Wednesday, June 15, 2011
စက္ကူရတုအား ဗာရာဏသီချဲ့ကြည့်ခြင်း
ကျွန်တော့်မေမေက ကျွန်တော် ဘာမဟုတ်တာလေးတွေကို ပုံကြီးချဲ့ပြီးလုပ်နေရင် “ဟဲ့ကောင်လေး..လုပ်စရာရှိ
တာ မြန်မြန်ထက်ထက်လုပ်တာမဟုတ်ဘူး....ရှောမွှေးတစ်ပင်နဲ့ ဗာရာဏသီချဲ့မနေနဲ့ ” လို့ ပြောတတ်ပါတယ်..။
ခုလည်း ကျွန်တော် ဘာမဟုတ်တာလေးကို ဗာရာဏသီချဲ့ပါတော့မယ်....:)
ကျွန်တော့်ဘလော့လေး ဒီနေ့မှာ တစ်နှစ်ပြည့်ပါတယ်...။နှစ်ပြည့် အထိမ်းအမှတ်တွေကို တစ်နှစ်ပြည့်မှသည်
နှစ်တရာထိ ဘယ်နှစ်ဆို ဘာရတု...၊နှစ်ငါးဆယ်ဆို ရွေရတု...အစရှိသဖြင့် အခေါ်အဝေါ်လေးတွေရှိကြောင်း
ငယ်ငယ်က စာအုပ်ထဲဖတ်လိုက်မိတာပဲ...၊ခုတော့ တစ်နှစ်ပြည့်ကို စက္ကူရတုလို့ခေါ်တာနဲ့ အထိမ်းအမှတ်ပွဲတွေ
အလုပ်များတဲ့ ငွေရတုတို့၊စိန်ရတုတို့လောက်ပဲ သိတော့တယ်...၊ကျန်တဲ့နှစ်တွေကိုတော့သိတော့ဘူးရယ်...။
ဆိုတော့ ကျွန်တော့်ဘလော့လေးလဲ ဒီနေ့ စက္ကူရတု ရတယ်ပေါ့......။ဒီတော့ ဘာဖြစ်သလဲ ဆိုတော့ ဘာမှတော့
မဖြစ်ပါဘူး....၊အဲဒီ ဘာမှမဖြစ်တာကိုပဲ ပို့စ်တစ်ပုဒ်ဖြစ်အောင် ဗာရာဏသီ ချဲ့ရတာပေါ့ဗျာ.....:)))
ကျွန်တော်တို့ရွာ......
ကျွန်တော်တို့ကျင်လည်ရာ ဟောဒီ ဘလော့ဂိုစဖီးယား ဆိုရှယ်နက်ဝက်ကမ္ဘာလေးကို ကျွန်တော်ကတော့
ရွာလေးတစ်ရွာလို့ပဲမြင်မိတယ်ခင်ဗျ....။အပြင်အပက ရွာလေးတွေလိုပါပဲ...ကျွန်တော်တို့ ရွာထဲမှာ တခါတခါ
ရန်ဖြစ်ကြ၊ပြန်ချစ်ကြ၊သူ့အိမ်ကလေး ခြံမလုံလို့၊နောက်ဖေးအဖီလေးပြိုပျက်နေလို့ ကူပါဆိုရင်လည်း တတ်သ
လောက် ကူညီကြ၊တစ်အိမ့်တစ်အိမ် သတင်းစကားလေးတွေ မျှဝေကြ(အမှန်က အတင်းပြောတာ...:)))
သူ့အိမ်လေးသွားလည်ကြ...၊ကိုယ်အိမ်လေးကိုလာလည်ကြတဲ့သူတွေကိုလည်း ဧည့်ခံရ...၊တစ်ချို့ကျတော့
အိမ်ထဲဝင်လိုက်တာနဲ့ တေးသံသာလေးတွေစီစီညံညံ၊တချို့အိမ်တွေကတော့တရားသံတွေနဲ့ ကြည်ကြည်နူးနူး...၊
တချို့တွေက ဗီဒီယိုတောင်ဖွင့်ပြလိုက်သေး...:)။အဲ...တစ်ချို့ကျတော့ စားကောင်းသောက်ဖွယ်တွေ ချက်ပြီး
လာသမျှလူကို စေတနာထက်သန်စွာ ချကျွေးတတ်ကြသဗျ...။
တချို့ကြတော့ အိမ်ရှေ့ကနေဆီးပြီး တို့အရေး...တို့အရေးတွေအော်တော့ ကိုယ်ပါ ယောင်တောင်ပေါင်တောင်
ဝင်အော်မိတာပေါ့.....၊၊အဲ...မကျေနပ်တဲ့သူတွေက အဲ့အိမ်ကို ခဲနဲ့ဝိုင်းပေါက်တော့ ကိုယ့်ထိမှာစိုးလို့ အသာလေး
ပြန်လစ်လာရသေး....:D။တချို့အိမ်တွေမှာ သူတို့သန်ရာသန်ရာဗဟုသုတရဖွယ်ရာ အကြောင်းအရာတွေကို
ကျတော့ သူတို့ကြုံတွေ့သမျှ ဝမ်းနည်းစရာ၊ဝမ်းသာစရာအကြောင်းအရာလေးတွေကို တစ်ဖွဲ့တစ်နွဲ့ပြောပြ တတ်လိုက်ကြတာ...နားထောင်သူမှန်သမျှ ထိထိခိုက်ခိုက်လေးဖြစ်လို့....။တချို့တချို့တွေရဲ့အိမ်တွေက လူကုံ
တန် အိမ်ကြီးအိမ်ကောင်းတွေ....၊တချို့ကတော့ သာမန်....။
ရွာထဲမှာ တစ်ခါတစ်ခါ ရွာသား အသစ်အသစ်တွေလည်းရောက်လာကြလို့ ဝမ်းသာရသလို၊နှုတ်ဆက်ထွက်ခွာ
သွားသူတွေ၊နှုတ်မဆက်ပဲ တိတ်တိတ်လေးပြောင်းသွားကြသူတွေ၊ထာဝရခွဲခွာသွားကြတဲ့သူတွေ အတွက်လည်း
စိတ်မကောင်းဖြစ်ရပါတယ်....။အဲ...တချို့တချို့များကတော့ ရွာလေးနဲ့ လမ်းပန်းဆက်သွယ်မှုဝေးကွာတဲ့နေရာ
ကိုရောက်သွားကြပြန်တော့ ချစ်လျက်နဲ့ မတတ်သာ ခပ်ခွာခွာလေးနေကြရသပေါ့.....။
ရွာထဲက ကျွန်တော်အိမ်လေး....
အဲဒီရွာလေးရဲ့ ချောင်လေးတစ်ချောင်မှာ လွန်ခဲ့တဲ့ တစ်နှစ်က အိမ်ပေါက်စလေးတစ်အိမ်ဆောက်ပြီး ကျွန်တော်
လည်း ရွာသားလေးတစ်ယောက်အဖြစ်ခံယူခဲ့ပါတယ်...။ရောက်လာခါစ မအူမလည်လေးကို နွေးနွေးထွေးထွေး
ကြိုဆိုကြတော့ ဝမ်းသာ၊ကျေးဇူးတင်မှုတွေက အတိုင်းမသိ...။အိမ်လေးရဲ့လိုအပ်တာလေးတွေကိုလည်း ပြောပြ
ကြ၊ညွှန်ပြကြ....။သိပ်ကို စိတ်သဘောထားပြည့်ဝကြတဲ့ ရွာသားတွေပါပဲ....။
ကျွန်တော့်အိမ်လေးကိုလည်း လမ်းကြုံရင်ပဲဖြစ်ဖြစ်၊ဟိုဟိုဒီဒီလျှောက်လည်ရင်း မတော်တဆပဲဖြစ်ဖြစ်၊ပျင်းလို့ပဲ
ဖြစ်ဖြစ်၊ခင်လို့ပဲဖြစ်ဖြစ် အလည်အပတ်လည်း လာတတ်ကြ၊ရောက်တတ်ကြပါတယ်...၊ဘာကြောင့်ပဲဖြစ်ဖြစ်
ကျွန်တော်ကတော့ ဝမ်းသာရတာပါပဲ....။ဒါပေမယ့် သူများတကာလို့ အာဟာရပြည့်ဝစေတာတွေနဲ့ ဧည့်မခံနိုင်
တော့လည်း ကိုယ့်ရှိတာလေးနဲ့ပဲ ဧည့်ခံရပါတယ်..၊ကိုယ်က ဧည့်ဝတ်မကျေပေမယ့် လာကြသူတွေက ညိုညင်
စကားပြောမသွားတဲ့အပြင် အားပေးစကားလေးတွေပြောပေးသွားကြတာကိုကလည်း ရွာလေးရဲ့ချစ်စရာ ဓလေ့
စရိုက်ကလေးတစ်ခုရယ်ပါ....။ဒီအတွက်လည်း ကျေးဇူးတင်စကား ထပ်ပြောပါရစေ...။
လည်လည်ထွက်တဲ့အခါ......
ကိုယ့်အိမ်လေးမရှိခင်ကတည်းက ရွာထဲကို အလည်ထွက်လေ့ရှိပါတယ်...။အဲ့လိုလည်လည်ထွက်ရင်းကပဲ ရွာထဲ
မှာ ကိုယ်ပိုင်အိမ်လေးရှိချင်လာတာပါပဲ....၊ဟော...ရွာသားလေးဖြစ်လာတော့ အိမ်လည်မထွက်ရမနေနိုင်....။
အိမ်လည်ထွက်ရင်လည်း ရောက်ရှိကြောင်း သတင်းပို့ခဲ့ရတာအမော....။ကိုယ်ဆီလာလည်တဲ့သူတွေပဲဖြစ်ဖြစ်၊
မလာဖြစ်တဲ့သူတွေပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အလည်ထွက်ဖြစ်ပါတယ်....။များသောအားဖြင့် မှတ်ချက်စကား
လေးတွေလည်း ပြောခဲ့တာပါပဲ...။
အဲ့လိုပြောခဲ့တဲ့အခါမယ် အများအားဖြင့် ကောင်းတယ်၊လှတယ်၊တော်တယ်...စသဖြင့်ပဲ ပြောဖြစ်ပါတယ်...။အဲ...
အိမ်ပိုင်ရှင်ဧည့်ခံတာတွေမှာ လိုအပ်တာလေးတွေရှိနေရင်တောင် ဒီလိုပဲပြောခဲ့တာပါပဲ...။ဘာဖြစ်လို့လဲဆိုတော့
ရွာသားအများစုဟာ ပရိုဖက်ရှင်နယ်တွေ၊ကျွမ်းကျင်သူတွေမဟုတ်ပါဘူး...။မိမိတို့ရဲ့ မိသားစုအရေးတစ်ဖက်၊
လုပ်ငန်းကိုင်ငန်းကတစ်ဖက်နဲ့ ဝါသနာပါလို့သာ ကိုယ့်ရှိတာလေးနဲ့ အစွမ်းကုန်ဧည့်ခံကြရတာပါ...။လှတဲ့အခါ
လှသလို၊တစ်ခါတစ်ရံလည်း လိုတဲ့အခါလိုအပ်မှာပါပဲ...။
ကျွန်တော့်အိမ်လေးကိုအလည်လာသွားကြသူတွေရဲ့ အားပေးမှတ်ချက်စကားလေးတွေဟာ ကျွန်တော်နောက်
ထပ် စာတစ်ပုဒ်ရေးဖို့ တွန်းအားတွေဖြစ်လာတာကို သတိထားမိတဲ့နောက် ကျွန်တော်အိမ်လည်ထွက်ခဲ့ရင်လည်း
တွန်းအားဖြစ်စေတဲ့ မှတ်ချက်စကားလေးတွေပဲပြောဖြစ်ခဲ့ရခြင်းအကြောင်းပါပဲခင်ဗျာ...။
ဗာရာဏသီ ရဲ့ နိဂုံး.....
ကဲ....အစကတည်းက ပြောခဲ့သလို ဘာမဟုတ်တာလေးကို ဗာရာဏသီချဲ့လို့ပြီးပါတော့မယ်...သည်းခံလော့ ပိတ်သက်ကြီး....:)))။ပြောရရင် ဟောဒီရွာထဲမှာ နေရတာ ပျော်ပါတယ်...၊စိတ်လည်းချမ်းသာရပါတယ်..၊
ဘာရေးရေးအားပေးသူတွေကိုလည်းကျေးဇူးတင်ရပါတယ်...၊ဝါသနာရှင်ပဲဖြစ်လို့ အဆင်မပြေတာများရှိရင်
လည်းသည်းခံကြပါ။(ဝါသနာရှင်ကကိုမတတ်နိုင်ဘူးအသက်ကြီးပြီးအချိန်မစီးဘူးလို့ပြောလည်း ခံရတာပါပဲ...:))
ရသလေးတွေရေးဖို့ ကျိုးစားနေပါတယ်....(မြန်မာပြည်ရသစာပေ သေတာကြာပြီ ခုမှထပြီး ရသမနေနဲ့ အရင်ဆုံး
ရသစာတမ်းကိုဖတ်ကြည့်ဦး လို့ မြည်တွန်တောက်တီးရင်လည်း ငြိမ်နေရတာပါပဲ...)။နောက်ဆုံး ကဗျာလေးနဲ့
နိဂုံးကမ္ပတ် အဆုံးသတ်ပါတယ်...။(များလိုက်တဲ့ကဗျာဆြာတွေ၊အရှေ့တောင်အာရှမှာ ကဗျာဆြာအများဆုံး
တိုင်းပြည်ထဲက ကဗျာဆိုတာတောင်ဘာမှန်းမသိပဲ ထထပြီး ကဗျာ တဲ့လူလို့ မချိတင်ကဲပြောရင်လည်း.....
ဟုတ်ကဲ့...မှတစ်ပါးအခြားမရှိပါခင်ည....:))
စက္ကူတစ်စရဲ့ ခွန်းနွဲ့ရာ
စက္ကူစ တစ်ရွက်လို ပါးလှပ်လှပ်ပါပဲ.....။
တောင်ခြစ်မြောက်ခြစ်...၊စက္ကူညစ်လေးမို့....
တခြားသူတွေအတွက် တန်ဖိုးတပ်လို့မရပေမယ့်.....။
ကိုယ့်အတွက်တော့ ဘာနဲ့မှ မလဲနိုင်ခဲ့....။
အများတကာအတွက် အမှိုက်တစ်စဖြစ်ကောင်းပေမယ့်......
ကိုယ့်အတွက်တော့ ကိုယ်တိုင်ရေး မှတ်တိုင်များ လေလား.......။
ဒါ...အသွေးအသားထဲက ခံစားချက်...
ရင်ထဲက ဝေဒနာ.....
လင်္ကာချောအောင် မုသားပါပေမယ့်....
ကိုးဆယ်လောက်က ရိုးသားပါတယ်....။
တစ်ခါ...တစ်ခါ....ဝေဒနာကို ပုံကြီးချဲ့......
ဒါပေမယ့် အဲ့ဒါ....ရင်ထဲမှာ မြစ်ဖျားခံတာ....။
တိမ်တွေလို မျောလွင့်နေတတ်တဲ့....
စိတ်တွေနဲ့ သူတို့ရဲ့ ပဋိပက္ခ အတွက်....
ဒီနေရာဟာ...နားခိုရာဖြစ်ခဲ့.....။
မိတ်ဆွေနဲ့ သူငယ်ချင်းတွေအတွက်...
အတွေးများ မျှဝေရာဖြစ်ခဲ့.....။
တစ်စိမ့်စိမ့် ယိုစီးကျလာတတ်တဲ့....
သွေးမျက်ရည်စက်လက်အတွက်.....
ဖြေသိမ့်ရာဖြစ်ခဲ့.....။
အိမ်လွမ်းသူ အဝေးလူတစ်ယောက်အတွက်...
မျက်ဖြေရာ....ကမ်းဖြစ်ခဲ့.....။
ဘာပဲပြောပြော...စက္ကူလေးတစ်စ.....စက္ကူရတုကို ရခဲ့ပြီ.....။
ကျဖန်များတဲ့ မိုးရေစက်တွေလို.....
ရင်ဘတ်ထဲက ရွာချခဲ့တာက ရှစ်ဆယ်နှစ်......
တခုတ်တရ.....ရေးပေးသွားကြတာက ၇၇၃.....
ရောက်လာကြသူတွေက ၁၁၄၅၀.....
အားလုံးကို ကျေးဇူးတင်ရတယ်....။
ဒီသံသရာ...မဆုံးတမ်းလည်ရသမျှ....
ဘလော့ဂင်းရတဲ့ဘဝ...
အခါခါမှ ရချင်သေးပါကြောင်း.......။
Monday, June 13, 2011
ပိုချစ်ရတဲ့သူ ကပေးတဲ့ ခံစားချက်တွေ
ပြီးခဲ့တဲ့လက အတော်အလုပ်များတယ်...။တချို့နေ့တွေမှာ နေ့ရောညပါလုပ်ရတယ်...။တနင်္ဂနွေနေ့တွေလည်း
လုပ်ရတဲ့အခါလုပ်ရတယ်....။အလုပ်များတဲ့ကြားက ဝတ္ထု၂ပုဒ်ဖတ်ဖြစ်ပါတယ်...။တစ်ပုဒ်က အသစ်၊တစ်ပုဒ်က
အဟောင်း....။အသစ်က ဂျူး ရဲ့ ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ......။
ဘသားချောဆီကရပါတယ်....။စဖတ်ကာစက နဲနဲပျင်းသလိုလို....။နောက်တော့လည်း ဂျူးရဲ့ လေ ထဲမျောသွား
တာပါပဲ.....။ပြီး....ရလိုက်တာက အတွေးတွေ တစ်ပုံတစ်ပင်....။နောက်...ခံစားချက်တွေ.........။
ဇာတ်လမ်းအနေနဲ့တော့ ဘာမှမဟုတ်သလိုပါပဲ...(ကျွန်တော့်အထင်....)။မြဝန်းရံ နဲ့ ပြည်မိုးငြိမ်း တို့ ပိုလန်နိုင်ငံ
ပို့ဇ်နန်(Poznan)မြို့လေးမှာ မတော်တဆဆုံတွေ့ခဲံကြပြီး အလောင်းအစားတစ်ခုဖြစ်သွားတယ်....။အောင်မြေ
သာစံဆိုတဲ့ မြို့နယ်လေးမှာ ဆိုးယုတ်မှုကြီးတစ်ခုခုကို ရှာဖို့....။ဒီလိုနဲ့ မြဝန်းရံ တစ်ယောက် ဆိုးယုတ်မှုရှာပုံတော်
ထွက်တယ်....။နောက်ဆုံးတွေ့သွားတယ်....။ဒါပါပဲ...။
အခန်း(၁) ခေတ်တိုင်း၊နေရာတိုင်းမှာ ထိုခေတ်ထိုနေရာ၏ ကိုယ်ပိုင်မကောင်းဆိုဝါး ကိုယ်စီရှိသည်။
စကတည်းကယဉ်သကို....ဆိုသလိုပါပဲ....။ဆယ်နှစ်အရွယ်ကလေးမလေး ရွေမှုန်ဝင်း အား မတရားပြုကျင့်ပြီး
ရက်ရက်စက်စက် ဓါးနှင့်ထိုးသတ်ကာ ရေတွင်းထဲပစ်ချခံလိုက်ခြင်း နှင့် ဇာတ်ကိုအစပြုခဲ့သည်....။အခန်း(၁)တွင်
ဆရာမက မြဝန်းရံအနေနှင့် မေးခွန်းတစ်ခုထုတ်ခဲ့သည်....။“မကြည့်ရက်လို့ မျက်နှာလွဲခြင်းသည်မှန်ကန်သော
လုပ်ရပ်ဟုတ်ပါရဲ့လား....”တဲ့။
ဟုတ်သည်....။ဘဝတွင် ကျွန်တော်တို့ မျက်နှာလွဲခဲ့သည့် အဖြစ်ဆိုးတွေ ဘယ်လောက်ရှိခဲ့ပြီလဲ....။မျက်နှာလွှဲခဲ့
ခြင်းအပြင် ကျွန်တော်တို့ တစ်ခုခုလုပ်ပေးနိုင်တာမှရှိတော့ဘူးလား....။ဘာသာ မေးခွန်းထုတ်ခဲ့မိပေမယ့် ကိုယ်
တိုင်လည်းအဖြေမရခဲ့ပါ....။အေးလေ...မကြည့်ရက်တဲ့နောက် မျက်နှာလွှဲခြင်းအပြင် တစ်ခြားဘာများလုပ်နိုင်ပါ
ဦးမည်နည်း လို့ပဲ ခပ်နောက်နောက်လေး တွေးမိပါရဲ့....။
အခန်း(၂) မကောင်းဆိုးဝါးမှာ ထူးခြားတဲ့မျက်နှာရှိသလား
ခိုတောင်ရွာဘုန်းကြီးကျောင်းတွင် မြဝန်းရံနှင့် ကလေးတွေကို ပန်ချီဆွဲပေးနေသော ပြည်မိုးငြိမ်းတို့ ပြန်ဆုံကြ
သည်....။ရွာတစ်ရွာမှာ ကလေးတစ်ဦးက မာန်နတ်ပုံလိုချင်လို့ ဆွဲပေးခဲ့ရကြောင်းပြောကြတော့ မြဝန်းရံက
စကားတစ်ခွန်းပြောသည်....။“ကျွန်မပြောချင်တာက လူသတ်သမားရဲ့ပုံက မာန်နတ်တို့၊အာဠာဝကတို့လို
မြင်ရုံနဲ့ကြောက်စရာကြီးဖြစ်မနေဘူး၊သိသာမနေဘူးပြောချင်တာ..”
ဒီတော့ ပြည်မိုးငြိမ်းပြန်မေးတာက “ဒီတော့ နောက်တစ်ခါ မာန်နတ်ပုံဆွဲခိုင်းရင် ကျွန်တော်ဘယ်လိုပုံဆွဲပေးရ
မလဲ....”တဲ့
အင်း....ဟုတ်ပါရဲ့ လူဆိုး၊လူယုတ်ဆိုတာ နဖူးမှာဂျိုပါသည်မှ မဟုတ်တာ....။နောက် လူတစ်ယောက်ဘဝတွင်
သူ ဆိုးယုတ်ဖို့ ကြိုတင်ကြံစည်ထားခြင်းရှိကောင်းမှရှိလိမ့်မည်...။ဒီနေ့ လူကောင်းစိတ်၊သူတော်ကောင်းစိတ်ဝင်
နေမယ်မယ့် နောက်နေ့ စိတ်ဆိုး၊စိတ်ယုတ်တို့ဝင်ကောင်းဝင်နေမည်။ဘဝပေးအခြေအနေ၊လတ်တလောအခြေ
အနေတွေကလည်း သက်ရောက်မှုရှိပေမည်။ကျွန်တော်တို့ရော...၊တတ်နိုင်သမျှမကောင်းမှုကို ရှောင်ကျဉ်နေ
ပေမယ့် တစ်ချိန်ချိန်မှာ၊အကြောင်းတစ်ခုကြောင့် စိတ်ဆိုးစိတ်ယုတ်တို့ဝင်မလာနိုင်ဘူးတဲ့လား....၊စိတ် ဆိုတာ
ပြောရခက်တဲ့အမျိုးမဟုတ်ပါလား....။မိမိစိတ်ကို သတိအိမ်ကလေးမှာ အမြဲထားဖို့ ဆုံးမ နေရမှာသာမဟုတ်ပါ
လားခင်ဗျာ.....။
အခန်းနှစ်တွင် မြဝန်းရံ ခုနှစ်တန်းနှစ်လောက်က အဖြစ်အပျက်တစ်ခုကို ပါးပါးလေးထည့်သွင်းဖော်ပြထားသည်။
တစ်မြို့တည်းမှ စက်မှုတက္ကသိုလ်ကျောင်းသားအကိုကြီးတစ်ယောက်၏ သေသလား၊ရှင်သလား၊ပျောက်ဆုံးနေ
သည့် သတင်း...။ဘာကြောင့်ဆိုသည်ကိုတော့ ဆရာမက ရေးမထားခဲ့။ဘာကြောင့်ဆိုတာ ရုတ်တရက်တွေးမရ။
နောက်မှစဉ်းစားမိသည်က မြဝန်းရံသည်အသက် အစိတ်ဝန်းကျင်ဖြစ်ခဲ့သော် သူခုနှစ်တန်းနှစ်သည် ၁၉၉၆ခုနှစ်၊
ပြီးစက်မှုတက္ကသိုလ်ကျောင်းသား၊နောက် မြဝန်းရံအမေက ကျောင်းစာကလွဲပြီး တခြားစိတ်မဝင်စားနှင့်ဟုပြော
သည်ပဲ...၊
ဒါဖြင့် ၁၉၉၆ခုနှစ်လောက်တွင် ကျွန်တော်တို့မြန်မာပြည်၌ ဆိုးယုတ်လူမဆန်မှုတစ်ခုခုဖြစ်ပွားခဲ့သည်ပေါ့....။
တနည်းအားဖြင့် ၁၉၉၆ခုနှစ်တွင်ဖြစ်ခဲ့သည့်အဖြစ်အပျက်တစ်ခုသည် လူတစ်စုတစ်ဖွဲ့၏ လူမဆန်မှု၊ဆိုးယုတ်မှု
တစ်ခုပေါ့.....။ဆရာမဂျူးစာတွေကိုသဘောကျသည်မှာ ဤကဲ့သို့ မထိတထိလေး ဝိနည်းလွတ်ရေးတတ်လို့ပဲ
ဖြစ်သည်။(ကျွန်တော့်အထင်သက်သက်...:))
မြဝန်းရံ ခိုတောင်ရွာတွင်တွေ့ခဲ့သည့် မဌေးကြွယ်ရဲ့အဖြစ်ကလည်း တစ်မျိုးစိတ်ဝင်စားစရာကောင်းသည်....။
မဌေးကြွယ်ချစ်သူက ကိုမောင်...၊အသောက်အစားကင်းသူ၊လယ်ပိုင်ရှင်သားဖြစ်ပေမယ့် လက်ကြောတင်းသူ၊
ဆယ်တန်းထိနေဖူးသည့် လူရည်သန့်တစ်ဦး...။သူနှင့်မဌေးကြွယ်ရတော့ သူ့ဘဝပြည်စုံ၊စိတ်ချမ်းသာရပြီ ထင်ခဲ့
သည်တဲ့...။သို့ပေမယ့် လက်ထပ်ပြီး ခြောက်လပင်မကြာသေး မဌေးကြွယ်ကို ထိုးကြိတ်နှိပ်စက်တော့သည်။
ဆံပင်လေး လက်သုံးလုံးလောက်ဖြတ်မိရုံဖြင့် ကပ်ကြေးဖြင့်တစ်ခေါင်းလုံးကို ရစရာမရှိအောင်ကိုက်ပစ်ခဲ့သည်
တဲ့။ကိုယ်ဝန်ရှိနေသည့်တိုင် ပျဉ်ချပ်ဖြင့်ရိုက်၊အသံထွက်မည်စိုး၍ ပါးစပ်ကို အဝတ်ဆို့၍ ရိုက်သည်တဲ့...။
ကျွန်တော်တို့ဝန်းကျင်တွင် ဤကဲ့သို့သော အိမ်ထောင်ရေးမျိုးမကြာခဏတွေ့ရသည်ပင်။ရန်သူတွေမဟုတ်ပါပဲ
နှင့်၊ကိုယ့်ဇနီးမယားဖြစ်နေပါလျက်နှင့် ဘာကြောင့်ဒီလိုဖြစ်ရသည်ကို မတွေးတတ်ခဲ့။တချို့သောလူများတွင်
သူတစ်ပါးကို နှိပ်စက်၊ညှင်းပန်းလိုစိတ်ဘာကြောင့်ရှိနေရပါလိမ့်....။သူတို့သည် အပြင်အပက လူတွေနှင့်တော့
အင်မတန်မှကောင်းနေတတ်ပြန်သည်...။ကျွန်တော်အိမ်ထောင်ကျရင်ရော....၊(အင်း...ဒါကတော့ မုန့်ဆီကြော်
ဖြင့်ဘယ်ဆီနေမှန်းမသိ နှုတ်ခမ်းနာနဲ့တည့်မတည့်တွေးသည့်အတွေးပေပဲ...:)))။ဘာပဲဖြစ်ဖြစ် မိမိကို ညှင်းပန်း
နှိပ်စက်မှာမခံချင်သလို၊သူတစ်ပါးကိုလည်း ကိုယ့်ကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်မသွားစေလိုသည်က အမှန်။
ဒီလို ဘာသာတွေးမိတော့ မိမိစိတ်ကလေးကိုပဲ ကြံဖန်ကျေးဇူးတင်ရသည်။
ဆရာမက မေးခွန်းတစ်ခုထုတ်ခဲ့သေး၏။ ကြမ်းကြုပ်သူ၊ရက်စက်သူ၊ဒေါသကြီးတတ်သူ၊စိတ်မထိန်းနိုင်သူ ဒီလို
လူတွေက ဆိုးယုတ်သူဖြစ်လာနိုင်သလား....တဲ့။ကျွန်တော်ဆက်ပြီး စဉ်းစားမိသည်က ဒေါသကြီးသူ၊စိတ်မထိန်း
နိုင်သူတွေက ရုတ်တရက် တစ်ဆုံးတစ်စ လုပ်တတ်ပေမယ့် ပြီးလျှင်တော့ နောင်တရနေတတ်သည်။သနားစိတ်
ဝင်လာတတ်သည်။အဲ....တချို့တွေကျတော့ သွေးအေးအေးနှင့် အစီအစဉ်တစ်ကျ ရက်စက်တတ်ပြီး ထိုအတွက်
ဘယ်တုန်းကမှ နောင်တရစိတ်၊သနားစိတ်ဝင်လာခဲ့သည်မျိုးမဟုတ်။တိုက်တိုက်ဆိုင်ဆိုင် တလောကမှ ဘလော့
တစ်ခုတွင် ကမ္ဘာဒီးယားမှ ပိုပေါ့အကြောင်းဖတ်လိုက်ရသည်။ပိုပေါ့သည် သေသည့်တိုင် သူလုပ်ရပ်တွေအတွက်
နောင်တမရခဲ့၊မရသည့်အပြင် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့တာဟု သူယုံကြည်သည်တဲ့...။(မအိမ်သူ
ဘလော့မှာပါ )။ဒေါသကြီး၊စိတ်မထိန်းနိုင်သူတွေက ဆိုးယုတ်ရက်စက်သူတွေဖြစ်လာနိုင်ပါသည်။သို့သော်
တဒင်္ဂသာ...။
အခန်း(၃) ဆိုးယုတ်မှုတွင် ပုံသဏ္ဍာန်ပေါင်းများစွာ ရှိသည်
မြဝန်းရံ သရက်တောရွာတွင် ရွာ၏အထက်တန်းကျောင်းအုပ်ဆရာမကြီးဟောင်းတစ်ဦးနှင့်တွေ့ဆုံခဲ့ရသည်...။
မြို့နယ်ပညာရေးမှုးရာထူးကိုလိုချင်သည့် သပွတ်စုအထက်တန်းကျောင်းအုပ်ဆရာမနှင့် ကျောင်းအုပ်နေရာလို
ချင်သည့် သူ၏လက်ထောက်ကျောင်းအုပ်ဆရာမတို့၏ နောက်ကျောမှဓါးနှင့်ထိုးခြင်းကိုခံခဲ့ရ၍ ဂုဏ်သိက္ခာကျ
ဆင်း၊အရှက်တကွဲဖြစ်ကာ စိတ်ကျဝေဒနာခံစားနေရသည့် သစ်ပင်တွေကိုချစ်သည့်၊ရွာသူရွာသားတွေကို အသိ
ပညာပေးချင်သည့်ဆရာမကြီး.....။
ကျွန်တော်တို့ဝန်းကျင်တွင် ဤလိုအဖြစ်မျိုးတွေ ကြားဖူးလှပြီ၊ကြုံဖူးကြပြီ..။လူတွေသည်ဘာကြောင့်များမကြိုးစား
ချင်ပဲ ကိုယ်နှင့်မထိုက်တန်သည့်နေရာတစ်ခုကို အောက်လမ်းနည်းသုံးပြီး ရယူဖို့ ကြိုးစားကြပါသလဲ....။
ကျွန်တော့်သဘောကတော့ ကြိုးစားချင်ကြိုးစားမည်...။မကြိုးစားချင်ရင်လည်း ရောက်တဲ့နေရာ အေးအေးလူလူ
တစ်ရေးလောက်သာအိပ်ချင်ပါသည်....။မီးပွတ်ခုံ ကဲ့သို့ သူတစ်ပါးပူလောင်ဖို့ရာ ကိုယ်တိုင်အပူမခံချင်ပါ...။
တစ်ခုသတိထားမိသည်က အမှန်တရားသည် ဘယ်တော့မှ ပေါ်လွင်မလာခဲ့ခြင်းနှင့်အတူ လူညီသဖြင့် ဤ တွေ
ကျွဲ ဖြစ်ဖြစ်သွားကြခြင်းပင်....။
ပြည်မိုးငြိမ်းက ဆရာမကြီးကို ပန်းချီကားလေးတစ်ခုလက်ဆောင်ပေးခဲ့သည်...။ပန်းခင်းလေးအလယ်မှ စာသင်
ကျောင်း ပန်းချီကားလေး......။ဆရာမကြီး၏ကောင်းမှုလေးကို ပြန်လည်သတိရ စိတ်လည်လာစေဖို့ရာ ကြိုးစား
အားထုတ်မှုတစ်ခု....။ဆရာမကြီးက သူ့ပန်းခင်းလေးကိုသတိတရမေးတော့ အမျိုးသမီးတစ်ဦးက ပန်းနေနေသာ
သာ မြက်တောင်မပေါက်တော့ဘူး ဟုပြောတော့ ပြည်မိုးငြိမ်းက စကားတစ်ခွန်းပြောခဲ့သည်....။
“ဆရာမကြီးရှိတဲ့နေရာမှာ စေတနာ့ဝန်ထမ်းကျောင်းရောက်လာလိမ့်မယ်၊စာသင်ကျောင်းရှိတဲ့နေရာမှာပန်းခင်း
လေးရောက်လာလိမ့်မယ်၊အရေးအကြီးဆုံးက ဆရာမကြီးမှာ စိတ်ဆန္ဒ ရှိနေဖို့ပဲလိုပါတယ်....” တဲ့
မှန်ပါသည်။ကျွန်တော်တို့တွင် စိတ်ဆန္ဒရှိဖို့ပဲလိုပါသည်...။ပြင်းပြသောစိတ်ဆန္ဒ၏နောက်တွင် ကျွန်တော်တို့
ပထမဆုံးခြေလှမ်းလေးကို စတင်လှမ်းဖို့လည်း လိုအပ်ပါသည်...။ပထမခြေလှမ်း၏နောင်တွင်မတော့ နောက်
ထပ်ခြေလှမ်းပေါင်းများစွာ......။
ကျွန်တော်တို့ လျှောက်သောလမ်းတွင် အကြိမ်ကြိမ်လဲပြိုကျပါလိမ့်မည်၊ကျွန်တော်တို့နောက်ကျောတွင်ရော၊
ရင်ဘတ်တွင်ပါ ထိုးစိုက်ခြင်းခံထားရသည့် ဓါးတို့၏ဒဏ်ရာဖြင့် သွေးတို့ခြင်းခြင်းနီကောင်းနီနေပါလိမ့်မည်...။
ကျွန်တော်တို့အကြိမ်ကြိမ် ပြန်လည်ကုန်းရုန်းထရပါလိမ့်မည်..။ကျွန်တော်တို့ဖီနစ်ငှက်လို စိတ်မျိုးရှိနေဖို့လိုပါ
လိမ့်မည်...။ကျွန်တော်တို့ကြိုးစားကြရပါမည်...။စိတ်ဓာတ်ကျနေ၍မဖြစ်ပါ....။
အခန်း(၄) ကိုယ့်အနားတွင်ပင် ဆိုးယုတ်မှုတွေကရှိနေကြသည်။ဒီကရီအနိမ့်အမြင့်သာကွာသည်
မြဝန်းရံနှင်ပြည်မိုးငြိမ်းတို့ သရက်တောရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြန်ဆုံကြပြန်သည်။ဤအခန်းတွင်
အရေးကြီးဇာတ်ကောင်တစ်ယောက် ပေါ်လာသည်။လွန်ခဲ့သော နှစ်ခြောက်ဆယ်လောက်က သွေးအလူးလူး
နှင့် ဖရဲခင်းထဲတွင် ဆရာတော့်အမေ တွေ့ခဲ့၊မွေးစားခဲ့ရသော ဦးကောက်ရဆိုသည့် စကားမပြောတတ်ရှာသည့်
အဖိုးအိုတစ်ဦး....။ဦးကောက်ရကို ဖရဲခင်းပုံပန်းချီကားဆွဲပေးဖို့ရာ မြဝန်းရံပြောတော့ ပြည်မိုးငြိမ်းက ငြင်းဆန်ခဲ့
သည်...။ပြည်မိုးငြိမ်းက အတိတ်ကို ပြန်သတိရမိပြီး နာကျင်ကြေကွဲမှု ကိုမခံစားစေချင်၊မြဝန်းရံက အမှန်တရား
အတွက် မှတ်တမ်းမှတ်ရာတွေကိုသာ ပြန်မဖော်ထုတ်ခဲ့လျှင် ဆိုးယုတ်မှုတွေက ဘယ်တော့မှပျောက်ကွယ်သွား
မှာမဟုတ်ဘူး...ဟုယူဆသည်...။
ကျွန်တော်စဉ်းစားမိသည်...။၁၉၈၈ခုနှစ်က မှတ်တမ်းမှတ်ရာတွေ ဘယ်ရောက်ကုန်ပြီလဲ...၊ဘယ်သူမှ ပြန်လည်
ဖော်ထုတ်ဖို့မကြိုးစားကြတော့ဘူးတဲ့လား...။ဒီလိုနှင့် ကျွန်တော်တို့ နောင်တော်တွေ သမိုင်းမှာမှေးမှိန်ပျောက်
ကွယ်သွားကြမည်တဲ့လား....။မေ့နေစေချင်သူတွေ ဆန္ဒအတိုင်း ကျွန်တော်တို့ မေ့ကုန်ကြတော့မည်လား...။
မြဝန်းရံနှင့် ပြည်မိုးငြိမ်း အချီအချပြောကြတော့ ပြည်မိုးငြိမ်းက အဖြစ်အပျက်တစ်ခုကိုပြောပြခဲ့သည်....။
၁၉၉၃ခုနှစ်က ဓာတ်ပုံသတင်းထောက်တစ်ဦး ကြုံတွေ့ခဲ့ရသည့် ဆူဒန်နိုင်ငံက အဖြစ်အပျက်...၊
လူရုပ်မပေါ်အောင်ပိန်ချုံးချိနဲ့နေသည့် ခေါင်းကြီးကိုယ်သေးကလေးတစ်ဦး ဖုံးတောထဲမှာ မိမိကိုယ်ကို အနိုင်နိုင်
သယ်၍ ဆေးခန်းသို့ တရွတ်ဆွဲနေသည့် မြင်ကွင်းနှင့် လင်းတတစ်ကောင်မှ ထိုကလေးကိုစောင့်ကြည့်နေသည့်
ပုံ....။သတင်းထောက်မှ ထိုပုံကို အမိအရရိုက်ယူနိုင်ခဲ့သည်....။လင်းတ ကိုမောင်းထုတ်နိုင်ခဲ့သော်လည်း သူ
ကိုယ်တိုင်တော့ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရသည်တဲ့....။
သူ ထိုပုံနှင့် ပူလစ်ဇာဆု ရခဲ့သည်...။ဆုရပြီးခြောက်လအကြာမှာ ထိုသူ မိမိကိုယ်ကို သက်သေသွားခဲ့သည်တဲ့....။
သူသေဆုံးတော့ အသက်သုံးဆယ်ကျော်သာရှိသေးသည်..။သူရေးထားခဲ့သည့်စာကတိုတိုလေး...၊
“ ဘဝရဲ့ နာကျင်မှုတွေက ပျော်ရွင်မှုတွေကို ဘယ်လောက်ထိဖုံးလွှမ်းသွားသလဲဆိုရင် ပျော်ရွင်စရာရယ်လို့
မရှိတော့တဲ့ထိပါပဲ” တဲ့....။
Kevin Carter (September 13,1960-July 27,1994) ပူလစ်ဇာဆုရခဲ့တဲ့ဓာတ်ပုံ
ပြည်မိုးငြိမ်းမှ ဆက်ပြောသည်က “ ဒါနောင်တကနေဖြစ်လာတာ ညီမ၊လူ့ကျင့်ဝတ်ဆိုတဲ့ မေးခွန်းတွေဆီရောက်
လာရင် ကိုယ့်ကိုယ် ထဲမှာကိုပဲ အမှန်အမှား ပဠိပက္ခဖြစ်လာတယ်...၊ကျွန်တော်က ညီမကို နောင်တမရစေချင်
ဘူး ” တဲ့.....။
ဘုရားဟောထဲတွင် ဖြစ်ပြီးသောအကုသိုလ်ကိုလည်းမေ့ပစ်ရာ၏ ဟုပါရှိသည်ကို ဖတ်ခဲ့ရမိသည်...။ပြုသူအသစ်
ဖြစ်သူအဟောင်းဆိုသောစကား လည်းရှိသေးသည်။နောင်တတစ်ဖန်ပူဆွေးရခြင်းဟူသည် ဘယ်တုန်းကမှ
ကောင်းသည်မဟုတ်...။သို့ပေမယ့်....သမိုင်းဆိုတာ ဖျောက်ဖျက်ကောင်းသည်လည်းမဟုတ်...။အမှန်အမှားတွေ
ပဠိပက္ခဖြစ်သည့်တိုင်၊ကိုယ်၊စိတ် နာကျင်ခံစားရသည့်တိုင် ကျွန်တော်တို့ အမှန်တရားကို သိထားသင့်သည်မ
ဟုတ်ပါလား....၊တစ်ဖက်ကလည်း အမှန်တရားအတွက် လူ့ကျင့်ဝတ်၊စည်းကမ်းတွေကို ဘယ်၍ဘယ်မျှထိ လစ်
လျူရှု့သင့်ပါသလဲ....။တစ်ခါတစ်လေကျတော့ အမှန်တရားတွေက ခါးသီးလှသည် ဟုကျွန်တော်ခံစားရပါသည်။
အခန်း(၅) လူတိုင်းသည်လူကောင်းဖြစ်နိုင်ချေရှိပြီး လူဆိုးဖြစ်နိုင်ချေလည်းရှိသည်
အခန်းငါးတွင် မြဝန်းရံ တစ်ယောက် အောင်မြေသာစံ မြို့နယ်လေးထဲမှ ခေါက်ဆွဲကြော်ဆိုင်ဖွင့်ထားသော အပျို
ကြီးညီအစ်မထံတွင် တည်းခိုနေပြီဖြစ်သည်။ဆိုင်ရှင်ဖြစ်သူမှ မြဝန်းရံကို သူ့ဆိုင် စားပွဲထိုးလေးမောင်ပေသီး
အကြောင်းပြောပြခဲ့သည်။မောင်ပေးသီး ခြေထောက်တွင်အနာဖြစ်တော့ ဆရာဝန်ထံသွားပြသည်။သွေးစစ်
ကြည့်တော့ ဆီချိုရှိနေသည်။ဆရာဝန်မှ တေးရုံသို့စေလွှတ်ခဲ့သည်။သို့ပေမယ့်မောင်ပေသီးက တစ်ခြားဆရာဝန်
ထံသွားပြတော့ လေးသောင်းပေးလျှင်ခွဲပေးမည်တဲ့...။သို့နှင့် လေးသောင်းပေးပြီးခွဲတော့ ထွက်လာလိုက်သည့်
သွေးတွေကမြင်မကောင်း....၊နောက်နေ့တွင် ကိုယ်တွေခြစ်ခြစ်တောက်ပူပါတော့သည်။အနာလည်းပုတ်လိုက်
လာပြီ။ဆေးရုံရောက်တော့ ဘာမှလုပ်မရတော့....။သွေးအဆိပ်တက်သည့်ဝေဒနာနှင့် ဆုံးရှာရသည်...။
ပညာတွေတစ်လှေကြီးတတ်သည့်၊မိမိတတ်သည့်ပညာနှင့်ပင် ရိုးရိုးသားသား၊အေးအေးဆေးဆေး၊ဂုဏ်ရှိရှိ
ငွေရှာလို့ရပါလျှက်နှင့် ဘာကြောင့်များလူတွေလောဘတက်ရပါသနည်း...။လူကောင်းသူကောင်းဘဝ ကိုရနေ
ပါလျှက်နှင့် တစ်ချို့သည် လူဆိုး၊လူယုတ်ဘဝကို ငွေကလေးနဲနဲနှင့်လဲချင်တတ်ကြသည်။ထို့ပြင်လူတစ်ယောက်
လူဆိုး၊လူယုတ်ဖြစ်ခြင်း၊မဖြစ်ခြင်းသည် ပညာတတ်ခြင်း၊မတတ်ခြင်းနှင့် သိပ်ပြီးဆိုင်လှဟန်မတူ...။ဒါပေမယ့်
ကျွန်တော်တို့ပတ်ဝန်းကျင်တွင်တွေ့ရသလောက်ကတော့ ပညာတတ်သူတွေတွင် ဆိုးယုတ်မှုတွေ နည်းပါးလှ
ပါသည်။အင်း....ပညာညဏ်ရှိလို့ ဟန်ဆောင်ကောင်းနေသလားတော့မပြောတတ်ပါပေ...။
မြဝန်းရံတစ်ယောက် တရားသူကြီးဟောင်းဦးသန်းမောင်နှင့်သွားရောက်တွေဆုံခဲ့စဉ်က သူတို့ပြောခဲ့သည့်စကား
တွေကလည်း စဉ်းစားတွေးတောစရာကောင်းပါသည်...။ “ သံသယဆိုတာ ဆိုးတဲ့ကိစ္စမဟုတ်ပါဘူး....၊တကယ်
ဆိုရင် သေချာမှုဆိုတဲ့ စကားလုံးကသာကြောက်ဖို့ကောင်းတာ....၊သေချာပြီဆိုတဲ့ အတ္တတွေကြောင့် စစ်ပွဲတွေ၊
ဆိုးယုတ်မှုတွေ၊မိစ္ဆာလုပ်ရပ်တွေဖြစ်ပွားခဲ့တာ....”တဲ့...။
ဟုတ်သည်...။ဟစ်တလာလည်းသေချာခဲ့သည်။ပိုပေါ့လည်းသေချာခဲ့သည်။ကွန်မြူနစ်တွေလည်းသေချာခဲ့သည်။
ဆက်ဒမ်တို့၊ဘင်လာဒင်တို့လည်းသေချာခဲ့သည်ပေါ့။သူတို့အတ္တနှင့်သူတို့ မှန်ကန်ကြောင်းသေချာနေခဲ့ကြသည်
သို့နှင့်ပင် ကမ္ဘာကြီးမှာဆိုးယုတ်မှုကြီးတွေ ဖြစ်ပွားလာရတော့သည်။စစ်ပွဲတွေ ဖြစ်လာခဲ့ရသည်..။
လူတွေသည် သူတို့ကိုယ်သူတို့ ကြီးမြတ်သည်ဟု အထင်ရောက်လာကြသည်နှင့် သူတို့တွေးခေါ်၊ယူဆ၊လုပ်ကိုင်
သမျှတွေက အမှန်တွေဟု သူတို့ကိုယ် သူတို့အထင်ရောက်လာကြတော့သည်။သူတို့သာလျှင်အမှန်တွေဟု သေ
ချာလာကြတော့သည်။ဘယ်သူပြောပြောနားဝင်ဟန်မတူတော့....။သို့နှင့်ပင် အမှားကိုမမြင်နိုင်တော့...။သူတို့၏
သေချာလှပါသည်ဆိုသော အမှန်တရားအောက်မှာ သာမန်လူတွေက မြေဇာပင်ဖြစ်ရတော့သည်...။
မြဝန်းရံက ဦးသန်းမောင်ကို လင့်မော်ရိုး(Lance Norrow)၏ အီးဗီး(Evil)စာအုပ်ထဲမှ အဖြစ်အပျက်လေးတစ်ခု
ကကိုပြောပြခဲ့သည်။ကွန်မြူနစ်ပါတီ တစ်ခုတွင် သံသယမှုဖြစ်ခဲ့သည်။ ဘုံအဖွဲ့ပိုင်အစားအစာထဲမှ ဆန်တစ်ချို့
ပျောက်ဆုံးကုန်သောအခါ ကြီးကြပ်သူမှ စတိုးကိုစောင့်ရှောက်ရသူရဲမေကို ထမင်းတွေခိုးစားသည်ဟု ဒေါသတစ်
ကြီးစွပ်စွဲခဲ့သည်။ရဲမေကငြင်းသည်။မျက်မြင်သက်သေမရှိ။နောက်ဆုံးဒေါသကြီးသောကြီးကြပ်သူက ရဲမေ၏
အစာအိမ်ကိုဓားနှင့်ထိုးခွဲပြီး စစ်ဆေးခဲ့သည်တဲ့...။
ကျွန်တော်တို့အမှားအမှန်ကို၊သံသယကို သေချာအောင်စစ်သင့်ပါသည်။သို့ပေမယ့် ဆေးအတွက်နဲ့တော့မလေး
သင့်၊တန်ဖိုးထက် လက်ခမကြီးသင့်၊မသေချာလည်း ဘာမှမဖြစ်သည့်ကိစ္စတစ်ခုတွင် ဘာကြောင့် ကြေးကြီးချင်
ကြပါသလဲ....။ဒါပေမယ့် ထိုအဖြစ်အပျက်ကို ကြားသည့်လူတိုင်းလိုလိုက ရဲမေ၏အစာအိမ်ထဲတွင် ထမင်းရှိမရှိပဲ
စိတ်ဝင်စားကြပြီး ရဲမေအသက်သေမသေ တော့ စိတ်မဝင်စားကြပါ.....တဲ့....။တစ်ခါတစ်ရံတွင် ကျွန်တော်တို့
အသေးအဖွဲမသေချာမှုလေးတွေကို လျစ်လျုရှုလိုက်သည်က သေချာရေရာသွားသည်ထက် ပိုမိုကောင်းမွန်ပါ
လိမ့်မည်....။
အခန်း(၆) အမှန်တရားနောက်ကိုလိုက်မယ့်သူတွေအများကြီးမရှိဘူး အဲ့ဒါနာကျင်စရာကောင်းတယ်...။
အခန်းခြောက်က ဇာတ်၏အထွတ်အထိပ် နှင့်အဆင်းပိုင်းပါ....။နောက်ထပ်ပါဝင်လာသော ဇာတ်ကောင်တစ်ဦး
ဖြစ်သည့် မသီရိ၏ အဖြစ်အပျက်ကတော့ သိပ်ပြီးထူးခြားလှသည်မဟုတ်....။တော်သည့်၊ထက်မြက်သည့်၊ရုပ်
ရည်ချောမောသည့် တက္ကသိုလ်ကထိကဆရာမလေး မသီရိကို တစ်ခြားခပ်ညံညံဆရာမနှစ်ဦးမှ မနာလိုစိတ်ဖြင့်
ဌာနမှူးနှင့် အထင်အမြင်လွဲမှားစေအောင် လုပ်ကြံဖန်တီးခဲ့သည်။ဌာနမှုးကလည်း ထိုနှစ်ဦးကိုယုံကြည်လာသည်။
အခြားဝန်ထမ်းတွေကလည်း ထိုနှစ်ယောက်ဘက်သာပါကြသည်...။သို့နှင့် မသီရိ လွင့်စင်သွားရတော့သည်။
“ နာကျင်စရာကောင်းတာတစ်ခုက တို့ထင်ထားသလို အမှန်တရားနောက်ကိုလိုက်မယ့်သူအများကြီး
မရှိဘူး...အဲ့ဒါနာကျင်စရာကောင်းတယ် သူတို့မသိတာလည်းမဟုတ်ဘူးနော် တို့မှန်တယ်ဆိုတာသိထားတဲ့သူ
တွေကိုယ်တိုင်က အခွင့်အရေး၊နေရာနဲ့ အာဏာကိုမစွန်လွတ်နိုင်လို့ သူတို့အုပ်စုနောက်ကို ပါသွားကြတာ....”
မသီရိ ပြောခဲ့တဲ့စကားတွေပါ...။ဟုတ်ပါတယ်...။အမှန်တရားဘက်မှာ ရပ်တည်ပေးမယ့်သူသိပ်မရှိတဲ့အခါ
ကျွန်တော်တို့ နာကျင်ရပါတယ်...။လူတွေ အမှန်တရားကိုချစ်တယ်ဆိုတာဘာပါလဲ....၊မိမိ မတရားလုပ်ခံလာရ
တဲ့အခါမှ အမှန်တရားကို ချစ်ကြတာပါ....၊တခြားသူတွေ မတရားခံကြရတာကိုသိကြတဲ့အခါမယ် အော်...ဖြစ်မှ
ဖြစ်ရလေ....လောက်၊စုတ်ကလေး သတ်ရုံလောက်ပါပဲ....။ဓါးခုတ်ရာလက်ဝင်မလျှိုနဲ့ ဆိုတဲ့စကားပုံတောင်ရှိ
လိုက်ပါသေးတယ်...။တစ်နေရာကမတရားမှုကို ကိုယ်နဲ့မဆိုင်ဘူးဟုလှစ်လျုရှူလိုက်ပြီးသည့်နောက် ထိုမတရား
မှုက မိမိထံသို့ပါရောက်လာလိမ့်မယ်လို့ မှတ်ထင်မထားကြပါဘူး....။
အများစုကြီးက အမှန်တရား ဘက်ထက် ငွေ၊အာဏာ၊ရာထူး ဘက် ကိုပဲပါသွားကြပါတယ်...။အဲ့ဒါတွေ တစ်ခုမှမ
ရပေမယ့် ပုဂ္ဂိုလ်ခင်လို့ အမှန်တရားကိုမျက်ကွယ်ပြုသွားကြတာတွေလည်း တစ်ပုံတစ်ပင်ပါပဲ...။တစ်ခါတစ်ရံမှာ
တော့ ကျွန်တော်တို့ရဲ့ အသက်၊စည်းစိမ်၊အိုးအိမ်တွေ ထိခိုက်မှာကို စိုးရိမ်စိတ်နဲ့ အမှန်တရားကို မျက်ကွယ်ပြု
ကြရတာတွေလည်းရှိပါတယ်...။ဒါပေမယ့် ကျွန်တော်တို့တွေ အမှန်တရားဘက်က တတ်နိုင်သလောက်လေး
ကိုယ်စွမ်းနိုင်သလောက်လေး ရပ်တည်ပြဖို့တော့ မမေ့သင့်ပါဘူး...။ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တိုင်မတရား
မှုနဲ့တွေ့ကြုံလာရတဲ့အခါမှာ အမှန်တရားဘက်မှာ (နဲနဲလေးဖြစ်ဖြစ်)ရပ်တည်ပေးမယ့်သူတွေများများစားစား
မရှိတဲ့အခါ နာကျင်စရာကောင်းလို့ပါ....။
နောက်ဆုံးတွင်မတော့ လွန်ခဲ့သောနှစ်ခြောက်ဆယ်က ဦးကြီးကောက်ရ၏ဇာတိရွာလေး ရွာလုံးကျွတ်မီးရှို့ခံရ
သည့်၊မီးလွတ်ရာပြေးသည့်ရွာသားများကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ပြစ်မှုကြီးလည်း ရွာသားတို့၏
သချိုင်္င်းအားဖုံးကွယ်ထားသည့် သစ်တောအုပ်ကြီး မီးလောင်သွားခြင်းနှင့်အတူ ပေါ်ပေါက်သွားပါသည်။
တစ်ခုပြောစရာရှိသည်က နောက်ဆုံးအချိန်တွင် မြဝန်းရံကိုယ်တိုင်က “တစ်ချို့အဖြစ်အပျက်တွေက မေ့ပစ်ဖို့လို
တယ်....၊ဥပါဒါန်အစွဲတွေပါ....၊တစ်ချို့အရာတွေက သူ့အတိုင်းပဲထားလိုက်ဖို့လိုတယ် ” ဟုပြောခဲ့သည်...။
မှန်ပါသည်။တစ်ချို့အဖြစ်အပျက်တွေက မေ့ပစ်လိုက်ခြင်းကသူ့အတိုင်းထားလိုက်ခြင်းက ပိုမိုကောင်းမွန်ပါသည်
သို့သော်....အမှန်တရားကို အားလုံးသိအောင်ဖော်ထုတ်ပြီးမှသာ မေ့ပစ်လိုက်ရပါမည်...။ထိုသို့မဟုတ်ပါက
အမှန်တရားဆိုတာ အဘယ်မှာရှိပါတော့မည်နည်း....။
ဆေးရုံပေါ်တွင် ပြည်မိုးငြိမ်းက မြဝန်းရံကို ဖတ်ပြသည့်ကဗျာကလေးကလည်း ဆရာမဂျူးမှ တစ်စုံတစ်ရာကို
ပြောနေသလိုလိုပင်......။
ပိုချစ်ရတဲ့သူ
သူတို့စောင့်ရှောက်သော်ငြား
ကိုယ်ငရဲရောက်နိုင်သား
ကြယ်တွေကို မော့်ကြည့်ကာပင်
ကိုယ်တစ်ရေးရေးသိမြင်
မြေပေါ်မှာဖြင့်
အနည်းဆုံးတော့လစ်လျုရှု့သင့်
လူသို့မဟုတ် တိရိစ္ဆာန်ကို
ကိုယ်တို့ကြောက်ရမည်ထင့်
ကြယ်ဆိုတာက ကိုယ်တို့အတွက်လောင်ကျွမ်းနေရ
ကိုယ်တို့က ဘာမှပြန်မပေးနိုင်ဘူးဆိုပါရင်
ဒါမျိုးကကောင်းရဲ့လား
ချစ်ခြင်းမတူနိုင်သော်မှဖြင့်
ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ
အပြစ်မတင်တတ်တဲ့ကြယ်တွေကို
ချီးကျူးငေးမောသူကိုယ်ဟာ
ကြယ်တစ်စင်းကို တစ်နေ့လုံးလွမ်းနေတယ်လို့
မပြောသာပါဘူး
ကြယ်တွေအားလုံးပျောက်သွားခဲ့ရင်
ဒါမှမဟုတ် သေဆုံးသွားခဲ့ရင်
ကိုယ်က ဗလာကောင်းကင်ကို မော့ကြည့်ရင်း
ပိန်းပိတ်တဲ့ အမှောင်ရဲ့ ခမ်းနားမှုကို
ခံစားယူရတော့မယ်
အချိန်တော့ယူရမှာပေါ့
The More Loving One
Looking up at the stars, I know quite well
That, for all they care, I can go to hell,
But on earth indifference is the least
We have to dread from man or beast.
How should we like it were stars to burn
With a passion for us we could not return?
If equal affection cannot be,
Let the more loving one be me.
Admirer as I think I am
Of stars that do not give a damn,
I cannot, now I see them, say
I missed one terribly all day.
Were all stars to disappear or die,
I should learn to look at an empty sky
And feel its total darkness sublime,
Though this might take me a little time.
Wystan Hugh Auden(1907-1973)
ကြယ်ပွင့်တွေလို သူရဲကောင်းတွေက ကျွန်တော်တို့အတွက် လောင်ကျွမ်းပေးနေကြရတာပါ...၊
ယခင်ကလည်းလောင်ကျွမ်းပေးခဲ့၊ယခုလည်းလောင်ကျွမ်းနေဆဲ၊နောင်ကိုလည်း လောင်ကျွမ်းပေးသွားကြမှာပါ...။
ကျွန်တော်တို့က သူတို့ကို ဘာမှပြန်မပေးနိုင်ခဲ့ဘူးဆိုရင်၊သူတို့ဘက်က ရပ်မပေးနိုင်ခဲ့ဘူးဆိုရင် ဒါမျိုးကကောင်း
ပါရဲ့လား....။ဘယ်လိုပဲဖြစ်ဖြစ် အပြစ်မတင်တတ်တဲ့ ကြယ်တွေကတော့ ကျွန်တော်တို့အတွက် ဆက်လက်
လောင်ကျွမ်းမြဲသာ....။သူတို့နှင့် ချစ်ခြင်းမတူနိုင်စေကာမူ ပိုချစ်ရတဲ့ ကိုယ်ဖြစ်ပါရစေ.....လို့........။
( ရီဗျူးရယ်တော့လည်းမဟုတ်ပါဘူး....၊ဆရာမဂျူးဝတ္ထုကို ရီဗျူးရေးနိုင်တဲ့ စွမ်းရည်လည်းကျွန်တော့်မှာမရှိပါဘူး၊
သို့ပေမယ့် ဖတ်ရင်းနဲ့ ခံစားလာရလေးတွေကို ချရေးလိုက်ခြင်းပါ...။ဒီထက်ပိုပြီးကောင်းအောင်ရေးချင်ပါသေး
တယ်၊သို့ပေမယ့် ရေးလာတာ နှစ်ပတ်ကျော်ပြီ လက်စမသတ်နိုင်ဖြစ်နေလို့ ဒီလောက်နဲ့ပဲ ဖြတ်ချလိုက်ပါတယ်။
ဒီပို့စ်မှာပါတဲ့ ဝတ္ထုအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ယူဆချက်တွေ ဟာ ကျွန်တော့် အမြင်သက်သက်သာဖြစ်
ပါတယ်...။အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့သော် ကျွန်တော့်မှားယွင်းမှုသာဖြစ်ပါတယ်။)
စာကိုး
ဂျူး- ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ ( ဘသားချောဘလော့မှ)
ဂျူး-ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ (myanmarebooks.net မှ )
W.H.Auden (www.beckoning မှ)
Kevin Carter (Wikipedia မှ )
ဝါခေါင်မိုးဘလော့(မအိမ်သူ)
(အားလုံးကို ကျေးဇူးတင်ရပါတယ်....)
Saturday, June 11, 2011
Eleven Media Group ၏၁၁နှစ်ပြည့်အခမ်းအနား၌ EMG ၏ chairman နှင့် CEO ဒေါက်တာသန်းထွဋ်အောင်၏ ပြောကြားချက်
အားလုံးပဲဖတ်လိုက်ရမှာပါ။ကြိုက်လို့တင်ဖြစ်ပါတယ်...။မူရင်းက ဒီမှာ ပါ။ဒေါက်တာသန်းထွဋ်အောင်ရဲ့
ပြောကြားချက်ကို ဖတ်လိုက်ရတာ ဝမ်းသာ၊ဝမ်းနည်းဖြစ်ရပါတယ်။ဝမ်းသာရတာက သူတို့လို မြန်မာပြည်ကို
တကယ်ချစ်တဲ့၊တော်၊တက်၊ထက်မြက်တဲ့ သူတွေ ရှိနေသေးတာ၊သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ပီပြင်လာတာ
ကိုဖြစ်ပြီး၊ဝမ်းနည်းရတာက သူတို့ထက်ပိုပြီး လုပ်ဆောင်နိုင်တဲ့ အာဏာရရှိထားတဲ့သူတွေက တိုင်းပြည်နဲ့လူမျိုး
မျက်နှာကို တစ်စက်ကလေးမှ ငဲ့မကြည့်တတ်တဲ့ သောက်သုံးမကျတဲ့သူတွေဖြစ်နေတာပါပဲ။
Eleven Media Group ၏၁၁နှစ်ပြည့်အခမ်းအနား၌ EMG ၏ chairman နှင့် CEO
ဒေါက်တာသန်းထွဋ်အောင်၏ ပြောကြားချက်
အားလုံးမင်္ဂလာပါ။ ဒီပွဲကို လာရောက်ချီးမြှင့်တဲ့အတွက် အားလုံးကိုကျေးဇူး အထူးတင်ပါတယ်။ ဒီနှစ် ၂၀၁၁ ခုနှစ်ဟာ ၁ ဂဏန်းတွေအတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ၁-၁-၁၁၊ ၁၁-၁-၁၁၊ ၁-၁၁-၁၁၊ ၁၁-၁၁-၁၁ ၁ ဂဏန်းတွေ ကြီးစိုးတဲ့နှစ်မှာ Eleven Media Group ရဲ့ ၁၁ နှစ်ပြည့် အခမ်းအနား လုပ်ခွင့်ရတဲ့
အတွက် ကျွန်တော့်အနေနဲ့များစွာ ဂုဏ်ယူမိပါတယ်။ ဒီပွဲကိုတက်ရောက်လာကြတဲ့သူတွေဟာ Eleven Media
Group ရဲ့မိသားစုတွေ၊ ခင်မင်ရင်းနှီးသူတွေအပြင် Eleven Media Group ကိုနည်းမျိုးစုံနဲ့အကူအညီပေးခဲ့ကြ
တဲ့သူတွေ၊ သက်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စာပေ၊ အနုပညာနဲ့ သတင်းမီဒီယာ နယ်ပယ်အသီးသီးမှာ မိမိတို့ရဲ့ အရည်အချင်းနဲ့ လုပ်ဆောင်မှုများနဲ့ပတ်သက်ပြီး လူအများအတွက် လေးစား
ဂုဏ်ယူလောက်တဲ့ အရည်အချင်း၊ စိတ်နေစိတ်ထား၊ လုပ်ဆောင်မှုတွေရှိသူတွေကို ကျွန်တော်တို့ ရွေးချယ် ဖိတ်ကြားခဲ့တာပဲဖြစ်ပါတယ်။ ၁၁ နှစ်ပြည့်မြောက်ပွဲလို့ ဆိုရပေမယ့် တကယ်တော့ ကြွရောက်ချီးမြှင့်သူတွေရဲ့ လုပ်ဆောင်မှုတွေ၊ သူတို့ရဲ့ စိတ်ထားသဘောထားတွေ၊ သူတို့ရဲ့အတိတ်၊ အနာဂတ်၊ ပစ္စပ္ပုန်မှာရှိနေတဲ့သူတို့ရဲ့
စွမ်းဆောင်နိုင်မှုတွေကို ဂုဏ်ယူ အသိအမှတ်ပြုတဲ့အနေနဲ့ ကျွန်တော်ဖိတ်ကြားပြီး ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။
အခုတက်ရောက်လာကြတဲ့သူတွေဟာ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာ အမှန်တကယ်အောင်မြင်ပြီးတော့ အချိန်ရှားပါးတဲ့ကြားက ဒီပွဲကိုတက်ရောက်ခဲ့တဲ့အတွက် အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ Eleven Media Group ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ဟာ သတင်းစာထုတ်ဖို့အဆင်သင့် ဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၊ (သို့မဟုတ်) ဒီမိုကရေစီမရတဲ့ ဗီယက်နမ်လိုနိုင်ငံမျိုးမှာတောင် ပုဂ္ဂလိကသတင်းစာရှိပါတယ်။ ကျွန်တော်တို့ သတင်းစာထုတ်လို့မရတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံရဲ့လက်ရှိအခြေအနေ၊ ဖြတ်သန်းလာတဲ့ အကြောင်းအရာ၊ လက်ရှိစာဖတ်ပရိသတ်
တွေရဲ့ endurance နဲ့ ကျွန်တော်တို့အနေနဲ့ အနောက်နိုင်ငံလိုပဲ၊ ထိုင်းနိုင်ငံလိုပဲဖြစ်ဖြစ်ဒီလိုလွတ်လပ်မှုမျိုးကို
တော့ကျွန်တော်တို့ ချက်ခြင်းတောင်းဆိုနေတာတော့ မဟုတ်ပါဘူး။ သီးခြားဆန်တဲ့ ထိန်းချုပ်မှုအနည်းငယ်ရှိတဲ့ ထိန်းချုပ်မှုရှိတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်မျိုးကို ကျွန်တော်တို့ တောင်းဆိုနေတာပဲဖြစ်ပါတယ်။
ဒါမှသာ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိရေမြေသဘာဝ၊ လောလောဆယ်ဖြစ်ပျက်နေတဲ့ လိုက်လျောညီထွေရှိမှာ
ပဲဖြစ်ပါတယ်။ နောက်သတင်းစာအပြင် ဒုတိယအလုပ်ကကျွန်တော်တို့အနေနဲ့NewsChannelတစ်ခုပြုလုပ်နိုင်
တဲ့အရည်အသွေး နှစ်နှစ်အတွင်းမှာရှိနေပါတယ်။ လွတ်လပ်ပြီး တာဝန်ယူတတ်တဲ့ သတင်းမီဒီယာတစ်ခုဟာ
နိုင်ငံအတွက်ရော၊ ပြည်သူလူထုအတွက်ရော တိုင်းပြည်ရဲ့ အနာဂတ်အတွက်ပါ ဘယ်လိုလုပ်ဆောင်မလဲ
ဆိုတာသက်သေပြပြီးဖြစ်သလို ထပ်မံသက်သေပြဖို့အတွက်လဲ ကျွန်တော်တို့ News Mediaကိုချဲ့ထွင်လိုပါတယ်
အရေးအကြီးဆုံး ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်ကိုပြောရမယ်ဆိုရင် နောက် ၃ နှစ် ၄ နှစ်အကြာမှာကျွန်တော်
တို့တစ်ဦးတည်း ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်း ပိုင်ဆိုင်ထားတဲ့ နေရာကနေ အများပြည်သူပိုင်ဆိုင်တဲ့ လုပ်ငန်းအဖြစ် publicize လုပ်ပစ်မယ်လို့ဆိုတာကို ဒီနေရာကနေ ကတိပြုပြောကြားလိုပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းက ဒီအောင်မြင်မှုတွေ၊ ဒီငွေကြေးတွေမရခင်က ကျွန်တော်တို့ လူသုံးယောက်နဲ့ပဲစခဲ့တာပါ။
ဒီအောင်မြင်မှုတွေ၊ ဒီငွေကြေးတွေ ရရှိခဲ့မယ်လို့လဲ မထင်ခဲ့ပါဘူး။ ကျွန်တော်စီးပွားရေးလုပ်ခဲ့တယ်။ ကျွန်တော်စီးပွားရေးနဲ့ ငွေရှာခဲ့တယ်။ ဒါပေမယ့် ဒီလုပ်ငန်းနဲ့ငွေအများကြီးရလာမယ်လို့လဲ မမျှော်လင့်ပါဘူး။ ဒါကြောင့် ဒီလုပ်ငန်းနဲ့ပတ်သက်ရင် ကျွန်တော်တို့ပိုင်ဆိုင်တာဟာ ကျွန်တော်တစ်ယောက်တည်း ပိုင်ဆိုင်တယ်
လို့ ဒါမှမဟုတ် ကျွန်တော်တို့အဖွဲ့ပဲ ပိုင်ဆိုင်တယ်လို့ မသတ်မှတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ဆီမှာရှိနေတဲ့
ပြည်သူလူထု ဒါမှမဟုတ် ကျွန်တော်တို့ကိုအားပေးတဲ့ ပရိသတ်၊ ကျွန်တော်တို့ နိုင်ငံက ပိုင်ဆိုင်သင့်တဲ့ News Media တစ်ခုဖြစ်သင့်တယ်လို့ ယူဆတဲ့အတွက် publicize အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲသွားဖို့ အစီအစဉ် ရှိတယ်လို့ဆိုတာကို ဒီနေရာက အာမခံပြောကြားလိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြောင်းလဲမှုဟာ မဏ္ဍိုင်ကြီး သုံးရပ်အရေးပါသလို စတုတ္ထမဏ္ဍိုင်အနနဲ့ အရေးပါတယ်ဆိုတာကို Eleven Media Group အနေနဲ့ အခိုင်အမာသက်သေပြနိုင်ပါတယ်။
အခု ကြွရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံးဟာ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာ မိမိတို့အရည်အချင်းနဲ့ မိမိတို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေ၊ မိမိတို့ရဲ့စိတ်နေသဘောထားတွေ၊ မိမိတို့ရဲ့ စွန့်လွှတ်အနစ်နာခံ ကိုယ်ကျိုးစွန့်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး မှတ်ကျောက်တင်နိုင်ခဲ့သူတွေဖြစ်ပါတယ်။ ဒီမှတ်ကျောက် တင်နိုင်တဲ့သူတွေဟာ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးပြီး အများပြည်သူ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်နိုင်မယ့်သူတွေလို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့်လဲ ဖိတ်စာမှာကို ဂုဏ်ယူလေးစားစွာနဲ့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ အဓိကတင်ပြချင်တာကတော့ ကျွန်တော်တို့နိုင်ငံမှာ နောက်လာမယ့် အနှစ် ၂၀၊ ၃၀ အတွင်း အဓိကရင်ဆိုင်နိုင်
ရမယ့် ပြဿနာနှစ်ခုနဲ့ ပတ်သက်ပြီးတင်ပြချင်ပါတယ်။ နံပါတ် ၁ ပြဿနာကတော့ Human Resources
ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာနိမ့်ကျခဲ့ တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ Human Resource
ပြဿနာဖြစ်နေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဌာနဆိုင်ရာအကြီးအကဲ တွေသိမှာပါ။ကိုယ်အင်တာဗျူး
လုပ်ရင် အင်တာဗျူးလုပ်ရမယ့် အရည်အသွေးမီတဲ့ ပုဂ္ဂိုလ်ဘယ်နှယောက်များရပါသလဲ။ ကျွန်တော်တို့ သတင်း
မီဒီယာမှာကို အိမ်နီးနားချင်းနိုင်ငံ ငါးနိုင်ငံကိုတောင်မသိတဲ့သူတွေ အများကြီးဖြစ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအသက် ဘယ်လောက်မှာ ကျဆုံးသွားလဲ ဆိုတာမပြောနိုင်တဲ့သူတွေ အများကြီးဖြစ်နေပါ
တယ်ဒါလက်တွေ့ကြုံနေရတဲ့ သတင်းထောက်လောကမှာကို ဒီလောက်ဖြစ်နေပါတယ်။ ဒီလုပ်ငန်းဆိုင်ရာ မကျွမ်းကျင်မှုတွေက နယ်ပယ်အသီးသီးမှာပြန့်နေပါတယ်။ တကယ်ကျွမ်းကျင်တဲ့သူ၊ တကယ်ထူးချွန်တဲ့သူ ဘယ်ရောက်ကုန်လဲ။ တကယ် အလုပ်လုပ်နိုင်တဲ့သူ တကယ်အလုပ်လုပ်နိုင်တဲ့ Working Force တွေဘယ်
ရာက်ကုန်လဲ။ အခုလယ်တွေထဲမှာ လုပ်သားရှားပါးတဲ့ပြဿနာတွေ့နေပြီ။ အလုပ်ကြမ်းသမားရှားပါးတဲ့ပြဿနာ
တွေ့နေပြီး တောရွာတွေမှာ တကယ်အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေမရှိတော့ဘူး။
နှစ်ပေါင်း ၂၀ ကျော် ၃၀ အတွင်းမှာ ကျွန်တော်တို့နိုင်ငံဟာ လူဦးရေလေးသန်းရဲ့ခြောက်သန်းကြား နိုင်ငံခြားကို
ရောက်နေပြီး တချို့က နိုင်ငံရေးကြောင့်ဖြစ်ဖြစ်၊ ပညာရေးကြောင့် ဖြစ်ဖြစ်၊ စီးပွားရေးကြောင့် ဖြစ်ဖြစ် နိုင်ငံကို စွန့်ခွာသွားကြတယ်။ ဒီပြဿနာဟာ သေးတယ်လို့ဆိုရပေမယ့် တကယ်နိုင်ငံကို ကြီးပွားဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာဟာ အရမ်းကြီးပါတယ်။ နိုင်ငံခြားကို ရောက်နေတဲ့သူတွေ မပြန်လာဘဲနဲ့ ကျွန်တော်တို့နိုင်ငံ ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ထူထောင်နိုင်ဖို့ မလွယ်ပါဘူး။ ဥပမာ- နမူနာအားဖြင့် ဗီယက်နမ်နိုင်ငံဟာသူတို့နိုင်ငံက ထွက်သွားတဲ့သူတွေ ပြန်လာနိုင်အောင် အခြေအနေကောင်းတွေ၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေကောင်းတွေ ဖန်တီးပေးတဲ့အတွက် ဗီယက်နမ်နိုင်ငံက လျှင်မြန်စွာ တိုးတက်လာခဲ့
ပါတယ်။
ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ ပညာရေးစနစ်ကို မြှင့်တင်ရုံတင်မကဘဲ နိုင်ငံခြားမှာရှိနေတဲ့ အကြောင်းကြောင်းကြောင့် ထွက်သွားတဲ့သူတွေ ပြန်လာနိုင်အောင် ကျွန်တော်တို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေကောင်းတွေ ဖန်တီးပေး ဖို့လိုအပ်ပါတယ်။ ဒီနိုင်ငံကို မလွှဲမရှောင်သာဘဲ ထွက်ခွာသွားရပေမယ့် ပြန်လာချင်တဲ့သူတွေဟာ သူတို့ဆီမှာ ၉၅ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ Human Resources ပြဿနာ
ကိုနှစ်ပေါင်း ၂၀၊ ၃၀အတွင်းမှာ တက်လာမယ့် ပြဿနာကို ဖြေရှင်းဖို့အတွက် ၀ိုင်းဝန်းအဖြေရှာစဉ်းစားရပါမယ်။
ဒုတိယအချက်ကတော့ ကမ္ဘာ့သမိုင်းကိုကြည့်ရင် သမိုင်းအစဉ်အလာ အားဖြင့် နိုင်ငံကြီးတွေ အင်အားကြီးလာ
ရင်Super Power ဖြစ်လာရင် သမိုင်းမှာ နိုင်ငံငယ်တွေ စတေးခံရပါတယ်။ ၁၉ ရာစုနှစ်မှာ ဥရောပမှာ စက်မှု
တော်လှန်ရေး ဖြစ်တယ်။ စက်မှုတော်လှန်ရေး အကျိုးဆက်ကြောင့် အင်္ဂလန်တို့ ပြင်သစ်တို့ အရမ်းချမ်းသာလြာ
ကြတယ်။ကိုလိုနီချဲ့တယ်။ အာဖရိကနဲ့ ကျွန်တော်တို့ အာရှနိုင်ငံတွေ စတေးခံရတယ်။ ကျွန်တော်တို့ ကျွန်ဖြစ်
ခဲ့တယ်။၂၀ ရာစုနှစ်ကျတော့ Super Powerအဖြစ် ဆိုဗီယက်နဲ့ အမေရိကန်တို့ ဖြစ်လာတယ်။
သူတို့ကြားမှာ တောင်ဗီယက်နမ်၊ မြောက် ဗီယက်နမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အရှေ့ ဂျာမနီ၊ အနောက် ဂျာမနီ၊ ကျွန်တော်တို့နိုင်ငံတောင် အဖျားခတ်ခံရတယ်လို့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ အကွဲအပြဲရဲ့
ပြည်တွင်းစစ်က နှစ်သက်ကြာရှည်ခဲ့တယ်။ ၂၁ ရာစုမှာ Super Power ဖြစ်မှာဘယ်သူလဲဆိုတာ ကျွန်တော်တို့
အားလုံး သိပြီးသားဖြစ်မှာပါ။ SuperPower ဖြစ်လာမယ့် နိုင်ငံတစ်နိုင်ငံရဲ့အနီးနားမှာ ကျွန်တော်တို့ ကိုယ်ခံအား
မရှိပဲနဲ့ဘဲနဲ့ ရပ်တည်လို့ မရနိုင်ပါဘူး။ ငွေကြေး အရမ်းချမ်းသာလာပြီးတော့ အင်အားကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့
အနားကျွန်တော်တို့ရဲ့ဆင်းရဲတဲ့ ပြည်သူတွေက ဘယ်လိုမှခုခံနိုင်စွမ်းမရှိပါဘူး။လူကုန်ကူးခံရတယ်။ ရောင်းစား
ခံရတယ်။
ဒါတွေအားလုံးဟာ စီမံချက်နဲ့လည်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ကိုယ်ခံအား တကယ်ရှိမှပဲ လုပ်ဆောင်လို့ရမှာပါ။ ဒီလိုကိုယ်ခံအား လုပ်ဆောင်မှုမရှိဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်း ၂၀၊ ၃၀ တောင် မကြာပါဘူး။ ကျွန်တော်တို့ အခြေအနေတွေ ဆိုးရွားသွားနိုင်ပါတယ်။ ငွေကြေးတစ်ခုတည်းတင် မဟုတ်ဘဲနဲ့ ယောက်ျား၊ မိန်းမ အချိုးအစားကွာဟမှုကြောင့် တစ်နှစ်ကို သတို့သမီး သန်း ၂၀ လိုအပ်တဲ့ နိုင်ငံ
တစ်နိုင်ငံရဲ့ဘေးမှာ ရပ်တည်နေထိုင်ရတာ ကျွန်တော်တို့အတွက် အန္တရာယ်အများကြီးရှိပါတယ်။ကျွန်တော်တို့
နိုင်ငံ Energy အားလုံးကို ရောင်းစားပြီးတော့ ကျွန်တော်တို့ ဘယ်လိုစက်မှု ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှာလဲ။
ဒီလိုပြောရခြင်း အကြောင်းရင်းက နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေလိုတဲ့ ဆန္ဒမရှိပါဘူး။ လူမျိုးရေးမုန်းတီးမှု
လည်းမရှိပါဘူး။ ကိုယ့်နိုင်ငံကိုကာကွယ်လိုတဲ့ဆန္ဒ၊ ကိုယ့်နိုင်ငံကို အဓွန့်ရှည် တည်တံ့လိုတဲ့ဆန္ဒ၊ ကိုယ်နိုင်ငံရဲ့ လွတ်လပ်ရေး တည်တံ့ခိုင်မြဲလိုတဲ့ ဆန္ဒပဲရှိပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက် တစ်ခုတည်းသော လုပ်ဆောင်နိုင်တဲ့အရာဟာ ဒီနိုင်ငံရဲ့ ဆက်ဆံရေး ပျက်ပြားသွားတဲ့ မုန်းတီးစိတ်ဖြစ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်
တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်လည်ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းဖြစ်တဲ့ အာဆီယံ၊ အနောက်အုပ်စုနိုင်ငံတွေရဲ့ မဆက်ဆံဘဲနဲ့ နေထိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ အခြေအနေ ဆိုးရွားသွားနိုင်ပါတယ်။
ဥပမာ တခြားမကြည့်ပါနဲ့ ဧရာဝတီမြစ်ကိစ္စ၊ ဧရာဝတီမြစ်ရဲ့ ပတ်သတ်လို့ရှိရင် ကျွန်တော်တို့ဟာ ပညာရှင်တွေ မဟုတ်တဲ့အတွက် ပညာရှင်တွ ထပ်မံတွက်ချက်ဖို့ လိုတာကတော့ ဒီလိုဆက်လက်ပြီး လုပ်ဆောင်မယ်ဆိုရင်
နောင်အနှစ် ၂၀၊ ၃၀ မှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ပပျောက်သွားမယ်။ ပင်လယ်ရေမျက်နာပြင်ဟာ နောင်အနှစ် ၂၀၊ ၃၀ မှာ တစ်ပေတက်မယ်။ မြစ်ချောင်းတွေကော လာမယ်။ စပါးစိုက်ဧကတွေ လျော့လာမယ်။ ရေချိုရရှိမှု
တွေ လျော့လာမယ်။ စပါးတွေဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ မထွက်နိုင်တော့ဘူး။ ဒီပြဿနာကို ဘယ်လိုရှင်း
ရှင်းမလဲ၊ မြစ်ဝါမြစ်ရဲ့ အဓိကမြစ်ကြီးတွေမှာ ဆည်ကြီးတွေ တည်ဆောက်တဲ့အတွက် ဒါတောင်မှ ဥရောပက ပညာရှင်တွေ ခေါ်ဆောက်တာတောင် သူတို့ Problem ဖြစ်တဲ့အတွက် မြို့ကြီးတွေ ရေလွှမ်းတယ်။
မန္တလေးမြို့ရေလွှမ်းရင် ဘယ်လိုလုပ်မလဲ။ မန္တလေးမြို့ဟာ ဧရာဝတီမြစ်ရေပြင်အထက် စိုးရိမ်ရေအမှတ်က
နှစ်ပေပဲရှိတယ်။ ဒီလိုပြဿနာမျိုးတွေကို Transparency ရှိရှိ ကျွန်တော်တို့ ရေကာတာဆောက်တယ်။
ကျွန်တော် နိုင်ငံအတွက် ဘယ်လောက် အကျိုးအမြတ်ရှိမလဲ။ ကျွန်တော်တို့ရေရှည် ဘယ်လောက်ဆုံးရှုံးသွား
မလဲ။ ကျွန်တော်တို့ ဒါတွေ တွက်ချက်ဖို့ လိုပါတယ်။ ဒါတွေဟာ ကြည့်လိုက်ရင် ကျွန်တော်တို့နိုင်ငံဟာ အင်အား
ကြီးနိုင်ငံနဲ့ ပူးတွဲယှဉ်နေထိုင်တဲ့အခါ ကျွန်တော်တို့ ဘယ်လိုလုပ်ဆောင်ရမယ်၊ ဘယ်လိုကာကွယ်ရမယ်၊ ကျွန်တော်တို့ လွတ်လပ်ရေးကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ရမလဲဆိုတာ၊ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ရမလဲဆိုတာ ထင်ရှားပါတယ်။
ဒါကြောင့်မို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ၀င်ရောက်တော့မယ်ဆိုရင် နိုင်ငံတကာစံနှုန်းတွေရဲ့ ညီညွတ်အောင် ကျွန်တော်တို့ လုပ်ဆောင်ရပါမယ်။ နိုင်ငံတကာစံနှုန်းတွေနဲ့ ၀င်ရောက် လုပ်ဆောင်ဖို့ဆိုရင် ကျွန်တော်တို့အနေ
နဲ့ ညီညွတ်မှုက သိပ်အရေးကြီးပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေးအရ ပြန်လည်တည်ဆောက်ဖို့က အမှန်တကယ်အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိနေပါပြီ။ ဒါကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို လုပ်ဆောင်နိုင်မယ့် အရာအားလုံး ကို လုပ်ဆောင်ပြီးတော့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ လာတဲ့သူတွေရော၊ အစိုးရရော၊ သက်ဆိုင်ရာ အတိုက်အခံ အဖွဲ့အစည်းတွေကိုရော ကျွန်တော်ဒီနေရာက တိုက်တွန်းပါတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့အနာဂတ် ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေရဲ့ အနာဂတ်အတွက် လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ပြောရရင် တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ပြောတဲ့ စကားတစ်ခွန်းလိုပါပဲ။ “ြ ပတင်းတံခါးတွေ ကိုဖွင့်ထားလိုက်ပါ၊ သန့်ရှင်းတဲ့လေရဲ့အတူ ခြင်တွေ၊ ပိုးမွှားတွေ ၀င်လာပါလိမ့်မယ် ”။ ကျွန်တော်တို့ဒီနေရာမှာ တိန့်ရှောင်ဖိန်စကားကို ထပ်ဖြည့်စွက် ပြီးပြောရရင် ပိတ်ထား
တာကြာပြီ ဖြစ်တဲ့တံခါးကို ဖွင့်မယ်ဆိုရင် လေကောင်းလေသန့် နဲ့အတူ ခြင်၊ ယင်၊ ပိုးမွှားတွေဝင်မယ်။ဒါမှမဟုတ်
ဘဲ မပိတ်ဘဲနဲ့ ဖွင့်လိုက်ပိတ်လိုက် လုပ်မယ်။ ဒါမှမဟုတ် နည်းနည်းလေးပဲ ဖွင့်မယ်ဆိုရင်တော့ လေကောင်း
လေသန့်မရဘဲ ခြင်၊ ယင်။ ပိုးမွှားတွေပဲ ၀င်လာပါလိမ့်မယ်။
ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရကိုလည်း တိုက်တွန်းချင်တာက တံခါးကို ရဲရဲတင်းတင်း ဖွင့်လိုက်ပါ။
နိုင်ငံအတွက် ဖြစ်လာမယ့် ပြဿနာတွေ အားလုံးကို ကျွန်တော်တို့ ဒီနေရာကနေ ရဲရဲကြီး ကာကွယ်သွားမှာပါ။ ရဲရဲတင်းတင်း ဖွင့်တဲ့တံခါးတွေရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ အစိုးရကိုအားလုံး ကူညီသွားဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ နိုင်ငံတော်အစိုးရကို ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
(တရုတ်ပြည်ရဲ့တစ်နှစ်ကို သတို့သမီးသန်းနှစ်ဆယ်လိုအပ်ချက်ကိုသာ ကျွန်တော်တို့ အစိုးရရဲ့ ပို့ကုန်နှစ်ဆတိုး
မြှင့်ကြ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီသာ လုပ်လိုက်လို့ကတော့ ဘုရား...ဘုရား...)
Sunday, June 5, 2011
နည်းနည်းလေးတော့ လွဲပါတယ်...(၁)
ကျွန်တော်ညိမ်းနိုင်ကား နုံ၏၊ရိုး၏။ရိုးရုံမက အ သည့်ဘက်ပါ ပါသွားလေ၏။ထို့ပြင်တစ်ဝ နဲနဲလည်း မအူမလည်
နိုင်လေသောဟူလို....။ဒါတောင် ရန်ကုန်မြို့တော်ကြီးနှင့် မိုင် သုံးဆယ်အကွာမှာနေပေလို့...၊မိုင် သုံးရာအကွာ
လောက်မှာနေလျှင်ဖြင့် ဒီတစ်သက် သုံးစားလို့ရတော့မည်မထင်...:)။ဘွဲ့ကလေး၊ထမင်းစားလက်မှတ်ကလေး ရ
သည်နှင့်အစိုးရအလုပ်မှာ၊ကိုယ်ပိုင်ဆိုင်ကလေးတွေမှာပဲအချိန်တွေကုန်ခဲ့တော့ခေတ်မှီလောကဓာတ်ပညာတွေ
နှင့်ဝေးကွာသွားတာကလည်း အလွဲများ၏အခြေခံအကြောင်းရင်းဖြစ်ပေတော့သည်တစ်မုံ့....။
အမှန်က ဒီလို အလွဲများအကြောင်းကို ဘယ်သူ့ကိုမှမပြောဟု စိတ်ဆုံးဖြတ်ထားခဲ့သည်။(ကိုယ့်ဘာသာ ရှက်လို့)
သို့ပေမယ့် မပြောရမနေနိုင် စိတ်ထဲကလိကလိမို့ ဘလော့ထဲချရေးပလိုက်သည်....၊မှတ်ကရော...:)))
ကျွန်တော် ရှစ်တန်းရောက်တော့ အဖေက ကျူရှင်တက်၊ကျောင်းတက်လွယ်ကူစေဖို့ စက်ဘီးလေးတစ်စင်းဝယ်
ပေးခဲ့၏။ထိုင်းနိုင်ငံလုပ်မိကျောင်းဘီးကလေးပါ....။ဟိုတုန်းက စက်ဘီးတစ်စီးရှိရင် အတော့်ကို အလုပ်ဖြစ်တာ
ကလား...၊တန်ဖိုးကလည်း မနဲချေ...၊ခုတော့ဖြင့် စက်ဘီးဆိုတာ ကလေးမုန့်ဖိုးပေးသလောက်ပဲ တန်ကြေးရှိ
တော့မည်ထင်၏။ဆိုတော့ အနှီးစက်ဘီးကလေးကို အင်မတန်မှတန်ဖိုးထားပေတော့သည်တစ်မုံ....။
တစ်နေ့တွင် ကျွန်တော်၏ချစ်စွာသော သူငယ်ချင်းတစ်ဦးသည် သူ၏လွန်စွာမှအရေးတကြီးနိုင်လှသော ကိစ္စ
တစ်ခုအား တိုင်ပင်လိုသည်ဆိုသဖြင့် သူခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက်သွားလေတော့သည်....။
သူခေါ်ရာနေရာကား ဖွင့်တာသိပ်မကြာသေးသည့် လက်ဘက်ရည်ဆိုင်တစ်ဆိုင်ဖြစ်လေ၏စကားမစပ်ဖြတ်ပြော
ရသော် ကျွန်တော်ရှစ်တန်းနှစ်လောက်တွင်မှ မြန်မာပြည်ကြီး၌ လက်ဘက်ရည်ဆိုင် ယဉ်ကျေးမှုစတင်ထွန်းကား
လာခြင်းဖြစ်သည်။ရှစ်တန်းကျောင်းသားလေးတွေ လက်ဘက်ရည်ဆိုင်ထိုင်သည်ဆိုသည်မှာ ထိုစဉ်က အင်မ
တန်မှ ဂေါ်လီကျခြင်းဖြစ်ပေ၏။ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်ကား ကျောင်းစာတွင် သူများနောက်ဖြစ်
ကောင်းဖြစ်မည်...၊အနှီးလိုကိစ္စများတွင်ကား အင်မတန်မှ ပိုင်အိုနီးယားများဖြစ်ကုန်ကြသောဟူလို.....:)
အဲ..ရှေ့စကားကိုဆက်အံ...၊သူငယ်ချင်း၏အရေးကြီးကိစ္စကား သူ၏နှလုံးသားကိစ္စပင်....။(ပြောပါပကော....
ဒါမျိုးဆို အကျွန်ုပ်တို့တစ်သိုက်မှာ အင်မတန်သွက်လေ၏...)သို့ကလိုကြောင့် အေးအေးဆေးဆေး ရင်ဖွင့်နိုင်ရန်
အလို့ငှာ ဆိုင်၏ဟိုးအတွင်းဘက်ထောင့်တွင်ထိုင်ကြလေသည်....။လက်ဘက်ရည်တစ်ယောက်တစ်ခွက်မှာပြီး
သကာလ...သယ်ရင်းဖြစ်သူသည် သူ့ကိစ္စအားတိုင်ပင်ပါလေတော့သည်....။အကြောင်းကား သူကြွေနေသော
ကောင်မလေးအား ရည်းစားစာပေးရန်အလို့ငှာ မဟာဗျူဟာများ ဆွေးနွေးတိုင်ပင်ခြင်းပင်တည်း....:D
သူကား သူကြံစည်ထားသည်များကို ပြော၏...၊သို့ပါသော်ငြား....နားထဲ မဝင်သည်တစ်ခါ ဝင်သည်တစ်လှည့်....။
အဘယ်ကြောင့်နည်း.....၊ကျွန်တော်၏ စိတ်နှင့် မျက်လုံးအစုံက ဆိုင်ရှေ့ရပ်ထားသော စက်ဘီးကလေးဆီ၌သာ
ရောက်နေသောကြောင့်ပင်တည်း.....။ထိုသို့ သူ့ဘက်လှည့် နားထောင်လိုက်၊ဆိုင်ရှေ့ လှည့်ကြည့်လိုက် ဖြစ်
နေစဉ်အခိုက်...၊စွပ်ကျယ်လက်ပြက်နှင့်လူတစ်ယောက် ကျွန်တော့်စက်ဘီးလေးအား သော့ခတ်ထားသော
နောက်ဘီးအားမ၍တွန်းရွေ့ယူနေသည်ကို မြင်လိုက်ရလေတော့သည်။
ရင်ထဲထိတ်ကနဲ ဖြစ်သွားခြင်းနှင့်အတူ....လေ၏လျှင်မြန်ခြင်းမျိုးဖြင့် ထိုလူ့ထံပြေးထွက်သွားပြီးနောက်.....
“ ဟေ့လူ...ဒါဘာလုပ်တာတုန်း....” ဟေ့လူတွေဘာတွေသာပြောရ...သူက ကျွန်တော့်ထက် ၂ဆလောက်ကြီး
တာ...။သို့ပေမယ့် ဟန်ကိုယ့်ဖို့ပဲလေ...၊ထိုလူလည်းကြောင်တောင်တောင်ဖြစ်သွားပြီး.....
“ ဟင်...စက်ဘီးရွေ့တာလေ...”
“ဘာကိစ္စရွေ့ရသတုန်း....ဒါကျုပ်ဘီးဗျ.....ဟွင်းးးး”
“ ဆိုင်ရှေ့ရေဖြန်းမလို့ စက်ဘီးတွေ ဘေးကပ်ရွေ့တာပါ......”
“အွန်.......အ....အ.....အကိုက.....”
“အေး...ငါက ဒီဆိုင်က စားပွဲထိုးပဲ...မင်းကဘာထင်လို့တုန်း.....”
“ အော်.....မသိလို့ပါဗျာ....ဆောတီးနော်...ဟီး.....”
သွားပါလေရော...ပိတ်သက်ကြီးရေ...။ကျွန်တော်ဖြင့်...အားလည်းနာ....၊ရှက်လည်းရှက်.....၊ဘာပြောလို့ပြောရ
မှန်းကိုမသိတော့တာ...။တော်သေးတာက ထိုလူက ဘာမှဆက်မပြောတော့ပဲ သူ့အလုပ်သူဆက်လုပ်နေလို့...။
ဒါနဲ့ယောင်တောင်ပေါင်တောင်နဲ့ လိုက်ထွက်လာတဲ့သူငယ်ချင်းကို ငွေရှင်းခိုင်းပြီး သုတ်ခြေတင်လာရပါရောလား
နောင် လပေါင်းများစွာ အဲ့ဆိုင်ဘက်ကို ခြေဦးတောင်မလှည့်ဖြစ်တော့....၊ရှက်လည်းရှက်..၊အားလည်းနာ....:)။
ဘယ်နှယ်....ဆိုင်ရှေ့တံမြက်စည်းလှည်းဖို့၊ရေဖြန်းဖို့ရာ စက်ဘီးတွေ ဘေးဘက်ရွေ့တာကို ဥစ္စာသွားခြောက်ရ
တယ်လို့...၊တကယ်ဆို ဆိုင်ရှေ့ဘက်မှာထိုင်နေသူတွေ အများကြီးရယ်...၊ဘယ်သူက လာယူမှာတဲ့တုန်း....။
သို့ပေမယ့် အဲ့တုန်းက စက်ဘီးအသစ်လေးကို စိတ်ပူနေတာကတစ်ကြောင်း....၊ငယ်သေးတဲ့အရွယ်ဆိုတော့
ဘာမှသေချာမစဉ်းစားနိုင်တာလည်းပါတာပေါ့လေ...။
နောက်တစ်ခါအလွဲကတော့ ရည်းစားစာအလွဲ....။
ကိုးတန်းနှစ်မှာပေါ့.....။သူငယ်ချင်းတွေ ကိုယ်ဆီကိုယ်ငှ အိစီကလီစီလေးတွေ ရကုန်တော့ ညိမ်းနိုင်လည်း ဘာသားနဲ့ထုထားလို့တုန်း....၊ရင်ထဲ ရွပိုးထိုးပြီပေါ့....။ဆိုတော့ ကောင်မလေးတစ်ယောက်ကို ကြံပါလေရော....။
ရှစ်တန်းက ချောတောမောတောလေး....:)။ဟိုတုန်းကတော့ ချစ်လှ၊ကြိုက်လှထင်မိတာပါပဲ...။အမှန်ကငယ်သူမို့ စိတ်ကစားခြင်းရယ်ပါ....။ဒီတော့ ဘာလုပ်မလဲ.....၊ကောင်မလေးအခန်းရှေ့သွား...၊လျှောက်ပြန်သံပေး၊ခြေအေး
ဝမ်းယောင်လုပ်ရပေတာပေါ့...၊မျက်လုံးချင်း စကားပြောလို့အတော်လေးဟုတ်လာပြီဆိုတော့ စာပေးဖို့လုပ်ရ
ရော....။ဆိုတော့ တစ်ညမယ်...စာကျက်ချင်ယောင်ဆောင်ပြီးသကာလ....ရည်းစားစာတစ်စောင်ကို ကြိုးစား
အားထုတ်....တကုတ်ကုတ်နဲ့ ရေးတော့တာပဲဗျိုး...။ရေးတာတောင် ပန်းနုရောင် စာရေးစက္ကူလေးတွေဝယ်ပြီး
ရေးတာရယ်...။ရေးလိုက်....မကြိုက်....လွင့်ပစ်လိုက်....၊နောက်တစောင်ထပ်ရေး....မကြိုက်....ဖြဲပစ်....။အင်း...
ဒီအတိုင်းဆို စာရွက်လောက်မည်မထင်တော့...၊ဒီတော့ တစ်ရွက်ထဲမှာပဲ ရေးလိုက်..၊မကြိုက် ခြစ်ပစ်လိုက်...၊
အပေါ်က ထပ်ရေး...၊နောက်မှအချောပြန်ကူးမယ်ပေါ့လေ...။
သန်းခေါင်သန်းလွဲထိ ကြိုးစားပြီးတဲ့နောက် စိတ်ကြိုက် စာတစ်စောင်ရရော....။ဒါနဲ့ အချောပြန်ကူးရေးပေါ့.....။
ရေးပြီးသားအချောလေးရော၊အကြမ်းစာရွက်လေးကိုပါ သင်္ချာ(၁)ပုံနှိပ်စာအုပ်ကြီးထဲထည့်ညှပ်ပြီး အိပ်ပစ်လိုက်
တယ်...။အိပ်မက်ထဲမှာတော့ ကောင်မလေးနဲ့ ကြည်လို့...နူးလို့.....:)
မနက်ကျတော့ အိပ်ရာထနောက်ကျပြီ...။ကပျာကယာထ....၊ကျူရှင်ကပြေးရသေး....။ပြန်ရောက်တာနဲ့ ထမင်း
ကိုကမန်းကတမ်းစား...၊ရည်းစားစာလေးကို ပန်းရောင်စာအိပ်လေးထဲထည့်....၊သူလေးကျောင်းသွားမယ့် လမ်းထိပ်က သွားစောင့်နေသပေါ့လေ...။လာပါပြီ....ဆင်မယဉ်သာခြေလှမ်းနဲ့ ချစ်သော သူမလေး...။
သူကလည်းကျွန်တော့်ကိုလှမ်းမြင်လိုက်တာနဲ့ သိသည်ပေါ့...ဘယ်ခြေလှမ်း လှမ်းနေသလဲဆိုတာ..၊အနားရောက်
ရှက်ပြုးနဲ့ ခေါင်းလေးငုံလို့.....။ဒါနဲ့ သူ့ဘေးအသာကပ်...စာလေးပေး....၊ဟင့်အင်း ချက်ချင်းတော့ ဘယ်ယူလိမ့်
မလဲ....မူသည်ပေါ့....၊ဆိုတော့ သူ့လွယ်အိပ်လေးထဲ အသာလေးထည့်ပေးလိုက်တော့ ဘာမှမပြောရှာ.....:)။
ဟား........ပျော်လိုက်တာဗျာ....၊ရင်တွေလည်းတထိပ်ထိပ်နဲ့....၊ဟိုတုန်းကတော့ တကယ်ကို ရို့မန့်သပေါ့...။
ခုချိန်မယ်ပြန်တွေးတော့ ရီ၊ပြုံးစရာ.......:)။ညရောက်တော့ ပိုလို့တောင်အိပ်မပျော်တော့...။စာထဲမယ်နက်ဖြန်
အဖြေတောင်းမယ်ထည့်ရေးထားတာကိုး....၊ဟင်...မြန်ထှာလို့ မပြောကြေး....၊ကျွန်တော်က ခုဆိုခုပဲ...ရဘူးဗျ..:)
နောက်နေ့မနက်စောစောလမ်းထိပ်ကသွားစောင့်နေသပေါ့.....။ဟော....လာပါပြီ...၊မနေ့ထက်တောင်ပိုလှနေ
သလိုလို....၊မျက်လုံးလေးတွေမှာ ကြည်နူးရိပ်လေးတွေ စိုလက်လို့....၊ရွေ့...နိပ်ဟ....ညိမ်းနိုင်တို့ ရည်းစားရရချည်
သေးရဲ့....။ဒါနဲ့အနားအသာကပ်.....အဖြေတောင်းပါတယ်....၊သူကလေးက ရီပြုံးချင်စိတ်ကို မနဲချိုးနှိမ်ထားရဟန်
နဲ့ နှုတ်ခမ်းကို အပေါ်သွားလေးနဲ့ကိုက်လို့...၊ရှက်ပြုံးထင်ရဲ့...၊သူ့လွယ်အိပ်ထဲက စာအိပ်လေးတစ်အိပ်ထုတ်ပြီး
ကျွန်တော့်ကိုပေးပါတယ်....။ဟင်...ဒါကျွန်တော့် စာပဲ....။
“ရော့...ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်ဦး....” ပြုံးမျက်လုံးနဲ့ သူ...ဒါပဲပြောပါတယ်....။
အွန်.....ဘာဖြစ်လို့ပါလိမ့်....။လမ်းပေါ်တင် သိချင်စိတ်နဲ့ ကျွန်တော့်စာလေး ပြန်ဖွင့်ကြည့်တော့.......
ကျွန်တော်ကိုယ်တိုင်တစ်ညလုံးရေးတဲ့ ရည်းစားစာမှ ရည်းစားစာအစစ်....၊သို့ပေမယ့်....အချောပြန်ကူးထားတဲ့
စာတော့မဟုတ်...၊ခြစ်ရာဗရပွ....၊ပြင်ရာဗလပွေနဲ့ ကြောင်ခြစ်သလိုရေးထားတဲ့ ကိုယ် ကိုယ်တိုင်ပဲဖတ်လို့ရပြီး
တခြားသူတွေ ဖတ်မရအောင်ရှုပ်ပွနေတဲ့ အကြမ်းစာဖြစ်နေပါရောလား.....။သင်္ချာပုံနှိပ်စာအုပ်ထဲအချောစာရွက်
နှင့်အကြမ်းစာရွက် အတူတူရောညှပ်ထားမိရာမှ သေချာဖွင့်မကြည့်မိပဲ အကြမ်းစာရွက်ကိုမှစာအိပ်ထဲထည့်ပေး
မိလျက်သားဖြစ်သွားပါသကော....။
တေပါဘီ......ဗျာ.....။ဒီလိုရည်းစားစာမျိုးကို ဘယ်လိုကောင်မလေးက ခုန်သောနှလုံး၊ပြုံးသောမျက်နှာနဲ့ဖတ်လို့
ရမှာတဲ့လဲ....။ဤသို့ဖြင့် ကျွန်တော်၏ ရွပိုးလည်း ပထမဆုံးတိုက်ပွဲမှာတင် အတုံးအရုံး ကျဆုံးငြိမ်သက်သွားပါ
တော့သည်...။ကောင်မလေးအခန်းဘက် ခြေဦးဖြင့်မလှည့်တော့.....။လမ်းမှာတွေ့သော် ရီချင်ပြုံးချင်စိတ်ဖြင့်
ရွင်မြူးနေတတ်သည့် သူ့ဟန်ပန်ကိုတွေ့မြင်ရတိုင်း ရှက်စိတ်တို့က ငယ်ထိပ်ရောက်လာတော့ချေသည်တစ်မုံ...။
(နောင်သော် ကောင်မလေးသူငယ်ချင်းကပြောသည်မှာ အဲ့သည်ချိန်ကကျွန်တော်သာဆက်ကျိုးစားသော်ရနိုင်
သည်တဲ့....၊ကောင်မလေးကကျွန်တော့်စာကို ဖတ်ပြီး သူ့ခမျာ တစ်ညလုံးရေးထားရှာသားဟုပြောသည်ဆိုပဲ၊
သို့သော်....အဲ...သိုသော်လည်းပေါ့လေ.....:))
နောက်အလွဲကို ဆက်အံ....:)
အသက်၂၀ကျော်အရွယ်မယ်....ကျွန်တော် အစိုးရအလုပ်ဝင်လုပ်နေပြီ...၊တဘက်ကလည်း စာရေးကိရိယာ၊
စာအုပ်အငှားနှင့်အရောင်းဆိုင်လေးဖွင့်ထားဖြစ်ခဲ့သည်...။အစိုးရအလုပ်က မိမိဂျူတီရက်ပဲသွားရသည်ဆိုတော့
အားရက်တွေရှိတော့ အဆင်ပြေသည်ပေါ့....၊ဂျူတီရက်တွင် ၂၄နာရီဝင်ရသည့်အတွက် နောက်နေ့မှာအိပ်ရေး
ပျက်သည်တော့ရှိသပေါ့လေ...။
တစ်နေ့တွင်တော့ ဂျူတီအထွက်တွင် ကျွန်တော် လိုအပ်သောစာအုပ်များ ရန်ကုန်တက်ဝယ်ခဲ့သည်....။ရန်ကုန်
မြို့လယ် ၃၁၊၃၂၊၃၃ လမ်း၊ပန်းဆိုးတန်းတစ်ခွင် တစ်ဆိုင်ဝင်၊တစ်ဆိုင်ထွက်ပေါ့လေ....။နေ့လည်ခင်းလောက်
မှာ မြို့လယ်မှ စော်ဘွားကြီးကုန်း၊စော်ဘွားကြီးကုန်းမှတစ်ဆင့် ဟိုင်းလပ်လိုင်းကားစီးပြီးပြန်လာခဲ့သည်....။
ထိုအချိန်ကနွေနေ့လည်ခင်းကြီး...၊ပူလိုက်တာဗျာ....မပြောပါနဲ့တော့....၊ပူကလည်းပူ၊အိပ်ကလည်းအိပ်ချင်၊
ပင်ကလည်းပင်ပန်းဆိုတော့ ဟိုင်းလပ်လိုင်းကားကို ခေါင်းခန်းကယူပြီး ပြန်လာခဲ့တော့သည်....လမ်းတွင်တစ်ရေး
အိပ်မည်အကြံနှင့်ပေါ့လေ....။
ခေါင်းခန်းတွင် ကောင်မလေးတစ်ယောက်လည်းပါသေး၏။ကျွန်တော်က အလယ်မှာထိုင်သည်...။ခေါင်းခန်းတွင်
ထိုင်ရသည်မှာ နောက်ဘက်မှာထက် ချောင်ချိသည်ဆိုသော်လည်း မသက်သာလှ...၊တဘက်က ကိုယ်မသိသည့်
ကောင်မလေးဖြစ်နေသည်မို့ ပို၍လည်းစိတ်ကျဉ်းကျပ်ရချေသည်...။ကားကလည်းစုတ်ချာလှသည်...။အမိုးက
လည်းပေါက်ပြဲလို့ ၊မျက်နှာကျက်လည်းမရှိတော့...၊တာလပတ်စနှင့် ကပ်ထားရသည်...။ကားတံခါးချက်ကလည်း
အော်ရဂျင်နယ်မဟုတ်...၊အိမ်ပြူတင်းပေါက်ချက်ကို ပြန်တပ်ထားတာရယ်....။(ထိုစဉ်က ဟိုင်းလပ်လိုင်းကားများ
စီးဖူးသူတိုင်း တွေ့ကြုံဖူးပါလိမ့်မည်....။)
ဆိုတော့ ပူကလည်းပူ....၊တံခါးကလည်း တဂျုံးဂျုံးနဲ့ပေါ့....။သို့ပေမယ့် အိပ်ရေးပျက်ထားသည့်၊ပင်ပန်းနေသည့်
ကျွန်တော်ကတော့ ကားထွက်ပြီးသိပ်မကြာမှေးကနဲ အိပ်ပျော်သွားတော့သည်....။မှေးကနဲအိပ်ပျော်မည်ကြံကာ
ရှိသေး....နားထဲတွင် ဂွိ ကနဲ အသံတစ်သံ ကျယ်လောင်စွာကြားလိုက်ရသည်.....။
“ ဟိုက်....တိုက်ပဟ......” ရုတ်တရက် မို့ ကျွန်တော့်နှုတ်မှ ယောင်ထွက်သွားမိလေသည်...။တကယ်လည်း
စိတ်ထဲတွင် ခွေးသော်လည်းကောင်း၊တစ်ခုခုကို လည်းကောင်းကားက ဝင်တိုက်မိသည်ထင်လိုက်တာကိုး....။
“ဟင်...ဘာတုန်း....ဘာတုန်း....” ကားသမားလည်း ဘရိတ်ကိုမှေးလိုက်ရင် ကျွန်တော့် လှည့်မေးလေသည်...။
သူလည်းဇဝေဇဝေါ.....။ဒီတော့မှ အိပ်တစ်ဝက်စိတ်ကို မနဲပြန်ပြီးမန်မိုရီခေါ်ယူရသည်....။
လား....လား....တခြားဟုတ်ရိုးလား....၊ကားသမားလက်ချက်ပင်.....၊တစ်ခြားမဟုတ်.....၊ပျင်းရိငြီးငွေ့ဖွယ်ကောင်း
သည့် နွေနေ့လည်ကို သူက ကားကက်ဆက်ဖွင့်ခြင်းဖြင့် ဖြေဖျော်လိုက်ခြင်းပင်တည်း....။သူ့ကားကက်ဆက်က
ဟိုတစ်ချိန်က တိတ်သားခွေထည့်ဖွင့်ရသည့်စက်...၊ဖွင့်သည့်အခွေက ခုနှစ်ဆွေး၊ရှစ်ဆွေးကအခွေ...၊ပြီးဖွင့်လက်
စခွေဖြစ်ပါလိမ့်မည်...သီချင်းသံက တစ်ဝက်တစ်ပျက်ထွက်လာခြင်းပင်...၊ဒီကြားထဲ အသံကို ဂိတ်ဆုံးတင်ထား
လိုက်သေး...၊ဆိုတော့ စစခြင်းတွင် နားထဲ ဂွိ ကနဲကြားလိုက်ရခြင်းပင်တည်း....။
“အာ.....ခင်ဗျား ကက်ဆက်ဖွင့်တာလား....သိပါဘူးဗျာ.....ကျွန်တော့်နာထဲ ဂွိကနဲ ကိန်ကနဲကြားလိုက်တော့
ခွေးများဝင်တိုက်မိသလားလို့....ဟီးဟီး....”
ကားသမားကား သူ့ကက်ဆက်သံကို အဲ့လိုထောပနာပြုတော့ နှုတ်ခမ်းစူ၏။ဘေးမှကောင်မလေးက သူ့ပါးစပ်ကို
လက်ဖြင့်ပိတ်ကာ တခွိခွိနှင့်....။ကျွန်တော်လည်း ဘေးမှာကောင်မလေးပါတော့ နဲနဲတော့ရှက်သွားသည်ပေါ့...။
ကတောက်...ငါ့နှယ်....ဖြစ်လိုက်မှဖြင့် ဟူ၍သာရေရွတ်လိုက်နိုင်တော့ချေသည်တစ်မုံ.....။
(သူငယ်ချင်းတွေကိုပြောပြတော့ မင့်မလဲပက်ကျိကြနေတာပဲ အရာရာနဲ့အကြောင်းကြောင်း...၊ဒီအကြောင်းကို
စာရေးပြီး သောကြာတို့၊ရယ်စရာတို့လို မဂ္ဂဇင်းတွေကိုပို့ပါလားဟုအကြံပေးကြလေသောဟူလို...။)
ကဲ...နောင်တော့ ကျန်အလွဲများ၊စလုံးအလွဲများ၊ယိုးဒယားအလွဲများဆက်ပါဦးမည်....၊ခုတော့ စာလည်းရှည်ပြီ၊
မိုးလည်းတိတ်ပြီမို့ ထူးအိမ်သင်ရဲ့ တစ်နေ့စာအလွဲများသီချင်းလေးညီးရင်း အပြင်ထွက်၍လမ်းသလားလိုက်ပါ
ဦးမည်။ဤတွင်တစ်ခန်းရပ်စို့ ရဲဘော်တို့......:)))