ အသစ်တစ်ဖန်ပြန်မက်နေပြီ...။ကျွန်တော်ကရော.......၊ကျွန်တော်ချစ်သော
မိသားစု၊ကျွန်တော်ချစ်သောအိမ်လေးနှင့်ဝေးရာသို့ ရောက်နေခဲ့ရပြီ....။ခုချိန်မှာလည်း...ကျွန်တော်နှစ်ပေါင်း
များစွာမက်ခဲ့တဲ့ အိပ်မက်တစ်ခုကို ဆက်မက်နေရဆဲ...။ကျွန်တော့်အိပ်မက်တွေ ဘယ်တော့မှအမှန်တကယ်
ပြီးဆုံးခြင်းသို့ရောက်ပါ့မလဲ...၊ကျွန်တော်မသိနိုင်ခဲ့ပြီ....။သို့ပေမယ်....ကျွန်တော် အိပ်မက်တွေကို ဆက်မက်
မြဲ မက်နေမည်သာ....။အိပ်မက်တွေကိုလည်း တစ်ဆင့်ခြင်း၊တစ်လှမ်းခြင်း အကောင်အထည်ဖော်နေဦးမည်
သာ.........။

Wednesday, May 18, 2011

အတွေးည....ကမ္ဘာ

စနေည.....၁၂နာရီ.....။

ရုပ်မြင်သံကြားစက်ကို ပိတ်လိုက်တယ်...။

ဖုံးထဲက ဆော့လက်စဂိမ်း ကိုပိတ်တယ်....။

ကွန်ပြူတာလေးထဲက ဖွင့်လက်စသီချင်းကိုလည်းပိတ်တယ်....။

နောက်ဆုံး....ဂလွိ....ဂလွိ....နဲ့မြည်နေတဲ့ အဲကွန်းကိုပါ ပိတ်လိုက်တယ်....။

တိတ်ဆိတ်ငြိမ်သက်ခြင်းက ၁၀ပေပတ်လည် အခန်းကျဉ်းလေးထဲကို တရွေ့ရွေ့ တွားဝင်လာပြီ...။

ဒီကမ္ဘာလောကကြီး ထဲမှာ ကျွန်တော်တစ်ယောက်တည်း....ဆိုတဲ့ ခံစားချက်တစ်ခုက....နာဂစ်လှိုင်းတွေလို...
တရိပ်ရိပ်...တက်လာခဲ့တယ်....။

ကွန်ပြူတာဖန်သားပြင်မှာ “ မျောလွင့်တိမ်......”ဆိုတဲ့ စာမျက်နှာတစ်ခုပေါ်နေတယ်....။ချိတ်ထားတဲ့ လင့်လေး
တွေကို တစ်ခုခြင်း မျှားလေးနဲ့ လိုက်ထောက်မိတယ်..။ဟင့်အင်း....မဖတ်ချင်ဘူး....။ခုချိန်မှာဘာမှမဖတ်ချင်ဘူး။

ဖွင့်ထားတဲ့ ဂျီတော့ မှာ မီးလုံးလေးတွေ စိမ်းမနေဘူး..၊အကောင့် သုံးခုက သူငယ်ချင်း သုံးဒါဇင်ထဲ...တစ်ယောက်
ယောက်တော့ရှိနေမှာ....၊ဒါပေမယ့် မပြောချင်ဘူး....။

ဖုံးလေးကိုကောက်ကိုင်တယ်....၊တော်ပြီ....ဘာမှမဆော့ချင်တော့ဘူး....၊ချက်ချင်းပြန်ချတယ်....။

တစ်ယောက်ယောက်ကိုဖုံးဆက်ရမလား...၊သူတို့ပြောချင်မှန်းမသိ...၊မပြောချင်မှန်းမသိ....မဆက်တော့ပါဘူး....
လို့ ဆုံးဖြတ်လိုက်တယ်....။

ဟိုဘက်တိုက်ခန်းက သူငယ်ချင်းတွေဝိုင်းဘက်ကူးရင်ကောင်းမလား...၊နေပါစေလေ...သူတို့ လူငယ်ဘာဝ....။

ဘေးမှချထားတဲ့ စီကရက်ဘူးဆီ လက်လှမ်းမိတယ်....။ဒီနေ့အဖို့ အတော်သောက်ဖြစ်နေပြီ...၊တော်မှ.....
မသောက်တော့ပါဘူးလေ....။

တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်ရင်း ချဉ်းနင်းဝင်ယောက်လာတဲ့ အထီးကျန်စိတ်ကို တိတ်တဆိတ်စောင့်
ကြည့်နေမိတယ်...။

အတွေးတွေက လှုပ်လှုပ်ခတ်ခတ်.....။

အထီးကျန်စိတ် ဆိုတာ...လူသားတစ်ယောက်အတွက် မွေးရာပါ ဝန်ထုတ်ဝန်ပိုး တစ်ခုများလားမသိ....။

ငယ်ရွယ်စဉ်ကလေးဘဝမှာ မိဘ၊မောင်ဘွား၊ဆွေမျိုး တွေက အထီးကျန်စိတ်ကို သတိထားမိစေလိမ့်မယ်
မဟုတ်ပေဘူး...။

အရွယ်လေးရောက်လာတော့ သူငယ်ချင်းတွေ....၊ပြီးတော့ ချစ်သူ.....။ကစားခုန်စား၊ကျောင်းစာ....ဒါတွေက
အထီးကျန်စိတ်ကို ခေါင်းထောင်ခွင့်မပေးခဲ့....။

ဘဝမှာ ဝါသနာပါရာ...အလုပ်လေးတွေ....၊စိတ်ပါဝင်စားရာ...အရာဝတ္ထုတွေ....၊ချစ်ခင်မိရာ တိရိစ္ဆာန်လေးတွေ
က လူသားတစ်ယောက်ရဲ့ဘဝမှာ အဖော်အဖြစ်ရပ်တည်ပေးကောင်းပေးနိုင်ပါလိမ့်မယ်.....။

ဒါပေမယ့်......ဒါတွေဟာ....လူသားတစ်ယောက်ရဲ့အထီးကျန်စိတ်ကို အချိန်ပြည့်ဖြေဖျောက်ဖို့ရာ...မတတ်နိုင်ခဲ့။

ဒီလိုနဲ့ ပုံရိပ်ယောင်ကမ္ဘာငယ်လေးတွေ ကြားမှာ လွင့်မျောစိတ်တွေကို ကျောက်ချ.....နေသာသလိုနေတတ်ဖို့
ကျိုးစားမိတယ်ထင်ရဲ့....။ဖန်သားပြင်ကြီး၊ငယ်တွေပေါ်က ပုံရိပ်ယောင်တိရိစ္ဆာန်ဥယျာဉ်၊ပုံရိပ်ယောင်ဟိုတယ်၊
ပုံရိပ်ယောင်လယ်ယာမြေ၊ပုံရိပ်ယောင်စားသောက်ဆိုင်၊ပုံရိပ်ယောင်တိုက်ပွဲတွေ....၊ပုံရိပ်ယောင် ကား၊ရထား၊
ဆိုင်ကယ်.....၊ပုံရိပ်ယောင်စကားလုံးများ....၊ပုံရိပ်ယောင်သူငယ်ချင်း...၊ပုံရိပ်ယောင်ချစ်သူ...၊ပုံရိပ်ယောင်အလွမ်း
အဆွေး...၊ပုံရိပ်ယောင်အနောက်အပြောင်များ....။

ပုံရိပ်ယောင်ကမ္ဘာက ဘေးထွက်ဆိုးကျိုးတွေကိုလည်းသယ်ဆောင်လာခဲ့...။အရာရာငြီးငွေ့လွယ်လွန်းတဲ့ စိတ်က လည်းအာရုံအသစ်တွေကိုတောင့်တောင့်တတ.....။ပုံရိပ်ယောင်ကမ္ဘာဟာ ကမ္ဘာအစစ်မှာ ကျင်လည်နေရသူတစ်
ယောက်အတွက် အမြဲမှန်ကန်နေတဲ့ အဖော်ဖြစ်မလာနိုင်.....။

အထီးကျန်စိတ်ကို ဖြေဖျောက်နိုင်ဖို့ဆိုတာ....အဆိုပါ အထီးကျန်စိတ်ကို ကောင်းစွာအသင့်အတင့် နှလုံးသွင်းနိုင်
ဖို့လိုတယ်....လို့ တွေးထင်မိပါတယ်...။တနည်းအားဖြင့် အထီးကျန်စိတ်ကို အထီးကျန်စိတ်သက်သက် ကောင်းစွာ
လက်ခံနိုင်တဲ့တစ်နေ့မှာ ကျွန်တော်တို့ အတွက် အဖော်ဆိုတာ လိုအပ်နေတော့မယ်မထင်ပါ....။

ဒါပေမယ့်...ဒါပေမယ့်ပေါ့လေ....၊အတွေး က အတွေး....၊လက်တွေ့က လက်တွေ့....။

ပြီး...ကိုယ့်အတွေးဆိုတာကလည်း...မှန်းကောင်းမှန်ရာ.....ရယ်....။

ဒီလိုနဲ့ ပုံရိပ်ယောင်ကမ္ဘာထဲမှာ သူငယ်ချင်းများနဲ့ ပျော်ဝင်.....စီးမျောရင်း.......။

Friday, May 13, 2011

အချစ်စ၊အချစ်ဦး၊အချစ်လယ်၊အချစ်နှောင်း၊အချစ်ဆုံး

အချစ်စ.....ဖြူဖြူစင်စင်

“မေမေ...ဒီနေ့ ဝတ်ရည်ရယ်....ဆံပင်တွေကောက်လာပြန်ပြီ....”

“ဟုတ်လား....၊ငါ့သားနှယ်...တစ်နေ့တစ်နေ့ ပြောပြလိုက်ရတဲ့ ဝတ်ရည်အကြောင်း....၊တန်တော့ ငါ့သား ဝတ်ရည်ကို ချစ်နေတယ်ထင်ရဲ့.....”

“ ဟုတ်တယ်မေမေ...၊သားသူ့ကိုချစ်တယ်၊သားကြီးလာရင် ဝတ်ရည်ကိုပဲယူမှာ....”

“ဟား....ဟား...ဟား...၊အောင်မလေး အဖေတူသား၊သုံးတန်းကျောင်းသားကြီးရယ်...”


သုံးတန်းကျောင်းသားအရွယ်က ကျွန်တော်တို့အတန်းမှာ ဝတ်ရည်ဆိုတဲ့ကလေးမလေးတစ်ယောက်ရှိပါတယ်...။
သူ့အဖေက ဓာတ်ပုံတိုက်ဖွင့်၊အမေက ဆံပင်၊မိတ်ကပ်အလှပြင်ဆိုင်ဖွင့်ထားလေတော့ သူတို့သမီးကလေးကို
တစ်ပတ်တစ်မျိုး မရိုးရအောင် ဆံပင်ပုံစံအမျိုးမျိုးပြင်ပေးလေ့ရှိပါတယ်။သုံးတန်းကျောင်းသားကြီးကျွန်တော့်
သူငယ်ချင်းမလေးပေါ့ခင်ဗျာ....။ကျွန်တော့်မေမေကလည်း သူ့မေမေရဲ့ဖောက်သည်ကြီးဆိုတော့ လူကြီးချင်း
လည်းခင်မင်ပါတယ်...။မေမေ သူတို့ဆိုင်သွားတိုင်း ကျွန်တော်ပါသွားလေ့ရှိပြီး၊လူကြီးတွေက စကားတွေဖောင်
လောက်အောင်ပြောကြ၊ကျွန်တော်တို့ကလေးတွေက ဆိုင်ထဲမယ်ဆော့ကြပေါ့...၊ဆော့တယ်ဆိုတာကလည်း
သူ့ဘိုမရုပ်ကလေးကို အဝတ်အစားတွေအမျိုးမျိုးဆင်ပေး၊လူကြီးတွေကိုအတုခိုးပြီး ဆံပင်တွေကောက်ပေး၊
သူ့ပုံဆွဲစာအုပ်လေးထဲမယ် ပုံတွေဆွဲကြ ပေါ့လေ...။

တကယ်ပါ...၊အဲဒီအရွယ်က “ကျွန်တော်သူ့ကိုယူမှာ..”လို့ လူကြီးစကားကို အတုခိုးပြောခဲ့ပေမယ့်၊အိမ်ထောင်ရေး
ဆိုတာ၊အချစ်ဆိုတာ ဘာဆိုဘာမှမသိတဲ့အရွယ်ပါ...။ပြောရရင် သူငယ်ချင်းဆိုတဲ့ အဓိပ္ပာယ်ကိုတောင်မသိသေး
တဲ့ တကယ့်ကို ဖြူစင်တဲ့ ချစ်ခင်မှုမျိုးနဲ့ ခင်မင်ခဲ့ရတဲ့သူငယ်ချင်းမလေးပါ...။လေးတန်းအောင်လို့ အထက်တန်း
ကျောင်းကိုပြောင်းကြရတဲ့အခါမှာတော့ သူနဲ့ကျွန်တော် ကျောင်းခြင်းကွဲသွားကြပါတယ်...။သူကအထက-၂မှာ
တက်ပြီး၊ကျွန်တော်က အထက-၁ မှာတက်တာကိုး...။ကျောင်းတွေလည်းကွဲသွား၊ကြီးကောင်လေးတွေလည်း
ဝင်လာကြတော့ နည်းနည်းစိမ်းသွားကြပါတယ်...။

၈တန်းနှစ်မှာ ကျူရှင်တစ်ခုတည်းမှာပြန်ဆုံတော့ သူနဲ့ကျွန်တော် ရင်းရင်နှီးနှီးပြန်ဖြစ်လာပါတယ်...။ဒါပေမယ့်
ကျွန်တော့်စိတ်ထဲမှာ သူနဲ့ပတ်သက်လာရင် တကယ့်ကိုဖြူဖြူစင်စင်....။စိတ်ကစားတတ်လာပြီဖြစ်ပေမယ့်၊သူ့
အပေါ်မရိုးမသားစိတ်ဆိုတာ တစ်ရွေးသားမှမရှိခဲ့...။ချစ်တယ်ဆိုတဲ့ စကားကို သူနဲ့စတင်သုံနှုန်းမိခဲ့ပေမယ့်
ကျွန်တော့်ရဲ့ သူ့အပေါ်ထားတဲ့ ချစ်ခင်မှုတွေက အဖြူရောင်ထက်မပိုတဲ့၊စမ်းရေလို ကြည်ကြည်လင်လင်နဲ့ သန့်သန့်စင်စင်လေးပါ...။

ခုတော့သူလည်း အိမ်ထောင်ရက်သားတွေကျလို့ ကလေးတစ်ယောက်အမေ၊ဖက်တီးကြီးဖြစ်နေပြီ...။
သူနဲ့ပြန်တွေ့တိုင်း“ငါငယ်ငယ်က နင့်ကို ကြီးလာရင်ယူမှာလို့ ပြောခဲ့မိပေမယ့် အကောင်အထည်မဖော်ဖြစ်တာ
ကိုယ့်ဘာသာကျေးဇူးတင်လို့မဆုံးဘူး...”လို့ စနောက်တော့သူက ကျွန်တော့်ကို ပြုံးပြုံးကြီးနဲ့“သေခြင်းဆိုး...”တဲ့။

နို့နံတောင်မစင်သေးတဲ့ ကလေးလေးဘဝမှာ ရှိခဲ့ဖူးတဲ့ ချစ်ခြင်းအစ က တကယ့်ကို ဖြူစင်၊သန့်ရှင်းလွန်းခဲ့တာပါ။
တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ ချစ်ခြင်းအစက အဖြူရောင်သန့်သန့်စင်စင်....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ဦး.......ပန်းနုနှင်းဆီ


“ စိမ်း....”

“ ဟင်...ပြောလေ...ကိုနိုင်....”

“ ကျွန်တော် စိမ်းကို ချစ်မိနေပြီ ထင်တယ်....”

တုန်ရီလှိုက်မောနေတဲ့ ကျွန်တော့်စကားသံအဆုံးမှာ စိမ်းရဲ့ပါးပြင်လေးမှာ ပန်းရောင်သွေးထလို့....။
ကျွန်တော်ကိုယ်တိုင်လည်း မာရသွန်အပြေးပြိုင်ပွဲဝင်အပြေးသမားတစ်ယောက်လို မောဟိုက်၊တုန်ရီလို့....။
၁၈နှစ်သားအရွယ်လူငယ်လေးရဲ့ ရင်ဘတ်ထဲမှာတော့ ချစ်သူ့ငယ်ငယ်ကို မြတ်မြတ်နိုးနိုးချစ်တဲ့ အချစ်တွေနဲ့
နှလုံးသားတစ်ခုလုံး ဖျတ်ဖျတ်ခုန်လို့....ပေါ့....။

တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားတစ်ယောက်ရဲ့ အချစ်စတင်မွေးဖွားရာနေရာဟာ အာစီတူးလို့ခေါ်တဲ့ လှိုင်
နယ်မြေဖြစ်သင့်ပေမယ့်၊ကျွန်တော့်အတွက်တော့ ကောင်းစွာမငြိမ်းချမ်းသေးတဲ့ အညိုရောင်နယ်မြေတစ်နေရာ
မှာ အချစ်ဦးကို တွေ့ရှိခဲ့တာပါ...။၁၉၉၆ခုနှစ် ကျောင်းသားအရေးအခင်းကြောင့် ကျောင်းတွေပိတ်လိုက်တော့
ဌာနေကိုပြန်တဲ့ သူငယ်ချင်းဆီလိုက်လည်ရာက နှဖူးစာရွာလည်ခဲ့တယ်ပဲဆိုကြပါစို့...။

မြို့တော်ရန်ကုန်ကအလည်လာတဲ့ တက္ကသိုလ်ကျောင်းတော်သားကြီးတွေ ဆိုတဲ့ ဝိသေသက မြို့ငယ်လေးရဲ့
နှလုံးသားနုနုကို ကောင်းစွာဖမ်းစားဖို့ လုံလောက်တဲ့ ရင်ခုန်သံစည်းချက်တွေ (အဲဒီအချိန်က)ရှိခဲ့လေရဲ့....။
ကျောင်းတော်သားကြီးရဲ့ ရင်ခွင်ကိုယ်တိုင်ကလည်း “ စိမ်း ” ဆိုတဲ့ ပန်းနုနှင်းဆီလေးအတွက် အဲဒီအချိန်မှ
ဝရုန်းသုန်းကားနဲ့ ထွန်ယက်ခဲ့ရတာကလား....။

ချစ်သူ့လက်ကလေးကို ဖွဖွဆုတ်ကိုင်ဖို့၊ချစ်သူ့ပါးပြင်ကို မထိတထိ မွှေးမြနမ်းရှိုက်ဖို့ ဆိုတာ ရန်သူတစ်ထောင်နဲ့
ရင်ဆိုင်ရသလိုမျိုး၊အင်မတန်ခက်ခဲအလုပ်တစ်ခုကို လုပ်ရသလိုမျိုး.....ပင်ပန်းလှချည်ရဲ့....။ချစ်ဦးသူနဲ့ကျွန်တော့်
ကြားမှာ ကူလူးယှက်နွယ်ခဲ့တာတွေက TRIO ချောကလက်သကြားလုံးလေးတွေနဲ့ ချွင်းဂန်းမွှေးမြမြလေးတွေ...။
ပြီးတော့ တဂိုး ကဗျာစာအုပ်လေး....။တောထဲတောင်ထဲ ရှင်သီဝလိခြေတော်ရာသွားဖူးတော့ မိုင်းထောင်ထား
တတ်တယ်ဆိုတဲ့ တောလမ်းလေးကို ချစ်သူကိုစိုးရိမ်စိတ်နဲ့ ဦးဆောင်သူက တစ်ရွာသားကျွန်တော်...၊ဘေးကို
ဖဲ့မဆင်းနဲ့နော်လို့ သုံးမိနစ်တစ်ခာ၊နောက်ကနေ တစ်ဖွဖွပြောနေသူက မြို့ခံ စိမ်း......။

သုံးရက်ထဲပါဆိုခဲ့တဲ့ ကာလက သုံးပတ်ကနေ တစ်လတိုင်သည့်အောင် မောင်ကြီးမပြန်နိုင်ဖြစ်နေခဲ့ပြီ....။
ကျန်ခဲ့တဲ့ မိဘတွေလည်း တောင်မေး၊မြောက်မေး ဖြစ်နေပြီ....။သုံးစရာပိုက်ဆံလည်းပြက်ရုံမက သူငယ်ချင်း
အမေဆီက ချေးငှားထားရတာ မျက်နှာပူလှပြီ...။စစ်ဆင်ရေးရှိလို့ ချောဆွဲတာတွေလည်းကြားလာရပြီ...။
မပြန်မဖြစ် ပြန်ရပြီဆိုတော့ စိမ်းပါးပြင် ပန်းနုပြေးမှာ မျက်ရည်ချောင်း သွယ်သွယ်ဆင်းလို့....၊ကျွန်တော့်နှုတ်ခမ်း
နှစ်လွာလည်း တဆတ်ဆတ်တုန်လို့....။ချစ်ခင်နှစ်သက်သူနဲ့ကွေ့ကွင်းရခြင်းဆိုတဲ့ အပူမီးတွေက ၁၈နှစ်သား
လူငယ်လေးနဲ့ ၁၆နှစ်သမီး၊ မီးငယ်လေးရဲ့ နှလုံးသားနုနုကို ကျွမ်းကျွမ်းမြေ့မြေ့....။

မိဘတွေရဲ့ စိုးရိမ်ပူပန်မှုဒီရေတွေနဲ့ လမ်းပန်းဆက်သွယ်မှု ခက်ခဲကျဉ်းမြောင်းခြင်းတွေက ချစ်သူနှစ်ဦးကြားမှာ
မဟာသမုဒ္ဒရာအလား ခြားစေခဲ့ပြီ...။ဒုတိယမြောက် တွေ့ဆုံခြင်းခရီးက အစဦးမှာကတည်းကမလှပခဲ့...။မိဘနဲ့
အတိုက်အခံလုပ်ပြီးဇွတ်ထွက်လို့ရောက်လာခဲ့ပေမယ့် ပန်းနုနှုတ်ခမ်းနဲ့ ကြိုလင့်မယ့်သူရှိမနေခဲ့ပြီ...။ကမ်းစပ်ကို
ခြေကပ်မိပြီဆိုကတည်းက သူ့မိဘတွေက အိမ်ပေါ်ကအိမ်အောက်ကို မဆင်းခိုင်းတော့...။သူငယ်ချင်းမေမေရဲ့
စိုးရိမ်တကြီးစကားလုံးတွေနဲ့ ဧည့်စာရင်းပေးမတိုင်နိုင်ဘူးဆိုတဲ့ ရာဇသံအမိန့်အောက်မှာ နှလုံးသားတွေကြေကွဲ၊
အသည်းဆက်ဆက်ခါနာခဲ့ရပြီ...။ညတွင်းခြင်းပြန်လှည့်လို့ ပဲနွယ်ကုန်းလမ်းခွဲမှာ မိုးတလင်း...၊ငိုချင်းက....၊
ကခဲ့ရပေါ့...။

ချစ်သက်တမ်းမရှည်ကြာခဲ့ပေမယ့် သတိရလွမ်းတစိတ်တွေက နှစ်ပေါင်းများစွာတစ္စေလိုခြောက်လှန့်နေခဲ့မြဲ....။
ခုချိန်မှာ ပြန်တွေးမိတိုင်းလည်း ကြည်နူးမှုနဲ့အတူ လွမ်းငွေ့က သီသီဝေ့ဆဲ...။အဲဒီအချိန်က အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ ပန်းနုပြေးတဲ့ ချစ်သူ့ပါးပြင်လို နုနုညံညံ့နဲ့ မွန်မွန်မြတ်မြတ် ပန်းနုနှင်းဆီ....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်လယ်.....နီရင့်ရင့်


“ဟေ့ရောင်....မောင်နိုင်...မင်းကို SAE က သူ့ရုံးခန်းကို လာခဲ့ဦးတဲ့...”

“ဟုတ်...ကိုEP...ကျွန်တော်ခုပဲသွားလိုက်မယ်...”

“ဆရာ ကျွန်တော့်ခေါ်တယ်ဆိုလို့...”

“အေး...လာ...EP...အဲ...မောင်နိုင်...၊သူက လှိုင်....တဲ့.....၊ငါတို့ CE(တိုင်း အင်ယာမှုး)ကြီးရဲ့ တူမလေး...၊ငါတို့
စခန်းကို ဒီလစပြီးအလုပ်ဝင်လိမ့်မယ်..၊လှိုင်...၊ဒါက ညိမ်းနိုင်...၊ငါတို့ကတော့ သူတို့ လျှပ်စစ်သမားတွေကို EP
လို့ပဲ အတိုကောက်ခေါ်လိုက်တာပဲ...”

“ ဟုတ်ကဲ့...ကျွန်တော် ညိမ်းနိုင်ပါ...”

“ ဟုတ်ကဲ့...ရှင့်....”

“ ဒီလိုကွ မောင်နိုင်ရ...သူက မင်းတို့မြို့မှာပဲအဆောင်ငှားနေလိမ့်မယ်...၊ပြီးဒီကို ကားနဲ့ အသွားအပြန်လုပ်လိမ့်
မပေါ့ကွာ...၊ဆိုတော့ လိုအပ်တာရှိတာ မင်းသူ့ကိုကူညီပေးပေါ့ကွာ...၊CE ကလည်းငါ့ကိုသေသေချာချာမှာထား
တာ....”

“ဟုတ်ကဲ့ပါဆရာ...၊စိတ်ချပါ...ကျွန်တော် အတတ်နိုင်ဆုံးကူညီပါ့မယ်...”

ပညာစခန်း...တစ်ခန်းရပ်ပြီးတဲ့နောက် လောကလူ့ဘုံမှာ အစိုးရဝန်ထမ်းဘဝ ကပြခဲ့စဉ်ကာလမှာဖြစ်ပါတယ်....။
နှစ်ဆယ့်လေးနာရီပတ်လုံး အလုပ်လုပ်ရတဲ့စခန်း၊လျှပ်စစ်မီး ပျက်လို့မရတဲ့ ဌာနမို့ လျှပ်စစ်သမား၊EPတွေက
အလှည့်နဲ့ တာဝန်ယူရပါတယ်...။EP သမားတွေတင်မက အခြားသောဝန်ထမ်းတွေပါ နေ့၊ည မပျက်တာဝန်ထမ်း
ကြရတာပါ...။အမျိုးသမီးဝန်ထမ်းတွေလည်း ညအချိန်တာဝန်ယူရပေမယ့် အချင်းချင်း မောင်နှမရင်းပမာ စောင့်
ရှောက်ကြစမြဲပါပဲ...။လူငယ်လူရွယ်အများစုမို့ နှလုံးသားချင်းနီးစပ်သွားကြသူတွေလည်း ရှိကြပါတယ်...။

သို့ပေမယ် လှိုင်ရောက်မလာခင်အထိ ကျွန်တော့်စိတ်အစဉ်မှာ အရိပ်အထင်ဆိုတာမရှိခဲ့ပါဘူး...။သောက်တတ်၊
စားတတ်ပြီဖြစ်လို့ အဲဒီအချိန်က ကျွန်တော့်အတွက်အဖော်ဆိုတာ ဂရင်းရွိုင်ရယ် ကိုပြောတာဆိုရင်လည်းမမှား
ပါဘူး...။လှိုင်...ရောက်လာခါစမှာလည်း ကျွန်တော်အတွက် ထူးမခြားနားဇာတ်ပါပဲလေ....။တစ်မြို့တည်းက ရုံး
တတ်ရသူချင်းလည်းဖြစ်၊ကိုယ့်အထက် အရာရှိက တာဝန်တစ်ရပ်ပေးအပ်ခြင်းခံရသူလည်းဖြစ်ပေတာမို့ ကူညီ
သင့်တာကူညီ၊စောင့်ရှောက်အပ်တာစောင်ရှောက်...။ဒီလိုနဲ့ ရင်းနှီးမှု ရေစီးကြောင်းက “စည်း”ဆိုတဲ့ ကမ်း ကို
တရိရိတိုက်စားလာခဲ့ပြီ....။

ကိုEP လို့ခေါ်တဲ့ စီနီယာအကိုတွေ၊လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းတွေ၊ညီမငယ်လေးတွေရဲ့ မထိတထိ “စ” စကား
အတွန်းအပို့၊ညညဆို ယစ်ရွေရည် ယမကာတန်ခိုးရဲ့ ကလိတိတိ “ရိ”စကား အမူပိုပို တွေရဲ့နောက်....၊တစ်ည
မှာတော့ ကျွန်တော့် ရင်ခွင်ထဲမယ် လှိုင့်ဆံစမှာ ပန်ခဲ့တဲ့ နှင်းဆီနီနီတစ်ပွင့်၊ဖျက်ခနဲကြွေခ၊သက်ဆင်းခဲ့ပါတယ်။

နှစ်ဆယ်ကျော်အစိတ်ပိုင်းအရွယ်တွေမို့ ပညာကုန်အရွယ်ရောက်ရုံမက၊အစွယ်ပါပေါက်နေတဲ့အချိန်....၊ဒီအချိန်
မှာ အချစ်ဆိုတာ ဟိုး...ငယ်ငယ်ကနဲ့မတူ၊တမူခြားနားတဲ့ရင်ခုန်မှုတစ်မျိုးလို့ နားလည်နေတဲ့အချိန်...၊အဲဒီအချိန်
မှာ ကျွန်တော် လှိုင့်ကို ချစ်တယ်ဆိုတဲ့ အချစ်ဟာ...နီရင့်ရင့် စုတ်ချက်ကြမ်းတစ်ခုရယ်ပါ....။

ဒီလိုနဲ့...မူမမှန်သံယောဇဉ်တွေရဲ့ ယိုင်နဲ့နဲ့ ချည်နှောင်မှုများက တစ်ဖြည်းဖြည်း ဆွေးကာ....မြေ့ကာ....။
မီးနဲ့ဝေးတဲ့ချိတ်ဆိုတာမာသွားတတ်စမြဲပဲလို့ စီနီယာ ကိုEP ပြောခဲ့တဲ့စကားတွေက စိမ်းကားပြတ်တောက်ခြင်း
ရဲ့ နိမိတ်ပုံများလေလား....၊ခရီးမိုင်ဝေးကွာခြင်းတွေက နှလုံးသားအစွန်းနှစ်ဘက်ကို ပြတ်ပြတ်သားသား ခြားနား
ခဲ့စေသလား....။နီရင့်ရင့် နှလုံးသားတစ်စုံကတော့ သာ၍ဝေးရာစီသို့......။

~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်နှောင်း......မှိုင်းညို့တိမ်


စင်ကာပူဆိုတာကျွန်တော့်အတွက်ငွေရှာရာအရပ်ဒေသတစ်ခုဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုနဲ့တင်လုံလောက်
နေမယ်လို့ ရောက်ခါစ ၂နှစ်လုံးလုံးယုံကြည်နေခဲ့ပါတယ်....။ဘာသာလည်း ရင့်ကျက်နေခဲ့ပြီ၊အနည်းဆုံးတော့
ရင့်ကျက်စပြုလာပြီလို့ မှတ်ထင်ထားခဲ့တာပါ....။ကိုယ်ကမစသည့်တိုင်အောင် နွယ်လာတတ်တဲ့ မျိုးတူ၊ဇာတ်ခြား
အပြားပြားကိုလည်း သင့်သလို ဥပက္ခာပြုနေတတ်ခဲ့တာပါပဲ...။အလုပ်ပြီးအလုပ်...၊အားတဲ့အချိန်မှာ ဝါသနာပါ
တာလေးလုပ်...၊အေးအေးကုတ်ကုတ် နဲ့ အချိန်တွေကို တဖြုတ်ဖြုတ်ခြွေချနေချိန်အခိုက်...။

ဒိတ်ကနဲ ရင်ခုန်သံအဆုံးမှာ အံသြမဆုံးဖြစ်ရတာက ကိုယ့်ဘာသာကိုယ် ရယ်ပါ....။
ဒါ...ဘာ ဘာလဲ....၊ဒါအချစ်လား......၊ဒါ.......?၊ဒါ.......?၊ကိုယ့်နှလုံးသားကို ကိုယ်ပြန်မေးခွန်းထုတ်ချိန်အဆုံးမှာ
ဝုန်းကနဲ အချက်ပေးသံတစ်ချက် မည်ဟည်းထွက်လာပါတယ်....။ဟင့်အင်း....နှလုံးသားက ညင်ညင်သာသာ
ခေါင်းခါပါတယ်.....။စိတ်ဆန္ဒအလိုဆိုတာ ငယ်ကလို လိုက်ရောအပ်တဲ့အရာမဟုတ်ဘူးလို့ ဘာသာဆုံးမနေဆဲ
အချိန်မှာ....၊ကျော်ဖြတ်ဖို့ရာမသင့်တဲ့ စည်းမျဉ်းငယ်ပါးပါးက ခြားနားနှင့်ခဲ့ပြီ....။

အချစ်ဆိုတာ ကိုယ့်အတွက်တော့ တစ်ရာသီစာနောက်ကျပြီးမှရောက်လာတဲ့ ဆောင်းဥတုပါ....ဟန်နီ.....။

အချစ်ကအချိန်နှောင်းခဲ့သည့်တိုင် အသိက အချိန်မနှောင်းခဲ့တာက ကျွန်တော့်အတွက်တော့သက်ပြင်းငွေ့ငွေ့
ချစရာ စိတ်သက်သာမှုတစ်ခုပါ...။ကျွန်တော်က ဟန်နီလို့တဖွဖွ ရေရွတ်နေသည့်တိုင် သူမကတော့ ဘာဆို
ဘာမှ မသိသွားတာကလည်း စိတ်ဖြေစရာ တစ်ခုအဖြစ်၇ှိနေမှာပါ....။နောင်တဆိုတာကို မရချင်တော့တဲ့နောက်၊
အလွမ်းတွေကိုပဲ တပွေ့တပိုက် သယ်ဆောင်ရတော့မှာပါလေ.....။ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ်..။
သူမ ဘာမှသိမသွားခဲ့တာတစ်ခုနဲ့တင် နှောင်းမှရောက်လာတဲ့ အချစ်ယောင် ရင်ခုန်သံတစ်ချက်ကို အလွမ်းတွေ
နဲ့ဖာတတ်၊ထေးတတ်ခဲ့ပါပြီ...။

ဟန်နီ.....၊သူမ နဲ့ပတ်သက်လာအမျှ....၊ကျွန်တော်အတွက်တော့ ရင်တစ်ခွင်လုံး မှိုင်းနေအောင်စွမ်းဆောင်နိုင်တဲ့
အလွမ်းညို တိမ်တစ်စရယ်ပါ....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ဆုံး....ပကတိအမှောင်


ရင်ထဲမှာ....၊နှလုံးသားတစ်ခွင်မှာ....တစ်ဖျက်ဖျက် ထင်ဟပ်လာတဲ့ အချစ်တွေအကြောင်း အနှေးရုပ်ရှင်တစ်ကား
လို ပြန်ခံစားကြည့်မိတော့ နု....ရာ.....မှ...ရင့်....၊ဖြူ....ရာ....မှ....မှိုင်း...လာတာကိုတွေ့ရပါတယ်...။သေသေချာချာ
ပြန်ခံစားလိုက်တဲ့အခါမယ်...၊ကျွန်တော်အချစ်ဆုံးတစ်ယောက်၊ကျွန်တော့်ရင်ထဲမှာ အမြဲမပြတ်ရပ်တည်နေတဲ့
တစ်ခုသောအချစ်ကို တေ့တေ့ဆိုင်ဆိုင်သွားတွေ့မိပါတယ်....။

အဲဒီတစ်ယောက်က......ကျွန်တော်ကိုယ်တိုင်ပါပဲ....။ဟုတ်ပါတယ်....။ဘဝမှာ ဘယ်သူတွေကို ဘယ်လောက်ပဲ
ချစ်ခဲ့ပါတယ်ပြောပြော၊ကျွန်တော့်ကိုယ် ကို ချစ်တဲ့အချစ်ကိုတော့မှီနိုင်ခဲ့ခြင်းမရှိပါဘူး....။အသက်တွေကြီးလာ
တာနှင့်အမျှ...၊အတ္တကလည်း ထွားသည်ထက်ထွားလာခဲ့ပါတယ်...။သေမှာကို ကြောက်သည်ထက်ကြောက်လာ
ခဲ့ပါတယ်....။တစ်နည်းအားဖြင့် ကျွန်တော့်အတ္တကောင်၊ကျွန်တော့်ဝိညဉ်လေးကို ချစ်တဲ့အချစ်က ထုနဲ့ထည်နဲ့ပါ။
ဘဝတဏှာဆိုတာ မထားအပ်တဲ့အရာဆိုတာ သိလာခဲ့တဲ့အချိန်မှာပဲ ဘဝကိုချစ်တဲ့အချစ်ကလည်း ပိန်းပိတ်
အောင်မှောင်လို့နေပါပြီ....။တစ်နည်းဆိုရသော်....ပကတိ အမှောင်.....။

Wednesday, May 4, 2011

လတ်တလော အဖြစ်ချင်ဆုံးဆန္ဒတွေ နှင့် ဖြစ်နေတာတွေ

(၁) အစားချင်ဆုံးအစားအစာ - ငခူငပိချက်နဲ့ဇရစ်ရိုး၊ရုံးပတီ၊ခရမ်းသီးပေါက်စ၊ဘူးသီးနုနု ပြုတ် တို့စရာတွေ

(၂)နေ့တိုင်းစားဖြစ်တဲ့အစား - မနက်ဆို ပလာတာနဲ့ကာလီ၊ညနေဆို ခေါက်ဆွဲပြုတ်

(၃)အလိုချင်ဆုံးရေမွှေး - ရှိဘူး (၄)သုံးဖြစ်နေတဲ့ရေမွှေး -ရေမွှေးမသုံးပါခင်ည

(၅)အလိုချင်ဆုံးမွေးနေ့လက်ဆောင် - သိပ်အဖိုးမတန်တဲ့ အမှတ်တရပစ္စည်းပေါက်စလေးတွေ

(၆)အလိုချင်ဆုံးဖုန်း -Sony Ericsson Vivaz pro လေးပါ

(၇)သုံးဖြစ်နေတဲ့ဖုန်း - iphone 4

(၈)အရူးသွပ်ဆုံးအရာ - မော်တော်ဆိုင်ကယ် နဲ့ ခွေး

(၉)အနီးစပ်ဆုံးဂီတ - ပါးစပ်ကနေ တူနယ်....တယ်နယ်...လောက်ပဲနီးစပ်တာကလား

(၁၀)အလိုချင်ဆုံးစာအုပ် - ဂျူးရဲ့နောက်ဆုံးထုတ်အသစ် နဲ့ မြသန်းတင့်ရဲ့ ခန်းဆောင်နီအိပ်မက်

(၁၁)အခုဖတ်ဖြစ်နေတဲ့စာအုပ် - မောင်သာရ ရဲ့ ကျဉ်တုတ်ခံဝံမခံဝံ

(၁၂)အကြားချင်ဆုံးစကား - တူလေး(ဒါမှမဟုတ်)တူမလေး ရပြီဆိုတဲ့ သတင်းစကား (အင်း...........ကိုယ်တိုင်မစွံတော့လည်း.....:(( )

(၁၃)အဖြစ်ချင်ဆုံးဆန္ဒ -ခြံလေးတစ်ခြံ၊ခွေးလေးတစ်ကောင်၊အိမ်သေးသေးလေးတစ်လုံးနဲ့ အေးအေးဆေးဆေး စာတွေရေးချင်တာ

(၁၄)အလိုချင်ဆုံးဆု - ရှစ်တန်းကျောင်းသားဘဝက ဝင်ပြိုင်ဖူးတဲ့ နိုင်ငံတကာခရီးသွားနှစ် စာစီစာကုံးဆု
(အဲ့တုန်းက ဝင်ဖြေသူ၃ယောက်ပဲရှိတာ....ပထမနဲ့ ဒုတိယ ရတဲ့စာစီစာကုံးကို တိုင်းကိုတင်ပေးမှာတဲ့၊ကျွန်တော်
က တတိယ....၊စိတ်အတော်နာထှာ...၊ကိုယ့် ကို ကိုယ်ပြောပါတယ်....:))

(၁၅)အသွားချင်ဆုံးနေရာ - မြန်မာပြည်အနှံ၊ဂျပန်၊ကိုရီးယား၊ကမ္ဘောဒီးယား

(၁၆)သွားဖြစ်နေတဲ့နေရာတွေ - East coast ကမ်းခြေ

(၁၇)အကြည့်ချင်ဆုံးရုပ်ရှင် - ဟယ်ရီပေါ်တာ နောက်ဆုံးဇာတ်လမ်း၊ဇာတ်သိမ်းပိုင်း

(၁၈)အပြောချင်ဆုံးစကား - ကိုကိုးနဲ့တူတူပဲ ငါ....အရမ်းအထီးကျန်တယ်

(၁၉)အယုံကြည်ဆုံးလူသား - ရာနှုန်းပြည့်ယုံတဲ့သူရှိတော့ဘူး၊ဒါပေမယ့် ဒေါ်စုကိုတော့ ယုံတယ်

(၂၀)မယုံကြည်ဆုံးအရာ - ကျွန်တော့်စိတ်နဲ့ ကျွန်တော့်ကိုယ်

(၂၁)အမုန်းဆုံးအရာ - ဟိုလူကြီး...အဲ....ဘွာတေး စဉ်းစားမိသလောက်အမုန်းဆုံးအရာရယ်လို့ရှိဘူးဗျ

(၂၂)အသောက်ဖြစ်ဆုံးအအေး - ကိုကာကိုလာ

(၂၃)လတ်တလောအထိတွေ့ဆုံးအရာ- ကွန်ပြူတာနဲ့ ဖုံး

(၂၄)မကောင်းတဲ့ကျန်းမာရေး - စိတ်

(၂၅)အကောင်းဆုံးအဖော် - သီချင်းတွေနဲ့ ဘလော့လေးပါ

(၂၆)လက်ရှိအကြိုက်ဆုံးသီချင်း - Michel Jackon ရဲ့ You are not alone နဲ့ မျိုးကြီး ရဲ့ လက်ခံပေးပါ

(၂၇)အကြောက်ဆုံးအလုပ် - ပိုက်ဆံချေးရတဲ့၊ချေးရမယ့် အလုပ် :D

(၂၈)တန်ဖိုးအထားဆုံးအရာ - ချစ်ခြင်းမေတ္တာပေါ့

(၂၉)ကြောက်ဆုံးတိရိစ္ဆာန် - ကင်းခြေများ (ကြည့်ရတာ လမ်းအတော်များတဲ့သတ္တဝါပဲ.....:))

(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ- အွန်လိုင်းမှာတော့ အစ်မရွေစင်၊မောင်မျိုး၊နတ်ဆိုးလေး နဲ့ ကိုလတ်

(၃၁)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ဖုံးနဲ့ ပိုက်ဆံအိပ်

(၃၂)စိတ်အညစ်ဆုံးအချိန် - ပတ်စပို့စာအုပ်သက်တမ်းတိုးကာနီး :D

(၃၃)အနေချင်ဆုံးနေရာ - အမေ့အိမ်

(၃၄)ကြားလိုက်မိတဲ့ဟာသာလေးတစ်ခု- မြန်မာပြည်မှာ အစိုးရပြောင်းလို့ အင်တာနက်ကွန်နက်ရှင်တွေကောင်း

တော့မယ်တဲ့.....:D

(၃၅)ပေးချင်တဲ့သတင်းတစ်ခု -ဝမ်းနည်းစရာတွေချည်းမို့လို့ ပြောတော့ဘူးနော်.....:(

(၃၆)အပျော်ဆုံးဖြစ်မယ့်အချိန် - မြန်မာပြည်ပြန်တဲ့အချိန်

တလောကပျောက်နေတဲ့ မိုးကုတ်သား ကိုကိုးအိမ် တစ်ယောက်....ဖြစ်ချင်တာတွေ၊ဖြစ်နေတာတွေ နဲ့အတူ
ပြန်ပေါ်လာပါတယ်...၊သူတဂ်တာနဲ့ ကျွန်တော်လည်းရေးစရာမရှိဖြစ်နေတာနဲ့အတော်ပဲရယ်...။

ကဲ...ကျွန်တော်လည်း မောင်မျိုး(ကျွန်တော့်ဘဝဇတ်ခုံ)၊ကိုလတ်(အလင်းစက်များ) တို့ကို ဆက်ပြီးတဂ်ပါတယ်။
ပေါ့ပေါ့ပါးပါးလေးတွေမို့လို့ပါ...၊

Tuesday, May 3, 2011

မရီဖြစ်တောင် ပြုံးဖြစ်အောင်ပါ

တစ်ခါတစ်ရံ ကျွန်တော်တို့ဘဝမှာ အခက်အခဲတွေ၊ဝမ်းနည်းကြေကွဲရခြင်းတွေ၊မိသားစုပြဿနာတွေ၊စိတ်ညစ်
စရာတွေ နဲ့ကြုံဆုံရတတ်ပါတယ်....။ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ အများသူငါတွေပါ ဒီလိုအခက်အခဲတွေနဲ့
ရင်ဆိုင်ရစမြဲပါ။ဒီလိုဘဝအမောတွေက တစ်ခဏတာပုန်းခိုနိုင်ဖို့၊နဲနဲလေးဖြစ်ဖြစ်၊ခဏလေးဖြစ်ဖြစ် ပေါ့ပါးစေ
နိုင်ဖို့အတွက် မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာထဲက ကောင်းနိုးရာရာလေးတွေ ဝေမျှလိုက်ပါတယ်....။
အားလုံးဖတ်ပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။ဘာပဲဖြစ်ဖြစ် မရီဖြစ်တောင်ပြုံးမိမယ်ဆို ကျေနပ်မှာပါ...။

<<<<<<<<<<<<<>>>>>>>>>>>>>

မေမေ့အတွက်

မိခင်ဖြစ်သူ၏မွေးနေ့တွင် သားငယ်ဖြစ်သူက လတ်လတ်ဆတ်ဆတ်နှင်းဆီပွင့်များကို မွေးနေ့လက်ဆောင်အဖြစ်
ယူလာပေးရာ အမေလုပ်သူကမေးလေ၏

“ကျေးဇူးပါပဲသားရယ်....၊ဒါနဲ့ဒီပန်းတွေသား ဘယ်ကခူးလာခဲ့လဲ...”

“တစ်ခြံကျော်က အန်ကယ်မက်ဒရူးဆီကပါ....”

“သားခူးလာတာရော သူသိရဲ့လား....”

သိတာပေါ့မေမေ...၊သူသိလို့ သားနောက်တောင်အပြေးလိုက်လာသေးတာပဲ....”

(ကဲ...ကျွန်တော်တို့လည်း ကျွန်တော်တို့မေမေ့မွေးနေ့မှာ နှင်းဆီပန်းလေးတွေပေးကြရအောင်လား....၊ဈေးက
ဝယ်တာတော့ဖြစ်ပစေပေါ့ဗျာ....နော့....)

<<<<<<<<<<<>>>>>>>>>>>>>

ဖေဖေ့အပေါ်မူတည်တယ်

“သားလေး...မေမေဈေးသွားနေရင် သား ဘာလုပ်ကျန်ရစ်ခဲ့မလဲကွယ့်.....”

“သား အိမ်ဖော်မခင်ပုနဲ့ဖြစ်ဖြစ် မော်တော်ကားနဲ့ဖြစ်ဖြစ် ကစားနေမှာပေါ့မေမေ....”

“အို..ဟုတ်လား...ဒါဖြင့် ဒီနေ့မေမေဈေးသွားရင် သား ဘာနဲ့ကစားမလဲကွယ်....”

“ဒါကတော့ ဖေဖေ့အပေါ်မူတည်တာပဲမေမေရဲ့.....”

(မေမေတို့ခင်ဗျား....ကိုယ့်သားသားမီးမီးကို ကိုယ်ဈေးသွားချိန်မှာဘယ်လိုကစားသလဲဆိုတာမေးကြနော်....၊
ဖေဖေတို့ကလည်း မော်တော်ကားနဲ့ပဲကစားကြပါလို့.....)

<<<<<<<<<<<<<>>>>>>>>>>>>>

ယောင်္ကျားစောပြန်လာလို့

မျက်လုံးနှစ်ဘက်လုံးယောင်ကိုင်လျက်ရုံးရောက်လာသော နေရီ့ကို လုပ်ဖော်ကိုင်ဖက်များကဝိုင်းမေးကြသည်။

“ ဘယ်လိုဖြစ်ရတာလဲမေရီရယ်.....”

“ယောင်္ကျားထိုးလိုက်တာလေ....”

“ရက်စက်တဲ့ယောင်္ကျားပါလား...၊ဒါနဲ့ယူ့ယောင်္ကျား ခရီးထွက်သွားတယ်ဆို....”

“ ဟုတ်တယ်လေ...သူတစ်ရက်စောပြန်လာလေရဲ့......”

(ခက်တာပဲဗျာ....၊ဒီလူ့နှယ်....စောလည်းပြန်လာသေး၊မိန်းမကိုလည်းထိုးသေး.....)

<<<<<<<<<<<<<>>>>>>>>>>>>>

အသားထဲကလောက်ထွက်

ဟောပြောပွဲတစ်ခုတွင် လင်မယားများကြားတွင် သစ္စာဖောက်မှု၌ ရုပ်ရှင်မင်းသား၊မင်းသမီးများသည် အများဆုံး
ဖြစ်ကြောင်း၊အားကစားသမားများက ဒုတိယနှင့် သင်္ဘောသားများက တတိယလိုက်ကြောင်း ဟောပြောလေ၏
ဤတွင် သင်္ဘောသားတစ်ဦးက သူသင်္ဘောလိုက်နေသည်မှာနှစ်နှစ်ဆယ်ရှိပြီဖြစ်ကြောင်း သူ့ဇနီးအပေါ်တစ်ခါမှ
သစ္စာမဖောက်ခဲ့ကြောင်း စောဒကတတ်လေ၏

ထိုအခါ သူ့ဘေးမှသင်္ဘောသားများက “မင်းလိုကောင်မျိုးတွေကြောင့် ငါတို့နောက်ဆုံးအဆင့်ရောက်နေရတာ”
ဟုဝိုင်းပြောကြသောဟူလို.....။

(ဟုတ်ကဲ့...ကိုရွေသင်္ဘောသားများခင်ဗျား....သူများနောက်ကတော့အဖြစ်မခံကြပါနဲ့လား....)

<<<<<<<<<<<<<>>>>>>>>>>>>>

ငါကြောက်လို့

ခွဲစိတ်ခန်းထဲမှကြောက်လန့်တကြားထွက်ပြေးသောလူနာကို ဆရာဝန်ကြီးက ပြစ်တင်စကားပြောလေသည်။

“ခင်ဗျားဘာလို့ထွက်ပြေးရသတုန်း....”

“နာစ်မလေးက ဘာမှကြောက်စရာမလိုဘူး အူအတက်ခွဲတာလွယ်လွယ်လေးလို့ပြောလို့ပါ....”

“သူပြောတာမှန်သားပဲ....”

“သူပြောတာက ကျွန်တော့်ကိုခွဲမယ့် ဆရာဝန်လေးကို ခင်ဗျ....”

(အေးဗျာ....ဆြာဝန်ပေါက်စလေးနဲ့တွေ့ရတဲ့အခါ ကျွန်တော်လည်းထွက်ပြေးမှာရယ်....)

<<<<<<<<<<<<<>>>>>>>>>>>>>

အရက်ကြောင့်ပဲ

“ဆရာ...ကျွန်တော့်အူကျရောဂါက အရက်ကြောင့်ပဲလားဟင်....”

“ဖြစ်နိုင်တယ်....၊ခင်ဗျားအရက်ပုလင်းခွံတွေသွားရောင်းတော့ အလေးအပင်မသလိုဖြစ်သွားတာကိုး....”

(ကဲ...ယမကာလုလင်များခင်ဗျား...သောက်ပေမယ့် ပုလင်းခွံတော့ကိုယ်တိုင်သွားမရောင်းမိစေနဲ့နော်....)

<<<<<<<<<<<<<>>>>>>>>>>>>>

ကြောင်လမ်းပြ

“တစ်နေ့က မိန်မက အိမ်ကကြောင်ကို တောထဲသွားပစ်ဆိုလို့သွားပစ်လိုက်တယ်.....”

“ကြောင်ပြန်မလာတတ်တော့ဘူးမဟုတ်လား....”

“ဘာ...ပြန်မလာတတ်ဘူး....ဟုတ်လား....၊သူ့နောက်ကသာ လိုက်မလာရင် ကျုပ်တောင်အိမ်ပြန်ရောက်မှာ
မဟုတ်ဘူး....၊ကျုပ်လမ်းမမှတ်မိတော့ဘူးလေ.....”

(ဒါကတော့ ကိုလတ်အတွက်သီးသန့်ပဲဗျ...၊ဒီလူ အိမ်မှာကြောင်တွေများနေလို့ တောထဲသွားပစ်မယ်ချည်းပြော
နေတာကလား....)

<<<<<<<<<<<<<>>>>>>>>>>>>>

ပေါ်ခဲ့တဲ့ဆန္ဒ

နှစ်ငါးဆယ်မြောက် မင်္ဂလာနေ့ပွဲကို အဖိုးနှင့်အဖွား ကျင်းပကြရာ မြေးများက အဖိုးကိုဝိုင်းမေးကြသည်။

“အဖိုး....အဖိုးနှင့်အဖွားဒီလောက်ပေါင်းသင်းလာတာ တစ်ခါမှ ကွာရှင်ချင်စိတ်မပေါ်ခဲ့ဘူးလား...”

“ကွာရှင်းဖို့....ဟုတ်လား...အဲ့လိုတော့မပေါ်ခဲ့ပါဘူးကွယ်....၊ဒါပေမယ့် မင့်အဖွားကိုတော့ လည်လှီးပစ်ချင်စိတ်
ခဏခဏတော့ပေါ်ခဲ့တယ်ကွ....”ဟူလို......။

(ကျွန်တော့်အကိုတွေ၊ညီတွေလည်း အဲ့လိုဆန္ဒမျိုးများပေါ်ခဲ့ကြသလားဗျဟင်.....)

<<<<<<<<<<<<<>>>>>>>>>>>>>

မျှော်လင့်ချက်ကင်းတဲ့ဘဝ

မြင်းတစ်ကောင်က တစ်ခြားမြင်းတစ်ကောင်ကိုပြောပြနေသည်။

“ငါ့သခင်က တကယ့်ခေါင်းပုံဖြတ်သမားတစ်ယောက်ပဲကွာ....၊မိုးလင်းကမိုချုပ်ခိုင်းနေတော့တာကလား....”

“ဒါဆို တိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့ကိုစာရေးတိုင်ပါတော့လား....”

“မဖြစ်ဘူးကွ....၊ငါစာရေးတတ်တာသူသိသွားရင် သူ့ရုံးမှာပါခိုင်းနေတာမှာဟ....”တဲ့လေ.....။

(ရှင်ကျားပူမှာ အလုပ်ရှင်ကများမတရားခိုင်းရင် MOM ကိုသွားမတိုင်ကြနဲ့နော်....တော်ကြာ သူဌေးက သူ့ရုံးမှာ
ပါခိုင်းနေဦးမှာ.....)

<<<<<<<<<<<<<>>>>>>>>>>>>

ဆန်ပြုတ်မှန်မှန်သောက်ပါတော့လား

မိခင်ဖြစ်သူက သားငယ်လေးကိုနံနက်စာအဖြစ် ဆန်ပြုတ်တိုက်ရာ၊သာဖြစ်သူက မသောက်ချင်ဘူးဆိုကာအင်
တင်တင်လုပ်နေသည်။မိခင်ဖြစ်သူလည်း စိတ်မရှည်တော့ပဲ သားဖြစ်သူကို ဇွန်းဖြင့်ခေါက်လေ၏

ထိုအခါ ဖခင်ဖြစ်သူက “ ဟဲ့ကလေးကိုဒီလိုလုပ်ရသလား...”ဟုမာန်မဲကာ သားဖြစ်သူကိုချော့လေ၏။နား နားသို့
လည်းကပ်ခါစကားတစ်ခွန်းတိုးတိုးလေးပြောလိုက်လေ၏

ဖခင်ဖြစ်သူပြောသောစကားကိုကြားသောအခါ သားလေးလည်း ဆန်ပြုတ်ကိုချက်ချင်းကုန်အောင်သောက်ပြီး
ကျောင်းသို့သွားလေတော့သည်။

နှစ်ယောက်တည်းကျန်ခဲ့သောအခါ မိန်းမက ယောင်္ကျားကိုမေးလေ၏

“ဘယ်တုန်းကမှဆန်ပြုတ်မကြိုက်တဲ့ကလေးကို ချက်ချင်းဆန်ပြုတ်သောက်ချင်လာအောင် ရှင်ဘာများပြော
လိုက်သတုန်း....”

“ အော်....သားဆန်ပြုတ်မှန်မှန်မသောက်ရင် သားရဲ့ဖွားဖက်တော်လေးက ဘယ်တော့မှကြီးလာမှာမဟုတ်ဘူး
လို့ပြောလိုက်တာပါ...”

မိန်းမဖြစ်သူ အတန်ကြာတွေဝေသွား၏။နောက်ယောင်္ကျားဖြစ်သူကို ဇွန်းဖြင့်ခေါက်လိုက်သည်။

“ဟ...ဘယ်နှယ်..ငါ့ကိုဇွန်းနဲ့ခေါက်ရသတုန်း...”

“ငယ်ငယ်က ဆန်ပြုတ်မှန်မှန်မသောက်ခဲ့လို့......”

(ကဲ...ဆရာတို့ရော...ငယ်ငယ်က ဆန်ပြုတ်မှန်မှန်သောက်ခဲ့ရဲ့လား....၊မသောက်ခဲ့လို့ကတော့ ဇွန်းစာမိမယ်မှတ်......)


(စိတ်ညစ်နေတဲ့ ညီတစ်ယောက်အတွက် ရည်ရွယ်ပါတယ်.......)